Saturday, August 21, 2010

ကြယ်နီ အပိုင်း (၄၀)

(၃)

ကိုသန်းမောင် သည် မီးဖိုထဲ၌ တကုပ်ကုပ်ဖြင့် ထမင်းအိုးတည်ရင်း သူ ဘာစားချင်သည်ကိုမှ ပြောမပြ တတ်သော သူ့ဇနီး၏ ရိုးသားပုံကို တွေးတော သနားနေ၏။ ခါတိုင်း ကြက်တိုက်ရန်အတွက် ငွေတောင်းရာ တွင် အလွယ်တကူနှင့် မရလျှင် အကြမ်းဖက်ပြီး တောင်းတတ်သည်ကို သိ၍၊ ယခု သူက မတောင်း ရသေးဘဲ နှင့် အလိုက်သိစွာ ပေးပါမည်ဟု လိုက်လျော`ရှာပုံကိုလည်း ပြောမပြနိုင်အောင် ကရုဏာ သက်နေ၏။ ယခင် ကလည်း ဤသို့ပင် ကရုဏာဖြစ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်ကား ပို၍ လေးနက်၏။ ထို့ကြောင့် ယခု တစ်ပွဲ ပြီးလျှင် ကြက်ဝါသနာကို စွန့်လွှတ်ရန် ကြိုးစားပါမည်ဟု သန္နိဋ္ဌာန်ချထားလိုက်၏။

ထမင်းနပ်လျှင် ငါးပိကောင်ကို မအေးတင်မှာခဲ့သည့်အတိုင်း ငရုတ်သီးများများနှင့် ကြော်၏။ ငါးပိကောင် ကြော် ကျက်လျှင် မီးဖိုပေါ်၌ လက်ဖက်ရည် ကြမ်းအိုး တင်ပြစ်လျှက် ဟစ်တလား အနီးသို့ ကြက်မ များ လာရောက်ခြင်း မရှိရန် စောင့်ကြပ်ကြည့်ရှုဖို့ မှာကြား ခဲ့ပြီး ရွာထဲ သို့ ဘဲဝယ်ထွက်ခဲ့၏။ ရွာထဲရှိ အသိအိမ်မှ ဘဲတစ်ကောင်ကို မရမက ၀ယ်ယူခဲ့ပြီး အိမ်သို့ပြန်ခဲ့၏။

နံနက် ၁၀ နာရီထိုးသည့်အခါ၌ကား ချက်ပြုတ်မှုကိစ္စအ၀၀ ပြီးစီးသွားပြီဖြစ်၍ ကမ်းနားဆင်းကာ ရေချိုး နေ၏။ ရေချိုးမှ တက်လာသည့်အခါတွင်မူ လက်ဖက်ရည်ကြမ်းအိုးကို မီးဖိုထဲမှ ယူထုတ်ခဲ့၍ အိမ်ဦးခန်း၌ ထိုင်သောက်နေ၏။ မအေးတင်မှာ နေ့လယ် ၁ နာရီ ၂ နာရီလောက်မှ ဈေးရောင်းက ပြန်လာတတ် သည်ဖြစ်၍ ယနေ့တော့ ဘယ်လောက်ပင် ဆာဆာ မအေးတင် ပြန်လာမှ အတူတကွ စားမည် ဟု အားခဲကာ ကြိတ်မှိတ် အောင့်အည်းနေလိုက်၏။

သူသည် လက်ဖက်ရည်ကြမ်းကို သောက်နေရာမှ ဟစ်တလားကို လှမ်းကြည့်လိုက်၏။ ကြက်မ တစ်ကောင် သည် ဟစ်တလားအနီးသို့ ရောက်လျက် ရှိသည်ကို မြင်လိုက်ရ၍ အလျင်အမြန် ထ မောင်းလိုက်ရ၏။ ဟုတ်သည်၊ လှေပြိုင်ပွဲဝင်ရန် လေ့ကျင့်နေသူသည် အကယ်၍ ဇနီးရှိသူဖြစ် ပါက ဤရက်အတွင်း ဇနီးနှင့် ခေတ္တ ခွဲခွာရေးလုပ်ကာ အားမွေးနေသလို၊ ပြိုင်ပွဲဝင်မည့် သူ့ကြက်ကိုလည်း ခွပ်ရာတွင် အမောလုံရန် ကြက်မ များ နှင့် ကင်းကင်းရှင်းရှင်းဖြစ်အောင် ဂရုစိုက်နေရခြင်းဖြစ်သည်။

နောက် သူသည် တစ်စုံတစ်ရာကို သတိရသလို အလျင်အမြန်ပင် ဆောင်းနှင့်အုပ်ထားသော ကြက် မိသား တစ်စု ထံ လျှောက်သွား၏။ ဆောင်းထဲမှ အရွယ်မရောက်သေးသော ကြက်လုံမငယ်တစ်ကောင်အား ဆွဲထုတ်ခဲ့ ၍ ခြေထောက်၌ ကြိုးတပ်ပြီး ဟစ်တလားအား ချည်နှောင်ထားသော ငုတ်တိုင်၌ပင် ချည်နှောင် ထားလိုက်၏။ ဟစ်တလားကား အထူးပင် ကျေနပ်သွားသလို ဟန်ရေးတပြပြနှင့် ဂေါ်စတိုင်တွေထုတ်နေ၏။ နောက် ကြောက်အားပိုနေရှာသော ကြက်မကလေးအား သွေးတိုးစမ်းသလို ဝေ့ကာ ၀ိုက်ကာနှင့် အနီးသို့ မသိမသာ ချဉ်းကပ်သွားပြီးနောက် လိုက်ရစ်နေ၏။ သို့သော် ကြက်မကလေးမှာ အရွယ်မရောက်သေးသော အရိုင်းကလေးဖြစ်သဖြင့် ဟစ်တလား၏ ဘေးရန်မှ ကြောက်လန့် တကြား တိမ်းရှောင်နေ၏။

ဒါကိုကြည့်ပြီး ကိုသန်းမောင်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ ကြက်မကလေးသည် အရွယ် မရောက်သေး သဖြင့် မလိုက်တတ်သေးသောကြောင့်ဟစ်တလား ဂေါ်သမျှ အလဟဿ ဖြစ်ရ ပေမည်။ တကယ်လို့ အတင်း အကျပ် ဂေါ်သည်တိုင် အရွယ်မရောက်သေးသည့်အတွက် ထ မြောက်လိမ့်မည်မဟုတ်။ သည် နည်းဖြင့် ဟစ်တလားအဖို့ အားအင်ဖုတ်ယုတ်ရန် အကြောင်းမရှိဘဲနှင့် ကြက်မကလေးကို တွေ့မြင်နေရ၍ အစဉ် သဖြင့် စိတ်တက်ကြွနေပေမည်။ ဒါသည် တိုက်ပွဲဝင် မည့် ကြက်တစ်ကောင် အတွက် လိုအပ်သော အချက် ပင် မဟုတ်လား။ '

' ဟေ့ သန်းမောင်ရ၊ ဘာများ သဘောကျလို့ တစ်ယောက်တည်း ပြုံးနေရတာလဲကွ '
သူသည် အသံလာရာဆီသို့ မော့ကြည့်လိုကရာ၊ သူ့အား ပြုံးပြုံးကြီး ကြည့်နေသော ကိုရွှေနိုင်ကို တွေ့ရ သဖြင့် -
' သြော် ... ကိုရွှေနိုင်၊ လာလေဗျာ ... အိမ်ပေးမှာ လက်ဖက်ရည်ကြမ်းရှိတယ်ဗျ။ ကျုပ်လည်း သုံးလေးခွက်ပဲ သောက်ရ သေးတယ်'
နှစ်ယောက်သား အိမ်ပေါ်သို့ တက်ကြပြီး လက်ဖက်ရည်ကြမ်းဝိုင်း၌ထိုက်လိုက်ကြ၏။ ကိုရွှေနိုင် သည် လက်ဖက်ရည် ပန်းကန်ထဲသို့ လက်ဖက်ရည်ကြမ်းကို ငှဲ့ထည့်၍ သောက်ရန် ပါးစပ်ဆီသို့ ဟန် ပါပါ မြှောက်ယူ လိုက်ရင်း -

' ဘယ့်နှယ်လဲဟေ့ သန်းမောင်၊ မင့်ကြက်ကို စံကပင် ချိန်းဝိုင်းမှာ ၀ိုင်းသွင်းမယ် မဟုတ်လား '
' ဟုတ်ကဲ့၊ ၀ိုင်းသွင်းပြီး တိုက်ဖို့ အခုလို ဂရုတစိုက် မွေးမြူနေတာပါပဲ၊ ဒါပေမဲ့ဗျာ အခုအပတ်မှာ အရင်အပတ် တွေကလောက် စိတ်ပါလက်ပါ မရှိလှဘူး'
' ဟင် ဘာဖြစ်လို့လဲကွ၊ မင့်ကြက်က စိတ်မချရလို့လား '

' မဟုတ်ပါဘူး၊ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော် တိုက်လာသမျှ ကြက်တွေထဲမှာ အခု ဟစ်တလား ကို ကျွန်တ်ာစိတ်တိုင်းအကျဆုံးပါပဲ။ ဟစ်တလား ရဲ့ အဖေဟာ ၀ိုင်းတကာ့ဝိုင်းမှာ ဇော်ဆွဲခဲ့တဲ့ ကြက်မို့ သဘောကျ လွန်းလှတာနဲ့ ကြက်မ မျိုးကောင်းမျိုးသန့်ရှာပြီး သားဖောက်ယူထားလိုက်ရတဲ့ ကြက်ဗျ။ ငယ်စဉ် ထဲကစပြီး အခုအထိ စနစ်တကျနဲ့ ဂရုတစိုက် မွေးလာတာမို့ စိတ်ကြိုက်သာ တိုက်ရရင် နိုင်မယ်ဆိုတာ သေချာ ပါတယ်ဗျာ။ ဒါပေမဲ့ ... '

သူသည် စကားကို ရှေ့မဆက်တော့ဘဲ အဝေးသို့ မျှော်ငေးကာ ရပ်ထားလိုက်သဖြင့် ကိုရွှေနိုင်တွင် အံ့သြ သွားရ၏။ ခါတိုင်းခါတိုင်းက ကြက်ပွဲနီးလေ ... အာဝဇ္ဇန်းရွှင်လေနှင့် ဖြစ်ခဲ့သော ကိုသန်းမောင်သည် ယခုလို သေချာပေါက်နိုင်မည့်ကြက်တွင်မှ စိတ်ပါလက်ပါ မရှိလှဟု ဆိုခြင်းကား သူ့အဖို့ဆန်းနေ၏။ ထို့ကြောင့် ကိုင်မြှောက် ထားသော လက်ဖက်ရည်ပန်းကန်ထဲမှ လက်ဖက်ရည်ကို ခပ်သုတ်သုတ် သောက်ချ လိုက်ပြီးနောက် -
' ဒါပေမဲ့ ဘာဖြစ်သလဲ၊ ဆက်စမ်းပါဦးကွ ' ဟုတိုက်တွန်းလိုက်ရ၏။

' အခုတလော အေးတင်ကို ကျွန်တော် သိပ်သမားတယ်ဗျာ၊ ခမျာ မိုးလင်းထဲက ဈေးရောင်းထွက် သွားလိုက် ရတာ နေ့လယ် ၁ နာရီ၊ ၂ နာရီလောက်မှ ပြန်ရောက်လာပြီး နံနက်ထမင်း စားရတယ်ဗျ၊ သူ အဲဒီလို ပင်ပင် ပန်းပန်း သွားလာရောင်းဝယ်နေတုန်း ကျွန်တော်က အိမ်မှာ အေးအေးထိုင်ပြီး စားချိန်တန်စားနဲ့ နေရတာ အားမရ သေးလို့ တစ်ခါတလေ သူ့ငွေကို အကြမ်းဖက်တောင်းပြီး ကြက်ပွဲမှာ ဖြုန်းပစ်လိုက်သေးတယ်။ ဒီနေ့ တော့လေ ကြက်ပွဲမှာ လောင်းဖို့ငွေကို ကျွန်တော်ကတောင် မတောင်းရသေးဘူး၊ သူက ရပါစေ့မယ်တဲ့၊ အဲဒါက ကျွန်တော့်စိတ်ကို သာပြီးတော့ ထိခိုက်သေးတယ်။ ဒါကြောင့် အေးတင်လည်း စိတ်ချမ်းသာရအောင် ဒီတစ်ပွဲ ပြီးရင် ကြက်ဝါသနာကို စွန့်လွှတ်လိုက်မယ်လို့တောင် ဆုံးဖြတ်ထားတယ် '

ဤတွင်မှ ကိုရွှေနိုင် ရှင်းလင်းသွားကာ အားရပါးရ ရယ်မောလိုက်ရင်း - '
 အေးကွာ ... ဒီဝါသနာကို စွန့်ပစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ။ ဒါပေမဲ့ ဒီတစ်ပွဲတော့ လုပ်ပါ ဦးကွာ၊ ငါလည်း မင့်ကြက်ဘက်က ငွေနှစ်ဆယ်လောက် လောင်းမယ်လို့ စိတ်ကူးထားလို့ပါ ' ဟု ပြောလိုက်ကာ ' ပြန်ဦး မယ်ကွာ၊ လုပ်စရာလေးရှိသေးတယ်' ဟု နောက်ဆက်တွဲထပ်ဆက်၍ ထ ပြန်သွားတော့၏။

အချိန်ကား နေမွန်းတည့်သို့ပင် ရောက်နေလေပြီ။ ကိုသန်းမောင်၏ ၀မ်းထဲ၌ကား တကြုတ်ကြုတ် အော်မြည် ကာ ဆာလောင်လှပြီ။ အစာပေးပါဟု ဆန္ဒပြ တောင်းဆိုနေ၏။ သို့သော် သူသည် တောင်းဆိုချက် ကို မလိုက်လျောဘဲ ဖိစီးချုပ်ချယ်ထားကာ မအေးတင် ပြန်လာမှ ရမည်ဟု သူ့ဝမ်းသူ နှစ်သိမ့်ထားရ၏။

သူသည် မအေးတင် ပြန်လာမည့်လမ်းကို မျှော်မှန်း၍ ကြည့်လိုက်၏။ အလို .... သူ့ရင်ထဲ၌ ၀မ်းသာသွား၏။ ဟိုအဝေးမှ သူ့ဇနီးသည် နွမ်းရိစွာပင် ပြန်လာနေပါပြီ။ နေပူကျဲကျဲ၌ ပြန်လာရသဖြင့် အတော်ကလေး ပင်ပန်း လာဟန် ခြေလှမ်းကို မလှမ်းချင့်ချင့် လှမ်းချင့်ချင့်နှင့် လှမ်းနေ၏။ ယနေ့လို သူမျှော်နေသည့် နေ့ကျမှ ခါတိုင်းထက် စောစွာ ပြန်လာခြင်းအတွက်လည်း သူ့စိတ်တွင်း၌ ကျေနပ်နေ၏။
သူသည် အိမ်ပေးမှ လှမ်းဆင်းခဲ့၍ တစ်လှမ်းချင်း လျှောက်နေသော မအေးတင်ထံသို့ အပြေးကလေး သွားကြိုမိ၏။ ရောက်လျှင် ရောက်ချင်း မအေးတင် ခေါင်းပေါ်မှ ဈေးတောင်းကို ယူထမ်းလိုက်၍ ' ဒီနေ့တော့ ငါဟာ ပျင်းလိုက်တာမှ ၀ီခေါ်နေတာပဲ၊ နင် လာမယ့်လမ်းကိုသာ ငါ ထိုင်မျှော်နေတာပဲ' ဟု ၀မ်းသာ အယ်လဲ ပြောဆို လိုက်၏။

မအေးတင်၏ မျက်နှာပေါ်မှ မောပန်းနွမ်းနယ်သော အသွင်သည် ချက်ချင်းပင် ပျောက်ကွယ်သွား၍ ကျေနပ်နှစ်သိမ့်သော အရိပ်အယောင်ကလေးများ ယှက်သန်းလာ၏။ ခါတိုင်းနှင့် လုံးဝမတူသော အပြောအဆို အပြုအမူများကြောင့် သူ့စိတ်သည် တကယ်ပင် ပြောင်းလဲလာခြင်းများလားဟု လက်ခံတွေးတောစပြု၏။

အိမ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ကိုသန်းမောင်သည် ဈေးတောင်းကို ချ၍ ရှင်းလင်းနေ၏။ အသွားတုန်း က ပါသွားသော ငရုတ်သီး၊ ကြက်သွန်၊ ဆီ စသည့် ကုန်ကလေးများနှင့် ဖလှယ်လာခဲ့သော ငါးခြောက် ငါးခြမ်းကလေးများကို ဂုန်နီအိတ်တစ်လုံးထဲသို့ ထည့်သွင်းနေ၏။ အားလုံး ရှင်းလင်းသိမ်းဆည်းပြီးမှ မောမောနှင့် ခြေပစ်လက်ပစ်ထိုင်နေသော မအေးတင်ထံသို့ လက်ဖက်ရည်ကြမ်းအိုးကို ရွှေ့ယူသွားကာ ' အမောပြေ သောက်လိုက်ဦး၊ ပြီးတော့မှ ထမင်းစားမယ်' ဟု ပြောဆိုလိုက်၏။

မအေးတင် ကား ထူးခြားလှသော သူ့ခင်ပွန်းသည်ကိုသာ မျက်လုံးဝိုင်းကြီးဖြင့် လိုက်ကြည့်နေ၏။ ကိုသန်းမောင် ကတော့ မည်သို့မျှ မထူးခြားသလို လုပ်စရာရှိသည်များကို တစ်ခုပြီးတစ်ခု လျှောက်လုပ်ရင်း တစ်ချက် တစ်ချက်တွင်လည်း မအေးတင်ဘက်သို့ စကားလှည့်၍ ပြော၏။
' ငါ့ဟာ နင်နဲ့မှ တစ်ပါတည်း စားမယ်ဆိုပြီး နင့်ကို စောင့်နေလိုက်ရတာ၊ ဆာလိုက်တာမှ လူကို လိမ့်နေတာပဲ '

မအေးတင်အဖို့ ဤစကားသည်လည်း အထူးအဆန်း ဖြစ်နေပြန်၏။ ခါတိုင်းတွင်မူ ထမင်းဟင်းကို ချက်ပြုတ် ထားသော်လည်း သူမ မရောက်မီပင် ခူးခပ်စားသောက်ပြီး၊ ကြက်တစ်ကောင်နှင့် ရွာရိုးလျှောက်နေတတ်၍ သူမ ပြန်လာသည့်အခါမှ သူမဟာ သူမ စားရမြဲဖြစ်၏။ ယနေ့တော့ သူမနဲ့အတူ စားချင်လို့ အစာခံပြီး စောင့်နေ ပါသတဲ့။
' နေပါဦး၊ တော် ဒီနေ့ သိပ်ထူးနေပါကလား။

ကျုပ်တော့ တော့်ကို ကြည့်ပြီး ၀မ်းသာရတော့ မလိုလို၊ ၀မ်းနည်းရတော့ မလိုလိုနဲ့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာပဲ'
' နေပါဦး၊ တော် ဒီနေ့ သိပ်ထူးနေပါတကား။ ကျုပ်တော့ တော့်ကို ကြည့်ပြီး ၀မ်းသာရတော့ မလိုလို၊ ၀မ်းနည်း ရတော့ မလိုလိုနဲ့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာပဲ'
မအေးတင်၏ စကားကို လေ့လာကြည့်လျှင် ကိုသန်းမောင်၏ ပြောင်းလဲမှုများအတွက် ကျေနပ် ၀မ်းမြောက် လျက်ရှိသော်လည်း တစ်ဖက်က ဟန်ဆောင်နေတာများလား ဟုလည်း သံသယကလေးရှိနေသေးကြောင်း အထင်းသား ပေါ်လွင်နေသည်။

' အေး .... ရှေ့ကို ဒါထက် ထူးလာဦးမယ်၊ စောင့်သာ ကြည့်ပေတော့၊ ဒါပေမဲ့ အဲဒီ ထူးလာသမျှဟာ ၀မ်းသာဖို့ချည်းပဲ ဖြစ်ရမယ် ဆိုတာကိုတော့ ကြိုပြီး တွက်ထားပေတော့။ ကဲ ဒါထက် ထမင်းစား ကြရအောင်နော်၊ ငါတော့ ဆာလှပြီ'
မအေးတင်က ကျေကျေနပ်နပ်ကြီး ပြုံးကာ ခေါင်းညိတ်လိုက်သဖြင့် ကိုသန်းမောင်သည် မီးဖိုထဲ၌ ၀င်ရောက် ခူးခပ်နေ၏။ ဤတွင် မအေးတင်လည်း တစ်စုံတစ်ရာကို သတိရသလို ဗြုန်းခနဲ ထရပ်လိုက်ကာ မီးဖိုဘက် သို့ လျှောက်လာရင်းမှ ' သြော် .... ခုမှ သတိရတယ်၊ ထူးထူးဆန်းဆန်း ချက်ထားမယ်ဆိုတာ ဘာတွေများ ချက်ထားသလဲ' ဟုမေးလိုက်၏။

' အိုကွာ၊ ထမင်းပွဲရောက်တော့ ဘာဟင်းဆိုတာ သိရမှာပေါ့၊ သွားပါ။ ပင်ပန်းလာတဲ့သူပီပီ အိမ်ရှေ့မှာ ဣနြေ္ဒရရ သွားနစမ်းပါ'
စောစောက သံသယစိတ်ကလေး တစ်ဖက်နှင့်သာ ၀မ်းမြောက်ရရှာသော မအေးတင်သည် ယခု အချိန် တွင်မူ လုံးဝပင် ပျော်ရွှင်သလို ဖြစ်လာကာ ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် အိမ်ရှေ့၌ သွားရောက် ထိုင်စောင့် နေရ၏။ အတန်ကြာသောအခါ ကိုသန်းမောင်သည် လင်ပန်းတစ်ချပ်ထဲတွင် ဟင်းရံပွဲများကို စီစဉ် ခင်းကျင်းပြီး ယူထုတ်ခဲ့ကာ သူမ အနီးတွင် ချထားလိုက်၏။ သူမသည် ဘာဟင်းတွေများလဲဟု သိလိုဇောဖြင့် စူးစမ်းကြည့် လိုက်ရာတွင်၊ ဘဲသားဟင်း ပန်းကန်ကို မြင်လိုက်၍ သူမ မျက်လုံးပြူးသွား၏။

' ကြည်းစမ်း..... တော် ဘဲဝယ်ချက်တယ်ပေါ့လေ၊ သက်သက် အကုန်ခံလို့တော်။ ကျုပ်က အိမ်မှာရှိတဲ့ ငါးခြောက် ငါးခြမ်းကလေးနဲ့ပဲ သင့်သလို ကြည့်ချက်လိမ့်မယ် အောက်မေ့နေတာ '
' မဟုတ်ဘူး အေးတင်ရ၊ တစ်ခါတလေ ဟင်းကောင်းချက်စားတာနဲ့ ဘယ်လောက်များ ကုန်သွားမှာမို့လဲ၊ ဟင်းကောင်း ကောင်းကလေး စားပါစေဆိုပြီး တပင်တပန်း ချက်ထားရတဲ့ စေတနာဟာ နင်ပြောသလိုဖြင့် အလကား ဖြစ်ကုန်ပါပြီဟာ '

 ကိုသန်းမောင်က စိတ်ပျက်သံကြီးနှင့် ညည်းညည်းညူညူ ပြောလိုက်သဖြင့် သူမတွင် ပြောင်းလဲစ ပြုနေသော ကိုသန်းမောင်၏ စိတ်စေတနာကို ထိခိုက်အောင် ပြောဆိုမိလေပြီဟု နောင်တရသွားကာ ' ကဲ တော် စိတ်မကောင်းဖြစ်မနေပါနဲ့တော့၊ ချက်ပြီးမှဖြင့်လည်း စားရုံရှိတာပေါ့။ တော် စေတနာနဲ့ ချက်တဲ့ ဟင်းမို့ ကျုပ်ကလည်း အားရပါးရ စားပြပါ့မယ်'

နှစ်ယောက်သား လက်ဆေး၍ ထမင်းဝိုင်းတွင် ၀င်ရောက်စားသောက်ကြ၏။ ကိုသန်းမောင်က ခေါင်းရင်း ဘက်က ဖြစ်၍၊ မအေးတင်က ခြေရင်းဘက်မှဖြစ်၏။ မအေးတင်သည် သူ့စိတ်ကူးနှင့်သူ ခေါင်းငုံ့ စားသောက်လျက်ရှိရာမှ တစ်စုံတစ်ရာ ပြောစရာရှိသလို ခေါင်းပြန်မော့လိုက်ကာ ' တော် ကျုပ်ကို အဲဒီလို ဟင်းကောင်း ချက်ကျွေးတာထက် ကြက်ပွဲကိုသာ ဖြတ်နိုင်မယ်ဆိုရင် ကျုပ်သိပ်ဝမ်းသာမှာပဲ၊ အဲဒီလို ကြက်ပွဲ ကိုသာ ဖြတ်နိုင်မယ် ဆိုရင်လေ .... အို ... တော့်ကို ကျုပ် သိပ်ကျေးဇူးတင်မှာပဲ '

ကိုသန်းမောင် သည် မအေးတင်ကို ငေးစိုက်ကြည့်နေ၏။ နောက် တစ်ချက်မျှ မသိမသာ ပြုံးလိုက်ကာ ' ဒီမှာ အေးတင်၊ ငါ့အဖို့ ဒီနေ့ဟာ တော်တော် ပျော်စရာ ကောင်းတယ်၊ ရှေ့ကို ဒါထက် ပျော်စရာကောင်းတဲ့ နေ့တွေ ဖြစ်အောင် ကြိုးစားမယ်လို့ ငါ ဆုံးဖြတ်ထားတယ်။ အခုနေမှာ ငါ ဒါလောက်ပဲ ပြောချင်သေးတယ် '

အမှန်ကတော့ ကိုသန်းမောင်သည် သူ့ဝါသနာအရ မအေးတင်၏ လိုလားချက်ကို သွယ်ဝိုက်၍ ကတိပေးနေခြင်းဖြစ်သည်။ ရိုးသားလှသော မအေးတင်ကတော့ ဤအချက်ကို မရိပ်မိသော်လည်း ကိုသန်းမောင် ၏ စကားအရ ပျော်ရွှင်ဖွယ်ရာ ပြောင်းလဲမှု တစ်ခုခု ဖြစ်လာလိမ့်မည်ဟုကား နားလည်ထား၍ ကျေနပ် နေ၏။ ထိုနေ့ ထိုရက်ကား သူမတို့ နှစ်ဦးအဖို့ ပျော်စရာနေ့ အဖြစ်သာကုန်ဆုံးသွား၏။

အခန်း (၄) ဆက်ရန်
.

No comments: