Sunday, August 22, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၃) အဆက်

"ဒီမယ် ရှင်က ပြောက်ကျား သူပုန်တွေနဲ့ အပေးအယူ လုပ်မှာလား။ အဲဒါ အလွန်ကြောက်စရာ ကောင်းတယ် မဟုတ်လားရှင့်။ ဒါမျိုးဆိုတာ နိုင်ငံတော် ပုန်ကန်မှု၊ သစ္စာဖောက်မှုနဲ့ အကျုံးဝင် နိုင်တယ်"
"ဒါတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ် အရေးကြီးတာက ဒီကိစ္စ ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားဖို့ပဲ"
ခရိတ်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

ခရိတ်က ငှားရမ်းခေါ်ယူထားသော တောင်အာဖရိကနိုင်ငံမှ ဗိသုကာ လူငယ်သည် ကံအားလျော် စွာ လူတော်တစ်ယောက် ဖြစ်နေလေသည်။ အဆောက်အအုံများနှင့် ပတ်သက်၍ သူရေးဆွဲသော ပုံစံ (ဒီဇိုင်း) များသည် အထူးပင် ကောင်းမွန် အဆင့်အတန်း မြင့်လှသည်။
လူနေအိမ်များကို သဘာဝဖြစ် ကျောက်တုံး၊ ပြည်တွင်းထွက် သစ်သားတို့ဖြင့် တည်ဆောက်ပြီး ခေါင်းမိုးကိုမူ သက်ငယ်မိုး ရန်အတွက် ဗိသုကာဆရာက အကြံပေးလေသည်။ သို့မှသာလျှင် အဆောက်အအုံများက ဤဒေသ ၏ သဘာဝရှုခင်းနောက်ခံနှင့် ဟပ်မိ ပနံရလိမ့်မည်ဟုလည်း သူက ထောက်ပြလေသည်။

အိမ်များ၏ အတွင်းဘက် မွမ်းမံ အလှန်တန်ဆာဆင်ခြင်းကိုမူ ဆယ်လီကပါ ဗိသုကာဆရာနှင့်အတူ ကူညီ လုပ်ကိုင် ပေးလေသည်။ အိမ်တွင် မွမ်းမံပြင်ဆင်ရာဝယ် ဆယ်လီကိုယ်တိုင်၏ စိတ်ကူးအချို့ က အလွန် သဘာဝကျပြီး ကောင်းမွန် နေပေသည်။

သို့ရာတွင် ဆယ်လီသည် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ချုပ်၏ ၀န်ထမ်း တစ်ဦး ဖြစ်နေသောကြောင့် မကြာခဏ ခရီးထွက်ရသေလည်။ တစ်ခါတစ်ခါ ထွက်လျှင် လည်း ရက်ပေါင်း အတော်ကြာ တတ်သည်။

သို့ဖြစ်လင့်ကစား ဆယ်လီသည် ခရီးသွားဟန်လွှဲ ဆိုသလို လုပ်ငန်းတာဝန်ဖြင့် ခရီးထွက်ရင်း ခရိတ်၏ ဇမ်ဘေဇီမြစ်ရေ များ စီမံကိန်းအတွက် သင့်တော်သော အမှုထမ်ါးများကို ရှာဖွေစည်းရုံး ခေါ်ယူခဲ့သည်။
ပထမဦးစွာ ဆယ်လီသည် အလွန်တော်သော စားဖိုဆောင်မှူး (ထမင်းချက်) တစ်ဦးကို နာမည်ကြီး ဟိုတယ် တစ်ခုမှ စည်းရုံးခေါ်ထုတ်နိုင်ခဲ့သည်။ ထိုလူမှာ ဆွမ်ဇာလန်နိုင်ငံမှ ကမ္ဘာကျော် စားဖို ဆောင်မှူး သင်တန်းကျောင်း မှ ထွက်ခဲ့ပြီး အတွေ့အကြုံများသူလည်းဖြစ်၍ သူမတူအောင် ထူးချွန် သူတစ်ဦး ဖြစ်လေ သည်။

ထို့နောက် သူမသည် ဆာဖာရီခေါ် အာဖရိက တောတွငှ်းည့်လည် လေ့လာသူ ခရီးသည်များအား စနစ်တကျ လိုက်ပါ ရှင်းလင်း ပြောပြတတ်သူ ဂိုက်ခေါ် လမ်းပြလူငယ် ငါးဦးကိုလည်း ငှားရမ်း ခေါ်ယူလိုက်သည်။
ထိုလူငယ် အားလုံးမှာ အာဖရိကတိုက်တွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်ကြသည့်ပြင် တောရိုင်း တိရစ္ဆာန် များ အကြောင်း နိုင်ငံခြားဧည့်သည်များ နားလည်အောင် အသေးစိတ် ရှင်းလင်းပြောပြ တတ်သူများလည်း ဖြစ်ကြသည်။

ထိုနောက် ဆယ်လီသည် အသစ်ဖွင့်လှစ်မည့် တိုးရစ္စခရီးသည်များ အပန်းဖြေ လေ့လာရေးစခန်းသစ် အကြောင်း ကို ဖန်တီး ထုတ်လုပ်ရေးအတွက် အစီအစဉ်များ ပြုလုပ်လေသည်။
ယင်းလက်ကမ်း ကြော်ငြာ စာရွက်များတွင် ခရိတ်က ရေးပေးသော စာသားများနှင့် သူမကိုယ်တိုင် ရိုက်ကူးခဲ့သော အာဖရိက တောရိုင်းတိရစ္ဆာန်များ၏ ဓာတ်ပုံများထဲမှ ကောင်းနိုးရာရာများကို ရွေးချယ် ထည့်သွင်း အသုံးပြုလေသည်။

ကြော်ငြာစာရွက်များ စီစဉ်နေရင်း ဆယ်လီသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့မှနေ၍ ခရိတ်ထံသို့ တယ်လီဖုန်း ဆက်စကားပြေလေသည်။
"တကယ်တော့ ကျွန်မ အခုစီစဉ်နေတဲ့ လက်ကမ်းကြော်ငြာဟာ ရှင် ရေးသားမယ့် စာအုပ်အသစ် အတွက် လည်း အထောက်အကူဖြစ်မှာ သေချာတယ် ရှင့်"
ဤသို့ ပြောလိုက်သောအခါ ခရိတ်သည် ကျေနပ်ပီတိ ဖြစ်မိလေသည်။ တစ်ချိန်းတည်းမှာပင် သူ သည် ဘာကြောင့် ဆယ်လနှင့်အတူ ပူးတွဲအလုပ်လုပ်၇န် စိတ်ကူးရခဲ့ပုံကိုလည်း ပြန်ပြောင်း ဆင်ခြင်မိလေသည်။ ဆယ်လီ သည် မည်သည့်ကိစ္စမဆို လိုလေသေးမရှိအောင် အကောင်းဆုံး အပြည့်စုံဆုံးဖြစ်အောင် လုပ်ကိုင် တတ်သူ မိန်းကလေးတစ်ဦး ဖြစ်သည်။

အင်္ဂလိပ်လို ပါဖိတ်ရှင်းနစ္စ (Prefectionist)ဟုခေါ်သည့် ဘာမဆို အကောင်းဆုံးမှ လုပ်တတ်သူ ဖြစ်သ်ည။ မိမိကိုလည်း အကောင်းဆုံးဖြစ်အောင် တွန်းအားပေးမည့်သူလည်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ခရိတ် သည် ဆယ်လီနှင့် ပူးတွဲလုပ်ကိုင်လိုစိတ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ဆယ်လီကိုယ်တိုင် ကြီးကြပ်စီစဉ် ထုတ်လုပ်သည့် လက်ကမ်းကြော်ငြာ စာအုပ် ငယ် ပြီးစီး သွားသော အခါ မြင်ရသူတိုင်း စိတ်ဝင်စားချင်စဖွယ် လှပကောင်းမွန်သော ကြော်ငြာ စာအုပ်ငယ် ဖြစ်လာ ပေသည်။ အတ်ပေပါခေါ် ကြွေရောင်စက္ကူချောဖြင့် ရိုက်ထားပြီး ဆယ်လီ၏ လက်ရာ အာဖရိကတောတွင်း ဘသာဝ ရှုခင်းဓာတ်ပုံများ၊ ခရိတ်၏ စကားလုံးလှလှဖြင့် ရေးထား သော စာတမ်းများကြောင့် အထူး ကောင်းမွန်ပြီး စွဲမက်ချင်စရာ ဖြစ်လာလေသည်။

ဆယ်လီကိုယ်တိုင် ယင်းကြော်ငြာစာအုပ်ငယ်များကို ကမ္ဘာ့အနှံ့အပြားရှိ ခရီးသွားအေဂျင်စီ ကုမ္ပဏီ များသို့ ကျယ်ပြန့်စွာ တင်ပို့ ဖြန့်ချိလိုက်လေသည်။
"ကျွန်မတို့ အနေနဲ့ ဒီခရီးသည် အပန်းဖြေစခန်းကို တခမ်းတနား ဖွင့်လှစ်ဖို့ နေ့ရက် သတ်မှတ်ဖို့ လိုပြီရှင့်။ အဲဒီဖွင့်ပွဲ မှာ ကြော်ငြာတဲ့အနေနဲ့ အထူးဧည့်သည်တချို့ကိုလည်း ဖိတ်ကြားဖို့လိုတယ်။ တိုးရစ္စခရီးသည်တွေ လာချင် အောင် စွဲမက်စရာတွေလည်း အဲဒီဖွင့်ပွဲမှာ ရှိနေအောင် လုပ်သင့် တယ်"
တစ်နေ့ ဆယ်လီက ခရိတ်အား အကြံပေးသလို ပြောလိုက်ရာ ခရိတ်သည် သူမ၏ စိတ်ပါတက်ကြွ မှုကို သဘော ကျပြီး ပြုံးမိလေသည်။

"ဘာလဲ၊ မင်းက ကမ္ဘာကျော် စတီရီယို အဆိုတော်တွေကို ဖိတ်ခေါ်ဖို့ စိတ်ကူး မိလို့လား"
"အဲဒီအကြံလည်း မဆိုးဘူးရှင့်၊ ဒီလို  လုပ်ငန်းကြော်ငြာတဲ့ အခမ်းအနားမျိုးဆိုတာ နာမည်ကြီး အနု ပညာရှင် တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ပါမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကျွန်မက လန်ဒန်မှာ ရှိနေတဲ့ ကျွန်မ ရဲ့ ဖခင်ကြီးကို ဗြိတိသျှမင်းသား အင်ဒရူးကို ကြိုးစားဖိတ်ခေါ်ဖို့ တယ်လီဖုန်းဆက် ထားတယ်"
ခရိတ် သည် အံ့အားသင့်သွားမိစဉ် ဆယ်လီကပင် ဆက်ပြောပြန်သည်။

"အဲဒါ ဖြစ် မဖြစ်တော့ မပြောနိုင်သးဘူး။ ဒါပေမဲ့ ကြိုးစားကြည့်တာ မမှားဘူး မဟုတ်လားရှင့်။ ပြီးတော့ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ မစ္စတာဟင်နီဆိုရင် ရုပ်ရှင်မင်းသမီး ဂျိန်းဖွန်ဒါနဲ့ တော်တော်ခင်မင် ရင်းနှီးတော့ ဖိတ် ခေါ်ကြည့်ရင် ကောင်းမလားလို့"
"မင်းက လက်စသတ်တော့ ဘာမဆို ကြီးကြီးကျယ်ကျယ် ကြံစည်တတ်တဲ့ မိန်းကလေး တစ်ယောက် ပါကလား"
ခရိတ် က တအံ့တသြ ပြောလိုက်မိသည်။

"နာမည်ကြီး ပုဂ္ဂိုလ်တွေအကြောင်း စကားစပ်ပြောရင်း ရှင့်အကြောင်းလည်း ပြောရဦးမည်။ ရှင်က ကမ္ဘာကျော် စာအုပ်တွေ ရေးနိုင်စွမ်းရှိတဲ့ စာရေးဆရာကြီး ဖြစ်လာတော့မှန်တယ်။ ဒါပေမယ့် ရှင်ဟာ စာရေးကောင်း သလောက် ရယ်စရာ ဟာသအကြောင်း ပြောရရင် ဘယ်လိုမှ ပွဲကျအောင် မပြောနိုင်ဘူး။ ပြီးတော့ ရှင်ဟာ ၀ီစကီအရက် လိုအပ်တာထက် ပိုပြီး သောက်တတ်တဲ့ လူ တစ်ယောက်လည်း ဖြစ်တယ်လို့ အဲဒီလို ရှင်ကို ဝေဖန်ချင်တယ်" ဆယ်လီက ပွင့်လင်းစွာပင် ဝေဖန်လိုက်သည်။

ဇမ်ဘေဇီ မြစ်ရေများ စီမံကိန်းအတွက် အဆောက်အအုံများ စတင်ဆောက်လုပ်ရန် အသင့်ဖြစ် သောအခါ ခရိတ် သည် ၀န်ကြီးဗိုလ်ချုပ် ဖွန်ဂါဘီရာထံသို့သွား၍ သူ၏ ဆောက်လုပ်ရေးလုပ်ငန်း တွင် အလုပ် သမား များ ငှားရမ်းရာ၌ အခက်အခဲ တွေ့နေရကြောင်း ပြောလေရာ ဖွန်ဂါဘီရာက
"ဒါအတွက် ခင်ဗျား ဘာမှမပူပါနဲ့၊ ကျုပ် ကြည့်လုပ်ပေးပါမယ်" ဟု ပြောလေသည်။

နောက်ငါးရင်ကြာသောအခါ ခရိတ်တို့တည်ဆောက်မည့် နေရာသို့ အလုပ်ကြမ်းလုပ်ရန် လူနှစ်ရာ ခန့် စစ်တပ်လော်လီကားကြီးများဖြင့် ရောက်ရှိလာလေသည်။ ထိုလူများသည် တကယ့်အလုပ် သမားများတော့ မဟုတ်ချေ။ ပြန်လည်ထူထောင်ရေးစခန်းဟု အစိုးရက နာမည်ပေးထားသော အကျဉ်းစခန်းမှ နိုင်ငံရေး အကျဉ်းသားများသာ ဖြစ်လေသည်။
အလုပ်သမားများ ရရှိသော်လည်း ဆယ်လီသည် အကျဉ်းသားများအား ယခုကဲ့သို့ ခေါ်ယူစေခိုင်း ခြင်းကို သဘော မကျဘဲ "ဒါက ရှေး ကျေးပိုင် ကျွန်ပိုင်ခေထတ်က လူတွေကို အဓမ္မအလုပ်လုပ် ခိုင်းတာနဲ့ ဘာထူး လို့လဲ"ဟု ဝေဖန်ပြောဆိုလေသည်။

သို့သော်လည်း လုပ်စရာလုပ်ငန်းက အရေးကြီးသဖြင့် ခရိတ်သည် ထိုလူနှစ်ရာကိုပင် အသုံးချ လိုက်ရသည်။ နောက် ဆယ်ရက်ကြာသောအခါ ချီဇာရီမြစ်ကမ်းသို့ သွားသည့် မော်တော်ကားလမ်း ဖောက်လုပ် ပြီးစီးသွားလေသည်။
ဆယ်လီ သည် ဟာရာရေမြို့တော်တွင် ရှိနေသဖြင့် ခရိတ်က သူမထံသို့ တယ်လီဖုန်း လှမ်းဆက်  လိုက်သည်။
"ဟေ့ကားလမ်းတော့  ပြီးသွားပြီးကွဲ့၊ ကျုပ်တို့ရဲ့ ခရိတ်က သူမထံသို့ တယ်လီဖုန်း လှမ်းဆက် လိုက်သည်။

"ဟင် ... ဟုတ်လား၊ ၀မ်းသာစရာကြီးပါပဲ"
"ဒါထက် ဆယ်လီ၊ မင်း ဘယ်တော့လောက် ဒီကို လာခဲ့နိုင်မလဲ။ ကျုပ်ဖြင့် မင်းနဲ့ မတွေ့ရတာ တစ်လ လောက်တောင် ရှိသွားပြီ"
"ဘယ်ကလာ တစ်လ ရှိရမှာလဲ ရှင့်၊ ခုမှ သုံးပတ်ပဲ ရှိသေးတယ်"
"ထားပါတော့လေ၊ ဒီမယ် ကျုပ် အခု စာအုပ်ဆက်ရေးနေတာ နောက်ထပ် စာမျက်နှာ နှစ်ဆယ် လောက် ပြီးသွားပြီ၊ အဲဒါကို မင်းနဲ့အတူ ပြန်ဖတ်ပြီး ပြင်စရာ ရှိတာ ပြင်ချင်တယ်"

"ဒါဖြင့် စာမူကို ကျွန်မဆီကို ပို့ပေးလိုက်ပါလား"
"ပို့တော့ မပေးနိုင်ဘူး။ မင်းကိုယ်တိုင် ဒီမှာ လာယူမှ ပေးမယ်"
ခရိတ် က ကျီစပယ်သလို ပြောလိုက်သည်။ သည်တော့မှ ဆယ်လီက လျှော့ပေးလေသည်။

"ကောင်းပြီလေ၊ ရှေ့အပတ် ဗုဒ္ဓဟူးနေ့ ကျွန်မ လာခဲ့မယ်။ ရှင်က ဘယ်မှာ ရှိမှာလဲ။ ကင်းလင်း မွေးမြူရေးခြံမှာ ရှိနေမလား။ ဒါမှမဟုတ် ဇမ်ဘေဇီ မြစ်ရေများ စခန်းမှာ ရှိနေမှာလား"
"စခန်း မှာ ရှိမယ်။ ဒီမှာ လျှပ်စစ်ဆက်သွယ်ရေးနဲ့ ရေပိုက်တပ်ဆင်ရေး အလုပ်သမားတွေက အပြီး သတ် လုပ်နေ ကြတယ်"
"ဟုတ်ကဲ့၊ ကောင်းပါပြီ။ ကျွန်မ လေယာဉ်နဲ့ လာခဲ့ပါမယ်"

ဗုဒ္ဓဟူးနေ့ ရောက်သောအခါ ဆယ်လီသည် သူမ၏ လေယာဉ်ငယ်ဖြင့် ပျံသန်းလာပြီး မြစ်ကမ်း အနီး မြေ ကွက်လပ် ကျယ်တစ်ခုတွင် ဆင်းသက်လိုက်သည်။ ယင်းမြေကွက်လပ်မှာ ခရိတ် ကိုယ်တိုင် ရာသီမရွေး လေယာဉ်ငယ် များ ဆင်းနိုင်အောင် ဖန်တီးပြုလုပ်ထားသော လေယာဉ် ကွင်းငယ်အကြမ်း ဖြစ်လေသည်။
ခရိတ် က လာစောင့်ကြိုနေရာ ဆယ်လီ လေယာဉ်ပေါ်မှ ဆင်းလိုက်သည်ကို မြင်သည်နှင့် သူမ သည် တစ်စုံ တစ်ခု အတွက် ဒေါသထွက်နေပုံရကြောင်း ချက်ချင်း အကဲခတ်မိလေသည်။
"ဟေး ... ဆယ်လီ၊ ဘာဖြစ်နေတာလဲကွ။ ဘာများ အလိုမကျ ဖြစ်နေတာလဲ"
ခရိတ် က မေးလိုက်ရာ ဆယ်လီက အကြောင်းကို ပြောပြလေသည်။

"ရှင့်ရဲ့ တောတွင်းစခန်းလုပ်ထားတဲ့ နေရာမှာ ကြံ့ကြီးနှစ်ကောင် သေနေပြီရှင့်၊ ကျွန်မ လေယာဉ် ပေါ်က မြင်လိုက် ရတယ်"
"ဘယ်နေရာ မှာလဲ"
"ဟိုဘက်နားက လျှိုမြောင်တစ်ခုနားမှာ။ အဲဒါ ဧကန္တ မှောင်ခိုတိရစ္ဆာန် ခိုးသတ်တဲ့ဂိုဏ်း လက်ချက် ပဲ ဖြစ်ရမယ်။ ကြံ့ကြီး နှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ကိုက်ငါးဆယ်အကွာမှာ သေနေ တယ်။ ကျွန်မ လည်း လေယာဉ်ကို ခပ်နိမ့်နိမ့်ပျံပြီး ကြည့်လိုက်တော့ ကြံချိုတွေကို ဖြတ်ထားတာ သတိပြုမိတယ်"

"ကျုပ်တို့က ချာလီနဲ့ လေဒီဒီးတို့ နာမည်ပေးထားတဲ့ ကြံ့ဖိုမ စိုတွဲများ ဖြစ်နေမလား"
စောစောပိုင်းက ဆယ်လီသည် ထိုဒေသရှိတောများကို လေယာဉ်ဖြင့် ပျံသန်းရင်း လေ့လာကြည့် စဉ် တိုးရစ္စစခန်းပြုလုပ်မည့် မြေဧရိယာအတွင်း ကြံ့နှစ်ဆယ့်ခုနှစ်ကောင်တိတိရှိကြောင်း တွေ့ရှိ မှတ်သား ခဲ့သည်။ ထိုကြံ့များကို ခရိတ်နှင့် ဆယ်လီတို့က တစ်ကောင်ချင်း နာမည်ပေးခဲ့စဉ် ကြံ့ထီး နှင့် ကြံ့မတစ်စုံကို ချာလီ နှင့် လေဒီဒီး ဟု နာမည်ပေးခဲ့ကြသည်။

ထိုကြံ့နှစ်ကောင်လုံးတွင် အလွန် လှပသော ဦးချိုကြီးများ ရှိကြသည်။ တိရစ္ဆာန် ခိုးသတ်သူများအဖို့ ထိုကြံ့ချို များကို ရောင်းချပါက တစ်ချောင်းလျှင် အနည်းဆုံး ဒေါ်လာငွေတစ်သောင်းစီ ရနိုင်ရန် သေချာပေသည်။
"ဟုတ်မယ်ရှင့်၊ ကျွန်မ လေယာဉ်ပေါ်က ကြည့်ရသလောက် အဲဒီ ကြံ့ကြီးစုံတွဲပဲ ဖြစ်မယ်လို့ ထင်တယ်"
"ဒါဖြင့် ကျုပ်တို့ သွားကြည့်ဦးမှ ထင်တယ်"

"ကြံတွေသေတဲ့နေရာကို ရှင့် လင်းရိုနာကားနဲ့တော့ သွားလို့ မရဘူးရှင့်၊ ဒါပေမဲ့ ကျွန်မရဲ့ လေယာဉ်နဲ့ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာ ဆင်းလို့ရမယ် ထင်တယ်။ မလှမ်းမကမ်းမှာ မြေကွက်လပ် ခပ်ကျယ်ကျယ် တစ်ခု ရှိတယ်။ ကွက်လပ်ဆိုရင် ကြံ့ကြီးတွေ ရှိတဲ့နေရာကို တစ်မိုင် တောင် မဝေးဘူး"
"အိုကေ၊ ဒါဖြင့် သွားကြည့်ကြမယ်"
ပြောပြောဆိုဆို ခရိတ်သည် သူ၏ လင်းရိုဗာ ကားပေါ်မှ ရိုင်ဖယ်သေနတ်ကို ဆွဲယူလိုက်သည်။

ကြံ့ကြီးနှစ်ကောင်ကို သတ်ထားသော နေရာမှာ ခရိတ် ၀ယ်ယူထားသော မြေယာ၏ အလွန် ချောင်ကျသော အစွန်းဆုံး နေရာ ဖြစ်လေသည်။
ဆယ်လီသည် ထိုနေရာမှ မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုတွင် လေယာဉ်ကို ဆင်းသက်ရန် ကြိုးစားရာ ပထမ အကြိမ်တွင် ဆင်း၍ မဖြစ်သောကြောင့် ဆက်ပျံသွားပြီး လေယာဉ်ကို ပြန်ကွေ့ ကာ နောက် တစ်ခေါက် ခပ်နိမ့်နိမ့်ပျံလျက် ချဉ်းကပ်ပြီးမှ ချောမောစွာ ဆင်းနိုင်လေသည်။ သူမ သည် လေယာဉ်မောင်း အထူး ကျင်လည်၍လည်း သစ်ပင်တောအုပ်တွေကြားမှ ရှောင်တိမ်း မောင်းနှင်လျက် ဆင်းနိုင်ခဲ့ခြင်း ဖြစ်လေ သည်။

ထိုနေရာသို့ ချဉ်းကပ်မိသောအခါ ကောင်းကင်တွင် လင်းတငှင်းများ ပျံဝဲနေသည်ကို သတိပြုမိ ကြလေ သည်။ လင်းတတို့ ထုံးစံအတိုင်း မြေပြင်တွင် ကြံ့သေကောင်များကိုမြင်၍ စားရန် ပျံဝဲနေ ခြင်း ဖြစ်လေသည်။
ဆယ်လီနှင့် ခရိတ်တို့သည် ဆက်လျှောက်သွားစဉ် ခွေးရိုင်းတစ်အုပ်သည် လူသံကြားသဖြင့် လျင်မြန်စွာ ထွက်ပြေး သွားကြလေသည်။ တောခွေးရိုင်းများက ကြံ့သေကောင်မှ အသားများ စတင် စားသောက် နေကြ ဟန် တူလေသည်။

အနီးသို့ရောက်၍ သေချာစွာ ကြည့်လိုက်သောအခါ ကြံ့ကြီးများ သေနေသည်မှာ အနည်းဆုံး ရက်သတ္တ တစ်ပတ်ခန့် ရှိသွားပြီဟု ခန့်မှန်း၍ရလေသည်။ ပတ်ဝန်းကျင် မြေကြီးပေါ်တွင် လင်းတချေး များလည်း တွေ့ရသည်။ လေယာဉ်ပေါ်မှ ဆယ်လီမြင်ခဲ့သည့်အတိုင်း ကြံ့ကြီး နှစ်ကောင်မှ ဦးချိုများ ဖြတ်ယူ သွားပြီး ဖြစ်ကြောင်း တွေ့ရလေသည်။
ခရိတ်သည် ကြံသေကောင်များကိုကြည့်ပြီး ပြင်းပစွာ ဒေါသထွက်မိလေသည်။
"ကြံ့ကြီးတွေကို သတ်တဲ့လူသာ တွေ့ရင်တော့ ကျုပ်က သူတို့ကို သတ်ပစ်မှာပဲ"
ခရိတ်က ကြုံးဝါးပြောလိုက်ရာ ဆယ်လီမှာ ကြောက်လန့်ဟန်နှင့် မျက်နှာကလေး ဖြူဖပ်ဖြူရော် ဖြစ်နေ ရှာသည်။

"ဟုတ်ပါရဲ့ရှင်၊ အလွန်ရက်စက် ယုတ်မာတဲ့လူတွေပါပဲ"
ဆယ်လီကပြောပြီးနောက် နှစ်ယောက်သား သေနေသော ကြံ့မကြီးအနီးသို့ ချဉ်းကပ်သွားကြ လေသည်။ ကြံ့မကြီး မှာ ၀မ်းဗိုက်အတွင်း၌ သားငယ် သန္ဓေတည်နေပြီဖြစ်၍ တောခွေးရိုင်းများက ၀မ်းဗိုက်က ဖောက်ကိုက်ကာ သန္ဓေသားကို ထုတ်ယူ စားသောက် လိုက်ကြပြီဖြစ်ကြောင်း အရိပ်လက္ခဏာများ တွေ့ရ လေသည်။

"သနားစရာ ကောင်းလိုက်တာရှင်"
ဆယ်လီက စိတ်မကောင်းဟန်ဖြင့် မှတ်ချက်ချလိုက်သည်။
"ကိုင်း ... ဒီမှာ ကျုပ်တို့ ဘာမှ လုပ်စရာမရှိတော့ဘူး။ သွားကြစို့"
ခရိတ်က ပြောရင်း ဆယ်လီ၏ လက်မောင်းကို အသာဆုပ်ကိုင်လျက် ခေါ်သွားလေသည်။

အခန်း (၁၄) ဆက်ရန်
.

1 comment:

Anonymous said...

ဆရာမရေ.. ကျွန်တော်တော့ အကြွေးတွေ တော်တော် တင်နေပြီ.. မအားတာ နဲ့ မဖတ်နိုင်ဘူးဖြစ်နေတာ.. အခုတော့ တစ်ပိုင်းခြင်း ပြီးအောင် ဆက်ဖတ်သွားပါအုံးမယ်
ခင်မင်စွဖြင့်
ဇော်သိင်္ခ