Sunday, August 15, 2010

ကြယ်နီ အပိုင်း (၃၄)

နှာခေါင်းနှင့် ကျည်ပွေ့

(၁)

"နှာခေါင်း ကျည်ပွေ့ တွေ့သည်" ဟူသော ဆိုရိုးစကားရှိ၏ "တယ်.... ဒီကောင် နှာခေါင်းကျည်ပွေ့ တွေ့ သွားရော့မယ်" ဟူသော ကြိမ်းသံကိုလည်း ကြားဖူးကြပေလိမ့်မည်။ သို့သော် ကိုဒေါင်းစိန်အဖို့မှာ ထိုစကားသည် "ဆိုရိုးစကား" နှင့် " ပြောသံကြား" မဟုတ်ဘဲ ကိုယ်တွေ့ ကြုံဖူးသော ဖြစ်စဉ်ပင် ဖြစ်သည်။ မှန်ပေသည် တကား။ ကိုဒေါင်းစိန်တို့အိမ်မှ ငါးပိထောင်းသော ကျည်ပွေ့သည် တစ်ကြိမ်သော  အခါက အင်း အင်စပက်တာမင်း၏ နှာခေါင်းနှင့် တကယ်ပင် တွေ့ဆုံဖူးခဲ့သည်မှာ ကိုဒေါင်းစိန်၏ မျက်မြင် ကိုယ်တွေ့ ပင် ဖြစ်ပါသည်။
ကျည်ပွေ့ကို ပြုလုပ်ရာတွင် မန်ကျည်းသား၊ မဏိသြဃသားတို့လို မာကျောကျစ်လျစ်သော အသားကို ရွေးချယ်ပြုလုပ်ရ၏ သို့သော် ကိုဒေါင်းစိန်၏ ကျည်ပွေ့ကား ထိုအသားများထက် ပို၍ ထက်မြက်သော ရင်းတိုက် အနှစ်သားကို ပြုလုပ်ထားသော ကျည်ပွေ့ဖြစ်ရာ ပို၍ ကျစ်လျစ်၏။ ပို၍ မာကျော၏၊ ပို၍ လေးလေး ပင်ပင် ရှိ၏ ။ တစ်ရွာလုံးတွင် လက်အမြောက်ဆုံးသော နာမည်ကျော် ဗိသုကာ လက်သမား ဆရာကြီး ဦးအောင်ဒွန်းကိုယ်တိုင် စိတ်တိုင်းကျ ထုလုပ်ပေးလိုက်သော ကျည်ပွေ့ လည်း ဖြစ်၏ ။
ထိုကျည်ပွေ့နှင့် အင်းအင်စပက်တာမင်း၏ နှာခေါင်းတို့သည် ကိုဒေါင်းစိန်၏ ကောင်းမှုကြောင့် တစ်ကြိမ် သော အခါက တကယ်ပင် တွေ့ဆုံဖူးခဲ့ကြပေသည်။
အတိတ် ကို ဆောင်ရသော......။ဆောင်းဥတု၏ လပြည့်နေ့ ညတစ်ည အချိန်တွင် ဖြစ်သည်။

(၂)

ကိုဒေါင်းစိန် သည် လက်ဖက်ရည်ကြမ်း တစ်အိုးဖြင့် အေးအေးလူလူ ဇိမ်ယူနေ၏ ။ မယ်စိန်က လည်း ကိုဒေါင်းစိန် ၏ အနီးတွင် အလျားမှောက်ကာ ဆေးပေါ့လိပ်ကို မီးခိုး တလူလူနေအောင် ဖွာရှိုက်ရင်း ဇိမ်ယူနေ၏ ။မည်သူမှ စကားမပြောကြဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏ ။

ကိုဒေါင်းစိန် တွေးနေတာကတော့ ခါတိုင်းသည်လို လသာသာ ညဥ့်အခါဆိုလျှင် သူတို့သည် ချောင်းရိုးထဲ ကွန်ဆင်းပစ်မြဲ ဖြစ်သည်။ နေ့လယ်နေ့ခင်းဆိုလျှင် အင်းအင်စပတ်တာ၏ ရန်ကို ကြောက်ရသည်။ ဥပဒေက ခွင့်ပြုတာက ဒင်္ဂါးကျ မက်ကွန်။ သူတို့ အသုံးပြုတာက ကွန်စိပ်။ ဒါကြောင့် အင်းအင်စပတ်ာ်၏ ရန်ကို ကြောက်၍ နေ့လယ်ဘက ကွန်ပစ်မဆင်းဘဲ လက်ဖက်ရည်ကြမ်းသောက် ကာ အေးအေးလူလူ ဇိမ်ယူနေခြင်း မှာ အင်းအင်စပက်တာမင်းသည် သူ့နောက်ပါများနှင့် အတူ ယနေ့ ညတွင် ကွန် ခိုးပစ်သူ များ အား ဆင်းဖမ်းလိမ့်မည် ဟူသော သတင်းကြောင့်ပင်။ အလုပ်မရှိလျှင် မနေ တတ်သော ကိုဒေါင်းစိန်က ဒီအကြောင်း ကို စိတ်မချမ်းမြေ့စွာဖြင့် တွေးနေခြင်းဖြစ်ပါသည်။

မယ်စိန် တွေးတာကတော့ "ဟင်း သေမင်းငင် အင်ဇဘက်၊ ဒီ ကူလီကပ်ပါးတွေ တစ်ဝမ်း တစ်ခါးအတွက် အပြေး အလွှား ရှာဖွေစားသောက် နေရတာကို ဒါလောက် ကြိုးစားပမ်းစား ညဘက်ပါ ဆင်းပြီး ဖမ်းလို့ ဒင်းမှာ ဘယ်လောက်များ ရာထူးတွေ တိုးတက်သွားမှာလဲ၊ ဟင်း....ဒီကာလနာကို တော့လား ငါးဆီအတွက် ငါးခုတ်တုန်း က ငါးခေါင်းကို လက်သွက်သွက်နဲ့ ခုတ်ဖြတ်ခဲ့သလို ဓားထက် ထက်နဲ့ ခုတ်သတ်ဖို့ပဲ ကောင်းတော့ တာပဲ" ဟု တွေးနေပါသည်။

ထိုသို့ အတွေးကိုယ်စီဖြင့် ငြိမ်နေကြစဉ် ကိုလေးဖိုးကွန့်နှင့် ကိုလူမောင်တို့သည် သူတို့အိမ်သို့ ရေးကြီး သုတ်ပျာ ဟန်မူအရာဖြင့်ေ၇ာက်ရှိလာကြသည်။ ပြီးတော့ ကိုလေးဖိုးကွန့်က မယ်စိန်ကို အသိမမေးလိုဟန်ဖြင့် ကိုဒေါင်းစိန်၏ နားဝသို့ သူ၏ နှုတ်ခမ်းအစုံကို ကပ်ကာ တိုးတိုး တိုးတိုးဖြင့် စကား တိုးကျိတ် နေ၏ ။

ဘာရမလဲ၊ မယ်စိန်တို့က ဒါမျိုးကိုမှ ပိုပြီး သိချင်၊ စပ်စုချင်တတ်တာကလား။ သူမသည် သူမ၏ တစ်ရပ် လုံးသော စိတ်အာရုံကို ဤမှာဘက်ဆီသို့ ဆွဲယူလာကာ စူးစိုက်ထား၏ ။ သူမ၏စူးစိုက်ထား သော အာရုံဝယ် ရေနံဆီ မီးခွက်၏ အလင်းရောင်ဖြင့် မြင်နေရသော ကိုလေးဖိုးကွန့်၏ လှုပ်နေသော နှုတ်ခမ်းအစုံနှင့်၊ မသဲမကွဲ ကြားရသော စကားသံကို အဆက်အစပ် အထောက်အထားပြု၍ ထိုပြောဆို နေသေ အကြောင်း အချက် ၏ လိုရင်းအဓိပ္ပာယ်ကို ကောက်ယူနိုင်ခဲ့ပါသည်။ "ဒီည အင်းအင်စပတ်တာ မင်းက ကွန်သမား တွေ ကို ဖမ်းဖို့ ရွာထဲဝင်အလာမှာ'ဓားပြဟေ့.....ဓားပြ' လို့ အော်ပြီး ၀ိုင်းရိုက်ကြဖို့ စီစဉ်ကြတာပဲ မဟုတ်လား"

' အမယ်.....တော်တို့ ပြောနေကြတာကို ကျုပ်သိပါတယ်တော်၊ ဒီညအင်ဇဘက်က ကွန်သမား တွေကို ဖမ်းဖို့ ရွာထဲ ၀င်အလာ မှာ "ဓားပြဟေ့......ဓားပြ" လို့အော်ပြီး ၀ိုင်းရိုက်ကြဖို့ တိုင်ပင်နေကြတာ မဟုတ်လား'
'ဟ တိုးတိုး ပြောပါ မယ်စိန်ရ၊ ကိုယ့်အကြံ မအောင်ခင် လူသူလေးပါးကြားသွားပါဦးမယ်။ နေစမ်းပါဦး၊ တို့ တိုးတိုးလေး ပြောနေကြတာကို နင်ဘယ်လိုလုပ်ပြီး သိသလဲ ဟင်'
ကိုလေးဖိုးကွန့် က တစ်ဖက်မှ ဟန့်လိုက်၍ တစ်ဖက်မှလည်း မကြားသိစေလို၍ ကိုဒေါင်းစိန်နှင့် နှစ်ကိုယ်ကြား တိုးတိုးလေးပြောခါမှ ကြားသိဖြစ်အောင် ကြားသိလိုက်နိုင်သော မယ်စိန်၏ ဇ၀နဥာဏ် လျင်မြန်ခြင်း ကို အံ့သြချီးကျူးသလို ကြည့်ကာ ပြောဆိုလိုက်၏ ဒါကို မယ်စိန်က ဂုဏ်ယူဝင့်ကြွားသလို ကျေကျေ နပ်နပ်ကြီး ပြုံးလိုက်ရင်း-

' အို......သိတဲ့နည်း ရှိုလို့ သိတာပေါ့တော့၊ မယ်စိန်တို့က ချက်ဆိုရင်နားခွက်က မီးတောက်ပြီး သားပါ။ ကောင်းတယ်၊ တော်တို့အကြံ ကောင်းတယ်၊ ဒီကောင့်ကို မြင်တိုင်း ကျုပ် လက်ယားနေတာ ကြာလှပြီ၊ ဒါပေမဲ့ မိန်းမသားတန်မဲ့ မလုပ်ဝံ့လို့ ငြိမ်နေရတယ်၊ တော်တို့ အခုကြံတာ အကောင်းဆုံးပဲ။ ကျုပ်တို့ကို တစ်သက်လုံး နှိပ်စက်ခဲ့တဲ့လူကို လက်စားချေနိုင်မယ်၊ ပြီးတော့ ညဘက်အချိန်မဟုတ် ရွာထဲ ၀င်လာလို့ "ဓားပြ" အမှတ်နဲ့ အော်ဟစ်ပြီး ရိုက်တဲ့အတွက် ဥပဒေကလည်း လွတ်နိုင်မယ်။ ကောင်းတယ်၊ ဒေါင်းစိန်..... .တော်လည်း လိုက်သွားပေါ့၊ ဘာလဲ၊ တော်က ကြောက်နေပြန်သလား'
မယ်စိန်က သူ့လင်အကြောင်းကို အတွင်းသိ အစဉ်းသိ ဖြစ်နေ၍ လှမ်းကာ ခနဲ့လိုက်၏ ဒါကို ကိုဒေါင်းစိန်က ဆီမထည့် နိုင်သော အညာလှည်းဘီးကြီးများ မြည်သလို အီလေးဆွဲသောလေသံ  မျိုးဖြင်-
'ဟ မယ်စိန်ရ၊ သူ့မှာက နှစ်လုံးပြူးသေနတ်ကြီးကို အမြဲဆောင်ထားတာဟ၊ မတော် ဒါကြီးနဲ့ ပစ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ။ မင်းမုဆိုးမ ဖြစ်ကျန်ရစ်မှာကိုကော မင်းထည့်မတွက်ဘူးလား၊ အဲဒီလိုဆိုရင် ကလေး တွေ နဲ့ မင်းတစ်ယောက်တည်း ဘယ်လိုလုပ်မလဲ'

ဒီလိုဆိုပြန်တော့လည်း မယ်စိန်ခမျာ တွေးသွားပြန်တော့သည်။ သူ့လင်ကို သူချစ်တာကလည်း ကနောင် မင်းသားကြီး ကို လှိုင်ထိပ်ခေါင်တင် မင်းသမီးကလေး ချစ်သော အချစ်ထက် မပိုလျှင်သာ ရှိရမည်။ လျော့တော့ မလျော့နိုပါ။ ဘယ်နည်းနှင့်မျှ မလျော့နိုင်ပါ။ သည်တော့ သူ့လင် တစ်စုံတစ်ခု ဖြစ်သွားမှာ ကိုလည်း တွေးကြောက်လာရပြန်သည်။ ဒါကြောင့်လည်း သူမသည် လက်ဦးတင်ပြသော မှုကို ပြန်ရုတ်သိမ်း လိုက်ရကာ နောက်ထပ် မူသစ်တစ်ခုဖြင့် အစားထိုးရပြန်၏ ။

'ဟုတ်ပါတယ်၊ တော် လိုက်သွားလို့ မဖြစ်ဘူး၊ ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ တကယ်လို့ တော်သာ တစ်စုံတစ်ခု ဖြစ်သွား ရင် ကျူပ်အသည်းကွဲရချေရဲ့။ ဒါပေမယ့် ဒီ အင်ဇဘက်ကို မသေသော် မရှုမလှ ဖြစ်စေ ချင်တာ ကတော့ ကျူပ်ဆန္ဒပဲ၊ ဒီတော့ ကိုဒေါင်းစိန်ကို ဘေးဖယ်ထားပြီး ကိုလေးဖိုးကွန့်နဲ့ ကိုလူမောင်တို့ရယ်၊ တခြား ရွာထဲမှာ ရှိကြတဲ့ ကူလီကပ်ပါးတွေရယ် စုပေါင်းပြီး လုပ်ကြပါလားဟင်'
'အမယ်၊ တယ်တော်.....တယ်တော်' ကိုလူမောင်က နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ၀င်ပြော၏။ 'ကိုယ်လင် ကိုတော့ ဘေးကင်းစေ၊ ဒီအပြင်လူတော့ သေစေ ဟုတ်လား၊ တယ်ပြီးတော့ တရားမျှတတာပဲ'
'ဒါတွေကို တွေးကြောက်နေလို့လည်း မဖြစ်ဘူးကွ၊ သူဟာ တို့ကို ထင်သလို နှိပ်စက်ခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲကွ၊ ဒီတစ်ချီတော့ တို့အလှည့်ပဲ။ ဒါဟာ ချက်ကောင်းကွ၊ အင်မတန်ပိုင်တဲ့ အကြံ၊ ပြီးတော့ တစ်ရွာလုံးမှာ ရှိတဲ့ ကူလီကပ်ပါးတွေ အားလုံးကလည်း လုပ်ဖို့ တစ်စိတ်တည်း တစ်ဝမ်းတည်း သဘောတူ ပြီးကြပြီ၊ ကိုယ်တစ်ယောက်တည်း ဘေးတိမ်းနေလို့ မတော်ဘူးကွ။ ပြီးတော့ တစ်ရွာလုံးနဲ့ တစ်ယောက် မို့ ကြောက်စရာ မရှိပါဘူးကွာ'

ကိုလေးဖိုးကွန့်က နိဂုံးချုပ်အနေဖြင့် တိုက်တွန်း ပြောဆိုလိုက်၏။ ကိုဒေါင်းစိန်မှာ သဘောတူသော အထိမ်း အမှတ်ဖြင့် ခေါင်းကို ညိတ်ပြလိုက်ရသော်လည်း သူ့ခေါင်းမှာ သွက်လက်လျင်မြန်ခြင်း မရှိဘဲ လေးတွဲ့တွဲ့ ကြီး ဖြစ်နေ၏။

(၃)

လပြည့်နေ့ညမို့ လသည် ထိန်ထိန်သာနေပေသည်။ ညဥ့် ၉နာရီခန့် ရှိပြီဖြစ်သော်လည်း ခါတိုင်းဆိုလျှင် သည်အချိန် လူခြေ မတိတ်သေးပေ။ သို့သော် ယနေ့ညမှာမူ ထူးထူးခြားခြား တိတ်ချက်သား ကောင်းလှ၏။ တစ်ချက် တစ်ချက်တွင်မှ ထွက်ပေါ်လာသော ခွေးဟောင်းသံမှတစ်ပါး လူသံသူသံကိုမူ လုံးဝ မကြားရပေ။

ကွန်လှေနှစ်စင်းသည် ရွာပြင်သို့ မထွက်ဘဲ ရွာတွင်းရှိ ချောင်းထဲ၌သာ လူးလာတုံ့ခေါက် ကူးသန်း လှော်ခတ်ရင်း အင်းအင်စပက်တာ၏ လှေအလာကို စောင့်မျှော်နေကြ၏။ ကမ်းစပ်ရှိ သစ်ပင်ရိပ်များ အောက်တွင်မူ လူတစ်စုသည် တုတ်၊ ဓား ကိုယ်စီဖြင့် ၀ပ်လျောင်းကာ သားကောင်ကို ချောင်းနေသော မုဆိုး ၏ သတိမျိုးဖြင့် ချောင်းနေကြသည်။

ကိုဒေါင်းစိန် ကား ရင်ထဲမှာ တထိတ်ထိတ်ဖြင့် သူ့အိမ်ပေါ်မှနေ၍ စောင့်မျှော် နားစွင့်နေ၏။ သူတို့ အချိန်းအချက် လုပ်ထားကြသည်မှာ အင်းအင်စပက်တာမင်း၏ လှေ ၀င်လာ၍ ကွန်လှေနှစ်စင်းမှ လူများနှင့် ချောင်းမြောင်းနေကြသော လူတစ်စု ၀ိုင်းရိုက်ပြီး "ဓားပြဟေ့ ... ဓားပြ၊ တစ်အိမ်တစ် ယောက် ထွက်ကြကွ" ဟု အော်လိုက်လျှင် လူတိုင်း လက်နက်ကိုယ်စီ ကိုင်စွဲကာ ထွက်လာကြရန်ပင် ဖြစ်သည်။
ကိုဒေါင်းစိန် ၏ ရင်မှာ ကြောက်စိတ်ဖြင့် လှိုက်ဖိုနေ၏။ အင်းအင်စပက်တာ မင်းကား နှယ်နှယ်ရရပုဂ္ဂိုလ် မဟုတ်။

ရွတ်တိရွတ်ထိုးနှင့် မိုက်ရူးရဲ သတ္တိမျိုးရှိရုံမျှမက သူ့လက်ထဲမှာလည်း နှစ်လုံးပြူးသေနတ်ကြီး ကို အမြဲ ဆောင်ထားပေသေးသည်။ သူ့အလုပ်မှာ အများနှင့် ဆန့်ကျင်ဘက် ပြုရသော အလုပ်မျိုးဖြစ် ၍ ဘေးရန် များလှသောကြောင့် အင်းအိုင် ခလဲ့ လက်ဖွဲ့ စသော ကာယသိဒ္ဓိ အဆောင်ပစ္စည်းများကို ထားရှိသည်ဖြစ်ရာ တုတ်တို့ ဓားတို့လောက်တော့ ရယ်တာပေါ့ဟု သတင်းကြီးနေ၏။ ပြီးတော့ သူ၏ နောက်တော်ပါ လူမိုက် အချို့လည်း ပါလာပေဦးမည်။ ရွာသားများထဲတွင်လည်း သတ်ရဲ ဖြတ်ရဲသော သတ္တိခဲများပါရှိသည်မှာ မှန်ပါ၏။ ပြီးတော့ လူများစု ဖြစ်သည်မှာလည်း မှန်ပါ၏။ သို့သော် အင်းအင်စပက်တာသည် လက်နက် အားကိုး၊ ကာယသိဒ္ဓိ အဆောင်လက်ဖွဲ့အားကိုးဖြင့် ငုံ့ခံနေမည် မဟုတ်ဘဲ တုံ့ပြန် ပတ်ခတ်ပေမည်။ အဲဒီလို ဆိုလျှင် ရွာသားများထဲမှ တစ်စုံတစ်ယောက်တော့ မုချ သေကျေပျက်စီးပေမည်။ အဲ့ဒီ တစ်စုံ တစ်ယောက် ဟာ ဘယ်သူများ ဖြစ်နိုင်မလဲ။ အလိုလေး ... ဘယ်သူများ ဖြစ်နိုင်မလဲ။

ကိုဒေါင်းစိန်၏ ကိုယ်သည် ဆိတ်ခနဲ တုန်လှုပ်သွးကာ ကျောချမ်းသွား၏။ တိုးတိတ်သော အသံတစ်ခု က သူ၏ နားဝသို့ကပ်ကာ "တကယ်လို့များ အဲ့ဒီ တစ်စုံတစ်ယောက်ဟာ မင်းဖြစ်နေရင်ကော" ဟု မေးလိုက် သလို ထင်မိ၍ ပို၍ပင် တုန်လှုပ်သွားမိ၏။ "တကယ်လို့သာ ငါများ ဖြစ်နေရင်...။ အလိုလေး ... ငါများ ဖြစ်နေရင်တော့"
စိတ်ကူးကောင်းကောင်းနှင့် တကယ်လို့ အဲဒီ တစ်စုံတစ်ယောက်ဟာ သူများ ဖြစ်နေရင် ..။ သူ သေပြီး နောက် ကျန်ရစ်ခဲ့မည့် မယ်စိန်နှင့်တကွ သားသမီးတွေ၏ နေထိုင်စားသောက်ရေးကို ရင်လေးလေးဖြင့် တွေးစမ်းကြည့်မိပြန်၏။ မယ်စိန်မှာ စိတ်မြန်လက်မြန်နှင့် အလုပ်ကို တွေ့မရှောင် လုပ်နိုင်သူ ဖြစ်၏။ ရပ်ရွာ၏ ဓလေ့ ထုံးထမ်းစဉ်လာ လုပ်ငန်းရပ်များကိုလည်း သူ မလုပ်တတ်တာ ဘာမှမရှိ။ အစီအမံ အခန့်အခွဲ ကောင်း၏။ အိမ်တွင်းမှုလည်း လုံခြုံ၏။ ပြီးတော့ ဒီလုံး တစ်ယောက်ကလည်း လူလား မြောက်ပြီ ဖြစ်၍ မယ်စိန်အဖို့ အကူအညီ ရနိုင်သည်။

ဒါကြောင့် သူ သေသွားပြီးနောက်လည်း သူတို့၏ နေထိုင်စားသောက်ရေးမှာ သူ အသက်ထင်ရှား ရှိစဉ်ကနှင့် မည်သို့မျှ ထူးခြားလိမ့်မည် မဟုတ်။ ထိခိုက်လိမ့်မည် မဟုတ်။ ထိုကြောင့်ပင် တစ်ခါတုန်းက သူသည် "ပိုက်သမားဝတ္ထု"တွင် "သြော် မနေလို့ သေမယ်ဆိုရင် မယ်စိန် မသေဘဲ ငါသာ အလျင်သေပါစေ"လို့ ဆုတောင်း ဖူးသည် မဟုတ် လော။ သို့သော် မနေလို့ သေရမယ်ဆိုရင်သာ ပြောတာပါ။ အသက်ရှင် နေထိုင်ခွင့် ရှိနေနိုင်သေးတယ် ဆိုရင်တော့ တစ်စက္ကန့်ကလေးမျှပင် ပို နေရ နေရ သူ နေလိုပါသေးသည်။ မသေလိုသေးပါ။ မသေရဲ သေးပါ။ အား ... မသေရဲသေးပါ။
သူသည် သက်မ တစ်ချက်ကို လေးလေးကြီး ချလိုက်၏။ သ ၀ိညာဏက သတ္တ၀ါတိုင်း မိမိ၏ အသက် ၀ိညာဉ် ကလေးကိုတော့ ခင်မင်တွယ်တာတတ်သည့် ပုထုဇဉ်သားများချည့်မို့ ကိုဒေါင်းစိန်က သူ့ အသက် ၀ိညာဉ် ကလေးကို ငဲ့ကွက်တွယ်တာကာ နောက်ဆံတင်းနေသည်ကိုတော့ ကျွန်ုပ်တို့က အပြစ် မဆိုထိုက်ပါပြီ။

လျှပ်ပြက်လိုက်သလို ကိုဒေါင်းစိန်၏ အာရုံတွင် အင်းအင်စပက်တာ၏ ရုပ်ပုံ လွှာသ်ည ဖျတ်ခနဲ ပေါ် ထင်လာသည်။ ရက်စက်ခြင်းကို ဖော်ပြသည့် ရဲရဲနီသော မျက်လုံးအစုံ၊ မိုက်မဲခြင်းကို သရုပ်ဆောင် သည့် ထူးအန်းသော နှုတ်ခမ်းနှစ်လွှာ၊ ဂင်တိုတို ပုတိုက်တိုက်နှင့် လူမိုက်ရုပ် ပေါက်နေသော အင်း အင်စပက်တာမင်း ၏ မုန်းစရာ့ ရုပ်သွင်ကို ထင်မြင်လာရာ သူသည် ရုတ်ခြည်းပင် အံကို ကြိတ် လိုက်မိပြန်၏။

အင်စဘက် ... အင်စဘက်၊ ဒီအင်စဘက်ကို သူတို့ ရပ်သူရွာသားများ ဘယ်မျှလောက် မုန်းတီးရွံ့ရှား  အော့နှလုံးနာသည်ကို "အင်စပက်တော်၊ ခုနှစ်ချက်ဆော်" ဟူသော စာချိုးကို ကလေး လူကြီးမရွေး အမြဲတမ်း ရွတ်ဆိုနေတတကြသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ မုန်းမည်ဆိုလည်း မုန်းစရာ ပေကိုး။ သူ တောဆင်းလာပြီးဆိုလျှင် ဘယ်သူမှ အကောင်း မနေရ။ ဖမ်းသူကို ဖမ်း၊ ရိုက်သူကို ရိုက်၊ မိန်းမချောကလေးများကိုလည်း အာဏာသုံး၍ ကောက်ယူသွားတတ်ပေသေးရာ အဘယ်မှာလျှင် မမုန်းဘဲ ရှိနိုင် ပါမည်နည်း။

ဆက်ရန်
.

6 comments:

ahphyulay said...

အင်း ...
အင်စပက်တော် ကြီး နဲ့ ကိုဒေါင်းစိန် တို့
နောင်ဂျိန် ပလေး မဲ့  ပွဲ က တော့ ...
ယုန်ခင် ... ရင်ခုန် ချင် စရာ ပါပဲ ဗျာ...။
မျှော်မည်၊ ဆက်ရန်..။

ညိမ်းနိုင် said...

မရွေစင်ရေ....ဒီနေ့ညနေမှ အကြွေးတွေရှင်းလိုက်ရတယ်။
ကိုသုခ အကြောင်းက အတော်စိတ်ဝင်စားဖို့ကောင်းလိုက်
တာ...။ဒီလိုမျိုးတွေဖတ်ရတဲ့ အတွက် မရွေစင်ကို ကျေးဇူး
အရမ်းတင်ပါတယ်....။

သူကြီးမင်း (တုံးဖလား) said...

နှာခေါင်းကျည်ပွေ့တွေ့မဲ့အကွက်ကလေးကို စောင့်မျှော်နေတယ်နော် အမရွှေစင်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မေဓာဝီ said...

သစ်သားကျည်ပွေ့ထက် ကျောက်ကျည်ပွေ့ဆို ပိုကောင်းမယ်။
အင်စပက်တော်လဲ နှာခေါင်းရိုး ကျိုးရော .. :P

ကိုဇော် said...

ဒီလို ကြုံတုန်းလေး လက်စားချေရတာပဲလေ။
စောင့်ကြည့်ဦးမယ် ဘာတွေ ဖြစ်လာမလဲလို့...

Anonymous said...

haha

so funny to read Maမေဓာဝီ comment.
waiting for new post as usual :)