ပွဲစား က ဤသို့ ၀မ်းသာအားရပြောသော်လည်း ခရိတ်သည် အထူးတလည် ၀မ်းမြောက်ခြင်းမဖြစ် မိချေ။
သူ့အနေဖြင့် ဇင်ဘာဘွေနိုင်ငံတင် လုပ်ငန်းလုပ်ရန် ငွေလို၍ ရောင်းရခြင်းဖြစ်လင့်ကစား ခရိတ်သည် သူ၏ ဘိုးအေကြီးကို အမှတ်တရ နာမည်ပေးထားသော ဘာဝူ သင်္ဘောအပေါ် အလွန် သံယောဇဉ် ကြီးမား သဖြင့် ရောင်းချခါနီးတွင် နှမြောသလို စိတ်မကောင်းသလို ဖြစ်နေမိလေသည်။ " ခင်ဗျား သင်္ဘောက အခြေအနေ လည်း ကောင်းတယ်။ ခင်ဗျား သတ်မှတ်ထားတဲ့ဈေးနှုန်းကလည်း သင့်တော်တဲ့အတွက် ချက်ချင်း ရောင်းလို့ စွံမှာပဲ။
မနက်ဖြန်ပဲ ၀ယ်သူတချို့ကို ကျုပ်ခေါ်လာခဲ့မယ်" သင်္ဘောပွဲစားက အားပါးတရ ပြောပြန်ရာ ခရိတ်က " သူတို့ လာရင် ကျုပ် မရှိတဲ့အချိန် လာပါစေ " ဟု ပြောလိုက်သည်။
သူ၏ စိတ်ထဲ ခံစားနေရပုံကို ပွဲစားကလည်း နားလည်သဘောပေါက်ပုံရလေသည်။ " ကောင်းပါပြီ မစ္စတာခရိတ်၊ ကျုပ် နားလည်မှု ရှိပါတယ် "
*
ခရိတ်သည် သူ၏စာပေဆိုင်ရာ ဧဂျင်း(ကိုယ်စားလှယ်) အက်ရှီထံသို့ တယ်လီဖုန်းဆက်၍ ယခု ရေးနေဆဲ စာမူ အတွက် ငွေကြိုတင် တောင်းပေးရန် ပြောသောအခါ အက်ရှီက ခရိတ်၏ လုပ်ငန်းစီမံကိန်းကို သဘောကျပုံ မရချေ။ သို့သော် အာဖရိက တိုက်တွင် ခရိတ်က ရေးသားပြီးစီး နေသော ပထမဆုံး အခန်း သုံးခန်း စာမူကို ရယူရန် ဘာဝူသင်္ဘောသို့ လူတစ်ယောက် လွှတ်လိုက် လေသည်။
အက်ရှီ နှင့် အစီအစဉ် ပြုလုပ်ပြီးနောက် ခရိတ်သည် ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီနှင့်အတူ နေ့လယ်စာ သွားစား လေသည်။
" ဟဲလို ခရိတ်၊ မတွေ့ရတာကြာလို့ အခုပြန်တွေ့ရတာ ၀မ်းသာသဗျာ "
ဟင်နရီ က ၀မ်းသာအားရ ဆီးကြိုနှုတ်ဆက်ပြီးနောက် ...
" နေဦးဗျ၊ ဘာမှ စကားမပြောခင် အရင်ဆုံး စားသောက်စရာတွေ မှာလိုက်ကြရအောင် " ဟုဆိုကာ အကောင်းဆုံး ယမကာအရက်တစ်ပုလင်းနှင့် စားစရာများကို မှာယူလိုက်လေသည်။
ယမကာ တစ်ခွက်စီငှဲ့၍ သောက်နေကြတော့မှ ဟင်နရီက စတင် စကားပြောလေသည်။
" ကိုင်း ၊ ဗိုလ်ချုပ် ဖွန်ဂါဘီရာဆိုတဲ့လူအကြောင်း ခင်ဗျား ဘယ်လိုမြင်တယ်ဆိုတာ ပြောစမ်းပါ "
" ကျုပ်ရဲ့ အစီရင်ခံစာထဲမှာ အပြည့်အစုံရေးထားတာပဲ၊ ခင်ဗျား ဖတ်မကြည့်ဘူးလား " ခရိတ်က ပြန်ပြော လိုက်သည်။
" ကျုပ် ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ခင်ဗျား ကိုယ်တိုင် ပြောတာကို နားထောင်ချင်သေးတယ်။ တစ်ခါ တလေ ကျတော့ စကားပြောရင်းနဲ့ အစီရင်ခံစာထဲ မပါတဲ့ အချက်အလက်တချို့ ထွက်ပေါ်လာတတ်တယ်"
" ကောင်းပြီ၊ ကျုပ် ပြောပါမယ်။ ဖွန်ဂါဘီရာဟာ ခေတ်ပညာတတ် ရည်ရည်မွန်မွန် လူတစ်ယောက် ပါပဲ။ အင်္ဂလိပ် စကားကိုလည်း ကျွမ်းကျင်တယ်။ စကားပြောရင်တောင် အာဖရိကတိုက်သား လေသံ နည်းနည်း ၀ဲနေရာက လွဲလို့ ရေရေလည်လည် ပြောနိုင်တယ်။ စစ်ဝတ်စုံ ယူနီဖောင်း ၀တ်ထားလိုက်ရင် ဗြိတိသျှ စစ်တပ် က အရာရှိကြီးတစ်ယောက်အသွင် ဖြစ်နေတယ်။
အရပ်ဝတ်အရပ်စား ၀တ်လိုက်ရင်လည်း ရုပ်မြင်သံကြား (တီဗီ) ဇာတ်လမ်းထဲက ရုပ်ရှင်မင်းသား တစ်ယောက် လားလို့ ထင်ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားဝတ်စုံ ၀တ်လိုက်ရင်တော့ တကယ့် အာဖရိက တိုင်းရင်းသား အသွင် ဘွင်းဘွင်းပေါ်နေတယ်။ အဲဒီအချက်ကို ကျုပ်တို့က မေ့မထားဖို့ လိုတယ်။ ဖွန်ဂါဘီရာ ဟာ ဘယ်လိုပဲ ခေတ်ပညာတတ်တစ်ယောက် ဖြစ်ပေမဲ့ အာဖရိကတိုင်းရင်းသား တစ်ယောက် ဖြစ်တယ် ဆိုတာကို အမြဲသတိရနေဖို့ လိုတယ်။ ဒါကြောင့် သူ့မှာ အာဖရိက တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့နဲ့ အတွေးအခေါ် တွေ ရှိတယ်ဆိုတာ ကျုပ်တို့ မေ့မထားဖို့ အရေးကြီးတယ် "
" ဟုတ်ပြီ၊ အဲဒါမျိုး ကျုပ်က ဆိုလိုတာပေါ့။ အခု ခင်ဗျား ပြောတဲ့အချက်ဆိုရင် အစီရင်ခံစာထဲမှာ မပါဘူး။
ဒါလည်း အရေးကြီးတာပဲ။ ကဲ ဆက်ပြောပါဦး " " ခင်ဗျားတို့ ကျုပ်တို့ အနောက်နိုင်ငံသားတွေအနေနဲ့ အာဖရိက တိုင်းရင်းသားတွေအပေါ် ထင်မြင် ယူဆချက်က မှားနေတယ်။ ကျုပ်တို့ သူတို့ဟာ ပျင်းရိတယ်။ လှုပ်ရှား ထကြွမှု မရှိဘူးလို့ အထင်သေးကြတယ်။ တကယ်တော့ ဒီလို မဟုတ်ဘူးဗျ။ အာဖရိက တိုက်သား တွေဟာ သွက်သွက်လက်လက် မရှိတာ၊ လှုပ်ရှားရာမ အထနှေးတာ အကြောင်းရှိတယ်။ သူတို့က လှုပ်ရှားမှု တစ်ခု လုပ်တော့မယ်ဆိုရင် စိတ်ထဲက လေးလေးနက်နက်စဉ်းစား လေ့ရှိတယ်။ ပြီးတော့မှ လက်တွေ့ ထလုပ် တယ်။ ဒါဟာ ရိုးတယ် အတယ် ပွင့်လင်းတယ်လို့ ယူဆတယ်။ သို့သော်လည်း အမှန်က သူတို့ဟာ အလွန် လျှို့ဝှက် တတ်တဲ့ လူတွေဖြစ်တယ်။ စိတ်မှတ်လည်း ကြီးတယ်။ တုံ့ပြန် ကလဲ့စားချေလိုတဲ့စိတ် ပြင်းထန် တယ်။ ပုဂ္ဂိုလ်ချင်း သို့မဟုတ် လူမျိုးအုပ်စုချင်း ပဋိပက္ခဖြစ်ပြီဆိုရင် အဲဒီရန်စဟာ တော်တော်နဲ့ မငြိမ်းတော့ဘူး။ သားစဉ်မြေးဆက် သဲသဲမဲမဲ ဆက်တိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြလုပ်လေ့ရှိတယ်။ ဒီနေရာမှာ သူတို့ ဟာ အီတလီက ဆီစလီကျွန်းသားတွေနဲ့ တော်တော် တူတယ် "
ခရိတ်က ဤသို့ပြောနေစဉ် ကမ္ဘာ့ဘဏ် ဒု ဥက္ကဌ ဟင်နရီသည် စိတ်ပါဝင်စားစွာ ဂရုစိုက် နားထောင်နေပြီး ရံဖန်ရံခါ ကြားဖြတ်၍ မေးခွန်းတစ်ခုစ နှစ်ခုစ မေးလေသည်။
တစ်ကြိမ် တွင် သူက အောက်ပါအတိုင်း ကြားဖြတ်ပြောလေသည်။
" ကျုပ်အနေနဲ့ မရှင်းတာ တစ်ခုရှိတယ်။ ဇင်ဘာဘွေနိုင်ငံက မာတာဘယ်လီ၊ နဒီဘီလီ၊ ဆင်ဒီဘီလီ ဆိုတဲ့ ဝေါဟာရ တွေကို ကျုပ် နားမလည်ဘူးဗျ။ ခင်ဗျားရှင်းပြနိုင်သလား "
" ဟုတ်ကဲ့ ရှင်းပြနိုင်ပါတယ်။ ဥပမာ ပြင်သစ်လူမျိုးတစ်ဦးကို ခင်ဗျားတို့ ကျုပ်တို့က ဖရင့်ခ်ျမင်း (ပြင်သစ် အမျိုးသား) လို့ ခေါ်တယ် မဟုတ်လား။ အဲဒီပြင်သစ်လူမျိုး ကိုယ်တိုင်ကတော့ သူ့ကိုယ်သူ ဖရန်ဝေး လို့ခေါ်တယ်။ အလားတူပဲ ဇင်ဘာဘွေနိုင်ငံက မာတာဘယ်လီ တိုင်းရင်းသားတွေက သူတို့ကိုယ် သူတို့ နဒီဘီလီ လို့ခေါ်တယ်။ ကျုပ်တို့ကတော့ မာတာဘယ်လီ လို့ခေါ်တယ်။ နာမည်အခေါ်အဝေါ် ကွဲတာပဲ ရှိတယ်။ အမှန်ကတော့ အတူတူပဲ "
" သြော် ... ဒီလိုလား။ ပြောတဲ့ ဘာသာစကားကတော့ ဆင်ဒီဘီလီလို့ ခေါ်တယ်လား "
" ဟုတ်ပါတယ်။ စင်စစ်အားဖြင့် မာတာဘယ်လီဆိုတဲ့ ဝေါဟာရက ဗြိတိသျှတို့ရဲ့ ကိုလိုနီစနစ် လက်ထက် အသုံးများ ခဲ့တဲ့ အတွက် အခု ဇင်ဘာဘွေနိုင်ငံ လွတ်လပ်တဲ့အခါ အဲဒီစကားလုံးကို ကိုလိုနီနယ်ချဲ့စနစ်ရဲ့ အမွေအနှစ် လို့ ယူဆကြတယ် "
သို့နှင့်ပင် သူတို့နှစ်ဦးသည် ဇင်ဘာဘွေနိုင်ငံအကြောင်းကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောဆိုနေကြရာ စကားပြော ကောင်းနေသဖြင့် သူတို့ထိုင်စားနေသည့် စားသောက်ဆိုင် အတွင်း လူများ ကုန်သလောက်ဖြစ်သွား ကာ သူတို့ချည်း ကျန်ရစ်ကြောင်း တွေ့ရတော့မှ အချိန်မည်မျှ ကုန်သွားကြောင်း လုပ်နေပြီ ဖြစ်သည်။
ခရိတ် သည် စကားဖြတ်လိုက်တော့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
" ကျုပ်ဆိုလိုတဲ့ အဓိကအချက်ကိုပဲ ပြောပါမယ်။ အာဖရိကတိုက်မှာ ကိုလိုနီဝါဒက ဆိတ်သုဉ်းသွား ပြီဖြစ်တယ်။ အဲဒီစနစ်က အမွှေအနှစ်အဖြစ် လူ့ကျင့်ဝတ်တွေ အတွေးအခေါ်တွေ ထားရှိသင့်တဲ့ စည်းကမ်း တွေ ကိုလည်း ချန်ထားပစ်ခဲ့တယ်။ ဒါပေမဲ့ အာဖရိကတိုက်ကြီးက ကိုလိုနီစနစ်ရဲ့ အမွေ အနှစ် မှန်သမျှကို ပယ်ချပြီး သူတို့ရဲ့ ရိုးရာဓလေ့နဲ့ အတွေးအခေါ်တွေအတိုင်း ပြန်သွားကြလိမ့်မယ်"
" ဒါလည်း တစ်မျိုးကောင်းတာပဲ။ သူတို့ရဲ့ ရိုးရာ လူနေမှုစနစ်အတိုင်း သွားတာကမှ သူတို့တွေ စိတ် ချမ်းသာမှု ရနိုင်လိမ့်မယ်ထင်တယ်။ ကိုင်း ... မစ္စတာခရိတ်၊ ခင်ဗျားက အခု လေ့လာခဲ့တာ အလွန် ပြည့်စုံ ပါတယ်။ ခင်ဗျားကို ကျုပ်တို့ပေးရတဲ့ လစာငွေနဲ့ ထိုက်တန်အောင် အလုပ်လုပ်ခဲ့တာပဲ။ ခင်ဗျားကို ကျုပ်တို့ ရဲ့ ကွင်းဆင်းအရာရှိ (ဧဂျင်း) တစ်ယောက်အဖြစ် အလွန် ထူးချွန်တဲ့လူအဖြစ်လည်း သတ်မှတ်ပါတယ်။ ဒါထက် ခင်ဗျားက အာဖရိကကို ဘယ်တော့လောက် ပြန်သွားမှာလဲ "
" အမြန်ဆုံး ပြန်မှာပဲ။ ကျုပ်က အခု နယူးယောက်မြို့ကို လာတာဟာ ရစရာရှိတဲ့ငွေ ယူဖို့ လာခဲတာပဲ "
ခရိတ် က ပြောလိုက်လျှင် ဟင်နရီသည် သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။
" ဟုတ်ပါ့ဗျာ၊ ခင်ဗျား လုချင်တာကို အရိပ်အမြွတ်ပြောရုံနဲ့ မရိပ်မိတာ ကျုပ်အနေနဲ့ တော်တော်ထုံ အတဲ့ လူတစ်ယောက် ဖြစ်နေပြီ"
ပြောပြောဆိုဆို ဟင်နရီသည် စားပွဲထိုးအားခေါ်၍ ကျသင့်ငွေကို ရှင်းပေးလိုက်ပြီးနောက် ထိုင်ရာမှ ထလိုက်သည်။
" ကိုင်း ... ကျုပ်တို့သွားကြမယ်။ ဟိုမှာ ကျုပ်တို့ရဲ့ ရှေ့နေက စာရွက်စာတမ်းတွေနဲ့ အသင့်စောင့် နေမယ်။ ခင်ဗျားက လက်မှတ်ထိုးပြီးရင် ခင်ဗျားအနေနဲ့ ဒေါ်လာငွေ သိန်းငါးဆယ်အထိ ထုတ်ယူ နိုင်အောင် ကျုပ်က စီစဉ် ပေးပါမယ် "
ထို့နောက် နှစ်ယောက်သား မော်တော်ကားဖြင့် သွားကြရာ ကားတွင်း၌ ခေတ်မီလေအေးစက် တပ်ဆင် ထားသဖြင့် လုံးဝမပူအိုက်ဘဲ အေးနေသည်ကို ခရိတ်က သတိပြုမိလေသည်။
ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီသည် ခရိတ်၏ အစီရင်ခံစာထဲမှ အချက်တချို့ထပ်မံ၍ ရှင်းပြခိုင်းလေသည်။
" နေပါဦးဗျ၊ တောရိုင်းတိရစ္ဆာန်တွေကို မတရား ခိုးသတ်နေတဲ့ မှောင်ခိုဂိုဏ်းရဲ့ အကြီးအကဲ ဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတာ ဆယ်လီက ကောက်ချက်ချယူပုံကို ထပ်ပြီး အကျယ် ရှင်းပြပါဦး"
" ဒါတော့ သိပ်ရှည်ရှည်ဝေးဝေး ရှင်းပြစရာ လိုမယ် မထင်ပါဘူး။ ဆယ်လီကို သတင်းပေးတဲ့ အရက်သမား အဘိုးကြီး ပြောပြချက်အရဆိုရင် မှောင်ခိုဂိုဏ်းရဲ့ အဓိက ခေါင်းဆောင်ဟာ တခြားလူ ဖြစ်နိုင်စရာ မရှိဘူး လို့ ကျုပ် ကိုယ်တိုင်ကလည်း ကောက်ချက် ချမိတယ်"
ခရိတ်က ပြန်ပြောလိုက်ရာ ဟင်နရီသည် ခေတ္တ စဉ်းစားနေပြီးနောက် -
" ဒါထက် ဗိုလ်ချုပ် ဖွန်ဂါဘီရာက ချက်ချင်း အရေးမယူချင်တာကို ခင်ဗျား ဘယ်လို သဘောရသလဲ " ဟု မေးပြန်သည်။
" ဖွန်ဂါဘီရာ က အာဖရိကတိုင်းရင်းသားတစ်ယောက်ဖြစ်ပေမယ့် ဆင်ခြင်ဥာဏ် အမြော်အမြင်ရှိသူ ဖြစ်တယ်။ သူ့အနေနဲ့ ရှေ့လောတကြီးလုပ်တာ မကောင်းဘူးလို့ ယူဆပုံရတယ်။ သူဟာ အချိန်ယူ စဉ်းစားပြီး မှ အကြံပိုင်တဲ့ မုဆိုးလို သားကောင်ကို အပိုင်မိအောင် ပိုက်ကွန် သို့မဟုတ် ထောင် ချောက်ကို သေသေချာချာ ဆင်ပြီးတော့မှ လုပ်မယ့် လူစားမျိုးဖြစ်တယ်။ အခုသာ သူက အထနှေး နေပေမယ့် တကယ်တမ်း လှုပ်ရှားပြီဆိုရင် ကျုပ်တို့အားလုံး အံ့သြလောက်အောင် လျင်မြန်သွက် လက်ပြီး ခပ်ကြမ်း ကြမ်း လှုပ်ရှားမှု သေချာပါတယ် "
" ကောင်းပြီ၊ ခင်ဗျားအနေနဲ့ ဗိုလ်ချုပ်ဖွန်ဂါဘီရာကို လိုအပ်သလို အကူအညီ ပေးစေချင်တယ်။ သူနဲ့ အပြည့်အ၀ ပူးပေါင်းကူညီဆောင်ရွက်ပါ။ ဒါဟာ ကျုပ်တို့ရဲ့ ဆန္ဒပဲ "
" ကျုပ်ဟာ တွန်ဂါတာနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဆိုတာကော ခင်ဗျား သိပါသလား "
" ဘာလဲ၊ ခင်ဗျားက မိတ်ဆွေကောင်း တွန်ဂါတာကို ဆန့်ကျင်ပြီး အရေးယူရမှာကို ၀န်လေးနေလို့လား "
" ဒီလိုတော့ မဟုတ်ပါဘူး။ တွန်ဂါတာသာ တကယ်အပြစ်ရှိရင် ကျုပ်က အားနာစရာ မရှိပါဘူး "
" ဟုတ်ပြီ၊ အခုအချိန်အထိ ခင်ဗျး လှုပ်ရှား ဆောင်ရွက်ခဲ့တာကို ကျုပ်တို့ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့က အလွန် ကျေနပ်သဘောကျနေကြတယ်။ ခင်ဗျားရဲ့ လစာငွေကိုလည်း တစ်နှစ်ကို ဒေါ်လာငွေခြောက်သောင်းအထိ တိုးမြှင့် ပေးဖို့ ဘုတ်အဖွဲ့က ကျုပ်ကို ညွှန်ကြားထားတယ် "
ဟင်နရီ၏ စကားအဆုံးတွင် ခရိတ်က ပြုံးဖြဲဖြဲနှင့်
" ဟုတ်လား၊ ဒီလိုဆိုရင် ဟန်ကျတာပဲ။ ကျုပ်က ချေးယူတဲ့ ဒေါ်လာငွေ သိန်းငါးဆယ်အပေါ် ကျသင့်တဲ့ အတိုးငွေ ပေးရာမှာ အထောက်အကူဖြစ်တာပေါ့ဗျ" ဟဲ ဟဲ ဟုပြောလိုက်သည်။
*
ခရိတ်၏ကိုယ်ပိုင်သင်္ဘော ဆိုက်ကပ်ထားရာ ဆိပ်ကမ်းသို့ မော်တော်ကား ဆိုက်ရောက်ချိန်တွင် နေရောင် ပင် မပောက်သေးချေ။
ခရိတ် သည် သင်္ဘောပေါ်သို့ တက်လိုက်သည်နှင့် ဦးပိုင်းတွင် ထိုင်နေသူကို မြင်ပြီး အံ့အားသင့်သွား မိလေ သည်။ ထိုလူမှာ သူ၏ စာပေရေးရာ ဧဂျင်း (ကိုယ်စားလှယ်) အက်ရှီ ဆိုသူပင်ဖြစ်သည်။
" ဟဲလို အက်ရှီ၊ ဘယ်လိုလဲဗျ၊ ကျုပ်ဖြင့် ခင်ဗျားဒီကို လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်မိဘူး "
" ကျုပ်ကလည်း ခင်ဗျားနဲ့ တွေ့လို့ မဖြစ်တဲ့အတွက် လာခဲ့တာပဲ " အက်ရှီက ပြန်ပြောလိုက်သည်။
" ခင်ဗျားကတော့ စာရေးဆရာတွေအနေနဲ့ တကယ် အားကိုးလောက်တဲ့ ကိုယ်စားလှယ်ကြီးပါပဲ။ ကျုပ်မှာ အရေး တကြီး လိုအပ်လာပြီဆိုရင် ခင်ဗျားကချက်ချင်း ပြေးလာတာပါပဲ "
ခရိတ်က အက်ရှီ၏ မျက်နှာထားကို ကြည့်ပြီး သရော်သလို ငေါ့သလို ပြောလိုက်သော်လည်း အက်ရှီသည် ဂရုမစိုက် ဘဲ သူပြောချင်သည့် စကားကိုသာ ဆက်ပြောလေသည်။
" ခင်ဗျား ရဲ့ စာမူကို ကျုပ် ဖတ်ပြီးပြီ၊ ဖတ်ပြီးတော့ နောက်ထပ် တစ်ခေါက် ဖတ်ကြည့်သေးတယ်။ ပြီးတော့ စာမူ ကို ကျုပ်ရဲ့ မီးခံသေတ္တာထဲမှာ သော့ခတ်ထားလိုက်တယ်။ စာမူက ကောင်းပါတယ်"
" ကျုပ်အနေနဲ့ ရေးခဲ့သမျှထဲမှာ ဒီစာမူက အကောင်းဆုံးပါပဲ "
" ဒါပေမဲ့ အခုမှ အခန်းသုံးခန်းပဲ ပြီးသေးတယ် "
" ဟုတ်တယ်လေ၊ ကျုပ်က အလွန်စိတ်ပါဝင်စားပြီး ကြိုးစားရေးနေပါတယ် "
" ရှင်းရှင်း ပြောရရင် ခင်ဗျားရဲ့ စာမူကို သဘောမကျဘူး။ ဒီလိုပြောရတာလည်း စိတ်မကောင်းပါဘူး "
အက်ရှီက တကယ်ပင် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"စာမူ က အကြမ်းပဲ ရှိပါသေးတယ်။ နောက်ထပ် အချောကိုင်ရဦးမှာပါ။ ဒီမယ် အက်ရှီ၊ ဒီစာမူအတွက် ခင်ဗျား က ကျုပ်ကို ကြိုတင်ငွေ ထုတ်ယူနိုင်အောင် လုပ်ပေးမလား "
" ခင်ဗျားက ငွေဘယ်လောက် လိုသလဲ။ ဒေါ်လာ နှစ်သိန်း လောက်လား "
အက်ရှီ က ပြောလိုက်လျှင် ခရိတ်သည် အားတက် သွားမိလေသည်။
" ဒါဖြင့် ခင်ဗျားက တကယ်တော့ ကျုပ်စာမူကို သဘောကျတယ်ပေါ့ဟုတ်လား။ ဒါဖြင့် ၀မ်းသာတဲ့ အထိမ်းအမှတ် နဲ့ ယမကာ သောက်ကြရအောင်ဗျာ "
" ကောင်းတယ်၊ ယမကာ သောက်ရုံတင် မကဘူး။ ကျုပ်တို့ မူးအောင်သောက်ကြမယ် "
*
သို့နှင့်ပင်နှစ်ယောက်သား ယမကာအရက်ကို သောက်နေကြပြီးနောက် အတန်ကြာသော် ခရိတ်သည် ဖန်ခွက် ကို ကိုင်ရင်း စိတ်ကူးယဉ်နေမိလေရာ ဘေးနားမှ အက်ရှီက စာမူအကြောင်း ပြောနေသည်ကိုပင် ဂရုစိုက် နားမထောင်နိုင်တော့ချေ။
ခရိတ်၏ စိတ်က အာဖရိကတိုက်ကြီးဆီသို့ ရောက်နေလေသည်။ တစ်ချိန်က သူ၏ ဘိုးအေကြီး ပိုင်ဆိုင် ခဲ့သော ကင်းလင်းမွေးမြူရေးခြံကြီးနှင့်တကွ မြေယာများကိုလည်း သတိရ မြင်ယောင်နေမိ သည်။ ဇမ်ဘေဇီမြစ်ရေ များဟု သူက အမည်ပေး၍ တိုးရစ္စစခန်း ပြုလုပ်ရန် ရည်ရွယ်ထားသော ဒေသ၏ ရှုခင်း ကိုလည်း မြင်ယောင်မိသည်။
ဤအတိုင်းဆိုလျှင် သူသည် မကြာမီကာလအတွင်း ကမ္ဘာပေါ်တွင် စိတ်ချမ်းသာပျော်ရွှင်ဆုံး လူတစ်ယောက်ဖြစ်လာ တော့မည်ပါတကားဟုလည်း စိတ်ကူးယဉ်မိလေသည်။
သူ ယခု ရေးသားပြီးစီးနေသော စာအုပ်၏ စာမူ အခန်းသုံးခန်းကိုလည်း ဆယ်လီအား ဖတ်ကြည့် စေချင် သည် ဆန္ဒဖြစ်ပေါ်လာသည်။
ခရိတ် သည် ဆယ်လီ ရှိရာ အာဖရိကတိုက်ကြီးကို အထူးပင် လွမ်းဆွတ်သတိရ အောက်မေ့နေမိ လေသည်။
---------------------------

အခန်း (၁၁) ဆက်ရန်
.
1 comment:
ဆရာမရေ.. အပိုင်း (၁၀) လေးကို ဖတ်သွားပြီနော်..
ကျေးဇူးတင်ပါတယ်...
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
Post a Comment