Monday, August 30, 2010

ကြယ်နီ အပိုင်း (၄၉)

မွေးမေလေးတော် သူ စိတ်ဆိုးလို့

(၁)

သူငယ်ချင်းကောင်း ယောက်မတို့တော် ...။
ငါ့ကိုမွေးတဲ့ အမေဖျက်လို့ ချစ်တဲ့သူနဲ့ ကွဲခဲ့ရပြီ။ တစ်ခါတလေ သူ့ကို တွေ့ချင်လွန်းလို့ မျှော်မိ ပေမဲ့ အမေ က အလစ်မပေးလို့ မတွေ့ရပါဘူး ကောင်ရယ်။ အမေက အိမ်ဝင်းခြံကို ဆူးချုံတွေ အထပ်ထပ် ကာရံ ပိတ်ဆို့ပြီး ခြံဝင်းထဲမှ 'ရန်လုံ'ဆိုတဲ့ အင်းခွေးကြီးကို အမြဲလွှတ်ထားလေတော့ သူ့ခမျာလည်း ခါတိုင်းလို ငါရှိရာ ကို အလစ်မ၀င်လာနိုင်ဘူး ထင်ပါရဲ့အေ။

ငါ့မောင်ဖားတွေ ဆိုတာကလည်း ဓားလက်နက်ကိုယ်စီနဲ့ ခြံဝင်းထဲမှာ မပြတ် ကင်းလှည့်နေကြလို့ သူနဲ့ ငါ တွေ့ဖို့ဖြင့် အဝေးကြီး ဝေးကြရပြီ။ မျက်ခမ်းတွေဆိုတာ တဆတ်ဆတ်လှုပ်ပြီး အိပ်မက်ရာမက်တွေ ကလည်း မကောင်းဘူးအေ့။ ဒါကြောင့် ဒီတစ်ခါတော့ သူနဲ့ ငါ တကယ်ပဲ ကွဲကြရပြီ ထင်တယ်အေ။ ဟို 'ဗလကြိုင်' ဇာတ် လာကတုန်းက ပြသွားဖူးတဲ့ ကိန္နရာမကလေးလိုသာ ငါ့မှာ အတောင်ရှိရင်လား တစ်ခါ တည်း ငါ့ချစ်သူ ရှိရာကို အရောက် ပျံသန်းသွားပါရဲ့။

ငါ့ကျောပြင်ကို လှန်ပြီး ကြည့်ကြပါဦးအေ။ ဒဏ်ရာတွေ ဒဏ်ရာတွေဆိုတာ အရှိုးချင်းထပ်ပြီး ဖူးဖူး ရောင်လို့ပေါ့။ ပေါင်ကို လှန်ကြည့်လိုက်ဦးမလား၊ ပေါင်တွင်းကြောကို လိမ်ဆွဲထားလို့ ညိုလို့ မည်း လို့လေ။ အဲဒီ ဒဏ်ရာတွေဟာ ငါ့မွေးမေ စိတ်ဆိုးလို့ ရိုက်နှက်ထားတဲ့ ဒဏ်ချက်တွေပေါ့အေ။ ဖြစ် ကြောင်း ကုန်စင် ကိုတော့ ပြန်လို့တောင် မပြောချင်တော့ပါဘူး အေရယ်။
ဒါပေမဲ့ ပြောချလိုက်ရမှ အေးမှာပဲ အေရဲ့။ ဟောဒီ ရင်နှစ်ခြမ်းဟာ ဖြန်းဖြန်းကွဲသွားပစေ။ ရင်ထဲမှာ ရှိနေ တဲ့ အကျိတ်အခဲတွေကိုတော့ စာအံသလိုဖွင့်ညပီး အန်ချလိုက်ရမှ ရင်ထဲမှာ ရှင်းပြီး ပေါ့သွား မယ်လို့ ထင်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင်ကိုတော့ နတ်သံမနှော တောသံနှောပြီး ပြောပြ လိုက်ရဦးမှာပေါ့ ယောက်မ ရယ်။

(၂)

ပြောဆို အစကနေပြီး ပြောမှ ညည်းတို့ နားလည်ကြမှာပဲနော်။ ဒါကြောင့် သူနဲ့ ငါ စပြီး ချစ်ကြိုက် ပုံက စ ပြောရလိမ့်မယ်။ သူ ဆိုတာကတော့ ငါ့တစ်ယောက် မမေ့နိုင်တဲ့ ကြင်စဦး၊ ပန်းဦးပန် ငါ့ ရည်းစားကို ပြောတာနော်။

အဲဒီတုန်းက ငါ့အသက်ဟာ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်အေ့။ မရိုသေ့စကား ပြောရမယ်ဆိုရင် ရာသီပန်း ပွင့်ပြီးလို့ အပျိုဘော်ဝင်စပဲ ရှိသေးတယ်ဆိုတာ ညည်းတို့လည်း သိမှာပေါ့။ ကလေးစိတ် မကုန်သေး လို့ ဆော့လို့ ကောင်းတုန်းပေါ့လေ။ ရွယ်တူ ယောက်ျားလေးတွေနဲ့လည်း ၀င်ပြီးဆော့ လိုက်တာပဲ၊ သစ်ပင်ဆိုလည်း တက်လိုက်တာပဲ။ အမြဲတမ်း ပြေးလွှားခုန်ပေါက်ပြီး နေချင်တယ်။ စကား ပြောလို့ ရှိရင်လည်း အမှားအမှန် မစဉ်းစားဘူး၊ စိတ်ထဲ ရှိသလောက် ကက်ကက်လန် ဆတ် ဆတ်ကြဲ ပြောပစ်လိုက်တာပဲ။

အဲဒါ အမေက မကြိုက်ဘူးအေ့။ မိန်းမဆိုတာ မိန်းမပီပီ ဣနြေ္ဒရရနဲ့ သိမ်သိမ်မွေ့မွေ့ နေရထိုင်ရ တယ်တဲ့။ ပြောလို့ ဆိုလို့ ရှိရင်လည်း ဒီလို ဘောက်ဆတ်ဆတ်မပြောဘဲ တစ်ဖက်သား နားဝင်ချို အောင်ယဉ်ယဉ်ကျေးကျေး ပြောရတယ်တဲ့။ အဲဒီလိုပြောပြီး ရှေးတုန်းက ခြေတစ်လှမ်းကို ကုဋေ တစ်သန်း တန်တဲ့ မင်းသမီးကလေးတစ်ပါးရဲ့ သိမ်မွေ့ နူးညံ့ပုံတွေကို လျှောက်ပြောလိုက်တာအေ ... နားကို ငြီးယူ လာတာပဲ။

အမေက ဒီမင်းသမီးကလေးကို အတုယူပြီး သိမ်သိမ်မွေ့မွေ့ နေထိုင်ဖို့ ဆိုလိုမှန်း ငါ သိပါတယ်အေ။ ဒါပေမဲ့ ညည်း စဉ်းစားကြည့်စမ်း။ ရှေးတုန်းက ရှေးတုန်းက၊ အခုက အခု မဟုတ်လား။ အခုလို ခေတ်ဆိုး ခေတ်ကျပ်ကြီး ထဲမှာ မိန်းကလေးပေမဲ့ ပိုးတီကောင်ကလေးလို သိမ်မွေ့ နူးညံ့နေလို့ ထမင်းငတ် သွားမှာပေါ့။ ပြီးတော့ မင်းသမီးကလေးက မင်းသမီးကလေး၊ ငါက ငါပဲဟာ၊ ဘာဆိုင်လို့တုံး။ သူလည်း သူဟာ သူ ကြိုက်သလိုနေ၊ ကြိုက်သလိုထိုင်။ ငါလည်း ငါ့ဟာငါ နေတတ်ထိုင်တတ်သလို နေထိုင်တာ ငါ့ အပြစ် လား။ အမေတို့လို ရှေးလူကြီးတွေကိုက အရိုးများ သော ချေးခါးသောနဲ့ အင်မတန် ဇီဇာများ ပါတယ်အေ။

နောက်ပြီး ရွယ်တူ ယောက်ျားကလေးတွေနဲ့ ငါ အရောတ၀င် နေတာကိုလည်း အမေက မကြိုက်ဘူး အေ့။ ' ဟဲ့ နင့်အသက်ဟာ မငယ်တော့ဘူး၊ ယောက်ျားလေးတွေနဲ့ ထွေးရောယှက်တင် နေလို့ မဖြစ်တော့ဘူး။ အနေ အထိုင် အပေါင်းအသင်းကိုလည်း ဆင်ခြင်ဦးမှပေါ့' လို့လည်း တတွတ် တွတ် သတိပေးနေတယ်။ သူ ပြောတော့မှပဲ ငါ့အသက်ဟာ မငယ်တော့ဘူး၊ ငါဟာအပျိုဘော် ၀င်လာပြီလို့ သတိထားမိတာပဲအေ။

ဒါပေမဲ့ ခဏပါပဲလေ။ နောက်ဆိုရင် အမေ ပြောတာမေ့သွားပြီး ငါ့နဂိုနေအတိုင်း ဆော့စရာရှိတော့၊ နောက်စရာ ရှိ နောက်။ ငါ့ ယောက်ျားသူငယ်ချင်းလေးတွေနဲ့ လည်း သတ်ပုတ်လုံးထွေးပြီး နေမြဲတိုင်း နေမိတာပဲ။ အဲဒီတော့ ရွာထဲက ငါ့ကို ' မရှပ်တေး'လို့ ဘွဲ့ ထူးပေးလာကြတယ်အေ့။ ဒီကောင်မလေးဟာ ၁၄ နှစ် သမီးအထိတောင် ခံမှာမဟုတ်ဘူး ဆိုတာက တစ်မျိုး၊ လင်ကောင် မပေါ်ဘဲနဲ့ မွေးမယ့် ဟာကလေးပါ ဆိုတဲ့ အပြောမျိုးလည်း ပါရဲ့။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုးနဲ့ သားပုပ်လေလွင့် ပြောကြတာပေါ့အေ။ ဒါပေမဲ့ ကိုယ် ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုပြီး ငါတော့ မသိသလို၊ မကြား သလို လုပ်နေလိုက်တာပဲ။

ဒါပေမဲ့ သူတို့ယောက်ျားလေးတွေဟာ မကောင်းဘူးအေ့။ ငါက ခါတိုင်းလို မှတ်ပြီး ရိုးရိုးတန်းတန်း ဆက်ဆံပေမဲ့ သူတို့က ဆန်းလာကြတယ်။ ငါ့ကို ကြည့်ပုံကလည်း တစ်မျိုးကြီး ဖြစ်လာကြတယ်။ အိုကွယ် ... နောက်ဆုံး ငါ့ကို ရည်းစားစာ ပေးကြတယ်၊ လူပျိုစကား ပြောကြတယ်။
တကယ် ပါအေ၊ ငါ ဒါတွေကို နည်းနည်းလေးမှ စိတ်မ၀င်စားပါဘူး၊ စိတ်ကူးထဲလည်း မထည့်မိပါဘူး။ ဒါကြောင့်မို့ သူတို့ကို ခပ်ကြမ်းကြမ်းပဲ ပြောပစ်လိုက်ရတြယ်။ ' ဟဲ့ ဒီစာတွေကို ငါ့ကို မပေးကြနဲ့၊ နင်တို့ နှမတွေကို သွားပေးကြ။ ဟဲ့ ... ဒီစကားမျိုးကို ငါ့လာမပြောကြနဲ့၊ နင်တို့ နှမတွေကို နင်တို့ သွားပြောကြ 'လို့ပဲ ပတ်ကြမ်းတိုက်ပြီး ပြောပစ်လိုက်ရတယ်။ ဒီလို မပြောဘဲ လေနုအေးကလေးနဲ့ ပြောလို့လည်း ရမယ့် လူစား တွေမှ မဟုတ်ဘဲကိုး အေ့။

ဘယ်လိုပဲပြောပြော၊ မရပါဘူးအေ။ သူတို့တွေဟာ ငါ သွားတဲ့နောက်က တကောက်ကောက် လိုက်ပြီး မထိမခိုက် ပြောင်လိုက်၊ စ လိုကနဲ့ လုပ်တဲ့လူက လုပ်။ ငါ့ကို အလစ်မှ အတင်းအဓမ္မ ကြံစည်မယ်လို့ဆိုပြီး ချုံကြို၊ ချုံကြား၊ ဇရပ်ကြို ဇရပ်ကြားက ချောင်းတဲ့ လူကလည်း ချောင်းနဲ့မို့ ငါဖြင့် သွားစရာလာစရာရှိရင် ဟိုတုန်း ကလို ခပ်ပေါ့ပေါ့ မသွားရဲဘဲ သတိထားပြီး သွားလာနေရတယ်အေ။
နောက်ပြီး သူတို့ ယောက်ျားလေးတွေ ယုတ်မာတာ ရှိသေးတယ်အေ့။ ငါကဖြင့် သူတို့ကို တစ်ခါမှ ပြန်မကြိုက် ရဘဲနဲ့ ငါနဲ့ သူတို့နဲ့ ကြိုက်နေတယ်၊ ဘယ်နေရာမှာ ဘယ်လိုတွေ့ပြီး ဘယ်လို လုပ်လိုက် ရတယ်နဲ့ အသားယူပြီး ရွာထဲ လျှောက်ကြွားကြတယ်။ ဒီတော့ ရွာထဲမှာ ငါ့သတင်းဟာ အတော်ကြီး နေတာပေါ့။ သူတို့ ယောက်ျားလေးတွေ ယုတ်မာတာနဲ့ ကြားထဲက ငါ့မှာ အချောင် နာမည်ပျက်နေရတယ်။

ရှိသေးတယ်အေ့၊ သူတို့ ယောက်ျားလေးတွေဟာ ငါ့ကို ပိုးရင်း ပန်းရင်းနဲ့ အချင်းချင်း မနာလို မရှု ဆိတ်ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ချောင်းရိုက်ကြလို့ ထိပ်ပေါက် ခေါင်းကွဲဖြစ်တဲ့ လူလည်း မနည်း တော့ဘူးလေ။ အဲဒီလို ဖြစ်ရတာကို ရွာက ငါ့အပေါ်ပဲ အပြစ်ပုံချပြီး ပြောကြတာပဲ။ 'မိန်းမဖျက် ပြည်ပျက်' ဆိုတဲ့ စကားဟာ တယ်ပြီးမှန်ပါကလား။ ဒီ မိတ်နွားမကလေးတစ်ကောင် မကောင်းတာနဲ့ ရွာက ကာလသား လေးတွေ ဒုက္ခရောက်ကုန်တော့မှာပဲ။ ဒီ ကောင်မလေး လင်တစ်ယောက်ကို မြန်မြန် အတည် တကျ ယူမှ အေးမှာပါ' လို့ ပြောနေကြတယ်။ သူတို့ယောက်ျားတွေ စိတ်သဘောထား သေးသိမ်လို့ ဖြစ်ရတာ ကို ငါ့အပေါ် ပုံချတာ တရားသလားအေ့။

အဲဒါ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အမေ့နားကို ပေါက်ကြားသွားပါရောအေ။ ဒီတော့ အမေက ငါ့ကို ဆူဆဲ လုပ်ပါလေရော။ ငါ့မှာ ဘယ်သူနဲ့မှ ဘာမှ မဖြစ်ရဘဲနဲ့ အခြောက်တိုက် အပြောခံရတော့ စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်မိတာပေါ့အေ။ ဒါကြောင့် အရွဲ့တိုက်ပြီး ရှေးကထက် ပိုသည်းပစ်လိုက် တယ်။ အဲဒီတော့ အမေက ငါ့ကို 'ငါးဆယ်မ'တဲ့။ ငါးဖယ်များဟာ ထုလေ မာလေမို့ ဆိုလေ ကဲလေ၊ မန်းလေ ပြဲလေ လုပ်နေတဲ့ ငါ့ကိုလည်း ငါးဖယ်မလို့ ဘွဲ့ထူးပေးလိုက်တာပေါ့အေ။ ဘယ်လိုပဲခေါ် ခေါ် ငါ ကောင်းရင် ပြီးတမ်းမို့ မမှုပေါင်။

(၃)

အဲဒီလို အချိန်မျိုးမှာပဲ သူနဲ့ ငါ လာပြီး ကြိုက်ကြရတာပဲအေ့။ ပထမတုန်းကတော့ သူနဲ့ ငါဟာ ရိုးရိုး တန်းတန်း ခင်ကြတာပါအေ။ နောက်မှ မကြိုက်ရင် မနေနိုင်အောင် ဖြစ်သွားတာနဲ့ ကြိုက်လိုက်ကြ ရတာပဲ။ ကြိုက်မိပြန်တော့လည်း ကြိုက်မရှက်ဆိုတဲ့ စကားလို မရှက်နိုင်၊ မကြောက်နိုင်အောင် ဖျပ် ဖျပ်လူး ကြိုက်မိတာပေါ့အေ။

ငါ့ယောက်ျားလေး သူငယ်ချင်းတွေထဲမှာ သူတစ်ယောက်တော့ အနေလည်းအေးတယ်၊ သဘော သကာယ လည်းကောင်းတယ်။ ငါ့အပေါ်မှာ တခြားလူတွေ ဆန်းသလောက် သူကတော့ မဆန်းဘူး။ နောက်ဆုံး အချိန်အထိ ရိုးရိုးပဲခင်တယ်။ ငါ ထင်ခွေသွားလည်း သူ ပါတာပဲ၊ ကောက် သင်းကောက် သွားရင်လည်း သူ ပါတာပဲ။ ငါ့ကို ရိုးရိုးတန်းတန်း ခင်ပြီး အိမ်မှုကိစ္စ ဗာဟီရတွေကို ၀ိုင်းဝန်း လုပ်ပေး နေတဲ့လူ၊ တို့ မိန်းမသားတွေ မနိုင်တဲ့ ၀န်ကို အမြဲ ကူညီ လုပ်ပေးနေတဲ့သူမို့ သူ တစ်ယောက်နဲ့ အခင် မပျက် နေတာကိုတော့ အမေလည်း ဘာမှ မပြောသာဘူးပေါ့ အေ။
အဲဒီလို နဲ့ အနေကြာလာတော့ ရွာထဲက သူနဲ့ ငါ့ကို တိတ်တိတ်ပုန်း ညားနေကြတဲ့ အဖြစ်မျိုးရောက် အောင်ဝိုင်း ပြီး သမုတ်ကြပြန်ပါရော။ သူတို့ဟာ သူတို့ သမုတ်ရုံတင်မကသေးဘဲ အမေ့ကိုပါ တို့တဲ့ လူက သွားတို့ လိုက်လို့ အမေက ငါ့ကို သူနဲ့ အဆက်ဖြတ်ပြီး ခပ်တန်းတန်း နေရမယ်လို့ ပညတ် လိုက်တယ်။

ငါက ရိုးရိုးတန်းတန်း ခင်ကြတာပါဆိုပြီး အကျိုးအကြောင်း ရှင်းပြပါသေးတယ်။ ဒါပေမဲ့ အမေက တစ်ယူသန်ကြီးမို့ မရပါဘူးအေ။ ဒါနဲ့ နောက်တစ်ကြိမ် သူနဲ့ လူချင်း ဆုံမိတဲ့အခါမှာ ငါလည်း ဒီအကျိုး အကြောင်းတွေကို ပြောပြပြီး၊ ငါ့ကို အဆက်ဖြတ်ပြီး ခင်တန်းတန်းနေဖို့ မပြောရက်ဘဲနဲ့ မပြောရင် မပြီးလို့ ဇွတ်နှစ်ပြီး ပြောချလိုက်ရတယ်။
အဲဒီတုန်းက သူ့ဖြစ်အင်ကို ညည်းတို့ မြင်စမ်းစေချင်တယ်အေ။ တစ်ခါတည်း သူ့မျက်နှာဟာ ညိုးသွားပြီး ဇက် ကို ကျိုးကျသွားတာပဲ။ အဲဒီလို သူ့အဖြစ်ကို မြင်လိုက်ရတော့ အင်မတန် စိတ်ကြမ်း ကိုယ်ကြမ်းနဲ့ စိတ်မြန် လက်မြန်ရှိတဲ့ ငါတောင်မှ မခံနိုင်ဘဲ မျက်ရည်မဆည်နိုင်အောင် ၀မ်းနည်းသွားရတာပေါ့အေ။

အတော်ကြာအောင် သူ ဘာမှ မပြောဘဲ ငိုင်နေတယ်။ သူ့မျက်လုံးမှာလည်း မျက်ရည်တွေ ၀ိုင်းလို့ ပေါ့အေ။ ပြီးတော့မှ 'လူတွေဟာ မကောင်းဘူးနော်၊ တို့ဟာ တို့ ရိုးရိုးတန်းတန်း ခင်ကြတာကို မဟုတ် မတရား လျှောက်ပြောကြတယ်၊ အေးလေ ... တို့ဟာ လူကြီးတွေကို လွန်ဆန်နိုင်တာ မဟုတ်လို့ အဆက်ဖြတ် ပြီး ခပ်တန်းတန်းပဲ နေကြရတော့မှာပေါ့။ ဒါပေမဲ့ ငါတော့ နင့်ကိုမှ မမြင်ရရင် မနေတတ် မထိုင်တတ် ကို ဖြစ်နေတော့မှာပဲဟယ် ' လို့ ၀မ်းနည်းသံကြီးနဲ့ ပြောပြီး တစ်ခါ တည်း လှည့်ထွက် သွားတော့ တာပဲ။

ငါလေ တစ်နေ့လုံး သူ့ရဲ့ ညိုးငယ်နေတဲ့ မျက်နှာကိုသာ မြင်ယောင်နေပြီး၊ သူ့ရဲ့ ၀မ်းနည်းသံကြီးနဲ့ ပြောလိုက် တဲ့ စကားတွေကိုလည်း ကြားယောင်နေတယ်၊ မနေတတ် မထိုင်တတ်နဲ့၊ ဘယ်နေရာမှာမှ ထိုင်လို့ ဖင်မကျဘူး။ ငါက ဒီလို ဂနာမငြိမ် ဖြစ်နေတာကို အမေက တစေ့တစောင်း လှမ်းကြည့်တဲ့ပြီး ' ဟင်းနော် ... ဗိုင်းတာမ၊ နင် တော်တော် ထ၊ ငါလည်း ပျိုရာက အိုလာတဲ့ သူပဲ၊ မသိဘူးမှတ်သလား' လို့ လှမ်းကြိတ် နေသေးတယ်။ အမေက ဘယ်လိုများ ထင်နေ ပြန်တယ် မသိပါဘူး အေ။

ဒီလိုနဲ့ သုံးရက်လောက်ကြာတော့ သူ့ဆီက စာတစ်စောင် ရောက်လာတယ်။ ငါ့ကို သူ မမြင်ရရင် မနေနိုင် ဘူးတဲ့။ ဒါကြောင့် ဒီည အမေအိပ်ချိန်ကို မှန်းပြီး တို့အိမ်ပေါ် သူ တိတ်တိတ်ကလေး တက်လာမယ်တဲ့။ အဲဒါ တွေ့ခွင့်ပြုပါ ... ဆိုတဲ့ အကြောင်းပါပဲ။

ငါကလည်း တွေ့ချင်နေတုန်းမို့ ထူးထူးထွေထွေ ဘာမှ စဉ်းစားမနေတော့ဘဲ လာခဲ့ ... အတွေ့ခံမယ်လို့ အလွယ် တကူ ပြန်ကြားလိုက်တယ်။ နောက်မှ သေသေချာချာ ပြန်ပြီး စဉ်းစား ကြည့်မိတယ်။ တို့ဟာ ရိုးရိုး တန်းတန်း ခင်တယ်ဆိုပြီး ဒီလို ညကြီးသန်းခေါင်မှာ ချိန်းတွေ့ရင် လူတွေက ဘယ်လို ထင်ကုန်မလဲလို့ ပေါ့လေ။ ဒါပေမဲ့ လူကြီးတွေက ရိုးရိုးတန်းတန်း တွေ့ခွင့်မပြု တော့ ဒီလိုမှ မတွေ့ရရင် ဘယ်လို လုပ်တွေ့မလဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဆိုပြီး ငါတော့ သူ့ကို အတွေ့ခံဖို့သာ စိတ်နှလုံး တုံးတုံးချ ထားလိုက်တယ်။ အဲဒီလို တွေ့ဆုံရမှာကို တွေးပြီး စိတ်ထဲမှာ ကြည်နူးသလိုလိုတောင် ဖြစ်နေမိတယ်။
တစ်ခါမှ အလှပြင်ဖို့ အချိန်လည်းမရ၊ စိတ်လည်း မကူးဘူးတဲ့ ငါဟာ အဲဒီညနေမှာတော့ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီး အစွမ်းကုန် အလှပြင်ထားလိုက်မိတယ်။ ဘာဖြစ်လို့ ဒီလို လုပ်နေမိတယ်ဆိုတာ ငါ့ဟာ ငါလည်း မသိပါဘူးအေ။

ညရောက်လို့ သက်ကြီးခေါင်းချ ကြက်လည်းတွန်ရော၊ အမေလည်း တရှူးရှူးနဲ့ အိပ်မောကျနေပါ ရော။ တစ်နေ့လုံး လက်မချရအောင် အလုပ်လုပ်ရသူမို့ ညရောက်တာနဲ့ တစ်ချက်တည်း မောမောနဲ့ စောစောအိပ်တော့တာပေါ့အေ။
အဲဒီအချိန်မှာပဲ မောင်မင်းကြီးသား ရောက်တော်မူလာတာပါပဲအေ။ ငါက အကြံနဲ့မို့ စောစောထဲက အိမ်နောက် တံခါးက တံခါးချက်ကို ဖြုတ်ထားလေတော့ သူလည်း အဲဒီတံခါးကို တွန်းဖွင့်ပြီး အသာကလေး ၀င်လာ တာပေါ့အေ။ သူ့ဒူးတွေဟာ တဆတ်ဆတ်တုန်နေသလို၊ ငါ့ရင်ထဲမှာလည်း တဒိတ်ဒိတ် ခုန်နေတယ်။ အမေ နိုးမှာကိုပဲ ကြောက်လို့လား၊ ကိုယ့်အချင်းချင်းပဲ ပြန်လန့်နေလို့လား၊ ဒါမှ မဟုတ် ကိုယ့်လိပ်ပြာပဲ ကိုယ် မလုံကြလို့လား ဆိုတာကိုတော့ ငါလည်း မပြောတတ်ပေါင် အေ။

တို့နှစ်ယောက်ဟာ ကွဲနေတဲ့ ရက်အတွင်းမှာ ဘယ်လို မနေတတ် မထိုင်တတ်ဖြစ်အောင် အောက်မေ့ ရပုံတွေကိုသာ အမေ မနိုးအောင် တိုးတိုးကလေး ပြောနေမိကြတယ်။ ဒါပေမဲ့ တို့ရဲ့ အသံဟာ မူမမှန် ဘူးအေ့။ ကတုန်ကယင်နဲ့ တစ်မျိုးကြီး ဖြစ်နေကြတယ်။
နောက်တော့ ဘယ်လိုက ဘယ်လို ဖြစ်သွားတယ် မသိပါဘူးအေ။ တို့ နှစ်ယောက်ဟာ တစ်ဦးနဲ့ တစ်ဦး အားမလို အားမရနဲ့ တအား ပွေ့ဖက်နမ်းရှုပ်မိကြပြီး၊ တစ်အိပ်ရာထဲ အတူယှဉ်တွဲ အိပ်ချလိုက်မိတဲ့အထိ ဖြစ်သွား တော့တာပါပဲ။ ဟိုသီချင်းလိုပေါ့အေ ' မချစ်ဘူး.. မကြိုက်ဘူး ... ကကလေး မင့်နဖူး ... ညှင်းဘယ်ကကူး ... ' ဆိုတာလို တို့လည်း ရိုးရိုးခင်တာပါ ရိုးရိုးခင်တာပါနဲ့ပဲ သမီးရည်းစားမက၊ လင်မယား လည်း မကျတဲ့ ဘ၀အထိ မရည်ရွယ်ဘဲ ရောက်သွားကြရတာပါပဲ အေ၊ တို့အဖြစ်က မဆန်းလားဟေ့။

(၄)
အဲဒီလိုနဲ့ တို့နှစ်ယောက်ရဲ့ အချစ်ဟာ သုံးနှစ်သုံးမိုး ကြာတဲ့အထိ ဘယ်သူမှ မရိပ်မိသေးဘူး။ အနေ အထိုင်ကလည်း ပိသကိုးအေ့။ လူမြင်ကွင်းမှာ၊ လူရှေ့သူရှေ့မှာဆိုရင် တို့နှစ်ယောက်ဟာ တစ်ခါမှ မသိဖူး၊ မရင်းနှီးဖူးတဲ့ သူစိမ်းတစ်ရံဆံတွေလို မျက်နှာတည်ကြီး လုပ်ထားကြတာကိုး။ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ဆိုသလို တို့နှစ်ယောက် ဟန်ဆောင်ကောင်းတာနဲ့ပဲ တို့အပေါ် မသင်္ကာသလို ယုံထင် ကြောင်ထင် ဖြစ်နေတဲ့ အမေတောင်မှ မျက်စိလည် လမ်းမှားပြီး ငါ့အပေါ် ခြောက်ပစ်ကင်း ကလေး တစ်ဦး လို ယုံကြည်စိတ်ချနေရှာတယ်။

ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ကို ရောက်လာပြန်ပြီအေ။ တစ်နေ့ နေ့လယ်မှာပေါ့အေ၊ အမေ အပြင်ထွက် နေတုန်း ငါလည်း မီးဖိုချောင်ထဲဝင်ပြီး သိမ်းစရာရှိတာတွေ သိမ်းဆည်းလုပ်ကိုင်နေတုန်းပဲ၊ မောင်မင်းကြီး သား အတင့်ရဲရဲနဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဗြုန်းဆို ရောက်လာပါရော အေ။ နေ့ခင်း ကြောင်တောင်ကြီး ဆိုတော့ လူမိသွားမှာ စိုးရိမ်တာနဲ့ ငါလည်း သူ့ကို အတင်းတွန်းထိုးပြီး နှင်လွှတ် ပါသေးရဲ့၊ ဒါပေမဲ့ သူက မသွားဘဲ ပေကတ်နေတယ်အေ့။ မတွေ့ရတာ ကြာလှပြီမို့ လူလစ်တုန်း ၀င်လာရ တာပါ ဆိုပြီး ဇွတ်ပြော၊ ဇွတ်ဆွဲ လုပ်နေတော့ ငါ့မလည်း မဆွတ်ခင်က ညွှတ်ချင်နေသူမို့ ကြာရှည် ငြင်းမနေ နိုင်တော့ဘဲ ချော်လဲ ရောထိုင် လိုက်ရတာပေါ့အေ။

အတော်ကလေးကြာတော့ အိမ်ရှေ့က ခြေသံကြားသလိုလို ရှိတာနဲ့ ငါလည်း ကွင်းလုံးပုံကျနေတဲ့ ထဘီ ကို အသာပွေ့ပြီး မီးဖိုချောင်တံခါးက အိမ်ရှေ့ကို ချောင်းအကြည့်၊ အမေကလည်း မီးဖိုချောင်ထဲကို လှမ်းဝင် လာတာနဲ့ ပက်ပင်းပါ သွားတိုး နေပါလေရော။ သူတော့ မီးဖိုချောင်ပေါ်က ခုန်ချပြီး ကဆုန်ပေါက် အောင် ပြေးတော့တာပေါ့။
အမေ လည်း ငါ့ကို တအားဆောင့်ဆွဲပြီး ထုလိုက် ရိုက်လိုက်၊ ပေါငတွင်းကြောကို ဆွဲလိုက် လုပ်ရုံတွင် မကသေးဘဲ ပါးစပ်ကလည်း 'ကမြင်းမ ... ဗိုင်းတာမ ... ဗွေဆိုးမ 'နဲ့ မျိုးစုံအောင် ကျိန်ဆဲ လိုက်သေးတယ်။ ဟို ရုပ်သေးမင်းသမီး ဆိုသွားတဲ့ အတိုင်း -

' မွေးမေလေးတော် သူ စိတ်ဆိုးလို့၊ ဗိုင်းတောင့်ကြီးကို ကိုင်ကာ မိုး၊ ရစ်ကျိုးရယ်နဲ့ ရိုက်လိုက်လေ၊ ကျောသိသိကြေ။     ။  အရင်အစက ငါ မပြောလား၊ သဘောမကျ ဟိုအကောင်နှင့်၊ မီးဖိုချောင်မှာ စုံညီတွေ့၊ ထဘီပွေ့၍ နင်ထွက်လာတာ၊ မြင်ရှက်စရာ အပုံကောင်းသပ၊ အကြောင်းမသိ မိဗွေဆိုးရဲ့၊ မိန်းမ ဂုဏ်သိန် အလွန်ညိုးသတဲ့၊ ဟဲ့ ကမြင်းမ မိဗိုင်းတာရဲ့၊ ဟုတ်တိုင်းကိုသာ နင် မပြောက၊ ငါ သဘောရှိ ငါးဖယ်တေတေ၊ မနောဝယ် ဇောတွယ်ငြိပါလို့၊ ကျောသိသိ ကြေတယ် လေလေ'

ဆိုသလိုပေါ့အေ။ ငါ့ကို မေးလို့မရတိုင်း စိတ်ရှိလက်ရှိ ထုလိုက် ရိုက်လိုက်နဲ့ ငါးဖယ်တေ တေလိုက်တာ ငါ့ကျောပြင်ကို သိသိကြေ သွားတာပဲအေ။ ဒါပေမဲ့ ငါကတော့ အမေ မေးလေသမျှ တစ်ခွန်းမှ ပြန်မပြော ဘဲ၊ အမေ ရိုက်သမျှကိုသာ မျက်ရည်စက်လက်နဲ့ ခေါင်းငုံ့ခံခဲ့တယ်။

နောက်တော့ အမေက ငါ့ကို အိမ်မှာမထားတော့ဘဲ တို့အဒေါ်ကြီးများအိမ်ကို ပို့လိုက်တယ်။ တို့အဒေါ်ကြီးများ အိမ်က ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး၊ နှစ်ထပ်အိမ်ဆိုတော့ တို့အိမ်နဲ့စာရင် ပိုပြီး လုံခြုံ နေလို့ သူ ဘယ်နည်းနဲ့မှ လာတွေ့နိုင်မှာ မဟုတ်ဘူးဆိုပြီး ပို့လိုက်တာပေါ့အေ။ ပြီးတော့ တို့ အဒေါ်ကြီးရဲ့ သား ငါ့မောင် ၀မ်းကွဲများလည်း ရှိနေသေးတော့ ငါ့ကို သူနဲ့ မတွေ့နိုင်အောင် ငါ့မောင်များက စောင့်ရှောက် ထားနိုင်မှာပဲလို့လည်း အမေက ယုံကြည်စိတ်ချတယ် ထင်ပါရဲ့ အေ။

ဘာရမလဲအေ၊ အဲဒီလို ချုပ်ချယ်ထားလေ၊ ပိုပြီး တွေ့ချင်လေ ဖြစ်တတ်တာက ဓမ္မတာကိုးအေ့။ ဒီတော့ ကြံရတာပေါ့။ အဒေါ်ကြီးတို့ အိမ်က သူရင်းငှားကို လာဘ်ထိုးပြီး သူ့ဆီ စာပေးခိုင်းရတာပေါ့။ စာထဲမှာ ငါ အိမ်ပေါ်ထပ်မှာ အိပ်တဲ့အကြောင်း၊ ငါ့အိပ်ရာနံဘေးမှာ ပြတင်းပေါက်တစ်ပေါက်ရှိတဲ့ အကြောင်း၊ အဲဒီပြတင်းပေါက်ကို ငါ အမြဲဖွင့်ထားတဲ့အကြောင်း၊ အိမ် နံဘေးက တွယ်တက်ပြီး အဲဒီပြတင်းပေါက် ကနေ ၀င်လာရင် ငါ့အိပ်ရာကို တည့်တည့်ကြီး ရောက်နိုင်ကြောင်း၊ စုံလို့ပေါ့အေ။ ညဦးဆိုရင် ငါ့မောင် တွေဟာ တုတ် ဓား ကိုယ်စီနဲ့ အိမ်အောက်က ချောင်းနေတတ်လို့ သတိနဲ့လာဖို့ပါ ထည့်ပြီး ရေးလိုက် သေးတယ်။

စာပေးပြီးလို့ နှစ်ရက်လောက်လည်း ကြာရော၊ ဘသားချောလည်း ပေါက်လာပါရော။ သူ ရောက် လာတာ ငါတောင် မသိဘူးအေ့။ အစောကြီး ရှိသေးလို့ အိမ်အောက်မှာ ညီအစ်မတစ်တွေ စကား ၀ိုင်းဖွဲ့တေုန်း သူက အိမ်ပေါ်ထပ် ငါ့ခြင်ထောင်ထဲ ရောက်နေတာကိုးအေ့။ စကားဝိုင်းသိမ်းလို့ အိပ်ရအောင် အိမ်ပေါ်ထပ် ကို တက်လာတော့မှပဲ ငါ့ခြင်ထောင်ထဲမှာ သူ့ကို လာတွေ့နေရတာပဲ။ ကံကောင်းလို့ လန့်ပြီး မအော် မိတယ်အေ။ သူဟာ တစ်ညလုံး ငါနဲ့ အိပ်ပြီး ကြက်ဦးတွန်လောက်မှ ပြန်ဆင်းသွားတယ်။

အဲဒီလိုနဲ့ သူနဲ့ငါဟာ အဆက်မပြတ်ဘဲ လစ်၇င် လစ်သလို အိမ်ပေါ်ထပ် ငါ့အိပ်ရာထဲမှာ တွေ့နိုင် ကြတာပေါ့အေ။ တစ်ခါတလေ သူ အတင့်ရဲလွန်းလို့ ငါ့မှာ အမြဲပဲစောင့်ပြီး သတိပေးနေရတယ်။ အဲဒိလို အတင့်ရဲလွန်းရင် တစ်နေ့နေ့မှာ ဒုက္ခတွေ့လိမ့်မယ်လို့ ငါ သတိပေးတာတောင်မှ သူက အရေးမကြီးသလို ပြုံးဖြီးဖြီး နဲ့လေ။

ငါ သတိပေးတဲ့အတိုင်း တစ်ညမှာ ဖြစ်လာတာပါပဲအေ။ သူဟာ အိမ်ပေါ်ထပ်ကို အစောကြီး ရောက်လာပြီး ခါတိုင်းလို ငါ့ခြင်ထောင်ထဲ ၀င်မနေဘဲ ပြတင်းပေါက် ပေါင်ပေါ်မှာ တင်ပါးလွှဲ ထိုင် နေတယ်တဲ့အေ။ အိမ်ပေါ်ထပ်ကို ညအိပ်ချိန်ကျမှသာ တို့ညီအစ်မတစ်တွေ တက်အိပ်ကြတာမို့ စောလို့ရှိရင် ဘယ်သူမှ မရှိဘူးအေ့။ ဒီတော့ အိမ်ပေါ်ထပ်မှာ သူတစ်ယောက်တည်း ထင်သလို လုပ်နေနိုင် တာပေါ့အေ။

အိမ်ပေါ်ထပ်ကို အကြိမ်ကြိမ် တက်ချည်ဆင်းချည် လုပ်နေဖူးတော့ သူလည်း ရိုးသွားပြီး ကြောက်ရမှန်း တောင် မသိတော့ဘူးတဲ့ အေ။ လုပ်ပုံက ... လုပ်ပုံက ...။
အဲဒီအခါမှာပဲ ငါ့ညီအစ်မတော်တစ်ဦးက စိတ်လိုလက်ရ ဘုရား ရှိခိုးရအောင်ဆိုပြီး အိမ်ပေါ်ထပ်ကို တက်သွားပါလေရော။ ဘုရားစင်က အိမ်ပေါ်ထပ်မှာ ရှိနေတာကိုးအေ့။ ငါကလည်း အိမ်ပေါ်ထပ်မှာ ရှိနေတာ ကိုးအေ့။ ငါကလည်း အိမ်ပေါ်ထပ်မှာ သူရောက်နေမှန်း မသိတော့ ငါ့ညီအစ်မတော်ကို မတားဆီး လိုက်မိဘူးပေါ့အေ။ လှေကားက နေပြီး အိမ်ပေါ်ထပ်ကို တက်လာတဲ့ ခြေသံကို သူလည်း အကြားသား တဲ့။ ဒါပေမဲ့ ငါ မှတ်လို့ ခြင်ထောင်ထဲ ၀င်မနေဘဲ ပြတင်းပေါက်ပေါင်ပေါ်မှာသာ အေးအေး ဆေးဆေး ထိုင်နေတယ်တဲ့။ ကောင်းရော မဟုတ်လားလို့။

ခဏလည်း ကြာရော၊ ' အမယ်လေး 'ဆိုတဲ့ ငါ့ညီအစ်မတော်ရဲ့ အော်သံကို ကြားလိုက်ရပြီး ' လူ လူ လူ 'ဆိုတဲ့ နောက်ဆက်တွဲ အော်သံဟာလည်း လုံးထွေးပြီး ထွက်လာတယ်။ ငါ့ရင်ထဲမှာတော့ 'ဒိတ်'ခနဲ ဖြစ်သွား တယ်လေ။ သွေးပြောသလို သူပဲဆိုတာ ချက်ချင်းပဲ သိလိုက်ပါရဲ့။
ငါ့အစ်မတော်ရဲ့ အော်သံကိုလည်း ကြားရော သူလည်း လူမှားပြီဆိုတာ သိသွားပြီး ကြောက်အား လန့်အား နဲ့ ပြတင်းပေါက်ပေါင်ပေါ်က နေပြီး မြေဘကီးပေါ်ကို ခုန်ချလိုက်တယ်တဲ့။ အိမ်ပေါ်ထပ် ပြတင်းပေါက် နဲ့ မြေကြီးဟာ အတော် မြင့်သားအေ့။ မသေကောင်း မပျောက်ကောင်း ကံကောင်း လို့ပေါ့အေ။ အကျကောင်းသွားလို့ သူ ဘာမှမဖြစ်ဘဲ မြေကြီးပေါ်ရောက်တာနဲ့ တစ်ချက် တည်း ထ ပြေးနိုင် ခဲ့တယ်။

အဲဒီအချိန် ငါ့မောင်ဖားများလည်း အိမ်ရှေ့မှာ အဆင်သင့် ရှိနေကြလို့ 'ဖုန်း'ခနဲ့ အသံကြားတဲ့ဆီကို တုတ်တွေ၊ ဓားတွေဆွဲပြီး အတင်းလိုက်ကြတာပေါ့အေ။ ရှေ့ဆင့်နောက်ဆင့်ကလေး ပြေးတဲ့လူက ပြေး၊ လိုက်တဲ့လူက လိုက်နဲ့ ခွေးဟောင်သံတွေ ရောပြီး ဆူညံသွားတာပဲ။

ငါ့မောင် ဖားများဟာ သူ့အပေါ်မှာ အတော်ကြီး အငြိုးထားနေကြလို့ မိလိုက်ရင်တော့ အရိုးအသား တောင် ရှာတွေ့ မှာ မဟုတ်ဘူးလို့ တွေးပြီး ငါ့ရင်ထဲ သိပ်စိုးရိမ်သွားတာပေါ့အေ။ ဒါကြောင့် စိန္တေယျ ကြီး ကယ်ဆယ် တော်မူပါ ဆိုတာက တစ်မျုး၊ နတ်သိကြားများ ကူညီဝိုင်းလို့ မှိုင်းမတော်မူပါရန် တစ်ဖုံနဲ့ မျိုးစုံအောင် ဆုတောင်းလိုက်ရတာ အမောပါပဲအေ။ ဒါတင် မကျေနပ်သေးလို့ သမ္ဗုဒ္ဓေဂါထာကို ဥုံခံပြီး ရွက်လိုက် ရသေးတယ် အေ့။

တော်ပါသေးရဲ့အေ၊ အတော်ကလေး ကြာတော့ ငါ့မောင်တွေ ပြန်ရောက်လာညပီး သူ့ကို မမိလိုက်လို့ တက်တခေါက်ခေါက်နဲ့ မကျေမချမ်း ဖြစ်နေကြတယ်လေ။ သူတို့ မကျေမချမ်း ဖြစ်နေ ကြသလောက် ငါ့ရင်ထဲမှာတော့ အလုံးကြီးကျပြီး ပေါ့သွားတော့တယ်။ ငါ့မောင့်တွေဟာ သူ့ကို မမိ လိုက်လို့ ငါ့ကို မဲပြီး ' ကမြင်းမလေး ... နင် ကြပ်ကြပ် သတိထားနေလိုက် ' လို့လည်း ကြိမ်းလိုက် သေးတယ်အေ့။ ငါ့အဖို့ နေရ ထိုင်ရတာ ပိုပြီး ဘေးကျပ်နံကျပ် ဖြစ်ဦးမှာပါပဲအေ။

(၅)

သူငယ်ချင်းကောင်း ယောက်မတို့တော် ... ငါ့ကိုလေ သူတို့တွေဟာ နည်းနည်းလေးမှ အလစ်မပေး ကြတော့ဘူး အေ့။ ပြီးတော့ ငါ့ကိုလည်း ဒီ အတိုင်းထားလို့ မဖြစ်တော့ဘူးဆိုပြီး ရွာထဲက သူတို့ သဘောကျ တဲ့ လူတစ်ယောက်နဲ့ ခု လေးငါးဆယ်ရက်အတွင်းမှာ ပေးစားရအောင် စီမံနေကြပြီလေ။  ငါ ဘယ်လို ကြံလို့ ဘယ်လို လုပ်ရပါ့မလဲ ယောက်မတို့ရယ်။

ချစ်တဲ့သူနဲ့ ကွဲနေရတဲ့ အထဲမှာ တစ်ခါ မချစ်တဲ့ သူနဲ့ ပေါင်းရဦးမယ်ဆိုတော့ သေဖို့သာ ကောင်း တော့တာပေါ့နော်။ ဒါပေမဲ့ ငါ အားမလျှော့သေးပါဘူး အေ။ သူတို့တွေက အလစ်မပေးလို့ သူ ငါ့ဆီကို မရောက် လာနိုင်ပေမဲ့ သူတို့ နည်းနည်းကလေး လစ်တာနဲ့ တစ်ချက်တည်း သူရှိရာကို ငါ ကိုယ်တိုင် ထွက်ပြေး သွားနိုင်အောင်လို့တော့ ငါ အမြဲ ချောင်းနေလျက်ပါပဲ အေ၊ ချောင်းနေလျက်ပါပဲ။
သူတို့ ကလည်း ငါ့အကြံကို ရိပ်မိ ထင်ပါရဲ့အေ။

ငါ့ကို မျက်ခြည်မပြတ် မခံဘဲ စောင့်ကြည့်နေ ကြတယ်လေ။ ညအိပ်တဲ့အခါ ဆိုရင်လည်း သူတို့ဟာ ငါ မပြေးနိုင်အောင် တစ်ယောက်တစ်လှည့်စီ အလှည့်ကျအိပ်ပြီး ငါ့ကို စောင့်ကြပ်နေကြတာပေါ့လေ။ ကြည့်သေး တာပေါ့အေ၊ သူတို့ ဘယ်နှည အထိ မအိပ်မနေ စောင့်နိုင်မလဲ ဆိုတာကို စောင့်ကြည့် ရသေးတာပေါ့။
ဘာလိုလိုနဲ့ ငါ့ကို သူတို့ သဘောတူတဲ့ ဟိုလူနဲ့ ပေးစားဖို့ ရက်ဟာလည်း နီးလာပြီအေ့။ ဒီတော့ မဖြစ်ချေဘူးဆိုပြီး ငါလည်း ပျော်ပျော်ရွှင်ရင် ရယ်ရယ်မောမော ဟန်လုပ်ပြီး နေထိုင်လိုက်တယ်။ သူတို့ ငါ့ကို စောင့်ထိန်းရာမှာတော့ နည်းနည်း ပေါ့သွားတယ် အေ့။

အဲဒီညမှာပေါ့အေ၊ ညဥ့် သန်းခေါင်လောက်အချိန်မှာ ငါ့ ညီအစ်မတော်တစ်ဦးဟာ ငါ့ကို စောင့်ရင်းနဲ့ ငိုက်နေတယ်။ ငိုက်နေရာကပဲ ငါ့ကို စိတ်မချသလိုတစ်ချက်တစ်ချက် ဖျတ်ခနဲ ဖျတ်ခနဲ လှမ်းလှမ်း ကြည့် တယ်။ သူ လှမ်းကြည့်တဲ့အချိန်တိုင်းမှာပဲ ငါလည်း အိပ်မေကျနေသလို ' အင် ' အာ' နဲ့လုပ်ပြီး တခေါခေါ ဟောက်နေလိုက်တယ်။ ဒီတော့မှ သူလည်း စိတ်ချသွားပြီး တစ်ခါတည်း အိပ်ပျော်သွား ပါလေရော။
ဟဲ ... ဟဲ ... ဒါဟာ ငါ့အဖို့ အခွင့်ကောင်းပေါ့အေ။ ငါလည်း အိပ်ချင်ယောင် ဆောင်နေရာက အသာထ တဲ့ပြီး သူတို့အားလုံး အိပ်ပျော် မပျော်ကို အကဲခတ် ကြည့်လိုက်တယ်။ မိုးကြိုးပစ်ရပါစေရဲ့ တုတ်တုတ်မှ မလှုပ်ဘဲ အိပ်မောကျကုန်ကြပြီလေ။ သူတို့အားလုံး အိပ်ပျက်တာ ဘယ်နှညရှိနေပြီလဲလို့။

အချိန်ကို နည်းနည်းကလေးမှ မဖြုန်းဝံ့ဘဲ ခြေဖျားထောက်ပြီး နောက်ဖေးပေါက်ကို အသာကလေး ထွက်ခဲ့တယ်။ ဇာတ်သမားအခေါ် ဆိုရင်တော့ ချွတ်နင်းပြီး လျှောက်ခဲ့တာပေါ့အေ။ ဒါပေမဲ့ ငါ့ခြေ ထောက်ကို ဖော့ပြီး နင်းချလိုက်တဲ့ ပျဉ်းပြားတိုင်းဟာ ' ဟောဒီမှာဗျို့ ... လူ ... လူ 'လို့ ထပြီး အော်နေသလိုလို မှတ်ထင်ရလောက်အောင်ပဲ၊ ငါ့စိတ်ဟာ ချောက်ချားနေတယ်။ ငါ့နှလုံးသားဟာ လည်း တဒုန်းဒုန်း နဲ့ ခပ်ပြင်းပြင်း ခပ်မြန်မြန် ခုန်နေကြတယ်။ ငါ့တစ်သက်မှာတော့ ဒါဟာ အကြီး ကျယ်ဆုံး စွန့်စားခန်း ပေါ့ အေ။

နောက်ဖေးတံခါးကို ဖွင့်ပြီး မြေကြီးပေါ် ဆင်းလိုက်တာနဲ့ တစ်ချက်တည်း ဘာမှ မမြင်ရတော့ဘူး။ လမထွက်လို့ မှောင်မည်း နေတာပေါ့အေ။ ခါတိုင်းလို ညမျိုးသာဆိုရင် ရွှေကို တင်းလိုက် ခြင်ပေးမယ်ဆိုတောင် ဒီလို မှောင်မည်းမည်းထဲမှာ ငါ လမ်းထွက်လျှောက်ရဲမှာ မဟုတ်ဘူး။ အခုတော့ ကိုယ်ရေးကြုံတော့ သက်လုံ ကောင်းရမှာမို့ ကြောက်မနေနိုင်ဘူးပေါ့ အေ။
ငါလည်း ငါ့ချစ်သူ ညတိုင်း အိပ်တတ်တဲ့ သူ့အဒေါ်ရဲ့ စပါးစည့်ကို မှန်းပြီး လျှောက်ခဲ့တယ်။ မှောင်ကြီးထဲမှာ ငါတစ်ယောက်တည်း လျှောက်နေရပေမယ့် ဘာကိုမှ ကြောက်ရမှန်းလည်းမသိ၊ သူ့ကို အမြနဆုံး တွေ့ဖို့ ဇောတစ်ခုတည်း ငါ့မှာ ရှိနေတယ် အေ့။

အဆင်သင့်ပဲ၊ သူ့အဒေါ်များရဲ့ စပါးစည့်ထဲက စပါးပုံပေါ်မှာ ဖျာခင်းပြီး အိပ်နေတဲ့ သူ့ကို တွေ့ရ တယ်။ သူ့ကို အတင်းလှုပ်နှိုးပြီး ငါ အိမ်က ထွက်ပြေးလာတဲ့အကြောင်း ပြောပြလိုက်ရတယ်။
အို ... သူ သိပ်ဝမ်းသာသွားတယ်အေ့ ... သိလား၊ သူ့စိတ်ထဲမှာ သူနဲ့ ငါဟာ ဒီတစ်ခါတော့ ကွဲကြပြီလို့ တွေးပြီး စိတ်လျှော့ထားလိုက်တယ်တဲ့။ ကဲ ... ကောင်းကြသေးရဲ့လားအေ။ ယောက်ျား ရင့်မကြီး တစ်ယောက်လုံး လုပ်နေပြီး ဒီအထိ ဖျင်းတာအေ့။ ငါသာ စွန့်ပြီး ထွက်မလာဘဲ သူ့ကိုသာ အားကိုးနေမိရင် ငါတော့ ရေတိမ်တိမ်မှာ လှေမငြိမ်လို့ နစ်သလို နစ်ရောပေါ့အေ။
ငါ သူ့ကို လောပေးလိုက်တာနဲ့ သူလည်း အိပ်ရာက လူးလဲထပြီး သူ့ သူငယ်ချင်းတစ်ယောက်ကို သွားခေါ်တယ်။ ပြီးတော့ သူ့အဒေါ်ရဲ့ လှည်းနဲ့ နွားကို တပ်ပြီး ရွာထဲက ခပ်မြန်မြန် မောင်းထွက်ခဲ့ ကြတယ်။ တို့ရွာနဲ့ မနီးမဝေးက ရွာကလေးတစ်ရွာမှာ သူ့ အဒေါ်များရဲ့ လယ်တဲနဲ့ ဥယျာဉ်ကလေး ရှိနေ တယ်လေ။ အဲဒီမှာ ခေတ္တခိုနေရအောင်လို့ အဲဒီကို မောင်းလာကြတာပေါ့ အေ။

တို့ရွာရဲ့ နယ်နိမိတ်ကလည်း လွတ်ကရော၊ ငါရဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီး ပျော်သလိုလိုတောင် အဖြစ်လာတယ်။ ခုလို ညကြီးသန်းခေါင်မှာ လှည်းစီးပြီး ခရီးထွက်လာရတဲ့ အဖြစ်ကို တွေးမိတော့ ... ဟိုတုန်းက ဘယ်ရွာမှာ ပွဲရှိတယ်ဟေ့ ဆိုရင် အဖော်အပေါင်းတွေစုပြီး လှည်းတစ်စီးနဲ့ ပွဲကြည့်သွားခဲ့တဲ့ အဖြစ်ဟောင်းတွေကို ငါ သွားတွေးမိတယ်။ သူ့အဒေါ်ရဲ့ လယ်တဲဥယာဉ်ကလေးကို ရောက်တော့ ကြက်ဦးတောင် တွန်ပြီအေ့။

(၆)

ပထမဆုံး မိဘအရိပ်အောက်က ခွဲထွက်ပြီး ကိုယ့်လင်နဲ့ လွတ်လွတ်လပ်လပ် နေရတဲ့အခါဆိုတော့ ပျော်လို့မဆုံး တပြုံးပြုံးပေါ့အေ။ တို့နေရတဲ့ နေရာကလေးကို ကြည့်ဦးမလား။ လယ်တဲသာဆိုရ သပ်သပ် ရပ်ရပ် ဆေက်လုပ်ထားတဲ့ တစ်ထပ်အိမ် မြင့်မြင့်ကလေးပဲအေ့။ အဲဒီ လယ်တဲကို ပတ်ဝိုင်း ပြီး ပြုစု ပျိုးထောင် ထားတဲ့ ဥယျာဉ်ခြံမြေထဲမှာ ဆိုရင်လည်း သရက်၊ မရန်း၊ သြဇာ၊ ပိန္နဲ၊ ရှောက်၊ သံပုရာပင် တွေဆိုတာ မျိုးစုံလို့ပေါ့။ အပြိုင်အဍ္ဍရိုင်း သန်စွမ်းနေပြီး အပြွက်လိုက်၊ အပြွက်လိုက်၊ အခဲလိုက် သီး နေလိုက် တာတွေဟာ အားရစရာကြီးပါ အေ။

မနက် ဝေလီဝေလင်းဆိုရင် အဲဒီ သစ်ပင်တွေပေါ်က သပိတ်လွယ် ငှက်ကလေးရဲ့ တွတ်တီးတွတ် တာ ပလီပလာ စကားသံကလေးကို ကြားရတာကြည်နူးစရာပါပဲအေ။ နေ့ခင်း နေ့လယ် ဆိုရင်တော့ လက်ပံပင်ပေါ်မှာ ရန်ဖြစ်နေကြတဲ့ ဆက်ရက်အုပ်ရဲ့ ဆူဆူညံညံ အသံတွေကို ကြားရ တာကတော့ နားငြီး စရာကြီး ပေါ့အေ ။ အဲ ညနေစောင်းလာပြီဆိုမှဖြင့် စိတ်ရှည် လက်ရှည် ကူချွဲနေတဲ့ ချိုးကူသံကလေးကို ကြားရပြန်တော့ ရေချမ်းအိုး ပိုက်ထားရသလို စိတ်နှလုံးကို အေးချမ်းသွားတာပဲ။ စူးရှပေမဲ့ နားဝင်ချိုလှတဲ့ ဥသြ တွန်သံကလေးကတော့ တို့နှစ်ယောက်ကို အားမငယ်ရအောင် အားပေးယုယ နေသလိုလို။

လယ်တဲပေါ်ကနေပြီး လယ်တဲရှေ့ကို မျှော်ာကည့်လိုက်မယ်ဆိုရင် ဆုံးအံ့မထင်တဲ့ လယ်ကွင်းကြီးထဲမှာ ရိုးပြတ် ဖွေးဖွေးတွေကိုသာ တစ်မျှော်တစ်ခေါ်ကြီးတွေ့ရမယ်။ လယ်တဲရဲ့ နောက်ဘက်မှာတော့ အလျားလိုက် စင်းနေတဲ့ ချောင်းရေပြင် ရှိနေတယ်။ ရေမိုးကလည်း နီးလို့ ဘယ်လောက် အဆင်ပြေသလဲ အေ့။ မိုးခေါင်ရေရှား အရပ်မျိုးသာ ဆိုရင်တော့ ငါ စိတ်အပျက်ဆုံး ပါပဲ။
အဲဒီ လယ်တဲနဲ့ ဥယျာဉ်ခြံမြေဟာ သူ့အဒေါ် အပျိုကြီးတစ်ဦးပိုင်ပေါ့အေ။ အခုအချိန်ဟာ လယ်လုပ်ငန်း လုံးဝ ပြီးစီးတဲ့ နွေချိန်ခါမို့ သူ့အဒေါ်ဟာ ရွာထဲကို လယ်ထွက်စပါးတွေ တိုက်သွင်းပြီး ရွာထဲက အိမ်မှာ အငြိမ်းစား နေထိုင်တဲ့ အချိန်ပေါ့။

သူ့အဒေါ် အပျိုကြီးကလည်း သူ့တူကလေးကို အချစ်သားအေ့။ ချစ်ဆို အတိုအထွာ ခိုင်းစရာရှိရင် ဒီတူကလေး ကိုပဲ ခိုင်းနေရတာကိုး။ အဲဒီ လယ်တဲနဲ့ ဥယျာဉ်မှာ မင်းတို့ ပျော်သလောက်နေကြ။ စပါးဝမ်းစာ၊ ငါးပိဝမ်းစာလည်း အလုံအလောက် ရှိတယ်၊ ခြံထွက် အသီးအနှံတွေကို မင်းတို့ ရောင်းစားမယ်ဆိုရင်လည်း သုံးမကုန်ပါဘူးဆိုပြီး တို့ကို အပ်သွားတယ်လေ။

သူ့ဘက်က ဆွေဂုဏ် မျိုးဂုဏ်နဲ့ တို့ဘက်က ဆွေဂုဏ် မျိုးဂုဏ်ဟာ ကွာခြားခြင်း မရှိလှဘဲ ဂုဏ်ရည်တူ တွေ ဖြစ်ပါလျက်နဲ့ တို့ဘက်က ဘာဖြစ်လို့ သဘောမတူရတာလဲလို့ ညည်းတို့က မေးချင်ပေလိမ့်မယ်။ ဂုဏ်ရည်တူတွေဖြစ်လို့ လူကြီးချင်း ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာက အစ မသင့် မမြတ်ဖြစ်ကြလို့ပေါ့အေ။ ပြီးတော့ သူ့အဒေါ်နဲ့ တို့အဒေါ်က စီးပွားရေး ပြိုင်ဖက်တွေမို့ တစောင်းစေးနဲ့ မျက်ချေးလို မတည့်ကြဘူးပေါ့အေ။ သူ့အဒေါ် အပျိုကြီးကတော့ ဒါလောက် မဟုတ်ရှာပါဘူးအေ။ တို့အဒေါ်များ ဘက်ကသာ ငါတကော ကောကြတာပါ။ တို့အဒေါ်က သဘောမတူဘူးဆိုရင် စီးပွားရေးမှာ အဒေကို မှီခိုနေရလို့ တို့အဒေါ်ရဲ့ သြဇာကိုသာ နာခံနေရတဲ့ အမေကလည်း သဘောမတူဘူး ဖြစ်လာရတာပေါ့ အေ။

ဘယ်သူတွေ သဘောမတူ တူ၊ တို့နှစ်ယောက် ဘောတူရင် ပြီးတမ်းမို့ တို့နှစ်ယောက်ကတော့ ပျော် တယ်လေ။ ၀မ်းစာစပါးကို မောင်းနဲ့ထောင်း၊ ဆန်ဖွပ်ပြီး ချက်စားတယ်။ငါးဟင်းစားလိုရင် ငါးမျှားတံ တစ်ချောင်း နဲ့ ကမ်းနားဆင်းပြီး ငါးမျှားတယ်။ တစ်ခါတလေ သူ့ဘက်က အပေါင်းအသင်းတွေ သတင်း လာမေးရင် ပျော်ပွဲစားချင်တယ်ဆိုရင် လယ်တဲမှာ မွေးထားတဲ့ ကြက် ဘဲ တွေကို သတ်ပြီး ချက်စား ကြတယ်။ ငါးပိချက်နဲ့ အဖက် တို့စရာ လိုချင်ရင် ဥယျာဉ်ခြံမြေထဲမှာ ရနိုင်တယ်။ မီးဆိုက်ဖို့ ထင်းလိုရင် ဥယျာဉ်ထဲက သစ်ကိုင်းခြောက်တွေကို လိုက်ချုင်တယ်။ ဟင်းချက်ဖို့ ဆီလိုရင် ဟိုဘက်ကမ်းက အင်းထဲ မှာ ငါးသွားခုတ်ပြီး ငါးဆီ ချက်ယူတယ်။ သုံးဖို့ငွေလိုရင် ဥယျာဉ်ခြံမြေထဲက အသီးအနှံတွေ ခူးရောင်းတယ်။ ကိုင်း ... ဘာများ ပူစရာရှိသလဲ၊ မပူပေါင်။

သူ့အဒေါ်ရဲ ဥယျာဉ်မှာ နေပေမဲ့ အငြိမ်းစား မနေပါဘူး။ လုပ်စရာ ရှိတာတွေကိုလည်း ကျုံးပြီး လုပ် ပေးတာပါပဲ။ ဥယျာဉ်ကို ပျိုးထောင်တယ်။ မြေတောင် မြှောက်စရာရှိတာ မြေတောင်မြှောက်ပေးတယ်။ ခြံထဲက ပေါင်းပင်မြက်ပင်တွေကိုလည်း ရှင်းပေးတယ်။ လယ်တဲ ဘေးက နွားခြံထဲမှာရှိတဲ့ နွားတွေကို ထိန်းကျောင်း ပေးတယ်။ မွေးထားတဲ့ ကြက် ဘဲတွေကိုလည်း တိုးပွားအောင် ဂရုတစိုက် မွေးမြူပေးတယ်။ မွေးထဲက အလုပ် လုပ်လာခဲ့ရသူတွေမို့ ဒီလို လုပ်ပေး ရတာ ပင်ပန်းတယ်လို့ မထင်မိပါဘူး။ စိတ်တိုင်းကျ လုပ်ရလို့ ပျော်တောင် ပျော်သေး။
ဒါပေမဲ့ ဒီလိုပျော်ရတဲ့ ရက်ဟာ မကြပါဘူးအေ။ မကြာမီမှာပဲ လွမ်းခန်းနဲ့လာတိုးရတာပဲ။ ဖြစ်ပုံများ တော့ ပြောပဲ မပြောချင်တော့ပါဘူး အေ။

တစ်နေ့မှာပေါ့၊ မနက်ဘက် တို့နှစ်ယောက် ဥယျာဉ်ထဲမှာ လုပ်စရာ ရှိတာတွေလုပ်ပြီး ကမ်းနားမှာ ရေဆင်းချိုးကြတယ်။ ပြီးတော့ လယ်တဲပေါ်တက်ပြီး ထမင်းလက်ဆုံစားပြီးလို့ လက်ဖက်ရည်ကြမ်း ၀ိုင်းမှာ နှစ်ယောက်သား စကားတပြောပြောနဲ့ ပျော်နေကြတုန်းမှာပေါ့။ ဗြုန်းဆို ငါ့အမေရယ်၊ အဒေါ်ရယ်၊ ငါ့မောင် တွေရယ် တဲပေါ်ကို တက်လာတယ်။ သူတို့နဲ့အတူ လူမိုက် ထွန်းစိန်လည်း ပါလာတယ်။ အဆင်မှာတော့ လူမိုက်ထွန်းစိန်ကို ငွေပေးပြီး ငှားလာကြတယ်ထင်ပါရဲ့။

တို့နှစ်ယောက် အံ့သြသင့်ပြီး ငိုင်နေတုန်းမှာပဲ လူမိုက် ထွန်းစိန်က ငါ့လက်ကို အတင်းဝင်ဆွဲပြီး လယ်တဲ အောက် ကို ဆွဲချတယ်။ အမေတို့၊ အဒေါ်တို့ကလည်း ၀ိုင်းကူပြီး ဆွဲချလို့ တဲအောက်ကို ငါလည်း တရွတ်တိုက်ပြီး ပါလာရတယ်။ လယ်တဲအောက်ကို ရောက်တော့ လူမိုက်ထွန်းစိန်က သူ့လက်ထဲက ဓားကို ၀င့်ပြီး 'မဆိုင်သူ မကပ်နဲ့၊ ခေါင်းပြတ်သွားမယ်'လို့ ကြိမ်းလိုက်တယ်။
ငါ့ချစ်သူကို လှမ်းကြည့်လိုက်တော့ သူဟာ မျက်လုံးကလေး အကြောင်သားနဲ့ ငိုင်နေတယ်။ အို ... သူ့ကို ကြည့်ရတာ ယောက်ျားမဟုတ်သလို အားမရစရာကြီးပါအေ။

 တကယ်ဆိုရင် ယောက်ျားပီပီ ဒေါနဲ့ မာန်နဲ့ ထတဲ့ပြီး ' ခင်ဗျားတို့ ကျုပ်မိန်းမကို မထိကြနဲ့၊ ခုလွှတ်၊ မလွှတ်ရင် အကြာင်းသိသွားမယ် ' ဘာညာဆိုပြီး လက်ရုံးလက်မောင်း တန်းလိုက်ပါလား။ ဒီနေရာမှာ သေရေး၊ ရှင်ရေးပဲဟာ၊ ဘယ်သူ့ကို ကြောက်နေရမှာတုံး။ အခုတော့ ဒီလိုမဟုတ်ပေါင် အေ၊ ကြောက်သလို လိုရွံ့သလိုလို ကုပ်ချောင်းချောင်း ငေးငိုင်ငိုင်နဲ့ ဘိန်းခုနစ်ရက်လောက် မစားရတဲ့ ဘိန်းစား ကလေးလိုပဲ။ သူ့နေရာမှာ သူသာမဟုတ်ဘဲ ငါသာ ဆိုရင်လား တစ်ခါတည်း အသက်ချင်း လဲပစ် လိုက်ပါရဲ့ .... အဟုတ်ပဲ။

ငါလည်း စိတ်ထွက်ထွက်နဲ့ အတင်းဆောင့်ရုန်းတာ မရတော့ လူမိုက်ထွန်းစိန်ရဲ့ လက်ကို တအား ကိုက်ဆွဲလိုက်တာပေါ့။ ဒီတော့ ငါ့မောင်တွေကပါ ၀င်လာပြီး အတင်း ၀င်ဆွဲကြတာနဲ့ တစ်ယောက်နဲ့ အများ အားချင်းမမျှလို့ သူတို့ နောက်ကို ပါလာခဲ့ရတယ်။ အိမ်ကိုရောက်တော့ ငါ့ကို ၀ိုင်းပြီး ထုကြ ရိုက်ကြတာ ဖွတ်ဖွတ်ကို ကြေသွားတာပဲအေ။ အမေဆိုတာ အသည်းဆုံးပေါ့၊ ငါ့တစ်ကိုယ်လုံး ရစရာ တောင် မရှိပါဘူးအေ။

(၇)

သူငယ်ချင်းကောင်း ယောက်မတို့တော် ။
ငါ့ကို မွေးတဲ့ အမေဖျက်လို့ ချစ်တဲ့ သူနဲ့ ကွဲခဲ့ရပြီ။ တစ်ခါတလေ သူ့ကို တွေ့ချင်လွန်းလို့ မျှော်မိ ပေမဲ့ အမေက အလစ်မပေးတော့ မတွေ့ရပါဘူး ကောင်မရယ်။ အမေက အိမ်ဝင်းခြံကို ဆူးတွေ အထပ်ထပ် ကာရံပိတ်ဆို့ပြီး ခြံဝင်းထဲမှာ 'ရန်လုံ'ဆိုတဲ့ အင်းခွေးကြီးကို အမြဲ လွှတ်ထားလေတော့ သူ့ခမျာလည်း ခါတိုင်းလို ငါရှိရာကို အလစ်ဝင်မလာရဲဘူး ထင်ပါရဲ့ အေ။ ငါ့မောင်ဖားတွေဆိုတာက လည်း ဓားလက်နက် ကိုယ်စီနဲ့ ခြံဝင်းထဲမှာ မပြတ် ကင်းလှည့်နေကြလို့ သူနဲ့ငါ တွေ့ဖို့ဖြင့် အဝေးကြီး ဝေးကြရပြီ။ မျက်ခမ်းတွေဆိုတာ တဆတ်ဆတ်လှုပ်ပြီး အိပ်မက်ရာမက်တွေကလည်း မကောင်းဘူးအေ့။ ဒါကြောင့် ဒီတစ်ခါ တော့ သူနဲ့ ငါ တကယ်ပဲ ကွဲကြရပြီ ထင်တယ်အေ။ ဟို 'ဗလကြိုင်' ဇာတ်လာကတုန်းက ပြသွားဖူး တဲ့ ကိန္နရာမကလေးလိုသာ ငါ့မှာ အတောင်ရှိရင်လား တစ်ခါတည်း ငါ့ချစ်သူ ရှိရာကို အရောက် ပျံသန်း သွားပါရဲ့။

ငါ့ကျောပြင်ကို လှန်ပြီး ကြည့်ကြပါဦးအေ။ ဒဏ်ရာတွေ ဒဏ်ရာတွေဆိုတာ အရှိုးချင်းထပ်ပြီး ဖူးဖူး ရောင်လို့ပေါ့။ ပေါင်ကို လှန်ကြည့်လိုက်ဦးမလား၊ ပေါင်တွင်းကြောကို လိမ်ဆွဲထားလို့ ညိုလို့ မည်းလို့လေ။ ငါတော့ နေ့ရှိသရွေ့ ဟို ရုပ်သေးမင်းသမီး ဆိုသွားဖူးတဲ့ သီချင်းကိုသာ ဆိုဆို ဆိုဆိုပြီး ငိုလို့ ငိုလို့သာ နေမိတယ်အေ့။ အဲဒီ သီချင်းကတော့ -
' မွေးမေလေးတော် သူ စိတ်ဆိုးလို့၊ ဗိုင်းတောင့်ကြီးကို ကိုင်ကာ မိုး၊ ရစ်ကျိုးရယ်နဲ့ ရိုက်လိုက်လေ၊ ကျောသိသိကြေ။     ။  အရင်အစက ငါ မပြောလား၊ သဘောမကျ ဟိုအကောင်နှင့်၊ မီးဖိုချောင်မှာ စုံညီတွေ့၊ ထဘီပွေ့၍ နင်ထွက်လာတာ၊ မြင်ရှက်စရာ အပုံကောင်းသပ၊ အကြောင်းမသိ မိဗွေဆိုးရဲ့၊ မိန်းမဂုဏ်သိန် အလွန်ညိုးသတဲ့၊ ဟဲ့ ကမြင်းမ မိဗိုင်းတာရဲ့၊ ဟုတ်တိုင်းကိုသာ နင် မပြောက၊ ငါ သဘောရှိ ငါးဖယ်တေတေ၊ မနောဝယ် ဇောတွယ်ငြိပါလို့၊ ကျောသိသိ ကြေတယ် လေလေ'
---------------------------------------
ပြီးပါပြီ
.

3 comments:

Anonymous said...

Innnnnnnnnn.

Don't know what to say. :D

Thanks.

Ray

မေဓာဝီ said...

ကျေးလက် တောရွာဓလေ့ အချစ်ဇာတ်လမ်း လွမ်းခန်းလေးတပုဒ်ပေါ့နော်။
တမျိုးပြီးတမျိုး မရိုးရအောင် တင်ပေးတာ ကျေးဇူးပဲ မရွှေစင်ရေ ...

Anonymous said...

ဒီတစ်ပုဒ်တော့ ဖတ်ဖူးသေးဘူး.. ရှဲ့ရှဲ