Monday, August 30, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၉)

ဝေဒနာရှင်မျိုးစုံက ဆေးကုပေးရန် အသနားခံကြသည်။ အချို့က ဗေဒင်မေးကြသည်။ အချို့က ပီယဆေး စီရန် ပေးပါရန် တောင်းဆိုကြသည်။ အချို့က သာသနာ့ဒါယိကာ မင်းကောင်းမင်းမြတ် အလောင်းအလျာ ဖြစ်ပေလိမ့်မည်ဟု ရာဇာမတ်ကာခြင်း၊ ထီးဖြူစိုက်ခြင်းများ ပြုလုပ်ကြသည်။ အချို့က ရဟန္တာကို ကိုယ်တော်မြတ် အစစ်ဖြစ်ကြောင်း၊ ကမ္မဋ္ဌာန်း ထိုင်နေစဉ်က မြေပြင်နှင့် ကိုယ်ခန္ဓာ တစ်ထောင် ကျော်ကျော် ကွာနေကြောင်း စသည့်သတင်းပေါင်းစုံသည် တစ်မျိုးပြီးတစ်မျိုး ပေါ်လာ၏။

လက်းဓားရှသည့် အနာပျောက်သော ဦးချစ်မောင်၊ မြွေကိုက်ခံရပြီး အသက်ချမ်းသာတဲ့သော နွား ကျောင်းသား လေးထွန်းစီ၊ သေရာမှပြန်ရှင်လာသော ကျောင်းဆရာကတော်တို့၏ ဓာတ်ပုံတွေ အတ္ထုပတ္တိ တွေ ရေးသာထုတ်ဝေသူတွေက ရေးသားထုတ်ဝေကြသည်။ ဘုန်းကြီးဓာတ်ပုံကိုကား တိကျပြတ်သား စွာ မရချေ။ ဓာတ်ပုံအရိုက်မခံသော ဘုန်းကြီးအား သတင်းထောင်တွေက ပုံကောင်း ရရန် ချောင်းကြ သော်လည်း ပုံကောင်း မရချေ။ ဘုန်းတော်ကြီးသည် သူ့မျက်နှာကို ဓာတ်ပုံ ကင်မရာ ရိုက်ကွင်းနှင့် လွတ် အောင် အမြဲသတိထားနေလေသည်။

ဝေဒနာပေါင်းစုံ လိုင်အင်ဆန္ဒပေါင်းစုံဖြင့် လာရောက်ကြသော လူအုပ်ကြီးကိုလည်းကောင်း၊ စေ့စေ့ စပ်စပ် မေးမြန်း တတ်သော တတင်းထောက်တွေကိုလည်းကောင်း၊ ဘုန်းတော်ကြီး ရှောင်တိမ်းရသော ဒုက္ခသည် မသေးငယ်ချေ။ ဘုန်းတော်ကြီးသည် ခရေပင်အုပ်စုအောက်မှာ မနေတော့ဘဲ မြစ်ကမ်းပါး အတွင်း ဘက် လှိုက်ပြီး ရေစားထားသော လိုဏ်ခေါင်းတစ်ခုအတွင်းမှာ ၀င်းအောင်းနေလေတော့ သည်။ ဤနေရာ ကိုကား ဘုန်းတော်ကြီးသည်သာ စွန့်စွန့်စားစားရောက်အောင် သွားနေသည်။ လမ်းဟူ၍မရှိ၊ အကယ်၍ ခြေချော် လက်ချော်ဖြစ်ပြီး ကျသွားပါကရေစီးကြမ်းသော မြစ်ငယ်အတွင်း သို့ မရှုမလှ လိမ့်ကျ သွားပေ မည်။ အချိန်မရွေး ပေါ်တတ်သော စုတ်ဝဲမှုတ်ဝဲနှင့် ပက်ပင်းတိုးနေပါက လူ့ဘ၀ကို မစွန့်စွာချင်ဘဲ စွန့်ခွာ ရပေမည်။

"ဒါလောက် သွားလာမရအောင် ခက်ခဲတဲ့နေရာမှာ သွးနေတယ်ဆိုတာ တန်းခိုးရှိလို့သာ သွားနေ နိုင် တာပေါ့၊ ဒီလိုပုဂ္ဂိုလ်မျိုး မဖူးရရင် မပြန်ဘူး"
ဟူသော ဝေဒနာပေါင်းစုံရှင် လိုအင်ဆန္ဒပေါင်းစုံရှင်တို့အသံ စုံထောက်တွေ ရဲတွေ၏ နားတွေ အတွင်းသို့ ဂယက်ရိုက် သွားလေတော့သည်။

လူတွေ တန်းတန်းစွဲ လိုက်လာရန်ခက်ခဲ့သည့် မြစ်ကမ်းပါး လိုဏ်ခေါင်းအတွင်းမှာ ခိုအောင်းနေ သော ဘုန်းတော်ကြီး၏ ဆွမ်းအဟာရမှီဝဲရေးကို ဦးချစ်မောင်တို့မိသားစုက မည်သို့ကြံရမှန်းမသိ ဖြစ်နေသည်။ လိုဏ်ခေါင်း ရှိရာကို မည်သူမျှ မသွားရဲကြ။ ဘုန်တော်ကြီး အောင်းနေသည်မှာ သုံးရက် တိုင်တိုင် ကြာ သွားပြီဖြစ်၏။ အရပ်လေးမျက်နှာမှ လိုင်အင်ဆန္ဒပေါင်းစုံဖြင့် ရောက်နေကြသော လူအုပ် ကြီးကား မပြန်ကြ သေးချေ။ စားသောက်ဖွယ်ရာစုံလင်အောင် ရောင်းချနေသော ဈေးတန်းကြီးမှ ထမင်းဟင်း ၀ယ်စားပြီး ဤမျှလောက် တန်ခိုးကြီးသော ကိုယ်တော်ကို မဖူးရလျှင် မပြန်ဟု ဇွဲကြီးကြီး ဖြင့် စောင့်နေ ကြလေသည်။

လေးရက်မြောက်သောနေက နံနက်စောစောတွင် ဘုန်းတော်ကြီးသည် ပရိက္ခရာရှစ်ပါးကို လွယ်လျက် ပင် ကမ်းနဖူး ပေါ် ပြန်တက်လာသည်။ စောင့်နေသော လူအုပ်ကြီးကား လှိုင်းထသကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ နံနက်စောစောတိုင်း နေ့စဉ်ဆွမ်းပွဲ အသင့်ပြင်ပြီး စောင့်နေသော ဦးချစ်မောင်တိုက မိသားစု က ၀မ်းမြောက်ရွှင်လန်းစွာဖြင့် ဆွမ်းဘုဉ်းပေးရန် လျှောက်ကြားကြ၏။ ဘုန်းတော်ကြီးက စကား တစ်ခွန်း မျှ ကိုသာ မိန့်တော်မူသည်။

"သပိတ်ထဲကိုသာ ဆွမ်းထည့်ပါ၊ ဟို......ကမ်းနဖူးက အင်ကြင်းပင် ကြီးအောက်မှာ စောင့်နေတယ် လို့ ရဲတွေ ဘာရင် ပြောလိုက်ပါ ဒကာကြီး"
ဆွမ်းထည့်ပြီးသော သပိတ်ကိုယူခါ ဆွမ်းဘုဉ်းပေးနေကျ မြစ်ကမ်းရေစပ်မှာ ထိုင်ခါ ဆွမ်းဘုဉ်းပေးနေ သော ဘုန်းတော်ကြီး ကို မြင်ရသူတို့စိတ်တွင် နေရဉ္စရာ မြစ်ကမ်းတွင် မြတ်စွာဘုရားသည် သုဇာတာ သူဌေးသမီး လှူသည့် ဂဏာနို့ဆွမ်းကို ဘုဉ်းပေးနေဟန် ပြန်လည်ထင်မြင်ကြ၍ ကြည်ညိုသဒ္ဓါစိတ် ပွားလာ ကြသည်။

ဦးချစ်မောင်နှင့်တကွ ရွာသူကြီးတွေ၏ နိုင်နင်းစွာ တေင်းပန်တားမြစ်ချက်ကြောင့် ဘုန်းတော်ကြိး ဆွမ်းစား နေသည် ကိုအနားကပ် နှောင့်ယှက်ခြင်းမပြုကြဘဲ ခပ်ဝေးဝေးကသာ စောင့်ဆိုင်းနေကြ သည်။ ဆွမ်းစား ပြီး၍ သပိတ်ကို မြစ်ရေဖြင့်ဆေးကြောခါ ကောင်းမွန်စွာပြန်လည် ယူဆောင်ပြီး အင်ကြင်းပင် ကြီး အောက်မှာ တစ်ပါးတည်း သွားထိုင်နေသောအခါ လူတွေရော သတင်းထောက် တွေပါ ရေလှိုင်းကြီး လိမ့် လာသကဲ့သို့ အင်ကြင်းပင်ရှိရာသို့ လိမ့်သွားကြသည်။ သတင်းထောက်တွေက ဓာတ်ပုံ ရိုက်ရန် ချိန်ကြသောအခါ ဘုန်းော်ကြီးက တောင်းပန်သည်။

    “ဓာတ်ပုံမရိုက်ကြပါနဲ့ ဒကာကြီးတို့… ခဏနေရင် ရဲအရာရှိနဲ့ ရဲတွေ ရောက်လာပါလိမ့်မယ်၊ အဲဒီ တော့ လူဆိုးလား လူကောင်းလား သိကြရမှာပေါ့…”
    “ရဲတွေ ရောက်လာမယ်ဆိုတာ ကိုယ်တော်က ဘယ်လိုကြောင့်သိလဲ…”
    သတင်းထောက်တွေအမေးကို ဘုန်းတော်ကြီးက မည်သို့မျှမဖြေ။ မျက်လွှာချကာ ဆိတ်ငြိမ်စွာ နေတော်မူသည်။
    “ကြိုတင်သိသလို ပြောထားတာ ဟုတ်မဟုတ် စောင့်ကြည့်ရမှာပေါ့…”
    “ရဲတွေလာမယ်ဆိုတာသိလို့သာ ကိန်းအောင်နေတဲ့ လိုဏ်ခေါင်းထဲက ထွက်လာတာနဲ့တူတယ်၊ တကယ် သာ ရဲတွေ ရောက်လာရင် တကယ့် တန်ခိုးရှိတဲ့ ကိုယ်တော်ဘဲ”
    “ဘုန်းတော်ကြီးသနားပါတယ် ဓာတ်ပုံမရိုက်ကြပါနဲ့…”

    အမျိုးမျိုးထင်မြင်ချက်ပေးခါ သတင်းထောက်တွေကို တောင်းပန်သူက တောင်းပန်ကြသည်။ သတင်းထောက် တွေ စိတ်ထဲက ဘုန်းတော်ကြီးောတင်းပန်စကားကြောင့် အားနာသလိုရှိသဖြင့် ရဲတွေ ရောက်မည်ဆိုခြင်းကို စောင့်ကြည့်ခါ အခြေအနေကို ကြည့်ပြီးမှ ဓာတ်ပုံရိုက်တော့မည်ဟု စီစဉ် ထားလိုက်ကြ၏။
    နံနက်ထမင်းစားပြီး အချိန်တွင်ကား ဘုန်းတော်ကြီး ကြိုတင်မိန့်ကြားထားသည့်အတိုင်းပင် ရဲအရာရှိ တစ်ယောက်၊ စုံထောက်အရာရှိ တစ်ယောက်၊ ရဲသားသုံးယောက်တို့ ကားတစ်စင်းဖြင့် ရောက်လာ ကြသည်။

    “ဟောဟို ကမ်းနဖူးကအင်ကြင်းပင်ကြီးအောက်မှာ ဘုန်းတော်ကြီးရှိပါတယ်၊ ရဲတွေလာရင် အင်ကြင်း ပင်အောက် က စောင့်နေပါတယ် ပြောပါလို့ ဘုန်းတော်ကြီးက ကြိုတင်မှာထားပါတယ်"
    ရောက်လာသော ရဲအရာရှိ ဦးချစ်မောင်က ဆီးကြို သတင်းပို့၏။
    "ကျွန်တော် တို့လာမယ်ဆိုတာ ဘုန်းတော်ကြီးကို ဘယ်သူကြိုတင်လျှောက်ထားလဲ၊ သတင်းကြိုတင် ရပြီး နေပြီပေါ့…"
    ရဲအရာရှိက ပြန်မေး၏။

    "ဘယ်သူမှ လာမပြောဘူး။ ဘယ်သူမှလဲ မသိဘူး။ လူတွေ နှောင့်ယှက်လွန်းအားကြီးလို့ ဘုန်းတော်ကြီးက ဘယ်သူ့မှအတွေ့မခံဘဲ မြစ်ကမ်းပါး လိုဏ်ခေါင်းထဲ အောင်းနေတာ သုံးရက်ရှိပြီ။ ဒီနေ့ မနက် ထွက်လာပြီး အခုတင်က ပြောသလို မှာကြားထားတာဘဲ ခင်ဗျား…"
    ဦးချစ်မောင်စကားကြောင့် ရဲအရာရှိ အံ့အားသင့်ဟန်ပေါ်သွားသည်။

    "ကဲ-ဘုန်းတော်ကြီးရှိရာ သွားရအောင်၊ ဦးကြီးပါ လိုက်ခဲ့ပါ.."
    ရဲအရာရှိက သက်သေအဖြစ် ဦးချစ်မောင်နှင့် ရွာလူကြီး လေးငါးယောက်ကို ခေါ်လာခဲ့ရာ ဒေါ်အုန်း မစပယ် တို့ သားအမိပါ လိုက်လာကြသည်။ ထူထပ်စွာ ၀ိုင်းရံနေသော လူများကို သင့်လျော်ရာ မှာ နေစေပြီး ရဲအရာရှိ၊ စုံထောက်အရာရှိနှင့် ဦးချစ်မောင် အပါအ၀င် လူကြီးများ ဒေါ်အုန်းနှငသ့် မစပယ်တို့သားအမိသာ ဘုန်းတော်ကြီးရှေ့ ၀င်ရောက် ဖူးမြောက်ကြသည်။ သတင်းထောက် တွေကား ရဲတွေ နှင့် အတူရှိနေကြ၏။

    အင်ကြင်းပင်ရင်းဝယ် ထက်ဝယ်ဖွဲ့ခွေထိုင်နေခါ မည်သူ့ကိုမှ မကြည့်ဘဲ မျက်လွှာချပြီး တည်ကြည် ငြိမ်သက်သော အိနြေ္ဒဖြင့် သီတင်းသုံးနေသော ဘုန်းတော်ကြီးအား စုံထောက်တွေနှင့် ရဲတွေက ကြည့်ကာ သိမ်မွေ့သောလေသံဖြင့် ရိုသေစွာပင် မေးမြန်းလျှောက်ထားသမျှကို ဘုန်းတော်ကြီးက အေးမြ တည်ငြိမ်သော လေသံဖြင့် ပြန်လည်ဖြေကြားတော်မူနေသည်ကို မစပယ်က စိတ်ဝင်းစားစွာ အာရုံစိုက် နားထောင် နေသည်။

    "တပည့်တော်တို့မှာ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရား ရှိတဲ့အလျောက် အရှင်ဘုရားရဲ့ ကိုယ်ရေး ရာဇ၀င် ကို မေးလျှောက်ရပါမယ်။ မှန်တဲ့အတိုင်း အမိန့်ရှိပါလို့ ကြိုတင်ပန်ကြား ပါတယ်ဘုရား"
    ရဲအရာရှိ က လျှောက်ထားသည် ဘုန်းတော်ကြီးက တည်ငြိမ်စွာပင် နေမြဲတိုင်းနေရာမှ ဦးခေါင်းကို မသိမသာ ညိတ်ပြသည်။
    "အရှင်ဘုရားဘွဲ့တော်နဲ့ ဘယ်အရပ်က ကြွလာတယ်၊ မိဘဆွေမျိုးဘယ်သူ၊ လူ့ဘ၀နာမည် ဘယ်သူ ဆိုတာ အမိန့်ရှိပါဘုရား"
    ဘုန်းတော်ကြီး သည် မသိမသာ သက်ပြင်းချ၏။ ထို့နောက် ပြန်လည်ဖြေကြားတော်မူသည်။

    "ရဟန်းဘွဲ့အမည်ကတော့ ဦးခေမာလို့ အမှတ်သညာပြုပါယ်။ ဦးဇင်းအနေနဲ့ လူသူကင်းရှင်း ဆိတ်ငြိမ်ရာ ကို ရှာခဲ့တာ အဆင်မပြေအောင် ဖြစ်နေရပါတယ်။ ဦးဇင်းရဲ့ ကိုယ်ရေးရာဇ၀င်ကို သိလိုတယ် ဆိုရင် ဟိုလွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က…မြို့မှာ မိန်းမချောအဖြစ် အသိအမှတ်ပြုခဲ့ရတဲ့ မေစန်းရီဆိုသူ အမျိုးသမီး တစ်ယောက် ရဲ့ အဆိတ်ဆေးသောက်ပြီး သူ့ကိုယ်သူ သတ်သေသွားတဲ့ သူ့ခင်ပွန်း နယ်ပိုင် ၀န်ထောက် ဦးခင်မောင်ဆိုသူကို ရဲဘက်က စုံးစမ်းစစ်ဆေးခဲ့သေးတယ်။ အဲဒီမှုခင်းက သတင်းစာထဲမှာ တော်တော် ကြီးကြီးကျယ်ကျယ် ပါခဲ့တာ ရဲအရာရှိများအနေနဲ့ သိပြီးဖြစ်ပါလိမ့်မယ်"

    "မှန်ပါ၊ တပည့်တော်တို့ အဲဒီအမှုအကြောင်း သတင်းစာထဲမှာ ဖတ်ရလို့ သတိထားခဲ့မိပါတယ် ဘုရား၊ တည့်တော်တို့ တာဝန်ယူရာ မြို့နယ်က မဟုတ်တော့ ကာယကံရှင် ပုဂ္ဂိုလ်တွေကိုတော့ မမြင်မတွေ့ ဘူးခဲ့ပါ ဘုရား"
    "နယ်ပိုင်ဝန်ထောက် ဦးခင်မောင်ဆိုတာ ဦးဇင်းပါဘဲ"
    ရဲအရာရှိတွေရော နားထောင်သူတွေပါ အံ့အားသင့်သွားကြသည်။ ရဲအရာရှိရော စုံထောက် အရာရှိပါ ဘုန်းတော်ကြီး အား ရိုသေရင်းစွဲအမူအရာပေါ်မှာ လေးစားမှုကပါ ထင်ဟပ်လာသည်။
    "တင်ပါ့၊ အမှုပြီးသွားတော့ ၀န်ထောက်မင်း အလုပ်က အပြီးထွက်သွားပြီး ရဟန်းဘောင် ၀င်သွားတယ် လို့တော့ သတင်းစာထဲမှာ တွေ့လိုက်ရပါတယ်။ သင်္ကန်းဝတ်ပြီး ဒီနေရာမှာ တစ်ခါထဲ လာနေတာပါလား ဘုရား"

    "သင်္ကန်းဝတ်ပြီး တောရကျောင်း ဆရာတော်ကြီး တစ်ပါးထံမှာ နည်းနာခံ တရားကျင့် ကမ္မဋ္ဌာန်း ထိုင်နေခဲ့တယ်။ နောက်လူတွေက အနှောင့်အယှက်သိပ်များတော့ အဲဒီတောရကျောင်းမှာ မနေချင်တာနဲ့ ရေလဲအဆင်ပြေ၊ ဆွမ်းခံရွာနဲ့လဲ အဆင်ပြေရာလိုက်ရာရင်း ဒီနေရာ ရောက်လာခဲ့တာပါ"
    "အရှင်ဘုရားသတင်း တည့်တော်တို့ ကြားနေခဲ့ရတာ အမှန်ပဲလားဘုရား"

    "ဘာသတင်းတွေလဲ"
    "ရောဂါမျိုးစုံပျောက်တယ်၊ သေသူအသက်ပြန်ရှင်တယ်ဆို တွေပါဘုရား"
    "ဦးဇင်း ဆေးမကုတတ်ပါဘူး၊ ဘာဆေးမှလဲ ဦးဇင်းမှာမရှိပါဘူး၊ သေသူပြန်ရှင်စေတယ်ဆိုတာ ဦးဇင်းအနေ နဲ့ ရှင်စေနုင်တဲ့ တန်ခိုးဣဒ္ဓိပါတ် လုံးဝမရှိပါဘူး"
    "ဒါဖြင့် အနာရှိသူ၊ မြွေကိုက်သူ၊ မြေမြှုပ်အံ့ဆဲဆဲ သူတွေကို ဘယ်လိုနည်းနဲ့ ချမ်းသာရာရစေပါသလဲဆို မိန့်ကြားပါ ဘုရား"

    "ဦးဇင်းအနေနဲ့ ကမ္မဋ္ဌာန်းတရားကို အလေးအမြတ် ကြိုးစားအားထုတ်ထားတော့ သမာဓိ အတော်အတန် ရင့်တယ်ဆိုပါတော့။ နောက်တစ်ချက်က မေတ္တာတရားကို အထူးပွားများတယ်၊ သစ္စာကို စောင့်စည်း တယ်။ အဲဒါကို အကြောင်းပြုပြီး အနာရှိသူတစ်ဦး မြွေခဲသူတစ်ဦးကို ချမ်းသာအောင် ကယ်လိုက် ဖူးတယ်။ အသုဘ ကမ္မဋ္ဌာန်းရှုမယ်လို့ အာရုံစိုက်လိုက်တဲ့အခါမှာ မာတုကာမတစ်ဦး အသက်မသေ သေးဘဲ သတိလစ် နစ်မြောနေတာကို အာရုံမှာ လာထင်လိုက်တဲ့အတွက် မသေဆုံး သင့်တာ မသေပါစေနဲ့လို့ ကရုဏာထားပြီး သတိပေး ပြောကြားလိုက်ဖူးတယ်။ ဒါပါပဲ ဦးဇင်းမှာ ဘာဆေး၊ ဘာတန်ခိုးဣဒ္ဓိပါတ်မှ မရှိပါဘူး"

    "အခု အုန်ကြီးဖွဲ့ပြီးရောက်နေတဲ့ ဝေဒနာရှင်တွေကို ဘာကြောင့် မကယ်ပါသလဲဘုရား"
    "ဦးဇင်းပြောခဲ့ပြီလေ ဆေးဆရာမဟုတ်ဘူး၊ ဆေးမကုတတ်ဘူးလို့။ ဦးဇင်းတရားအားထုတ်နေတာက ဧည့်ပရိတ်သတ် လာဘ်လာဘပေါများအောင် ဝေဒနာရှင်တွေ ဆေးကုမယ့် ရည်ရွယ်ချက် လုံးဝမရှိခဲ့ဘူး။ ဦးဇင်း ဘ၀ဇာတ်ကြောင်းကို ရဲအရာရှိများ သိသင့်သလောက် သိခဲ့ကြပြီးမဟုတ်လား။ အပူသောက ကင်းဝေး အေးငြိမ်းအောင်၊ သံသရာ ၀ဋ်ဆင်းရဲက လွတ်ကင်းအောင်သာရည်ရွယ်ပါတယ်။ ဦးဇင်းနဲ့ ကုသိုလ် ကံ တိုင်ဆိုင်လို့ မျက်စိရှေ့မှာ ကြုံကြိုက်လာတဲ့ တစ်ဦးတလေမျှလောက်ကို အနန္တောအနန္တ တန်ခိုးတော် များအားဖြင့် ဘုရားကုသဘောမျိုး ချမ်းသာရာရသွားတာပါ။ ဒီလူအုပ်ကြီး နှောင့်ယှက်နေလို့ ဦးဇင်း အဖို့ ကမ္မဋ္ဌာန်း အရေးမှာ နှောင့်နှေးမှာ အများကြီးစိုးရိမ်မိပါတယ်"

    ဦးခေမာက အေးဆေးတည်ငြိမ်သောအသံဖြင့် မိန့်ကြားသည်ကို နားထောင်ကြရသော စုံထောက်များ နှင့် ရဲများလည်းကောင်း၊ ဦးချစ်မောင်အပါအ၀င် ရွာလူကြီးများကလည်းကောင်း ဘုန်းတော်ကြီးအား သနား အားနာခြင်း၊ ကြည်ညိုမြတ်နိုးခြင်း ဖြစ်လာကြရသည်။

    မစပယ်သည် ဦးခေမာ၏ ယောကျာ်းပီသ၊ ကျက်သရေရှိလှသော မျက်နှာတော်ကို စူးစိုက်ကြည့် နေမိသည်။ ရဲအရာရှိနဲ့ ပြောစကားအရဆိုရင် ရဟန်းတော်အသက်ဟာ သုါံ်ဆယ်လောက်တော့ ရှိနေပြီ။ တစ်နှစ် နှစ် နှစ်တောင် ကျော်မလားမသိဘူး။ ရုပ်ရည်ဟာ သိပ်နုပျိုတာဘဲ အလှအပ ပြုပြင်မှုကို ပစ်ပယ် ထားတာတောင် ဒီလောက်နုပျို ကျက်သရေရှိနေတာ နယ်ပိုင်ဝန်ထောက် ဘ၀မှာဆို ဘယ်လောက်ကြည့် ကောင်းအောင် လှနေမလဲ မသိဘူးနော်ဟု စိတ်ထဲက တွေးရင်း မစန်းရီဆိုက ဘာကြောင့် အဖိုးတန်တဲ့ လင်ယောက်ျား ကို သေကွဲခွဲသွားပါသလဲဟူသော အချက်ကို အလွန်အမင်း သိချင်လာသည်။ ဦးခေမာ ဟူသည် သူ၏ သစ္စာ၊ မေတ္တာ သမာဓိစွမ်းအားဖြင့် ရဲတွရောက်လာမည်ကို ကြိုတင်ထင်မြင်သောကြောင့် သုံးရက် တိုင်တိုင် အောင်းနေခဲ့သော လိုဏ်ခေါင်းထဲမှ ထွက်ခါ ပြောဆိုမှာကြားထားခြင်း ဖြစ်ကြောင်း မစပယ် သဘောပေါက်လေသည်။ ထိုအခါ ဦးခေမာကို အတိုင်းထက်အလွန် ကြည်ညိုခြင်းက ဖြစ်ပေါ် လာလေသည်။

    ဦးခေမာတွင် အရေးယူရမည့်ပြစ်မှု တစ်စွန်းတစ်စမှ မရှိသောကြောင့် စုံထောက်နှင့် ရဲများ စိတ်ကျေနပ်စွာ ပြန်သွားကြလေသည်။ ချက်ကောင်းကို ချောင်းနေသော သတင်းထောက်များက ဦးခေမာ ၏ ပုံကို ကောင်းစွာ ရိုက်ကူးမိကြလေသည်။ အရပ်လေးမျက်နှာမှ စုဝေးရောက်ရှိလာသော  လူအုပ်ကြီး ကား လောကီရေးရာ ဆေးဝါးဗေဒင်ကိစ္စကို ဦးခေမာ လုံးဝ မသိမကျွမ်းဘဲ မည်သူ့ကိုမှ လက်ခံ မေးမြန်း ပြောဆိုခြင်း မရှိသည့်အပြင် သူ့အနားကို မည်သူမှ မလာနိုင်သည့်နေရာဖြစ်သော မြစ်ကမ်းပါး လိုဏ်ခေါင်း ထဲမှာသာ အောင်းတော့သည်ဖြစ်ရာ စိတ်ပျက် သက်လျော့ခြင်း၊ မကျေနပ်ခြင်း၊ ခွင့်လွှတ်ခြင်း စသည့် စိတ်ထားအမျိုးမျိုးဖြင့် တဖြည်းဖြည်း ပြန်လည်ထွက်ခွာသွားကြသည်။ ခရေပင်အုပ် ပတ်ဝန်းကျင် ကား ဆိတ်ငြိမ်မြဲ ပြန်လည် ဆိတ်ငြိမ်သွားလေသည်။ ဦးခေမာသည် မူလ သူ့တဲကျောင်းကလေးမှာပင် ပြန်လည် သီတင်းသုံး တရားထိုင်နေလေသည်။ လူအုပ်ကြီး ခရေပင် ပတ်ဝန်းကျင်မှ ဖဲခွာသွားပြီး မကြာမီ ရုပ်ရည် သန့်ပြန့်သော အဘိုးကြီးတစ်ယောက် မြစ်သီတာရွာသို့ ရောက်လာလေသည်။ မြစ်သီတာ ရွာထိပ် မစပယ်တို့အိမ်သို့ ၀င်လာပြီး ရဟန်းတော် ဦးခေမာ သီတင်းသုံးရာကို စုံစမ်းမေးမြန်းလေသည်။

    "နောင်ကြီးက ဘယ်ကလာတာလဲ၊ ဦးခေမာနဲ့ ဘယ်လိုပတ်သက်ပါသလဲ"
    ဦးချစ်မောင် က မေး၏။
    "ကျုပ်နာမည် မောင်ဘိုးညွန့်လို့ ခေါ်တယ်။ ၀န်ထောက်မင်း လူပျိုဘ၀က သူ့တပည့်ကြီးအဖြစ် ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေခဲ့တာပေါ့။ ၀န်ထောက်မင်းကို ကျုပ်ပဲ ချက်ပြုတ်ကျွေးလာခဲ့ရတာ။ တစ်သက်လုံး ရဟန်းဘောင်မှာ နေတော့မယ်လို့ ရှသမျှပစ္စည်း ကျုပ်ကို အပိုင်ပေးခဲ့ပြီး ထွက်သွား လိုက်တာ ဘယ်ရောက်နေမှန်းမသိခဲ့ဘူး။ ဟိုတလောကမှ သတင်းစာတွေမှာ သူ့ဓာတ်ပုံရော၊ ဒီရွာနား ရောက်နေ တာရော ပါလာမှ သိရလို့ အခုတွေ့ချင်တာနဲ့ လိုက်လာခဲ့တာပဲ ကိုရင်" ဦးဘိုးညွန့်ဆိုသော အဘိုးကြီး က စုံစေ့စွာ ပြောပြ၏။

ဆက်ရန်
.

3 comments:

ယု said...

ဖတ်သွားပာသည်။ :-)x

Anonymous said...

Thanks.

Ray

မေဓာဝီ said...

လတ်စသတ်တော့ ဘုန်းတော်ကြီးက ငယ်ဖြူ မဟုတ်ဘဲကိုး။ တောထွက်ဘုန်းကြီးပေမဲ့ သီလ သမာဓိ တန်ခိုးကြောင့် ခုလို အစွမ်းထက်နေတာပေါ့။
ဘိလပ်မှာလဲ ဦးခေမာ တပါး ရောက်နေတယ်။ ဒီဦးခေမာလို တန်ခိုးရှိမရှိတော့မသိဘူး။ :)