''မင်းအတွက် လုပ်စရာ အလုပ်တစ်ခု ပေါ်လာလို့ ခေါ်တာပဲ ဘသိန်း၊ ထိုင်ဦး''
ယခင်က ပြောဆိုဆက်ဆံနေကျ လေသံအတိုင်း ဒေါ်ခင်အေးက အမှတ်မထင် ပြောလိုက်ငြားလည်း မုန်းလျှင် အပြစ် ဆိုသောစကားကဲ့သို့ မုန်းစိတ်ဝင်နေပြီဖြစ်သော ဘသိန်းအဖို့ ဒေါ်ခင်အေး၏ လေသံကို ဦးသန်းမောင်ရှေ့မှာ ခံပြင်းလှလေသည်။
''ခင်ဗျား ခွင့်ပေးမှ ထိုင်ဝံ့တာမဟုတ်ဘူး၊ ကျုပ် မထိုက်ချင်လို့ မထိုင်တာ၊ ခင်ဗျားပြောတဲ့ လုပ်စရာအလုပ်ဆိုတာ ဘာလဲ''
ဘသိန်းက မာကျောကျောလေသံဖြင့် ဘုကျကျပြောလိုက်ရာ ဒေါ်ခင်အေးနှင့် ရိုစလင်းမှာ အံ့အားသင့် သွားမိသည်။ ဦးသန်းမောင်သည် စိတ်ထဲက ချဉ်နေသော ဘသိန်းအား ဒေါသဖြစ်လာသဖြင်…
''ခင်ဗျား စကားကောင်းကောင်းပြောပါဗျ၊ ဘာဖြစ်လိုက ဘုတောနေရတာလဲ.. ''ဟု ၀င်ပြောလိုက်၏။
''ဒီမှာ.. အခု ကျုပ် မခင်အေးနဲ့ စကားပြောနေတယ်၊ ခင်ဗျားနဲ့ပြောတာမဟုတ်ဘူး၊ တစ်ခွန်းမှ ၀င်မစွက် ပါနဲ့''
ဘသိန်းက ခါးထောက်ထားပြီး ဦးသန်းမောင်အား အစိမ်း ၀ါးစားတော့မည့် မျက်လုံးများဖြင့် ကြည့်လိုက် ၏။ ဦးသန်းမောင်နှင့် ပေါင်ချင်းထိပြီး ထိုင်နေသော ဒေါ်ခင်အေးက ဦးသန်းမောင်၏ပေါင်ကို လက်နှင့် ပုတ်ပြီး ဆိတ်ဆိတ်နေရန် ပြန်မပြောတော့ချေ။ တစ်ဘက်တွင် ထိုင်နေသော ရိုစလင်းဘက် မျက်နှာ လှည့် လိုက်သည်။
''နေကောင်းရဲ့လား ရိုစလင်း…''ဟု မေးရင်း ရိုစလင်း၏ နဖူးပေါ်တွင် ကပိုကရိုကျနေသော ဆံပင်ခွေနု နုကလေးများကို လက်ဖြင့်သပ်တ်ပေးလိုက်၏။ ရိုစလင်းကား ဆိုဖာနောက်မီပေါ်သို့ ခေါင်းကိုးမှေးတင် ကာ ငြိမ်နေသည်။ ဦးသန်းမောင်၏ မေးမြန်းယုယမှုမှာ သာယာနှစ်သိမ့်နေသည်ကား မဟုတ်၊ မနေ့ ညနေ က ရွှေဂုလေးဘုရား အနောက်ဘက်တောတန်းမှာ ဖြစ်ခဲ့ရသည့်အဖြစ်နှင့် ညက ထင်ထင် ရှားရှား တွေ့မြင်လိုက်ရသော မယ်တင်၏ ပုံသဏ္ဍာန်ကို ထွေးလုံးရစ်ပတ် ပြန်လည်ထင်မြင်ကာ မည်သူ့ကိုမှ ဂရုမထားမိဘဲ ငြိမ်နေခြင်းဖြစ်သည်။
ဦးသန်းမောင်အား တစ်ဘက်က ပေါင်ချင်းထိထိုင်နေသော ဒေါ်ခင်အေးနှင့် တစ်ဘက်က သူ့အတွေး နှင့်သူ ငြိမ်နေသော ရိုစလင်းတို့ သုံးယောက်အား စူးစူးစိုက်စိုက်ကြည့်ရင်း ဘသိန်း၏နားထဲတွင်-
''သူတို့ကို အများကြီး ကျေးဇူးပြုနေတဲ့ ဦးလေးကို နှိမ်ထားပြီး ဦးသန်းမောင်ကိုသာ မြှောက်စားနေ တယ်…
''တကယ်ဆိုရင် သာမယားမရှိ၊ ယောင်္ကျားပီပီ ခန့်ညားတဲ့ ဦးလေးနဲ့သာ ဒေါ်ခင်အေးတွဲရင် သိပ်ကြည့် ကောင်းမှာ..
''ဒေါ်ခင်အေးက ဦးလေးကို သူ မတွဲနိုင်ရင် ကျေနပ်မှုရှိအောင် ရိုစလင်းနဲ့ လက်ဆက်ပေးဖို့မကောင်း ဘူးလား.. ''
''ဦးလေးက ပညာမတတ်၊ သူတို့ အခိုင်းအစေခံ သက်သက်လို့ သဘောထားပြီး သူ့သမီးနဲ့ မတန်ဘူးထင်လို့.. ''
ဟူသော တူချစ်ကလေး မောင်အောင်လွင်၏ စကားများကို နားထဲမှာ ပြန်လည်ကြားယောင်လာသည်။ ထိုစကားများ ဟုတ်မှန်ကြောင်းကိုလည်း ယမန်နေ့ညက ဦးလေးချစ်အတွက် သစ္စာစောင့်သိပြီး လက်ဖျား နှင့်ပင် မထိခဲ့သော ဇနီးချေအား ပွေ့ပိုက်ရန် တူချစ်ကလေး မောင်အောင်လွင်က အခွင့်အ ရေး ပေးပါလျက် နှင့် ရှက်အမ်းအမ်း ဖြစ်ခဲ့ရသည့် မိမိအဖြစ်ကို မေ့ပျောက်၍မရချေ။ ဘသိန်းသည် အံကြိတ် လိုက်မိ၏။
''မင်း ထိုင်တာ မထိုင်တာ အရေးမကြီင်္းပါဘူး.. ငါခိုင်းတာသာ လုပ်စမ်း''
ဂရုမစိုက်ပြောလိုက်သော ဒေါ်ခင်အေး၏ စကားသည် ဘသိန်းအား မီလောင်ရာလေပင့် ပေးလိုက်သ ကဲ့သို့ ဖြစ်သွားသည်။
''ဘာလုပ်ပေးရမှာလဲ''
''ဟို.. မင်းစေသား လူပါးဝလွန်းလို့၊ ငါ့သမီးကို ဒူးထောက်ဖက်ပြီး ပြုစုယုယအောင် မင်း ခပ်မြက်မြက်ကလေး နှိပ်လိုက်စမ်းကွယ်''
ကိုယ့်ဘက်က ယူစရာမရအောင် ဖြစ်နေသော ချို့ယွင်းချက်များကို လားလားမျှ သတိမမူ၊ အပြစ်ကင်း စင်သောသူ၏ ကြင်နာယုယမှုကို ခြိမ်းခြောက်သောနည်းဖြင့် အရယူလိုသော ဒေါ်ခင်အေးက.. ဘသိန်း အား အမိန့်တော်မြတ် ချမှတ်လိုက်သည်။
''ခင်ဗျားခိုင်းတာ ကျုပ်လုပ်ချင်လုပ်မယ်၊ မလုပ်ချင်နေမယ်၊ သြဇာအာဏာတွေ အမိန့်တွေမပေးနဲ့၊ အခုလောလောဆယ် ပြဿနာက မောင်အောင်လွင်ကိစ္စ မဟုတ်ဘူး မခင်အေး၊ ခင်ဗျားနဲ့ ကျုပ် စာရင်းရှင်းဖို့လိုတယ်''
လက်စွဲတော်အဖြစ်ဖြင့် ငွေနှင့်အောင်ပေးပြီး လက်သပ်မွေးလာသော အချိန်ကစ၍ ပေးသမျှတာဝန်ကို ဦးလည် မသုန် ဆောင်ရွက်ခဲ့သော ဘသိန်း၏နှုတ်မှ မမျှောလင့်သော တော်လှန်ဖီဆန်သည့် စကားများကို ကြားလိုက် ရသော ဒေါ်ခင်အေးမှာ အကြီးအကျယ် အံ့အားသင့်သွားလေသည်။
''ဘာ..ဘာ.. မင်း ဘာစကားပြောလိုက်တာလဲ ဘသိန်း.. ''
''ဗမာစကားနဲ့ ပြောနေတာလေ..ခင်ဗျားနဲ့ ကျုပ်နဲ့ စာရင်းရှင်းမယ်လို့''
''ဘာစာရင်းလဲ.. ပြောစမ်း'' ပေါက်ကွဲထွက်လာသောအသံဖြင့် ဒေါ်ခင်အေးက မေးလိုက်၏။
''ခင်ဗျား ဦးတိုးခိုင်ဆီက ရလိုက်သမျှ ပစ္စည်းတွေကို အတိအကျ စာရင်းပြ၊ သုံးပုံ ညီတူညီမျှခွဲ၊ ကျုပ်ရ သင့် ရထိုက်တဲ့ ပုံကိုပေး၊ ကျုပ်ဒီအိမ်က မြန်မြန်ခွာရင် ခင်ဗျားတို့အတွက်ရော၊ ကျုပ်အတွက်ရော ကောင်းမယ်.. ''
ဘသိန်းက ပိုင်စိုးပိုင်နင်း ပြောလိုက်သည်တွင် စပြီး စကားပြောချိန်မှစ၍ မာရောကျောရောနိုင်လှသော ဘသိန်းလေသံကြောင့် စိတ်ထဲက မျက်နေသော ဒေါ်ခင်အေးမှာ ဒေါသအိုး ပေါက်ကွဲလာလေသည်။
''မင်းစကားပြောတာ လူပါးဝလှချေလား ဘသိန်း၊ မင်းနဲ့ ဘဆိုင်လို့ ပစ္စည်းစားရင်းပြပြီး ပေးရမှာလဲ၊ မင်းဒီအိမ်မှာမနေချင်ရင် အခုဆင်း၊ ငါက လျော့ပေးလိမ့်မယ်လို့တော့ မထင်နဲ့၊ ဟင်း-ငါးမွေးတဲ့ မျောက်က ငါ့ပြန်ချောက်လို့ ဘာရမလဲ''
ဒေါ်ခင်အေးက ထိုင်ရာမှ ဗြုန်းခနဲ မတ်တတ်ရပ်လိုက်ကာ ခါးခါးသီး ပြောလိုက်၏။
''အားလုံးအတွက် မြွေမသေ တုတ်မကျိုး ဖြစ်ရအောင် ပြောနေတာ မခင်အေး၊ ခင်ဗျားကို ပြန်ခြောက် လို့ မရဘူးလို့ ထင်နေတယ်ပေါ့လေ''
မခန့်လေးစားအသံဖြင့် ဘသိန်းက ကျားပြုံးပြုံးပြီး ပြောလိုက်၏။
''ဟေ့ကောင် မင်း ဘယ်သူက မြှောက်ပေးနေလို့ ဒါလောက် လူပါးဝနေတာလဲကွ''
ဦးသန်းမောင်က ဒေါသကြီးစွာဖြင့် လက်သီးဆုပ်ရင်း ထိုင်ရာမှ ထလိုက်သည်။
''သူများမြှောက်ပေးလို့ မြောက်ရအောင် ကျုပ်က ခွေးလား၊ ကလေးလား၊ ဟိုတုန်းက ခင်ဗျားတို့ခိုင်း သမျှ နွားလိုလုပ်လာခဲ့ပေမယ့် အခု ဘသိန်း လူစိတ်ဝင်နေပြီ နားလည်လား၊ ဟေ့လူ ရှေ့မတိုးနဲ့နော်''
ဘသိန်းကပြောရင်း လက်သီးဆုပ်ကာ ရှေ့တိုးလာသော ဦးသန်းမောင်အား ဟန့်လိုက်၏။
''တိုးတော့ ဘာဖြစ်လဲကွ၊ မင်းက ဘယ်လောက်မိုက်လဲ''
ပြောရင်းဆိုရင်း ဦးသန်းမောင်က ရှေ့တိုးရန် ဟန်ပြင်လိုက်လျှင်-
''အို..ကိုသန်းမောင် ဒီလို ကြေးစားလူမိုက်မျိုးနဲ့ ဘတ်မဖြစ်ချင်စမ်းပါနဲ့၊ ဒင်းအစွမ်း ဘယ်လောက်ရှိလို့ လဲ၊ အေး တစ်ယောက်ထဲနိုင်အောင် အုပ်နိုင်ပါတယ်''
ဒေါ်ခင်အေးက ဘသိန်းလို လူတစ်ယောက်အား လုံးဝ အရေးမစိုက်ဟန်ဖြင့် ပြောပြပြီး ဦးသန်းမောင် အား ဆွဲထားလိုက်သည်။
''သြော် ခင်ဗျားက ကျုပ်ကို နိုင်အောင်အုပ်မယ်၊ ကဲ-ဆိုစမ်း ဘယ်လိုနည်းနဲ့ အုပ်မှာလဲ''
ဘသိန်းက နောက်သို့ ခြေသုံးလှမ်းမျှဆုတ်ပြီး မေးလိုက်၏။
''မင်းက နောင်ဆုတ်သွားတာ ကြောက်သလားကွဲ့၊ ဟဲ..ဟဲ..ဟဲ.. မင်း ကြေးတန်းစားအဖြစ်နဲ့ မိန်းမမှုပွေနေတဲ့ ပွဲစားသားကို ချောင်းသတ်ခဲ့တာ ငါ သိတာပေါ့ ဘသိန်း၊ ခင်အေးကို မစနဲ့နော်''
ဒေါ်ခင်အေးက အောင်ပွဲရ စစ်သူကြီးဟန်မျိုးဖြင့် လှောင်ရယ်ကလေး ရယ်ပြီး ပြောလိုက်၏။ ဘသိန်း၏ မျက်နှာကြီးမှာ နီရဲလာလေသည်။ ဒေါ်ခင်အေးအား ဘသိန်း ကိုင်လိုက်သောကြိုးမှာ မခိုင်မြဲသော ရှုံးဘက် က ဖြစ်ပြီး၊ ဒေါ်ခင်အေးက ပြန်ကိုင်လိုက်သောကြိုးမှာ နိုင်ဘက်က ဖြစ်နေသည်။ ဘသိန်းသည် သူ့နောက်ကျော တည့်တည့် ခါးကြားထဲတွင် ထိုးယူလားသော ခြောက်လုံးပြူးသေနတ်ကို လျှပ်ပြက် သကဲ့ သို့ လျင်မြန်စွာ ဆွဲယူလိုက်၏။
''ဟုတ်တယ်.. ကျုပ် ကြေးတန်းစားလူမိုက်၊ လူသတ်သမား ဒါကြောင့် အကြာင်းမထူတဲ့အတူ သတ် တယ်ကွာ သတ်တယ်ကွာ…''
ဦးသန်းမောင်နှင့် ဒေါ်ခင်းအေးတို့ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။ ဘသိန်းက ပြောလည်းပြော၊ ပစ်လည်းပစ်လိုက်သော သေနတ်သံများအောက်ဝယ် ပုံလျက်လဲကျသွားကြလေသည်။
''အောင်မယ်လေး.. လာကြပါဦး.. ဘသိန်း လူသတ်နေတယ်''
တစ်ချိန်လုံးငြိမ်နေသော ရိုစလင်းက အော်လည်းအော် ထလည်းပြေးသည်တွင် ဘသိန်း၏ သေနတ်မှ နောက်ဆက်တွဲ ထွက်လာသော သေနတ်သံတစ်ချက်သည် ရိုစလင်းဘက်သို့ ဦးလှည့်သွားလေသည်။
''ဟေ့..မင်းတို့နဲ့မဆိုင်ဘူး၊ ပြန်သွား''
ကျားဟိန်းသလို ပြောလိုက်သော ဘသိန်းကြောင့် ကြောက်လန့်တကြား ပြေးထွက်လာသော အာမက်တို့ လင်မယားနှင့် စာပွဲထိုးကုလားသည် နောက်ဖေးဆောင်သို့ ပြန်ဝင်ပြေးကြလေတော့ သည်။။ အာမက်တို့ လူသိုက်ဘက်သို့ ဘသိန်း လှည့်ပြောနေစဉ်မှာ ဦးသန်းမောင်သည် ဒဏ်ရာဖြင့် မချိမဆန့် ဖြစ်နေသည့်ကြားမှ အားခဲပြီး ဘောင်းဘီအိတ်ထဲမှ သေနတ်ကိုဆွဲထုတ်ကာ ဘသိန်းအား ပစ်လိုက်ပြန်လေ၏။
တပည့်များအား သင်္ချာတစ်ပုဒ်တွက်ရန် ပေးထားပြီး စားပွဲတွင် မေးတင်ကာ ငေးနေမိသော မောင်အောင်လွင် ၏ စိတ်သည် ကြည်လင်မှုကင်းမဲ့နေလေသည်။ အာမက်လည်းတွေ့သည်။ မိမိ ကိုယ်တိုင် လည်း တွေ့သည်။ ရိုစလင်းလည်း ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ''ခိုင်တစ်ယောက် သူ့ဘ၀ မှာ မရှိရှာတော့ချေ'' ဟု မောင်အောင်လွင် တထစ်ချမှတ်ယူလိုက်လေသည်။
''သြော်.. ခိုင်-ခိုင် ကံဆိုးရှာလေခြင်း၊ ဘ၀ခြားနေပေမယ့် အစ်ကိုမိန်းမယူရတာ စိမ်းကားတယ်ထင်ပြီး ကိုယ်ယောင် လာပြနေတာလား၊ ခိုင်သာ နားထောင်နိုင်မယ်ဆိုရင် အစ်ကို့ရင်ထဲမှာ အသည်းကြွေမ တတ်ခံစား နေရတဲ့ စိတ်ဆင်းရဲမှုတွေကို ဇာတ်စုံခင်းပြလိုက်ချင်ပါဘိ ခိုင်ရယ်''
စိတ်ပျံ့လွင့်စွာ တွေးနေသော မောင်အောင်လွင်သည် စာသင်ခန်းအ၀မှာ သုတ်သုတ်ပျာပျာ ရောက် လာသော ဦးအုန်းဖေအား မြင်လိုက်ရသဖြင့် မည်သို့သောအကြောင်းများ ထူလေသနည်းဟု တွေးရင်း စာသင်ခန်းအ၀သို့ လာခဲ့သည်။
''မောင်အောင်လွင် ဟိုမှာ တစ်အိမ်လုံး သေကုန်ကြပြီကွ.. ''ဟု ဦးအုန်းဖေက အရင်းအဖျားမရှိ ပြော လိုက်၏။
''ဘာ..ဘယ်သူတွေ သေတာလဲ ဦးလေးကြီး''
မောင်အောင်လွင်က သိလိုစိတ်ဖြင့် မေးလိုက်၏။
''မင်းမယားရော၊ မင်းယောက္ခမရော၊ ဦးသန်းမောင်ရော ဘသိန်းက ပြစ်သတ်တယ်လေကွယ်၊ ဘသိန်း ကိုလဲ ဦးသန်းမောင်က ပြန်ပစ်တယ်။ ဘာဖြစ်ကြမှန်းတော့ ငါ မသိဘူး၊ အဲဒါ ရဲဌာနကို အာမက် ပြေး ပြောလို့ အားလုံး ဆေးရုံကို ခေါ်သွားပြီး၊ မင်းကို ငါ လာအကြောင်းကြားတာ''
''သြော်..ဖြစ်မှ ဖြစ်ရပလေ၊ အားလုံး သေတာပဲလား'' မောင်အောင်လွင်က သတင်းထူးတစ်ခု ကြားသူ တစ်ယောက် ၏ အမူအရာဖြင့် မေးလိုက်၏။ မောင်အောင်လွင် ပျာပျာသလဲ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော ဦးအုန်းဖေ ပင် အံ့သြသွားမိသည်။
''ခဏနေဦး ဦးလေးကြီး''
ထိုသို့ပြောပြီး မောင်အောင်လွင်သည် စာသင်ခန်းထဲ ပြန်ဝင်သွားသည်။ သူ့စာရွက်စာတမ်း စာအုပ် များ ကို သိမ်းဆည်းပြီး ကျောင်းအုပ်ဆရာကြီးထံသွားပြီး ခွင့်တောင်းလေသည်။
''ကဲ..လာ ဦးလေးကြီး၊ ၀တ္တရားရှိတဲ့အတိုင်း ဆေးရုံတော့ လိုက်သွားဦးမှ.. ''
ဦးအုန်းဖေ သည် တည်ငြိမ်လှသော မောင်အောင်လွင်အား အကဲမခတ်တတ်နိုင်အောင်ပင်ဖြစ်ရင်း ဘေးချင်းယှဉ်ပြီး လျှောက်လာခဲ့သည်။
''ခြေကျင်ပဲသွားမလား.. '' ဟု ဦးအုန်းဖေက မောင်အောင်လွင်အား လှည့်ကြည့်ပြီး မေးလိုက်၏။
''သြော်..ဦးလေးနှယ်၊ ကျွန်တော်က တစ်သက်လုံး ခြေကျင်သွားနေတာများ၊ အဲလေ-ကျောင်းဝင်းအ လွန် လမ်းထိပ်မှာ ဆိုက်ကားတွေရှိတတ်ပါတယ်၊ မြန်မြန်ရောက်အောင် ဆိုက်ကားနဲ့ သွားတာပေါ့''
မောင်အောင်လွင်က ရယ်မလိုလို ငိုမလိုလို လေသံဖြင့်ပြောပြီး-
''ဒါထက် ကျွန်တော် သိချင်တာက ဘသိန်း အခြေအနေပဲ၊ သူ့အသက် မျှော်လင့်ချက်များရှိသေးလား ဦးလေးကြီး'' ဟု မေးလိုက်၏။
''ငါလဲ သေသေချာချာ မကြည့်ဝံ့ဘူးလေကွယ်၊ နောက်ပြီး လူသတ်မှုကြီးဆိုတော့ ခြေရာလက်ရာပျက် ရင် အမှုပတ် နေမှာစိုးလို့ အနားကပ်ဝံ့ဘူးကွ၊ ရဲဌာနနဲ့ ဆေးရုံက လူတွေလဲရောက်၊ ငါလဲ မင်းဆီ ပြေးလာခဲ့တာပဲ''
မောင်အောင်လွင်သည် တစ်စုံတစ်ရာသောအကြောင်းကို စဉ်းစားစိုးရိမ်နေဘိသကဲ့သို့ တိတ်ဆိတ်စွာ လျှောက်လာ ခဲ့ရာမှ-
''သတ်ကြ သေကြတဲ့ အခြေအနေမျိုး ရောက်တဲ့အထိတော့ မရည်ရွယ်ခဲပါဘူး၊ ဘသိန်းကြီး လွန်သွားပြီထင်တယ်.. ''
ဟု သူ့တစ်ကိုယ်တည်း ရှိနေသကဲ့သို့ လွှတ်ခနဲပြောလိုက်သည်။
''ဘာလဲကွ မောင်အောင်လွင်၊ ဒီဇာတ်ရှုပ်ကြီးထဲမှာ မင်း ပါနေသလား''
ဦးအုန်းဖေက အံ့အားသင့်စွာ မေးလိုက်မှ မောင်အောင်လွင်သည် ဦးအုန်းဖေအား လှည့်ကြည့်လိုက်၏။
''လမ်းမှာ သွားရင်းလာရင်း ပြောလို့မကောင်းပါဘူး ဦးလေးကြီးရယ်၊ နောက်မှ ကျွန်တော် အေးအေး ဆေးဆေး ပြောပြပါမယ်၊ ဟောဟိုမှာ ဆိုက်ကားလွတ်တစ်စီး.. ''
မောင်အောင်လွင်က စကားဖြတ်ပြီး ဆိုက်ကားကို ပြလိုက်သဖြင့် ဦးအုန်းဖေက အော်ခေါ်လိုက်၏။
ဆေးရုံကြီးတွင် လူတွေ စုရုံးစုရုံး ဖြစ်နေကြသည်။ တစ်မြို့လုံး မသိသူမရှိသလောက် နာမည်ကြီး မျက်နှာကြီး ဂုဏ်ကြီးရှင်များဖြစ်၍ သိကျွမ်းသူရော၊ မသိကျွမ်းသူရော၊ သတင်းထောက်များပါ စည်ကားလွန်းလှသည်။
''ကျွန်တော် အခုပဲ ကျောင်းကို လိုက်လာမလို့ပါ ဆရာ၊ ဆေးရုံကားတစ်စင်းထဲနဲ့ မဆန့်လို့ ဆရာကတော် ကို အိမ်ကကားနဲ့ ပို့ရပါတယ်၊ ကူရှင်ပေါ်က သွေးတွေပေနေတာ သုတ်နေရလို့ပါ''
မည်သည့် အခါမှ ကားအနားကို သီခွင့်မရခဲ့၊ မသိခဲ့၍ မောင်အောင်လွင်အား အရေးမစိုက်ခဲ့သော သူဌေး မကြီး ဒေါ်ခင်အေး၏ ကားဒရိုင်ဘာက ထူထူခြားခြား ရိုသေလေးစားစွာဖြင့် ဆိုက်ကားပေါ်မှ ဆင်းလာ သော မောင်အောင်လွင်အား အစီရင်ခံလိုက်၏။ မောင်အောင်လွင်က ဒရိုင်ဘာအား တစ်စုံတစ်ရာမှ ပြန်လည် ပြောဆိုခြင်း မပြုဘဲ၊ တစ်နေရာတွင်စုပြီး တီးတိုးတီးတိုးဖြစ်နေသော ဆရာဝန်ကြီး တရားသူကြီး နှင့် ရဲအရာရှိများထံသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
''သြော်.. ဆရာ ရောက်လာပြီ၊ ကျွန်တော်တို့လဲ အများကြီး စိတ်မကောင်းပါဘူး ဆရာ''
သားသမီး များ၏ ဆရာသမား တစ်ယောက်အနေဖြင့် ဆရာဝန်ကြီးက မောင်အောင်လွင်အား လေးစားစွာ ဆီးကြိုလိုက်၏။
''အခြေအနေ ဘယ်လိုပါလဲ ဒေါက်တာ'' မောင်အောင်လွင်က မေးလိုက်၏။
''ဒေါ်ခင်အေးနဲ့ ဦးသန်းမောင်တို့ကတော့ အိမ်က ယူလာကတဲက ဟိုအခန်းထဲကို တစ်ခါထဲပို့လိုက်ရ ပါတယ် ဆရာ''
ဟု ဆရာဝန်ကြီး က ရင်ခွဲရုံရှိရာဘက်သို့ ရည်မှန်းညွှန်းပြလိုက်ပြီး..
''ဆရာကတော် လေးကတော့ အထူးခန်းမှာ ရှိနေပါသေးတယ်၊ ဒါပေမဲ့ မျှော်လင့်ချက်တော့ မရှိပါဘူး၊ ဆရာ့ကို တွေ့ချင်ပါတယ်''
ဟု ဆရာဝန်ကြီးကပြောပြီး မောင်အောင်လွင်အား ရိုစလင်းရှိရာ အခန်းသို့ ရှေ့ဆောင်ခေါ်ဆောင်သွား သဖြင့် မောင်အောင်လွင် လိုက်လာခဲ့လေသည်။
''ဒီအခန်း မှာပါ ဆရာ၊ သူ့အဖို့ လူ့ပြည်မှာ မိနစ်ပိုင်းလောက်ပဲ နေခွင့်ရှိပါတော့တယ်''
ဆရာဝန်ကြီးက စိတ်မချမ်းမြေ့သံဖြင့် ပြောပြီး အခန်းဝတွင် ရပ်နေရစ်ခဲ့သည်။ ခုတင်ပေါ်တွင် မလှုပ် မယှက် စင်းစင်းကြီးငြိမ်နေသော ရိုစလင်းအနားသို့ မောင်အောင်လွင် ရောက်သွားလျှင် အနားမှာ စောင့် နေသော သူနာပြုဆရာမနှစ်ယောက်သည် အခန်းဝရှိ ဆရာဝန်ကြီးအနား သွားနေကြ လေသည်။
''ရိုစလင်း''
လင်သားဟူ၍ လေးစားဂရုစိုက်ခြင်းမရှိ နိုင်ထက်စီးနင်းဖြင့် ရွံ့မုန်းနာကြည်းအောင် လုပ်ခဲ့သော်ငြား လည်း ပြင်းထန်သော ဒဏ်ရာဒဏ်ချက်ဖြင့် လူ့ဘ၀မှ ထွက်ခွာတော့မည့်ဆဲဆဲ အခြေအနေမျိုးမှာ ရှိနေသော အမည်ခံဇနီးသည်အား မောင်အောင်လွင်သည် သနားကြင်နာစွာဖြင့် ညင်သာစွာ ခေါ်ကြည့်လိုက်သည်။
အလွန်တရာမှ တွေ့ချင်မြင်ချင်လွန်းလှ၍ မတွေ့ရမီ မသေသေးဟု အားခဲမျှော်လင့်ကာ စိတ်ကိုတင်း ထားသဖြင့် သတိမလစ်သော ရိုစလင်းသည် သူ့နာမည်ကို ခေါ်သံကြားလိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံး ကို ဖွင့်ကြည့်လိုက်သည်။ ညဥ့်မှောင်မှောင်မှာ ကြယ်ရောင်လင်းသလို ၀င်းထိန်းတောက်ပသည့် အရောင် ဖြင့် ယောင်္ကျားများကို ဆွဲဆောင်ခဲ့သော ရိုစလင်း၏ မျက်လုံးများမှာ မှုန်မှိုင်းရီဝေစွာဖြင့် ဖာလ်လုံးများကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေကြသည်။
''ကိုအောင်လွင်''
မလွှဲမကင်းသာ၍ ပြောစရာရှိမှ အနောက်တိုင်းဆန်ဆန် ဒါလင်ဟု စိတ်ထဲကမပါဘဲ ပေါ့ပျက်ပျက် ခေါ်လေ့ ရှိသော ရိုစလင်း၏နှုတ်မှ မြန်မာသံပီပီသသဖြင့် လေးလေးပင်ပင် လှိုက်လှဲကြေကွဲစွာ ခေါ်လိုက်၏။ မောင်အောင်လွင်သည် ခုတင်အနီးရှိ ကုလားထိုင်ပေါ်မှာထိုင်ရင်း ရိုစလင်းအား ငေးစိုက် ကြည့် နေသည်။ ''နေသာရဲ့လား၊ ဘာမှ မဖြစ်နိုင်ပါဘူး၊ ကျန်းမာအောင် စိတ်ကောင်းကောင်း ထားပါ''စသည့် အကျိုးမရှိတော့သော စကားများကိုလည်း ဟန်ဆောင်ပြောလိုသောစိတ် မရှိတော့ချေ။ သူ့အား လက်ကမ်းလိုသော အဓိပ္ပါယ်ဖြင့် မသယ်နိုင် သယ်နိုင် အားယူလှုပ်ရှားနေသော ရိုစလင်း၏ လက်တစ်ဖက် ကို နောက်ဆုံးလိုက်လျောသော အနေဖြင့်သာ ကိုယ်ကို ကိုင်းညွှတ်ပြီး ဆုပ်ကိုင်လိုက်၏။
ရိုစလင်း၏ မျက်နှာမှာ ကျေနပ်နှစ်သိမ့်သောအသွင်သည် ထင်ထင်ရှားရှားပေါ်လာသည်။
"အပြစ်မရှိတဲ့ လင်သားကို မလေးစား မရိုသေဘဲ စိတ်ဆင်းရဲအောင် ပြစ်မှားခဲ့မိလို့ ကျွန်မ ကံတရားက အပြစ်ပေး စီရင်လိုက်ပါပြီ ကိုအောင်လွင်၊ အသက်ရှင်နေဖို့ မထိုက်တော့တဲ့ ကျွန်မဘ၀ဟာ အခုလို စောစောသေရတာကို ၀မ်းသာပါတယ်၊ ကိုအောင်လွင်ကို ကျွန်မ တောင်းပန်ဝန်ချခဲ့ပါတယ်၊ ကျွန်မကို ခွင့်လွှတ်ပါနော်"
တစ်လုံးချင်း အားယူပြောနေသော ရိုစလင်း၏ အသံမှာ စိတ်ထိခိုက်ဖွယ် ကောင်းလှပေသည်။ မျက်နှာ မကြည့်ချင် အောင် ရွံ့မုန်းစက်ဆုပ်ဖွယ် အလုပ်များကိုသာ လုပ်ခဲ့သော အမည်ခံ ဇနီးသည်အား မောင်အောင်လွင် သည် ကြင်နာသနားစွာကြည့်ရင်း-
"ကိုယ် ဘယ်လိုမှ သဘောမထားပါဘူး ရိုစလင်း၊ ခွင့်လွှတ်ပါတယ်.. " ဟု အသံတိမ်တိမ်ဖြင့် ပြော လိုက်၏။
ရိုစလင်းသည် မောင်အောင်လွင် ဆုပ်ကိုင်ထားသော သူ့လက်နှစ်ဘက်ကို လက်အုပ်ချီ ကန်တော့ရန် အားယူ ပြင်ဆင်ရင်း...
"အမိုက်မ ကန်..တော့" ဟု မပီမသ တစ်ပိုင်းတစ်စပြောရင်း မျက်စိမှိတ်သွားရှာသည်။ လက်အုပ်ချီရန် ဟန်ပြင်နေသော လက်ဝါးနှစ်ဘက်မှာလည်း မပူကပ်တော့ချေ။ တခြားစီကွဲကွာကာ လျော့ပြေသွားလေသည်။ လူ့ဘ၀စည်းစိမ်ကို မြိန်မြိန်ကြီးခံစားရင်း စိတ်ထားမြင့်မောက်လှသည့် မာနရှင်တစ်ယောက်၏ ကြေကွဲဖွယ် ဇာတ်သိမ်းခန်းကို မောင်အောင်လွင်သည် တရားသံဝေဂရစွာဖြင့် ခေါင်းငိုက်စိုက်ချကာ အခန်းဝသို့ ထွက်လာသည်။ အခန်းဝတွင် ရဲအရာရှိများနှင့် တရားသူကြီးကို တွေ့ရ၏။
"ဘသိန်းကတော့ မသေသေးဘူး ဦးအောင်လွင်၊ ဒါပေမဲ့ ဒေါက်တာကတော့ မျှော်လင့်ချက်မရှိဘူး၊ ဒီနေ့မကူးမီ သွားမှာပဲလို့ ပြောတယ်၊ ခက်တာက ဘာမှ မေးလို့ စစ်လို့မရဘူး၊ ဖြောင့်ချက်မပေးဘဲ တင်းခံနေတယ်"
ဟု မောင်အောင်လွင်က အခန်းပြင်ဘက် ရောက်လျှင်ရောက်ချင်း ရဲအရာရှိက ပြောလိုက်၏။
"ကျွန်တော် ကြိုးစားပြီး မေးကြည့်ပါဦးမယ်" ဟု မောင်အောင်လွင်ကပြောရင်း ဆရာမတစ်ယောက်က ပိတ်ဖြူဖြင့်အုပ်နေသော ရိုစလင်းကို စိတ်မကောင်းစွာ တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘသိန်းရှိနေသော အခန်းဘက်သို့ ထွက်လာခဲ့သည်။
"ကျေးဇူးပါပဲ ဦးအောင်လွင်" ဟု ရဲအရာရှိကပြော၍ အားလုံးသောသူများ မောင်အောင်လွင်နောက်သို့ လိုက်လာကြ၏။
"ဒီလူက လူတစ်မျိုးခင်ဗျာ့၊ အဲဒီတော့ ကျွန်တော်တစ်ယောက်ထဲ ၀င်ပြီး ချော့မေးကြည့်ဦးမယ်၊ ရဲအရာရှိတွေပါလာရင် ပြောချင်မှပြောမှာ"
ဟူသော မောင်အောင်လွင်၏ စကားကို အားလုံးက သဘောတူပြီး အခန်းပြင်ဘက်မှာ နေခဲ့ကြလေ သည်။
"ဦးလေး………….ဖြစ်ရလေ ဦးလေးရယ်"
"မောင်အောင်လွင်သည် ၀မ်းန်ည်းလှိုက်လှဲစွာပြောရင်း ဘသိန်း၏ ခုတင်အောက်မှ ဒူးထောက်ထိုင် ကာဘသိန်း၏လက်ကို ယုယကြင်နာစွာ ဆုပ်ကိုင်လိုက်၏။ ဘသိန်းက မျက်စီဖွင့်ကြည့်လိုက်၏။ များစွာ ယူကျုံးမရ ဖြစ်နေသော တူချစ်ကလေး မောင်အောင်လွင်အား တွေ့လိုက်ရ၏။"
"ဘယ်လိုဖြစ်တာလဲ ဦးလေးရယ်……….. ကျွန်တော်သာ ရှိနေရင် ဦးလေးဒီလို ဒဏ်ရာအနာတရ ဖြစ်ရ မှာ မဟုတ်ဘူး၊ ဦးလေးရှေ့က ကျွန်တော် ၀င်ပြီးခံလိုက်ပါရဲ့ တောက်….."
မောင်အောင်လွင်က တောက်ခေါက်၍ ခံပြင်းလှဟန်ဖြင့် ပြောလိုက်၏။
"အေးကွာ….ငါက ပေါ့သွားမိတယ်၊ ဒင်းတို့လက်ထဲ ဘာမှမရှိဘူးလို့ ထင်မိတာကိုး"
ဘသိန်းက အာလေးလျှာလေးဖြင့် ပြောလိုက်၏။
"ဦးလေး အခုနေသာရဲ့လား"
"ငါ့ကိုယ်ငါ သိပါတယ်ကွာ၊ မကြာခင် သွားရမှာပဲ၊ ငါမကြောက်ပါဘူး၊ လုပ်ရဲရင် ခံရဲရမှာပေါ့၊ ဒင်းတို့ သုံးယောက် အခြေအနေ ဘယ်လိုနေလဲ၊ ဒင်းတို့အားလုံး သေတယ်ဆိုရင် ငါလဲသေပျော်ပါတယ်ကွာ"
ဘသိန်းကား လူမိုက်ပီပီ သေမင်းအား သတ္တိရှိရှိဖြင့် ရင်ဆိုင်ဝံ့ကြောင်း ပြောလိုက်၏။
"ဦးသန်းမောင်နဲ့ ရိုစလင်းတော့ ဒဏ်ရာနည်းနည်းကြီးတယ်၊ ဒေါ်ခင်အေးကတော့ စိုးရိမ်စရာမရှိဘူး၊ တစ်ပတ်လောက်ကြာရင် ဆေးရုံက ဆင်းနိုင်မယ် ပြောတယ်"
မောင်အောင်လွင်က ဘသိန်းစိတ်ကို ဆွပေးလိုက်ရာ ဘသိန်းသည် အိပ်ရာထဲမှ ထခုန်ချင်စိတ်ပင် ပေါက်လာအောင် ဒေါပွသွားလေသည်။
"ဟင်……….ခင်အေး မသေဘူး ဟုတ်လား၊ အဓိကအချက်က ဒင်းသေဖို့ အရေးကြီးတယ်၊ ဟင်……...ခင်အေးရေ နင်မသေရင် ငါလဲမသေချင်သေးဘူး၊ တစ်ပွဲတစ်လမ်း စမ်းချင်သေးတယ်"
ရင်ခွဲရုံထဲ ရောက်နေပြီဖြစ်သော ဒေါ်ခင်အေးအား ဘသိန်းက လှမ်းကြိမ်းလိုက်ပြီး မျက်လုံးများ မှိတ်ကာ ငြိမ်နေသည်။ ရင်တစ်အုံလုံး လှိုင်းထသလို အသက်ပြင်းစွာ ရှူနေသည်။ အတန်ကြာမှ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သကဲ့သို့ သက်ပြင်းချက်ာ မျက်လုံးဖွင်ပြီး မောင်အောင်လွင်အား ပြူးပြူး ကြီးကြည့်လိုက်ရာ မောင်အောင်လွင်ပင် ထိတ်ခနဲ ဖြစ်သွားမိ၏။
"ဒင်း သေတယ်မှတ်လို့ ငါ့တူကလေး အကျိုးရှိသလောက် ရှိပါစေဆိုတဲ့ စေတနာနဲ့ ငါဖြောင့်ချက် မပေးခဲ့ဘဲ တင်းခံနေတာ။ အခုဒင်းက မသေ၊ ငါသေရမယ်ဆိုရင် ငါ့တူကလေး ဘာအကျိုးမှ ခံစားရမှာ မဟုတ်ဘူး၊ မထူးဘူးကွာ ဒင်းမသေသော်လဲ မလှမပဖြစ်အောင် လက်စားချေရမှာပေါ့။ ငါဖြောင့် ချက်ပေးမယ်၊ ရဲအရာရှိနဲ့ တရားသူကြီးတွေရော ဆရာဝန်ကြီးရော ခေါ်ခဲ့"
ဘသိန်းက အမိန့်ပေးသည့်အတိုင်း မောင်အောင်လွင်က ခေါ်ပေးလိုက်သည်။ ဘသိန်း၏ ဖြောင့်ဆို အစစ်ခံချက်ကို ကြားရသော ရဲအရာရှိများ၊ တရားသူကြီး၊ ဆရာဝန်ကြီးနှင့် သက်သေများမှာ သေဆုံးသူတို့အပေါ် ပွားများမိသော ကရုဏာတရားကို ပြန်လည်ရုပ်သိမ်းလိုက်မိလုနီမျှ ဖြစ်ကုန်ကြ တော့၏။
ဘသိန်းအစစ်ခံချက်များမှာ ဒေါ်ခင်အေး၊ ဦးသန်းမောင်နှင့် ဘသိန်းတို့သုံးယောက် စိတ်တူ သဘောတူ ဖြင့် သူဌေးကြီး ဦးတိုးခိုင်၏ ပစ္စည်းများကို အမွေခံအစစ်ဖြစ်သော သမီးရင်း တင်တင်ခိုင်အား မပေးလို ၍၀တ်လုံတော်ရ ဦးသန်းမောင်က စာချုပ်လိမ်ကြီးရေးပြီး ဘသိန်းက ဦးတိုးခိုင်၏လက်မှတ်အတု လိမ်ထိုး ခဲ့ကြောင်း၊ တင်တင်ခိုင်အား သုံးယောက်ပေါင်း နှိပ်စက်ညှင်းဆဲခဲ့၍ တင်တင်ခိုင် သေမှန်းရှင်မှန်း မသိ ပျောက်ကွယ် သွားခဲ့ကြောင်း၊ မောင်အောင်လွင် မိဘများအား မည်ကဲ့သို့ သွေးဆောင်ဖျားယောင်းပြီး မောင်အောင်လွင် အား လှည်းကျိုးထမ်းခိုင်းခဲ့ကြေားများကို တစ်လုံးမကျန် ဖွင့်ဟအစစ်ခံခြင်း ဖြစ်လေသည်။
"သုံးယောက်ပေါင်း ကလိမ်ကျတဲ့ကိစ္စမှာ ကျုပ်တာဝန်ကျေတဲ့ဘတ်က မလစ်ဟင်းအောင် ဆောင်ရွက်ခဲ့ပေမယ့် မခင်အေးက နေရာတိုင်းမှာ ဆရာလုပ်တယ်၊ ဦးသန်းမောင်ကို မြှောက်စားတယ်၊ ကျုပ်ကိုနှိမ်တယ်၊ ပစ္စည်း ညီတူညီမျှ မပေးဘူး၊ ဒါကြောင့် ပစ်သတ်တာပဲ"
ဟု ဘသိန်းက သူ့အစစ်ခံချက်ကို နိဂုံးချုပ်ပြီး မောသွားဟန်ဖြင့် ငြိမ်နေသည်။ အခန်းထဲမှ ပြန်ထွက်လာ သောသူများတွင် မောင်အောင်လွင် ရှေ့ဆုံးမှဖြစ်၏။
ဆေးရုံထဲမှ ထွက်လာသော မောင်အောင်လွင်အား ကားဒရိုင်ဘာက တရိုတသေ ကားတံခါးဖွင်ပြီး ဆီးကြိုလင့်၏။
"ဘယ်တုန်းကမှ ငါမစီးခဲ့တဲ့ကားကို အခုလဲ မစီးဘူးကွာ၊ မင်းဘာသာ အိမ်ကိုပြန်သွားနှင့်"
မောင်အောင်လွင်က ဒရိုင်ဘာအား ပြောလိုက်ပြီး ဦးအုန်းဖေနှင့် အတူ လာရင်းအတိုင်း ဆိုက်ကားနှင့် ပင်ပြန်လာခဲ့သည်။ ချစ်ရိပ်သာစံအိမ်သို့ ပြန်ရောက်သောအခါ မောင်အောင်လွင်နှင့် ဦးအုန်းဖေတို့ သည် ဘယ်အခါကမှ မနေခဲ့ မထိုင်ခဲ့သော ဧည့်ခန်းတွင် ဆိုဖာကြီးများပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်လိုက် ကြ၏။ ဧည့်ခန်းထဲတွင်ကား အာမက်တို့တတွေ ဆေးကြောသုတ်သင်ထားပြီးဖြစ်၍ သန့်ရှင်းနေပြီဖြစ်၏။
"ပြောစမ်းပါဦး မောင်အောင်လွင်၊ ဒီဇာတ်ရှုပ်ကြီးထဲ မင်းဘယ်လိုပါနေတာလဲ"
သိချင်စိတ်ကို အောင့်မထားနိုင်သော ဦးအုန်းဖေက ခရီးရောက်မဆိုက် မေးလိုက်၏။
"သူဌေးကြီး ပစ္စည်းတွေ သူတို့အကုန်ရတာ စာချုပ်လိမ်ကြီးထင်တယ်လို့ ဦးလေးကြီးပြောဖူးတယ် မဟုတ်လား၊ ကျွန်တော်လဲ ထင်တယ်၊ ဒါကြောင့် သူတို့အချင်းချင်း စိတ်ဝမ်းကွဲကုန်ရင် ဒီကိစ္စပေါ်မှာ ပဲလို့ စိတ်ကူးထာလဲ တစ်ကြောင်း၊ ကျွန်တော်တို့ မိသာစုနဲ့ ပတ်သက်တဲ့ စာချုပ်ကြီးကိုလဲ လက်ထဲ ပြန်ရပြီး ဖျောက်ဖျက်ချင်တာလဲ တစ်ကြောင်းကြောင့် ဘသိန်းကြီး ကပ်ပြီးမြှောက်ပေး၊ ခြေထိုးပေး နေတာ၊ အခုတော့ ဘသိန်းကြီးက စိတ်ဝမ်းကွဲရုံတင်မဟုတ်ဘဲ ခြေလွန်လက်လွန် လုပ်ပစ်လိုက်တာ ကိုးဦးလေးကြီးရဲ့"
မောင်အောင်လွင်က အေးအေးဆေးဆေး ပြောပြလိုက်၏။
"ဩော်……….ဒီလိုလား မသိပေါင်ကွယ်၊ မင်းက ဘသိန်းကြီးကို ဟိုဒင်းမဆေးရုံတမယ် ရိုသေကျိုးနွံပြီး ပြုစုနေသော ဒီအကောင် သူဌေးမတွေရဲ့ ထဘီငွေ့မိနေပြီထင်ပြီး ငါရွံတောင် ရွံခဲ့မိသေးတယ်"
ဦးအုန်းဖေ က သူအထင်မှားသည်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သဖြင့် မောင်အောင်လွင်က ပြုံးလိုက် ၏။
"ငွေဂုဏ်၊ မိုက်ဂုဏ်၊ အဆင့်အတန်းဂုဏ်၊ အပေါင်းအသင်း အသိုင်းအ၀ိုင်းဂုဏ်တွေနဲ့ လွှမ်းခြုံရစ်ပတ် ထားတဲ့ သူတို့လူသိုက်ထဲကို ကျွန်တော်လို အကောင်က ခါးထောက်ခေါင်းမော့ပြီး ၀င်လို့ရမလား ဦးလေးကြီး ရဲ့၊ ဒူးထောက်ခေါင်းငုံ့ဝင်မှ အကြံအောင်တော့မှာပေါ့"
"အင်း……မင်းပြောတဲ့စကား မှတ်လောက်သားလောက်ပဲဟေ့"
ဦးအုန်းဖေးက ထိုသို့ပြောပြီး တစ်စုံတစ်ရာကို စဉ်းစားသလို အနည်းငယ်တွေး နေပြီးမှ-
"ဘသိန်းကြီးတော့ ဖြစ်ကြောင်းကုန်စဉ်ကို အကုန်ဖော်သွားပြီး၊ ဒီကိစ္စ ဘယ်လိုသဘောရသလဲ မောင်အောင်လွင်………ဟု" မေးလိုက်၏။
ထိုအခိုက် အာမက်တို့လင်မယား၊ စားပွဲထိုး ကုလားနှင့် ကားဒရိုင်ဘာတို့ လူစုရောက်လာကြသည်။ ကြမ်းပေါ်တွင် ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်ကြပြီး မေးကြမြန်းကြရာ သခင်များအားလုံး မရှိတော့ပြီဟု သိရလျှင် မျက်နှာကလေးတွေ ငယ်နေကြသည်။ သူတို့၏ နေရေး စားရေးအတွက် အလုပ်လက်မဲ့ ဘ၀သို့ ရောက်တော့ မည်လေဟု ပူပန်စွာဖြင့် မောင်အောင်လွင်၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေကြ ရှာသည်။
"အခုနက ဦးလေးကြီးက ဒီကိစ္စ ဘယ်လိုသဘောရလဲလို့ မေးတယ်မဟုတ်လား၊ အထူးစဉ်းစားနေဖို့ မလိုပါဘူး ဦးလေးကြီးရာ၊ ခိုင်တစ်ယောက်လဲ လူ့ဘ၀မှာ မရှိရှာတော့ဘူးဆိုတာ သေချာနေပြီပဲ၊ ဒီပစ္စည်း တွေ အစိုးရဘဏ္ဍာတော်ပေါ့"
မောင်အောင်လွင်က စိတ်မကောင်းစွာဖြင့် ပြောလိုက်၏။
"ဘာကြောင့် အစိုးရဘဏ္ဍာတော်ဖြစ်မလဲ၊ ဆရာတစ်ယောက်လုံး ရှိနေတာပဲ"
အာမက်က နားမလည်သည့်အလျောက် ပြောလိုက်၏။ မောင်အောင်လွင်က စာချုပ်လိမ် ကိစ္စကြီး တပည့်များ နားလည်အောင် ရှင်းပြလိုက်ပြီး.
"ငါနဲ့လဲ ဘာမှမဆိုင်တော့ဘူး၊ အာမက်၊ အဲဒီတော့ ပစ္စည်းရှင် အစစ်ကလဲ မရှိတော့ မင်းတို့ အခြားမှာ အလုပ် ရှာယူပေါ့ကွာ…….."ဟု ပြောလိုက်လေသည်။
"နေပါဦး ဆရာ၊ ပစ္စည်းရှင် အစစ်ဆိုတာ အရင်ကျွန်တော်ရောက်စက အိမ်ဖော်မလေးကို နေနေရတဲ့ မတင်လား"
အာမက်က မေးလိုက်၏
"အေးပေါ့ကွာ၊ မတင်မဟုတ်ဘူး၊ နာမည်ရင်းက တင်တင်ခိုင်တဲ့"
အာမက်တို့လူစုက စိတ်မကောင်းစွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
"ဪ ငါမေ့နေလိုက်တာ၊ မင်းတို့လူးစု ဘယ်မှမသွားကြနဲ့ဦးဟေ့………ခဏလေးနေကြဦး"
ဦးအုန်းဖေကပြောရင်း ထိုင်ရာမှ ထလိုက်၏။
"ဘာဖြစ်တာလဲ ဦးလေးကြီးရဲ့၊ ဘာမေ့နေတာလဲ….."
မောင်အောင်လွင်က မေးလိုက်သည်။
"မနက်က သူတို့ကိစ္စ ပွေနေတာနဲ့ မိမဲ ထမင်းမကျွေးခဲ့ရလူး၊ ဒီဒုက္ခိတကြီးကလဲ ကိုယ့်ဘာသာကိုယ် ဘာမှမလုပ်နိုင်ရှာဘူး၊ ဆာလှရော့မယ်၊ ငါထမင်း သွားထည့်ပေးလိုက်ဦးမယ်၊ အခုပဲ ပြန်ခဲ့မယ်နော်၊ ဘယ်မှမသွားကြနဲ့ဦးဟေ့"
ဦးအုန်းဖေက သူ့တူမ ဒုက္ခိတကြီးအတွက် ပူပင်သောကကြီးစွာ ဖြင့်ပြောပြီး ကသုတ်ကရက်ဖြင့် နောက်ဖေးပေါက်မှ ထွက်သွားလေသည်။
ဧည့်ခန်းတွင် ကျန်ခဲ့သောလူစုမှာ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေကြသည်။ မောင်အောင်လွင်၏ အတွေး မှာ သူ့အားချည်နှောင်ထားသော ကျော့ကွင်းကြီး ကျွတ်သွားပြီ ဖြစ်သော်လည်း ငယ်ချစ် တင်တင်ခိုင် ၏ဘ၀ကံအကျိုးပေး ဆိုးလှပုံကိုတွေးပြီး ဆွေးနေမိ၏။ ထိုအခိုက် နောက်ဖေး မီးဖိုတံခါးပေါက်မှ လူဝင်လာသံကို ကြားကြရသည်။ ဦးအုန်းဖေကြီး ပြန်လာပြီဟုတင်၍ မည်သူကမှ ဂရုစိုက်ပြီး လှည့်မကြည့် ကြချေ။
"ဒီဘက်လဲ လှည့်ကြည့်ကြဦးလေ"
ဦးအုန်းဖေ၏ အသံကိုကြားလိုက်မှ လှည့်ကြည့်လိုက်ကြ၏။
"ဟာ……."
"ဟင်……"
"ဟယ်…"
"ခိုင်ခိုင်…"
ငြိမ်နေသော လူစုထံမှ အသံမျိုးစုံ ထွက်လာသည်မှာ ဧည့်ခန်းတစ်ခုလုံး ညံသွားတော့သည်။
တင်တင်ခိုင်သည် ဦးအုန်းဖေနှင့်အတူ ဧည့်ခန်းတွင်းသို့ တည်ငြိမ်အေးဆေးစွာ ၀င်လာခဲ့ပြီး ဆိုဖာတစ်ခုပေါ်တွင် ထိုင်လိုက်၏။
"အစ်ကို နေကောင်းရဲ့ နော်"
ကွဲကွာနေသော မိတ်ဟောင်းဆွေဟောင်း တစ်ယောက်အား ပြန်လည်တွေ့ဆုံသောအခါ နှုတ်ဆက်သည့် အမှုအရာ မျက်နှာထားလေသံ ဖြင့်တင်တင်ခိုင်က ခပ်တည်တည်ပင် နှုတ်ဆက်လိုက် သည်။ မောင်အောင်လွင်၏ ၀မ်းမြောက်ခြင်းကား ပြောဖွယ်ရာ မရှိတော့ပြီ။ တစ်နေ့ တစ်နာရီမှ မမေ့ နိုင်အောင် လွမ်းခံ ဆွေးခဲ့ရသော ငယ်ချစ်အား လူစင်စစ်အဖြစ်ဖြင့် မသေမပျောက် တွေ့လိုက်ရသည် ဖြစ်ရာ ပျောက်သွားမည်ကို စိုးရိမ်ဘိသကဲ့သို့ မျက်တောင်မခက် စိုက်ကြည့်ရင်း နှုတ်မှ မဖြေနိုင်အားပဲ ခေါင်းသာညိတ်ပြလိုက်သည်။
အာမက်တို့လူစုကား အိမ်ဖော် အစေခံမကလေး မတင်(၀ါ) သူတို့အား ထမင်းဆက်လက်ကျွေးမည့် စည်းစိမ်ရှင်အစစ် သူဌေးမ တင်တင်ခိုင်အား အံ့သြရိုသေစွာကြည့်ရင်း မူလထိုင်နေသော နေရာမှ နောက်သို့ ကျို့ကျို့ရို့ ဆုတ်ပြီး ပိပိပြားပြား ထိုင်နေကြသည်။
"ခိုင် လူ့ပြည်မှာ မရှိတော့ဘူးထင်ပြီး နေ့စဉ်နဲ့အမျှ အစ်ကိုစိတ်ဆင်းရဲမှု ဖြစ်ခဲ့ရပါတယ်ကွယ်၊ ခိုင် ဘယ်မှာနေပြီး အခုဘယ်ကလာတာလဲ"
လူတွေတစ်လှေကြီးရှေ့ဖြစ်၍ ယုယထွေးပိုက်လိုစိတ်ကို ချုပ်တည်းကာ တင်တင်ခိုင်၏ တည်ငြိမ်သော သိက္ခာကိုထောက်ပြီး မောင်အောင်လွင်ကလည်း ဣနြေ္ဒရရပင် ပြန်မေးလိုက်၏။ ဦးအုန်းဖေကား ဆိုဖာပေါ်တွင် မိန့်မိန့်ကြီးထိုင်ပြီး ပြုံးနေသည်။
"ဒီအိမ်က ထွက်ပြေးတဲ့ညမှာ အိမ်ပြင်လဲရောက်၊ အဘကလဲ မှောင်ထဲက စောင့်နေတာနဲ့ ပက်ပင်း သွားတိုးလို့ ဘယ်လိုမှမရောက်ဘဲ အဘထံမှပဲ နေခဲ့ပါတယ် အစ်ကို"
"ဟင်…….ဦးလေးကြီးတို့ တဲအိမ်ကလေးကို အစ်ကို ရောက်သားပဲ၊ တစ်ခါမှ ခိုင်ရှိတဲ့ အရိပ်အရောင် မတွေ့ ခဲ့ ရပါကလား"
မောင်အောင်လွင်က အံ့သြစွာ ပြောလိုက်၏။ ဤတွင်မှ တစ်ချိန်လုံး ပြုံးပြီးငြိမ်နေသော ဦးအုန်းဖေကြီး ကရှင်းပြလိုက်၏။
"အဲဒီညက မိုးသံ လေသံကြားထဲမှာ မိန်းကလေး အော်လိုက်တဲ့ အသံကို ငါကြားလိုက်ရတယ်၊ အင်း- မိန်းကလေးတော့ ဒုက္ခတွေ့ပြီလို့ ယူဆပြီး အိမ်နောက်ဘက် မီးခိုချောင်ဘေးက လာချောင်းနေခဲ့ တယ်၊ ထင်တဲ့အတိုင်ပဲ၊ လူခြေဲလဲတိတ် မိန်းကလေးလဲထွက်လာ၊ ငါခေါ်ယူခဲ့ပြီး အကျိုးအကြောင်း သိရတော့ စိတ်မကောင်းလိုက်ပုံများ မောင်အောင်လွင်ရယ်၊ ငါကလဲ အရပ်ပ် အနယ်နယ် နှံ့လာခဲ့တဲ့ လူဆိုတော့ မတောက်တခေါက်ပညာနဲ့ မိန်းကလေးကို ရုပ်ဖျက်ပေးထားပြီး တောကရောက်လာတဲ့ ငါ့တူမ ဒုက္ခိတ မိမဲလို့ အိမ်ကြီးရှင်တွေထံ အစီရင်ခံထား ရတာပေါ့ကွာ"
အားလုံးသော သူများမှာ ဦးအုန်းဖေ၏ အကြံဥာဏ်ကို ချီးကျူးမိကြလေသည်။
"ဟုတ်ပါတယ် အစ်ကို၊ အခုကျွန်မက ပစ္စည်းတွေ ကျွန်မလက်ဝယ် ပြန်ရတော့ အဘကျေးဇူးတွေ ကြေအောင် အဖေအရင်းနေရာမှာ ထားပြီး ပြုစုမယ်ဆိုတာ စိတ်ပိုင်းဖြတ်ထား လိုက်ပါပြီ အစ်ကို"
"ကျွန်တော စကားနည်းနည်း ပြောရပါစေ မမလေး"
ယခင်က သူလို ငါလို အိမ်ဖော်အချင်းချင်းပင်ဟု 'မတင်'ဟူ၍ ပင်ခေါ်ကာ ရဲရဲတင်းတင်း ပြောဆိုခဲ့သော အာမက်က ကြောက်ရွံ့ရိုသေစွာ ခွင့်တောင်းလိုက်၏။
"ဘာပြောစရာရှိသလဲ ပြောပါ" တင်တင်ခိုင်က ခွင့်ပြုလိုက်၏။
"အခု ဒီမှာထိုင်နေတဲ့ ကျွန်တော်တို့အားလုံးကို မမလေးပဲ ဆက်ပြီး ထမင်းကျွေးပါလို့ အားလုံးကိုယ် စားကျွန်တော် တောင်းပန်ပါတယ်"
သူတို့အတွက် အလွန်တရာမှ အရေးကြီးသော ပြဿနာတစ်ရပ်ကို အာမက်က တင်ပြလိုက်၏။ တင်တင်ခိုင်နှင့် မောင်အောင်လွင်တို့ ပြုံးလိုက်မိကြသည်။
"ဟား- ဟား ဟား- ဟား အာဂ ကုလား မင်းက အလုပ်သမား ခေါင်းဆောင်လားကွ၊ ဟေ့ မင်းတို့ ဘာမှပူမနေကြနဲ့၊ ငါကအခု မာလီ ဒရ၀မ်းကြီး အုန်းဖေ မဟုတ်တော့ဘူး…… သူဌေးမရဲ့ အဖေကွ၊ ကဲ….ငါ အမိန့်ပေးတယ်ကွာ၊ မင်းတို့ အရင်အတိုင်းပဲ အမှု့ထမ်းရမယ်၊ သွား…….. မင်းတို့ လုပ်စရာ ရှိတာ သွားလုပ်ကြ"
ဦးအုန်းဖေက ပြောလိုက်လျှင် အာမက်တို့လူစု မယုံမရဲဖြင့် တင်တင်ခိုင်၏ မျက်နှာကို လှမ်းကြည့်ကြ သည်။ တင်တင်ခိုင်က ခပ်ပြုံးပြုံး မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်မှ အာမက်တို့လူစု ပေါ့ပါးရွှင် လန်း မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်မှ အာမက်တို့လူစု ပေါ့ပါးရွှင်လန်းစွာဖြင့် မိမိတို့လုပ်ငန်းခွင် ကိုအသီးသီးဝင်ကြလေသည်။
"ဒီမှာ ခိုင်ရယ်………..ဗီရိုကြီးထဲက ခိုင်ထွက်ထွက်လာပြီး ချက်ချင်း ပျောက်ပျောက်သွားတာက ဘယ်လိုလဲ၊ အစ်ကို့ကို ပြောပြစမ်းပါဦး"
အာမက်တို့ ပြဿနာ ပြီးသွားသောအခါ၊ မောင်အောင်လွင်က သူ့စိတ်ထဲ မရှင်းမလင်း ဖြစ်နေသာ ပြဿနာကို တင်ပြလိုက်ပြန်၏။
"ဒီလိုပါ အစ်ကို…….. မေမေ ရှိစဉ်ကထဲက ဒီဗီရိုကြီးဟာ အနေအထား ထူးခြားတာရယ်၊ ကျွန်မ ငယ်စဉ်က ဗီရိုထဲ တူတူဝင်ပုန်းတိုင်း ခလုတ်နင်းမိမယ်လို့ မေမေပြောခဲ့တာတွေရယ်၊ ကျွန်မထွက် ပြေးမယ့်ညက သတိရလိုက် ဗီရိုထဲ ၀င်ကြည့်ခဲ့ပါတယ်၊ ကံအားလျော်စွာပဲ နံရံထောင့်မှာ ၀ှက်ထားတဲ့ ခလုတ်ကို သွားတွေ့ပါတယ်…… နှိပ်ကြည့်လိုက်တော့ ဗီရို အောက်ခြေ ကြမ်းခင်းဟာ တစ်ဝက်ပွင့် သွားပြီး အောက်ထပ်မြေတိုက်ထဲ ဆင်းလို့ရတာ တွေ့ရတယ်၊ မြေတိုက်ထဲကနေပြီး အိမ်ဘေးမှာ ကပ်စိုက်ထားတဲ့ ရွက်လှပင် အုပ်အုပ်ကြီးအောက်ကို ထွက်လို့ရတယ်၊ ကြမ်းခင်အောက် ဘက်မှာလဲ အလားတူ ခလုတ်တစ်ခုရှိတယ် အစ်ကို၊ အပေါ်က ဖွင့်လဲရ၊ အောက်ကဖွင့်လဲရမို့…..ကျွန်မအဖို့ ၀င်ရထွက်ရ လွယ်ကူနေတာပေါ့…."
"ခိုင်က ဘယ်လိုသဘောနဲ့ လူခြေတိတ်ချိန်မှာ ဒီအိမ်ထဲ ၀င်လာရတာပဲကွယ်၊ အစ်ကိုဖြင့် ခိုင့်ကို လူစင်စစ် မဟုတ်တော့ဘူးလို့ ထင်ပြီး ရူးလုမတက် စိတ်ဒုက္ခရောက်ခဲ့ရတယ်"
မောင်အောင်လွင်က တကယ်ပင် သူ့စိတ်ထဲ ခံစားခဲ့ရပုံကို လှိုက်လှဲစွာ ပြောပြလိုက်၏။ တင်တင်ခိုင်က ချစ်စဖွယ်ပြုံးပြီး မိဘနှစ်ပါး၏ အိမ်မက်စကား အမှာစကားအရ ပစ္စည်းလာရှာကြောင်း ပြောပြလိုက် ပြီး-
"ပစ္စည်းတွေက ဗီရိုနံရံမှာ အံဝှက်လုပ်ပြီး ထည့်ထားတာ သိရပြီအစ်ကို၊ ယူရခက်နေတယ်၊ အံဝှက်က သော့်မရှိဘူး၊ ကော်ထုတ်ယူရင်လဲ အသံမြည်ရင် အိမ်ရှိလူတွေ ကြားသိကုန်မှာစိုးလို့ အကြံယူရင်း ခိုင်လာကြည့်တာပဲ"
ဟုစကားကို အဆုံးသပ်ကာ….
"ကဲ အဘရေ………မေမေနဲ့ ဖေဖေ ဘာတွေထားသွားတယ် ဆိုတာ ကျွန်မသိချင်လှပြီ၊ အံဝှက်ကို ကော်ထုတ်ကြရအောင်"ဟု သူ့ဖခင် အသစ်စက်စက်အား တိုင်ပင်လိုက်၏။
ဦးအုန်းဖေနှင့် မောင်အောင်လွင်တို့ ကော်ထုတ်၍ အံဝှက်ပွင့်လာသောအခါ မိဘများအား ပြန်လည်မြင် ယောင်လာသော တင်တင်ခိုင်မှာ စကားပင် မပြောနိုင်အောင် ငိုင်နေမိလေသည်။ ဒေါ်ခင်အေး မက်မော လိုချင်လှခဲ့သော ဒေါ်တင်မိ၏ လက်ဝက်ရတနာများ၊ ဦးတိုးခိုင် သိုဝှက်ထားခဲ့သော စိန်ရွှေရတနာများမှာ အလျား အနံ တစ်ပေခွဲခန့်၊ အမြင့်ရှစ်လက်မခန့်ရှိသော သံမဏိ သေတ္တာက လေးနှင့် တစ်လုံးအပြည့် တွေ့ရလေသည်။
ဆယ်နှစ်ကျော်မျှ သပွတ်အူ ကလိမ်ချုံဇာတ် ကပြခဲ့ရသော ဇာတ်ရုံကြီးသဖွယ် ဖြစ်နေသော စံအိမ်ကြီး မှာ ချစ်ရိပ်သာ ဟူသော စာလုံးပျောက်ပြီး မူလနာမည်ရင်း "ရွှေဟင်္သာ"ဟူ သော အမည်ဖြင့် ပြန်လည် ထင်ရှားလာပြန်သည်။ အမွေခံ အစစ်အမှန်ဖြစ်သူ တင်တင်ခိုင်အား တစ်မြို့လုံးက သူဌေးမကလေးဟူ ၍ အသိအမှတ်ပြုကြပြီး ဖြစ်လေသည်။
ဒေါ်ခင်အေး ကလိမ်ကျသွားသော ပစ္စည်းများအားလုံးကို တင်တင်ခိုင်နာမည်ဖြင့် လွှဲပြောင်းခြင်း ကိစ္စများ အားလုံးကို မောင်အောင်လွင်သည် ဂရုတစိုက် ဆောင်ရွက်ကူညီ ပေးလေသည်။ ငယ်ချစ်ဆွေ သဇင်ခက်ကလေးအား မူလနေရာ သစ်ပင်ထက်သို့ ပြန်တင်ပြီး စိတ်ချမ်းသာမှု ရေစင်လောင်း ပေးလိုက်သဖြင့် တင်တင်ခိုင် အရှိန်အ၀ါ မြင့်မားလာသည်ကို မောင်အောင်လွင်သည် တစ်ဘက်က ကြည်နူးနှစ်သိမ့်သည်နှင့်အမျှ တစ်ဘက်ကလည်း တင်တင်ခိုင်၏ ခပ်တည်တည် ခပ်စိမ်းစိမ်း ဆက်ဆံမှု ကြောင့် စိတ်ဆင်းရဲရရှာလေသည်။
"ဟောဒီမှာ အစ်ကို့ ပစ္စည်းကို ကျွန်မဆက်လက်သိမ်းထားဖို့ မလိုတော့တဲ့အတွက် ပြန်အပ်ပါတယ်"
ဟု ခပ်အေးအေး လေသံဖြင့်ပြောရင်း မောင်အောင်လွင် ပေးခဲ့ဖူးသော စာနှင့် လက်ကိုင်ပ၀ါကလေး ကို တင်တင်ခိုင်က ဣနြေ္ဒရရဖြင့် လှမ်းပေးလိုက်စဉ်က မောင်အောင်လွင်မှာ ရင်ပွင့်လုနီးပါးမျှ ဖြစ်ခဲ့ရ သည်။
"စည်းစိမ်ရှင် သူဌေးမ ဖြစ်သွားလို့ ငါ့ကို မတူမတန်ဘူးရယ်လို့များ စိတ်ပြောင်းသွားတာလား၊ ရိုစလင်း ကိုလက်ထပ်မိတဲ့အတွက် စိတ်ကွက်သွားတာလား"
ဟု မောင်အောင်လွင်၏ ရင်ထဲတွင် မရှင်းမလင်း ဖြစ်နေရာမှ-
"ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်လေ….. ငါ့ကိုချစ်တဲ့ အရိပ်အရောင်မှ မရှိတာ၊ မျက်နှာပြောင် တိုက်ပြီး ဆက်ဆံနေရင် ပစ္စည်းမက်တဲ့အကောင်လို့ ထင်ချင်ထင်မှာ၊ ငါဒီမြို့က ထွက်သွားတာ အကောင်းဆုံးပါပဲ"
ဟု မောင်အောင်လွင် စိတ်ကိုဆုံးဖြတ်လိုက်သည်။ တင်တင်ခိုင်အတွက် ဆောင်ရွက်ဖွယ်ကိစ္စများ ပြီးဆုံးသည့်နေ့ဝယ် မောင်အောင်လွင်သည် မည်သူ့ကိုမှ မတိုင်ပင် နှုတ်မဆက်တော့ဘဲ သူပိုင်ဆိုင် သမျှအ၀တ်အစား၊ စာရွက်စာအုပ်များကို လက်ဆွဲ သားရေသေတ္တာနှစ်လုံးဖြင့် ဖြစ်သလို ထိုးသိပ်ထည့် ကာ သေတ္တာနှစ်လုံးကို တစ်ဘက်စီဆွဲပြီး အိပ်ပေါ်ထပ်မှ တိတ်တဆိတ် ဆင်းလာခဲ့၏။ အိပ်ပေါ်ထပ်မှ ဆင်းအံ့ဆဲဆဲတွင် လှေကားထပ်မှ ခေတ္တရပ်ကာ ငယ်ချစ်တွေ တင်တင်ခိုင်ရှိနေ သောအခန်းစီသို့ လှန်းမျှော်ကာ နောက်ဆုံးကြည့်ခြင်းဖြင့် အားရပါးရ ကြည့်လိုက်မိသည်။ အခန်းဝတွင် ထူထဲသော ပိုးဖျင် အပြာရင့်ရောင် ခန်းဆီးစက ပိတ်နေသဖြင့် တင်တင်ခိုင်၏ အရိပ်အရောင်ကို လုံးဝမတွေ့ ရချေ။
မောင်အောင်လွင်သည် လှောကားတစ်ထစ်ချင်း ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ ဤစံအိမ်ကြီးမှ အလွန်တရာမှ ဆင်းလိုသည့် အချိန်အခါက မဆင်းနိုင်အောင် ကျော့ကွင်းခြေချုပ် မိနေခဲ့ရပြီး၊ အဆင်းလိုဘဲ နေမြဲပင် ဆက်လက်နေချင်သော အချိန်တွင်ကား ဆင်းခဲ့ရလေပြီ။ လူ့ဘ၀ကား ထောင့်တ တိုင်း မဖြစ်ပါတကားဟု မောင်အောင်လွင် စဉ်းစားရင်း အောက်ထပ်သို့ ရောက်လာခဲ့၏။ ဧည့်ခန်း ထဲတွင်ကား ဤစံအိမ်ကြီးတွင် စည်းစိမ်ခံလိုကြသဖြင့် သူဌေးရူး ရူးခဲ့သူ ဦးဘထွန်းနှင့် ဒေါ်မြစီတို့ ဆိုဖာ တစ်ခုပေါ်တွင် ယှဉ်လျက် ခပ်ကုပ်ကုပ်ထိုင်နေသည်ကို တွေ့ရသဖြင့် မောင်အောင် လွင်အံ့အား သင့်သွား လေသည်။
"အဖေနဲ့ အမေက ဘာကိစ္စ ရောက်လာတာလဲ"
မောင်အောင်လွင်က မနှစ်မြို့သောလေသံဖြင့် တုံးတိတိ မေးလိုက်၏။ ဒေါ်မြစီက မည်သို့မှ ပြန်မဖြေ ဘဲ မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ သူဌေးမ၏ ဖခင်ပီပီ ခန့်ညားစွာ ထိုင်နေသော ဦးအုန်းဖေအား မျက်နှာငယ်ငယ်ဖြင့် လှမ်းကြည့်လိုက်၏။
"ကိုအုန်းဖေက ကိစ္စရှိလို့ ဆက်ဆက်လာခဲ့လို့ လာခေါ်တာနဲ့ အဖေတို့ လိုက်လာခဲ့တာပဲ သားရယ်၊ ဘာကိစ္စရယ်တော့ မသိပါဘူး"
ဦးဘထွန်းက သား၏လက်ထဲမှ သားရေသေတ္တာကိုကြည့်ရင်း မ၀ံ့မရဲ ဖြေရှင်းပြပါသည်။
"ကျွန်တော့ အဖေ အမေနဲ့ ပတ်သက်တဲ့ ကိစ္စ ဘာများရှိသလဲ ဦးလေးကြီး"
မောင်အောင်လွင်က သေတ္တာကိုင်ပြီး ရပ်လျက်ပင် ဦးအုန်းဖေအား မေးလိုက်၏။ ထိုအခိုက် လှပစွာ ပြင်ဆင် ၀တ်စားထားသော တင်တင်ခိုင်သည် အိမ်ပေါ်ထပ်မှ ကြော့ကြော့မော့မော့ ဆင်းလာသည်။
"ဟော….သမီး ဆင်းလာပြီ၊ ဘာကိစ္စဆိုတာ သမီးက ပြောပြပါလိမ့်မယ်၊ လာ သမီး ဒီမှာထိုင်"
ဦးအုန်းဖေက သူ့ဘေးမှာ ထိုင်ရန် တင်တင်ခိုင်အား နေရာပေးလိုက်သည်။ တင်တင်ခိုင်သည် သားရေ သေတ္တာ တန်းလန်းဖြင့် ထွက်ခွာအံ့ဆဲဆဲ ရှိနေသော မောင်အောင်လွင်အား သာမန်ကြည့်ခြင်း မျိုးဖြင့် တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး ဦးအုန်းဖေ၏ ဘေးမှာ ထိုင်လိုက်သည်။
"ဒါထက် မောင်အောင်လွင်က ဘယ်သွားမှာတုံးကွ"
တင်တင်ခိုင်က မေးလိမ့်မည်ဟု မျှော်လင့်နေသော မောင်အောင်လွင်မှာ သူကြားချင်သူ၏နှုတ်မှ တစ်ခွန်းမှ ထွက်မလာသဖြင့် ရင်ထဲမှာဟာ သွားသည်။
"ကျွန်တော် ဒီအိမ်ကြီးပေါ်မှာ ဆက်နေဖို့အကြောင်းမှ မရှိတော့ဘဲ ဦးလေးကြီး"
မောင်အောင်လွင်က ထိုသို့ပြောပြီး တင်တင်ခိုင်အား မသိမသာ လှမ်းကြည့်လိုက်သည်။ "အစ်ကို မသွားရဘူး၊ ဒီအိမ်ကြီးပေါ်မှာပဲ ဆက်နေရမယ်" ဟူသောစကားကို ကြားအံ့နိုးနိုး မျှော်ကိုးနေသော် လည်း "ခဏတော့ သည်းခံထိုင်လိုက်ပါဦး အစ်ကို၊ နောက်ပြီးမှ အစ်ကို သွားချင်တဲ့ အချိန်သွားပေါ့၊ ကျွန်မကိစ္စကလေး နားထောင်ပါဦး"
ဟူ၍ ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် တင်တင်ခိုင်က အေးအေးကလေး ပြောလိုက်သဖြင့် မောင်အောင်လွင် မှာ ရင်ထဲအောင့်သွားရှာသည်။
"အချိန်သိပ်မရှိတော့ဘူး၊ ရန်ကုန်ထွက်မယ့်ရထား၊ မမီဘဲနေမှာ စိုးတယ်"
မောင်အောင်လွင်က လက်ပတ်နာရီကို ငုံ့ကြည့်ရင်း သူ့တစ်ကိုယ်တည်း ပြောသကဲ့သို့ ခပ်တိုးတိုး ပြောလိုက်သည်။ ဦးဘထွန်းနှင့် ဒေါ်မြစီမှာ သူတို့အတွက်နှင့် သားဖြစ်သူ စိတ်ဆင်းရဲ အရှက်ရခဲ့သည် မှစပြီးသား၏ ကိစ္စတွင် တစ်ခွန်းမှ ၀င်ရောက်ပြောဆိုရန် မ၀ံ့တော့သဖြင့် စိတ်မကောင်းစွဖြင့် သားဖြစ်သူအား ဆိတ်ဆိတ်ပင် ကြည့်နေကြသည်။
"ဟုတ်ပါတယ်လေ၊ မောင်အောင်လွင် ရထားမမီဘဲ နေဦးမယ်၊ ဒီကိစ္စ ခပ်မြန်မြန်ပြောလိုက်တာပဲ ကောင်းပါတယ်နော် မိန်းကလေး"
ဦးအုန်းဖေက ပြောလိုက်သဖြင့် တင်တင်ခိုင်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုကွယ် မောင်အောင်လွင်၊ တင်တင်ခိုင်အဖို့ တစ်ယောက်ထဲနေလို့လဲ မတင့်တယ်ဘူး၊ သူသဘောကျတဲ့လူ ရှိနေပြီ၊ အဲဒီသူငယ်နဲ့ လက်ထပ်တော့မှာမို့ ရင်းရင်းချာချာ တိုင်ပင်အားကိုးစရာ ဆိုလို့ မင်းတို့နဲ့ ငါပဲရှိတာပဲ။ ဒါကြောင့် တင်တင်ခိုင် လက်ထပ်မယ့်ကိစ္စကို မောင်အောင်လွင် ကူညီပါ ဦးလို့၊ တစ်လျှောက်လုံး သူ့အတွက်ကူညီလာပြီး ဆင်ပြောင်ကြီး အမြီးကျမှ အထစ်အငေါ့ မဖြစ်ပါစေ နဲ့တော့ကွာ၊ ကူညီမယ်မဟုတ်လားဟေ့ မောင်အောင်လွင်"
ဦးအုန်းဖေက ရယ်ကာမောကာ ပြောလိုက်ငြားလည်း ကြားရသူ မောင်အောင်လွင်အဖို့ ရင်ထဲမှာ ဆို့သွားရှာသည်။ ကိုင်ဆွဲထားသော သားရေသေတ္တာ လွှတ်မချမိအောင် စိတ်ကို မနည်းထိန်းလိုက်ရ သည်။ တစ်ဖက်သားက စိမ်းကးနေပြီဖြစ်မှ မိမိ၏ရင်တွင်းမှ ကွဲအက်စပြုလာသော အသည်းနှလုံးများ ကို ဖွင်ဟ၍မပြလိုတော့ချေ။ မည်မျှပင် မျိုသိပ်ထိန်းသိမ်းထားစေကာမူ မျက်နှာနှင့် မျက်လုံးများမှာ ဖုံးကွယ်၍မရအောင် ဆွေးလျကြေကွဲသော အသွင်သည် ထင်ထင်ရှားရှား ပေါ်လာ၏။
"ကောင်းပါတယ် ဦးလေးကြီး……….ကျွန်တော် ကူညီပါမယ်"
မောင်အောင်လွင်က အသံမတုန်စေရန် သတိထားပြောပြီး…….ကြာရှည်ရပ်နေရန် မဖြစ်တော့ပြီဖြစ်၍ သေတ္တာများကို ချထားလိုက်ပြီး ဆိုဖာတစ်ခုပေါ်မှာ ဣနြေ္ဒမပျက် ထိုင်လိုက်၏ တင်တင်ခိုင်၏ မျက်နှာ ကိုမသိမသာ လှမ်းကြည့်လိုက်သည်။ ခိုင်ကလေးကား ချစ်စဖွယ်ပြုံးလျက်။ "ပြုံးပါ ခိုင်ရယ် ပြုံးပါ…… ခိုင်ကလေး အဲဒီလို ပြုံးနိုင်အောင် အစ်ကို ကြိုးစားလာခဲ့ရတာမို့၊ ခိုင်ပြုံးနိုင်လေ အစ်ကို ကျေနပ်လေ ပါ….."ဟု မောင်အောင်လွင်သည် စိတ်ထဲက မချိတင်ကဲ ရေရွတ်နေမိသည်။ ဘယ်သူနဲ့ လက်ထပ်မှာ လဲဟူသောစကားကို မေးမြန်းရန်ကား သူ့မှာခွန်အားမိရှိတော့ချေ။
"ကျေးဇူးတင်ပါတယ် အစ်ကို၊ ခိုင့်ခင်ပွန်းလောင်းအတွက် မိဘအမွေအနှစ်ထဲက ပတ္တမြားလက်စွပ် တစ်ကွင်းကို အဆင်သင့်ယူးထားပါတယ်၊ အစ်ကိုက ကျေးဇူးပြုပြီး"
ခိုင်က စကားကို အဆုံးမသတ်ဘဲ မီးခဲတမျှ နီရဲတောက်ပသော ပတ္တမြားလက်စွပ်ကလေးကို ကိုင်ပြီး မောင်အောင်လွင့်အနားသို့ ထလာသည်။
"ဟောဒီ လက်စွပ်ကလေးပဲ အစ်ကို…….၀တ်ကြည့်စမ်းပါဦး"ဟု ပြောပြီး လှမ်းပေးလိုက်သည်။
"ကိုယ်နဲ့မဆိုင်တဲ့ ပစ္စည်းကို မကိုင်ချင်ပါဘူး၊ ခင်ဗျားခင်ပွန်းလောင်းကို ခင်ဗျားဘာသာ သွားပေးပါ"
ချုပ်ထည်းထားသည့် အတွင်းကပင် မချိတင်ကဲ ဖြစ်လှသဖြင့် မောင်အောင်လွင်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။
"ခက်လိုက်တာ အစ်ကိုရယ်၊ ခိုင့်ခင်ပွန်းလောင်းမို့ ခိုင်ကိုယ်တိုင် ပေးနေတာပေါ့"
"ဘာ-ဘာ-ဘယ်သူလဲ ခင်ဗျားခင်ပွန်းလောင်း"
မောင်အောင်လွင်က မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မေးလိုက်၏။ ထိုအခိုက် ဦးအုန်းဖေက………..
"အဟမ်း……အင်း ဒို့တတွေ ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး၊ လာကိုဘထွန်း မမြစီ- အိမ်ပေါ် ထပ်ကို…….အိမ်ပေါ်ထပ်ကို"
ချောင်းဟန့်ပြောဆိုရင်း ဦးဘထွန်းနှင့် ဒေါ်မြစီအား အိမ်ပေါ်ထပ်သို့ ဆွဲခေါ်သွားသည်တွင် ဦးဘထွန်း နှင့် ဒေါ်မြစီမှာ ဘုမသိ ဘမသိ ကန့်လန့် ကန့်လန့်နှင့် ပါသွားကြလေသည်။ အိမ်ပေါ်ထပ်သို့ တက်သွား သူများအား ခိုင်က ပြုံးပြုံးကလေး မော့ကြည့်နေဆဲတွင်-
"ပြောစမ်းပါ ခိုင်၊ ခိုင့်ခင်ပွန်းလောင်းက ဘယ်သူလဲ………ဟင်၊ အစ်ကို့ကို ရူးအောင်လုပ်နေ တာလား"
ဟု မောင်အောင်လွင်က ခိုင်၏ လက်မောင်းနှစ်ဘက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ကြိတ်မနိုင်ခဲမရ မေးလိုက်၏။
"အိုး……..ခိုင်ကိုယ်တိုင် ပတ္တမြားလက်စွပ်ပေးတာ ခံရတဲ့သူဟာ ခိုင့်ခင်ပွန်းလောင်းပေါ့"
"အစ်ကိုလား…………ဟင် ခိုင်"
"ဟုတ်ပါတယ်တဲ့ အစ်ကိုရယ်၊ ဟုတ်ပါတယ်တဲ့"
"ဒါနဲ့များ သူများ စိတ်ဆင်းရဲအောင် ဟိတ်ကြီးဟန်ကြီး လုပ်နေတဲ့ သူဌေးမကြီးတော့လား………ဟင်" မောင်အောင်လွင်က ချစ်ဒေါသဖြင့် အံခဲပြီး ပြောလိုက်သည်။
"အကို ဘာပြောမလဲလို့ ဟန်လုပ်ပြီး စောင့်နေတာ၊ ခိုင်ကိုတော့ ဘာမှမပြောဘဲ ဒီစံအိမ်ကြီးက သွားမလို့တဲ့၊ သွားချင်သွားလေ၊ ရထားမမီဘဲ နေဦးမယ်"
"မသွားဘူး ခိုင်ရေ…..တစ်သက်လုံး မသွးဘူး"ဟု ပြောရင်း အသက်တမျှ ချစ်ခဲ့ရသောသူကလေးအား ရင်ဝယ်ပိုက်ထွေးထားချိန်မှာ ထမင်းချက်အာမက်က ခြေသံမကြားအောင်လာပြီး မောင်အောင်လွင်၏ သားရေသေတ္တာနှစ်လုံးကို တိတ်ဆိတ်စွာ ဆွဲယူပြီး လှည့်ကြည့် လှည့်ကြည့်နှင့် အိပ်ပေါ်ထပ် တက်သွားသည်ကိုပင် မောင်အောင်လွင်နှင့် ခိုင်တို့ မသိလိုက်ချေတကား။
ပြီးပါပြီ
.

5 comments:
WOwwwwwwwww.
Thank you very much MSZ,MSSS and those who typed this post.
Ray
thanks...ama.
myatnoe
ကျေးဇူး အထူးတင်ပါတယ် မရွှေစင်ရေ...
ရုပ်ရှင်လိုပဲနော်။ ဖတ်လို့ကောင်းပေမဲ့ နည်းနည်းတော့ ကြိုသိနေတယ်။
တင်တင်ခိုင်ရုပ်ဖျက်တာရယ်။ ဗီရိုထဲမှာ ရတနာရှိတာရယ်။ ရုပ်ရှင်ပြန်ရိုက်ရင် ကြည့်ကောင်းမယ်။ ကျေးဇူးပဲ မရွှေစင်ရေ ... ။
ဒီနေ့ မဖတ်ရသေးတဲ့ ဝတ္တုတွေ လာရှာဖတ်တာ.. မမရွှေစင်.. မဝင်းမြင့် ဝတ္တုတွေ ရှိသေးရင် တင်ပါဦး..
Post a Comment