Thursday, August 26, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၂) အပိုင်း (၅)

ကျေးရွာသူတို့၏ လက်လောက်မျှ မကြမ်းတမ်းသော လက်ညိုးတစ်ချောင်းက ကျီးဒန်၏ ပါးမို့မို့ပေါ်သို့ ရောက် လာ၏။ ကျီးဒန်သည် ဆတ်ခနဲပုတ်ချရင်း ထရပ်၏။
' လူကို ဘာမှတ်တုံး၊ ပါးကျိုးသွားချင်သလား'
မွှန်မွှန် ထူထူဖြင့် တစ်ခွန်းပြောအပြီးတွင် ကျီးဒန်မှာ တဆတ်ဆတ်တုန်နေ၏။ အဖော်များလည်း မင်တက် နေမိပြီး မှ ထရပိမိကြတော့သည်။

' အမယ် တောသူမက ဆတ်ဆတ်ကြံပါကလား '
မကောင်းသော ရနံ့လှိုင်နေသောသူသည် ကျယ်လောင်စွာ ရယ်မော၏။ သည်အဖြစ်အပျက်ကို ကြက်သွန်ခင်း များထဲရှိ လူများက သတိမပြုမိငြား၊ ကမ်းပါးစောက် ကုက္ကိုမြစ်များကြားရှိ ငပုတို့ လူသိုက် က သတိထားမိသည်။ ချက်ချင်းခုန်ချကြသည်။

' ဟေ့ကောင် တွေ မပြေးနဲ့ '
ငပုနှင့်မြတ်သာကျော်၊ ထွန်းအံ့တို့ ပြေးပြေးဆဲဆဲ အော်အော် ဟစ်ဟစ် ပြေးလာကြသည့်အခါကျမှသာ ' လာကြပါဦး ဟောသည်မှာ ' ဟူသည့် ငွေသော့၏ အော်သံ ပေါ်လာ တော့၏။ ကြက်သွန်ခင်း တစ်နံ တစ်လျားအတွင်းရှိ လူများမှာလည်း ဤအခါကျမှသာ အခြေအနေကို သတိမူမိကြသည်။ သူတို့တစ်တွေ ခက်ရင်းဆွဲ တူရင်းဆွဲဖြစ်နေကြချိန်တွင် ထွန်းအံ့နှင့် ငပု၊ မြတ်သာကျော်တို့က ရေစီးကြောင်းကို ဖြတ်ကျော် မိကြပြီ။

မြို့သားဖြစ်ဟန်တူသော ငမူးနှစ်ယောက်မှာ တောင်ပြေးရမည်သို့ မြောက်ပြေးရမည်သို့ ဖြစ်နေကြရာက ပြေးပေါက် ပိတ်နေပြီ။
' ဘာလဲ၊ ကိုယ့်လူတို့က ဘာလုပ်ချင်လို့လဲ '
ရေစီးကြောင်းတွင် လက်ခုပ်ဖြင့် ခပ်ပြီး ရေသောက်နေသူက ပြူးတူးပြဲတဲ ဟန့်၏။

' အဲဒါ လုပ်ချင်လို့ဟေ့ '
' သူ မဟုတ်ဘူး၊ သူ မဟုတ်ဘူး၊ ဟိုကောင် ဟိုကောင် '
ရွှေသစ်၏ အော်သံအဆုံးတွင် ထွက်ပေးစ ငမူးလည်း ယိုင်ဆင်းသွားလေ၏။ ကြက်သွန်ခင်းများထဲမှ ပြေးလာကြ သူများတွင် ရပ်မိရပ်ဖများ ပါဝင်ကြသည်။ ဦးစံအေး၊ ဦးကံမောင်၊ ဦးသောင်းစသည်ဖြင့်။ သို့ကြောင့် ငမူးနှစ်ယောက်မှာ တစ်ချက်စီသာ အရိုက်ခံရ၏။

' မင်းတို့ကြိုက်လို့ သောက်ရင်လည်း ကိုယ့်လမ်းကိုယ် အေးအေး ဆေးဆေး သွားကြမှပေါ့ '
ဦးစံအေးက လူကြီးပီပီ ဤမျှသာပြောငြား၊ ငပုကိုမူ ၀ိုင်းဝန်းဆွဲလွဲနေကြရ၏။

' ရမ်းဘိုကုန်းသားအကြောင်းကို ပြပါရစေ၊ လွှတ်ကြစမ်းပါ၊ ဘယ့်နှယ်ဗျာ၊ ငါ မြို့သားဆိုပြီး'
မြို့သားဟန် လူနှစ်ယောက်သည် အမူးပြေသွားဟန်ဖြင့် သုတ်ခြေတင်ကြ၏။ 'တာလမ်းကပြန်ရင် အရိုက် ခံရမှာစိုးလို့ ချောင်းရိုးအတိုင်း ပြန်လာကြတာဖြစ်မယ်' ဟု ဦးစံအေးက ထင်မြင်ချက်ပေးသည်။
' ဒါဖြင့် လည်း အေးအေးပြန်ပေါ့ဗျာ၊ အခုတော့ မိန်းကလေးတွေကို ထိကပါးရိကပါးနဲ့ သေမှာပေါ့'

' ဟုတ်တယ်၊ ကျုပ်တို့သာ ကြက်သွန်ခင်းထဲရောက်မနေရင် သည်သူငယ်တွေ မသေတောင် သေကောင်ပေါင်းလဲတော့ ဖြစ်မှာ '
ဦးသောင်း မှတ်ချက်ချနေစဉ်၊ ရွာထဲမှ လူတွေ အုပ်ချပြီး ဆင်းလာကြ၏။ ဦးကံမောင် ဦးစံအေးတို့မှာ ထိုလူအုပ် ကို ဆီးဆို့ထိန်းသိမ်းနေရပြန်၏။ ထိုကိစ္စသည် ဤနေရာတွင်ပင်ဤမျှဖြင့် ပြီးပြတ် သွားသော်ငြား၊ အောကာင်းဆက်ကား ရှည်လျားစွာ ဖြစ်ပေါ်လာခဲ့လေ၏။

အကြောင်းသော်ကား ထိုညနေက လယ်ပြင်သို့ ရောက်နေသော ဆေးရိုးက ကျီးဒန်ကိုယ်စား ငပုတို့အား ထန်းရည်တိုက်သောကြောင့် ပေတည်း။
ဆေးရိုးက ထန်းရည်တဲအနီးတွင် သောက်ပွဲစးပွဲကျင်းပမည်။ ပဲကြီးလှော် 'တစ်ခါးပိုက်' ယူလာမည်။ ထန်းရည်၊ ငါးမြူကြိုတင်မှာထားပြီးပြီ။ သို့သော် မြတ်သာကျော်က သဘောမတူ။
' တို့ဘာသာ တို့ ဘေးထွက်နေပေမဲ့ အသိက တစ်ယောက်မဟုတ်တစ်ယောက် ရောက်လာမှာပဲကွ။ ပြောချင်တာ လွတ်လွတ်လပ်လပ် မပြောရဘူး'
သို့အတွက် ဆေးရိုးတို့ အိမ်နောက်ဖေးရှိ ကိုင်းတောထဲသို့ ထန်းရည်အိုးတွေ ကြိုတင်ပို့ထားသည်။ နေ၀င်သည် နှင့် တစ်ပြိုင်နက်တည်း ကိုင်းတောထဲတွင် ဆုံကြသည်။

မယ်ကြွယ်စိုး သည် သူ့သားကြီး မူးပုံရူးပုံကိုကြည့်ပြီး သားငယ်ငမူးဖြစ်မလာစေရန် ကြိုတင် နှိပ်ကွပ် ထား၏။ ထို့ကြောင့် ဆေးရိုးမှာ ယခုထက်ထိ မသောက်တတ်သေး။ မသောက်တတ် သေးသော်ငြား သူ့ ရှေ့တွင် ဝေပုံကျ အကြမ်းပန်ကန် ရောက်ရောက်လာသည်။ သူက အီလေးအာလေး လုပ်နေလိုက်၊ ဘေး က လူက ကောက်ယူမော့လိုက်ဖြင့် ဆေးရိုး၏ ၀မ်းထဲသို့ ထန်းရည် တစ်ပန်းကန်စာပြည့်အောင် မရောက် သေးချေ။ ထန်းရည်တစ်မြူ ကုန်ခါနီးတွင် ငပု အာရွှင်လာ၏။

' မတီးလိုက်ရတာ နာသကွာ၊ နောက်စေ့ကို ပင့်လှန်ပြီး ရိုက်လိုက်ရရင် '
' ဟေ့ကောင် စကားကို တိုးတိုးပြော၊ အမေကြားလို့ ဆင်းလာရင် ငါကတော့ အပြေးပဲ မောင် '
မယ်ကြွယ်စိုးသည် ၀ိုင်းထဲတွင် သူ့သားကို လက်ပူးလက်ကြပ် မမိငြား၊ ကျန်ခဲ့သူတွေကို သိမ်းကျုံးပြီး မဆဲဆို မရိုက်နှက်ပါဟု အာမ မခံနိုင်ပေ။ သို့အတွက် ငပု၏ ဖွာလောင်ဖွာလောင် အသံကြီးသည် နိမ့်ဆင်း သွား၏။

' မြို့သား ငမူးက ကျီးဒန်ရဲ့ပါးကို တို့သတဲ့ ဆိုတာလည်း ကြားရော၊ စိတ်ထဲမှ 'ဖျင်း'ခနဲ ဖြစ်သွားသကွ၊ ဒါပေမဲ့ သည်ကောင်မ ငါ့ကိုမှ မကြိုက်တာ တို့ပစေ့ဆိုပြီး ပြန်ထိုင်ချင်ပေမဲ့ 'ငါတို့ ရမ်းဘိုကုန်း ရွာသူ ပါကလား၊ ရမ်းဘိုကုန်းဟာ ငါတို့ရွာ 'ဆိုတဲ့ စိတ်လည်းဝင်လာရော ကုက္ကိုမြစ်ကြားက ခုန်ချ တော့တာပဲဟေ့'
ဆေးရိုး လက်လွတ်သွားသော ညနေက ပွဲကြီးပွဲကောင်းကို ထွန်းအံ့က စားမြုံ့ပြန်နေခြင်းဖြစ်သည်။

' တူလိုက်လေ အကောင်ရာ '
မြတ်သာကျော်က ပေါင်ကိုပုတ်ပြီး ထောက်ခံ၏။ ' ဒါပေမဲ့ ' ဟူ၍လည်း စကားဆက်ရန် ပျိုးသေး၏။
' ဒါပေမဲ့ ခွေးတွေတောင်မှ ကိုယ့်ဝိုင်းကခွေးကို တခြားအပိုင်းက ခွေးစိမ်းလာကိုက်ရင် ၀ိုင်းကိုက် ကြတာကွ။ ၀င်ကိုက်နိုင်လောက်အောင် အကောင်မကြီးသေးတဲ့ ခွေးကလေးတွက ဟောင်တယ်။ အဲ တို့က လူ။ ခွေးလောက်မှ ညီညွတ်စိတ်မရှိရင် ခွေးအောက် ရောက်သွားတော့မှာပေါ့'

' ဒါပေါ့ ဒါပေါ့၊ ရမ်းဘိုကုန်းကလူကို စော်ကားတာဟာ ရမ်းဘိုကုန်းရွာကို စော်ကားတာပဲကွ။ ကိုယ့်ရွာကို စော်ကားတာတော့ ကြောင်တောင်ကြည့်မနေနိုင်ဘူးမောင့်'
မြတ်သကျော် နှင့် ထွန်းအံ့၊ ငပုတို့ ပလုတ်ပလောင်းပြောနေရာသို့ ဆေးရိုး ၀င်ပြောနိုင်သည်မှာ 'ငါမရှိတာ နာသကွာ' ဟူ၍သာဖြစ်၏။

' အေး ဒါပေမဲ့ '
မြတ်သာကျော်က စကားစလိုက်သဖြင့် ကျန်လူများက စိတ်ဝင်တစား နားစွင့်ကြ၏။ လရောင်ဟပ်သော အဆီပြန်မျက်နှာကြီးကို ၀ိုင်းဝန်းပြီး ကြည့်နေကြ၏။
' အနောက်ဖျားက ဘချုပ်ကြက်သွန်ခင်း '
' ဘယ်က ဘချုပ်ရမှာတုံး၊ လင်းပင်စုကပါကွာ၊ ဘယ်သူတဲ့ သူ့နာမည် ပါးစပ်ဖျားတွင်ပါကွာ '
' ထားပါကွာ အနောက်ဖျားက ကြက်သွန်ခင်း ဘာဖြစ်သတုံး '

မြတ်သာကျော်နှင့် ထွန်းအံ့၏ အခက်အခဲကို ဆေးရိုးက ၀င်ရောက်ပြီး ဖြတ်ပေး၏။ မြတ်သာကျော်က သူ့စကားကို ' နှစ်ယောက်ကတော့ ရမ်းဘိုကုန်းသားဖြစ်ပါလျက်နဲ့ ပြေးမလာဘူးကွ' ဟုဆက်၏။
' ဟေ ဘယ်သူတွေတုံး '
ဆေး`၇ိုးအပါအ၀င် သုံးယောက်သား၏ အလောတကြီး မေးသံ။
' ငကြွက်နဲ့ တင်မောင်လေ၊ ကြက်သွန်ခင်းခရိုးကို ခိုပြီး ချောင်းကြည့်နေကြပါရောလား'

စကားဝိုင်း တိတ်သွားသည်။ ထန်းရည်မျိုခိသံ 'ဂွပ်'ခနဲ ပေါ်လာ၏။ သည်တစ်အောင့်မျှကြာမှ 'လုပ်လေကွာ၊ မင့်အလှည့်' ဟူသည့်အသံ ခပ်အုပ်အုပ်ပေါ်လာ၏။
ငွေလ၀န်းသည် မပြည့်ဝိုင်းသေးငြား ရွှန်းရွှန်းလက်လက်သာနေသည်။ လေးထပ်ကျောင်း ထန်းတောဆီမှ ဇီးကွက်တစ်ကောင်၏ ဒေါသတကြီးအ်ေသံပေါ်လာသည်။ ဆေးရိုးတို့အိမ်ဝိုင်း၏ နောက်ဖေးဘက်ရာဟုထောင့်ရှိ ငထွန်းကားတို့၏ တဲကလေးမှာ လရောင်အောက်၌ ငြိမ်ဝပ်နေသည်။

ဇီးကွက်မြည်သံအစဲတွင် ချောင်းကမ်းပါးလှေကားထစ်ထိပ်သို့ လူတစ်ယောက် ကုန်းကုန်းကွကွဖြင့် ရောက်လာသည်။ ထန်းရည်ကို အာစွတ်ရုံမျှ ပါးစပ်နံရုံမျှ သာသောက်သော ဆေးရိုးက ဤအမြင်းအရာကို ကောင်းစွာ မြင်သည်။ သူ့အစ်ကို ငထွန်းကား ချောင်းဟိုဘက်ရွာများမှ ပြန်လာလျှင်လည်း ယခုနှယ် ပုန်းလျှိုး ၀ှက်လျှိုး ချဉ်းကပ်မလာရာ။ သို့ဆိုလျှင် သူခိုးလော။ သူခိုးဆိုလျှင်လည်း နွားသူခိုးဖြစ်ဖို့ များသည်။ သို့သော် နွားသူခိုးသည် တစ်ယောက်တည်း မလာတတ်။

ထိုမသင်္ကာစရာ မည်းမည်းကို အခြားသူတွေ မြင်သလောဟု ဆေးရိုးအကဲခတ်သည်။ မြင်ဟန်မတူ။ သတိထားသူမရှိချေ။ သို့ကြောင့် ဆေးရိုးလည်း ပုဆိုးကို မလျက်၊ ဟိုယောင်ယောင် သည်ယောင် ယောင်ထွက်လာပြီး ကမ်းပါးအခြေကို ကပ်လာသည်။ စောက်မတ်သည့် နေရာက များသောကြောင့် ဆေးရိုးမှာ တက်စရာ ရုတ်တရက် မတွေ့။ ကုပ်ချောင်း ကုပ်ချောင်း လူတက်သည့် ရေစပ် လှေကားအတိုင်း အပြေးတက်သည်။ ပဒိုင်းချုံထဲ ပြေးဝင်သည်။ တဲတံစက်မြိတ်အောက်မှ မည်းမည်း သဏ္ဍာန် တစ်ခု ထွက်လာသည်။ အမျိုသမီးတစ်ယောက်၏ သွင်ပြင်ဖြစ်သောကြောင့် သူ့မရီးဟူ၍သာ ဆေးရိုး ယူမှတ်လိုက်သည်။

ဆေးရိုး မြင်လိုက်ရသည်မှာ ဤမျှသာဖြစ်သည်။ ပထမအမျိုးသားတစ်ယောက်ဟုထင်ရသော မည်းမည်းသဏ္ဍာန်သည် ရဲရဲ တင်းတင်း မရှိသော ဟန်ပန်ဖြင့် ၀င်သွားသည်။ ဒုတိယ သူ့မရီးဟု ထင်ရသော မည်းမည်းသဏ္ဍာန်သည် ထဲထဲမှ ထွက်လာ၏။ ထိုနှစ်ယောက်ဆက်စပ်မှု ရှိသလော၊ ပတ်သက် မှု မရှိသော တိုက်ဆိုင်မှုလော၊ ဆေးရိုးမသိပါ။ ထပ်မံပြီး စလယ်ဝင်အိုး တစ်လုံးချက်ကြာမျှ စောင့်ကြည့် သေးသည်။ ထူးထူးခြားခြား လှုပ်ရှားမှုလည်း မပေါ်လာ။ နောက်ကြောင်းလည်း မအေးသေး သဖြင့် ဆေးရိုး ပြန်ဆင်းခဲ့ရ၏။

စင်စစ်အားဖြင့် မယ်ငြိမ်းစည်အား သင်္ကာယန မကင်းစရာကို ဆေးရိုးတစ်ယောက်သာ သိသည်မဟုတ်။ အမေ လည်း သိပုံရသည်။ သို့တစေ မယ်ကြွယ်စိုးလည်း ရိပ်ဖမ်းသံဖမ်းမျှသာ သိဟန်တူ၏။ ကွက်ကွက် ကွင်းကွင်း သိလျှင် မြင်လျှင် သည်လေသံ ထွက်မည်မထင်။

' မြတ်စွာဘုရားအလောင်းတော် နေမိမင်းကို မာတလိ နတ်သားက ငရဲပြည်ကို လိုက်ပြတော့ ခါး ကျေက်ဆောင်ကြီးနဲ့ အကြိတ်ခံနေရတဲ့ ငရဲသူတစ်ယောက်ကိုမြင်လို့ ဘာကြောင့် သည်လို ခံရတာတုံး မေးတဲ့အခါ ' မှန်လှပါ အရှင်မင်းကြိး၊ လူ့ဘ၀မှာ သယောက် လင်မြှောက်ထားခဲ့သူတွေ ခံရတဲ့ ငရဲပါဘုရား'လို့ ပြန်လျှောက်သတဲ့၊ သိပ်ကြောက်ဖို့ကောင်းတာ'
သမီး မယ်မျှင်အား ဆုံးမလေဟန်ဖြင့် ချွေးမကြားအောင် အသံမြှင့်လျက်ပြောသော မယ်ကြွယ်စိုးအသံ။

' အင်း မျောက်မွေးတဲ့မိန်းမများ သေမှ ငရဲခံရတာ မဟုတ်ပါဘူးလေ။ အခုဘ၀မှာလည်း လူတကာ အထင်သေး ခံရ၊ လူတောမတိုးသူတောမတိုးနဲ့ ရှက်စရာပါ'
ဆေးရိုး သည် ဘုန်းကြီးကျောင်းမှ ဇာတ်ကြီးဆယ်ဘွဲ့ မသင်ရမီ ထွက်ခဲ့ရသောကြောင့် အမေပြောသော ငရဲခန်း သည် လွဲချော်သလော မှန်သလော မသိပါ။ မသိသော်ငြား မရီးကို သံသယ၀င်သည်။ သံသယစိတ် အခံရှိထားသဖြင့် အမေ့စကားသည် မရီးကို စောင်းမြောင်း သတိပေးသည်ချည်း ထင်မှတ် နေလေ၏။

ရမ်းဘိုကုန်း ရွာသူရွာသားများသည် ရွာတောင်ပိုင်း၌ ဦးဘမှန်၏ အိမ်ကြီး တည်ရှိနေသည့်အတွက် လွန်စွာ ဂုဏ်ယူသည်။ ဦးဘမှန်ရဲ့အိမ်ကြီးကိုလည်း မြင်ဖူးတယ်ရှိအောင်၊ လမ်းကြုံတဲ့အခါ ၀င်ခဲ့ပါ လားဟု ၀င့်ဝါစရာ မရှိ ကြံဖန်ပြီး ၀င့်ဝါကြသည်။

မယ်ငြိမ်းစည် မှာလည်း ယခု သည်အိမ်ကြီးနှင့် သုံးအိမ်ကျော်ရှိ မြေကွက်သို့ ပြောင်းရမည်ဖြစ်သော ကြောင့် ရွှင်နေ၏။ သို့သော် မယ်ကြွယ်စိုးနှင့် သား ငထွန်းကားမူ မရွှင်။ အဘယ်မှာ ရွှင်ပါမည်နည်း။ အမေ ပြောပုံ ကိုကြည့်။

' ကောင်းပါ့တော်၊ ကောင်းပါ၊ မိဘပြောတစ်လ၊ မယားပြောတစ်ည ဆိုသမှုတ်လား။ မယားက ' ပလပ်တတ်တတ်ညပ်တတ်တတ်' ပြောလိုက်တာ တစ်ခါတည်း မိဘရင်ကို စုံကန်တော့တာပဲ'
အမေ မယ်ကြွယ်စိုး ပြောမည့်သာ ပြောရသည်။ စိတ်ထဲတွင် သဘောကျနေသည်။ အမေ ဆင်းလာပြီး ရိုက်မည် ဆိုးသောကြောင့် ကျိတ်ပြီး ရန်ဖြစ်နေသံကို မကြာခဏကြားရသည်။ 'လင်နဲ့ မယား ကြင်ကြင် နာနာ ရယ်ရယ်ပြုံးပြုံးမရှိရင် စီးပွားမဖြစ်ဘူးတဲ့ 'ဟု အမေပြောသော်ငြား 'ငပြော' သာဖြစ်သည်။ ကျိတ်ပြိး ရန်ဖြစ်မှုကား ရပ်စဲမသွားပေ။ အကယ်၍ ငထါန်းကား လင်မယား ရွှေ့ပြောင်းသွားကြပါက နားချမ်းသာပြီ၊ စိတ်ချမ်းသာ ရာ၏ ဟု ဒေါ်ကြွယ်စိုး မှတ်ထင်ခဲ့စေကာမူ အမှန် ပြောင်းတော့မည်ပြင်ဆင်သောအခါ ရင်ထဲ၌ ဟာနေ၏။

' ဒါပေါ့လေ သည်မှာတော့ ယောက္ခမတွေကို ကြောက်ရ၊ မတ်နဲ့ ယောက်မကို အားနာရမှုတ်လား။ တောင်ပိုင်းကို ပြောင်းသွားတော့ ဇောင်းထဲက မြင်းကို လွှတ်လိုက်သလို'
ဒေါ်ကြွယ်စိုးသည် မြင်းတစ်ကောင်ဟီသည့်အသံဖြင့် ဟီပြလိုက်သေးသည်။ မယ်မျှင်မှာ မရယ်ဘဲ မနေနိုင်။ ပါးစပ်ကို လက်ဝါးအုပ်လျက် ချောင်းစပ်သို့ ပြေးကာ ဟားတိုက်ရယ်မောရသည်။
' လမ်းခေါ် ပျော်မှည့်ဆိုတာ ဒါမျိုးပေါ့။

ငါ့သား ငနုံငအ ခမျာ ပွဲအသွားကောင်းလို့ မိန်းမလည်နဲ့တွေ့ လာတာ၊ ဆေးခတ်ပြီး ဖမ်းသလား၊ တံစူးဝါးနဲ့ လုပ်တဲ့ လေးကိုပဲ အတင်အချ လုပ်သမားလားမှ မသိတာ'
အမေ၏ သည်အပြောသည် ငထွန်းကားအား ပိုနှိပ်စက်နေသည်။ အိမ်ဆောက်ရာသို့လာပြီး 'အဲ' သူများ တဟီးဟီး တဟားဟား ဖြစ်နေငြား ငထွန်းကား မရွှင်ပြချေ။ မတတ်သာစွာ ခေါင်းညိတ် ခေါင်းခါ ပြရငြား၊ အပြုံးသေကြီးဖြင့်။ အမှန်မှာ ငထွန်းကား မရွှေ့ချင်။ မိဘအရိပ်ကို ခိုနေရသဖြင့် လုံခြုံသည်ထင်၏။ 'အမေရေ၊ ငါးပိ တစ်ခါ ခတ်လောက်၊ အမေရေ ကြက်သွန်ကလေးတစ်ဥလောက်' ဟု လေချိုကလေးဖြင့် ပြောကာ ပြောကာ နှိုက်၍ ရနိုင်သည်။

မယ်ငြိမ်းစည်တွင် ကလေးရှိနေပြီ။ ' ရှက်သောကြောင့် မည်သူကိုမျှ မပြောပါနှင့်'ဟု မယ်ငြိမ်းစည်က တောင်းပန်ထားသဖြင့် မိဘကိုပင် အသိမပေးရသေး။ မည်သို့ဖြစ်စေ ကိုယ့်တွင် ကလေး မြေးငယ် ရှိနေပါက ကိယ်ပူသည်ကအစ 'အမေရေ' အစ ချီကာ မေးမြန်းနိုင်၏။ မိဘက တခြား၊ ကိုယ်က တခြား နေရသောအခါ အိမ်နီးချင်းသာရှိသည်။ အိမ်နီးချင်းဆိုရာ၌ ကိုယ့်ထက် သိဦးမှ။ ထို့ပြင် စိတ်ကောင်းရှိဦးမှ။ သို့ဖြစ်၍ မိဘအရိပ်မှ ငထွန်းကား မခွာချင်။ မခွာချင်သော်ငြား မယ်ငြိမ်းစည်က အနေအထိုင် မတတ်။ အမေ့ပါးစပ်နှင့် တစ်နေ့မဟုတ် တစ်နေ့ တွေ့တော့မည်။ ယောက္ခမနှင့် ချွေးမ မခေါ်နိုင်မပြောနိုင်ဖြစ်မှ ပြောင်းရသည့် အနေသို့ ငထွန်းကား အရောက်မခံနိုင်။ ဆေးရိုးသည်ပင် ဟီလာတိုက်နေသော မရီးကို ကြည့်၍မရ။ ကြည့်၍ရခြင်းမှာ အစ်ကိုနှင့် ဖီလာဖြစ်နေသော်ကြောင့်ပင်။ မရီးမြူးသည်နှင့်အမျှ အစ်ကို ငထွန်းကားသည် မည်သည့် အတွက်ကြောင့် မမြူးရသနည်း။

အိမ်ကလေးသည် လူတစ်ကျိပ် အဲသောကြောင့် တစ်နံနက်ဖြင့် အကောင်အထည်ပေါ်လာသည်။ တွင်းတူး တိုင်ထူရန် ကြိုးစားသူ ကြိုးစားနေချိန်ကတည်းက ၀ါးခွဲကာ ထရံရက်နေသူက ရက်နေခဲ့ကြသည်။ ခေါင်တန်း ချုပ်တန်း ရိုက်ပြီးချိန်၊ အခြင်တန်းချသူက ချနေချိန်တွင် ဇလီသပ်ချ ထားသော ထရံများက သူ့နေရာနှင့်သူ ကာနေကြပြီ။ သို့အတွက် အမိုးကို သက်ကယ်မိုးပြီးချိန်တွင် ဆင့်ဝါးစီပြီး ၀ါးကြမ်းခင်းပြီး ဖြစ်သွားတော့သည်။

ကျန်လူများ ချောင်းထဲပြေးပြီး ရေချိုးသော်ငြား ဆေးရိုးမချိုးနိုင်သေး။ ခေါင်းနဲ့မလွတ်သော သက်ကယ် တံစက်မြိတ်များကို စုစည်းတန်သည်ကို စည်း၊ ဖြတ်တန်သည်ကို ဖြတ်သည်။ ငထွန်းကားကလည်း တံစက်မြိတ်အောက်တွင် မြောင်းရာ ပေးနေသည်။
' အစ်ကို နေမကောင်းဘူးလား '
' ကောင်းပါတယ်ကွာ '
' ကောင်းတယ်သာ ဆိုတယ် '

ဆေးရိုးသည် စကားဆက်ရန် ဘေးဘီသို့ ကြည့်သည်။ မရီးလာနေသဖြင့် စကားမဆက်ဖြစ်။
' မောင်လေးရေ 'ဗျပ်ခွက်' နှစ်ခွက်လောက် ငှားပေးပါဦး'
ဆေးရိုးစိတ်တိုသွားသည်။ ' ခင်ဗျားတစ်နေ့လုံး ဘာလုပ်နေတာတုံး' ဟု အော်ငေါက်ပစ်ချင်စိတ် ပေါ်လာသည်။ သို့သော် ဆေးရိုးအစား ငထွန်းကားက ငေါက်သည်။
' ထမင်းကျွေးဖို့ ချက်အပြီးမှာ ဗျပ်ခွက်အသင့် ရှိရမယ်ဆိုတာ ညည်းမသိဘူးလား '
' ဘယ်အိမ်မှာ ဗျပ်ခွက်ရှိမှန်းမှမသိတာ '

' မသိရင်မေးပေါ့၊ ညည့်မှာရှိတဲ့ပါးစပ်ဟာ အတင်းပြောဖို့ချည်း မဟုတ်ဘူး၊ မသိတာကို သိအောင်မေး ရာမှာလည်း အသုံးဝင်တယ်'
မယ်ငြိမ်းစည် နှုတ်လှန်မထိုးဘဲ ဟီးခနဲ ငိုချလိုက်လေ၏။
' မရီးတို့ဟာကဗျာ၊ မင်္ဂလာယူရမယ့် အိမ်သစ်မှာ ငိုရတယ်လို့၊ ကိုင်း တိတ် တိတ် ကျုပ် သွားငှားပေးပါ့မယ် '

ထမင်းကျွေးသော အလှူမင်္ဂလာ ဆောင်များတွင် ' စားပွဲခုံ'ကို အသုံးပြုနေပြီဖြစ်ငြား အိမ်များတွင်မူ ဗျပ်ခွက် များဖြင့်သာ ထမင်းစားကြဆဲရှိသေး၏။ ထို့ကြောင့် အိမ်အဲသူများကိုလည်း ဗျပ်ခွက်ဖြင့်ပင် ထမင်းကျွေးကြသည်။ ဆေးရိုးသည် တဟီးဟီး တဟားဟား စားသောက်နေကြသော သူငယ်ချင်း များ အတွက် ဟင်းလိုက်ရင်းက အစ်ကိုနှင့် မရီးအား မကြာခဏ လှည့်ကြည့်သည်။

အမေပြောလည်း ပြောစရာပါတကား။ ငထွန်းကားသည် လယ်ထဲတွင် ကျွဲကြီးတစ်ကောင်နှင့်မခြား စွမ်းပကားထက်သော်ငြား၊ လူမှုရေးတွင် ငနုံငအကြီးပါတကား။ ယခုပင် ကြည့်၊ မယားက မျက်ရည်ဖြင့် အနိုင်ယူသည်ကို ခ့နေရပါပြီကော။ ဆေးရိုးသည် မရီးမယ်ငြိမ်းစည်အား စေ့စေ့စပ်စပ် ကြည့်မိသည်မှာ ဤအကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်၏။ သည့်နောက်တွင်ကား အစ်ကို့ အိမ်ရှေ့မှ ဖြတ်သွားသော်ငြား မ၀င်ဖြစ်သောကြောင့် မရီးနှင့် မျက်နှာချင်း မဆုံရတော့ချေ။ မဆုံရ သော်ငြား သိနေသည်။ ကြားနေသည်။ အမေ ကြိုတင်ဟောကိန်းထုတ်ခဲ့သည့်အတိုင်း မယ်ငြိမ်းစည်သည် ဇောင်းထဲမှ လွှတ်သော မြင်း ဖြစ်နေပုံ မှာ ထန်းရည် (ထည့်ခြင်း၊ အရက်ချက်ခြင်း ဖြစ်သည်။ မယ်ငြိမ်းစည်၏ အကြောင်းပြချက်မှာ ' ကျွန်မ ယောက်ျား သောက်ဖို့ ကလေးပါ' ဟူ၏။

ငထွန်းကားသည် မယ်ငြိမ်းစည်အား အကြောင်းပြုလျက် မယ်ငြိမ်းစည်နှင့် အကြောင်းမပါမီကတည်းက အရက်ပြတ်ခဲ့သည်။ ယခု မယ်ငြိမ်းစည်ကို အကြောင်းပြု၍ပင် အရက် ပြန်သောကနေချေပြီ။ အကြောင်းသော်ကား မယားကို ပြောမရသောကြောင့်တည်း။ ထန်းတဲသို့ မသွား၊ အရက်ဖိုသို့မသွားဘဲ လွယ်လင့်တကူ သောက်ရသည့်အတွက် ငထွန်းကားမှာ အရက်နံ့ အမြဲနံနေသည်။ သူသည် အိမ်ထောင် ခွဲသွားသော်ငြား မိဘလယ်ကို ပစ်မထား။ သူ့ညီထံသို့ နေ့စဉ်လာသည်။ ဆေးရိုးနှင့် နေ့စဉ်ဆုံကြသည်။

' အစ်ကို့ဟာကဗျာ မနက်အစောကြီးလည်း သောက်တာပဲ '
' ညီလေးရာ မနေ့ညတုန်းက အနံ့ပါ'
အရက်နှင့် ပလုတ်ကျင်း၊ အရက်နှင့်မျက်နှာသစ်သူများ၏ လက်သုံးစကားကို ဆေးရိုးရယ်မော၏။

' အစ်ကိုတို့ အရက်သမားတွေရဲ့ တစ်ဆရာတည်းက သင်ပေးလိုက်တဲ့ ဂါထာကလည်း တစ်ပုဒ် တည်း ပါကလား'
' ညီလေး မင်း မသိဘူးနော်၊ ငါ့ရင်ထဲမှာ ဘာဖြစ်နေသလဲ ဆိုတာ '
' ဘာပြုလို့ တုံးအစ်ကို '
' ဘာမှ မဟုတ်ပါဘူးကွာ'

ဆက်ရန်
.

3 comments:

ကိုဇော် said...

မြန်မာဘီယာ ဆိုတာ ထန်းရည်တဲ့. . ဒါပေမဲ့လေ..
မြန်မာအမြည်းကျတော့ ပဲကြီးလှော် ဖြစ်နေတာတော့ ရင်နာတယ်။

:P said...

ဘာတွေဖြစ်ကြဦးမလဲ...............

မောင်သီဟ said...

ကူးသွားပြီဗျ အေးဆေးပြန်ဖတ်မှရမှား)
သိတယ်ဟုတ်း) ကျေးဇူးအစ်မရေ