ရဟန်းတော်ကား နံနက်တိုင်း မှန်မှန်ပင် ဆွမ်းခံကြွသည်။ ရွာထိပ်မှာရှိနေသော မစပယ် နေထိုင် ရာအိမ်ကား ဆွမ်းခံကြွသော ရဟန်းတော်အဖို့ ပထမဦးစွာ ဆွမ်းခံရသည့်အိမ် ဖြစ်နေသည်။ မစပယ် ကမှန်မှန်ပင် ဆွမ်းနှင့်ဟင်းကို ထွက်ပြီးလောင်းလှူသည်။ ရဟန်းတော်သည် မစပယ်အိမ်မှစပြီး အိမ်စဉ် ရှေ့မှာ ရပ်သည်။ အိမ်ရှင်က မမြင်၍သော်လည်ကောင်း၊ ထွက်လာခြင်းမရှိလျှင် သိမ်မွေ့ညင်သာစွာ မျက်လွှာချလျက်ကပင် အခြားအိမ်တစ်အိမ်ရှေ့မှာ ရပ်သည်။
အိမ်ရှင်က မမြင်၍သော် လည်းကောင်း၊ ထွက်လာခြင်းမရှိလျှင် သိမ်မွေ့ညင်သာစွာ မျက်လွှာ ချလျက်ကပင် အခြားအိမ်တစ်အိမ်ရှေ့မှာ ရပ်သည်။ ငါ ဆွမ်းခံရပ်နေသည်ကို မသိကောင်းလား ဟူသော အပြုအမူမျိုးဖြစ်သည့် ကိုယ်လက် လှုပ်ရှားပြခြင်း၊ အိမ်ထဲသို့စောင်းငဲ့ကြည့်ခြင်း စသည်များကို လုံးဝ မလုပ်ချေ။ လေးငါးအိမ်မျှဖြင့် တစ်ထပ်စာ ၀လောက်ရုံသော ဆွမ်းကိုရခဲ့လျှင် ရွာရိုးနှံအောင် မသွား တော့ဘဲ ရွာပြင်သို့ ပြန်လှည့် ထွက်ခါ မြစ်ကမ်းပါး သစ်ပင် အုပ်ရှိရာသို့သာ ကြွသွားတတ်သည်။ တစ်ခါ တစ်ရံ မစပယ်တို့ အိမ်က တစ်ထပ်စာ ဆွမ်းပြည့်စုံအောင် လောင်းလှူလိုက်လျှင် ရွာထဲသို့ပင် မ၀င် တော့ဘဲ လှည့်ပြန်သွားတော့ ၏။
ရွာမှ လူကြီးလူငယ်တွေက အလှည့်ကျလိုက်သွားပြီး စုံစမ်းကြည့်ရှု့ကြသည်။ ရဟန်းတော်သည် ရခဲ့သောဆွမ်းကို မြစ်ကမ်းစပ်မှာ ဘုဉ်းပေးသည်။ ဘုဉ်းပေးရာမှာလည်း ဆွမ်းလုပ်ကို သေချာစွာ ပြင်ပြီး အဖိတ်အစင် မရှိရအောင် သိုသိပ်စွာ စားသည်။ ပြီးလျင် သပိတ်ကို စင်ကြယ်စွာ မြစ်ရေဖြင့် ဆေးသည်။ ထို့နောက် သူ့နေရာဖြစ်သော ခရေပင်ရိပ်အောက်ကို ပြန်ကြွလာသည်။ သပိတ်ကို နေရာတကျ ထားသိုပြီးသောအခါ အချိန်အနည်းငယ်မျှ ခရေပင်ရိပ်မှာ စင်္ကြံကြွသည်။ ထို့နောက် ခရေပင်ရင်းမှာ ကမ္မဋ္ဌာန်း ထိုင်နေသည်မှာ လုံးဝလှုပ်ရှားခြင်း မရှိတော့ချေ။
နေ့အချိန်မှာ တိတ်တဆိတ် ချောင်းမြောင်းစုံစမ်းကြည့်၍ ဤအတိုင်း သိရသောအခါ၊ ညအချိန်မှာ စုံစမ်းကြပြန်သည်။ ရဟန်းတော်ထံသို့ မည်သူတစ်စုံတစ်ဦးမှ လာရောက်သည်ကို မတွေ့ရချေ။ ညဦးပိုင်း အချိန် မှာ စင်္ကြ့ကြွသည်။ သူငယ်အိပ်ဆိတ်ချိန်မှာ ကမ္မဋ္ဌာန်းထိုင်သည်။ သက်ကြီးခေါင်း ချချိန်မှာ ခရေပင်ရင်း မြေပြောင်ပြောင်ပေါ်မှာပင် ဒုကုဋ်ကိုခင်းပြီး ကျိန်းစက်သည်။ မိုးသောက်ယံ လင်းကြက် တွန်ချိန်မှာ ထပြီး ကမ္မဋ္ဌာန်းထိုသည်။
နေရောက်ထွက်ပြုလာသည်တွင် သပိတ်ကိုပိုက်ခါ ဆွမ်းခံကြွသည်။ ရဟန်းတော်ပိုင် ပစ္စည်းဟူ၍ ပရိက္ခရာ ရှစ်ပါးနှင့် သင်္ကန်းနှစ်ထည်သာ ရှိလေသည်။
တိတ်တဆိတ် စုံစမ်းကြည့်ရှုကြသော မြစ်သီတာ ရွာသူရွာသားတွေ့သည် တပေါင်း-တန်ခူး- ကဆုန် သုံးလတိုင်အောင် စောင့်ကြည့်ကြသော်လည်း ရဟန်းတော်၏ ချို့ယွင်းချက်ကို လုံးဝမတွေ့ရချေ။ ထိုအခါ ရွာသူရွာသား တွေသည် ကြည်ညို သဒ္ဓါသောစိတ်က ထက်သန်လာကြသည်။ မိုးလေက ရောက်လာတော့ မည်ဖြစ်ရာ ဦးချစ်မောင် ဒေါ်အုန်းတို့ ဦးဆောင်၍ ရဟန်းတော်နေမြဲနေရာ ခရေပင် ရင်းတွင်း ၀ါးကပ်မိုး ထရံကာ ၀ါးကွပ်ပျစ်ခင်းသော တောရကျောင်းကလေး တစ်ဆောင် ဆောင်လုပ် လှူဒါန်းပေးကြသည်။
ရဟန်းတော် ဆွမ်းခံကြွသွားချိန်မှာ ဆောက်လုပ်ကြသည် ဖြစ်ရာ ဆွမ်းခံက ပြန်ရောက်လာသော ရဟန်းတော်သည် စကားတစ်ခွန်းမှမဆိုဘဲ မြစ်ကမ်းပါးမှာ ဆွမ်းစာမြဲ သွားစား သည်။ ပြုမြဲဝတ္ထရားအတိုင်း စင်္ကြံကြွသည်။ ထို့နောက် သူကမ္မဋ္ဌာန်းထိုင်နေကျ နေရာမှာ ကမ္မဋ္ဌာန်း သည်။ သူ့အနားတွင် လှုပ်လှုပ်ရွရွဖြင့် တဲကျောင်းဆောက် နေသည်ကိုလည်းကောင်း၊ သူ့ဦးခေါင်း ထက်မှာ အမိုးမိုးနေကြသည်ကို လည်းကောင်းလှည့်ကြည့်ခြင်း၊ မော့ကြည့်ခြင်း မပြုချေ။ စိတ်ကိုနိုင် နင်းစွာ ထိန်းချုပ်တော်မူနိုင်သည့် လက္ခဏာက ထင်ရှားစွာ ပေါ်လွင်နေလေသည်။
တဲကျောင်းကလေး ဆောက်လုပ်ပြီးစီး၍ ရွာသူရွာသားတွေက ရိုသေစွာ ကန်တော့ကြသည်။ ဤတဲကျောင်းမှာ စိတ်ချမ်းသာသလို သီတင်းသုံးရန် လှူဒါန်းပါကြောင်း လျှောက်ကြားကြ သည်။ ရဟန်းတော်ကား မတုန်းမလှုပ် တည်ငြိမ်စွာ နေမြဲတိုင်းပင် စကားတစ်ခွန်းမှ မပြော၊ မျက်စိဖွင့်ကြည့် ခြင်းမရှိ။ မြစ်သီတာ ရွာသူရွာသားတွေသာ ပြန်ကုန်ကြသည်။ ရဟန်းတော်ကား မတုန်းမလှုပ် နေမြဲ တိုင်းပင်။
နောက်တစ်နေ့ နံနက်စောစောတွင် ရဟန်းတော် ဆွမ်းခံကြွလာ၏။ ဒ်ါအုန်းက အိမ်ပ်ါကြွပါရန် ရိုသေ စွာတောင်းပန်သောကြောင့် အိမ်ပေါ်ကြွလာပြီး ခင်းထားပြီးသောနေရာမှာ ထိုင်သည်။ ဦးချစ်မောင်က ရှိခိုးကန်တော့ပြီး မနေ့က တဲကျောင်းဆောက်ရာမှာ လက်ကိုဝါးရှမိကြောင်း လျှောက်ကြားခါ ဒဏ်ရာ ရသောလက်ကို ပြသည်။ ၀ါးရှသော နေရာမှာ လက်မနှင့် လက်ညိုးနှစ်ခုကြားမှာဖြစ်ပြီး ငန်းမန်းလိုက် နေသည်ဖြစ်ရာ ယောင်နေလေသည်။
"ညက-နာလဲနာ ကိုက်လဲကိုက် တစ်ညလုံး မအိပ်နိုင်ပါဘုရား၊ အနာရှိန်ကြောင့် နည်းနည်းနေ မကောင်းချင် ဖြစ်နေပါတယ် ဘုရား"
ရဟန်းတော်မှာ ဦးချစ်မောင် လျှောက်ကြားသည်ကို ဘာမှပြန်မပြောဘဲ အနာကိုသာ ခပ်စိုက်စိုက် ကြည့်နေသည်။ ဦးချစ်မောင်က ထပ်မံလျှောက်ကြားပြန်သည်။
"မနေ့က ကျောင်းလေးကို တပည့်တော်ဦးဆောင်ပြီး ဆောက်လုပ်လှူဒါန်းတာ ပါဘုရား၊ ဒီနေ့အ ရှင်ဘုရား ဆွမ်းခံမကြွစေလိုပါဘုရား၊ ဒီနေ့အရှင်ဘုရား ဆွမ်းခံမကြွစေလိုပါဘုရား၊ တပည့်တော် ဆွမ်းလုပ်ကျွေးလိုတဲ့အတွက် အခုလို အိမ်ပေါ်ပင့်ရခြင်း၊ ဖြစ်ပါဘုရား"
ဦးချစ်မောင်က လျှောက်ကြားရင် လက်အနာက ကိုက်သဖြင့် ခပ်တိုးတိုး တစ်ချက်မျှညည်းကာ မျက်နှာက ရှုံ့မဲ့သွားသည်။ ရဟန်းတော်သည် ကြည်လင်သောအသံဖြင့် စကားစပြော လိုက်သည်။
"ဆေးထည့်ထားတယ် ဟုတ်လား ဒကာကြီး"
ရဟန်းတော် စကားပြောသောကြောင့် ဦးချစ်မောင် အလွန်အမင်း ၀မ်းသာသွား လေသည်။
"မှန်ပါ၊ ထည့်ထားပါ ဘုရား၊ ဒါပေမဲ့ နာတာကိုက်တာက မကျသေးပါ ဘုရား"
ရဟန်းတော်က ဘာမှပြန်မမန့်ကြားတော့ဘဲ သူ၏ညာဘက်လက်ကို ဆန့်တန်းက ဦးချစ်မောင်၏ ဒဏ်ရာရထားသော လက်ကို ကိုယ်တွယ် လိုသည့်ဟန်ပြ၏။ ဦးချစ်မောင်က သူ့လက်ကို ရိုသေစွာ ဆန့်တန်းပေးလိုက်သည်။ ရဟန်းတော်သည် ဦးချစ်မာင်၏ လက်မှ အနာပေါ်တည့်တည့်ကို သူ့လက် ဖြင့်ညင်သာစွာ အုပ်ထားလိုက်သည်။ တောက်ပကြည်လင်သော မျက်လုံးများကို ဦးချစ်မောင်၏ အနာပေါ်တည့်တည့်မှာ စူးစိုက်ထားသည်။ အတန်ကြာ ငြိမ်သက်စွာ နေပြီးမှ သူ့လက်ကို အသာ အယာ ပြန်ရုပ်သိမ်းလိုက်၏။
"သက်သာသွားပါလိမ့်မယ် ဒကာကြီး"
ဤမျှသာ မိန့်ကြားပြီး မျက်လွှာချကာ တည်ငြိမ်စွာနေသော ရဟန်းတော်ကို ဦးချစ်မောင် ကြည်ညို ခြင်း၊ ယုံကြည်ခြင်းဖြင့် ကြည့်နေသည့် အခိုက်မှာ လက်မှအနာသည် အံသြဖွယ်ကောင်းအောင် ပင် နာကျင်ကိုက်ခဲခြင်းတို့က သိသိသာသာ လျော့ကျသွားသည်။ ငါ့စိတ်က ထင်နေလို့ ပေလားဟု ဦးချစ် မောင်က သတိထထားစူးစမ်း၏။ စိတ်ထင်၍ မဟုတ်ဘဲအမှန်တကယ်ပင် သက်သာနေသည်ကို အထင်အရှား သိရသောအခါ ဦးချစ်မောင်သည် နဂိုရ်က ကြည်ညိုရင်းစွဲ ရှ်ိရာမှ တစ်ဆင့်ပိုတိုး၍ ကြည်ညိုလာတော့သည်။
ဒေါ်အုန်းနှင့် မစပယ်တို့ပြင်ထားသော ဆွမ်းပွဲကို ရဟန်းတော်အား ကပ်လှူရာမှ ဖြစ်ပေါ်လာသည့် စေတနာသဒ္ဒါစိတ်သည် ဦးချစ်မောင်၏ တစ်ကိုယ်လုံးအား ကြက်သီးမွေးညင်း ထစေတော့သည်။ လက်မှာကား လုံးဝ မကိုက်မနာတော့ပေ။
ဦးချစ်မောင်၏ ငန်းမန်းလိုက်ပြီး ယင်းနေသော အနာကြီးသည် ယူပြစ်သလို မပျောက်သော် ငြားလည်း နာကျင်ကိုက်ခဲခြင်း လုံးဝမရှိတော့ဘဲ တစ်နေ့ထက် တစ်နေ့ ခြေက်သွေ့လာခါ ရက်အနည်းငယ် အတွင်းမှာ လုံးဝကျက်သွားလေ တော့သည်။ ရွာသူရွာသားများကား ဦးချစ်မောင်၏ စကားကို ယုံရ ကောင်းနိုး မယုံရကောင်းနိုး ဖြစ်နေကြသည်။
"ဆေးကောင်းလို့ ပျောက်တာပါ။ ခင်ဗျားဘုန်းကြီးက လက်နဲ့ ထိရုံလောက်တော့ အနာကဘယ် ပျောက် လိမ့်မလဲ"
တစ်ရွာလုံးက စကားပြော ကလန့်ကျသည်ဟု သတ်မှတ်ထားသော ရွာစာသင်ကျောင်း ဆရာကြီးက ဆို၏။
"ဟုတ်ပါတယ် ဆရာကြီးရဲ့။ ဆေးကောင်းလို့ ပျောက်တာကို မငြင်းပါဘူး။ ကျွန်တော်ပြောတာက မအိပ်နိုင်အောင် နာကျင်ကိုက်ခဲ နေတာဟာ ဘုန်းကြီးလက်နဲ့ ထိပြီးချိန်ကစပြီး လုံးဝ မကိုက်မနာ တော့ဘဲ သက်သာရာရသွားတာကို ပြောတာပါ"
ဦးချစ်မောင် ပြန်လည်ဖြေရှင်းသည်။
"ဒါဖြင့် ခင်ဗျားဘုန်းကြီးက ပျောက်စေဆရာမျိုးပေါ့"
"ပျောက်စေဆရာမျိုး ဘယ်ဟုတ်မလဲ၊ အနာကိုကိုင်ပြီး ပျောက်စေလို့မှ မမိန့်ကြားဘဲ ဆရာကြီးရဲ့၊ သက်သာသွားပါလိမ့်မယ်လို့သာ မိန့်ကြားတာပဲ"
"ရဟန်းသံဃာက ဆေးကုတယ်ဆိုရင် ဘုရားဟောဝိနည်းတောနဲ့ မညီတော့ဘူး ဦးချစ်မောင်"
ဆရာကြီးက ဦးချစ်မောင်စကားကို အပြင်းအထန် တိုက်ဖျက်သည်။ ဦးချစ်မောင်ကလည်း ပြန်လည်ချေ သည်။
"ဒါ ဆေးကုတာမဟုတ်ဘဲ၊ ဘာဆေးလိမ်းပါ- ထည့်ပါလို့လဲ သူမညွှန်ကြားဘူး၊ သူ့ဆီမှာ ဘာဆေးမှ လဲမပါဘူး။ အနာကိုကြည့်ပြီး သာက်သာသွားပါလိမ့်မယ် ပြောရုံကလေးနဲ့တော့ ဘုရားဟော ၀ိနည်းတော်နဲ့မညီ ဖြစ်ရမှပဲ၊ ဝေဒနာခံစားနေရသူ တစ်ယောက်ကို စိတ်အားတင်းနိုင်အောင် ဖြေသိမ့်အားပေးတဲ့ သဘောမျိုးပေါ့ ဆရာကြီး"
ဆရာကြီးက ရုတ်ရက် ပြန်မချေနိုင်သေးပဲ ပြောရမည့် စကားလုံးကို စဉ်းစားနေစဉ်မှာ ရွာထဲမှ နွားကျောင်းရန် ထွက်သွားသော ဆယ့်လေးနှစ်အရွယ် သူငယ်လေးက ခြေလှမ်းသုတ်သုတ်ဖြင့် အပြေး ကလေး ရောက်လာသည်။
"ဘကြီးမောင်.........ဘကြီးမောင်"
သူငယ်လေးကခေါ်ရင်း အိမ်ပေါ်တက်လာ၏။
"ဘာလဲဟေ့ထွန်းစီ၊ မင်းနွားကျောင်းက ပြန်လာတာလား"
ဦးချစ်မောင်က မေး၏။
"မဟုတ်ဘူးဗျ၊ ဘကြီးမောင်ဘုန်းကြီးအကြောင်း ပြောမလို့"
ဦးချစ်မောင်အနာနှင့် ပတ်သက်၍ တစ်ရွာလုံးမှာရှိသည့် လူကြီးတွေက ရဟန်းတော်နှင့်ပတ်သက်ပြီး ပြောကြဆိုကြ ထင်မြင်ချက်ပေးကြသည်ကို ကလေးတွေကပါ သိနေကြသည်။ ထို့ကြောင့် ဤသူငယ်လေး ထွန်းစီက ဘကြီးမောင်ဘုန်းကြီးဟု ဆိုလိုက်ခြင်းဖြစ်၏။
"အင်း ဆိုစမ်းပါဦးကွ.........ငါ့ဘုန်းကြီး ဘာဖြစ်လို့လဲ"
ဆရာကြီးရော ဒေါ်အုန်း မစပယ်တို့ရော နားစွင့်နေကြသည်။ ထွန်းစီက သူ့ခြေမျက်စီအောက်နားမှာ သွေးထွက်နေသော ဒဏ်ရာလေးကို ပြ၏။
"ဒီမှာကြည့် ဘကြီးမောင်၊ ကျွန်တော့်ခြေထောက် မြွေကိုက်လိုက်တာကို ဘကြီးမောင်ဘုန်းကြီး ကုပေးလိုက်တယ်၊ ဘုန်းကြီးနဲ့သာမတွေ့ရင် ကျွန်တော်သေပြီပါ့။ မြွေက ငန်းသံကွင်းစွပ်ကြီးဗျ"
နားထောင်နေသူတွေ မျက်လုံးပြူးသွားကြသည်။
"ဘယ်အချိန်က ဘယ်မှာကိုက်လိုက်တာလဲ ထွန်းစီရ၊ ဘုန်းတော်ကြီးနဲ့ ဘယ်မှာတွေ့လိုက်တာလဲ"
ဦးချစ်မောင်က ရှင်းအောင်မေးသည်။ ထွန်းစီက အသေအချာပြောပြ၏။
"ကျွန်တော် နွားတွေ ဂရုစိုက်ကြည့်ပေဆိုလို့ သစ်ငုပ်တိုခြေရင်းမှာ ခွေနေတဲ့မြွေကို မမြင်မိဘူး။ သစ်ငုပ်ကိုပေါ်တက်ပြီး နွားတွေကြည့်မယ် အကြံနဲ့ သစ်ငုပ်တိုနားလဲ ကပ်လိုက်ရော မြွေကအားပါးတရ ပေါက်ပြီး သစ်ခေါင်းထဲ ၀င်သွားလေရဲ့ ဘကြီးမောင်၊ ဘုန်းကြီးကလည်း ဆွမ်းခံရာ ကအပြန် ကျွန်တော် အော်လိုက်တဲ့ အသံကြားတော့ လှမ်းကြည့်ပြီး ကျွန်တော့်နား ရောက်အောင်လာ တယ်၊ သူ ကုပေးလို့ ကျွန်တော်ချက်ချင်း အကောင်းကြီးဖြစ်ပြီး ဘကြီးမောင်ကိုရော အမေတိုက ကိုရော ပြောမလို့ ပြန်လာတာ"
ထွန်းစီ စကားဆုံးသောအခါ ပျော့ကွက်ကို စောင့်နေသော ဆရာကြီးက ချက်ကောင်းတွေ့ပြီဟူ သော သဘောဖြင့်..........
"ကဲ.........ဘုန်းကြီးဆေးကုတဲ့ လူနာတစ်ယောက် ပေါ်လာပြန်ပြီ၊ သူဝိနည်းတော်နဲ့ ညီတဲ့ရဟန်း လောင်းဆိုရင် ဆေးမကုတက်ဘူး၊ ကုလဲမကုအပ်ဘူး၊ အခုဆေးကုလွှတ်လိုက်ပြန်ပြီ ဦးချစ်မောင်ရဲ့" ဟုပြောလိုက်၏။
ဦးချစ်မောင်က အရေလည်အောင် ထွန်းစီကိုမေးသည်။
"ဆေးလဲ မတိုက်ဘူး၊ ဆေးလဲ မလိမ်းဘူး"
"ဒါဖြင့်လဲ သေသေချာချာ ပြောစမ်းကွာ"
"မြွေကိုက်လို့ သစ်ငုပ်တိုနားလဲနေတဲ့ ကျွန်တ်ာဆီကို ဘုန်းကြီးက ကြွလာတယ်။ မြွေကိုက်တဲ့ နေရာအပေါ်က လက်နဲ့အုပ်ထားပြီး မြွေဝင်သွားတဲ့ သစ်ခေါင်းကို စိုက်ကြည့်နေတာပဲ။ ဒါနဲက မြွေက ပြန်ထွက်လာပြီး ကျွန်တော့ခြေထောက်နား ရောက်လာတယ်။ ကျွန်တော်က ကြောက်လို့အော် တော့ ဘုန်းကြီး က ကျွန်တော့နဖူး လက်နဲ့အသာလေး အုပ်ထားတယ်။
အဲဒီတော့ ကျွန်တော်က မကြောက်တော့ဘူး၊ မြွေက သူကိုက်ထားတဲ့နေရာ ပါးစပ်နဲ့ငုံပြီး အဆိပ်ကို ပြန်စုပ်ယူတယ်။ အဆိပ် ကုန်တော့ မြွေလဲ သစ်ခေါင်းထဲ ပြန်ဝင်သွားတာပေါ့။ ကျွန်တော့်အနာ ဘုန်းတော်ကြီးက လက်နဲ့ အသာကလေး နှိပ်ပေးဆုပ်ပေး လုပ်တော့ ကျွန်တော်ဘာမှမဖြစ်တော့ဘူး၊ အဲဒါပြောမလို့ ပြန်လာ တာ "
ထွန်းစီက စကားအုံးတွင် သူ့မိဘတွေကို ပြောချင်သောဆန္ဒကြောင့်.............
"အမေတို့ကို သွားပြောဦးမယ် ဘကြီးမောင်"ဟု ဆိုကာဆင်းပြေး လေသည်။
"ထွန်းစီပြောတာ ကြားလား ဆရာကြီး၊ ဘုန်တော်ကြီး ဆေးကုတယ်လို့ မဆိုနိုင်ဘူး၊ သူ့မျက်စီရှေ့မှာ ဒုက္ခရောက်နေတဲ့ သတ္တ၀ါကို ကြုံကြိုက်သမျှ ကယ်မယ်ဆိုတဲ့ မေတ္တာစိတ်ထားကြောင်း ထင်ရှားနေပြီ မဟုတ်လား"
ဦးချစ်မောင်က ၀င့်ကြွားစွာပြောသည့်စကားကို ဆရာကြီးသည် ပြန်မချေနိုင်တော့ချေ။ ဘုန်းတော်ကြီး ၏မေတ္တာတန်ခိုး သမာဓိတန်ခိုပင် ဖြစ်လေသလား၊ မြွေအလမ္ပာယ်ဆရာပင် ဖြစ်လေသလား၊ ပဉ္ဇလက် နည်းဖြင့် တစ်ခုကောင်း တတ်ထားလေသလား ဟူ၍သာ ဆရာကြီး တွေးရတော့သည်။
ဘန်းတော်ကြီးကို ကြည်ညိုရင်းစွဲရှိနေသော ရွာသူရွာသားတွေကား ခရေပင်အုပ်စု ပတ်ဝန်းကျင်တွင် အမြဲမပြတ် အဖူးအမြော် ရောက်နေကြသည်။ ဘုန်းတ်ာကြီးအဖို့ ဆွမ်းခံစားရန် မဖြစ်နိုင်တောချေ။ ဦးချစ်မောင်အိမ်မှ ဆွမ်းအုပ်သည် နံနက်အရုဏ်တက်ချိန်မှာ ပူပူနွေးနွေး အငွေ့တထောင်းထောင်းဖြင့် ဦးချစ်မောင်က ဆောင်းကြဉ်းလာပြီး အရုဏ်ဆွမ်း ကပ်လှူသည်။ နေ့ဆွမ်းအတွက်ကိုမူ ဒေါ်အုန်းနှင့် မစပယ်တို့ သားအမိက နှစ်ယောက်အတူသော်လည်းကောင်း၊ တယောက်ထဲသောလည်းကောင်း အမြဲတာဝန်ယူ ကပ်လှူနေကြလေသည်။ ရွာသူရွာသားတွေ ဤမျှလောက် ကြည်ညိုနေရာမှ တိုးပြီး ကြည်ညိုဖွယ်အဖြစ်က ပေါ်လာသည်။
ဆရာ၏ဇနီး ဆရာကတော်သည် အပြင်းအထန် ဖျားလေသည်။ ရွာသုံးဗိန္ဓောဆရာဖြင့် ကုသရာ မသက်သာချေ။ သုံးရက်မျှအကြာ မြို့ဆေးရုံသို့သွားရန် လှည်းပြင်နေဆဲဝယ် အနိစ္စရောက်သွားလေ တော့၏။ ဈာပနကို သုံးရက်မျှထားပြီး အိမ်မှပင် သရဏဂုံတင်ခါ ရွာပြင်သုသာန်သို့ မြှုပ်နှံသဂြိုင်္ဟန်ရန် ယူဆောင်လာခဲ့ကြ၏။ သုသာန်တွင် ဦးချစ်မောင်၏ ဘုန်တော်ကြီးသည် ဆရာကတော်ကို မြှုပ်နှံရန် တူးထားသည့်တွင်းထပ်၀၀ယ် မျက်လွှာချကာ တည်ငြိမ်စွာ ထိုင်လေသည်။ ဆရာကတော်ကို တွင်းထည့်ဆဲဆဲတွင် ဘုန်းတော်ကြီးက လက်ပြတားမြစ်ခါ မိန့်ကြားတော်မူသည်။
"မမြှုပ်ပါနဲ့ ဒကာကြီး၊ သူ့အသက် ပြန်ရှင်လာပါလိမ့်မယ်"
ဘုန်းတော်ကြီးက အယုံအကြည်မရှိသည့်အလျောက် အပြင်းအထန် ပုတ်ခတ်ပြောဆိုခဲ့သော ဆရာကြီး သည် သူ၏ချစ်လှစွာသော ဇနီးနှင့် ပတ်သက်လာသောအခါ ပူပန်သောက ပျောက်မှ ပျောက်စေဟူ သောသဘောဖြင့် ဘုန်းတော်ကြီးစကားကို နားထောင်လိုက်သည်။
"အရှင်ဘုရားမိန့်တာ အမှန်ပဲလား ဘုရား"
"အမှန်ပါ၊ ဒကာမကြီးကို သေတ္တာထဲကထုတ်ပြီး အိပ်ပြန်ယူသွား၊ အိမ်ရောက်ပြီး ခဏကြာရင် သတိရ လာလိမ့်မယ်"
ဘုန်းတော်ကြီးက ဤမျှသာမိန့်ကြားပြီး သူ့နေရာ ခရေပင်အုပ်စုဆီသို့ ပြန်ကြွသွားလေသည်။ ဘုန်းတော်ကြီးကို မယုံခဲ့သော ဆရာကြီးသည် သူ့ဇနီးပြန်ရှင်လာမည်ဆိုသည်ကို အကြွင်းမဲ့ယုံကြည် မျှော်လင့်အားထားခြင်းဖြင့် အိမ့်သို့ပြန်ယူသွားသည်။ အသုဘ လိုက်ပို့သူတွေကား သုသာန်တွင် စီစီကြွက်ကြွက် ဖြစ်နေကြလေသည်။
"ဘုန်းတော်ကြီးက အသုဘမချခင် ဘာကြောင့် မပြောတာလဲ"
"ဆရာကြီးက သူ့ကိုအယုံအကြည်မှမရှိတာ၊ အိမ်ပေါ်တက်ပြောလို့ လက်မခံဘဲ နှင်ချမှာစို့လို့ ထင်တယ်"
"တစ်ခါ တလေ အသုဘ ကမ္ပဋ္ဌာန်းရှုဖို့ သုသာန်မှာ လာထိုင်တယ်လေ၊ အခုဆရာကတော် ဈာပနနဲ့ ဘုန်းတော်ကြီး ကြွလာတာနဲ့ ကြုံကြိုက်သွားဟန်တူပါတယ်"
"မိန့်ကြားတဲ့အတိုင်း ဟုတ်တယ် မဟုတ်ဘူးဆိုတာ စောင့်ကြည့်ရအောင်"
စသည်ဖြင့် တစ်ယောက်တစ်ခွန်း ထင်မြင်ချက်တွေပေးခါ ရွာသို့ ပြန်လာခဲ့ကြလေသည်။
ဘုန်းတော်ကြီး မိန့်ကြားသည့်အတိုင်းပင် ဆရာကတော်ကား အိမ်ပြန်ရောက်ပြီး တစ်နာရီကျော်ကျော် အကြာတွင် သတိပြန်ရလာလေသည်။ ဘုန်းတော်ကြီးကို အယုံအကြည်မရှိခဲ့သော ဆရာကြီးကား သူချစ်သောဇနီး၏ အသက်သခင်အဖြစ်ဖြင့် ဘုန်းတော်ကြီး၏ ခြေကိုဦးဖြင့်တိုက်ခါ ရှိခိုးကန်တော့ လေသည်။
ဘုန်းတော်ကြီးကား ရောဂါမျိုးစုံကို ပျောက်စေကြောင်း၊ သေသောသူကို ပြန်ရှင်စေကြောင်း၊ ဤမျှလောက် ဘုန်းတန်ခိုး နှင့် ပြည့်စုံသော ဘုန်းတော်ကြီးသည် အနည်းဆုံး သက်တော် တစ်ရာကျော် ရှိမည်ဖြစ်ကြောင်း၊ တန်ခိုးကြီး ပုဂ္ဂိုလ်ဖြစ်တဲ့ အသက်ကြီးရင့်သော်လည်း ရုပ်အဆင်းတော်မှာ အလွန်နု ပျိုတင့်တယ် ၍ သပ္ပာယ်လှကြောင်း စသည့်တဖြည်းဖြည်း ကားသွားသော သတင်းစကားများကြောင့် မြို့ပေါ်က လူကောင်းတွေရော ဝေဒနာရှင်တွေရော တောရွာဒေသက လူတွေရော ခရေပင်အုပ်စု ပတ်ဝန်းကျင်တွင် ပွဲသဘင်တမျှ လူတွေ ကြိတ်ကြိတ်တိုးနေ တော့သည်။ လူတွေ အသွားအခါ စည်ကား လာသော အခါ စားသောက်ဖွယ်ရာ ဈေးတန်းကြီးက ပေါ်လာသည်။ အသံမျိုးစုံဖြင့် စည်ကား ဆူညံ နေသည်ဖြစ်ရာ ဘုန်းကြီးသည် များစွာအနှောင့်အယှက် တွေ့နေရတော့၏။
ဆက်ရန်
.

5 comments:
Thanks.
Ray
ကျေးဇူးး
မြတ်နိုး
နာမည်ကျော်ရင် ဘုန်းကြီးမလည်း တစ်ဒုက္ခနော်...
ခရေပင်အောက်က ကြွသွားရင်တော့ အခက်ပဲ..။
အင်း.... မမရွှေစင်
မေတ္တာလက်နက်၊ အစွမ်းထက် ဆိုတာများ ဖြစ်နေလား မသိဘူးနော်။ ထူးတော့ ထူးဆန်းနေသလိုဘဲ။ ဆက်ရန်လေးကို ဆက်ပြီး မျှော်နေဦးမှ...
ပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အင်း ... ဘုန်းကြီးတွေကို လူတွေကဖျက်နေကြတာပဲ။ ဘာဆက်ဖြစ်အုံးမလဲဆိုတာ စောင့်မျှော်နေပါ၏။
Post a Comment