Monday, August 30, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၈)

မာတာဘယ်လီ တိုင်းရင်းသားတို့သည် ရုံးခန်းပြင်ဘက်သို့ ရောက်သည့်တိုင်အောင် သူတို့၏ စစ် ချီ သီချင်း ကို သံပြိုင်သီဆိုလျက် ရှိနေကြလေသည်။
ခရိတ်သည် ထိုလူအုပ်ကြားမှ တိုးဝှေ့၍ ပြင်ဘက်ထွက်ခဲ့ရသည်။ ဆယ်လီကိုလည်း လက်တစ်ဖက် ဖြင့် ဆွဲလျက် သတင်းထောက်များ၊ ဓာတ်ပုံဆရာများကို တိမ်းရှောင်ကာ ထွက်ခဲ့ရလေသည်။
သူတို့၏ မော်တော်ကားဆီသို့ရောက်ပြီး ဆယ်လီအား ကား၏ ရှေ့ခန်းမှ ကူညီ၍ တံခါးဖွင့်ပေးနေ စဉ် ဓာတ်ပုံ သတင်းထောက်တချို့က ဓာတ်ပုံရိုက်ယူရန် ကြိုးစားပြန်သဖြင့် ခရိတ်က စိတ်ဆိုးဟန် ဖြင့် လက်သီး ဆုပ်ကာ ချိန်ရွယ်လိုက်တော့မှ ဓာတ်ပုံဆရာများလည်း လက်လျှော့ကာ ရှောင်ထွက် သွားကြ လေသည်။

"ကိုင်း အခု ဘယ်လိုလုပ်ကြမလဲ"
ဆယ်လီက မေးလိုက်ရာ ခရိတ်သည် အံ့အားသင့်သွားဟန်ဖြင့်-
"မင်းမေးတဲ့ မေးခွန်းကို နားမလည်ဘူး"ဟု ပြန်ပြောလိုက်သည်။
"ဒီမယ် ကျွန်မဟာ ရှင့် ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တယ်ဆိုတာ မှတ်မိသေးရဲ့လား"
သည်တော့မှ ခရိတ်သည် ကားပေါ် တက်ထိုင်ရင်း စိတ်ဓာတ်ကျဟန်ဖြင့် စတီယာရင် အပိုင်းပေါ် သို့ ဦးခေါင်း ငိုက်စိုက် ချထားလိုက်သည်။

"ဆောရီးပဲ ဆယ်လီရယ်။ ငါ့စိတ်တွေ သိပ်ပြီး ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ သိပ်ပြီး စိတ်ဓာတ် ကျ မိတယ်။ ထောင်ဒဏ် နှစ်ပေါင်း လေးဆယ်တဲ့ကွ။ ငါဖြင့် ဒီလို ချလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ မိဘူး"
"ဒါတော့ ရှင့်အပြစ်မှ မဟုတ်ပါဘူး။ ရှင့်အနေနဲ့ ဘာမှ တတ်နိုင်တာမှ မဟုတ်ဘဲ"
"တွန်ဂါတာ တစ်ယောက် သနားပါတယ်။ ထောင်ဒဏ် အနှစ်လေးဆယ်ဆိုတော့"
"ဒါတွေ မေ့ပစ်လိုက်စမ်းပါရှင်၊ ကဲ…ဘယ်လိုလဲ၊ ရှင် ကျွန်မရဲ့ တိုက်ခန်းကို လိုက်ဦးမှာလား"
ဆယ်လီ က မေးလိုက်လျှင် ခရိတ်က ခေါင်းခါပြလိုက်သည်။

"ငါက ကင်းလင်းမွေးမြူရေးခြံကြီးကို ပြန်မှဖြစ်မယ်။ ဟိုမှာ လုပ်စရာအလုပ်တွေ အများကြီးရှိတာကို ဒီတိုင်း ထားပစ်ခဲ့ရတယ်"
"ရှင် ခုချက်ချင်း ပြန်သွားမှာလား"
"ဟုတ်တယ်"
"ရှင်တစ်ယောက်တည်း သွားမှာလား"
"အေး… ငါက အခုအချိန်မှာ တစ်ယောက်တည်းပဲ နေချင်တယ်"
ခရိတ် က ပြောလိုက်ရာ ဆယ်လီသည် ပြစ်တင်ဝေဖန်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာလဲ ရှင်က တစ်ယောက်တည်း ငိုင်ပြီး ကိုယ့်စိတ်ကိုကိုယ် ပြန်ညှဉ်းဆဲနေဦးမလို့လား။ ဒီမယ် ကျွန်မ အနေနဲ့ ရှင် ဒီလိုနေတာကို ခွင့်မပြုနိုင်ဘူး။ ကျွန်မကိုယ်တိုင် ရှင်နဲ့အတူ လိုက်ခဲ့မယ်"
ထိုအချိန်၌ သူတို့သည် ဆယ်လီ၏ တိုက်ခန်းရှိရာ အဆောက်အအုံရှေ့သို့ ရောက်သွားကြပြီဖြစ် ရာ ဆယ်လီ က-
"ရှင် ခဏလေး စောင့်နေပါ။ ကျွန်မ အ၀တ်အစား နည်းနည်းပါးပါး ပြေးယူလိုက်ဦးမယ်။ ကျွန်မ သိပ်မကြာ ပါဘူး။ ရှင်က ဒီကားကို စက်မသတ်ဘဲ စောင့်နေရင် ကျွန်မ အမြန်ဆုံး ပြန်လာခဲ့ပါမယ်" ဟု ပြောပြော ဆိုဆို ကားပေါ်မှ ဆင်း၍ သူမ၏ အခန်းသို့ ပြေးတက်သွားလေသည်။

ငါးမိနစ်အတွင်း ဆယ်လီသည် မော်တော်ကားဆီသို့ ပြန်ရောက်လာလေသည်။
သူမ သည် ခရီးသွား လက်ဆွဲအိတ်၊ ဓာတ်ပုံရိုက်ယူရန် ကင်မရာပစ္စည်းများကို ကားပေါ် ပစ်တင် လိုက်သည်။
"ကိုင်း…သွားကြစို့လေ"
ခရိတ်လည်း မော်တော်ကားကို ဂီယာထိုး၍ မောင်းထွက်လေသည်။
လမ်းခရီး၌ သူတို့သည် စကားများများမပြောဘဲ ကိုယ့်စိတ်ကူးနှင့်ကိုယ် ငြိမ်၍ နေကြလေသည်။

သို့ရာတွင် ခရိတ်သည် ကားမောင်းသွားရင်းနှင့် ဆယ်လီတစ်ယောက် မိမိနှင့် ယခုလို လိုက်ပါလာ ခြင်းကို ကျေးဇူး တင်မိလေသည်။ မိမိက လှမ်းကြည့်လိုက်လျှင် ဆယ်လီက ပြုံးပြသည်ကို လည်း ကောင်း၊ ရံဖန်ရံခါ ဆယ်လီက ခရိတ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်ကို လည်းကောင်း သာယာ ကြည်နူး မိလေသည်။
ဆယ်လီကမူ ခရိတ် စိတ်လှုပ်ရှား ခံစားနေရသည်ကို ရိပ်မိ၍ အလိုက်သိစွာ ဆိတ်ဆိတ်နေပြီး လိုက်ပါ လာရှာသည်။
နေ၀င်ဖျိုးဖျ အချိန်တွင် သူတို့သည် ကင်းလင်းမွေးမြူရေး ခြံကြီးသို့ ရောက်သွားကြလေသည်။

စားဖိုမှူးကြီး ဂျိုးဇက်သည် ဆယ်လီအား မြင်မြင်ချင်းပင် ခင်မင်မိပုံရကာ အထူးဖော်ရွေစွာ ဆက်ဆံ နှုတ်ဆက် လေသည်။ ဆယ်လီအား ဂျိုးဇက်က သူ၏ သခင်မလေးအဖြစ် ဆက်ဆံချင်ပုံရကာ သူမ ၏ ပစ္စည်း များကို အခြား အစေခံများအား ပျာပျာသလဲ အမိန့်ပေး၍ ကားပေါ်မှ သယ်ချစေလေ သည်။
"ရေနွေး ပူပူနဲ့ ရေချိုးလိုက်ပါလား ခင်ဗျ။ ကျွန်တော် ချက်ချင်း ရေနွေးတည်ပေးပါ့မယ်"
ဂျိုးဇက် က လောကွတ်ပျူငှာစွာဖြင့်ပြောရာ ဆယ်လီကလည်း ပြုံး၍ ခေါင်းညိတ်ပြလေသည်။

"ကောင်းသားပဲရှင့်၊ ကျေးဇူးတင်ပါတယ်"
မကြာမီ ဆယ်လီ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးနောက် အိမ်ရှေ့ ၀ရန်တာသို့ ထွက်လာရာ ခရိတ်သည် ယမကာ ပုလင်းများရှိရာ စားပွဲမှ ဆယ်လီအတွက် ၀ီစကီနှင့် ဆိုဒါတစ်ခွက် ရောစပ်ပေး လေသည်။ သူကိုယ်တိုင် အတွက်မူ ၀ီစကီများများနှင့် ဆိုဒါအနည်းငယ်သာ ရောစပ်သည့် ယမကာ တစ်ခွက် ထည့်ယူ လာလေသည်။
"ကဲ…ငါတို့က တရားရုံးနာယကကြီး ဒိုမာရှာဝါ ကျန်းမာပါစေလို့ ဆုတောင်းပြီး သောက်ကြရ အောင်"
ခရိတ် က သရော်လှောင်ပြောင်သည့် သဘောဖြင့် ပြောရင်း ဖန်ခွက်ကို ကိုင်မြှောက်လိုက်သည်။

"နောက်ပြီး ရှိုနာလူမျိုးတို့ရဲ့ တရားစီရင်ရေးစနစ်နဲ့ ထောင်ဒဏ် အနှစ်လေးဆယ် ပေးလိုက်တာ ကို လည်း ဂုဏ်ပြုဖို့ သင့်တယ်"
ဤသို့လည်း ခရိတ်က ဆက်ပြောလိုက်ပြီးမှ အရက်ခွက်ကို မော့သောက်ချလိုက်သည်။
ညစာ စားနေချိန်တွင် (အနောက်တိုင်းသားတို့ ဓလေ့အရ) ဘရန်ဒီအရက် သောက်လေ့ရှိကြရာ ခရိတ်က ဘရန်ဒီ တစ်ခွက်စီ ငှဲ့နေစဉ် ဆယ်လီသည် ခေါင်းခါပြလေသည်။
"တော်ပါတော့ရှင် မသောက်ပါရစေနဲ့။ ကျွန်မအနေနဲ့ မူးအောင် မသောက်ချင်လို့ပါ"
ခရိတ် သည် ဆယ်လီ၏ မျက်နှာကို လှမ်းအကဲခတ် ကြည့်လိုက်မိသည်။

"ကျွန်မကို အထင်မလွဲပါနဲ့ရှင်။ ကျွန်မက ရှင့်ကို သြဇာပေးသလို ပြောနေတာ မဟုတ်ပါဘူး။ ဒီနေ့ ည အဖို့ ကျွန်မအနေနဲ့ မမူးချင်လို့ပါ"
ခရိတ်သည် ဆယ်လီအား ရွှန်းရွှန်းစားစား ငေးကြည့်နေရာမှ ဘရန်ဒီပုလင်းကို ပြန်ချထားလိုက်ပြီး သူမ၏ အနီး သို့ ချဉ်းကပ်လာလေသည်။
ဆယ်လီ ကလည်း ခရိတ်အား ပြန်စိုက်ကြည့်ရင်း မတ်တပ်ထလိုက်သည်။

ထိုအချိန် ၌ သူတို့နှစ်ဦးသည် ပါးစပ်က ဘာမှ ဖွင့်မပြောသေးသော်လည်း နှလုံးသားအတွင်းမှ တစ် ယောက် အပေါ် တစ်ယောက် မေတ္တာစိတ်တွေ ဖြစ်ပေါ်လျက်ရှိနေပြီဖြစ်သည်။
"ဆယ်လီရယ်၊ ဆယ်လီ ဒါလင်၊ ငါဖြင့် ဒီလိုအခြေအနေမျိုးရောက်ဖို့ စောင့်နေလိုက်ရတာ ကြာလှ ပါပြီ ကွယ်"
"ကျွန်မကလည်း ဒီလိုပါပဲရှင်"

ဆယ်လီက ခပ်တိုးတိုးပြန်ပြောလိုက်သည်တွင် ခရိတ်သည် သူမ၏ ကိုယ်ကို သိမ်းကျုံးပွေ့ဖက် ထားလိုက် မိသည်။ လူချင်းနီးကပ်သွားပြီး အသားချင်း ထိမိချိန်တွင် ခရိတ်သည် ဆယ်လီ၏ အတွင်းစိတ် ကို ခန့်မှန်းအကဲခတ်မိလေသည်။ သူမ၏ နှလုံးသားအတွင်း၌ ခရိတ်အပေါ် တိမ်း ညွှတ်သည့် မေတ္တာ စိတ်တွေ ပြည့်လျှံတက်ကြွနေပြီ ဖြစ်ကြောင်း သိသာထင်ရှားနေပြီ ဖြစ်သည်။
သူတို့ နှစ်ဦးသည် ဤအခြေအနေမျိုးကို ကာလကြာမြင့်စွာ မွတ်သိပ်နေသူများပမာ တစ်ယောက်ကို တစ်ယောက် အားရပါးရ ပွေ့ဖက်နမ်းရှုပ်လိုက်ကြလေသည်။
ထိုအချိန် ၌ စားဖိုဆောင်မှူးကြီး ဂျိုးဇက်သည် ကော်ဖီပန်းကန်များကို လင်ပန်းဖြင့် ယူလာပေးရာ ခရိတ် နှင့် ဆယ်လီတို့ ရင်ချင်းအပ်နေသည်ကို မြင်လျှင် အဓိပ္ပာယ်ပါပါပြုံးလျက် ခြေသံမကြား အောင် နောက်ပြန် ဆုတ်သွားလေသည်။

အခန်းတံခါးကိုလည်း ညင်သာစွာ ပိတ်လိုက်သည်။
ထို့ကြောင့် ခရိတ်နှင့် ဆယ်လီတို့သည် အဘိုးကြီးဂျိုးဇက် ကော်ဖီပေးရန်ထပြီးမှ အသာပြန်ထွက် သွားသည် ကို တစ်ယောက်မှ မသိလိုက်ကြချေ။
ခဏမျှအကြာတွင် ဆယ်လီသည် လူချင်းခွာလိုက်ပြီးနောက် ခရိတ်နှင့် နှုတ်ခမ်းကို လက်ဖြင့် အသာပိတ် ထားလိုက်သည်။ သို့သော် သူမ၏ မျက်လုံးက အဓိပ္ပါယ်ပါပါ ပြုံးနေသည်။
"ဒီမယ် ကျွန်မတို့ အိပ်ခန်းထဲကို သွားကြရအောင်"

ဤသို့ သူမက ခပ်တိုးတိုး ပြောလိုက်သောအခါ ခရိတ်သည် ဘာကိုဆိုလိုကြောင်း အဓိပ္ပါယ်ရှင်းနေ ပြီဖြစ်ရာ ခရိတ်သည် ကြည်နူးပီတိ ဖြစ်သွားလေသည်။
အိပ်ခန်း တွင်းသို့ ရောက်သောအခါ ခရိတ်သည် သူ၏ ခြေထောက်တစ်ဖက်မှ သစ်သားခြေအတု ကို ဖြုတ်လိုက် လေသည်။
ချစ်သူနှစ်ဦးတို့သည် အားရပါးရ ချစ်တင်းနှီးနှောကြပြီးနောက် နှစ်ယောက်စလုံး နှစ်ခြိုက်စွာ အိပ် ပျော်သွားကြ လေသည်။

ခရိတ်သည် အိပ်ရာမှ ပြန်နိုးသောအခါ စိတ်ထဲ ပေါ့ပါးကြည်လင်လာလေသည်။ သူ၏ဘေးနားတွင် ဆယ်လီ ကတော့ နှစ်ခြိုက်စွာ အိပ်ပျော်လျက်ပင် ရှိနေရှာလေရာ ခရိတ်သည် သူမကိုကြည့်ပြီး ကြည်နူး ပီတိ ဖြစ်မိလေသည်။
ချစ်သူကိုကြည့်ရင်း ခရိတ်သည် ချစ်ခြင်းမေတ္တာစိတ်တွေ နိုးကြားတက်ကြွလာပြန်လေသည်။ ယင်း သို့ သူ၏ စိတ်များ လှုပ်ရှားနေသည်ကို ဆယ်လီက အလိုလို သိသကဲ့သို့ သူမသည် ရုတ်တရက် နိုးလာပြီး မျက်လုံး ဖွင့်ကြည့်လေသည်။

ထို့နောက် သူမကပင် လက်နှစ်ဖက်ဆန့်တန်းကာ ခရိတ်အား ပွေ့ဖက်ထားလိုက်သည်။
အချိန် ကား နံနက် အရုဏတ်တက်ချိန် ဖြစ်နေလေပြီ။
"ရှင်နဲ့ ကျွန်မတို့ဟာ အရင်ဆုံး တစ်ယောက်ကိုတစ်ယောက် လေ့လာကြည့်ပြီး နှစ်သက်သဘော ကျခဲ့ကြ တယ်နော်။ ဒါမျိုးမှ ကျွန်မက ကြိုက်တယ်"
ဆယ်လီက ခပ်တိုးတိုးပြောလိုက်ရာ ခရိတ်ကလည်း သဘောတူ လက်ခံဟန်ဖြင့် ခေါင်းညိတ်ရင်း သူမ၏ ကိုယ်လုံးကို သိမ်းကျုံး ပွေ့ဖက်ထားလိုက်ပြန်သည်။

"ဟုတ်တယ် အခုဆိုရင် ငါတော့ မင်းကို သိပ်ချစ်မိနေပြီ။ ဒါကြောင့် ငါ့အနေနဲ့"
စကားမဆုံးမီ ဆယ်လီသည် လျင်မြန်ဖျတ်လတ်စွာ ခရိတ်၏ ပါးစပ်ကို လက်ဝါးဖြင့် အသာပိတ် ထားလိုက် သည်။
"ရှင်ဘာပြောမယ်ဆိုတာ ကျွန်မသိပါတယ်။ အဲဒါကို အခု မပြောပါနဲ့ဦးရှင့်"
"ဒါဖြင့် ဘယ်တော့မှ ပြောရမှာလဲ"

"သိပ်မကြာတော့ပါဘူးရှင်၊ ခဏ စောင့်နေလိုက်ပါ။ ဒါမှ အချိန်တန်လို့ ရှင်က ကျွန်မကို အဆိုပြု ပြောဆို တဲ့ အခါ ကျွန်မကလည်း တုံ့ပြန်အဖြေပေးနိုင်ပါလိမ့်မယ်"
ကင်းလင်းအမည်ရှိ မွေးမြူရေးခြံကြီးသည် ခရိတ်နှင့် ဆယ်လီတို့အား စိတ်ရှည်လက်ရှည် စောင့် နေဘိ သကဲ့ သို့ ထင်ရလေသည်။
ယင်းခြံကြီး၏ အတိတ်က သမိုင်းကြောင်းမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလေသည်။

ယခု ခရိတ်နှင့် ဆယ်လီတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးနေကြသကဲ့သို့ အတိတ်ကာလ တစ်ချိန် ကလည်း ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးတို့ ချစ်ခင်မြတ်နိုးခဲ့ကြခြင်းက ဤ မွေးမြူရေး ခြံကြီး ဖန်တီးတည်ဆောက်ဖြစ်အောင် လှုံ့ဆော်ဖန်တီးပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။
ယင်းချစ်သူမောင်နှံတို့၏ ချစ်ခြင်းမေတ္တာ ပမာဏအပေါ် အခြေပြုခဲ့သလို နောက်ပိုင်းတွင်လည်း ယောက်ျား နှင့် မိန်းမ စုံတွဲမောင်နှံတို့၏ ချစ်ခြင်းမေတ္တာကပင် ဤမွေးမြူရေးခြံကြီးကို ဆက်လက် ရပ်တည် နိုင်အောင် ဖန်တီးပေးခဲ့လေသည်။

ဤသို့လျှင် မေတ္တာတရားကို အခြေခံအားပြု၍ ကင်းလင်း မွေးမြူရေးခြံကြီးသည် ဖွံ့ဖြိုါ်တိုးတက်ခဲ့ ပေသည်။
ကာယကံ ရှင်များကိုယ်တိုင်က ဤခြံကြီးနှင့် လုပ်ငန်းကို သံယောဇဉ်ကြီးမားစွာဖြင့် တွယ်တာခဲ့ သလောက် နောက်ပိုင်း စီးပွားရေးမှလွဲ၍ ဘာကိုမှဂရုမစိုက်သော နိုင်ငံခြားသားများလက်သို့ ရောက်သော အခါ ၌မူ ကင်းလင်းခြံကြီးသည် ယခင်ကလို စိုပြည်ခြင်း မရှိတော့ဘဲ သိသိသာသာ ဆုတ်ယုတ် ခဲ့လေသည်။
ကင်းလင်းခြံကြီး သည် လူသားတို့၏ ချစ်ခြင်းမေတ္တာ အလွန်လိုအပ်သည်ဟု ဆိုရမလို ဖြစ်နေပေ သည်။

ခရိတ် ရောက်လာ၍ ခြံကြီးအတွင်းရှိ လူနေအိမ်ကို ပြန်လည်မွမ်းမံတည်ဆောက်ပြီး နွားစားကျက် များ ကိုလည်း ကောင်းမွန်လာအောင် ပြုပြင်လိုက်သည့်တိုင်အောင် ကင်းလင်း ခြံကြီး၏ အဓိက အာဟာရ၊ အဓိက ခွန်အားဖြစ်သော ချစ်ခြင်းမေတ္တာမရှိသဖြင့် အဓိက လိုအပ်ချက်မရှိဘဲ ချို့တဲ့နေ သလို ဟာနေ သလိုဖြစ်လျက်ပင် ရှိနေခဲ့ပေသည်။
သို့သော် ယခုတော့မူ ကင်းလင်းခြံကြီးအတွင်း ချစ်ခြင်းမေတ္တာသည် သာယာကြည်နူးဖွယ်ရာ ဖြစ် ပေါ်ပျံ့နှံ့ လျက် ရှိပေပြီ။

ယင်းမေတ္တာဓာတ်ကပင်လျှင် ကင်းလင်းခြံကြီး တိုးတက်ဖွံ့ဖြိုးရေးအတွက် ခွန်အားဖန်တီးပေးသလို အာဟာရဖြည့်တင်းသလို ဖြစ်နေပေသည်။
တစ်နည်းအားဖြင့် ခရိတ်နှင့် ဆယ်လီတို့၏ ချစ်ခြင်းမေတ္တာဓာတ်သည် မွေးမြူရေးခြံကြီးကို အသက်ဝင်လာသလို သွေးသစ်လောင်းပေးလိုက်သလို ဖြစ်လာလေသည်။
ဤသည်ကို မာတာဘယ်လီ တိုင်းရင်းသားတို့က ချက်ချင်းပင် ရိပ်မိသိရှိကြရုံမက ၀မ်းမြောက် ပီတိဖြစ်နေကြလေသည်။
ခြံမြေပတ်ဝန်းကျင်၌ ခရိတ်နှင့် ဆယ်လီတို့ နှစ်ယောက်သား လင်းရိုဗာကားဖြင့် လျှောက်မောင်း ကြသည့် အခါ လမ်းဘေးရှိ မာတာဘယ်လီ အမျိုးသမီးများသည် လျင်မြန်စွာ မတ်တပ်ထ၍ အလေး ပြု ဂုဏ်ပြု သလို ရပ်နေတတ်ကြသည်။

စားဖိုဆောင်မှူးကြီး ဂျိုးဇက်ဆိုလျှင် ပါးစပ်က ဘာမှမပြောဘဲ ဆိတ်ဆိတ်နေသော်လည်း အိပ်ခန်း တွင်းရှိ ခရိတ် ၏ အိပ်ရာတွင် ခေါင်းအုံးလေးလုံးနှင့် ပြင်ဆင်ပေးထားလိုက်သည်။ သူသည် အလိုက် သိတတ်ပုံကို လက်တွေ့ပြသည့် သဘောပင်ဖြစ်သည်။
ခုတင်ဘေးရှိ စားပွဲငယ်တွင်လည်း နေ့စဉ် လှပသော ပန်းများကို ပန်းအိုးဖြင့် ထိုးစိုက်ထားလေ့ရှိ သည်။

အင်္ဂလိပ်လူမျိုးတို့၏ ထုံးစံအတိုင်း ခရိတ်သည် နံနက် အိပ်ရာမှ နိုးနိုးချင်း မျက်နှာမသစ်မီ လက်ဖက်ရည် ပူပူ တစ်ခွက် သောက်လေ့ရှိသည်။ လက်ဖက်ရည်နှင့်အတူ ဘီစကွတ်နှစ်ချပ်လည်း စားတတ်သည်။
ယခု နောက်ပိုင်းတွင် နံနက်စောစော လက်ဖက်ရည်လာပို့သည့်အခါ လက်ဖက်ရည် ပန်းကန် နှစ်လုံးနှင့် ဘီစကွတ် လေးချပ်ပါလာ၍ ပို့ပေးလေသည်။
ဆယ်လီသည် ဧည့်သည်တစ်ယောက်လို မနေတော့ချေ။ အိမ်ရှင်မတစ်ယောက်ကဲ့သို့ ပြုမူနေထိုင် လာလေသည်။ အိမ်ကြီးအတွင်း မွမ်းမံပြင်ဆင်ခြင်း၊ ပရိဘောဂများ နေရာချထားခြင်း၊ ခန်းဆီးများ ရွေးချယ် တပ်ဆင်ခြင်း၊ ညစာစားရန်အတွက် ဟင်းလျာများ ရွေးချယ်ခြင်းကအစ သူမ ပါဝင်လာ သည်။

အစားအစာ ဟင်းလျာများကို အဘိုးကြီး ဂျိုးဇက်နှင့် တိုင်ပင်ပြီး စီမံလေ့ရှိသည်။ ဂျိုးဇက်ကိုယ်တိုင် ကလည်း မီးဖိုချောင်ကိစ္စ တိုင်ပင်ဆွေးနွေးရန် အိမ်ရှင်မတစ်ဦး ရရှိသကဲ့သို့ ၀မ်းမြောက်ကျေနပ် နေလေ သည်။
ကင်းလင်းမွေးမြူရေးခြံကြီးတွင် ပထမဆုံးနွားကလေးများသည် ညဥ့်သန်းခေါင်ယံအချိန်တွင် ဆယ်လီ ကိုယ်တိုင် မအိပ်ဘဲ စောင့်ကြည့်ရုံမက နွားမကြီး သားဖွားရာတွင် ၀မ်းဆွဲဆရာမကဲ့သို့ ကူညိ လုပ်ကိုင် ပေးခဲ့လေသည်။

ထိုညက ဆယ်လီသည် ခရိတ်နှင့်တကွ အလုပ်ကြမ်းကြီး ရှာဒရပ်၊ ဂရိုနီဝေါလ်တို့နှင့်အတူ နွား ကလေး မွေးဖွားပုံ ကို စိတ်ပါဝင်စားစွာ လေ့လာခွင့်လည်း ရရှိခဲ့လေသည်။
အချိန်တန်၍ နွားငယ်ကလေး အမိဖမ်းမှ ကျွတ်ကာ အောင်မြင်စွာ မွေးဖွားပြီး နွားမကြီး၏ နို့စို့နေ ချိန်တွင် ဆယ်လီ က အနီးရှိ ခရိတ်အား ဤသို့ ပြောလေသည်။
"ကျွန်မ အဖို့ ဒါဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံပဲရှင့်။ ဒါထက် ရှင်က နွား ကလေး မွေးရာ မှာ ကိုင်တွယ်တာ အလွန်ကျွမ်းကျင်တယ်။ ရှင့်ကို ဘယ်သူက သင်ပေးခဲ့သလဲ"
"ငါ့ရဲ့ ဘိုးအေကြီးက သင်ပေးခဲ့တာပါ"

ပြောပြောဆိုဆို ခရိတ်သည် ဆယ်လီအား ရင်းနှီးစွာ ပွေ့ဖက်ထားလိုက်သည်။
"နွားကလေးမွေးတာမြင်ရတော့ မင်း စိတ်မပျက်ဘူးလား"
"ဟင့်အင်း စိတ်မပျက်ပါဘူး။ ကျွန်မ စိတ်ဝင်စားမိပါတယ်။ ကြည့်လို့လည်း ကောင်းတယ်ရှင့်"
"ဘာလဲ မင်းက နွားမကြီး သားမွေးတာကို အားကျလို့လား။ ဟဲ…ဟဲ…"
"ရှင်နော် မဟုတ်တာတွေ လာမပြောပါနဲ့။ ဒါထက် ရှင် အခု ပင်ပန်းနေရောပေါ့"
"မင်း ကကော မပင်ပန်းဘူးလား"

"မပင်ပန်းဘူးရှင့်၊ နောက်တစ်ခုက ဒီနေ့ပဲ ကြေးနန်းတစ်စောင် ရတယ်။ ကျွန်မရဲ့ စက်ဆနာ လေယာဉ်က စစ်ဆေးလို့ပြီးပြီတဲ့။ ကျွန်မကိုယ်တိုင် ဂျိုဟာနစ္စဘတ်မြို့ကို သွားပြီး လေယာဉ်ကို ပြန်မောင်း ယူလာ ရမယ်"
"ဟုတ်လား၊ တကယ်လို့ မင်းအနေနဲ့ နောက်နှစ်ပတ်သုံးပတ်လောက် စောင့်နိုင်မယ်ဆိုရင် ငါပါ မင်းနဲ့ အတူ တောင်အာဖရိကနိုင်ငံကို လိုက်နိုင်လိမ့်မယ်။ ဟိုမှာ မိုးလေ၀သအခြေအနေကြောင့် မွေးမြူရေး တိရစ္ဆာန် တွေ အလွန်ဈေးကျနေတယ်လို့ ကြားတယ်။ ဒါကြောင့် ငါတို့ နောက်ထပ် နွား မျိုးကောင်း တွေ ကို ဈေးချိုချိုနဲ့ ၀ယ်ယူလို့ရနိုင်တယ်"
ထိုမျှနှင့်ပင် စကားပြတ်သွားကြလေသည်။

နောက်ရက်များတွင် ဆယ်လီသည် သူမ၏ ပင်မတာဝန်ဖြစ်သော ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေး အဖွဲ့ချုပ်အတွက် အလုပ်တွေ အလွန်များနေပေသည်။
သူမ၏ စိတ်ထဲတွင်ကား ခရိတ်နှင့်တကွ ကင်းလင်းမွေးမြူရေးခြံကြီးအပေါ် တစ်နေ့တခြား ပိုမို၍ သံယောဇဉ် တွယ်လာမိလေသည်။
ရက်သတ္တတစ်ပတ်ခန့်ကြာသောအခါ ဆယ်လီထံသို့ စာတစ်စောင် ရောက်ရှိလာသည်။ ဟာရာရေ မြို့တော်မှ တစ်ဆင့် သူမထံသို့ ပို့ပေးလိုက်ခြင်းဖြစ်ပြီး စာမှာ ဆယ်လီအနေဖြင့် ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့ချုပ်အတွက် သုတေသနပြုလုပ်ရေးအတွက် ရန်ပုံငွေရရှိရန် နောက် ထပ် လျှောက်လွှာ တင်သွင်းရန် နှိုးဆော်စာဖြစ်ပြီး လျှောက်လွှာပုံစံလည်း အတူပူးတွဲပါရှိလေသည်။
အမှန် အားဖြင့် သူမသည် ယင်းလျှောက်လွှာကို အမြန်ဖြည့်စွက် လက်မှတ်ထိုးပြီး ပြန်ပို့လိုက်ရန် အပြန်ပြန် အလှန်လှန် စဉ်းစားမိလေသည်။

ယခုအချိန်တွင် သူမသည် ဘ၀လမ်းကြောင်း၏ လမ်ခွဆုံတစ်ခုသို့ ရောက်နေပြီး မည်သည့်လမ်း သို့ လိုက်ရ လျှင် ကောင်းမည်နည်းဟု စဉ်းစားချိန်ဆနေမိလေသည်။
ယခင်ကလို တစ်ယောက်တည်း လေယာဉ်ငယ်တစ်စင်းဖြင့် မောင်းနှင်သွားလာပြီး အာဖရိကတိုက် ၏ တောတွင်းရှုခင်းများ၊ တောရိုင်းတိရစ္ဆာန်များကို ဓာတ်ပုံရိုက်ယူနေရခြင်းသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလေမည် လောဟုလည်း စိတ်ထဲမှာ သံသယ၀င်လာမိသည်။ ရှင်းရှင်းကတော့ ဆယ်လီ သည် မိမိ၏ မူလအလုပ်တာဝန်ကို ယခင်ကလောက် စိတ်မ၀င်စားတော့သလို ဖြစ်လာလေသည်။
တစ်နေ့သ၌ ညစာစားအပြီးတွင် ဆယ်လီသည် ခရိတ်၏အိမ်ကြီးကို သေချာစွာ လှည့်ပတ်ကြည့်မိ လေသည်။ စားပွဲ၊ ကုလားထိုင်၊ ပရိဘောဂများက ခေတ်ဟောင်းက ရှေးဟောင်းပစ္စည်းများကို ပစ္စည်းဟောင်း များ ဖြစ်နေခြင်းကိုလည်း စိတ်ဝင်စားမိလေသည်။

အတန်ကြာလျှင် သူမသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူ ခရိတ်အား လှမ်းကြည့်လိုက်သည်။ ထိုအချိန်၌ ဆယ်လီအဖို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိပြီ ဖြစ်ကြောင်း စိတ်ထဲမှ သိနေလေပြီ။
စားသောက်ပြီး၍ ပြင်ဘက် ၀ရန်တာဘက်တွင် ကော်ဖီထိုင်သောက်ရင်း ဆယ်လီသည် ရုတ် တရက်ထ၍ ခရိတ် ၏ ပခုံးတွင် အသာမှီနေလိုက်သည်။
"ခရိတ်၊ ဒါလင်၊ ကျွန်မ ရှင့်ကိုပြောဖို့ အချိန်ရောက်ပြီလို့ ယူဆမိတယ်။ ကျွန်မလေ ရှင့်ကို ချစ်နေမိ ပြီရှင့်။ တကယ့် ကို လှိုက်လှိုက်လှဲလှဲ ချစ်နေမိပါပြီ ဒါလင်ရယ်"

ခရိတ်သည် အကြီးအကျယ် ၀မ်းမြောက်ဝမ်းသာဖြစ်လျက် ချက်ချင်းပင် ဘူလာဝေယိုမြို့သို့ ပြေး ပြီး တရားရုံးတွင် လက်ထပ်လိုက်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း ဆယ်လီက ဟန့်တားလေ သည်။
"နေပါဦးရှင့်၊ ရှင်က ရှေ့လောမကြီးချင်စမ်းပါနဲ့။ လက်ထပ်တယ်ဆိုတာ စားစရာတစ်ခုခု ပြေးဝယ် တာမျိုး မဟုတ်ဘူး။ ဒါမျိုးဆိုတာ အလျင်စလို မလုပ်ကောင်းဘူး"
"ဘာဖြစ်လို့ မကောင်းတာလဲကွာ။ ငါသိသလောက် လူတွေ အများကြီးပဲ အခုလို အလျင်စလို လက်ထပ် လေ့ ရှိကြတာပဲ"
ခရိတ်က ပြန်ပြောသော်လည်း ဆယ်လီက လက်မခံချေ။

"ကျွန်မက ရှင်ပြောတဲ့လူတွေလို ရှေ့လောတကြီး မလုပ်ချင်ဘူးရှင့်။ ဆင်ဆင်ခြင်ခြင် စဉ်းစားပြီးမှ လုပ်ချင်တယ်"
ဤသို့ပြောပြီးကာမှ သူမသည် ခေတ္တစဉ်းစားပြီးနောက်-
"ကောင်းပြီလေ လာမယ့် ဖေဖော်ဝါရီ(၁၆)ရက်နေ့ ကျွန်မတို့ လက်ထပ်ကြမယ်"ဟု ဆက်ပြော လိုက် သည်။
"ဟာ…ဖေဖော်ဝါရီ(၁၆)ရက်နေ့ဆိုတော့ နောက်ထပ် လေးလတောင်လိုသေးတယ်၊ ကြာလှတယ် ကွာ"
ခရိတ်က ကန့်ကွက်အရေးဆိုသော်လည်း ဆယ်လီသည် ဖေဖော်ဝါရီလထက်စော၍ လက်ထပ်ရန် အခိုင် အမာ ငြင်းပယ်လေသည်။

စားဖိုမှူးကြီး ဂျိုးဇက်သည် ဆယ်လီ၏ ဆုံးဖြတ်ချက်ကို သဘောတူပုံရပြီး သူကိုယ်တိုင် ထိမ်းမြား လက်ထပ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို စိတ်ပါလက်ပါ ပြုလုပ်လေသည်။
"အို…နီကီဆီ၊ ကင်းလင်းခြံကြီးမှာ လက်ထပ်တာ အလွန်ကောင်းတယ်ခင်ဗျ"
ဤသို့လည်း အဘိုးကြီး ဂျိုးဇက်က ခရိတ်အား ပြောလေသည်။

မာတာဘယ်လီ ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း ယင်းဘာသာစကား နားရည်ဝ နေပြီဖြစ်သူ ဆယ်လီကလည်း အဘိုးကြီး ဘာပြောလိုက်သည်ကို ရိပ်မိလေသည်။
"လက်ထပ်ပွဲ မှာ လူဘယ်နှယောက် ဖိတ်မှာလဲ။ လူနှစ်ရာ သုံးရာလောက်လား"
ဂျိုးဇက်က မေးရာ ဆယ်လီက-
"ဒါလောက်များများ ဖိတ်ဖို့ လူမရှိဘူး ထင်တယ်ရှင့်"ဟု ပြန်ပြောလေသည်။

သို့သော် အဘိုးကြီး ဂျိုးဇက်က လက်မခံချေ။
"ကင်းလင်ခြံကြီးမှာ အဘိုးကြီး ဘာဝူရဲ့ သားတစ်ယောက် လက်ထပ်တုန်းကဆိုရင် ဧည့်သည် ပရိသတ် လေးရာကျော်လာတယ် ခင်ဗျ"

အခန်း (၁၉) ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

ဆရာမရေ.. ဒီအပိုင်းလေးက ချစ်ခန်းကြိုက်ခန်းလေး ရောက်လာပြီနော်..
စွန့်စားခန်းလေး ပြီးတော့ ချစ်ခန်းလေး ဆိုတော့ ဖတ်ရတာ ပိုကောင်းသလိုပဲ.. အဟဲ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ