အကွီအင်းသွားရေလား
(၁)
လိုက်တော်မူခဲ့
ချစ်သော စာဖတ်သူ၊ ယနေ့ ကျွန်တော်ဟာ အကွီအင်းကို သွားရလိမ့်မယ်။ ကိစ္စကတော့ ရှမ်းပြည်နယ် သုံး "ချောမီးနီ ငါးပိကောင်"ကို ၀ယ်ဖို့ပေါ့။ ကားတစ်စီးတင် အချိန်နှစ်ထောင် ကျော်လောက် ၀ယ်ပြီး ရှမ်းပြည်နယ်ကို တိုက်ရိုက်တင်ပို့ ရောင်းချမယ်လေ။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ တောင်ကြီး စတဲ့ မြို့တွေမှာ ချောမီးနီ အချိန်တစ်ရာကို နှစ်ရာ့ ငါးဆယ် ဈေးရှိတယ်။ အကွီအင်းကို သွားဝယ်ရင် အချိန် တစ်ရာကို တစ်ရာဈေးပဲ ၀ယ်ရမယ်လို့ သတင်းကြားရတယ်။ ဒါကြောင့် အကွီအင်းကို သွားပြီး ချောမီးနီ ငါးပိကောင် ၀ယ်မယ်။
စာဖတ်သူကော ကျွန်တော်နှင့်အတူ မလိုက်ချင်ဘူးလား၊ တစ်ခါ တစ်ခေါက်ရောက်ဖူး ပေါက်ဖူး ရှိသွားအောင် လိုက်ခဲ့စမ်းပါလို့ ကျွန်တော် လေးလေးစားစား ဖိတ်ခေးပါတယ်။ တကယ်လို့ စာဖတ်သူ ဟာ အင်းကုန်များကို ကူးသန်းရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးဆိုရင် သာပြီးတော့ လိုက်သင့်ပါတယ်။ ဒါမှသာ စာဖတ်သူဟာ ကိုယ်ရောင်းဝယ်နေတဲ့ အင်းကုန်တွေကို ဘယ်သူတွေက ဘယ်ပုံ ထုတ်လုပ် နေတယ်ဆိုတာ မျက်မြင်ကိုယ်တွ့ သိနိုင်မှာပေါ့။ အခုလို အပြိုင်များတဲ့ ခေတ်မှာ ကုန်သည်တစ်ဦးအဖို့ ကိုယ် ရောင်းဝယ်နေတဲ့ ကုန်စည်နဲ့ ပတ်သက်သမျှ ဗဟုသုတကို အောက်ခြေသိမ်း နားလည်ထားမှသာ ထူးချွန် တိုးတက် နိုင်မယ်မဟုတ်လား။
သြ... စာဖတ်သူဟာ ကန်ုသည် မဟုတ်ဘဲ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ စတဲ့ သုခုမ အနုပညာသည် တစ်ဦးမို့လို့ ဒီလို လမ်းခရီးမျိုးတော့ မလိုက်ချင်ပေါင်လို့ ငြင်းမယ် ကြံသလား။ စိတ်ကူး မလွဲကြပါနဲ့ ဆရာတို့ရယ်၊ ဒီလမ်းခရီးကို ဆရာတို့လည်း မုချလိုက်သင့်ပါတယ်။ ဒီလမ်းခရီး တလျှောက် တွေ့မြင်ရမယ် သြကာသလောကရဲ့ အလှအပတွေ၊ သတ္တလောကရဲ့ သဘာဝတွေဟာ ဆရာတို့ရဲ့ စာဆိုဉာဏ် ကို ထက်မြက်လာအောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်။ အကြောင်းအရာတွေမှာသာ အပ်ကြောင်း ထပ်နေကြတဲ့ ဆရာတို့ဟာ လတ်ဆတ်သစ်လွင်တဲ့ အကြောာင်းအရာတွေကို စာပန်းချီ ရေးဆွဲ ကာ ပြောင်မြောက် တဲ့ကဗျာစာပေအဖြစ် နှောင်းလူများကို အမွေပေးခဲ့တဲ့ ထုံးဟောင်း သာဓက တွေလည်း ထင်ရှား ရှိနေပါတယ်။ နမူနာအဖြစ် "အရှင် ဇယန္တာဘိဓဇ"ဆို ရေလား ရတုပိုဒ်စုံကို ကောက်နုတ် ရွတ်ဆို ပြပါရစေ။ ဆရာ့ ဆရာတွေအပေါ်မှာ ဆရာလုပ်ချင်တဲ့ ချာတိတ်ကလေး ပါကလား ရယ်လိုက မျက်မာန်တော် မညှိုးလိုက်ပါနဲ့။ သြော်... သူ့ခမျာ လိုက်စေချင်တဲ့ စေတနာ ထက်သန်ရှာ လွန်းလို့ သူတတ်သမျှကလေးနဲ့ ကြိုးစားပမ်းစား သွေးဆောင် ခေါ်ငင်နေတာပါကလားရယ်လို့ ဆင်ခြင် တော် မူစေချင်ပါတယ်။
အရှင် ဇယန္တာဘိဓဇဆို
ရေလား ရတုပိုဒ်စုံ
(၁) ကြူးလှရှည်၍၊ နေခြည်အုံ့ပျ၊ လေ၀န်းထလျက်၊ မြစ်မသာဟန်၊ ရေလျင်ထန်မှာ၊ ကြင်ရန်ဘေမဲ့၊ ပါပါခဲ့မူ၊ အံ့ဖွယ့်စတေ၊ မျှော်ရလေလိမ့်၊ ရေလည်း ဖက်ဆွတ်၊ ပြင်ကျွန်းထွတ်ဝယ်၊ ညှာဝတ်သောက်ယူ၊ သောသော အူမျှ၊ ဗျိုင်းဖြူက၀ဲ၊ ၀မ်းဘဲကကြော်၊ စင်ရော်ကျာကျာ၊ ရွှေဟင်္သာလည်း၊ နွဲကာစုံပေါင်း၊ ရိပ်ခို အောင်း၍၊ တပျောင်းချိုချို၊ မယ်ညိုသံလေး၊ ရင့်ကာ ကြွေးလျက်၊ ပဲထွေးရေကြက်၊ ကရ၀က်က၊ ၀ံလက်သောင်တင်း၊ ရွှေတိန်ညင်းလည်း၊ သာချင်းထူးထွေ၊ ကျူးသံချေနှင့်၊ ငွေအရည်ရောင်၊ ပြင်ကျွန်းသောင်၌ ၊ မောင်နှံနှစ်ကိုယ်၊ ချစ်သံဆို၍၊ ရွယ်ပျိုချောညို့၊ စောမယ်တို့ဟု၊ တချို့ကပျံ၊ သိုက်နန်းစံ လျက်၊ မြစ်ယံရေလှိုင်း၊ ကျွန်းနှင့်ကိုင်းသည်။ ။ မှုန်မှိုင်းဝေရီရီသကား။
(၂) ဘူးစစည်၍၊ နွေလည်တန်ခူး၊ သင်္ကြန်ဦးတွင်၊ ရွှင်မြူးကြလျက်၊ ရေအချက်မှာ၊ လှော်တက်ကိုင်မြှောက်၊ ရိုလေးကောက်၍၊ နှုတ်ထောက်ရင့်အေး၊ တချေးချေးနှင့်၊ ဟိန်လေးဟေးလာ၊ အေးဟေးလာဟု၊ ကြော်ငြာသောင်းသောင်း၊ ပဲ့တင်ခြောင်းမျှ၊ သံညောင်းထွေလာ၊ သူ့ထက်ငါလျှင်၊ ရေမှာအလိုက်၊ ပျော်ပိုက်အူစင်း၊ ယကွင်းဒိုင်းဝန်း၊ မီးထွန်းလုပ်နည်း၊ ဆူးစည်းချသန်း၊ မြားတန်းတလိုက်၊ တုံတိုက်ကြမ်းငင်၊ တုရင်ချီထောင်၊ စာပေါင်ရစ်ဖွဲ့၊ ငါးစသွဲ့နှင့်၊ ယက်သဲ့တခြား၊ စန္ဒားကွန်စွန့်၊ လက်တွန်းလင်းပက်၊ ပိုက်လက်မတန်း၊ သာဆန်းတကြယ်၊ ပလိုင်းလွယ်လျက်၊ ရေ၀ယ်ပျော်မြူး၊ ခုံတိုင်ဦးတို့၊ သန်းကူးယှက်တင်၊ လောင်းလှေလျဉ်မှာ၊ တောင်တင်ဆော်ဆော်၊ လပိုင်ခေါ်၍၊ တကြော်ကျူးကျူး၊ အဲအန်ထူးလျက်၊ အံ့မှုးဖွယ်ပင်၊ ရေသဘင်မှာ၊ ဆွဲငင်တတ်သက်၊ အုတ်ကျက်မညံ၊ မြစ်လုံးလျှံမျှ၊ သံမဆိတ်ဘဲ၊ တသဲသဲတိ၊ တစ်ပွဲတစ်လမ်း၊ ကြိုးပမ်းဖြဖြ၊ လုံ့လစွမ်းရည်၊ မြော်ကြိုက်သည်တွင်၊ မိုးစည်ငြိမ့်ငြိမ့်၊ တိမ်ခိုးနိမ့်လျက်၊ လွမ်းစိမ့်ဝေမှိုင်း၊ အုံ့ကာဆိုင်းသည်။ ။ မုန်တိုင်းလေ စီစီသကား။
(၃) ကျူးကြမည်၍၊ ဖွေနည်ဆန်းပြား၊ ရေငှက်များတို့၊ စကားလူလို၊ နှုတ်သံချိုနှင့်၊ အဖိုအမ၊ နွှဲစကြလျက်၊ ချလည်းတညီ၊ ချီလည်းမကွာ၊ နတ်စောင်းသာသို့၊ ထံထျာထုံတျော၊ ရှုတိုင်းမောမျှ၊ သောသော အုတ်အာ၊ လူးလာသွတ်လှယ်၊ သွယ်သွယ်ပျံသန်း၊ မျှော်သူပန်းအောင်၊ သိုက်နန်းခိုဝင်၊ တောင်တင်လည်ယှက်၊ ၀တ်ရက်ချီယူ၊ ချော့ကာမူ၍၊ ရင့်ရူသံညင်း၊ ဘော်ငယ်ချင်းရို့၊ မယ်မင်းတို့ဟု၊ နှစ်လို့ထွေငေါ်၊ တကြော်ကြော်နှင့်၊ ဘော်သာခွာရောင်၊ ငွေသဲသောင်၌၊ မောင်နှံစုံပူး၊ ယှဉ်ကြမြူး၏။ ထူးထူးတလည်၊ လေပြည်ညင်းညင်း၊ ဆော်သုတ်သွင်းလျက်၊ ငါးကြင်းဆန်ဆန်၊ ငါးတန်ထွေထွေ၊ လှိုင်းမရေ၀ယ်၊ ပြတ်ကြွေအူသည်၊ အံ့ရာပည်းမျှ၊ ဆည်လည်း စုပေါင်း၊ ၀တ်မှုန်လှောင်း၍၊ နှမောင်းညှာသွယ်၊ ကိုင်းစက်စက်နှင့်၊ မြောက်နွယ်ရှည်လျား၊ ပန်းပြားညွန့်လူ၊ လိုကျူမြင့်ဆောင်း၊ ဘောင်းလည်ညွတ်ယိမ်း၊ ပင်ခပ်သိမ်းတို့၊ ရွက်စိမ်းစိုစို၊ ခက်ညိုညိုကို၊ ကြွေလို့ကြွေဟု၊ ချိုလေလုက၊ ရှုမညောင်းအောင်၊ သာမျိုးဆောင်ရှင့်၊ သောင်လည်း ငွေနှစ်၊ မြစ်လည်းဖန်နှိုင်း၊ ကိုင်းလည်းမြရောင်၊ တောင်လည်းဖီလာ၊ဆီးကာသန်းသန်း၊ ကျောက်တန်းပေါ်ပေါ်၊ အမော်ခြောင်းခြောင်း၊ ခနောင်းထွေးထွေး၊ ယက်ပြေးစုန်စုန်၊ လျဉ်ဟုန်သီးသီး၊ ရေစီးဆင့်ဆင့်၊ ကျွန်းမြင့်မြင့်မှ၊ စွင့်စွင့်လျှံညီ၊ တသီသီနှင့်၊ စေတီဆိုင်းဆိုင်း၊ မျှော်လိုက်တိုင်းသည်။ ။ ခုန်လှိုင်းရေချီချီသကား။
စာဆိုတော် အရှင်ဟာ သူ သွားလာခဲ့တဲ့ ရေလမ်းခရီးမှာ တွေ့မြင်ရသမျှရေရဲ့ အလားအလာတွေကို ထည့်သွင်း စပ်ဆိုထားလိုက်တာ စုံလို့ပဲနော်။ ဘာသာဘာဝ အော်မြည် ရင့်ကြွေးနေကြတဲ့ ငှက်ကလေးတွေရဲ့ တေးဂီတ အသံဟာ နားထဲမှာ ကြားယောင်လာပြီး ယကွင်း၊ ဒိုင်းဝန်း၊ ရင်တွန်း၊ လင်းပက် စတဲ့ ငါးဖမ်းကိရိယာ တန်ဆာပလာတွေနဲ့ သားငါးများ ရှာဖွေနေကြတဲ့ ကိုတံငါတွေကိုလည်း မျက်စိထဲမှာ မြင်ယောင်လာတာပဲနော်။ ပြီးတော့ ငွေရောင်ဖွေးနေတဲ့သောင်၊ ဖန်ရောင်နဲ့ အလားတူတဲ့မြစ်၊ မြစိမ်းရောင် တောက်နေတဲ့ ကိုင်းနဲ့ ဖီလာဆီးနေတဲ့ တောင်ကြီးတွေဟာ ကောပန်းချီကားပမာ ပေါ်လွင် မလာပေဘူးလား။ ကျွန်းမြင့်မြင့်မှာ စွင့်စွင့်ဆိုင်း ဆိုင်းတည်ရှိနေကြတဲ့ စေတီကလေးတွေဟာလည်း ကြည်ညိုစရာပဲနော်။ အဲဒီလောက် ပြောင်မြောက်တဲ့ ရေလားရတုကို စာဆိုအရှင် ဖွဲ့ဆိုနိုင်ခြင်းဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက် သွားလာဖူးတဲ့ အတွေ့အကြုံကြောင့်ပဲ ဆိုတာ မငြင်းနိုင်ပါဘူးနော်။
ကဲ... ဒီတော့ ကျွန်တော်သွားမယ့် ရေလမ်းခရီးကို ဆရာတို့လို သူခုမ အနုပညာသည်တွေလည်း လိုက်သင့်ပါတယ်လို့ ကျွန်တော် ပြောခဲ့တာ မမှားဘူး မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်သွားရမယ့် ရေလမ်းခရီးက ဧရာဝတီ မြစ်ရိုးတစ်လျှောက် သွားရမယ့် ရေလမ်းခရီး မဟုတ်ဘဲ၊ ချောင်းငယ် မြောင်းငယ် ကွင်းပြင်ကျယ်ကို ဖြတ်သန်းသွားရမယ့် ရေလမ်းခရီးမို့ ' မရှင် ဇယန္တာဘိဓဇ ' ရဲ့ ရေလားနဲ့ ကျွန်တော်ရဲ့ အကွီအင်းသွား ရေလားဟာ တစ်မျိုးစီ တစ်ဘာသာစီ ကွဲပြားခြားနားနေမှာပါပဲ။ ဆိုလိုတာက ဆရာတို့ဟာ စာပေ သမိုင်းမှာရော၊ မျက်မြင်လောကမှာရော တစ်ခါမှ မတွေ့ကြုံဖူးသေးတဲ့ ရေလား အသစ်အဆန်းကို ကျွန်တော်နဲ့ လိုက်ခဲ့ရင် တွေ့မြင်လေ့လာနိုင်မယ်လို့ ဆိုလိုတာပါပဲ။ အိုလေ ... အင်မတန် စိတ်ဝင်စားစရာကောင်းအောင် ထူးခြားသစ်လွင်တဲ့ ရေလားကို တွေ့မြင်ရပါစေ့မယ်လို့ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်။ ကဲ ... လိုက်မယ် မဟုတ်လား။
ဆရာတို့လို သူခုမ အနုပညာသည်တွေသာ မဟုတ်သေးပါဘူး၊ မြန်မာ့မျက်စိနဲ့ လုံးဝကြည့်လို့မရတဲ့ ဟောလီးဝုဒ်ရဲ့ ၀တ်လစ်စလစ် အကတွေကို မျက်စိနောက်နေတဲ့ ခေတ်ပညာတတ်တွေ၊ ပိုးဖဲရောင်၊ နိုင်လွန်ရောင်၊ စိန်ရွှေရောင်၊ စတူဒီဘေကာရောင်၊ အမေရိကန်ဓာတ်မီးချောင်းအရောင် တပြောင်ပြောင်တွေကို မြင်ရလွန်းလို့ မျက်စိကျိန်းစပ်နေတဲ့ မြို့ကြီးသားတွေ၊ ကားသံ၊ ရထားသံ၊ ရေဒီယိုသံ၊ ရှောက်သီးဆေးပြားအော်သံ၊ ဘတ်စ်ကားစပယ်ယာခေါ်သံတွေကို နားကြားပြင်းကတ် နေတဲ့ လူတွေလည်း ကျွန်တော်နဲ့ လိုက်ခဲ့သင့်ပါတယ်။ ဒါမှသာ သြကာသလောရရဲ့ သဘာဝအလှတွေကို ရှုမြင်နိုင်ပြီးနောက် နေကျိန်းစပ်နေတဲ့ မျက်စိဟာ ကြည်လင်လာနိုင်ပါမယ်။ မျက်စိပသာဒ ဖြစ်လာပါမယ်။ သတ္တလောကရဲ့ သဘာဝ တေးသံတွေကို ကြားနာနိုင်ပြီး နားကြားပြင်း ကတ်နေရာက နားဝင်ချို လာပါမယ်။ နားဝင်ပီယံ ဖြစ်လာနိုင်ပါမယ်။
ကဲ ... ဒါလောက်ဆိုရင် စာဖတ်သူဟာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အတန်းအစားပဲဖြစ်ဖြစ် ကျွန်တော်နဲ့အတူ လိုက်ခဲ့သင့်တယ်ဆိုတာ ထင်ရှားလောက်ရောပေါ့နော်။ ဒါကြောင့်မို့ စာဖတ်သူရေ ...
လိုက်တော်မူခဲ့ .... မပျောင်းနွဲ့နှင့် ..... ။
(၂)
ကိုတံငါ
ကျွန်တော် အဆွယ်ကောင်းတာနဲ့ စာဖတ်သူလည်း လိုက်ဖို့ သဘောတပြီပေါ့နော်။ ဒီလိုဆိုရင်လည်း အချိန်ဖြုန်းမနေဘဲ သွားကြပါစို့။ ကမ်းနားမှာ ဗျင်းဘွဲ့ရွာ ဘုန်းတော်ကြီး ဦးအဂ္ဂ၀ံသထံမှ ငှားရမ်းထားတဲ့ လူ ၅ ယောက်လှော် လောင်းလှေကလေး တစ်စင်း အသင့် ဆိုက်ကပ်လျက် ရှိနေပါတယ်။ လောင်းလှေကလေးမှာ ' လေယာဉ်ပျံ' ဆိုတဲ့ အမည်စာတန်း ရေးထိုးတားတယ်လေ။ ' မင်း ရှမ်းပြည်နယ် သွားတဲ့အခါ ငါ့ကျောင်းဖို့ လက်ဖက်ခြောက်ကောင်း ကောင်း ၀ယ်ခဲ့မယ်ဆိုမှ ငါ့လောင်းလှေကို ငှားနိုင်မယ်ကွ'လို့ ဘုန်းတော်ကြီးက မိန့်တော်မူသည့်အတွက် ၀ယ်ခဲ့ပါ့မယ် ဘုရားလို့ ၀န်ခံလျှောက်ထားပြီး ငှားလာရတဲ့ လောင်းလှေပေါ့ ခင်ဗျာ။ အဲဒီ ဘုန်းတော်ကြီးဟာ ကျွန်တော်တို့ရဲ့ ဆရာရင်း လည်း ဖြစ်ပါတယ်။
အခု သွားရမှာက ဗျင်းဘွဲ့ရွာကနေပြီး ရှစ်မိုင်လောက်ဝေးတဲ့ အကွီအင်းကို သွားရလိမ့်မယ်။ သွားရမယ့်လမ်းက ကွင်းလမ်း၊ ချောင်းလမ်းနှစ်လမ်းရှိတယ်။ စာဖတ်သူ ပိုပြီး စုံစုံစေ့စေ့ ရှုမြင်လေ့ လာနိုင် အောင် အသွားမှာ ကွင်းလမ်းကသွားပြီး၊ အပြန်ကို ချောင်းရိုးလမ်းက လှည့်ပြန်မယ်။ ဒါမှသာ စာဖတ်သူဟာ ကွင်းပြင်နဲ့ ပတ်သက်တဲ့ ရေလားရော၊ ချောင်းရိုးနဲ့ သက်ဆိုင်တဲ့ ရေလားရော ရှုမြင် လေ့လာ နိုင်မှာပေါ့။
လှေလယ်မှာ လှေကပ်ခင်းပြီး လှေကပ်ပေါ်ကမှ သင်ဖျာ အချောတစ်ချပ်ကို ခင်းထားတာမို့ စာဖတ်သူဟာ အဲဒီ သင်ဖျာပေါ်မှာ ကျွန်တော်နဲ့အတူ ထိုင်နိုင်ပါတယ်။ ဟောဒီ ဓာတ်ဘူးထဲမှာ လက်ဖက်ရည် အကြမ်းရှိပါတယ်။ ဟောဒီ ပန်းကန်ကတော့ ငါးရံ့ခြောက်ဖုတ်ကို ထုရိုက်ပြီး ဆီရွှဲရွဲဆမ်းထားတဲ့ အမြည်းပန်းကန်ပေါ့ခင်ဗျာ။ အရသာရှိရှိ စားသုံးနိုင်ပါတယ်။ အားမနာပါနဲ့။ အခုလို မိုးနှောင်း ဆောင်းဦးဖြစ်တဲ့ တန်ဆောင်မုန်းလရဲ့ ဝေလီဝေလင်းအချိန်မှာ ငါးရံ့ခြောက်ဖုတ် အမြည်း ကလေး ကို စားပြီး၊ လက်ဖက်ရည်ကြမ်း ပူပူကလေးကို မှုတ်သောက်လိုက်ရင်း ဇိမ်ပေါ့ခင်ဗျာ။ အချမ်း လည်း လုံသွားနိုင်ပါတယ်။
လှေထွက်ပြီလေ။ လှေဦးက လှော်နေတာ ကျွန်တော်ရဲ့ညီ။ ဆုတ်ကန့်ကလှော်နေတာ ညီဝမ်းကွဲ။ ပဲ့ကိုင်ကတော့ ကျွန်တော်ရဲ့ လက်စွဲတော် ' အော် ဖရီး' လို့ ဘွဲ့ထူးပေးထားတဲ့ မောင်သန်းကြီးပေါ့။ ကျန်တဲ့ နှစ်ဦးလည်း ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေပါပဲ။ သူတို့ ငါးဦးစလုံး အားခွန်ဗလကောင်းကြတဲ့ လူတွေ မို့ လှေလှော်ကောင်းတွေပေါ့ခင်ဗျာ။ ဘယ်အထိ လှေလှော်ကောင်းတယ်ဆိုတာကိုကော သိချင် ပါသေးသလား။ လှေဦးက လှော်နေတဲ့ ကျွန်တော့်ရဲ့ ညီဆိုရင် တစ်ခါတန်းက မြို့ကို ငါးစိမ်းလှော်ပို့နေတဲ့ ဒေါ်မယ်ရင် သမီး 'မမဲတူ' ဆိုတဲ့ မိန်းကလေးနဲ့ လှေပြိုင်လှော်ဖို့ အရပ်က ၀ိုင်းမြှောက်ပေးလို့ အုန်းသီး အလုံးနှစ်ဆယ် တမ်း အလောင်းအစားပြုပြီး ပြိုင်လှော်ကြတာ၊ ကျွန်တော်ရဲ့ညီ နှစ်လားစလုံး တစ်လားမှ မလိုက်နိုင်ဘဲ ပြတ်ကျန်ရစ်လို့ ခွက်ခွက် လန်အောင် ရှုံးခဲ့ရဖူးပါပြီကော။ ဒါတောင်မှ ကျွန်တော်ရဲ့ ညီဟာ လေးမနေတဲ့ အားကစား သမားတစ်ဦး ခင်ဗျ။ ကဲ ... ဒါလောက်ဆိုရင် ကျွန်တော် လူများရဲ့ လှေလှော်ကောင်းပုံကို စာဖတ်သူ ရိပ်မိလောက်ရောပေါ့နော်။ ဟော ... အခု လောင်းလှေကလေးဟာ ရေပေါ်ရှပ်ပြီး တရိပ်ရိပ်ပြေးနေပြီလေ။
ဟာ ... စာဖတ်သူကလည်း တယ်ခက်ပါလား။ လောင်းလှေကို မစီးတတ်ဘူး ထင်ပါရဲ့။ ကိုယ်ကို တောင့်တောင့်ကြီး လုပ်မထားရဘူးခင်ဗျ။ ဟောဒီ လိုဟောဒီလို သူ့အရှိန်နဲ့သူ ရှေ့ထိုးနောက်ငင် အလိုက်သင့် ယိမ်းပေးရတယ်။ လှေတော်သားတွေက လှော်တက်ကို ရေထဲနှစ်ပြီး '၀ီး' ခနဲ နေအောင် လှော်ခတ်လိုက်တဲ့အခါမှာ ကိုယ်ကို ရှေ့သို့ ငိုက်ခနဲနေအောင် ယိမ်းပေးလိုက်ရတယ်။ ရေထဲနှစ်ထားတဲ့ လှော်တက်ကို လှေတော်သားများ ပြန်ရုပသိမ်းလိုက်တဲ့အခါ ကျတော့ နောက်ကို အလိုက်သင့် ပြန်ယိုင်လိုက်ရတယ်။ ဒါမှသာ ကြည့်လို့ကောင်းပြီး ဘေးလူတွေရဲ့ အမြင်မှာ တယ် စတိုင်ထွားတဲ့ လူတွေပါလားလို့ အထင်ကြီးလာမှာပေါ့။ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့တဲ့။
သြော် ... ခက်ပါဘိ။ အလိုက်သင့် ယိမ်းပေးပါလို့ဆို၊ နတ်ပူးသလို အရမ်းမဲ့ ယိမ်းထိုးလှုပ်ရှားနေတာ ကိုး။ လှေမှောက်သွားလိမ့်မယ် ခင်ဗျ။ လောင်းလှေဆိုတာ သိပ်လူးတာမို့ နည်းနည်းလေးမှ အတိမ်း ခံတာမဟုတ်ဘူး။ ဘုန်းကြီးရူးနဲ့ လှေလူးတော့ တွေ့နေပြန်ပါပြီ။ အို ... သည်းခံပါ စာဖတ်သူရယ်၊ စာဖတ်သူ ရေမကူးတတ်ဘူး ထင်လို့ လှေမှောက်ရင် စာဖတ်သူရဲ့ အသက်အန္တရာယ် ထိခိုက်မှာ စိုးရိမ်မိတာနဲ့ အပြစ်တင်စကား ပြောကြားမိပါတယ်။ ပြောမှား ဆိုမှားရှိရင် သည်းခံပါနော်။
အရှေ့ဘက် ကောင်းကင်ယံကို မျှော်ကြည့်လိုက်စမ်းပါ။ လင်းရောင်နီဦးရဲ့ နီတျာတျာ တိမ်ရိပ်တိမ် သွေးကလေးတွေက ပျို့လို့စို့လို့ပေါ့။ လင်းကြက်တွန်သံ တညံညံဟာလည်း ရွာဘက်မှ ပျံ့လွင့်ပြီး လာနေတယ်။ မိုးသောက်ရောင်ခြည်သို့ ကူးပြောင်းဆဲကာလမို့ မြင်ရတဲ့ ရှုခင်းကတော့ မှိုင်းတမှုန်မှုန် မှုန်တ၀ါးဝါး မျှသာပါပဲ။ ဒါပေမဲ့ စိတ်နှလုံးကိုတော့ ကြည်လင်ချမ်းမြေ့စေပါတယ်။
အဲဒီလင်းရောင်နီဦးရဲ့ ပွင့်သစ်စ ရှုခင်းကို ကြည့်မြင်ရတာဟာ ကျွန်တော့်စိတ်ထဲမှာဖြင့် အိပ်ရာမှ နိုးကြားစ သူငယ်ကလေးရဲ့ ကြည်လင်သန့်ရှင်းတဲ့ အပြုံးကလေးကို မြင်လိုက်ရသလိုလို၊ အိပ်ရာမှ ထစ အပျိုမကလေးရဲ့ ကပိုကရိုအလှကလေးကို မြင်လိုက်ရသလိုလို၊ တစ်မျိုးသော စိတ်ဝေဒနာ အရသာကို ရင်တွင်းမှာ ခံစားလိုက်ရမိတယ်။ ကွင်းပြင်ထဲမှ နံနက်ခင်းရဲ့ လတ်ဆတ် သန့်ရှင်းတဲ့ လေချိုလေအေးကို ရှူရှိုက်လိုက်ရတာဟာလည်း ဦးနှောက်ကို ရှင်းခနဲ လင်းခနဲ ဖြစ်သွားတာပါပဲ။
အလို ... နားထောင်စမ်း စာဖတ်သူ၊ ဟိုရှေ့နားဆီက လူသံထင့်။ အစစ်ပေါ့။ လူနှစ်ယောက် အပြန် အလှန် ပြောဆိုနေတဲ့ အသံလေ။ မှန်း ... သူတို့ဘာများ ပြောဆိုနေကြတာပါလိမ့်။
' တောက် .... မျှားတာက ငါးရံ့ကို မျှားပါတယ်၊ ဟပ်တာက သောက်မြွပတုံ့တွေချည်း လာဟပ်နေတယ်'
' မြွေပုတုံ့ချည်းပဲ ဟပ်မှာပေါ့ကွ၊ မင်းက ငါးစာကို ငါးဘဲအစာနဲ့ ချိတ်တာကိုး။ ငါးစင်စပ်ကို ငါးစား လုပ်ပြီး ချိတ်ရတာကွ။ ဒါမှသာ ငါးစင်စပ်ရဲ့ ဆူးတောင်တွေကို ကြောက်လို့ မြွေပတုံ့တွေ မဟပ်ဝံ့ဘဲ ငါးရံ့ချည်း ရွေးဟပ်တယ်ကွ '
သြ လက်စသတ်တေ့ ငါးမျှားတန် ခိုးဆွဲနေကြတဲ့ သူတွေကိုး။ ဟော ကျွန်တော်တို့ လှေဟာ သူတို့ အနီးကို ရောက်လာပြီမို့ စာဖတ်သူဟာ သူတို့ကို အနီးကပ် တွေ့မြင်နိုင်ပါပြီ။
လှေငယ်နှစ်စင်းလေ၊ တောင်တစ်စင်း မြောက်တစ်စင်းပေါ့။ လှေငယ် နှစ်စင်းပေါ်က လူနှစ်ယောက်ဟာ ၁၀ ကိုက်ခန့် အလျားရှိတဲ့ အုန်းဆံကြိုးတစ်ချောင်းကို တစ်ဖက်တစ်ချက် ကိုင်မြှောက်ထားတယ်။ အဲဒီ အုန်းဆံကြိုးရဲ့ အောက်မှာ ငါးမျှားတန်း နှစ်ဆယ်ခန့်လောက်ဟာ တွဲလောင်းကလေးတွေ ဖြစ်နေ တယ်လေ။ အို ... ဟုတ်ပါရဲ့ စာဖတ်သူရယ်၊ ငါးမျှားတန်း နှစ်ဆယ်ခန့် အနက်ငါးရံ့ဆိုလို့ နှစ်ကောင် လောက်သာ ဟပ်ပြီး ကျန်တာတွေက မြွေပတုံ့တွေချည်းပဲ ပါကလား။ ကြောက်စရာ ရွံစရာကြီးပေးပနော်။ ဒါပေမဲ့ ဒီမြွေပတုံ့တွေဟာ လူ့အသက်ကိုတော့ ရန်မရှာတတ်ပါဘူး။
အခုအချိန်ဟာ ကွင်းကို အင်းသားကြီးတွေ ပိုင်တဲ့ရက်မို့ အခုနေသာသူတို့ကို သက်ဆိုင်ရာ အင်းသားကြီး များ တွေ့သွားရင် သူတို့ရဲ့ ငါးမျှားတန်းကလေးတွေဟာ မုချအသိမ်းခံရပြီး လူလည်း အရိုက်ခံရမှာပါပဲ။ အဲဒီလို အင်းသားကြီးများ သိသွားမှာ စိုးလို့လည်း သူ့ခမျာများ ညဘက်မှာ လာချထားတဲ့ ငါးမျှားတန်းကို အခုလို လူရော ကျီးရော မနိုးမီ ဝေလီဝေလင်း အချိန်မှာ တိတ်တဆိတ် လာဖော်ကြရတာပေါ့ခင်ဗျာ။
ဆက်ရန်
.

1 comment:
အဟားး... ဆရာကြယ်နီရဲ့ လောင်းလှေကို လိုက်စီးရတာ ဆိုင်ကယ်နောက်မှာ ပထမဆုံးလိုက်စီး ရသလိုပါပဲလား အစအနောက်လဲသန်မည့် ဆရာကြယ်နီပါပဲ
Post a Comment