Tuesday, August 24, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၂) အပိုင်း (၃)

' မယ်ကြွယ်စိုးရေ ညည်းသားပါးစပ်က အရက်စော်နံပါတယ်အေ၊ ညည်းက အချီးမွမ်းစောနေတာပါ'
အမေသည် ပဲကြီးစေ့အခွံများကို ရေထဲမှဆယ်ယူရင်း'အနံ့မရလို့ ၀မ်းသာအားရ ပြောမိတာပါတော်' ဟု ဆင်ခြေပေး၏။
' ဟုတ်ပါပြီ၊ လာစမ်းပါဦး '
သို့ကြောင့် မယ်ကြွေစိုးမှာ လက်ရေစက်လက်ဖြင့် သားအဖနှင့် လက်တစ်ကမ်းသို့ လာထိုင်ရ၏။

' ညည်းသားက ဆိုင်းမဆင့် ဗုံမဆင့်ဘဲ လာပြောနေတယ်အေ့'
' ဘာတဲ့တုံး '
' မိန်းမတောင်းပေးရမတဲ့ '
' အလိုလေးတော် '
သူ့သား ငထွန်းကားသည် ကျွဲပေါက်ကြီးတစ်ကောင်နှယ်ရှိ၏။ လယ်တစ်ဧကကို သူတစ်ယောက်တည်း ဒိုင်ခံပြီးလုပ်၏။ သို့ပါလျက်နှင့် မယ်ကြွယ်စိုးသည် ရင်ကိုဖိ၏။ သားကိုတစ် လှည့်၊ လင်ကိုတစ်လှည့် မျက်လုံး ပြူးကာ ကြည့်နေရင်းက ရင်ကို ဖိနေရုံဖြင့် မပြီးကြောင်း သတိရ၏။

' မိန်းကလေးက ဘယ်ကတုံး၊ သူ့မိဘတွေကကော ဘယ်ကတဲ့တုံးသားရယ်'
' ရှင်ငြိမ်းစည် တဲ့၊ လှသဗျာ၊ သူတို့နေတာက စိန်တစ်ဆုပ်ရွာတဲ့။ ရှင်ငြိမ်းစည်ရဲ့ မိဘက မင်ကြောင် ဆရာ ဦးရဲတင်း၊ ဒေါ်မင်းဘော်တဲ့။ မွေးချင်း သုံးယောက်ရှိတယ်'
' မင်ကြောင်ဆရာ ဦးရဲတင်း၊ မယ်မင်းဘော်၊ စိန်တစ်ဆုပ်ရွာ'
ကိုကျန်ကြီး က မျက်မှောင်ကြုတ်ကာစဉ်းစားရင်း ရေရွတ်၏။ သားအမိသားအဖ သုံးယောက်ကြားတွင် တစ်အောင့်မျှ တိတ်ဆိတ်၏။

' အဲသည်ရွာကို လူကလေးရောက်ဖူးသလား'
' ဟုတ်ကဲ့အဖေ'
' ဘာလုပ်ကြသတုး'
' ပျံကျပဲအဖေ။ လယ်ကူလီလုပ်တယ်၊ ထင်းခွေရောင်းတယ်၊ ဟင်းရွက်ခူးရောင်းတယ်၊ ပျံကျပေါ့။ ရှင်ငြိမ်းစည်ရဲ့ အဖေကတော့ ရပ်တကာ ရွာတကာလည်ပြီး မင်ကြောင်ဆရာလုပ်သဗျ'
' မင်ကြောင် ဆရာဆိုတော့ မင်းပြစ်မင်းဒဏ်က လွတ်မှ လွတ်ပါ့မလား လူလေးရယ်'

သာယာဝတီ ဂဠုန်ဆရာစံ၏ အရေးတော်ပုံကြီးဝယ် ဂဠုန်တပ်သားများကို (က)အဆင့် (ခ)အဆင့် သတ်မှတ်ခဲ့ရာ အမှတ်အသားကို မင်ကြောင်ထိုးနညိးဖြင့် ကိုယ်ပေါ်တွင် ရေးမှတ်ခဲ့၏။ ထိုမှတစ်ပါး ကျဆုံးနှင့် သုံ့ပန်းဂဠုန်အများစု၏ ရင်ဘတ်နှင့် ကျော စသော ကိုယ်ခန္ဓာအနှံ့တွင် အင်းကွက်တွေ ဂါထာမန္တန်တွေ စမရုပ်တွေ တွေ့ရသည်။ သည်အရာများကိုလည်း ဆေးမင်ကြောင်ထိုးနည်းဖြင့် ထိုးရခြင်း ဖြစ်သည်။ ကိုလိုနီနယ်ချဲ့အစိုးရသည် ဤသည်ကို အကြောင်းပြု၊ ရမယ်ရှာလျက် ဆေးမင်ကြောင် ဆရာများကိုပါ သိမ်းကျုံဖမ်းဆီးသည်။ တိုင်းရင်းဆေးဆရာများပါ သိမ်းကျုံးအဖမ်းခံ ရသည်။ တိုင်းရင်းဆေးဆရာများတွင် ခေါင်းကိုက် အကြောတက်များ ကုသရာတွင် ဆေးကို တို့ပြီး စုတ်နှင့် ပေါက်ပြီး ကုသရာ၌ အသုံးပြုသော ခြောက်ခွစုတ်များပါသောကြောင့်ဖြစ်သည်။ ထို နားစွန်နားဖျား သတင်း များကို အကြောင်းပြုကာ မယ်ကြွယ်စိုးက ' မင်ကြောင်ဆရာ ဆိုတော့' ဟု ပြောခြင်းဖြစ်သည်။

' မင်ကြောင်ဆရာဟာ သူခိုးမှ ဓားပြမှ မဟုတ်တဘဲ၊ ဘာပြုလို့ မင်းပြစ်မင်းဒဏ်က မလွတ်ရမှာတုံး'
ကိုကျန်ကြီးကား မင်ကြောင်ဆရာများကို ၀ါးလုံးရှည်ဖြင့် သိမ်းရမ်းခြင်းကို မကြိုက်။ မဆီမဆိုင် ဆေးဆရာ များအား ခြိမ်းခြောက်သည်ကိုလည်း မကျေနပ်ချေ။ ထို့ကြောင့် သူ့အသံက မာထန်သည်။
' ကျုပ်တို့က သူကြီးအိမ်ထောင် မရောက်ဖူးတော့ ရုံးပြင်ကနားတွေသွားနေရမှာစိုးလို့ပါတော်'
လေသံပျော့ ကလေးဖြင့် တောင်းပန်တိုးလျှိုရာက မယ်ကြွယ်စိုးသည် သားကြီး ငထွန်းကားအား လှည့်မေး ၏။

' နင့်လို ငမူးငရူးကို ဘယ်မိန်းမက ကြိုက်မှာတုံး၊ သည်လို ငမူးငရူးကို ကြိုက်တဲ့မိန်းမဟာလဲ မိန်းမကောင်း မဖြစ်နိုင်ဘူး'
' ဟာဗျာ၊ အဲဒါတော့ မဟုတ်ဘူးအမေရာ၊ ရှင်ငြိမ်းစည်ဟာ မိန်းမကောင်းပါ အမေရ'
မယ်ကြွေစိုး ၏ အထက်ပါစကားသည် များစွာတာသွား၏။ အကြောင်းမူ နောက်တစ်နေ့မှစတင်ပြီး ငထွန်းကား အရက်ပြတ်သွားသောကြောင့်ဖြစ်သည်။ သူ အရက်ဆက်သောက်နေလျှင် သူမြတ်နိုးသော ရှင်ငြိမ်းစည် သည် မိန်းမကောင်းမဟုတ်သူဟူ၍ အမေ စွဲမှတ်တော့မည်။ ရှင်ငြိမ်းစည်သည် မိကောင်းဖခင် သမီးဖြစ်ကြောင်း ငထွန်းကား ပြသရန်အတွက် အရက်ဖြတ်လိုက် ခြင်းဖြစ်သည်။
' ကလေးတွေလည်း အရွယ်ရောက်လာပြီ၊ သူတို့တစ်တွေ ရပ်ထဲရွာထဲမှာ မျက်နှာမငယ်ရအောင် အိမ်တစ်လုံးတော့ ဆောက်မှပဲ စိတ်ကူးနေပါတယ်၊ သားကြီးက မိန်းမတောင်းပေးပါ ပြောတော့မှပဲ သည်ကောင် တွေ ရှင်မပြုရသေးပါကလား သတိရတယ်'

ငထွန်းကား ပူဆာမှုကြောင့် ထိမ်းမြားမင်္ဂလာပွဲ ဖြစ်ပေါ်မလာသော်ငြား၊ သားရှင်ပြုမင်္ဂလာပွဲကား ရမ်းဘိုကုန်းရွာတွင် ခြိမ့်ခြိမ့်သဲအောင် ကျင်းပနိုင်ခဲ့သည်။ ဦးကျန်ကြီး ဒေါ်ကြွယ်စိုးတို့၏ သားရှင်ပြု အလှူတော်မင်္ဂလာကား ရမ်းဘိုကုန်းတွင်သာမဟုတ်၊ သည်နားတစ်ဝိုက် ရွာနီးချုပ်စပ်တွင်ပင် မျက်နှာ မငယ်သော အလှူပွဲဖြစ်သည်။

အလှူပွဲဖိတ်ပုံကိုကြည့်။ လက်ဖက်ထုပ်မကမ်း၊ ဗျို့မဟစ်၊ ပုံနှိပ်စာရိုက်ထားသော စာရွက်ကမ်းသည်။ အလှူမင်္ဂလာမဏ္ဍပ် ဆင်ယင်ရန်အတွက် သရက်ချင်ဆရာမုံးနှင့် တပည့် ပရပိုက်တန်း ကိုစိန်မောင်တို့ကို ငှားရမ်းသည်။ စစ်ပန်းချီဆရာ၏ အနုပညာ မှော်ကြိမ်လုံးဖြင့် ရိုက်ထားသော အလှူမဏ္ဍပ်ကြီးသည် ထန်းရွက်မိုး တဲစင်စစ်က ရွှေနန်းတော်ကြီးဖြစ်နေသည်။ စိန်ရောင်ရွှေရောင်တ၀င်းဝင်း မှန်ရောင် ဖန်ရောင် တလျှပ်လျှပ်ဖြင့်မို့ မယ်ကြွယ်စိုးမှာ သူ့အလှူအတွက် ဤအရာပင်ဖြစ်သည်။

အလှူကြီးပေးသည်ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။
မဏ္ဍပ်ထိုးပြီးပြီဆိုကတည်းက စပါးစည်သည် ဟင်းလင်းပွင့်၏။ အလှူတွင် ကုန်ကျမည့်ဆန်ကို ယခု ကတည်းက အသင့်ဖြစ်အောင် စီမံသောအားဖြင့် စပါးထောင်းကြ ဆန်ဖွပ်ကြရပြီ။ မယ်ကြွယစိုးရော ဦးကျန်ကြီး ပါ စပါးစည်ကို လှည့်မကြည့်နိုင်။ ရပ်ဝေးမိတ်ဆွေများ မကျန်ရအောင် စာရင်းပြုစုရ၊ မိက ဆိုင်သော ဆွေမျိုးများ၊ ဘကဆိုင်သော ဆွေမျိုးများ အဖျားအနားကအစ မကျန်ရစ်ရေး စာရင်းပြုစုရသည်ကိုက တစ်ရက်ဖြင့် မပြီး။ နှစ်ရက်ဖြင့် မစုံ။

မဏ္ဍပ်အစပ်ရှိမီးဖိုမှာ ရေနွေးအိုး အမြဲတည်ထားရ၏။ ရေနွေးအိုးဘေးရှိ မီးဖိုတွင် ထမင်းအိုးတည် သည်။ တစ်ပြည်ဝင်အိုးသည် တစ်ကြိမ်ဖြင့်မပြီး။ အနည်းဆုံး နှစ်ကြိမ်နှင့် ခွက်ဝင်အိုး တစ်လုံးကား တည်ရသည်။ တစ်ရွာလုံးတွင် မီးခိုးထွက်သောအိမ်မရှိ။ ထင်းခုတ်ရန် ထွက်သူများ၊ ရပ်ဝေး ဖိတ်စာအပို့ သွားသူများ၊ ရှင်လောင်းလှည့်ရန် မြင်းရှာသူများ၊ ရှင်လောင်းများကို ပြင်ဆင်ဝတ်စားရေး ဆောင်ရွက်ပေးနိုင်သူ စနည်းနာသူများ၊ နွားစာစဉ်း၊ နွားစာကျွေး၊ ရေခပ်သူများ၊ အိုးခွက်ပန်းကန် ငှားရမ်းသူများ၊ ဆိုင်ငှားသူများ၊ ဖျာ ကောဇော သင်ဖျူးရှာဖွေသူများ၊ ဆန်ပြာသူ ဆန်ရွေးသူများ စသည်တို့မှာ ရွာရှိလူကုန်လုပ်သော်ငြား မစေ့ငှ။

ရှင်လောင်းများမှာ သူငယ်နှပ်စားတွေမဟုတ်ရကား ' သစ်ပင်မတက်နဲ့၊ ရေတွင်းငုံ့မကြည့်နဲ့' အပြောရ သက်သာသည်။ ဘုန်းတော်ကြီးကျောင်းတွင်သာ သင်္ကန်းတောင်း၊ ပုတီးစိပ်၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါးသွားရောက်ကျက်မှတ်နေကြသည်။ ငထွန်းကားတို့ ညီအစ်ကိုသည် လင်းသည်နှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားကြသည်။ သူတို့အိမ်သို့ ပြန်ရောက်ချိန်ဝယ် မှောင်စပျိုးပြီ။ ငထွန်းကားလည်း အရက်ကို စွန့်လွှတ်ထားသောကြောင့် ထူးထူးထွေထွေမရှိ။ သို့သော် ရှင်လောင်းလှည့်မည့် အကြိုနေ့တွင် ငထွန်းကားညီအစ်ကို အော်ဟစ်ငိုယ်ုတော့သည်။ အကြောင်း သော်ကား အင်္ကျီဝတ်ရသောကြောင့်။
အစဉ်နီးပါး ကျောပြောင်ကြီးကိုယ်စီဖြင့် နေလေ့ရှိသော ငထွန်းကား ညီအစ်ကိုသည် သွားစရာရှိမှသာ ချိတ် တွင် ချိတ်ထားသော အင်္ကျီကို ကောက်စွပ်သွားကြသည်။

လက်တစ်ဖက်သာ လျှိုသည့်အခါရှိသည်။ လက်နှစ်ဖက်လုံး အပြည့်အ၀စွပ်သော်ငြား ရင်ဘတ်ကြယ်သီး မတပ်သည့်အခါက ရှိချေသေး၏။ မည်သို့ စွပ်သည်ဖြစ်စေ၊ ချောင်ချောင်ချိချိ၊ ပေါ့ပေါ့ပါးပါးသာ။ သို့သော် ယခု ၀တ်ရမည့်အင်္ကျီက ရင်ကွဲအင်္ကျီမဟုတ်။ ရှပ်အင်္ကျီလည်းမဟုတ်။ စွပ်ကျယ်။ အသားတွင် ကပ်နေရုံ သာမက စည်းနှောင်ထုပ်ပိုးထားဘိအလား တင်းကျပ်သောစွပ်ကျယ်ကို တစ်သက်တွင် တစ်ကြိမ်သာ ၀တ်ဖူး သည်။ တစ်ကြိမ်ဝတ်မိရုံဖြင့် အော့ကြောလန်သည်။ နေရထိုင်ရခက်၊ ချွေးတွေက ဒီးဒီး ကျသောကြောင့် ချွတ်ပစ်သည်။ အဖေက ချွတ်ခွင့်မပေး။ ဒေါ်ကြွယ်စိုး၏ မျက်စိထဲတွင် စွပ်ကျယ် ကိုယ်စီ နှင့် ရှင်လောင်းနှစ်ယောက်သည် ရှုမငြီး။

အဖေကိုလည်း ကြောက်၊ စွပ်ကျယ်အင်္ကျီက နှိပ်စက်နှင့်ငထွန်းကားကြံရာမရ။ မျက်ရည်ပေါက် ပေါက်ကျသည်။ ဆေးရိုးကား ချုပ်တည်းရန်မသိ။ မဏ္ဍပ်ထဲရှိ ပရိတ်သတ်ကို ရှက်ရန်နားမလည်။ အော်ပြီး ငိုတော့ သည်။
ညီက ဟစ်ငိုသောအခါ အစ်ကိုက အသံထွက်ပြီးငိုသည်။ သားနှစ်ယောက်ငိုသံကြောင့် အိမ်ပေါ်မှ ဆင်းလာ သော ဦးကျန်ကြီးမှာလည်း စွပ်ကျယ်ဖြင့်။ သို့သော် ချွတ်ပြီး ပခုံးပေါ်တင်ထားသည်။
' ငါလည်းငါ့သားတွေ ၀တ်ဖူးကြပါစေဆိုတဲ့ စေတနာနဲ့ဝယ်လာခဲ့တာ၊ အကျိုးနည်းကျပ်တည်းတဲ့ ဥစ္စာပဲ။ အရေး ထဲမှာ အိုက်ကလည်း အိုက်သနဲ့။ ချွတ်ချွတ်၊ မ၀တ်ချင်ရင် ချွတ်သာနေကြ'
သို့စဉ်တွင် ရွာဦးကျောင်းဆရာတော် ကြွလာသည်။ ရှင်လောင်းနှစ်ယောက် ထိုင်သော ' မြင်းခုံ' ပေါ်သို့ ၀င်ထိုင် သည်။

' အိမ်ပေါ်ကို မတက်တော့ဘူးကွာ၊ အရေးတကြီးပြောစရာပေါ်လို့ ထလာတာ'
ဦးကျန်ကြီးမှာ အကျိုးအကြောင်းမသိရဘဲလျက် ပျာယာခတ်သွား၏။
' တင့်ပါဘုရား၊ အမိန့်ရှိတော်မူပါ'
ငထွန်းကား ရဲ့ အသက်က ရဟန်းပြုရင် ရပြီဟ ကျန်ကြီးရ၊ အဲသည်တော့ ရှင်ပြုသက်သက်မဟုတ်ဘဲ ရဟန်းခံ ရှင်ပြု လုပိုက်ပေတော့ကွာ '
' တင် တင်ပါ့ဘုရား '
ဦးကျန်ကြီး ထစ်ထစ်ငေါ့ငေါ့ဖြစ်နေသောကြောင့် မယ်ကြွယ်စိုးက ၀င်ရောက်လျှောက်ထား၏။

' ကောင်းတော့ ကောင်းပါတယ်ဘုရား၊ ဒါပေမဲ့ '
' ဒါပေမဲ့တွေ ဘာတွေလုပ်မနေနဲ့၊ ရတောင့်ရခဲအခွင့်အရေးဟာ တစ်သက်မှာ နှစ်ခါမလာဘူး။ လိုအပ်တာတွေ ငါ့တာဝန်ထား၊ နင်တို့သိအောင် လာပြောတာ '
မြင့်မြတ်သော ရဟန်းဘောင်သို့ မိမိတို့သားကြီး ထက်ရောက်ခွင့်ရသွားသည့်အတွက် ဦးကျန်ကြီး ဒေါ်ကြွယ်စိုးတို့ အလွန်ဝမ်းမြောက်လှသည်။
' အဲသည်တော့ သန်ဘက်ခါမနက်မှာ ရှင်လောင်းနှစ်ပါးကို သာမဏေ၀တ်ပေးရုံမဟုတ်ဘူး၊ တစ်ပါးက သိမ်ဝင် ရမယ်၊ ဟုတ်ပြီလား '

ဆရာတော်သည် စကားဆုံးလျှင်ဆုံးချင်း ပြန်လည်ကြွမြန်းသွားတ်ာမူလေ၏။ မဏ္ဍပ်ထဲတွင် အုန်းအုန်းကျွတ်ကျွတ်ဖြစ်လျက် ကျန်ခဲ့သည်။ ငထွန်းကားမှာ သာမဏေလောင်းလျာ ရှင်လောင်းအဖြစ်မှ ရဟန်းလောင်းအဖြစ်သို့ တစ်ခဏချင်း မြင့်တက်သွားသည့်အတွက် ထိုင်ရမည် သို့ထရမည်သို့ ဖြစ်နေစဉ် ဆေးရိုးသည် ချွေးတရွှဲရွှဲဖြစ်နေလျက်က စွပ်ကျယ်အင်္ကျီကို ကောက်ဝတ်၏။ ကျီးဒန်၊ ငွေသော့နှင့် အဖော် များကို ရိပ်ခနဲ လှမ်းမြင်လိုက်ရသဖြင့် ဖြစ်ချေသည်။

နေ့စဉ်နေ့တိုင်း မြင်တွေ့နေရသော ကျီးဒန်သည် စပါးမှော်တွေပေကျံနေ၏။ အဆီတ၀င်းဝင်း ချွေးတရွှဲရွှဲဖြင့်။ ဆံပင် အပြေပြေအလျော့လျော့ ဖရိုဖရဲရှိနေသဖြင့် ထိပ်ပုတ်လိုက်၊ ဆံပင်ဆွဲလိုက် အမှတ်မဲ့နေခဲ့၏။ ယနေ့ကျီးဒန်ကား ယမန်နေ့များက ကျီးဒန်မဟုတ်။ မျက်နှာချေလိမ်းထားသည်။ ဆံရစ်ဝိုင်းကို ပန်းခက်ကလေး ခွေပန်လျက် ကျကျနန ထုံးနှောင်ထား၏။ စပ်ထဘီကလေးကို အထက်ဆင့်ဖော်လျက် ၀တ်ထားပုံမှာ ယဉ်ကျေးလှသည်။

' ဆီးသီးစားမလား '
ဦးကျန်ကြီးနှင့် မယ်ကြွယ်စိုးတို့ တွတ်ထိုးထိုးဖြင့် အိမ်ပေါ်သို့ တက်သွားကြသဖြင့် ကျီးဒန်က အနားကပ် လာပြီးမေး၏။ ဆေးရိုးစားလိုသော်ငြား ကျီးဒန်ကို ကြည့်လိုက်သောအခါ လက်ထဲတွင် ဆုပ်မထား။ အထက်ဆင့်ထဲတွင် ထည့်ပြီးခါးကြားတွင် လိမ်ထားခြင်းဖြစ်သည်။ သို့အတွက် ဆေးရိုး ခေါင်းခါ၏။
ကျီးဒန် နှုတ်ခမ်းစူးလျက်၊ ခြေဆောင့်ကာ ထွက်ခွာသွားသည်။
' ကြီးကျယ်လိုက်တာ '

*

' ကျွန်တော်တို့ရဲ့ သမ္မာဒိဋ္ဌိ မြန်မဘုရင်မင်းမြတ်များ ရွှေလက်ထက်တော်မှာဆိုရင် သာသနာပိုင် ဆရာတော်က ' ဒါယကာ ရေမြေ့ရှင်၊ ဤအရပ် ဤဒေသတွင် မိုးခေါင်သောကြောင့် ကောက်ပဲသီးနှံ များဆွံ့ရှားဆုတ်ယုတ်သည့်အတွက်၊ သို့မဟုတ် ပိုးမွှား ဖျက်ဆီးသောကြောင့် လုပ်ငန်းဆောင်တာများ ဆုတ်ယုတ်သည့်အတွက် အခွန်တော်ကောက်ခံပါက ဆင်းရဲသား ကျွန်တော်မျိုးများအား ညှဉ်းပန်း သကဲ့သို့ ဖြစ်ရာသည်' လို့ မေတ္တာရပ်ခံစာ သွင်းလိုက်ရင် အဲသည့်နယ်မြေမှာ အခွန်တော် လွတ်ငြိမ်းတာပဲ၊ အခုတော့ ဟုတ်ပေါင်ဗျာ '

ဦးကျန်ကြီးမှာ သားအတက် မိန်းမတောင်းရန် လာရောက်နေပါတကားဟူသည့် အသိပျောက်ကာ ၀ံသာနုတရားပွဲသို့ ရောက်နေသည်ဟု ထင်နေမိ၏။ မကြာမီ ဦးကျန်ကြီးနှင့် ခမည်းခမက်တော်စပ် ရတော့မည့် ဦးရဲတင်းမှာလည်း သမီးရှင်ငြိမ်းစည်၏ ကိစ္စကို မေ့ပျောက်နေတော့သည်။

' အခုတော့ ဟုတ်ပေါင်ဗျာ၊ သည်ကွင်းတွေဟာ မိုးကျတဲ့အတွက် မျိုးဆုံးပါတယ်ဆိုတာကို သူကြီး မြို့ပိုင်တွေက ဘယ်လောက်ပဲ ထောက်ခံပစေ၊ အချိန်တန်ရင် မောင်းတဒူဒူနဲ့ အခွန်ကောက်ဖို့ ရောက်လာတာပဲ။ သည်ကြားထဲမှာ ချစ်တီးက တစ်မှောင့်။ ပိုးဖျတ်တာ မိုးခေါင်တာ မသိဘူး၊ စာချုပ် ထဲက အတိုင်း စပါးပေးရမယ်၊ မပေးနိုင်ရင် နွားနဲ့လှည်းကို သိမ်းတယ်။ မပြေသေးဘူးလား အိမ်ဖျက်ယူတယ်။ မပေးဘူးလား၊ မပေးရင် ချစ်တီးနောက်မှာ ပုလိပ် ပါလာတယ်၊ သေနတ်ကြီးနဲ့'

' ကိုရဲတင်း၊ ရှင် မမှတ်မိသေးဘူးလား၊ မလျှော့သေးဘူးလား '
မယ်မင်းဘော်သည် ခြေဖ၀ါးကို ကုတ်၍မရ၊ ဆွဲဆိတ်၍ မရသည့်အဆုံးတွင် အော်ကြီးဟစ်ကျယ် ထပြော တော့သည်။
' ဘာမှတ်ရမှာတုံး၊ ဘာလျှော့ရမှာတုံး။ သုပဏ္ဏက ဂဠုန်ရာဇာဆရာစံ ပေါ်ပေါက်လာတာဟာ အဲသည်လို နိုင့်ထက်စီးနင်း မတရားလုပ်မှုတွေကြောင့် ပေါ်လာတာပဲ၊ ငါပြောတဲ့အထဲမှာ မမှန်တာ တစ်ခုမှ မပါဘူး '

' ဧည့်သည်တွေကိုလည်း အားနာပါဦးရှင်။ အခုလာကြတဲ့ ဧည့်သည်တွေဟာ သားရေးသမီးရေးအတွက် လာကြတာရှင့် '
မယ်မင်းဘော်က အတင်းဖြတ်ပြောသဖြင့် ဦးကျန်ကြီးက ဖြေသိမ့်ပေးသည်။

' ရွာကို မင်ကြောင်ထိုးလာကတည်းက ကိုရဲတင်းနဲ့ သိပြီးသားပါ။ အားနာရမယ့် သူစိမ်းတွေ မဟုတ်ပါဘူး။ သူပြောတာကလည်း ဗဟုသုတရပါတယ် '
' ခမည်းခမက် မတော်ရသေးခင်ကတည်းက တော်တို့က တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်နေကြမှကိုး'
မယ်မင်းဘော်၏ ညည်းတွားသံသည် ဧည့်သည်များအတွက် ဟဒယရွှင်ဆေးဖြစ်သည်။

' တွေးမိတိုင်း အသည်းနာပြီး၊ ပြောမိတိုင်း ဒေါသထွက်လွန်းလို့ပါဗျာ။ အင်း ကျုပ်ကလည်း ကျုပ်ပါဗျ။ အဲသည်လို ပြောလန်းလို့ နယ်နှင်လိုက်တာ။ သည်ရွာမှာလည်း ကျုပ် မပြောပါဘူး။ ပြောမိရင် ပါးစပ်ကို ချုပ်လို့ မရတဲ့အတွက် '
ဦးရဲတင်းသည် သူ့အကြောင်းကို သူ ဖော်ပြောပြီးနောက် ဒေါသကို ချုပ်တည်းသည်။ ဧည့်သည်များ၏ လာရင်းအမှုဖြစ်သော မင်္ဂလာကိစ္စကိုပြောသည်။
' ရှိပါစေတော့လေ၊ ဧည့်သည်တွေကို မလေးစားရာများ ကျသွားပြီးလားအောင် မသိဘူး။ ကိုင်း ကိုင်း လာရင်း ကိစ္စ ပြောကြစို့'

မင်္ဂလာကိစ္စအတွက် ထူးထူးထွေထွေ အကျိတ်အခဲမရှိ။ ဦးရဲတင်းမှာ ငထွန်းကား ရဟန်းဝတ်နေခိုက် လေးထပ်ကျောင်းသို့ ရောက်လာစဉ်က ဦးကျန်ကြီးနှင့် ဆုံဖူးသည်။
' ကျုပ်တို့ကတော့ တစ်နယ်တစ်ကျေးက ပြောင်းလာတဲ့ လက်ဖ၀ါးခြေဖ၀ါးသမားတွေပါ။ သမီးအတွက် လက်ဖွဲ့စရာ မရှိဘူးဗျာ'
' ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ကလည်း ရှိလှလို့ မဟုတ်ပါဘူး။ မပြောပလောက်တဲ့ လယ်ကလေး သုံးဧကပဲ လက်ဖွဲ့မှာပါ '

' အခုလို မိသားဖသားပီပီ နှစ်ဖက် လူကြီးစုံရာနဲ့ တောင်းရမ်းတာကို ကျေးဇူးတင်တယ်ဗျာ၊ ၀မ်းလည်း သာတယ်ဗျာ။ ဘာပြုလို့တုံးဆိုတော့ ကာလမိန်းကလေးတွေဟာ ခိုးရာလိုက်ပြေးနေကြတယ်၊ မိဘ မျက်နှာ မထောက်၊ ဆွေမျိုးဂုဏ်သိက္ခာကို မငဲ့နဲ့။ ခိုးရာလိုက်မပြေးရင် ယောက်ျားမရတော့ဘူးများ ထင်နေကြ သလားမသိဘူး'
ဤအရာတွင် ဦးကျန်ကြီး ဥာဏ်မမီသောကြောင့် ' ခေတ်သဘောထင်ပါရဲ့ဗျာ ' ဟုသာ ဆိုနိုင်၏။

' ကောသလမင်း အိပ်မက် ၁၆ ချက်ထဲမှာ ဘူးသီးခြောက်ကြီးက ရေထဲနစ်ပြီး ကျောက်ဖျာကြီးက ရေပေါ်မှာ ပေါလောပေါ်နေတယ်မဟုတ်လားဗျ။ မျိုးခြားဘာသာခြား မိစ္စဒိဋ္ဌိတွေ တိုင်းပြည်ကိုလာပြီး အုပ်စိုးနေမှတော့ သူတို့ရဲ့ အကျင့်စရိုက်တွေ အမူအယူတွေ လွှမ်းမိုးလာတာပေါ့ဗျာ။ အဲဒီလိုနဲ့ တတိတတိနဲ့ ငါးပိ ကျီးချီဆိုတာလိုမျိုး မြန်မာတိုင်းရင်းသားတွေရဲ့ ဟိရိသြတ္တပ္ပတရားစောင့်ထိန်းမှုနဲ့ အမျိုးဂုဏ် ဇာတိဂုဏ်တွေ လျော့ပါးကုန်တာဗျ'
' ကိုင်း ကိုင်း၊ ရှင့်မှာလည်း ကုလားဖြူ မကောင်းကြောင်း ပြောနေရရင် ထမင်းမေ့ ဟင်းမေ့ပါ။ ဧည့် သည် တွေကို ထမင်းကျွေးကြစို့'

မယ်မင်းဘော် ၀င်ပြောတော့မှ ဦးကျန်ကြီးတို့လည်း နေကို မော့ကြည့်ရန် သတိရသည်။
' လုပ်မနေပါနဲ့ဗျာ၊ သည်နားနဲ့ သည်နား ဘယ်လောက်ဝေးတာမှတ်လို့'
ဦးကျန်ကြီး ပြောနေဆဲမှာပင် မယ်မင်းဘော်၏ သားသမီးများက ထမင်းစား စားပွဲခုံများ လှိမ့်လာပြီး အငွေ့တထောင်းထောင်းနှင့် ထမင်းတောင်းများ ယူလာကြပြီ။ ဦးရဲတင်းသည် ထမင်း ဤသို့ထည့် ဟင်းကို ဤသို့ထည့်ဟု စီမံဆဲခဏသာ စကားပြတ်သွားပြီး၊ ဧည့်သည်များ ထမင်း စတင်စားသည်နှင့် တစ်ပြိုင်နက်တည်း ' ကုလားဖြူအစိုးရမကောင်းကြောင်း ပြောတယ်ပြောတယ်နဲ့ ကျွန်တော့်ကို စွပ်စွဲမယ့်သာ စွပ်စွဲတာဗျာ၊ သူ့အဘိုးက ကုလားဖြူသတ်လို့ သေတာဗျာ' ဟု အစချီလာ၏။

' ဘယ်လိုသတ်တာတုံး' ဟု ဧည့်သည်တစ်ယောက်က ထောက်သောအခါ မယ်မင်းဘော်က ' မင်းကြီးဗိုလ်ဥတ္တမရဲ့တပ်က ဗိုလ် ဖြစ်လို့ပေါ့ရှင်' ဟု ဖြေသည်။
မင်းကြီးဗိုလ်ဥတ္တမကို ဦးကျန်ကြီး ကြားဖူးသည်။ မင်းကြီး ဗိုလ်ဥတ္တမမှာ ဗျိုင်းကြီး၊ ဗျိုင်းကလေး၊ မြတောင်ဗိုလ်၊ ကိုရင်ကြီးဗိုလ်တို့နှင့် တစ်ခေတ်တည်း ထခဲ့သူမဟုတ်သလော။
' မင်းကြီးဗိုလ်ဥတ္တမဟာ ကုလားဖြူတွေရဲ့ လက်ထဲရောက်နေတဲ့ စလင်းမြို့ကိုတောင် သိမ်းခဲ့ သေးတာပဲဗျာ'

' ကျုပ်ဇနီး မယ်မင်းဘော်ရဲ့အဘိုး ဗိုလ်ရင်းထောင်ဆိုတာ စလင်းတိုက်ပွဲမှာ ပါခဲ့တာပေါ့။ ခုနတုန်းက ပြောတဲ့ ကုလားဖြူသတ်လို့ သေရတယ် ဆိုတာကတော့ စလင်းကျပြီး မကြာခင်မှာပဲ မင်းကြီး ဗိုလ်ဥတ္တမရဲ့ ဇာတိ ပြည်လုံးကျော်ရွာဘက်မှာ အင်္ဂလိပ်စစ်ဗာရီတွေနဲ့ တိုက်ပွဲဖြစ်တော့ ဗိုလ်ရင်းထောင် အဖမ်းခံရပြီး စက်တိုင်တင်ပြီး ကြိုးပေးခံခဲ့ရတာကလား '
' တော်ပါတော့ရှင်၊ မပြောပါနဲ့တော့၊ ဘုရားတွေဖြို၊ ဘုန်းကြီးကျောင်းတွေဖျက်၊ ရွာတွေမီးတိုက်တာ အဘွားတု့အပြောနဲ့ကို ကုလားဖြူအင်္ဂလိပ်ကို ရွံလွန်းလို့။ သူတို့ရှင်ဘုရင်မရဲ့ပုံပါတဲ့ ဒင်္ဂါးတောင် မလွှဲသာလို့ သုံးနေရတာ'

' မယ်မင်းဘော်ကလည်း အလာကြီးပါကလား' ဟု ဦးကျန်ကြီးကျိတ်ပြီး သဘောကျနေငြား၊ မယ်ကြွယ်စိုး သဘောမကျပေ။ မယ်ကြွယ်စိုး သဘောမတွေ့သူမှာ ဦးရဲတင်း၊ မယ်မင်းဘော် မဟုတ်ပေ။ ရှင်ငြိမ်းစည် ဖြစ်သည်။ သူ့သား ငထွန်းကားအပါအ၀င် ယောက်ျားတွေ၏ ရင်ကို လှုပ်ခတ်သော မျက်လုံးရှိသည်။ မယ်ကြွယ်စိုး သဘောမတွေ့သည်မှာလည်း သည်မျက်လုံးဖြစ်သည်။ မယ်ကြွယ်စိုး အလိုရှိ သည်မှာ မျက်လွှာချထားသော ဗိုင်းကောင်းကျောက်ဖိ မိန်းမမျိုးသာဖြစ်သည်။ ' သည်မိန်းမကို မယူချင် ပါနဲ့ သားရယ်' ဟု ပြောလိုငြား အမှုက လွန်ခဲ့ပြီ။
' ထွန်းရေးပူတုန်းမှာ နွားနှစ်ကောင် လျှာနာခွာနာဖြစ်နေလို့ ထွန်ထဲကို ငထွန်းကား ၀င်ရုံးသတဲ့'

ဝဲယာညှပ်နေသောလယ်ပွဲများ မရှိသော်ငြား သာဒွန်းဝမြောင်းဖျားရှိ ရှောက်ပင်လယ်ပွဲထဲက အဖြစ်အပျက်ကို ရွာနီးချုပ်စပ်ကကြား၏။ ကြားသော သမီးရှင်တိုင်းက ငထွန်းကားကို သဘောကျ၏။ သူတို့အိမ်ရှေ့မှဖြစ်ပြီး ငထွန်းကား ယိုင်ထိုးယိုင်ထိုးနှင့် အမူးလွန်သွားသည်ကို မမြင်ယောင် ဆောင်နေ ကြ၏။ ရမ်းဘိုကုန်းရွာတစ်ခို၌ ဤသို့လျှင် အိမ်သူမရှားသော ငထွန်းကားသည် ရှာရှာဖွေဖွေ မျက်လုံး မကောင်း သော မိန်းမနှင့်မှ ဖူးစာဆုံရလေခြင်း။

ဆက်ရန်
.

1 comment:

ချစ်ကြည်အေး said...

အပိုင်း ၁၊ ၂ နဲ့ ၃ တွေ အထိ ဖတ်သွားတယ် မမရွှေစင်....:)