မက်ထရစ်စာမေးပွဲကို ဖြေဆိုပြီးသည့် နောက်ဆုံးနေ့ဝယ် မောင်အောင်လွင်သည် စိတ်လက်ရွှင် လန်း ပေါ့ပါး စွာဖြင့် အိမ်သို့ပြန်လာ၏။ နိုင်နင်းစွာ ဖြေဆိုနိုင်ခဲ့သည်ဖြစ်၍ အောင်မည်မလွဲဟု တစ်ထစ်ချ ယုံကြည်သည့် အပြင် ပညာကြိုးစားပြီး ဆရာသမားအား ကျိုးနွံရိုသေသော တပည့်အား ချစ်သူ ကျောင်းအုပ် ဆရာကြီးကလည်း မောင်အောင်လွင်၏ အခြေအနေကို သိပြီးဖြစ်၍ အောင်မည်မလွဲဟု ခရိုင်ဝန်ရုံးတေါင် စာရေးတစ်နေရာရအောင် ကြိုးစားဆောင်ရွက်မည်ဟူသော ကတိကိုလည်း ပေးလိုက်ပြီ ဖြစ်၏။
ဝမ်းသာရအညားရပြန်လာသော မောင်အောင်လွင်သည် မီးဖိုချောင်ကလေးအတွင်းမှ မိခင်နှင့် ဖခင်တို့ တတွတ် တွတ် စကားပြောနေကြသည်ကို အမှတ်မထင်ရပ်ပြီး နားထောင်လိုက်၏။
“ဟိုတုန်းက အိမ်ထဲမရောက်ဘူးလို့ ဒါလောက်ကြီးကျယ်ခမ်းနားမှန်းမသိခဲ့ဘူး၊ အသုဘကိစ္စကျမှ အထဲဝင် အပြင်ထွက်ကြည့်ရတော့ကို ချမ်းသာပါကလား မမြစီ”
“ဟုတ်တယ်တော်၊ တစ်အိမ်လုံးမှာ ပြင်ဆင်ထားသမျှ ပစ္စည်းဟာအဖိုးလဲတန် လှလဲလှ၊ ထိရက် ကိုင်ရက် စရာမရှိဘူး၊ အင်းအချိန်မတန်သေးတော့ ဒီတဲပုတ်မှာပဲ အောင့်အင်းကြိတ်မှိတ်နေရဦးမှာပဲ ကိုဘထွန်း ရဲ့”
“မင်းတို့ ငါတို့ ကုသိုလ်ကံထလာပါပြီကွာ၊ ဒီစည်းစိမ်မကြာခင် စံစားရမှာပေါ့ မမြစီရ”
မောင်အောင်လွင်က အိမ်ပြင်မှ တိတ်တဆိတ် နားထောင်နေရင်း ပြုံးမဲ့မဲ့ဖြစ်နေသည်။ သူဌေးကြီး ဦးတိုးခိုင် ၏ ဈာပနကိစ္စတွင် ထွေးခံဆေး၊ တံမြက်လှဲ၊ ဖျာလိပ်အလုပ်ကို ဒေါ်ခင်အေးက ခေါ်ခိုင်းသဖြင့် သွားလုပ် ပေးခဲ့ရသော မိခင်ဖခင်တို့မှာ ခုနစ်ရက်တာမျှအချိန် ချစ်ရိပ်သာစံအိမ်ကြီး မှာ နေခဲ့ရ၍ သူဌေးရူး ရူးလာကြချေပြီဟု မောင်အောင်လွင် တွေးရင်း အသံပေးပြီး အိမ်ပေါ်တက်လာခဲ့၏။
မောင်အောင်လွင်သည် သူ့လက်ထဲမှ မေးခွန်းစာရွက်၊ ပေတံ၊ ဖောင်တိန်များကို နေရာတကျ ထားရင်း...
“အောင်မှာမလွဲဘူးအဖေ သေချာတယ်၊ နောက်ပြီး ဆရာကြီးကလဲ ခရိုင်ဝန်ရုံးမှာ အလုပ်ရဖို့ ဆောင်ရွက် ပေးမယ်တဲ့၊ အမေဘုရားကို လျှပ်စစ်မီးနဲ့ ပူဇော်ချင်တယ်လိုက တောင့်တနေတာ မကြာခင် ပူဇော် ရတော့မယ် အမေ၊ ကြိုတင်ပြီး ၀မ်းသာပေတော့”
မောင်အောင်လွင်က ၀မ်းသာအားရ ပြောနေစဉ်မှာ ဦးဘထွန်နှင့် ဒေါ်မြစီတို့ မီးဖိုထဲမှ ထွက်လာပြီး၊ မောင်အောင်လွင် အနီးမှာ ထိုင်လိုက်ကြသည်။
“သားအလုပ် လုပ်ဖို့ မလိုသေးဘူးကွဲ့”
ဦးဘထွန်းက မျက်နှာကို ခပ်မော့မော့ထားပြီး စည်းစိမ်ဥစ္စာ ပြည့်စုံချမ်းသာသော သူဌေးကြီးလေသံဖြင့် ပြောလိုက် ၏။ “အသက်ကလေး နည်းနည်းထောက်လာတယ် ဆိုရင်ပဲ ငယ်ငယ်တုန်းကလို ခံတွင်း မကောင်းတော့ဘူး သားလေး စာမေးပွဲောအင် အလုပ်ကလေးရလို့ ၀င်ငွေတိုးလာမှ မြိုးမြိုး မြက်မြက် ကလေး လျှာအရသာ ခစားရတော့မှာပဲ...”ဟု မကြာခဏ တောင့်တခဲ့သော ဦးဘထွန်း၏နှုတ်မှ အလုပ် လုပ်ရန် မလိုသေးဟု ပြောလျှင် မောင်အောင်လွင် အတော်ပင် အံ့သြသွားသည်။
“ဟင်ဘာကြောင့်လဲ အဖေ”
“မမြစီ မင်းသားကို ပြောပြလိုက်လေကွယ်” ဦးဘထွန်းက မေးစေ့ကို လက်နှင့်ပွတ်ရင်း ခပ်ပြုံးပြုံးပြောလိုက်၏။ မောင်အောင်လွင်က မိခင်အား လှည့်ကြည့်လိုက်၏။
“ဘယ်လိုဖြစ်ကြပါလိမ့်၊ အမေတို့ ၀ိဇ္ဇဓိုရ်နဲ့များ တွေ့နေကြသလား”
“အေး... ၀ိဇ္ဇာဓိုရ်ဆိုလဲ မမှားဘူးသားရဲ့”
အခါတိုင်း ကုပ်ကုပ်ကလေး ထိုင်နေကျဖြစ်သော ဒေါ်မြစီသည် သူဌေးကတော်များ စိတ်အေး လက်အေး ထိုင်နည်းမျိုး တင်ပလင်ချိပ်ထိုင်ကာ ဆေးပေါ့လိပ်ကို ဟန်နှင့် ပန်နှင့် ဖွာရင်း ပြောလိုက်၏။
“ငါ့သား စာရေးအလုပ်ကလေးများ ဘာလုပ်ဖို့တုန်း သားရယ်၊ အနည်းဆုံး ၀န်ထောက်လောက်တော့ ဖြစ်ရမယ်”
မောင်အောင်လွင်သည် မိခင်နှင့်ဖခင်အား အထူးအဆန်းကြည့်နေမိသည်။ ရူးများသွား ကြလေပြီ လားဟုပင် ထင်လိုက်မြီး တစ်စုံတစ်ရာမှ မေးခွန်းမထုတ်တော့ဘဲ ဘာတွေများပြောဦးမည်ကို စောင့်နားထောင် နေ၏။
“သားအလုပ်မလုပ်နဲ့ဦး၊ ဆယ်တန်းအောင်ရင် တက္ကသိုလ်မှာ ပညာဆက်သင်၊ ဘွဲ့ထူး ဂုဏ်ထူး တွေရတော့ အနည်းဆုံး နယ်ပိုင်ဝန်ထောက်လောက်က စလုပ်၊ ရာထူးတိုးတော့လဲ ပိုဂုဏ်ရှိတာပေါ့လေ”
မောင်အောင်လွင်ကား တစ်စုံတစ်ရာမှ မေးမြန်းပြောဆိုခြင်း မပြုတော့ချေ။ စိတ်ထဲတွင်ကား သူ့အဖေနှင့် အမေကို ဇီးယိုကျွေးရ ကောင်းမလား၊ သွေးဆေးတိုက်ရကောင်းမလား၊ တံတားကလေး ခေါ်သွားရ ကောင်းမလားဟု စဉ်းစားရင်း ခပ်ပြုံးပြုံးဖြစ်နေသည်။
“မပြုံးနဲ့သားရဲ့၊ အမေက အတည်ပြောနေတာ၊ အမေ့မောင် တစ်ဝမ်းကွဲနဲ့ တွေ့လို့ သူက သားကို တက္ကသိုလ် ဆက်ထားပေးမယ်လို့ တာဝန်ယူသွားတယ်”
“ဟင်... အမေ့မောင်၊ ဘယ်က အမေ့မောင်လဲ၊ အမေ့မှာ ဒီလို ထောက်ပံ့နိုင်တဲ့ ဆွေမျိုးရှိတယ်လို့ တစ်ခါမှလဲ မကြားခဲ့ဘူးပါကလား”
မောင်အောင်လွင်က အံ့သြစွာမေးလိုက်၏။
“ဘယ်ကြားဖူးမှာလဲ သားရဲ့၊ ငယ်ငယ်ကထဲက တကွဲတခြားစီ နေကြတာ၊ သူကလဲ ခပ်ဆိုးဆိုးမို့ ဆွေမျိုး ရယ်လို့ ခင်ခင်မင်မင် မရှိခဲ့ကြဘူး။ အမေကိုယ်တိုင်တောင် လုံးလုံးသတိမရဘဲ မေ့နေခဲ့တယ်။ အဲ..မနက်ကမှ သူ ဘယ်လိုမေးမြန်း စုံးစမ်းမှန်းမသိဘူး၊ အိမ်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတယ်။ သူက တော်တော်ကလေး ချမ်းသာနေတယ်။ သားမယားတွေလဲဆုံး၊ အသက်ကလဲ ထောက်လာတော့ ငယ်ငယ် ကလို မဆိုးတော့ဘဲ အသိတရား ရနေပြီလေ။ ပစ္စည်းတွေကို လှူတာလှူ၊ ချန်တာချန်ပြီး သာသနာ့ ရိပ်သာမှာ တရားထိုင်မယ်လို့တဲ့၊ အဲဒါ ပညာပါရမီဖြည့်တဲ့သဘောနဲ့ သားကို တက္ကသိုလ်ပို့ဖို့ သူတာဝန် ယူသွားတာကွဲ့၊ သားစိတ်ကူးမလွဲနဲ့၊ ကိုယ့်ဦးလေးတစ်ယောက်လုံးက လိုလိုချင်ချင်လာပြီး တာဝန် ယူတာ ဘာမှ အားနာစရာမလိုဘူး...”
ဒေါ်မြစီက စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြပြီး ဆေးပေါ့လိပ်တိုကလေးကို မီးညှိလိုက်၏။
“အဲဒီ အမေ့မောင် ကျွန်တော့ဦးလေးက အခုဘယ်မှာလဲ”
“သူအခုပဲ လာလိမ့်မယ်သား၊ မင်းကို သူလာတွေ့လိမ့်ဦးမယ်၊ ဟော...ပြောရင်း ဆိုရင်း လာနေပြီ”
ဒေါ်မြစီ ပြောသဖြင့် မောင်အောင်လွင်က လှမ်းကြည့်လိုက်သည်။ အသက်လေးဆယ်နီးပါးခန့် သပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ယောက် မိမိတို့ တဲငယ်ကလေးရှေ့ ရောက်နေသည်ကို တွေ့ရ၏။
အမယ်လေး ခြေကျင်လျှောက်လာရသလား ငါ့မောင်ရယ် မမေဘူးလား...လာ...လာ ဟောဒီမှာ တူတော်မောင်ကလဲ တွေ့ချင်လို့ မျှော်နေလေရဲ့”
ဒေါ်မြစီက ရင်းနှီးစွာ ဖိတ်ခေါ်ကြိုဆိုရင်း နေရာထိုင်ခင်းပေးသဖြင့် သူ့မောင်တ၀မ်းကွဲဆိုသူသည် အိမ်ပေါ်တက်လာပြီး ထိုင်လိုက်သည်။
“ဦးလေးက ဘယ်မှာတည်းနေပါသလဲ”
မမောဘူးလားဟု ဒေါ်မြစီမေးလိုက်သော်ငြားလည်း ထိုလူ၏ အမူအရာမှာ မောပန်းဟန် လုံးဝမရှိ မောင်အောင်လွင်က ဖျတ်ခနဲ မေးလိုက်သည်။
“ဟိုအနားက ဘုန်းကြီးကျောင်းမှာ တည်းတယ်သားရဲ့”ဟု ဒေါ်မြစီက လျင်မြန်စွာ ၀င်ဖြေလိုက်၏။
“ဘုန်းကြီးကျောင်းက သိပ်မဝေးတော့ တဖြည်းဖြည်း လျှောက်လာလို့ မမောဘူးပေါ့ကွဲ့ မောင်အောင်လွင်...”
ထိုလူကလည်း ဒေါ်မြစီစကားနှင့် အဆင်ပြေအောင် ဖြေလိုက်သည်။ ဘယ်နေရာက ထွက်လာ သည်ကိုကား မောင်အောင်လွင် မသိရှာချေ။
“ကဲ....ဦးလေး စီမံတဲ့အတိုင်း ငါ့တူ တက္ကသိုလ် ဆက်သွားမယ်မဟုတ်လား၊ ဦးလေး အမွေဆက်ခံစရာ သားသမီး လဲ မရှိတော့ ငါ့တူကိုပဲ အားကိုးရမှာပေါ့ ၊ မင်းအဖေနဲ့ အမေအတွက်လည်း ပူစရာမလိုပါဘူး၊ သူတို့ ၀င်ငွေနဲ့ မလောက်ငှရင် ဦးလေးပဲ တာဝန်ယူပါ့မယ်ကွယ်”
ထိုလူက မောင်အောင်လွင်အား ချစ်ကြင်နာစွာ ကျော်ကိုသပ်ရင်း ပြောလိုက်၏။ ဦးဘထွန်းနှင့် ဒေါ်မြစီကားနှစ်သိမ့်ကြည်နူးသော မျက်နှာများဖြင့် ထိုလူကိုတစ်လှည့် မောင်အောင်လွင်ကို တစ်လှည့် ကြည့်နေကြသည်။ မောင်အောင်လွင် ငြင်းပယ်ရန် အကြောင်းရှာမရတော့ချေ။ ဘိုးဘိုးအောင် ပို့လိုက် သလို ဘွားခနဲပေါ်လာသော အမေ့မောင် ဦးလေးသူတော်ကောင်းကြီးကြောင့် သူ့ဘ၀မှာ ဖြောင့်ဖြူး သာယာ ပေတော့မည်။ မိဘနှစ်ပါးအတွက်လည်း ပူစရာမလိုတော့။ လေနှစ်တာမျှ ကြိုးစားလိုက်လျှင် ဒီဂရီ တစ်ခုရမည်မှာ သေချာသည်။ ထိုပညာအဆင့်အတန်းနှင့်ဆိုပါက အတော်အသင့်ဝင်ငွေရှိသော အလုပ် တစ်ခုရမည်။ ထိုအခါ မိဘနှစ်ပါးနှင့် သူရည်မှန်းခဲ့သော တင်တင်ခိုင်ကလေးအား တင့်တင့် တယ်တယ် ထားနိုင်ပေတော့မည်ဟု တွက်ကိန်းချကာ ခေါင်းညိတ်လိုက်လေတော့၏။
“၀မ်းသာလိုက်တာ တူမောင်ရယ်၊ အင်း...ဦးလေး ငယ်ငယ်ရွယ်ရွယ်က ဆွေမှန်းမျိုးမှန်းမသိ၊ မေ့လျော့ နေခဲ့မိတဲ့ မိုက်ပြစ်တွေ အခုလို တာဝန်ပြန်ယူမှ ကြေမှာမို့ တူမောင်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး”
“ဦးလေး...အခု ဘယ်မြို့မှာနေလဲ”
“ဦးလေးအဖို့ စစ်ကိုင်းတောင်ရိုး သွားတော့မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်၊ အဲ-တူမောင် စာမေးပွဲဂေဇက်ထွက်တဲ့အချိန်ကစပြီး ရန်ကုန်မှာ ဦးလေးငွေအပ်ထားတဲ့ဘဏ်က ကျောင်းစရိတ်မှန်မှန် လာပါလိမ့်မယ်၊ ဦးလေး အားလုံးစီမံထားခဲ့ပါ့မယ်”
“ဟုတ်ကဲ့ ဦးလေး.... ကျွန်တော်လဲ စာကို ဂရုစိုက် ကြိုးစားပါမယ်”
“သာဓုကွယ် သာဓု၊ အတော် အချိန်နှောင်းနေပြီ ပြန်လိုက်ဦးမှ၊ ကဲအမရော ကိုဘထွန်း သွားလိုက် ဦးမယ်ဗျာ”
ဦးတိုးခိုင် ဈာပနကိစ္စများ ပြီးသည့်နောက်ဝယ် ဒေါ်ခင်အေးသည် ချစ်ရိပ်သာ စံအိမ်မှ အပြင်အပသို့ အထွက်နည်းသွားလေသည်။ မလွှဲမကင်းသာ၍ ငဲ့ညှာနေရသော ဦးတိုးခိုင် မရှိတော့ပြီဖြစ်၍ ချစ်ရိပ်သာ စံအိမ်မှာပင် အကြောင်းအမျိုးမျိုးပြကာ ပါတီများ ကျင်းပနေတော့သည်။ အမျိုါ်သမီးဦးရေထက် အမျိုးသား ဦးရေကများသော ဧည့်သည်များ အစသ်မပြတ် လာနေသည်ဖြစ်၍ စားရေးသောက်ရေး မီးဖိုချောင် ကိစ္စမှာ တင်တင်ခိုင်တစ်ယောက်တည်း မနိုင်တော့ချေ။ အထက်တန်းစား ထမင်းချက်တစ်ယောက်နှင့် စားပွဲထိုး တစ်ယောက်ကို တစ်လ တစ်ရာစီ ပေးဌားထားလိုက်လေသည်။ တင်တင်ခိုင် မီးဖိုချောင် အလုပ်လွတ်သွားသော်လည်း ဒေါ်ခင်အေးနှင့် ရိုစလင်းတို့၏ ဝေယျာဝစ္စများကို မလစ်ဟင်းရအောင် လုပ်ကိုင်ပေး နေရသည်ဖြစ်၍ သူ့ဘ၀အဖိုကမှာ အိမ်စေဘ၀နှင့် ထူးမခြားနားပင် ဖြစ်နေသည်။
ခါဝဿန် မိုးဦးကျဖြစ်၍ ထက်ရပ်ဝေဟင် နယ်ကိုးခွင်လုံး ရစ်ဖုံးဝေမှောင်ကာ မှင်ရောင်တိမ်ခဲတို့ဖြင့် မဲနေလေသည်။ အချိန်မှာ ညခုနစ်နာရီခန့် ရှိပြီဖြစ်၍ ချစ်ရိပ်သာစံအိမ်ကြီး၏ အောက်ထပ် ဧည့်ခန်းနှင့် ထမင်းစား ခန်းမှ ဧည့်သည်များ၏ ရယ်မောပျော်ရွှင်သံများနှင့် ဒေါ်ခင်အေး၊ ရိုစလင်းတို့၏ ဧည့်ခံ ဖျော်ဖြေသံများမှာ အိမ်ပေါ်ထပ်သို့ မိုးသံလေသံများအကြား စူးရှစွာ ပျံ့လွင့်တက်လာသည်။ တင်တင်ခိုင် သည် အိမ်ပေါ်ထပ် ဘုရားဆောင်ထဲဝယ် အဓိပ္ပာယ်မရှိ ထိုင်နေမိလေသည်။ အလုပ်ပြီးမှ အိမ်ပြန်ရမည်ဖြစ်သော ထမင်းချက်ကုလားနှင့် စားပွဲထိုးကုလားရှိနေသည်ဖြစ်၍ ဧည့်သည်တာဝန်ကို ဘာမျှယူရန်မရှိသော တင်တင်ခိုင်အဖို့ လူသူအ၀င်အထွက်နည်းသော ဘုရားဆောင်ထဲဝယ် တိတ်ဆိတ် စွာထိုင်ရင်း အက်ကွနြေသော အသည်းနှလုံးမှတဆင့် စီးကျလာသော မျက်ရည်များကိုသာ တွင်တွင် သုတ်နေမိရင်း ဖခင် ဦးတိုးခိုင် ဈာပနကိစ္စ ရက်လည်သောနေ့၌ တွေ့မြင်ခဲ့ရသော ရှုခင်းကို မျက်စိထဲမှာ ပြန်လည် မြင်ယောင်မိသည်။
“ဂုဏ်သရေရှိ လူကြီးမင်းများ အစုံအလင်ရှိနေခိုက်မှာ ကျွန်မရဲ့ ခင်ပွန်း ဦးတိုးခိုင် ရေးခဲ့တဲ့ စာချုပ်ကို အားလုံးသိရအောင် ဖတ်ပါရစေရှင်”
ကြည်လင်သောအသံဖြင့် ဒေါ်ခင်အေး ပြောရင်း “သမီးကြီးရေ မာမီ့အနားလာပါဦး၊ သမီးဖေဖေက စာချုပ်ထဲ မှာ ဘယ်လိုများ စီမံခန့်ခွဲသွားတယ်ဆိုတာ သိရအောင်”ဟု တင်တင်ခိုင်အား လှမ်းခေါ် လိုက်သဖြင့် တင်တင်ခိုင်သည် နောက်ဖေးဆောင်မှ ထွက်လာပြီး ဧည့်ခန်းကူးသော ဆောင်ကူးလမ်းရှိ မတ်တတ် ဗီရိုကြီးကို မှီရပ်နေရင်း စိတ်အားထက်သန်စွာ နားစွင့်နေမိသည်။ ဧည့်သည်များမှာ စာချုပ်ပါ အကြောင်း အရာ များကို သိလိုဇောဖြင့် ငြိမ်သက် တိတ်ဆိတ်သွားကြသည်။
“ဒီစာချုပ်ထဲမှာ ဘာတွေ ရေးသွားတယ်ဆိုတာ ကျွန်မလုံးလု့း မသိပါဘူး၊ သူဌေးကြီးက သူ့သဘော နဲ့သူရေးပြီး သူ့ဝတ်လုံတော်ရလက်ထဲ အပ်သွားပါတယ်၊ ကဲ...၀တ်လုံတော်ရမင်း စာချုပ် ပါလာ တယ်မဟုတ်လား၊ ကျေးဇူးပြုပြီး အားလုံးကြားအောင် ဖတ်ပြပါရှင်”
ဒေါ်ခင်အေးပြောလိုက်လျှင် ၀တ်လုံတော်ရမင်း ဦးသန်းမောင် ဘီအေ-ဘီအယ်လ်သည် သူ၏ လက်ဆွဲသားရေအိတ်တွင်းမှ စာချုပ်ကို ထုတ်ယူလိုက်သည်။ တင်တင်ခိုင်သည် ဦးသန်းမောင်အား ၀တ်လုံတော်ရ ဟု မသိသော်လည်း ဒေါ်ခင်အေးတို့ သားအမိနှင့် တပူးတွဲတွဲ ပလူးပလဲနေသော လူတစ်ယောက် အဖြစ်ဖြင့်ကား ကောင်းကောင်းကြီးသိနေသည်။ ဦးသန်းမောင်က စာချုပ်ကို ပြတ်သားစွာ ဖတ်ပြ လိုက်သောအခါတွင် နားထောင်နေသော ပရိသတ်များမှာ ဟယ်ခနဲ ဖြစ်ကုန်ကြတော့၏။ အချို့ လူများမှာ ဟန်မဆောင်နိုင်အောင်ပင် သိသိသာသာ မျက်နှာပျက်နေကြ လေသည်။ ခေါင်းငုံ့ကာ ကုပ်ကုပ် ကလေး ထိုင်နေသော တင်တင်ခိုင်အား ကြေကွဲစွာ ကြည့်မိကြ လေသည်။ စာချုပ်၏ အဓိပ္ပာယ် လိုရင်းကား ဤချစ်ရိပ်သာ စံအိမ်ကြီးနှင့်တကွ အိမ်များ မြေများ စိန်ရွှေရတနာများနှင့် ဘဏ်မှာ အပ်နှံထားသမျှ ငွေများအားလုံးကို ဇနီး ဒေါ်ခင်အေးနှင့် သမိး ရိုစလင်းခိုင်အား ပေးခဲ့ကြောင်းပင် ဖြစ်၏။
ဦးအုန်းဖေသည် မသိမသာ အံကြိတ်ရင်း ဒေါ်ခင်အေးနှင့် ၀တ်လုံတော်ရ ဦးသန်းမောင် အား စိန်းစိန်း ၀ါးဝါး ကြည့်နေမိလေသည်။ တင်တင်ခိုင်၏ မျက်နှာကား မည်သို့မျှ ထူးခြားဟန်မပြု၊ ဤအတိုင်းပင် ဖြစ်လာရမည်ဟု ရှေးမဆွကပင် တင်ကြိုတွေးတောမိထားသဖြင့် မမျှော်သင့်သူပီပီ မတုန်မလှုပ် ပင် ရှိနေသ ည်။
"ဒေါ်တင်မိ ၀တ်ခဲ့တဲ့ လက်ဝတ်ရတနာတွေဟာ အခုကာလတန်ဖိုးနဲ့ဆိုရင် မနည်း အဖိုးတန်တယ်၊ ဒါတွေပါ ဒေါ်ခင်အေး အတုရတာပေါ့ …"
ပရိတ်သတ်ထဲမှ တစ်ဦးသောသူက တီးတိုးပြောလိုက်၏။
"ဒီရတနာတွေဟာ ဒေါ်တင်မိရဲ့ မိဘ ဘိုးဘွား လက်ထက်က အမွေအနှစ်တွေပဲ၊ ဒေါ်တင်မိဝတ်တဲ့ လက်ဝတ် ရတနာလောက်တော့ သူ့သမီးကလေး ရဖို့ထိုက်ပါတယ်…"
ဒေါ်တင်မိနှင့် ရင်းနှီးခဲ့ဖူးဟန်တူသော အမျိုးသမီးကြီးတစ်ဦးက ပွင့်ထွက်လာသော အသံ ဖြင့် ခပ်ကျယ်ကျယ် ပြောလိုက်၏။ တင်တင်ခိုင်သည် အသက်သွင်းထားသော အရုပ်တစ်ရုပ်လို ထိုင်ရာမှထပြီး အိမ်ပေါ်တပ် တက်လာခဲ့သည်။ လှေကားတစ်ဝက်မျှရောက်လျှင် ဒေါ်ခင်အေး၏ အသံကို ကြားလိုက်ရသေးသည်။
"ကျွန်မ ဒီအိမ်ကြီးပေါ်ရောက်ပြီး နှစ်လလောက်ကြာမှ အစ်ကိုကြီးက ကျွန်မကို သော့အပ် ပါတယ်။ ဒေါ်တင်မိ ၀တ်ခဲ့တယ်ဆိုတဲ့ ရတနာတွေ ဘာမှ မတွေ့ခဲ့ပါဘူး၊ အခုလက်ရှိ ကျွန်မတို့ ၀တ်ဆင်နေတဲ့ ပစ္စည်း တွေပဲ တွေ့ပါတယ်"
တင်တင်ခိုင်သည် ထိုနေ့ကအဖြစ်ကို ပြန်လည်တွေးနေရာမှ ဦးခေါင်းထဲတွင် လျှပ်ပြက်သလို လက်ခနဲ အသိဥာဏ်တစ်ခု ၀င်လာသည်။
"မာမီ ဒီအိမ်ပေါ်ရောက်ပြီး တစ်လကျော်လောက် ရကတည်းက ဖေဖေ အပြင် မထွက် တော့ဘူး၊ နှစ်လ လောက် အကြာမှာ ဖေဖေက သော့အပ်တယ်၊ အိပ်မက်ထဲမှာ ဖေဖေ့ကို ထမင်းစား ခန်းနဲ့ ဧည့်ခန်း အကူးမှာချည်း တွေ့ရတယ်။ တွေ့အောင်ရှာပါ သမီးရယ်လို့ အိပ်မက်ထဲမှာ တွေ့ တိုင်း ပြောတယ်။ ဖေဖေ ဆုံးကာနီးမှာလဲ ဧည့်ခန်းနဲ့ ထမင်းစားခန်းကူး … လို့ တစ်ပိုင်းတစ်စ ပြော သွားတယ် …"
"ဟုတ်ပြီ … မေမေ့လက်ဝတ်ရတနာတွေ သိုဝှက်ထားခဲ့တာပဲ ဖြစ်ရမယ်၊ ဒီဆောင်ကူး တစ်နေရာရာမှာ ရှိမှာပဲ၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ငါ ကြိုးစားရှာကြည့်စမ်းမယ် …"
တင်တင်ခိုင်သည် ဖြေလျှော့ခွေနေရာမှ စိတ်အားများ တက်ကြွလာသည်။ သူတွေးတော ဆွေးမောနေသည်မှာ မည်မျှကြာပြီ မသိ၊ အောက်ထပ်မှ …
"သမီးကြီးရေ …" ဟု ခေါ်လိုက်သော ဒေါ်ခင်အေး၏ စူးရှသော အသံကို ကြားလိုက်ရမှ သတိ ပြန်လည်သလို ဖြစ်လေသည်။
"ရှင် … လာပါပြီ မာမီ"
ပါးစပ်မှထူးရင်း တင်တင်ခိုင်သည် လှေကားမှ အပြေးကလေး ဆင်းသွားသည်။ ဧည့်ခန်းမှာ ဧည့်သည် တစ်ယောက်မှ မရှိတော့ချေ။ ၀တ်လုံတော်ရ ဦးသန်းမောင်၊ ဒေါ်ခင်အေး လက်သပ် မွေးထားသော လက်စွဲတော်လူမိုက် ဘသိန်းနှင့် ဒေါ်ခင်အေးတို့ သားအမိသာ ရှိသည်။ ဦးတိုးခိုင် ဆုံးပြီးသည့်နောက် ဘသိန်း သည် ချစ်ရိပ်သာ စံအိမ်ကြီးမှာ အိမ်သားတစ်ယောက်ကဲ့သို့ အမြဲ တစေ နေထိုင်သည်ကို တင်တင်ခိုင် သိပြီး ဖြစ်၏။ ၀တ်လုံတော်ရ ဦးသိန်းမောင်ကလည်း အိမ်ပြန် သည့်အခါမှ ပြန်သည်။ ထမင်းချက် ကုလားနှင့် စားပွဲထိုးကုလားကား တာဝန်ပြီးပြီဖြစ်၍ ပြန်ကြလေ ပြီ။
"လာ … လာ … သမီးကြီး"
မကြုံစဖူး ထူးထူးကဲကဲ ဒေါ်ခင်အေးက တင်တင်ခိုင်အားခေါ်ပြီး သူနှင့်အတူ ဆိုဖာပေါ်မှာ အထိုင်ခိုင်း လိုက်၏။
"သမီးကြီးကလဲကွယ်၊ မာမီအနားကို မကပ်ဘူး၊ မာမီကို မချစ်ဘူးလား"
ဒေါ်ခင်အေးက တင်တင်ခိုင်အား ပခုံးဖက်ပြီး ယုယချစ်ခင်စွာ မေးလိုကရကား၊ တင်တင်ခိုင်မှာ ကြီးစွာ အံ့အားသင့်မိရှာ၏။
"ကျွန်မအဖို့ အရိပ်ခိုစရာ အားကိုးစရာ မာမီရှိတော့တာ မချစ်ဘဲနေပါ့မလား မာမီ … ချစ်ပါတယ်"
တင်တင်ခိုင် က ခေါင်းငုံ့ထားရင်း စိတ်နှင့်ဆန့်ကျင်ဘက်စကားကို တိုးတိတ်ညင်သာစွာ ပြောလိုက်၏။
"သမီးကြီး လိမ္မာတယ်ဆိုတာ အစကထဲက မာမီ သိတာပေါ့၊ မာမီ့စကား နားထောင်နော်"
"ဟုတ်ကဲ့ မာမီ …"
ဘာမှန်းမသိဘဲ တင်တင်ခိုင်က ဟုတ်ကဲ့ လိုက်သည်။ ဆန့်ကျင်ဘက်ပြော၍ ဖြစ်မည် လော။ နောင်ခါမှ မီးစင်ကြည့်ကတော့မည်ဟု စိတ်တွင်းက အောက်မေ့လိုက်၏။
"သမီးကြီးက အရွယ်ငယ်သေးတော့ ပစ္စည်းဥစ္စာကို လုံခြုံအောင် ထိန်းသိမ်းတတ်မှာ မဟုတ်သေးဘူး၊ ညားဝါးချော့မော့တတ်တဲ့ လူတွေနဲ့ တွေ့ရင် သမီးပစ္စည်းတွေဆုံးကုန်မှာ စိုးရိမ် တယ်ကွယ်၊ လုံလုံခြုံခြုံ ရှိအောင် မီးခံသေတ္တာထဲမှာ သိမ်းထားရင်း မကောင်းဘူးလား …"
ဒေါ်ခင်အေး ပြောနေသည်ကို တင်တင်ခိုင် လုံးဝနားမလည်ရှာချေ။ ငုံ့ထားသော ခေါင်းကို မော့ပြီး လူစေ့ အောင် ကြည့်လိုက်၏။ နှစ်ယောက်ထိုင် ဆိုဖာကြီးပေါ်မှာကား ရိုစလင်းခိုင်သည် စီးကရက် မှိန်းနေသော ၀တ်လုံတော်ရ ဦးသိန်းမောင်၏ ပေါင်ကို ခေါင်းအုံးပြီး အိပ်နေသည်။ မျက်စိ မှိတ်ထားသဖြင့် အိပ်ပျော်သလား၊ မပျော်သလား တင်တင်ခိုင် မသိချေ။ ဘသိန်းက ဒေါ်ခင်အေးနှင့် မျက်နှာချင်း ဆိုင်ထိုင် ပြီး တင်တင်ခိုင်အား အကဲခတ်သလို ကြည့်နေလေသည်။
"ဘာပစ္စည်းလဲ မာမီ …"
"သမီး မေမေရဲ့ လက်ဝတ်ရတနာတွေလေ၊ အစ်ကိုကြီးဆုံးတော့ သမီးကို အားလုံးပေးခဲ့ တာတွေရော၊ သမီး ကလဲ မေ့တတ်လိုက်တာ"
ဒေါ်ခင်အေးက သေချာပေါက် ပြောနေသည်။
"အို … အို ဖေဖေ ဘာမှမပေးခဲ့ပါဘူး မာမီ၊ ကျွန်မဆီမှာ ဘာပစ္စည်းမှ မရှိပါဘူး"
တင်တင်ခိုင်သည် ကြီးစွာသော အံ့အားသင့်ခြင်းဖြင့် ပျာပျာသလဲ အဖြေပေးလိုက်သည်။
"သမီးကြီးကလဲကွယ် ပြောရခက်လိုက်တာ၊ မာမီကို မယုံလို့လား၊ သမီး ရသင့်ရထိုက်တဲ့ သမီးမေမေရဲ့ ပစ္စည်းပဲ၊ မာမီ မယူသင့် မယူထိုက်တဲ့ ပစ္စည်းကို မယူပါဘူး၊ သမီးလက်ထဲမှာ မသိမ်း တတ် မဆည်းတတ် နဲ့ ပျောက်ကုန်မှာစိုးလို့ ပြောတာပါကွယ်၊ သမီးကြီးက လိမ္မာသားနဲ့၊ သွားယူ သမီး သွား၊ တစ်ခါထဲ သိမ်းလိုက်ရအောင်"
ပြုံးရွှင်သော မျက်နှာ၊ ချိုမြသောလေသံဖြင့် ဒေါ်ခင်အေးက တင်တင်ခိုင်အား စိတ်ရှည် လက်ရှည် ပြောနေ လေသည်။ မျက်စိထဲတွင်ကား သူပြောငါပြော ကြားနေရသော ဒေါ်တင်မိ၏ တန်ဖိုးများစွာ ထိုက်သော စိန်စစ်၊ မြစစ်၊ ပတ္တမြားစစ် လက်ဝတ်ရတနာများကို မြင်ယောင်နေလေ သည်။ တင်တင်ခိုင်သည် ဒေါ်ခင်အေး ၏ မျက်နှာကို တွေတွေကြီး ကြည့်နေရာမှ
"ကျွန်မဆီမှာ ဘာပစ္စည်းမှ မရှိပါဘူး"ဟု ဖြေခဲ့ပြီးသော စကားအတိုင်း ထပ်တူထပ်မျှပင် ဖြေလိုက်၏။ ပြုံးရွှင်ချိုသာသော ဒေါ်ခင်အေး၏ မျက်နှာမှာ မသိမသာ တင်းမာသွားလေသည်။
"သမီးကြီး မာမီကို လိမ်နေတာ မာမီသိတယ်"
"ပေးချင်တဲ့သစ္စာပေးပါ မာမီရယ်၊ ရှာချင်သလို ရှာပါ၊ ဖေဖေနဲ့ မေမေက …"
တင်တင်ခိုင်သည် စကားတစ်ပိုင်းတစ်စနှင့် ရှိုက်လိုက်ပြီး "ဘာမပေးသွားလို့ ကျွန်မ အခုလို မာမီတို့ အရိပ် ကို မှီခိုနေရတာပါ"
ဟု စကားကို အဆုံးသတ်လိုက်ပြီး မျက်ရည်များ ကျလာလေသည်။
"ငါ့ကို ဒီလို မျက်ရည်ခံထိုးလို့ မရဘူးအေ့၊ အကျိုးအကြောင်း ပြောပြပြီး အသာတကြည် တောင်းနေတာ မပေးရင် ပေးတဲ့နည်း သုံးလိမ့်မယ်"
ချိုသာသော ဒေါ်ခင်အေး၏လေသံမှာ ရုတ်ချည်း တင်းမာလာသည်။
"လေကုန်လိုက်တာ မခင်အေးရယ်၊ အစကတဲက ခင်ဗျားကောင်းမ ချော့လို့မရပါဘူးလို့ ကျုပ်ပြောသားပဲ၊ ကဲ … ကျုပ် တိုင်ရတော့မလား။
ဘသိန်းက ကြောက်မက်ဖွယ်လေသံဖြင့် ပြောသည်တွင် ဒေါ်ခင်အေးက ခေါင်းညိတ်ပြ လိုက်သည်။
တင်တင်ခိုင် က အသံထွက်လာရာပါးစပ်၏ပိုင်ရှင် ဘသိန်းအား မော့ကြည့်ရင်း ကျောထဲမှ စိမ့်သွားအောင် တုန်လှုပ် မိရှာ၏။
"ပစ္စည်းတွေ ဘယ်မှာထားလဲ သွားယူ"
"မရှိပါဘူး ဦးလေး"
"ဟဲ … ဟဲ … ဟဲ … အဲဒါ မရှိတာကွဲ့"
ဘသိန်းက ရယ်ရင်း သူ့လက်ထဲကိုင်ထားသော အရာတစ်ခုဖြင့် တင်တင်ခိုင်၏ လက်မောင်းကို တို့လိုက်သည်တွင် တင်တင်ခိုင်မှာ တစ်ကိုယ်လုံး ကျင်သွားသဖြင့် ရုတ်တရက်လန့် ပြီး ငယ်သံပါအောင် အော်လိုက် မိသည်။
"လန့်လိုက်တာ တကထဲမှပဲ၊ မာမီတို့ဟာ အေးအေးသက်သာ မေးကြရောပေါ့"
လှဲအိပ်နေသော ရိုစလင်းက ဆိတ်ခနဲထထိုင်ပြီး အပြစ်တင်လိုက်၏။
"ကိုဘသိန်း အဲဒီနည်းမသုံးနဲ့ဗျ၊ အိန်နားနီးချင်းတွေ ကြားလို့ အားလုံး ဂုဏ်ပျက်နေမယ်"
ဦးသိန်းမောင်က တားမြစ်လိုက်ပြီး
"သူ့ကို စဉ်းစားဖို့ အချိန်ပေးလိုက်ပါဦးလေ" ဟုပြောရင်း နာရီကို ကြည့်လိုက်၏။
"ဆယ့်တစ်နာရီတောင် ထိုးပြီးပြီအေးရဲ့" ဟု ပြောလိုက်၏။
"ဟုတ်သားပဲ မာမီရယ် … ဆယ့်တစ်နာရီတောင် ထိုးနေပြီပဲ၊ အိပ်ကြပါစို့ရ့ …"ဟု ရိုစလင်း က ပြောလိုက် ၏။
"အေး … ဘသိန်းရေ ဒီညအဖို့ နားလိုက်ပါဦး၊ မိတင်လဲ မှတ်လောက်သားလောက် ကလေးတော့ ဖြစ်သွား ပါပြီ၊ မနက်ကျမှ မင်းသဘောရှိပေါ်အောင်စစ်ပေတော့ …" ဟု ဒေါ်ခင်အေး က ပြောလိုက်၏။
"ဒီကောင်မလေး ထွက်ပြေးရင်း …"
ဘသိန်းက မျက်ခုံးပင့်ပြီး ပြောလိုက်၏။ ဒေါ်တင်မိ၏ လက်ဝတ်ရတနာများရပါက သူ့ အတွက်လည်း အချိုးကျ ဝေပုံရမည်ဖြစ်၍ တင်တင်ခိုင် ထွက်ပြေးမည်ကို စိုးရိမ်နေသည်။
"အို … စိတ်ချနေပါ ဘသိန်း၊ သူ ဘယ်ကိုပြေးမလဲ၊ အသိမိတ်ဆွေလဲ သူ့မှာ တစ်ယောက် မှ မရှိဘူး၊ ဘယ်မှလဲ သူ သွားတတ်မှာ မဟုတ်ဘူး၊ ၀င်းအပြင်လဲ လမ်းထိပ်မှာ ရဲကင်းအရှိသားပဲ"
ထို့နောက်၌ကား အိပ်ရာဝင်ကြရန်အတွက် အိမ်ပေါ်ထပ်သို့ အသီးသီး တက်သွားကြသည် ဖြစ်ရာ တင်တင်ခိုင် သည် ပြူးကြောင်သော မျက်လုံးများဖြင့် ဧည့်ခန်းတွင် တစ်ယောက်တည်း ကျန်ခဲ့ ရှာလေသည်။ အတန်ကြာမှ ဘသိန်း ကျင်စက်နှင့် တို့သွားသော ရောကို လက်နှင့် အုပ်ဖိပြီး ထမင်းစားခန်း နှင့် တွဲနေသော သူ့အခန်းကလေးထဲသို့ ၀င်လာပြီး အိပ်ရာပေါ်မှာ နွမ်းနယ်စွာ လှဲချ လိုက်လေသည်။
တင်တင်ခိုင်သည် အိပ်၍မပျော်ချေ။ ဤအိမ်ကြီးမှာနေ၍ ဖြစ်နိုင်ပါတော့မည်လောဟု တွေးနေလေသည်။ မိခင် ဒေါ်တင်မိ ၀တ်ခဲ့သော လက်ဝတ်ရတနာများအား ဖြူသည် မဲသည် ဟူ၍ ပင် တင်တင်ခိုင် မမှတ်မိ မသိတော့၊ လက်ထဲမှာလည်း မရှိ။ ဒေါ်ခင်အေးနှင့် ဘသိန်းတို့က ရှိသည် ဟု အတပ်စွဲပြီး အတင်း အကြပ် တောင်းနေပေပြီ။ မပေးနိုင်ပါက …
တင်တင်ခိုင်သည် ကျင်စက် အတို့ခံရသောနေရာကို လက်နှင့် ဆုပ်နယ်နေမိသည်။
ဒေါ်တင်မိ ဆုံးပြီးသည့်နောက် ရေလိုက်လွဲခဲ့သော ဦးတိုးခိုင်ကြောင့် နှစ်ဘက်အမျိုးများမှာ သေခန်း ပြတ်သလို ဖြစ်နေသည်။ မည်သည့်အရပ်ဒေသမှ မည်သူတွေ နေမှန်းလည်း မသိတော့ချေ။ မိထွေး တော်စနက်ကြောင့် အိမ်ထဲမှ အိမ်ပြင် မထွက်ခဲ့ရသည်ဖြစ်၍လည်း တင်တင်ခိုင် မသွားမလာတတ် တော့ချေ။ လက်ထဲမှာ ငွေကြေးဟူ၍လည်း တစ်ပြားတစ်ချပ်မှ မရှိ။ သို့သော် ဤအိမ်ကြီးမှာ ဆက် နေ၍ကား မည်သည့်နည်းနှင့်မှ မဖြစ်တော့ဟု စဉ်းစားမိသော တင်တင်ခိုင်သည် ဖြစ်လိုရာ ဖြစ်စေ ဤအိမ်ကြီး မှ ထွက်ခွာရန် စိတ်ကို ဆုံးဖြတ်လိုက်သည်။
အင်္ကျီ လုံချည်ကလေးများကို လွယ်အိတ်နွမ်းကလေးတစ်လုံးအတွင်းသို့ ထည့်ရင်း အင်္ကျီ အခေါက်ကြားမှ မောင်အောင်လွင်တက္ကသိုလ်ကျောင်းရောက်ပြီး ဦးအုန်းဖေမှတစ်ဆင့်ပေးလိုက် သော စာကလေးနှင့် သူ့လက်အနာကို စည်းပေးခဲ့သော လက်ကိုင်ပ၀ါကလေးကို ဆွဲထုတ်လိုက်၏။ လက်ကိုင်ပ၀ါကလေးကို မြတ်နိုးစွာ နမ်းလိုက်ပြီး စာရွက်ခေါက်ကလေးကို ဖြန့်လိုက်သည်။ မကြာ ခဏ ဖတ်နေသဖြင့် အလွတ်ရ သလောက်ပင် ဖြစ်နေသော်လည်း တင်တင်ခိုင်သည် သူ့ဘ၀အဖို့ မှုန်မှေးမှေးမြင်ရသော လင်းရောင်ခြည် ကလေးဟူသော အမှတ်သညာဖြင့် ဖတ်မ၀နိုင်အောင် ဖြစ် နေရှာလေသည်။
"ခိုင်…"
ခိုင့်ဘ၀ကို ကယ်တင်ဖို့ အစ်ကို စိတ်ကို ဆုံးဖြတ်လိုက်ပါပြီ၊ အစ်ကို ပညာသင်နေတဲ့ အချိန် အတွင်း ဒီအိမ်ကြီး မှာပဲ သည်းခံနေပါဦးကွယ်၊ အစ်ကို ဒီဂရီရပြီး အလုပ်အကိုင်နဲ့ ဖြစ်လာတော့ ခိုင့် ကို အစ်ကို့အိမ်ရှင်အဖြစ်နဲ့ စိတ်ချမ်းသာအောင် ထားပါမယ်လို့ ကတိပေးပါတယ်။ အစ်ကို့ဆုံးဖြတ် ချက်ကို လိုက်လျောပြီး အစ်ကို့ကတိကို ယုံကြည်ရင် ဦးလေးကြီးကတစ်ဆင့် အကြောင်းပြန်ပါ ခိုင်…။
တင်တင်ခိုင်သည် စာကလေးကို ဖတ်ပြီး နေရာမပျက် ပြန်ခေါက်ကာ လက်ကိုင်ပ၀ါ ကလေးဖြင့် ထုပ်ပြီး လွယ်အိတ်ထဲ သေချာစွာ ထည့်လိုက်သည်။ အစ်ကို့မေတ္တာကတိကို ယုံကြည် လိုက်လျောကြောင်း ဦးအုန်းဖေကြီးအား အသိပေးပြီး ပြန်ကြားလိုက်ပြီးသည်နောက် မောင်အောင်လွင်ကလည်း စာကို ဖိကြိုးစား နေဟန် တူသည်။ နောက်ထပ် စာတစ်စောင်မှ မရေး။ တင်တင်ခိုင်ကလည်း မရေးတော့ချေ။ အစ်ကို ပညာစုံအောင် လေးနှစ်တိုင်တိုင် စောင့်ရပေဦးမည်။
"ဒီအိမ်ကြီးမှာပဲ သည်းခံနေပါဦးလို့ အစ်ကိုက မှာထားပေမယ့် နေလို့မဖြစ်တော့ဘူး အစ်ကို။ ကျွန်မ လက်ထဲမှာ မရှိတဲ့ပစ္စည်းတွေကို လိုချင်ဇောနဲ့ မရှုမလှ ညှဉ်းဆဲကြမယ့်ဘေးကြောင့် ကျွန်မ ပြေးရ တော့မယ်" တင်တင်ခိုင်သည် ဆွေးမြေ့ကြေကွဲစွာတွေးရင်း … တစ်အိမ်လုံး အိပ်မောကျမည့်အချိန် ကို စောင့်မျှော်နေ၏။ သံစုံတိုင်ကပ်နာရီကြီးမှ နှစ်နာရီ ထိုးလေပြီ။
တင်တင်ခိုင်သည် တံခါးကို ဖြည်းညင်းစွာ သတိထားဖွင့်ပြီး အပြင်သို့ ချောင်းကြည့်လိုက် သည်။ ဧည့်ခန်းတွင် ဖွင့်ထားသော မီးချောင်း ပြာလဲ့လဲ့အရောင်မှတစ်ပါး အောက်ထပ်တစ်ခုလုံး မီးများ ပိတ်ထား သဖြင့် မှောင်နေသည်။ ဧည့်ခန်းနှင့် ထမင်းစားခန်းတူးသော အဆောင်ကူးမှာသာ ပြာလဲ့လဲ့ မီးချောင်းရောင်က မှေးမှိန်စွာ ကျရောက်နေသည်။ အဆောင်ကူး တစ်ဘက်နံရံတွင် အုတ်နံရံအတွင်း၌ အံကျ သွင်းမြှုပ်ထာသော မတ်တတ်ရပ်ဗီရိုကြီးကို မီးရောင်မှိန်မှိန်တွင် ထင်ထင် ရှားရှား မြင်နေရ၏။ ဗီရိုကြီး မှာ အဆင့်မရှိချေ။ မိခင်ကြီးရှိစဉ်က မည်ကဲ့သို့ အသုံးချသည်ကိုကား တင်တင်ခိုင် မမှတ်မိ။ သူ မှတ်မိ နေသည်မှာ မိခင်အား ကျီစယ်လိုသောအခါများ၌ ဗီရိုအတွင်းဝင်း ပြီး တူတူပုန်းခဲ့သည်များကို ပြန်လည် သတိရမိလေသည်။
"ခလုတ်နင်းမိမယ် သမီး …"
တူတူဝင်ပုန်းတိုင်း မိခင်ကြီးက ဤသို့ တိုးတိုးတိတ်တိတ် ပြောခဲ့ဖူးသည်။ ထိုစဉ်က ကလေးဖြစ်၍ တင်တင်ခိုင် ဘာပြောမှန်း မသိခဲ့။ ထိုနောက်လည်း မေ့မေ့ပျောက်ပျာက် နေခဲ့သည်။ ဒေါ်ခင်အေး လက်ထက် တွင်လည်း ဗီရိုကြီးကို အသုံးမပြု၊ နံရံဖြင့် တပြေးတည်းဖြစ်နေ၍ မည်သူမှ ဂရုမစိုက်ဘဲ အမှတ် မထင် နေခဲ့ကြသည်။
တင်တင်ခိုင်သည် ဤအိမ်ကြီးမှ ထွက်ခွာရတော့မည်ဆဲဆဲ နောက်ဆုံးအချိန်ဝယ် ရှေးဟောင်း နှောင်းဖြစ်များ ပြန်လည်ထင်မြင်ကာ မိခင်အား လွမ်းဆွတ်လှသဖြင့် ဗီရိုကြီးရှိရာသို့ အသာအယာ လျှောက်သွားပြီး ၀င်ကြည့်လိုက်သေးသည်။ ထိုနောက် မီးဖိုတံခါးကို ဖွင့်ပြီး နောက်ဖေးပေါက်မှ တစိမ့်စိမ့်ရွာနေသော မီးရေထဲသို့ ထွက်ကာ မှောင်ထဲတွင် ပျောက်ကွယ်သွား လေတော့၏။
ချစ်ရိပ်သာ စံအိမ်ကြီးမှ တင်တင်ခိုင် ပျောက်ကွယ်သွားသည်မှာ တစ်လပင်ကျော်ပေပြီ။ ဒေါ်ခင်အေးကား အနည်းငယ် မျှ ၀မ်းနည်းခြင်း မဖြစ်။ တတောရှင်းသည်ဟု ယူဆလိုက်၏။ တင်တင်ခိုင် ငုတ်တုတ် ရှိနေလျှင် မမြင်ရက် မကြည့်ရက်သူများက အထိုက်အလျောက် ပစ္စည်း ကလေးများ ခွဲဝေပေးရန် တရားချ ကြက မခက်ပါချေလော။
ပန်းပင်များ အလယ်ရှိ မြက်ခင်းပေါ်ဝယ် ဒေါ်ခင်းအေးတို့ သားအမိ၊ ဦးသိန်းမောင်နှင့် လက်စွဲတော် ဘသိန်းတို့ ကြိမ်ကုလားထိုင် ကိုယ်စီဖြင့် အေးအေးလူလူ စကားပြောနေကြသည်။ ရိုစလင်းသည် နောက်ဖေးခြံထောင့်ရှိ ဦးအုန်းဖေနေထိုင်ရာ တဲငယ်သို့ လှမ်းကြည့်ရင်း …
"မာမီ ဟိုမာလီအဘိုကြီး တူမဆိုတာ ကြောက်စရာကြီးဟု ပြောလိုက်သဖြင့် ဒေါ်ခင်အေး နှင့် ဦးသိန်းမောင် က ပြုံးနေကြသည်။
"ဘာဖြစ်လို့လဲ" ဟု ဘသိန်းက မေးလိုက်သည်။
"အို … ဦးဘသိန်း မမြင်ဖူးဘူးလား" ရိုစလင်က ပြန်မေးလိုက်၏
"ရောက်နေမှန်းတောင် မသိပါဘူး၊ ဘယ်အရွယ် ရှိနေပြီလဲ"
မိန်းကလေးအသံကြားလျှင် သွားရည်ကျမတတ် ဖြစ်လေ့ရှိသော ဘသိန်းက ရိုစလင်အား မေးလိုက်သည်။
"အရွယ်ကတော့ သိပ်မကြီးသေးပါဘူး၊ ဒါပေမဲ့ သရဲမကြီးလိုပဲ မဲလိုက်တာ အသားကလဲ မှောင်လို့၊ ပါးပေါ်မှာ အနာရွတ်ကြီးက အပြည့်၊ မြင်ရတာ အံချင်စရာကြီး၊ ခြေတစ်ဘက်ကလဲ မသန်လို့ တုတ်ကြီးနဲ့ ထောက်ပြီး ကျိုးနင်းကျိုးနင်းနဲ့ သွားနေတာကို ကြည့်ရတာ ကျက်သရေကို မဲ့တယ်"
ရိုစလင်းက ရှုံ့ရှုံ့မဲ့မဲ့ဖြင့် ပြောလိုက်၏။
"သူ့ကုသိုလ်ပေါ့ ရိုစလင်းရာ" ဦးသန်းမောင် တရားသံကလေးဖြင့် ပြောလိုက်၏။
"အေးက မာလီအဘိုးကြီးကို အမိန့်ထုတ်ထားရတယ် ကိုသန်းမောင်၊ အားကိုးအားထားမရှိ တဲ့ တူမမို့ ခေါ်ချင်လဲ ခေါ်ထားပေါ့၊ အေးတို့မျက်စိရှေ့ လူမြင်ကွင်းကို ဘယ်တော့မှ မလာစေနဲ့လို့၊ ရောက်နေတာ ဆယ်ရက် လောက်ရှိပြီ ဘသိန်းရဲ့၊ မင်း မသိဘူးလား"
"မသိပေါင်ဗျာ"
ထိုအခိုက် ထမင်းချက်ကုလားသည် သံပုရာရည်ဖန်ခွက်များကို ငွေလင်ပန်းဖြင့် သယ်ယူ လာပြီး ရိုသေစွာ လူစေ့ အောင်ချပေးလိုက်ပြီး ကျို့ကျို့ရို့ရို့ မတ်တတ်ရပ်လိုက်၏။
"မမကြီး စိတ်မဆိုးဘူးဆိုရင် ကျွန်တော် စကားတစ်ခုလောက် ပြောပါရစေ"
မြန်မာရည်လည်နေသော ထမင်းချက်ကကုလားက ယဉ်ကျေးစွာ ခွင့်တောင်းလိုက်၏။
"အင်း … ဘာအကြောင်းထူးသလဲ ပြောစမ်း" ဟု ဒေါ်ခင်အေးက ခွင့်ပြုလိုက်သည်။
"ဟိုကောင်မလေး ပျောက်သွားပြီး မမကြီးကခေါ်လို့ ကျွန်တော်တို့ လင်မယားနှစ်ယောက် စလုံး ဒီအိမ်ကြီး မှာ လာနေရတာ တစ်လကျော်ပါပြီ၊ တစ်ခါမှ ဒီလို မတွေ့ခဲ့ပါဘူး၊ မနေ့ညကမှ တွေ့ပါတယ်"
"ဘာတွေ့ တာလဲဟေ့ …၊ ဘာလဲဟေ့" နှင့် တစ်ယောက်တစ်ခွန်းပြိုင်တူလိုပင် မေးလိုက် ကြ၏။
"မနေ့ညက ကျွန်တော် ရေချိုးခန်းဝင်ချင်လို့ တရေးနိုးလာပါတယ်၊ မမကြီး၊ ဆောင်ကူး လမ်းက ခြေသံ လိုလို ကြားတယ်၊ ဒါနဲ့ သူခိုးမှတ်လို့ ကျွန်တော် အခန်းတံခါးကြားက အသာကလေး ချောင်းကြည့် လိုက်တယ်။ မိန်းမတစ်ယောက်လေ ဆောင်ကူးလမ်း အလည်တည့်တည့်မှ အုတ်နံရံ နားမှာ ဒူးထောက်ထိုင်နေတာ တွေ့ပါတယ်။ သူ့လက်က အုတ်နံရံကို အသာအယာ ခေါက်ကြည့် နေတယ်၊ ကျွန်တော် လူလား တစ္ဆေလား မသိလို့ ကျွန်တော့်မိန်းမကို ပြန်နှိုးပြီး ထွက်လာတော့ မရှိ တော့ပါဘူး။ တံခါး တွေ လိုက်ကြည့်တော့လဲ ညဦးက ကျွန်တော် ပိတ်ထားတဲ့အတိုင်း ဘာခြေရာ လက်ရာ မပျက်ပါဘူး မမကြီး"
ဒေါ်ခင်အေးတို့လူစု တ်စယောက်တစ်မျက်နှာ တစ်ယောက် ကြည့်မိကြလေသည်။
"မိတင် သေလို့များ တစ္ဆေဖြစ်ပြီး လာခြောက်တာလား" ရိုစင်းက ပြောလိုက်သည်။
"အဲဒီမိန်းမမျက်နှာ နင် သေသေချာချာ မြင်လိုက်ရလား အာမက်။
ဒေါ်ခင်အေး မေးလိုက်၏။ ထမင်းချက်ကုလား အာမက် ခေါင်းရမ်းပြရင်း …
"ဧည့်ခန်းက လာနေတဲ့မီးရောင်ကို နောက်ခိုင်းပြီး ထိုင်ထား မျက်နှာကိုတော့ သေသေ ချာချာ မမြင်ရဘူး။ ဆံပင် ကို ကောင်းကောင်းထုံးထားတယ်၊ အင်္ကျီလုံချည် အရောင်က မဲမဲ၊ အသား ဖြူပြီး ကိုယ်လုံး ကိုယ်ပေါက် ပြည့်ပြည့်ဖြိုးဖြိုးရှိတာတော့ သိလိုက်ပါတယ် မမကြီး"
"မိတင် ပဲ ထင်တယ်" ရိုစလင်းက ထပ်မံထင်မြင်ချက်ပေးလိုက်၏။
"မဟုတ်နိုင်ပါဘူး သမီးရယ်၊ ဒီအိမ်ပေါ်မှာတင် ပျက်စီးသွားလို့ သူအဖေ အမေကတော့ ဘာမှ မလုပ်ဘဲနဲ့၊ သူက ဒီအိမ်မှာ မနေချင်လို့ အရှင်လတ်လတ် ထွက်သွားတာပဲ"
ဒေါ်ခင်အေးက သမီးကို ပြောပြပြီးနောက်
"အာမက် … နင် ညက နည်းနည်းမူးတယ် မဟုတ်လား" ဟု အာမက်အား မေးလိုက်သည်။
"မမူး ပါဘူး မမကြီး …"
"ကဲ ဒီပြဿနာ ပြေလည်သွားအောင် ညတိုင်ကျရင် ဒို့ သတိထားအိပ်မယ်ကွဲ့၊ အာမက် မင်း မအိပ်ဘဲ ချောင်းစမ်း၊ ဒီမိန်းမ ဘယ်နေရာက ပေါ်လာတယ်၊ ဘယ်နေရာမှာ ပျောက်သွားတယ် ဆိုတာ သိရအောင်၊ တွေ့တာနဲ့ တစ်ပြိုင်နက် မင်း ဖမ်းထားပြီး ဒို့ကို အသံပြုလိုက်၊ ဘယ်လိုလဲ ဒါထက် မင်း မရဘူးလား"
ဦးသန်းမောင်က အကြံပေးလိုက်သည်။ ကျန်လူများက သဘောတူကြသည်။
"ရပါတယ် ဆရာ … ကျွန်တော် ဒီညက စချောင်းပါမယ်"
"ကောင်းပြီ အာမက်၊ မင်း သွားနိုင်ပြီး" ဒေါ်ခင်အေးက အမိန့်ပေးလိုက်သဖြင့် အာမက် ထွက်သွားသည်။
မလှမ်းမကမ်းတွင် နှင်းဆီပင်တစ်ပင်ကို မြေတောင်မြှောက် ပြုပြင်နေသော မာလီကြီး ဦးအုန်းကေား သူတို့လူစု ပြောစကားများကို တစ်လုံးမကျန် ကြားနေလေသည်။
ဇွဲကြီးကြီးဖြင့် တစ်လနီးပါး ချောင်းမြောင်းခဲ့သော်လည်း အာမက်သ်ည အိပ်ပျက်ခြင်းသာ အဖတ် တင်သည်။ လူလိုလို တစ္ဆေလိုလို မိန်းမကိုကား မတွေ့ရတော့ချေ။
"နင် မူးလို့ ထင်မိထင်ရာ မြင်တာ အိမ်နာမည် ပျက်နေမယ်၊ နောက်ထပ် ဒီအကြောင်း မပြောနဲ့"ဟု အိမ်ကြီးရှင်များက အမိန့်ထုတ်လိုက်သည်။ အာမက်သည် စိတ်ထဲက မကျေမချမ်း ဖြစ် နေပြီး ဦးအုန်းဖေအား ထိုအကြောင်းကို စကားစပ်ပြောမိလေသည်။
"ကျုပ် မမူးပါဘူး အဘိုးကြီး … သေသေချာချာ မြင်တာပါ"
"မင်း ချောင်းနေတော့ တွေ့သေးလားကွ…" ဦးအုန်းဖေက အေးအေးဆေးဆေးပင် မေး လိုက်သည်။
"မမကြီးတို့ကို ပြောပြီး စောင့်နေမှ တစ်ခါမှ မတွေ့တော့ဘူး အဘိုးကြီး"
"မစောင့်ပါနဲ့ကွာ အိပ်ပျက်ပါတယ်"
"စောင့်ကိုစောင့်မယ် အဘိုးကြီး၊ ကျုပ် ကြိုးကွင်းတစ်ခုတောင် လုပ်ထားတယ်။ ဒီတစ်ခါ တွေ့ရင် ကြိုးကွင်းနဲ့ ပစ်ဖမ်းမယ်၊ ကျုပ်ကို အရက်မူးပြီး ထင်မိထင်ရာ ထင်တယ်ဆိုတာ စိတ်ထဲက မခံချင်ဘူးဗျ …"
အာဂ ကုလားပါတကားဟု ဦးအုန်းဖေ စိတ်ထဲက တွေးလိုက်မိ၏။
"တစ်လ ကျော်နေပြီပဲကွ၊ လက်လျှော့လိုက်ပါတော့ အာမက်ရာ"
"ကိစ္စ မရှိဘူး အဘိုးကြီး၊ ညတိုင်း ၁၂နာရီထိုးတဲ့အထိ ကျုပ်ီမိန်းမက စောင့်တယ်၊ ၁၂နာရီ ထိုးတော့ မိန်းမကအိပ်ပြီး ကျွန်တော် စောင့်တယ်၊ အဲဒီအတိုင်းစောင့်တာ အိပ်မပျက်ဘူး"
ဦးအုန်းဖေက သက်ပြင်းချလိုက်၏။
"အေး … မင်းတို့လင်မယား အိပ်ပျက်ပြီး သေနေဦးမယ်၊ မင်းတို့ စောင့်နေသရွေ့ ဘယ်တော့မှ မတွေ့ဘူး" ဟု စိတ်တိုစွာ ပြောလိုက်၏။
နောက်ထပ် တစ်လမျှ စောင့်မိလျှင် အာမက် လက်လျှော့လေတော့သည်။ ထိုအခါ၌ သူ့ကိုယ်သူပပင် ဇဝေဇ၀ါ ဖြစ်သွားလေသည်။ ငါ အိပ်မှုန်စုံမွှားနဲ့ ထင်မိထင်ရာ မြင်တာထင်ပါရဲ့ဟု စိတ်လျှော့လိုက်၏။
အချိန်သည် တရွေ့ရွေက ကုန်ဆုံးခဲ့လေသည်။ မောင်အောင်လွင်ပင် နောက်ဆုံးနှစ် ဘီအေစာမေးပွဲ ဖြေဆိုပြီး ဖြစ်၏။ အလုပ်အကိုင်ရလျှင် တင့်တင့်တယ်တယ်ထားမည်ဟု ရည်ရွယ် ထားသူများအနက်မှ သနားချစ် ချစ်ခဲ့ရသူ တင်တင်ခိုင်တစ်ယောက် စာရင်းထဲမှ လျော့သွားပြီ ဖြစ် သည်။ တက္ကသိုလ် သို့ရောက်ပြီး ယခု နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသည့် လေးနှစ်တာမျှ အချိန် ၀ယ် ကျောင်းပိတ်တိုင်း ပဲခူးသို့ ပြန်ခဲ့သော်လည်း သူ့ဦးလေးကြီး ဦးအုန်းဖေနှင့် တစ်ကြိမ်မျှသာ တွေ့ခွင့်ရခဲ့၏။ ထိုတစ်ကြိမ် မှာလည် ချစ်ရိပ်သာစံအိမ်ကြီး၏ အရှင်သခင်များအလစ်တွင် ခြံ နောက်ဖေးမလွယ်ပေါက်မှ ၀င်တွေ့ခဲ့ခြင်း ဖြစ်သည်။
ဦးအုန်းဖေ ပြောပြသော တင်တင်ခိုင်ကလေး၏ ကြေကွဲဖွယ်ရာအဖြစ်များကို မရှုနိုင် မကယ်နိုင် နားထောင် ရင်း ဒေါ်ခင်အေးတို့ သားအမိအား အရွံ့မုန်းကြီး မုန်းမိလေသည်။
"ဖြစ်ပုံ ကတော့ အဲဒါပါပဲ တူမောင်၊ သူဌေးကြီးရဲ့ စာချုပ်ဆိုတာကလဲ စာချုပ်လိမ်ကြီးလို့ ဦးလေးကြီး ထင်တာ ပဲ၊ ပစ္စည်းတွေ တစ်ပြားမှ မပေးချင်နေပါ၊ ကောင်မလေးကို သူ့လက်စွဲတော် လူမိုက် လက်ထဲ အပ်တာတော့ ဦးလေးကြီး အသည်းနာလှသကွယ် …"
"တင်တင်ခိုင်က သူ ထွက်ပြေးမယ်ဆိုတာ ဦးလေးကြီးကို မတိုင်ပင်ဘူးလား"
မောင်အောင်လွင်က မချိတင်ကဲ မေးလိုက်၏။
"မတိုင်ပင်လို့ပေါ့ တူမောင်၊ ဦးလေးကြီး သိရရင် ဘယ်မှာ တင်တင်ခိုင် အစပျောက်မလဲ"
မောင်အောင်လွင် ငိုင်နေလေသည်။ အသက်ရှင်ရက်မှ ရှိသေးရဲ့လား၊ လူယုတ်မာတွေနဲ့ တွေ့လို့ ဘ၀လမ်းဆုံးများ ရောက်သွားရှာပြီလားဟု စိတ်မကောင်းစွာ တွေးမိရင်း …
"အဲဒီလူမိုက်က ဘယ်မှာနေလဲ ဦးလေးကြီး" ဟု မေးလိုက်၏။
ဆက်ရန်
.

3 comments:
hint.......
want to read until the end.
Anyway, Thanks, ama.
Myatnoe..
Whaaa...... can't wait ...........
တင်တင်ခိုင် ရုပ်ဖျက်ထားတာထင်တယ်။
Post a Comment