"တပည့်တော် သာဒွန်းဝမြောင်းဖျားမှာ တောတိုးပြီး လယ်တည်နေပါတယ် ဘုရား။ ကလေးတွေကို တောက်တို မယ်ရ ခိုင်းဖို့အတွက် ခေါ်ပါရစေဘုရား"
ဘုန်းကြီး သည် မငေါက်ငမ်းပါ။ သူ့တပည့် အဘယ်မျှ ကသီကြောင်းသိပါသည်။
"သာဒွန်းဝ မြောင်းဖျားမှ ရှောက်တောပဲ ရှိမဟုတ်လားဟ"
"မှန်ပါတယ် ဘုရား"
"မြစ်ရေ၀င် တဲ့ ဧရိယာပါကလား။ မုရင်းပဲ စိုက်နိုင်မှာပေါ့"
"မြစ်က တစ်သမတ်တည်း နေမှာ မဟုတ်ဘူး ဘုရာ့။ သူရေကြောင်းပြောင်းသွားရင် တပည့်တော်ရဲ့ လယ် ဟာ အဖိုးတန်စရာ ရှိပါတယ်ဘုရား"
မြော်မြင် တတ်ပါပေတည်ဟု ချီးမွမ်းလိုသော အကြည့်ဖြင့် ကြည်သော်ငြား ဆရာတော်သည် တစ်ဖက် လှည့်ပြီး မိန့်ပြန်၏။
"ငထွန်းကား က သဂြိုဟ်ကိုးပိုင်း ကုန်တော့မှာဟ"
"တပည့်တော် မတတ်သာလို့ လျှောက်ရတာပါဘုရား"
ကိုကျန်းကြီး ရင်ဆို့ပြီး ငိုသံကြီးဖြင့် တုံ့ပြန်သောအခါ ဆရာတော်သည် ထမင်းခြောက် နှစ်ပြည်၊ ထန်းလျက် တစ်ပိဿာ၊ သကာရည် တစ်အိုးနှင့် ငှက်ပျော်သီး၊ အုန်းသီးများ စွန့်တော်မူ လိုက်သည်။
အဖေ၊ အစ်ကိုနှင့်တန်းတူ ငုတ်စူးခံ ဆူးခြစ်ခံပြီး တောတိုးရစဉ်က ဆေးရိုး၏အသက်က ဆယ်နှစ်သား သာရှိသေး၏။ ဆယ်နှစ်သားပေမင့် သစ်ပင်တက်ကျွမ်းကျင်၏။ သစ်ပင်ကြီးတစ်ပင် ကို လှဲမည်ကြံလျှင် လဲစေ လိုသောဘက်တွင် အကိုင်းတွေချန်ပြီး၊ ကျန်သောဘက်ကို အပြောင်အစင် ခုတ်ချိုင်ပစ်ရသည်။ သားအဖ သုံးယောက် ဓားသုံးချောင်းဖြင့် တော်ရုံသစ်ပင်မှာ တစ်ခဏဖြင့် ပြီးသည်။
တစ်ခါတစ်ရံ တွင် သစ်ပင်ပေါ်၌ ဆေးရိုးတစ်ယောက်တည်း ထားခဲ့ကာ အဖေနှင့် အစ်ကိုက ပင်ခြေကို စတင် ခုတ်ထစ်နေကြပြီ။ ဓားရာပေးပြီးနောက် ငမန်းလွှသံ တရွှမ်းရွှမ်းပေါ်လာငြား ဆေးရိုးမှာ မကြောင့် ကြပါ။ သစ်ခေါင်းတွင်းရှိ ငှက်သိုက်ကို နှိုက်နေဆဲ။ သို့ရာတွင် ကာယကံရှင် မပူပန်စေကာမူ ဖအေက စိတ် မချ။
"ဟေ့ လူလေး၊ သစ်ပင်လဲသွားတော့မှ အေးအေးဆေးဆေး မြေကြီးပေါ်မှာ နှိုက်စမ်းပါကွာ။ လာလာဆင်း၊ တစ်ဝက် ကျော်ကျော် ပြတ်သွားပြီ"
"မပူစမ်း ပါနဲ့ အဖေရာ"
"ညီလေး ဆင်းမလား၊ မဆင်းဘူးလား ဒါပဲပြော"
အဖေကို မထီသော ဆေးရိုးသည် အစ်ကိုအားမူ ဖြုံ၏။ သစ်ပင်ပေါ်မှ လျှောဆင်းလာပြီး ငမန်းစွယ်ကို ၀င်းဆွဲ၏။ ဤအလုပ်ကို ကိုကျန်ကြီး မခိုင်းရဲပါ။ လွှကျိုးသွားသော် လျော်စရာမရှိ။ သို့အတွက် အဖေနှင့် အစ်ကို တို့ သစ်ပင်လှဲသည်ကို ဆေးရိုးမျာ ထိုင်ကြည့်နေ၏။ အမှန်မျာ ဆေးရိုးအား ခိုင်းစရာတွေရှိ၏။ ရှိသော်ငြား လှဲဆဲသစ်ပင် မလဲသေးသဖြင့် အထိုင်ခိုင်းထားရခြင်း ဖြစ်ပေသည်။
လှဲဆဲ သစ်ပင်သည် အကိုင်းများများ ချန်ထားသောဘက်သို့ အိချင်၏။ လွှကြောင်းကို ဟပေးသည် သို့ရှိ၏။ ဖြတ်ရာတွင် အဆင်ပြေငြား၊ လေပြည်ကလေး ဝေ့ရုံဖြင့် လွှညပ်၏။ သို့ကြောင့် လွှကိုငုံပြီး 'သပ်'ရိုက်ရသည်။ သစ်ပင် ၏ အနှစ် ကို လုပ်ထားသော သပ်ဖြစ်စေကာမူ သစ်အချင်းချင်း ညှပ်သော အခါ ကြေသည့်အတွက် 'သံကပ်' ကူရသည်။
ဆယ်နှစ်သား ဆေးရိုးအတွက် လုပ်ဆောင်ဖွယ်တွေ များပြားလှ၏။ ကိုင်းဖျားကိုင်းနားတွေကို ဓားမတိုတစ်ချောင်းဖြင့် ရှင်းရသည်။ လက်မောင်းလက်ရုံးအရွယ်ရှိ အကိုင်းတွေကို သီးခြားပုံထား ရသေးသည်။ ရှင်းလင်းခုတ်ထွင်ရသည်ကို ဆေးရိုးမကြိုက်။ ကိုင်းဖျားကိုင်းနားရှင်းစဉ်တွင် ပျားအုံရပါ၏။ သစ်ခေါင်း ထဲမှ ရှင့်ပေါက်စကလေးတွေ၊ ငှက်ဥတွေရပါ၏။ သို့သော် နကျယ်အံ ရှိသောအကိုင်းကို ခုတ်မိ လျှင်ကား အဖေလည်း မကယ်နိုင်၊ အစ်ကိုလည်း အကာအကွယ်မပေးနိုင်။ ပုဆိုးခြုံပြီး လုံအောင်ထိုင်နေမှ လွတ်တော့သည်။ နကျယ်အတုပ်ခံ၍ ဖျားသော်ငြား အိမ်တွင် မနေချင်။ ဖျားလျက်နှင့် တောတိုးရာသိုက လိုက်လာ သည်။ လွတ်လွတ်ကင်းကင်း နေရာရှိ သစ်ပင် တစ်ပင်အောက်တွင် အိပ်လိုက် ထိုင်လိုက်နှင့် လုပ်ရဖန် များသောအခါ ပျင်ရိငြီးငွေ့ လာသည်။
တောသည် တဖြည်းဖြည်းလင်းလာ၏။ သစ်ပင်တစ်ပင် လပြိုခါနီးတွင် တဖျစ်ဖျစ် အသံမြည်လာ၏။ သစ်ပင်သည် နှေးကွေးစွာ ယိုင်လာ၏။ ယိုင်ရာက ဝေါခနဲအသံမြည်ပြီး လဲကျသွားချိန်တွင်၊ တစ်တောလုံးရှိ ရှဥ့်တွေ မြည်သံ မှာ 'ငါတို့ မှီတဲ့ ရိပ်အာဝါသတစ်ခု သွားပါပြီကော'ဟု ကြေကွဲဝမ်း နည်းစွဖြင့် မြည်တမ်းခြင်း ဖြစ်ငြား၊ ဆေးရိုး၏နားထဲတွင် အလွန်နားထောင်၍ကောင်းလှသည်။ သို့ရာတွင် ကိုကျန်ကြီးနှင့် ငထွန်းကား တို့မှာ တစ်နေ့လျှင် နှစ်ပင်ထက်ပိုပြီး မလှဲနိုင်။ ဆေးရိုးမှာ ငြီးငွေ့ချိန်က များနေသည်။ များနေ သောကြောင့် သူ့အရပ်ထက်ရှည်သော ငန်းပြားကြီး ယူပြီး သစ်ငုတ်ဖော်သည်။ အဖေပင်ခြေရှင်းနေစဉ် ငထွန်းကား သည် သစ်ငုတ်ဖော်ထားခြင်း ဖြစ်သည်။ သည်လုပ်လက်စ တန်းလန်းကို ဆေးရိုးက ၀င်းပြီး လုပ်ခြင်းဖြစ်၏။
ထိုင်မနေချင်သောကြောင့် ကိုယ်နှင့်မတန်သော အလုပ်ကို လုပ်ရကောင်းလားဟု ဆေးရိုးအား အဖေမတား။ အစ်ကို မငေါက်ငမ်း။ သို့လျှင် အလိုလိုက်သဖြင့် အကျိုးတစ်ခု ဖြစ်ပေါ်လာ၏။ ဤသည်မှာ သစ်ငုတ် ထုတ်သော မြင်ကွင်းဖြစ်သည်။ လယ်ဖြစ်လ်ာမည့် မြေပေါ်တွင် လက်သန်းရွယ် သစ်မြစ်သော်မျှ မကျန်စေရ။ သစ်မြစ် များ ပြေးသလောက် လူကလိုက်တူးရသည်။ နေက်ဆုံးတွင် သစ်ငုတ်တုတ်ကြီးက ငေါင်းစင်းစင်း ကျန်ခဲ့ တော့သည်။ သည်အငုတ်စိုကြီးကို မီးတိုက်ပစ်၍ မရနိုင်၊ အောက်ခြေပေါ်အောင် တူးရသည်။ အမြစ် တစ်မျှင် မျှ မကျန်အောင် ဖြတ်ရသည်။ တွင်းထဲမှ ငုတ်ကြီးကို 'ကုတ်'ဖြင့် ကော်ရသည့်။ သားအဖ နှစ်ယောက် ၏ အားဖြင့် မရသောအခါ လက်တောက်လောက်ကောင် ဆေးရိုးလည်းဝင်ရသည်။ ငုတ်တစ်ခု ကို လွတ်ရာ ကျွတ်ရာသို့ ပို့အပြီးတွင် ဆေးရိုး၏ စိတ်ကူးထဲ၌ အကြံတစ်ခု ပေါ်လာသည်။
"အဖေး အဖေး"
ဖုန်းလူးနေသော ကျော်ပြင်တစ်ပြင်လုံး ချွေးဖြင့်ဖုံးနေသည့် ကိုကျန်းကြီးမှာ ဟောဟဲလိုက်နေရာက သားငယ် ကိုလှည့်ကြည့်၏။
"အဖေ သစ်ပင်ကို လွှနဲ့မတိုက်ဘဲ အမြစ်တွေတူးရင် ဘယ့်နှယ်နေမတုံး"
အဖေ မျက်မှောင်ကြုတ်ပြီး ကြည့်သည်။
"သည်လိုလေ အဖေရ၊ အမြစ်တွေ တူးပစ်ရင် သစ်ပင်က သူ့အားနဲ့ သူကော်လဲသွားတော့ ငုတ်အဖော်ရ မသက်သာ ဘူးလား"
"အေးကွ"ဟု ကိုကျန်းကြီး စိတ်ဝင်တစားပြော၏။
"ညောင်ပင်ကြီး ကျရင် စမ်းကြည့် အဖေရာ"
ညောင်ပင်မှာ ငမန်းလွှတစ်ပြန်ထက် ကြီးမား၏။ လွှဖြင့် ဖြတ်ရန်မလွယ်။ မည်သို့လုပ်ရပါမည်နည်း ဟု ကိုကျန်းကြီး အကြံရခတ်နေတုန်း မမျှော်လင့်သော သားငယ်ထံမှ အကြံရသည်။ သားအဖတစ် တွေ ညောင်မြစ် တွေ ကုန်အောင်တူး၊ ကုန်အောင်ဖြတ်ရသည်မှာ ဆယ်ရက်ခန့် ကြာသည်။
"နှပ်ချေးတွဲလောင်းကောင်ရဲ့ စကားများ အဖေမို့နားယောင် ရတယ်လို့ဗျာ"
ညောင်မြစ် တစ်မြစ်မျှ မြေကြီးနှင့် အငြိအတွယ် မရှိတော့။ သို့ပါလျက်နှင့် မလဲသောကြောင့် ပြောခြင်း ဖြစ်၏။
"အေးပါကွာ နက်ဖြန်ကျမှ ကြည့်လုပ်ကြတာပေါ့"
သားအဖသုံးယောက် ထင်းကိုယ်စီ၊ ငမန်းလွှ၊ ပဲခွပ်နှင့် ဓား၊ ပေါက်ပြား၊ ငန်းပြား ထမ်းလျက် ပြန်လာကြသည်။ ဆေးရိုးသည် ငမန်းလွှကြိး ညွတ်ပဲ့ညွတ်ပဲ့ကို မနိုင်မနင်းထမ်းလျက် ရှေ့မှသွား နှင့်ရာက ဖအေ နှင့် အစ်ကို ပါလာသလော၊ ကျန်ခဲ့သလော လှည့်ကြည့် သည်။
"အဖေရေ ပြေးပြေး ညောင်ပင်ကြီး လဲလာပြီ"
ဆေးရိုး ငယ်သံပါအောင် အော်သည်။
ကိုကျန်းကြီးသည် ထင်းကို ပစ်ချပြီး သားကိုလက်ဆွဲလျက် ပြေးသည်။ လှည့်မကြည့်။ လှည့်မကြည့် သော ကြောင့် မည်သည့်ဘက်ကို သစ်ပင်လဲသနည်းမသိ။ သစ်ပင်က သူတို့သားအဖဘက်သို့ တဖြည်းဖြည်း ယိုင်ကျလာ၏။
"အဖေရေ ဘေးကပ် ဘေးကပ်"
ဘေးဘက် သို့ကပ်မှ လွတ်မည်ဟု သိသော်ငြား ဆေးရိုးသည် ဘေးသို့မကပ်။ အလျားလိုက် ပြေးသည်။ ဘယ်ညာ အလေးချိန် မျှနေသောကြောင့် ဣနြေ္ဒကြီးနေခဲ့သော ညောင်ပင်သည် လေပြည်အသွေးတွင် လှုပ်လာ၏။ ဆေးရိုးမြင်စတွင် လဲစသာရှိသေးသည်။ ဆေးရိုးအော်ချိန်တွင် တစ်ထောင်ခန့် ယိုင်လာပြီး တစ်လံ မျှ ယိုင်မိချိန်တွင်ကား ရှဥ့်တွေ ၀မ်းနည်းကြေကွဲစေရန် ပေးသောအသံဖြင့် အော်မြည်ပြီး အရှိန်ဖြင့် လဲကျ လာပြီ။ ကိုကျန်းကြီးသည်။ သာငယ်အော်သံ ကြောင့်ဘေးဘက်သို့ ခုန်ရင်းက လှည့်ကြည့်သည်။ ငထွန်းကား အွတ်ခနဲမြည်ကာ ပစ်လဲသည်။ ညောင်ပင်ကြီးက ဆူညံစွာအော်လျက် ပြေးလာပြီ။ ကိုကျန်းကြီး သည် သားကို ကုပ်မှဆွဲပြီး လွှင့်ပစ် ၏။ သူ ပြေးချိန်မရတော့ပါ။ ညောင်ရွက် အထပ်များ အခက်များ အောက် သို့တစ်ခဏချင်း ရောက်သွားလေ၏။ 'သေပြီ'ဟု ကိုကျန်းကြီး ထင်လိုက်၏။
"လာကြပါဦးဗျို့၊ အဖေ သေပါပြီဗျ"ဟူသည့် ဆေးရိုး၏ အော်ဟစ်ငိုယိုသံကို ကြားရမှသာ 'ငါမသေ ပါကလား' ဟု ကိုကျန်းကြီး သိသည်။
ငထွန်းကား မှာ ထင်ပုံကြားထဲ၌ ညှပ်နေသဖြင့် ထမလာနိုင်သေး။
"ဟေ့ညီလေး တစ္ဆေပါတတ်တယ် မအော်ရဘူး"ဟု လှမ်းပြောသော်ငြား ဆေးရိုးနားမလည်ပါ။
"အဖေ ရေ အမယ်လေး အဖေရဲ့"
ဆေးရိုးသည် ညောင်ရွက်တွေကို ဆွဲလှန်သည်။ ဦးစွာ လက်တစ်ဖက်၊ ထို့နောက် မျက်နှာမည်းမည်း ရဲရဲကြီး။
ဆေးရိုးသည် ညောင်ရွက်တွေကို ဆွဲလှန်သည်။ ဦးစွာလက်တစ်ဖက်၊ ထို့နောက် မျက်နှာမည်းမည်း ရဲရဲကြီး။
"ဟေ့ လူလေး၊ အဖေ မသေပါဘူးကွ"
"အမယ်လေး အဖေရဲ့"
ဆေးရိုးသည် ဖအေကို တအားဖက်ငို၏။
ကိုကျန်ကြီးကို ကျိုးပဲ့သေကြေလောက်သော အကိုင်းများက မရိုက်မဖိ။ အရွက်များနှင့် အခက်များ ကသာရိုက်မိသည်။ သို့ဖြစ်ငြား မည်းမှောင်နေသော မျက်နှာတစ်ပြင်လုံး သွေးချင်းချင်း နီ၏။ အခက်များ စူးခြင်း၊ ညောင်ရွက်စောင်း ရှခြင်း များဖြစ်၏။
"ငကျန် သားအဖ ညောင်ပင်ပိလို့တဲ့"
နားစွန်း နားဖျားကြားသော တစ်စုံတစ်ယောက်က ကားလိုက်သည့်အတွက် မယ်ကြွယ်စိုးမှာ ရေဖြောင့်ဖြောင့် မခပ်ရ၊ နွားစာကောင်းကောင်း မစဉ်းရ။ သတင်းမေးရန် လာသူများအား ဖြေရှင်း နေရ သည်။
"အသေ တောင် နည်းသေး၊ ညောင်ပင်ကိုမှ လုပ်တာကိုး"
မသေကြေ မကျိုးပဲ့ပါဘဲလျက် အပြစ်ဆိုသူက ဆိုးသေး၏။ စင်စစ်မှာမူ ညောင်ပင်ကို ကိုကျန်းကြီး မလှဲလို။ ခေါင်းတုံး တုံးပြီးညောင်ငုတ်တိုအဖြစ် ထားလိုက်သည်။ သို့တစေ ညောင်ပင်မှာ လယ်ပွဲ၏ ဗဟိုသို့ ရောက် နေသည်။ ရှင်နေသော ညောင်ပင်၏အမြစ်တွေက ထွန်သွားတွေကို ချိုးပစ်လိမ့် မည်။
အခြား လယ်သမားတွေ 'အခြောက်ထွန်ရေး' ထွန်ကြပြီ။ ကိုကျန်းကြီးတို့ သားအဖသုံးယောက် ယခုမှ 'ကန်သင်း' ဆည်ရသည်။ အူတကြုတ်ကြုတ်မြည်နေပါလျက်က၊ ရင်တုန်ပန်းတုန် ဖြစ်နေပါ လျက်က အိမ် မပြန်နိုင်။ လရောင်ဖြင့် ကန်သန်းဖို့ ကြရသည်။
သည်မျှအပင်အပန်းခံသော ကိုကျန်းကြီးသည် သံဖြင့် သွန်းလုပ်ထားသူမဟုတ်ရကား၊ သင်္ကြန်လက်ဆေးမိုး မရွာမီ တစ်ရက်တွင် အိပ်ရာထဲ၌ လဲနေ၏။ ထန်းရွက်ပေါ်သိုက မိုးပေါက်တွေ ကျလေလေ၊ ကိုကျန်းကြီး တောက်ခေါက် လေလေ ဖြစ်သည်။ တံစက်မြိတ်မှကျသော မိုးပေါက်တွေ ကိုကြည့်ပြီး ကိုကျန်းကြီး ဒေါသ ဖြစ်ရသည်။
"အရေးထဲမှာ ဘာပြုလို့ ဖျားရတာတုံး"
မယ်ကြွယ်စိုး ပြုံးရ၏။
"တော့် တစ်ကိုယ်လုံး မှာ ဒဏ်ရာဒဏ်ချက်တွေ ဒါလောက်များနေမှာတေ့ အနာရှိန် တက်တာပေါ့ တော်"
သည်နှယ် ပြောသူရှိသောအခါကျမှ ကိုကျန်းကြီးသည် သူ့ကိုယ်ကိုပြန်ကြည့်ရန် သတိရသည်။ ခြေဖ၀ါးကို ငုတ်ထိုးသော ဒဏ်ရာ၊ ခြေမမှာ မြေကြီးခဲ ညပ်သောအနာ၊ ခြေလက် ကျော်နှင့် ရင်ဘတ် တွင်လည်း ခြစ်မိသဖြင့် ဖြစ်သောအနညသည် အစင်းလိုက်ထင်နေ၏။ ထိုးမိဆောင့်မိရာက ရသော အနားများမှာ ၀ိုင်းဝိုင်း တွေ။
သာဒွန်းဝမြောင်းသောက်လယ်တွေ ထွန်းတုံးပိတ်ကုန်ပြီ။ ကိုကျန်းကြီး၊ မယ်ကြွယ်စိုးတို့၏ လယ်ပွဲမှာ ရေ ခါးလောက် ရှိသည်။ သာဒွန်းဝမြောင်မှ ပိုလျှံသောရေသည် မြစ်တွင်းသို့ မဆင်းနိုင်။ မြစ်ရေ ခံနေသည့် အတွက် အီနေသည်။ သူတစ်ပါးလယ်တွေ စိမ်းမှောင်မဲသဲလာသည့်နည်းတူ ကိုကျန်းကြီး၊ မယ်ကြွယ်စိုးတို့၏ သုံးယောက် စိုက် လယ်ကလေးမှာလည်း တရိပ်ရိပ် တက်နေပြီ။
ဖုံးတန်း လုံးတုန်း တန်းဆောင်မုန်းလတွင် ကောက်ဦးပေါ်ပြီ။ ထိုအခါတွင်မှ ကိုကျန်းကြီး၏လယ်မှာ နွားမောင်း သံတဟဲ့ဟဲ့ဖြင့် စတင်ထွန်ယက်ရသည်။ ဆယ်ဧကမဲ့လယ်သည် နတ်တော်လဆန်းတွင် မစိုက်နိုင်သေး။ လပြည့်ကျော်မှ ထွန်တုံးပိတ်သည်။ ကိုကျန်းကြီး ဟင်းမချနိုင်သေးပါ။ သာဒွန်းဝ မြောင်းတွင် ရေမရှိ တော့ပါ။ လက်ရှိရေသည် ဖုံးချိန် လုံးချိန်အထိ နေပါမည်ကော။ သို့ဖြစ်က မည်သည့်ရေဖြင့် အောင် ရယူမည်နည်း။
နွားချေး တစ်မှုန်မျှ မထည့်နိုင်ငြား၊ ကိုကျန်းကြီး၏ လယ်မှာ မြေရိုင်းမို့ ကောင်းလှသည်။ အပင်တွေ 'ဟုန်'ပြီး အသီးမလိုက်မည် စိုးရိမ်သဖြင့် နွားတွေကို လယ်ထဲသို့ မောင်းချ၏။ နွားတွေကလည်း မစားစေ ချင်သော အခါတွင် စပါးပင်ကို မမီမကမ်း ဟပ်၏။ စားစေချင်၍ မောင်းချသောအခါ တစ်ခဏဖြင့် ကန်သင်းပေါ်သို့ တက်လာသည်။
စပါးနှံ တွေ ထွက်လာပြီ။ အနီးအနားတွင် စပါးခင်းမရှိ။ ကိုကျန်းကြီးမှာ တစ်ဦးတည်း ထီးထီးမားမား ဖြစ်နေရာ စာမျိုးစုံတို့ အုပ်လိုက် ကျက်စားရာအရပ် ဖြစ်လာတော့သည်။
လယ်တစ်ပွဲလုံး စားခြောက်ရုပ်တွေ ပြည့်နေသည်။ ကြိုးဆွဲ ၀ါးလက်ခုပ်တွေ၊ ၀ါးကလတက်တွေ အပြည့် ဆင်ထားပြီး မိုးမလင်းမီက စတင်ပြီး စာနှင်ရတော့သည်။ တစ်ယောက်က ကြိုးဆွဲပြီး လှန့်သံပေးနေစဉ် တစ်ယောက်က ကောက်ပင်များကြားသို့ လောက်လေးတစ်ချောင်းဖြင့် ၀င်မွှေရသည်။ စာများသည် စပါးနှံ ကို နှစ်သက်၏။ လယ်ကန်သင်းတွင် ပေါက်ရောက်နေသော ပဲလွန်းပဲရင်း ပဲငပိနှင့် ပဲကြီးမောင်ခ ခေါ် များကိုလည်း ခံတွင်းတွေ့ကြသည်။
စာမင်းမူပုံများမှာ "အဖေရေ ကိုယ့်လုပ်စာမှ ကိုယ်စားရပါဦးမလား မသိပါဘူးဗျာ"ဟု ငထွန်းကား ညည်းထွား ရသည် အထိပင်။
သို့သော် မြစ်အရှေ့ဘက်ကမ်းမှ လူနှစ်ယောက်ရောက်သောကြောင့် ကိုကျန်းကြီး ဟန်ကျသွား၏။ ထိုသူ နှစ်ယောက် မှာ ကောင်းကင်ပိုင်ဖြင့် စာထောင်သူများဖြစ်သည်။ ကောင်းကင်ပိုက် နှစ်ဖုံကို တစ်နေ့လျှင် သုံကြိမ် ထောင်ရာ၊ တစ်ကြိမ်လျှင် အကောင်ရေ ထာင်ချီပြီး မိသည်။ ထိုလူများထံမျ ဆေးရိုးတိုက ညီအစ်ကို ရလိုက်သော နည်းနာများမှာ သိန်းစွန်၊ ငှက်ခါး၊ လင်းယုန်တို့ကို 'နှဲကော' ထောင်နည်း ပေတည်း။
ကိုကျန်ကြီးမှာ တစ်ရန်အေးစတွင် မအေးစရာတစ်ခု ကြုံရချေပြီ။ မအေးစရာကား လယ်ထဲတွင် ရေခန်း သွားခြင်း ဖြစ်၏။ ရေသည်များစွာမလို၊ ဆယ်ရက်စာမျှသာ။ ရေရရန် သာဒွန်းဝမြောင်းထဲမှာ မျှော်လင့်ချက် မရှိ။ ဘေးပတ်ပတ်လည်တွင် တောရှောက်တွေ ၀န်းရံနေသည်။ သည်ထဲတွင် 'အ၀ှမ်း' အကျဆုံး နေရာ၌ ရေရှိသည်။ ကိုကျန်ကြီးသည် ကန်သင်းမဖို့မှ ကတည်းက ဆယ်ထောင်ခန့်ရှည်သည့် ညောင်ကိုင်း နှစ်ကိုင်း နှင့် ကုက္ကိုကိုင်း တစ်ကိုင်းကို လယ်ပွဲ၏ အဖျားနေ ရာသို့ ပို့ထားခဲ့၏။ လယ်ထဲတွင် ရေပြတ် တော့မည့် ရှေးပြလက္ခဏာ ပေါ်ပေါက်သည်နှင့် လူ့ကိုယ် လုံးရွယ် ညောင်တုံးတစ်တုံးကို စတင် ထွင်း တော့သည်။
"အဖေ အဲဒါ ဘာလုပ်ဖို့တုံးဗျ"
"လယ်ထဲကို ရေသွင်းဖို့ 'ခူ' လကွာ"
ဆေးရိုးည် ခူကို ကြားဖူးခြင်းမရှိ။ ယခုမှသာ မြင်ဖူးသည်။ ရေရရှိသောနေရာသို့ တလိမ့်တုံး သုံး၍ တစ်နည်း၊ ကုတ်ဖြင့်တစ်ဖုံ ရွှေ့ကြသည်။ ခူး၏ခါးလယ်တွင် 'ပိုတုံး' ခုထားပြီး ကိုကျန်ကြီးက ခြေဖြင့် နင်းပြသည်။ ခြေနင်း ခံရသော ခူထိပ်ဖျားသည် ရေထဲသို့ ရောက်လာ၏။ ခြေလွှတ်လိုက်သောအခါ ရေထဲရှိ ခူထိပ်သည် ထောင်တက် သွားကာ ခူမြောင်းတစ်လျှောက် ရေတွေ စီးသွား၏။ လူ့ခွန်၊ လူ့အားဖြင့်ကား သည့်ထက် ရှည်သော ခူကို မလုပ်နိုင်။ လယ်ထဲသို့လည်း ရေမရောက်သေး။ နောက်ထပ် ခူမောင်းတစ်ခု ခုတ်ထွင်း တပ်ဆင် လိုက်တော့မှ လယ်ထဲသို့ ရေရောက်တော့သည်။
ကိုကျန်ကြီး သားအဖသည် သည်လယ်ကို စတင်တီကျင်းစဉ်ကလည်း လရောင်ဖြင့် ကန်းသင်းဖို့ခဲ့ ကြရ သည်။
ယခုသည်လယ်၏ လယ်သီးလယ်နှံများ အောင်မြင်ရေးတွင်လည်း လရောင်ဖြင့်ပင် ခူမောင်းနင်း ကြရပြန်ချေပြီ။ ခူမောင်း၏ မြောင်းတစ်လျှောက်တါင် တစ်ကြိမ်စီးဝင်သွားသော ရေသည် ရွက်အိုး တစ်လုံးစာ မျှသာ ရှိသည်။ လယ်တစ်ဧကတွင် နေနေလက်သုံးလုံးစာ ရှိရေးအတွက် ရေဂါလံပေါင်း နှစ်သောင်း ကျော် လိုအပ်သည်။ တစ်နည်းအားဖြင့် ရွက်အိုးဖြင့် လုံးရေ နှစ်သောင်းမက လိုအပ်သည်။ ဆယ်ဧက မဲ့မဲ့ဖြစ်သောကြောင့် ခူမောင်းတစ်ခုကို အကြိမ်နှစ် သိန်း၊ နှစ်ခုဖြစ်သောကြောင့် အကြိမ်ပေါင်း လေးသိန်း ကျော် ငါးသိန်းမျှ နင်းရတော့သည်။ ကိုကျန်ကြိး သားအဖ အတွက်နေ့ဟူ၍မရှိ။ နေပူလျှင် သစ်ခက် မိုးပြိး ခူနင်းသည်။ စားချိန် ရှိသောငြား၊ အိပ်ချိန်မည်မည်ရရမရှိ။ ဆေးရိုးမှာ ဖအေနှင့် အစ်ကိုအတွက် ရေနွေးကျိုပေးရသည်။ ပို့ပေးရသည်။ စားလက်ကျန်များကိုနှင်ရ လှန့်ရသည်။ အိမ်သို့ပြန်ပြီး ထမင်းယူရသည်။
တစ်ညနေတွင် ဆေးရိုးသည် ရမ်းဘိုကုန်းမှ ထမင်းထုပ်ရွက်လျက် ပြန်လာသည်။ စပါးပင်များ လေတိုးသံ ရပ်သွား သည်။ လယ်ပြင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ အဖေနှင့် အစ်ကိုတို့ ခူမောင်းနင်းသည့် နေရာ မှ ဖြောခနဲအသံ ဗွမ်းခနဲ အသံများလည်းမကြားရ။
"အဖေရေ"
ထူးသံမကြားရ။
"ဟေံ ငထွန်းကား"
သစ်ရွက်မိုး တစ်ဖက်ရပ် တဲကလေးထဲမှာ အိမ်မြှောင်စုတ်ထိုးသံ ပေါ်လာ၏။ ဆေးရိုးအားငယ်လာ သည်။
"အဖေရေ" ထပ်မံပေါ်သံတွင် ငိုသံပါလာ၏။
ဆေးရိုးသည် ထင်းတုံးကြီးမှ မီးကျီးများကို ထင်းစတစ်စနှင့် ရိုက်ခြွေလိုက်သည်။ သစ်ခကမြောက် များကို မီးကျီး ပေါ်တင်လိုက်သည့် ခဏတွင် မိးထတောက်သည်။ မီးရောင်အောက်တွင် သစ်ရွက်တဲကလေးထဲတွင် အဖေ နှင့် အစ်ကို ရှိမနေပါ။
"အဖေရ အစ်ကိုရေ"
ကိုကျန်းကြီးနှင့် ငထွန်းကား၏ အသံများအစား လူမမာ ညည်းသံကြီး တဟီးဟီးပေါ်လာ၏။ ဆေးရိုး မှာ ခေါင်းနားပန်း ကြီး၏။ သရဲခြောက်ပြီလော၊ တစ္ဆေလော။ တိုင်ခြေတွင် စိုက်ထားသည့် ဓားမတိုကို ပြေးဆွဲသည်။
"လာလို့ကတော့ အခုတ်ပဲ"
ဆေးရိုးသည် ဓားကိုဆုပ်ကိုင်ထားရသဖြင့် အကြောက်လျော့ သွားသည်။ ထန်းပင်ပေါက်များမှာ ခုတ်ချိုင် ထားသော ထန်းရွက်တစ်ရွက်ကို မီးညှိသည်။ ခုနကထက် မြင်သာထင်သာ ရှိသွားပြီ။ ထန်းရွက် တစ်ဖက် ဓားတစ်ဖက် ကို ကိုင်လျက် ခူမောင်းရှိရာသို့ ချဉ်းကပ်လာခဲ့သည်။
"အဖေတို့ အစ်ကိုတို့"
လူမမာညည်းသံကြီးသည် ငေါက်ငမ်းသံဖြင့် အဆုံးသတ်၏။ အဖေ့အသံကို ကြားသယောင် လည်းရှိ၏။
ရေထဲသို့ ဆေးရိုးဆင်းလာသည်။ ခူးမောင်စင်တွင် အဖေနှင့် အစ်ကိုအား မြင်လိုက်ရသဖြင့် အားရှိ သွားသည်။
"အဖေ၊ ဟေ့အစ်ကို ငထွန်းကား"
ခူကို နင်းအားရှိစေရန် တိုင်စိုက်ထားသည်။ ခူတိုင်နှစ်တိုင်ကို 'တန်း' ပစ်ထားသည်။ သည်တန်းပေါ် ခေါင်းတင် လျက် ကိုကျန်ကြီးရော ငထွန်းကားပါ အိပ်ပျော်နေကြသည်။
"အဖေး အဖေး"
အဖေ့ ပခုံးကို ကိုင်လှုပ်သော ဆေးရိုး၏လက်သည် 'ဟင်'ခနဲ မြည်သံနှင့်အတူ နောက်သို့ဆုတ် သွားသည်။ ကိုကျန်ကြီး၏ တစ်ကိုယ်လုံး အေးစက်နေသည်။
"ဟေ့ ငထွန်းကား၊ အဖေလေ အဖေ"
ဆေးရိုးသည် အစ်ကို့ထံချဉ်းကပ်ပြီး လက်ကို ဆွဲလိုက်ရာ ငထွန်းကားမှာ ကြိုးပြတ်သော အရုပ်တစ်ရုပ် အလား ပက်လက်လန်ပြီး ရေထဲသို့ ကျသွားလေ၏။
"ဟာ ဟေ့ အစ်ကို"
ဆေးရိုး သည် မီးထွန်းရွက်နှင့် ဓားကိုပူးကိုင်ပြီး ငထွန်းကားကို ပြေးဆွဲသည်။
နှာခေါင်းထဲသို့ ရေ၀င်သဖြင့် ငထွန်းကားသည် ကျယ်လောင်စွာ 'ချေဆတ်'ရင်း ထလိုက်သည်။ မျက်နှာကို လက်ဖြင့်သပ်သည်။
"အစ်ကို မင်းတို့ ဘာဖြစ်ကြတာတုံး"
"လက်ရန်းပေါ် ခေါင်းတင်ပြီး ခဏနားတုန်း အိပ်ပျော်သွားတာကွ"
"အဖေ့တစ်ကိုယ်လုံး အေးစက်နေပြီ၊ အသက် အသက်မှ"
"ဟာ သည်ကောင် မဦးမချွတ်"
ငထွန်းကားသည် ကုန်းထ၏။ ကိုကျန်းကြီးကို ပြေးဖက်၏။ ကိုကျန်းကြီးမှာ အေးစက်ပြီး တုတ်တစ် ချောင်းနှယ် တောင့်နေ၏။
"အဖေ အဖေ"
ကိုကျန်းကြီး ပြန်ထူး၏ လေသံမျှသာ။
ချွေးနှင့် ရွံ့များ လူးနယ်ထားသော ချော်ချော်ချွတ်ချွတ် ကိုယ်ကြီးကို ငထွန်းကား ထမ်းသည်။ ဆေးရိုးက မီးဖိုသို့ ပြေးပြီး မီးထည့်သည်။ တစ်ခဏသာကြာသည်။ ကိုကျန်ကြီး ပြူးတိပြူကြောင် ထပြီးမေးသည်။
"ငါ့ကို မင်းတို့နှစ်ကောင် ဘာလုပ်ကြတာတုံး"
"ခူစင်ပေါ်မှာ အဖေမှောက်လျက်ကြီး မေ့နေတာဗျ"
"မေ့တာတော့ မဖြစ်နိုင်ပါဘူးကွာ။ ခဏဆိုပြီး နားရာက အိပ်ပျော်သွားတာ ဖြစ်မှာပါ"
"အဖေ့ တစ်ကိုယ်လုံး အေးစက်ပြီး တောင့်နေတာဗျ"
"ရေထဲမှာ တစ်နေ့လုံး စိမ်နေရတာကွာ၊ အေးမှာပေါ့"
ကိုကျန်ကြီးသည် တဟားဟားရယ်မောသဖြင့် ဆေးရိုးသည် မီးဖိုဘေးသိုက ထမင်းထုပ်ယူလာကာ ဖြေရင်းကပြော၏။
"အဖေ့လည်း ခေါ်လို့မရ၊ ငထွန်းကားအသံလည်း မကြားရနဲ့၊ အရေးထဲမှာ တောအုပ်ထဲက ဟီးဟီး ဟီးဟီး နဲ့။ ဟော ဟော ကြားလား အဖေ"
ဤအခါ တွင် ငထွန်းကားပါ ရယ်မောသည်။
အပိုင်း (၃) ဆက်ရန်
.

3 comments:
၁ နဲ့ ၂ ဖတ်သွားတယ် မမရွှေစင်ရေ...၃ မျှော်နေမယ်နော်...
တကယ့်  တော ကျို အုံကြား က သဘာဝ ကို
ရှာရှာဖွေဖွေ ဖော်ကြူး ထားတဲ့  ရေးကွက် ကလေး
ပါပဲ။
အဖြစ်တွေက ရယ်ရမလို သနားရမလို ငိုရမလိုကြီး..
Post a Comment