Friday, August 20, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၂)အဆက် (၃)

အဘိုးကြီးမှာ ရှာဒရပ်အမည်ရှိ တိုင်းရင်းသားကြီးပင်ဖြစ်သည်။
 ခရိတ်သည် စိတ်ထဲမှ ကျိတ်၍ ၀မ်းသာသွားမိသည်။

အဘိုးကြီးရှာဒရပ်သည် ကိုယ်ရံတော်အနီးသို့ ချဉ်းကပ်ပြီး ချိန်ထားသော သေနတ်ပြောင်းကို ဖမ်းကိုင်ပြီး ရဲ့ဝံ့စွာပင် အပေါ်သို့မြှောက်ထားလိုက်သည်။ ထို့နောက်သူသည် ချာခနဲလှည့်၍ မလှမ်းမကမ်းရှိ နွားသိုး ဆီသို့ လျှောက်သွားကာ မျက်နှာချင်းဆိုင်လိုက်သည်။
''အို.....အသင်....ကာခူလူ......ကာခူလူ'' ဟုသူတို့တိုင်းရင်းဘာသာဖြင့် ရှေးရိုးရာ နှုတ်ဆက်နည်း အတိုင်း နှုတ်ဆက် လေသည်။

[မှတ်ချက်။    ။ အာဖရိကတိုက်မှ မွေးမြူရေးခြံများတွင် ရှာဒရပ်ကဲ့သို့ တိရစ္ဆာန်များ ချစ်ခင်မြတ်နိုး သူအချို့ ရှိတတ်သည်။ သူတို့သည် မွေးမြူရေးတိရစ္ဆာန်များကို လူများကဲ့သို့ စကားပြောလေ့ ရှိသည်။ ချော့မော့ နှစ်သိမ့် တတ်သည်။ တိရစ္ဆာန်ကလည်း ထိုလူမျိုးတွေကို သံယောဇဉ် ဖြစ်လာတတ်သည်။ ဤနည်းအားဖြင့် တိရစ္ဆာန် များအား ထိန်းကျောင်းရာ၌ လွယ်ကူချောမောသည် ဟုယုံကြည်လေ့ရှိကြသည်။]

နွားသိုးသည် ရှာဒရပ်၏ အသံကို ကြားလျှင် ချက်ချင်းပင် အဘိုးကြီးဘက်သို့ လှည့်၍ ကြည့်လေသည်။ ကြည့်ပုံ ကလည်း ရန်မူတော့မည့်ဟန်မျိုး ဖြစ်နေသည်ဟု ထင်ရသည်။
''အို.... အသင်နွားမင်းသား၊ သင်သည် အလွန်လှပတင့်တယ်သော နွားသိုးဖြစ်သည်ပါတကား''
ဤသို့လျှင် အဘိုးကြီးရှာဒရပ်သည် နွားသိုးဒေါသပြေလာအောင် ချော့မော့နှစ်သိမ့်ရင်း နွားသိုးရှိရာသို့ တစ်လှမ်း ချင်း ချဉ်းကပ်သွားလေသည်။

နွားသိုးသည် အဘိုးကြီးရှာဒရပ်အား ရန်မူရန်ချိန်နေရာမှ အဘိုးကြီး၏ ညင်သာသော စကားပြောသံကြောင့် ခေတ္တ စဉ်းစားသလို ငြိမ်သွားလေသည်။
ရှာဒရပ်က မာတာဘယ်လီ တိုင်းရင်းဘာသာဖြင့်ပင် ဆက်ပြောပြန်သည်။
''အို... အသင်နွားမင်းသား၊ သင်၏ခန္ဓာကိုယ်သည်ကား လှပသလောက် ကြံ့ခိုင်တောင့်တင်းလှပေစွ။

ပြောရင်းနှင့် အဘိုးကြီးသည် နွားသိုးရှိရာသို့ ခြေလှမ်းတစ်လှမ်းလှမ်း လိုက်ပြန်သည်။
''အို....အသင်နွားမင်းသား၊ သင်သည် အလွန်ဂုဏ်ယူဖွယ်ကောင်းလေစွ၊ သင်၏ခွန်အားနှင့် စွမ်းပကားဖြင့် မျိုးသန့် နွားကလေးပေါင်း မြောက်မြားစွာပေါက်ဖွား လာပေတော့အံ့။
ဤသို့လျှင် အဘိုးကြီးရှာဒရပ်သည် ချော့မော့နှစ်သိမ့်သလို ညင်သာစွာ ဆက်ပြောနေလေရာ နွာသိုးသည် ဒေါသ ပြေသွားဟန်ဖြင့် ငြိမ်သွားလေသည်။ အဘိုးကြီးက အနီးသို့ ချဉ်းကပ်လျက် ဦးခေါင်းကို ကိုင်တွယ် ပွတ်သပ်သည့် တိုင်အောင် နွားသိုးသည် လုံးဝရန်မမူတော့ချေ။

မြင်ရသူ ပရိတ်သတ်များမှာ အလွန်အံ့သြနေကြတော့သည်။
အဘိုးကြီးသည် ခရိတ်ရှိရာဘက်သို့် လှမ်း၍ မာတာဘယ်လီဘာသာဖြင့်
''အို.... နီကိုဆီ၊ သတ္တိကြောင်သော ရိုနာလူမျိုးတွေကို ကျွန်ုပ်တို့၏ မြေပေါ်မှ ထွက်သွားပါစေတော့၊ ဟု ခပ်တည်တည် အော်ပြောလိုက်သည်။
ခရိတ်သည် အဘိုးကြီးက ဟန်ပါပါနှင့် ပြောလိုက်ခြင်းကို ဧည့်သည်တော်(ရှိုနာလူမျိုး) များ နားမလည် ပါစေနှင့် ဟုစိတ်ထဲမှ ကျိတ်၍ ဆုတောင်းလိုက်မိသည်။ သို့မဟုတ်ပါက လွန်စွာ အားနာဖွယ်ရာကောင်းမည် ဖြစ်ပေ သည်။

ခရိတ်ကိုယ်တိုင်ကလည်း အဘိုးကြီး ရှဒရပ်က ဒေါသကြီးနေသော နွားသိုးအားချော့မော့ နှစ်သိမ့်ခြင်းကို အံ့သြ မိလေသည်။
အမှန်တော့ ရှာဒရပ်သည် မာတာဘယ်လီ ဘာသာစကားပြောသူ ငွန်နီခေါ် တိုင်းရင်းသားလူမျိုး အုပ်စုငယ် တစ်ခု မှ ပေါက်ဖွားလာသူဖြစ်သည်။ ယင်တိုင်းရင်းသားများသည် ဘိုးစဉ်ဘောင်ဆက် မှစ၍ မွေးမြူရေး လုပ်ငန်း လုပ်ခဲ့ကြပြီး တိရစ္ဆာန်များ ထိန်းကျောင်းရာ၌ အလွန်ကျွမ်းကျင် လိမ္မာကြလေသည်။ တိရစ္ဆာန်များ ရန်မမူဘဲ ကျုံးနွံလာအောင် ချော့မော့နှစ်သိမ့်နိုင်သည့် လျှို့ဝှက်ထူးဆန်းသော သတ္တိတစ်မျိုး ယင်း တိုင်းရင်းသား များတွင် ရှိသည်ဟုလည်း ခရိတ်ငယ်စဉ်က ကြားဖူးသည်။

ယခုအဘိုးကြီး ရှာဒရပ်က နွားသိုးအား ပိုင်နိုင်စွာ ထိန်းလိုက်နိုင်ခြင်းအားကြောင့် အထက်ဖော်ပြပါ ရှေးရိုးရာ စကား မှန်နေလေပြီဟု ဆိုရမလို ဖြစ်လေသည်။
ခရိတ်လေ့လာ မှတ်သားမိသလောက် ငွန်နီတိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းရာစုများစွာကပင် အီဂျစ်ပြည် မှ တောင်ဘက်စူးစူး အာဖရိတ်ကတိုက် တောင်ပိုင်းဒေသများဆီသို့ ပြောင်းရွှေ့ကာ ရေကြည်ရာ မြက်နုရာ အရပ်များ ရှာဖွေအခြေစိုက်နေထိုင်ခဲ့စဉ်ကပင် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းကို ရိုးရာ အသက်မွေး ၀မ်းကျောင်း အလုပ်အဖြစ် လုပ်ကိုင်ခဲ့ကြသည်ဟု သိရှိရပေသည်။
အာဖရိက တောင်ပိုင်းဒေသမှ ဒေသခံ ဇူလူး၊မာဆိုင်စသော တိုင်းရင်းသားများက စစ်မတ် တိုက်ခြာင်း ၀ါသနာ ပါသလောက် ငွန်နီတိုင်းရင်းသားများကမူ တိရစ္ဆာန်မွေးမြူရေးကိုသည စိတ်ဝင်းစား ၀ါသနာ ပါကြလေသည်။ ထို့ကြောင့်လည်း သူတို့သည် တိရစ္ဆာန်များအား ကိုင်တွယ်ရာ၌ ကျွမ်းကျင်လိမ္မာခြင်း ဖြစ်နိုင် ပေသည်။

ဤသို့လျှင် ခရိတ်သည် တွေးတောနေမိစဉ် အဘိုးကြီးရှာဒရပ်က နွားသိုးကို အသာဆွဲခေါ် သွားလေသည်။
ဂုဏ်ပြုပွဲအခမ်းအနားမှ ပရိတ်သတ်များ ပြန်သွားကြရာတွင် ၀န်ကြီးဗိုလ်ချုပ် ဖွန်ဂါဗီရာသည် ရုတ်တရက် မပြန်သေးဘဲ အတန်ကြာအောင် ဆက်နေပြီးမှ ပြန်သွားလေသည်။
သူသည်ခရိတ်နှင့် အတူ စိုက်ပျိုးမွေးမြူရေး ခြံကြီးအတွင်း နေရာအနှံ့အပြားသို့ လည်းစိတ်ဝင်စား ဟန်ဖြင့် လိုက်ကြည့် လေသည်။
ခြံအလယ်ရှိ လူနေအိမ်နှင့် ပတ်သက်၍ ခရိတ်က ဤသို့ရှင်းပြလေသည်။

''စစ်အတွင်း က ကျုပ်ရဲ့အဘိုးကြီးက အိမ်အမိုးကို မူလက သက်ငယ်မိုးအစား သွပ်မိုးနဲ့ အစားထိုးခဲ့ တယ်။ စစ်အတွင်း တုန်းက ခင်ဗျားတို့ ပြောက်ကျားတပ်တွေရဲ့ အာရပ်ပီဂျီ ၇ ဒုံးကျည်လက်နက်က တော်တော် အစွမ်း ထက်တာပဲ''
''ဟုတ်တာပေါ့၊ ကျုပ်တို့က အဲဒီလက်နက်အသုံးပြုပြီး မျက်နှာဖြူ အဆောက်အအုံတွေ အတော်များများ မီးလောင် ပျက်စီအောင် လုပ်နိုင်ခဲတယ်''
ဖွန်ဂါဘီရာ က ဂုဏ်ယူဟန်ဖြင့်  ပြန်ပြောလေသည်။

''မှန်တာပြောရရင် ကျုပ်ကိုယ်တိုင်ကတော့ သက်ငယ်မိုးကို ပို သဘောကျမိတယ်။ သက်ကယ်မိုးက သွပ်မိုးလို နွေရာသီမှာ မပူဘူးဗျ''
''ဘာပဲဖြစ်ဖြစ်လေ၊ အခုလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ ခင်ဗျားက ဒီခြံကြီးကို ဒီလောက် ထိအောင် ပြန်လည် ထူထောင်နိုင်တာကို ချီးကျူးပါတယ်။
နောက် မကြာခင်မှာဆိုရင် ခင်ဗျာတို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဒီမြေယာကို စတင်သိမ်းယူပြီး နေထိုင်ခဲ့သလို ခင်ဗျား လည်း စည်းစိမ်ရှိရှိ နေနိုင်တော့မှာပဲ''
ဝန်ကြီးဖွန်ဂါဘီရာ ဤသို့ပြောလျှင် ခရိတ်သည် သေချာစွာ အကဲခတ်ကြည့်လိုက်သည်။ ဖွန်ဂါဘီရာ အနေဖြင့် မိမိတို့လို မျက်နှာဖြူလူမျိုးများအား နားကြည်းမုန်းတီးသည့် သဘောနှင့် ပြောလိုက်ခြင်း ပေလော ဟု အကဲခတ်ကြည့်မိခြင်းပင် ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ မျက်နှာမှာ ချိုသာရွှင်ပျလျက် မလိုမုန်းထားစိတ် အရိပ်အယောင် အတွေ့ရချေ။
''ကျုပ်က အခုလို ပြန်လည်ပြုပြင်လိုက်တဲ့အတွက် ဒီမြေယာနဲ့ ပစ္စည်းတွေတန်ဖိုးဟာ မြင့်တက် လာတယ်။ ဒီမြေယာ မှာ ဗိုလ်ချုပ်ကိုယ်တိုင်က အစုရှယ်ယာ အတော်များများ ပိုင်ဆိုင်တာပဲ မဟုတ်လား''
ခရိတ် က ထောက်ပြလိုက်ရာ ဖွန်ဂါဘီရာက ခေါင်းညိတ်လိုက်သည်။

''ဟုတ်ပါတယ်၊ ဒါပေမဲ့ တိုးတက်ကြီးပွားဖို့တော့ ခင်ဗျားက နောက်ထပ်အများကြီး အလုပ် လုပ်ရလိမ့်မယ်။ ဒါထက် ခင်ဗျား ရည်ရွယ်ထားတဲ့ ဇမ်လေဇီမြစ်ရေများ စီမံကိန်းဆိုတာကေ ဘယ်တော့လောက် စမယ် စိတ်ကူးသလဲ''
လုပ်ငန်းစတင်ဖို့ အဆင်သင့် ဖြစ်သလောက်ပါပဲ။ ကျုပ် ၀ယ်ယူထားတဲ့ မွေးမြူရေးနွားတွေအားလုံး  ဒီကို ရောက်လာပြီးရင် စနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ အသေးစိတ်လုပ်ငန်းတွေကိုတော့ ဆယ်လီရဲ့ အကူအညီ တောင်းရ ပါမယ်။ အခုလောလောဆယ် သူက မရှိသေးဘူးလို့ သိရတယ်။

"ဒါဖြင့် ခင်ဗျား မကြာခင် လုပ်ငန်း စနိုင်ပါလိမ့်မယ်။ မနေ့မနက်ကပဲ ဆယ်လီဟာ ဟာရာရေမြို့ လေဆိပ်ကို သူ့လေယာဉ် နဲ့ ရောက်လာပြီဗျ"
"ဟင်.......ဆယ်လီ ပြန်ရောက်လာပြီလား။ ဒါဖြင့် ကျူပ် ဒီနေ့ညနေပဲ မြို့ကို သွားပြီး သူ့ဆီ တယ်လီဖုန်း ဆက်ဦးမှပဲ"
ခရိတ် က ၀မ်းသာအားရ ပြောလိုက်သည်။

"ဒီမှာ တယ်လီဖုန်း အခုအထိ မရှိသေးဘူးလား။ ဒါဖြင့် ခင်ဗျား ဘာမှမပူနဲ့။ နက်ဖြန်ပဲ တယ်လီဖုန်း လာတပ်ဆင်းပေးအောင်  ကျူပ်စီစဉ်လိုက်မယ်"
ဗိုလ်ချူပ်ဖွန်ဂါဘီရာက ပြောသည့်အတိုင်း နောက်တစ်နေ့တွင်ပင် ဆယ်သွယ်ရေးဌာနမှ လူများရောက် ရှိလာပြီး ခရိတ်၏ ယာယီနေအိမ်တွင် တယ်လီဖုန်း တပ်ဆင်ပေးလေသည်။
ကင်းလင်း မွေးမြူရေးခြံကြီး၏ ပြင်ဘက်တစ်နေရာတွင် တစ်ချိန်က အသုံးပြုခဲ့သော လေယာဉ်ကွင်း ငယ်တစ်ခု ရှိရာ ခရိတ်သည် ယင်းလေဆိပ်ငယ်ကို ပြန်လည် အသုံးပြုနိုင်အောင် တိုင်းရင်းသား အလုပ်သမား များ၏ အကူအညီဖြင့် အလျင်အမြန် ပြုပြင်လိုက်လေသည်။

 ဆယ်လီနှင့် တယ်လီဖန်ုး အဆက်အသွယ်ရပြီးနောက် နာရီပိုင်းအတွင်းမှာပင် သူမသည် စက်ဆနာ အမျိုးအစား လေယာဉ်ငယ်ကို ကိုယ်တိုင်မောင်းလျက် ရောက်ရှိလာလေသည်။
လေယာဉ် ပေါ် မှာ သွယ်လက်ဖျတ်လတ်စွာ ဆင်းလာသော ဆယ်လီအား မြင်လျှင် ခရိတ်၏ စိတ်ထဲမှာ ကြည်နူး ပီတိ ဖြစ်မိကာ အလွန်ကြော့ရှင်း လှပချစ်စရာ ကောင်းလှပါကလားဟုလည်း တွေးမိလေသည်။

သူမမျက်လုံးများက ဆယ်လီအား ရွှန်းရွှန်းစားစား ငေးစိုက်ကြည့်နေသည်ကို ဆယ်လီက သတိပြုမိ သော်လည်း မနှစ်သက်သည့် အမူအရာ မပြချေ။
"ရှင်းရဲ့ မွေးမြူရေးခြံကြီးကို လေယာဉ်ပေါ်က ကြည့်တော့ သိပ်လှတာပဲရှင့်"
"ကျူပ်က မင်းကို ခြံတစ်ခုလုံးနှံ့အောင် လိုက်ပြပါဦးမယ်"

ပြောပြောဆိုဆို ခရိတ်သည် ဆယ်လ၏ ခရီးသွားအိတ်ကို ယူ၍ လင်းရိုးဗာကားပေါ် တင်လိုက်ပြီး နောက် ဆယ်လီကိုပါ တင်ခေါ်လျက် ကျယ်ဝန်းသော ခြံကြီးအနှံ့အပြားကို လိုက်ပြလေသည်။
လှည့်လည် ကြည့်ရှုကြရာ ၌ အချိန်အတော် ကြာသွားပြီ ညနေစောင်းမှပင် ခရိတ်၏ နေအိမ်သို့ ပြန်ရောက် လာကြသည်။
ခရိတ် က သူ၏လူယုံတပည့်များ တာဝန်ကျေပုံကိုပါ ဆယ်လီအား ပြောပြလေသည်။

"ကျုပ်ရဲ့ တပည့်တွေ တာဝန်ကျေတာတော့ မပြောနဲ့တော့။ မင်းလာမယ်ဆိယတာ သိတာနဲ့ တပည့်ကျော် ကာပါလာလာက မင်းအတွက် သီးသန့်အိပ်ခန်းတစ်ခန်း အသင့်ပြင်ထားလိုက် တယ်။ အဘိုးကြီး ဂျိုးဇက် သည် မင်းမြိန်မြိန်စားရအောင်ဆိုပြီး ညစာကို အကောင်းဆုံး ချက်ပြုတ် ထားတယ်။ မကြာသေးခင်ကပဲ ကျူပ် တို့ လျှပ်စစ်ဓာတ်အား စက်တစ်လုံးရလို့ အခုလျှပ်စစ်မီး တွေလင်းနေပြီ ရေချိုးဖို့ ရေနွေးလည်း အဆင်သင့် ရတယ်။ တကယ်လိုက မင်းဒီမှာ မတည်းချင် ရင်လည်း မြို့ထဲက ဟိုတယ်တစ်ခုကို ကားနဲ့ လိုက်မောင်း ပို့ပါမယ်"
"နေပါစေရှင်၊ ဒီမှာပဲ တည်းပါ့မယ်။ မြို့ထဲကို ကားနဲ့သွားရင် ကုန်မယ့်ဓာတ်ဆီလည်း ချွေတာရာ ရောက် အောင်ပေါ့"

ဆယ်လီက ပြုံး၍ ပြောလိုက်သည်။
သို့နှင်ပင် ဆယ်လီသည် ခရိတ်၏တပည့် ကာပါလာလာ ပြင်ပေးသော အခန်းမှာပင် တည်းခို လိုက်လေ သည်။ အခန်းတွင်းသို့ ၀င်၍ နေရာတကျဖြစ်သွားပြီးနောက် ခဏမျှအကြာတွင် သူမသည် အပြင်ဘက် ၀ရန်တာ သို့ ထွက်လာလေသည်။ ရေမိုးချိုးကိုယ်လက် သန့်စင်ပြီး ခေါင်းလျှော်ထားသဖြင့် စိုနေသော ဆံပင် ကို မျက်နှာသုတ်ပါဝါ တစ်ထည်ဖြင့် ပတ်ပေါင်းထား လေသည်။
"အင်း......... အခုမှပဲ တစ်ကိုယ်လုံး ညစ်ပတ်နေတာ သန့်ရှင်းသွားတော့တယ်"

ဆယ်လီက ခရိတအား ပြောလိုက်ချိန်တွင် သူမ၏ကိုယ်မှ ဆယ်ပြာမွှေးနံ့ သင်းပျံ့နေလေသည်။
ခရိတ်သည် ၀ီစကီပုလင်း ဖောက်၍ ဖန်ခွက်ထဲသို့ ငှဲ့မည်ပြုရင်း
"မင်းအတွက် ၀ီစကီကို ဘယ်လို ရောစပ်ပေးရမလဲ"ဟု မေးလိုက်သည်။
"၀ီစကီ နည်းနည်းပဲထည့်ပြီး ရေခဲများများသာ ထည့်ပေးပါ"

ထို့နောက် ခရိတ်သည် စာရွက်များ အထပ်လိုက် ဆယ်လီလက်သို့ လှမ်းပေးလိုက်သည်။
"ဒါက ဘာလဲရှင့်"
"မင်းက ကျူပ်ရဲ့ ဇမ်ဘေဇီမြစ်ရေများ စီမံကိန်းမှာ အကြံပေးပုဂ္ဂိုလ် အဖြစ်ဆောင်ရွက် တဲ့အတွက် ပထမ အရစ် ဥာဏ်ပူဇော်ခ ပေးတာဆိုပါတော့"
ပြောပြော ဆိုဆို ခရိတ်သည် ဆယ်လီ၏ ခေါင်းပေါ် တည့်တည့်ရှိ လျှပ်စစ်မီးကို ဖွင့်ပေးလိုက်သည်။

ဆယ်လီသည် စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် သေချာစွာ ဖတ်ကြည့်လေသည်။ အလောတကြီး မဖတ်ဘဲ ဖြည်းဖြည်းချင်း ဖတ်လျင် စာရွက်တစ်ရွက်ကို သုံးလေကြိမ်ထပ်၍ ဖတ်ကြည့်လေသည်။ စာရွက် အားလုံး ဖတ်ပြီးနောက် သူမသည် ဘာမှ မပြေးသေဘဲ ပြင်ဘက်သို့ ငေကြည့်နေလေသည်။

"ဒါက မူကြမ်းသဘောဘဲ ရှိသေးတယ်။ ကျုပ်က သရုပ်ဖော်စာသားနဲ့ အတူဖော်ပြင့်တဲ့ ဓာတ်ပုံတွေကိုလည်း အကြံပြုထားတယ်။ ဒါတောင် ကျုပ်က မင်းရဲ့ လက်ရာဓားတ်ပုံအများကြီး မြင်ဖူးသောတား မဟုတ်ဘူး။ အာဖရိက တောတွင်းရှု့ခင်းနဲ့ ပတ်သက်လို့ မင်းမှာ ဓာတ်ပုံတွေ ရာနဲ့ချီပြီး အများကြီးရှိနေမှာပါပဲ။ အခု ကျူပ် ရဲ့ မူကြမ်းမှာ ကမ္ဘလှည့်တိုးရစ္စခရီးသည် ပရိသတ် စိတ်ဝင်စားနိုင်မယ့် စာအုပ်တစ်အုပ် (ကြော်ငြာ သဘော) ထုတ်လုပ်ဖြန့်ချီဖို့ တင်ပြထားတယ်။ စာအုပ်မှာ စာမျက်နှာ နှစ်ရာ့ငါးဆယ် လောက်ရှိပြီ မင်းရဲ့ လက်ရာ ဓာတ်ပုံနှစ်ရာ့ငါးဆယ်ပဲ ထည့်ပေးဖော်ပြဖို့ ရည်ရွယ်တယ်"
ခရိတ် က ပြောလိုက်ရာ ဆယ်လီသည် စိတ်ကူးယဉ်သလို ငေးနေရာမှ ဖြည်းညင်းစွာ ခရိတ်ဘက် သို့ လှည့် လိုက်သည်။

သူမ၏မျက်နှာမှာ တစ်စုံတစ်ရာသော အကြောင်းကြောင့် စိတ်မကောင်းဖြစ်နေပုံ ရလေသည်။
"ရှင့်စိတ်ထဲ မှာ စိုးရိမ်နေတာ ရှိတယ်မဟုတ်လား။ ကျွန်မကလည်း စိုးရိမ်ရုံတင် မကဘူး။ အလွန် တုန်လှုပ် ချောက်ချား မိတယ်ရှင့်"
ပြောရင်း နှင့် သူမသည် မျက်ရည် ၀ဲလာလေသည်။

"ရှင့် ထုတ်ဝေဖို့ ရည်ရွယ်တဲ့ စာအုပ်မှာ ကျွန်မရဲ့ ဓာတ်ပုံတွေ ဖော်ပြလိုက်မယ် ဆိုရင်..........အို ရှင်..... ရှင့်အနေနဲ့ ဒီနိုင်ငံအပေါ် သံယောဇဉ်ကြီးမားတာကို ဒီနည်းနဲ့ မဖော်ပြ သင့်ဘူးလို့ ထင်မိ ပါတယ်"
ခရိတ် က ငြင်းဟန်ဖြင့် ခေါင်းခါလိုက်လျှင် ဆယ်လီကပင် ဆက်လက်၍-
"ဒီမယ် ခရိတ်၊ ရှင်က ဒီစာအုပ်ကို တကယ်ပဲ ကျွန်မနဲ့အတူ ပူးတွဲထုတ်ဝေ ချင်သလား"ဟု မေးလိုက်သည်။

"ဟုတ်တယ်၊ မင်းနဲ့တွဲပြီး ဒီစာအုပ်ကို ကြိုးစားဖန်တီးချင်တယ်"
"ဒီလို ဆိုရင်တော့ ကျေးဇူးတင်ပါတယ်"
ဆယ်လီက ထိုမျှသာ ပြောလိုက်သည်။

သူမ၏မျက်နှာကိုကြည့်ရင်း ခရိတ်၏စိတ်ထဲတွင် ထူးခြားစွာ လှုပ်ရှားနေမိလေသည်။ မကြာမီ မိမိနှင့် ဆယ်လီ တို့သည် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးသော ချစ်သူများ ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည် မိလေသည်။
ယင်းအချက် ကို ဆယ်လီကိုယ်တိုင်က သိနေပြီဟုလည်း ယူးဆရပေသည်။

အခန်း (၁၂) အပိုင်း (၄)ဆက်ရန်
.

No comments: