Wednesday, August 25, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၂) အပိုင်း (၄)

သို့သော် မယ်ကြွယ်စိုးသည် မိမိကိုယ်ကို မိမိ ပြန်လည်အပြစ်တင်ပါ၏။ သား၏ အိမ်ထောင်ရေးကို ကြိုကြို တင်တင် မစီမံမိသော မိမိတို့၏ အပြစ်သာ ဖြစ်သည်ဟူ၍။
စင်စစ်သော်ကား မယ်ကြွယ်စိုးသည် သားကြီး ငထွန်းကား၏ ရှေ့ရေးကို ကြိုတင် စဉ်းစားကာ စဉ်းစား ဖူး၏။ စဉ်းစားချိန်တုန်းက ငထွန်းကားသည် ငမူးငရူးသက်သက်ဖြစ်၏။ သမီးရှင်က ခြေဖြင့် ကန်ချမည့် အခြေအနေ။ မည်သို့ပင်ဖြစ်စေ မယ်ကြွယ်စိုးသည် ရှင်ငြိမ်းစည်အား ကြံဖန်ရှာဖွေပြီး ကျေးဇူးတင်ပါသည်။ သားကြီး အရက်ပြတ်သွားသည်မှာ ရှင်ငြိမ်းစည်ကြောင့်ဖြစ်သည်။ ထိုသို့ ကြံဖန်ပြီး ကျေးဇူးတင်ရစေကာမူ ရှင်ငြိမ်းစည် ၏ ဂနာမငြိမ်သော မျက်လုံးချွတ်ယွင်းချက်သည် တစ်ခဏမျှသာ မှေးမှိန်သွား၏။ ယောက္ခမ (မိန်းမသူ)နှင့် ချွေးမတို့ အမိုးတစ်ခုတည်းအောက်တွင် အတူနေရသည်တွင် မိုပို ဆိုးရွားလာသည်။

ရှင်ငြိမ်းစည်သည် ဆေးရိုးတို့မောင်နှမကို 'မောင်လေး၊ မောငလေး၊ ယောက်မ၊ ယောက်မ'ဟု ပါးစပ်ဖျားမှမချ။ အိမ်တွင်းမှုလုပ်သိမ်းထုပ်သေချာပါသည်။ သို့တစေ သူ့ကိုရိုသေရမည့် မယ်တော် မောင်ဆေးရိုးကို စကားပြောပုံက ကြာမျက်လုံးဖြင့်။
ရုပ်သေး နှစ်ပါး သွားတွင် မင်းသားက မင်းသမီး၏ အလှကို ဖွင့်ဆိုသံကို မယ်ကြွယ်စိုး တစ်စွန်းတစ်စ မှတ်မိ၏။
' မြင်ရသူ ဖေသက်သာတယ်၊ ရွှေမျက်နှာ ကြည်လွန်းလို့လေး'

သို့ရာတွင် ရမ်းဘိုကုန်းသို့ သျှောင်နောက် ဆံထုံးပါလာခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော သူ့ ချွေးမ မှာ မသိသာယောက်ျားမရှိအာင် ဖော်ရွေလွန်းသည်။ ရုပ်သေးနှစ်ပါးသွားထဲကကဲ့သို့ ရွှေ မျက်နှာကြည် လွန်းသူမဟုတ်။ ရွှေမျက်နှာ ရွှင်လွန်းသော မိန်းမရွှင်။ ထိုသို့တွေးမိသည့် တစ်ခဏ၀ယ် မယ်ကြွယ်စိုး သည် သူ့အတွေးကို ချက်ချင်းရပ်ပစ်သည်။
' ချွေးမ ဟာ သားနဲ့စပ်ရင် သမီးပဲ၊ ငါ သည်လိုမပြောကောင်းဘူး'

ဤသို့ဖြင့် မယ်ကြွယ်စိုးသည် တစ်ဖက်စောင်းနင်း မဖြစ်စေရန် ကြိုးစားသည်။
' မိန်းမဆိုတာ ဣနြေ္ဒသိက္ခာရှိရတယ်၊ သူများအထင်သေးခံရအောင် မနေရဘူး'
သမီးရင်းမယ်မျှကဲ့သို့ စိတ်သွင်းပြီးဆုံးမသည်။ 'ဟုတ်ကဲ့' ဟူ၍သာ ရှင်ငြိမ်းစည် တုံ့ပြန်သည်။ ချက်ချင်းပင် ကြာမျက်လုံးကို ထိန်းသိမ်းသည်။' တာ' ကား မရှည်။ ခံလှ တစ်ရက်သာ။
မယ်ကြွယ်စိုး မှာ ဦးကျန်ကြီးအား ဖွင့်ပြီး မတိုင်ပင်ရဲ။ အပြစ်မရှိ မပြစ်ရှာသည်ဟု တစ်ကြိမ် အဆိုခံရဖူးပြီ။

သားကြီး ငထွန်းကားသည် မောင်ဆေးရိုးနှယ် သွယ်သွယ်ပျောင်းပျောင်းမဟုတ်။ မည်းမည်းသည်းသည်း လေးလုံးခြောက်ဖက်ဖြစ်သည်။ အသားအရေမှာလည်း မောင်ဆေးရိုးက လတ်သည်။ ငထွန်းကားမှာ ချစ်တီး လို မည်းမှောင်မနေငြား အညာသားပီသသည်။ သပြေသီး 'ရွမ်းပြင်း' အလား ညိုမှောင်သည်။ မယ်ငြိမ်းစည်ကား ကိုယ်ပေါက်လက်ရောက်လှ၏။ ရုပ်အဆင်း ချော၏။ မြို့သားကို ရနိုင်သောရုပ်။ သို့ပါလျက် အိမ်ခြေကလေးသုံးဆယ်မဲ့မဲ့သာရှိသော ရမ်းဘိုကုန်းသား'အသားသပြေရောင်နဲ့ ခွေးဟောင် လှသေး'ကို ယခြင်းမှာ လယ်နှင့် လှည်း နွားရှိသောကြောင့်ဖြစ်သည်။ ဤသည်တို့ကို ငထွန်းကား စဉ်းစား မိပါလေစ။ ငထွန်းကားသည် လက်ဖွဲ့ လယ် သုံးဧကကို လုပ်ကိုင်သည်။ မိဘ၏အလယ် ၁၅ ဧက ကိုလည်း နေ့မှန်းမသိ ညမှန်းမသိ ဦးဆောင်ဦးရွက်ပြုကာ လုပ်ကိုင်သည်။ ညီက အစ်ကို့နောက်လိုက်။ ဖအေ က ကန်သင်းပေါ်ရပ်လျက် လက်ညိုးထိုးရုံသာ။

မယ်ကြွယ်စိုးသည် သားကြီးအား သနားသည်နှင့်အမျှ ချွေးမကို ကြည့်မရဖြစ်လာသည်။ ကြည့်မရ ခြင်းမှာ လည်း မျက်လုံးမကောင်း၍ ဖြစ်သည်။
' ကြာရင် ငါ စိတ်ဆင်းရဲပြီး သေနိုင်တယ်။ ငါ သေရင် ငါ့သမီးလေး ဒုက္ခရောက်တော့မယ်'
မယ်ကြွယ်စိုးသည် အကောင်းဆုံးလမ်းကို ရှာကြည့်ရာ အိမ်ဝိုင်းထဲတွင် အိမ်ကလေးတစ်လုံး ဆောက်လုပ် ပေးခြင်းဖြင့် အိမ်ခွဲရန် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားလေ၏။
' ဟေ့ကောင်၊ ငါ ကျီးဒန်ကို စာပေးချင်လို့ကွ၊ ရည်းစားစာ ရေးပေးစမ်းကွာ '

သရက်တုံး သိမ့်ခနဲဖြစ်သွားသောကြောင့် လှည့်အကြည့်တင် မြင်ရသော ငပု။ မြင်လျှင်မြင်ချင်း ပြောချလိုက်သော ငပု၏စကား။ မောင်ဆေးရိုးမှာ လက်ထဲကပုဆိန် လွတ်ကျခမန်း ထိတ်ခနဲ ခံစားရသည်။
ဘုရားငါးဆူဘက်က သရက်ပင် တစ်ပင် သာဒွန်းဝမြောင်းဟောင်းကို ကန့်လန့်ဖြတ်လျက် ရွာဘက်သို့ လဲကျ နေသည်။ လှည်းနှင့် မလွတ်သော ကိုင်းဖျားကိုင်းနားများကို ခုတ်ထွင်ထားလိုက်ကြသည်။ ကျန်သော အကိုင်းများကို တတိတတိဖြင့် ခုတ်ယူကြရာ အိမ်ရှင်မတွေ၊ ကလေးတွေ မခုတ်နိုင်သော အကိုင်းကြီး နှစ်ကိုင်းနှင့် ပင်စည်သာကျန်တော့သည်။ သည်အပင်ကြီးကို မောင်ဆေးရိုး မျက်စောင်းခဲ နေခဲ့ငြား အားလပ်ရက် မပေါ်။ ထွန်တုံးပိတ်ပြီးပါလျက် ကုန်းတန်းတွေ ထွန်ရ၊ နွားစာမြောင်းကြံရ၊ အစ်ကို နှင့် မရီးတို့အား စိန်တစ်ဆုပ်သို့ လှည်းမောင်းပို့ရဖြင့် ယနေ့မှသာ သရက်တုံးပေါ်သို့ ရောက်တော့သည်။ သရက်တုံး ၏ အဖျားကို ပုဆိန်ဖြင့် ပေါက်သည်။ ခါယမ်းနေသောကြောင့် ပေါက်အားမရှိ။ ခါးလယ်သို့ ဆုတ်ပြီးပေါက် မှ ပေါက်၍ကောင်းသည်။ တစ်တောင်ခန့်ရှိ အကာတွေ လွှားခနဲ လွှားခနဲ ကွာကျသည်။

' မယ်မျှင်ရေ ထင်းလာသယ်ဟေ့ '
ရွာထဲသို့ လှမ်းအော်စဉ်တွင် ရောက်လာသူမှာ ကျီးဒန်ဖြစ်သည်။
' ကိုရင် ကျုပ်ကို ထင်းတစ်ပွေ့လောက်'
ရှင်မီးအင်္ကျီဝတ်နေကျ မိကျီးဒန်သည် ယခု ရင်စေ့အင်္ကျီဖြင့် ဖြစ်လာပြီ။
' အမယ် ပန်းတွေဘာတွေ ပန်လို့ပါကလား၊ ရည်းစားထားရင် ငါ့ကိုထားနော် '
' ကိုရင် နော် ကိုရင် '

' ဘာကိုရင်လဲ အရင်ကတည်းက ငါပြောထားတာ '
' ဘာပြောထားလို့တုံး၊ ဘာမှမပြောဘဲနဲ့ '
' ပြောပါတယ်ဗျာ၊ နင် ကြီးလာရင် ဘယ်သူ့မျှမယူရဘူး၊ ငါ့ကိုပဲ ယူရမယ်ဆိုတာလေ '
' ကလေးတုန်းကပြောတာကို အတည်ယူလို့ရမလား '
သူ ဤကဲ့သို့ နောက်ပြောင် ကျီစယ်နေသော မိကျီးဒန်အား ကြိုက်သူ ပေါ်လာပြီ။ ရင်တုန် ပန်းတုန် ဖြစ်လျက် ပုဆိန်ကို သစ်တုံးပေါ်တွင်စိုက်ရာ သုံးချက်ပေါက်မှ မြဲသည်။
' နော် ဟေ့ကောင်၊ ငါ မရေးတတ်လို့ပါ '

ငပုက သူရပ်နေသည့်ဘေးတွင် လာထိုင်သဖြင့် မောင်ဆေးရိုးလည်း ၀င်ထိုင်ရငြား စတ် ယောက်ယက်ခတ်နေသည်။
' သူများ မဦးခင် ငါက စာပေးထားချင်လို့ပါ '
' ပါးရိုက်လွှတ်လိုက်တော့မှ ကျော်မကောင်း ကြားမကောင်း ဖြစ်နေပါ့မယ် ငပုရာ '
သို့စဉ်တွင် ထင်းသယ်ရန် မယ်မျှင်ရောက်လာသဖြင့် ညောင်ကုန်းရွာ ဘုရားပွဲ အကြောင်းသို့ ရောက်သွား ကြ၏။
မယ်မျှင်၏ ထင်းစည်းကို ပင့်ပေးပြီးမှ ငပုထံမှ အသံထွက်လာ၏။

' အောင်သွယ်ကတစ်ဆင့် ပေးမှာပေါ့ကွ၊ ကိုယ်တိုင်တော့ ဘယ်ပေးပါ့မလဲ'
' အောင်သွယ်ဟုတ်လား ဘယ်သူတုံး '
' မလှငွေကွာ '
များသောအားဖြင့် သည်အလုပ်ကို အပျိုကြီးတွေသာ ၀ါသနာပါကြသည်ဟု မောင်ဆေးရိုးထင်ခဲ့၏။ ယခု ငပုပြောသော မလှငွေမှာ ကလေးတစ်ယောက်အမေ မုဆိုးမဖြစ်၏။
' ဟေ့ကောင်နော်၊ ကျီးဒန်ကိုမရဘဲ မလှငွေနဲ့ ညားနေမှဖြင့် '
' ပါးစပ်ပုပ်ကြီးနဲ့ကွာ၊ နိမိတ်မရှိ နမာမရှိ၊ ဖွဟဲ့ '
' ဖွဟဲ့၊ တည့်တည့်လာပါစေ'

ငပု၏ လက်သီးသည် မောင်ဆေးရိုး၏ နားထင်ဆီသို့ ပြေးလာ၏။ မောင်ဆေးရိုးရှောင်ပေး၏။ ငပု အားလွန်ကာ သစ်တုံးပေါ်မှ လိမ့်ကျသောအခါ ရိုးရိုးမကျ။ မောင်ဆေးရိုးကို လှမ်းဆွဲသည်။
မောင်ဆေးရိုးနှင့် မောင်ငပုတို့ လက်ခုပ်တစ်ဖောင်အမြင့်မှ လိမ့်ကျချိန်ဝယ် ခံတောင်းတစ်လုံးဆွဲလျက် ရောက်လာသူမှာ မိကျီးဒန်။ ' ထင်းပေါက်' ကောက်ရင်း ရောက်လာသည်။
သရက်တုံးကြီးကို ပုဆိန်ဖြင့် ပေါက်သူများသည် အကာအဖတ်ကြီးများကိုသာ စည်းနှောင်ထမ်းပိုးပြီး ယူသွား ကြ၏။ လေးသစ်တစ်ဝါး အစအနကလေးတွေကို ချန်ချန၍ ပစ်ခဲ့ကြ၏။ ဤသည်တို့ကို ခုနက ထင်း တစ်ပွေ့ လာအောင်းစဉ်က မိကျီးဒန် မြင်သွားသည်။ ထို့ကြောင့် ယင်းတို့ကို ကောက်ရန် မိကျီးဒန် ရောက်လာ ခြင်းဖြစ်သည်။ ငပုမှာ မိကျီးဒန်ကို မကြည့်ရဲသဖြင့် ခိုးကြည့်နေ၏။ မောင်ဆေးရိုးလည်း ရှိုးတိုး ရှန့်တန့်ပင်။

' ကိုရင်နော် မကြီးမငယနဲ့ တော်တော်ဆော့၊ အမြင့်ကြီးက ခုန်ချလို့ ကျိုးနေဦးမယ် '
' ငါကျိုးလည်း နင် လုပ်မကျွေးရပါဘူး '
' ဘာဆိုင်လို့ လုပ်ကျွေးရမှာတုံး '
'ခုနတုန်းက ထင်းတစ်ပွေ့ဆိုပြီး ဘယ်လောက်ယူသွားမှန်းမကြည့်လိုက်မိဘူး၊ အခု တောင်ကြီးနဲ့ လာပြန်ပြီ'
' ထင်းပေါက် ကောက်မလို့ပါ ကိုရင်ရဲ့ '
ထိုအခါတွင် ငပုသည် အလိုက်သိစွာဖြင့် လေးသစ် တစ်ဝါးထင်းပေါက်များကို လိုက်လံစုဆောင်းနေသည်။ သည်နည်းဖြင့် မိကျီးဒန်ကို သူ အရောဝင်မည်ကို မောင်ဆေးရိုးမရှုစိမ့်။
' သြော် ဒါထက် ကျီးဒန်၊ သည်ကောင်ငပုက နင့်ကို ပေးဖို့ ရည်းစားစာ ငါ့ကို လာအရေးခိုင်းနေလို့'

' ဟာ ဟေ့ကောင်၊ ဆေးရိုး '
ငပုသည် ထင်းပေါက်လက်တစ်ခုပ်ကို မိကျီးဒန်ထံသို့ သယ်လာရာ လမ်းတစ်ဝက်တွင် လွှတ်ချပြီး ထွက်ပြေးလေ၏။
မောင်ဆေးရိုးကား 'မှတ်ကရော' ဟု စိတ်ထဲမှ ကြုံးဝါးရင်း ရယ်ကျဲကျဲ ကျန်ခဲ့လေ၏။
' ကိုရင်ကလည်း သိပ်နောက်တာပဲ '
မိကျီးဒန် မှာလည်း နားထင်နားရင်းတွေ ထူပူသွားရာက အရှက်ပြေ မြည်တမ်းမိ၏။
' နောက်တာ မဟုတ်ဘူး၊ အဲဒါ တကယ်၊ ဒါကြောင့် သည်ကောင် ပြေးအောင် တမင်ပြောတာ '
' ရှက်စရာကြီး '

' ရှက်မနေနဲ့၊ နင် ဘယ်သူ့မှ မကြိုက်ရဘူး၊ နင့်ကို ကြိုက်တဲ့ အကောင် ငါနဲ့အတွေ့ပဲ'
' တော် ' တစ်လုံးသာဆိုနိုင်ပြီး မိကျီးဒန်သည် မျက်လုံးကြီးပြူးလျက် မော့ကြည့်နေ၏။
မောင်ဆေး`၇ိုးသည် တစ်ချက်မျှသာ ပြန်ကြည့်ပြီးနောက် သရက်တုံးပေါ်သို့ ပြန်တက်ခဲ့သည်။ သည်ထင်း ကို မိမိ မပေါက်သော် အဖေ ပေါက်ရလိမ့်မည်။ မိမိမှာလည်း ယနေ့ တစ်ရက်သာ ထင်းပေါက်ချိန် ရသည်။ ပေါက်ဦးမှ။

တစ်နေ့လျှင် ၁၄-၅ ကြိမ်မျှ ရေသောက်နေပါလျက် ကိုယ့်အိမ်ရေအိုးစင်က ရေမှုတ်ကို သတိမထားမိ။ တစ်ပါးသူက ရေမှုတ်ကို ချီးမွမ်းသောကြောင့် ကြည့်မိတော့မှ ' ဟာ ရေမှုတ်ရိုးက နယားရုပ်ကလေးပါကလား ' အော်မိသည်။ ထိုနည်းလည်းကောင်းပင် မောင်ဆေးရိုးလည်း မိကျီးဒန်ကို ငပု ကြိုက်သည်ဆိုတော့မှ သတိထားမိသည်။ မိကျီးဒန်က လှလာပြီပဲ ဟု သူ အသိ အမှတ်ပြုသည်။ အိပ်ပျော်နေခဲ့ဟန်တူသော တွယ်တာစိတ်လည်း လွန့်လူးလာ၏။ သို့ဖြင့် ' နင့်ကို ကြိုက်တဲ့ကောင် ငါနဲ့တွေ့ပဲ ' ကြုံးဝါးမိငြား၊ သည်မျှ ကြီးကျယ်လာလိမ့်မည်ဟု မောင်ဆေးရိုး မထင်မှတ်။
နောက်တစ် နေ့ ဆွမ်းခံဝင်ချိန်တွင် မိကျီးဒန်အမေ မယ်ရွှေအိမ်သည် မယ်ကြွယ်စိုး ထမင်းချက်နေ သော မီးဖို ကျင်းအစပ်သို့ လာထိုင်၏။
' ကောင်မ၊ ကျက်ပြီလား၊ ဘာချက်တုံး ' မေးရိုးမေးစဉ် နှုတ်ဆက်စကားဖြစ်သည်။

' သည်အချိန်မှ မကျက်ရင် ဆွမ်းမမီဘဲ ရှိမှာပေါ့အေ၊ ' ၀တ်ခွက်' ကလည်း ရှိသေးတော့ ငသိုင်းခြောက်နဲ့ ငရုပ်သီးစပ်စပ်ကလေး '
' အမယ် ခိုးခိုးခါးခါး ငသိုင်းခြောက်တွေဘာတွေ ချက်လို့ပါကလား၊ ငါတော့ ချဉ်ပေါင်းဖူးနဲ့ ငရုတ်သီးစိမ်းနဲ့ ထောင်းသအေ့'
' အရည်သောက်တော့ ပါမှပေါ့ ' ' သပြေရွက်ဟင်းချိုပေါ့အေ '
မယ်ရွှေအိမ်သည် အိမ်ပေါ် နောက်ဖေးအရပ်များသို့ လှမ်းကြည့်ရင်း မီးဖိုကျင်းထဲသို့ ကျလုကျခင်အထိ တိုးကပ်လာ၏။

' ညည့်သား ဆေးရိုးရယ်၊ ငါ့သမီးကို ပြောင်တာလား တကယ်လား မသိဘူး၊ 'နင့်ကို ကြိုက်တဲ့အကောင် ငါနဲ့အတွေ့ပဲ' လို့ပြောတယ်တဲ့ ကောင်မရဲ့'
' ဟဲ့ ညည်းရော ငါရောပဲ ကြားကြားနေတာပဲမဟုတ်လား၊ ' နင်ကြီးရင် ဘယ်သူ့ကိုမှ မယူရဘူး၊ ငါ့ကိုယူရမယ်' ဆိုတာလေ၊ အဲဒါမျိုး ဖြစ်မှာပေါ့အေ '
' ဟဲ့ အဲဒါက ဟိုတုန်းကအေ့၊ အခုဟာက နှစ်ယောက်လုံး အရွယ်ရောက်နေကြပြီ ကောင်မရဲ့၊ ပေါ့ပေါ့မပြောနဲ့'
' နေပါဦး ညည်းသမီးက ငါ့သားနဲ့ ကြိုက်နေတယ် ပြောလို့လား '

' ပြောတော့ မပြောဘူးအေ့၊ ကြိုက်နေကြရင်လဲ သည်လို မအေကို တိုင်မှာမဟုတ်ဘူး'
' ကြိုက်ကြိုက် မကြိုက်ကြိုက် ပေးစားလိုက်ကြရအောင်ပါအေ'
မယ်ရွေအိမ်သည် မယ်ကြွယ်စိုး၏ ဒူးကို လိမ်ဆွဲလိုက်ကာ ' ငါ့သမီးက အခုမှ ၁၆ နှစ်ပဲ ရှိသေးတယ်တဲ့' ဟု အံကြိတ်ပြီးပြောရာက 'ညည့်သားကကော ရှိလှ ၁၈ နှစ်ပေါ့ ' ဟု အဆုံးသတ်၏။
' ငါကတော့ ' ဓာတ်သိ နဘတ်ချဉ်' ဖြစ်တဲ့ ညည့်သမီးလို ချွေးမမျိုးကို လက်လွတ်သွားမှာစိုးလို့ဟေ့၊ အလေနတော လျှောက်သွားရာက သူတို့ကြိုက်ရာ သူတို့ယူလာတော့ အခု ငါ့သားကြီး ငထွန်းကားလို ဖြစ်မှာ စိုးလို့' မယ်ရွှေအိမ် မျက်လုံးပြူးရပြီ။

နောက်ဖေးဘက်ရှိ တဲကုပ်ကလေးသို့လည်း လှမ်းကြည့်၏။
' ငထွန်းကားမိန်းမ ဘာဖြစ်လို့တုံး၊ အတော်သားမဟုတ်လား'
' မိန်းမတစ်ယောက်ဟ မီးဖိုချောင် လုံရင် တော်လှပြီလို့ ညည်းထင်သလား'
မယ်ကြွယ်စိုးက မျက်နှာထားကြီးဖြင့် ပြောခြင်းဖြစ်သည်။ မယ်ရွှေအိမ်မှာ ကောက်ကာငင်ကာ မဖြေနိုင်။ မယ်ကြွယ်စိုး၏ မျက်နှာကို စိုက်ကြည့်နေမိ၏။
' မိန်းမတစ်ယောက်ဟာ အိမ်မှုကိစ္စ နိုင်နင်းဖို့လိုသလို၊ အနေအထိုင် တတ်ဖို့လည်း လိုသအေ့'
ထိုအခါတွင်မှ မယ်ရွှေအိမ်မှာ ငထွန်းကား၏ ဇနီးမယ်ငြိမ်းစည်ကို မြင်အောင် နှလုံးသွင်းကြည့်၏။

' သြော် ညည်းပြောတာ ငါသဘောပေါက်ပြီ၊ ညည်းချွေးမဟာ တယ်လည်း မျက်လုံးကစားတာပဲ'
' အေးပေါ့ ပြီတီတီ ပရောပရီမျက်လုံးလေ။ အပျိုတုန်းက ဘယ်လိုပဲ နေခဲ့နေခဲ့၊ အိမ်ထောင် ရက်သား ကျပြီးတဲ့ အနောက်မှာ သိက္ခာဆည်ရတော့မှာပေါ့'
' သည်တော့ ညည်းသားက မဆုံးမဘူးလား၊ မသွန်သင်ဘူးလား'
' မပြောချင်ပါဘူးအေ၊ ငါ့သားလည်း အဲသလိုပဲပေါ့၊ မယားက ကြာမျက်လုံးနဲ့ကြည့်ပြီး တစ်ချက် 'မူ'လိုက်ရင် နွားပြာကြီး အောက်သွားမရှိ'
သို့တစေ သူတို့၏ စကားသည် ဆုံးခန်းမဆိုင်ချေ။ 'အမေရေ၊ ကျက်ပြီလား' အသံပေးလျက် ဆေးရိုး ရောက်လာ သောကြောင့် ဖြစ်၏။ သို့ဖြစ်သောောကာင့် စကားဖြတ်လိုက်ရငြား မယ်ကြွယ်စိုးသည် ' အဲဒါကြောင့် ငါကတော့ လက်မလွှတ်ချင်ဘူး' ဟု ကမန်းကတန်း ပြောလိုက်သေး၏။

လိမ္မော်ရောင် နေလုံးကြီးသည် ရှာတောရွာဘေးရှိ တောအုပ်ပေါ်တွင် မေးတင်ထား၏။ စလင်းချောင်း ရေပြင်သည် လိမ္မော်ရောင်ဖြင့် ၀င်းနေ၏။ နေရုတေင်တွင် နားခိုသော ငှက်များမှသာ ရွှေရောင် တစ်ပြေးညီ လှပကသည်မဟုတ်ပါ။ သည်အချိန်တွင် စလင်းချောင်းတွင်းသို့ ဆင်းသက်လာသူများလည်း တစ်ညီတည်း ရွှေရောင်ဝင်းနေကြပေသည်။ ကြက်သွန် ခင်းများဘေးမှ တငြိမ့်ငြိမ့်စီးသွားသော ရေလျဉ် စီးကြောင်း ကလည်း ရွှေရောင်။ ယုတ်စွအဆုံး ကြက်သွန်ခင်းကို ကာရံထားသော 'သန်း'ပင် သန်းခက် များသော် မှ ရွှေရောင်လိမ်းနေ၏။ သည်အချိန်မှာ ရမ်းဘိုကုန်း သူတွေ လှပချိန်ဖြစ်သည်။ ရေခပ် ဆင်းရာ သို့ မည်သူမျှ ဖြစ်ကတတ်ဆန်း မလာကြ။ သနပ်ခါး ကလေးပွတ်ပြီးမှ၊ ပန်းကလေး ပန်ပြီးမှ ရေခပ် ဆင်းကြသည်။

အပျိုတွေ ရေခပ်ဆင်းချိန်တွင် လူပျိုတွေလည်း ရောက်လာကြသည်။ အချို့က ရေထမ်းသော 'ဆိုင်း' ဖြင့်။ အချို့က ကြက်သွန်ခင်း ထဲဝင်ပြီး ဟိုယောင်ယောင် သည်ယောင်ယောင်။ အချို့သော်ကား ကမ်းပါးစောင်း ရှိ ကုက္ကိုမြစ်တွေကြားတင် ပုလွေတကြူကြူဖြင့်ရှိကြ၏။ ငပုနှင့် မြတ်သာကျော်၊ ထွန်းအံ့တို့မှာ သုံးယောက်ပေါင်း မှ ပုလွေတစ်ချောင်းသာရှိ၏။ အရေးထဲတွင် ပုလွေထဲသို့ တံတွေးဝင်သဖြင့် အသံ မထွက်တော့ ထွန်းအံ့မှာ ပုလွေကို ခါလည်းခါ၊ ပုဆိုးဖြင့်လည်း သုတ်နေရ၏။

' ဟေ့ကောင် မှုတ်ပါဟ၊ ဟိုမှာလာနေကြပြီ'
ကမ်းပါးစောက်ကို ခုတ်ထစ်ထားသော လှေကားထစ်များအတိုင်း မိန်းကလေး ၄ ယောက် ရေအိုး ကိုယ်စီဖြင့် ဆင်းလာကြ၏။ ကျီးဒန်နှင့်မယ်ဖော့၊ ရွှေသစ်၊ ငွေသော့တို့ ဖြစ်ကြ၏။
' ရွှေကျီးညို လာရင် ဒေါသနဲ့ အပြစ်တင်၊ မင့်သခင် ဘယ်မှာ'
' ဆိုပါဟ လာနေကြပြီ'
ပုလွေသံနှင့် တေးသံမှာ တခြားစီဖြစ်ငြား မြတ်သာကျော်က အားတက်သရော တိုက်တွန်း၏။

' ရေရေလည်လည် ပြောစမ်းပါ ခင်ရယ်၊ မောင်ယုံကြည်အောင် ပြောစမ်းပါခင်ရယ်၊ ချစ်တယ်ဆိုတာလေး၊ ပြောပြစမ်းပါ ခင်ရယ် '
' ဟုတ်ပေဗျို့'
မြတ်သာကျော်သည် သံကုန်ဟစ် လက်ခုပ်တီးလျက် ဖိုသံပေး၏။ သို့ရာတွင် မိန်းကလေးတွေက စောင်းငဲ့စွာ သော်မှ မကြည့်ချေ။
ကြက်သွန်ခင်းများနှင့် ရေစီးကြောင်းများ၏ကြားတွင် လက်ယက်တွင်းတွေ အစီအရီရှိ၏။ ကျီးဒန် တို့ မိန်းကလေး တစ်သိုက်သည် ရေတွင်းတစ်တွင်းကို ၀ိုင်းထိုင်သည်။ တွင်းထဲရှိ ရေဟောင်းတွေကို ရေမှုတ် ကိုယ်စီ ဖြင့် ခပ်ထုတ်ပစ်၏။
' ကောင်မတွေ၊ နမ်းကြည့်ကြစမ်း '
ကျောက်စရစ်ခဲ များကြားမှ စိမ့်ယိုလာသော ရေကို မှုတ်ဖြင့် ခံယူပြီးမှ နမ်းကြည့်သူက ရွှေသစ်။

' နွားချေးစော် နံတယ်ဟဲ့ '
' ကြက်သွန်စော်လည်း ရတယ် '
လေးယောက်သား ပြိုင်တူထသည်။ ရေအိုးကိုယ်စီ တန်းလန်းဆွဲလျက် ရေစီးကြောင်းကို ဖြတ်ကူးကြ သည်။ ရေစီးကြောင်းသည် တစ်ထွာတစ်မိုက်မျှသာ နက်ငြား၊ ထဘီနားကို ရေမစိုစေရန် သလုံးသားပေါ်ရုံမျှ မကြသည်။ သည်မြင်ကွင်းသည် ကုက္ကိုဖြစ်ကြားရှိ ပုလွေတို သမားများအတွက် ရှုမရဲစရာမြင်ကွင်း ဖြစ်နေတော့သည်။
ကျီးဒန်တို့လူစုသည် သဲကြမ်းရှိသောနေရာကို ရွေးပြီး ရေတွင်းတစ်တွင်းတူးကြသည်။ ရေနောက် တွေ ကုန်စင် အောင် ပက်ထုတ်ပြီးနောက် တစိမ့်စိမ့်ထွက်လာသော ရေကြည်ကို တစ်မှုတ် စာရအောင် စောင့်ပြီး မှ ခပ်ထည့်ကြသည်။

ရွှေသစ်သည် ကျီးဒန်ဘက်သို့လှည့်ပြီး တွတ်ထိုးလိုက်၊ ငွေသော့ဘက်သို့ ခေါင်းငဲ့ပြီး တွတ်ထိုးလိုက် ဖြစ်နေ၏။ ကျန်လူများက တစ်ခွန်းတလေသာ ၀င်ပြောကြ၏။ သို့သော် ရေအိုးထဲသို့ ရေတစ်မှုတ်စာ ရောက်သွားသည့်အခါတိုင်း ရွှေသစ်၏အသံ ပျောက်သွား၏။
ရေအိုး ထဲသို့ ရေကျသံသည် ပထမသော် မပီမသမျှသာ။ ထို့နောက် တဖြည်းဖြည်း ကျယ်လောင် လာသည်။ ရေအိုး၏ တစ်ဝက်ကျော်သွားချိန်တွင် ရေကျသံသည် ပတ်သံအလား ကြည်လင်ရာ က တဖြည်းဖြည်း တိမ်၍တိမ်၍ သွားတော့သည်။

' ရေကလေး တစ်ပေါက်လောက် '
မသတီစရ အရက်နံ့ရသောကြောင့် မိန်းကလေးတွေ ဖျတ်ခနဲ လှည့်ကြည့်လိုက် ထွက်ပေါ်လာသော အသံဖြစ်သည်။
လျှာလေး အာလေး အသံရှင်ကို မိန်းကလေးတွေ မော့မကြည့်သော်ငြား သိုင်းကွက်နင်းနေသော ခြေလေးချောင်း ကို စက်ဆုပ်စွာ ကြည့်နေကြ၏။
' ရေကလေးတစ်ပေါက်လောက် မသဒ္ဓါကြဘူးလား'
' လာပါကွာ၊ ချောင်းထဲက ရေလည်း ရေပါပဲ '

ရမ်းဘိုကုန်းရွာသားများ မဟုတ်သည်မှာ သေချာ၏။ ညောင်ကုန်း၊ ရှားတော၊ ငှက်ပျောတောမှပင် မဟုတ်။ အသံစိမ်းတွေ။
' အေး ဟုတ်တယ်၊ ချောင်းထဲကရေကို သောက်ရင်လည်း ရေငတ်ပြေတာပဲ၊ ဒါပေမဲ့ ဟောသည် 'စမူကလေး'ရဲ့ လက်နဲ့ပေးတဲ့ရေကို သောက်ချင်လို့ '

ဆက်ရန်

.

1 comment:

ကိုဇော် said...

ငယ်ငယ်က အဲဒီ ထင်းတစ်ပွေ့ ဆိုတာနဲ့ ပြဿနာ တတ်ဖူးတယ်။ ကိုယ်ကလည်း ခပ်ရွတ်ရွတ်နဲ့ ဆိုတော့လေ။ ပြောချင်ဘူး...ဟားဟားဟား..