စာဖတ်သူဟာ သူတို့တစ်တွေကို စိတ်ဝင်စားနေပြီဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူတို့ လုပ်ပုံ ကိုင်ပုံတွေကို ဆိုင်းငံ့ကြည့်ရှုနေမယ်ဆိုရင် ခရီးမတွင်ဘဲ ရှိနေမှာမို့ ဆက်ပြီး ထွက်ကြရအောင်နော်။ ကိုင်းဟေ့ ... လှေတော်သားများ ...ယီးလေလေ့ ... ယီးလေလေး .... ။
(၃)
ကောင်းကင်ပိုက်နှင့်စက္က၀က်ငှက်မောင်နှံ
အလို ... ဘာသံပါလိမ့်နော်။ ' ဟစ် ... ဟစ် .... ဟစ်' နဲ့ စူးစူးရှရှ အော်မြည်သွားလိုက်တာ နားကွဲ လုခမန်းပါလား။ တခြား ဟုတ်ရိုးလား စာဖတ်သူရယ်၊ 'ငဟစ်'လို့ ခေါ်တဲ့ ငှက်ဟာ ဒါပေါ့။ ကျွန်တော်တို့ရဲ့ လှေလှော်သံကို ကြားလို့ လန့်ပြီးပျံသွားတာလေ။ ကြည့်စမ်း .... အတော် ထွားတဲ့ အကောင်ကြီးပါကလား။ 'သုတ်ကိုင်း'လို့ ခေါ်တဲ့ညွှတ်ကွင်းတစ်မျိုးနဲ့ ထောင်ဖမ်းရရင် ကားခနဲ့ နေသွားမှာပဲ။ ဒယ်အိုးတစ်လုံးတော့ အမောက် ပေါ့။ အို ... သည်းခံပါ စာဖတ်သူ၊ ငယ်ငယ်တုန်းက ကလေးစိတ်မျိုး ပြန်ပေါ်လာလို့ ကလေးကလား စကား ပြောကြားမိပါတယ်။ မစားရ မသောက်ရနဲ့ အကုသိုလ် ဖြစ်သွားပြီ ထင်ပါရဲ့။ ဖွဟဲ့ ... လွဲစေ ... ဖယ်စေ။
ဟောဒီအသံက တစ်မျိုးပါလား။ ဘာတဲ့ ... ' အော် .... တော် .... အောင် .... တော်' နဲ့ တကြော်ကြော် အော်ပြီး ကျွန်တော်တို့ ခေါင်းပေါ်က ဖြတ်ပြီး ပျံသွားလိုက်တာ ကြော့လို့။ အဖိုအမ နှစ်ကောင်လေ။ အဖိုက 'အောင်'လို့ အော်တယ်၊ အမက 'တော်'လို့ တုံ့ပြန်အော်တယ်။ ရွှေအဆင်းကဲ့သို့ နီမြန်းသော အသွေး အရောင် နဲ့ ကြည့်လို့က တင့်တယ်ပါဘိသနဲ့။ ခြေထောက်နဲ့ နှုတ်သီးကတော့ ၀မ်းဘဲရဲ့ ခြေထောက်နဲ့ နှုတ်သီးမျိုး ပါပဲ။ အိုလေ ... အဆင်းအရောင်သာ ကွာခြားပြီး တစ်ကိုယ်လုံး ၀မ်းဘဲရဲ့ ပုံသဏ္ဍာန် အတိုင်းပါပဲ။ အဖိုအမ နှစ်ကောင်အမြဲပင် တွဲလျက် နေတတ်ပြီး ငါး ခရု စတဲ့ သူ့အသက်ကို မစားဘဲ မှော်၊ ရေညှိ များကိုသာ စားတာမို့ သူတော်ကောင်းငှက်လို့ ဆိုရမှာပေါ့ခင်ဗျာ။ အဲဒီငှက်ကို ဘာငှက်လို့ အမည် ပေးရပါ့။
အဲဒီအရပ်က လူတွေအနက် တချို့က 'ဟင်္သာ'လို့ အမည်ပေးတယ်။ တချို့ကတော့လည်း 'အောင်တော်' ဆိုတဲ့ အော်သံကို အစွဲပြုပြီး 'အောင်တော်'လို့ပဲ သမုတ်ကြတယ်။ ကျွန်တော်ကတော့ ငါးရာ့ငါးဆယ် နာဝနိပါတ် စက္က၀က် ဇာတ်တော်လာ စက္က၀က်ငှက်နှင့် ယခုငှက်မှာ အလေ့အကျင့် အစားအသောက် အား ဖြင့် လုံးဝ တူညီနေလို့ စက္က၀က်ငှက်လို့ မှည့်ခေါ် ချင်ပါတယ်။ ယောအတွင်းဝန် ဦးလှိုင်ကလည်း သူရဲ့ အလင်္ကာ နိဿယထဲမှာ 'ဘိန္နလိင်္ဂ'ဟူသော ပြယုဂ်၌ ဟံသသဒ္ဒါ ဟင်္သာဟူသော အနက်ကို ရှင်းလင်းရင်း ဤငှက်မျိုး ကို ဟင်္သာဟူ၍ မခေါ်ရဘဲ စက္က၀က်ငှက်ဟူ၍သာ ခေါ်ရမည်ဖြစ်ကြောင်း အကိုးအကားများနဲ့ ရှင်းလင်း ဖူးပါတယ်။ အရေးပိုင်မင်း ဦးကျော်ထွန်းကလည်း သူ့ရဲ့ ကိုးခန်းပျို့ဋီကာကျမ်း ပိုဒ်ရေ ၁၉၉မှာ 'အတီတေဟု၊ လွန်လေမြင့်စွာ၊ ရှေးသောခါ၌၊ ဟင်္သာအပေါင်း၊ ငှက်ကြံကောင်းတို့' ဟူရာ၌ ဟင်္သာဟူသော အဓိပ္ပာယ်ကို ရှင်းလင်းရင်း၊ ဤငှက်မျိုးု စက္က၀က်ငှက်ဟူ၍သာ ခေါ်ရမည်ဖြစ်ကြောင်း ရှင်းလင်း ထား ပါတယ်။ ဒါကြောင့် စက္က၀က်ငှက်လို့ အမည်ပေးမယ်၊ စာဖတ်သူကော ဘယ်လိုသဘောရပါသလဲ။
ဟောဒီ အသံကိုကော ဘာသံလို့ ခေါ်မလဲ၊ ' ကွက် ... ကွက် ... ကွက်' တဲ့၊ စူးစူးရှရှကြီး အော်မြည် လိုက်တာ လေ။ စာဖတ်သူ မယုံချင်ရင် နေနိုင်ပါတယ်။ ကျွန်တော်ကတော့ 'လင်းဝက်' ငှက်ရဲ့ အော်သံလို့ အတင်ပြော လိုက်မယ်။ သူတို့ဟာ ညဥ့်အချိန်မှာ ကျက်စားတတ်တဲ့ ညဥ့်ငှက်မို့ အခုလို မိုးသောက်ချိန် နီးတဲ့ အခါမှာ အနားယူရအောင် အိပ်တန်းတည်ရှိရာ နေရာကို တစုတဝေးကြီး ပျံသန်းလာကြတာပေါ့။ သူတို့ ရဲ့ အိပ်တန်းကတော့ ဟောဟိုနားလောက်မှာရှိတဲ့ ကညင်ကုန်း ရွာကလေးရဲ့ သရက်တော ဥယျာဉ်မှ သရက်ပင်တွေပေါ်မှာပေါ့ဗျာ။
ဟော ... စာဖတ်သူရေ့၊ ရှေ့နားမှ အဆန်းတစ်ခုတော့ တွေ့နေပြန်ပြီ။ ငှက်လောကရဲ့ သေမင်းတမန်လို့ ဆိုရမှာပေါ့ခင်ဗျာ။ အသာနေ၊ ဒီနားမှာ တအောင့်တနား ရပ်တန့်ပြီး ကြည့်ကြရအောင်။
လှေကြီးတစ်စင်းကို မြင်ရဲ့လား၊ လှေကြီးထဲမှာ လူနှစ်ယောက်ရှိနေတယ်။ ဦးတစ်ယောက်၊ ပဲ့ တစ်ယောက်။ သူတို့နှစ်ဦးဟာ တစ်စုံတစ်ရာကို စိတ်အားထက်သန်စွာ ငံ့မျှော်နေပုံပဲ။ သူတို့ရဲ့ ရှေ့နားဆီကို ကြည့်လိုက်စမ်းပါဦး။ အတော်မြင့်တဲ့ ၀ါးလုံးတိုင်နှစ်တိုင်ကို တစ်ဖက်တစ်ချက် စိုက်ထူ ထားတယ်။ ၀ါးလုံးတိုင်နှစ်တိုင်ရဲ့ ထိပ်ဖျားမှာ ပိုက်တစ်ထည်ဟာ တစ်ဖက်တစ်ချက် ဆန့်တန်းလျက် တည်နေတယ်။ ၀ါးလုံးတိုင်ထိပ်ဖျားမှာ စက်သီးကို တပ်ဆင်ပြီး အောက်ကနေ ကြိုးနဲ့ ဆွဲတင်ထားတဲ့ ပိုက်ပေါ့ ခင်ဗျာ။ စက်သီးရဲ့ ကြိုးစကို သူတို့လက်ထဲမှာ ကိုင်ထားတယ်။ အဲဒီ ကြိုးစကို လျှော့ချလိုက်ရင် ပြန်တက်သွားမှာပဲ။ ငှက်လောကရဲ့ သေမင်းတမန်' ကောင်းကင်ပိုက်' ဆိုတာ ဒါပေါ့။
ဟော ... ကြားရဲ့လား စာဖတ်သူ၊ '၀ှီးဝှီး... ၀ှီးဝှီး' နဲ့ လေယာဉ်ပျံသံလိုလို အတော်ပြင်းတဲ့ အသံတွေကို ကြားရရဲ့လား။ အဲဒါ တော်ဘဲအုပ်ကြီးပျံလာတဲ့ အသံပေါ့။ သူတို့ရဲ့ အတောင်ခတ်သံဟာ အတော်ပြင်းထန်ရုံမျှမက အုပ်လိုက်ချီပြီး ပျံသန်းလေ့ရှိကြတာမို့ သူတို့ရဲ့ အသံကို အဝေးကြီးကနေပင် ကြားနိုင်ပါတယ်။ လှေကြီးပေါ်က လူနှစ်ယောက်ဟာလည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားကြပြီ။ အခု ဆိုရင် သူတို့ဟာ စက်သီးရဲ့ ကြိုးစကို သတိအနေအထားနဲ့ ကိုင်တွယ်ပြီး ၀ါးလုံးတိုင်ထိပ်ဖျားမှ ပိုက်ဆီကိုသာ စိတ်ဇောကြီးစွာ စူးစိုက်နေကြပြီလေ။ သတိကို မလစ်စေဘဲ သေသေချာချာသာ ကြည့်ထားပေတော့ စာဖတ်သူ ရေ့။ မကြာမီ တောဘဲအုပ်ကြီးနဲ့ အခြားငှက်များရဲ့ ကံကြမ္မာကို တွေ့မြင်ကြရတော့မယ်။
မိုးသောက်ချိန်မတိုင်သေးလို့ ပတ်ဝန်းကျင်မြင်ကွင်းကတော့ ၀ိုးတ၀ါးအမြင်ပဲ ရှိနေပါသေးတယ်။ စောစော က အသံတွေဟာ တိုးလို့သာ ဆူညံလာတာမို့ ပိုပြီးတေ့ နီးကပ်လာပြီလို့ ခန့်မှန်းရပါတယ်။ ဟော ပြောရင်း ဆိုရင်းပဲ စာဖတ်သူရေ့၊ တေဘဲအုပ်ကြီးဟာ ကောင်းကင်ပိုက် အနီးကိုေုတာင် တစုတဝေးကြီး ရောက်ရှိ လာပါပြီကော။ သူတို့ပျံသန်းတဲ့ အရှိန်ဟာ အင်မတန် လျင်မြန်ပြီး အင်မတန် ပြင်းထန်တာမို့ အနီးရောက် မှ ပိုက်မှန်းသိပေမယ့် ပြန်မဆုတ်သာတော့ဘူး။ အတင်းပဲ ၀င်တိုးကုန်ပြီလေ... တိုးကုန်ပြီ။ အို ... အို လုပ်ကြပါဦး။
ချက်ချင်းပဲ ရုန်းရင်းဆန်ခတ်နဲ့ ရှုပ်ယှက်ခတ် ဖြစ်ကုန်ပြီလေ။ တချို့ကတော့လည်း တိုင်နှစ်တိုင် အပြင်ဘက်ကျနေလို့ လွတ်ထွက်သွားတယ်။ တိုင်နှစ်တိုင်ရဲ့ အတွင်းလမ်း ကျနေတဲ့ တောဘဲ၊ ကလကတ်၊ စစ္စလီ ငှက်တွေတော့ ပိုက်ထဲမှာ တစုတဝေးကြီး မိနေပြီပေါ့။ စောစောက ကျွန်တော်တို့ မြင်လိုက် တဲ့ စက္က၀က် ငှက်မောင်နှံဟာလည်း သည်ထဲမှာ ရောပါလာတယ်။ ဒါပေမဲ့ အဖို တစ်ကောင်သာ ပိုက်ထဲ ၀င်တိုးမိပြီး အမကတော့ တိုင်အပြင်ဘက် ကျသွားတာမို့ လွတ်ထွက် သွားတယ်။
လှေပေါ်က လူနှစ်ယောက်ဟာ စက်သီးရဲ့ ကြိုးစကို အနည်းငယ် လျှော့ချလိုက်တာမို့ ပိုက်ဟာလည်း အနည်းငယ် လျှောကျသွားပြီး လျော့ရဲရဲဖြစ်သွားလေတော့ ငှက်တွေဟာလည်း ပိုက်ထဲမှာ လုံးထွေးပြီး မိနေပြီ လေ။
အဲဒီအချိန်မှာပဲ ပိုက်ထဲက 'အောင်'လို့ အော်လိုက်တဲ့ စက္က၀က်ငှက်ဖိုရဲ့ အသံကို ကြေကွဲဖွယ် ကြား လိုက်ရပြီး၊ မရှေးမနှောင်းမှာဘဲ 'တော်' လို့ တုံ့ပြန်လိုက်တဲ့ စက္က၀က်ငှက်မရဲ့ အသံကိုလည်း ဆွေး မြည့်ဖွယ် ကြာလိုက်ရကာ၊ ချက်ချင်း ဆိုသလိုပဲ ပိုက်အနီးကို ရောက်အောင် ပျံဝဲလာတဲ့ စက္က၀က် ငှက်မ ကိုပါ မြင်နေရပြီလေ။
' အောင် ... တော် ... အောင် ... တော် ' နဲ့ သနားစဖွယ် ခေါ်ထူးနေတဲ့ အသံဟာဖြင့် ဆူညံလို့ပေါ့။ စက္က၀က် ငှက်မကလေးဟာလည်း ကိုယ်လွတ်ရုန်းပြီး ပျံသန်းမသွားနိုင်ရှာဘဲ ပိုက်အနီးမှာသာ တ၀ဲ လယ်လယ် နှင့် ပျံသန်းပြီး သူ့ချစ်လင်ရဲ့ ခွန်းဆင့်ခေါ်သံကို ခွန်းဆင့်ပင် တုံ့ပြန်နေရှာတယ်။ နောက်ဆုံး တစ်ကြိမ် စက္က၀က် ငှက်ဖိုထံမှ 'အောင်' လို့ မချိတဲ့လေသံနဲ့ လှိုက်လှိုက်လှဲလှဲ အော်သံလည်း ထွက်ပေါ်လာရော၊ စက္က၀က် ငှက်မကလေးဟာလေ 'တော်'လို့ မချိတဲ့ လေသံနဲ့ပဲ ၀မ်းနည်းလှိုက်လှဲစွာ တုံ့ပြန်ရင်း ပိုက်ထဲကို သူပါ အတင်းဝင်တိုးတော့တာပါပဲ။ စက္က၀က် မောင်နှံရဲ့ အချစ်ကြီးပုံ၊ သစ္စာကြီးပုံကို မြင်လိုက် ရဲ့ မဟုတ်လား... စာဖတ်သူ။
ကျွန်တော့်ရဲ့ ရင်ထဲမှာဖြင့် တလှပ်လှပ် လှုပ်ရှားသွားအောင် ငှက်မောင်နှံရဲ့အဖြစ်ကို သနားကရုဏာ သက်မိတယ်။ ငှက်မောင်နှံရဲ့ အဖြစ်ကို ရင်နင့်အောင် သနားမိလို့ လှေပေါ်က လူနှစ်ယောက်ကို 'ဗီလိန်' လူကြမ်းကြီး တွေအဖြစ် မုန်းတီးရွံရှာစွာ ကြည့်လိုက်မိပါ့။ စာဖတ်သူရေ ... သူတို့နှစ်ယောက်ဟာဖြင့် ဆွေ့ဆွေု့ခုန် အောင် ၀မ်းသာလွန်းလို့ ပြုံးပြုံးကြီး ဖြစ်နေကြပါကလား။
ငှက်ကလေးတွေကို သနားလို့ သူတို့ကို မုန်းချင်ပေမယ့်လည်း သူတို့ရဲ့ ဘ၀ကို အောက်ခြေသိမ်း နားလည် ထားသူတစ်ဦး အနေနဲ့ မမုန်းနိုင်အောင် ရှိနေပြန်ပါတယ်။ သူတို့ဟာ ရာသီလိုက် ငှက်ကလေး တွေကို နည်းအမျိုးမျိုးနဲ့ ထောင်ဖမ်းပြီး ရောင်းချ အသက်မွေးနေကြရရှာတဲ့ သူတွေပါ။ အခုအချိန်မှာသူတို့ဟာ အိမ်အပြန် မျက်နှာပန်းလှနေပြီမို့ အိမ်က ဇနီးသည်များထံမှာ မျက်နှာကောင်း ရတော့ မှာပါကလားဆိုတဲ့ အတွေးနဲ့ ပျော်နေကြတယ်။ ဒီငှက်တွေကို ရောင်းလို့ရတဲ့ ငွေကလေးနဲ့ ဘာပစ္စည်း ကလေးများ ၀ယ်လိုက်မယ်ဟဲ့ ဆိုပြီး ပျော်တပြုံးပြုံးဖြစ်နေကြပြီလေ။
ကျွန်တော်တော့ သူတို့ရဲ့ ကျေနပ်တဲ့ အပြုံးကလေးတွေကို ကြည့်ပြီး သူတို့အတွက် ရောယောင် ၀မ်းသာနေမိပြန်တယ်။ အဲဒီလိုနဲ့ ဘဲငှက်လေးတွေကိုလည်း သနား၊ သူတို့အတွက်လည်း ၀မ်းသာ အားရဖြစ်မိနဲ့၊ ကျွန်တော်ဟာ မပြတ်မသားကြီး ဖြစ်နေတော့တာပေါ့။ စာဖတ်သူတော့ ဘယ်လို ခံစား ရမယ်မသိဘူး။
ကဲလေ ... ဒီနေရာမှာ အချိန် အတော်လင့်သွားပြန်ပြီ။ သွားရမယ့် ခရီးက အတော်ကလေး လှမ်းနေ သေးတယ်။ ဆက်ပြီး ထွက်လိုက်ကြဦးစို့နော်။ ကိုင်းဟေ့ ... လှေတော်သားများ ... ယီးလေလေ့... ယီးလေလေး ...
(၄)
ပွင့်သစ်စနေရောင်အောက်မှငှက်လောက
မိုးသောက်စ ပြုပြီမို့ လင်းရောင်ခြည်ကလေးလည်း ဖြာဆင်းနေပြီလေ။ မြင်မြင်သမျှ ရှုခင်းများဟာလည်း ၀ိုးတ၀ါးအမြင်မှ ထင်ရှားသော သရုပ်ဖော်အမြင်သို့ ဆန်းသစ်ပြောင်းလဲလာပြီပေါ့။
ကျယ်ပြောလှတဲ့ ကွင်းပြင်ကြီးကို မျှော်ရှုလိုက်စမ်းပါ။ ဗေဒါပင်နဲ့ ဒိုက်ပင်များသာ အများအပြား မင်းမူနေတယ်။ ကန်စွန်းနဲ့ ကညွတ်ပင်ကလေးများကို လည်းတွေ့နိုင်ပါရဲ့။ 'စာကလေးခြေထောက်'လို့ ခေါ်တဲ့ အပင်ကလေးတွေဟာလည်း ကွက်တိကွက်ကျား ရှိနေကြပါတယ်။ အဲဒါတွေကတော့ ကျွန်တော် တို့ တောသူတောင်သားတွေရဲ့ အာဟာရ ငါးပိရည်နဲ့ အဖက် တို့စရာတွေပါပဲ။ ငါးချဉ်ရည် ဟင်းကလေး ချက်ပြီး အဲဒီကန်စွန်းရွက်တို့၊ ကညွတ်တို့၊ စာကလေးခြေထောက်တို့ကို ငရုတ်သီးစပ်စပ် ငါးပိရည်နဲ့ အစိမ်း လိုက် တို့စားလိုက်ရရင် မြိန်ပေါ့ဗျာ။
ငုံရာမှ ပွင့်အာလာရန် နေအရုဏ်ကို ငံ့လင့်နေကြတဲ့ ကြာဖူးကြာငုံတွေလည်း ရှိနေပါသေးတယ်။ ဟိုအဝေးမှာ ပျပျကလေး မြင်နေရတဲ့ တောတန်းကလေးတွေကတော့ ကွင်းပြင်ရဲ့ နယ်နိမိတ်ကို သတ်မှတ်ထားတဲ့ စည်းရိုးပါပဲ။ ဒိုက်ပင်များကို ခုတ်ထွင်ရှင်းလင်းပြီး လှေလမ်းလုပ်ထားတာမို့ ရှည်လျား လှတဲ့ လှေလမ်းကြောင်းကြီးဟာဖြင့် မြွေနဂါးကြီးတစ်ကောင်နဲ့ပဲ တူနေပါသေးတော့။
ကွင်းရေကတော့ စိမ်းလဲ့ကြည်လင်နေတယ်။ ရေအောက်မှာ ငါးကလေးတွေ ကူးသန်းသွားလာ နေတာ ကိုတောင် ဖောက်ထွင်းပြီး မြင်နိုင်ပါတယ်။ ဟောကြည့် စာဖတ်သူရေ၊ ရေအောက်မှာ ပက်လက် ကလေး ကူးနေရှာတဲ့ ငါးကလေးတစ်ကောင်ကို မြင်တယ် မဟုတ်လား။ ငါးနောက်သွားဆိုတာ အဲဒါပေါ့။ ငါးသိုင်းမကလေးကို သွားပိုးတာ မရလို့ ရှက်ပြီး ပက်လက်ကူးနေ တာပါတဲ့။ လူကြီးသူမများ ပြောသံကြားဖူးတယ်။ ဟုတ် မဟုတ်တော့ ကျွန်တော်လည်း အတပ်မပြော နိုင်ဘူး။ သနားစရာ ငါးမျက်နှာငယ် ကလေးပေါ့ ခင်ဗျာ။
ငါးသိုင်း၊ ငါးမြစ်ချင်း၊ ငါးဟင်းငံ၊ ငါးခုံးမ၊ ငါးဖယ်အောင်း စတဲ့ ငါးတွေ ကူးသန်းသွားလာနေတာကို လည်း မြင်နိုင်ပါတယ်။ ဒါတွေကတေ့ အဆန်းတကြယ် မဟုတ်လို့ စာဖတ်သူရဲ့ မျက်စိကို ရေအောက်မှ ဘေးပတ်ဝန်းကျင်သို့ ပြန်ပြောင်း ကြည့်ရှုလိုက်ပါဦး။ ပွင့်သစ်စ နေရောင်အောက်မှာ နေစာလှုံနေကြတဲ့ ငှက်မျိုးစုံကို ကြည့်ရအောင်ပေါ့ဗျာ။
ဟောဟို ကမ်းစပ် ရေတိမ်ရာဘက်ဆီကို ကြည့်လိုက်စမ်းပါ။ ရေကလေးစပ်စပ်မှာ ခြေတံရှည်ကြီးတွေနဲ့ သွားလာနေတာ ' ဗိုလ်စားငှက်'လို့ အဲဒီအရပ်က လူတွေ အသိအမှတ်ပြုထားကြတဲ့ 'စနိုက်'ငှက်ပါပဲ။ ဟောဟို ကမ်းစပ်က ကြာတောကြားမှာ ဖြတ်သန်းသွား လာနေတာကတော့ ' ကြာဖက်နင်း' လို့ခေါ်တဲ့ ငှက်ငယ်ပေါ့။ သူတို့ အော်တဲ့အခါမှာ ' ဗျီ...ဗျီ..ဗျီ'လို့ အော်တဲ့အတွက် 'ဘီ'ငှက်လို့လည်း အမည်တွင်သေးတယ်လေ။ သူတို့ ပျံသန်းတဲ့အခါမှာ ခြေထောက်ကို တွဲလျားချပြီး ပျံသန်းတဲ့အတွက် ကြည့်ရတာ တစ်မျိုးကြီးပါပဲ။
ကမ်းစပ်မှာ ခြေတံရှည်ကြီးနဲ့ မတ်တတ်ရပ်ပြီး ရှည်လျားကြီးမားတဲ့ နှုတ်သီးကို ငိုက်စိုက်ချကာ မှိုင်နေ ငိုင်နေတာကတော့ ငှက်ကြီး တုံးစပ်လေ။ အင်မတန် ထိုင်းမှိုင်းလေးလံတဲ့ ငှက်ကြီးတွေပေါ့ခင်ဗျာ။ ဟော ... ပြောရင်းဆိုရင်းပဲ သူ့နှုတ်သီးရှည်ကြီးကို အတောင်ကြားထဲ ထိုးသွင်းပြီး အိပ်ငိုက်နေပါပြီကော။ ချမ်းရှာလွန်းလို့ထင့်။ သူကတော့ ပျံသန်းတဲ့အခါမှာ လေးလံတဲ့ သူ့ကိုယ်ခန္ဓာကြီးကြောင့် နှစ်ပတ် သုံးပတ် လောက် လှည့်ပတ်ပြီးမှ အမြင့်ကို တဖြည်းဖြည်း ပျံတက်နိုင်ရှာတယ်။
ခြေတံရှည်ကြီးတွေနဲ့ ရေစပ်စပ်မှာ လမ်းလျှောက်နေတဲ့ ခရုစုတ်ငှက်ကြီးတွေကိုကော မြင်ရဲ့ မဟုတ်လား။ ခရုကိုသာ ရှာဖွေစားသောက်တတ်တဲ့အတွက် ခရုစုတ်လို့ အမည်တွင်တာ ဖြစ်မှာပါပဲ။ သူတို့ကို ဖမ်းချင် ရင် အလွယ်ကလေးပေါ့ခင်ဗျာ။ နွေရာသီ ညဘက်မှာဆိုရင် သူတို့ဟာ ရေအိုင်နံဘး ကမ်းစပ်မှာ အုပ်ဖွဲ့ပြီး နေလေ့ရှိတယ်။ အဲဒီအခါမှာ ခေါင်းလောင်းကို လှုပ်ပေးလိုက်လို့ ခေါင်းလောင်းသံကိုကြားရင် သူတို့ဟာ နားစိုက်ပြီး ငိုင်နေတတ်ကြတယ်။ ဗြုန်းခနဲ ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးနဲ့ သူတို့ထံကို ထိုးစိုက်ထားပါ။ လက်နှိပ်ဓာတ်မီးရဲ့ အလင်းရောင် ကြောင့် သူတို့မျက်လုံးများဟာ ပြာဝေသွားပြီး ကြောင်နေလိမ့်မယ်။ အဲဒီအခါမှာ သူတို့အနီးကို သူခိုးငတက်ပြားရဲ့ ခြေလှမ်းမျိုးနဲ့ ချွတ်နင်းသွားပြီး အသင့်ဆောင်လာတဲ့ ၀ါးရင်းတုတ် နဲ့ သိမ်းရိုက်လိုက်လျှင် သုံးလေးကောင်ထက် မနည်းရဖို့ကတော့ အေးဆေးပေါ့။ ဒါပေမဲ့ သူတို့ အသားဟာ မာလွန်းလို့ စားမကောင်းလှပါဘူး။ ဟော ပြောရင်းဆိုရင်းနဲ့ စကားထဲက ကျွန်တော့် ဇာတိ တွေကို ပြနေမိပြန်ပြီ။
အကုသိုလ်ဖြစ်သွားပြန်ပြီ ထင်ပါရဲ့။ ဖွဟဲ့ ... လွဲစေ...ဖယ်စေ။
' မယ်ညို' အမည်ရှိတဲ့ ပြာလတ်နွဲ့ရှင်း လှမှန်ကင်း ငှက်ကလေးတွေကိုကော မကြည့်ချင်ဘူးလား၊ ကြည့်ချင်ရင် ဟောစို ကိုင်းတောအကြားမှာ ကြည့်ပေတော့။ နီဝါ၀ါ အမောက်ကလေးနဲ့ စိမ်းလဲ့ညိုပြာ အမွေးအတောင်ကလေးများကြောင့် အင်မတန် တင့်တယ်နေတဲ့ ညိုချောကလေး'မယ်ညို'ကို မြင်ရဲ့ မဟုတ်လား။ အစုအလုပ်နဲ့ သင်းဖွဲ့ပြီး နေတယ်လေ။ သူတို့ရဲ့ အသံတွေကလည်း ဆူဆူညံညံ ရှိလှပါဘိ။ အရိုးအသားများကတော့ အင်မတန် နုနယ် နူးညံ့လှတာမို့ နည်းနည်းကလေး ထိရုံနဲ့ ကျိုးသွား ကြေသွား နိုင်ပါတယ်။ ဖမ်းယူပြီး အိမ်မှာ မွေးထားရင် ယဉ်လွယ်တဲ့ သဘာဝလည်း ရှိပါတယ်။
အလို...လှေဦးနားက နေပြီး ရေထဲ ငုပ်လျှိုးသွားတာက ဘာကောင်ပါလိမ့်။ ဒင်း မပေါ်ဘဲတော့ မနေ နိုင်ပါဘူး။ တစ်နေရာရာမှာ လာပေါ်ရမှာပါပဲ။ ဟော ... လှေနဲ့ အတော်လှမ်းလှမ်းနေရာမှာ လာပေါ် ပါပကော။ သြ ... လက်စသတ်တော့ 'ရေကြက်'လို့ ခေါ်တဲ့ ချာတိတ်ငှက်ကလေးပေကိုး။
အလိုလေး ... ဟိုနားက ရေပြောင်မှာ ကြည့်စမ်းပါဦး။ ဒိုက်ဖောင်ကြီးတစ်ဖောင် မျောနေသလား မှတ်ပါ၊ ဘယ်ဟုတ်လိမ့်မတုံး၊ ဧရာမ ငှက်ကြီးတစ်ကောင် ရေကူးနေတာကိုး။ ထူးပါဘိ၊ ဆန်းပါဘိ။ ဘာငှက်ကြီးများပါလိမ့်။ သြ ... ငယ်စဉ်တုန်းက ကြားနာရဖူးတဲ့ ဒဏ္ဍာရီထဲက မယ်ထွေးလေးကို ချီသွားတဲ့ 'ငှက်ကြီးဝန်ပို' ပါလား။ ရှည်လျားလှတဲ့ နှုတ်သီးကို တည့်မတ်စွာ အောက်စိုက်ထားပြီး မျက်လုံးကလည်း ရေအောက် ကိုသာ စူးစိုက်ရင်း ကူးနေတယ်လေ။ ငါးကိုတွေ့ရင် သူ့ရဲ့ နှုတ်သီးရှည်ကြီးနဲ့ အဆင်သင့် ကော်ပြီး ဖမ်းနိုင်အောင် ထင်ပါရဲ့။ ဒါကြောင့်မို့လည်း န၀ဒေးကြီးက သူ့ရဲ့ ရေလားရတုထဲမှာ 'မြစ်တွေး ၀န်လိုရှုတဆိုလျက်၊ ၀န်ပိုကားဘောင်၊ ယင်ပေါ်ကားလှေ၊ လှော်သော ထွေသို့' လို့ စပ်ဆိုခဲ့တာကို။ ဖောင်နဲ့ လည်း တူပါပေရဲ့။
'ယင်ပေါင်' ငှက်ဘကီးတွေကိုတော့ ဒီအချိန်မှာ မြင်ရခဲလို့ စာဖတ်သူကို မပြနိုင်တဲ့အတွက် ၀မ်းနည်းပါတယ်။ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင်မှာသာ ရေကူးနေတဲ့ ယင်ပေါင်ကို မြင်ရလေ့ရှိတာကိုး။ မမြင် ရတာကို အမြင်လုပ်ပြီး ပြလို့လည်း မဖြစ်ပေဘူးဗျ။ အကြောင်းသိတွေက ဒီကောင် ဖြီးနေတာပဲလို့ ကဲ့ရဲ့မယ့် ဘေးက ရှိနေသေးတယ်။
ဒါပေမဲ့ ဟောဟို ကျူပင်တွေအကြားမှ လည်တိုင်ကိုဆန့်ပြီး ကျွန်တော်တို့ကို မျှော်ကြည့်နေတဲ့ 'ငဟစ်' ကိုတော့ ပြနိုင်ပါသေးတယ်။ စောစောက သူ့အသံသာ ကြားလိုက်ရပြီး သူ့ကိုတော့ မမြင်လိုက်ရဘူး မဟုတ်လား။ အခု သေသေချာချာ ပြန်ကြည့်နိုင်ပါတယ်။ ဟော ... ကျွန်တော်တို့ လှေဟာ သူနဲ့ မနီးမဝေး နေရာ ကို ရောက်လာပြီမို့ လန့်ဖျပ်ပျံသန်းသွားပြီလေ။ နှုတ်ကလည်း အငြိမ်မနေဘဲ အော်သွား လိုက်သေး တယ်။ ' ဟစ် ... ဟစ် ... ဟစ် ... ' တဲ့။
ဒါကြောင့်မို့လည်း အင်းသားကြီးတွေက သူ့ကို ချစ်ကြတာပဲ။ူဟာ လှမြင်ရင် လန့်ဖျပ်ပျံသန်းပြီး ကျယ်လောင် စူးရှတဲ့ အသံနဲ့ အြော်မည်တတ်တာမို့ သူ့အော်သံကို ကြားရင် အင်းသားကြီးများဟာ သူတို့ ပိုင်နက်ဖြစ် တဲ့ ကွင်းထဲ ချောင်းထဲမှာ ပိုက်ခိုးချတဲ့သူ ရောက်နေပြီလို့ သိနိုင်ပြီး နောက်တော်ပါ လူမိုက်များနဲ့ ချက်ချင်းလက်ငငင်း လိုက်တော့တာပါပဲ။ စင်စစ်တော့ အဲဒီ 'ငဟစ်' ငှက်ဟာ အင်းသားကြီး တွေကို အလုပ်အကျွေးပြုနေတဲ့ အင်းသားကြီးများရဲ့ လက်ကိုင်တုတ်ဆိုရင် မမှားပါဘူး'
ဒါကြောင့် 'စိန္တကျော်သူ'က 'ငဟစ်'ကို 'လူပြတ်'လို့ ဘွဲ့ထူးပေးလိုက်တာ ထင်ပါရဲ့။ မယုံရင် မဟာအဓိကရ ကန်တော်မော်ကွန်းကို ရှာကြည့်။ ဟောဒီလို ပါရှိလိမ့်မယ်။
' ရေကြက်ကား ငြင်း၊ ပိန်ညငင်းကား စောင်း၊ မီးတောင်း မိကျောင်း အောင်းကလေးဟင်္သာ၊ ခရာဝမ်းဘဲ၊ နှဲကား ၀န်လို၊ ၀န်ပိုပတ်ဝိုင်း ဗျိုင်းကားကြေးနင်း၊ သောင်တင်းပလွေကျော်၊ စင်ရော် လက်ခုပ်၊ စည်းဆုပ် အောက်ချင်း၊ လင်းကွင်းဘုမ္မတီး၊ ဒုံးကြီးပတ္တလား၊ ငှက်ကျားသံလွင်၊ လွန်းကြင်ကားတေး၊ ပဲ့ထွေး စူးတိုး၊ သံချပ်ထိုးလျက်၊ ကြိုးကြာလက်ဆစ်၊ ငဟစ်လူပြတ်၊ စက္က၀တ်နောက်ထိုင်၊ သံတိုင်ချီချ၊ သီကြမှုတ်တီး၊ တင်ကျီးကျွမ်းထိုး၊ မိုးကိုပျံတက်၊ ရေသို့သက်မှ၊ သက်တုံတက်တုံ၊ အစုံကျွမ်းပစ်၊ ငှက်ပွဲဖြစ်၍၊ နှစ်သက် ရွှင်ပျ၊ မြူးထူးကြရှင့်'
ကျွ်းထိုးနေတဲ့ 'တင်ကျီး'တို့၊ 'အော်ယော' တို့ကိုတော့ ဒီမှာ မမြင်ရပေဘူး။ ချောင်းရိုးရောက်မှ မြင်နိုင်မယ်။ ဗျိုင်းတို့၊ စင်ရော်တို့၊ စွန်တို့ကိုလည်း ချောင်းရိုးရောက်မှ လေ့လာကြည့်ရှုပေတော့။
အလို ... လှေတစ်စင်းဟာ လာရိုးလာစဉ် လှေလမ်းက မလာဘဲ ဒိုက်ပင်တွေကြားက ဖြတ်သန်းပြီး ကျွန်တော်တို့ဆီ လာနေပါကလား။ လှေလယ်က လူမှာ နှစ်လုံးပြူးသေနတ်ကြီးနဲ့လေ၊ သူ့နောက်နားက လူနှစ်ယောက် မှာလည်း ဆောင်ဓားကိုယ်စီနဲ့ပေါ့။ သူတို့မျက်နှာတွေကလည်း လူသားကို အစိမ်းလိုက် ၀ါးစားမယ်လို့ ခြိမ်းခြောက်နေသလို ခက်ထန်လှပါကြလား။ ဘုရား ... ဘုရား ဓားပြလား ... လူဆိုးလား ... သောင်းကျန်း သူလည်း ဖြစ်နိုင်ရဲ့။
အို ... စာဖတ်သူကလည်း အတွေးခေါ်ပြီး ကြောက်မနေစမ်းပါနဲ့။ အကို အင်းသားကြီးပါဗျ။ ငဟစ်အော်သံ ကြားလို့ သူ့ကွင်းထဲ ပိုက်ခိုးချတဲ့လူ ရောက်နေသလားဆိုတဲ့ သံသယနဲ့ သူ့နောကတော်ပါများနဲ့အတူ ကွင်းလိုက်နေတာပါ။ သူ့လက်ထဲက နှစ်လုံးပြူးသေနတ်ကြီးကတော့ သူ့အင်းပိုင်နက်ကို ပိုက်သမား ငါးမျှားတန်း သမားတွေရဲ့ ဘေးရန် ကာကွယ်ရန်အတွက်၊ ဒါမှမဟုတ် အနီးအနားတစ်ဝိုက်မှာ ဗိုလ်ကျ နိုင်ရန် အတွက်လား မသိ။ အစိုးရမင်းများက လိုင်စင်နဲ့ ထုတ်ပေးထားတဲ့ သေနတ်ကြီးပါ။
ဟော ... အခု သူဟာ ကျွန်တော်တို့ကို ပြုံးပြီး နှုတ်ဆက်နေပြီလေ။ ဒါကြောင့်မို့လည်း စာဖတ်သူကို မကြောက်ပါနဲ့လို့ ကျွန်တော်က ပြောတာပေါ့။ သူဟာ လူထုကို ကျွဲနွားလို သဘောထားပေမဲ့ ဗြူရို ကရက်အရာရှိများဆိုရင်တော့ ဖျာလိုလိပ် ထိပ်ပေါ်တင် ကိုးကွယ်ထားပြီး၊ ကျွန်တော်တို့လို ငွေရင်း ကလေး အတော်အတန် ရင်းနှီးနိုင်တဲ့ ကုန်သည်ကလေးများကိုလည်း ထိုက်သင့်သလောက် မျက်နှာသာ ပေးတတ် ပါတယ်။ သူ့အင်းမှာ ငါးကျတဲ့ရက်မို့ ကျွန်တော် လိုချင်တဲ့ ချောမီးနီ ငါးပိကောင် သူ့အင်းမှာ ရနိုင် ပါတယ်တဲ့။ သူ့အင်းတဲက နေပြီး စောင့်နှင့်ပါတဲ့။ သူ ကွင်းလိုက်ပြီးရင် ပြန်လာခဲ့ပါမယ်တဲ့။ အဲဒီတော့ မှ အရောင်းအ၀ယ်စကား ပြောကြတာပေါ့တဲ့။ ကဲ ... သွားလိုက်ကြဦးစို့နော်။ ကိုင်းဟေ့... လှေတော် သားများ ... ယီးလေလေ့ .... ယီးလေးလေး။
ဆက်ရန်
.

No comments:
Post a Comment