Monday, August 23, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၄)

(၁၄)

ရဲဘော်လွတ်ကောက်အမည်ခံ မာတာဘယ်လီ တိုင်းရင်းသား ပြောက်ကျားနှင့် တွေ့ဆုံရန် ကြိုတင် သတ်မှတ်ထားသည့် နေရာမှ ခရိတ်နှင့် ဆယ်လီတို့သည် မြစ်ကမ်းရှိရာဘက်သို့ လှမ်းမျှော်ကြည့် နေကြ သည်။

ထိုနေ့ မွန်းလွဲချိန်သာသာတွင် ခရိတ်သည် ရဲဘော်လွတ်ကောက်နှင့် ညှိနှိုင်း စီစဉ်ထားသည့် အတိုင်း သစ်ရွက်စိမ်း အနည်းငယ်ကို မီးရှို့၍ အချက်ပြခဲ့သည်။ မီးခိုးများကို ရဲဘော်လွတ်ကောက် တို့ မြင်နိုင်ရန် အတွက် မကြာခဏ သစ်ရွက်အသစ်များ မီးပုံထဲသို့ ဖြည့်တင်း ထည့်ပေးခဲ့လေသည်။
ယခု ညနေစောင်းလာပြီဖြစ်၍ ကောင်းကင်တွင် အပြာနှင့် ခရမ်းသွေးရောင်များ သမ်းလျက်ရှိပြီး ညနေခင်း၏  လေကလည်း အေးလာသဖြင့် ဆယ်လီသည် ချမ်းနေပုံရသည်။
“တော်တော် ချမ်းနေသလားကွဲ့” သူမက မေးလိုက်ရာ ဆယ်လီက ခေါင်းညိတ်ပြလေသည်။

“ချမ်းလည်းချမ်းတယ်။ စိတ်လည်း မကောင်းဘူး”
သူမက ၀မ်းနည်းသည့်ဟန်ဖြင့် ပြောရှာသည်။
ခရိတ်လည်း ကရုဏာသက်သွားမိလျက် ဆယ်လီ၏ ပခုံးတစ်ဖက်ကို ယုယစွာ ဖက်ထားလိုက် သည်။ သူမ သည် ရုန်းမထွက်ဘဲ အနွေးဓာတ်ကို ရယူလိုဟန်ဖြင့် ခရိတ်၏ ရင်ခွင်ထဲသို့ တိုးဝင် လိုက်သည်။ ဤတွင် ခရိတ် သည် စိတ်ထဲမှ ကြည်နူးပီတိ ဖြစ်သွားမိသည်။

“အို … ကူဖီလာ၊ သင့်အား ကျွန်ုပ် နှုတ်ဆက်ပါ၏။ သင်သည် ကျွန်ုပ်အား အချက်ပေး၍ ခေါ်ယူ လိုက်သည် မဟုတ်ပါလော”
မာတာဘယ်လီ တိုင်းရင်းသား ဘာသာဖြင့် ပြောသံ ရုတ်တရက် ပေါ်ထွက်လာသဖြင့် ခရိတ်တို့ သည် အံ့အားသင့်သွားမိသည်။ ဆယ်လီသည် ရှက်ကိုးရှက်ကန်းဖြင့် ခရိတ်အနီးမှ ခွာထွက်လိုက် လေသည်။
ရဲဘော်လွတ်ကောက်ခေါ် မာတာဘယ်လီ တိုင်းရင်းသား ပြောက်ကျားသည် သစ်ရွက်များ မီးရှို့ ထားသည့် မီးပုံအနီးသို့ ရောက်နေလေသည်။ သူ၏ လှုပ်ရှားပုံက အလွန်ပိရိလှသဖြင့် သူလာသည့် ခြေသံကိုပင် ခရိတ်တို့ မကြားလိုက်မိချေ။

“အို … ရဲဘော်လွတ်ကောက်၊ ကျွန်ုပ်နယ်မြေအတွင်းမှ ကြံ့ကြီးနှစ်ကောင်ကို သတ်ဖြတ်ပြီး ဦချိုများ ဖြတ်ယူသွားကြချိန်က သင်သည် ဘယ်ရောက် နေပါသနည်း။ ကျွန်ုပ်ပိုင် နယ်မြေနှင့် တိရစ္ဆာန်များ ကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိဝန်ခံချက် ပေးခဲ့သူ သင်သည် အဘယ်အရပ်သို့ ရောက် နေလေသနည်း”
ခရိတ်က မာတာဘယ်လီ ဘာသာစကားဖြင့် ခပ်ထန်ထန် မေးလိုက်သည်။

ရဲဘော်လွတ်ကောက်သည် ချက်ချင်း ပြန်မဖြေဘဲ ခေတ္တ စဉ်းစားနေပြီးမှ
"ယခု ဖြစ်ပွားခဲ့သည်မှာ အဘယ်နေရာ ဘယ်အရပ်တွင် ဖြစ်ပါသနည်း"ဟု ပြန်မေးလေသည်။
ခရိတ်က ကြံ့သေများ တွေ့ရှိရာ နေရာအတိအကျကို ပြောပြလိုက်သည်။
"အို … ကူဖီလာ၊ ထိုနေရာသည် အလွန်ဝေးလှပါ၏။ ကျွန်ုပ်တို့၏ စခန်းနှင့်လည်း အလွန်လှမ်း၏။ ကြံ့ကြီး နှစ်ကောင် အသတ်ခံရခြင်းကို ကျွန်ုပ် မသိလိုက်ပါ။ သို့သော် မစိုးရိမ်ပါလင့်၊ သတ်သွားသူ များကို ကျွန်ုပ်တို့ရအောင် စုံစမ်းပါမည်။ သူတို့နောက်သို့ ကျွန်ုပ်တို့ ခြေရာခံ လိုက်၍ ရှာလျှင် မုချ တွေ့ပါမည်"

ရဲဘော်လွတ်ကောက်က တည်ကြည်လေးနက်သော လေသံဖြင့် ပြန်ပြောရာ ခရိတ်ကလည်း
"ကောင်းပါပြီ၊ ကျွန်ုပ်တို့ အထူးသိလိုသည်မှာ ကြံ့ချိုများကို ငွေပေးဝယ်သူ မည်သူမည်ဝါဖြစ် ကြောင်း ကျွန်ုပ် တို့ သိလိုသည်။ ထိုလူ၏နာမည်ကို တိကျစွာ စုံစမ်းခဲ့ပါလော့"ဟု အမိန့်ပေးလိုက် သည်။
"ကောင်းပါပြီ ကူဖီလာ။ ကြံ့ချိုများ ၀ယ်ယူသူ၏ အမည်ကို ကျွန်ုပ်တို့ ဆက်ဆက် လာပြောပါမည်။ ဤနေရာမှ မီးပုံရှို့ ၍ အချက်ပြ အကြောင်းကြားပါမည်။

နောက်ဆယ့်နှစ်ရက် ကြာသောအခါ ခရိတ်သည် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရင်း ရဲဘော် လွတ်ကောက် က သစ်ရွက်သစ်စိမ်းများ မီးရှို့အချက်ပေးသည်ကို မြင်ရလေသည်။
ဆယ်လီ သည် ကမ္ဘာ့တိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ချုပ်မှ ညွှန်ကြားရေးမှူးတစ်ဦး ဟာရာရေမြို့ သို့ လာရောက်ရန်ရှိသဖြင့် ခရီးဦးကြိုပြုရန် လွန်ခဲ့သော သုံးရက်ခန့်ကပင် စခန်းမှ ထွက်ခွာ သွားပြီဖြစ်၍ ခရိတ်တစ်ယောက်တည်း သတင်းရလျှင်ရချင်း သူမထံသို့ တယ်လီဖုန်းဆက် ရန် ဆယ်လီက မှာသွားသည်။

ခရိတ်သည် ချိန်းဆိုထားသော တောင်ကုန်းငယ်ဆီသို့ သွားလိုက်သောအခါ သစ်ရွက်စိမ်းများ မီးပုံ ရှို့ထားသည်ကို တွေ့ရသော်လည်း ရဲဘော်လွတ်ကောက်၏ အရိပ်အယောင်ကိုမူ လုံးဝ မတွေ့ရ ချေ။
ခရိတ် လည်း စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေရာ ဆယ်မိနစ်ခန့် ကြာသွားတော့မှ ရဲဘော် လွတ်ကောက်၏ အသံကို ကြားရလေသည်။ သူသည် ထုံးစံအတိုင်း ခြေသံမကြားအောင် ချဉ်းကပ် လာပြီး မောင်းပြန် သေနတ် ကိုလည်း အသင့်ကိုင်ထားလေသည်။

"အို … ကူဖီလာ၊ သင်၏နောက်မှ တစ်စုံတစ်ယောက် ခြေရာခံ လိုက်ခဲ့ခြင်းရှိ မရှိ သတိထားကြည့်ခဲ့ ပါ၏လော။ သင်တို့ ကျွန်ုပ်တို့အနေဖြင့် အထူးသတိကြီးစွာထားရန် အလွန် လိုအပ်ပါ၏"
လွတ်ကောက် က ပြောလျှင် ခရိတ်က "ကျွန်ုပ်၏ကြံ့ကြီးများကို သတ်ဖြတ်သူကို တွေ့ခဲ့ပါ၏လော" ဟု မေးလိုက်သည်။
"အသင်သည် ကျွန်ုပ်အတွက် ငွေကို ယူခဲ့ပါ၏လော"
ရဲဘော် လွတ်ကောက်က ပြန်မေးရာ ခရိတ်သည် အင်္ကျီအိတ်ထဲမှ စာအိတ်ထူထူတစ်အိတ်ကို ဆွဲ ထုတ်လိုက် သည်။

"ကျွန်ုပ် ငွေကို အသင့်ယူဆောင်လာခဲ့ပါသည်။ တိရစ္ဆာန် ခိုးသတ်သူများကို သင်တို့ရှာတွေ့ပါ၏ လော"
ထိုအခါ ရဲဘော်လွတ်ကောက်သည် မေးခွန်းကို မဖြေသေးဘဲ ခရိတ်အား ကျီစယ်သလို သဘော ဖြင့် "စီးကရက် ပါလျှင် သောက်လိုပါသည်"ဟု ပြောပြန်သည်။
ခရိတ်က အသင့်ပါလာသော စီးကရက်တစ်ဘူး ထုတ်ပေးလိုက်ရာ ရဲဘော်လွတ်ကောက်သည် ချက်ချင်း စီးကရက် တစ်လိပ်ကို ထုတ်ယူ၍ မီးညှိဖွာလေသည်။
"စီးကရက် သည် သောက်၍ အလွန်ကောင်းလေစွ"
"ကျွန်ုပ်၏ မေးခွန်းကို ဖြေကြားပါလော့"

ခရိတ်က ထပ်မံ၍ မေးလိုက်တော့မှ ရဲဘော်လွတ်ကောက်သည် သူတို့စုံစမ်း သိရှိရချက်ကို ပြောပြ လေသည်။
"ကျွန်ုပ်တို့သည် ကြံ့များသတ်ပစ်ထားရာ နေရာမှ ဂရုစိုက်၍ ခြေရာခံလိုက်ကြည့်ခဲ့ပါ သည်။ လူ သုံးယောက် ၏ ခြေရာများကို တွေ့ရပါသည်။ သူတို့သည် ခြေရာများကို ဖျောက်ဖျက်ပစ်ရန် ကြိုးစား ခဲ့သော်လည်း ကျွန်ုပ် တို့၏ ရအောင်ကြံဖန်ခြေရာခံလိုက်နိုင်ခဲ့ပါသည်။ ထိုလူများ၏ ကျေးရွာက ဤနေရာမှ သုံးရက် ခရီး သွားရသည့် နေရာ ဖြစ်ပါသည်။ ယင်းလူမျိုးတို့သည် ဇမ်ဘေဇီ မြစ်ရိုး တစ်လျှောက် တောင်ကြား ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ပါသည်။ ထိုလူသုံးဦးတွင် ကြံ့ဦးချို ကြီးများ လက်ဝယ် ရှိနေသေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘာတွန်ကာလူမျိုးသုံးဦးအား ကျွန်ုပ်တို့နယ်မြေ တောထဲသို့ ခေါ်သွားပြီး အချိန်ကြာမြင့်စွာ စကားပြောခဲ့ကြပါသည်"

ခရိတ်သည် နားထောင်နေရင်း ကျောချမ်းသွားမိလေသည်။ ရဲဘော်လွတ်ကောက်တို့လို မာတာ ဘယ်လီ တိုင်းရင်းသား ပြောက်ကျားတို့က တောထဲခေါ်သွားပြီး စကားပြောခဲ့သည်ဟု ဆိုခြင်းမှာ စကားကိုလှအောင် ယဉ်ကျေးစွာ ပြောလိုက်ခြင်း ဖြစ်သည်။
စင်စစ်အားဖြင့် ကြံ့ဦးချိုများ လက်ဝယ်ရှိသူ ဘာတွန်ကာ တိုင်းရင်းသားသုံးဦးအား လွတ်ကောက် တို့အဖွဲ့က ဖမ်းဆီး သွားပြီး စစ်ဆေးကြခြင်း ဖြစ်သည်။ စစ်ဆေးရာ၌ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ပြီး စစ်ဆေး မေးမြန်း လေ့ရှိသော မာတာဘယ်လီ တိုင်းရင်းသားတို့အကြောင်း၊ ခရိတ် ကောင်းစွာ သိထား၍ ကျောချမ်း သွားမိခြင်း ဖြစ်လေသည်။ ဤသို့ စဉ်းစားမိပြီးနောက် ခရိတ်က ရဲဘော်လွတ်ကောက်အား မေးခွန်း ထုတ်လေသည်။

"သူတို့က မည်သို့ ပြောပါသနည်း"
"သူတို့ ပြောပြချက်အရ မြို့ပေါ်မှ လူတစ်ယောက်ရှိကြောင်း သိရပါတယ်။ ထိုလူသည် မျက်နှာဖြူ လူမျိုး များကဲ့သို့ ၀တ်စားဆင်ယင်ပြီး ကိုယ်တိုင် မော်တော်ကားကို မောင်းနှင်းသွားလာတတတ် သည်ဟု ဆိုပါသည်။ ကြံ့ဦးချိုများ၊ ကျားသစ်ရေများ၊ ဆင်စွယ်များကို လိုက်လံဝယ်ယူပြီး ဈေးနှုန်း ကိုလည်း အဆ မတန် များများပေးဝယ်တတ်သည်ဟု ပြောပါသည်"
"ကောင်းပါပြီ၊ ဘာတွန်ကာ လူမျိုးသုံးဦးက ထိုလူနှင့် မည်သည့်နေရာ မည်သည့်အချိန်အခါ တွေ့ ဆုံမည် နည်း"

"ထိုလူသည် တစ်လတစ်ကြိမ် လပြည့်နေတိုင်း လာလေ့ရှိသည်ဟု ဆိုပါသည်။ တူတီ သာသနာပြု မစ်ရှင်ကျောင်း မှ ရှန်ဂါနီမြစ်ဘက်သို့ သွားသည့် လမ်းအတိုင်း မော်တော်ကား မောင်း၍လာစဉ် ဘာတွန်ကာ သုံးဦးတို့က ထိုလမ်းတစ်နေရာမှ စောင့်ကြည့်ရမည်ဟု ပြောပါသည်"
ခရိတ် သည် ခေတ္တစဉ်းစားကြည့်ပြီးနောက် သူ၏ဆန္ဒကို ပြောလေသည်။

"အို ရဲဘော်လွတ်ကောက်၊ ထိုသူသုံးဦးအား ဤသို့ ပြောပါလော့။ သူတို့သည် ရှေ့လာမည့် လပြည့် နေ့ည တွင် မူလက စီစဉ်ာထားသည့်အတိုင်း ကြံ့ချိုများနှင့်တကွ ကားလမ်းဘေးတွင် စောင့်နေပါစေ လော့"
"အို ကူဖီလာ၊ ဤသို့ စီစဉ်ခြင်းငှာ မဖြစ်နိုင်ပါ"
"အဘယ်ကြောင့်နည်းလ
"ထိုသူ သုံးဦးစလုံးသည် သေဆုံးကြကုန်ပြီ ဖြစ်ပါသည်"
"သုံးဦးစလုံး သေပြီလော"
ခရိတ် က အံ့အားသင့်စွာ မေးလိုက်ရာ ရဲဘော်လွတ်ကောက်က
"မှန်ပါ၏။ သုံးဦးစလုံး သေဆုံးကုန်ကြပါပြီ"

ဤသို့ ပြောလိုက်စဉ် ရဲဘော်လွတ်ကောက်၏ မျက်လုံးများသည် သွေးအေးအေးဖြင့် ရက်စက် ကြမ်းကြုတ် သူတစ်ဦး ၏ အသွင်ဆောင်နေသည်ကို ခရိတ်က သတိပြုမိလေသည်။
နောက်ထပ်မေးခွန်းကို ဆက်မေးရန် ခရိတ်သည် ၀န်လေးသလို ဖြစ်နေမိသည်။ သူကိုယ်တိုင်က မာတာဘယ်လီ ပျောက်ကျားများအား ကြံ့ခိုးသတ်သူများနောက်သို့ လိုက်ရန်စေခိုင်းလိုက်ခြင်းမှာ အမဲလိုက် ခွေးတစ်အုပ် ကို သားကောင်နောက်သို့ လိုက်ခိုင်းလိုက်ခြင်းနှင့် တူနေပါတကားဟု တွေး မိပြီး၊ မိမိ ကြောင့် တိရစ္ဆာန် ခိုးသတ်သူသုံးဦး သေဆုံးရလေပြီဟု တွေးတောကာ ရှက်သလို စိတ်မကောင်းသလို ဖြစ်မိ လေသည်။

ဤတွင် ရဲဘော်လွတ်ကောက်က စကားဆက်ပြောလေသည်။
"အို … ကူဖီလာ၊ စိုးရိမ်ကြောင့်ကြခြင်း၊ မဖြစ်ပါနှင့်၊ ကျွန်ုပ်တို့က သင့်အတွက် ဦးချိုများကို ယူဆောင် လာခဲ့ပါသည်။ သေဆုံးသူ သုံးဦးကလည်း အောက်တန်းကျသော ဘာတွန်ကာ လူမျိုး များသာ ဖြစ်၍ မည်သို့ မှ စိတ်မကောင်းဖြစ်ရန် မလိုပါ"
ခရိတ်လည်း မည်သို့မှ မတတ်သာတော့သဖြင့် ကြံ့ချိုများကို လက်ခံယူကာ သူ၏ လင်းရိုဗာ ကားဆီသို့ ပြန်လာခဲ့ ရလေသည်။

ဝန်ကြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ စားပွဲပေါ်တွင် ကြံ့ချိုကြီးလေးချောင်း ရောက်ရှိနေပြီ ဖြစ်သည်။ ချိုလေးချောင်း ဆိုသည်မှာ ကြံ့၏ရှေ့ချို အရှည်နှစ်ချောင်းနှင့် နောက်ချိုအတိုနှစ်ချောင်းတို့ပင် ဖြစ် သည်။
"ကြံ့ချို ဟာ အသက်ကြီးသူတွေ အရွယ်ငယ်မူပြန်ပြီး အားရှိစေဖို့ အားဆေးဖော်ရာမှာ အလွန် အစွမ်းထက် တယ်လို့ ဆိုတာပဲဗျ"
ဗိုလ်ချုပ်ဖွန်ဂါဘီရာ က ကြံ့ချိုတစ်ချောင်းကို လက်ဖြင့် အသာစမ်းကြည့်ရင်း ပြောလိုက်ရာ ခရိတ်က ထိုစကား ကို လက်မခံချင်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

"ဒါက လူတွေ့ရဲ့ ယူဆချက်သာ ဖြစ်ပါတယ်။ တကယ် မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေက ကြံ့ချို ကို ဓာတုဗေဒနည်းနဲ့ ဓာတ်ခွဲစမ်းကြည့်ပြီးပါပြီ။ သက်ကြီးရွယ်အိုတွေအတွက် ခွန်အားဖြစ်စေတဲ့ ဓာတ်သတ္တု ရယ် လို့ လုံးဝမပါကြောင်း တွေ့ရှိရပါတယ်"
ခရိတ်က ပြောလိုက်ပြီးနောက် ဆယ်လီက
"ကြံ့ချိုကို အားတိုးဆေးအဖြစ် ယုံယုံကြည်ကြည် အသုံးပြုကြတာတော့ တရုတ်လူမျိုးတွေပဲရှင့်။ သူတို့က ကြံ့ချိုကို ညက်နေအောင် အမှုန့်ကြိတ်ပြီး ဆေးဖော်စားလေ့ရှိတယ်။ သူတို့အနေနဲ့ စိတ်က သိပ်ယုံကြည် နေတော့ စွမ်းချင်လည်း စွမ်းမှာ" ဟု ပြောလေသည်။
"ဘာပဲဖြစ်ဖြစ်လေ၊ လောလောဆယ်မှာတော့ ကြံ့ချိုက အလွန်ဈေးကောင်းနေတယ်။ အာရပ် ရေနံ သူဌေးတွေကဆိုရင် ကြံ့ချိုနဲ့ လုပ်ထားတဲ့ ဓားမြှောင်တစ်လက်ကို တရုတ်အဘိုကြီးတွေ ပေးထား တာထက် အများကြီး ပိုပြီး ဈေးပေးမှာ သေချာတယ်"

ခရိတ်က ထောက်ပြလိုက်သည်။
တစ်ဖန် သူကပင် ဆက်လက်၍ …
"ကြံ့ချိုဈေး ကောင်းတာက အရေးမကြီးဘူး။ အခုဆိုရင် ကျုပ်ရဲ့ ဇမ်ဘေဇီမြစ်ရေများ အပန်းဖြေ စခန်း လုပ်မယ့် နေရာက ကြံ့ကြီးနှစ်ကောင် လျော့သွားပြီး နောက်ထပ်ကြာရင် ဘယ်နှကောင်  အသတ်ခံရမလဲ မပြောတတ်ဘူး"ဟု ပြောလိုက်သည်။
ဝန်ကြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ထိုင်ရာမှထပြီး ခရိတ်နှင့် ဆယ်လီတို့၏ ရှေ့တည့်တည့်တွင် ရပ် လိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ကိုယ်တိုင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ သီးခြား စုံစမ်းထောက်လှမ်း ကြည့်ပါတယ်။ ဒီလို စုံစမ်း ထောက်လှမ်းကြည့်ချက်အရ ဆယ်လီကောက်ချက်ချသလိုပဲ ဖြစ်လိမ့် မယ်လို့ ယူဆ ရတယ်။ အလွန် စနစ်တကျ စည်းရုံးဖွဲ့စည်းထားတဲ့ မှောင်ခို တိရစ္ဆာန်သတ်ဂိုဏ်းကြီး တစ်ခု ရှိနေပြီ ဆိုတာတော့ သေချာတယ်။ တောရိုင်းတိရစ္ဆာန်တွေပေါတဲ့ နယ်မြေတွေက တိုင်းရင်း သားတွေကို ငွေကြေး နဲ့ ဖြားယောင်းညပီး တိရစ္ဆာန်တွေ ခိုးသတ်ခိုင်းနေတယ်ဆိုတာလည်း ကျုပ်တို့ သတင်းရတယ်။

ဒေသခံတိုင်းရင်းသားတွေက တိရစ္ဆာန်တွေကို ခိုးသတ်ဖြတ်လို့ရတဲ့ ဦးချို၊ သားရေ၊ ဆင်စွယ်တွေကို ကြားပွဲစားတွေက ဈေးကောင်းပေးပြီး ၀ယ်ယူနေကြတယ်။ ကြားပွဲစားဆိုတာ ကလည်း အပြင်လူကနည်းပြီး ဌာနဆိုင်ရာ ၀န်ထမ်းငယ်တွေက များတယ်။ တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေးဌာနက ၀န်ထမ်းငယ်တွေဆိုပါတော့။ ပွဲစားတွေက ၀ယ်ယူရရှိတဲ့ ဆင်စွယ်၊ သားရေ၊ ဦးချိုတွေကို လုံခြုံတဲ့တစ်နေရာမှာ ၀ှက်ထားလိုက်ပြီး အတော်များများ စုဆောင်းမိပြီဆိုတော့မှ အားလုံးကို တစ်ချီတည်း ပြည်ပ ကို ခိုးထုတ်ယူတတ်တယ်လို့လည်း သိရတယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် စကားကို ခေတ္တ ဖြတ်လိုက်ပြီး တစ်စုံတစ်ခု လေးလေးနက်နက် စဉ်းစား ဟန်ဖြင့် ခေါက်တုံ့ ခေါက်ပြန် စင်္ကြံလျှောက်လျက် ဆက်ပြောလေသည်။

"သူတို့ လုပ်လေ့ရှိတာက မှောင်ခိုကြံ့ချိုနဲ့ ဆင်စွယ်တွေကို အဲယားဇင်ဘာတွေ လေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီ ရဲ့ လေယာဉ်နဲ့ တန်ဇန်နီယာနိုင်ငံ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ဒါအေဆာလမ် မြို့ကို တင်ပို့ တတ်တယ်။ ဟိုရောက်တော့ ဘာဆက်လုပ်တယ်ဆိုတာ ကျုပတို့ မသိသေးပေမယ့် အဲဒီဆိပ်ကမ်းမြို့မှာ အသင့် ရှိနေတဲ့ ဆိုဗီယက် သို့မဟုတ် တရုတ်ကုန်သင်္ဘော တစ်စင်းစင်းပေါ် တင်ပြီး သယ်ဆောင်သွားတာ ဖြစ်ဖို့ များတယ်"

ထိုစကားကို ဆယ်လီက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်ရှင့်၊ ဆိုဗီယက်တွေဆိုတာက တောရိုင်းတိရစ္ဆာန်တွေ မျိုးဆက်မပြတ်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး ကို လုံးဝဂရုစိုက်တာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က နိုင်ငံခြားငွေ ရရှိ ရေးအတွက် သားမွေး အင်္ကျီ လုပ်ဖို့ သတ္တ၀ါတွေ အစုလိုက် အပြုံလိုက် သတ်တာတို့၊ ပင်လယ်က ဝေလငါးကြီးတွေ အဆက် မပြတ် လိုက်ဖမ်းသတ်တာတို့ လုပ်နေကြတယ် မဟုတ်လား"
ဤတွင် ခရိတ်သည် တစ်စုံတစ်ရာ စဉ်းစာမိသဖြင့်
"ဒါထက် ဗိုလ်ချုပ်ခင်ဗျား၊ အဲယားဇင်ဘာတွေလေကြောင်း ပို့ဆောင်ရေးဌာနက ဘယ်ဝန်ကြီးဌာန လက်အောက် မှာ ရှိပါသလဲ"ဟု မေးလိုက်သည်။

"လေကြောင်း ပို့ဆောင်ရေးဌာနက ၀န်ကြီးတွန်ဂါတာရဲ့ တိုးရစ္စခရီးသွားလာရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိပါတယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ဖြေလိုက်ချိန်တွင် အားလုံး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြ လေသည်။
ဖွန်ဂါဘီရာက စကားဆက်ပြောပြန်သည်။

"ကျုပ်တို့ စုံစမ်းထောက်လှမ်းလို့ သိရှိထားတာကို ဆက်ပြောပါမယ်။ တိရစ္ဆာန်တွေ ခိုးသတ်ပြီး ရရှိတဲ့ ဆင်စွယ်တွေ၊ ကြံ့ချိုတွေကို ဟာရာရေမြို့တော်ကို တစ်နေ့တည်း တစ်ချိန်တည်း ရောက် လာအောင် လျှို့ဝှက်သယ်ယူလာတတ်တယ်။ ဒါက နိုင်ငံခြားကို ခိုးထုတ်ဖို့ အစီအစဉ် ကြိုတင် လုပ်ပြီးရင် လုပ်လေ့ရှိတဲ့ နည်းပါပဲ။ အဲဒီပစ္စည်းတွေ ရောက်လာတာနဲ့ ဘယ်နေရာမှာမှ သိုလှောင် မထားဘဲ တိုက်ရိုက် လေယာဉ်ပေါ် တင်ပြီး ချက်ချင်း ထုတ်သွားလေ့ရှိတယ်"
"ဒါမျိုးကို မကြာခဏ လုပ်တတ်ပါသလား။ တစ်လ ဘယ်နှကြိမ်လောက် ဖြစ်တတ်သလဲ"

ခရိတ်က သူ သိလိုသော အချက်ကို မေးလိုက်ရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် အခန်းထောင့် တစ်နေရာတွင် ရပ်နေသော သူ၏ တပည့်အား လှမ်းကြည့်လိုက်သည်။ ခရိတ်၏ မေးခွန်းကို ဖြေရန် အချက်ပေးသည့် အနေ ဖြင့် လှမ်းကြည့်လိုက်ခြင်းပင် ဖြစ်သည်။ ထိုတပည့်မှာ ဖွန်ဂါဘီရာ၏ လက်ရွေးစင် တပ်ဖွဲ့ တတိယ တပ်မဟာ မှ ဗိုလ်ကြီး (ကက်ပတိန်) နီဘေဘီပင် ဖြစ်သည်။
နီဘေဘီ သည် ၀န်ကြီး၏ အချက်ပေးလိုက်ခြင်းကို နားလည်သဖြင့် ဖြေကြားလေသည်။

"ဒါက ရာသီဥတု အခြေအနေပေါ် တည်ပါတယ်။ မိုးရာသီဆိုရင် မြက်ပင်ကြီးတွေ ရှည်နေပြီး တောထဲမှ အမဲလိုက်လို့ အခြေအနေက မကောင်းတတ်ပါဘူး။ သို့သော်လည်း မိုးကုန်ပြီး ရာသီဥတု ကောင်းလာတဲ့အခါ တိရစ္ဆာန် ခိုးသတ်ဂိုဏ်းတွေဟာ ပိုပြီး သွက်သွက်လက်လက် လှုပ်ရှားနိုင်ကြ တယ်။ ဆင်စွယ်နဲ့ ကြံ့ချိုတွေကို များများနဲ့ မြန်မြန်စုဆောင်းနိုင်ပြီး ပြည်ပကို ခဏခဏ ခိုးထုတ် နိုင်ကြပါတယ်။ လောလောဆယ် ကျွန်တော်တို့ ရရှိထားတဲ့ သတင်းတွေအရ လာမယ့် ရက်သတ္တ ပတ် အနည်းငယ်အတွင်း ဆင်စွယ်နဲ့ ကြံ့ချိုတွေ ပြည်ပကို ခိုးထုတ်ဖို့ အသင့်ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်"

ကက်ပတိန် နီဘေဘီက ပြောနေစဉ်မှာပင် ဗိုလ်ချုပ်ဖွန်ဂါဘီရာက ရုတ်တရက် ကြားဖြတ်လျက် …
"ကျေးဇူးတင်ပါတယ် ကက်ပတိန်" ဟု ပြောလိုက်ပြီးနောက် သူကိုယ်တိုင် ခရိတ်အား ဆက်ပြော လေသည်။
"နောက်တစ်ခု ကျုပ်တို့ စုံစမ်းသိရှိရတာက ဆင်စွယ်နဲ့ ကြံ့ချိုတွေ ပြည်ပကို ထုတ်တဲ့အခါ တိရစ္ဆာန် မှောင်ခိုသတ်ဂိုဏ်းကြီးရဲ့ ထိပ်သီးခေါင်းဆောင် ကိုယ်တိုင် ပါဝင်စီစဉ်လေ့ ရှိတယ်လို့ဆိုတယ်။ ဥပမာ မြေမြှုပ်ဗုံးတွေရှိတဲ့ နေရာဟောင်းထဲကို ဆင်အုပ်ကြီး မောင်းသွင်းပြီး သတ်ကြတုန်းက ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ ဆိုတယ်။ အဲဒါ ဆယ်လီကိုယ်တိုင် ဓာတ်ပုံ ရိုက်ယူခဲ့တဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကျုပ်တို့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဟာ (ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိဘူး) စစ်တပ် ရဟတ်ယာဉ် တစ်စင်းနဲ့ သွားခဲ့တယ်လို့ သိရတယ်။ နောက်ပြီး ဆင်စွယ်နဲ့ ကြံ့ချိုတွေ နိုင်ငံခြားကို တင်ပို့တုန်းက အဲဒီဝန်ကြီးကိုယ်တိုင်  ရှိနေတယ်လို့ သိရတယ်"

"ဧကန္တ၊ အဲဒီဝန်ကြီးက သူ့ဂိုဏ်းသားတပည့်တွေကို ရာနှုန်းပြည့် ယုံကြည် စိတ်ချမှု မရှိလို့ ဖြစ်ရ မယ်"
ခရိတ်က သူ၏ထင်မြင်ချက်ကို ၀င်ပြောလိုက်သည်။
"ဒါတော့ သူ့ဂိုဏ်သား တပည့်ဆိုသူတွေ အလွန်ရက်စက် ယုတ်မာတဲ့သူတွေ ဖြစ်နေတော့ ခေါင်းဆောင်ကြီးကလည်း သူ့လူတွေကို စိတ်မချလို့ ဖြစ်မှာပေါ့"
ဆယ်လီက တိရစ္ဆာန် မှောင်ခိုသတ်သူများအား အလွန်စက်ဆုပ် မုန်းတီးဟန်ဖြင့် ၀င်ပြောလိုက် သည်။
ဝန်ကြီးချုပ် ဖွန်ဂါဘီရာကမူ မည်သို့မှ စိတ်လှုပ်ရှားဖြစ်ဟန်မတူချေ။

"နောက်တစ်ကြိမ် ဆင်စွယ်နဲ့ ကြံ့ချိုတွေ ပြည်ပကို ခိုးထုတ်မယ်ဆိုရင် ကျုပ်တို့က ကြိုတင် သတင်း ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့လူတစ်ယောက်က မှောင်တိရစ္ဆာန် ခိုးသတ်ဂိုဏ်းထဲ ကို ထိုးဖောက် ၀င်ရောက်နိုင်ခဲ့လို့ပါပဲ။ ကျုပ်တို့လူက အဲဒီဂိုဏ်းထဲမှာ ပါဝင်ပြီး ကျုပ်တို့ရဲ့ သူလျှို အဖြစ် သတင်း တွေ ပေးနိုင်တယ်။ ဒီတော့ ကျုပ်တို့လုပ်မယ့် အစီအစဉ်က ကျုပ်တို့က သင်္ကာ မကင်းဖြစ်နေတဲ့လူရဲ့ လှုပ်ရှားမှု ကို သတိထား စောင့်ကြည့်နေမယ်။ အထောက်အထားနဲ့တကွ ပိုင်တော့မှ လက်ပူးလက်ကြပ် မိအောင် တစ်ချီတည်း ဖမ်းလိုက်မယ်။ ဒီလိုမှ ထိပ်သီးခေါင်းဆောင် ကို ဖမ်းမမိရင်တောင်မှ နိုင်ငံခြား ခိုးထုတ် မယ့် ဆင်စွယ်နဲ့ ကြံ့ချိုတွေကို လေဆိပ်မှာ ဖမ်းဆီး သိမ်းယူလိုက်ပြီး လူတွေကိုပါ ဖမ်းလိုက်မယ်။ ဖမ်းမိတဲ့ မှောင်ခိုဂိုဏ်းသား တစ်ယောက်ယောက်ကို အစိုးရသက်သေဖြစ်လာအောင် စည်းရုံး လိုက်မယ် ဆိုရင် သူ့ဆီက ဂိုဏ်းရဲ့အတွင်းရေး သတင်း တွေ ဧကန်မုချ သိရမှာပဲ"

ဖွန်ဂါဘီရာက ဤသို့ ပြောနေစဉ် ခရိတ်သည် သူ၏မျက်နှာကို အကဲခတ်ကြည့်နေမိရာ အလွန် စက်ဆုပ် မုန်းတီးစိတ် ဖြစ်ပေါ်နေသည့် အသွင်မျိုးရှိကြောင်း သတိပြုမိလေသည်။ မာတာဘယ်လီ  လူမည်း ပြောက်ကျား ရဲဘော် လွတ်ကောက်က ကြံ့ကြီးနှစ်ကောင် ခိုးသတ်သူ ဘာတွန်ကာ လူမျိုး သုံးဦး သေဆုံး သွားပြီ ဖြစ်ကြောင်း သတင်းပို့စဉ်က မျက်နှာထားမျိုး ဖြစ်လေသည်။
သို့ရာတွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ မျက်နှာ၌ ပေါ်လွင်လာသော စက်ဆုပ်မုန်းတီးသည့်  စိတ် လှုပ်ရှားမှုသည် အခိုက်အတန့်မျှသာ ဖြစ်သည်။ ချက်ချင်းပင် ဖွန်ဂါဘီရာသည် မျက်နှာထား ပြန် ပြောင်းကာ သူ၏စားပွဲတွင် ပြန်ထိုင်ပြီး တည်ငြိမ်အေးဆေးစွာနှင့်ပင် စကားဆက်ပြောလေသည်။

"ကျုပ် ခင်ဗျားတို့ကို ပြောခဲ့ပြီးတဲ့အတိုင်း ကျုပ်တို့အနေနဲ့ လူတစ်ယောက်ကို ဖမ်းဆီးတော့မယ် ဆိုရင် ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိမှ ဖြစ်မယ်။ လူသက်သေဆိုရင် ဘက်မလိုက်တဲ့ ကြားနေ လူတစ်ယောက် ဖြစ်ဖို့လိုတယ်။ ဒါကြောင့် ကျုပ်တို့က မှောင်ခိုဂိုဏ်းကို ဖမ်းဆီးတဲ့အခါ ခင်ဗျားတို့ နှစ်ယောက် စလုံးက သက်သေအဖြစ် ပြင်ထားပါ။ နောက်ရက်သတ္တနှစ်ပတ်အတွင်း ခင်ဗျားတို့ တစ်နေရာ သွားစရာ ရှိရင်လည်း အရေးပေါ်လာရင် ဘာမှာ ဆက်သွယ်ရမယ်ဆိုတာကို ကက်ပတိတန် နီဘေဘီကို အကြောင်း ကြားထားစေချင်တယ်"
ထိုမျှနှင့် တွေ့ဆုံဆွေးနွေးခန်း ပြီးဆုံးသွားလေသည်။

နှုတ်ဆက်၍ ပြန်ခါနီးတွင် ခရိတ်သည် တစ်စုံတစ်ခု သတိရမိဟန်ဖြင့် ဗိုလ်ချုပ်ဖွန်ဂါဘီရာအား  မေးခွန်းတစ်ခု မေးလေသည်။
"ဒါထက် ဗိုလ်ချုပ်၊ ဇင်ဘာဘွေနိုင်ငံမှာ တိရစ္ဆန်တွေ တရားမ၀င် သတ်ဖြတ်မှုကျူးလွန်ရင် ဥပဒေ အရ ဘယ်လို အထိ အပြစ်ဒဏ်ပေးနိုင်ပါသလဲ"
"တည်ဆဲ ဥပဒေအရတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်နှစ်ခွဲအထိ အပြစ်ပေးလို့ရတယ်"
"ဟာ......ဒါတော့ နည်းလွန်းတယ်ဗျ"

ခရိတ်က သူချစ်မြတ်နိုးသော တရစ္ဆာန်များ အတုံးအရုံး သေဆုံးနေပုံကို  မြင်ယောင်မိရင်း မကျေမနပ်ဖြစ်ဟန်နှင့် ပြောလိုက်သည်။
"ဟုတ်ပါတယ်။ လက်ရှိဥပဒေအရ ပေးနိုင်တဲ့ ပြစ်ဒဏက် နည်းလွန်းတာအမှန်ပါပဲ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရက်ပဲ ကျုပ်ကိုယ်တိုင် ပါလီမန်လွတ်တော်မှာ  အဲဒီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း တစ်ရပ် တင်သွင်း ခဲ့ပါတယ်။ အခု ကြာသာပတေးနေ့ကျရင် လွှတ်တော်ကိုယ်စားလှယ်များက အကျေ အလည်  ဆွေးနွေး ကြပြီး ထောက်ခံကြမယ်ဆိုရင် အဲဒီဥပဒေသစ်ဟာ  အတည်ပြုပြဌာန်းပြီး ဖြစ်သွားပါလိမ့်မယ်"

"ဗိုလ်ချုပ် တင်ခဲ့တဲ့ ပြင်ဆင်ချက် ဥပဒေအရ အများဆုံးအပြစ်ဒဏ်က ဘယ်လိုပါပဲ"
ဆယ်လီက ကြားဖြတ် ၀င်မေးလိုက်သည်။
"တောရိုင်းတိရစ္ဆာန်တွေကို တရားမ၀င် မှောင်ခိုသတ်ဖြတ်ခြင်း၊ တိစ္ဆာန်များနှင့်တကွ ဆင်စွယ်လို ကြံ့ချိုလို ပစ္စည်း တွေ ရောင်းဝယ်ခြင်း၊ နိုင်ငံခြား ခိုးထုတ်ခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား ရင်  ဒဏ်ငွေ ဒေါ်လာ တစ်ထောင် အပြင်အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ဆယ့်နှစ်နှစ်အထိ အပြစ်ပေး နိုင်လိမ့်မယ်"
သည်တော့ မှ ခရိတ်က ခေါင်းညိတ်လိုက်သည်။
"ထောင်ဒဏ် ဆယ့်နှစ်နှစ်အထိ အပြစ်ပေးနိုင်တယ်လား၊ ဒါဆိုရင် လုံလောက်ပါတယ်။


များမကြာမီ ဗိုလ်ချုပ်ဖွန်ဂါဘီရာထံမှ ဆင့်ခေါ်ယူသည့် အကြောင်းကြားချက် ရောက်ရှိလာလေ သည်။
တစ်ခုသော နံနက်ခင်း၌ ခရိတ်သည် သူ၏ အိုဗာဆီယာ (အလုပ်ကြီးကြပ်သူ) ဂရိုနီဝေါလ် ဆိုသူနှင့် အတူ နွားစားကျက် မြေများ လျောက်ကြည့်ရှုစစ်ဆေး၍ စခန်းသို့ ပြန်ရောက်လာပြီးနောက် စားဖို မှူးကြီး ဂျိုးဇက် ၏ လက်ရာ နံနက်စာကို အားပါတရစားသောက်နေစဉ် တယ်လီဖုန်းလာလေသည်။

"ဟဲလို...... မစ္စတာခရိတ် ဟုတ်ပါသလား။ ကျွန်တော် ကက်ပတိန် နီဘေဘီစကားပြောနေ ပါတယ်။ ဗိုလ်ချုပ်ဖွန်ဂါဘီရာသက ခင်ဗျားကို သူ့ရဲ့စစ်ဆေးရေးဌာနချုပ်ရုံးမှာ အမြန်ဆုံး လာတွေ့ ဖို့ပြောပါတယ်။ တိရစ္ဆာန် မှောင်ခိုသတ်တဲ့ ဂိုဏ်းခေါင်းဆောင်ဟာ ဒီနေ့ညပဲ လှုပ်ရှားလိမ့်မယ်လို့ ကျွန်တော်တို့သတင်း ရထားပါတယ်။ မစ္စတာခရိတ်အနေနဲ့ ဘယ်တော့လောက် လာနိုင်မလဲ၊
"ဒီနေရာက မော်တော်ကားနဲ့လာရင် အနည်းဆုံး အခြောက်နာရီကြာမှာဗျ"
ခရိတ်က ပြန်ပြောလိုက်သည်။

"မစ္စဆယ်လီက လေယာဉ်နဲ့လာခေါ်ဖို့အခုပဲ လေယာဉ်ကွင်းကို သွားနေပါပြီး။ နောက်နှစ်နာရီ လောက်ကြာရင် ကင်းလင်ြးံခံကြီးကို သူရောက်လာပြီး ခင်ဗျားကို လာခေါ်ပါလိမ့်မယ်။
ချက်ချင်းပင် သူတို့နှစ်ဦးသည် ဟာရာရေမြို့ လေဆိပ်သို့ တိုက်ရိုက်ပျံသန်းသွားကြပြီးနောက် လေဆိပ်မှ တဆင့် ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ စစ်ဆင်ရေးဌာနချုပ်ပြုလုပ်ထားသော မာစီဝါနီ တောင် ကုန်းဒေသသို့ ဆယ်လီ က မော်တော်ကားဖြင့် မောင်းပို့လေသည်။

သူတို့၏ မော်တော်ကားသည် ဂိတ်ဝသို့ရောက်သည်နှင့် ခြံဝင်းအတွင်းလူတွေ အတော်များများ လှုပ်လှုပ်ရှားရှားနှင့် အလုပ်မျာနေကြသည်ကို သတိပြုမိကြသည်။
အိမ်ရှေ့မြက်ခင်းပြင်တွင်  ဖရီလွန် အမျိုးအစား ရဟတ်ယာဉ်ကြီးတစ်စင်းဆိုက်ထားပြီး လေယာဉ်မှူး (ပိုင်းလော့) နှင့် လေယာဉ်အင်ဂျင်နီယာတို့က ရဟတ်ယာဉ်အနီးတွင် ရပ်စောင့် နေကြသည်။
စစ်တပ်သုံး ကုန်တင်လောလီကားကြီးလေးစီးက အိမ်၏နောက်ဘင်တွင် ရပ်ထားပြီး ကားကြီးမျာအ နီးတွင် တတိယ တပ်မဟာမှ စစ်သည်များ တိုက်ပွဲဝတ်စုံအပြည့်အစုံဖြင့် စုရုံးရောက်ရှိနေကြသည်။
စစ်သား များကလည်း တိုက်ပွဲတစ်ခု ၀င်အံ့ဆဲဆဲ စိတ်ဓာတ်တက်ကြွနေသည့်ဟန်မျိုး ဖြစ်နေကြ ကြောင်း ခရိတ်က သတိပြုမိလေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ ရုံးခန်းကိုလည်း ယာယီစစ်ဆင်ရေးဌာနချုပ် ပြုလုပ်ထားလေသည်။ အခန်း တွင်း၌ စားပွဲရှည်ကြီး နှစ်လုံးချထားပြီး နံရံတွင်မူ  စစ်တပ်သုံးမြေပုံကြီးများ ကပ်ထားလေသည်။ စားပွဲတစ်လုံးတွင် တပ်မဟာမှ  အရာရှိငယ်သုံးဦးထိုင်နေကြသည်။

ဒုတိယစားပွဲကား ရေဒီယိုဆက်သွယ်ရေး စက်တစ်လုံး တင်ထားသော ရေဒီယိုစက်ရှေ့တွင် ထိုင် နေသူတာဝန်ကျ အော်ပရေတာအနီး၌ ကက်ပတိန် နီဘေဘီကရပ်နေကာ သူကိုယ်တိုင် မိုက်ခရို ဖုန်း(စကားပြောခွက်)ထဲသို့ တစ်စုံတစ်ခု ပြောနေလေသည်။ ရှိနာ တိုင်းရင်းသား ဘာသာဖြင့် ပြေနေဖြင့် ပြောနေခြင်းဖြစ်၍ ခရိတ်က နားမလည်ချေ။
ရံဖန်ရံခါ  ကက်ပတိန်နီဘေဘီသည် သူ၏အနီးရှိ လူမည်းဆာဂျင် (တပ်ကြပ်ကြီး) တစ်ဦးအား ရှိုနာ ဘာသာဖြင့် အမိန့်ပေးလိုက်လျှင် တပ်ကြပ်ကြီးက မြေပုံတွင် စိုက်ထားသော အလံငယ်များကို နေရာ ရွှေ့ပြောင်းလိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အလွန်အလုပ်များနေပုံရပြီး ခရိတ်နှင့်ဆယ်င်္လတို့အာ နှုတ်ဆက်ရုံနှုက် ဆက်ပြီး အခန်းတွင်းရှိ ခွေခြေခုံငယ်များတွင် ထိုင်စေကာ သူကတော့  တယ်လီဖုန်းဆက်ပြော နေလေသည်။ ပြောပြီး၍ တယ်လီဖုန်း စကားပြောခွက်ကို ပြန်ချကာ ခရိတ်တို့အား စကားပြောလေ သည်။

"ဆင်စွယ်နဲ့ ကြံ့ချိုတွေ လျှိုဝှက်သိုလှောင်ထားတဲ့ နေရာသုံးခုကို  ကျုပ်တို့သိထားပြီးပြီ၊ တစ်ခုက ချီမာနီမာနီတောင်နားမှာရှိပြီး  သိုလှောင်ထားတဲ့ပစ္စည်းက ဆင်စွယ်နဲ့၊ကျားသစ်ရေတွေဖြစ်တယ်။ နောက်တစ်ခုက တောင်ဘက်က ချီရေဇီအရပ်မှာရှိတဲ့ ကုန်လှောင်ရုံတစ်ခုဖြစ်တယ်။ အဲဒီမှာလည်း ဆင်စွယ် တွေပဲများတယ်။ တတိယမြောက်နေရာက မြောက်ဘက်မှာရှိတယ်။ အခုလောလောဆယ် တူရကီ သာသနာပြု မစ်ရှင်ကျောင်းမှာ ရှိနေတယ်လို့ ယူဆရသည်။ အဲဒီ တတိယမြောက် ကုန်ပစ္စည်းတွေက အဖိုး အတန်ဆုံးပဲ၊ ဆင်စွယ်နဲ့ကြံ့ချိုကြီးတွေ ဖြစ်တယ်။

ထိုအချိန်၌ ကယ်ပတိန်နီဘေဘီက စာရွက်တစ်ရွက် လှမ်းပေးသဖြင့် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ယူ၍ ဖတ်ကြည့်ပြီး
"သြော်...... ကောင်းတယ်၊ တစ်စုနှစ်ခုကို မြောက်ဘက်လမ်း၊ ကာရိုဘီအရပ်ထိအောင် ရွှေ့ပြောင်း ချထားလိုက်"ဟု အမိန့်ပေးလိုက်သည်။
ပြီးတော့ မှ သူသည် ခရိတ်ဘက်သို့ ပြန်လှည့်လာသည်။

"ဒီစစ်ဆင်ရေးကို ကျုပ်တို့က လျှို့ဝှက်စကားဝှက် ဘာဒါလို့ အမည်ပေးထားတယ်၊ ဘာဒါဆိုတာ က ကျုပ်တို့ရှိုနာ ဘာသာစကားနဲ့ ကျားသစ်လို့  အဓိပ္ပာယ်ရတယ်၊ စစ်ဆင်ရေးကာလအတွင်းမှာ ကျုပ်တို့အနေနဲ့ မသင်္ကာတဲ့လူ (တရားခံ)ကို ဘာဒါလို့ပဲ ခေါ်ကြမယ်။
ခရိတ်ကနားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်လျှင် ဖွန်ဂါဘီရာက ဆက်ပြောလေသည်။

"ကျူပ်တို့ အခုပဲ သတင်းရတာက ဘာဒါဟာ ဟာရာရေမြို့တော်က ထွက်ခွာသွားပြီလို့ သိရ တယ်။ သူဟာ အစိုးရက ထုတ်ပေးထားတဲ့ သူ့ မာစီဒီးကားနဲ့ ထွက်သွားတယ်။ ကားပေါ်မှာတော့ ယာဉ်မောင်းသူတစ်ယောက်နဲ့လက်နက်ကိုင်(ဘော်ဒီဂတ်) ကိုယ်ရံတော်နှစ်ဦး ပါသွားတယ်လေ၊ လူသုံးဦးစလုံးက မာတာဘယ်လီ လူမျိုးတွေချည်းပဲ"
"အခု သူက ဘယ်ဘက်ကို ထွက်သွားတာတဲ့လဲ ရှင့်"
ဆယ်လီက ဖြတ်၍ မေးလိုက်သည်။
"ခုချက်ချင်း မပြောနိုင်သေးဘူး၊ လောလောဆယ်တော့ မြောက်ဘက်ကို သွားနေတယ်လို့ ဆိုတယ်။

"အခု ရှင်တို့က မှောင်ခိုဆင်စွယ်နဲ့ ကြံ့ချိုတွေအကြီးအကျယ် ခိုးထုတ်တာကို လက်ပူးလက်ကြပ် ဖမ်းမိအောင် သွားကြမှာပါ့"
ဆယ်လီက ပြောလိုက်ချိန်တွင် သူမ၏ မျက်လုံးမျာသည် စူးရှတောက်ပြောင်နေပေသည်။ ပွဲကြီးပွဲ ကောင်း ဆင်နွှဲရတော့မည်ဟု စိတ်ဓာတ်တက်ကြွနေသည့် စစ်သည်တစ်ယောက်ကဲ့သို့ အသွင် ဆောင်နေသည်။  ခရိတ်ကိုယ်တိုင်ကလည်း လှုပ်ရှားတက်ကြွ နေမိလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာက ဆက်ပြောပြန်သည်။

"ဟုတ်တယ်၊ မှောင်ခိုဆင်စွယ်နဲ့ ကြံ့ချိုတွေ အကြီးအကျယ် ပြည်ပခိုးထုတ်မှာကို ကျုပ်တို့က ပက်ပင်းမိအောင် သွားဖမ်းကြမှာဖြစ်တယ်။ တကယ်လို့သာ ဘာဒါကမြောက်ဘက်ကို သွားမယ်ဆို ရင် ဘယ်လိုလုပ်မယ်ဆိုတာ ရှင်းပြပါမယ်။ ချီမာနီမာနီနဲ့ ချီရေဇီအရပ်တွေက သယ်လာမယ့် မှောင်ခို ပစ္စည်း တွေကို ကျုပ်တို့က ဘာမှမဟန့်တားဘဲ  လေဆိပ်ထိအောင် သွားတာကို အသာကြည့်နေလိုက်မယ်။ လေဆိပ်ကို ရောက်တော့မှပဲ ကျုပ်တို့က ၀င်ဖမ်းလိုက်မယ်။ ကုန်တင်ကား မောင်းသူတွေကပါ နောက်ပိုင်း အစိုးရ သက်သေအဖြစ် အသုံးပြုဖို့ ဖမ်းထားလိုမယ်။ သတို့ ကားကြီးတွေသွားတဲ့ လမ်းတလျှောက်လုံးကို ကျုပ်တို့ တပ်တွေက မျက်ခြေမပြတ် လိုက်ကြည့်နေမှာပဲ။ အဲဒီပစ္စည်းတွေ လျှိုဝှက်သိုလှောင်ထားတဲ့  ကုန်လှောင်ရုံ (ဂိုဒေါင်)ပိုင်ရှင်တွေ ကလည်း ကားကြီးတွေ မောင်းထွက်သွားတာနဲ့ ဖမ်းထားလိုက်မယ်"

ခရိတ်နှင့် ဆယ်လီတို့သည် အထူးစိတ်ဝင်စားစွာဖြင့် နားထောင်နေကြစဉ် ဖွန်ဂါဘီရာက ဆက်ပြော လေသည်။
"တကယ်လို့ ဘာဒါက အရှေ့သို့မဟုတ်  တောင်ဘက်စူးစူးသို့ သွားမယ်ဆိုရင် ကျုပ်တို့ စစ်ဆင် ရေးကလည်း  အဲဒီဘက်ကို ရွှေ့ပြောင်းပြီး ဆက်လုပ်ကြမယ်။ သို့သော်လည်း တန်ဖိုးအရှိဆုံး၊ ပစ္စည်းတွေက မြောက်ဘက် မှာ ရှိနေတဲ့အတွက် ဘာဒါဟာ မြောက်ဘက်ကိုပဲ သွားလိမ့်မယ်လို့ ကျုပ်တို့ ကောက်ချက် ချမိတယ်။ အဲဒါ သေချာတာနဲ့ ကျုပ်တို့လည်း မြောက်ဘက်ကို လိုက်သွား ကြမယ်"
"ရှင်တို့ က  ဂိုဏ်းရဲ့ ထိမ်းသီးခေါင်းဆောင် ကိုယ်တိုင်က မိအောင် ဖမ်းမှာလား"

ဆယ်လီက မေးလိုက်ရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာကလည်း သူ၏ ရည်ရွယ်ချက်ကို ရှင်းပြလေသည်။
"ဒါတော့ အခြေအနေကြည့်ပြီး လုပ်ရမှာပဲ။ ကျုပ်တို့ ဘာလုပ်မယ်ဆိုတာ ဘာဒါရဲ့ လှုပ်ရှားမှုအ ပေါ်မူတည်တယ်။ သူနဲ့ မှောင်ခိုဆင်စွယ်တွေ၊ ကြံ့ချိုတွေ ပတ်သက်ကြောင်း တိုက်ရိုက်အထောက် အထားရှိမှလည်း ဖြစ်မယ်။ ဒါကြောင့် ကျုပ်တို့က ပစ္စည်းတင်ထားတဲ့ ကုန်တင်ကားတွေရော ဘာဒါရဲ့ မာစီးဒီကားကိုပါ မျက်ခြေမပြတ်ကြည့်နေမယ်။ သူတို့ချင်း ဆုံမိပြီဆိုတာနဲ့ ကျုပ်တို့က ရုတ်တရက် ၀င်ဖမ်းမှာပဲ"

ဗိုလ်ချုပ် ဖွန်ဂါဘီရာက သူ၏သားရေဖုံး ချုပ်ထားသော လက်ကိုင်တုတ်ကို အားရပါရ ရိုက်ချလိုက် ရင်းပြောလေသည်။
ထိုအခိုက် ရေဒီယိုစက်မှ အသံကြားပြီး တစ်စုံတစ်ယေက်က ရှိုနာဘာသာစကားဖြင့် ပြောသံ ပေါ်ထွက် လာလေသည်။
ကက်ပိတိန် နီဘေဘီသည် ရေဒီယိုစက်သို့ တစ်စုံတစ်ခု ပြန်ပြောလိုက်ပြီးနောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား လှမ်းကြည့်၍ သတင်းပို့ အစီရင်ခံလေသည်။
"အတည်ပြုချက် သတင်းရပါပြီ ဗိုလ်ချုပ်။ ဘာဒါဟာ ကာရိုအီလမ်းအတိုင်း မြောက်စူးစူးကို အလျင်အမြန် သွားနေပြီ လို့ သတင်းရပါတယ်"
"ကောင်းပြီ၊ ဒါဖြင့် ကျုပ်တို့က အမှတ်စဉ်(၃)ကို သွားကြရုံပဲ"

ပြောရင်းနှင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ခြောက်လုံးပြူးသေနတ်နှင့် ခါးဝတ်ကို ယူဝတ်လိုက်ပြီးမှ "တူတီလမ်းဘက် ကင်းထောက်အဖွဲ့တွေဆီကကော သတင်းပို့ချက်ရသေးသလား"ဟု ဆက်မေး လိုက်သည်။
ကက်ပတိန် နီဘေဘီလည်း ရေဒီယိုစက်မှတစ်ဆင့် ဆက်သွယ်မေးမြန်းကြည့်ရာ ချက်ချင်းပင် တစ် ဖက်မှ ပြန်ဖြေ လေသည်။
"အခုအချိန်အထိ သတင်းပို့စရာ ဘာမှမရှိသေးပါဘူးလို့ ပြောပါတယ် ဗိုလ်ချုပ်"
"ဟုတ်ပြီ၊ အခုအချိန်ကလည်း စောသေးတာပဲ"

ဗိုလ်ချုပ် ဖွန်ဂါဘီရာ ပြောရင်း အနီရောင် သံပရာခွံ ဦးထုပ်ပျော့ကို ယူဆောင်းလိုက်သည်။ ဦးထုပ်မှ ငွေရောင်ကျားသစ်ခေါင်းတံဆိပ် (တတိယ တပ်မဟာအမှတ်အသား)သည် ပြောင်လက်နေသည်။
"ကျုပ်တို့ အခု ရှေ့တန်းက နေရာတွေကို သွားကြဖို့တော်ပြီ"
ပြောပြောဆိုဆို သူကိုယ်တိုင် ရှေ့ဆောင်လျက် အိမ်ပြင်သို့ ထွက်သွားသည်။
ရဟတ်ယာဉ်ဘေးတွင် ရပ်၍ စီးကရက် သောက်နေသူ လေယာဉ်မှူး အင်ဂျင်နီယာတို့သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ကို လှမ်းမြင်သည်နှင့် ပျာပျာသလဲ ဖြစ်ကာ သောက်လက်စ စီးကရက်များကို ပစ်ချလိုက်ပြီး ရဟတ်ယာဉ် ပေါ်သို့ လျင်မြန်တက်ကြလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့်အတူ ခရိတ်နှင့် ဆယ်လီတို့လည်း ရဟတ်ယာဉ်ပေါ်တက်၍ နေရာယူလိုက် ကြသည်။

ရဟတ်ယာဉ်ကို လေယာဉ်မှူးက စတင် စက်နှိုးနေစဉ် ခရိတ်က ဗိုလ်ချုပ် ဖွန်ဂါဘီရာအား "ဒီမယ် ဗိုလ်ချုပ်၊ အခုဟာက တကယ့် စစ်တပ်ရဲ့ စစ်ဆင်ရေးကြီး တစ်ခုဖြစ်နေပါကလား။ ဒီကိစ္စကို ရဲတပ် ဖွဲ့ကို လွှဲအပ် တာဝန်ပေးလိုက်ရင် မဖြစ်ဘူးလားဟု ခပ်တိုးတိုး မေးကြည့်လေသည်။
သို့သော် ဖွန်ဂါဘီရာက ခေါင်းခါပြလေသည်။
"မဖြစ်ဘူးဗျ၊ ရဲတပ်ဖွဲ့မှာ မျက်နှာဖြူအရာရှိတွေ မရှိတော့တဲ့နောက်ပိုင်း အတော်ညံ့ဖျင်းလာတယ်။ ဒီကိစ္စမျိုးကို နိုင်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်လေ မှောင်ခိုဂိုဏ်းက ကြံ့တွေ ခိုးသတ်နေတာကို ကျုပ် က တိုက်ရိုက်ဝင်ကိုင်တာ မမှားပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဇင်ဘာတွေနိုင်ငံက ကြံ့တွေဟာ ကျုပ်ရဲ့ ကြံ့တွေ ပဲ မဟုတ်လား"

ရဟတ်ယာဉ်သည် ကောင်းကင်သို့ ပျံတက်ပြီးနောက် မြောက်ဘက်စူးစူးဆီသို့ ဦးတည်ကာ ဆက် လက်ပျံသန်းသွားလေသည်။ သို့သော် မြောက်ဘက်သို့သွားသည့် လမ်းမကြီးပေါ်မှ မပျံသန်းဘဲ လက်ဝဲ ဘက်ယွန်းယွန်း ဆီမှ ပျံသန်းသွားလေသည်။
သူတို့ ခြေရာခံ လိုက်နေသည့် မာစ်ဒီးကားမှလူများ ရဟတ်ယာဉ်ကို မမြင်စေရန် လမ်းမကြီးနားသို့ မချဉ်းကပ်ဘဲ ပျံသန်းသွားခြင်းပင် ဖြစ်သည်။
နောက်တစ်နာရီခန့် ကြာသောအခါ ရဟတ်ယာဉ်သည် ခပ်နိမ့်နိမ့် ပျံသန်းနေရာမှ ကာရိုအီဒေသရှိ စစ်တပ်ခံ တပ်ငယ်တစ်ခုသို့ ဆင်းသက်လိုက်သည်။ ခရိတ်သည် လက်ပက်နာရီကို ကြည့်လိုက်ရာ အချိန်မှာ လေးနာရီ ရှိပြီဖြစ်ကြောင်း တွေ့ရလေသည်။

ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ခရိတ်အား အကဲခတ်ကြည့်နေရာမှ
"အခုအတိုင်းဆိုရင် ကျုပ်တို့အနေနဲ့ ညဘက်စစ်ဆင်ရေး ဆင်နွှဲရလိမ့်မယ်ထင်တယ်"ဟု ပြော လိုက်သည်။
ကာရိုအီအမည်ရှိ ကျေးရွာသည် တစ်ချိန်က မျက်နှာဖြူလူမျိုးတို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခဲ့ သည့် နေရာတစ်ခုပင် ဖြစ်လေသည်။

ထိုစဉ်က စည်ကားပြီး သားနားသလောက် ယခုတော့ အတော်ပင် ချို့ယွင်းပျက်စီးလျက်ရှိသည်။ တစ်ခုတည်းသော လမ်းမပေါ်တွင် ကုန်စုံဆိုင်များ၊ ဓာတ်ဆီဆိုင်တစ်ဆိုင်၊ စာတိုက်နှင့် ရဲစခန်းငယ် တစ်ခု ရှိလေသည်။
ကျေးရွာ၏ပြင်ဘက် ခပ်လှမ်းလှမ်းတွင်ကား စစ်တပ်တစ်တပ် ရှိလေသည်။ စစ်တပ်ပတ်ပတ်လည် တွင် သံဆူးကြိုးများ အပြည့်ကာရံထားသည့်အပြင် ခံတပ်သဖွယ်ဖြစ်အောင် သဲအိတ်များလည်း ပစ် ချထားသည်။
စစ်တပ်၏ တပ်မှူးမှာ ဒုဗိုလ် အဆင့်သာရှိသော ကပ္ပလီလူငယ်တစ်ဦးဖြစ်ရာ ၀န်ကြီးဗိုလ်ချုပ် ဖွန်ဂါ ဘီရာ ရုတ်တရက်ရောက်လာသောအခါ အလွန်အံ့အားသင့်လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် နေတော့သည်။ အလကား နေရင်း ဗိုလ်ချုပ်အား ခဏခဏ အလေးပြုနေရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာ သည် စိတ်ပျက် လာပုံရလေသည်။

သူသည် တစ်ဖွဲ့၏ရုံးခန်းကို သူ၏ ယာယီဌာနချုပ်စခန်းအဖြစ် ပြုလုပ်လျက် စားပွဲတွင် ၀င်ထိုင် လိုက်ပြီးနောက် တပ်မှူးကလေး ဒုဗိုလ်အား ရှုတ်ချဟန်ဖြင့်ကြည့်ပြီး ကက်ပတိန် နီဘေဘီအား
"ဟေ့…ဒုဗိုလ် ကောင်လေးကို တစ်နေရာရာကို ခေါ်သွားစမ်းပါကွာ၊ ပြီးတော့ ဘာဒါရဲ့ နောက်ဆုံး အခြေအနေ သတင်းကို ငါ့ဆီ ယူလာခဲ့"ဟု အမိန့်ပေးလိုက်သည်။
ကက်ပတိန် နီဘေဘီလည်း အသင့်နေရာချထားပြီး ရေဒီယို ဆက်သွယ်ရေးစက်ရှေ့တွင် ၀င်ထိုင်၍ သတင်း ယူနေရာမှ "ဘာဒါဟာ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးမိနစ်က ဆီနိုယာအရပ်ကို ဖြတ်ကျော် ထွက် သွားတယ် လို့ သတင်းရပါတယ်"ဟု အစီရင်ခံလိုက်သည်။

"ဟုတ်လား၊ သူတို့ မော်တော်ကားနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းပို့သေးသလားကွ"
"ဟုတ်ကဲ့ ဗိုလ်ချုပ်၊ ကားကတော့ နက်ပြာရောင် မာစီးဒီး ၂၈၀ အမျိုးအစားဖြစ်ပါတယ်။ ကားရဲ့ စက်ဖုံးပေါ်မှာ ၀န်ကြီးတစ်ဦးရဲ့ကားဖြစ်ကြောင်း အမှတ်အသားလည်း ပါတယ်လို့ ဆိုပါတယ်။ ကား ရဲ့ မှတ်ပုံတင်နံပါတ်က ပီအယ်လ် ၆၇၄ဖြစ်ပါတယ်။ မာစီးဒီးကားရဲ့ရှေ့က ရှေ့ပြေး မော်တော် ဆိုင်ကယ်တို့ လက်နက်ကိုင် အစောင့်အရှောက် (အက်စကော့)တပ်တို့ လုံးဝ မပါဘူး၊ ကားပေါ် မှာတော့ လူလေးယောက် ပါလာတယ်လို့ သတင်းပို့ပါတယ်"
ကက်ပတိန်နီဘေဘီက အသေးစိတ် အစီရင်ခံလိုက်ရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သဘောကျသွား ပုံ ရလေသည်။

"အေး ဟုတ်ပြီ။ အဲဒီအချက်အလက်တွေကို ငါတို့ရဲ့ တခြားယူနစ်(တပ်ဖွဲ့)တွေ အားလုံးကိုလည်း သတင်းပို့ပေးထားလိုက်ပါ။ နောက်ပြီး စောစောက ငါ အမိန့်ထုတ်ထားတဲ့အတိုင်း ပစ်ခတ်မှု လုံးဝ မရှိစေရ ဘူးဆိုတာ ထပ်အကြောင်းကြားထားလိုက်။ ဘာဒါကို အကြမ်းမဖက်ဘဲ အသာတကြည် ဖမ်းမိ ရမယ်ဆိုတာ အရေးကြီးတယ်လို့ ငါက အမိန့်ထုတ်ထားခြင်း ဖြစ်တယ်။ တကယ်လို့ ဘာဒါ ဟာ တစ်နည်းနည်း ထိခိုက်ဒဏ်ရာရသွားတာနဲ့ ငါတို့အဖို့ မာတာဘယ်လီ လူမျိုးတွေ တော်လှန် ပုန်ကန်မှုကို ရင်ဆိုင်နေရဦးမယ်။ ဒါကြောင့် ဘာဒါကိုဖြစ်စေ၊ သူ့ရဲ့ မော်တော်ကားကိုဖြစ်စေ ဘယ် နည်းနဲ့မှ ဘယ်သူကမှ မပစ်ရဘူးလို့ ထပ်ပြီး ညွှန်ကြားလိုက်ပါ။ ဒီအမိန့်ကို မနာခံဘဲ ဖောက်ဖျက် တဲ့လူ ဘယ်သူမဆို ကျုပ်ကိုယ်တိုင် အရေးယူမယ်ဆိုတာပါ သတိပေးလိုက်"

ကက်ပတိန် နီဘေဘီလည်း တပ်ဖွဲ့(ယူနစ်)အသီးသီးသို့ တစ်ဦးချင်းဆက်သွယ်၍ ဗိုလ်ချုပ် ဖွန်ဂါ ဘီရာ၏ အမိန့် ကို ထပ်ဆင့်ပြောကြားလိုက်လေသည်။
ထို့နောက် အားလုံး ဆက်လက် စောင့်ဆိုင်းနေကြသည်။
သို့သော် မကြာပါချေ။ ရေဒီယိုဆက်သွယ်ရေး စက်သည် အသက်ဝင်လာပြန်သဖြင့် ကက်ပတိန် နီဘေဘီကိုယ်တိုင် ချက်ချင်းပြေးပြီး နားထောင် သတင်းယူလေသည်။
တစ်ဖက်မှ သတင်းပို့ချက်ကို နားထောင်ပြီးနောက် သူသည် ၀မ်းသာအားရဖြစ်လျက် တစ်ဆင့် ပြန်ပြော လေသည်။

"မှောင်ခိုပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင် လော်လီကားကို ကျွန်တော်တို့လူတွေက တွေ့ ထားပါပြီ။ ကားက ဖို့ဒ် အမျိုးအစား ငါးတန်ကား (အစိမ်းရောင်)ဖြစ်ပါတယ်။ ကားပေါ်မှာ ဒရိုင်ဘာ တစ်ယောက် နဲ့ လူတစ်ယောက် ပါလာတယ်။ ကုန်တင်ကားကြီးဟာ လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှ ဆန်ယာတီ မြစ်ကို ဖြတ်ကျော်ပြီး ဒီနေရာက နှစ်ဆယ့်ငါးမိုင်ဝေးတဲ့ လမ်းဆုံကို သွားနေပါတယ်"
"အင်း…ဒီအတိုင်းဆိုရင် ဘာဒါဟာ ကုန်တင်လော်လီကားနဲ့ တစ်နေရာမှာ ဆုံဖို့ သွားနေပြီပေါ့"
ဤသို့ပြောလိုက်စဉ် ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ မျက်လုံးများသည် သားကောင်ကိုမိရန် သေချာသဖြင့် ကျေနပ်အားရနေသော မုဆိုးတစ်ယောက်၏ မျက်လုံးများကဲ့သို့ ပြောင်လက်နေကြောင်း ခရိတ်က သတိပြု မိလိုက်သည်။

အခန်း (၁၅) ဆက်ရန်
.

2 comments:

Anonymous said...

Wowwwwwww.

Really interesting.

Thanks.

Ray

Anonymous said...

ဆရာမရေ.. ဇာတ်လမ်းတော့ ကောင်းခန်းကိုရောက်နေပြီ။ တစ်ဆက်ထည်း မဖတ်နိုင်တော့ ဖြည်းဖြည်း ချင်းပဲ ဖတ်နေရတယ်..
ကျေးဇူးလည်း အများကြီး တင်ပါတယ်ခင်ဗျ
ခင်မင်စွာဖြင့်
ဇော်သိင်္ခ