Monday, August 23, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၂)

    ဦးအုန်းဖေ သည် သူဌေးကြီး ဦးတိုးခိုင်၊ သူဌေးကတော်ကြီး ဒေါ်ခင်အေး၊ သမီး ရိုစလင်းခိုင်၊ ဇာတ်ကြောင်း မသိသူများက အစေခံမကလေး အတင်ဟု အသိအမှတ် ပြုခြင်းခံရသော တင်တင်ခိုင်တို့ နေထိုင်ရာ ရွှေဟင်္သာဘ၀မှ ချစ်ရိပ်သာစံအိမ် ဖြစ်လာသောအိမ်ကြီးဝယ် မာလီအလုပ် သာမက ညစောင့် ဒရ၀မ် အဖြစ်ဖြင့်လည်း အမှုထမ်းနေရသည်။ ကျယ်ဝန်းလှသော ခြံကြီး၏ အနောက်ဘက် အစွန်ဆုံးထောင့်တွင် ပိတောက်ပင်၊ ငုပင်ကြီးများ အုပ်ဆိုင်းနေသော နေရာမှာ အိမ်ငယ်ကလေး တစ်လုံး ဆောက်လုပ် နေထိုင်ရလေသည်။ နေ့ဘက်မာလီ၊ ညဘက်ဒရ၀မ်အဖြစ် အမှုထမ်းနေရသည့် အတွင်းမှ အိမ်ကြီးရှင် သခင်မကြီး သခင်မကလေးများ အပြင်ထွက်ချိန်တွင် တစ်အိမ်လုံးတာဝန်ကို ချက်ပြုတ်ရေး သန့်ရှင်းရေး၊ ဖွပ်လျှော်ရေး တို့မှာ တင်တင်ခိုင်အား များစွကူညီ လုပ်ကိုင်ပေးလေသည်။

    "မိန်းကလေး၊ သူဌေးကတော်တို့ ရှေ့မှာ အတင်လို့ ရင့်ရင့်သီးသီး ခေါ်ရတာ အဘ စိတ်မကောင်းပါဘူးကွယ်.." ဟု ဦးအုန်းဖေက လှိုက်လှဲကြင်နာစွာ ပြောလာတိုင်း...
    " ခေါ်ပါ အဘရယ်... ကျွန်မ ဘယ်လိုမှ မအောက်မေ့ပါဘူး၊ အဘ ကူညီလုပ်ကိုင်ပေးလို့ ကျွန်မအများကြီး သက်သာရာ ရတာ ကျေးဇူးတင်လို့ မဆုံးပါဘူ"ဟု တင်တင်ခိုင်က ပြန်ပြောလေ့ ရှိသည်။ မာနသံ လုံးဝ မပါသော တင်တင်ခိုင်အား ကြင်နာစွာ ကြည့်ရင်း.. သူ့ကိုယ်သူ သူဌေးသမီးရင်းဟူသော ဘ၀ကိုပင် မေ့ရှာပြီ လားဟု ဦးအုန်ဖေ ရင်နာစွာ တွေးမိလေသည်။

အင်္ကျီ လုံချည် အစေခံကျွန်ထက် သာသည်ဆိုရုံမျှသာ ၀တ်၍ စိန်ရွှေ လက်ဝက်လက်စားဟူ၍ လုံးဝမ၀တ်ရရှာသော တင်တင်ခိုင်သည် သူ့ဘ၀အကြောင်းကံ ဖန်လာသမျှကို ခါးစည်း၍ ခံနေရရှာသည်။ မိထွေး တော်၏ "သမီးကြီးက အိမ်ထဲနေတာပဲကွယ်၊ လက်ဝတ်လက်စား ၀တ်ဖို့မလိုပါဘူး၊ အပြင်ထွက်လာတဲ့အခါကျတော့ သမိးကြီးကို လူတိုင်းက ငေးကြည့်ရစေမှာပေါ့၊ ညွှတ်အောင် မာမီက ဆင်ပြင် ပေးမှာ" ဟူသော လေချိုသွေးသံကို နာခရရှာသော တင်တင်ခိုင်မျာ ဘယ်သောအခါမှ အပြင်အပ လူတော သူတောထဲ တိုးရသည်မရှိ။ ဒေါ်ခင်အေးနှင့် ရိုစလင်းခိုင်တို့သာ ကားတ၀ီဝီနှင့် ထွက်နေကြသည်။

    "အိမ်တွင်းရေးမှာ အစစ စိတ်ချရတဲ့ သမီးကြီးမိုက မာမီက သိပ်အားကိုးတာ၊ သမီးကြီးသာ အိမ်စောင့်ကျန်ခဲ့ရင် မာမီဖြင့် ဘာကိစ္စနှင့် ဘယ်ကိုပဲသွားသွား စိတ်ချလက်ချ ဖြစ်တယ်ကွဲ၊ ကဲ.. မာမီတို့ အပြင်သွားလိုက်ဦးမယ်၊ ဧည့်သည်ပါလာလိမ့်မယ် သမီးရေ... ထမင်းပွဲကို လူသုံးယောက်စာ ပိုပြီး ပြင်ထား၊ မာမီတို့ ပြန်ရောက်ရင် အဆင်သင့်ဖြစ်စေနော်"
    ကြော့နေအောင် ပြင်ဆင်ဝတ်စားထားသော ဒေါ်ခင်အေးနှင့် ရိုစလင်းခိုင်အား စားပွဲကုလားထိုင်များကို ဖုန်သုတ်နေသော တင်တင်ခိုင်က ရီဝေသော မျက်လုံးများဖြင့် ကြည့်ရင်း ဦးခေါင်းကို ဖြေးလေးစွာ ညိတ်လိုက် ရှာသည်။

    "သြော်.. သမီးကြီးရေ၊ ရေချိုးခန်းထဲမှာ ထဘီရေစို ထားခဲ့တယ်ကွယ်၊ လျှော်လိုက်ဦးနော် သမီး"
    ကားပေါ်လှမ်းတက်ရင်း ဒေါ်ခင်အေးပြောသွားသည်။ ရေချိုးခန်းထဲမှာ ပုံထားခဲ့သည်မှာ ဒေါ်ခင်အေး၏ ထဘီသာလျှင် မဟုတ် ရိုစလင်းခိုင်၏ ထဘီပါ ပုံထားမည်ကို တင်တင်ခိုင် သိပြီးဖြစ်၏။ ရေချိုးပြီးတိုင်း မိထွေးတော်နှင့် ညီမတော်၏ ထဘီများကို အစဉ်သဖြင့် လျှော်ပေးနေရသော တင်တင်ခိုင်အဖို့ အထူး အဆန်း မဟုတ်တော့ချေ။
    အရွယ်ကလေးနှင့် မျှအောင် အလုပ် လုပ်နေရသော တင်တင်ခိုင်နှင့် လေချိုကလေး သွေးပြီး ပညာရှိ ညှင်းဆဲနည်းသုံးနေသော ဒေါ်ခင်အေ၏ အသံကို နေစဉ်ကြားနေရသော ဦးအုန်းဖေမှာ ကြားကနေပြီး အကုသိုလ် များနေလေတော့၏။

    “မဟုတ်သေးပါဘူး မိန်းကလေးရယ်၊ တခြားလူကို မငုားတော့ဘူးတဲ့လား” ဦးအုန်းဖေက ဒေါ်ခင်အေးတို့ သားအမိ အလစ်မှာ အိုးခွကပန်းကန်များကို ကူညီတိုက်ချွတ်ဆေးကြောပေးရင်း ခံပြင်းစွာမေးမိ၏။ တင်တင်ခိုင် သည် ဆေးပြီးသားပန်းကန်များကို အ၀တ်နှင့်သုတ် နေရာမှ-
    “ဟိုတုန်းကတော့ ငုားပါတယ် အဘရယ်... မေမေ ဆုံးပြီး သုံးလလောက်အကြာမှာ သူတို့သားအမိ အိမ်ပေါ် ရောက်လာတာပဲ၊ သူတို့သားအမိဒဏ် မခံနိုင်တော့ မေမေ့လက်ထက်က ငှားထားတဲ့လူတွေကလဲ ထွက်ကုန်ရော၊ နောက်ထပ် ငှားတဲ့လူတွေကလဲ ဘယ်သူမှ မမြဲနိုင်ဘူး၊ အဲဒါနဲ့ မေမေဆုံးပြီး တစ်နှစ်လောက်လဲရှိရော နောက်ပိုင်းမီးဖို ချောင် လူမရှိဘူး ဆိုပြီး ကျွန်မကို ကျောင်းကထုတ်၊ မီးဖိုထဲ သွင်းလိုက် တာပါပဲ ဘရယ်“ဓဟု ၀မ်းနည်းသံကလေးဖြင့် ရှင်းပြရှာသည်။

    “မိန်းကလေးက ဘယ်နှစ်တန်းအထိ စာသင်ခဲ့ရသလဲ”
    “ခုနစ်တန်းတက်မယ့်နှစ်မှာ ကျောင်းထုတ်လိုက်တယ် အဘ၊ ကျွန်မစိတ်ကတော့ ပညာကို တန်းကုန်အောင် သင်မယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့်..”
    တင်တင်ခိုင်သည် တစ်ချက်ရှိုက်လိုက်ပြီးမှ-
    “ကျွန်မကုသိုလ်ကံပေါ့ အဘရယ်”ဟု တင်တင်ခိုင်သည် တုန်ရင်လှိုက်လှဲစွာ ပြောပြီး သုတ်သင်ပြီးသား ပန်းကန်များကို ပန်ကန်စင်ရှိရာသို့ ယူသွားလေသည်။ အိမ်ပေါ်ထပ်မှာ သူဌေးကြီး ဦးတိုးခိုင် ချောင်းဆိုးသံတစ်ချက်ကို ကြားလိုက်ရ၏။ ဦးအုန်းဖေသည် ဆေးပြီးသား အိုးခွက်များကို နေရာတကျ ထားနေရာမှ သူဌေးကြီးဦးတိုးခိုင်ရှိရာ အိမ်ပေါ်ထပ်ဆီသို့ ရော်ရမ်းမှန်းဆကာ မော့ကြည့် လိုက်၏။

    မိန်းကလေးကို ကျောင်းထုတ်ပြီး အခုလို ခိုင်းစေနေသော သူဌေးကြီးက ဘာမှမကန့်ကွက်ဘူးလား”ဟု ဦးအုန်းဖေက ခပ်တိုးတိုးမေးလိုက်၏။ တင်တင်ခိုင်က သက်ပြင်းချလိုက်သည်။
    “ဖေဖေက သူ့မိန်းမနဲ့ သူ့သမိးပြောသမျှ အကုန်ခေါင်းညိတ်သဘောတူနေတာပဲ၊ ဖေ့ဖေ့နား ကျွန်မကပ်တာလဲ သူတို့သားအမိက သဘောမကျတော့ ဖေဖေကလဲ ကျွန်မကို ခိုင်းရာရှိမှသာ ခေါ်ပြောခိုင်းစေနေတော့တယ်၊ သမိးလို့လဲ မယူဆတော့ဘူး ထင်ပါရဲ့၊ ကျွန်မရင်ထဲမှာ သိပ်နာတယ် အဘရယ်၊ အဖေအရင်း သမီးအရင်းဖြစ်ရက်နဲ့ ကျွန်နဲ့ သခင်လို ဆက်ဆံနေရတော့ ကျွန်မစိတ်ချမ်းသာနိုင်ပါတော့မလား၊ ဖေဖေက ကောင်းကောင်းမာတော့တာမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မ သမီးအရင်း အနေနဲ့ ပြုစုနိုင်တဲ့ အခွင့်အရေးမရှိဘူး။ ကျွန်မအနားကပ်တာ မကြိုက်တာ၊ သူတို့ သားအမိကလဲ ယုယုယယရှိတာမဟုတ်ဘူး၊ အခုတော့ ကျွန်စိတ်ကို ဆုံးဖြတ်လိုက်ပါပြီ၊ ဖေဖေ့ကိုရော သူတို့ သားအမိကိုရော စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားမျိုး တစ်ခွန်းမှ မပြောတော့ပါဘူးလို့၊ နောက်ပြီး တော့လဲ မွေးသဖခင် ကျေးဇူးရှင် ဖေဖေမသေသရွေ့ ကျွန်ဘ၀နဲ့ တာဝန်ကျေပွန်အောင် ပြုစု ပါတော့မယ် အဘရယ်”

    တင်တင်ခိုင်သည် ရှည်လျားစွာပြောရင်း မျက်ရည်များ ကျဆင်းလာလေသည်။ သူဌေးကြီးတော့ ဆေးမိ နေပြီထင်တယ်ဟု ဦးအုန်းဖေက တွေးလိုက်မိသည်။
    “ပေး-မိန်းကလေး၊ အဘလှည်းမ” တံမြက်စည်း လှည်းမည်ပြုနေသော တင်တင်ခိုင်၏ လက်မှ တံမြက်စည်းကို ဦးအုန်းဖေက ဆွဲယူရင်း စကားဆက်လိုက်ပြန်၏။
    “ပစ္စည်းတွေအတွက်ရော သူဌေးကြီးက ဘယ်လိုစီမံထားသလဲ”
    ဦးအုန်းဖေက တံမြက်လှည်းရင်း မေးလိုက်၏။

    “ကျွန်မဘာမှမသိပါဘူး” တင်တင်ခိုင်က တုံးတိတိ ဖြေလိုက်သည်။
    “ဒေါ်တင်မိဆုံးတော့ မိန်းကလေးလက်ထဲ ဘာများပေးသွားသေးလဲ၊ ဘယ်လိုကော မှာခဲ့သေးလဲ”
    “မေမေဆုံးတော့ ကျွန်မအသက် ဆယ့်နှစ်နှစ်လောက်သာ ရှိသေးတာပဲ အဘရယ်၊ မေမေ့လက်ထဲမျာ ကလေးလိုပဲ နေလာခဲ့တော့ ဘာမှလဲ နားမလည်တော့ပါဘူး၊ ကျောင်းတက်နေတုန်း အိမ်က ကားလွှတ် ခေါ်ခိုင်းလို့ ပြန်လာတော့ မေမေ့အလောင်း ပြင်ထားပြီးသားဖြစ်နေပြီ”

    တင်တင်ခိုင်သည် ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြနေရင်းမှ မိခင်အား မျက်စိထဲ ထင်မြင်လာသဖြင့် မျက်ရည်ပြည့်နေသော မျက်လုံးများဖြင့် ပန်းကန်စင်ကို အားပြုမှီရပ်ကာ မီးဖိုပြတင်းပေါက်မှ ညို့ညို့ မှိုင်းမှိုင်း အုပ်ဆိုင်းနေသော ပိတောက်ပင်ကြီးအား အဓိပ္ပာယ်မရှိ ငေးမော ကြည့်ရှုနေလေသည်။ နွေဦး ပေါက်စ တပေါင်းလဆန်းပြီဖြစ်၍ ပိတောက်ပင်ကြီးပေါ်မှ ဥသြငှက်မောင်နှံသည် လေးတွဲ့သာယာစွာ တွန်ကြူး နေလေ၏။ ဥသြ...ဥသြ...ဟုတွန်မြည်သံသည် တင်တင်ခိုင်၏ နားထဲတွင် အမေကော... အမေ ကောဟု တစ်မျိုးကြားနေရှာသည်ဖြစ်၍ ပန်းကန်စင်ကို မှီရပ်နေရာမှ တဖြည်းဖြည်း ထိုင်ချလိုက်ပြီး မျက်နှာ ကို လက်နှင့်အုပ်ကာ ရှိုက်ငင်ငိုကြွေးရှာလေတော့သည်။

    ဦးအုန်းဖေသည် တံမြက်စည်းကိုကိုင်ရင်း တင်တင်ခိုင်အား စိတ်မချမ်းမြေ့စွာ စူးစိုက်ကြည့် နေမိလေသည်။ တင်တင်ခိုင်သည် ငိုရှိုက်နေရာမှ စိတ်တင်းလိုက်သည့်အလား အငိုရပ်ကာ ရုပ်ချည်း မတ်တပ် ရပ်လိုက်သည်။ မျက်ရည်များကို သုတ်ပြီးလျှင်....
    “မေမေဆုံးပြီးမှ အိမ်မက်တာ သုံးခါရှိပြီအဘ၊ မေမေဆုံးတာ သုံးနှစ်ရှိပြီ၊ တစ်နှစ်တစ်ခါ မှန်မှန်အိပ်မက်မက်တယ်”ဟု တင်တင်ခိုင်ကပြောရင်း ဦးအုန်းဖေ လှည်းပြီးပုံထားသော အမှိုက်များကို ကျုံးနေ လေသည်။

    “ဘယ်လိုမက်သလဲ မိန်းကလေး”
    “အိမ်အောက်ထပ် ထမင်းစားခန်းနဲ့ ဧည့်ကူးခန်းကူးတဲ့ ဆောင်ကူးလမ်း အလယ်တည့်တည့်မှာ ရပ်နေတာ ချည်းပဲ မြင်ရတယ် အဘ၊ သုံးခါလု့း ဒီနေရာမှာချည်းပဲ တွေ့ရတယ်၊ တွေ့အောင်ရှာပါ သမီးရယ် ဆိုတဲ့ စကားကို အိပ်မက်မက်တိင်း မေမေပြောတယ် အဘရဲ့”
    “ဟာ ..ဒါ...ဒါ အဓိပ္ပါယ်ရှိတယ် မိန်းကလေး၊ စဉ်းစားစရာတစ်ခုက-
    ဦးအုန်းဖေ၏ စကားမဆုံးမီ အိမ်ဝင်းထဲသို့ ကားဝင်လာသံကြားလိုက်ရသည်။ ဒေါ်ခငအေးတို့ သားအမိ ပြန်လာပြီဖြစ်၏။ ဦးအုန်းဖေသည် တမြက်စည်းကို ကပျာကသီ လွှတ်ချခဲ့ညပီး မီးဖိုနောက်ဖေးပေါက်မှ ခြံထောင့် ရှိ သူ့အိမ်ငယ်ကလေး ရှိရာသို့ သုတ်ခြေတင်သွားလေသည်။ သို့သုတ်ခြေတင် သွားရင်းမှ-
    “အတင်ရေ.. ထမင်းဆာပြီဟေ့ မြန်မြန်လုပ်”ဟူသော စူးရှထက်မြက်သည့် ရိုစလင်းခိုင်၏ အသံကို ကြားလိုက် ရသည်။

    “ဦးလေးကြီး အလုပ်လုပ်ရတာ ပျော်ရဲ့လား”
    သူဌေးကတော်ကြီး ဒေါ်ခင်အေးမရှိလိုက် မောင်အောင်လွင်သည် ဦးအုန်းဖေ၏ တဲအိမ်ငယ်အနီးရှိ ခြံမလွယ်ပေါက် ကလေးမှ ၀င်လာရင်း မေးလိုက်သည်။ အိမ်ကြီး၏ မီးဖိုဆောင်ဆီသို့ သွားအံ့ဆဲဆဲ ဦးအုန်းဖေ က မောင်အောင်လွင်အား လှည့်ကြည့်လိုက်၏။
    “လာဟေ့ တူမောင်၊ မီးဖိုဆောင်ထဲကျမှ လုပ်ရင်းကိုင်ရင်း စကားပြောကြတာပေါ့၊ ဟိုသားအမိ မရှိခိုက် မိန်းကလေးတစ်ယောက်ထဲ သွားကူညီလိုက်အုံးမယ်”
    “ဘယ်မိန်းကလေးလဲ ဦးလေးကြီး”
    မောင်အောင်လွင် က ဦးအုန်းဖေနောက်မှ လိုက်လာရင်း မေးလိုက်သည်။

    “တင်တင်ခိုင်ပေါ့ကွာ၊ ခမျာကလေးမျာ အနားယူရတယ်မရှိဘူး၊ ဦးလေးလဲ သနားတာနဲ့ ဟိုသားအမိအလစ်မှာ လုပ်နိုင်သရွေ့အလုပ်အကုန် ကူညီပေးနေရတာ”
    ဦးအုန်းဖေက ပြောရင်း ခပ်သုတ်သုတ် လှမ်းသွားသဖြင့် မောင်အောင်လွင်သည် သူ့စိတ်ထဲ ကရုဏာသက်နေမိသော တင်တင်ခိုင်အား သိကျွမ်းခင်မင်လိုစိတ်ဖြင့် လိုက်လာခဲ့လေသည်။
    “ဟင်...မိန်းကလေး၊ မိန်းကလေး ဘာဖြစ်တာလဲ” မီးဖိုဆောင်တွင်းသို့ လှမ်းဝင်လိုက်သော ဦးအုန်းဖေက စိုးရိမ်ကြီးစွာ မေးလိုက်သံကို ကြားရသဖြင့် မောင်အောင်လွင်သည် ဦးအုန်းဖေနောက်မှ လည်ဆန့်ပြီး တင်တင်ခိုင် အား ကြည့်လိုက်၏။ တင်တင်ခိုင်၏ ဘယ်ဘက်လက်ညှိုးမှာ သွေးတွေရဲနေသည်။

    “ကြက်သားခုတ်တာ လက်ထိသွားတယ် အဘရယ်...”
    တင်တင်ခိုင်က အသံတိမ်ကလေးဖြင့် ပြောရင် လက်ကိုရေဆေးလိုက်သည်။ ဓားထိသောနေရာမှ သွေးမှာ တစိမ့်စိမ့်ထွက်နေ၏။ တင်တင်ခိုင်သည် ကြောင်အိမ်ပေါ်မှ အ၀တ်စတစ်ခုကို ဆွဲယူဆုတ်လိုက်ပြီး အနာ ကို ဖြစ်ကတတ်ဆန်း စည်းလိုက်၏။

    “ဖြစ်ရလေ မိန်းကလေးရယ်၊ အင်း..အဘလာတာ နည်းနည်းနောက်ကျသွားလို့၊ မဟုတ်ရင် မိန်းကလေးလက် ဓားထိမှာမဟုတ်ဘူး အဘခုတ်ပေးမှာပေါ့ကွယ်၊ စောင့်ပါဦးတော့ မိန်းကလေးနှယ်”
    ဦးအုန်းဖေက တီးတိုးရေရွက် ပြောကြားရင်း စဉ်းတုံးပေးတွင် လက်စမသပ်သေးသော ကြက်ကို သွားပြီး ကျင်လည်စွာ ကိုင်တွယ် ခုတ်ထစ်နေသည်။ မောင်အောင်လွင်သည် တင်တင်ခိုင်အား ကြည့်နေရင်း စိတ်ထဲတွင် သနားကြင်နာမှုဖြင့် မချိတင်ကဲဖြစ်လာ၏။ လက်တစ်ဘက်ထဲဖြင့် အနာကို စည်းနှောင် နေသည် ကို မကြည့်ရက်တော့ချေ။ တင်တင်ခိုင်အနားသို့ လျင်မြန်စွာ ရောက်သွားသည်။
    “ခိုင့်အနာ ကို ကိုယ် ကူညီပါရစေ”

    ရဲရဲတင်းတင်းပြောလိုက်သော မောင်အောင်လွင်ကို တင်တင်ခိုင်မော့ကြည့်လိုက်၏။ လက်တစ်ဘက်ထဲဖြင့် အနာကို ကျနစွာမစည်းနိုင်သော တင်တင်ခိုင်က ဆိတ်ဆိတ်နေ သဘောတူဟူသော အမူအရာကို ပြလိုက်၏။
    “ဒီအ၀တ်စုတ်ကြီးနဲ့ အနားကိုမပတ်ပါနဲ့ကွယ် မသန့်ရှင်းပါဘူ၊ အနာထည့်စရာဆေး မရှိတော့ဘူးလား”
    “တင်ချာပုလင်းတော့ရှိပါတယ်အကို ကျွန်မမေ့နေလို့ မထည့်မိဘူး”

    တင်တင်ခိုင်က ရိုရိုသေသေ ပြောရင်း မီးဖိုဆောင်ထောင့်တစ်နေရာမှ ပုလင်းငယ်ကလေးကို သွားယူ လိုက်၏။ မီးဖိုထဲမှာ ကျွန်လိုလုပ်နေရတော့ ထိမိရှမိရင် အလွယ်ရအောင် တင်ချာပုလင်း နီးနီးထားရတာ ထင်ပါရဲ့ဟု မောင်အောင်လွင်က တွေးမိ၏။ တင်တင်ခိုင်၏ ရုပ်ရည်ကို မောင်အောင်လွင် အကဲခတ်မိသည်။ နေလှမ်းထားသဖြင့် နွမ်းရော်နေသော သစ်ခွပန်းကလေးကား သူ၏ မူလနေ၇ာ သစ်ပင်ထက်တင်ပြီး ပျော်ရွှင်ကြည်နူးမှုတည်းဟူသော ရေစင်ဖြင့် ဖြန်းပေးပါက လန်းဆန်းတင့်တယ်လာပေလိမ့်မည်ဟု မောင်အောင်လွင် ယုံကြည်မိသည်။

    ဦးအုန်းဖေကား သူတို့နှစ်ယောက်ရှိသည်ကို မေ့လျော့နေသလား မသိ၊ လှည့်၍ မကြည့်၊ စကားလည်း တစ်ခွန်းမှ မပြောတော့ဘဲ ဟင်းကိစ္စပြီးစေရန် ကြက်သွန်နွှာ ငရုတ်သီးထောင်းဖြင့် တစ်ခုပြီးလျှင် တစ်ခု လျင်မြန် ဖျတ်လတ်စွာ လုပ်နေသည်။
    “တင်ချာပုလင်းပေး၊ အစ်ကို ဆေးထည့်ပြီး စည်းပေးမယ်”

    မောင်အောင်လွင်က တင်ချာပုလင်းကို ယူပြီး အနာကို အနည်းငယ်တို့လိုက်၏။ ဟပ်လှသည့်အတွက် တင်တင်ခိုင်တွန့်ခနဲဖြစ်ပြီး နောက်သို့ဆုတ်လိုက်သည်။ အနာရှိသော လက်ကို မောင်အောင်လွင်က ဇပ်ကနဲ ဆုပ်ကိုင်ပြီး ဆွဲထားလိုက်၏။
    “နည်းနည်းတော့စပ်တယ်ခိုင်၊ နောက်ဆုတ်မသွားနဲ့၊ ဆေးကအနာတစ်ခုလုံး မနှံ့သေးဘူး”
    ပြောပြောဆိုဆို မောင်အောင်လွင်က တင်တင်ခိုင်၏ လက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီး ဆေးထည့် ပေးလိုက်သည်။ သူ့အိတ်ထဲက ဖြူဖွေးသော လက်ကိုင်ပ၀ါကို ထုတ်ယူပြီး သေသပ်စွာ စည်းနှောင် ပေးလိုက်၏။

    “အစ်ကို့လက်ကိုင်ပ၀ါ စွန်းပေကုန်မှာပေါ့”
    အနာစပ်သည်ကို ကြိတ်မှတ်ခံစားနေရာမှ တင်တင်ခိုင်က အားနာစွာပြောလိုက်၏။
    “ကိစ္စမရှိပါဘူး ခိုင်ရယ်၊ အနာဆိုတာ အ၀တ်သန့်သန့်နဲ့စည်းမှပေါ့”

    မောင်အောင်လွင်ကပြောရင်း တင်တင်ခိုင်အား စူးစူးစိုက်စိုက်ကြည့်နေမိသည်။ မိမိဘ၀အခြေအနေကို သိပြီးဖြစ်၍ ပညာသင်ကြားနေချိန်မှာ ဆန့်ကျင်ဘက် အလုပ်များဖြစ်သော ချစ်ရေးကိစ္စကို မည်သည့် အခါကမှ စိတ်ဝင်စားတွေးတောမှု မရှိခဲ့သော မောင်အောင်လွင်သည် တင်တင်ခိုင်အား သနားခြင်း နှင့်ယှဉ်၍ ပေါက်ဖွားလာသော မေတ္တာစိတ်ကို ထားလိုက်မိလေတော့သည်။ ကိုယ့်ကိုယ်ကို သူရဲကောင်းကြီးလုပ်ပြီး တင်တင်ခိုင်အား ကယ်တင်လိုငြားလည်း ဘ၀ရှေ့ရေးကို အမျှော်လင့်ကြီး မျှော်လင့် ထားနေရှာသည့် မိဘနှစ်ပါး၏ အရေးကလည်း ရှိသေးသည်။ ကျေးဇူးရှင် မိဘနှစ်ပါးအား ပြုစု ကျွေးမွေး ရမည့် ၀တ္တရားကိုကား မောင်အောင်လွင် လစ်လျူရှု၍ မဖြစ်နိုင်ရှာချေ။

မက်ထရစ်အောင်ရုံ ပညာဖြင့် ရရှိမည့် ၀င်ငွေမှာ မိဘနှစ်ပါးနှင့် သားမယားကို-
    အို... ငါဘာတွေ လျှောက်စဉ်းစားနေမိပါလိမ့်ဟု မောင်အောင်လွင်သည် သူ့ကိုယ်သူ စိတ်တိုမိသည်။ ငါ့အသက် အရွယ်၊ ငါ့အခြေအနေ ငါ့ဝင်ငွေနဲ့ဖြင့် ဒါတွေ စိတ်မကူးတော့ပါဘူးဟု မောင်အောင်လွင် စိတ်တင်း လိုက်၏။ တင်တင်ခိုင်သည် အနာတစ်ဘက်နှင့်ပင် မီးဖိုဆောင်တွင် လုပ်ကိုင်စရာရှိသည်များကို ဦးအုန်းဖေနှင့်အတူ တစ်ခုပြီးတစ်ခု ဇယ်တောက်သလို လုပ်နေ၏။ ဦးအုန်းဖေကလည်း မောင်အောင်လွင်ကို စကားမပြောအားပေ။ ဒေါ်ခင်အေးတို့ သားအမိ ပြန်လာချိန်တွင် အဆင်သင့်မဖြစ်ပါကဒေါ်ခင်အေးက အလိမ္မာ ဖက်ပြီး ချိုချိုကလေး နှက်တက်သလို ရိုစလင်းခိုင်က လေသံမာမာဖြင့် ရင့်ရင့်သီးသီး ပြောတတ် သည်ကို ဦးအုန်းဖေ သိပြီးဖြစ်၍ တင်တင်ခိုင် အပြောခံရခြင်း လွတ်အောင် အလုပ်ကိုသာ ကျုံးလုပ် နေတော့၏။
    ထိုအခိုက် အိမ်ပေါ်ထပ် ဦးတိုးခိုင်၏ အခန်းမှ လူခေါ်သော ခေါင်းလောင်းမြည်သံကို ကြားလိုက်ရသည်။

    “ဖေဖေ ခေါ်နေပြီအဘ၊ ကျွန်မအိမ်ပေါ် သွားလိုက်ဦးမယ်”
    တင်တင်ခိုင် က ပြောရင်း မီးဖိုထဲမှ လျင်မြန်စွာ ထွက်သွားသည်။
    “ဦးလေးကြီး ကျွန်တော်လဲပြန်မယ်”
    မီးဖိုဆောင်မှ ထွက်သွားသော တင်တင်ခိုင်ကို မောင်အောင်လွင်က မျက်စိတဆုံး ကြည့်လိုက်ပြီး ဦးအုန်းဖေ အား နှုတ်ဆက်လိုက်၏။

    “ဦးလေးကြီးကလဲ ပြန်ခိုင်းမယ်လို့ပဲကွဲ့၊ ဟိုသားအမိ ပြန်လာလို့ တွေ့တေနရင် မိန်းကလေးကို တမျိုးတမည် ထင်ပြီး တွေ့ကရာတွေ ပြောနေဦးမယ်”
    နှလုံးသားအတွင်းမှ တရိရိဆွေးမြေ့နေသော စိတ်ဆင်းရဲမှုဝေဒနာကို ကြိတ်မှိတ်ခံစားရင် ဦးတိုးခိုင်သည် အပြင်လောကနှင့် အဆက်ဖြတ်ကာ အိမ်ထဲမှ အိမ်ပြင်မထွက်ခဲ့သည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်၏။ ထွက်လိုသော စိတ်လည်း မရှိပေ။ အိမ်ပြင်ထွက်၍ မြို့ထဲမှ သာမှုနာမှု ကိစ္စများကို သွားရောက်ရန်ကား ဦးတိုးခိုင် အဖို့ သေရမည်ထက် ကြောက်ရှာသည်။ မကြောက်ဘဲ ဖြစ်ပါမည်လော။

ဦးတိုးခိုင်တို့ ပေါင်းသင်းရာ လူကုံထံလောကမှ ခင်မင်ရင်းနှီးသူမှန်သမျှ ဦးတိုးခင်အတွက် မချိတင်ကဲ ဖြစ်လှသဖြင့် “ခင်ဗျားကြီး နွားကျလှတယ်ဗျာ” ဟု ပြောင်ပြောင်ဖွင့်ပြောကြသဖြင့်လည်း ရှက်သည့် စိတ်မချမ်းသာ သည့် စိတ်ဖြင့် ဦးတိုးခိုင် အပြင်လောကနှင့် အဆက်ဖြတ်ထားခြင်းဖြစ်သည်။ အိမ်ထဲမှ အောင်း နေ၍လည်း ဦးတိုးခိုင်အဖို့ စိတ်ချမ်းမြေ့မှု မရှိရှာချေ။ တရိရိဆွေးမြေ့နေသော စိတ္တဇဝေဒနာဖြင့် လူမမာကြီး လုံးလုံး ဖြစ်နေလေသည်။

    အသက်တမျှချစ်ရသော ဇနီး ဒေါ်ခင်အေးနှင့် သမီး ရိုစလင်းခိုင်ကလည်း ၀တ်ကြေတန်းကြေမျှသာ ပါးစပ်က မေးမြန်းသည်။ ခြေဆုပ်လက်နယ် ယုယုယယ မရှိ။ သမီးကြီး တင်တင်ခိုင်ကလည်း မိထွေးတော် စနက်ကြောင့်  ကျွန်နှင့်သခင်လိုသာ ဆက်ဆံနေရရှာသည်ကိုဦးတိုးခိုင် သိပေသည်။ အပြင်ထွက်ရန်ကို အကြောင်းအမျိုးမျိုးပြပြီး တထွက်တည်းထွက်နေသော ဒေါ်ခင်အေးမရှိခိုက်အချိန်များတွင် ဦးတိုးခိုင်မှာ ရှေးဟောင်းနှောင်းဖြစ်များကိုသာ တတွေးတည်းတွေးနေမိတော့သည်။

    “မခင်အေးလိုမိန်းမမျိုးကို စွဲစွဲလမ်းလမ်းဖြစ်နေတာ ကိုခိုင်အဖို့ ငရဲပန်းကို ရွှေပန်းထင်နေတဲ့လူဖြစ်နေပြီ။ ကျွန်မစကားနားမထောင်ရင် နောက်ထပ်တစ်ခွန်းမှ ဒီကိစ္စနဲ့ပတ်သတ်ပြီး မပြောတော့ဘူး။ သို့သော် ဒီမိန်းမကြောင့် ကိုခိုင်မှာ ဖြေမရအော် စိတ်ဆင်းရဲမှု ဖြစ်လိမ့်မယ်ဆိုတာတော့ ကျွန်မနောက်ဆုံး သတိပေး လိုက်ပါပေရဲ့”
    မည်ကဲ့သို့မှ ပြုပြင် ဖျောင်းဖျ၍ မရတော့သော ခင်ပွန်းသည်အား ဒ်ါတင်မိက နောက်ဆုံးစကားတစ်ခွန်း ပြောသွားသည်ကို ဥိးတိုးခိုင်သည် နားထဲမှာ ပြန်လည်ကြားယောင်နေမိသည်။ ထိုစဉ်ကမူ လှပချောမော နုပျိုသော မခင်အေးကလေး၏ မာန်က ယစ်နေသည်ဖြစ်၍ ငယ်ပေါင်းမယားကြီး ဒေါ်တင်မိ၏ စကားများမှာ တမာ လိုခါးလှပါဘိသည်။

    “ကိုကြီးရဲ့..အေးရဲ့ဘ၀အကြောင်းကံ ဘယ်လိုများ ဖန်လာပါလိမ့်နော်၊ ရွယ်တူတန်းတူတွေကို တွေ့ခဲ့ရပေမယ့် မစွဲလမ်းခဲ့ပါဘူး၊ ကိုကြီးနဲ့ကျမှလေ အဖေလိုတစ်မျိုး၊ အကိုလိုတစ်သွယ်၊ လင်သယ်လိုလဲ ချစ်ရတော့ အခုနေများ အစ်ကိုကြီးပစ်သွားရင်... အေးတော့လား...”
    မခင်အေး၏ တီတီတာတာ စကားလေးများမှ အဆုံးသတ်အောင် ပြောခွင့်မပေးတော့ချေ။ မခင်အေး၏ စကားများမှာ နားထဲတွင် ပျားကဲ့သို့ ချိုလှ၏။
    “ပြောပုံဆိုပုံ အသံနေအသံထား အိမ်ကဟာကြီးနဲ့များ ကွာပါပေရဲ့၊ အစစအရာရာ သူ့ထက်သာနေလို့ မနာလိုစိတ်နဲ့ ငါ့အချစ် အေးကလေးကို နှိပ်နှိပ်စက်စက် ပြောနေတာ။

တင်မိရေ..နင့်ကိုသာ ပစ်ချင်ပစ်မယ်၊ အေးကိုတော့ မခွဲဘူးကွ”ဟု ဦးတိုးခိုင်သည် မခင်အေးအား ရင်ဝယ်ပိုက်ထွေးရင်း စိတ်ထဲက ကြိမ်းဝါးလိုက်သည်။ ဤမျှလောက် နုပျိုချောမောသော အငြိမ်းစား ဆည်ဝန်ထောက် ၏သမိး ခေတ်ပညာတတ်ကလေးသည် ငါလိုလူကိုမှ ဘ၀ကြင်ဖော် ရွေးလေသည် တကား ဟု ဦးတိုးခိုင်သည် မိုးမမြင် လေမမြင် ဘ၀င်မြင့်ခဲ့သည်။

    “ကိုကြီးရေ..ကိုကြီးရဲ့ ရင်သွေး အချစ်သက်သေကလေး ပုက်ထွေးထားရပြီ ကိုကြီးရဲ့”ဟု မခင်အေးက ဦးတိုးခိုင်အား လက်တစ်ဖက်က ဖက်ထားပြီး ကျန်လက်တစ်ဖက်က သူ့ပတ္တမြား ရွှေကြုပ်ကလေးကို အုပ်ထားရင်း ပြောလိုက်စသ်ကမူ ဦးတိုးခိုင်မှာ ပီတိဖြစ်လှသဖြင့် မိမိအသက်အရွယ်ကိုမှ မထောက်တော့ဘဲ မခင်အေး၏ ဗိုက်ကို မရှက်မကြောက် အားပါးတရ နမ်းခဲ့မိသည်။
    ဒေါ်တင်မိ သေဆုံးစဉ်ကမူ ဦးတိုးခိုင်သည် စိတ်ထိခိုက်ခြင်း မဖြစ်လှချေ။ သာမန်ခင်မင်သော မိတ်ဆွေတစ်ယောက် သေဆုံးသောအခါ ခံစားရမှုလောက်သာ ၀မ်းနည်း၏။ ဒေါ်တင်မိနေရာ၌ အစား ထားရန် ရတောင့်ရခဲ ဇနီးချောငယ်ငယ်နုနုထွတ်ထွတ်ကလေး တစ်ယောက်လုံး အဆင်သင့် ရှိနေသည် မဟုတ် ပါလော။

    ရွှေဟင်္သာစံအိမ်မှာ ဒေါ်တင်မိ၏ ရုပ်နှင့်အသံ ဆိတ်သုဉ်းပျောက်ကွယ်သွားပြီးနောက် ရက်ပေါင်း ခြောက်ဆယ်ကျော်မှ ကြာသောအခါဝယ် မခင်အေးသည် သူဌေးကြီး ဦးတိုးခိုင်၏ တောင်ညာစံဒေ၀ီ မဟေသီအဖြစ် ရောက်လာသည်။ တစ်အိမ်လုံးရှိ ဒေါ်တင်မိ၏ ဓာတ်ပုံများကို အားလုံး ဖြုတ်ပစ်သည်။ “ရွှေဟင်္သာစံအိမ်”ဟူသော ရွှေစာလုံးပျောက်ပြီး “ချစ်ရိပ်သာစံအိမ်”သို့ တဖြစ်လဲ သွားလေသည်။

    ချစ်ရိပ်သာစံအိမ်ဝယ် သူဌေးကတော်ကြီး ဒေါ်ခင်အေး စတင်မင်းမူလာသည်။မှ ရက်ပေါင်းသုံးဆယ်မျှ ကြာညောင်းလာလျှင်ပင် ဦးတိုးခိုင်မှာ အသည်းတွေ စတင်အက်ကြောင်း ထင်လာလေတော့၏။ ပျော်ပွဲရွှင်ပွဲ ဧည့်ခံပွဲဟူသမျှ၌ ဒေါ်ခင်အေး၊ ယောကျာ်းမှန်သမျှ တွေ့မရှောင်တွဲကလေ့ရှိသော ဒေါ်ခင်အေး၊ ယောကျာ်းမိတ်ဆွေများနှင့် အချိန်မရွေး နေရာမရွေးသွားသော ဒေါ်ခင်အေး၊ ခင်ပွန်းသည်လည်း အရုပ်လိုပစ်ထားသော ဒေါ်ခင်အေး၊ ငွေကို ရေလိုဖြုန်းသော ဒေါ်ခင်အေး၊ အနှီဒေါ်ခင်အေးအတွက် ဦးတိုးခိုင်မှာ ပြောမနိုင် လက်မှိုင်ချနေရတော့သည်။ မျိုထားမတတ်ချစ်ရသော ဇနီးကလေးအား နာနာကြည်းကြည်းလည်း မပြောရက်၊ မချုပ်ချယ်ရက်သမျှ ဦးတိုးခိုင် စိတ်ဒုက္ခကို လှလှကြီးခံးစားရတော့၏။

    ဒေါ်ခင်အေးဤအိမ်ကြီးပေါ်ရောက်စက ဒါငါ့ထင်ထင်ရှားရှား မယားဟု လူလည်ခေါင်မှာ ကြွားပြလိုလှသော ဦးတိုးခိုင်သည်။ သာမှုနာမှု ဧည့်ခံပွဲတို့၌ စုံတွဲခုတ်ချည်းခုတ်ခဲ့သည်။ ထိုသို့ လူတော သူတောထဲ သွားလေသမျှ ဦးတိုးခိုင် ရင်ကွဲစရာများသာ ကြားခဲ့ရ၏။ ဦးတိုးခိုင် ကောင်းကောင်းကြီး မှတ်မိနေသည် မှာ အရာရှိကြီးတစ်ဦးအိမ်မှ အနောက်တိုင်းဆန်ဆန် ဧည့်ခံသော မွေးနေ့ပါတီမှာဖြစ်သည်။

    တစ်ယောက်ပြီးတစ်ယောက် စည်းကမ်းမဲ့စွာ တွဲနေသော ဇနီးသည်အား မကြည့်လိုတော့သဖြင့် ပန်းခြံတွင်းသို့ ဆင်းလာခဲ့သည်။ ဖြူဖွေးသော အပင်များ ဝေေ၀ဆာနေသော ကြီးမားသည့် ဇလပ် ကြာပင်ကြီး အောက် မှောင်ရိပ်မှာ ခြေပစ်လက်ပစ်ထိုင်လိုက်မိ၏။ သို့ထိုင်လိုက်မိလျှင်ပင် ဇလပ်ပင်ကြီး၏ တစ်ဘက်မြက်ခင်းပေါ်မှာ လူသုံးလေးယောက်ထိုင်နေသည်ကို တွေ့ရ၏။ မွေးနေ့ပါတီသို့ လာသော ဧည့်သည်များထဲကပင် ဖြစ်ပေမည်ဟု ဦးတိုးခိုင်သိလိုက်သည်။ ထိုလူများကား ဦးတိုးခိုင်ရောက်နေသည်ကိ သတိမမူမိချေ။ ယစ်ရွှေရည်ကို ဇိမ်နှင့်သောက်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။ ဇနီးချောအတွက် စိတ်ညစ်လာသော ဦးတိုးခိုင်သည် အာရုံးပြောင်းစေရန် ထိုလူများ၏ စကားကို နားစိုက်နေမိ၏။ ဘာအကြောင်း ဘယ်လိုစပြောသည်ကိုကား ဦးတိုးခိုင် မသိချေ။ သူရောက်လာ မှကြားရသော စကားများကိုသာ ကြားရသည်။

    “ပိုက်ဆံလဲမကုန် ရောဂါလဲကင်း ဘာတာဝန်မှလဲမယူရ၊ ဘယ်လောက်ဟန်ကြသလဲ”
    “ဒီတစ်ခါကလေးပေါ်ရင်လဲ အဆွဲမခံရတော့ပါဘူးကွ စိတ်ချနေပါ၊ သူ့ငနဲကြီးက ငွေတွင်းကြီးပဲ၊ သူဘယ်လက်လွတ်ခံမလဲ”
    “အင်း..ဘယ်က၀င်လာတဲ့ နွားဖြစ်ဖြစ် သူ့ထဲရောက်ရင် သူ့နွားချည်းပဲပေါ့”
    ၀ါးခနဲ ပြိုင်တူရယ်လိုက်ကြသည်။ ဦးတိုးခိုင်ပင် ယောင်ပြီ ပြုံးမိ၏။
    “အခုကောင်မလေးအဖေကော ဘယ်သူလဲ သိကြရဲ့လား”
    “ဘယ်သူလဲဗျ၊ ကျုပ်တော့ ပုံဖမ်းလို့ကိုမရဘူး”

    ကြောင်နေကြဟန်ဖြင့် တစ်စက္ကန့်မျှ တိတ်နေပြီးမှ အဓိပ၌ာယ်တွေးမိသဖြင့် တစ်ပြိုင်တည်း ၀ါးလုံးကွဲ ရယ်လိုက်ကြသည်တွင် ဦးတိုးခိုင်လည်း အဓိပ္ပာယ်ကို စဉ်းစားမိသဖြင့် ဇလပ်ပင်ကွယ်မှ တိတ်တဆိတ် ရယ်မိသည်။ နောက်မီးလင်းတတ်သော မိန်းမတစ်ယောက်အကြောင်းကို ထိုလူများ ပြောနေကြသည်ဟု ဦးတိုးခိုင် နားလည်လိုက်၏။ ဧကန္တ အထက်တန်းလွှာက မျက်နှာကြီး ဂုဏ်ကြီးရှင် အမျိုးသမီးဖြစ်၍သာ ဤလူများ အရေးတယူဆွေးနွေး နေခြင်း ဖြစ်ပေမည်ဟု ဦးတိုးခိုင်သိလိုစိတ် ပေါ်လာသည်။ ဒီလိုမိန်းမမျိုး ရိုက်သတ်ဖို့ပင် ကောင်းတော့သည်ဟု မဆီမဆိုင် ဦးတိုးခိုင် ဒေါပွ၏။ နားစွင့်ထားလိုက်ပြန်သည်။

    "သူ့အဘိုးကြီးတော့ မှုစရာ မလိုတော့ပါဘူးဗျာ၊ အခုလဲ သူ့ရှေ့တွင် ပြောင်ပြောင်ကြီးကြဲနေတာ မြင်ကြသားပဲ"
    "ဒီမိန်းမကတော့ ဘယ်ယောက်ျားနဲ့ဖြစ်ဖြစ် ဘယ်အခါမှမယွင်းမယ်ငြင်းထဲကပါဗျာ၊ ဒီလိုမိန်းမစား မျိုးအတွက်နဲ့ ကျုပ်တို့ ဒု-သ-န-သော အဖြစ်မခံနိုင်ဘူးဗျို့"
    "သူ့သမီးကလေး ရအောင်ချိုပေါ့ဗျာ၊ နုနုထွတ်ထွတ်ကလေးရယ်"
    "အင်း…ဒီကောင်မလေးရရင်တော့မဆိုးပါဘူး"
    "သူ့အမေသမီး သူ့အမေလို လာမှာပါပဲ"

    "ကိုယ့်သမီးမဟုတ်ဘဲနဲ့ ချမ်းသာသမျှပစ္စည်းတွေ အမွေပေးရမှာ ဦးတိုးခိုင်ကြီး နွားကျလိုက်ပါဘိတော့ဗျာ"
    ဤနောက်ဆုံးစကားတစ်ခွန်းကြောင့် မည်သည့်အမျိုးသမီးဖြစ်ပါလိမ့်ဟု ဇလပ်ပင်အကွယ်မှ နားစွင့်နသော ဦးတတိုးခိုင်သည် ပက်လက်လန်လဲလုမတတ် ဖြစ်သွားရှာလေတော့သည်။
    ဤနောက်ပိုင်း တွင် ဦးတိုးခိုင် အပြင်လောကနှင့် အဆက်ဖြတ်ကာ အိမ်တွင်းအောင်းခဲ့ရှာလေသည်။ သည်လို မိန်းမမျိုးကို မပစ်ရက်မကွာရက်ဖြစ်နေသော ဦးတိုးခိုင်အား ဆေးမိနေသည်ဟုလည်း ပတ်ဝန်းကျင် က မှန်တမ်းတင်ကြချေသည်။

    ဦးတိုးခိုင်သည် ရှေးဖြစ်နောက်ဟောင်းများကို စဉ်းစားနေရာမှ စိတ်ထိခိုက်လှသဖြင့် တလှပ်လှပ်ခုန်လာသောရင်ကို လက်နှင့်ဖိရင်း အိပ်ရာပေါ်သို့ ဖြည်းညင်းစွာလှချလိုက်၏။ အိပ်ပျော်သလိုလို သတိမေ့သလိုလို ဖြစ်သွားလေသည်။
    "ရှင်တော်တော်မိုက်လုံးကြီးတယ်နော် ကိုခိုင်"
    ဆံပင်ကပိုကရိုနှင့် ဒေါ်တင်မိသည် ဦးတိုးခိုင်နှင့် နီးကပ်စွာ ခုတင်ဘေးမှာ ရပ်နေရင်း ကြေကွဲစွာ ပြောလိုက်၏။

    "မှားပါပြီ မတင်မိရယ်..၊ ကိုခိုင့်အပြစ်တွေကို ကြေအောင် ဘယ်လိုဝန်ချတောင်းပန်ရမလဲ၊ ကိုခိုင် အသည်း တွေ ကွဲကုန်ပြီထင်တယ်ကွယ်…"
    ဦးတိုးခိုင်သည် တစ်ဆို့သောအသံဖြင့် ယူကျု့းမရလှစွာ ဇနီးသည်အား တောင်းပန်လိုက်၏။
    "ကျွနမကို တောင်းပန်နေဖို့မလိုဘူး၊ ကျွန်မက ကိုခိုင်ကို ဘာမှလုပ်တာမဟုတ်ဘူး၊ ရှင်ကျွန်မကို စိတ်ဆင်းရဲအောင်လုပ်ခဲ့လို့ ၀ဋ်လည်တာ၊ ဒါတွေကို ဘာမှပြန်မပြောနဲ့ ရှင့်ကို မိုက်လုံးကြီးတယ်ဆိုတာ သမီးကိုပစ်ထားလို့ပြောတာ၊ သမီး…သမီး…သမီးအတွက် ရှင်ဘာမှမစီမံဘူးလား"

    ဒေါ်တင်မိသည် စူးရှလှသော အသံဖြင့် ပြောလိုက်၏။ ဦးတိုးခိုင်သည် လဲလျောင်းနေရာမှ ထရန်ကြိုးစားသည်။ စိတ်ဆင်းရဲောအင် ညှဉ်းဆဲခဲ့မိသော စီးပွားဘက် ငယ်ပေါင်းမယားကြီး၏ မျက်နှာကို မကြည့်ရဲ အောင် ဖြစ်လာသည်။ သို့သော် တစ်ကိုယ်လုံးမှာ လုံးဝလှုပ်ရှား၍မရချေ။
    "စီမံထားတယ် မတင်မိ၊ ဟိုသားအမိ မသိဘူး၊ ငါအဖိုးတန်ရတနာတွေကို အားလုံး သိမ်းထားတယ်…"
    ဦးတိုးခိုင်က ကြောက်လန့်နေရာက အဖြေပေးလိုက်၏။

    "ကိုခိုင်.. ရှင်လူ့ပြည်မှာ ကြာကြာမနေရဘူး၊ မကြာခင်သေရတော့မှာ၊ သမီးကို ပစ္စည်းတွေ ဘယ်နေရာမှာ ထားတယ်ဆိုတာ ခေါ်ပြောပါ၊ အခုချက်ချင်းခေါ်ပါ"
    ဒေါ်တင်မိသည် ခက်ထန်စွာပြောရင်း သမီးတင်တင်ခိုင်အား ခေါ်ရန် ပြောလိုက်သည်။ ဦးတိုးခိုင်သည် ဖျစ်ညှစ်ပြီး အော်ပါသော်လည်း အသံမထွက်လာချေ။ ဒေါ်တင်မိသည် ဦးတိုးခိုင်၏ လက်ကို ဆတ်ခနဲဆွဲယူကာ ခုတင်နှင့်ကပ်လျက်ထားသော စားပွဲပေါ်ရှိ လူခေါ်ခေါင်းလောင်းကလေး၏ ခလုတ် ပေါ်သို့ ပစ်ချလိုက်သည်။
    "ကလင်-ကလင်-ကလင်-ကလင်"

    စူးစူးရှရှ အဆက်မပြတ် မြည်လာသော ခေါင်းလောင်းသံကြောင့် ဦးတိုးခိုင်သည် အိပ်ပျော်နေရာမှ လန့်နိုးလာသလို မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ တစ်ခန်းလု့း မိမိတစ်ယောက်တည်းသာ ရှိတော့သည်။ မည်သူ့ကိုမှ မတွေ့ရ။ ဒေါ်တင်မိ၏ သဏ္ဍာန်နှင့် ပြောကြားသည့်စကားသံများကို မြင်ယောင်ကြားယောင် နေသည်။ မိမိ၏လက်တစ်ဘက်မှာ အိပ်ရာဘေးရှိ လူခေါ်ခေါင်းလောင်းကလေး၏ ခလုတ်ပေါ်၌ တည့်တည့် မတ်မတ် ရောက်နေသည်ကို သတိထားမိသောအခါ သွေးသားတွေ ရပ်ဆိုင်းသွားသလိုထင်ရပြီး တစ်ကိုယ် လုံး နာကျင်လာသည်။ ဇောချွေးတွေ တစ်ကိုယ်လုံး ရွှဲနေလေသည်။ လေဖြတ်ခံရသူကဲ့သို့ ခြေလက် တွေကိုလည်း လှုပ်ရှား၍မရ။ ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် သမီးတင်တင်ခိုင်အား ဟစ်အော် ခေါ်ပါသော်လည်း လေသံသဲ့သဲ့မျှသာ ထွက်ချေသည်။

    ခေါင်းလောင်းမြည်သံကြောင့် မီးဖိုဆောင်မှ အပြေးအလွှားတက်လာသော တင်တင်ခိုင်သည် အခန်းဝသို့ ရောက်လျှင် ခြေလှမ်းတန့်သွားသည်။ ချွေးသီးကြီးများ အစီအရီထွက်နေသော မျက်နှာ၊ အရောင်းအဆင်း ကင်းမဲ့၍ ပြူးကြောင်သော မျက်လုံး၊ မဲပြာနေသော နှုတ်ခမ်းများနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ဖခင်အား စက္ကန့်အနည်းငယ်မျှ တွေးပြီးကြည့်နေမိသည်။ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်အုံ နေရာကလေး မှ လွဲ၍ တစ်ကိုယ်လုံးမှာ လုံးဝလှုပ်ရှားမှု မရှိတော့သော ဖခင်အား စိတ်မချမ်းမြေ့ စွာ ကြည့်ရင်း ခုတင်နားသို့ ဖြည်းညင်းစွာ ကပ်လာသည်။ မိထွေးတော် ပြုပြင်ထားသည့် စနစ်အတိုင်း ခုတင်ဘေး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်၏။

    "ဖေဖေ" တင်တင်ခိုင်က ညင်သာစွာ ခေါ်လိုက်သည်။
    ဦးတိုးခိုင်သည် သမီးအာ ပြူးပြူးကြီး စိုက်ကြည့်ရင်း မျက်ရည်များ ကျလာသည်။ တစ်စုံတစ်ရာကို ပြောချင်ဟန်ဖြင့် နှုတ်ခမ်းများလှုပ်နေသော်လည်း အသံမှာ ယဲ့ယဲ့မျှသာ ထွက်၍ တင်တင်ခိုင် သဲသကွဲစွာ မကြားရချေ။ တင်တင်ခိုင်သည် ဒူးထောက်နေရာမှထ၍ ဖခင်၏ နှုတ်ခမ်းနားကပ်ပြီး နားစိုက်လိုက်သည်။

    "သမီး ထမင်းစားခန်းနဲ့ ဧည့်ခန်းအကူး…" ထိုမျှသာ ပြောနိုင်ပြီး ဦးတိုးခိုင်အသံ တိမ်ဝင်သွားလျက် အသက် ကို မျှင်းမျှင်းကလေးမျှသာ ရှူနေတော့သည်။ အခြေအနေမဟန်တော့ပြီ ဖြစ်ရကား တင်တင်ခိုင် သည် အခန်းတွင်းမှ လျင်မြန်မစွာ ပြေးထွက်လာခဲ့ပြီး လှေးကားထိပ်မှရပ်၍ ဦးအုန်းဖေအား ခပ်အုပ်အုပ် အော်ခေါ် လိုက်သည်။
    "အဘရေ-အဘ မြန်မြန်လာပါဦး"
    တင်တင်ခိုင် ခေါ်သံကြောင့် ဦးအုန်းဖေသည် ကဗျာကသီ အိမ်ပေါ်တက်လာသည်။

    "ဘာလဲမိန်းကလေး"ဟုလည်း နှုတ်မှမေးလိုက်၏။
    "ဟိုမှာ ဖေဖေ ဟိုမယ်" တင်တင်ခိုင်သည် ငိုရှိုက်ပြောဆိုရင်း ဖခင်ရှိရာအခန်းသိုက သုတ်ခြေတင် သွားသဖြင့် ဦးအုန်းဖေသည် စိုးရိမ်ကြီးစွာ လိုက်လာခဲ့သည်။ ဦးတိုးခိုင်ကား မျက်စိတ်မှိတ်ကာ ငြိမ်သက် နေပြီဖြစ်၏။ ဦးအုန်းဖေသည် ငြိမ်သက်နေသော ဦးတိုးခိုင်၏ရင်ကို စမ်းကြည့်လိုက်၏။
    "မရတော့ဘူး မိန်းကလေး၊ ဆုံးရှာပြီ" ဦးအုန်းဖေက စိတ်မကောင်းလှစွာပြောရင်း တင်တင်ခိုင်အား ကြည့် လိုက်၏။

    တင်တင်ခိုင်သည် မတ်တတ်ရပ်ရင်း ခြင်ထောင်တိုင်ကို အားပြုမှီရပ်နေသည်။ နုနယ်သော နှလုံးသားကလေးကား အရွယ်နှင့်မျှအောင် ကြမ်းတမ်း ခက်ထန်လှသော လောကဓံတရားများကို ကြံ့ကြံ့ခံ လာခဲ့ရရှာသည်ဖြစ်၍ ရင့်ကျက် ထုံထိုင်းနေဟန်တူသည်။ အော်ဟစ် လူးလိမ့်ငိုယိုခြင်း မပြုရှာတော့ဘဲ မျက်ရည်များသာ တတွေတွေ ကျနေတော့သည်။
    "ကံတရားပေါ့ မိန်းကလေးရယ် စိတ်ကိုဖြေပါ" ဦးအုန်းဖေက ကြင်နာလှစွာဖြင့် အားပေးဖြေသိမ့်လိုက်၏။

    "ကျွန်ဘ၀န့နေနေရပေမယ့် ဖေဖေရှိသေးတော့ ဒီအိမ်ကြီးမှာ ဘေးကင်းရန်ကင်း လုံလုံခြုံခြုံ နေရ သေးတယ်၊ အခုဖေဖေမရှိဘူးဆိုရင် သူတို့သားအမိက ကျွန်မကို နှင်ပစ်မှာ သေချာပါတယ်အဘရယ်၊ ကျွန်မ ခွေးတိုးဝက်ဝင်ဘ၀ရောက်ရတော့မှာပဲ"
    တင်တင်ခိုင်သည် ကြေကွဲလှစွာပြောရင်း ရှိုက်နေလေသည်။
    "ဟိုသားအမိ ဘယ်သွားလဲ" ဦးအုန်းဖေက ကောက်ကာငင်ကာ မေးလိုက်၏။

    "ဘယ်သွားမယ်ဆိုတာ ကျွန်မကို ဘယ်တော့မှ အရေးလုပ်မပြောပါဘူးအဘ၊ ဒါပေမြ့ ထမင်းပြင်ထားလို့ မှာငသွားတယ် ထမင်းစားအမီ လာပါလိမ့်မယ်ထင်ပါရဲ့"
    တင်တင်ခိုင်ပြောနေစဉ်မှာပင် ဒေါ်ခင်အေးတို့ ပြန်ရောက်လာသည်။ ကားပေါ်တွင်ပါလာသော ဧည့်သည်လူရွယ်နှစ်ယောက်နှင့်အတူ ဆူညံရယ်မောတသောသောနှင့် ဧည့်ခန်းထဲ ၀င်လာကြသည်။ ဦးအုန်းဖေ အိမ်ပေါ်ထပ်မှ ဆင်းလာသည်ကို မြင်သော ဒေါ်ခင်အေးမှာ အံ့အားသင့်သွားသည်။ ဒရ၀မ် မာလီ က ကိုယ့်နေရာကိုမနေဘဲ အိမ်ပေါ်ထပ် ဘာကြောင့်တက်ရသလဲဟု ဒေါ်ခင်အေး မျက်မာန်တော် ရှသွား၏။

    "အဘိုးကြီး ဘာကိစ္စ အိမ်ပေါ်တက်ရတာလဲ" မာကျောလှသော အသံဖြင့် ဒေါ်ခင်အေးက မေးလိုက်၏။ ဧည့်သည်လူရွယ်နှစ်ယောက်နှင့် ရိုစလင်းခိုင်မှာ ဦးအုန်းဖေကိစ္စ စိတ်ဝင်စားဟန်မတူ။ ဆိုဖာပေါ်တွင် သုံးယောက်သားပူး၍ ကတ်သီးကတ်သပ်ထိုင်ပြီး ဓာတ်ပုံတစ်ခုကို အလုအယက်ကြည့်ရင်း ပုတ်လိုက် ခတ်လိုက်ဖြင့် ပျော်ရွှင်နေကြသည်။

    "သူဌေးကြီးဆုံးရှာပြီ သူဌေးကတော်"
    ဦးအုန်းဖေက ဖြေရင်း ဒေါ်ခင်အေးအား အကဲခတ်လိုက်သည်။ သူမျှော်လင့်သည်ကား ဒေါ်ခင်အေးသည် စိတ်ထဲက မပါသော်ငြားလည်း လင်သေမိန်းမနှင့်တူအောင် ရင်ဘတ်စည်တီး ပူပင်သောကကြီးစွာဖြင့် အော်ငို ယိုကာ အိမ်ပေါ်ထပက်သို့ ပြေးတက်သွားလိမ့်မည်ဟု ထင်မိ၏။ ထိုသို့ကား မဟုတ်ချေ။

    "အဘိုးကြီး…ဒီနားလာစမ်း…"ဟု ဒေါ်ခင်အေး ခပ်အေးအေးပင် လှမ်းခေါ်လိုက်သဖြင့် ဦးအုန်းဖေက အမိန့်အတိုင်းသွားရသည်။
    "ဟယ်ရီနဲ့မိုက်ကယ်… ဒီအဘိုးကြီးကိုယ်မှာ ရှာကြည့်စမ်း၊ အိမ်မှာ ဘယ်သူမှမရှိတုန်း အစ်ကြိုီ့းက သေတော့ ယုံစားလို့မဖြစ်ဘူး"
    လူရွယ်နှစ်ယောက်က ထိုင်ရာမှထလာပြီး ဦးအုန်းဖေ၏ ကိုယ်မှာ စမ်းသပ်ရှာဖွေကြသည်။
    "ဘာပြောတယ် မာမီ၊ ဘယ်သူသေတာလဲ…"သမီးချောရိုစလင်းခိုင်က မေးလိုက်၏။

    "ဒက်ဒီသေပြီသမီးရဲ့၊ အတင်ဘယ်မှာလဲ အဘိုးကြီး၊ အစ်ကိုကြီးက အတင်ကို ဘာတွေမှာသွားသလဲ ဘာတွေပေးသွားသလဲ…"
    ဒေါ်ခင်အေးက သမီးအမေးကို ဖြေရင်း ဦးအုန်းဖေအား စကားဆက်တိုက် မေးလိုက်၏။ ဦးအနုးဖေသည် ဒေါ်ခင်အေးအား လည်ပင်းညှစ်၍ သတ်လိုစိတ် ပေါ်လာသည်။ လင်တစ်ယောက်လုံး သေသည်ကို အရေး မထား၊ ပစ္စည်း စကားပြောနေသည့် မိန်းမယုတ်ပါတကားဟု စဉ်းစားရင်း….

    "အိမ်ပေါ်ထပ်က လူခေါ်ခေါင်းလောင်း မြည်သံကြားလို့ အတင်းတက်သွားတယ်၊ အိမ်ပေါ်ရောက်ရောက်ချင်း ကျွန်တော့်ကို အော်ခေါ်တယ်၊ ကျွန်တော် အိမ်ပေါ်ထပ်ရောက်လို့ သူဌေးကြီး ကို ကြည့်လိုက်တော့ အသက်မရှိတော့ပါဘူး သူဌေးကတော်"
    ဟု ဦးအုန်းဖေက စိတ်ကို ချုပ်တီးရင်း လေသံမှန်မှန်ဖြင့် ဖြေလိုက်၏။ သူ့အား ရှာဖွေနေသော ဘောင်းဘီဝတ် လူရွယ်နှစ်ယောက်က ဘာမျှ မတွေ့ကြောင်း ဒေါ်ခင်အေးအား ပြောလိုက်ပြီး ဦးတိုးခိုင်၏ ရုပ်အလောင်း ရှိရာ အိမ်ပေါ်ထပ်သို့ မော့ကြည့်လိုက်ကြ၏။

    "အစ်ကိုကြီးသေတာ ဘယ်လောက်ကြာပြီလဲ အဘိုးကြီး"
    "အခုတင်ကလေးပါပဲ သူဌေးကတော်၊ သူဌေးကတော် တို့ပြန်မလာခင် ငါးမိနစ်လောက်ပါပဲ"
    "အတင်ရော…"ဒေါ်ခင်အေးက မေးလိုက်ပြန်၏။
    "အိမ်ပေါ် ထပ်မှာပါ"

    "ကောင်းပြီ…အဘိုးကြီး အောက်ထပ်မှာ ဧည့်သည်တွေလာရင် နေရာထိုင်ခင်း အဆင်သင့်ဖ်ြစအောင် ရှင်းထားလိုက်၊ ဟိုဘက်အိမ်က မင်းစေလင်မယားကို ကူညီလုပ်ဖို့ကိုင်ဖို့ ခေါ်ဦး၊ ဟယ်ရီနဲ့မိုက်ကယ် မြို့ထဲက မိတ်ဆွေတွေ၊ အမျိုးတွေ မမအေးခင်ပွန်းဆုံးကြောင်း သွားအကြောင်းကြားပေးပါဦး၊ ကဲ…လာ သမီးအိမ်ပေါ်သွားစို့ မိတင်တစ်ယောက်ထဲ ဘာတွေမွှေနေမယ်မသိဘူး"
    ဒေါ်ခင်အေးသည် နာမည်နှင့်လိုက်အောင်ပင် အေးအေးဆေးဆေး စီမံခန့်ခွဲပြောဆိုပြီး သမီး ရိုစလင်းခိုင် ကို ခေါ်ကာ အိမ်ပေါ်ထပ်တက်သွားသည်။ ဦးအုန်းဖေသည် အောက်ထပ် ဧည့်ခန်းထဲတွင် ဧည့်သည် များလာလျှင် ထိုင်ရန်အတွက် စတိုခန်းထဲမှ ခေါက်ကုလားထိုင် စားပွဲများကို ထုတ်ယူလာပြီး နေရာတကျ ထားရင်း နားစွင့်နေသည်။ ဒေါ်ခင်အေးမည်ကဲ့သို့ ငိုမည်၊ ရိုစလင်းခိုင်က ဖခင်အား မည်ကဲ့သို့ တမ်းတမည် စသည်များကို…

    သို့သော် အိမ်ပေါ်ထပ်မှ ဒေါ်ခင်အေးတို့ သားအမိ၏ မသဲမကွဲ ပြောဆိုသံများနှင့်..
    "ဖေဖေနဲ့မေမေတို့ရေ တကောင်ကြွက်မကို မြန်မြန်ခေါ်လှည့်ကြပါတော့"ဟူသော တင်တင်ခိုင်၏ လှိုက်လှိုက်လှဲလှဲ ငိုကြွေးသံကိုသာ ကြားရလေတော့သည်။
    နေရာတိုင်းမှာ ၀င်ဆန့်လှသော မျက်နှာကြီး ဒေါ်ခင်အေး မိတ်ဆွေများနှင့် ဆွေမျိုးများ တဖွဲဖွဲ ရောက်လာကြလေပြီ။ ဦးတိုးခိုင်နှင့် ဒေါ်တင်မိ၏ ဆွေမျိုးဟူ၍ကား တစ်ဦးတလေမှ ပေါ်မလာကြပေ။ ဒေါ်ခင်အေး၏ အမျိုးအဆွေများမှာ နေရာတကာ အာဏာပြပြီး အသုဘကိစ္စမှာ အုပ်ချုပ်စီမံနေကြ၏။ ဒေါ်ခင်အေး သည် မျက်နှာမှာ လိမ်းချယ်ထားသည် များကိုလည်း မျက်နှာသုတ်ပ၀ါဖြင့် ပွတ်တိုက်ပြီး ဖျက်ထား၏။ အတွန့်အလိမ် အဆုပ်အခွေတွေ မွမ်းမံထားသော ဆံပင်ကိုလည်း ဖျက်ပြီး ပူပုံပန်းနှင့် တူအောင် ဘီးတစ်ချောင်းဖြင့် ခပ်ပွပွ ပတ်ထားလိုက်၏။ မျက်ရည်ကား တစ်စက်မှမကျချေ။

    "နေလဲနေနိုင်ပါပေရဲ့၊ မျက်ရည်တစ်စက်မှမကျဘူး"
    အသုဘလာသူများထဲမှ အမျိုးသမီးတစ်ယောက်က အနားကနေသော အမျိုးသမီးအား ခပ်တိုးတိုး ပြောလိုက်၏။
    "အစကထဲက ချစ်လို့ယူတာမှမဟုတ်ဘဲ၊ သေတာနောက်ကျတယ်လို့တောင် ထင်ဦးမယ်"
    "သူ့အဖို့ကတော့ ယောက်ျားမရှားပါဘူး၊ ဖျော်ဖြေစရာတွေ များသားပဲ"
    တိုးတိုးနှင့် အတင်းချနေသော အမျိုးသမီးနှစ်ယောက်အနားသို့ ဒေါ်ခင်အေး ရောက်လာသည်။

    "စိတ်မကောင်းစရာပဲ သူဌေးကတော်၊ ကိုယ့်ကိုယ်ကို သိပ်စိတ်ဆင်းရဲမှုမဖြစ်ပါစေနဲ့တော့၊ တရားနဲ့သာဖြေပါနော်၊ သင်္ခါရတရားကတော့ ဘုရားသော်ကမှ မလွန်နိုင်ပေဘူး၊ သူဌေးကတော် သိပ်ပြီးစိတ်ထိခိုက်နေလို့ မငိုနိုင်ဘဲ ကြောင်တောင်တောင်ကြီး ဖြစ်နေတာမြင်ရတော့ ကျွန်မတို့တောင် ရင်ထဲဆို့မိပါတယ်"
    စောစောက အတင်းချနေသော မိန်းမနှစ်ယောက်သည် ပူပန်ကြေကွဲသော လေသံဖြင့် ဒေါ်ခင်အေးအား ဖြေသိမ့်လိုက်ကြ၏။

    "ဒီလိုပဲ ကြိုးစားဖြေရတော့တာပဲ မင်းကတော်၊ ကျွန်မငိုလို့လဲ မရဘူး၊ အိပ်လို့ စားလို့လဲ မရဘူး၊ စိတ်ထဲမှာရော ရင်ထဲမှာရော ဘာမှ မရှိတော့သလို ဟာနေတယ်"
    ဒေါ်ခင်အေးက မျက်နှာသေကလေးဖြင့် ပြောလိုက်၏။ အသည်းနှလုံး ကြေပြုန်းလုနီးမျှ ပူဆွေးဒုက္ခ ရောက်ရရှာ သော်လည်း လူပရိသတ်အလည်တွင် ငိုကြွေးခွင့်မရရှာ၍ ဖြိုင်ဖြိုင်စီးကျလာသော မျက်ရည် များနှင့် မီးဖိုဆောင်တွင် ပန်းကန်ဆေး အိုးခွက်ဆေး လုပ်နေရသော တင်တင်ခိုင်ကိုကား မည်သူ တစ်ဦး တစ်ယောက်ကမ အားပေး ဖြေသိမ့်ခြင်းမပြုချေ။ သတိလက်လွတ်ကာ မူးမေ့သွားမည်စိုး၍ ဦးအုန်းဖေ တစ်ယောက် သာလျှင် လူအလစ်မှာ အားပေးစကား ပြောကြားနေရသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks.

Ray

မေဓာဝီ said...

အပြေးအလွှား လာဖတ်သွားတယ် မရွှေစင်ရေ ...
မရွှေစင်က တာဝန်ကျေကျေ စာတွေတင်နိုင်ပေမဲ့ ညီမတို့က တာဝန်မကျေဘူး ဖြစ်နေလို့ အားနာမိတယ်။
အခုတင်တဲ့ မ၀င်းမြင့်တော့မဖတ်ဖူးသေးဘူး။ ကျေးဇူးပါ အမရေ။

Anonymous said...

ကျေးဇူးးးအမ....
လက်ထဲမှာစာအုပ်ရှိလို့ကတော့ တခါတည်းဖတ်ပီးပဲ..။ဟီး

စောင့်ရတာ အသည်.ယား


မြတ်နိုး