ငထွန်းကားတို့ညီအစ်ကို
"ပရိတ်မေတ္တာ ဘာဝနာ ကမ္မဌာန်းစီးဖြန်း ရွတ်ဖတ်သရဇ္စာယ်ရသော ကောင်းမှုအဖို့ကို ၃၁ဘုံ၌ ကျင်လည် ကုန်သော သတ္တ၀ါအပေါင်းတို့အား အမျှ ပေးဝေပါ၏။ အားလုံး ကြားကြားသမျှ အမျှ ယူ တော်မူကြ ပါကုန်လော့။ အမျှ အမျှ အမျှ"
စူးရှကြည်လင်သော အမျှပေးဝေသံအဆုံးတွင် ကြေးစည်သံနှင့် တုံးခေါက်သံများ တစ်ချက်ခြား ပေါ်လာ သည်။ သည်အသံ များ၏ကြား၌ ကြေးစည်သံလည်း လွင့်ပျံလာပြန်သည်။ ရေဒီယိုသံနှင့် ကက်ဆက်သံ၊ တီဗွီသံ တို့ကို တဒင်္ဂ လွှမ်းမိုးလိုက်သော ထိုအသံမှာ ရွာလယ် ၀တ်ကျောင်းမှ ထွက် ပျံလာခြင်းဖြစ်သည်။ တုံးခေါက်သံ နှင့် စည်ရိုက်သံ ကြေးစည်ခတ်သံများ ဆိတ်စဲသွားလျှင် ရမ်းဘိုကုန်းရွာ၏ ညသည် မူလ အခြေအနေ သို့ ပြန်လည်ရောက်ရှိလာပြန်သည်။
"ကလေးမ တွေ တုတ်မီးမပါ ဘာမပါနဲ့"
"ရပါတယ် ဘရ၊ လထွက်နေပါပြီ"
ရွာလယ်ဝတ်ကျောင်းမှ ပရိတ်ရွတ်သံ ၀တ်တက်အပြီး၌ တုံးခေါက် စည်ရိုက်ကာ အမျှဝေသော်ငြား ၀တ်တက်သူ ကား များများစားစား မရှိပါ။ အဘိုးကြီးနှစ်ယောက်နှင့် မိန်းကလေး လေးယောက်သာ ရှိသည်။ မိန်းကလေး လေးယောက်မှာ ရီးဆေးရိုး၏ မြစ်နှစ်ယောက်နှင့် ရီးသာဒွန်း၏ မြစ် နှစ်ယောက်။ အဘိုးကြီး နှစ်ယောက် မှာ ရီးဆေးရိုးနှင့် ရီးသာဒွန်း။
ဝတ်ကျောင်းပေါ်မှ မိန်းကလေးတွေ ဆင်းသွားသောအခါ မှောင်ကြီးမည်းကြီးထဲတွင် အဘိုးကြီး နှစ် ယောက် သာ ကျန်ခဲ့သည်။ သူတို့သည် 'ပုတီးပင်ဘုရား'ထီးကို ငုံ့လျက် ထွက်ပေါ်လာသော လပြည့်ကျော် ၁ရက် လ၀န်းကြီး ကို ငေးကြည့်နေမိသဖြင့် မလှုပ်ရှားမိကြ။
အတန်ကြာ မှ စတင်လှုပ်ရှားသူမှာ ရီးဆေးရိုး။ သို့သော် စတင်ပြီ အသံထွက်သူမှာ ရီးသာဒွန်း။
''သွားတော့မလို့လားကွ''
''မသွားလို့ ဘာလုပ်နေမှာတုံးဟ''
''လရောင်နဲ့ မြင်မြင်ထင်ထင်မှာ ပြန်တော့ ရေနံဆီဖိုး သက်သာတာပေါ့''
သူတို့သည် လက်နှိပ်ဓာတ်မီး မဆောင်ကြချေ။ ပိန်ရှံ့ပြီး သံကြေးလက်လေးသစ်တက်နေသော မုန့်သေတ္တာပုံး ကို အလျားလိုက်တစ်မျက်နှာ ဖွင့်ထားသည့် သံပုံးတွင် ရေနံ့ဆီမီးခွက် ထွန်းလျက် လာခဲ့ ကြခြင်း ဖြစ်ပေ၏။
''အေးကွ၊ မင်းပြောသလိုဆိုတော့လည်း မဟုတ်သားပဲ''
''ဒါထက်ဟေ့ကောင်၊ သတိရတုန်း မေးရဦးမယ်၊ မင့်အစ်ကိုကိုထွန်းကား ရှိသေးလား၊ သေပြီလား၊ အခုဘယ်မှာနေကြတုံး"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀က စလင်းတောင်ဘက်က လက်မဲ ကန်မှာဆိုလို့ ငါလိုက်သွားဖူးတယ်။ မန်ကျည်း ပင်ပု ကို ပြောင်းသွားပြီတဲ့။ ဒါနဲ့ မည်ကျင်းပင်ပုကို လိုက်သွားတော့ ရေနံချောင်းကို ပြောင်းသွားပြီတဲ့"
"သူ့မိန်းမ က အဲ့သည်အရပ်ကထင်တယ်"
"မဟုတ်ဘူးကွ၊ အသိအကျွမ်းပဲရှိတာ၊ ဇာတိက ရှောက်တောရဲ့ အနောက်နားကကွ"
"နေပါဦး မင့်မရီးနာမည်က ဘယ်သူ၊ နှစ်ပေါင်း လေးငါးဆယ်ကြာတော့လည်း ရေးရေးပဲ မှတ်မိ တော့တယ်။ ငြိမ်း တော့ ပါဟန်တူရဲ့"
"မယ်ငြိမ်းစည်ပါကွာ"
"အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ချောတယ်နော်"
"ချောတာမဟုတ်ပါဘူးကွာ၊ ကြာများတာပါ။ အမယ် ဒါပေမဲ့ သူ့အဖေရဲ့ အဘိုးကတော့ ပြည်လုံး ကျော်က မင်းကြီး ဗိုလ်ဥတ္တမရဲ့တပ်က ဗိုလ်ဆိုးပါကွ"
"သူ့အဖေ ရဲ့ အဘိုးဆိုတော့ မယ်ငြိမ်းစည်ရဲ့ အဘေးပေါ့။ အေးလေ အဘေးအရင်းက ရဲရဲတောက် ပေမဲ့ အဘေးတစ်ဝမ်းကွဲတွေ ဘာတွေက ဖောက်ပြန်ရင်လဲ မြစ်တွေမှာ လာပြီး အဲသည်ဇာတိ ပေါ် သတဲ့ကွ။ ဟိုသင်းကွာ ကျောင်းစုရွာက လှဆောင်ကို ကြည့်ပါလား"
ရီးဆေးရိုးမှာ စကားမထောက်နိုင်။ မျက်လုံးမငြိမ် လူမငြိမ်သော မရီးကို မြင်ယောင်လာသော ကြောင့်ဖြစ်သည်။
"သူ့အဘေးအရင်း ဗိုလ်ရင်းထောင်က ပြည်လုံးကျော်နားမှာ အင်္ဂလိပ်တွေ ကြိုပေးသတ်တာ ခံ သွားရပေမဲ့ ဗိုလ်ရင်းထောင် ရဲ့အစ်ကို ကိုရင်းသောင်ကတော့ သစ္စာဖောက်ဆိုပဲ"
"မင်းက မှ မှတ်မိသေးတယ်"
"ငါကလည်း အခု ပြောရင်းဆိုရင်းမှ သတိရလာတာပါ။ ကိုရင်းသောင်က မင်းကြီးဗိုလ်ဥတ္တမရဲ့ မွေး စားသား မောင်ကြာညိုနဲ့ ပေါင်းပြီး မင်းကြီး ဘယ်မှာရှိတယ်ဆိုတာ အင်္ဂလိပ်ဆီကို သတင်းပေး တယ်ဆိုပဲကွ"
"အင်း အင်း၊ ဟုတ်ပြီ၊ မယ်ငြိမ်းစည်ရဲ့ အဘေး တစ်ဝမ်းကွဲ ပေါ့။ ကြည့်စမ်း ငါပြောတာ ဟုတ်နေပါ ကလား"
ရီသာဒွန်း က အားတက်သရောပြောခြင်းသည် ရီးဆေးရိုးအတွက် သိမ်ငယ်စရာဖြစ်သည်။ အကြောင်းမူ ရမ်းဘိုကုန်းရွာ တောင်ပိုင်းရှိ ဦးဘမှန်၏ အိမ်ကို တိုက်ခိုက်လုယက်သော ဓားပြမှုကို ဖော်ထုတ်နိုင်သဖြင့် လက်ထောက်ချသူမှာ မယ်ငြိမ်းစည်ဖြစ်ကြောင်း ဘူးပေါ်သလို ပေါ်ပြီး ရမ်းဘို ကုန်းတစ်လွှား၌ ဟိုးလေး တကျော် ဖြစ်သွားသောကြောင့်ပေတည်း။
နှစ်ပေါင်းငါးဆယ်ပင် ကျော်လွန်ခဲ့ပြီဖြစ်ငြား ရီးဆေးရိုးမှာ ယခုထက်တိုင် ရှက်နေဆဲဖြစ်သည်။
"မင့်အစ်ကိုရဲ့မျက်နှာ၊ မင့်မိဘရဲ့မျက်နှာကြောင့် ရွာက သည်းခံခဲ့ပါတယ်ကွာ"
"ဒါပေမဲ့ အမှုလိုက် အင်စပက်တော်နဲ့"
ရီးဆေးရိုး မှာ ဆက်လက်ပြီး မပြောရဲသဖြင့် တန့်သွား၏။ သွေးမတော် သားမစပ်သော မိန်းမသား တစ်ယောက် ဖြစ်ငြား၊ အစ်ကို့ဇနီး ကိုယ့်မရီးဖြစ်လာသောအခါ 'အစ်မ'ဟု သဘောထားကာ ရိုသေ လေးစား မိသောကြောင့် ပါးစပ်ဖြင့်ပြောရန်ကိုပင် လျှာတွန့်နေခြင်းဖြစ်၏။ သို့တစေ ရီးသာဒွန်းကား ရိပ်မိဟန်မတူ။ သူပြောလိုရာ ကို လေရှည်ကြီးဖြင့် ဆက်ပြောပြန်၏။
"မင့်အစ်ကို ကတော့ တကယ်အလုပ်လုပ်တဲ့လူပဲ။ ငါတို့ရွာမပြောနဲ့၊ အနီးအနားရွာတွေမှာကို သူ့မီ တဲ့ လူ မရှိဘူး။ ဒါပေမဲ့ ကနေ့လို ထွန်စက်တွေ အလျှံပယ် ပေါနေတဲ့အချိန်ဆိုရင်တော့ တစ်မျိုးပေါ့ လေ"
ဤအကြောင်း သို့ ရောက်လာပြန်သောအခါ ရီးဆေးရိုးမှာ ငယ်ဘ၀ကို သတိရသည်။ သေပြီလော၊ ရှင်သေးသည် လော မသိရသည့် အစ်ကိုရင်း ငထွန်းကားကို လွမ်းဆွတ်မိသည်။
ငထွန်းကား သည် အမှန်ပင် အလုပ်လုပ်ရန် မွေးဖွားလာရသူ။
ထိုအချိန်က ဆေးရိုးအသက်မှာ ၁၀နှစ်။ အစ်ကိုငထွန်းကား၏အသက်မှာ ၁၅နှစ်။ အထွေးဆုံး မယ်မျှင်က ၅နှစ်သမီး။ သူတို့အဖေ ကိုကျန်ကြီးသည် ဥမမယ် စာမမြောက်သော သားနှစ်ယောက် ကို အားကိုးပြီး လယ် တီကျင်းသည်။ သာဒွန်းဝမြောင်းဖျားရှိ ရှောက်တောကို တောတိုးကာ တည် သောလယ်သည် ကောင်း၏။ လယ်က စပါးရသောကြောင့် နို့စား နွားမတစ်ကောင် ၀ယ်နိုင်သည်။ ၀ယ်ယူစဉ်က ထိုနွားမမှ ပေါက်သော သားများ ကို မျှော်လင့်အားထားပြီး oယ်ယူခြင်း ဖြစ်သည်။ သို့သော် ထိုနွားမသည် သားမတင်။
ဟိုမှသည်မှ တံပိုးမှုတ်သံများသည် အရုတ်တကာလ ပေါ်လာပြီ။ ပျိုးနုတ်သမားတို့ကိုခေါ်သော ထိုအသံ နှင့် ပြိုင်လျက် မောင်းကလေးသံလည်း ပေါ်လာပြန်ပြီ။ ကောက်စိုက်သမတို့အား အချက်ပေးသော အသံ ဖြစ်သည်။ သည်အချိန်မှာ ထွန်းရေပူသော အချိန်။ မည်သူ့မည်သူမှ လှည့်မကြည့် အားသော အချိန်။ လယ်ပွဲ တိုင်း တွင် ထွန်းရေးငင်သံများ ညံနေသည်။ အချိန်မီ ထွန်တုံးပိတ်နိုင်ရေး က လွဲ၍ အခြား အရေုးုကြီး သော အရာ မရှိ။
ကိုကျန်ကြီး မယ်ကြွယ်စိုးကား မြောင်းဖျားဖြစ်သောကြောင့် တစ်အိမ်လုံး ပြောင်းလာကြသည်။ ဆူးခက်နှင့် ထန်းရွက်ခြောက် ဆို့ ထားခဲ့သော အိမ်ကလေးသို့ နှစ်ရက်တစ်ကြိမ် သုံးရက်တစ်ကြိမ် ပြန်ရသူမှာ ဆေးရိုး ဖြစ်သည်။ မိုးကောင်းသောက် သုံးဧကလယ်ကလေးကို ရေနေရေထား ကြည့်ရန် သွားရသူမှလည်း ဆေးရိုး ပင်။ ထွန်းတုံးကို မကိုင်ရသေး။ သို့သော် မမျှော်လင့်သောနေ့တွင် ဆေးရိုးသည် ထွန်းတုံးကိုင်ရ၏။ အကောင်း ကား မဟုတ်။
ပထမ ကိုကျန်ကြီး ဖျားသည်။ လုပ်ငန်းပူချိန်ကြီးမှာ ဖျားရပါမည်လောဟု ကိုကျန်ကြီး တောက်တခေါက် ခေါက် ဖြစ်နေချိန်ဝယ် ငထွန်းကားသည် နေ့မှန်းမသိ ညဥ့်မှန်းမသိ ထွန်၏။ အဖေဖျားပြီး နှစ်ရက်အကြာတွင် အလှည့်နွား က ခွာနာလျှာနာ ဖြစ်တော့သည်။ ငထွန်းကားသည် စိုက်ရက်အပျက်မခံ၊ ရအောင်ထွန်မယ် ကြုံးဝါးကား နို့စားနွားမကို ထွန်တုံးတွင် တပ်သည်။ နွားဖြစ်သည့်နေ့မှစပြီး ထမ်းပိုးနှင့် မတွေ့ဖူးသော နွားမ မှာ မသွားတက် မလာတက် မနေတက်မထိုင်တတ် ဖြစ်ပြီး ရုန်းရသည့်နေရာက အလည့်နွား၏ နေရာမှာ။
''ညီလေး လာဟေ့၊ ထွန်တုံးနောက်က လိုက်ပြီး မှတ်တိုင်အသစ်ကို အစပ်မှာစိုက်၊ အဟောင်းကို နိုတ်ပြ်ီး ထွန်သန် ပေါ် မှာ ကန်လန့်တင်၊ အဲ ဟုတ်ပြီ၊ မောင်း မောင်း၊ ရိုက်မောင်း''
နို့စားနွားမမှာ တမန်းပြင်ထဲ မသွားတက်။ ငထွန်ကားက အတင်းဆွဲခေါ်သည်။ နှာတမော့မော့ လျှာတတစ်တစ်ဖြင့် ထွန်ကိုဆွဲ၍ လိုက်ရသည်။ မည်သို့ဖြစ်စေ ထိုင်နေသည် နှင့် စာလျှင် အတန်အသင့် ပြီးသည်။ သို့သော် သုံးယောက်စိုက်သာသာ တစ်ဧကမဲ့မဲ့ကလေးသာ တမန်းပြန်ရန် ကျန်ချိန်တွင် အတိုင် နွား ပါလဲတော့သည်။ သူလည်း ခွာနာလျှနာပင်။
''ဘယ်ရမတုံးကွာ၊ ငထွန်းကားတဲ့ဟေ့၊ ညီလေးဆေးရိုး ထကွာ''
ငထွန်းကား သည် နို့စားနွားမကို အတိုင်တွင် ထားကာ သူက အလှည့်နွားနေရာတွင် ၀င်သည်။
''ညီလေး၊ ရိုက်မောင်းဟေ့''
မယ်မျှင်သည် မိသားစု၏ ဘေးကျပ်နံကျပ်အခြေအနေကို ပျော်စရာဟု ထင်နေသည်။ ငထွန်းကား ရုန်းသည် ကို သဘောကျစွာဖြင့် ''ဟိုအလှည့် နွားကြီးက သျှောင်ထုံးကြီးနဲ့ တော့'' ဟုအော်သည်။ ဤသည် ကို မကြည့်ရက် သော အမေသည် အပြေးအလွှားရောက် လာပြီး လက်ဝါးစာကျွေးကာ ဆွဲခေါ်သွားလေ၏ ။
တမန်ပြန်ခြင်းမှာ အဖုအထစ်မရှိချေ။ အိပ်နေသော တမန်းကို ပြန်ပြီးမွှေခြင်းသာဖြစ် သဖြင့် ထွန်းတုံး ထွန်သန် နှင့် ထွန်းသွား ၄ ချောင်း၏ အလေးချိန်သာ ရှိသည်။ ကွေ့စရာရှိလျှင် ဆေးရိုးက နွားမ၏ ကြိုး ကို တောင့်ပေး ရန်မလို။ ငထွန်းကား၏ တွန်းအားကြောင့် နွားမခမျာ ကွေ့ပြီးသား ဖြစ်သွား၏ သို့သော် နှစ်စပ် အရတွင် လူက ခံနိုင်သော်ငြား နွားမသည် ရေထဲ`၌ ထိုးဝပ်လေ၏ ။
''သူ အမောပြေ တော့ ထလိမ့်မယ်၊ မင်းတို့ တက်ခဲ့''
စောင်ခြုံ ထဲမှ အဖေလှမ်းပြောသောကြောင့် အမြီးလှန်းချိုးခံရမည့် အဖြစ်မှနွားမ သက်သာ သွား၏ ။
အမေသည် တမန်းပုပ်နံ့တထောင်းထောင်း ထနေသော မဲမဲသဲသဲပေပေကျံကျံ သားနှစ် ယောက်အား ထမင်းရည်နှစ်ဇလုံဖြင့် ဆီးကြို၏ ။
''ပင်ပန်း လှ ပါတယ် သားတို့ရယ်၊ လုပ်မနေပါနဲ့တော့''
မယ်ကြွယ်စိုး ၏ လေသံမှာ တီးတိုးမျှသာဖြစ်ငြား လူမမာကြားသွားသည်။
''ဘာပြု လို့ မလုပ်ရမှာတုံး၊ ဒါဟာယောက်ျားအလုပ်၊ ငါ့သားတွေဟာ ယောက်ျား''
''ကျုပ်က မွေးတဲ့အပေရှင့်၊ မကြည့်ရက်ဘူး''
''မကြည့်ရက်ရင် မကြည့်နဲ့အေ၊ ဟေ့ လူလေး၊ ဘယ်နှစပ် ရပြီလဲကွ''
''နှစ်စပ်အဖေ''
''ပြီးပြီပဲ၊ ထွန်စိတ်တုံးဆွဲမယ်၊ ကြမ်းပေါင်ရိုက်မယ်၊ ခေါင်းလောင်းထိုးဆို ပြီးပြီပေါ့''
''ဟုတ်ကဲ့ အဖေ''
''ဒါပေါ့ကွ၊ ယောက်ျားဆို သည်လိုမှပေါ့''
ကိုကျန်ကြီး၏ အဖျားအနာသည် သားနှစ်ယောက်၏ အားမာန်ကြောင့် ပျောက်ကင်း လုနေပြီ။
ကဆုန်နွေသည် ကုသိနာရုံ ဘုရားပွဲတော် ဈေးတန်းပေါ်သို့ ဖြန့်ဆင်းနေ၏။ ရေနံချောင်း ချောက်ရှိ ကုန်တိုက်ကြီး များမှပင် လာရောက် ဆိုင်ဖွင့်ရသော ဂေဇက်ဝင်းဘုရားပွဲ။
''အစ်ကို သွားချင်သွား၊ ငါတော့ ဇရပ်ပေါ်မှာပဲ ထိုင်တော့မယ်''
ဆေးရိုးညွန်ပြသော ဇရပ်မှာ ရွှေကြာရုံဇရပ် ဖြစ်သည်။ ရေတွင်းရော ရေအိုးစင်ပါရှိသည့် အတွက် နားခိုးသူများရှိနေသည်။ ရေတွင်းရော လျှောက်ရသောကြောင့် နားခိုးသူများ ရှိနေသည်။ တစ်နံနက်လုံး လျှေက်ရသောကြောင့် ငထွန်းကားလည်း ခြေသလုံးတောင့်နေပြီ။ စင်စစ်မူ ဇရပ်သို့ ငထွန်းကား မလိုက် လိုသေး။ စောစောက မြင်လိုက်ရသော ပိုးရောချည်ပါ လုံချည်အနီကလေးနှင့် အထက်ဆင့် ဖြန့်ဝတ် ထားသော သနပ်ခါးဖွေးဖွေးရှင် အလှမယ်ကလေးကို တစ်ဖန်ပြန်၍ ကြည့်ချင်မြင်ချင်သေးသည်။ မည်သည့် ရွာကနည်း။ မည်သူနည်း။ သို့ပါလျက်နှင့် ညီ့နောက်သို့ လိုက်လာခဲ့ရသည်။ ကိုယ်တိုင်လည်း ပင်ပန်း၊ ရေငတ် နေပြီ မဟုတ်လား။
ဇရပ်၏ စနေထောင့်ရှိ လူပါးရာနေရာ သို့ ငထွန်းကား ဦးတည် လာငြား ဆေးရိုးမူ ရေအိုးစင်သို့ ပြေးပြီ။ ငထွန်းကား သည် ဇရပ်ခါးပန်းကို လက်ထောက်ခင်းမည့် နေရာကို စောင်းကြည့်သည်။ ဖုန်မရှိ။ ပြောင်သန့် နေသည်။ ''အား'' ခနဲ လှဲအချတွင် ''အို'' ဆိုသော ရှက်ရွံ့သံ။
ဆက်ရန်
.
2 comments:
ငထွန်းကား လာဖတ်သွားတယ် မရွှေစင်ရေ ...
အလှူပွဲပြီးပေမဲ့ မောလို့မပြီးသေးဘူး။ ရောက်ပေမဲ့ သေချာမဖတ်ဖြစ်လို့ မမန့်ဖြစ်တာ။ မောပြီး အိပ်ပျော်ပျော်သွားလို့။
ကျနော် အဖေလည်း ဒီလိုပဲ..
ကာစီးကာစီးနဲ့ အဖွားက ပြောရင်...ကျနော့်သားက ယောက်ျားပါဗျ လုပ်စမ်းပါ သားရဲ့ လို့ ပြောလေ့ရှိတယ်။
Post a Comment