"သွားမစမ်းနဲ့ တူမောင်၊ သူ့အတွက်ဆိုရင် ဒေါ်ခင်အေးက ငွေကို ရေလိုသွန်ပြီး ကာကွယ် နေတာ၊ အခု သူဌေးကြီး ဆုံးပြီးတဲ့အချိန်ကစပြီး ဒေါ်ခင်အေးရဲ့ သက်တော်စောင့်လား ဘာစောင့် လဲတော့ မသိဘူး … ဟောဒီ ချစ်ရိပ်သာမှာ အမြဲနေနေတာပဲ"
ဦးအုန်းဖေက စကားဆုံးလျှင် သူ့တဲကလေးနား ကပ်နေသော ခြံစည်းရိုး မလွယ်ပေါက်သို့ လှမ်းကြည့်လိုက်သဖြင့် မောင်အောင်လွင်ကပါ ကြည့်လိုက်သည်။ ခြံစည်းရိုး အပြင်ဘက်တွင် ရပ်နေသော ဒေါ်မြစီ၏မျက်နှာမှာ တင်းမာလှသည်။
"လာခဲ့ အောင်လွင် အခုပြန်လာခဲ့၊ ဒီမှာ ကိုအုန်းဖေ နောင်အခါ ကျုပ်သားကို ဒီလို ခိုးကြောင်ခိုးဝှက် ဘယ်တော့ မှ လက်မခံပါနဲ့"
ဘယ်အခါ ဆို ဆင်းရဲသူပီပီ ပျော့ပျောင်းစွာ ပြောလေ့ရှိသော ဒေါ်မြစီက ထူးထူးခြားခြား လေသံ ပြောင်းနေ သဖြင့် ဦးအုန်းဖေနှင့် မောင်အောင်လွင်မှာ အံ့အားသင့်မိကြလေသည်။
"ကျုပ် ကို ခိုးကြောင်ခိုးဝှက် လက်ခံတာ မဟုတ်ဘူး မမြစီ၊ ခင်ဗျားသားက သူ့အလို အလျောက် လာတာ ဗျာ …"
ဒေါ်မြစီက ဦးအုန်းဖေအား အရေးလုပ် စကားမပြောတော့ပေ။ သူ့သားကိုသာ အရခေါ် နေသဖြင့်
"ကဲ ပြန်သွား တူမောင်၊ မင်းအမေက သူဌေးအရောင်ဟပ်ပြီး သူဌေးစိတ် ပေါက်နေတာပဲ … နောက် ဘယ်တော့မှ ဦးလေးကြီးဆီ မလာခဲ့နဲ့ …" ဟု ဦးအုန်းဖေက ဘာရည်ရွယ်သည် မသိ၊ ပြတ်ပြတ်သားသား ပြောချ လိုက်၏။
"သည်းခံပါ ဦးလေးကြီးရယ်၊ ကျွန်တော် တောင်းပန်ပါတယ်" အမေ့စိတ်နဲ့ ကျွန်တော်စိတ် တခြားစီပါ …" ဟု မောင်အောင်လွင်က အားနာစွာ တောင်းပန်ရင်း မိခင်ခေါ်သည့်နောက်သို့ မလွယ်ပေါက် ထွက်သွား လေသည်။
ဤသည်နောက်ဝယ် ဦးဘထွန်းနှင့် ဒေါ်မြစီက သားဖြစ်သူအား မသွားရဟု တင်းကြပ်စွာ အမိန့် ထုတ်ထားသကဲ့သို့ ဦးအုန်းဖေကလည်း ခြံမလွယ်ပေါက်ကို ခိုင်လုံစွာ ပိတ်လိုက်လေတော့ သဖြင့် မောင်အောင်လွင် မှာ ဦးအုန်းဖေနှင့် အဆက်ပြတ်သွားလေတော့၏။
မောင်အောင်လွင်သည် အထက်ပါ အကြောင်းများကို တွေးရင်း ယနေ့သည် ဘီအေ စာမေးပွဲ အောင်စာရင်း သတင်းစာတွင် ပါမည့်နေ့ဖြစ်ကြောင်း သတိရမိသဖြင့် မိခင်အား ခွင့်တောင်း ပြီး လက်ဖက်ရည် ဆိုင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။ ကြိုတင် မျှော်လင့်သည့်အတိုင်းပင် မိမိ ၏ နာမည် အောင်စာရင်းမှာ ပါနေသည်။ အောင်မြင်သော်လည်း ကျောထောက်နောက်ခံ ရှိသူများ ကဲ့သို့ စိတ်အေး လက်အေး မရွှင်မြူနိုင်ရှာပေ။ အလုပ်ရရန် အရေးမှာ မလွယ်ပေ။ ပညာတတ်တွေ တောင်လို ပုံ နေသော ဤခေတ်မှာ ငွေကြေးချို့တဲ့၊ သြဇာအာဏာမဲ့သော မင်းစေ တစ်ယောက်၏ သားမှာ ဘီအေ အောင်ရုံ ဖြင့် ရုတ်ချည်းအလုပ်ရနိုင်ပါမည်လော။
မောင်အောင်လွင်သည် ခေါင်းပူးအောင် တွေးရင်း ဖြည်းလေးသော ခြေလှမ်းများဖြင့် ပြန်လာခဲ့၏။
"အောင်တယ် မဟုတ်လား သား"
ဦးဘထွန်း က ဆီးကြိုမေးလိုက်သဖြင့်
"ဟုတ်ကဲ့ အဖေ၊ အောင်ပါတယ်"ဟု ပြန်ဖြေရင်း အိမ်ပေါ်လှမ်းတက်လိုက်သည်။ အိမ်ပေါ် တွင် မိမိအား ယောက်ျား တစ်ယောက်ကို တွေ့ရသဖြင့် မောင်အောင်လွင်မှာ တအားတက်သွားမိ သည်။
"ကျွန်တော် စာမေးပွဲအောင်တယ် ဦးလေး၊ ဘာလုပ်ရမယ်ဆိုတာ ဦးလေးဆီမှာ အကြံ ဥာဏ်တောင်း ရဦးမှာပဲ"ဟု မောင်အောင်လွင်က အားပါးတရ ပြောလိုက်သော်ငြားလည်း အမေ့ မောင် ဦးလေးမှား ၀မ်းသာ နှစ်သိမ့်ဟန် လုံးဝမရှိချေ။ မောင်အောင်လွင် တက္ကသိုလ် သွားပါမည့် အကြောင်းကို တောင်းပန်သံ နောင်တသံ သံဝေဂသံတွေနှင့် ပြောခဲ့သော မျက်နှာမှာ ခပ်တည် တည်ပင် ဖြစ်နေသည်။ ဦးဘထွန်း နှင့် ဒေါ်မြစီတို့၏ မျက်နှာမှာကား မကြုံစဖူးအောင်ပင် နှလုံး လေရိုက် အကြည်ဆိုက်၍ နှစ်ခြိုက် ရွှင်မြူး လှပါဘိတောင်း။
"မင်း အလုပ်လုပ်ဖို့ ဘေးချိတ်ထားဦး၊ မန်းမယူရမယ်" အမေ့မောင် ဦးလေးက အေးစက်စက် ပြောလိုက် သည်။
"အို…" မောင်အောင်လွင် က အံ့အားသင့်စွာဖြင့် မိဘများအား လှည့်လိုက်၏။
"ဟုတ်တယ် သားရဲ့၊ မင်းဦးလေးက မိန်းမပေးစားဖို့ စီစဉ်ပြီးပြီ၊ သားကလေး ကုသိုလ်ကံ ဖြင့် ကောင်းပါ ပေ့ဗျား၊ ပညာလဲစုံ ကြင်ရာလဲစုံ ရွှေဘုံပေါ်စံရမှာကွ သားရဲ့"
ဦးဘထွန်း က ၀မ်းမြောက်လှစွာ ပြောလိုက်၏။
"နေပါဦး အဖေ ဘယ်သူနဲ့လဲ၊ ကျွန်တော့်ကို ဘာကြောင့် ဒါလောက် အလျင်စလို မိန်းမ ပေးစား ချင်ရတာလဲ ဦးလေး၊ ကျွန်တော် လူပျိုဘ၀နဲ့ မိဘကိုရော ဦးလေးကိုရော ကျေးဇူးဆပ်ပါရ စေဦး"
မောင်အောင်လွင်က နားမလည်နိုင်အောင်ဖြစ်သဖြင့် မေးမြန်းရင်း တောင်းပန်လိုက်သည် တွင် အမေ့မောင် ဦးလေး၏ အဖော်ဖြစ်သူက အားပါတရ ရယ်လိုက်သဖြင့် မောင်အောင်လွင်မှာ ကြောင်သွား ရှာလေသည်။
"ခင်ဗျားတို့သားက မအူမလယ်နဲ့ တယ်ပြီး နားဝေးပါကလား မြန်မြန်ပြောလိုက်ကြစမ်း ဗျာ၊ ကျုပ် စိတ် မရှည် ဘူး…"
အမေ့မောင် ဦးလေးက မာကျောကျောလေသံဖြင့် ပြောလိုက်၏။
"သား နားမလည်ဘဲ ဖြစ်နေတာ အမေပြောမယ် သား၊ ဟို ... ချစ်ရိပ်သာစံအိမ်က သူဌေး သမီးနဲ့ သားကို လက်ထပ်ဖို့ မင်းဦးလေးက စီစဉ်ပြီးပြီ၊ ငါ့သား ငြင်းစရာ ဘာမှ မရှိပါဘူး၊ အမေတို့ ကလဲ သဘောတူ လိုက်ပြီး ဒေါ်မြစီက ပြောလိုက်လျှင်
"ဘာ ဘာ အမေ ရိုစလင်းနဲ့လား"ဟု မောင်အောင်လွင် မျက်လုံးပြူးမျက်ဆန်ပြူး မေးလိုက် ၍ ဟုတ်ကြောင်း ကို မိခင်က ပြောလိုက်လျှင်ပင် မောင်အောင်လွင်မှာ ပက်လက်လန်လဲလုမတတ် ဖြစ်သွား လေတော့၏။
"ဖြစ်ရလေခြင်း ဦးလေးရယ်၊ ကျွန်တော် မယူချင်ဘူး … မယူချင်ဘူး" ဟု မောင်အောင်လွင်က ပြုတ်ကျ မတတ် ခေါင်းကိုရမ်းရင်း ခါးခါးသီးသီး ငြင်းလိုက်၏။
"ဘာကွ" အမေ့မောင် ဦးလေးက ခက်ထန်စွာ မေးသကဲ့သို့ပင် "ဒီလို သူဌေးသမီး ရုပ်ချော၊ စည်းစိမ်ရှင်ကို ငြင်းတာများ မင်း ရူးနေသလား" ဟူသော ဦးဘထွန်း၏အသံနှင့် တစ်ပြိုင်တည်း လိုပင်
"စိတ်ကူးမလွဲနဲ့ သားရဲ့၊ မင်း ကုသိုလ်ကောင်းလို့ ဒီလိုမိန်းကလေးမျိုးရတာ" ဟူသော ဒေါ်မြစီ၏ အသံ ပေါ်လာသည်။
"ဟုတ်ပါတယ် အမေ၊ ကျွန်တော် ကုသိုလ်ကောင်းလို့ နွားဖြစ်ရတော့မှာလား"ဟု မောင်အောင်လွင်က ပြောလိုက် ၏။
"ဟေ့ … မောင်အောင်လွင် … တိတ် … ရိုစလင်းနဲ့ ပတ်သက်ပြီး မင်း ဝေဖန်စရာ မလိုဘူး၊ မင် မယူ ဘူးလား ယူမလား ဒါပဲပြော …"
မိုးခြိမ်းသကဲ့သို့ ထွက်လာသော အမေ့မောင် ဦးလေး၏အသံကြောင့် မောင်အောင်လွင် ကလည်း မဆိုင်းမတွ ပင် ဖြေလိုက်၏။
"ကျွန်တော် မယူချင်ဘူး ဦးလေး"
"ကောင်းပြီ၊ ဟောဒီစာချုပ် ငါ ဖတ်ပြမယ် နားထောင် …"
အမေ့မောင် ဦးလေးကပြောရင်း … သူ့လက်စွဲသားရေအိတ်ကို ဖွင့်လိုက်သည်။ ခြောက်လုံး ပြူး တစ်လက် ၏ ပြောင်းတံကို မောင်အောင်လွင် ရိပ်ခနဲ မြင်လိုက်ရ၏။ ထို့နောက် စာချုပ်တစ်ခုကို ဆွဲထုတ်ပြီး ဖတ်ပြလိုက်၏။ စာချုပ်ပါ အဓိပ္ပာယ်ကား
သူဌေးမကြီး ဒေါ်ခင်အေးက မောင်အောင်လွင်၏ မိဘများဖြစ်သော ဦးဘထွန်းနှင့် ဒေါ်မြစီ တို့ထံမှ အောက်ပါကတိများကို ၀တ်လုံတော်ရ ဦးသန်းမောင်နှင့် ကန်ထရိုက်တာကြီး ဦးစံဖြိုးတို့ အား အသိ သက်သေ ထားပြီး စာချုပ်ချုပ်ခဲ့သည်။ ၁။ ဒေါ်ခင်အေး၏ ငွေဖြင့် မောင်အောင်လွင်အား ဒီဂရီ ရသည်တိုင်အောင် တက္ကသိုလ်ပို့ပြီး ပညာသင်ပေးခြင်း။ ၂။ သင့်လျော်သောအခါရောက်ပြီဟု ဒေါ်ခင်အေး ယူဆသောအချိန်၌ မောင်အောင်လွင်က ရိုစလင်းအား လက်ထပ်ပေးခြင်း၊ ၃။လက်ထပ်ပြီးသော် ဒေါ်ခင်အေး၏ ခွင့်ပြုချက်မရဘဲ မောင်အောင်လွင်က ရိုစလင်းအား ပစ်ပယ် ခြင်းမပြုရန် ဦးဘထွန်းနှင့် ဒေါ်မြစီတို့က သားဖြစ်သူအတွက် တာဝန်ယူမည်ဖြစ်ခြင်း။ ဤသုံးချက် ကို ဦးဘထွန်းနှင့်ဒေါ်မြစီတို့က ချွင်းချက်မရှီ သဘောတူပြီး၊ ဒေါ်ခင်အေး စီမံရာ လိုက်နာမည် ဖြစ်ကြောင်း ကတိပေးသည်။ ဒေါ်ခင်အေး စီမံရာကို မနာခံဘဲ ပျက်ကွက်ခဲ့သော် မောင်အောင်လွင် အတွက် လေးနှစ်တာမျှ ကုန်ကျထားရသည့် ဒေါ်ခင်အေး၏ ငွေရှစ်ထောင်ကို ကတိပျက်ကွက် သည့်နေ့မှ ဆယ်ရက်အတွင်း ပေးဆပ်ရမည်။ မပေးဆပ် ပါက ဦးဘထွန်းနှင့် ဒေါ်မြစီအား တရား ဥပဒေအရ အရေးယူမည်ဟု ပါရှိလေသည်။
"နားလည်ပလားဟေ့ မောင်အောင်လွင်၊ စာချုပ်ထဲမှာ ဘယ်လောက်ခိုင်မာနေတယ်ဆို တာ သိပြီလား"
သို့တိုင် အောင်လည်း မောင်အောင်လွင်ထံမှ စကားထွက်မလာ၊ ကြက်ကြီး လည်လိမ် ထားသလို ဖြစ်နေ လေသည်။
"ကျုပ် စကားရှည်ရှည် မပြောချင်ဘူး၊ ဒီမှာ ခင်ဗျားတို့သားကို သေသေချာချာမေး၊ နက်ဖြန် မနက် ဆယ်နာရီအချိန်မှာ အတိအကျ စကားပြန်"
အမေ့မောင် ဦးလေးသည် မာကျောစွာ ပြောပြီး သူ့အဖော်နှင့်အတူ နှုတ်ပင်မဆက်ဘဲ ဆင်သွား သည်ကိုပင်
"လူကြီးမိဘ စီမံတာကပဲ ဒင်းနားမထောင်လို့ ရမလား၊ စိတ်ချပါ။ သူဌေးကတောကြီးကိုလဲ ပြောပေး ပါနော်၊ စိတ်မဆိုးဘို့ တောင်းပန်ပါတယ်လို့" ခခယယ ပြောနေတာ ဒေါ်မြစီအသံကို မောင်အောင်လွင် ကြားသည်။ မက်ထရစ်အတန်းတွင် သူ စာကျက်ခဲ့သော ခုံကလေးပေါ် မျက်နှာ ကို မှောက်ချ လိုက်မိသည်။ ချုံးချမငိုမိအောင် စိတ်ကို မနည်းထိန်းထားရလေသည်။
"ကိုယ့်ထက် အဆင့်အတန်း မျှော်မှန်းလို့မရအောင်မြင့်တဲ့။ ရုပ်ချော ဥစ္စပေါ စည်းစိမ်ရှင် ကို မင်းက ဘာကြောင့် ငြင်းရတာလဲကွ"
ဦးဘထွန်းက ပြောလိုက်လျှင် မောင်အောင်လွင်က မှောက်ထားသော မျက်နှာကိုမော့ပြီး မိခင်နှင့် ဖခင်အား ရီဝသော မျက်လုံးများဖြင့် ကြည့်ရင်း
"ဘာကြောင့် ငြင်းရတယ်ဆိုတာ ကျွန်တော် မပြောခင် ဒီကလိန်ချ ဇာတ်ရှုပ်ကြီးကို ရှင်းပြ ကြပါဦး၊ အစ ကတော့ အမေ့မောင်က ပညာသင်ပေးတာဆို၊ အခုတော့ စာချုပ်ကြီးက ကြောက်စရာ လန့်စရာ ချည်နှောင် တုပ်ဆိုင်းထားပြီးသား …
မောင်အောင်လွင် က စကားကို အဆုံးသတ်အောင်ပင် မပြောနိုင်တော့ပေ။ စိတ်ထိခိုက် လှသဖြင့် တစ်ပိုင်း တစ်စနှင့် ရပ်လိုက်ရ၏။ မတ်ထရစ် အောင်သည့်အချိန်က အသက်ဆယ်ခြောက် နှစ်မျှသာ ရှိသေး၍ မအူမလည် ကလေးသာသာအရွယ်ဖြစ်၍ ပညာလိုချင်ဇောနှင့် ခေါင်းညိတ်မိခဲ့ လေခြင်းဟု သူ့ကိုယ်သူ ယူကျုံးမရ ဖြစ်မိလေသည်။
"အေးအေး ရှင်းပြမယ်၊ ဒီလိုကွ သူဌေးကြီး ဆုံးစဉ်က ဈာပနာကိစ္စမှာ အဖေတို့က သွားကူညီလုပ်ကိုင်ပေးတာကို သူဌေးကတော်ကြီးက ကျေးဇူးတင်ရှာလွန်းလို့ တကယ်ကို လှိုက်လှဲ ခင်မင်တဲ့ စေတနာနဲ့ ခေါ်ပြော ဆက်ဆံတယ်၊ သူလို စည်းစိမ်ရှင်မကြီးတစ်ယောက်က အဖေတို့လို အောက်တန်းစား မင်းစေလောက်ကို အခုလို ဆက်ဆံတယ်ဆိုတော့ ဘယ်လောက်စိတ်ထားပြည့်ဝ တယ်ဆို တာသာ စဉ်းစားကြည့်တော့"
"လိုရင်း ပြောပါ အဖေရဲ့" မောင်အောင်လွင်က ဖြတ်ပြောလိုက်၏။
"သားကလဲ အလျင်စလို ရှိလိုက်တာ ပြောမှာပေါ့ကွဲ့၊ ဟုတ်တယ်နော် ဒီလို စိတ်ထား ကောင်းတဲ့ မိန်းမ ဖြစ်လို့သာ စည်းစိမ်ရှင် ဖြစ်တာပေါ့၊ စံအိမ်ကြီးကဖြင့် ကြည့်မငြီး ရှုမငြီးပါပဲ၊ ဇောတိက သုံးဗိမာန် ဆိုတာ ဒီလိုအိမ်ကြီးမျိုး ထင်ပါရဲ့"
ဒေါ်မြစီက ဦးဘထွန်း စကားကို ထောက်ခံရင်း မြိန်ရေရှက်ရေ ချီးကျူးလိုက်၏။
"ခက်လိုက်တာနော် … ကျွန်တော်ကတော့ ရူးတော့မှာပဲ၊ ကျွန်တော် တောင်းပန်ပါတယ်၊ လိုရင်းကို မြန်မြန်ပြောကြပါဗျာ"
မောင်အောင်လွင်က စိတ်မရှည်တော့သဖြင့် ငိုတော့မည့်အသံဖြင့် ပြောလိုက်၏။
"ဟေ့ကောင် ရွှေဘုံပေါ်စံရမှာ ၀မ်းမသာဘဲ ဘာဖြစ်နေတာလဲကွ"
ဦးဘထွန်း တစ်ချက်ငေါက်လိုက်ပြီး စကားကို ဆက်လိုက်၏။
"ဒါနဲ့ သူဌေးကတော်ကြီးက ဒီလိုစည်းစိမ်မျိုး မစံစားချင်ဘူးလားလို့ မေးတယ်၊ စံစားချင်ရင် အလွယ်ကလေးပါ၊ သူ စီမံတာ နာခံပါဆိုပြီး ဒီလို … ဒီလို စာချုပ်မယ်၊ မင်းနဲ့ ရိုစလင်း လက်ထပ်ရင် ဒီစည်းစိမ် စံစားရမှာပေါ့လို့လဲ ပြောလိုက်ရာ … ဟာ အဖေနဲ့ အမေဆိုတာ ကိုယ့်နားရွက်တောင် ကိုယ် ပြန်စမ်းကြည့်မိတယ်၊ ၀မ်းသာလိုက်ပုံကတော့"
"တော်ပါတော့ အဖေ … တော်ပါတော့ … ကျွန်တော့်ကို အစက မှန်တဲ့အတိုင်း ဖွင့်ပြော ကြပါလား၊ ဘာကြောင့် လိမ်ထားရသလဲ"
ဦးဘထွန်း စကားမဆုံးမီ မောင်အောင်လွင်က ဖြတ်မေးလိုက်သည်။
"ဒီလို လိမ်ရတာ မင်းက အပြစ်တင်ချင်သေးလား။ မင်းက လူနေခြုံကြား စိတ်နေဘုံဖျား မာနကြီးလွန်းလို့၊ ကိုယ့်ဘ၀ကိုယ် ရောင့်ရဲတတ်လွန်းလို့ မှန်တဲ့အတိုင်းပြောရင် ဘယ်နည်းနဲ့မှ လက်မခံဘူးဆိုတာ ဒို့သိတာပေါ့။ မင်းကို ပြောရဆိုရဘို့ မလွယ်ဘူးလို့ သူဌေးကတော်ကြီးကို ပြောတော့ သူဌေး ကတော်ကြီးက အရှည်ကို မျှော်တွေးစဉ်းစားပြီး၊ ဥာဏ်ရှိရှိနဲ့ မင်းမငြင်းနိုင်အောင် ဟောဒီစာချုပ် ချုပ်လိုက်တာကွဲ့၊ သူရှိတဲ့စည်းစိမ်ကို သူတစ်ကိုယ်ကောင်း မစံစားဘူး၊ ဒို့လိုဆင်းရဲတဲ့ လူကို မျှပေးတာ ဘယ်လောက် စိတ်သဘောထား မြင့်မြတ်တယ်ဆိုတာ မင်းလို ဘီအေအောင်ပြီးသားလူက မတွေးတတ်တာများ အံ့ပါရဲ့”
ဒေါ်မြစီက မိန်းမပီပီ လျှာရှည်ရှည်ဖြင့် ခုနစ်စဉ်အမျှင်တန်းပြောပြီး ဆေးပေါ့လိပ်ကို ထောင်းထောင်းပါအောင် ဖွာရင်း သားဖြစ်သူအား မျက်စောင်းထိုးကြည့်နေလေသည်။
“အမေနဲ့အဖေကို ကျွန်တော် အသေးစိတ်ပြောပြမယ်နော်၊ ကျွန်တော်ပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး ကျွန်တော်လွဲသလား အမေနဲ့ အဖေလွဲသလားဆိုတာ သေသေချာချာစဉ်းစားပါ”
“အင်း...ပြောစမ်းပါဦး” ဦးဘထွန်းနှင့် ဒေါ်မြစီက ပြိုင်တူလိုလိုပင် ပြောလိုက်ကြ၏။
မောင်အောင်လွင်သည် အတင်ခေါ် တင်တင်ခိုင်ကလေး၏ ကြေကွဲဖွယ်အဖြစ်၊ ရိုစလင်း၏ တထောင်းထောင်းထွက်နေသော အပုပ်သတင်းများ လုံးစေ့ပတ်စေ့ ပြောပြလိုက်ပြီး...
“ဒေါ်ခင်အေး ရာဇ၀င်ကို ဦးအုန်းဖေကြီး ပြောပြလို့ အဖေအမေလဲ သိပြီးသားပဲ၊ ရိုစလင်း မက်ထရစ်မှာ တဘုန်းဘုန်းကျနေလို့ ကျောင်းထွက်ပြီး မအေနဲ့အပြိုင် အလေလိုက်နေတဲ့ သတင်းတွေ ကျွန်တော့် သူငယ်ချင်းတွေဆီကပဲ မကြားချင်အဆုံးပဲ၊ သူ့အမေသမီး သူ့အမေလိုလာမှာပဲ၊ မနက်က ကျွန်တော် လက်ဖက်ရည်ဆိုင် မှာ သတင်းစာသွာားကည့်ရင်း ကြားလာခဲ့ရတဲ့သတင်းကတော့ ကျွန်တော် နွားဖြစ်ဖို့ သေချာ တာပေါ့လေ...”
“ဘာဖြစ်လို့လဲကွ..” ဦးဘထွန်းက မေးလိုက်၏။
“အဖေတို့ချွေးမလောင်းက အခုကိုယ်ဝန်ရှိနေပြီတဲ့ဗျ။ လူပေါင်းစုံမို့ ဘယ်သူ့စွဲရမှန်းမသိတော့ ဗိုက်ကိုဖျက်နေတယ်တဲ့၊ အဲဒါ ဖျက်မရတော့လို့ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ကျွန်တော်နဲ့ လက်ထပ်ဖို့ အချိန် တန်ပြီလို့ အဖေတို့ သူဌေးမကြီးက ယူဆပြီး အပူတပြင်းလာစီမံတာဖြစ်မှာပေါ့ အရင့်အရင် ဘယ်နှစ်ဗိုက် ဖျက်ခဲ့ပြီမှန်းမသိတာ...”
“ဟင်..”ဦးဘထွန်းနှင့် ဒေါ်မြစီက ပြိုင်တူဟင်လိုက်၏။
“တကယ့်စည်းစိမ်ရှင်အစစ်ဖြစ်တဲ့ တင်တင်ခိုင်ကိုတောင် အိမ်ကလက်လွတ်ထွက်ပြေး ရအောင် ရက်ရက် စက်စက် လုပ်သေးတာပဲ၊ ဘာမှ မဆိုတဲ့ အဖေနဲ့ အမေကို စည်းစိမ်ကြီးမျှပေးမယ်ဆိုတာ ယုံစားကြ တာများ အံ့ပါရဲ့ဗျာ ...၊ အကြပ်အတည်းတွေ့ရင် လှည်းကျိုးထမ်းခိုင်းဖို့ ကြံထားတယ် ဆိုတာ လောက်တော့ ကျွန်တော် ဘီအေအောင်လို့ စဉ်းစားမိပါတယ်...”
မောင်အောင်လွင်က ဒေါပွပွဖြင့် မိခင်အား ငေါ့လိုက်သည်။ ဒေါ်မြစီ ခေါင်းငိုက်စိုက်ကျနေ၏။
“ဟုတ်မှာပဲ..ဘသိန်းကလဲ အရင်နဲ့မတူဘူး လေသံမာလိုက်တာ၊ အိမ်ပေါ်ကဆင်းသွားတာ နှုတ်တောင်မဆက်ဘူး”
ဒေါ်မြစီက အသံပျော့ပျော့ဖြင့် ပြောလိုက်၏။ ဦးဘထွန်းကား မလှုပ်တော့ချေ။
“ဘယ်က ဘသိန်းလဲအမေ”
မောင်အောင်လွင် က မေးလိုက်၏။
“မင်းဦးလေး ယောင်ဆောင်တဲ့လူလေ”
ဒေါ်ခင်အေး၏ လက်စွဲတော် လူမိုက် ဘသိန်းပေတကား။ တင်တင်ခိုင်ကလေး ပြေးရသည့် အကြောင်း အရင်း တွင် ဘသိန်း၏စနက်များစွာပါနေသည်ဟု မောင်အောင်လွင် နာကြည်းစွာ တွေးရင်း အိမ်နောက်ဖေး သို့ ဆင်းလာကာ ဒန့်ဒလွန်ပင် ရင်းရှိ ဆူးပုတ်ချုံအကွယ်တွင် ခြေပစ်လက်ပစ် ထိုင်နေမိ လေတော့၏။ ထိုသို ထိုင်နေမိရင်း... ပစ္စည်းမက်တဲ့အကောင် ထဘီချုံထဲဝင်ချင်တဲ့ကောင်၊ လှည်းကျိုး ထမ်းတဲ့နွား၊ လူပေါင်းစုံနဲ့ဖြစ်နေတဲ့မိန်းမကို မရွံဘူးလား၊ ဦးတိုးခိုင်ကြီး ဘယ်လိုဖြစ် သေသလဲကွ၊ ပုပ်နေ တဲ့ ပန်းပွင့်ကြီး ကောက်နမ်းတဲ့လူဟေ့...ဟူသော ပတ်ဝန်းကျင်က ပြောကြမည့် အသံတွေကို ကြားယောင် လာသည့် နည်းတူ လက်ထိပ်တန်းလန်းဖြင့် အချုပ်ခန်းသို့ မေးမြန်းကြရသည့် ကြီးတောင့်ကြီးမား မိဘ နှစ်ပါးအား မျက်စိထဲမှ မြင်ယောင်လာမိသည်။ မောင်အောင်လွင်သည် ရူးလုမတတ် ဖြစ်နေသောစိတ်ကို သတိထားထိန်းပြီး ဘာလုပ်ရလျှင် ကောင်းမည်လဲဟု စဉ်းစားနေရာမှ အသိဥာဏ်တစ်ခု လက်ခနဲ ၀င်လာသည်။
“ကိုယ့်ရုပ်ရည်ကို ဗန်းပြ၊ ပစ္စည်းအရှိန်နှင့် မောက်မာ၊ ဂုဏ်အဆင့်အတန်းနဲ့ လွှမ်းမိုး၊ မိုက်ဂုဏ်ကို အားကိုး ပြီး ကလိမ်ကျနေတဲ့ လူတစ်သိုက်တော့ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးရစေမှာပေါ့ကွာ”
မောင်ောအင်လွင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချပြီး အိမ်ပေါ်သို့ ပြန်တက်လာသည်။ သူဌေးစ်ညးစိမ်ကို မျှော်မှန်းယစ်မူး၊ ရွှင်မြူးစွာဖြင့် နှုတ်သွက်ခဲ့သော ဦးဘထွန်းနှင့် ဒေါ်မြစီကား မတုန် မလှုပ် အရုပ်ကြီးတွေလို ငုတ်တုတ်ထိုင်နေကြသည်။
“အဖေတို့မှားပြီသားရယ်...သားလေးဘ၀ နစ်မွန်းပြီး တစ်သက်လုံး စိတ်ဆင်းရဲမှာကို မကြည့်ရက် တော့ ပါဘူး၊ အဖေတို့ အပြစ်တွေကို အဖေတိုကခံမယ်လို့ မင်းအမေနဲ့တိုင်ပင်ပြီးပြီ သားတခြားမှာသာ အလုပ် ရှာ ပေတော့”
ဦးဘထွန်း က တုန်ရင်သောအသံဖြင့် လှိုက်လှဲစွာ ပြောလိုက်၏။
“သူတို့က ဂုဏ်နဲ့ငွေနဲ့ ဖိသတ်နိုင်တဲ့လူတွေမို့ ဘယ်လိုပဲရင်ဆိုင်၊ အမေတို့ ရှုံးဘတ်ချည်းမို့ ပြော လို့လဲ အရာမထင်ပါဘူး၊ စာချုပ်ကိုစ္စကို မေ့လိုက်ပေါ့သားရယ်၊ ချေးထားတဲ့ငွေ မဆပ်နိုင်လို့ ခံရတာ လို့သာ ယူဆလိုက်ပါတော့၊ သားစိတ်ချမ်းသာမယ်ဆိုရင် အမေတို့ဝမ်းသာပါတယ် ငါ့သား ပညာတတ် လိုက်တာ အမြတ်ပေါ့”
သားတို့ရုပ်ရည် သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတည်းသည့်။
တွေးတောစဉ်းစားဥာဏ် ကင်းမဲ့သော အောက်တန်းလွှာ ဆင်းရဲသားများပီပီ ကြီးကျယ်ခမ်းနားသော စည်းစိမ်ကြီးကို ယစ်မူးကာ သားဖြစ်သူအား ရွှေဘုံပေါ်စံစေလိုသော စေတနာဖြင့် စီမံငြားလည်း လွဲမှား ခဲ့မိသော ဦးဘထွန်းနှင့် ဒေါ်မြစီတို့ကား ဘယ်သူမပြုမိမိမှုဖြစ်သော မိမိတို့အပြစ်ကို ခံယူရန် အသင့်ပြင် ပြီးကြလေပြီ။
“အဖေနဲ့အမေ စိတ်ကောင်းကောင်းထားပါ ပူမနေပါနဲ့၊ ကျွန်တော်စာချုပ်အတိုင်း လိုက်နာပါမယ်၊ လှည်းကျိုး ပြီး ထမ်းပါတော့မယ်၊ မနက်ဖြန် ဟိုလူလာရင် ကြိုက်တဲ့နေ့မှာ လက်ထပ်မယ်လို့ ပြောလိုက် ပါ၊ ကျွန်တော်အမေနဲ့ အဖေ ဒုက္ခရောက်အောင် မမိုက်ပါဘူး“
မောင်အောင်လွင်က ဘာမျှမဖြစ်သလို အေးအေးဆေးဆေးပြောပြီး-
“ထမင်းဆာပြီအမေ၊ ဘာဟင်းချက်လဲ”ဟု စကားလွှဲလိုက်၏။ သို့တစေလည်း မောင်အောင်လွင်၏ အိုမင်း ရင့်ရော်သွားသကဲ့သို့သော မျက်နှာနှင့် အက်ကွဲခြောက်သွေ့သော လေသံကို သတိထားမိသော ဦးဘထွန်း နှင့် ဒေါ်မြစီမှာ သား၏မျက်နှာကို မကြည့်ရက်အောင်ပင် စိတ်ထိခိုက် သွားမိကြလေ တော့သည်။
ချစ်ရိပ်သာစံအိမ်ကြီးမှာ ရောင်စုံမီးများ ထိန်ထိန်ညီးကာ တီးလုံးသံတငြိမ့်ငြိမ့်ဖြင့် သာယာ စည်းကား လှပါဘိသည်။ နံနက်ပိုင်းက မောင်အောင်လွင်-ဘီအေနှင့် သူဌေးသမိး ရိုစလင်းတို့ ရုံးမှာ လက်မှတ်ထိုး လက်ထပ်ခဲ့ပြီး ညနေပိုင်းမှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပနေခြင်းဖြစ်၏ မြန်မာပီပီ ကျင်းပသော ဧည့်ခံပွဲကား မဟုတ်ချေ။ ပွတ်သဘင်ဆင်နွှဲမည့် ဧည့်ခံပွဲဖြစ်၏။ အချိန်မှာ ခြောက်နာ၇ီပင် ခွဲပြီးဖြစ်၍ ဧည့်သည်များ တဖွဲဖွဲ ရောက်စပြုနေလေပြီ။
မောင်အောင်လွင်သည် အိမ်ပေါ်ထပ်မှ မဆင်းချေ။ အိပ်ခန်းနှင့် ဆက်နေသော ၀ရန်တာတွင် ပက်လက်ကုလားထိုင် တစ်လုံးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း မိဘများဖြစ်သော ဦးဘထွန်းနှင့် ဒေါ်မြစီ တို့စံရာ တဲငယ်ကလေးကို ငေးကြည့်နေသည်။ ဒေါ်ခင်အေးနှင့် ရိုစလင်းတို့က ဦးဘထွန်းနှင့် ဒေါ်မြစီတို့အား အရေးယူ အဖက်လုပ်၍ ခေါ်ပြောတိုင်ပင်ခြင်းလည်းမရှိ၊ ဧည့်ခံပွဲကို ဖိတ်ကြားခြင်း လည်းမရှိ၊ စကားစပ်၍ပင် မမေးမြန်းပေ။ မောင်အောင်လွင်ကလည်း မိဘများနှင့်ပတ်သက်၍ ယောက္ခမ နှင့် ဇနီးအား စကားတစ်လုါံ်မှ မဟခဲ့။ ဇောတိက ဘုံဗိမာန်တမျှ ထင်မှတ်ရ၍ တောင့်တမက်မောခဲ့သော ဤစံအိမ်ကြီး အား ဦးဘထွန်းနှင့် ဒေါ်မြစီတို့ အနားကိုပင် မသီဝံ့ရှာပေ။ မီးရောင်မှိန်မှေးသည့် တဲငယ် ကလေး အတွင်း မှာ ဘာလုပ်၍ ဘာပြောနေကြမည်နည်း။
“ဒါလင်...ဒါလင်..အိပ်ပျော်နေသလား”
ပခုံးကို ကိုင်လှုပ်ေါ်လိုက်သဖြင့် မောင်အော်ငလွင် အလန့်တကြား လှည့်ကြည့်လိုက်မ၏။ ကြော့ နေအောင် ပြင်ဆင်ထားသော ရိုစလင်းကား ကြည့်မ၀အောင်ပင် ချောမောလှါဘိ၏။ မောငအောင်လွင်၏ မျက်လုံး များသည် ၇ိုစလင်း၏ ဗိုက်ကို တည့်တည့်မတ်မတ် ကြည့်လိုက်မိပြီးမှ သတိထားကာ မျက်စိကို လွှဲလိုက် ရသည်။
“ကိုယ်သိပ်နေမကောင်းဘူးဒါလင်၊ ခေါင်းသိပ်ကိုက်နေတယ်ကွယ်၊ ကျောင်းတုန်းက စာသိပ်ကျက်ခဲ့တဲ့ ဒဏ်ပေွါ့ယ်၊ တစ်ခါတစ်ခါ ခေါင်းကိုက်ရင် လူက လုံးလုံးမလှုပ်ချင်တော့ဘူး၊ ဧည့်သည်တွေကို ဒါလင်ပဲ ကြည့်ပြီး တောင်းပန်လိုက်နော်”
မောင်အောင်လွင်က ပျော့ပျောင်းညင်သာစွာ ပြောလိုက်၏။
“အိုကေ”
ရိုစလင်းက ထိုမျှသာပြောပြီး လှည့်ထွက်သွားသည်။ ရောဂါအခြေအနေကိုလည်း မမေး၊ ဆေးလည်း မတိုက်၊ မောင်အောင်လွင်မှာ သူ့အဖို့ အကောင်အထည်ဖော်ရုံသာ အသုံးပြုရမည့် အရုပ်ဖြစ်၏။ အရေးတယူ ဂရုတစိုက်ရမည့် သတ္တ၀ါမဟုတ်ပေ။ ရိုစလင်း ထိုသို့ သဘောထားသည်ကိုလည်း မောင်အောင်လွင် က အနည်းငယ်မျှ ၀မ်းမနည်း။ ဧည့်ခံပွဲသို့ ကြွလာသော အမျိုးသားပရိတ်သတ်ထဲတွင် ရိုစလင်း ၏ ဗိုက်တွင်းမှာ ရှိနေသော ဥစ္စာရှင်များ မည်မျှပါဝင်နေသနည်းဟု မောင်အောင်လွင်းတွေးရင်း ရိုစလင်း နှင့် ထိသွားသော သူ့ပခုံးကို လက်နှင့်ပုတ်ခါပစ်မိသည်။
အောက်ထပ်မှ သီချင်းသံ၊ ဂီတသံ၊ ရယ်မောသံတို့မျာ တသောသော ဆူညံနေ၏။ မောငအောင်လွင် သည် စိတ်ပန်းကိုယ်ပန်းဖြင့် အိပ်ရာပေါ်သို့ လှချလိုက်လေသည်။
ခေါင်းကိုက်သောငြားလည်း မနေ့ညက စိတ်ဆင်းရဲမှုဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့သော မောင်အောင်လွင် သည် အိပ်ရာပေါ်သို့ လှဲလိုက်သည်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။
အိစက်ညက်ညောသော ဖဲမွေ့ရာပေါ်တွင် တစ်ကိုယ်တော်ဘ၀ဖြင့် အိပ်မောကျနေရာမှ တရေးနိုး လာသော မောင်အောင်လွင်သည် သံစုံ တိုင်ကပ်နာရီကြီးမှ နှစ်ချက်တီးသံ ကြားလိုက်ရ၏။ တစ်အိမ်လုံး မှာ ဆိတ်ငြိမ်လွန်းလျသည်။ ဖယောင်းတိုင် ငါးတိုင်အား ခရမ်းရောင် မီးပွင့်ကလေးအောက်တါင် အိပ်ခန်း မှာ ည မှုန်မှိုင်းမှိုင်းဖြစ်နေသည်။ သံတိုင်ကာထား၍ မပိတ်ဘဲ ဖွင့်ထားသော ပြတင်းမှ လေအသွေးတွင် ပါးလွှာ နူးညံ့ သော ဇာခြင်ထောင်မှာ လှိုင်းကြက်ခွပ်ကလေးများလို တရိပ်ရိပ် လှုပ်ရှားနေလေသည်။
မောင်အောင်လွင်သည် ခေါင်းထောင်ပြီး သူ့ဝဲဘက်သို့ ကြည့်လိုက်၏။ တစ်ကိုယ်လုံး အထင်းသား မြင်ရလု နီးမျှ ပါးလွှာသော ည၀တ်အင်္ကျီ ကပိုကရိုဖြင့် အိပ်မောကျနေသော ရိုစလင်းအား တွေ့ရသော အခါ မောင်အောင်လွင် သည် စေ့စေ့ကြည့်မိသည်။ ဖြူဝင်းပြည့်ဖြိုးသော ကိုယ်ခန္ဓာ၊၊ ပြုံးယောင်ယောင် မျက်နှာ ကလေးဖြင့် ကလေးငယ်ကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရိုစလင်း၏ ရူပါရုံကား တော်ရုံလူသာဆိုလျှင် စိတ်ကိုထိန်းနိုင်တော့မည် မဟုတ်ချေ။
သို့သော်... မောင်အောင်လွင်ကား ရိုစလင်း၏ ချစ်စဖွယ် ရူပါရုံကို မမြင်၊ သူမြင်နေရသည်မှာ ပါးပျဉ်းထောင် နေသော မာန်ဖီနေသော မြွေဟောက် ကြီးတစ်ကောင်လို ထင်မိသဖြင့် စက်ဆုပ်ရွံရှာစွာ အိပ်နေရာ မှ လူးလဲထပြီး ခုတင်အောက်သို့ လျင်မြန်စွာ ဆင်းလိုက် ပြီး အပြင်သို့ ထွက်လာခဲ့သည်။ အပြင်ခန်း တွင်ကား ဖယောင်းတိုင်ငါးတိုင်အား လျှပ်စစ်မီးပွင့် အစိမ်းကလေးထွန်းထား၍ တစ်ခန်းလုံး စိမ်းလဲ့လဲ့ အရောင်ဟပ်နေ၏။ အခန်း၏ တစ်ဘက်လေးခုတင်ပေါ်တွင် အိပ်ပျော်နေသော ဦးဘသိန်းအား ပါးလွှာသော ဇာခြင်ထောင်တွင် အထင်းသား မြင်နေရ၏။ မောင်အောင်လွင် ရပ်နေရာမှ လှမ်းမြင် နေရသော အိမ်ဦးခန်းတွင်ကား မောင်အောင်လွင်တို့ အိပ်ခန်းကဲ့သို့ ခရမ်းရောင်မီးပွင့်ကလေး ထွန်းထား သည်။ နိုင်လွန်ခြင်ထောင်အတွင်းဝယ် မှေးစက်နေသော ဒေါ်ခင်အေးနှင့် ဦးသနးမောင်...။
မောင်အောင်လွင်သည် အံကြိတ်လိုက်မိ၏။ တင်တင်ခိုင်ကလေး ဒုက္ခညွန်အိုင်အတွင်းမှ နစ်ရသည့် အကြောင်း နစ်ရသည့်အကြောင်း၊ အသိဥာဏ်ကင်းမဲ့သော ဦးဘထွန်းနှင့် ဒေါ်မြစီအား လှည့်ဖျား သွေးဆောင်၍ ကြိုးနှင့်တုတ်ကာ မိမိအား နဖားကြိုးတပ်သည့် ကိစ္စများတွင် ဒေါ်ခင်အေးတို့ သားအမိ အား အရေးပါ အရာရောက်သော ကဏ္ဍမှ ပါဝင်ကူညီကြသူများ ပေတကား။ စသ်းစားရင်း... ကြာရှည်က်လက် ကြည့်နေပါက စိတ်ကို ထိန်းချုပ်ရန် ခက်ပေတော့မည်။ အကြမ်းမှုအနုနှင့်သာ အောင်စေရာ မည်ဟု မျက်နှာလွှဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
လှေကားရင်းသို့ရောက်လျှင် ဧည့်ခန်းမှ ပြာလဲ့လဲ့ မီးချောင်းရောင်က မှေးမှိန်စွာ ဟပ်နေသော ဆောင်ကူးလမ်း တွင် လူရိပ်လိုလို မြင်ရသဖြင့် ရပ်ပြီး ကြည့်နေမိသည်။ အုတ်နံရံအတွင်း ကံကျ သွင်းမြုပ် ထားသော ဗီရိုကြီး၏ တံခါးရွက်တစ်ဘက်မှာ ပွင့်နေပြီး ဗီရိုရှေ့တွင် ရပ်နေသော မိန်းမပျိုတစ်ယောက်၏ သဏ္ဍာန် ကို ထင်ထင်ရှားရှား မြင်နေရသည်။ ဘေးတစောင်း မြင်နေရသော ထိုမိန်းမပိုမှာ ဤစံအိမ် အတွင်း မှ အိမ်ဖော်တစ်ယောက် ဖြစ်ပေမည်ဟု မောင်အောင်လွင် အမှတ်တမဲ့ တွေးလိုက်ပြီး ဧည့်ခန်းဘက် သွားရန် ဟန်ပြင်လိုက်သည်တွင် တစောင်းရပ်ရင်း ငြိမ်သက်နေသော မိန်းမပြို သဏ္ဍာန် သည် မောင်အောင်လွင်၏ ခြေသံကို ကြားဟန်တူသဖြင့်လှည့်ကြည့်လိုက်၏။ ဤတွင် မောင်အောင်လွင် မှာ မှင်သက်မိသလို ဖြစ်သွားလေသည်။ မိန်းမပျိုသဏ္ဍာန်သည် ဗီရိုအတွင်းသို့ လျင်မြန်စွာ ၀င်လိုက် သည်။ ဗီရိုတံခါးရွက် ပိတ်သွားသည်။ လျှပ်ပြက်သည်တမျှ လျင်မြန်လှ၍ မောင်အောင်လွင်သည် စက္ကန့်အနည်းငယ်မျှ အံ့အားသင့်နေရာမှ..
“ခိုင်-ခိုင်”ဟု ခပ်အုပ်အုပ် ခွန်းဆင့်ခေါ်ရင်း ဗီရိုရှိရာသို့ အပြေးကလေးသွားပြီး တံခါးရါက်ကို ကျိခနဲမည်အောင် ဆွဲဖွင့်လိုက်၏။ ဗီရိုအတွင်းဝယ် ဟင်းလင်းသာည မောင်အောင်လွင် တွေ့ရသည်။ တင်တင်ခိုင်၏ အရိပ်အရောင်ကိုပင် မမြင်ရတော့ချေ။ စိတ်တွင်းတွင် မကြေမချမ်း ရှိလှ၍ ဗီရိုအတွင်းသို လက်နှိုက်၍ပင် စမ်းမိလေတော့သည်။
“ဆရာ ဘာရှာနေတာလဲ” ဤအသံကြော့် မောင်အောင်လွင် လှည့်ကြည့်လိုက်၏ အာမက်ကို တွေ့ရ သည်။
“ဟိုဒင်း ငါတရေးနိုးဆာလာတာနဲ့ စားစရာရှာတာ” မောင်အောင်လွင်က ပြောမိပြောရာ ပြောလိုက်၏။
“ကျွန်တော့်ကို နှိုးရောပေါ့ ဆရာရယ်... ဒီဗီရိုထဲမျာ ဘာမှမရှိပါဘူး” ထိုသို့ပြောပြီး အာမက်က ထမင်းစားခန်းထဲ ၀င်သွားသည်။
မောင်အောင်လါင်သည် ဗီရိုတံခါးရွက်ကို မှီပြီး ငိုင်တွေတွေဖြင့် ရပ်နေမိသည်။ သူ့အား လှည့်က်ြည့ လိုက်သော တင်တင်ခိုင်၏ နွမ်းလျညှိုးငယ် ယုယုယယ ကြင်နာဖွယ်ကောင်းလှသော မျက်နှာကလေးကို လျှပ်ပြက် သကဲ့သို့ ရိပ်ခနဲ တွေ့လိုက်ရသော်လည်း မျက်လုံးထဲမှ မေ့ပျောက်၍ မရတော့ချေ။
“ခိုင်... လူ့ဘ၀မှာ မရှိတော့ဘူးထင်ပါရဲ့၊ ခိုင့်ကို မေ့နေပြီထင်လို့ လာပြီး ကိုယ်ရောင်ပြတာလား ခိုင်ရယ်.. အကိုမမေ့ပါဘူး၊ မမေ့ပါဘူး၊ ခိုင် ဘယ်လိုဖြစ်တယ်ဆိုတာ အစ်ကို သိချင်စမ်းပါဘိနော်”
မောင်အောင်လွင်သည် မချိတင်ကဲ စိတ်ထဲမှာ ရေရွတ်ရင်း ဘာမျှမရှိသော ဗီရိုကြီးအတွင်း မျက်တောင်မခတ် ကြည့်နေမိလေသည်။
“ဆရာ စားစရာ ပြင်ပြီးပါပြီ”
အာမက်က ရိုရိုသေသေပြောရင်း မောင်အောင်လွင်၏ ထူးခြားသော အမူအရာကို အကဲခတ်နေလေသည်။ မောင်အောင်လွင်သည် စားသောက်ချင်စိတ် မရှိသော်ငြားလည်း အာမက် ရိပ်မိမည် စိုး၍ ဟန်မပျက် ထမင်းစားခန်းထဲ ၀င်သွားသည်။ အာမက်က နောက်မှလိုက်လာ၏။ ထမင်းစားပွဲ ပေါ်တွင် နွားနို့တစ်ပန်းကန်နှင့် သစ်သီးတစ်ပန်းကန် ပြင်ထား၏။ မောင်အောင်လွင်သည် ကုလားထိုင်ပေါ်သို့ ဖြည်းလေးစွာ ထိုင်လိုက်ပြီး နွားနို့ပန်းကန်ကို စိတ်မပါဘဲ ဆွဲယူလိုက်၏။
“ကျွန်တော်လဲ ခြေသံနဲ့ စကားပြောသံလိုလို ကြားလိုက်လို့ လန့်နိုးလာတာပါဆရာ၊ အင်တစ်ခါ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမမှတ်လို့ ထွက်ကြည့်တာ ဆရာဖြစ်နေတယ်”
စားပွဲနားတွင် ရပ်နေသော အာမက်က အမှတ်မထင် ပြောလိုက်သည်တွင် မောင်အောင်လွင် သောက်မည်ပြုနေသော နွားနို့ ပန်းကန်ကို ပြန်ချထားလိုက်ပြီး...
“ဘာအာမက် မင်းဘာတွေ့တာလဲ” ဟုမေးလိုက်၏။
အာမက်က တင်တင်ခိုင်ပျောက်သွားပြီး တစ်လကျော်မျှ အကြာမှာ ဤဆောင်းကူးလမ်း၌ ထူးဆန်းစွာ သူတွေ့ခဲ့ရပုံ၊ ချောင်းမြောင်းခဲ့ပုံများကို ပြန်လည် ပြောပြလိုက်ပြီးမှ သတိရဟန်ဖြင့်...
“ကျွန်တော်အခုလိပြောတာ မမကြီးတို့ကို ပြန်မမေးပါနဲ့ ဆရာ ဒီအကြောင်းမပြောရဘူးလို့ သတိပေးထားပါတယ်..”
မင်းသွားတော့ အာမက်”
မောင်အောင်လွင်က ထိုမျှသာ ပြောပြီး စားသောက်စရာများကို လုံးဝမကိုင်တော့ဘဲ ဧည့်ခန်းထဲသို့ ထွက်သွားသည်တွင် အာမက်သည် နားမလည်သော မျက်နှာဖြင့် မောင်အောင်လွင်အား မျက်စိ တဆုံး ကြည့်နေမိ လေသည်။
ရိုစလင်းအား လက်ဖျားနှင့်မှ မတို့သလို ငွေကြေးကိုလည်း တစ်ပြားတစ်ချပ်မှ တောင်းခံခြင်းမပြုပဲ မောင်အောင်လွင်သည် အလွတ် ပညာသင်ကျောင်းတစ်ခုမှာ အထက်တန်းပြဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်၍ ရသောလခကို မိမိသုံးစွဲလောက်ရုံချန်ပြီး ကျန်ငွေအားလုံးကို သူဌေးရူးရူးခဲ့သူ မိဘများအား ထောက်ပံ့ ခဲ့လေသည်။
ဇောတိက ဘုံဗိမာန်တမျှ တင်စားခဲ့ရသော စံအိမ်ကြီး၏ အရိပ်ကိုမျှ မနင်းဝံ့ရှာသောဦးဘထွန်းနှင့် ဒေါ်မြစီသည် ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချသော စကားများကို ကြားတန်သလောက် ကြားကြရပြီဖြစ်သဖြင့် ခြောက်သွေ့ ညှိုးနွမ်းသောသော မျက်နှာဖြင့် ကျောင်းအသွားအပြန်မှလွဲပြီး အိမ်ထဲမှာသာ အောင်းနေ လေ့ ရှိသော သားက တစ်လတစ်ခါ ငွေလာပေးတိုင်း မျက်ရည်စမ်းစမ်း ဖြစ်နေကြရရှာ၏။
ကျောင်းပိတ်သော နေ့တစ်နေ့ဖြစ်သည်။ အိမ်မှာ လူရှင်းနေသဖြင့် မောင်အောင်လွင်သည် မျက်နှာချင်း မဆိုင်ရ၊ စကားမပြောရတာကြာမြင့်လှပြီဖြစ်သော မာလီကြီး ဦးအုန်းဖေထံ လျှောက်လာခဲ့၏။ ဦးအုန်းဖေကား မောင်အောင်လွင်လာသည်ကိုမမြင်။ အိမ်ပေါက်ဝတွင် ပန်းမျိုးစေ့များကို ရွေးချယ်နေ၏။ ဖိနပ်ချွတ် အဆင့်ကလေးပေါ်သို့ မောင်အောင်လွင် လှမ်းတက်လိုက်မှ လူရိပ်မြင်သဖြင့် မော့ကြည့် လိုက်၏။
"သြော်…ကြွပါ သူဌေးမင်း"
ဦးအုန်းဖေက ရိုသေစွာ နှုတ်ဆက်ရင်း ခရီးဦးကြိုလိုက်၏။
"မခနဲ့ပါနဲ့ ဦးလေးကြီးရယ်၊ ဟိုတုန်းကလိုပဲ ခေါ်ပြောဆက်ဆံပါ ကျွန်တော် ဘယ်လို စိတ်ဒုက္ခ ဖြစ်နေတယ် ဆိုတာ ဦးလေးကြီးမသိဘူး"
မောင်အောင်လွင်က ပြောရင်း ထိုင်လိုက်၏။ ဦးအုန်းဖေက မောင်အောင်လွင်အား တစ်စုံတစ်ရာ မပြောသေး ဘဲ မောငအောင်လွင်၏ နောက်ကျော်ဘက်သို့ ကဲကြည့်လိုက်ပြီး…
"မိမဲအိမ်ခန်းထဲသွား"ဟု ပြောလိုက်သံနှင့် တစ်ပြိုင်နက်လိုလိုပင် မောင်အောင်လွင်သည် သူ့နောက်နားမှ ရွေ့လျားသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။ ဖင်တရွတ်ဆွဲ ရွှေ့သွားနေသော ဦးအုန်းဖေ ၏ တူမကို တွေ့ရ၏။
"သူ့အဖို့ ရွှေ့ရတာ ပင်ပန်းလှပါတယ် ဦးလေးကြီးရယ်၊ နေမြဲတိုင်းနေပါစေ၊ မရွှေ့နဲ့ ညီမနေပါ"ဟု မောင်အောင်လွင် က ကြင်နာစွာ ပြောလိုက်၏။
"အဲဒီမှာပဲ ထိုင်နေတော့ မိမဲ၊ အိမ်ကြီးစံ အရှင်သခင်များက ဒီဒုက္ခိတကြီးကို သူတို့ မျက်စိအောက်မှာ မကြည့်ချင် မမြင်ချင်ဘူးလို့ အမိန့်ထုတ်ထားတာရှိလို့ပါ သူဌေးမင်း"
ဦးအုန်းဖေ ၏ စကားများအတွက် မောင်အောင်လွင် ရင်ထဲအောင့်သွားသည်။
"ကျွန်တော် တောင်းပန်ပါတယ် ဦးလေးကြီးရယ်၊ သူဌေးမင်းလို့ မခေါ်ပါနဲ့ခင်ဗျာ"
မောင်အောင်လွင်၏အသံမှာ အကယ်ပင် စိတ်မချမ်းမြေ့မှုကို ဖော်ပြနေကြောင်း ဦးအုန်းဖေ နားလည်လိုက်၏။
"ဦးလေးကြီးထံ ဘာကိစ္စရှိလို့လာသလဲ မောင်အောင်လွင်"
ဦးအုန်းဖေ က ယခင်က လေသံအတိုင်းပင် ခင်မင်ရီးနှီးစွာ မေးလိုက်သဖြင့် မောင်အောင်လွင်မှာ အတော် အသင့် စိတ်သက်သာသွားလေသည်။
''ဦးလေးကြီးနဲ့ စကားပြောရလျှင်စိတ်ချမ်းသာမှုကလေး ရမလားလို့ လာခဲ့တာပဲ ''
''မင်းအဖေက အမေများနဲ့ သွားစကားပြောရင် ဒါထက်စိတ်ချမ်းသာမှာ ပေါ့ကွဲ့၊ မိဘထက် စိတ်ချမ်း သာမှု ပေးနိုင်သူ ရှိဦးမလား'' ဦးအုန်းဖေက ခပ်ငေါ့ငေါ့ ပြောလိုက်၏ ။
''ဦးလေးကြီး ငေါ့မယ်ဆို ငေါ့ထိုက်ပါတယ်၊ အဖေနဲ့ အမေကြောင့် ကျွန်တော် ဒုတိယ ဦးတိုးခိုင် ဖြစ်နေ တာပေါ့''
''ဟေ-ဘယ်လို၊ မင်းအဖေ အမေကြောင့်'' ဦးအုန်းဖေက အံ့အားသင့်စွာ မေးလိုက်၏။
''ဦးလေးကြီး ဒီအကြောင်းတွေ သိပြီးသား မဟုတ်လား''
''ဘာအကြောင်းလဲကွ မောင်အောင်လွင်''
ဦးအုန်းဖေ တကယ်ပင် မသိသေးသဖြင့် မောင်အောင်လွင် မိဘများ၏ သူဌေးရူးခဲ့ပုံနှင့် သူ ဓားစာခံ ဖြစ်နေရသည်များကို နတ်သံ မနှောဘဲ နာကြည်းစွာ ပြောပြလိုက်၏။
''ဖြစ်ရလေခြင်း တူမောင်ရယ်'' ဦးအုန်းဖေက နဖူးကို လက်ဝါးနှင့် ရိုက်ကာ စိတ်မကောင်လှစွာ ပြောပြီး စကားဆက်လိုက်၏။
''ဒီစာချူပ်အကြောင်း လုံးဝ ဦးလေးကြီး အသိဘူး၊ သူဌေးကြီး ဈာပနာမှာ မင်းဖေနဲ့ အမေကို ခိုင်းစေပြီး အိမ်ပေါ်ထပ်ခေါ်သွားတာ တွေ့လိုက်တယ်၊ အဲဒီနောက် မင်းအဖေနဲ့ အမေ သူဌေးစိတ်ပေါက်ပြီး ဦးလေးကြီးကို မောက်မောက်မာမာ ဆက်ဆံတာ မင်းအသိသားပဲ၊ ဟိုတစ်ခါ မင်းနဲ့ နောက်ဆုံးတွေ့ လိုက်ရစဉ် ကလဲ စကားစုံအောင် မပြောလိုက်ရဘူး၊ မင်းအမေ သူဌေးရူးက လာခေါ်သွားလို့ အဆက် ပြတ်သွား ကြတယ်။''
ဦးအုန်းဖေက ထိုသို့ပြောပြီး သူ့တူမ ဒုက္ခိတကြီးအား တစ်ချက်လှည့်ကြည့်လိုက်သည်။ အတန်ကြာ တိတ်ဆိတ် နေပြီးမှ မောင်အောင်လွင်က စကားစပြောလိုက်၏။
''တင်တင်ခိုင် သတင်းဘာများကြားသေးလဲ ဦးလေးကြီး''
''ဘာမှ မကြားပါလားကွဲ့''
''အသက်ရှင်လျက် မရှိတော့ဘူးထင်ပါရဲ့ ဦးလေးကြီးရယ်'' မောင်အောင်လွင်က ကြေကွဲဆွေးမြည့် သောအသံဖြင့် ပြောလိုက်၏။
''ဘာကြောင့်လဲတူမောင်''
မောင်အောင်လွင်က သူတွေ့ခဲ့ရပုံနှင့် အာမက်တွေ့ခဲ့ရပုံများကို ပြန်လည်ပြောပြလိုက်ပြီး-
''သူဝိညာဉ်လို့ ကျွန်တော် ထင်တာပဲ ဦးလေးကြီး၊ နောက်ညတွေမှာ ကျွန်တော် သတိထားပြီး စောင့်ကြည့် ခဲ့ပေမယ့် မတွေ့တောဘူး၊ သြော် ခိုင်-ခိုင် အစ်ကိုစိတ်ကူးယဉ်ခဲ့ ဖြစ်စေချင်ခဲ့သလို မဖြစ်တဲ့ ဘာဝ...အစ်ကို တစ်နေ့ မှ မမေ့ပါဘူးကွယ်''
မောင်အောင်လွင်သည် သူတစ်ယောက်တည်း ရှိနေသကဲ့သို့ ညည်းညည်းညူညူ ပြောနေရာ ကြားရသူ ဦးအုန်းဖေပင် စိတ်မချမ်းးသာ လှစွာဖြင့် ငြိမ်နေမိလေသည်။
''တူမောင့်ဘ၀က တစ်သက်လုံး ဒီအတိုင်းပဲ သွားလိမ့်မယ်ထင်တယ်''
မောင်အောင်လွင်သဘော မည်သို့ ရှိသည်ကို သိလိုသဖြင့် ဦးအုန်းဖေက မသိမသာ တီးခေါက်ကြည့် လိုက်၏။
''အင်း...ကံကြမ္မာ လှည့်စားရင်ဖြင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲတန်ကောင်းပါရဲ့ ဦးလေးကြီး''
ထိုအခိုက် ထမင်းချက်ကုလား အာမက် ရောက်လာပြီးတယ်လီဖုန်း ခေါ်သံ ကြားရကြောင်း ပြောသဖြင့် မောင်အောင်လွင်သည် ကပျာကသီ အိမ်ကြီးဆီသို့ ပြန်လာခဲ့၏။
တယ်လီဖုန်းမှာ ဆေးရုံကြီးမှ နေပြီး ဒေါ်ခင်အေးက ပြောနေခြင်းဖြစ်သည်။ အိမ်အပြန် လမ်းတစ်ဝက် အရောက် ကားပေါ်မှာပင် ရိုစလင်းနေမကောင်း၍ ဆေးရုံးကြီး အထူးခန်းမှာ တင်ထားရကြောင်း၊ ဆရာဝန်နောက် လျှောကျပျက်စီးသော ကလေးကိုပင် စိတ်ဆိုးမိသလိုလို ဖြစ်သွား၏။
''ပျက်စီးမယ့်အတူတူများဗျာ.....စောစောစီးစီးက သွားရော်ပေါ့၊ သက်သက် ငါဒုက္ခရောက်အောင် ဗိုက်ထဲအောင်း နေတယ် ဂြိုလ်ကလေး'' ဟု တစ်ကိုယ်တည်းရေရွတ် လိုက်မိသည်။ ရိုစလင်းမှာ အထုပ်အပိုး မရှိတော့လျှင် မိမိ ဤစံအိမ်ကြီးမှ ဆင်းခွင့်ကို ဒေါ်ခင်အေးက အလွယ်တကူ ပေးလိမ့်မည် ဟု တွေးထင်ရာမှ-
''ငါမဆင်းသေးဘူး၊ ပတ်ဝန်းကျင်က ကဲ့ရဲ့တာ ခံနေရပြီးမှ အထူးတော့ပါဘူး၊ ဒီအိမ်ကြီးမှာပဲ ဆက်နေ ပြီး ငါ့အကြံ အောင်အောင် ကြိုးစားမယ်'' ဟု မောင်အောင်လွင် စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက် လေသည်။
''ဟေ့ကောင် မောင်အောင်လွင်၊ မင်းဆေးရုံ မသွားဘူးလား''
ဘသိန်းက မောင်အောင်လွင်အား သူ့လက်အောင်ငယ်သား တစ်ယောက်ကဲ့သို့ ပြောလိုက်၏။ ရိုစလင်း ဆေးရုံမှာ ရှိသည်။ ၀တ်လုံတော်ရ ဦးသန်းမောင်ကလည်း ဒေါ်ခင်အေး အိမ်မှာ မရှိ၍ မလာတော့ချေ။ ဘသိန်း နှင့် မောင်အောင်လွင်မှာ အိမ်စောင့်ဖြစ်နေကြလေသည်။
''သွားပါမယ် ဦးလေး၊ ဒါထက် ဦးလေးကို ကျွန်တော် ကန်တော့မယ်လို့ ရည်မှန်းပြီး သိမ်းထားတဲ့ ပစ္စည်း တစ်ခု ရှိပါတယ်၊ ဦးလေးလက်ခံပါနော်''
မောင်အောင်လွင် က အပြစ်ကင်းသော ကလေးငယ်ကဲ့သို့ ဘသိန်းအား ချစ်ခင်ရိုသေစွာ ပြောလိုက်၏။
''အောင်မာ ကြီးကြီးကျယ်ကျယ်ရှိလိုက်တာ၊ မင်းက ဘာကြောင့် င့ါကို ကန်တော့မှာလဲကွ''
ဘသိန်းက ဆိုဖာပေါ် ဇိမ်နှင့်ထိုင်ကာ စီးကရက်ဘူးဖွင့်ရင်း ဂရုမစိုက်သော လေသံဖြင့် မေးလိုက်၏။
''ကျွန်တော် အခုလိုလူနဲ့တူအောင် ဘီ-အေ ဆိုတဲ့ ဘွဲ့ကလေးတပ်နေနိုင်တာ ဦးလေးကျေးဇူး အများ ကြီးပါတာပေါ့''
''ဟား-ဟား-ဟား မင်းက ဘီ-အေဘွဲ့ထူး တပ်ရတာသာ ကျေးဇူးမတင်ဘူးလားကွ''
''ဟာ တင်တာပေါ့ ဦးလေးရယ်၊ ဒါပေမဲ့...အဲလေ နောက်မှ ကျွန်တော် ဦးလေးကို ဘယ်လောက် ချစ်တယ် ငဲ့ညှာ တယ်ဆိုတာ ပြောပါ့မယ်၊ အခု ကျွန်တော်ကန်တော့မယ် ပစ္စည်းကို ဦးလေး သဘောကျ မကျ ကြည့်ပါဦး''
မောင်အောင်လွင်၏ လေသံမှာ တကယ်ပင် တူအရင်းက ဦးလေးအရင်းအား ပြောနေသကဲ့သို့ ချစ်ခင် ရင်းနှီးမှု ရှိလှသဖြင့် ဘသိန်း၏ လေသံမှာ အနည်းငယ် ပျော့သွားသည်။
''ကဲကွာ မင်းကန်တော့မယ် ပစ္စည်းက ဘာများလဲကွ ကြည့်ရအောင်''
မောင်အောင်လွင်က အိမ်ပေါ်ထပ်သို့ အပြေးကလေးတက်သွားပြီး ပုလင်းနှစ်လုံးကိုင်ကာ ပြန်ဆင်း လာသည်။ ပုလင်းများကို ဘသိန်းအားရိုရိုသေသေ ပေးလိုက်၏။
''ဟေ့ကောင် ဒါနိုင်ငံခြားအရက် အကောင်းဆုံး အမျိုးအစားပါကလား၊ မင်း ဘယ်ကရလဲကွ''
ဘသိန်း က ပုလင်းများကို သေချာစွာကြည့်ပြီး ၀င်းထိန်းတောက်ပသော မျက်လုံး၊ နှစ်သိမ့်သော လေသံဖြင့် မေးလိုက်၏။ လောက၌ ဘသိန်းသည်းခြေကြိုက် ဆေးသုံးပါးရှိသည်။ ငွေ-အရက်-မိန်းမ...
ဤဆေးသုံးပါး အနက် တစ်ပါးသောဆေးကို မောင်အောင်လွင်က တိုက်ကျွေးလိုက်ပြီ ဖြစ်၏။
''ဒီအရက်မျိုးက နိုင်ငံခြားသွားလာနေတဲ့ ဘူတွေနဲ့ အဆက်ရှိမှရတာကွ၊ အင်မတန် ရှားပါးတယ်၊ ရှားပါး သလောက် လဲ ကောင်းတယ်၊ ဘယ်ကရလဲကွ မောင်အောင်လွင်''
ပြုံးကြည့်နေသော မောင်အောင်လွင်အား ဘသိန်းက ကျေနပ်သော အသံဖြင့် ထပ်မေးလိုက်၏။
''ကျွန်တော့် သူငယ်ချင်းတစ်ယောက်လေ နိုင်ငံခြားကလာတဲ့ သင်္ဘောတွေနဲ့ မတ်သက်တဲ့ဌာနမှာ အလုပ် လုပ်နေတယ်၊ ဦးလေးသောက်နေတဲ့ အရက်တွေက အလွန်ဆုံးတန်လှမှ ခြောက်ဆယ် ခုနှစ်ဆယ်တန် တွေပဲ၊ အဲဒါတွေ ဦးလေး သောက်နေရတာ ကျွန်တော် စိတ်မကောင်းလို့ သူငယ်ချင်းနဲ့ ကပ်ပြီး နိုင်ငံခြား သင်္ဘော တွေက လည်သလို ၀ယ်ယူခဲ့တာပဲ ဦးလေး''
''ငါ့တူ လိမ္မာတယ်ဟေ့၊ နောက် ရဦးမလား''
''စိတ်ချ ဦးလေးအတွက် ကျွန်တော် ယူပေးမယ်၊ မပြတ်စေရဘူး၊ အရက်ညံ့တွေ ဦးလေး မသောက်နဲ့၊ ဦးလေးငွေလဲ တစ်ပြားမှ မထုတ်နဲ့၊ ကျွန်တော်လုပ်စာနဲ့ ကျေးဇူးဆပ်စရာ အဖေနဲ့ အမေရယ်၊ ဦးလေးရယ် ဒီ သုံးယောက်ပဲရှိတယ်''
ဘသိန်းသည် နှစ်သိမ့်ကျေနပ်လှသဖြင့် မောင်အောင်လွင်အား ပခုံးဘက်ကျောသပ်ရင်း.....
''ငါ့တူ စိတ်ထားကောင်းတယ်ဟေ့၊ ဒီလိုကျေးဇူးသိတတ်လိမ့်မယ်လို့ ဦးလေး မထင်ခဲ့ မိဘူး''ဟု ပြောလိုက် ၏။
မောင်အောင်လွင် သည် ဘသိန်း အရက်သောက်ရန် အတွက် လိုအပ်သော အမြည်း၊ ဆိုဒါ၊ ရေခဲ၊ ဖန်ခွက်များ ယူလာရန် အာမပ်အား အမိန့်ပေးလိုက်၏ ။
ဆက်ရန်
.

2 comments:
ကျေးဇူးးးးးး
ဆက်ဖတ်ချင်သေးတယ်..အမြန်..
မြတ်နိုး
လာဖတ်သွားတယ် မရွှေစင်ရေ
ဝေဖန်တော့ဘူး ဥပုသ်ကြီးနဲ့မို့ :)
Post a Comment