Wednesday, August 25, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၅) ဒု ပိုင်း

'ဟုတ်ပြီ၊ ဒါဟာ အလွန်ခိုင်လုံတဲ့ အထောက်အထားပဲ၊ ရဲဘော်တို့ မာထာဘယ်လီ သတ္တဝါကို ဖမ်းလိုက် ကြတော့'

ဗိုလ်ချုပ် ဖွန်ဂါဘီရာက ဝမ်းသာအားရ အမိန့်ပေးလိုက်ရာ တွန်ဂါတာသည် အလွန် ဒေါသထွက် လာဟန် ဖြင့် ဖွန်ဂါဘီရာအား စိန်ခေါ်သလို ပြန်ကြည့်လိုက်သည်။ 'ဒီပြဿနာရဲ့ အဖြစ်မှန်က ဘယ်လိုဆိုတာ ကျုပ်မသိပေမယ့် တစ်နေ့ကျရင် ခင်ဗျားကိုပဲ အကြီး အကျယ် တုံ့ပြန် ဂယက်ရိုက်မှာ သေချာတယ်။ ခင်ဗျးက ကျုပ်ကို မာတာဘယ်လီ သတ္တဝါလို့ တိရစ္ဆာန်နဲ့ နှိုင်းပြောတယ်။ ခင်ဗျားကကော ဘာမို့လို့လဲ။ ခင်ဗျားဟာ ရှိုနာလူမျိုး ပြည့်တန်ဆာမ တစ်ယောက်ရဲ့ သားမဟုတ်လား' ဤသို့ တွန်ဂါတာက ရဲရင့် တည်ကြည်စွာ ပြောလိုက်လျှင် ဖွန်ဂါဘီရာသည် ဆက်လက် မဖြစ်လို ဟန်ဖြင့် သူ၏တပ်သား ရဲဘော် များအား ' ဟေ့ သူတို့ကို ဖမ်းခေါ်သွားကြတော့လေကွာဓဟု ဟစ် အော် အမိန့်ပေးလိုက်သည်။

သို့ရာတွင် တွန်ဂါတာ၏မျက်နှာက တည်ကြည်လေးနက်သော ဣနြေ္ဒဆောင်နေသည့်ပြင် သြဇာ တိက္ကမ ကြီးမားသူ၊ စိတ်ဓာတ်ခိုင်မာ ပြင်းထန်သူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေလေ ရာ တတိယတပ်မဟာမှ စစ်သားများသည် ရုတ်တရက် ရှေ့မတိုးဝံ့ဘဲ ဆုတ်ဆိုင်းနေကြလေသည်။
ဆယ်လီသည် လင်းရိုဗာ ကားပေါ်မှဆင်း၍ ကုန်တင်ကားကြီးပေါ်မှ တွေ့ရှိသော သားမွေးများ၊ ကျားသစ်ရေများကို အနီးကပ် ကြည့်လိုသဖြင့် ရှေ့သို့တိုးသွားလေသည်။ ယင်းသို့သွားစဉ် သူမ သည် စက္ကန့်ပိုင်း မျှ တွန်ဂါတာ၏ရှေ့မှ ဖြတ်လျှောက်သွားရလေသည်။

ထိုစက္ကန့်ပိုင်းအတွင်း ဆယ်လီ၏ကိုယ်သည် တွန်ဂါတာနှင့် သူ့အား ဖမ်းမည့် သူများကြားတွင် ကာထား သလို ဖြစ်သွားရာ ဝန်ကြီးတွန်ဂါတာသည် အလွန်အံ့သြဖွယ်ကောင်းလောက်အောင် လျှပ် တစ်ပြက် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ မျက်စိဖြင့် လိုက်ကြည့်၍ မမြင်နိုင်လောက်အောင် လျင် မြန်သည့် မြွေဟောက် တစ်ကောင်၏ ပေါက်လိုက်ပုံကဲ့သို့ပင် ဖြစ်သည်။

တွန်ဂါထာသည် သူ့ရှေ့မှ ဖြတ်လျှောက်သွားသူ ဆယ်လီ၏ လက်မောင်းကို ရုတ်တရက် ဖမ်းဆွဲ လိုက်ပြီး မြေပြင် ပေါ်၌ကျနေသော ရိုင်ဖယ်သေနတ်ကိုပါ သွက်လက်စွာ ကောက်ယူလိုက်သည်။ ထို့နောက် ဆယ်လီ ၏ ကိုယ်ကို မိမိရှေ့မှာ ကာထားလိုက်သည်။ တစ်နည်းအားဖြင့် တွန်ဂါတာ သည် ဆယ်လီ၏ ခန္ဓာကိုယ် ကို ရှေးခေတ်စစ်သည်များ သုံးသည့် ရှီးလ်ခေါ် ဒိုင်းသဖွယ် အသုံးပြု လိုက်ခြင်းပင် ဖြစ်သည်။
တတိယတပ်မဟာမှ စစ်သည်များသည် ရုတ်တရက် အငိုက်မိသလို ခံသွားရလေသည်။ သူတို့ ရောက်ရှိနေသည့် နေရာအနေအထားကလည်း ရှုပ်ထွေးနေသဖြင့် တွန်ဂါတာအား ပစ်လိုက်ပါက မိမိတို့ လူ တစ်ယောက်ယောက် ထိမှန်သွားနိုင်သောကြောင့် ရုတ်တရက် ဘာလုပ်မျန်း မသိအောင် ဖြစ်နေကြ လေသည်။

' ဟေ့…ရဲဘော်တွေ၊ မင်းတို့ မပစ်ကြနဲ့၊ ဒီ မာတာဘယ်လီ ခွေးသားကို ငါကိုယ်တိုင် လက်ရဖမ်း မယ်' ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပြောလိုက်စဉ် ဝန်ကြီးတွန်ဂါတာသည် လက်တစ်ဖက်ဖြင့် ဆယ်လီအား ဖမ်းချုပ် ကိုင်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် ရိုင်ဖယ်သေနတ်ကို ဖွန်ဂါဘီရာအား ချိန်ထားကာ လင်းရိုဗာ ကားဆီ သို့ နောက်ဆုတ်သွားလေသည်။
လင်းရိုဗာကား မှာ အင်ဂျင်စက် နှိုးထားလျက်ပင် ရှိနေသည်။

'ဟေ့လူ၊ ခင်ဗျား ဘယ်နည်းနဲ့မှ ထွက်ပြေးလို့ လွတ်မြောက်မှာ မဟုတ်ဘူး၊ ရှေ့နောက် နှစ်ဘက် စလုံး လမ်းတွေပိတ်ဆို့ထားတယ်။ ကျုပ်ရဲ့ လူတစ်ရာကျော်လည်း ရှိနေတယ်။ ကျုပ်က ခင်ဗျားကို ဖမ်းဖို့ စောင့်နေတာ ကြာလှပြီ။ အခုမှပဲ ပိုင်ပိုင်နိုင်နိုင် မိတော့တယ်'
ဖွန်ဂါဘီရာက ဟစ်အော်ပြောလိုက်သော်လည်း တွန်ဂါတာသည် ဂရုမစိုက်ဘဲ သူ၏ ရိုင်ဖယ် သေနတ်ဖြင့် ဖွန်ဂါဘီရာ ၏ ဝမ်းဗိုက်တည့်တည့်သို့ ချိန်လိုက်သည်။ တကယ်ပစ်တော့မည်ဟန်ဖြင့် ပြင်ဆင် လိုက်ပုံမျိုး ပင် ဖြစ်သည်။

ထိုအချိန်၌ ခရိတ်သည် တွန်ဂါတာ၏နောက်နားတွင် ရှိနေရာ ရိုင်ဖ်သေနတ်၏ ခလုတ်ကို ဆွဲခါနီး စက္ကန့်ပိုင်း အလိုတွင် တွန်ဂါတာသည် ဖွန်ဂါဘီရာ၏ ဝမ်းဗိုက်တည့်တည့်သို့ ချိန်ထားရာမှ ဘေး ဘက် သို့ တစ်လက်မခန့် ရွေ့ပြောင်းချိန်လိုက်သည်ကို သတိပြုလိုက်မိလေသည်။ ပြီးတော့မှ ရိုင် ဖယ်သေနတ် ၏ ခလုတ် ကို ဆွဲ၍ ပစ်လိုက်သည်။ ဖွန်ဂါဘီရာအား မထိမှန်အောင် တမင်သက်သက် ကပ်လွှဲ၍ ပစ်လိုက်ခြင်း ဖြစ်ကြောင်း သိသာထင်ရှားလေသည်။

သေနတ်သံသည် ကျယ်လောင်စွာ မြည်ဟိန်းသွားလျက် (မောင်းပြန်သေနတ်ဖြစ်၍) အဆက်မပြတ် ထွက်လာသော ကျည်ဆန်များသည် ဖွန်ဂါဘီရာ၏ နောက်နားရှိ ကုန်တင်ထရပ်ကားကြီးအား တိုက်ရိုက် ထိမှန် ကုန်လေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် သေနတ်ကျည်ဆန်များကို တိမ်းရှောင်ရန် သူ၏ကိုယ်ကို ဘေးသို့ တိမ်း ရှောင်ရင်း ကုန်တင်ထရပ်ကားကြီးအနီး မြေပြင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
တတိယ တပ်မဟာမှ စစ်သားများသည်လည်း တုန်လှုပ်ချောက်ချားလျက် ခြေဦးတည့်ရာ တိမ်းရှောင် ပြေးကြလေ ရာ သူတို့အချင်းချင်း ထိမှန်နိုင်သည့် အန္တရာယ်ရှိသောကြောင့် သေနတ် များကို မပစ်ခတ် နိုင်ဘဲ ဖြစ်နေကြသည်။
ယင်းသို့ အခြေအနေ ရှုပ်ထွေးလျက်ရှိနေစဉ် တွန်ဂါတာသည် ဆယ်လီအား လင်းရိုဗာကားပေါ်သို့ အတင်းဆွဲ တင်လိုက်ပြီး သူကိုယ်တိုင် ယာဉ်မောင်းနေရာသို့ ခုန်တက်ကာ လျင်မြန်စွာ မောင်း ထွက်သွား လေသည်။

ဓဟေ့ကောင်တွေ မပစ်ကြနဲ့၊ ငါက ဒီလူ့ကို အရှင်ဖမ်းချင်တယ်ဓ
ဗိုလ်ချုပ် ဖွန်ဂါဘီရာက သူ၏စစ်သည်များအာ လှမ်းအော်အမိန့်ပေးလိုက်သည်။
သို့ရာတွင် စစ်သားတစ်ဦးသည် တစ်စုံတစ်ရာ စဉ်းစားဆင်ခြင်ဟန် မတူဘဲ လင်းရိုဗာကား ကို ရပ် တန့် တားဆီးရန် အတွက် ကားရှေ့မှ ကာဆီးပြီး ရပ်နေလိုက်သည်။
တွန်ဂါတာသည် ကားကို လုံးဝမရပ်ဘဲ အတင်းဆက်မောင်းသွားရာ စစ်သားရင်ဘတ်တည့်တည့် ကို တိုက်ပြီး လဲကျသွားစဉ် လင်းရိုဗာကားသည် လူပေါ်မှ ဖြတ်ကြိတ်လျက် တရကြမ်း မောင်းထွက် သွားလေသည်။

ခရိတ် သည် ဘာမျှမစဉ်းစားဘဲ လျှပ်တပြက် လှုပ်ရှားလျက် ဝန်ကြီးတွန်ဂါတာစီးလာသော မာစီးဒီး ကားပေါ် သို့ လျင်မြန်စွာတက်လိုက်ပြီး ချက်ချင်း မောင်းထွက်လေသည်။
ဒီဂရီ(၁၈၀)ကွေ့လိုက်ပြီးနောက် ရှေ့မှ ထွက်သွားသည့် လင်းရိုဗာကားနောက်သို့ စက်ကုန်ဖွင့် လျက် မောင်းလိုက်သွားလေသည်။
မာစီးဒီးကား၏ အင်ဂျင်စက်မှာ အလွန်အားကောင်းသဖြင့် ခရိတ်က ဆီထိန်းခလုတ်(လီဗာ)ကို နင်းလျှင် နင်း သလောက် အရှိန်ပြင်းစွာဖြင့် ပြေးလေသည်။
 
'ခရိတ်…ခရိတ်…နေပါဦး'
ဗိုလ်ချုပ်ဖွန်ဂါဘီရာက လှမ်းအော်ပြောလိုက်သော်လည်း ခရိတ်သည် လုံးဝဂရုမစိုက်ဘဲ မာစီးဒီး ကားကြီး ကိုသာ အာရုံစိုက်၍ ဆက်မောင်းသွားလေသည်။ မကြာမီ ခရိတ်သည် ရှေ့မှသွားနေသော လင်းရိုဗာကား၏ နောက်မီး အနီရောင်များကို လှမ်းမြင်ရလေသည်။
မာစီးဒီးကားမှာ အင်ဂျင်စက် အားကောင်းသည့်ပြင် အော်တိုမစ်တစ် ဂီယာများလည်း ပါရှိသဖြင့် ခရိတ်လည်း ထိုဂီယာကို အသုံးပြုပြီး မောင်းလိုက်သောကြောင့် တဖြည်းဖြည်းနှင့် ရှေ့မှ လင်းရိုဗာ ကားကို မီလာလေသည်။ ကားနှစ်စီး၏ အကွာအဝေးသည် နီးသည်ထက် နီးလာသည်။

သို့သော် လမ်းကွေ့တစ်ခုသို့ အရောက်တွင် ဖုန်များထပြီး မီးခိုးကဲ့သို့ မှောင်သွားရာ ခရိတ်သည် မတတ်သာဘဲ ကားကို အရှိန်လျှော့လိုက်ရလေသည်။ ယင်းသို့ အရှိန်လျှော့လိုက်ခြင်းကြောင့် လည်း လမ်းကွေ့ရှိ ချောက်ကမ်းပါးကြီးထဲသို့ ထိုးကျသွားနိုင်သည့် အန္တရာယ်မှ သီသီကလေး လွတ်ခဲ့လေသည်။
ရှေ့မှ လင်းရိုဗာကားနှင့် ကိုက်လေးရာခန့်သာ ကွာဝေးတော့ရာ ခရိတ်သည် မာစီးဒီးကား၏ ရှေ့မီး လုံးကြီး များ အလင်းရောင်တွင် လင်းရိုဗာကားပေါ်မှ ဆယ်လီကိုပင် လှမ်းမြင်နေရပြီ ဖြစ်သည်။
ထိုအချိန် ၌ သူမသည် ကားပေါ်မှ အရဲစွန့်ပြီး ခုန်ချရန် ဟန်ပြင်နေလေသည်။ သို့သော် တွန်ဂါတာ က လက်တစ်ဖက် ဖြင့် ကားမောင်းနေရာမှ ကျန်လက်တစ်ဖက်ဖြင့် ဆယ်လီအား အတင်းဖမ်းဆွဲ၍ ကားထိုင်ခုံ ပေါ်တွင် ပြန်ထိုင်စေပုံကိုလည်း ခရိတ်က မြင်နေရလေသည်။

ရုန်းကန်လှုပ်ရှားမှုကြောင့် ဆယ်လီ၏ ဦးခေါင်းတွင် ပတ်ထားသော စကာ့ဖ်ခေါ် လည်စည်းသည် ပြုတ် ထွက်ကာ အပြင်ဘက်သို့ လွင့်စဉ်ထွက်သွားလေသည်။
ထို့နောက် ဖုန်များ ထလာပြီး လင်းရိုဗာကားကို ကောင်းစွာ မမြင်ရတော့ချေ။
ခရိတ် သည် ရှေ့ကားပေါ်၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါသထွက်လာမိသည်။ ထိုအချိန်၌ သူသည် ဝန်ကြီး တွန်ဂါထာ (သူနှင့် တစ်ချိန်က အလွန်ခင်မင်ရင်းနှီးသူ မိတ်ဆွေ)အား အကြီးအကျယ် စက်ဆုပ် မုန်းတီးစိတ် ဖြစ်ပေါ်နေမိသည်။

ပြင်းစွာ ဒေါသထွက်၍လည်း ခရိတ်သည် မာစီးဒီးကားကို အရှိန်ပြင်းစွာ မောင်းလျက် လင်းရိုဗာ ကား နောက် သို့ လိုက်သွားလေသည်။
ထိုအချိန်၌ လင်းရိုဗာကားနှင့် ကိုက်သုံးရာခန့်သာ ကွာဝေးတော့ရာ ခရိတ်က မာစီးဒီးကားကို စက် ကုန်ဖွင့်၍ မောင်းလိုက်ခြင်းကြောင့် ကားချင်း နီးသည်ထက် နီးကပ်လာလေသည်။
နောက် လမ်းကွေ့တစ်ခုသို့ ရောက်သောအခါ ကားချင်း အလွန်နီးကပ်လာသဖြင့် ဆယ်လီကိုပင် လှမ်းမြင် နေရသည်။ သူမသည် နောက်သို့ သမင်လည်ပြန် လှည့်၍ ခရိတ်အား လှမ်းကြည့်နေ သည်ကို လည်း မြင်နေရသည်။

သူမ၏မျက်နှာသည် သွေးမရှိတော့သလို ဖြူဖပ်ဖြူရော်ဖြစ်လျက် ခေါင်းပေါ်မှ ဆံပင်များသည် လည်း ဖရိုဖရဲ ဖြစ်နေလေသည်။
နောက်ထပ် လမ်းကွေ့တစ်ခုသို့ ရောက်ပြန်သဖြင့် ရှေ့မှ လင်းရိုဗာကားသည် ခေတ္တပျောက်ကွယ် သွားပြန် သည်။
ခရိတ်လည်း ကားကို အရှိန်မလျှော့ဘဲ စက်ကုန်ဖွင့် မောင်းလိုက်သွားသည်။
လမ်းကွေ့ကို ချိုးလိုက်ပြီးနောက် မကြာမီပင် ရှေ့ခပ်လှမ်းလှမ်း၌ ဖွန်ဂါဘီရာ၏ စစ်သားများက လမ်း ပိတ်ဆို့ ထားသည်ကို မြင်ရလေသည်။
သုံးတန်စစ်ကားကြီးတစ်စီးကို လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်ထားပြီး ကား၏ဘေးနှစ်ဖက် နှစ်ချက် တွင် လည်း သစ်ပင်သစ်ကိုင်းများ ခုတ်လှဲ၍ ပိတ်ဆို့ထားလေသည်။

ထို့ပြင် သံမဏိကြိုးကြီးများလည်း ဖြတ်၍ ကာရံထားသေးရာ ဤသို့ လမ်းပိတ်ဆို့တားမြစ်ခြင်းကို မည်သည့်ယာဉ် မှ ဝင်တိုက်ဖြတ်ကျော်၍ ရနိုင်မည်မဟုတ်ဟု ခရိတ်က တထစ်ချ တွက်မိလေသည်။
လမ်း ပိတ်ဆို့ထားသည့် နေရာ ရှေ့တည့်တည့်တွင် စစ်သားငါးဦးတို့ တန်းစီမတ်တပ်ရပ်ကာ သူတို့ ၏ ရိုင်ဖယ်သေနတ် များကို ဝှေ့ယမ်းလျက် လင်းရိုဗာကားအား ရပ်တန့်ရန် အချက်ပြနေကြလေ သည်။
စစ်သား များက စတင် မပစ်ခတ်ဘဲနေပုံကို ထောက်ခြင်းအားဖြင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာက ရေဒီယို ဖြင့် ညွှန်ကြား ထားခြင်းကြောင့် ဖြစ်တန်ရာသည်ဟု ခရိတ်က ယူဆမိလေသည်။
သို့ဖြစ်လင့် ကစား လင်းရိုဗာကားပေါ်မှ ဆယ်လီအဖို့ မည်မျှ အန္တရာယ်ကြီးမားနေကြောင်းကို လည်း စဉ်းစားပြီး စိုးရိမ်ပူပန်နေမိသည်။ အချိန်မရွေး သူမ၏ လှပအချိုးကျသော ခန္ဓာကိုယ်အတွင်း သို့ သေနတ် ကျည်ဆန် များ ဒလဟော လာရောက်ထိမှန်နိုင်ပေသည်။
 
ဘုရားသခင် တန်ခိုးတော်ကြောင့် စစ်သားတွေ မပစ်ပါစေနှင့် ဤသို့လည်း ခရိတ်သည် စိတ်ထဲမှ ကျိတ်၍ ဆုတောင်း မိလေသည်။
ထိုအချိန်၌ သူ၏ မာစီးဒီးကားသည် ရှေ့မှ လင်းရိုဗာကားနှင့် ပေငါးဆယ်ခန့်သာ ကွာဝေးတော့ သည်။
လမ်းပိတ်ဆို့ထားသည့်နေရာမှ ကိုက်တစ်ရာခန့်အကွာ၊ လမ်း၏ လက်ယာဘက်တွင် မြေနိမ့်နေ သော တစ်နေရာ ရှိလေသည်။ မြေနိမ့်နေပုံက ချိုင့်ကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
တွန်ဂါတာ သည် လင်းရိုဗာကားကို ရုတ်တရက် လက်ယာဘက်သို့ ကွေ့ကာ အထက်ပါ ချိုင့်ကြီး အတွင်းသို့ မောင်းဆင်းလိုက်သည်။ ချိုင့်၏ တစ်ဖက်တွင် မြက်ပင် ရှည်ကြီးများရှိနေရာ တွန်ဂါတာ သည် မြက်ပင်ရှည် များကြားသို့ ဆက်လက် မောင်းဝင်သွားလိုက်သည်။

ခရိတ်သည် မာစီးဒီးကားဖြင့် ချိုင့်ကြီးအတွင်းသို့ ဆင်းမောင်းရန် မဖြစ်နိုင်ကြောင်း သိသဖြင့် အကြံ ရ ခက်နေလေသည်။ ကား၏ကြမ်းခင်း အလွန်နိမ့်သဖြင့် ချိုင့်ကြီးထဲသို့ ဆင်းလိုက်ပါက မလွတ်ဘဲ ဆက်မောင်း ၍ ရမည်မဟုတ်ချေ။
ထို့ကြောင့် သူသည် မာစီးဒီးကားကို ချိုင့်ဝှမ်းကြီး၏ နှုတ်ခမ်းနားတွင် ထိုးရပ်လိုက်ပြီး ကားပေါ်မှ လျင်မြန်စွာ ခုန်ဆင်းကာ ချိုင့်ဝှမ်း၏ လက်ယာဘက်ကမ်းသို့ ပြေးသွားလေသည်။
လင်းရိုဗာကားသည် ရှေ့ကိုက်နှစ်ဆယ်ခန့်တွင် ရောက်နေလျက် အလွန်ကြမ်းတမ်းပြီး မညီမညာ ဖြစ်နေသော မြေကြီးပေါ်တွင် ခက်ခဲစွာ မောင်းလျက်ရှိသည်။
ခရိတ် သည် ခြေကုန်သုတ်၍ တအားပြေးလိုက်သွားလေသည်။

လင်းရိုဗာကားပေါ်မှ တွန်ဂါတာသည် ခရိတ်ကို လှမ်းမြင်သည်တွင် လက်တစ်ဖက်ဖြင့် သူ၏ ရိုင် ဖယ်သေနတ် ကို မြှောက်၍ ချိန်လိုက်သည်။ ထိုအပြုအမူကို ဆယ်လီက သူမ၏ ကိုယ်လုံးဖြင့် သေ နတ်ပြောင်း ကို အတင်းဖိချရင်း တွန်ဂါတာထံမှ သေနတ်ကို လုယူရန် ကြိုးစားလေသည်။
တွန်ဂါတာ လည်း လက်တစ်ဖက်ဖြင့် ကားမောင်းရင်း တစ်ဖက်က ဆယ်လီအား တွန်းဖယ်ပစ်လေ သည်။ ဆယ်လီ က အလျှော့မပေးဘဲ ဆက်လက်၍ ရိုင်ဖယ်သေနတ်ကို လုရန် ကြိုးစားပြန်သော အခါ တွန်ဂါတာသည် သူမ၏ နားရွက်အောက်နားဆီသို့ လက်ဝါးစောင်းဖြင့် တအား ခုတ်ချလိုက် သည်။ ဆယ်လီခ မျာ ခေါင်းငိုက်စိုက်ကျသွားကာ ငြိမ်နေတော့သည်။
တွန်ဂါတာလည်း လင်းရိုဗာကားကို ဆက်၍ မောင်းသွားလေသည်။

ယင်းသို့ လမ်းဘေးရှိ ချိုင့်ကြီးကို ဖြတ်မောင်းသွားခြင်းအားဖြင့် စစ်တပ်က လမ်းပိတ်ဆို့ထားသည့် နေရာကို ကျော်လွန်သွားလေရာ တွန်ဂါတာသည် သဘောကျဟန်ဖြင့် ကားကို မြန်မြန်မောင်းရန် ကြိုးစား လေသည်။
သို့ရာတွင် မကြာမီ ဆယ်ပေခန့်နက်သည့် နောက်ထပ် ချောက်ကမ်းပါးကြီးတစ်ခုသို့ ရောက်သွား ပြန်ရာ တွန်ဂါတာသည် ကားကို မထိန်းနိုင်တော့ဘဲ ချောက်ကြီးထဲသို့ ထိုးကျသွားလေသည်။
ခရိတ် လည်း အတင်း ပြေးလိုက်သွားသည်။

အံ့သြဖွယ်ကောင်းသည်ကား ဆယ်ပေခန့်နက်သည့် ချောက်၏ အောက်ဘက်တွင် လင်းရိုဗာကား သည် တိမ်းမှောက်ခြင်း မရှိဘဲ ကြောင်ကျကျသလို ကျသွားကာ ဘီးလေးဘီးဖြင့် တည့်မတ်ထောင် လျက်ပင် ရှိနေခြင်း ဖြစ်လေသည်။
ကားစတီယာရင်အ၀ိုင်းနှင့် တွန်ဂါတာ၏ မျက်နှာတိုက်မိသဖြင့် ပါးစပ်တွင် သွေးများ ထွက်လျက်ရှိ သည်။ သို့သော် သူသည် လုံးဝ ဂရုမစိုက်ဘဲ ကားကို ဆက်မောင်းရန် ကြိုးစားပြန်သည်။
ခရိတ်လည်း ဘာမှ မစဉ်းစားနိုင်ဘဲ ဆယ်ပေမြင့်သည့် ချောက်ကမ်းပါးနှုတ်ခမ်းမှ အောက်သို့ ခုန်ချ လိုက်လေသည်။ အောက်သို့ ရောက်လျှင်ရောက်ချင်း သူသည် လမ်းရိုဗာကားဆီသို့ ဆက်ပြေး သွားကာ ကားပေါ် တက်ရန် ကြိုးစားလေသည်။

ထိုအချိန်၌ လင်းရိုဗာကားသည် မောင်းထွက်နေပြီဖြစ်ရာ ခရိတ်သည် ကားပေါ်ရောက်အောင် မတက်နိုင် ဘဲ ရေဒီယိုစက်ကိုသာ ကိုင်မိသဖြင့် အတင်းဖမ်းဆွဲထားရင်း ပါသွားလေသည်။
လင်းရိုဗာကားသည် အရှိန်ရလာပြီဖြစ်သည်။ ခရိတ်သည် လက်နှစ်ဖက်ဖြင့် ကားပေါ်မှ ရေဒီယိုစက် ကို ဖမ်းဆုပ်ကိုင်ထားသော်လည်း ခြေနှစ်ဖက်က မြေပြင်မှလွတ်လျက် တွဲလောင်းဖြစ်နေလေသည်။
ထိုအတောအတွင်း လမ်းပိတ်ဆို့ရာနေရာမှ စစ်တပ်သုံး ထရပ်ကားကြီးသည်လည်း နောက်မှ လျင် မြန်စွာ မောင်းလိုက် လာပြီ ဖြစ်သည်။
တွန်ဂါတာသည် လင်းရိုဗာကားနောက်မှ တွယ်လိုက်လာသူ ခရိတ်အား ကားပေါ်မှ လွင့်ကျစေရန် အရှိန်ပြင်းစွာဖြင့် ကွေ့ကောက် မောင်းလေသည်။ ခရိတ်ကလည်း လွင့်မကျအောင် အထူးသတိ ထားလျက် အတင်းဆက်လက် တွယ်ထားလေသည်။

လမ်းကွေ့တစ်ခုသို့ရောက်လျှင် တွန်ဂါတာက မော်တော်ကားကို အရှိန်ပြင်းစွာမောင်းလျက် ဘီး နှစ်ဘီးသာ မြေပြင်ကိုထိပြီး နှစ်ဘီးက မြေပြင်မှလွတ်အောင် ကြမ်းကြမ်း ကွေ့မောင်းသွားရာ ခရိတ် မှာ လွင့်စဉ်ကျ မသွားအောင် မနည်း ကြိုးစားတွယ်ထားလိုက်ရပြန်သည်။ သူ၏ လက်နှစ်ဖက်စလုံး မှာ အလွန် နာကျင်လျက် ရှိရပြီဖြစ်သည်။
ခရိတ်သည် ပတ်ဝန်းကျင်ရှုခင်းကို လှမ်းကြည့်မိလိုက်ရာ လင်းရိုဗာကားသည် ဇမ်ဘေဇီမြစ်နှင့် နီးလာပြီ ဖြစ်ကြောင်း တွေ့ရလေသည်။
မြစ်ကို ဖြတ်ကူးထားသည့် တံတားသည် နယ်စပ်ပင်ဖြစ်ရာ နယ်ခြားကျော်ပြီ ဇင်ဘာတွေနိုင်ငံ နယ်နိမိတ် ပြင်ဘက် သို့ ရောက်သွားတော့မည် ဖြစ်သည်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာတို့ အစိုးရအနေဖြင့် နယ်စပ် ကျော်လျှင် မည်သို့မှလည်း အရေးယူနိုင်တော့မည် မဟုတ်ချေ။

ယခုဆိုလျှင် တွန်ဂါတာသည် ဆယ်လီအား ဓားစာခံအဖြစ် ဖမ်းမိထားသဖြင့် နယ်စပ်သို့ ရောက်နိုင် ရန် အလားအလာ ရှိနေပေသည်။
ယခု အခြေအနေတွင် ခရိတ်က လက်လျှော့လိုက်ပါက တွန်ဂါတာ လွတ်မြောက်သွားရန် သေချာ သလောက် ဖြစ်နေပေသည်။ ထို့ကြောင့် ခရိတ်သည် လက်မောင်းများ ပြင်းစွာ နာကျင်လျက် အလွန် ပင်ပန်းနေလင့်ကစား လက်မလျှော့ရန် ဆုံးဖြတ်ကာ ဇွတ်ပင် အားတင်း၍ တွယ်ကပ်ထား လိုက်သည်။
သူသည် တစ်ကိုယ်လုံး ကားပေါ်သို့ ရောက်အောင်တက်ရန် ကြိုးစားလေသည်။

ဆယ်လီသည် သတိရနေသော်လည်း တွန်ဂါတာက လက်ဝါးစောင်းဖြင့် (ကရာတေးသိုင်းပညာ နည်းအရ) တိုက်ခိုက်ခြင်း ခံရသောဒဏ်ကြောင့် မလှုပ်ရှားနိုင်ဘဲ ခေါင်းငိုက်စိုက် ကျနေရှာသည်။
တွန်ဂါတာ သည် ခရိတ်က ကားပေါ်တက်ရန် ကြိုးစားနေသည်ကို သတိပြုမိသဖြင့် ကားကို ခပ် ကြမ်းကြမ်း ခါလှုပ်သလို ကွေ့မောင်းလိုက်ပြန်ရာ ခရိတ်သည် လင်းရိုဗာကား၏ တစ်ဖက်ဘေးသို့ ရောက်သွား လေသည်။ လက်နှစ်ဖက်ကတော့ အတင်း ဆုပ်ကိုင်တွယ်ထားလျက်ပင် ရှိလေသည်။
တွန်ဂါတာ သည် လင်းရိုဗာကားကို လမ်းတစ်နေရာရှိ ကျောက်တုံးနံရံများဖြင့် ပြီးသည့် ချောက် ကမ်းပါး ဘေးနား သို့ ကပ်၍မောင်းလိုက်ပြန်သည်။ ကားနှင့် ကျောက်တုံးနံရံ ပွတ်ကပ်မောင်းခြင်း အားဖြင့် ခရိတ် ညှပ်ပိတ် မိကာ ပြုတ်ကျသွားစေရန် ကြံစည်ခြင်းပင် ဖြစ်သည်။

ခရိတ်ကလည်း အန္တရာယ်ကို မြင်သဖြင့် လျင်မြန်စွာ ခြေနှစ်ဖက်ကို ကွေး၍ မြှောက်တင်ထားလိုက် သည်။ သို့ဖြစ်လင့်ကစား မော်တော်ကားနှင့် ကျောက်တုံးနံရံ ပွတ်ကပ်ဆွဲသွားစဉ် ခရိတ်၏ သစ်သားမြေထုသည် ညှပ်မိသွားလေရာ ခြေတု၏တစ်စိတ်တစ်ဒေသ ကြေမွပျက်စီးသွားလေ သည်။ ခြေအတုမဟုတ် ခြေထောက် အကောင်း သာဖြစ်ပါက မည်သို့ ဖြစ်သွားမည်ကို မတွေးဝံ့ အောင်ပင် ဖြစ်သွားတော့သည်။

ဤတွင် ခရိတ်သည် ပြင်းစွာ ဒေါသထွက်လာမိကာ ရှိသမျှ အင်အားကို ညှစ်ထုတ်၍ ကားမောင်းနေ သူ တွန်ဂါတာ ၏ လည်ပင်းကို နောက်မှနေ၍ လက်မောင်းဖြင့် ဖမ်းချိတ်ညှစ်ထားလိုက်သည်။
ထိုအချိန် ၌ သူသည် တွန်ဂါတာအား အသေသတ်ပစ်ချင်စိတ် ဖြစ်ပေါ်နေသဖြင့် လက်မောင်းဖြင့် လည်ပင်း ကို တအား ညှစ်ထားလိုက်သည်။
တွန်ဂါတာလည်း အသက်ရှူကျပ်လာပြီဖြစ်၍ မည်သို့မှမတတ်သာဘဲ လက်နှစ်ဖက်စလုံး ကား၏ စတီယာတိုင်ကို ကိုင်ထားရာမှ လွှတ်လိုက်မိတော့သည်။ လင်းရိုဗာကားသည် အထိန်းအကွပ်မရှိ တော့ဘဲ ကွေ့ကောက် သွားနေရာ လမ်းကွေ့တစ်နေရာသို့အရောက်တွင် လမ်းဘေးရှိ ချောက်ထဲ သို့ ထိုးကျသွားလေသည်။
ခရိတ်သည် ကားပေါ်မှ လွင့်ထွက်ကျသွားလေသည်။

လင်းရိုဗာကားသည် ဘေးတိုက်တစောင်း လဲကျနေသည်။ ရှေ့မီးလုံးကြီးများ လင်းလျက်ရှိသေး သဖြင့် မီးရောင်တွင် ဆယ်လီသည် မလှမ်းမကမ်း မြေပြင်ပေါ်၌ အိပ်ပျော်နေသကဲ့သို့ မလှုပ် မယှက် လဲကျနေလေသည်။ သူမ၏ နဖူးဆံစကြား၌ သွေးများလည်း စို့နေလေသည်။
ထိုအခိုက် မှောင်ရိပ်ထဲမှ တွန်ဂါတာသည် ဒယီးဒယိုင်ဖြစ်လျက် ထလာလေသည်။ ကားမှောက် သွားခြင်းကြောင့် ရုတ်တရက် ချောက်ချားသလိုဖြစ်နေပြီး နာကျင်နေသော လည်ပင်းကို လက် တစ်ဖက် ဖြင့် ပွတ်သပ်နှိပ်ရင်း လျှောက်လာလေသည်။

ခရိတ်သည် တွန်ဂါတာကိုမြင်လျှင် အကြီးအကျယ် ဒေါသထွက်လာပြန်ကာ လူချင်း အတင်းဝင်လုံး ၍ တိုက်ခိုက် လေသည်။
အတိတ်ကာလ တစ်ချိန်က ခရိတ်နှင့် တွန်ဂါတာသည် ခင်မင်သော လူငယ်များအဖြစ် ကစားကြ ရင်း အပျင်းပြေ နပန်းလုံးသတ် ကစားခဲ့ဖူးလေသည်။ ထိုစဉ်ကပင် တွန်ဂါတာသည် အလွန် ခွန် အားကြီး သန်မာသူ တစ်ယောက်ဖြစ်ကြောင်း ခရိတ်က သိရှိခဲ့လေသည်။
ယင်းအချက် ကို ခရိတ်သည် မေ့လျော့နေခဲ့ရာ ယခု လူချင်းပူးသတ်နေတော့မှ တွန်ဂါတာ၏ ခွန် အားဗလ ကို သတိရလေသည်။ အရေးထဲ ခရိတ်က ခြေတစ်ဖက်သာ အကောင်းရှိသဖြင့် လူချင်း လုံးသတ်ရာတွင် တစ်ပန်းရှုံးနေလေသည်။

နှစ်ယောက်သား လုံးထွေးလျက် မြေပြင်ပေါ် လဲကျသွားချိန်တွင် ခရိတ်သည် အထူးကြိုးစား၍ တွန် ဂါတာအား မလွတ်ဘဲ အတင်းဖမ်းချုပ်ထားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဖြတ်ထားရသော ခြေတစ်ဖက် ၏ အငုတ်ဖြင့် တွန်ဂါတာ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ အတင်းတိုက်လေသည်။
တွန်ဂါတာသည် ပြင်းစွာ နာကျင်ခြင်းဝေဒနာ ခံစားရလျက် သိသိသာသာ အားပျော့သွားလေသည်။ ခရိတ်လည်း အကြံတစ်ခုရသဖြင့် လျင်မြန်စွာ လူချင်းခွာလိုက်ပြီး ခပ်လှမ်းလှမ်းမှ အရှိန်နှင့်ပြေးကာ သူ၏ ဖြတ်ထားသော ဒူးဆစ်ငုတ်တိုနှင့် တွန်ဂါတာ၏ ရင်ဘတ်တည့်တည့် တအား ပစ်ဆောင့် တိုက်ခိုက် လိုက်သည်။

အရှိန်က ပြင်းလှသည့်ပြင် ရင်ဘတ်အလယ် (နှလုံးရှိရာ)သို့ တည့်တည့်ထိသွားသဖြင့် တွန်ဂါတာ သည် ပုံလျက်သား နောက်ပြန် လဲကျသွားကာ ငြိမ်သက်နေတော့သည်။
ခရိတ်သည် လျင်မြန်စွာ ပြေးသွားပြီး တွန်ဂါတာ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ပြန်လေ သည်။ ကြာရှည် ဆက်ညှစ်လိုက်ပါက တွန်ဂါတာသည် ဧကန်မုချ သေသွားတော့မည် ဖြစ်သည်။
ဤတွင် ခရိတ်သည် သူ့ကိုယ်သူ အံ့သြမိလေသည်။

မလှုပ်မယှက် ပက်လက်လဲနေသူ တွန်ဂါတာအား ဆက်ပြီး လည်ပင်းညှစ်လိုက်ရုံနှင့် သေသွားမည် မှာ သေချာသော်လည်း ခရိတ်၏ စိတ်များသည် ရုတ်ချည်းပြောင်းလဲလာသည်။ တစ်ချိန်က ငယ် သူငယ်ချင်း ဖြစ်ခဲ့သူ တွန်ဂါတာအား အသေ မသတ်ရက်တော့ချေ။
တွန်ဂါတာအနေဖြင့် ယခု မည်မျှပင်ပြောင်းလဲကာ ဆိုးသွမ်းစေကာမူ ခရိတ်သည် ဘာကြောင့်မှန်း မသိ၊ မသတ်ရက်သဖြင့် သူ့ကိုယ်သူ အံ့သြမိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တွန်ဂါတာ၏ လည် ပင်းညှစ် ထားသော သူ၏ လက်နှစ်ဖက်ကို ပြန်ရုပ်လိုက်သည်။

ထို့နောက် သူသည် ဆယ်လီ လဲကျနေရာသို့ သွားပြီး သူမအား ယုယစွာ ပွေ့ထူလိုက်သည်။ သူမ ၏ မျက်နှာမှ သွေးစသွေးန များကိုလည်း လက်ဖြင့် အသာသုတ်ပေးလိုက်သည်။
မကြာမီ တတိယတပ်မဟာမှ စစ်သားများသည် ထရပ်ကားကြီးဖြင့် ရောက်ရှိလာလေသည်။
ဆယ်လီသည် သတိရလာဟန်ဖြင့် မျက်လုံးဖွင့်ကြည့်လေသည်။
ခရိတ်လည်း သူမခမျာ သေအံ့ဆဲဆဲဘေးမှ လွတ်မြောက်လာသည်ကို အလွန်ဝမ်းမြောက်သွားမိ လေသည်။
ခရိတ်သည် ဆယ်လီအား ကြင်နာယုယစွာ ပွေ့ဖက်ထားပြီး-
"ဆယ်လီ၊ ဆယ်လီ ဒါလင်၊ ငါလေ မင်းကို သိပ်ချစ်တာပဲကွယ်"ဟု ခပ်တိုးတိုး ပြောလိုက်လေ သည်။

အခန်း (၁၆) ဆက်ရန်
.

1 comment:

Anonymous said...

ဇာတ်လမ်းက ရုပ်ရှင်ကြည့်ရသလိုပဲ ကောင်းခန်း ရောက်နေလို့ မနားပဲ ဆက်ဖတ်သွားလိုက်ပါတယ် ခင်ဗျ.
ခင်မင်စွာဖြင့်
ဇော်သိင်္ခ