(၄)
ကိုဒေါင်းစိန်သည် နေ့လယ်နေ့ခင်း တရေးတမော အိပ်စက်နေရာမှ ငိုရှိုက်သံတစ်ခုကြောင့် လန့်နိုး လာသည်။ သူသည် အိပ်မက် မက်နေသလိုလို ကြောင်တောင်တောင် ဖြစ်နေရာမှ ငိုရှိုက်သံကို ပီပီ သသပင် ကြား နေရသဖြင့် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ အလို ... ကိုလူမောင်၏ မိန်းမ မဖွားသက်သည် မယ်စိန် ၏ အနီးတွင် ထိုင်ကာ ငိုရှိုက်နေပါကလား ... ဘာများ ဖြစ်လို့ပါလိမ့်။
' ငိုမနေပါနဲ့ ဖွားသက်ရယ်၊ ဖြစ်သမျှအကြောင်း အကောင်းချည်းသဘောထားပြီး ကြိတ်ခံလိုက်ပါတော့၊ ကြိတ်မခံဘဲ ထ ဆူလိုက်မယ် ဆိုရင်လည်း လူတကာ သိပြီး ကိုယ်ပဲ အရှက် ကွဲရမှာပဲ '
မယ်စိန် က မဖွားသက်ကို ဖျောင်းဖျနှစ်သိမ့်လိုက်သည်။ သည်စကားကို ကြားလိုက်ရသော ကိုဒေါင်းစိန်၏ ရင်ထဲ၌ လည်း ဒိတ်ခနဲ ဖြစ်သွားသည်။ အလို ... ကြိတ်သာ ခံလိုက်ပါတဲ့၊ ကြိတ်မခံဘဲ ထ ဆူလိုက်မယ် ဆိုရင်လည်း လူတကာသိပြီး ကိုယ်ပဲ အရှက်ကွဲရမယ် ဆိုပါကလား။ ဖွားသက်ကို ဘယ်သူကများ စော်စော် ကားကား ပြုလုပ်လိုက်ပါလိမ့်။
' လူတွေ သိပြီး အရှက်ကွဲမှာစိုးလို့ မြုံခံလာတာပေါ့ မယ်စိန်ရယ်။ အဲဒီလို မြုံခံလေလေ သူက ပိုကဲလေ ဖြစ်နေတော့ ကျုပ်လည်း ဘယ်လိုမှ မကြံတတ်အောင် ဖြစ်နေတာပဲ '
ပြောပြော ဆိုဆိုနှင့်ပင် မဖွားသက်က ငိုရှိုက်လိုက်ပြန်၏။ ကိုဒေါင်းစိန်မှာလည်း ငိုင်တွေနေရင်းမှ သူမ၏ စကား များကို အဓိပ္ပာယ် မကောက်နိုင်ဘဲ ရှိနေ၏။ ထို့ကြောင့် သူက ' အဟမ်း' ဟု ချောင်းဟန့်သံ ပေး လိုက်ပြီး နောက် ' ဘာဖြစ်လို့လဲဗျ မဖွားသက်ရ' ဟု တစ်ဆက်တည်းပင် မေး လိုက်ရ၏။
မဖွားသက်၏ ငိုရှိုက်သံမှာ ရုတ်တရက် တိတ်ဆိတ်သွား၏။ ကိုဒေါင်းစိန်ကို လှည့်မကြည့်ဘဲ မယ်စိန်ကိုသာ လှမ်းကြည့်ကာ အပြောရခက်သလို နှုတ်ထွက်လေးနေ၏။ ထို့ကြောင့် စိတ်မြန်လက်မြန်ဖြင့် လျှာသွက် လှသော မယ်စိန် က မဖွားသက်အစား ၀င်ဖြေလိုက်၏။
' တော့်သူငယ်ချင်း ကိုလူမောင်ပေါ့တော်၊ တိတ်တိတ်ပုန်း ဘိန်းစားနေလို့တဲ့တော့်၊ ဘိန်းစားနေလို့ တဲ့၊ တော် တို့ ယောက်ျားတွေဟာ တစ်ယောက်မှ မကောင်းပါဘူး။ အိမ်က မိန်းမတွေမှာဖြင့် ဘယ်လို နေရထိုင်ရတယ်၊ အိမ် အတွက် ဘယ်လောက်ပူရတယ် ဆိုတာကိုတော့ သူတို့ဘာမှ ဂရုမစိုက်ဘူး။ တစ်ဆိတ်ရှိ ဘိန်းစား ချင် ရတာနဲ့၊ အရက်သောက်ချင်ရတာနဲ့၊ အလေလိုက်ချင်ရတာနဲ့။ တချို့များ အရက်မူးပြီး အိမ်က မိန်းမ ကိုတောင် ပါးနားရိုက်ပြီး ရမ်းလိုက် ချင်သေးတယ်။ အင်း ... အကြောင်းသိရအောင် မယ်စိန်တို့ လာစမ်းကြည့်ပါလား၊ တစ်ခါတည်း ဆွေမျိုးမေ့သွားအောင် လုပ်ပစ်လိုက်မယ် '
မယ်စိန်က နှုတ်ခမ်းကိုမဲ့ရွဲ့၍ ပြောနေရာမှ ပြောရင်းပြောရင်း ဒေါသထွက်လာသလို ဒေါနှင့်မောနှင့် ဖြစ်လာကာ နောက်ဆုံး ' နောက်ဆုံး ' နောက်ဆုံးမေ့သွားအောင် လုပ်ပစ်လိုက်မယ်' ဟူသော စကား အရောက်တွင်မူ အံကို ကြိတ်လိုက်၍ တစ်စုံတစ်ခုကို ဆုပ်ကိုင်သလို အမူအရာမျိုးဖြင့် ဖြန့် ထားသော လက်ဝါး နှစ်ဖက်ကို မာန်ပါပါ ဆုပ်လိုက်ပြီးနောက်၊ တအား ဆောင့်ဆွဲသလို အမူအရာမျိုး ကိုပါ လုပ်ပြ လိုက်ရာ ကိုဒေါင်းစိန်ပင် ကြက်သီးထ၍ ကျောချမ်းသွားမိ၏။
' မင်းကလည်းကွာ ကိုလူမောင်တစ်ယောက် ဘိန်းစားတာနဲ့ ယောက်ျားတွေ အကုန်လုံး ၀ါးလုံးရှည်ကြီးနဲ့ လျှောက်ယမ်း မနေစမ်းပါနဲ့'
သူက ဣနြေ္ဒဆည်၍ မယ်စိန်အား ခပ်တည်တည် ဟန့်လိုက်၏။ ဤသို့ ဟန့်လိုက်ခါမှ မယ်စိန်မှာ ပို၍ ဒေါသ ထွက်သွားသလို ရှူးရှူးရှားရှား ဖြစ်လာပြန်ကာ -
' အောင်မယ်၊ တော်က တော့်ကိုယ်တော် လူကောင်းလို့ ပြောချင်တာပေါ့လေ။
ဟင်း တော်လည်း ကျပ်ကျပ်ကြီး သတိထားလိုက်ပါ၊ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ တော်မပါတဲ့နေရာ တစ်ခု မှ မရှဘူး။ သတ္တိရှိရင် အဲဒီ ဘိန်းစားတဲ့ နေရာမှာလည်း တော် ၀င်ပါကြည့်စမ်းလေ၊ မယ်စိန်တဲ့ တစ် စိန်တည်း ရှိတယ်၊ တစ်ခါတည်း ထဘီအလံ ထူပြလိုက်မယ်။ ဘာမှတ်သလဲ '
ဆိုလေ ကဲလေ၊ မန်းလေ ပြဲလေ ဆိုသလို သူက ဟန့်လိုက်ခါမှ မယ်စိန်ပိုကဲလေသဖြင့် သူသည် ခပ်တည်တည် လုပ်ထားသော မျက်နှာကို တစ်ပတ်လောက် ပြန်၍ လျှော့ချလိုက်ရ၏။ သူ့၌ အပြစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မယ်စိန်အား ကြမ်းလို့မရ၊ ချော့မှသာ ဖြစ်မည်ကို သူ သိသဖြင့် တည်ထားသော မျက်နှာ ကို လျှော့ချလိုက်ကာ ပြုံးဖြဲဖြဲကြီး လုပ်နေလိုက်ပြီးနောက် -
' အဟီး မင်းကလဲကွာ၊ ငါ ဒီလောက်တောင် မိုက်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး၊အဲဒီဘိန်းကို မင်းမုန်း တာထက် မပိုတောင် မင်းလောက်တော့ ငါလည်း ရွံမုန်းကြီးပါကွာ။
စိတ်သာချနေ မယ်စိန်ရေ၊ မင်းလင်ကို ဘယ်တော့မှ ဘိန်းစားဆိုတဲ့ အမည်ဆိုးကြီးနဲ့ အခေါ်မခံရစေဘူး၊ မင်းကိုလည်း ဘယ်တော့မှ ဘိန်းစားမယားလို့ တစ်ဖက်သားက နှိမ့်နှိမ့်ချချ ပုတ်ခတ်ခံရအောင် ငါ မလုပ် ပါဘူးကွာ '
ကိုဒေါင်းစိန်သည် မယ်စိန်အား စိတ်အားထက်သန်စွာ ကတိပေးစကားပြောကြားလိုက်ပြီးနောက်မှ သူ့ စကား မှာ မယ်စိန်အား စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်သော်လည်း မဖွားသက်အဖို့မှာမူ အတော် ကလေး အခံရ ခက်သားလောက်အောင် အရုပ်ဆိုးနေကြောင်း သတိထားလိုက်သဖြင့် မဖွားသက် အား အားတုံ့ အားနာဖြင့် ပြန်ကြည့်လိုက်ရာ၊ မဖွားသက်မှာ သူ့စကားကြောင့် ပို၍ ရှက်သွားသလို ခေါင်းကို ငုံ့ထားကာ မျက်ရည် ကိုသာ ဒလဟော သွန်ချနေ၏။ မဖွားသက်မှာ မယ်စိန်လို စိတ်ကြမ်း ကိုယ်ကြမ်း မဟုတ်သဖြင့် အရေး တစ်စုံတစ်ရာ ကြုံလာလျှင် သူမ၏ အားကိုးရာမှာ မျက်ရည်သာ လျှင် ဖြစ်၏။ ထို့ကြောင့်ပင် ကိုဒေါင်းစိန် မှာ မဖွားသက်အား အားနာနေရုံမျှမက အကြီးအကျယ် ကရုဏာ သက်ရောက်သွားမိသဖြင့် အားပေး စကား ကို စိတ်ရောကိုယ်ပါ ပြောကြားလိုက်ရ၏။
' အို မဖွားသက်ရယ်၊ ဘာမှ အားမငယ်ပါနဲ့ဗျာ၊ ကျွန်တော် တစ်ယောက်လုံး ရှိပါသေးတယ်၊ ကိုလူ မောင်နဲ့ ကျွန်တော်ဟာ ပြောမနာ ဆိုမနာဖြစ်အောင် ရင်းနှီးတဲ့ ငယ်ပေါင်း သူငယ်ချင်းတွေပါ။ အခု အချိန်မှာ ဘိန်းစားသက်နုနယ်တုန်းမို့ ကျွန်တော် အကျိုးအကြောင်း ပြောပြရင် ရနိုင်ပါလိမ့်မယ်။ ခင်ဗျားဘာမှ မပူပါနဲ့၊ အေးအေးသာနေ၊ သူ ဒီဘိန်းစားဘ၀က ကျွတ်အောင် မရမနေ ကျွန်တော် ကြိုးစားမယ် '
သူ အားပေးစကား ပြောကြားလိုက်မှ မဖွားသက်မှာ သက်သာရာ ရသွားသလို မျက်ရည်ကိုသုတ်၍ မပူရုပ် ဆောင်လိုက် ပြီးနောက် -
' ဟုတ်ကဲ့ ကျွန်မလည်း ရှင်တို့ကိုသာ အားကိုးတာပါပဲရှင်၊ ကျွန်မ ကိုယ်တိုင် သူ့ကို အကျိုးအကြောင်း ပြောပြ မယ်လို့ ကြံစည်သေးတယ်၊ ဒါပေမဲ့ ပြောလို့ကို မထွက်ဘူး၊ ပြောရမှာ ရှက် နေတယ်။ သူလည်း ကျွန်မကို အားနာပြီး ရှက်ရှာတယ် ထင်ပါရဲ့၊ အဲဒီဘိန်းစားတဲ့ အချိန်ကစပြီး ကျွန်မကို ရဲရဲမကြည့်ဝံ့ရှာဘူး။ တတ်နိုင် သလောက် မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေတယ် '
' ကဲခင်ဗျား စိတ်အေးအေးသာထားပြီး အိမ်ပြန်ပေတော့၊ ကျုပ် သူ့ကို မရ ရအောင် ကြိုးစားပြောပြ မယ်။ အိုဗျာ ရရမယ်ဗျာ၊ ကျုပ် ပြောရင် သူ နားထောင်ရမယ် '
ကိုဒေါင်းစိန် ၏ စကားကြောင့် မဖွားသက်လည်း စိတ်လက်ပေါ့ပါးသွားကာ သူ့အိမ်သို့ ပြန်သွား ရှာတော့၏။
(၅)
ညနေချမ်း အချိန်သို့ ရောက်ခဲ့ပေပြီ။ ဒီအချိန်ကို အရက်သမား ဝေါဟာရအားဖြင့် အပုပ်ချိန်ဟု ခေါ် ကြသည်ဖြစ်ရာ အပုပ်ချိန်မို့လည်း အရက်သမားများ၏ မူးယစ်ရမ်းကားစွာ ဆဲဆိုကြုံးဝါးသံ၊ မကြား ၀ံ့ မနာသာ တိုင်းထွာရေရွတ်သံ၊ အရက်သမားချင်း လုံးထွေးသတ်ပုတ်နေကြ၍ နီးစပ်ရာ လူများ၏ ဟစ်အော် တားဆီး ဖျန်ဖြေသံများကိုလည်း အဆက်မပြတ်အောင် ကြားနေရသည် ဖြစ်၏။ ကိုဒေါင်း စိန်သည် သူ့အိမ်ကလေး ၌ ထိုင်ကာ ငရဲသားများလို မြင်မကောင်း ရှုမကောင်း ဖြစ်နေသော အရက်မူးသမားများကို စိတ်ပျက်စွာ ကြည့်ရှုရင်း သူ့တာဝန်ကို သူ သွားသတိရလိုက်၏။ ဒီအချိန်မှာ အပုပ်ချိန်မို့ အရက်မူးသမား များပင်မက ဘိန်းစားများလည်း ဘိန်းဆိုင်၌ နတ်စည်းစိမ်ကို ခံစားနေ သောအချိန်ဖြစ်ရာ၊ ယခုချိန်တွင် အောင်သိန်း ၏ ဘိန်းဆိုင်သို့ လိုက်သွားပါက ကိုလူမောင်ကို မလွဲ မသွေ တွေ့ရပေမည်။
သူသည် ဆိုင်းငံ့နေခြင်း မရှိဘဲ ချက်ချင်းပင် ထ ကာ အောင်သိန်း၏ ဘိန်းဆိုင်ရှိရာ ရွာဖျားသို့ ထွက်လာခဲ့၏။ အချို့ ဘိန်းစားများမှာ ဘိန်းဆိုင်သို့ အထင်ကရ လာရောက် စားသောက်ကြသော် လည်း၊ အချို့ ဘိန်းစားများမှာမူ ဘိန်းကလည်း စားချင်၊ လူသိမှာလည်း စိုးရွံ့သောကြောင့် တိတ် တိတ်ပုန်း လာရောက် စားသောက် ကြသော ဘိန်းပုန်းစားများဖြစ်ရာ ဤအချက်ကို အကဲခတ်မိ သောအောင်သိန်းက ဘိန်းဆိုင်ကို လူသူ ကင်းဝေးရာ ရွာဖျား၌ တည်ဆောက်ထားခြင်းဖြစ်သည်။ သူသည် ခေါင်းကို ငုံ့၍ စိုက်စိုက် စိုက်စိုက်နှင့် လျှောက်နေ၏။ သို့လျှောက်နေရာမှလည်း ကိုလူ မောင်အတွက်ရော မဖွားသက်အတွက်ပါ စိတ်မကောင်း ဖြစ်နေ မိ၏။ သူတို့ရွာမှ ရိုးသားသော သူများသည် တစ်ယောက်ပြီး တစ်ယောက် အောင်သိန်း၏ ဘိန်းဆိုင်သို့ ရောက်ကာ ဘိန်းစားဘ၀ သို့ ကူးပြောင်းကုန်ကြ၏။ ဤဘိန်းဆိုင်သာ မရှိရင်တော့ ဘယ်သူ မှလည်း ဘိန်းစားဘ၀သို့ ရောက် ကြမည် မဟုတ်။
သူသည် အတွေးပေါင်းစုံဖြင့် လျှောက်လာရာမှ ကိုလူမောင်အား မည်သို့ မည်ပုံ ဖျောင်းဖျပြောဆိုရ မည်ဆိုတာကိုလည်း စဉ်းစားကြံစည်လာ၏။ တစ်ခဏမျှ လျှောက်မိ၍ သူ ခေါင်းမော်ကြည့်လိုက် သောအခါ ရွာဖျားကို လွန်၍ အောင်သိန်း၏ ဘိန်းဆိုင်ရှေ့သို့ပင် ရောက်ရှိနေကြောင်း သိရတော့၏။ ဘိန်းဆိုင်ကား ခမ်းခမ်းနားနားတော့ မဟုတ်လှ။ ဆောင်းဦးပေါက်၍ မြေများ ခြောက် သွေ့နေပြီဖြစ်သဖြင့် ထိုမြေကြီးပေါ် တစ်ဖက်ရပ် တဲကလေးထိုးကာ ဘိန်းခန်း ပြုလုပ်ထားခြင်းဖြစ် သည်။ အချိန်ကား နွားရိုင်းသွင်းချိန် ရီတမှောင်ကလေး ဖြစ်သည်။ ဘိန်းခန်း ပြုလုပ်ထားသော တစ်ဖက်ရပ် တဲကလေးအတွင်း၌ကား ရေနံဆီ မီးခွက်၏ ဖျော့တော့သော အလင်းရောင်သည် လေလှုံ့သဖြင့် လှုပ်ရှားလျက် ရှိနေသည်။ ကိုဒေါင်းစိန်သည် တဲအတွင်း သို့ ၀င်ရမည်ကိုပင် ကိုယ့် လိပ်ပြာကိုယ်မလုံဘဲ မရဲတရဲ ဖြစ်နေသဖြင့် တဲရှေ့၌ စုံရပ်နေမိ၏။
နောက်ဆုံး၌ ကိုယ့်စိတ်ကို အားပေးကာ ရဲဆေးတင်ပြီး တဲတွင်းသို့ ၀င်လာခဲ့၏။ တဲတွင်းသို့ ရောက် သော်လည်း လမ်းမမှ မမြင်နိုင်ရန် ကျူထရံကာထားသော တစ်ဖက်ထောင့်ခန်းထဲ၌ ဘိန်းစားများ ရှိ နေမည်ကို စိတ်တွင်းမှ သိလျက်နှင့်ပင် ရုတ်တရက် မကြည့်ရဲဘဲ ရှိနေ၏။ ဤနေရာသို့ လှမ်းကြည့် မည်ဟု စိတ်တင်းလိုက်တိုင်း ရင်ထဲမှာ တဒိတ်ဒိတ် ခုန်နေ၏။ သူသည် မျက်စိကို စုံမှိတ်လိုက်၍ ဘိန်းစားများ ရှိနေရာဘက်သို့ သူ့ကိုယ်ကို ဆတ်ခနဲ လှည့်လိုက်ပြီးနောက် မျက်လုံးကိုလည်း ဖျတ်ခနဲ ဖွင့်လိုက်၏။ ပထမဆုံး မြင်မိသည်မှာ ရေနံဆီမီးခွက်မှ မီးတောက်ဖြစ်၍ တဖြည်းဖြည်းနှင့် မျက်စိ ကျင့်သား ရလာမှသူ့ရှေ့ရှိမြင်ကွင်းမှာ ကြည်လင်စွာ ပေါ်လာတော့သည်။
ကောက်ရိုးခင်းထားသော ဘူမိကမ္ဗလာ မြေမွေ့ရာထက်၌ မီးခွက်ကို အလယ်ထားပြီး အုတ်ခဲကို ခေါင်းအုံးကာ မျက်နှာချင်းဆိုင် လျောင်းစက်နေသော လူနှစ်ယောက်။ တစ်ယောက်မှာ လျောင်းစက်ရာမှပင် သံချောင်း တစ်ချောင်း၏ အဖျား၌ ဘိန်းလုံးကလေးကို ထိုးသွင်းကာ မီးခွက်မှ အဆီပြန်လာသည်နှင့် တစ်ချိန်တည်း ဆိုးဝါးသော အနံ့အသက်များသည် ကိုဒေါင်းစိန်၏ နှာခေါင်းတွင်းသို့ တိုးဝင်လာ၏။ သူသည် အော်ဂလီ ဆန်သွားသော်လည်း ကြိုးစား၍ ခံယူကာ စိတ်ဝင်စားစွာဖြင့် ဆက်လက်ကြည့်ရှုနေ၏။
ထိုသူသည် အဆီပြန်နေသော ဘိန်းလုံးကလေးကို သံချောင်းမှ ပြန်ဖြုတ်၍ ယွန်းခွက်တစ်ခုထဲ၌ လှီးဖြတ်ထားသော ကွမ်းရွက်များနှင့် ရောနယ်လိုက်ပြီးနောက် ထိုကွမ်းရွက်များကို သံပြားငယ်တစ်ခုထဲသို့ ဖြန့်ထည့်ကာ မီးပေါ်ဝယ် ကင်ပြန်၏။ ကွမ်းရွက်များ နွမ်းသွား၍ ခြောက်သ လောက်ရှိခါမှ ရုပ်သိမ်းလိုက်ကာ ထိုကွမ်းရွက်ခြောက်များကို အလုံးကလေးများ ပြုလုပ်နေ၏။ တစ်လုံး ... နှစ်လုံး ... သုံးလုံး ...။
ထိုသူသည် လျောင်းစက်နေရင်းမှ ဤသို့ ပြုလုပ်နေခြင်းဖြစ်ရာ သူ့မျက်လုံးများမှာလည်း သူ ပြုလုပ် နေသော ကွမ်းရွက်ခြောက်ကလေးများ၌သာ မက်မောစွာ စူးစိုက်ထား၏။ ကိုဒေါင်းစိန်၏ မျက်စိများ သည် ထိုသူ့ထံမှ ခွာခဲ့ကာ ထိုသူနှင့် မျက်နှာချင်းဆိုင်၌ လျောင်းစက်နေသော သူထံသို့ စူးစိုက်လိုက်၏။
အား ... ကိုလူမောင်။
မှန်သည်။ သူ့ချစ်ဆွေ ကိုလူမောင်ပင်ဖြစ်သည်။ ကိုလူမောင်သည် ၀ါးဖြင့် ပြုလုပ်ထားသော ဘိန်းပြောင်းကို ပါးစပ်၌ တပ်ထားကာ သူနှင့် မျက်နှာချင်းဆိုင်၌ ရှိနေသူ၏ လက်ထဲမှ ကွမ်းရွက်လုံး ကလေးကိုသာ တပ်မက်စွာ ကြည့်ရှုရင်း ပြင်းစွာသော အာသာဆန္ဒဖြင့် ငံ့လင့်နေ၏။ သူတို့နှစ်ဦးစလုံး၏ အာရုံမှာ ဘိန်းဆီဖြင့် ရောနယ်ထားသော ကွမ်းရွက်လုံးကလေး၌သာ ၀င်စားနေ၍ ပတ်ဝန်းကျင်ကို လုံးဝ လျစ်လျူ ရှုထားဟန် တူပါ၏။
ကိုဒေါင်းစိန်၏ ရင်ထဲ၌ကား တလှပ်လှပ်ဖြစ်လာကာ လှိုက်လှိုက်လှဲလှဲ ရှိလှသော ဝေဒနာတစ်မျိုးကို မသက်မသာ ခံစားနေရ၏။ သို့သော် သူသည် စိတ်ကိုငြိမ်အောင် ထိန်းသိမ်းလိုက် ပြီးနောက် တစ်စုံတစ်ရာမျှ မပြုဘဲ ဆက်လက်၍သာ စူးစိုက်ကြည့်ရှုနေ၏။
ကိုလူမောင်၏ ဘိန်းပြောင်း၌ တပ်ဆင်ထားသော ဘိန်းခွက်ထဲသို့ ဘိန်းဆီဖြင့် ရောနယ်သော ကွမ်းရွက်လုံးကလေး ရောက်ရှိလာချေသည်။ တစ်ဖက်မှ လူသည် တုတ်ချောင်းကလေးတစ်ချောင်း ကို မီးခွက် မှ မီးတောက်ဝယ် တို့လိုက်ပြီးနောက် ထိုတုတ်ချောင်းမှ မီးတောက်နှင့်ပင် ကွမ်းရွက်လုံး ကလေးကို ရှို့ပေးလိုက်ရာ၊ ကိုလူမောင်သည် ဘိန်းပြောင်းကို လောဘတကြီးနှင့် အတင်းရှိုက်သွင်း လိုက်ပြီးနောက် မျက်လုံးများကိုလည်း မှေးထား၏။ သြ ... ' ကွမ်းပုံ' ရှူတယ်ဆိုတာ ဒါပဲ ထင်ပါရဲ့။
ရှိုက်သွင်းလိုက်သော ဘိန်းငွေ့များကို အတန်ကြာအောင်ပင် အသက်အောင့်ကာ ရပ်နားထားလိုက် ပြီးနောက်မှ နှာခေါင်းမှရော၊ ပါးစပ်မှပါ တဖြည်းဖြည်း ပြန်ထုတ်နေ၏။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းနေသလိုလို။
ဘိန်းခန်းထဲမှာတော့ ဘိန်းငွေ့များ တလူလူတက်နေ၏။ ကိုဒေါင်းစိန်သည် ကြည့်ရင်းပင် ရင်နာ လာသဖြင့် ကိုလူမောင်ထံမှ သူ့မျက်လုံးကို ရုပ်သိမ်းလိုက်ကာ တလူလူတက်နေသော ဘိန်းငွေ့များနောက်သို့ သူ့မျက်လုံး ကို လွှတ်လိုက်၏။ သက်ငယ်ဖြင့် မိုးထားသော အမိုးသို့ ရောက် သောအခါ သူ့မျက်လုံးမှာ တန့်ရပ် သွား၏။ အို သက်ငယ်မိုးမှာတော့ တလူလူတက်လာသော ဘိန်းငွေ့များကို အရသာခံ ရှူရှိုက် နေဟန်ဖြင့် အိမ်မြှောင်တစ်ကောင် မလှုပ်မယှက် ငြိမ်သက်လျက်။
သူ့မျက်လုံးများမှာ သည်အိမ်မြှောင်ကလေးကိုသာ စိတ၀င်စားစွာ စူးစိုက်ထား၏။ အိမ်မြှောင်ကလေးသည် ထိုနေရာမှ မခွာဘဲ တက်လာသော ဘိန်းငွေ့များကိုသာ အရသာခံ၍ ရှူ ရှိုက်နေ၏။ အချိန်က တရွေ့ရွေ့ သွားနေသည်။ အိမ်မြှောင်ကလေးကတော့ နေမြဲ။ ဟောဗျ၊ အိမ်မြှောင်ကလေးသည် သက်ငယ်မိုးမှ အောက် သို့ ဖုတ်ခနဲ ကျလာပါပြီကော။ ဘိန်းမူးသွားရော့ထင့်။
(၆)
' အား ... ဒေါင်းစိန် '
ဘိန်းစားတို့၏ နတ်စည်းစိမ်ကို အိမ်မြှောင်တစ်ကောင်က နှောင့်ယှက်ဖျက်ဆီးလိုက်သဖြင့် နတ်ပြည်သို့ ရောက် နေသော ဘိန်းစားများသည် လူ့ပြည်သို့ ပြန်ရောက်လာ၏။ သည်တော့မှ သူတို့တစ်တွေ ပတ်ဝန်းကျင် ကို သတိထားကြည့်ရှုမိရာ ကိုလူမောင်သည် ကိုဒေါင်းစိန်ကို သွားတွေ့ တော့၏။
' အား ... ဒေါင်းစိန် '
သူ့အသံမှာ အံအားသင့်သွားသောအသံဖြစ်၏။ မမျှော်လင့်သောနေရာ၌ မမျှော်လင့်သောသူကို တွေ့လိုက် ရသည့်အတွက် အံ့အားသင့်သွားခြင်းသာ။ အား ... ဒေါင်းစိန်။
သို့သော် ကိုဒေါင်းစိန်က ပြန်၍လည်း မထူး၊ စကားတစ်ခွန်းမျှလည်း မဆို။ ကိုလူမောင်ကိုသာ ၀မ်းနည်းသော မျက်လုံးအ၀ိုင်းကြီးနှင့် စိုက်ကြည့်နေ၏။ နှမြောတသ ယူကျုံးမရ ရှိလှသော အကြည့်မျိုးပါ။ အဲဒီ အကြည့်မျိုးကိုတော့ ကိုလူမောင်က မခံယူနိုင်။ ခံယူခြင်းငှာ မစွမ်း။ ထို့ကြောင့် သူက ခေါင်းကို ငုံ့ထား လိုက် ရသည်။ အပြစ်ရှိကြောင်း ၀န်ခံလိုက်ခြင်းမဟုတ်လော။
' ခင်ဗျားအတွက် ကျွန်တော် စိတ်မကောင်းဘူးဗျာ၊ ကျွန်တော့်အဖေ သေတုန်းကတောင် ကျွန်တော် ဒီလောက် ၀မ်းမနည်းခဲ့ဘူး '
ကိုဒေါင်းစိန်မှာ တကယ်ပင် ၀မ်းနည်းနေသလို လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်၏။ အဲဒီ စကားလုံး များက ငုံ့ထားသော ကိုလူမောင်၏ ခေါင်းကို တဖြည်းဖြည်း ပြန်မော့လာစေသည်။
' မတတ်နိုင်ဘူးကွာ၊ အစတုန်းကတော့ အပေါင်းအဖော်တွေနဲ့ လိုက်လာရင်း ရှူကြည့်စမ်းပါဆိုလို့ အစမ်း ၀င်ရှူကြည့်ရင်းက အခုလို စွဲတဲ့အထိ ရောက်သွားရတာပဲ။ လူမသိခင် ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ပါ သေးတယ်၊ ဒါပေမဲ့ မရတေ့ပါဘူးကွာ '
' အိုဗျာ၊ ဘာဖြစ်လို့ မရ ရမှာလဲ၊ ရ ရမယ်ဗျ ရ ရမယ်၊ ခင်ဗျား စိတ်သာပဓာနပါ '
ကိုလူမောင် က စိတ်ပျက်သံကြီးဖြင့် ပြောလိုက်သည်ကို သူက မာကျောသော လေသံဖြင့် ပြန်ကြား လိုက်၏။ သို့သော် သူ့စကားသံကြောင့် ကိုလူမောင်က ထူးခြားမသွားပါ။
' အေး ... အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ မင်းက မကြုံဖူးတော့ ဘယ်သိမလဲကွာ၊ ငါတော့ လက်တွေ့ကြုံနေရလို့ အရှုံးပေးလိုက်ရပြီလေ '
' အံ့ပါရဲ့ ကိုလူမောင်ရယ်၊ ခင်ဗျား မဖွားသက်ကိုမှ မသနားတော့ဘူးပေါ့လေ၊ ခင်ဗျားအတွက်နဲ့ ဘိန်းစားမယားလို့ အပြောခံရပြီး မျက်နှာငယ်နေရတဲ့ မဖွားသက်ကိုမှ ခင်ဗျား မသနားတော့ဘူးပေါ့ ဟုတ်လား။ ခင်ဗျားကိုယ်ကိုလည်း လူရာမ၀င်တဲ့ ဘိန်းစားဘ၀နဲ့ပဲ အစတုန်းပစ်တော့မယ်ပေါ့လေ၊ ပြောစမ်း ပါဦးဗျ ကျုပ်ကို ... '
ကိုဒေါင်းစိန်၏ ဘ၀၌ဤမျှလောက် ဒေါနှင့် မာန်နှင့် ချက်ချက်ချာချာ တစ်ခါမျှ မပြောခဲ့စဖူးပါ။ ယခုမှ ကိုလူမောင်အား ကရုဏာဒေါသသော ဖြစ်လွန်းလှ၍ ကြိတ်မနိုင် ခဲမရ ရှိလွန်းလှသည့်အတွက် ရင်ထဲမှ ပွင့်အန်ထွက်လာသော စကားလုံးများကို အဆီးအတားမရှိ သွန်ထုတ်လိုက်ခြင်းဖြစ်ပါသည်။ သို့သော် သူ့စကားလုံးများသည် ကိုလူမောင့်စိတ်ကို ယိမ်းယိုင် လာအောင် ဆွဲဆောင်နိုင်စွမ်းတော့မရှိပါ။ ဒါကို စကားတစ်လုံးမျှ ပြန်ကြားခြင်းမရှိဘဲ မထုံတက်သေး ရှိနေသော ကိုလူမောင်၏ အမူအရာက ဖော်ပြ နေသည်။ ဒါကြောင့်ပဲ ကိုဒေါင်းစိန် က ပို၍ ဒေါသထွက်နေမိ၏။
ထိုအချိန်မှာပင် အတွင်းမှ ဘိန်းဆိုင်ရှင် အောင်သိန်း ထွက်လာကာ ကိုဒေါင်းစိန်အား ရယ်မောကြည့် ရှုလိုက်ပြီးနောက် ' အောင်မယ်ကွာ၊ ဘိန်းရှူတာများ ကြီးကြီးကျယ်ကျယ် လုပ်လို့၊ ဘိန်းရှူတာ ၉၆ ပါး ရောဂါ ကင်းတယ်ကွ၊ အသက်လည်း ရှယ်တယ်။ ဒါကြောင့်မို့ တရုတ်လူမျိုးတွေဟာ ဘိန်းကို အာယုဒီဃ ဆေးတစ်ပါးအနေနဲ့ အမြဲ မှီဝဲနေကြတာပေါ့၊ မယုံရင် မင်းလည်းရှူကြည့်ပါလား၊ အစာကြေတယ်၊ ရင်ချောင် တယ်၊ စိတ်ကူးယဉ်တယ် '
စကားအဆုံးတွင် အောင်သိန်းသည် သူ့စကားသူ သဘောကျသွားသလို အားရပါးရ ရယ်လိုက်၏။ ကိုဒေါင်းစိန်ကား ကိုလူမောင်ကို ပြောမရ၍ ဒေါထနေရသည့်အထဲ အောင်သိန်း၏ စကားကို ကြား လိုက်ရသောအခါ အကြီးအကျယ်အော့နှလုံးနာပြီး ရွံရှာလှသဖြင့် စကားတစ်ခွန်းမျှ ပြန်ပြောမနေ တော့ဘဲ ဆောင့်အောင့်၍ ထွက်လာခဲ့တော့၏။ သူ ဖျောင်းဖျပြောဆိုလျှင် အလွယ်တကူဖြင့် ရမည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့သော ကိုဒေါင်းစိန်မှာ အခုတော့ ထင်ကြေးနှင့်မကိုက်ဘဲ အရှုံးပေးကာ ဆုတ်ခွာ ခဲ့ရပါပြီ။ တပ်လန်ခဲ့ရပါပြီ။ မဖွားသက်မေးရင် သူ ဘယ်လို ပြန်ဖြေရပါ့။
သူသည် တွေးရင်း တွေးရင်းပင် ဒေါသထွက်လာသဖြင့် ကုလားမနိုင် ရခိုင်မဲကာ လမ်းပေါ်မှ ခြင်းတောင်းစုတ် တစ်လုံးကို တအား ပိတ်ကန်လိုက်လေသတည်း။
------------------
ပြီးပါပြီ
.

No comments:
Post a Comment