Tuesday, August 31, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၃) အပိုင်း (၁)

ကိုဆေးရိုးတိုးသမီးယောက်ဖတစ်တွေ

အမေကြီး ကျီးဒန်သည် လေးထပ်ကျောင်း ထန်းတောဘက်သို့ မျှော်ကြည့်နေ၏။ ငွေလမင်းသည် ထန်းတော ထိပ် မှ ထွက်ပြူလာကာ ရမ်းဘိုကုန်းရွာထဲသို့ ပုလဲရည်ငွေဥများ ပက်ဖြန်းပေးလျက်ရှိသည်။
' နောက်တော့ ကော အမေကြီး '
အမေကြီးရှေ့တွင် ငုတ်တုတ်တချို့၊ တုံးလုံးတချို့ ရှိနေသော မြစ်များအပြင်၊ ပေါင်ပေါ်တွင် ခေါင်းအုံးခွင့် မရ သောကြောင့် ထဘီပေါ်တွင် ခေါင်းအုံးပြီး အိပ်နေသူများလည်းရှိနေကြ၏။
' အမေကြီး က ကောင်းခန်းရောက်ရင် သလိုချည်းပဲ '

မေကြည်၏ သား သုံးယောက်အနက် အငယ်ဆုံးကောင် သူရထွန်းက ထိုသို့ဆိုသောအခါ သူ့အထက်က အကောင် သူရသန်းက 'အမေကြီးကို အဲသလို မပြောကောင်းဘူး' ဟု လှမ်းဆုံးမသည်။
ထိုအခါ ခင်ခင်ကြီး၏သား ငဟစ်ကြီးခေါ် အောင်ကျော်စံဦးက ၀င်ပြီး အသံသြကြီဖြင့် ဆရာလုပ်၏။

' နင်တို့ ဘာသိတုံး။ ဒါလောက် နှစ်တွေကြာလာတော့ ပြန်ပြီး စဉ်းစားရသေးတာပေါ့ဟဲ့ '
' မဟုတ်ဘူးနော် အမေကြီး၊ အမေကြီးက သတိကောင်းတယ်နော် '
ငတက်ပြားမ၏ သမီး ရွှေရည်ဝင်းက ငဟစ်ကြီး၏ စကားပျက်ပြားအောင် လုပ်၏။

' တစ်ယောက်တစ်ပေါက်နဲ့နော်။ အမေကြီးက နားညည်းတယ်၊ ပြန်ကြတော့လို့ နှင်လွှတ်တော့မှ ဟုတ်ပေ့ဖြစ်နေမယ်'
ခင်မောင်ငြိမ်း၏သမီးကြီး ပြုံးပြံးငြိမ်းဦးက အမေကြီး စိတ်ဆိုးပြီး နှင်လွှတ်မည်ကို ကြောက်ရွံ့နေသူ ဖြစ်၏။
' အမေကြီး က မနှင်ဘူးနော်။ ဟုတ်တယ်နော် အမေကြီး'

မောင်ကိုကြီး၏သား သီဟကိုက အမေကြီးဒူးကို ကိုင်လှုပ်ရင်းမေး၏။ အမေကြီး ကျီးဒန်သည် ငေးမောနေရာက ခေါင်းညိတ်သည်။
' ဗျိုင်းကြီး ဗျိုင်းကလေးက ကုလားမည်းတွေထဲဝင်ပြီး ဓားနဲ့ ခုတ်တော့ ကုလားတွေ သေကုန်ရောလား'
' ဘယ်ဘက်မှာ ဓားတစ်စင်း၊ ညာဘက်မှာ ဓားတစ်စင်း၊ ဓားနှစ်စင်းစီကိုင်ပြီး ကုလားမည်းတွေကြား ထဲဝင်ပြီး ဓားနဲ့ခုတ်တာ၊ ရေတွင်း နှစ်တွင်း ကုလားအလောင်းတွေ ပြည့်သွားသတဲ့'
' ဗျိုင်းကြီးကွ '

ငဟစ်ကြီးက ထအော်သဖြင့် ရွှေရည်ဝင်း၏ အစ်ကို သတ္တိခဲကလည်း 'ဗျိုင်းကလေးကွ'ဟု အားကျမခံ အော်၏။
' အမေကြီး၊ နောက်တော့ကော '
' ကုလားမည်းတွေက မြန်မာသူရဲခေါင်း ဗျိုင်းကြီး ဗျိုင်းကလေးကို ကြောက်လို့ ထွက်ပြေးတဲ့အခါ ကုလားဖြူက မပြေးရဘူး အမိန့်ပေးတယ်။ လက်ချင်းယှက်ပြီး ဗျိုင်းကြီး ဗျိုငိးကလေးကို အဖမ်းခိုင်း တယ်။ သေနတ် နဲ့ ပစ်တယ်။ ကုလးမည်းတွေက ကြောက်ကြောက်နဲ့ လက်ချင်းယှက်ပြီး ဖမ်းရသတဲ့'

' မိသလား အမေကြီး'
' ဘယ်မိမတုံး၊ လူစွမ်းကောင်းပဲဟာကို '
' ဟေး ဗျိုင်းကြီးကွ '
' ဟေး ဗျိုင်းကလေးကွ '
ယခုတစ်ကြိမ်အော်သူမှာ ငဟစ်ကြီးနှင့် သတ္တိခဲပင်ဖြစ်ပေ၏။
' အမေကြီး အမေကြီး ဗျိုင်းကြီး၊ ဗျိုင်းကလေးက ကုလားဖြူကုလားမည်းတွေကို ဘာပြုလို့ ဓားနဲ့ခုတ် တာတုံး'
' ကုလားဖြူကို အင်္ဂလိပ်လို့ခေါ်တယ်။ သူက စေတီတော်တွေမှာ ဌာပနာထားတဲ့ ရွှေငွေ ကျောက်သံ ပတ္တမြားတွေ၊ ရေနံချောင်း၊ ချောက်၊ မင်းဘူးကထွက်တဲ့ ရေနံတွေ၊ တောင်တွင်း ပျဉ်းမနားကထွက်တဲ့ ကျွန်းသစ်တွေကို လိုချင်လို့ မြန်မာပြည်ကို လာတိုက်တော့ ကုလားမည်းတွေ ကိုပိုက်ဆံပေးပြီး ငှားလာ တယ်။ ဒါကြောင့် ငါတို့ မြန်မာတွေက ခုခံတာ'

' ဟေး ဗျိုင်းကြီးကွ '
' ဟေး ဗျိုင်းကလေးကွ '
ငဟစ်ကြီးနှင့် သတ္တခဲပင် ထပြီး အော်ပြန်သည်။
ငွေလမင်းသည် လေးထပ်ကျောင်း ထန်းတောပေါ်သို့ ရောက်လာပြီ။ ဘေးမကြီးနှင့် မြစ်တွေ အမေး အမြန်းထူထပ်နေစဉ် အိမ်ဝိုင်းထဲသို့ လူနှစ်ယောက် ၀င်လာသည်။ အမေကြီး ကျီးဒန်သည် ၀ိုးတိုးဝါး တား မျှသာ မြင်ရငြား၊ ရိပ်ဖမ်းသံဖမ်းဖြင့်ပင် ဘဆေးရိုးနှင့် မောင်ကိုကြီးတို့ ရွာလယ်ဝတ်ကျောင်းမှ ပြန်လာခြင်း ဖြစ်သည် ဟု နားလည်လိုက်၏။
' ဘ ဘ အဘေးဦးထွန်းကား အကြောင်း ပြောပါ '

အာရုံပြောင်း အာရုံလွှဲ အလိုရှိသူများက ဘဆေးရိုးအား ဆီးကြိုပူဆာ၏။
' နင်တို့ကလဲဟယ်၊ ခုမှ အပြင်က ပြန်လာတာ '
ဘကြီး မောင်ကိုကြီးက လုံးဝ ပိတ်ပင်ငြား၊ ဘဆေးရိုးက မငြိုငြင်ပေ။

' ငထွန်းကားအကြောင်း ထပ်ပြန်တလဲလဲ ပြောပြီးနေပြီပဲ။ ဘာ ကျန်ဦးမှာလဲ ကလေးတွေရဲ့'
ဘဆေးရိုး သည် မှောင်ထဲတွင် အသုံးပြုသော ရေနံဆီမီးခွက်ထည့်သည့် သံပုံးကို တစ်နေရာတွင် ချိတ်သည်။ ရေနွေးကြမ်းအိုးဘေးတွင် ထိုင်သည်။ အေးစက်နေသော ရေနွေးကြမ်းများကို ငှဲ့သောက်ရာက မြစ်တွေ ကို လှမ်းကြည့်၏။ ရွာအရှေ့ပိုင်းတွင် ကလေးအချို့ ကစားဆဲရှိသေး၏။ ထိုကလေးများ၏ အသံက သည်ဘက်သို့ ပြန့်လွင့်လာငြား၊ ကလေးတွေ စိတ်ဝင်စားဟန်မပြ။ သို့ အတွက် မြစ်အားလုံး ကြားအောင် လှမ်းပြော၏။

' သည်ရာမှ အိုးစပြီးလုပ်တ ဘယ်သူတုံး၊ မေးကြပါတော့လား။ ဘာပြုလို့ အိုးလုပ်တာတုံး၊ စပ်စုကြ ပါတော့လား '
' တော်တော် မတရားတဲ့ အဘိုးကြီးပဲ။ ကိုထွန်းကားအကြောင်း ကလေးတွေက မေးတာနဲ့ပဲ ဟိုလွှဲ သည်လွှဲ လုပ်တာပဲ၊ ဟင်း '
သို့သော် မြစ်များသည် သဘောမပေါက် စိတ်မ၀င်စားသဖြင့် မေးသံမြန်းသံများ ပေါ်မလာပေ။ ကလေးများ ထံမှ အသံမထွက်ငြား၊ အမေကြီး ကျီးဒန်၏ စိတ်တွင် လှုပ်ရှား၏။ ယခုအခါတွင် ရမ်းဘို ကုန်းရွာ၌ မျိုးပြုတ် နေပြီဖြစ်သော အိုးလုပ်ငန်းသည် တစ်ချိန်သောအခါက ရမ်းဘိုကုန်းရွာ၏ အဆင် တန်ဆာအဖြစ် တည်ရှိ ခဲ့၏။

 မြစ်များ ဘိုးအေထံတွင် သွားရောက်ဝိုင်းအုံနေစဉ် အမေကြီး ကျီးဒန် သည် အိမ်ရှေ့မျက်နှာစာရှိ အုပ်ဆိုင်း ထားသော 'အိုးဖို'ကြီးကို လှမ်းကြည့်နေမိ၏။ ရမ်းဘိုကုန်းရွာထဲသို့ မည်သူသည် အိုးကို သယ်ဆောင် လာသနည်း။ ထိုအခါ ခါးပြည့်ရွာနေ ဒေါ်ကြော့ အကြောင်းသည် မပါလျှင် မဖြစ်တော့ပေ။

ဒေါ်ကြော့မှာ မကျီးဒန်၏အမေ ဒေါ်ရွှေအိမ်၏အစ်မဖြစ်သည်။ ဒေါ်ကြော့ ခါးပြည့်ရွာသား ဦးဖိုးမှုန်နှင့် အိမ်ထောင်ကျပြီးနောက် ငွေတိုးပေး၊ စပါးပေါ်ပေး၊ ပဲပေါ်ပေး၊ ပင်ထောင် အရောင်းအ၀ယ် ငွေတိုးချ ပေးခြင်းဖြင့် ချမ်းသာကြွယ်ဝနေသူဖြစ်၏။ အမေကြီးကျီးဒန်၏ အာရုံထဲတွင် ထို 'မိကြီး' ၀င်ရောက် လာသောအခါ အမေကြီး ကျီးဒန်သည် အိမ်ထောင်ကျပြီးခါစ မလည်မ၀ယ် မိကျီးဒန်ဘ၀သို့ ပြေးလွှား ပြောင်းရွှေ့ ရ၏။ အမေ မရွှေအိမ် ပြောသောကြောင့် ခါးပြည့်ရွာတွင် အမေ့အစ်မရင်းရှိကြောင်း ကျီးဒန် သိသည်။

အမေနှင့်အတူ ထိုမိကြီးရှိသော ရွာသို့ လည်း ကျီးဒန်ရောက်ဖူးငြား တွယ်တွယ်တာတာမရှိ။ အစ်မသာဆိုသည် အမေကလည်း လွမ်းလွမ်း ဆွေးဆွေး တမ်းတမ်း တတ မရှိချေ။ သို့ဖြစ်သောကြောင့် ကျီးဒန်သည်လည်း ထိုမိကြီး ဒေါ်ကြော့ကို မေ့မေ့ပျောက်ပျောက်ပင်။ ထိုမိကြီးသည် ဆေးရိုး ကျီးဒန်တို့၏ မင်္ဂလာဆောင်သို့ မလာပေ။ မင်္ဂလာဆောင်ပြီး ခြောက်လခန့်ကြာမှ လှည်းယဉ်ကလေးတစ်စီးဖြင့် ခြူသံ တညံညံ ပေးလျက်ရောက်လာ၏။
' မောင်ကြွက်နီတို့၊ ရွှေအိမ်တို့ ဘယ်မှာနေကြသတုံးကွယ်တို့ '

လာကတည်းက ပေါ်စီးဖြင့် လာသည်။ ညီမ၏ အိမ်ကို မေးမြန်းစုံစမ်းရာတွင် တစ်အိမ်မေးလျှင် ပြီးပါလျက် ရွာစဉ် လျှောက်မေး၏။ အပေါ်စီးက ခေါ်ရသည်ကို အာတွေ့ဟန်တူသည်ဟု ဒေါ်ရွှေအိမ်ထင်၏။
ထိပ်အုပ်မှန်ရောင် တပြောင်ပြောင်၊ ၀မ်းပတ်သိုင်းကြိုးတွေ တလက်လက်ဖြင့် ခြူသံလွင်သော လှည်းယဉ်။ မိုးသို့ပျံ လုလု ကြွရွနေသော နွားတစ်ရှဉ်းဖြင့် ရမ်းဘိုကုန်းရွာထဲသို့ ၀င်လာသော မိကြီး ဒေါ်ကြော့၏ အသွင် ကို နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ ကြာသော်ငြား အမေကြီးကျီးဒန်၏ မျက်စိထဲမှာ မပျောက်။

*

' မောင်ကြွက်နီ မယ်ရွှေအိမ်တို့အိမ် သည်အိမ်လားကွဲ့'
ဘီးဆံပတ်ကြီးနှင့် သနပ်ခါး ဖုန်အောင်လိမ်းထားသော၊ ပုလဲနားကပ် တခါခါ ကွမ်းသီးဖက်ဆေးလိပ် တကားကား လုပ်နေသော အဒေါ်ကြီးအား မောင်ဆေးရိုး စိုက်ကြည့်၏။ သူ့ယောက္ခမ ဦးကြွက်နီ၏ အမျိုးလော၊ ဒေါ်ရွှေအိမ်၏ အမျိုးလော ခန့်မှန်းကြည့်၏။
သူ ခန့်မှန်း၍ မရမီပင် ဧည့်သည်က အမေးဆင့်၏။

' မင်းက သူတို့နဲ့ ဘာတော်လဲ။ သြော် သိပြီ သိပြီ၊ မောင်ကြွက်နီ ရွှေအိမ်တို့ရဲ့ သမက်'
မောင်ဆေးရိုး၏ ရင်ထဲတွင် လှိုက်ခနဲ ၀မ်းသာ၏။ မယားအမျိုးတစ်ယောက်က သူ့ကို အသိအမှတ်ပြု သောကြောင့်ဖြစ်သည်။ သို့အတွက် ပုတ်သင်ညို ရှုံးလောက်အောင် အထပ်ထပ် ခေါင်းညိတ်သည်။
' ဟုတ်ပါတယ် ခင်ဗျာ့၊ အဒေါ်က '
' ငါ ရွှေအိမ် ရဲ့ အစ်မကွယ့်၊ သူတို့ရှိကြလား '
မေးနေလျက် တန်းလန်းပင် နွားလှည်းသည် အိမ်ဝိုင်းထဲသို့ ၀င်လာ၏။ မောင်ဆေးရိုး ထပ်မံပြီး အဖြေ မပေးမီ၊ ဒေါ်ရွှေအိမ်က အိမ်ထဲမှ 'ကဲ' ကြည့်သည်နှင့်ဆုံ၏။

' အစ်မ မကြော့ပါလား '
ဒေါ်ရွှေအိမ် ၀မ်းသာအားရ ပြေးဆင်းလာပြီး အစ်မ၏ လက်ကို ကိုင်၏။ လှည်းရံတိုင်တွင် ချိတ်ထား သော ဖိနပ်တွေ ချွတ်ပြီး ခင်းပေး၏။
' ညည်းတို့ အိမ်ကလဲအေ မေးလိုက်ရတာ၊ တကယ်တဲမှပဲ '
' မရောက်ဖူး မပေါက်ဖူးတော့ မေးရတာပေါ့ အစ်မရယ် '
' သည်နှစ် စပါးကော ရကြရဲ့လား'
ပထမမေးခွန်းကို ဖြေဆိုရန်အတွက် သင့်လျော်သော စကားလုံးကို ဒေါ်ရွှေအိမ် ရှာဖွေနေဆဲမှာပင် နောက်ထပ် မေးခွန်း ထွက်လာပြန်သည်။

' ညည့် ယောက်ျားကော မမြင်ပါကလား '
' ဟုတ်ကဲ့၊ ဟို ' ဟု ဒေါ်ရွှေအမ် စကားစနေဆဲ၌ ' အ၀င်ဝမှာ တွေ့ခဲ့တာ၊ ညည့်သမက်လား ' မေးပြန်သည်။
မည်သည် ကိုမျှ ဒေါ်ရွှေအိမ် မဖြေတတ်တော့ပေ။

မိကျီးဒန်မှာ မေးမြန်းသံများကြားသဖြင့် အိမ်ရှေ့သို့ ထွက်လာ၏။ အမေ့အမျိုးတစ်ယောက်ယောက် ဖြစ်မည်ထင်သောကြောင့် ထွက်လာခြင်းလည်း ဖြစ်ပေသည်။
' သူက ညည့်သမီး '
' ဟုတ်တယ် အစ်မ၊ တလောကမှ အိမ်ထောင်ချပေးလိုက်ရတာ '
ဒေါ်ရွှေအိမ် ၏ အစ်မ ဒေါ်ကြော့သည် ဒေါ်ရွှေအိမ်နှင့် ရုပ်ချင်းဆင်သော်ငြား မျက်လုံး၏ အေးချမ်းမှု ကား မရှိချေ။ စူးရှတောက်ပြောင်သော အရောင်တစ်ခုခုသည် မျက်လုံးထဲမှ ထွက်နေ၏။ သူသည် ညီမ၏ သမီး အား စူးရှစွာ ကြည့်၏။

' ညည်းတို့အေ၊ ငါ့တူမလေးကို အကျည်းလည်း မတန်ဘဲနဲ့ ကျီးဒန် မှည့်ရသလားအေ '
ကျီးဒန် အလွန်ကျေနပ်ရသော အပြောဖြစ်သည်။
သည်စကားကြောင့် ကျီးဒန် ပြုံးစေ့စေ့ ကွက်ခနဲ တစ်ချက်မော့ကြည့်စဉ်၊ မိကြီးထံမှ အမေးတစ်ခု ထပ်မံထွက်ပျံလာသည်။
' ညည့် ယောက်ျားက လယ်သမားပဲလား '

' ဟုတ်ကဲ့ '
' လယ်သမားကို ယူရတယ်လို့အေ။ ညည်းတို့မှာ ယူစရာလူဒါလောက်ပဲ ရှားသလား '
ကျီးဒန် နား မျက်စိ လည်သွားသော်ငြား၊ ဒေါ်ရွှေအိမ်မှာ ထောင်းခနဲ ဒေါသဖြစ်ရသည်။ သည်သမက်မှာ သူစိတ်တိုင်းကျသော သမက်ဖြစ်၏။ အလုပ်အကိုင် ကြိုးစား၏။ ရိုးသား၏။ ရိုးသား တည်ကြည်ခြင်းနှင့် အလုပ်အကိုင် ကြိုးစားခြင်းသည် ရွှေထက် အဖိုးတန်သည် မဟုတ်လော။
' လယ်သမားသမီး၊ လယ်သမားနဲ့ရတာ အပြစ်လား တစ်မရဲ့ '
' ညည်းတို့ အဲဒါခက်တာပဲ၊ မြို့ထဲ တစ်လနေလို့ တစ်ခေါက် မရောက်ဘူးထင်ပါရဲ့ '

ဒေါ်ကြော့သည် စကားဆက်ရန်အတွက် မျက်လုံးဝင့်သောအခါ ညီမ၏ ခက်ထန်သော မျက်နှာထား ကိုသတိပြုမိသည်။ ထိုခဏတွင် ဒေါ်ကြော့သည် မိမိတို့ ညီအစ်မသုံးယောက်၏ ခြားနားသော စရိုက်များကို သတိရ၏။ ဒေါ်ကြော့တို့တွင် ညီအစ်ကိုမောင်နှမ ငါးယောက်ရှိရာ အကြီးဆုံးနှင့် အငယ်ဆုံးမှာ ယောက်ျားလေးတွေဖြစ်၊ အလယ်က မိန်းကလေးသုံးယောက်တွင် ဒေါ်ကြော့မှာ အကြီးဆုံး ဖြစ်၍ ဒေါ်ရွှေအိမ်နှင့် ဒေါ်မယ်လှတို့မှာ အလတ်နှင့် အငယ်များဖြစ်ကြရာ စရိုက်သုံးမျိုးရှိ သည်။ အကြီးမ မကြော့ သည် အရွယ်မရောက်မီက နာမည်ပျက်၏။

ဝတ်ချင်စားချင် လှချင်လွန်းသော ကြောင့်ဖြစ်သည်။ လက်ရှိအိမ်ထောင် ဦးဖိုးမှုန်မှာ အိမ်ထောင် သုံးဆက်ရှိသည်။ ဒုတိယအိမ်ထောင်မှာ နာတာရှည်ဖြင့် အိပ်ရာထဲ၌ လဲနေစဉ် မကြော့က အိမ်ပေါ် တက်ပြီး အတင်း နေသည်။ နာတာရှည် တိမ်းပါးသွားသောအခါ ဒေါ်ကြော့မှာ တတိယ မယားကြီး ဖြစ်သွား တော့သည်။ မည်သူတွေ မေးငေါ့သည်ဖြစ်စေ၊ မည်သူတွေ အတင်းပြောသည်ဖြစ်စေ နမည် ညိုးချင် ညိုးပါ၊ လန်းချင် လန်းပါ၊ လက်ောက် ဆယ်စုံကို ဆင့်ဝတ်ပြီး သနပ်ခါး ခြေဆုံး ခေါင်းဆုံး လိမ်းနေရသဖြင့် မကြော့ ကျေနပ်လှပြီ။ သို့သော် မရွှေအိမ်နှင့် မမယ်လှက အစ်မကြီး၏ ရွှေဘုံစံဘ၀ကို တံတွေးဖြင့် ထွေးသည်။

မရွှေအိမ်က ' ဒါမျိုးတော့ အားမကျပေါင် ' ဟူ၍သာ မှတ်ချက်ချသည်။ သို့သော် မမယ်လှကမူ လက်တွေ့ အရောင်းအ၀ယ်လုပ်ပြသည်။ မကြော့၏ လက်ကောက်မျိုး သုံးနှစ်အတွင်း ဖြစ်လာသည်။ ထို့ကြောင့် ညီအစ်မသုံးယောက်တွင် ဒေါ်မယ်လှသည် အရဲရင့်ဆုံး အတက်ကြွဆုံး ဖြစ်ငြား၊ အစ်မနှစ်ယောက်နှင့် အဆက်အသွယ်ပြတ်နေသည်။ ဒေါ်ကြေ့သာလျှင် ဇာတိ ' ခါးပြည့်' ရွာတွင် ထောင်နေ မောက်နေသည်။ ယခု ဒေါ်ကြော့ ရောက်လာသည်။ အပေါ်ယံ အသွင်အပြင် အားဖြင့်ကား ဒေါ်ရွှေအိမ်မှာ နိမ့်ကျသည်။ နိမ့်ကျသော်ကောဟု ဒေါ်ကြော့မှ နိုင့်ထက်စီးနင်း မပြော ရဲပေ။ မပြောရဲခြင်းမှာ လိပ်ပြာ မလုံသဖြင့် ဖြစ်သည်။

    ဒေါ်ကြော့ရောက်လာခြင်းမှာ အိမ်ထောင်ပြုသွားသော တူမလေးကို တွေ့ရန်ဖြစ်သည်။ မင်္ဂလာ ဆောင်ချိန်က သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားဖြင့် ဆွေစုံမျိုးစုံ တွေ့နိုင်ပါလျက် ဒေါ်ကြော့ ရောက် မလာခြင်းမှာ ဧည့်ပရိသတ်အများကြား၌ မြုပ်နေမည်စိုးသောကြောင့်ဖြစ်သည်။ ယခုပင်လျှင် ကြည့်၊ တစ်ရွာလုံး ငေးကြည့်ချောင်းကြည့်ရစေရန် ညီမ၏ အိမ်ကို အိမ်စဉ်လျှောက်ပြီး မေးလာခဲ့သည်။
' ညည်းတို့ အဲဒါ ခက်တာပဲ။ မြို့ထဲ တစ်လနေလို့ တစ်ခေါက် ရောက်တာ မဟုတ်ဘူး။ မြို့ထဲမှာ တိုက်နဲ့ တာနဲ့'

သို့သော် ဒေါ်ကြော့ စကားမဆက်ဖြစ်။ သူ၏ ကြွယ်ဝချမ်းသာမှုကို ညီမနှစ်ယောက်လုံးက ရှုတ်ချကြ သည် ကို သတိရသည့်အတွက် စကားလမ်းကြောင်း ပြောင်းလွဲသွားသည်။
' မဖြစ်သေးပါဘူးအေ၊ ထမင်းတစ်လုပ်ဟာ လယ်လုပ်မှ စားရတာ မဟုတ်ပါဘူး '
လယ်သမားဘ၀ကို သွယ်ဝိုက်ပြီး ရှုတ်ချသောစကားဖြစ်ငြား ကျီးဒန် သဘောကျသည်။ အားတက်စရာပါသည့်အတွက် ဖြစ်ချေသည်။ မိကြီးဖြစ်သူကို ကျီးဒန် မျှော်လင့်တကြီး မော့ကြည့် သည်။
' သက်သောင့်သက်သာနဲ့ ထမင်းတစ်လုတ်လည်း စားရ၊ ကြီးပွားချမ်းသာမှုလည်း ဖြစ်နိုင်တဲ့ အလုပ်တွေ ရှိပါတယ် အေ '

' ဟုတ်ကဲ့ မိကြီး၊ ကျုပ် လုပ်ချင်ပါတယ်၊ လုပ်ပါရစေ'
ကျီးဒန်က လိုလိုလားလား တုံ့ပြန်သည်။
ကြီးပွားချမ်းသာရေးဟု ဒေါ်ကြော့ ယုံကြည်သော လုပ်ငန်းတစ်ခုသည် ဒေါ်ကြော့၏ နှုတ်ဖျားမှ လွှတ်ခနဲထွက်လာသည်။ သို့ရာတွင် ဒေါ်ကြော့သည် နှုတ်ခမ်းကို အချိန်မီ ပိတ်သည်။ လွယ်လွယ် ပြောလျှင် တန်ဖိုးမရှိ။ တူမကိုသာ ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။
' ပြောပါ မိကြီး၊ ကျုပ် လိုက်နာပါ့မယ် '

' ညည်းတို့ ရွာတောင်ဖျားက ငါဝင်လာတာ သည်အထိပဲ။ အိမ်ဆိုင် တစ်ဆိုင်မှ မတွေ့ဘူး။ ညည်းတို့ အိမ်ဆိုင် တည်ပါလား '
ထိုအခါ ဒေါ်ရွှေအိမ်က ' သမီး နားမယောင်နဲ့ဟဲ့။ ကြွေးကျတာနဲ့ပဲ တစ်လအတွင်း ပြုတ်မှာ' ဟု ၀င် ပြောသည်။
' အဲဒါကတော့အေ၊ လူတွင်ပါလို့ နွားကို ကျားကိုက်တာပါ။ ယနေ့ အကြွေးမပေးဆိုပြီး စာတွဲထား လိုက်ပါ အေ တို့ရယ် '
' မိကြီးက ပြောတာတော့ဟုတ်ပါရဲ့။ အရင်းလိုသေးတယ် '

' အရင်းက ဘယ်လောက်တောင် ၀င်မှာတုံး။ ဆား၊ ငါးပိ၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ဆီ၊ ငံပြာရည်နဲ့ မုန့်ပဲသရေစာ၊ မဆလာ၊ နနွင်းမှုန့်ပေါ့အေ။ အရင်း ငါးဆယ် မကျော်ပါဘူး'
' အစ်မအဖို့တော့ ငါးဆယ်ဟာ မပြောလောက်ပေမဲ့ ကျုပ်တို့မှာ အဲသည်ငါးဆယ်ဟာ ခက်သတော့်။ အစ်မ သမီးကို အစ်မပဲ ထုတ်ချေးခဲ့ပေတော့၊ နောက်တော့ ပြန်ဆပ်ပေါ့'
သည်မျှငွေကြေးသည် ပါမလာကြောင်း သိပါလျက်နှင့် ဒေါ်ကြော့သည် ချွေးခံအင်္ကျီကို နှိုက်၏။

' သည်လိုလုပ်အေ။ နက်ဖြန်မနက်ကျရင် အိမ်လာခဲ့အေ။ ငါ့မှာ ချက်ရပြုတ်ရ ဆွမ်းလောင်းရတာနဲ့ ဆိုတော့ ဆွမ်းခံချိန်မတိုင်ခင် ရောက်အောင် လာခဲ့အေ။ ငါ့တူမလေး လိမ္မာသလောက် ဆင်းရဲတွင်း က လွတ်အောင် ငါမကြည့်လို့ ဘယ်သူကြာည့်မှာတုံး '
မစားရ၀ခမန်း စကားကြီးဖြစ်သည်။ တစ်ပြားကိုပင် နှစ်ပိုင်းခွဲပြီး တစ်ခြမ်းဖိုးဝယ်ယူရသည်အထိ ငွေ တွင်းနက်ချိန်တွင် ကျပ် ငါးဆယ်သည် များပြား၏။ ထိုမျှသောငွေကို မောင်ဆေးရိုး မိကျီးဒန်တို့ တလင်းတက်ချိန်တွင် ရရှိရန် မသေချာပေ။ ထိုမျှသောငွေကို မိကြီးက 'ငါ့တူမကလေး၊ လယ်ထဲ ချောင်းထဲ မှာ မပင်ပန်းစေချင်လို့' ဟူသော အကြောင်းပြချက်ဖြင့် ထုတ်ချေးတော့မည်။ ကျီးဒန်မှာ ကျေးဇူး တင်လွန်း သဖြင့် အကြိမ်ကြိမ် ဦးချသည်။ ဒေါ်ရွှေအိမ်ကလည်း 'အစ်မကို ပြောခဲ့ဆိုခဲ့မိတာ တွေ တောင်းပန်ပါတယ်' ဆိုပြီး ကန်တော့သည်။

ဒေါ်ကြော့၏လှည်း ရမ်းဘိုကုန်းရွာထဲမှ ထွက်သောအချိန်ဝယ် ငှက်ပျောခိုင်တွေ၊ ကွမ်းရွက်ထုပ်တွေ၊ ယုန်ကင်တွေ၊ ပုတတ်ကင်တွေ ပါသွားသည်။ သည်အရာတွေမှာ ခါးပြည့်ရွာ တွင်ုလည်း ရှိသည်သာ။ သို့သော် ပေးသူက ပေးသောအခါ ဒေါ်ကြော့မှာ ငြင်းရန်မသင့်ပေ။ စင်စစ် သော်ကား ပေးလိုက် ရသူများမှာ ပိုပိုလျှံလျှံရှိ၍မဟုတ်ပါ။ ကျေးဇူးတင်သည့် အထိမ်းအမှတ်အဖြစ် ခြစ်ခြုတ်ပြီး ပေးလိုက် ကြခြင်းသာဖြစ်၏။ ပေးလည်း ပေးကောင်းပါသည်။ ငွေကျပ်ငါးဆယ်မျှသော အရင်းအနှီးကို ထုတ်ချေး မည့် ကျေးဇူးရှင် မဟုတ်လော။

ကျီးဒန်သည် နောက်တစ်နေ့နံနက်တွင် မိကြီး ဒေါ်ကြော့ရှိသည့် ခါးပြည့်ရွာသို့ ရောက်လာခဲ့သည်။ သုံးတိုင်ကျော်ကျော်ဝေးသော ခရီးဖြစ်သည့်အတွက် မှိုင်းမှိုင်းမှောင်မှောင်ကတည်းက ထလာသည်။ မိကြီး မှာခဲ့သည့်အတိုင်း ဆွမ်းခံမ၀င်မီရောက်သည်။ လက်ချည်း မလာလိုသောကြောင့် မုန့်သြဇာ တစ်ပိဿာ အကြွေး ၀ယ်လာခဲ့ရသေးသည်။
မိကျီးဒန်၏ စိတ်အာရုံတွင် သူတို့လင်မယား၏ အနာဂတ်သည် လှပနေ၏။ မိကြီးထုတ်ချေးသော ငွေငါးဆယ်အကူအညီဖြင့် တည်ထောင်ထားသော တိုလီမိုလီ အိမ်ဆိုင်ကလေးသည် ကုန်စုံဆိုင်ကြီး ဖြစ်လာ သည်။ အမေတို့ အိမ်ခြေရင်းဘက်တွင် ထုတ်ထားသော အဖီကလေးသည် အိမ်ကြီးရခိုင် ဖြစ်လာပြီ။ ရမ်းဘိုကုန်းရွာတွင် အကြီးကျယ်ဆုံး ရွာ့ကျက်သရေဆောင် 'အိမ်တော်ပုံ' ဆောက်ထားသည့် အိမ်ကြီး။

' မိကြီးဖို့ မုန့်သြဇာ တစ်ပိဿာ '
အိမ်အောက်တွင် အကျယ်အ၀န်း၏ လေးပုံတစ်ပုံကို 'ဆင့်' ရိုက်ထား၏။ ဆင့်ဘေးတွင် ကျောမှီပါသော ခုံတန်းလျားတစ်ခု၊ အဲဆွဲပါသော စားပွဲတစ်လုံး ချထားသည်။ စားပွဲပေါ်တွင် ကြွေ ရည်သုတ် ရေနွေးကရား ပန်းကန်စုံ နှင့် ကြေးကွမ်းအစ်ကြီးတို့ရှိသည်။ ကျီးဒန်သည် သူ့အောက် အနည်းငယ် ငယ်ရွယ်ဟန်ရှိသော မိန်းမပျိုတစ်ယောက်၏ လက်ထဲသို့ မုန့်သြဇာကိုထည့်သည်။ ' ရမ်းဘိုကုန်းက ကျီးဒန် ရောက်လာပြီလို့ပဲ ပြောလိုက် ပါအေ' ဟု မှာလိုက်သေးသည်။

ဆွမ်းခံဝင်ချိန် တိုင်ခဲ့ပြီ။
' ဆွမ်းတော်ဗျို့'
' ဆွမ်းတော်ခင်ဗျာ့ '
ဘုန်းကြီး တစ်ပါးနှင့် ကျောင်းသား ငါးယောက်။ ဦးပဉ္စင်းတစ်ပါးနှင့် သမဏေနှစ်ပါး။ ကျောင်းသား လေးယောက်။ နောက်ထပ် နောက်ထပ်။ အိမ်ရှေ့တွင် ရပ်သည်တစ်မျိုး။ အိမ်အောက် သို့ ၀င်လာပြီး ထိုင်သော 'ထိုင်ဆွမ်း'က တစ်ဖုံ။ ထိုဆွမ်းများကို လောင်းသူမှာ ဒေါ်ကြော့မဟုတ်။ ကျီးဒန် မုန့်သြဇာ ထုပ်ပေးလိုက်သော မိန်းကလေးနှင့်အခြားတစ်ယောက်သာဖြစ်သည်။
နေမြင့်သည်နှင့်အမျှ ကျီးဒန်လည်ပင်းရှည်ပြီ။ ဖင်တကြွကြွဖြစ်ပြီ။ သို့တစေ မိကြီး ဒေါ်ကြော့၏ အသံသော် မျှ မကြားရပေ။ ကြာသော် ကျီးဒန် သံသယ၀င်လာချေသည်။
' သည်အိမ် ဟာ မိကြီးတို့အိမ်မှ ဟုတ်ရဲ့လား '

ဟုတ်ပါသည်။ မိကြီး ဒေါ်ကြော့၏ အိမ်ဖြစ်ကြောင်းကို ယမန်နေ့ ညနေက ကျီးဒနတို့ လက်ဆောင် ပေးလိုက်သော ငှက်ပျောခိုင်ကို 'ခွေးကတက်'အောက်တွင် ထောင်ထားသည်။ မဆစ်ရသေး၊ မအုပ်ရ သေးသောကြောင့် ကျီးဒန် ကောင်းစွာမှတ်မိသည်။

ထိုင်ဆွမ်းကိုယ်တော်များ ကုန်သွားပြီ။ အိမ်ပေါ်သို့ လူတွေ တက်ချည်ဆင်းချည် လုပ်နေကြသည်။ အိမ်ပေါ်သို့ လိုက်သွားရကောင်းနိုးနိုး ကျီးဒန် စိတ်ကူးသေးငြား မရွေ့။ တဖြည်းဖြည်း အချိန်ကုန် လာသည်နှင့် အမျှ ထမင်းဆာလာသည်။ မိကြီးမှာသည့်အချိန်နှင့် အညီရောက်ရန် စိတ်စောနေ သဖြင့် မည်မည် ရရ မဖြည့်တင်းမိ။ ငါးပေါင်းကြော် တစ်ပြားဖိုးသာ စားခဲ့မိသည်ထင်၏။ သို့ကြောင့် ဆာလောင် လာသောအခါ ကျီးဒန်သည် ထပြန်ရန် စိတ်ကူးတော့၏။ သို့သော် ပြောစရာဖြစ်မည်။

' ကြည့်ရှုချင် စောင်မချင်လို့ ခေါ်တာ၊ မပြောမဆို ပြန်သွားတယ်။ ရွှေအိမ့်သမီး တယ်ရိုင်းပါကလား'
အထိုင်ပြင်ပြီးခါ မှ ကျီးဒန် မထဖြစ်။ ထမင်းစားချိန်မတိုင်မီက ရောက်နေသောဧည့်သည်၊ ထမင်းစား ချိန် တွင် ရောက်လာသော ဧည့်သည်များကို ထမင်းစားခေါ်ရရိုး ထုံးစံရှိသည်။ ကျီးဒန်အား မည်သူမျှ လာရောက် မခေါ်ငင်ပေ။

အိမ်အောက် သို့ နေရောင်များ ၀င်လာပြီ။ ဤသို့ ညနေစောင်းခါမှ ဒေါ်ကြော့ ရောက်လာသည်။ ကျီးဒန်နှင့် တစ်လံကွာခန့်တွင် ထိုင်သည်။ ကလေးမြေးငယ်တွေနှင့် စကားပြောသည်။ အကြွေးလာ ဆပ်သူများနှင့် ရန်ဖြစ်သည်။ ကျီးဒန်ကိုကား စကားပြောရန် ဝေးစွ။ ပြန်စောင်းသော်မျှ မကြည့်ချေ။ ဒေါ်ကြော့ သည် သူ၏ ပတ်ချာဝန်းကျင်သို့ ရောက်လာသူတိုင်းနှင့် စကားပြောပါလျက် ကျီးဒန်ကို ကွက်ချန်ထားသည်။ သို့အတွက် ကျီးဒန်၏ စိတ်မှာ သိမ်ငယ်လာသည်။ တစ်ဖက်ကလည်း မမှောင်မီ ရွာသို့ ပြန်ရောက်ရန် အချိန်ကို တွက်ဆရသည်။

အိမ်အောက်သို့ဝင်လာသော နေရောင်ကြော နှစ်လံမျှ ရှည်လာချိန်၌ ကျီးဒန် ထသည်။ မိကြီးရှေ့သို့ လာသည်။
' မိကြီး၊ ကျုပ် ပြန်တော့မယ် '
ဒေါ်ကြော့ သည် ကျီးဒန်အား ယခုမှမြင်ဘိသို့ ရင်ကိုဖိ၏။
' ငါအေ၊ ညည်းကို တက်တက်ကြီးမေ့နေတာ။ ဖြစ်မှ ဖြစ်ရလေခြင်း အေရယ်၊ နက်ဖြန် တစ်ခေါက် လာခဲ့ ဦးနော် '
ကျီးဒန်သည် ခေါင်းမညိတ်ပါ။ ခေါင်းလည်းမခါပါ။ 'တန်ဟဲ့ တစ်သက်လုံးမလာဘူး' ဟု ဆုံးဖြတ် လိုက်သော ကြောင့်ဖြစ်သည်။

ကားလမ်း၊ မြင်းလှည်းလမ်းမရှိပါ။ ခြေသွားလမ်း၊ လှည်းလမ်းကြောင်းတို့အတိုင်း ကျီးဒန်သည် သုတ်ခြေတင်သည်။ သို့သော် ကျီးဒန်သည် ရမ်းဘိုကုန်းရွာသို့ မပြန်သေးပါ။ မအေးညွန့်၊ မဇာညွန့်တို့ အိမ်သို့ ၀င်သည်။
' အလိုတော် မအ၀ှာ၊ မိုးကြီးချုပ်မှ '
မအေးညွန့်က တအံ့တသြဖြစ်သည့်နည်းတူ၊ မဇာညွန့်ကလည်း 'လင်ကို စိတ်ကောက်လာတာမဟုတ်လား။ လက်မခံဘူး'ဟု ကျီစယ်သည်။
' ညည်းတို့ အခု ဘာလုပ်နေကြသတုံး '
အိမ်တွင်း အိမ်ပြင်တွင် ပြည့်နှက်နေသော အိုးစိမ်း သပိတ်စိမ်းများကို လှမ်းကြည့်ရင်း ကျီးဒန်က မေးသည်။

' အိုးတွေ ခြောက်ကုန်မှာစိုးလို့ အိုးလည်းပုတ်၊ သပိတ်လည်းပုတ်ပဲအေ့။ နေပါဦး၊ ညည်းက အချိန် မတော်မှာ လာပြီး ဘာတွေ စစ်ဆေးနေတာတုံး'
' ငါလည်း အိုးဖိုထောင်ချင်လို့ အေတို့ရဲ့ '
' ကောင်းတာပေါ့ ညည်းတို့အရပ်မှာ အိုးသမားမှမရှိတာ '
မဇာညွန့်က အားတက်သရော တိုက်တွန်းသည်။

' ဒါဖြင့် ဖိုကို ဘယ်လိုတည်ရမယ်။ မြေကို ဘယ်လိုစပ်ရမယ် ဆိုတာ ပြောကြဦးလေ '
ထိုအခိုက်တွင် ကျီးဒန်၏ပခုံးကို မအေးညွန့်က လာဖက်သည်။ မတ်တတ်မှ ကုန်းဖက်ပြီး၊ လူပေါ်သို့ ဖိပြီး ထိုင်ချသဖြင့် ကျီးဒန်ပေါ်သို့ ပိလျက် လဲကျလာ၏။ ကျီးဒန်က အော်ဟစ်ငြူစူပြီး ထုသည်။
' အိုးဖို မထောင်ခင် ငါတို့ဆီမှာ တစ်လကိုးသီတင်းလာလုပ်လှည့်ဦးလေ'

' အဲဒါလောက်ကြီး မလုပ်နိုင်ဘူး '
' လွတ်လွတ်လပ်လပ် အပျိုဘ၀တုန်းက မလုပ်ဘဲနဲ့၊ အခုမှ ဘာ စိတ်ကူးပေါက်လာတာလဲ ကောင်မရယ် '
သည်မေးခွန်းကြောင့် ကျီးဒန် မျက်နှာထား တင်းမာသွားသည်။ မျက်လုံးအစုံမှ စူးရှသော အရောင် များ ထွက်လာသည်။
' ပြောပါဦး' ဟု ပခုံးချင်းတွန်းကာ မအေးညွန့်က မေးသည်။ ' ပိုက်ဆံလိုချင်လို့' ဟု ကျီးဒန်က တုံးတိ ဖြေသည်။

လယ်သမားနှင့် ပျံကျလယ်ယာလုပ်သား (လယ်ကူလီ)များသာ ရှိခဲ့သော ရမ်းဘိုကုန်းရွာထဲသို့ ရေတွင်းနှင့် တူသော အိုးဖိုတစ်လုံး ရောက်လာသည်။ မအေးညွန့်နှင့် မဇာညွန့်တို့ လိုက်လာပြီး အုတ်ခုံကို ဤသို့ထား။ နံကာကို ထိုသို့လုပ်ဟု ညွှန်ကြားသောကြောင့် လုပ်ရငြား၊ မောင်ဆေးရိုးမှာ ယောင်နန။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၉)

အခန်း(၁၉)

ငယ်သူငယ်ချင်းဖြစ်ခဲ့သူ ၀န်ကြီး တွန်ဂါတာ ထောင်ဒဏ်အပြစ်ပေးခံလိုက်ရသည့်အတွက် စိတ် မကောင်း ဖြစ်နေမိသူ ခရိတ်သည် ယခုတော့ တဖြည်းဖြည်း စိတ်ပြေလက်ပျောက် ရှိစပြုလာပြီ ဖြစ် သည်။
ကင်းလင်း မွေးမြူရေးခြံကြီး အတွင်း လုပ်စရာအလုပ်တွေ များပြားလှခြင်းကလည်း သူ့အဖို့ အလုပ် ထဲ စိတ်ဝင်စား နေမိသည်နှင့်အမျှ စောစောက စိတ်ဓာတ်ကျခြင်း စိတ်မကောင်းဖြစ်ခြင်း စသည်တို့ ကို လွှမ်းမိုး ကာ စိတ်ပြေလက်ပျောက်ဖြစ်စ ပြုလာခြင်းပင် ဖြစ်လေသည်။

တွန်ဂါတာ၏ အမှုအကြောင်း သတင်းစာများနှင့် ရုပ်မြင်သံကြား အစီအစဉ်မှ အကြီးအကျယ် ဖော် ပြပြီးနောက် တဖြည်းဖြည်းနှင့် သူ၏ သတင်းပျောက်သွားကာ လူတကာကလည်း သူ့အား မေ့ လျော့သွား ကြလေသည်။

သို့ရာတွင် တွန်ဂါတာ၏ နာမည် ရုတ်တရက် ပြန်လည်ပေါ်ထွက်လာပြန်သည်။ ရုပ်မြင်သံကြား စက်များ နှင့် သတင်းစာများတွင် သူ၏ နာမည်ကို ဖော်ပြလာကြပြန်သည်။
တစ်နေ့ ခရိတ်နှင့် ဆယ်လီတို့သည် ရုပ်မြင်သံကြားထိုင်ကြည့်နေကြရင်း ကြားလိုက်ရသော သတင်းကို မယုံကြည် နိုင်လောက်အောင်ပင် အံ့သြနေမိကြလေသည်။
ယင်း သတင်းကြေညာချက် အပြီးတွင် မိုးလေ၀သ သတင်းဆက်လာသဖြင့် ခရိတ်သည် ရုပ်မြင် သံကြားစက် ကို ပိတ်ပစ်လိုက်သည်။ သူ၏ အမူအရာက တုန်လှုပ်ချောက်ချားဖွယ်၊ မတော်တဆ ထိ ခိုက်မှု့ တစ်ခု ကြုံတွေ့ခဲ့ရသူ တစ်ယောက်ကဲ့သို့ စိတ်ချောက်ချားနေပုံ ရလေသည်။

ဆယ်လီသည် ခရိတ်အား အကဲခတ်ကြည့်ရင်း လက်တစ်ဖက်ကို ညင်သာလှပစွာ ဆုပ်ကိုင်ထား လိုက်သည်။
"ဒီမိန်းကလေး တွေက လူမမည်အရွယ်သာသာ ရှိသေးတယ်။ သူတို့ခမျာ ဘယ်လောက်များ စိတ် ထိခိုက် ချောက်ချား ရှာကြမလဲနော်"
ဆယ်လီ က ရုပ်မြင်သံကြား သတင်းတွင် ပါသည့်အကြောင်းကို သုံးသပ်သလို ပြောလိုက်ရာ ခရိတ်က
"အဲဒီ ဂွတ်ဒွင်မိသားစုကို ငါ ကောင်းကောင်းသိတယ်။ အလွန်ရည်မွန်တဲ့ လူတွေပဲ။ သူတို့ဟာ မျက်နှာဖြူ တွေ ဖြစ်ပေမယ့် တိုင်းရင်းသား လူမည်းတွေအပေါ် အင်မတန် ညှာတာထောက်ထားတဲ့ စိတ်ရှိပြီး အကောင်းဆုံး ဆက်ဆံခဲ့တယ်။ ဒါကြောင့် အခုဖြစ်ပျက်ပုံကို ငါဖြင့် နားမလည်နိုင်အောင် ဖြစ်ပါတယ်"ဟု ပြန်ပြောလေသည်။

ဤတွင် ဆယ်လီသည် စိတ်ထဲမှ ခံစားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲသလို ဖြစ်လာကာ အလွန် နာကြည်းစက်ဆုပ်ဟန်ဖြင့်-
"ဒီတိုင်းပြည်တစ်ခုလုံးဟာ အလွန်သွေးဆာနေသလို ဖြစ်နေတာ သေချာတယ်ရှင့်။ လုပ်ပုံတွေက လူမဆန်လွန်းလို့ သိပ်ပြီး ရင်နာမိတယ်။ ကျွန်မတော့ ဒီလူ့ကို သိပ်ပြီး မုန်းတီးစက်ဆုပ်မိတာပဲ"
"ဒီလိုလည်း မဟုတ်သေးဘူးကွဲ့၊ အခုကိစ္စမှာ တွန်ဂါတာရဲ့ နာမည်ကို သူတို့ အသုံးပြုကြပေမယ့် ဒီကိစ္စကို တွန်ဂါတာက တကယ်ပဲ ညွှန်ကြား အမိန့်ပေးတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ သူ့အနေနဲ့ ဒီကိစ္စ အကြောင်း လုံးလုံး သိချင်မှသိမှာ"

"အို…ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဒီလူ့ကို သိပ်မုန်းတာပဲ"
"အခုလုပ်ရပ်က အလွန်ဆင်ခြင်ဉာဏ်ကင်းမဲ့ရာ ရောက်တာ အမှန်ပဲ။ ဒီလို လုပ်ခြင်းအားဖြင့် အစိုးရ ဘက်က ရှိုနာလူမျိုး တွေချည်း ပါဝင်တဲ့ စစ်တပ်တွေ မာတာဘယ်လီနယ်မြေကို အလုံးအရင်းနဲ့ လာပြီး တရကြမ်း နှိမ်နင်းအောင် တမင်ဖိတ်ခေါ်သလို ဖြစ်နေတယ်"
"ကြည့်စမ်း ပါဦးရှင် ဟိုကလေးတစ်ယောက်ဆိုရင် အသက် ငါးနှစ်ပဲရှိရှာသေးတယ်"
ဆယ်လီက မကျေမချမ်းဖြစ်ဟန်နှင့် ပြောပြန်တယ်။

"မစ္စတာဂွတ်ဒွင်ဆိုတဲ့ လူကို ငါသိတယ်။ တကယ့် လူကောင်းတစ်ယောက်ပါပဲ။ စစ်အတွင်းတုန်းက ငါနဲ့ အတူ ရဲတပ်ဖွဲ့ သီးသန့်တပ်မှာ အမှုထမ်းခဲ့ဖူးတယ်"
ခရိတ်က ဤသို့ပြောပြီး ယမကာစင်သို့ထသွားကာ ၀ီစကီနှစ်ခွက် ငှဲ့လေသည်။ သူ၏
 စိတ်ထဲတွင် ကား ဇင်ဘာဘွေနိုင်ငံတွင် တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်ကြသည့် လူသတ်ပွဲ ကြီး မဖြစ် ပါစေနှင့်ဟု ဆုတောင်းမိလေသည်။

ရုပ်မြင်သံကြားစက် မှ ထုတ်လွင့်ခဲ့သော သတင်းကို ခရိတ်နှင့် ဆယ်လီတို့က အံ့သြတုန်လှုပ်မိကြ ခြင်းမှာ အကြောင်း ရှိပေသည်။ အထူးသဖြင့် သတင်းပါ ကာယကံရှင် မစ္စတာဂွတ်ဒွင်ဆိုသူ၏ မိသားစုနှင့် ခင်မင်ရင်းနှီးသူ ခရိတ်အဖို့ ပြင်းစွာ တုန်လှုပ်ချောက်ချားမှုကို ခံစားရလေသည်။

မစ္စတာဂွတ်ဒွင်သည် အသက်လေးဆယ်အရွယ်ခန့်ရှိပြီး ၀၀ဖိုင့်ဖိုင့် လူတစ်ယောက်ဖြစ်သည်။ သူ၏ ဇနီး ဟယ်လင်ကတော့ ပိန်ပိန်ပါးပါး ဆံပင်အနက်ရောင်နှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူတို့တွင် သမီးကလေးနှစ်ယောက် ထွန်းကားရာ သမီးအကြီး အဲလစ္စက ရှစ်နှစ်အရွယ်၊ သမီးငယ် စတီဖင်နီ က ငါးနှစ်သမီးအရွယ်သာ ရှိသေးသည်။ ကလေးနှစ်ဦးစလုံး ဘူလာဝေယိုမြို့ရှိ သာသနာ ပြုကျောင်း တစ်ကျောင်းတွင် ကျောင်းအိပ် ကျောင်းစား (ဘော်ဒါ)အဖြစ် သွားရောက်၍ ပညာသင် ကြားနေကြသည်။

မစ္စတာဂွတ်ဒွင်တို့သည် မြို့မှ(၇၈)မိုင်ဝေးသော နေရာ၌ မွေးမြူရေးခြံလုပ်ငန်းလုပ်ရင်း ထိုခြံများမှာ ပင် နေထိုင် ကြသည်။
အပတ်စဉ် သောကြာနေ့ နံနက်တိုင်း ဂွတ်ဒွင်ဇနီးမောင်နှံသည် မြို့တွင်းသို့ မော်တော်ကား မောင်း သွားလေ့ရှိကြသည်။ မွန်းလွဲတစ်နာရီတွင် သူတို့၏ သမီးငယ်နှစ်ယောက်ကို ကျောင်းမှ ခေါ်ထုတ် ပြီး ဆဲလ်တွန်း ဟိုတယ်၌ နေ့လယ်စာအတူ စားတတ်ကြသည်။

ထို့နောက် မြို့တွင်း၌ လှည့်လည်ပြီး ဈေးဝယ်ကြသည်။ ဂွတ်ဒွင်၏ ဇနီး ဟယ်လင်က ခြံတွင်လို အပ်သော စားသောက်ဖွယ်များ၊ စည်သွတ်ဘူးများ၊ ယမကာများနှင့် ကော်ဖီ၊ သကြား စသည်တို့ အပြင် အ၀တ် အထည် များပါ ၀ယ်ယူလေ့ရှိသည်။

ထို့နောက် ကလေးငယ်နှစ်ဦးကို ရုပ်ရှင်နေ့ပွဲဝင်ကြည့်စေပြီး မိခင် ဟယ်လင်ကတော့ ဆံပင်အလှ ပြင်ဆိုင်သို့ဝင်၍ ခေါင်းလျှော်၊ ဆံပင်ပုံသါင်း စသည်ဖြင့် အလှပြုပြင်တတ်လေသည်။
အိမ်ထောင် ဦးစီးဖြစ်သူ မစ္စတာဂွတ်ဒွင်သည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များသမဂ္ဂ၌ အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်၍ အပတ်စဉ် မြို့သို့ရောက်နေခိုက် သမဂ္ဂရုံးသို့ ခေတ္တ၀င်လေ့ရှိသည်။
ကော်မတီ အတွင်းရေးမှူးအပါအ၀င် အခြား သမဂ္ဂခေါင်းဆောင်များနှင့် လုပ်ငန်းဆိုင်ရာကိစ္စများ ဆွေးနွေး လေ့ရှိသည်။ ပြီးလျှင် သူသည် မြို့တွင်း၌ အေးအေးဆေးဆေး လမ်းလျှောက်ရင်း သိကျွမ်း သူ မိတ်ဆွေ များ တွေ့လျှင် အာလာပသလ္လာပ စကားစမြည် ပြောလေ့ရှိသည်။

လွန်ခဲ့သော သောကြာနေ့က မစ္စတာဂွတ်ဒွင်သည် ထုံးစံအတိုင်း မြို့တွင်း၌ လမ်းတစ်ပတ်လျှောက် ပြီး သူ၏ တိုယိုတာမော်တော်ကားဖြင့် လယ်ယာကုန်ထုတ် သမ၀ါယမတိုက်ရှေ့သို့ ပြန်လာသော အခါ သူ့ အလုပ်သမား ခေါင်း (မာတာဘယ်လီလူမျိုး) ဂျိုဆီယာဆိုသူသည် အလုပ်သမားနှစ်ဦးနှင့် အတူ အသင့်စောင့်နေသည်ကို တွေ့ရလေသည်။
သူတို့သည် စောစောပိုင်းက ဂွတ်ဒွင်ကိုယ်တိုင် ၀ယ်ယူထားသော မွေးမြူရေးခြံသုံး ပစ္စည်းကိရိယာ များ၊ စက်ယန္တရား အပိုပစ္စည်းများ၊ တိရစ္ဆာန်များအတွက် ဆေးဝါးများ စသည်တို့ကို မော်တော်ကား ပေါ်သို့ သယ်ယူတင်လိုက်ကြသည်။

ကားပေါ်ပစ္စည်းများ သယ်တင်ပြီးချိန်လောက်တွင်ပင် ဂွတ်ဒွင်၏ ဇနီး ဟယ်လင်နှင့် သမီးကလေး နှစ်ယောက်တို့သည် မော်တော်ကားရှိရာသို့ ရောက်လာကြလေသည်။
ဟယ်လင်သည် ဆံပင်ကောက်ဆိုင်၌ ဆံပင်ကို တစ်မျိုး အလှပြုပြင် ထုံးဖွဲ့ထားရာ ရုပ်အသွင်က တစ်မျိုး ဖြစ်နေသောကြောင့် ဂွတ်ဒွင်သည် သူ၏ ချစ်ဇနီးအား ကျီစယ်သည့်အနေဖြင့်-
"ဟဲလို မိန်းကလေး၊ ကျုပ်ရဲ့ဇနီး မစ္စက်ဟယ်လင် ဂွတ်ဒွင်တစ်ယောက် ဖြစ်မိပါသလားခင်ဗျ"ဟု ခပ်တည်တည် ပြောလိုက်သည်။

ဤတွင် ဟယ်လင်သည် ခင်ပွန်းသည်က နောက်နေမှန်းသိသဖြင့် သဘောကျပြီး ရယ်မောလေ သည်။ သူမ၏ စိတ်ထဲကတော့ ကြည်နူးပီတိ ဖြစ်နေမိသည်။
သမီးငယ်နှစ်ယောက်အတွက် ဂွတ်ဒွင်က သကြားလုံးချိုချဉ်စသည့် သရေစာများ ၀ယ်ယူထားရာ ဇနီး ဖြစ်သူက ကလေးတွေ သကြားလုံး များများစားလျှင် သွားရောဂါ ဖြစ်တတ်သည်ဟု ကန့်ကွက် လေသည်။ သို့သော် ဂွတ်ဒွင်ကမူ သမီးငယ်နှစ်ဦးဘက်သို့ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးမှ ဇနီး ဖြစ်သူအား-

"အိုကွာ သကြားလုံး များများစားတာ မကောင်းမှန်း ငါလည်း သိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ စားရုံနဲ့ ငါ့ကလေးတွေ မသေနိုင်ပါဘူးကွာ။ ဟဲ…ဟဲ…"ဟု ရယ်သွမ်းသွေးကာ ပြန်ပြောလိုက်သည်။
သူတို့၏ မော်တော်ကားမှာ ပစ်ကပ်ခေါ် ကုန်တင်ယာဉ် (ယခုခေတ် မြန်မာနိုင်ငံမှ သင်္ဘောသား ကားမျိုး) ဖြစ်လေရာ သမီးငယ် စတီဖင်နီက မိခင်ဖခင်တို့ နှစ်ယောက်ကြား ကား၏ ရှေ့ခန်းတွင် ထိုင်ပြီး သမီးကြီး အဲလစ္စကတော့ ကားနောက်ပိုင်းတွင် ဂျိုဆီယာနှင့် မာတာဘယ်လီ တိုင်းရင်း အလုပ်သမားတို့နှင့်အတူ စီးနင်း လိုက်ပါလာလေသည်။
ထို့နောက် သူတို့သည် မြို့တွင်းမှ မောင်းထွက်လာကြလေသည်။

ပထမခြောက်ဆယ့်နှစ်မိုင်မှာ ဟိုင်းဝေးလမ်းမကြီးအတိုင်းဖြစ်၍ မော်တော်ကားကို ခပ်သွက်သွက် မောင်းနှင်းနိုင်ခဲ့လေသည်။ ထို့နောက် သူတို့၏ ခြံရှိရာသို့ လမ်းမကြီးမှ ခွဲထွက်သည့် မြေနီလမ်း အတိုင်း ဆက်မောင်းကြရသည်။

မကြာမီ သူတို့၏ စိုက်ပျိုးမွေးမြူရေးခြံကြီး၏ ဂိတ်ဝသို့ ရောက်သွားကြရာ ဂွတ်ဒွင်သည် ကားကို ခေတ္တ ရပ်လိုက်စဉ် ဂျိုဆီယာက ခုန်ဆင်းပြီး ပိတ်ထားသော ခြံဝင်းတံခါးကြီးကို ဖွင့်လိုက်သည်။
"အင်း…ငါတို့ ကိုယ့်အိမ်ကိုယ်ယာကို တစ်ခေါက် ပြန်ရောက်လာကြပြန်ပေါ့လား"
ဂွတ်ဒွင် က ပြောလိုက်ရာ ဇနီး ဟယ်လင်ကလည်း ပြုံးလျက်-

"ဟုတ်တယ်ရှင့် ကျွန်မတော့ မြို့ကိုသွားတိုင်း ဒိပြန်ရောက်လာရင် စိတ်ထဲပျော်မိတယ်"ဟု ပြော လေသည်။
ညမှောင်လာပြီဖြစ်၍ ဂွတ်ဒွင်သည် မော်တော်ကားရှေ့မီးလုံးကြီးများကို ဖွင့်၍ ဆက်လက်မောင်း သွားရာ ခြံဝင်းအတွင်းရှိနေသော သူတို့၏ မွေးမြူရေးနွားများကို မီးရောင်တွင် မြင်ရလေသည်။ နွား အားလုံးလိုလို အစာအာဟာရ ကောင်းစွာ စားရသဖြင့် ၀ဖီးနေသည်ကိုလည်း သတိပြုမိကြသည်။

မစ္စတာဂွတ်ဒွင်သည် ရာသီဥတု ခြောက်သွေ့နေပုံကို သဘောမကျဟန်ဖြင့်-
"အခုတလော ရာသီဥတု ခြောက်သွေ့လွန်းတယ်ကွ၊ မိုးနည်းနည်းရွာလိုက်ရင် ကောင်းမယ်"ဟု မှတ်ချက် ချလိုက်သည်။
ထိုအခိုက်မှာပင် သူတို့သည် ခြံဝင်းအတွင်းရှိ သူ့အိမ်သို့ ချဉ်းကပ်လာမိကြလေသည်။
"ကဲ…အိမ်တော့ ပြန်ရောက်ကြပြန်ပြီ။ ဟောဟိုမယ် မြင်ရဲ့လား၊ တို့ရဲ့ စားဖိုမှူးက မီးတွေတောင် ထိန်လင်းအောင် ဖွင့်ထားပြီ"
ဂွတ်ဒွင် က သူတို့အိမ်အတွင်း မီးများလင်းနေသည်ကို ကြည့်ရင်း ပြောလိုက်သည်။

မီးက ဂတ်စ်ဓာတ်ငွေ့သုံးမီးနှင့် ရေနံဆီမီးများသာ ဖြစ်လေသည်။ ဂွတ်ဒွင်အနေဖြင့် လျှပ်စစ်မီးရရှိ ရန် ကိုယ်ပိုင် ဂျင်နရေတာခေါ် အင်ဂျင်မီးစက်တစ်လုံးဝယ်ရန် စိတ်ကူးရခဲ့သည်မှာ ဆယ်နှစ်ခန့်ပင် ရှိပြီ ဖြစ်သည်။

သို့ရာတွင် နှစ်စဉ်နှစ်တိုင်း ငွေစာရင်းချုပ်၍ အသားတင်ကျန်သော ငွေပမာဏကို တွက်လိုက်သော အခါ သိပ်မများလှသဖြင့် လျှပ်စစ်မီးစက်ထက် ပိုအရေးကြီးသော အခြားပစ္စည်းများကိုသာ ဦးစား ပေးဝယ် ခဲ့ရသောကြောင့် ယခုအထိ လျှပ်စစ်မီး မရှိသေးဘဲ ဂက်စ်ဓာတ်ငွေ့နှင့် ရေနံဆီကိုသာ အသုံးပြုပြီး မီးထွန်း နေရခြင်း ဖြစ်လေသည်။

ဂွတ်ဒွင်သည် တိုယိုတာမော်တော်ကားကို အိမ်နောက်ဘေးဘက် ၀ရန်တာအနီးတွင် ရပ်လိုက် သည်။
ဇနီးဟယ်လင်က အိပ်ပျော်နေသူ သမီးငယ် စတီဖင်နီအား ပွေ့ချီလျက် ကားပေါ်မှ ဆင်းနေစဉ် ဂွတ်ဒွင် သည် ကားနောက်ပိုင်းသို့ လျှောက်သွားပြီး သမီးကြီးအဲလစ္စအား ပွေ့ချီ၍ ကားပေါ်မှ ချ ပေးလိုက်သည်။ ထို့နောက် အလုပ်သမားများ ကြီးကြပ်သူ ဂျိုဆီယာအား-

"ကဲ…မင်းတို့လည်း ပင်ပန်းလာတယ်၊ ပြန်ပြီးမှ နားကြပေတော့။ ကားပေါ်က ပစ္စည်းတွေကို မနက် မှပဲ သယ်ချတော့မယ်"ဟု ပြောလိုက်သည်။
ဇနီးဟယ်လင်က သမီးငယ်ကို ပွေ့ချီလျက် ရှေ့ကသွားပြီး ဂွတ်ဒွင်က သမီးကြီး အဲလစ္စကို လက်တစ်ဖက် ဖြင့်ဆွဲလျက် အိမ်ရှေ့ဘက်သို့ လျှောက်သွားကြစဉ် အိမ်ဘက် မှောင်ထဲမှ လက်နှိပ် ဓာတ်မီး အလင်းရောင်တစ်ခု ရုတ်တရက် ထိန်လင်းစွာ ထွက်ပေါ်လာလေရာ ဂွတ်ဒွင်တို့ မိသားစု အလွန် အံ့အားသင့်လျက် ရပ်လိုက်ကြလေသည်။
"ဟေ့…ဘယ်သူလဲကွ"

ဂွတ်ဒွင်က စိတ်တိုလျက် လှမ်းအော်ပေးလိုက်သည်။
စောစောက မှောင်မိုက်နေစဉ် ရုတ်တရက် စူးရှသော လက်နှိပ်ဓာတ်မီးရောင် ထိုးလိုက်သော ကြောင့် မျက်လုံးပြာကာ ဘာမှ မမြင်ရသော်လည်း ယခုတော့ မျက်လုံးများက ကျင့်သားရ၍ မြင်စ ပြုလာပြီ ဖြစ်သည်။
လက်နှိပ်ဓာတ်မီး အလင်းရောင်၏နောက်တွင် တိုင်းရင်းသားလူမည်း (ကပ္ပလီ)လူမျိုး သုံးဦးရပ်နေ ပြီး သူတို့၏လက်တွင် အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ်သေနတ်ကိုယ်စီကိုင်ကာ သေနတ် ပြောင်း များကိုလည်း ဂွတ်ဒွင်မိသားစုအား ချိန်ရွယ်ထားကြသည်ကို မြင်ရလေသည်။

ဂွတ်ဒွင်သည် ဇနီးနှင့် ကလေးများအတွက် အကြီးအကျယ် စိုးရိမ်သွားမိတော့သည်။
ထိုလူသုံးယောက်အပြင် အခြား မျက်နှာစိမ်း တိုင်းရင်းသား လူမည်းအချို့ကိုလည်း တွေ့ရသည်။ လူအရေအတွက်ကိုတော့ ဂွတ်ဒွင်က ခန့်မှန်း၍ မရချေ။
သူတို့သည် မှောင်ရိပ်ထဲမှထွက်လာပြီး ဂွတ်ဒွင်မိသားစုအား ၀ိုင်း၍ သေနတ်ဖြင့် ချိန်ရွယ်ထားကြ လေသည်။

ဂျိုဆီယာနှင့် မာတာဘယ်လီ တိုင်းရင်းသား အလုပ်သမားနှစ်ဦးတို့သည်လည်း ထိတ်လန့် တုန်လှုပ် လျက် သုံးယောက်သား တစ်ယောက်နား တစ်ယောက်ကပ်၍ အသာငြိမ်နေကြသည်။
ဂွတ်ဒွင် သည် သူ၏အိမ် ၀ရန်တာတစ်ဖက်အစွန်းရှိ ရုံးခန်းတွင်းမှ သေနတ်လက်နက်များထားရှိရာ မီးခံသေတ္တာကို သတိရမိလေသည်။
သို့သော် ယင်းသေတ္တာထဲ၌ သေနတ်တစ်လက်မှ မရှိတော့ကြောင်း စဉ်းစားမိပြန်သည်။ ဇင်ဘာ တွေ တော်လှန်ရေးစစ်ပွဲအပြီးတွင် အာဏာရ လူမည်းအစိုးရက မျက်နှာဖြူ မွေးမြူရေးလုပ်ငန်းရှင် များအား မိမိတို့တွင် ရှိသမျှ လက်နက်ခဲယမ်းအားလုံး အစိုးရထံ အပ်နှံကြရမည်ဟု အမိန့်ထုတ် လိုက်စဉ်က ဂွတ်ဒွင်သည်လည်း သူ၏ သေနတ်အားလုံးကို ဆိုင်ရာသို့ အပ်နှံခဲ့သောကြောင့် ယခု လက်နက်မဲ့ ဖြစ်နေ လေသည်။

သို့ရာတွင် သေနတ်ရှိလျှင်လည်း အကြောင်းထူးလှမည် မဟုတ်ဟု ဆင်ခြင်မိလေသည်။ အကယ် ၍ မိမိက သေနတ်ပြေးဆွဲယူလျှင် မည်သည့်နည်းနှင့်မှ မီးခံသေတ္တာဆီသို့ ရောက်နိုင်မည် မဟုတ် ချေ။ အေကေ ၄၇ မောင်းပြန်သေနတ်များဖြင့် ၀ိုင်းပစ်ခတ်ခံရ၍ ပွဲချင်းပြီး ကိစ္စချောရန် သေချာ သည် မဟုတ်ပါလော။

"ဒက်ဒီ သူတို့တွေက ဘယ်သူတွေလဲဟင်"
သမီးအကြီး အဲလစ္စက ဖခင်ဖြစ်သူအား ခပ်တိုးတိုး လှမ်းမေးလိုက်သည်။ သူမသည် ပြည်တွင်းစစ် ကာလတွင် သိတတ်စပြုသော အရွယ်ဖြစ်နေ၍ စင်စစ် အနိဋ္ဌာရုံများကို ပြန်တွေးပြီး ကြောက်လန့် နေရှာပုံရသည်။

ဂွတ်ဒွင်ကမူ သူကိုယ်တိုင်၏ စိုးရိမ်တုန်လှုပ်မှုကို အသာဖယ်ထားလျက်-
"အားလုံး သတ္တိရှိရှိ နေကြဟေ့"ဟု ပြောလိုက်သည်။
ဇနီးဟယ်လင်သည် သမီးငယ်စတီဖင်နီအား ပွေ့ချီထားလျက်နှင့်ပင် ခင်ပွန်းသည်အနီးသို့ ချဉ်းကပ်လာလေသည်။
လူမည်းတစ်ဦးသည် ဂွတ်ဒွင်၏ နောက်ကျောသို့ ရိုင်ဖယ်သေနတ်ပြောင်ဖြင့် ခပ်ကြမ်းကြမ်း ထောက်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်နှစ်ဖက်ကို နောက်သို့ယူ၍ လက်ပြန် ကြိုးတုပ်လိုက်သည်။ ချည်နှောင်သည့်ကြိုးက သံဝါယာကြိုးဖြစ်၍ ဂွတ်ဒွင်၏ အသားကိုထိသော အခါ အလွန်နာကျင်လေသည်။

ဇနီးဟယ်လင်၏ ရင်ခွင်မှ သမီးငယ် စတီဖင်နီကိုလည်း ဆွဲယူလိုက်ပြီး မြေကြီးပေါ် ချထားလိုက်ရာ ကလေးငယ်မှာ အိပ်ချင်မူးတူးဖြစ်နေသဖြင့် ကောင်းစွာပင် မရပ်နိုင်ရှာချေ။
ကလေးအမေ ဟယ်လင်တို့သည် သံဝါယာကြိုးဖြင့် လက်ပြန်ကြိုးတုပ်နှောင်ပြန်ရာ သူမသည် နာကျင်လွန်းသဖြင့် ရှုံ့မဲ့နေရှာလေသည်။
ဂွတ်ဒွင်သည် နာကျင်ခြင်း၊ မခံမရပ်နိုင်အောင် ဒေါသထွက်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားလျက် ရှိ လင့်ကစား မိဘတို့၏ သားသမီးအပေါ် ထားရှိသော မေတ္တာပမာဏအားလုံးကို လွှမ်းမိုးလာသဖြင့် မာနစိတ်ကို ချုပ်ထိန်းကာ တိုင်းရင်းသားလူမည်းတို့အား မာတာဘယ်လီဘာသာဖြင့် တောင်းပန် လေသည်။

"သူတို့တွေက လူမမည်ကလေးတွေပါဗျာ။ သူတို့ အနာတရဖြစ်အောင် မလုပ်ပါနဲ့။ တောင်းပန်ပါ တယ်"
သို့သော် သေနတ်ကိုင် တိုင်းရင်းသားတစ်ဦးက-
"ဟေ့…မျက်နှာဖြူကောင် တိတ်တိတ်နေစမ်း"ဟု ခပ်ထန်ထန် ငေါက်လိုက်ပြီးနောက် သမီးငယ် ကလေး စတီဖင်နီ၏ နောက်နားတွင် ဒူးတစ်ဖက်ထောက်လိုက်သည်။
ထို့နောက် ကလေးငယ်အား ကြိုးဖြင့် တုပ်လေရာ စတီဖင်နီခမျာ နာကျင်သဖြင့် ငိုရှာလေသည်။

"ဒက်ဒီ၊ ဒက်ဒီ သမီး သိပ်နာတာပဲ ဒက်ဒီ။ ဒက်ဒီရယ် ဒီလူကြီးက နာအောင်လုပ်ကြတယ်။ သူ့ကို မလုပ်အောင် တားပေးပါ ဒက်ဒီ"
"သမီးလေး သမီးလေး စိတ်ကို တင်းထားစမ်းပါကွယ်၊ သတ္တိရှိပါ။ သမီးက အခု ကလေးပေါက်စ မဟုတ်တော့ပါဘူးကွဲ့"
ငါးနှစ်သမီးအရွယ် စတီဖင်နီအား ဤသို့ ပြောခြင်းသည် လုံးဝ အဓိပ္ပါယ်မရှိလင့်ကစား ဂွတ်ဒွင် သည် ဘာလုပ်ရမှန်း မသိသဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

လူမည်းနောက်တစ်ယောက်က သမီးအကြီး အဲလစ္စနားသို့ ချဉ်းကပ်သွားရာ အဲလစ္စသည် ဖခင် ဘက်သို့ လှည့်၍-
"ဒက်ဒီ သမီးမငိုဘူး။ သမီးက သတ္တိရှိရှိနဲ့ ခံနိုင်အောင် ကြိုးစားပါ့မယ်"ဟု ပြောရှာသည်။
"အေး ဒါမှပေါ့ကွဲ့ သမီးရဲ့"
ဂွတ်ဒွင်က ပြောလိုက်ချိန်တွင် ကပ္ပလီလူမည်းက အဲလစ္စအား လက်ပြန်ကြိုးတုပ်လိုက်လေသည်။
"အားလုံး ရှေ့ကို လျှောက်သွားကြ"
လက်နှိပ်ဓာတ်မီးကိုင်သူ (ခေါင်းဆောင်ဖြစ်ဟန်တူသော) တိုင်းရင်းသားလူမည်းက ခပ်ထန်ထန် အမိန့်ပေးလိုက်သလိုပြောရင်း သူ၏ မောင်းပြန်ရိုင်ဖယ်သေနတ်ပြောင်ဖြင့် ကလေးနှစ်ဦးအား တွန်းလိုက်သည်။

ဂွတ်ဒွင်တို့မိသားစုလည်း မတတ်သာဘဲ လျှောက်သွားကြရာ မီးဖိုဘက်ရှိ ၀ရန်တာသို့ ရောက် သွားကြလေသည်။
သမီးငယ်ကလေး စတီဖင်နီသည် တစ်နေရာတွင် ခြေချော်လဲကျသွားရာ လက်နှစ်ဖက်ကို နောက် ပြန်ကြိုးတုပ်ထားသဖြင့် ပြန်ထရန် ခက်ခဲနေရှာသည်။
ဂွတ်ဒွင်လည်း ဒေါသထွက်လာသဖြင့်-
"ခွေးမသားတွေ၊ လူမဆန်တဲ့ ခွေးသားတွေ"ဟု ရေရွတ်လိုက်မိသည်။

တိုင်းရင်းလူမည်တစ်ဦးက စတီဖင်နီ၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲဆုပ်ပြီး မတ် တတ်ထနိုင်အောင် ထူလိုက်သည်။ စတီဖင်နီခမျာ ငိုကြွေးလျက်နှင့်ပင် ထ၍ သူ့အစ်မ အဲလစ္စရှိရာ သို့ ချဉ်းကပ်သွားရှာလေသည်။
အကြီးမ အဲလစ္စကလည်း ညီမငယ်အား နှစ်သိမ့်အားပေးလျက်-
"ငိုမနေစမ်းပါနဲ့ စတီဖင်ရယ်၊ အခုဟာက ငါတို့ အပျောက်ကစားနည်းတစ်မျိုး ကစားနေတာပါကွဲ့" ဟု လုပ်ကြံပြောလိုက်သည်။
သို့သော် အဲလစ္စမျက်လုံးများကတော့ အလွန်စိုးရိမ်တုန်လှုပ်နေဟန် ဖြစ်နေသည်။

လက်နက်ကိုင် တိုင်းရင်းသား လူမည်းများသည် ဂွတ်ဒွင်နှင့်ဇနီး ဟယ်လင်တို့အား ကလေးငယ် နှစ်ဦးနှင့် အတူ တန်းစီရပ်ခိုင်းလေသည်။ ထို့နောက် ခေါင်းဆောင်လုပ်သူက တစ်ဦးချင်း၏မျက်နှာ ကို လက်နှိပ် ဓာတ်မီးဖြင့် ထိုးကြည့်သည်။
"ခင်ဗျားကို ဘာကြောင့် ဒီလိုလုပ်နေတာလဲ။ စစ်ပွဲကလည်း ပြီးဆုံးနေမှပဲ။ ကျုပ်တို့က ခင်ဗျားတို့ ကို ဘာမှလည်း လုပ်ခဲ့တာ မဟုတ်ပါဘူး"
ဂွတ်ဒွင်က ဤသို့မေးလိုက်ရာ လက်နက်ကိုင် လူမည်းက ဘာမှ ပြန်မဖြေဘဲ လက်နှိပ်ဓာတ်မီးဖြင့် သာ ဆက်လက်ထိုးကြည့်နေလေသည်။
သမီးငယ်ကလေး စတီဖင်နီသည် ဆက်လက်၍ ငိုကြွေးနေရှာသည်။

ထိုအတောအတွင်း မှောင်ရိပ်ထဲမှလူများ စကားပြောနေသံ ကြားလိုက်ရသဖြင့် မိမိတို့၏ ခြံဝင်း အတွင်းသို့ အခြား တိုင်းရင်းသားလူမည်းများ (အမျိုးသမီးနှင့် ကလေးငယ်များ)ပါ ရောက်ရှိနေ ကြောင်း သိသာလေသည်။
"ကျွန်မတို့ကို နှိပ်စက်တာ ၀ိုင်းကြည့်ရအောင် လူတွေခေါ်ထားတာ ဖြစ်ရမယ်ရှင့်။ ပြည်တွင်းစစ် အတွင်းက လိုပါပဲလား။ ကျွန်မတို့ကို သုတ်သင် ကွပ်မျက်ကြလိမ့်မယ်နဲ့ တူတယ်နော်"
ဟယ်လင် က ခင်ပွန်းဖြစ်သူအား ခပ်တိုးတိုး ပြောလိုက်သည်။

ဂွတ်ဒွင်ကမူ ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင်ကား ဇနီး ဖြစ်သူပြောသည့်အတိုင်း ဖြစ်လိမ့်မည်ဟု သိနေသည်။ ဟယ်လင်က တိုးတိုးပြောလိုက်ခြင်းမှာ သမီးကလေးနှစ်ယောက် မကြားစေရန် ဖြစ်လေသည်။
ဂွတ်ဒွင်သည် ဧကန်မုချ သေရတော့မည်ဟု တွက်လျက် ဇနီးဖြစ်သူအား ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက် မိသည်။

"ငါမင်းကို ဘယ်လောက် ချစ်တယ်ဆိုတာ ခဏခဏ မပြောမိတာကို အခုမျ ၀မ်းနည်းမိတယ် ဟယ် လင်ရယ်"
"မလိုပါဘူးရှင်၊ ရှင့်ပါးစပ်က ဖွင့်မပြောပေမယ့် ရှင်ဟာ ကျွန်မကို ဘယ်လောက် ချစ်တယ်ဆိုတာ ကောင်း ကောင်းကြီး သိနေပါတယ်"
ဟယ်လင်က ပြန်ပြောလိုက်မှ ဂွတ်ဒွင်သည် စိတ်ထဲ သက်သာရာရသလို ဖြစ်သွားတော့သည်။

ထိုအချိန်၌ မာတာဘယ်လီ တိုင်းရင်းသားလူမည်း အတော်များများ စုရုံးရောက်ရှိနေပြီဖြစ်ရာ သူတို့ ၏ ခေါင်းဆောင်က မာတာဘယ်လီ တိုင်းရင်းဘာသာဖြင့် စကားပြောလေသည်။
"ဒီမျက်နှာဖြူ မိသားစုဟာ ကျုပ်တို့ မာတာဘယ်လီ တိုင်းရင်းသားတွေရဲ့ ပိုင်နက်နယ်မြေပေါ်မှာ လာပြီး ခေါင်းပုံဖြတ် သွေးစုပ်အမြတ်ထုတ်နေသူများ ဖြစ်တယ်။ အသားစားကျူးတဲ့ တောခွေးရိုင်း တွေနဲ့ တူတယ်။ နောက်ပြီး သူတို့ဟာ ဟာရာရေမြို့က အောက်တန်းစား ရှိုနာလူမျိုး လူသတ် သမားတွေနဲ့လည်း အဆက်အသွယ် ရှိသူတွေဖြစ်တယ်"
ခေါင်းဆောင်လုပ်သူသည် အာပေါင်အာရင်းသန်သန်ဖြင့် ပြောပြီး ရောက်ရှိနေသော လူထုကပါ မျက်နှာဖြူ မိသားစုအပေါ် ဒေါသထွက်ကာ မုန်းတီးစက်ဆုပ်လာအောင် လှုံ့ဆော်သွေးထိုးပေး လျက်ရှိကြောင်း သိသာထင်ရှားပေသည်။

စကားပြောကောင်းသူဖြစ်၍ သူ၏ လှုံ့ဆော်ဟောပြောချက်က ထိရောက်ကြောင်းလည်း ထင်ရှား နေပြီ ဖြစ်သည်။
မာတာဘယ်လီ တိုင်းရင်းသားများသည် စိတ်လှုပ်ရှား တက်ကြွရာမှ တိုင်းရင်းသား ရိုးရာဓလေ့ အတိုင်း ခန္ဓာကိုယ် ၀ဲယာယိမ်းထိုးကာ စစ်ချီသီချင်းများကို သံပြိုင်သီဆိုစ ပြုနေကြလေသည်။
ခေါင်းဆောင်တစ်ဦးက ပြောကောင်းကောင်းနဲ့ လှုံ့ဆော်ဟောပြောလိုက်လျှင် လူအုပ်ကြီးသည် ဒေါသကို မချုပ်တည်းနိုင်ဘဲ သတ်ချင်ဖြတ်ချင်စိတ် ပေါ်လာသည်မှာ သူတို့၏ ရိုးရာဓလေ့တစ်ခုပင် ဖြစ်သည်။

အတိတ်ကာလတစ်ချိန်က မာတာဘယ်လီ တိုင်းရင်းသားများကို မီဇီလီကာဇီအမည်ရှိ လူမည်း ဘုရင်တစ်ဦး အုပ်စိုးစဉ်က ယခုကဲ့သို့ လူထုအား သွေးထိုးလှုံ့ဆော်ပေးခြင်းအားဖြင့် လူအုပ်ကြီးက သွေးရူးသွေးတန်းဖြစ်လာကာ ၀ိုင်းဝန်းသတ်ဖြတ်ကြခြင်းကြောင့် သေဆုံးခဲ့ရသူပေါင်း ဆယ်သိန်း ခန့် ရှိခဲ့သည်ဟုလည်း အဆိုရှိပေသည်။
ခေါင်းဆောင်လုပ်သူက ဆက်ပြောနေပြန်သည်။

"…..ဒီမျက်နှာဖြူ သွေးစုပ်ကောင်တွေဟာ ငါတို့ရဲ့ ဖခင်ကြီး ခေါင်းဆောင်တွန်ဂါတာကို ရှိုနာ လူမျိုးတို့ရဲ့ လူသတ်စခန်း၊ အကျဉ်းစခန်းရောက်အောင် ကူညီ ပို့ပေးခဲ့သူများလည်း ဖြစ်တယ်"
ဂွတ်ဒွင်သည်  ဇနီးဖြစ်သူအနီးသို့ ကပ်၍-
"ဟယ်လင်ရယ် ငါလေ မင်းကို သိပ်ချစ်တာပဲ"ဟု ပြောလိုက်သည်။
ဟယ်လင်ခမျာ  ခင်ပွန်းသည်က တကယ်ပင်  ယုယကြင်နာ မြတ်နိုးစွာ ပြောလိုက်သည်ကို  ကြားလျှင်  ကြည်နူးပီတိဖြစ်လွန်း၍ မျက်ရည်များပင် ကျမိရှာလေသည်။
"ဒီသစ္စာဖောက် မျက်နှာဖြူတွေကို ဘာလုပ်ကြမလဲ။ ဘာလုပ်ကြရင် ကောင်းမလဲ"

တိုင်းရင်းသား လူမည်းခေါင်းဆောင်က မေးလိုက်ရာ သူတို့ထဲမှ လူတစ်ယောက်က "သုတို့ကို  သတ်ပစ်လိုက်ရမယ်"ဟု အော်ပြောလိုက်သည်။
သို့သော် အများစုပါဝင်သော  လူအုပ်ကြီးက ဘာမှမပြောဘဲ ငြိမ်နေကြသည်။
"သူတို့ကို ဘာလုပ်မလဲ"
ခေါင်းဆောင်လုပ်သူက ထပ်မံ၍ မေးလိုက်ပြန်သည်။ တစ်ဖန် ထိုလူသည် မူလက စကားရပ်ပြော နေသော ၀ရန်တာပေါ်မှ မြေပြင်သို့ခုန်ဆင်းလိုက်ပြီး "ဒီမျက်နှာဖြူ သတ္တ၀ါတွေကို ဘာလုပ်ရင် ကောင်းမလဲ "ဟု ထပ်ဆင့်၍ အော်မေးလိုက်ပြန်သည်။

"သတ်ပစ်လိုက်၊ သတ်ပစ်လိုက်"
လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်ရာ ကျန်လူများကလည်း လိုက်၍ ဟစ်အော်ကြလေ တော့သည်။
"သက်ပစ်လိုက် သက်ပစ်လိုက်"
ထိုအခိုက် တိုင်းရင်းသား လူမည်း အမျိုးသမီးကြီးတစ်ဦးသည် အလွန်စိုးရိမ်ပူပန်ဟုန်ဖြင့် "ကျွန်မရဲ့ ကလေးတွေ၊ ကျွန်မရဲ့ ကလေးငယ်လေးတွေ သနားပါတယ်"ဟု တိုးလျှိုးတောင်းပန်သလို ပြော လိုက်သည်။

ထိုအမျိုးသမီးကြီးသည် ကလေးငယ်နှစ်ဦး (စတီဖင်နီးနှင့် အဲလစ္စတို့)အား ထိန်းရသူ (နာနီကလေး ထိန်း) မိန်းမကြီးဖြစ်ကြောင်း ဂွတ်ဒွတ်က မှတ်မိလေသည်။
သို့ရာတွင် သတ်ပစ်လိုက်၊ သတ်ပစ်လိုက်ဟု လူအုပ်ကြီးက ညာသံပေး၍ ဟစ်အော်ကြွေးကြော် သံက ဆူညံနေသဖြင့် အဘွားကြီး၏ အသံ ပျောက်နေတော့သည်။
ပြည်တွင်းစစ်အတွင်းက တိုင်းရင်းသား လူမည်းပြောက်ကျားတပ်များ ၀တ်ဆင်သော ယူနီဖောင်း ၀တ်စုံဝတ်းထားသူ  လူမည်းနှစ်ဦးသည် ရှေ့သို့ ထွက်လာလေသည်။
သူတို့သည် ဂွတ်ဒွင်ရှိရာကို ချဉ်းကပ်လာပြီး လက်နှစ်ဖက်ကို ဖမ်းချုပ်ကာ အုတ်နံရံဆီးသို့ခေါ် သွားလေသည်။

ဂွတ်ဒွင်အား နံရံကို မျက်နှာမူ၍ ဒူးထောက်ခိုင်းသည်။
ခေါင်းဆောင်လုပ်သူသည် သူ၏လက်မှ လက်နှိပ်ဓာတ်မီးကို အနီးရှိ လူတစ်ယောက်အား လှမ်းပေး လိုက်ပြီးနောက် သူ၏ခါးကြားမှ မောင်းပြန်ပစ္စတိုသေနတ်တစ်လက် ဆွဲထုတ်လိုက်သည်။ တစ် ဆက်တည်းမှာပင်  သူသည် ပစ္စတိုသေနတ်ပြောင်းကို ဂွတ်ဒွင်၏ ဦးခေါင်းနောက်သို့ တေ့ကာ တစ်ချက်ပစ်လိုက်သည်။

ဂွဒွင်ခမှာ မှောက်ထိုးလဲကျသွားစဉ် အနီးကပ် ပစ်လိုက်သော သေနတ်ကျည်ဆန်၏  ယမ်းအား ပြင်ထန်မှုကြောင့် ဦးခေါင်းကြွေမွကာ မရှုမလှ သေဆုံးသွားရှာလေသည်။
လက်နတ်ကိုင် တိုင်းရင်းသား လူမည်းများက ဇနီး ဟယ်လင်းအား ဖမ်းခေါ်၍ ဂွတ်ဒွင်၏ အလောင်းဘေးနားသို့ ဆွဲခေါ်ကာ ဒူးထောက်ခိုင်းလိုက်သည်။
"မာမီ၊ မာမီ"

သမီးကြီး အဲလစ္စက ထိတ်လန့်တကြား အော်ဟစ်လိုက်စဉ်မှာပင် ဒိုင်းကနဲ့ ပစ္စတိုသေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး ဟယ်လင်းလည်း သေဆုံးသွားလေတော့သည်။
ထို့နောက် သမီးကြီး အဲလစ္စကိုလည်း အလားတူ ပစ်သတ်လိုက်ပြန်သည်။

သမီးငယ်ကလေး စတီဖင်နီသည် ရုန်းကန်နေရာ လူမည်းခေါင်းဆောင်က ပစ္စတိုသေနတ်ဒင်ဖြင့် ကလေး ၏ ဦးခေါင်းကို ခပ်ပြင်းပြင်း လွှဲရိုက်လိုက်သည်။ ကလေးမလေးသည် သူ့အစ်မ၏ကိုယ်မှ ထွက်ကျ လာသော သွေးအိုင်ထဲ လဲကျသွားရှာသည်။ ဤတွင် လူမည်းခေါင်းဆောင်က စတီဖင်နာ ၏ နားထင် တည့်တည့် သို့ ပစ္စတိုဖြင့် ပစ်လိုက်လေသည်။
ထို့နောက် သူ၏ လက်ညိုးဖြင့် သွေးများကိုတို့ပြီး အိမ်ဝရန်တာနံရံတွင်

"တွန်ဂါတာ အသက်ရာကျော် ရှည်ပါစေ"ဟု ရေးသားလိုက်ပြီးမှ သူ၏ လူများကိုခေါ်ကာ ခြံကြီး အတွင်းမှ ထွက်သွားလေသည်။
ယင်းကြေကွဲဖွယ် ဖြစ်ရပ်သတင်းကို ခရိတ်နှင့် ဆယ်လီတို့က ရုပ်မြင်သံကြားမျ ကြားသိလိုက်ရ ခြင်းဖြစ် လေသည်။

အခန်း (၁၉) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၁၀)

"အော်..ဘုန်းတော်ကြီး တပည့်ရင်းကိုး၊ လာပါနောင်ကြီး အိမ်ပေါ်မှာ အမောဖြေပါဦး၊ စားသောက်ပြီင်္းမှ အေးအေး ဆေးဆေး လိုက်ပို့ပါမယ်၊ ကျွန်တော့်ဇနီးနဲ့သမီး နေ့ဆွမ်းသွားပို့တာ ဟောဟိုမှာ ပြောရင်း ဆိုရင်း ပြန်လာကြပြီ"

    ဦးချစ်မောင်က သူကြည်ညိုလှသော ကျေးဇူးရှင် ရဟန်းတော် ဦးခေမာ၏ တပည့်ဖြစ်သော ဦးဘိုးညွန့်အား ပျူငှာဖော်ရွေစွာ ဖိတ်ခေါ်သည်။ ဆွမ်းပို့ရာမှ ပြန်လာသော ဒေါ်အုန်းနှင့် မစပယ်အား ဦးဘိုးညွန့် မည်သူဖြစ်ကြောင်း ဆီးကြိုပြော၏။ ဒေါ်အုန်းနှင့် မစပယ်ကလည်း ပျူငှာစွာ နှုတ်ဆက်ခါ ထမင်း အတူ စားသောင်ပြီးသောအခါ ဦးခေမာက ကမ္မဋ္ဌာန်းထိုင်ချိန်ဖြစ်၍ ညနေခင်းမှသွားရန် ဦးဘိုးညွန့် အားပြောပြီး လက်ဖက်ရည် အကြမ်းဝိုင်းကိုချကာ အေးအေးစကားပြောနေကြသည်တွင် မစပယ် က သူသိလိုသော ဆန္ဒကို ဦးဘိုးညွန့်အား ဖွင့်ဟမေးမြန်းလေသည်။
    "စပယ် သိချင်တာတစ်ခုရှိလို့ ဘကြီးကို မေးပါရစေ၊ ပြောပြနိုင်မလား ဘကြီး"

    "အင်း…ဆိုပါဦး၊ မိန်းကလေးက ဘာများသိချင်တာလဲကွယ်"
    ဦးဘိုးညွန့် တုံ့ပြန်သည်။
    "ရဟန်းတော် ဦးခေမာ အကြောင်းပါ ဘကြီးရယ်၊ သူ့ဇနီး မေစန်းရီဆိုတာ ဘာကြောင့်အဆိပ်သောက် သေသွား ရတာလဲ၊ ဘကြီး ပြောနိုင်ရင် ပြောပါလို့ စပယ်တောင်းပန်ပါတယ်၊ ဘယ်သူကမှ မသိစေရ ပါဘူး ဆိုရင်လဲ စပယ်တို့ နှုတ်လုံထားပါမယ်ဘကြီး"

    ဦးချစ်မောင်နှင့် ဒေါ်အုံးတို့က သမီးဆန္ဒကို မကန့်ကွက်ကြချေ။ သူတို့ကိုယ်တိုင်ကပင် ဤ အကြောင်းကို သိလိုနေကြသည်။ ဦးဘိုးညွန့်အနေဖြင့် တိုင်းကျော်ပြည်ကြား ဖြစ်ခဲ့ပြီးသည့်ကိစ္စကို ဖုံးဖိ သိုဝှက် ထား၍ အကျိုးမရှိဟု တွေးမိသည့်အပြင်မစပယ် မိသားစုသည် ဦးခေမာ၏ ဆွမ်းဒါယကာများ ဖြစ်နေ ကြောင်း သိလိုက်ရပြီဖြစ်၍ ဦးခေမာ၏ လွန်လေပြီးသော အတိတ်ဇာတ်ကြောင်းကို ပြန်လည် ဖော်ထုတ် ရပေမည်ဟု စိတ်ဆုံးဖြတ်လိုက်၏။

    "အေးကွဲ့…ပြောသင့်ပြောထိုက်တဲ့ အကြောင်းဖြစ်လို့ ဘကြီးလဲ မသိုဝှက်ပါဘူး၊ နားထောင် မိန်းကလေး ရဲ့၊ ဇာတ်လမ်းအစက ဒီလိုလေ"
    ဦးဘိုးညွန့်က နိဒါန်းချပြီး ဇာတ်ကြောင်းပြန်သည်ကို မစပယ်တို့ မိသားစုက စိတ်ဝင်စားစွာ နားထောင်နေရာမှ သူတို့စိတ်အာရုံတွင် လူဝတ်ကြောင်ဘ၀က ဇာတ်လမ်းသည် ကွင်းကွင်းကွက်ကွက် ထင်မြင်လာလေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ဘေးဒဏ်ကို ရှောင်ပုန်း ပြေးလွှားကြရသော လူအများတွင် လယ်ပိုင်ရှင် သူဌေးကြီး ဦးစံကျော်၊ ဇနီးဒေါ်မြရှင်၊ ဒေါ်မြရှင်၏ မိခင်ကြီး ဒေါ်ခင်အိ၊ ဦးစံကျော်-ဒေါ်မြရှင်တို့၏သားောမင်ခင်မောင်ကြီး ဆိုသူတို့ ပါဝင်လေသည်။ တပည့်ငယ်သား လယ်သမားများရှိရာ ရွာသို့ ပုန်းခိုရန် ပြေးလွှားရောက်ရှိလာသော မိသားစုသည် ၄င်းရွာမှာ မိဘမဲ့ ဆွေမျိုးမဲ့ ဆင်းရဲနွမ်းပါးရှိသော အသက် သုံးဆယ်ကျော်အရွယ်ရှိ မောင်ဘိုးညွန့်ဆိုသူအား လက်တိုလက်တောင်း ခိုင်းစေရန် အတွက် ငွေကြေး ဖြင့် ငှားရမ်းထားခဲ့သည်။

သို့သော် မောင်ဘိုးညွှန့်၏ တာဝန်သိခြင်း၊ သစ္စာရှိခြင်း၊ ကျိုးနွံခြင်းတို့ကြောင့် မကြာမီပင် ငွေကြေးဖြင့် ငှားရမ်းထား သူကဲ့သို့ သဘောမပိုက်တော့ဘဲ၊ ဆွေမျိုးသားရင်း အရင်းအချာတစ်ယောက်ကဲ့သို့ ချစ်ခင် အားကိုး ယုံကြည်ခြင်း ခံရလေသည်။ ဆွေမျိုးမိဘ ကင်းမဲ့ရှာသော မောင်ဘိုးညွန့်ကလည်း ခင်မောင်ကြီး မိသားစု ကို သစ္စာစောင့်သိသည်။ ခင်ောမင်ကြီးအာ လွန်စွာထိန်းကျောင်း စောင့်ရှောက်သည်။ ခင်မောင်ကြီး က မောင်ဘိုးညွန့်ကို တုံ့ပြန်သော မေတ္တာဖြင့် ဦးလေးညွန့်ဟု ရင်းနှီးစွာ ခေါ်ခါ တူအရင်း နှစ်ယောက် တပူးတွဲတွဲဖြင့် မခွဲမခွာ နေခဲ့ကြသည်။ စစ်ပြီးခေတ်တွင် ခင်မောင်ကြီးတို့ မိသားစု မြို့ပေါ် ပြန်ပြောင်း လာသောအခါ ခွဲခွာ၍မဖြစ်အောင် သံယောဇဉ်တွယ်နေကြသည့်အလျောက် မောင်ဘိုးညွန့်က ခင်မောင်ကြီး ၏ အထိန်းတော်အဖြစ် တစ်ပါတည်း လိုက်လာခဲ့လေတော့သည်။

ခင်မောင်ညွန့်ကြီးက ကျောင်းပြန်နေပြီး ပညာဆက်သင်သည်။ မောင်ဘိုးညွန့်က တစ်အိမ်သားလုံး၏ အတွင်းလူ-လူယုံတော်အဆင့် ရောက်နေသည်။ ခင်ောမင်ကြီး ဆယ်တန်းအောင်သော နှစ်တွင် မိဘများ ဖြစ်ကြသောဦးစံကျော်နှင့် ဒေါ်မြရှင်တို့ တောရွာသို့ လယ်မြေကိစ္စနှင့် ရောက်ရှိနေခိုက် သူပုန် သောင်းကျန်းသူ တို့ သတ်ဖြတ်ခြင်း ခံလိုက်ကြရသည်။ လယ်မြေများကိုလည်း သူပုန်သောင်းကျန်းသူတို့ အန္တရာယ် ကြောင့် အဆုံးခံလက်လွှတ်လိုက်ကြရ သည်။

သို့သော် ခင်မောင်ကြီးနှင့် သူ့အဖွား ဒေါ်ခင်အိတို့အဖို့ နေရေးစားရေးမှာ ပူစရာမလိုချေ။ လယ်ရှင် မြေရှင် အဖြစ် နှစ်ပေါင်းများစွာကစုဆောင်းသိုမှီးထားခဲ့သော အတွင်းပစ္စည်း ရွှေငွေရတနာတို့အား စုရက် ပုံရက် ရှိနေချေသည်။ ထို့ကြောင့် ဆယ်တန်းအောင်သော ခင်မောင်ကြီးက တက္ကသိုလ်ပညာ ဆက်သင် နိုင်သည်။ အိမ်မှာ ဒေါ်ခင်အိနှင့် လူယုံတော် ဦးဘိုးညွန့်တို့က ရှိပစ္စည်းကို သိုသိုသိပ်သိပ်ဖြင့် ပညာသင် စရိတ် စားစရိတ် ပူစရာမလိုဘဲ အေးဆေးစွာ အိနြေ္ဒမပျက် နေနိုင်ခဲ့ကြသည်။

    တက္ကသိုလ်မှာ ကျောင်းပိတ်ချိန်ပြန်လာခဲ့သော ခင်မောင်ကြီးအား ဘွားအေဖြစ်သူ ဘွားခင်အိက ကရုဏာသက်ရှာသည်။
    "ငါ့မြေးလေး ကျောင်းဆောင်မှာ အစားအသောက် ဆင်းရဲရှာပေလိမ့်မယ်။ ဖွယ်ဖွယ်ရာရာ စားခဲ့ရမှာ မဟုတ်။ မောင်ဘိုးညွန့်သွားစမ်း စံမမှီ ခေါက်ဆွဲဆိုင်က ခေါက်ဆွဲ သွားဝယ်ချေ၊ ငါ့မြေးကလေး ကျွေးရအောင်…"
    ဘွားခင်အိက စေခိုင်းသောအခါ တက္ကသိုလ်ကျောင်းတော်ကြီးသား ခင်မောင်ကြီးကရယ်၏။
    "ခေါက်ဆွဲများ အဆန်းလုပ်လို့ မေမေကြီးရယ်၊ ကျောင်းမှာလဲ ကျွန်တော်တို့ အပြင်ထွက်ဝယ်စား အရသားပဲ မေမေကြီးရဲ့…"
    "အောင်မယ်..မင်းတို့ရန်ကုန်မှာ အဆာအရာ ရှားရျားပါးပါး ကလေးနဲ့ ချက်ရောင်းတဲ့ ခေါက်ဆွဲမျိုး မဟုတ်ဘူး၊ အုန်းနို့နိုင်နိုင်-ငါးဖယ်ခြစ်ပေါပေါ--ကြက်သားဖတ်များများ ထည့်ချက်ထားလို့ မွှေးကြိုင် အရသာ ရှိတဲ့ဟင်းရည်တွေ  စိတ်တိုင်းကျ ထည့်ပြီးစားရတဲ့ မြန်မာအုန်းနို့ ခေါက်ဆွဲငါ့မြေးရဲ့၊ တစ်ခါ စားမိရင် လျှာလည်သွားမှာ… အဲဒီဆိုင်က အုန်းနို့ခေါက်ဆွဲ တစ်နေ့၊ ကြာဇံကြီး တစ်နေ့၊ မုန့်ဟင်းခါး တစ်နေ့ဝယ်ကျွေးပြမယ်။ မေမေကြီးပြောတာ မယုံင် ကြည့်ပေါ့…ကဲ သွားဝယ်စမ်း မောင်ဘိုးညွန့်၊ မြန်မြန်ပြန်လာ၊ ဟင်းတွေ အေးကုန်ရင် စားရတာ ပေါ့သွားမယ်"

    ဘွားအိခင်က ပေါက်ပေါက်ဖေါက်သလို ဆက်တိုက်ပြောရင်း ဦးဘိုးညွန့်ကို ခိုင်းလိုက်သဖြင့် ဘွားအေ စိတ်ကျေနပ် စေရန် ခင်မောင်ကြီးက ငြိမ်နေလိုက်သည်။ သို့သော် ဦးဘိုးညွန့် ၀ယ်လာသော အုန်းနို့ ခေါက်ဆွဲကို ဟင်းရည်ပူပူနွေးနွေးဖြင့် စားလိုက်ရသောအခါ ခင်မောင်ကြီးအဖို့ မောင်ကျန်တတို့ဖြစ်ခါ လျှာ်လည်ပြီး အရသာစွဲသွားသည်။

    "မေမေကြီးပြောစဉ်က အထင်သိပ်မကြီးခဲ့ဘူး၊ အခုစာားကည့်တော့ တယ်ကောင်းပါလား မေမေကြီးရဲ့ ရန်ကုန်မှာ ဒီလောက် ကောင်းတဲ့ အုန်းနို့ခေါက်ဆွဲ မစားခဲ့ရဘူး"
    ခင်ောမင်ကြီးက ဖွင့်ဟ၀န်ခံသဖြင့် ဖွားခင်အိက များစွာ ကျေနပ်သွားသည်။ ထို့ကြောင့် ခင်မောင်ကြီး ခေါက်ဆွဲ၊ တစ်နေ့၊ ကြာဇံကြီး တစ်နေ့၊ မုန့်ဟင်းခါး တစ်နေ့ အလှည့်ကျဝယ်ကျွေးနေလေသည်။ ကြာဇံကြီးနှင့် မုန့်ဟင်းခါးက အုန်းနို့ခေါက်ဆွဲကဲ့သို့ပင် စား၍ အဆင်ပြေ အရသာရှိသည်။ ငါးမုံ့နိုင်နိုင်-ငှက်ပျောအူနု အတွင်းအကွင်းဖြင့် ချက်ထားသော မုန့်ဟင်းခါးအား ခင်မောင်ကြီး ခံတွင်းတွေ့လှသည်။

    "အဲဒီဆိုင်က ဘယ်မှာလဲ ဦးလေးညွန့်…"
    စိတ်ဝင်စားလာသော ခင်မောင်ကြီးက မေး၏။
    "ဈေးထိပ်မှာပါပဲ၊ စားလို့ကောင်းတော့ ရောင်းရတာ လက်မလည်နိုင်ဘူး၊ မနက်ပိုင်း၊ ဈေးစည်ချိန်ဆို လူတိုးပေါက်မလဲ ခင်မောင်ကြီးရယ်.. ဒီမြို့မှာဖြင့် ဒီဆိုင်ကို ဘယ်သူမှ မမှီဘူးကွယ့်.."
    ဦးဘိုးညွန့်က ပြန်ဖြေ၏။

    "မနက်တိုင်း ဦးလေးညွန့် သွားဝယ်ပေးနေရတာ ပင်ပန်းပါတယ် အညောင်းပြေ လမ်းလျှောက်ရင်း ကျွန်တော်လိုက်လာပြီး ဆိုင်မှာပဲ ထိုင်စားမယ်လေ၊ အဲဒါက အပေါ့အငန် ဟင်းရည်အနည်းအများပြောပြီး  စားတော့ ပိုအဆင်ပြေပါတယ်"
    ဦင်္းဘိုးညွန့်သွားဝယ်ပေးနေရသည်ကို အားနာလာသော ခင်မောင်ကြီးက ပြော၏။

    "မောင့်ဘွားအေကို ခွင့်တောင်းဦးကွဲ့..တော်ကြာ ဦးလေးက ၀ယ်မပေးချင်လို့ မောင်ခင်မောင်ကြီးကိုယ်တိုင် လိုက်သွားဝယ်စားနေရတယ်ထင်ပြီး စိတ်မကောင်းဖြစ်ဦးမယ်…"
    "ဟုတ်တယ် ဦးလေးညွန့်၊ မေမေကြီးကို ပြောဦးမှ…"
    ဦးဘိုးညွန့်စကားကို ခင်မောင်ကြီး ထောက်ခံပြီး ဘွားအိခင်ထံ ခွင့်တောင်းသည်။ ဘွားအိခင်ကလည်း သူပြောသော အစားအစာကို မြေးဖြစ်သူ လျှာလည်သွားကြောင်း သိရသောအခါ ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုလေသည်။

    နောက်တစ်နေ့ နံနက်တွင် ဦးဘိုးညွန့်နှင့် ခင်မောင်ကြီးတို့သည် စကားတပြောပြောဖြင့် ဈေးထိပ် စံမမှီ ခေါက်ဆွဲ မုန့်ဟင်းခါးဆိုင်သို့ လမ်းလျှောက်လာခဲ့ကြသည်။ မုန့်ဆိုင်တွင်ကား အရွယ်အစား စားသော အမျိုးသား အမျိုးသမီးတို့ စည်ကားပြည့်ကျပ်စွာ မုန့်စားနေကြသည်။ ဤပရိတ်သတ်ထဲဝယ် လူပျိုလူရါယ်တွေက အများဆုံးပါဝင်၏။ ခင်မောင်ကြီးနှင့် ဦးဘိုးညွန့်က နေရာတစ်ခုမှာထိုင်ပြီး ခေါက်ဆွဲ နှစ်ပွဲ မှာလိုက်၏။ ခင်မောင်ကြီးသည် ခေါက်ဆွဲပန်းကန်မရောက်မီမှာ ဆိုင်အနေအထား အခင်းအကျင်းကို သတိထားကြည့်လိုက်သည်။

    သားသားနားနား သပ်သပ်ရပ်ရပ်ရှိသည်။ သန့်ရှင်းစင်ကြယ်သည်။ ပျူငှာဖော်ရွေသည်။ လာရောက်စားသောက်သူများကို လေးလေးစားစား မေးမြန်းဆက်ဆံသည်။ ထို့ကြောင့် ဒီဆိုင်က အဘက်ဘက် က ပြည့်စုံလို့သာ နာမည်ကြီးနေခြင်း စ်ြသည်ဟု ခင်မောင်ကြီး အမှန်အတိုင်း တွေးနေမိဆဲဝယ်…
    "ဒို့လေးယောက်စားတာ အားလုံးပေါင်းမှ ခုနစ်ကျပ်ခွဲပဲ ကျပါတယ်ကွာ မင်းက ဘယ်လောက်များ သွားပေး မယ် စိတ်ကူးလဲ"

ဟူသောအသံကို ကပ်လျက်စားပွဲဝိုင်းဆီမှ ကြားသောကြောင့် မသိမသာလှည့်ကြည့် နားစွင့်လေသည်။ ထိုစားပွဲမှာ လူရွယ်လေးယောက်ထိုင်နေသည်။ တစ်ယောက်သောသူက ခပ်ပြုံးပြုံး မျက်နှာဖြင့် နှစ်ဆယ်တန် ငွေစက္ကူတစ်ရွက်ကို ခေါက်ချိုးကိုင်ပြီး ပြန်ပြောသည်။

    "ဘယ်လောက်မှ မရည်မှန်းပါဘူးကွာ ဒါပဲသွားပေးမှာပါ၊ ပြန်အမ်းရင်လဲ ယူခဲ့တာပေါ့"
    "ပြန်အမ်းရိုးထုံးစံ ဘယ်အခါက ရှိခဲ့ဖူးလို့လဲ"
    "ဟကိုယ်က အမ်းပါဆိုရင် အမ်းမှာပေါ့၊ မပြောဘဲနေတော့ ဘယ်အမ်းမလဲ"
    "ဈေးသည်နဲ့ဈေးဝယ်ပဲကွ၊ ပြန်အမ်းပါ ပြောနေဖို့လိုသေးလား၊ မုန့်ပွဲချပေးတဲ့ သူငယ်တွေက ဘယ်နှစ်ပွဲဆိုတာ ပြောနေကြသားပဲ"
    "နိဗ္ဗာနပစ္စယော-ဟောတုပေါ့ကွာ၊ စမ်းကြည့်လိုက်ဦးမယ်"

    နှစ်ဆယ်တန်ကိုင်ထားသော လူရွယ်က ပြောပြောဆိုဆိုထသွားသဖြင့် ခင်မောင်ကြီးက မျက်စိမခွာ လိုက်ကြည့်မိသည်။ ပိုက်ဆံသိမ်းနေသူကို ထိုအခါမှ ခင်မောင်ကြီးက သတိပြုမိ၍ မြင်တွေ့ရလေတော့သည်။ ခင်မောင်ကြီးသည် ပိုက်ဆံသိမ်းနေသူအား မျက်တောင်မခတ်ကြည့်နေ မိ၏။ ပိုက်ဆံသိမ်းသူကား အသက်နှစ်ဆယ်မျှရှိမည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။

ဤမျှလောက် အပြစ်ကင်းစင်သည်ဆိုလောက်အောင် ချောမောလှပသော မျက်နှာမျိုးကို ခင်မောင်ကြီင်္း မတွေ့မမြင်ဘူးခဲ့ချေ။ ဤမျက်နှာလေးမျိုးကို တက္ကသိုလ်ကျောင်းသူတွေထဲမှာ ခင်မောင်ကြီး မမြင်မိ။ မျက်နှာလေး ချောသလောက် ကိုယ်လုံးကိုယ်ပေါက်က ဘယ်နေပါသလဲဟု ခင်မောင်ကြီး  တွေးနေစဉ်မှာ ဆိုင်ရှင်ဖြစ်ဟန်တူသော အဒေါ်ကြီးက…
    "သမီးရေ..ဟောဟိုမှာ သူဌေးမင်းက ခေါက်ဆွဲဘိုးပေးနေတာ သွားယူလိုက်ပါဦး"

ဟုလှမ်းပြောသဖြင့် မိန်းမပျိုက ပြုံးချိုသော မျက်နှာကလေးဖြင့် ထလာသည်။ ထိုအခါ ကိုယ်လုံးကိုယ်ပေါက်ကို ခင်မောင်ကြီးက ကြည့်လိုက်သည်။ မျက်နှာချောသည်အမျှ ကိုယ်လုံးကိုယ်ထည် အချိုးအစားကလည်း ဆိုစရာမရှိပါပေ။ ၀တ်ထားသော အင်္ကျီထဘီ အရောင်က ဖြူဝင်းသော အသားနှင့် ပဏာရလှသည်။ မိန်းမပျို ပိုက်ဆံသွားယူဟူသော သူဌေးမင်းဆိုသူကား ဇနီးသုံးယောက်တိတိ ယူထားပြီးသော ဆန်စက်တစ်လုံး၊ သစ်စက်တစ်လုံးပိုင်ရှင် လူသားစားဘီလူးဖြစ်ကြောင်း မြင်လျှင် မြင်ခြင်းသိသော ခင်မောင်ကြီးက ဂရုစိုက်ကြည့်နေမိသည်။

သူဌေးက ခေါက်ဆွဲဖိုးမည်မျှကျသည်မသိ၊ သူ့လက်ထဲမှာ ကိုင်ထားသည်က နှစ်ဆယ်တန် အခေါက် တစ်ခေါက်ဖြစ်သည်။ တစ်ရွက်ထည်း ကိုင်ထားခြင်းတော့မဟုတ် သုံးရွက်လား လေးရွက်လား၊ သူဌေးမင်း ၀ိုင်းမှာ ရှိသူကတော့ သုံးယောက်ထဲဟု ခင်မောင်ကြီးက တွက်နေသည်။

    "အစ်ကိုကြီးတို့ သုံးယောက်အတွက် ရော့..ညီမလေးစန်း ပြန်အမ်းချင်သေးလား"
    သူဌေးမင်းက ပြောင်ပြောင်တောက်သော မျက်လုံးဖြင့် ၀ါးစားတော့မှာလို ကြည့်ရင်းမေးသည်။
    "အစ်ကိုကြီးတို့ သဘောပေါ့..ပြန်အမ်းဆိုလဲ အမ်းမယ်လေ"
    မိန်းမပျိုက ချစ်စဖွယ် ဦးခေါင်းကလေးငဲ့ မျက်ခုံးလေးပင့်ပြီး ပြန်ပြောသည်။

    "ညီမလေး သဘောပါဗျာ"
    "စန်းပြန်အမ်းဖို့ အချိန်မရှိတော့ဘူး အစ်ကိုကြီး နောက်မှအေးအေးဆေးဆေးပေါ့"
မိန်းမပျိုက ပြောပြောဆိုဆို ပိုက်ဆံသိမ်းသည့်နေရာ ပြန်လှည့်သွားသည်။ စောစောက ခင်မောင်ကြီးတို့ စားပွဲနားမှာ နှစ်ဆယ်တန်ကိုင်ပြီး ထသွားသော လူရွယ်က ပိုက်ဆံသိမ်းသည့်နေရာမှာ ရပ်စောင့်နေသည်။

    "အစ်ကိုကဘယ်လောက်ဘိုး စားပါသလဲ"
    နှစ်ဆယ်တန်ကို လှမ်းယူရင်း မိန်းမပျိုက မေး၏။
    "ခုနှစ်ကျပ်ခွဲဘိုးဘဲ၊ ဆယ့်နှစ်ကျပ်ခွဲ ပြန်အမ်းပေါ့"
    လူရွယ်က ခပ်ပြုံးပြုံးပင် ပြန်ပြောသည်။ မိန်းမပျိုက ပြုံးပြီး ပိုက်ဆံသေတ္တာထဲမှာ မွှေနှောက်ပြီးမှ
    "အနှုတ်မရှိသေးဘူးအစ်ကိုရေ့၊ နှစ်ဆယ်တန်တွေချည်းဖြစ်နေပြီ နောက်လဲ လာစားဦးမှာပဲ အစ်ကိုရာ၊ နှိမ်လိုက်ပေါ့ ဟုတ်လား"

မိန်းမပျိုက မျက်ခုံးကလေးချီ ပြောလိုက်လျှင်ပင် လူရွယ်သည် ကျေနပ်စွာပင် ပြုံးပြုံးကြီး ဦးခေါင်းညိတ်ကာ တပ်ခေါက် ပြန်လာခဲ့လေသည်။ အခြားသူများနှင့်မူ မှန်မှန်ကန်ကန်ပင် ပိုက်ဆံပြန်အမ်းသည် ခင်မောင်ကြီးသည် မိန်းမပျိုကိုကြည့်နေရင်း စိတ်ထဲမှာ မကောင်းဘဲဖြစ်လာသည်။
    မိန်းမပျိုကိုငေးနေသော ဦးဘိုးညွန့်က မေး၏။

    "ဟာ-ဦးလေးညွန့်ကလဲ အမဲကောင်တွေ စာရင်းထဲ ကျွန်တော်မပါချင်ပါဘူး၊ ဦးလေးညွန့်ပဲ သွားပေးပါ၊ အတိအကျပေးနော် ပိုတဲ့ ပိုက်ဆံပြန်တောင်း"
    ခင်မောင်ကြီးစကားကြောင့် ဦးဘိုးညွန့်က အသံမထွက်ဘဲရယ်ခါ ပိုက်ဆံသွားပေးသည်။ ခေါက်ဆွဲဆိုင်က ထွက်လာပြီး အပြန်လမ်းတစ်လျှောက်မှာ ခင်မောင်ကြီးနှင့် ဦးဘိုးညွန့်တို့ အမေးအဖြေလုပ်လာကြ၏။

    "ဒီအမျိုးသမီးက တော်တော်ချောပါလား၊ ဒီလိုရုပ်ရည်မျိုး တစ်ခါမှ ကျွန်တော် မမြင်ဖူးသေးဘူး၊ ရုပ်ပြစားနေတာပါပဲ ဦးလေးညွန့်ရာ အခုကျွန်တော်ထိုင်နေတဲ့ အချိန်ကလေးမှာကို အမဲနှစ်ကောင် မိလိုက်တာပဲ"
    "ဟုတ်တယ် မောင်ခင်ကြီးရဲ့ ဒါအဆန်းမဟုတ်ပါဘူး၊ နေ့တိုင်းသွားရင် နေ့တိုင်းတွေ့နေရမဲ့ အဖြစ်ပါ။ သူ့ကို မက်မောမိတဲ့ယောက်ျားဆို ခေါက်ဆွဲဘိုး မုန့်ဟင်းခါးဘိုး အမြဲပိုပေးနေခဲ့ရတာပဲ၊ မပိုလဲ မရဘူးလေ ပိုက်ဆံအတိအကျပေးတဲ့လူဆိုသူက မျက်နှာမှန်မှန် ဆက်ဆံတယ်။ အဲဒီတော့ ဆိုင်မှာလဲပြုံး အိမ်လိုက်သွားလဲ ပြုံးရအောင် ပိုပေးကြတာပေါ့"

    "အော်…အဲဒီလို လက်ခံနေတာလား ဦးလေးညွန့်"
    "လက်ခံတယ်ဆိုတာက ဒီလိုလေ၊ လူအသိခံတာမဟုတ်ဘူး သိပ်ပါး သိပ်လည်တာ၊ အမူအရာနဲ့စကားနဲ့ ပြစ်ပြီး မြှူချတယ်ဆိုရမှာပေါ့၊ ရုပ်ကလေးကလဲ မက်စရာဆိုတော့ အချောင်ဘဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် ရရင်မနဲဘူးဆိုတဲ့ စိတ်ထားမျိုးနဲ့ ငွေမျှောလိုက်နေတဲ့ သဘောနဲ့ ယောက်ျားတွေက ရိနေတာပါ ခင်မောင်ကြီးရယ်"

    "ဟိုဆိုင်ရှင် အမေကြီးက သူ့အမေအရင်းလား"
    "အေးကွဲ့-အဲဒါတော့ သေသေချာချာမသိဘူး၊ သူတို့ခေါ်ကြပြောကြတာတာ့ အမေ သမီးလို့ ကြားတာပဲ၊ ဒါပေမယ့်ရုပ်ကတော့တခြားစီနော် ခင်မောင်ကြီး"
    "ဟုတ်တယ်ဦးလေးညွန့် သမီးအရင်းဆိုရင်တော့ ထားပါတော့-မဟုတ်ဘူးဆိုရင် သက်သက် သမီးချင်း မျောက်ပြ ဆန်တောင်း အလုပ်မျိုးပဲ"
    "သမီးရင်း ဟုတ်မဟုတ် ဦးလေး စုံစမ်းကြည့်ဦးမယ်"

    "သူ့နာမည်က ဘာတဲ့လဲ ဦးလေးညွန့်"
    "မေစန်းရီတဲ့ကွဲ့"
    "မေစန်းရီ..မေစန်းရီ"
    ခင်မောင်ကြီးက နှစ်ခွန်းဆင့် ရေရွက်လိုက်၏။
    "ဘာလဲကွဲ့ စိတ်ထဲ ဟိုလိုဒီလိုဖြစ်လာပြီလား ခင်မောင်ကြီး" ခင်မောင်ကြီးက ရယ်ပြီးဖြေ၏။

    "မစြဖ်ပါဘူး ဦးလေးညွန့်ရာ၊ ဒီလောက် ချောလှတဲ့ ရုပ်ရည်ကလေး ဒီလိုလုပ်နေရင် အပေါစားဖြစ်သွားတော့မယ်လို့ တွေးမိလို့ပါ"
    "ခင်မောင်ကြီးက အပေါစားဖြစ်သွားမှာ စိုးရိမ်နေမဲ့ သူတို့အဖို့တော့ အခုလိုခေါက်ဆွဲဘိုး၊ မုန့်ဟင်းခါးဘိုး အပိုတွေက တစ်နေ့တစ်ရာလောက် အနည်းဆုံးရနေတာပဲ၊ ပိုတောင်ပိုလိမ့်ဦးမယ်"
    "ဘာပဲဖြစ်ဖြစ်လေ သူ့ဆိုင်က ခေါက်ဆွဲမျိုး မုန့်ဟင်းခါးမျိုးကတော့ ဘယ်ဆိုင်နဲ့မှ မတူအောင် ကောင်းတာပဲ၊ ကျောင်းပြန်မသွားခင် ၀အောင်တော့ စားသွားရမယ် ဦးလေးညွန့်ရေ့"
    "အေးအေး စားသင့်အောင် ကောင်းတာကိုး ခင်မောင်ကြီးရဲ့"

    ဦးဘိုးညွန့်က ထောက်ခံသည်။
    ထို့နောက်တွင်ကား မေစန်းရီ၏ ခေါက်ဆွဲဆိုင်သို့ ခင်မောင်ကြီးသည် ဦးဘိုးညွန့် ပါသည့်အခါပါသည်။ တစ်ယောက်တည်း လာသည့်အခါလာသည်။ ကျောင်းပိတ်ပြန်လာသည့် အခါတိုင်း ၀တ္တရားမပျက် သွားဝယ်စားနေသည်ဖြစ်ရာ မေစန်းရီသည် ခင်မောင်ကြီးအား မှတ်ျွှတ်သားသားဖြစ်ခါ သတိပြုမိလာသည်။ ထိုသို့ အထူးသတိပြုမိရန် အကြောင်းကလဲရှိလေသည်။ ထိုသို့ အထူးသတိပြုမိရန် အကြောင်းကလဲရှိလေသည်။

ခင်ောမင်ကြီးသည် ကျောင်းပိတ်ချိန်ရောက်မှ ပေါ်လာတ်ကပြီး တစ်နေ့မပြတ်မှန်မှန်စားသည်။ ကျောင်းဖွင့်ချိန်ရောက်လျှင် ပျောက်သွားတတ်သည်။ ထို့ကြောင့် စိတ်ဝင်စားမိသော မေစန်းရီက စုံစမ်းမေးမြန်းကြည့်သောအခါ မြို့ပေါ်မှာ ထင်ရှားလှသော သူဌေးမကြီး ဘွားခင်အိ၏ တစ်ဦးတည်းသော အမွေခံမြေး တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း သိရသည်။ မေစန်းရီအဖို့ အခြားမှတ်သား စရာ အဖြစ်ကရှိနေသေးသည်။ ထိုအဖြစ်ကား ခင်မောင်ကြီး၏ ထူးခြားသော အပြုအမူနှင့်စကားပင် ဖြစ်သည်။ ခင်မောင်ကြီးသည် အဆက်မပြတ် မုန့်လာစားနေသော်လည်း မုန့်ဘိုးငွေပေးချေရာမှာ ပိုက်ဆံကို အတိအကျတွက်ပြီးပေးတတ်သည်။

ခင်မောင်ကြီးစားသော မုန့်ဘိုးနှင့်ပတ်သက်၍ ပြန်အမ်းရမည်လား၊ မအမ်းဘဲနေရမည်လားဟူသော ပြဿနာ တစ်ခါမှ မပေါ်ခဲ့ဘူးသေးပေ။ ငါ့ကိုမြင်သမျှ လူပျိုလူရွယ်တွေ အနည်းနှင့်အများ ပိုက်ဆံပြဿနာ အငြိခံကြပါလျက်နှင့် ဒီကိုခင်မောင်ကြီးဆိုသူက ဘာကြောင့် အတိအကျဖြစ်နေရပါသလဲဟု မေစန်းရီက သူကရူပါရုံအားကိုးနှင့် မာနစိတ်ပေါ်လာတတ်သည်။ နေနှင့်ဦးပေါ့ တနေ့နေ့ငြိမှငါ့အကြောင်း သိရမယ်ဟု မေစန်းရီက မခံချိမခံသာ ကြိမ်းထားကြောင်း ခင်မောင်ကြီးက သတင်းရလိုက်သည်။

ထို့ကြောင့် ခေါက်ဆွဲစားထွက်လာသော ခင်မောင်ကြီးက မေစန်းရီကို ပြောရန် စကားတွေကို ရှာရင်း စဉ်းစားလာခဲ့၏။ ခေါက်ဆွဲဆိုင်ရောက်၍ စားသောက်ပြီးစီးသောအခါယခင်ကကဲ့သို့ အတိအကျ တွက်ထားသော ပိုက်ဆံကို စားပွဲထိုး သူငယ်ကလေးအား ပေးနေကျ မပေးတော့ဘဲ၊ မေစန်းရီ ပိုက်ဆံသိမ်းနေရာ စားပွဲသို့ ထလာခဲ့သည်။ သူဌေးသား သူဌေးမြေးဖြစ် နင့်အောင်ချိုင်ရတော့မည် ဟူသောအသိဖြင့် မေစန်းရီအမေက အလွန်ပြုံးရွှင်သော မျက်နှာဖြင့် အဓိပ္ပါယ်ပါစွာ မေစန်းရီကို လှမ်းကြည့်သည်။ မေစန်းရီက မိခင်အား နားလည်ပါသည်ဟူသော သဘောဖြင့် တစ်ချက် ပြန်ကြည့် လိုက်၏။

    "အစ်ကို စားပြီးပြီလား"
    စားပွဲရှေ့လာရပ်သော ခင်မောင်ကြီးကို မေစန်းရီက ကြာပါပါဖြင့် မေးသည်။ ခင်မောင်ကြီးက ပကတိမျက်နှာမှန်မှန်ဖြင့် ပြန်ပြောသည်။
    "ဟုတ်ကဲ့-ပြီးပါပြီ၊ ကျွန်တော်မုန့်နှစ်ပွဲစားပါတယ်"
    ပြောရင်း နှစ်ဆယ်တန်တစ်ချပ်ကို မေစန်းရီအား လှမ်းပေး၏။ မုန့်နှစ်ပွဲက နှစ်ကျပ်ခွဲသာ ကျသည်။ မေစန်းရီက တော်ရုံယောက်ျား အရည်ပျော်လောက်သောအပြုံးဖြင့် ခင်မောင်ကြီးမျက်နှာ စေ့စေ့ကြည့်ခါ..

    "အစ်ကို နောက်နေ့တွေလဲ လာစားဦးမှာပဲ ဟုတ်လား"
    ဟု ချိုလွင်သောအသံဖြင့် မေး၏။
    "စားချင်စိတ်ပေါ်လဲ စားမှာပေါ့၊ မစားချင်လဲ ဘယ်လာမလဲ"
    ခင်မောင်ကြီး အသံမှန်မှန်ထွက်သလို မျက်နှာ အိနြေ္ဒကလည်း တစ်ဝက်မှမလျော့ချေ။
"အစ်ကိုတို့ တက္ကသိုလ်မှာ စန်းတို့မုန့်မျိုး စားရမှာမဟုတ်ပါဘူး စန်းသိပါတယ်အစ်ကိုရာ နေ့နေ့တွေလဲ လာစားမှာပဲမဟုတ်လား၊ ပိုက်ဆံပြန်အမ်းနေရဖို့ လိုသေးလား အစ်ကို၊ ကျောင်းမပြန်မချင်း နှစ်ဆယ်ဘိုးမက လာစားဟုတ်လားနော်"

ဤနည်းဖြင့် သူ့ရူပါရုံမှာ ၀င်တိုးမိသော လူပျိုလူရွယ်တွေကို မေစန်းရီ ချိုင်နေကျဖြစ်သည်။ မည်မျှပင် ပိုပေးထားစေကာမူ နောက်နေ့တွေမှာ ယောက်ျားက ကပ်ကပ်သပ်သပ် ငွေကိုတွက်ပြီး ငုတ်တုတ် ထိုင်တါက်ပြီး ထုတ်ပေးကြမည်သာပင်။ ပိုင်နေကျနည်းဖြင့် မေစန်းရီက ခင်မောင်ကြီးကို စမ်းလိုက်၏။ သို့သော် ကြိုတင် သတင်းရထားပြီး ဖြစ်သော ခင်မောင်ကြီးက အမူအရာပျက်ခြင်း မရှိဘဲ အသံမှန်မှန်ဖြင့် ၀င်ပြောသည်။

    "နောက်နေ့တွေ လာစားတာက နေ့နေ့ကိစ္စပေါ့၊ အခုစားတာ မုန့်ဖိုးနှုတ်ပြီး ပိုက်ဆံပြန်အမ်းပါ ခင်ဗျာ…"
    "အမယ်လေး…အစ်ကိုကလဲ ဒါလောက်ပိုက်ဆံကလေး မြော်မြင်လိုက်တာ၊ စန်းတို့ဆိုင်ကို အားမပေးချင်လို့လား"
    မေစမ်းရီက မေးကလေးပြစ်၊ မျက်စကလေးချီပြီး မေး၏။

"အားပေးချင်လို့ တရုတ်ဆိုင်၊ ကုလားဆိုင်မှာမစားဘဲ မြန်မာအချင်းချင်းဖြစ်တဲ့ ခင်ဗျားတို့ဆိုင် လာစားတာပေါ့၊ ကျွန်တော်တို့က ရိုးသားစွာ အားပေးသလို ခင်ဗျားတို့ကလည်း ၀ယ်စားသူတွေအပေါ်မှာ စေတနာသန့်ရှင်းရင် မကောင်းဘူးလား။ အခုတော့ ကျွန်တော်က မုန့်ကို သဘောကျလို့ ကိုယ့်မြန်မာ အချင်းချင်း အားပေးချင်လို့ လာတာကို ခင်ဗျားစိတ်ထဲမှာ ခင်ဗျားရုပ်ရည်ကို ငမ်းပြီး လာနေကြတဲ့ အမဲကောင်တွေပဲလို့ သဘောထားပြီး ငွေကို ရသလော မြှူယူ ချူယူနေတယ်။

ခင်ဗျားရဲ့ ချောတဲ့လှတဲ့ ရုပ်ရည်ကလေးကို မုန့်ဖိုးကပိုသမျှ ပိုက်ဆံနဲ့ တန်ဖိုးဖြတ် ရောင်းစာနေတာနဲ့ ဘာထူးတော့သလဲ ခင်ဗျားအသက်အရွယ် ခင်ဗျားရုပ်ရည်ဟာ အိနြေ္ဒသိက္ခာရှိရှိ နေသွားမယ်ဆိုရင် အညွှန့်တလူလူ တက်နိုင်ပါရက်နဲ့ ကိုယ့်အညွှန့်ကိုယ်ချိုး၊ ကိုယ့်သိက္ခာကိုယ်ဖျက်ပြီး လာသမျှ ယောက်ျားတွေ မြှူချတတ်တဲ့ ပိုင်းလုံးမဆိုတဲ့ နာမည်ဆိုးကြီးကို ရင်ဝယ်မပိုက်ချင်ပါနဲ့ဗျာ။ ကျုပ်ပိုက်ဆံမရချင်နေ၊ ပြောချင်တာပြောပြီးပြီ..သွားမယ်"

ခင်မောင်ကြီးက သူပြောချင်သည့်စကားတွေကို အဓိပ္ပာယ်ပေါ်အောင်ပြောပြီး စကားဆုံးသည်နှင့် တစ်ပြိုင်နက် နှစ်ဆယ်တန်တစ်ချပ် အဆုံးခံပြီး ဆိုင်ထဲမှ လှည့်ထွက်လာခဲ့သည်။
လူပျိုလူရွယ်မှန်သမျှ မေစန်းရီ၏ ကြာမျက်လုံးနှင့် အပြုံးထဲမှာ လက်လျှော့ အရှုံးပေး ကြရသည်ချည်းဖြစ်လျက် ခင်မောင်ကြီးတစ်ယောက်က ထူးထူးဆန်းဆန်း မတွေးထင် မမျှော်လင့်သော စကားတွေကို ပြောင်မြောက်စွာချက်ကျကျ ပြောလိုက်သည်ကို ကြားကြ ရသောအခါ ဆိုင်တွင်းရှိ မုန့်စားနေသူအားလုံးသည်လည်းကောင်း၊ မေစန်းရီ၏ အမေသည်လည်းကောင်း၊ အလုပ်သမား များသည်လည်းကောင်း အံ့အားသင့်စွာဖြင့် နှုတ်စိတ်နေကြသည်။ မေစန်းရီကိုယ်တိုင်ပင် မည်သည့်အခါကမှ မကြားဘူးခဲ့သော စကားလုံးတွေကြောင့် မျက်နှာပေါ်က ကြာမျက်လုံးရော အပြုံးပါ ပျောက်ကွယ်မှင်သက်မိသလို ကြောင်နေရှာသည်။

ခင်မောင်ကြီးထွက်သွားပြီးသောအခါမှ ဆိုင်တွင်းကလူတွေ အသက်ဝင်သလို လှုပ်ရှားလာကြသည်။ အသံထွက်လာကြသည်။ မုန့်စားနေသူတွက မေစန်းရီနှင့် သူ့အမေကို မသိမသာကြည့်ခါတီးတိုး တီးတိုးဖြင့် သဖန်းပိုး လုပ်နေကြ၏။ မေစန်းရီအမေက ဈေးသည်ပီပီ စားသောက်နေကြသူတွေ ဖောက်သည်မပျက်စေရန် အသံကို ထိန်းချုပ်ကာ ဟန်ဆောင်စကားလုံးတွေက ထွက်လာ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၅၀)

ပုထုဇ္ဖနော ဥမ္မတ္တကော
(၁)

အထက်အညာဒေသရှိ မြို့ကလေးတစ်မြို့မှ ပွဲရုံတစ်ရုံအတွင်း ဧည့်ခန်းအဖြစ် သတ်မှတ် ဖွဲ့စည်း ထားသော စားပွဲရှည်တစ်လုံး နံဘေးမှ ကုလားထိုင်တစ်ခုထက်တွင် ထိုင်ကာ ကျွန်တော်သည် လက်ဖက်ရည်ကြမ်း ကို သောက်နေသည်။ ပွဲရုံရှေ့ရှိ မြေကွက်လပ်တွင်မူ ကွမ်းရွာဆေးပို အလုံးသုံး ဆယ်ခန့် သည် စီရရီဖြင့် ညီညာစွာ ရှိနေကြသည်။ ပွဲစားကြးသည် သူ့လက်အောက် လုပ်သားများဖြင့် ထိုဆေးပို များကို ပြုပြင်နေသည်။ ပွဲကတော်ကမူ အိပ်ခန်းတွင်းမှ ထွက်မလာသေး။

ကျွန်တော် ထိုင်နေသော စားပွဲနှင့် မနီးမဝေးတွင် ပွဲစားကြီး၏ စာရေးစားပွဲရှိသည်။ ပွဲစားကြီးသည် စာရင်းကိုင် မထားဘဲ ထိုစားပွဲတွင် သူကိုယ်တိုင် စာရင်းများကို ရေးမှတ်သည်။ ထိုစားပွဲ နံဘေးရှိ နံရံတွင် အကွက် အသား ကောင်းလှသော ဆေးရွက်ကြီးတစ်ရွက်ကို မှန်ပေါင်သွင်းကာ အမြတ်တနိုး ဆွဲချိတ် ထားသည်။ ထို ဆေးရွက်ကြီး၏ နံဘေးတွင် ရေဒီယိုတစ်လုံးကို တပ်ဆင်ထားသည်။
အချိန်မှာ နံနက်ခင်းဖြစ်၍ အရောင်းအ၀ယ် မဖွင့်သေးသည့်အတွက် ပွဲရုံတွင် ခြောက်ကပ် တိတ် ဆိတ် နေသည်။ ကျွန်တော်သည် ပျင်းပျင်းရှိလှသဖြင့် ဆေးပိုများကို စဉ်းစားနေမိသည်။ ကျွန်တော် ဤမြို့ကလေး သို့ ကုန်ရောင်း ရောက်ခဲ့သည်မှာ ၁၀ ရက်ခန့် ကြာရှိပြီဖြစ်၍၊ ပွဲစားကြီး၏ အကြောင်းကို အတော် အတန် ပင် စုံစမ်းသိရှိပြီးလေပြီ။

သူကား ' ဆေးဝိဇ္ဖာ' ဟု နာမည်ကျော်ကြားနေသော ပွဲစားကြီးတစ်ဦးပင် ဖြစ်ပါသည်။ ဆေးဝိဇ္ဖာဟု ဆိုလိုက် ၍ ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဖာ၊ အင်းဝိဇ္ဖာ အစရှိကုန်သော ၀ိဇ္ဖာအပေါင်းနှင့် ဆက်စပ်စဉ်းစားယူ လိုက် လျှင်တော့ တက်တက်စင်အောင်ပင် လွဲမှားသွားပေမည်။ သူ့အား ဆေးဝိဇ္ဖာဟု ဘွဲ့ထူးပေး ထားကြခြင်း မှာ သူသည် ကွမ်းရာဆေး၊ သစ်ထောင့်ဆေး စသော ဆေးများနှင့် ပတ်သက်၍ တစ် ဖက်ကမ်းခပ်အောင် ကျွမ်းကျင် တတ်မြောက်ထားသောကြောင့်ဟု ဆိုကြပါသည်။

ဤအတွက်နှင့် ပတ်သက်၍လည်း သူက မကြာခဏ ဂုဏ်ယူဝင့်ဝါ တတ်ပါသည်။ အကယ်၍ ကုန်သည် တစ်ဦးသည် သူက ၀ယ်ယူရန် တိုက်တွန်းနေသော ဆေးပိုကို 'မှားများ သွားမလား'ဟူသော သံသယဖြင့် ၀ယ်ယူရန် မ၀ံ့မရဲ ဖြစ်နေလျှင် သူက ' အို ... ကျုပ် ပြောတဲ့အတိုင်း ၀ယ်သာ ၀ယ်လိုက်စမ်းပါဗျ၊ ဒီလို ဆေးအစ မျိုးနဲ့ ဒီဈေးမျိုးဆိုရင် ဘယ်တော့မှ မမှား နိုင်ပါဘူးဗျ။ ကျုပ်ပြောရင် ယုံပါ၊ ကျုပ်က ဆေးနဲ့ ပတ်သက် လာရင် အရည်ကျိုသောက်လာတဲ့ အကောင်ပါဗျ' ဟု ပြောဆို တိုက်တွန်းတတ်ပါသည်။

သို့သော် ကုန်သည်များအဖို့ ဆိုလျှင်လည်း သူ၏ ဤသို့ အရည်ကျိုသောက်လာသည်အထိ ကျွမ်းကျင် နေမှုကြောင့်ပင် ပို၍ မ၀ယ်ယူရဲဘဲ ရှိနေတတ်ပါသည်။ အကြောင်းမူကား အရောင်းအ၀ယ် ဖြစ်မှသာလျှင် ၀ယ်သူ့ဘက်ကရော ရောင်းသူထံမှပါ နှစ်ဖက် ပွဲခကို ရရှိမည် ဖြစ်၍၊ အရောင်းအ၀ယ် ဖြစ်နိုင်ရန်အတွက် သူ တတ်ကျွမ်းနားလည်ထားသော ဆေးနှင့်ပတ်သက်သမျှ အထွေထွေ ဗဟုသုတကို အသုံးပြုကာ၊ မကောင်းကို အကောင်းလုပ် ပြောရာ၌လည်း ပါရဂူမြောက်လှပေသောကြောင့်တည်း။

အကယ်၍ ၀ယ်ယူမည့်သူက မ၀ယ်ယူလိုသောကြောင့် ဖြစ်စေ၊ တတ်ယောင်ကား လုပ်လို၍ဖြစ်စေ၊ သူ ၀ယ်ယူရန် တိုက်တွန်းသောဆေးကို အပြစ်အနာကလေးများ ဖော်ပြ ပြောဆိုမိပါက သူသည် ပြင်းထန်စွာ ချေပ ပြောဆိုတတ်ပါသည်။

' အောင်မာ ... ခင်ဗျားတို့က ခုမှ ဆေးအရောင်းအ၀ယ် လုပ်မယ် ကြံတာပါဗျ၊ ကျုပ်က ငယ်စဉ်ထဲက ဆေးကြားထဲမှာ ကြီးလာတဲ့ကောင်ပါ။ ဆေး ကောင်းမကောင်း ဆေးပိုကို ဖြဲခွဲပြီး ကြည့်မနေရဘဲ ဆေးပိုနံဘေးက လက်တစ်ဝါး သာသာလောက် လှပ်ပစ်ပြီး ဆေးခေါင်းကို ကြည့် လိုက်တာနဲ့ ဒီဆေးရဲ့ အကြီးအသေး၊ အညံ့ အကောင်း အမျိုးအစားနဲ့ ဘယ်နယ်က ထွက်တဲ့ဆေး ဆိုတာ တပ်အပ်ပြောပြနိုင်တဲ့ အကောင်ဗျ' ဟု တုံ့ပြန် ပြောဆိုတတ်ပါသည်။ မှန်သည်၊ သူကား ဆေးနှင့် ပတ်သက်လာလျှင် 'နိုးတူး' ဟု စွဲမှတ် ထားသူဖြစ်ရာ၊ သူ့ထက် တတ်သိသလိုလိုနှင့် ဆင်ခြေတက်လာသော အကြောင်းပြချက်များကို သူ လုံးဝ လက်မခံနိုင်ပါ။

ဤသို့ ဆေးဝိဇ္ဖာ ဟူသော ဘွဲ့ထူးကို ခံယူထားသော်လည်း သူ့ပွဲရုံမှာ ဆေးတစ်မျိုးတည်းကိုသာ လက်ခံရောင်းဝယ်ခြင်း ပြုသည်ဟူသော အဓိပ္ပာယ်ကိုတော့ မသက်ရောက်ပါ။ ထန်းလျက်၊ မန်ကျည်း၊ ဆီ စသော အညာကုန်များနှင့် ဆန်၊ ဆား၊ ငါးပိ၊ ငါးခြေိာက် စသော အောက်ကုန်များကို လည်း လက်ခံရေင်းဝယ် ပေးပါသည်။ သို့သော် ဆေးကိုသာလျှင် အဓိကထား၍ ရောင်းဝယ်ခြင်းပြု ကာ၊ အခြားကုန်များကို အရံသဘောဖြင့် သာမညမျှသာ ရောင်းဝယ်ခြင်းမပြုပါသည်။

သူကား ဤသို့ ပွဲစားအလုပ်မျှသာမက ကုန်သည်လည်း လုပ်လိုက်ပါသေးသည်။ သူကား တောနယ်မှ ကိုင်းသမားမိတ်ဆွေ ပေါများသူဖြစ်ရာ၊ ထိုကိုင်းသမားများထံမှ ရောင်းချပေးရန် ပွဲရုံသို့ တင်ပို့ အပ်နှံထားသော ဆေးပိုများကို ငွေမချေရဘဲ အကြွေးသဘောဖြင့် ဈေးဖြတ်သိမ်းယူ၍ ရန်ကုန်သို့ တင်ပို့ ရောင်းချတတ်ပါသည်။ ရောင်း၍ရသမျှ ငွေများကို အပြန်တွင် ကုန်ဝယ်လာခဲ့ပြီး သူ့ပွဲရုံ၌ တင်ကာ ရောင်းချပြန်ပါသည်။ ဤနည်းအားဖြင့် ဤငွေများကို အသုံးပြုကာ အတန်ကြာ အောင်ပင် ရင်းနှီးရောင်းဝယ်ပြီးမှ ကိုင်းသမားများသို့ ပြန်လည် ပေးဆပ်တတ်သည်။ ဤသို့ လူရည် လည်မှု ကြောင့်လည်း တစ်နှစ်တစ်နှစ် သူ့ဝင်ငွေမှာ မနည်းလှပါ။

ဤသို့ ကိုင်းသမားများထံမှ ဆေးပိုများကို ရန်ကုန်သို့ တင်ပို့ရောင်းချရာ၌ သူ တတ်ကျွမ်းသော ၀ိဇ္ဖာ ပညာကို အသုံးပြုနိုင်သည့်အတွက် သူ့အမြတ်ငွေမှာ ပို၍ ပို၍သာ ရလာပြန်ပါသည်။ ကိုင်းသမား လက်ထွက် ဆေးများမှာ ဆေးမျိုးကောင်းဆိုလျှင် ဆေးမျိုးကောင်းသန့်သန့်၊ ဆေးလက်ဆိုလျှင် ဆေးလတ် သန့်သန့်ဖြင့် သူ့အမျိုးအစားနှင့်သူ၊ သူ့အရွယ်အစားနှင့်သူ ရိုးသားသန့်စင်စွာဖြင့် တစ်ပိုစီ ခွဲခြား ထည့်သိုထားသည်။ ဈေးမှာလည်း ဆေးကိုလိုက်၍ သူ့ဈေးနှင့်သူ ခွဲခြားရောင်းချလိုက်သည်။ ဒါကို သူက ဆေးလတ်နှင့် ဆေးမျိုးညံ့များ ပျောက်ကွက်သွား၍၊ အားလုံး ဆေးကြီးနှင့် ဆေးမျိုးကောင်း ချည်းအဖြစ် ပြောင်းလဲလာအောင် သူ၏ ၀ိဇ္ဖာပညာဖြင့် ရောစပ် မွှေနှောက်ပစ်လိုက်နိုင်သောကြောင့် အမြတ် မှာ ပိုလာရခြင်းဖြစ်သည်။

ရောစပ်ပုံမှာ ပိုလွတ်တစ်လုံးထဲတွင် ဆေးမျိုးညံ့ တစ်ကိုင် ထည့်ပြီးလျှင် အပေါ်မှ ဆေးမျိုးကောင်း တစ်ကိုင်ဖြင့် သိုသိပ်ပိပြားစွာ ဖုံးအုပ်လိုက်သည်။ ဆေးလတ်တစ်ကိုင် ထည့်လျှင်လည်း အပေါ်မှ ဆေးကြီး တစ်ကိုင် ဖြင့် သိုသိပ်ပိပြားစွာ ဖုံးအုပ်လိုက်ပြန်ပါသည်။ ပိုပြည့်သွားသောအခါတွင် ဆေးမျိုး ညံ့နှင့် ဆေးလတ် မှာ ပျောက်ကွယ်သွား၍ အားလုံး ဆေးမျိုးကောင်းနှင့် ဆေးကြီးအဖြစ်သာ အမြင်လှ နေတော့သည်။ လွန်စွာ ကျွမ်းကျင်သော ကုန်သည်မဟုတ်လျှင် ရောစပ်ထားမှန်းမသိဘဲ မျက်စိမဋ္ဌှားကာ ဆေးမျိုးကောင်း နှင့် ဆေးကြီးဈေးပေး၍ ၀ယ်သွားရတတ်သည်။

ဤနည်းအားဖြင့် သူသည် ၀ယ်ရာ၌ ဆေးမျိုးညံ့နှင့် ဆေးလက်ကို ဈေးချိုချိုဖြင့် ၀ယ်ရသော်လည်း၊ ရောင်းရာတွင် မူကား အားလုံး ဆေးမျိုးကောင်းနှင့် ဆေးကြီးအဖြစ် ဈေးကောင်း ရောင်းလိုက် ရသည်ဖြစ်ရာ၊ သူ၏ အမြတ်ငွေမှာလည်း အဆမတန် ပိုလာတော့သည်။ ဤသည်ပင်လျှင် ဆေးဝိဇ္ဖာ အဖြစ် သူဂုဏ်ယူနေသော ပဉ္စလက်အတတ်နှင့် အောက်လမ်းပညာ ဖြစ်သည်။ သို့သော် ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ် အမြတ်ရဖို့သာ အဓိက မဟုတ်လား။

ကျွန်တော်တို့ ပွဲစားကြီးမှာ ဤသို့သော ပွဲစားကြီးမျိုးဖြစ်ပါသည်။ သူသည် ဤသို့သော ဥာဏ်နီ ဥာဏ်နက်၊ ဥာဏ်ကလိမ်ချုံ၊ တစ်နပ်စားဥာဏ်၊ ပေါ်ကြော့ဥာဏ်မျိုးကို နေရာတကာ၌ လွှာ၍ အသုံး ပြုတတ် သည်ဖြစ်ရာ ကျွန်တော့်မှာ သူ့အား မလစ်သော မျက်စိဖြင့် အကဲခတ် လေ့လာနေရပါသည်။ ကျွန်တော်တို့လို တစ်ရပ်တစ်နယ်မှ ကုန်ရောင်း ရောက်သူများအဖို့ မြို့ခံပွဲ စားက မကောင်း၍ ပွဲစား သတ်လျှင် သေတတ်သည်ဖြစ်ရာ၊ ကျွန်တော့်မှာ သူ့ကို မျက်ခြည်ပြတ် မခံဘဲ စောင့်ကြပ် လေ့လာ နေရ ပါသည်။

(၂)

ပွဲကတော်သည် ခရီးဝေးသွားမည့်ဟန်ဖြင့် ဖြီးလိမ်းဝတ်စားကာ ထွက်လာပေပြီ။ သူ၏ အသက်မှာ သုံးဆယ်ကျော်၍ လေးဆယ်နားသိုပပင် ချဉ်းကပ်နေပေပြီ။ နဖူးရေနှင့် ပါးရေကလေးများပင် တွန့်စ ပြုနေပါပြီ။ သူ၏ မျက်လုံးအစုံမှာလည်း တောက်ပ ပူနွေးသော ရောင်ခြည်မျှင်များ ယှက်သန်း ကွန့်မြူးခြင်း မရှိဘဲ၊ လူသေ့ မျက်လုံးလို အေးတိအေးစက်နှင့် ထိုင်းမှိုင်းငြိမ်ဝပ်သည့်အသွင်ကို ဆောင်နေသည်။ ဆွဲငင်မြူညို့သော မျက်လုံးမျိုး မဟုတ်၊ တွန်းကန် မောင်းနှင်သော မျက်လုံး။ သည်မျက်လုံးက သူ၏ အလှသည် ကုန်ခန်းခဲ့ပြီဖြစ်၍ သူ့၌ တောက်ပသော မျှော်လင့်ချက်များလည်း ခြေက်ခန်း ကုန်ပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

တစ်ခါတစ်ရံတွင် ပွဲကတော်၏ မျက်လုံးအရောင်သည် ပြောင်းလဲသွားတတ်သည်ကို ကျွန်တော် သတိပြု မိသည်။ ဆွေးရိပ်သန်းနေသည့် မှိုင်းညို့ရီဝေနေသော မျက်လုံးအရောင်မျိုးသို့ ပြောင်းလဲ သွားတတ်ခြင်း ပင်ဖြစ်ပါသည်။ ထိုအချိန်တွင် သူ၏ မျက်နှာမှာလည်း ပူပုံပန်း ဟန်မူရာမျိုးသို့ ပြောင်းလဲသွားတတ်သည်။ တစ်နေရာရာကို ငေးစိုက်ကာ တွေးကွက်တစ်ခုတွင် နစ်မျောနေသလို ငြိမ်သက်နေတတ်သည်။

ထို့ကြောင့် ကျွန်တော်သည် ပွဲစားကြီးကို စိတ်ဝင်စားစွာ လေ့လာနေသလို ပွဲကတော်ကိုလည်း မသိ မသာ လေ့လာနေခဲ့ပါသည်။ သို့သော် ကျွန်တော် လေ့လာနေဆဲမှာပင် တစ်နေ့ ပွဲစားကြီး မရှိခိုက် ပွဲကတော်သည် ငိုကြီးချက်မနှင့် သူ၏ ရင်တွင်း၌ ခံစားနေရသော ဝေဒနာကို ကျွန်တေ့်အား ဖွင့်အန် ပါတော့သည်။ ဤတွင်မှ ကျွန်တော် သိလိုသော အဖြေများလည်း ဘွားခနဲ ပေါ်လာပါတော့ သည်။
ပွဲစားကြီး မှာ အပျော်အပါး အားကြီးသည်ဟုဆို၏။

အထူးသဖြင့် မိန်းမ လိုက်စားရန် ၀ါသနာထုံသည်ဟု ဆိုပါသည်။ ဈေးသူများ၊ အောက်အရပ်မှ ကုန်ရောင်း ရောက်လာတတ်သည့် မိန်းမများထဲတွင် သူ့အပျော်မယားများမှာ လက်ညိုးထိုး မလွဲဟုလည်း ဆိုသည်။ ပွဲကတော်၏ မိဘဘက်မှ ရရှိသော အမွေပစ္စည်းနှင့် ပွဲရုံမှ အမြတ်ငွေများမှာလည်း ဤမှာဘက်တွင်သာ သုံးဖြုန်းပစ်လိုက်သဖြင့် နှစ်ချုပ် စာရင်းရှင်းလိုက်သောအခါတွင် လက်ကျန်ငွေဟူ၍ မရှိတော့ဘဲ ကြွေးပတ်လည် ၀ိုင်းနေတော့ကြောင်း၊ ပြောမရ ဆိုမရ၍ လက်ပိုက်ပြီး ကြည့်နေရကြောင်း စုံတကာ့ကို စေ့သွား ပါတော့သည်။
ဈေးသူမျူားမှာ သူ့ပွဲရုံမှ ကုန်စည်များကို ' ခေါက်ပြန်ချေ ' သဘောမျိုးဖြင့် အကြွေးယူရောင်းကြရ သည်။ သူသည် ဤဈေးသူမျူားအား အကြွေးပေးရာ၌ များစွာ ရက်ရော၏။ အကယ်၍ သူ မျက်စိကျ သော မိန်းကလေး ဆိုလျှင် ပို၍ပင် ရက်ရော၏။ အနှမြောမရှိ၊ မတွန့်တို၊ မငြိုငြင်။

' ယူရောင်းပါ၊ ရောင်းပြီးမှ ပေးတာပေါ့၊ အို ... မချောင်လယ်သေးရင်လည်း နေဦးလေ။ သြ ... ဈေး ရောင်းလို့ကလည်း မကောင်း၊ ကုန်ကလည်း ရှုံးတာနဲ့ ငွေရင်းကလေးပါ ပြုတ်သွားပါသလား။ ကိစ္စ မရှိပါ၊ ပွဲစားကြီး က ငွေစိုက်ပြီး ရှင်းလိုက်ပါမည်။ ထပ်ယူပြီး ထပ်သာ ရောင်းပါ၊ ဒီကြားထဲ တခြား ဗာဟီရ အသုံး အတွက် ငွေလိုရင်လည်း ပြောတာပေါ့။ မယ်ညို ပဒုမ္မာနဲ့ နိုင်လွန်အင်္ကျီကလေးများ ကော မ၀တ်ချင်ဘူးလား။ ဘာ ... ၀တ်တော့ ၀တ်ချင်ပါရဲ့၊ ငွေအတွက်ကြောင့်မို့သာပါ၊ ဟုတ်လား။ အို ... ငွေ ဘာအရေး လဲ၊ ငွေဆိုတာ ပွဲစားကြီးက ဖြစ်တာပါ၊ ၀ယ်သာ ၀တ်၊ ၀ယ်သာ ၀တ် '
ကြာတော့ ပွဲစားကြီး၏ စေတနာ ကွန်ရက်အတွင်းဝယ် ကံဆိုးလှသော ဤဈေးသူခမျာ မလူးသာ မလွန့်သာအောင် အမိခံရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ဤကား ဆင်းရဲသော ဈေးသူအချို့အား သူ၏ အပျော်မယားအဖြစ် သိမ်းသွင်းရာ၌ ပွဲစားကြီး ကျင့်သုံးသော နည်းပရိယာယ်ပင် ဖြစ်သည်ဟု ဆိုပါသည်။

သူ့ပွဲရုံသို့ တစ်ရပ်တစ်နယ်မှ ကုန်ရောင်းလာတတ်သော မိန်းမကုန်သည် တစ်ဦးဆိုလျှင်တော့ သူသည် အချိန်အတော်ကြာအောင် အကဲခတ် ကြည့်ရတတ်သည်ဟု ဆိုပါသည်။ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုများ တွင် ဖောက်ပြန်သော အရိပ်အယောင်ကလေးများ အစွန်းအစ ထွက် ပေါ်လာမည် မကြံလေ နှင့်။ ၃၇ မင်းကို ပန်းမကိုင်ဘဲကျပြီး ဖြစ်နေသော ပွဲစားကြီးက ထိုအချက်ကို အခွင့်ကောင်းယူ၍ ပါးနပ် လိမ္မာစွာ စခန်းသွားပြ လိုက်လိမ့်မည်။ ကုန်ရှုံးလွန်း၍ စိတ်ပျက် လက်ပျက်ဖြစ်ပြီး စိတ်လေနေသော အမူအရာ များကိုလည်း ဖော်မပြလိုက်ပါလေနှင့်။ ပွဲစားကြီး၏ ပရိယာယ် ကွန်ရက်အတွင်းဝယ် 'ဒက်'ခနဲ နေအောင် အမိခံရလိမ့်မည်။

သို့သော် တကယ့် ဣနြေ္ဒ ရှင် မိန်းမကုန်သည်အစစ် ဆိုလျှင်တော့ ပွဲစားကြီးသည် လူကြီးလူကောင်း ပီသ စွာဖြင့် ရိုးဖြောင့်စွာ ဆက်ဆံတတ်သည်ဟု ဆိုပါသည်။
ကျွန်တော်သည် ပွဲကတော်၏ စကားကို ကြားနာရပြီးနောက် ပွဲကတော် ပေါ်တွင် သက်ညှသနားမိ သော်လည်း ကျွန်တော်လည်း မည်သို့မျှ တတ်နိုင်သော ကိစ္စမျိုး မဟုတ်သဖြင့် ဆိတ်ဆိတ်ပင် နေ လိုက်ရ ပါသည်။ ပွဲကတော်မှာလည်း သူ့ရင်တွင်း၌ ခံစားနေရသော အကျိတ်အခဲများကို ကျွန်တော့် အား ဖွင့်အန်ချပြလိုက်ရပြီးဖြစ်၍ ရင်ထဲမှာ ရှင်းပြီး ပေါ့ပါးသွားဟန်ဖြင့် ကြည်ကြည်လင်လင် ရွှင်ရွှင် လန်းလန်း ပြန်ဖြစ် သွားပါတော့သည်။

စင်စစ် ပွဲကတော် ပြောပြသော အကြောင်းအချက်များသည် ယုံမှားသံသယ ရှိစရာမလိုအောင် မှန်ကန်သည့် အကြောင်းအချက်များသာ ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော်သည် ပွဲစားကြီး ၏ စားပွဲ အံဆွဲအတွင်းမှ စရင်းစာအုပ်များအောက်တွင် လျှို့ဝှက်စွာ ဖုံးဝှက်ထားသော 'လူကြီး ချိုချိုစို့နည်း'၊ 'ဃရာဝါသ နိဿရည်း'၊ 'ကာလီဒါသ၏ ကြာခြည်သဘာဝ' ဟူသော စာအုပ် သုံးအုပ်ကို အမှတ်မထင် တွေ့လိုက်ရပြီးကတည်းက ပွဲစားကြီး၏ ၀ါသနာကို ကျွန်တော်သည် ရိပ်စား မိပြီးဖြစ် နေပါသည်။

ပွဲစားကြီးသည် လူ့ဘ၀ကို လေးလေးနက်နက် အဓိပ္ပာယ် ပေးလိုသူမဟုတ်ပါ။ သူ၏ လူ့ဘ၀ အဘိဓမ္မာမှာ ပျော်ပျော်နေ သေခဲဖြစ်သည်။ ဘ၀တွင် နေရသည့်အခိုက် ပျော်ပျော်ကြီးနေမည်။ ပျော်စရာများ နောက်သို့သာ တကောက်ကောက် လိုက်မည်။ ပျော်စရာများ နောက်သို့ တကောက် ကောက်လိုက်ရင်း ကာမဂုဏ် တရားသည်သာ ပျော်စရာ ဖြစ်သည်။ လူ့ဘ၀ဆိုတာ ကာမဂုဏ်တရားကို နည်းအမျိုးမျိုးဖြင့် လိုက်စားခြင်း ဖြစ်သည်ဟူသော အချက်တွင် သွား၍ နိဂုံး ချုပ်သည်။

(၃)

ပွဲကတော်သည် ကျွန်တော့်အနီးရှိ ကုလားထိုင်တစ်လုံးတွင်  ၀င်ထိုင်ကာ ပွဲစားကြီးအား စောင့်ဆိုင်း နေသည်။ ကျွန်တော်က သူ့အား ' ဖြီးလို့လိမ်းလို့ ပါလားဗျ၊ ဘယ်သွားမလို့လဲ' ဟု မေးကြည့်ရာ၊ ချောက်မြို့ တွင် ကုန်ဖိုးငွေ ရစရာရှိနေ၍ ထိုကုန်ဖိုးငွေကို သွားရောက် တောင်းခံရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
ပွဲရုံ ရှေ့တွင် ဆေးပိုများနှင့် အလုပ်များနေဟန်ရှိသော ပွဲစားကြီးသည် ဖြီးလိမ်းဝတ်စားပြီး သူ့ကို စောင့်ဆိုင်း နေသော ပွဲကတော်ကို မြင်လိုက်သဖြင့် ပွဲရုံတွင်းသို့ဝင်လာကာ ကျွန်တော်တို့အနီးတွင် လာထိုင်၏။ နောက် ပွဲကတော်ကို စူးစမ်းသလို တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ' သြ ... မင်း သွားဖို့ အသင့်ဖြစ်နေပြီကိုး 'ဟု ရွတ်လိုက်၏။

' ဟုတ်လယ်လေ၊ သွားဖို့ အသင့်ပဲ ဖြစ်နေရမှာပေါ့။ ရှင်ကပဲ ဒီနေ့ မသွားရင် မဖြစ်ဘူး၊ ဒီငွေကို ဒီနေ့ ရဖို့ အရေးကြီး တယ်လို့ ဆိုထားတာကိုး'
' ဟုတ်တယ်၊ ဒီငွေကို ဒီနေ့ ရဖို့ အရေးကြီးတယ် '

ပွဲစားကြီးသည် ပွဲကတော်၏ စကားကို သံယောင်လိုက်ကာ ပဲ့တင်ထပ်လိုက်ပြီးနောက် ရုတ်တရက် ကျွန်တော့် ဘက်သို့ လှည့်၍ -
' ကဲ ... ခင်ဗျား စဉ်းစားကြည့်စားပါဦးဗျ၊ ကျုပ် အောက်အရပ်ကို ဆေးသွားရောင်းပြီး အပြန်မှာ ပါလာတဲ့ ဆန်နဲ့ ဆားအိတ်တွေဟာ ကျုပ်တို့ မြို့နဲ့ဆိုရင် နည်းနည်းများနေလို့ ချောက်မြို့က သူ့ပွဲရုံမှာ ခွဲပြီး ရောင်းဖို့ အပ်ထားခဲ့တာ ခြောက်လလောက် ရှိသွားပြီဗျ။ အဲဒီ ဆန်နဲ့ဆား ရောင်းလို့ ရတဲ့ ငွေကို ကျုပ်ကို ခုအထိ ရှင်းမပေးသေးဘဲ တစ်ဖက်လှည့်နဲ့ သူ့လုပ်ငန်းထဲမှာ ထည့်ပြီး ရင်းနှီး ရောင်းဝယ်နေတယ်ဗျ။ ပွဲစားအချင်းချင်း ဒီလိုလုပ်တာ ဘာကောင်းသလဲ၊ ကျုပ်တော့ သည်းမခံ နိုင်လောက်အောင် ဒေါသ ထွက်ပြီဗျို့ '

အမှန်ပင် သူသည် သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေဟန်တူပါသည်။ အကြောင်းကို ဆိုသော် သူ့မျက်နှာသည် ချက်ချင်းပင် တင်းမာလာပြီးနောက် အံကိုလည်း တအား ကြိတ်ထားကာ၊ မျက်ထောင့်ကြီး မှာလည်း နီရဲနေသောကြောင့် ဖြစ်ပါသည်။ ဒါကို ပွဲကတော်က ဖျောင်းဖျသော လေသံ ဖြင့် -
' အို ... ဒီလိုလည်း ဒေါသ ရှေ့မထားနဲ့လေ၊ ကိုယ်ယုံကြည်လို့ သူ့ကို ရောင်းခိုင်းမိမှကိုး၊ ဒီတော့ သာယာ ညင်းပျောင်းနဲ့ ဖျောင်းဖျောင်းဖျဖျ ပြောတောင်းရတော့မှာပေါ့။ ကဲလေ ... ဟိုရောက်ရင် ကျုပ် ဘယ်လို ပြောတောင်း ရမယ်ဆိုတာသာ မှာလိုက်ပါ၊ ကျုပ် ရအောင်ကို တောင်းခဲ့မပေါ့ '

' ဆန်အိတ်နဲ့ ဆားအိတ်ဖိုးငွေဟာ ရက်ကြာလှပြီမို့ အခု အပြေရှင်းပေးပါလို့ပြော။ နေပါဦး ... ဘာ ညာဆိုရင် မနေနိုင်ဘူး၊ ကျွန်မတို့မှာ ငွေအသုံးလိုနေလို့ ဒီနေ့ ရမှဖြစ်မယ်၊ အဲဒီလို ပြောတောင်း၊ လေအေး ကလေးနဲ့ လုပ်မနေနဲ့၊ ခပ်မာမာသာ ပြော။ ဒီကောင်တွေက မတောင်းဘဲနဲ့ ပေးချင်တဲ့ ကောင်တွေ မဟုတ်ဘူး '
ပွဲစားကြီးသည် လက်သီးလက်မောင်းတန်းကာ ဒေါနှင့်မာန်နှင့်ပြောပြနေသည်။ အကယ်၍ သူ့ငွေ ရစရာ ရှိသော သူသာ ယခုမျက်မှောက်တွင် ရှိနေခဲ့ပါလျှင် သူသည် မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ချေမှုန်း ပစ်လိုက်မည် မလွဲဟု ထင်မှတ်ရပါသည်။

ပွဲကတော် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပွဲစားကြီးသည် လုပ်စရာရှိသော အလုပ်များကို သူ့ လက်ထောက်သို့ လွှဲအပ်ကာ ရေချိုးနေတော့၏။ ပြီးနောက်တော့ တောက်ပ သစ်လွင်သော ၀တ်စားတန်ဆာ များဖြင့် ဆင်ယင် ပြုပြင်ထားသော ပွဲစားကြီးအဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပါ ပြီ။

ပွဲစားကြီးသည် သူ့စားပွဲမှ ကုလားထိုင်တွင် ထိုင်နေရာမှ တစ်စုံတစ်ရာကို မျှော်လင့်နေသလို ပွဲရုံ ရှေ့သို့ မကြာခဏ လှမ်းကြည့်တတ်၏။ သို့ကြည့်ပုံမှာလည်း အမှတ်မထင် ကြည့်ပုံမျိုးမဟုတ်ဘဲ သူ မျှော်လင့်နေသော တစ်စုံတစ်ယောက်သည် ရောက်ရှိလာပြီလောဟု ဂရုတစိုက် စူးစမ်းကြည့်ရှုပုံမျိုး ဖြစ်၏။

ပွဲကတော် ထွက်ခွာသွားသည့် အချိန်မှစ၍ ဂနာမငြိမ် ဖြစ်နေသော ပွဲစားကြီး၏ အမူအရာမှာ တစ်မျိုးပင် ထူးခြားနေသောကြောင့်၊ ကျွန်တော်သည် ပွဲစားကြီးအား မသိမသာ အကဲခတ်နေမိသည်။ နောက်တစ်ကြိမ် ပွဲစားကြီသည် ပွဲရုံရှေ့သို့ မျှော်အကြည့်တွင် ကျွန်တော်လည်း သူ ကြည့်ရာသို့ လိုက်ကြည့်မိသည်။ အသက် ၂၀ ခန့် အသားဖြူဖြူ မိန်းမရွယ် တစ်ဦးသည် ပွဲရုံအတွင်းသို့ ၀င်လာ နေသည်ကို ကျွန်တော် မြင်တွေ့ရသည်။ သူ၏ ခြေလှမ်းများကား သွက်လက်ခြင်းမရှိဘဲ ပြစ်မှု ကျူးလွန်ထားသော တရားခံတစ်ဦးသည် တရားသူကြီးနှင့် ဂျူရီလူကြီးများ၏ ရှေ့မှောက်သို့ လျှောက်လာ နေရ သလို လေးလံ တွန့်ဆုတ်နေ၏။

' သြော် ... မလှခင် လာလာ၊ နင့်ကုန်တွေတော့ ရောင်းပြီးပါပြီ၊ မျှင်ငါးပိ နှစ်ပုံး သုံးပုံးလောက်ပဲ ကျန် တော့တယ် '
ပွဲစားကြီးသည် ၀မ်းသာအယ်လဲ ဖြစ်သွားသည့် အမူအရာကိုမူ ဟန်ဆောင်ဖုံးဖိ၍ မထားနိုင်ဘဲ၊ အရေးတကြီး မူရာဖြင့် ပွဲရုံဝသို့ ကိုယ်တိုင် ထွက်ကြို၏။ မိန်းမပျိုကား ဘေးဘီကို ကြည့်ရှုခြင်း မရှိဘဲ ရှက်သွေးရောင် လျှမ်းနေသော မျက်နှာကလေးကို အောက်သို့ ငုံ့ထားကာ မူမမှန်သော ခြေလှမ်း များဖြင့် ပွဲရုံထဲ သို့ ၀င်ရောက်လာသည်။

' နင့် ... မျှင်ငါးပိက နည်းနည်းကြမ်းနေလို့ တစ်ရာ့နှစ်ဆယ် ဈေးနဲ့ ရောင်းထုတ်ပစ်လိုက်တယ်လေ။ တစ်ရာ့ သုံးဆယ်ဈေးရအောင် ဆွဲရောင်းပါသေးရဲ့၊ ဒါပေမဲ့ အ၀ယ်က မလိုက်တော့ တစ်ရာ့နှစ် ဆယ့်ဈေး နဲ့ပဲ ရောင်းပစ်လိုက်ရတယ် '
ပွဲစားကြီးက ရွှန်းရန်းဝေအောင် ပြောဆိုနေသော်လည်း မိန်းမပျိုကား တစ်ခွန်း တစ်ပါဒမျှ ပြန်ကြား ခြင်းမရှိဘဲ ရှက်သွေးရောင် လျှမ်းနေသောမျက်နှာ၊ မလုံမလဲ ဖြစ်နေသော အမူအရာဖြင့် ခေါင်း ကလေး ကိုသာ အောက်သို့ ငုံ့ထားရှာသည်။

ပွဲစားကြီးကား လူပရိသတ်ရှေ့၌ မိန်းမပျိုအား ကုန်သည်တစ်ဦးအဖြစ် နာမ၀ိသေသန တပ်ဆင်ကာ သရုပ်ဖော် ပေးနေသော်လည်း သရုပ်မှန် မဟုတ်ဘဲ သရုပ်ပျက်သာ ဖြစ်ကြောင်း မိန်းမပျို၏ အမူအရာ အားဖြင့် ၀န်ခံနေသည်။ တကယ့် သရုပ်မှန် မိန်းမတစ်ဦးဆိုလျှင် အမူအရာအားဖြင့် ဖျပ်လတ် သွက်လက် ၍ စကားလည်း ကြွယ်ရမည်။ ပွဲစား တစ်ခွန်းကို သူက နှစ်ခွန်း၊ သုံးခွန်း ရအောင် အလုအယက် ပြောနိုင် ရမည်။ အသံမှာလည်း စာစာညံညံနှင့် နားမခံသာအောင်ရှိရမည်။

စကားပြောပုံ ဆိုပုံမှလည်း ခေါင်းညိတ်၊ လက်ကာ၊ ရင်ကလေးကို လှုပ်တဲ့ကာ မျက်စကလေးကို ချီ၊ျက်လုံးကလေးများကိုတော့ စွေချည်တစ်ခါ၊ စောင်းချည်တစ်လှည့်၊ နှုတ်ခမ်းကိုရွဲ့၍ မဲ့သည့်အခါ မဲ့၊ မေးကလေးကို ရှေ့ထိုး၊ အမျိုးမျိုးဖြင့် သုံးဆယ့်နှစ်ကောဌသလုံး လှုပ်ရှားခြင်း ရှိရမည်။ ယခုတော့ တကယ့် သရုပ်မှန်နှင့် ကိုက်ညီခြင်း မရှိဘဲ တေမိဇာတ် ခင်းနေခြင်းက ပွဲစားကြီး၏ သရုပ်ဖော်ချက် သည် သရုပ်ပျက် သာဖြစ်ကြောင်း ထင်ရှားနေသည်။

ကျွန်တော်ကား ပွဲကတော် ထွက်ခွာသွားပြီးနောက်မှ ဂနာမငြိမ် ဖြစ်နေသော ပွဲစားကြီးနှင့်၊ ပွဲကတော် မရှိခိုက်မှ ရောက်ရှိလာသည့် သရုပ်ပျက်နေသော မိန်းမပျိုတို့ကို ဆက်စပ်ကာ ဤသူနှစ် ဦးအပေါ်တွင် ထူးထူးခြားခြား စိတ်ဝင်စားမိပေပြီ။

(၄)

မွန်းတည့်နေသည် သဲ  ဆန်သော အညာမြေပေးသို့ ပူပြင်းသော ရောင်ခြည်ကို သွန်းလောင်းပေး နေရာ သဲပွင့်ကလေးများမှာ နေရောင်ဟပ်၍ ၀င်းဝင်းတောက်နေသည်။ တမာပင်နှင့် မန်ကျည်းပင် များ အပေါ်ဝယ် အိပ်ငိုက်နေကြသော ကျီးအချိ့၏ ' အား ... အား ... အား ' ဟူ၍ ပျင်းရိ လေးတွဲ့စွာ အော်မြည်နေသံသည် တိတ်ဆိခြောက်သွေ့သော ရှုခင်းကို အသက်သွင်းပေးနေသည်။
ဆေးပိုများကို ပြုပြင်လျက်ရှိသော ဆေးအလုပ်သမားများကား မောမောနှင့် ထန်းတောသို့ သွားသူက သွား၊ ထမင်းစား ပြန်သူက ပြန်ကုန်ကြသောကြောင့် ပွဲရုံရှေ့တွင် ခြောက်ကပ်တိတ်ဆိတ်နေ၏။ နေ့လယ်နေ့ခင်းဖြစ်၍လည်း အရောင်းအ၀ယ် မရှိသောကြောင့် ပွဲရုံ တွင်း၌ လူသူကင်းရှင်းကာ ဆိတ်ငြိမ်နေ၏။

ကျွန်တော်သည် ဧည့်ခန်းရှိ တန်းလျားထက်တွင် တုံးလုံးလျောင်းကာ ' ချားလ်စ် ဒစ်ကင်း' ၏ ' အိုလီဗာတွစ်စ်' ၀တ္ထုကို ဖတ်နေသည်။ ၀တ္ထုထဲတွင် ပါဝင်သော 'အိုလီဗာတွစ်စ်'၏ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလျသော သနားစဖွယ် ဘ၀။ ခိုကိုးရာကင်းမဲ့သော မိဘမဲ့ ကလေးသူ ငယ်များအား ပြုစုစောင့်ရှောက်ရာ ဌာနဟု အဆိုရှိသော ဘုံအိမ်ကို ကြီးကြပ်အုပ်ချုပ်ရသည့် ဘုတ် အဖွဲ့ဝင် လူကြီးမင်း ဘုရားများ၏ အပြင်ပန်း လှသလောက် အတွင်းသဘော ပုပ်ဟောင်လှပုံကို ခြယ်ရေးရာတွင် များစွာ ထိလှ မိလှသည့်အတွက် ကျွန်တော်၏ စိတ်အာရုံတစ်ခုလုံး စာအုပ်ထဲတွင် သာ စုံးစုံးနစ်မြုပ်နေ၏။

' ဗျို့ ဆရာကြီးရဲ့ ... စာအုပ်ကို စိုက်ကြည့်နေလိုက်တာ မျက်လုံးကို ကျွတ်ကျတော့မယ့်အတိုင်း ပါပဲကလားဗျာ ... လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် သောက်ချည်ရအောင် '
စာအုပ်ထဲတွင်သာ ၀င်စားလျက်ရှိသော ကျွန်တော်၏ စိတ်အာရုံတို့သည် အသံက ဆွဲဆောင်လိုက် သဖြင့်၊ ကျွန်တော်သည် စာအုပ်မှ မျက်လုံးကိုခွာကာ အသံရှင်ကို မော်ကြည့်မိ၏။ အခြားသူတော့ မဟုတ်၊ ပွဲစားကြီး၏ လူယုံတော်တစ်ဦးပင် ဖြစ်သည်။

ကျွန်တော် ဤမြို့ကလေးသို့ ကုန်ရောင်း ရောက်ရှိခဲ့သည်မှာ ၁၀ ရက်ခန့်ပင် ကြာရှိလေပြီ။ ဤရက် များအတွင်း သူသည် ကျွန်တော့်အား တစ်ခါဖူးမျှ လက်ဖက်ရည် သောက်ရန် ဖိတ်ကြားခြင်း မရှိခဲ့။ ယခုမှ လက်ဖက်ရည်တိုက်ရန် စေတနာ ပေါ်ပေါက်လာခြင်းမှာ အတော်ပင် ဆန်းနေသည်။
' နေပါဦးဗျ ... ကျွန်တော် ဒီမြို့ကလေးကို ကုန်ရောင်းရောက်နေတာ ၁၀ ရက်လောက် ရှိနေပြီ။ အဲဒီရက်အတွင်း ခင်ဗျား ကျွန်တော့်ကို တစ်ခါမှ လက်ဖက်ရည် မတိုက်ဖူးဘဲနဲ့ အခုမှ လက်ဖက်ရည် တိုက်ချင်တဲ့ စေတနာပေါ်ပေါက်လာတာက အတေ့်ကို ထူးဆန်းနေသဗျ '

သူသည် ကျွန်တော့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် လေသံခပ်တိုးတိုးဖြင့် 'လက်ဖက် ရည်ဆိုင်ကိုသာ လိုက်ခဲ့ပါဗျာ၊ ဟိုရောက်တော့ ပြောပြပါ့မယ်' ဟု ဆိုသဖြင့် ကျွန်တော်ကလည်း ငြင်း ဆန်ခြင်းပြုမနေဘဲ ခပ်အေးအေးပင် ထ လိုက်ခဲ့သည်။ လက်ဖက်ရည်ဆိုင်သို့ ရောက်သော အခါ သူသည် ငါးကျပ်တန် တစ်ချပ်ကို စားပွဲပေါ်သို့ တင်လိုက်ရင်း ' အဟီး ... ပွဲစားကြီးရဲ့ ကောင်းမှု တော်ပေါ့ဗျ ... ' ဟု ရွတ်ဆိုလိုက်၏။

ထို့နောက် သူသည် လက်ဖက်ရည်နှစ်ပွဲနှင့် မုန့်များပါ ယူလာခဲ့ရန် ဆိုင်ရှင်အား မှာကြားလိုက်ပြီး နောက်၊ ကျွန်တော့အား မုန့်များပါ ယူလာခဲ့ရန် ဆိုင်ရှင်အား မှာကြားလိုက်ပြီးနောက်၊ ကျွန်တော့်အား အကျိုးအကြောင်းကို ရှင်းပြနေသည်။

နံနက်က ရောက်လာသော မိန်းမပျိုမှာ ပွဲစားကြီး သရုပ်ဖော်ပေးသလို မိန်းမကုန်သည်တစ်ဦး မဟုတ်ဘဲ ပွဲစားကြီး၏ အပျော်မယားသာလျှင် ဖြစ်ကြောင်း၊ ဤအပျော်မယားနှင့် ပျော်ပါးလို၍ ပွဲကတော်အား ကုန်ဖိုး တောင်းခံရန်ဟု ဆိုကာ ချောက်မြို့သို့ ဥာဏ်ဆင်ပြီး လွှတ်လိုက်ခြင်း ဖြစ် ကြောင်း၊ ယခု ပျော်ပါးသည့် အချိန်တွင်လည်း ကျွန်တော် ရှိနေပြန်၍ သူ့အား ငွေငါးကျပ် ထုတ်ပေး ကာ ကျွန်တော့်အား လက်ဖက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားရန် စေခိုင်းသည့်အတွက် ယခုလို ခေါ်လာရခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။

လက်ဖက်ရည်နှင့် မုန့်များ ရောက်လာပြီဖြစ်၍ စားသောက်ကြရင်းမှ သူက ဆက်ရန် ရှိနေသေး သော နောက်ဆက်တွဲကို ထပ်မံ၍ ပြောပြနေပြန်၏။ ယခုလို ပွဲကတော်အား ချောက်မြို့သို့ ဥာဏ် ဆင်လွှတ်ပြီး သူ့အပျော်မယားကလေးနှင့် ချိန်းတွေ့ကြခြင်းမှာ၊ ရိုးရိုးတန်းတန်း ပျော်ပါးရုံမျှ မဟုတ်ဘဲ နည်းသစ်တစ်မျိုးကို စမ်းသပ်ကြည့်ရန် အတွက်လည်း ဖြစ်သည်ဟုဆို၏။

ပွဲစားကြီး၏ ၀ါသနာကို အတွင်းသိ အပြင်သိ ဖြစ်နေသော ရန်ကုန်မှ ကုန်သည်တစ်ဦးက ကုန်ရောင်း လာရောက်ရင်း မဖွယ်မရာ စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးသွားသည်ဟုဆို၏။ သူသည် ထိုစာအုပ်ကို လူမြင်ကွင်း၌ မဖတ်ဝံ့သော်လည်း ကွယ်ရာတွင် စေ့စေ့စပ်စပ် ဖတ်ရှုလေ့ လာပြီးနောက်၊ ထိုစာအုပ်ထဲမှ သဘောတရားများကို လက်တွေ့ကျင့်သုံးလိုသော ဆန္ဒမှာ ချုပ်တည်း မနိုင်အောင် ပြင်းထန်ကြွမောက်လာသည်ဟု ဆိုပါသည်။

ထို့ကြောင့် ပွဲကတော်ကို ချောက်မြို့သို့ ကြွေးတောင်းလွှတ်ကာ သူ့အပျော်မယားကလေးကို ချိန်းတွေ့ခြင်းပင်ဟု နိဂုံးချုပ်ပါလေတော့သည်။
ကျွန်တော်ကတော့ ပြုံးလို့သာ နေမိပါသည်။ ' ပုထုဇ္ဇနော ဥမ္မတ္တကော'-ပုထုဇဉ်မှန်သမျှ အရူးချည်း သာဟု စာဆိုရှိသော်လည်း၊ ဤလို ပွဲစားကြီးမျိုးနှင့် ထို့ထက် အဆင့်အတန်းမြင့်သော အထက်တန်းစားများသာ အားလပ်ချိန် များများရသဖြင့် ကြံကြံဖန်ဖန် အရူးထ နိုင်ကြပါသည်။ ဆင်းရဲသားများမှာမူ ၀မ်းရေးအတွက် နေ့မနား ညမနား အပြေးအလွှား ရှာဖွေကြိုးပမ်း နေကြရသဖြင့် ဤသို့ အရူးမထနိုင်အားကြပါ။ အရူး ထ တတ်သော အလေ့အလာများလည်း မရှိကြဖူးပါ။

ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တွင် စကားပြောလိုက်၊ လက်ဖက်ရည်သောက်လိုက်ဖြင့် တစ်နာရီ ခန့် အချိန်ကြာမြင့်သွားမှ ပွဲစားကြီး လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာသည်။ သူ့မျက်နှာတွင် ချွေးသီး ချွေးပေါက်များ စိုရွှဲနေကာ အတော်ပင် နွမ်းနယ်မောပန်းလာပုံရပေသည်။

သူသည် လက်ဖက်ရည်ဆိုင်ရှင်အား ' အိုဗာတင်း' တစ်ခွက်မှာလိုက်ပြီးနောက် သူ့လက်ထဲတွင် အသင့်ပါလာသော ကြက်ဥ နှစ်လုံးကိုပါ ပေးအပ်လိုက်ကာ၊ ထိုကြက်ဥကိုပါ ထည့်၍ ဖျော်ခဲ့ရန် အမိန့်ပေးလိုက်သည်။ ကျွန်တော်ကတော့ သူ လုပ်နေပုံကိုသာ တည်ငြိမ်စွာ ကြည့်နေမိသည်။ ကျွန်တော်၏ အကြည့်တွင် စက်ဆုပ် မုန်းတီးခြင်းနှင့် ရှုတ်ချကဲ့ရဲ့ခြင်း အရိပ်အယောင်များ ပါရှိသွား ဟန်တူ၏။ သူသည် ကျွန်တော်၏ အကြည့်တွင် မနေတတ် မထိုင်တတ်နှင့် ရှိုးတိုးရှန့်တန့် ဖြစ်သွား ပုံရပါသည်။

ကျွန်တော်သည် သူတို့နှင့် စကားဆက်လက်ပြောဆိုရန် ဆန္ဒမရှိတော့သဖြင့် သူတို့ကို ခွဲခွာကာ ပွဲရုံသို့ ပြန်လာခဲ့၏။ ပွဲရုံတွင် သူ၏ အပျော်မယားကလေးမှာ မရှိတော့ပေ။ ကျွန်တော်၏ မျက်စိထဲ ၌ နေပူကျဲကျဲတွင် အဓိပ္ပာယ်မရှိသော ခရီးကို သွားနေရရှာသော ပွဲကတော်၏ သနားစရာ့ ရုပ်သွင် ကိုသာ ထင်မြင်နေသည်။

(၅)

ချစ်စဖွယ့် ဆည်းဆာသည် အညာမြေ၏ သရုပ်ဖော် ရှုခင်းကို သူ၏ နီရောင်လွင်သော စုတ်ချက်ဖြင့် လှပစွာ မှုန်းခြယ်၍ နေပေပြီ။ ဆည်းဆာ၏ အလှနှင့် မဟပ်မိသော အညာလေကတော့ တဟူးဟူး တ၀ီဝီဖြင့် သောင်းကျန်း တိုက်ခတ်နေပေရာ၊ သဲဆန်သော အညာမြေမှ သဲပွင့်ကလေးများသည် တည်ငြိမ်ရာ မရရှာဘဲ လှုပ်ရှားပျံဝဲ၍ နေကြသည်။ လမ်းသွားလမ်းလာ လူအပေါင်းသည် မျက်စိထဲ သဲဝင်မည် စိုး၍ မျက်နှာရှေ့တွင် လက်ဝါးကာပြီး လျှောက်နေကြရ၏။

ချောက်မြို့သို့ ကုန်ဖိုး သွားတောင်းသော ပွဲကတော်ကား ပြန်လာလေပြီ။ ပွဲရုံဝင်းထဲသို့ ၀င်လာသော ပွဲကတော်၏ မျက်နှာတွင်ကား ဒေါသရောင်သမ်းနေ၍၊ သူ၏ နှုတ်ခမ်းမှာလည်း စူတူတူကလေး ဖြစ်နေ၏။ ပူပြင်းလျသော ရာသီဥတုဝယ် ခရီးအတော်ပန်းလာခဲ့ဟန်ဖြင့် သူ၏ မျက်နှာမှာ နွမ်းလျနေ၏။ သို့သော် ဒေါသက ဆောင်ထား၍ နွမ်းလျခြင်းမှာ မသိမသာ ညိုးမှိန်နေ၏။
အလိုက်သိတတ်၍ ပါးနပ်လှသော ပွဲစားကြီးကလည်း ပွဲရုံဝသို့ ကိုယ်တိုင်ထွက်ကြိုကာ -

သြော် ... မင်း ပြန်လာမှကိုး၊ ဘယ့်နှယ် ... ခရီး အတော်ပန်းလာမှတ်တယ်၊ ကုန်ဖိုးငွေကော တောင်းလို့ ရခဲ့ရဲ့လား' ဟု စကား အဆက်မပြတ်အောင် လေပြေထိုးနေ၏။
' ရှင် ကျုပ်ကို မြန်မြန်သေအောင်လို့ ညှဉ်းစရာမရှိ ကြံဖန်ပြီး ညှဉ်းဆဲနေတာ မဟုတ်လား ဟင်၊ ပေးစရာရှိတဲ့ ကုန်ဖိုးငွေတွေကို လွန်ခဲ့တဲ့ တစ်လလောက်ထဲက ရှင့်ကို အပြေရှင်းပေးပြီးပြီ ဆိုပါ ကလား။ ဒါနဲ့များ ကျုပ်ကို သက်သက် ထပ်လွှတ်တာက ဘာသဘောလဲ ဟင်၊ ပြောစမ်းပါဦး '

ပွဲကတော်ကား ခရီးရောက်မဆိုက်ပင် ကောက်ကာ ငင်ကာနှင့် ရန်တွေ့နေလေပြီ။ သို့သော် ဤ အဖြစ်ကို ကြိုတင် မျှော်လင့်ထား၍ အသင့်ပြင်ဆင်ထားပြီး ဖြစ်နေသော ပွဲစားကြီးလည်း မှင်သေ သေနှင့်ပင် -

' နေစမ်းပါဦးဟာ ... ငါ စဉ်းစားပါရစေဦး 'ဟု ဆိုလိုက်ကာ စူးစိုက်စွာစဉ်းစားနေဟန်ဖြင့် မျက်နှာကို အပေါ်မော့၍ မျက်မှောင်ကိုကြုတ်ကာ မျက်လုံးကိုလည်း မှေးထားလိုက်ပါသည်။ အတန်ကြာမှ ဗြုန်းခနဲ သတိရလာသလို ဟန်မူရာမျိုးဖြင့် ပါးစပ်ကို ဟ ကာ မျက်ခုံးနှစ်ဖက်ကို အပေါ်သို့ မြှင့်ချီ လိုက်ပြီးနောက်၊ မျက်နှာကိုလည်း ကြည်ကြည်လင်လင် ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်ရင်း -
' အေး ... ဟုတ်သားပဲဟ၊ ကြည့်စမ်း ... ငါ မေ့တောင်နေတယ်။ အင်း ... အလုပ်ကလည်းများ၊ အသက်ကလေးကလည်း နည်းနည်းထောက်လာပြီ ဆိုမှဖြင့် တယ်ပြီး မေ့တတ် လျော့တတ်သကိုး'
သူ့အမူအရာမှာ မှင်သေသေနှင့် သဘာဝကျလွန်းလှ၍ ပွဲကတော်၏ ဒေါသကလေးမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ရရှာပါပြီ။ ဤတွင် ဒေါသကွယ်ပသွားသော ပွဲကတော်၏ မျက်နှာပြင်ကို ခရီးပန်း၍ နွမ်းလျသော အသွင်က လုံးဝပင် လွှမ်းမိုးလိုက်ပါသည်။

' ငါ့မလည်း လွှတ်ပြီးမှ နောင်တရမိတယ်၊ နေပူထဲ သွားရလို့ ခရီးပန်းပြီး ဖျားများနေမလားဟဲ့၊ ကား လမ်း ဓားပြတွေနဲ့များ သွားတိုးနေမလားဟဲ့နဲ့ တစ်နေ့လုံး ပူလိုက်ရတာ၊ အခုမှပဲ စိတ်အေးရတော့ တယ်။ ကဲ ... ကဲ ... အေးအေး ဆေးဆေး သွားထိုင်ပြီး အနားယူလိုက်ဦး၊ အနားယူလိုက်ဦး။ ဟေ့ ... ဖိုးတုတ်၊ ဈေးနားက ဖျော်ရည်ဆိုင်မှာ ' လိုင်းမကြူး' တစ်ခွက်လောက် အမြန်သွားဝယ်စမ်း ... မြန်မြန်ဟေ့နော် ... မြန်မြန် '

ဒေါသ ကွယ်ပ သွား၍ အထီးတည်း ကျန်ရစ်ခဲ့သော ပွဲကတော်၏ မျက်နှာပြင်မှ ခရီးပန်း၍ နွမ်းလျသော အသွင်ကိုလည်း ပွဲစားကြီးသည် ဤစကားလုံးများဖြင့် အောင်မြင်စွာ ဖယ်ရှားပစ်လိုက် နိုင်ခဲ့ပါပြီ။ ယခုအချိန်တွင် ပွဲကတော်သည် သူ၏ ချစ်လင်က ချောက်မြို့သို့ ထပ်လွှတ်ရုံမျှမက 'ဧ၀ရက်' တောင်ထိပ်ကို တက်ခိုင်းစေကာမူ အပြေးတက်ရန် အသင့် ရှိနေပါပြီ။ သနားစရာ့ ပွဲကတော်။
ကျွန်တော်သည် ပွဲကတော်ကို စူးစိုက်ကြည့်ရင်း ' ပွဲကတော် မရှိခိုက်တွင် ပွဲစားကြီးသည် သူ၏ အပျော်မယားကလေးတစ်ဦးနှင့် ကမြင်းထ နေပါသည်' ဟု ထုတ်ပြောလိုသော ဆန္ဒကို မနည်းပင် မျိုသိပ်ထားလိုက်ရပါသတည်း။
--------------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Monday, August 30, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၂) အပိုင်း (၉) ဇာတ်သိမ်း

''ကျီးဒန်၊ ညည်းတို့လင်မယား ရွာထဲမှာဆက်နေလို့ မတော်ဘူး။ လယ်ပြင်မှာ တဲထိုးနေချေကြ''
ဤသို့ဖြင့် မောင်ဆေးရိုးနှင့် ကျီးးဒန်တို့မှာ သာဒွန်းဝ မြောင်းဖျားသောက် တောရှောက်လယ်ပွဲသို့ ရောက်လာကြ၏။ အောက်ဆုံးလယ်ပွဲတွင်ရှိသော ပေါက်ပင်များနှင့် မန်ကျည်းပင်က သူတို့၏ တဲကလေး ကို အဝေးမှ မမြင်စေရန် ဖုံးကွယ်ပေးထားသည်။ ငှက်ပျောရုံကလေးတွေ ဖြစ်လာသောအခါ ပိုပြီး အကာအကွယ် ရသည်။ ဘူးနှင့် ပဲပုစွန်ပင်များ အပင်ဖြစ်လာချိန်တွင်ကား နားအေးပါးအေးရှိသော နေရာ ကလေးဖြစ်လာလေ၏။

မောင်ဆေးရိုးနှင့် ကျီးဒန်တို့၏ တဲကလေးသည် ရွာဆက်ဝေးငြား အလုပ်တွင်သည်။ တဲတဲမှ ထွက်လိုက် လျှင် လုပ်းငန်းခွင်သို့ ရောက်သည်။ လုပ်ခွင်မှ တက်လိုက်လျှင် အိမ်သို့ ချက်ချင်းရောက်သည်။ သို့သော် ကျီးဒန် မှာ စားကာအိပ်ကာ မနေရပါ။ မောင်ဆေးရိုးက ရက်ကန်းစင် တစ်စင်ဆောက်ပေးသောကြောင့် ဖြစ်သည်။
''အလကား နေ အလကားပဲဟ၊ အိမ်သုံးဖို့ တဘက်တစ်ထည်ပဲရဦး၊ အမြတ်ပေါ့''

ရမ်းဘိုကုန်းရွာသို့ မကြာခဏ၀င်ထွက်နေသော ပုလိပ်သည် မောင်ဆေးရိုးနှင့်မကျီးဒန် တို့ကို ရွာထဲတွင် မတွေ့သောအခါ စုံစမ်း၏။ အဓိကကျသော ရွာခေါင်းဦးဘရီပင် မသိ။ လယ်ထဲသို့ ပြောင်းရွေ့ နေထိုင်သလော ဟု ပုလိပ်သည် လယ်ပြင်သို့ကား လိုက်လံမစုံစမ်း ရဲပေ။ သူ့သွင်ပြင်သည် လယ်ပြင် လမ်းတစ်လျှောက် ၌ ထင်းနေသောကြောင့် ဖြစ်၏။
အဝေးမှ ပတ်မတုတ်သံများ ပြတ်တောင်းပြတ်တောင်း ကြားနေရသော တစ်ညနေတွင် ကျီးဒန်သည် သွက်လက် စွာ ချက်ပြုတ်လုပ်ကိုင်နေ၏။ မောင်ဆေးရိုးကား လှည်းစီးကုံး၊ လှည်းနားစောင့်နှင့် သံခွေများ ကို စစ်ဆေးပြီး လှည်းပေါ်သို့ ကောက်ရိုးတွေ တင်နေသည်။

''စောစောစီးစီး ထမင်းစားရတာ ၀င်မှာမဟုတ်ပါဘူးတော်၊ ပွဲခင်းကျမှ ငါးပေါင်းကြော် ၀ယ်ပြီး စားကြ တာပေါ့''
ကျီးဒန်သည် ထမင်းထုပ်အတွက် ငှက်ပျောရွက်ခုတ်ရန် ဓားကို ဆွဲလာသည်။ ငှက်ပျောရုံကြား၌ လူ တစ်ယောက်။ ကျီးဒန်သုတ်ခနဲ နောက်သို့ ပြန်ဆုတ်သည်။
''ကျီးဒန် ငါပါဟ''

မောင်ဆေးရိုးသည် ကျီးဒန်ပျာသီးပျာယာ ဖြစ်သွားကတည်းက ငှက်ပျောရှံဘက်သို့ လှည့်ကြည့်မိပြီး ဖြစ်နေ တော့သည်။
''ကျီးဒန် ဘာတုံးဟ''
''လူတော်ရဲ့''
''ဟ ငါပါဟ''

ပေကျံညစ်ထေးနေသော ထိုသူ၏ သွင်ပြင်ကို မမှတ်မိငြား အသံကိုမူ မောင်ဆေးမှတ်မိသည်။
''အစ်ကိုငထွန်းကား''
''အေး ဟုတ်တယ်၊ ငါပါကွ ညီလေးရ''
ငထွန်းကားသည် ငှက်ပျောပင်များကြားမှ ထွက်လာ၏။

''တော့်နှယ်တော်၊ ငှက်ပျောရုံထဲဝင်နေတော့ လန့်တာပေါ့။ တဲထဲကို တန်းပြီးဝင်လာတော့ ဘာဖြစ်လဲ''
ကျီးဒန်က ရန်တွေ့ရင်း ပုဆိုးတစ်ထည် လှမ်းပေး၏။
''ဘယ်နှရက်များ ရေမချိုး မိုးမချိုးနဲ့ ဘာတွေလျှောက်လုပ်နေခဲ့တယ် မသိဘူး။ နံနေတာပဲ၊ ကဲရေချိုး''
''ရေချိုး လို့ မဖြစ်ဘူးဟ၊ ငါဖျားနေတယ်''
ဖျားနေသည်ဆိုသော်ငြား၊ ငထွန်းကား ရေချိုးရသည်။

သူ့ညီက ရေနွေးဖြင့် ချိုးပေးသည်။ ကျီးဒန်က 'မုန့်ညင်းဥ' တွေကျိုပြီး ဆေးတိုက်သည်။
''ဟဲ့နင်တို့ ဘာလုပ်တုံး၊ လှည်းပြင်နေပုံထောက်တော့ ပွဲသွားမလို့ထင်တယ်၊ ကဲသွားကြ၊ ငါနေကောင်းပြီ''
သို့သော် မောင်ဆေးရိုးနှင့် ကျီးဒန်တို့ ပွဲမသွားဖြစ်ပါ။ ငထွန်းကားကို ၀ိုင်းဝန်းပြုစု နေကြသည်။ သို့ဖြင့် လူမမာ အိပ်ပျော်သွားစဉ် ပြုစုသူများသည် အိပ်ပျော်သွားကြသည်။ အုတ်အုတ်ကျက်ကျက် အသံများ ကြောင့် ကျီးဒန်လန့်နိုးသည်။ နားစွင့်ကြည့်သည်။ စကားပြောသံများ၊ တဲအပြင်သို့ ခေါင်းထုတ် ကြည့်သည်။ ပြေးလွှားလှုပ်ရှားနေသော မီးတုတ်များ။

''ကိုဆေးရိုး ကိုဆေးရိုး''
ကျီးဒန်သည် အင်းအဲ လုပ်နေသူကို ဆွဲထူသည်။
''လူသံတွေလည်း ကြားတယ်၊ မီးတုတ်တွေလည်း အများကြီးပဲ''
အစ်ကို ငထွန်းကား အား ပုလိပ်က ရွလုံးကျွတ် ဆင်းပြီးလယ်ကြိုလယ်ကြားမကျန် ရှာဖွေနေပြီလော။
မောင်ဆေးရိုး သည် တဲအပြင်သို့ ပြေးထွက်၏။ မီးတုတ်များကို မျှောကြည့်၏။ ရဲရဲညီနေသော မီးတုတ် များသည် အပြေးအလွှား လာနေကြပြီ။

''အစ်ကိုထထ၊ ပုလိပ်က တောနင်းပြီးရှာနေပြီ''
မောင်ဆေးရိုးသည် ဓားကို ဆွဲ၊ ငထွန်းကားကို ထမ်းပြီး မြစ်ဘက်သို့ ပြေးသည်။ မြစ်ကမ်းဘက်တွင် ကိုင်းတောကြီးရှိသည်။ မလွတ်သာသည့်အဆုံး၌ ရေထဲဆင်းပြေး နိုင်သည်။
ကျီးဒန်မှာ သူလျှော်ဖွပ်ထားသော ခဲအို၏ အ၀တ်များကို စုစည်းသိမ်းဆည်းသည်။ အိပ်ရာကိုလည်း အပြေးအလွှား သိမ်းဆည်းရသည်။ မောင်ဆေးရိုးတို့ ဆင်းသွားသော ဘက်သို့ မျှော်ကြည့်လိုက်၊ မီးတုတ် များ လှုပ်ရှားနေရာအရပ်သို့ မျှော်ကြည့်လိုက် ဗျာများနေစဉ် မီးတုတ်များသည် ဝေးကွာပျောက်ကွယ် သွားကြ သည်။

''နင်တို့ဥစ္စာက မထိတ်သာမလန့်သာ နဲ့ ဘာတုံးဟ''
တဲထဲသို့ ညီအစ်ကိုနှစ်ယောက်ပြန်ရောက်လာသော အချိန်တွင် ငထွန်းကား၏ ပြူးတူးပြဲတဲ အမေး။
''မသိတော့လားတော်၊ မီးတုတ်တွေလည်း မြင်ရ၊ လူသံတွေလည်း ကြားရတော့ ကျုပ်ခဲအို ကို ပုလိပ် ၀ိုင်းပြီပေါ့''
ငထွန်းကား ရယ်မောသည်။

''အ ပါ့ ငါ့ခယ်မရယ်၊ ငါ့ကိုဖမ်းချုပ်ချင်ရင် တိတ်တိတ်ကလေးလာပြီး အနားရောက်တော့မှ 'ဟေ့ကောင် လက်မြှောက်၊ လာခဲ့' ဆိုပြီး ခေါ်သွားမှာဟ သိရဲ့လား''
ကျီးဒန် မှာ ရင်တုန်ပန်းတုန်နှင့် ငေးမောနေရသည်။
ငထွန်းကားမှာ အအိပ်မှန် အစားမှန်သဖြင့် ရက်အနည်းငယ် အတွင်း လူရုပ်ပြန်ပေါ်ပေါက် လာလေ၏။ ထိုအခါ တွင် ငထွန်းကားသည် ဇနီးနှင့် သားကိုသတိရ၏။
''မယ်ငြိမ်းစည် ဘာမှာသွားသတုံး''

''ထွေထွေထူးထူးတော့ မရှိပါဘူးအစ်ကို၊ အစ်ကိုလိုက်ခဲ့ဖို့ပါပဲ။ ဒါပေမဲ့ ပုလိပ်ကို ဓားနဲ့ခုတ်မှုမှာ သူဟာ တစ်ယောက်တည်း သော သက်သေဖြစ်နေတယ်ဆိုတာ သတိထားပါဦး အစ်ကို''
မပူနဲညီလေး၊ ငြိမ်းစည်ဟာ သူ့သားကို ထောင်ထွက်ရဲ့သား ဖြစ်အောင် မလုပ်ဘူး၊ စိတ်ချ''
ငထွန်းကား ပေါ့ပေါ့တန်တန် ပြောသော်ငြား၊ မောင်ဆေးရိုးမှာမူ ရတက်မအေးနိုင်ရှာ။

''နောက်ပြီး မရီးကိုယ်တိုင်က ပြောတာ တစ်ခုရှိသေးတယ်၊ အစ်ကိုကပုလိပ်ကို ခုတ်တာမဟုတ်ဘူး၊ သူ့ကုခုတ်တာတဲ့။ ပုလိပ်က ထရပ်လိုက်လို့ အခုတ်ခံရတာတဲ့ဗျား''
''ဒါလည်းအမှန်ပဲကွ''
''ဒါနဲ့များ အစ်ကိုရာ၊ သွားမနေပါနဲ့တော့၊ သူ့တိုက်နဲ့သူ့ကံ ထားလိုက်ပါတော့လား''
ငထွန်းကား ခေါင်းယမ်းသည်။ ''ကလေးရှိသေးတယ်ကွ'' ဟုဆိုပြီး သက်ပြင်းချသည်။

''ဆွေမရှိ မျိုးမရှိတွေရဲ့အလယ်မှာ ငါ့သားမျက်နှာငယ်မယ် ညီလေး''
ထိုအခါမှာ သက်ပြင်းချရသူမှာ မောင်ဆေးရိုးဖြစ်လာပြန်၏။
''သူများတွေ အဖေခေါ်တဲ့အခါ ငါ့သားလေးလည်း အဖေခေါ်ချင်ရှာမှာပဲကွ၊ ငြိမ်းစည်မှာ လည်း ငါက ဘာတစ်ခုမှမလုပ်ဘဲ ထိုင်နေဦး အားရှိမှာ  အမှန်ပဲ''
မောင်ဆေးရိုးတွင် သားသမီးမရှိသေးငြား အစ်တို့စကားမှာ လျော်ကန်သင့်မြတ်သဖြင့် စောဒက မတတ် နိုင်ချေ။

''ပြီးတော့ မိစုံဖစုံ အုပ်ပြီးကြီးပြင်းခဲ့ရတဲ့ ကလေးတစ်ယောက်အဖြစ် ငါ့သားကို ဖြစ်စေချင်တယ်။ ဟိုလူ ကကန်၊ သည်လူက ခေါက်နဲ့ ခြေကြိုခြေကြားမှာ ကြီးပြင်းရတဲ့ ကလေးမဖြစ်စေချင်ဘူး''
''အစ်ကို သွားရင် ပိုက်ဆံလိုမှာပေါ့''

''မင့်မရီးကို ငွေတစ်ဆယ် ရှာပေးလိုက်တယ်မဟုတ်လား၊ တော်ပြီပေါ့ကွာ၊ ငါပိုက်ဆံမလိုပါဘူး''
''တာလမ်းက မသွားနဲ့အစ်ကို၊ မြစ်ဘေးကပဲ သွား''
''ဒါပေါ့၊ ယာကြိုယာကြားက သွားလိုက်၊ မြစ်ကမ်းဘေးက မြှောင်သွားလိုက် လုပ်ရမှာပေါ့။ ဟိုရောက် တော့လည်း ငါလိုလူတွေ ရှိမှာပါ၊ မပူပါနဲ့''
ပြောပြောဆိုဆို ငထွန်းကား ထသည်။ တဲတံစက်မြိတ်အပြင်သို့ ခေါင်းထုတ်သည်။

''ဘာလုပ်မလို့တုံး အစ်ကို''
''သွားပြီလေကွာ''
''အစ်ကို ဟာကလဲ အခုဆိုခုကိုဗျ၊ နေဦးနေဦး၊ ထမင်းခြောက်ကလေး ထန်းလျက်ကလေး လမ်းမှာစားဖို့ ထည့်သွားဦး''
မောင်ဆေးရိုးက ပြောပြောဆိုဆို တဲထဲသို့ ပြေးဝင်သည်။ ငထွန်းကားက ညီ၏လက်ကို လှမ်းဆွဲ ထားသည်။
''လုပ်မနေပါနဲ့၊ ယာတွေတဲမှာ သခွားသီး၊ ကဆစ်သီးတော့ ရှိမှာပါ''

သို့သော်''နေစမ်းပါဦးဗျာ'' ဆိုကာ မောင်ဆေးရိုးသည် မြေအိုးသစ်ကလေးတစ်လုံးကို ယူထုတ်လာသည်။ ငထွန်းကား ၏ ပုဆိုးခါးပိုက်ထောင်ထဲသို့ ထန်းလျက်နှင့် ပေါက်ပေါက်လုံးထားသော 'ပေါက်ပေါက်ဆုပ်' တွေ ထည့်ပေးသည်။
''ကဲလိုက်ပို့မနေနဲ့တော့၊ ငါသွားပြီ၊ လိမ်လိမ်မာမာနေကြ၊ သတိဝီရိယနဲ့ နေကြဟေ့''
မောင်ဆေးရိုးသည်  ဆောင့်ကြောင့်ထိုင်ပြီး အစ်ကိုအား ရှိခိုး၏။ ဦးသုံးကြိမ်ချပြီး၍ မောင်ဆေးရိုး မော့ကြည့်ချိန်တွင်ကား ငထွန်းကားသည် တောရှောက်ပင် အုပ်များကြားသို့ ၀င်ရောက် ပျောက်ကွယ် သွားလေပြီ။ ကျောင်းဦးစေတီမှ ဆည်းလည်းသံများ လွင့်ဝဲလာသည်။

ပြောရင်းပြောရင်းဖြင့် ဘဆေးရိုး၏ အာရုံဝယ် အစ်ကိုငထွန်းကား၏ ရုပ်သွင်သည် ပီပြင်စွာပေါ်လာ၏။
''ဟုတ်တယ်၊ ငါတို့တဲမှာ သူလာပြီး ခုနစ်ရက်လောက် အားမွေးနေတုန်း နွားပခြုပ်ရက်တယ်၊ ကြိုးကျစ် တယ်၊ တောင်းပလုံး၊ ဆန်ကောဆန်ခါရက်တယ်၊ သုံးနှစ်လုံးလို့ မကုန်ဘူး''
ဘဆေးရိုးက အသံအက်ကြီးဖြင့် ပြော၏။
မပြည့်တပြည့်ငွေလသည် ထန်းတောထိပ်သို့ ရောင်လာပြီ။ ကြည်လင်သော အလင်းရောင် သည် ရမ်းဘိုကုန်း ရွာထဲသို့ သွန်ဆင်းနေ၏။ မိန်ကောင်တစ်ကောင်သည် ရွာထဲမှ ဖြတ်သန်းဝဲပျံရင်းက ဆိုးရွား သော အသံကို မြည်တမ်း၏။

''ဖွဟဲ့ ဖွဟဲ့''
ရီးသာဒွန်း ချက်ချင်း တန်ပြန်ရေရွက်၏။
''လုပ်မနေပါနဲ့ကွာ၊ ပရိတ်မေတ္တာကသာ မကောင်းတာတွေကို ပယ်ဖြတ်နိုင်တာပါ၊ ဖွဲဟဲ့တို့ ဖွတ်ဖွတ်တို့က''
ဘဆေးရိုး ပြောနေဆဲမှာပင် ''ဘရေ'' အော်သံကြားရသည်။ မောင်ကိုကြီး၏ သားနှင့် သမီးများဖြစ်သည်။
''ဘ ဘာလုပ်နေတာတုံး၊ အမေကြီးက မေးခိုင်းလို့''
''အရက်သောက်နေတယ် ပြောလိုက်ဟေ့''

ရီးသာဒွန်းက ၀င်ပြောသောအခါ ''အဘိုးကလဲ'' ဆိုကာ ကလေးများသည် ၀တ်ကျောင်းလှေကားရင်းသို့ ရောက်လာကြသည်။ သူတို့သည် သူတို့၏ ဘိုးဘေအရင်း ကိုသာအဖေ့လေသံအတိုင်း ဘ ခေါ်ကြငြား ထိုဘနှင့် အရွယ်တူသူများကိုမူ အဘိုးဟူ၍ ခေါ်ကြသည်။
''ခများများမှာ ဆွေရယ်မျိုးရယ်လို့ မမြင်ဖူးကြရှာဘူး၊ ငါကအဲဒါ သနားတာပဲ''
ဘဆေးရိုးက မြစ်များကိုငုံ့ကြည့်ရင်း ပြောသည်။

''တစ်ရပ်တစ်ကျေးမှာ ဆွေမရှိမျိုးမရှိနဲ့ မျက်နှာငယ်ကြမှာပဲဆိုပြီး ငါလိုက်သွားတာကွ၊ ဆွေရယ် မျိုးရယ် မြင်လိုက်ရရင် အားရှိအောင်၊ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ရမ်းဘိုကုန်းကို ပြေးလာနိုင်အောင်ပေါ့''
''သူ့တို့ ဘတွေက မပြောဘဲမနေပါဘူးကွား၊ မင်းတို့ဘထွေး ကိုဆေးရိုး၊ မင်းတို့ဒွေးလေး မယ်မျှင် အစရှိသည်ဖြင့်ပေါ့''
''ငါ့မရီးက ရွာကိုစိတ်နာသွားတော့ ရမ်းဘိုကုန်းအမည်ကို ပါးစပ်ထဲထည့်မှ ထည့်ပါ့မလား''

''မယ်ငြိမ်းစည် စိတ်နာအောင် ရမ်းဘိုကုန်းက လုပ်တာလား၊ သူကလုပ်တာလား''
ဘဆေးရိုးသည် ရီးသာဒွန်း၏ အမေးကို မဖြေကြားလိုပေ။ အရိပ်နေပြီး အခက်ကို ချိုးခြင်းဖြစ်ကြောင်း မယ်ငြိမ်းစည်၏ မိဘများဖြစ်သော ဦးရဲတင် ဒေါ်မင်းဘော်တို့ကအစ သဘောထားသည်။ မိမိမှီတင်း နေထိုင်ရာ ရမ်းဘိုကုန်းရွာ ပျက်စီးရာပျက်စီးကြောင်း ဓားပြလက်ထောက်ချခြင်းကို 'သားရေပေါ်အိပ် သားရေ နားစား' ဟူ၍လည်း ရှုတ်ချပြစ်တင် ခဲ့ကြသည်။

''ဟေ့ ဒါထက်နေပါဦးကွ၊ မင်းတို့တဲကို ကိုထွန်းကား ရောက်နေတဲ့ညမှာ မီးတုတ်တွေ မြင်ရတာ၊ လူသံတွေကြားရတာက ဘာတုံးကွ။ ပုလိပ်လာဝိုင်းတယ်ထင်ပြီး မင့်အစ်ကို ကုန်းပိုးပြီး မြစ်ဘက်ကို ထွက်ပြေးကြတယ်ဆိုတာလေ''
''သြော် အေးကွ ဟုတ်သားပဲ''
ဘဆေးရိုး ခြောက်ကပ်စွာ ရယ်မောသည်။

''မြစ်ကြောင်းတစ်လျှေက်မှာရှိတဲ့ လယ်ကြားမြောင်းတွေကို ရေပေးတဲ့ 'ရေကျပေါက်' တွေမှာ ငါးမခံရဘူး၊ 'ခုံစင်' မလုပ်ရဘူး ဆိုတာဟာ ဟိုးတုန်းကတည်းက ရှိခဲ့တာကွ။ ဟိုတုန်းကတည်းက ရှိခဲ့တာကို ညအချိန် မှာ တိတ်တိတ်လုက်ကြတော့ ငါးကြီးတစ်ကောင် ရေကျပေါက်မှာ လာညပ်နေတာတဲ့ကွ''
''မနည်းကြီး မှာပေါ့''

''အောက်မကျ အထက်မဆန်ဖြစ်နေတဲ့ ငါးကြီးကို တောတွင်း သားက ဆင်းဖမ်းဆိုကိုးကွ၊ အဲသည် အခါ ကျမှ ငါးကရုန်းပြီး မြောင်းအတိုင်း စုန်ပြေးလို့ တပ်ချီပြီး လိုက်လာကြတာတဲ့''
ရီးသာဒွန်း သည် ကိုယ့်ပေါင်ကို လက်ဝါးဖြင့်ပုတ်ကာ''ဖြစ်ရလေကွာ'' ဟုဆိုသည်။
''အေးပေါ့ကွာ၊ ကျီးဒန်က ပြူတူးပြဲတဲနဲ့ ပုလိပ်ဆိုတော့ ငါလည်းဘာမျှတွေးမနေတော့ဘူး၊ အစ်ကို လာဟေ့ ဆိုပြီး ကုန်းပိုးပြေးရတော့တာပေါ့''

အသံရှင်က အတူနေမြေးကြီး မောင်ကိုကြီး ဖြစ်သည်။ သူ၏ကလေးတွေသည် ဖအေလိုက်လာသောအခါ ၀ိုင်းအုံဖက်ကြသည်။
''နေကြစမ်း သည်မှာလူကြီးတွေ စကားပြောနေတယ်''
မောင်ကိုကြီးသည် ၀တ်ကျောင်းလှေကားထိပ်တွင် 'တင်ပါးလွှဲ' ၀င်ထိုင်၏။

''နေပါဦး၊ မင့်အစ်ကိုရဲ့ နာမည် ငထွန်းကားဆိုတော့ စနေသားပေါ့၊ သားဦးစနေ မီးလိုမွှေတဲ့၊ ဘာတွေမွှေတုံး''
''မိဘကိုလည်း မမွှေ၊ သူ့ကိုယ်သူ မမွှေတဲ့အပြင် အကျိုးတောင်ပြုသွားသေး''
မောင်ကိုကြီး မှာ သူကြားရုံသာကြားဖူးသော အဘိုးအကြောင်းမို့ စိတ်ဝင်တစား ရှိ၏။ ဘအား အမေကြီးအခေါ်ခိုင်းသည့် အကြောင်းကိုလည်း မေ့လျော့ချေပြီ။
''အဖေ၊ ဘကိုခေါ်လေ၊ တော်ကြာ အမေကြီးဆိုနေလိမ့်မယ်''

ကလေးများက စိတ်မ၀င်စား။ ထို့ကြောင့် လာရင်းကစ္စကို သတိပေးကြရာ ''သွားကြစမ်း'' ဆိုကာ မောင်ကိုကြီး တွန်းလွှတ်၏။
''အဘိုး ဦးထွန်းကားအကြောင်း ပြောပါဦး ဘရ''
''ဘာပြောစရာရှိမှာတုံး လူလေးရယ် သေသလားရှင်သလားမသိ၊ ဆွေပြတ်မျိုးပြတ် ဖြစ်ကုန်ပြီပဲကွ''
''လူချင်း ၀င်တိုက်မိလို့မှ ဆွေမှန်းမျိုးမှန်း မသိတော့ပေါ့နော်''

မောင်ကိုကြီး၏ မေးသံက လွမ်းလွမ်းဆွေးဆွေးရှိသည့်နည်းတူ ဘဆေးရိုး၏ ''အေးပေါ့ကွာ'' ဖြေသံကလည်း ကြေကွဲ၏။ တစ်အောင့်မျှ ကြာမှ ဘဆေးရိုး၏ အသံ ပေါ်လာ၏။
''ဘတို့သေတဲ့နောက်မှာ မင်းတို့ကျန်ခဲ့မယ်၊ ဘတို့အခုလုပ်နေတဲ့ မြောင်းရင်းက သုံးဧကလယ်ပွဲဟာ မင်း အဘိုး ငထွန်းကားရဲ့ လယ်နော်၊ သေသေချာချာ မှတ်ထား''
''ဟုတ်ကဲဘ''

''သည်စကားကို ဘာကြောင့်ပြောရတုံးဆိုတော့ အစ်ကိုငထွန်းကားရဲ့ သားသမီးတွေ တစ်နေ့ မဟုတ်တစ်နေ့ ရောက်လာခဲ့ရင် မင်းတို့ တတ်နိုင်သမျှ လုပ်ပေးလိုက်ကြ။ မရှိရင် ရှိတာ ထုခွဲပြီး ပေးလိုက်ကြ။ သူ့လယ်ကို ဘတစ်သက် လုပ်စားခဲ့ပြီးပြီ။ အဖေတစ်ယောက်တည်းအားနဲ့ ' မဖြစ် တုတ်တက်' တောတိုးထားတာ၊ ဘာအကြောင်းနဲ့မှ မရောင်းနဲ့'
' စိတ်ချ ဘ '
' ဘရေ၊ အမေကြီး လိုက်လာပြီဗျ '

မောင်ကိုကြီး၏သားက လေတိုးတိုင်း ယိမ်းနွဲ့နေသော မီးညွန့်တစ်ညွန့်ကို လှမ်းကြည့်ပြီး ပြော၏။
' အင်း သွားဦးမှဟေ့ '
ဘဆေးရိုး ကုန်းထသဖြင့် မြစ်တစ်ယောက်က ကြေးစည်ကို လှမ်းယူ၏။ မောင်ကိုကြီးက လက်ကမ်း ပေး၏။

' အမျှဝေပြီးတာ ကြာပါပြီကော၊ အဘိုးကြီး ဘာလုပ်နေတာတုံး '
သည်လိုပေါ့အေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ '
' အစ်ကို ငထွန်းကားတို့ ရှင်ငြိမ်းစည်တို့အကြောင်းမှ ပါပါလေစ'
ဘဆေးရိုး မဖြေပါ။ သာယာအေးမြသော ငွေလရောင်တွင်းသို့ တရွေ့ရွေ့ တိုးဝင်သွားလေ၏။
------------------
ပြီးပါပြီ
အတွဲ (၃) အပိုင်း (၁) ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၄၉)

မွေးမေလေးတော် သူ စိတ်ဆိုးလို့

(၁)

သူငယ်ချင်းကောင်း ယောက်မတို့တော် ...။
ငါ့ကိုမွေးတဲ့ အမေဖျက်လို့ ချစ်တဲ့သူနဲ့ ကွဲခဲ့ရပြီ။ တစ်ခါတလေ သူ့ကို တွေ့ချင်လွန်းလို့ မျှော်မိ ပေမဲ့ အမေ က အလစ်မပေးလို့ မတွေ့ရပါဘူး ကောင်ရယ်။ အမေက အိမ်ဝင်းခြံကို ဆူးချုံတွေ အထပ်ထပ် ကာရံ ပိတ်ဆို့ပြီး ခြံဝင်းထဲမှ 'ရန်လုံ'ဆိုတဲ့ အင်းခွေးကြီးကို အမြဲလွှတ်ထားလေတော့ သူ့ခမျာလည်း ခါတိုင်းလို ငါရှိရာ ကို အလစ်မ၀င်လာနိုင်ဘူး ထင်ပါရဲ့အေ။

ငါ့မောင်ဖားတွေ ဆိုတာကလည်း ဓားလက်နက်ကိုယ်စီနဲ့ ခြံဝင်းထဲမှာ မပြတ် ကင်းလှည့်နေကြလို့ သူနဲ့ ငါ တွေ့ဖို့ဖြင့် အဝေးကြီး ဝေးကြရပြီ။ မျက်ခမ်းတွေဆိုတာ တဆတ်ဆတ်လှုပ်ပြီး အိပ်မက်ရာမက်တွေ ကလည်း မကောင်းဘူးအေ့။ ဒါကြောင့် ဒီတစ်ခါတော့ သူနဲ့ ငါ တကယ်ပဲ ကွဲကြရပြီ ထင်တယ်အေ။ ဟို 'ဗလကြိုင်' ဇာတ် လာကတုန်းက ပြသွားဖူးတဲ့ ကိန္နရာမကလေးလိုသာ ငါ့မှာ အတောင်ရှိရင်လား တစ်ခါ တည်း ငါ့ချစ်သူ ရှိရာကို အရောက် ပျံသန်းသွားပါရဲ့။

ငါ့ကျောပြင်ကို လှန်ပြီး ကြည့်ကြပါဦးအေ။ ဒဏ်ရာတွေ ဒဏ်ရာတွေဆိုတာ အရှိုးချင်းထပ်ပြီး ဖူးဖူး ရောင်လို့ပေါ့။ ပေါင်ကို လှန်ကြည့်လိုက်ဦးမလား၊ ပေါင်တွင်းကြောကို လိမ်ဆွဲထားလို့ ညိုလို့ မည်း လို့လေ။ အဲဒီ ဒဏ်ရာတွေဟာ ငါ့မွေးမေ စိတ်ဆိုးလို့ ရိုက်နှက်ထားတဲ့ ဒဏ်ချက်တွေပေါ့အေ။ ဖြစ် ကြောင်း ကုန်စင် ကိုတော့ ပြန်လို့တောင် မပြောချင်တော့ပါဘူး အေရယ်။
ဒါပေမဲ့ ပြောချလိုက်ရမှ အေးမှာပဲ အေရဲ့။ ဟောဒီ ရင်နှစ်ခြမ်းဟာ ဖြန်းဖြန်းကွဲသွားပစေ။ ရင်ထဲမှာ ရှိနေ တဲ့ အကျိတ်အခဲတွေကိုတော့ စာအံသလိုဖွင့်ညပီး အန်ချလိုက်ရမှ ရင်ထဲမှာ ရှင်းပြီး ပေါ့သွား မယ်လို့ ထင်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင်ကိုတော့ နတ်သံမနှော တောသံနှောပြီး ပြောပြ လိုက်ရဦးမှာပေါ့ ယောက်မ ရယ်။

(၂)

ပြောဆို အစကနေပြီး ပြောမှ ညည်းတို့ နားလည်ကြမှာပဲနော်။ ဒါကြောင့် သူနဲ့ ငါ စပြီး ချစ်ကြိုက် ပုံက စ ပြောရလိမ့်မယ်။ သူ ဆိုတာကတော့ ငါ့တစ်ယောက် မမေ့နိုင်တဲ့ ကြင်စဦး၊ ပန်းဦးပန် ငါ့ ရည်းစားကို ပြောတာနော်။

အဲဒီတုန်းက ငါ့အသက်ဟာ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်အေ့။ မရိုသေ့စကား ပြောရမယ်ဆိုရင် ရာသီပန်း ပွင့်ပြီးလို့ အပျိုဘော်ဝင်စပဲ ရှိသေးတယ်ဆိုတာ ညည်းတို့လည်း သိမှာပေါ့။ ကလေးစိတ် မကုန်သေး လို့ ဆော့လို့ ကောင်းတုန်းပေါ့လေ။ ရွယ်တူ ယောက်ျားလေးတွေနဲ့လည်း ၀င်ပြီးဆော့ လိုက်တာပဲ၊ သစ်ပင်ဆိုလည်း တက်လိုက်တာပဲ။ အမြဲတမ်း ပြေးလွှားခုန်ပေါက်ပြီး နေချင်တယ်။ စကား ပြောလို့ ရှိရင်လည်း အမှားအမှန် မစဉ်းစားဘူး၊ စိတ်ထဲ ရှိသလောက် ကက်ကက်လန် ဆတ် ဆတ်ကြဲ ပြောပစ်လိုက်တာပဲ။

အဲဒါ အမေက မကြိုက်ဘူးအေ့။ မိန်းမဆိုတာ မိန်းမပီပီ ဣနြေ္ဒရရနဲ့ သိမ်သိမ်မွေ့မွေ့ နေရထိုင်ရ တယ်တဲ့။ ပြောလို့ ဆိုလို့ ရှိရင်လည်း ဒီလို ဘောက်ဆတ်ဆတ်မပြောဘဲ တစ်ဖက်သား နားဝင်ချို အောင်ယဉ်ယဉ်ကျေးကျေး ပြောရတယ်တဲ့။ အဲဒီလိုပြောပြီး ရှေးတုန်းက ခြေတစ်လှမ်းကို ကုဋေ တစ်သန်း တန်တဲ့ မင်းသမီးကလေးတစ်ပါးရဲ့ သိမ်မွေ့ နူးညံ့ပုံတွေကို လျှောက်ပြောလိုက်တာအေ ... နားကို ငြီးယူ လာတာပဲ။

အမေက ဒီမင်းသမီးကလေးကို အတုယူပြီး သိမ်သိမ်မွေ့မွေ့ နေထိုင်ဖို့ ဆိုလိုမှန်း ငါ သိပါတယ်အေ။ ဒါပေမဲ့ ညည်း စဉ်းစားကြည့်စမ်း။ ရှေးတုန်းက ရှေးတုန်းက၊ အခုက အခု မဟုတ်လား။ အခုလို ခေတ်ဆိုး ခေတ်ကျပ်ကြီး ထဲမှာ မိန်းကလေးပေမဲ့ ပိုးတီကောင်ကလေးလို သိမ်မွေ့ နူးညံ့နေလို့ ထမင်းငတ် သွားမှာပေါ့။ ပြီးတော့ မင်းသမီးကလေးက မင်းသမီးကလေး၊ ငါက ငါပဲဟာ၊ ဘာဆိုင်လို့တုံး။ သူလည်း သူဟာ သူ ကြိုက်သလိုနေ၊ ကြိုက်သလိုထိုင်။ ငါလည်း ငါ့ဟာငါ နေတတ်ထိုင်တတ်သလို နေထိုင်တာ ငါ့ အပြစ် လား။ အမေတို့လို ရှေးလူကြီးတွေကိုက အရိုးများ သော ချေးခါးသောနဲ့ အင်မတန် ဇီဇာများ ပါတယ်အေ။

နောက်ပြီး ရွယ်တူ ယောက်ျားကလေးတွေနဲ့ ငါ အရောတ၀င် နေတာကိုလည်း အမေက မကြိုက်ဘူး အေ့။ ' ဟဲ့ နင့်အသက်ဟာ မငယ်တော့ဘူး၊ ယောက်ျားလေးတွေနဲ့ ထွေးရောယှက်တင် နေလို့ မဖြစ်တော့ဘူး။ အနေ အထိုင် အပေါင်းအသင်းကိုလည်း ဆင်ခြင်ဦးမှပေါ့' လို့လည်း တတွတ် တွတ် သတိပေးနေတယ်။ သူ ပြောတော့မှပဲ ငါ့အသက်ဟာ မငယ်တော့ဘူး၊ ငါဟာအပျိုဘော် ၀င်လာပြီလို့ သတိထားမိတာပဲအေ။

ဒါပေမဲ့ ခဏပါပဲလေ။ နောက်ဆိုရင် အမေ ပြောတာမေ့သွားပြီး ငါ့နဂိုနေအတိုင်း ဆော့စရာရှိတော့၊ နောက်စရာ ရှိ နောက်။ ငါ့ ယောက်ျားသူငယ်ချင်းလေးတွေနဲ့ လည်း သတ်ပုတ်လုံးထွေးပြီး နေမြဲတိုင်း နေမိတာပဲ။ အဲဒီတော့ ရွာထဲက ငါ့ကို ' မရှပ်တေး'လို့ ဘွဲ့ ထူးပေးလာကြတယ်အေ့။ ဒီကောင်မလေးဟာ ၁၄ နှစ် သမီးအထိတောင် ခံမှာမဟုတ်ဘူး ဆိုတာက တစ်မျိုး၊ လင်ကောင် မပေါ်ဘဲနဲ့ မွေးမယ့် ဟာကလေးပါ ဆိုတဲ့ အပြောမျိုးလည်း ပါရဲ့။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုးနဲ့ သားပုပ်လေလွင့် ပြောကြတာပေါ့အေ။ ဒါပေမဲ့ ကိုယ် ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုပြီး ငါတော့ မသိသလို၊ မကြား သလို လုပ်နေလိုက်တာပဲ။

ဒါပေမဲ့ သူတို့ယောက်ျားလေးတွေဟာ မကောင်းဘူးအေ့။ ငါက ခါတိုင်းလို မှတ်ပြီး ရိုးရိုးတန်းတန်း ဆက်ဆံပေမဲ့ သူတို့က ဆန်းလာကြတယ်။ ငါ့ကို ကြည့်ပုံကလည်း တစ်မျိုးကြီး ဖြစ်လာကြတယ်။ အိုကွယ် ... နောက်ဆုံး ငါ့ကို ရည်းစားစာ ပေးကြတယ်၊ လူပျိုစကား ပြောကြတယ်။
တကယ် ပါအေ၊ ငါ ဒါတွေကို နည်းနည်းလေးမှ စိတ်မ၀င်စားပါဘူး၊ စိတ်ကူးထဲလည်း မထည့်မိပါဘူး။ ဒါကြောင့်မို့ သူတို့ကို ခပ်ကြမ်းကြမ်းပဲ ပြောပစ်လိုက်ရတြယ်။ ' ဟဲ့ ဒီစာတွေကို ငါ့ကို မပေးကြနဲ့၊ နင်တို့ နှမတွေကို သွားပေးကြ။ ဟဲ့ ... ဒီစကားမျိုးကို ငါ့လာမပြောကြနဲ့၊ နင်တို့ နှမတွေကို နင်တို့ သွားပြောကြ 'လို့ပဲ ပတ်ကြမ်းတိုက်ပြီး ပြောပစ်လိုက်ရတယ်။ ဒီလို မပြောဘဲ လေနုအေးကလေးနဲ့ ပြောလို့လည်း ရမယ့် လူစား တွေမှ မဟုတ်ဘဲကိုး အေ့။

ဘယ်လိုပဲပြောပြော၊ မရပါဘူးအေ။ သူတို့တွေဟာ ငါ သွားတဲ့နောက်က တကောက်ကောက် လိုက်ပြီး မထိမခိုက် ပြောင်လိုက်၊ စ လိုကနဲ့ လုပ်တဲ့လူက လုပ်။ ငါ့ကို အလစ်မှ အတင်းအဓမ္မ ကြံစည်မယ်လို့ဆိုပြီး ချုံကြို၊ ချုံကြား၊ ဇရပ်ကြို ဇရပ်ကြားက ချောင်းတဲ့ လူကလည်း ချောင်းနဲ့မို့ ငါဖြင့် သွားစရာလာစရာရှိရင် ဟိုတုန်း ကလို ခပ်ပေါ့ပေါ့ မသွားရဲဘဲ သတိထားပြီး သွားလာနေရတယ်အေ။
နောက်ပြီး သူတို့ ယောက်ျားလေးတွေ ယုတ်မာတာ ရှိသေးတယ်အေ့။ ငါကဖြင့် သူတို့ကို တစ်ခါမှ ပြန်မကြိုက် ရဘဲနဲ့ ငါနဲ့ သူတို့နဲ့ ကြိုက်နေတယ်၊ ဘယ်နေရာမှာ ဘယ်လိုတွေ့ပြီး ဘယ်လို လုပ်လိုက် ရတယ်နဲ့ အသားယူပြီး ရွာထဲ လျှောက်ကြွားကြတယ်။ ဒီတော့ ရွာထဲမှာ ငါ့သတင်းဟာ အတော်ကြီး နေတာပေါ့။ သူတို့ ယောက်ျားလေးတွေ ယုတ်မာတာနဲ့ ကြားထဲက ငါ့မှာ အချောင် နာမည်ပျက်နေရတယ်။

ရှိသေးတယ်အေ့၊ သူတို့ ယောက်ျားလေးတွေဟာ ငါ့ကို ပိုးရင်း ပန်းရင်းနဲ့ အချင်းချင်း မနာလို မရှု ဆိတ်ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ချောင်းရိုက်ကြလို့ ထိပ်ပေါက် ခေါင်းကွဲဖြစ်တဲ့ လူလည်း မနည်း တော့ဘူးလေ။ အဲဒီလို ဖြစ်ရတာကို ရွာက ငါ့အပေါ်ပဲ အပြစ်ပုံချပြီး ပြောကြတာပဲ။ 'မိန်းမဖျက် ပြည်ပျက်' ဆိုတဲ့ စကားဟာ တယ်ပြီးမှန်ပါကလား။ ဒီ မိတ်နွားမကလေးတစ်ကောင် မကောင်းတာနဲ့ ရွာက ကာလသား လေးတွေ ဒုက္ခရောက်ကုန်တော့မှာပဲ။ ဒီ ကောင်မလေး လင်တစ်ယောက်ကို မြန်မြန် အတည် တကျ ယူမှ အေးမှာပါ' လို့ ပြောနေကြတယ်။ သူတို့ယောက်ျားတွေ စိတ်သဘောထား သေးသိမ်လို့ ဖြစ်ရတာ ကို ငါ့အပေါ် ပုံချတာ တရားသလားအေ့။

အဲဒါ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အမေ့နားကို ပေါက်ကြားသွားပါရောအေ။ ဒီတော့ အမေက ငါ့ကို ဆူဆဲ လုပ်ပါလေရော။ ငါ့မှာ ဘယ်သူနဲ့မှ ဘာမှ မဖြစ်ရဘဲနဲ့ အခြောက်တိုက် အပြောခံရတော့ စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်မိတာပေါ့အေ။ ဒါကြောင့် အရွဲ့တိုက်ပြီး ရှေးကထက် ပိုသည်းပစ်လိုက် တယ်။ အဲဒီတော့ အမေက ငါ့ကို 'ငါးဆယ်မ'တဲ့။ ငါးဖယ်များဟာ ထုလေ မာလေမို့ ဆိုလေ ကဲလေ၊ မန်းလေ ပြဲလေ လုပ်နေတဲ့ ငါ့ကိုလည်း ငါးဖယ်မလို့ ဘွဲ့ထူးပေးလိုက်တာပေါ့အေ။ ဘယ်လိုပဲခေါ် ခေါ် ငါ ကောင်းရင် ပြီးတမ်းမို့ မမှုပေါင်။

(၃)

အဲဒီလို အချိန်မျိုးမှာပဲ သူနဲ့ ငါ လာပြီး ကြိုက်ကြရတာပဲအေ့။ ပထမတုန်းကတော့ သူနဲ့ ငါဟာ ရိုးရိုး တန်းတန်း ခင်ကြတာပါအေ။ နောက်မှ မကြိုက်ရင် မနေနိုင်အောင် ဖြစ်သွားတာနဲ့ ကြိုက်လိုက်ကြ ရတာပဲ။ ကြိုက်မိပြန်တော့လည်း ကြိုက်မရှက်ဆိုတဲ့ စကားလို မရှက်နိုင်၊ မကြောက်နိုင်အောင် ဖျပ် ဖျပ်လူး ကြိုက်မိတာပေါ့အေ။

ငါ့ယောက်ျားလေး သူငယ်ချင်းတွေထဲမှာ သူတစ်ယောက်တော့ အနေလည်းအေးတယ်၊ သဘော သကာယ လည်းကောင်းတယ်။ ငါ့အပေါ်မှာ တခြားလူတွေ ဆန်းသလောက် သူကတော့ မဆန်းဘူး။ နောက်ဆုံး အချိန်အထိ ရိုးရိုးပဲခင်တယ်။ ငါ ထင်ခွေသွားလည်း သူ ပါတာပဲ၊ ကောက် သင်းကောက် သွားရင်လည်း သူ ပါတာပဲ။ ငါ့ကို ရိုးရိုးတန်းတန်း ခင်ပြီး အိမ်မှုကိစ္စ ဗာဟီရတွေကို ၀ိုင်းဝန်း လုပ်ပေး နေတဲ့လူ၊ တို့ မိန်းမသားတွေ မနိုင်တဲ့ ၀န်ကို အမြဲ ကူညီ လုပ်ပေးနေတဲ့သူမို့ သူ တစ်ယောက်နဲ့ အခင် မပျက် နေတာကိုတော့ အမေလည်း ဘာမှ မပြောသာဘူးပေါ့ အေ။
အဲဒီလို နဲ့ အနေကြာလာတော့ ရွာထဲက သူနဲ့ ငါ့ကို တိတ်တိတ်ပုန်း ညားနေကြတဲ့ အဖြစ်မျိုးရောက် အောင်ဝိုင်း ပြီး သမုတ်ကြပြန်ပါရော။ သူတို့ဟာ သူတို့ သမုတ်ရုံတင်မကသေးဘဲ အမေ့ကိုပါ တို့တဲ့ လူက သွားတို့ လိုက်လို့ အမေက ငါ့ကို သူနဲ့ အဆက်ဖြတ်ပြီး ခပ်တန်းတန်း နေရမယ်လို့ ပညတ် လိုက်တယ်။

ငါက ရိုးရိုးတန်းတန်း ခင်ကြတာပါဆိုပြီး အကျိုးအကြောင်း ရှင်းပြပါသေးတယ်။ ဒါပေမဲ့ အမေက တစ်ယူသန်ကြီးမို့ မရပါဘူးအေ။ ဒါနဲ့ နောက်တစ်ကြိမ် သူနဲ့ လူချင်း ဆုံမိတဲ့အခါမှာ ငါလည်း ဒီအကျိုး အကြောင်းတွေကို ပြောပြပြီး၊ ငါ့ကို အဆက်ဖြတ်ပြီး ခင်တန်းတန်းနေဖို့ မပြောရက်ဘဲနဲ့ မပြောရင် မပြီးလို့ ဇွတ်နှစ်ပြီး ပြောချလိုက်ရတယ်။
အဲဒီတုန်းက သူ့ဖြစ်အင်ကို ညည်းတို့ မြင်စမ်းစေချင်တယ်အေ။ တစ်ခါတည်း သူ့မျက်နှာဟာ ညိုးသွားပြီး ဇက် ကို ကျိုးကျသွားတာပဲ။ အဲဒီလို သူ့အဖြစ်ကို မြင်လိုက်ရတော့ အင်မတန် စိတ်ကြမ်း ကိုယ်ကြမ်းနဲ့ စိတ်မြန် လက်မြန်ရှိတဲ့ ငါတောင်မှ မခံနိုင်ဘဲ မျက်ရည်မဆည်နိုင်အောင် ၀မ်းနည်းသွားရတာပေါ့အေ။

အတော်ကြာအောင် သူ ဘာမှ မပြောဘဲ ငိုင်နေတယ်။ သူ့မျက်လုံးမှာလည်း မျက်ရည်တွေ ၀ိုင်းလို့ ပေါ့အေ။ ပြီးတော့မှ 'လူတွေဟာ မကောင်းဘူးနော်၊ တို့ဟာ တို့ ရိုးရိုးတန်းတန်း ခင်ကြတာကို မဟုတ် မတရား လျှောက်ပြောကြတယ်၊ အေးလေ ... တို့ဟာ လူကြီးတွေကို လွန်ဆန်နိုင်တာ မဟုတ်လို့ အဆက်ဖြတ် ပြီး ခပ်တန်းတန်းပဲ နေကြရတော့မှာပေါ့။ ဒါပေမဲ့ ငါတော့ နင့်ကိုမှ မမြင်ရရင် မနေတတ် မထိုင်တတ် ကို ဖြစ်နေတော့မှာပဲဟယ် ' လို့ ၀မ်းနည်းသံကြီးနဲ့ ပြောပြီး တစ်ခါ တည်း လှည့်ထွက် သွားတော့ တာပဲ။

ငါလေ တစ်နေ့လုံး သူ့ရဲ့ ညိုးငယ်နေတဲ့ မျက်နှာကိုသာ မြင်ယောင်နေပြီး၊ သူ့ရဲ့ ၀မ်းနည်းသံကြီးနဲ့ ပြောလိုက် တဲ့ စကားတွေကိုလည်း ကြားယောင်နေတယ်၊ မနေတတ် မထိုင်တတ်နဲ့၊ ဘယ်နေရာမှာမှ ထိုင်လို့ ဖင်မကျဘူး။ ငါက ဒီလို ဂနာမငြိမ် ဖြစ်နေတာကို အမေက တစေ့တစောင်း လှမ်းကြည့်တဲ့ပြီး ' ဟင်းနော် ... ဗိုင်းတာမ၊ နင် တော်တော် ထ၊ ငါလည်း ပျိုရာက အိုလာတဲ့ သူပဲ၊ မသိဘူးမှတ်သလား' လို့ လှမ်းကြိတ် နေသေးတယ်။ အမေက ဘယ်လိုများ ထင်နေ ပြန်တယ် မသိပါဘူး အေ။

ဒီလိုနဲ့ သုံးရက်လောက်ကြာတော့ သူ့ဆီက စာတစ်စောင် ရောက်လာတယ်။ ငါ့ကို သူ မမြင်ရရင် မနေနိုင် ဘူးတဲ့။ ဒါကြောင့် ဒီည အမေအိပ်ချိန်ကို မှန်းပြီး တို့အိမ်ပေါ် သူ တိတ်တိတ်ကလေး တက်လာမယ်တဲ့။ အဲဒါ တွေ့ခွင့်ပြုပါ ... ဆိုတဲ့ အကြောင်းပါပဲ။

ငါကလည်း တွေ့ချင်နေတုန်းမို့ ထူးထူးထွေထွေ ဘာမှ စဉ်းစားမနေတော့ဘဲ လာခဲ့ ... အတွေ့ခံမယ်လို့ အလွယ် တကူ ပြန်ကြားလိုက်တယ်။ နောက်မှ သေသေချာချာ ပြန်ပြီး စဉ်းစား ကြည့်မိတယ်။ တို့ဟာ ရိုးရိုး တန်းတန်း ခင်တယ်ဆိုပြီး ဒီလို ညကြီးသန်းခေါင်မှာ ချိန်းတွေ့ရင် လူတွေက ဘယ်လို ထင်ကုန်မလဲလို့ ပေါ့လေ။ ဒါပေမဲ့ လူကြီးတွေက ရိုးရိုးတန်းတန်း တွေ့ခွင့်မပြု တော့ ဒီလိုမှ မတွေ့ရရင် ဘယ်လို လုပ်တွေ့မလဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဆိုပြီး ငါတော့ သူ့ကို အတွေ့ခံဖို့သာ စိတ်နှလုံး တုံးတုံးချ ထားလိုက်တယ်။ အဲဒီလို တွေ့ဆုံရမှာကို တွေးပြီး စိတ်ထဲမှာ ကြည်နူးသလိုလိုတောင် ဖြစ်နေမိတယ်။
တစ်ခါမှ အလှပြင်ဖို့ အချိန်လည်းမရ၊ စိတ်လည်း မကူးဘူးတဲ့ ငါဟာ အဲဒီညနေမှာတော့ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီး အစွမ်းကုန် အလှပြင်ထားလိုက်မိတယ်။ ဘာဖြစ်လို့ ဒီလို လုပ်နေမိတယ်ဆိုတာ ငါ့ဟာ ငါလည်း မသိပါဘူးအေ။

ညရောက်လို့ သက်ကြီးခေါင်းချ ကြက်လည်းတွန်ရော၊ အမေလည်း တရှူးရှူးနဲ့ အိပ်မောကျနေပါ ရော။ တစ်နေ့လုံး လက်မချရအောင် အလုပ်လုပ်ရသူမို့ ညရောက်တာနဲ့ တစ်ချက်တည်း မောမောနဲ့ စောစောအိပ်တော့တာပေါ့အေ။
အဲဒီအချိန်မှာပဲ မောင်မင်းကြီးသား ရောက်တော်မူလာတာပါပဲအေ။ ငါက အကြံနဲ့မို့ စောစောထဲက အိမ်နောက် တံခါးက တံခါးချက်ကို ဖြုတ်ထားလေတော့ သူလည်း အဲဒီတံခါးကို တွန်းဖွင့်ပြီး အသာကလေး ၀င်လာ တာပေါ့အေ။ သူ့ဒူးတွေဟာ တဆတ်ဆတ်တုန်နေသလို၊ ငါ့ရင်ထဲမှာလည်း တဒိတ်ဒိတ် ခုန်နေတယ်။ အမေ နိုးမှာကိုပဲ ကြောက်လို့လား၊ ကိုယ့်အချင်းချင်းပဲ ပြန်လန့်နေလို့လား၊ ဒါမှ မဟုတ် ကိုယ့်လိပ်ပြာပဲ ကိုယ် မလုံကြလို့လား ဆိုတာကိုတော့ ငါလည်း မပြောတတ်ပေါင် အေ။

တို့နှစ်ယောက်ဟာ ကွဲနေတဲ့ ရက်အတွင်းမှာ ဘယ်လို မနေတတ် မထိုင်တတ်ဖြစ်အောင် အောက်မေ့ ရပုံတွေကိုသာ အမေ မနိုးအောင် တိုးတိုးကလေး ပြောနေမိကြတယ်။ ဒါပေမဲ့ တို့ရဲ့ အသံဟာ မူမမှန် ဘူးအေ့။ ကတုန်ကယင်နဲ့ တစ်မျိုးကြီး ဖြစ်နေကြတယ်။
နောက်တော့ ဘယ်လိုက ဘယ်လို ဖြစ်သွားတယ် မသိပါဘူးအေ။ တို့ နှစ်ယောက်ဟာ တစ်ဦးနဲ့ တစ်ဦး အားမလို အားမရနဲ့ တအား ပွေ့ဖက်နမ်းရှုပ်မိကြပြီး၊ တစ်အိပ်ရာထဲ အတူယှဉ်တွဲ အိပ်ချလိုက်မိတဲ့အထိ ဖြစ်သွား တော့တာပါပဲ။ ဟိုသီချင်းလိုပေါ့အေ ' မချစ်ဘူး.. မကြိုက်ဘူး ... ကကလေး မင့်နဖူး ... ညှင်းဘယ်ကကူး ... ' ဆိုတာလို တို့လည်း ရိုးရိုးခင်တာပါ ရိုးရိုးခင်တာပါနဲ့ပဲ သမီးရည်းစားမက၊ လင်မယား လည်း မကျတဲ့ ဘ၀အထိ မရည်ရွယ်ဘဲ ရောက်သွားကြရတာပါပဲ အေ၊ တို့အဖြစ်က မဆန်းလားဟေ့။

(၄)
အဲဒီလိုနဲ့ တို့နှစ်ယောက်ရဲ့ အချစ်ဟာ သုံးနှစ်သုံးမိုး ကြာတဲ့အထိ ဘယ်သူမှ မရိပ်မိသေးဘူး။ အနေ အထိုင်ကလည်း ပိသကိုးအေ့။ လူမြင်ကွင်းမှာ၊ လူရှေ့သူရှေ့မှာဆိုရင် တို့နှစ်ယောက်ဟာ တစ်ခါမှ မသိဖူး၊ မရင်းနှီးဖူးတဲ့ သူစိမ်းတစ်ရံဆံတွေလို မျက်နှာတည်ကြီး လုပ်ထားကြတာကိုး။ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ဆိုသလို တို့နှစ်ယောက် ဟန်ဆောင်ကောင်းတာနဲ့ပဲ တို့အပေါ် မသင်္ကာသလို ယုံထင် ကြောင်ထင် ဖြစ်နေတဲ့ အမေတောင်မှ မျက်စိလည် လမ်းမှားပြီး ငါ့အပေါ် ခြောက်ပစ်ကင်း ကလေး တစ်ဦး လို ယုံကြည်စိတ်ချနေရှာတယ်။

ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ကို ရောက်လာပြန်ပြီအေ။ တစ်နေ့ နေ့လယ်မှာပေါ့အေ၊ အမေ အပြင်ထွက် နေတုန်း ငါလည်း မီးဖိုချောင်ထဲဝင်ပြီး သိမ်းစရာရှိတာတွေ သိမ်းဆည်းလုပ်ကိုင်နေတုန်းပဲ၊ မောင်မင်းကြီး သား အတင့်ရဲရဲနဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဗြုန်းဆို ရောက်လာပါရော အေ။ နေ့ခင်း ကြောင်တောင်ကြီး ဆိုတော့ လူမိသွားမှာ စိုးရိမ်တာနဲ့ ငါလည်း သူ့ကို အတင်းတွန်းထိုးပြီး နှင်လွှတ် ပါသေးရဲ့၊ ဒါပေမဲ့ သူက မသွားဘဲ ပေကတ်နေတယ်အေ့။ မတွေ့ရတာ ကြာလှပြီမို့ လူလစ်တုန်း ၀င်လာရ တာပါ ဆိုပြီး ဇွတ်ပြော၊ ဇွတ်ဆွဲ လုပ်နေတော့ ငါ့မလည်း မဆွတ်ခင်က ညွှတ်ချင်နေသူမို့ ကြာရှည် ငြင်းမနေ နိုင်တော့ဘဲ ချော်လဲ ရောထိုင် လိုက်ရတာပေါ့အေ။

အတော်ကလေးကြာတော့ အိမ်ရှေ့က ခြေသံကြားသလိုလို ရှိတာနဲ့ ငါလည်း ကွင်းလုံးပုံကျနေတဲ့ ထဘီ ကို အသာပွေ့ပြီး မီးဖိုချောင်တံခါးက အိမ်ရှေ့ကို ချောင်းအကြည့်၊ အမေကလည်း မီးဖိုချောင်ထဲကို လှမ်းဝင် လာတာနဲ့ ပက်ပင်းပါ သွားတိုး နေပါလေရော။ သူတော့ မီးဖိုချောင်ပေါ်က ခုန်ချပြီး ကဆုန်ပေါက် အောင် ပြေးတော့တာပေါ့။
အမေ လည်း ငါ့ကို တအားဆောင့်ဆွဲပြီး ထုလိုက် ရိုက်လိုက်၊ ပေါငတွင်းကြောကို ဆွဲလိုက် လုပ်ရုံတွင် မကသေးဘဲ ပါးစပ်ကလည်း 'ကမြင်းမ ... ဗိုင်းတာမ ... ဗွေဆိုးမ 'နဲ့ မျိုးစုံအောင် ကျိန်ဆဲ လိုက်သေးတယ်။ ဟို ရုပ်သေးမင်းသမီး ဆိုသွားတဲ့ အတိုင်း -

' မွေးမေလေးတော် သူ စိတ်ဆိုးလို့၊ ဗိုင်းတောင့်ကြီးကို ကိုင်ကာ မိုး၊ ရစ်ကျိုးရယ်နဲ့ ရိုက်လိုက်လေ၊ ကျောသိသိကြေ။     ။  အရင်အစက ငါ မပြောလား၊ သဘောမကျ ဟိုအကောင်နှင့်၊ မီးဖိုချောင်မှာ စုံညီတွေ့၊ ထဘီပွေ့၍ နင်ထွက်လာတာ၊ မြင်ရှက်စရာ အပုံကောင်းသပ၊ အကြောင်းမသိ မိဗွေဆိုးရဲ့၊ မိန်းမ ဂုဏ်သိန် အလွန်ညိုးသတဲ့၊ ဟဲ့ ကမြင်းမ မိဗိုင်းတာရဲ့၊ ဟုတ်တိုင်းကိုသာ နင် မပြောက၊ ငါ သဘောရှိ ငါးဖယ်တေတေ၊ မနောဝယ် ဇောတွယ်ငြိပါလို့၊ ကျောသိသိ ကြေတယ် လေလေ'

ဆိုသလိုပေါ့အေ။ ငါ့ကို မေးလို့မရတိုင်း စိတ်ရှိလက်ရှိ ထုလိုက် ရိုက်လိုက်နဲ့ ငါးဖယ်တေ တေလိုက်တာ ငါ့ကျောပြင်ကို သိသိကြေ သွားတာပဲအေ။ ဒါပေမဲ့ ငါကတော့ အမေ မေးလေသမျှ တစ်ခွန်းမှ ပြန်မပြော ဘဲ၊ အမေ ရိုက်သမျှကိုသာ မျက်ရည်စက်လက်နဲ့ ခေါင်းငုံ့ခံခဲ့တယ်။

နောက်တော့ အမေက ငါ့ကို အိမ်မှာမထားတော့ဘဲ တို့အဒေါ်ကြီးများအိမ်ကို ပို့လိုက်တယ်။ တို့အဒေါ်ကြီးများ အိမ်က ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး၊ နှစ်ထပ်အိမ်ဆိုတော့ တို့အိမ်နဲ့စာရင် ပိုပြီး လုံခြုံ နေလို့ သူ ဘယ်နည်းနဲ့မှ လာတွေ့နိုင်မှာ မဟုတ်ဘူးဆိုပြီး ပို့လိုက်တာပေါ့အေ။ ပြီးတော့ တို့ အဒေါ်ကြီးရဲ့ သား ငါ့မောင် ၀မ်းကွဲများလည်း ရှိနေသေးတော့ ငါ့ကို သူနဲ့ မတွေ့နိုင်အောင် ငါ့မောင်များက စောင့်ရှောက် ထားနိုင်မှာပဲလို့လည်း အမေက ယုံကြည်စိတ်ချတယ် ထင်ပါရဲ့ အေ။

ဘာရမလဲအေ၊ အဲဒီလို ချုပ်ချယ်ထားလေ၊ ပိုပြီး တွေ့ချင်လေ ဖြစ်တတ်တာက ဓမ္မတာကိုးအေ့။ ဒီတော့ ကြံရတာပေါ့။ အဒေါ်ကြီးတို့ အိမ်က သူရင်းငှားကို လာဘ်ထိုးပြီး သူ့ဆီ စာပေးခိုင်းရတာပေါ့။ စာထဲမှာ ငါ အိမ်ပေါ်ထပ်မှာ အိပ်တဲ့အကြောင်း၊ ငါ့အိပ်ရာနံဘေးမှာ ပြတင်းပေါက်တစ်ပေါက်ရှိတဲ့ အကြောင်း၊ အဲဒီပြတင်းပေါက်ကို ငါ အမြဲဖွင့်ထားတဲ့အကြောင်း၊ အိမ် နံဘေးက တွယ်တက်ပြီး အဲဒီပြတင်းပေါက် ကနေ ၀င်လာရင် ငါ့အိပ်ရာကို တည့်တည့်ကြီး ရောက်နိုင်ကြောင်း၊ စုံလို့ပေါ့အေ။ ညဦးဆိုရင် ငါ့မောင် တွေဟာ တုတ် ဓား ကိုယ်စီနဲ့ အိမ်အောက်က ချောင်းနေတတ်လို့ သတိနဲ့လာဖို့ပါ ထည့်ပြီး ရေးလိုက် သေးတယ်။

စာပေးပြီးလို့ နှစ်ရက်လောက်လည်း ကြာရော၊ ဘသားချောလည်း ပေါက်လာပါရော။ သူ ရောက် လာတာ ငါတောင် မသိဘူးအေ့။ အစောကြီး ရှိသေးလို့ အိမ်အောက်မှာ ညီအစ်မတစ်တွေ စကား ၀ိုင်းဖွဲ့တေုန်း သူက အိမ်ပေါ်ထပ် ငါ့ခြင်ထောင်ထဲ ရောက်နေတာကိုးအေ့။ စကားဝိုင်းသိမ်းလို့ အိပ်ရအောင် အိမ်ပေါ်ထပ် ကို တက်လာတော့မှပဲ ငါ့ခြင်ထောင်ထဲမှာ သူ့ကို လာတွေ့နေရတာပဲ။ ကံကောင်းလို့ လန့်ပြီး မအော် မိတယ်အေ။ သူဟာ တစ်ညလုံး ငါနဲ့ အိပ်ပြီး ကြက်ဦးတွန်လောက်မှ ပြန်ဆင်းသွားတယ်။

အဲဒီလိုနဲ့ သူနဲ့ငါဟာ အဆက်မပြတ်ဘဲ လစ်၇င် လစ်သလို အိမ်ပေါ်ထပ် ငါ့အိပ်ရာထဲမှာ တွေ့နိုင် ကြတာပေါ့အေ။ တစ်ခါတလေ သူ အတင့်ရဲလွန်းလို့ ငါ့မှာ အမြဲပဲစောင့်ပြီး သတိပေးနေရတယ်။ အဲဒိလို အတင့်ရဲလွန်းရင် တစ်နေ့နေ့မှာ ဒုက္ခတွေ့လိမ့်မယ်လို့ ငါ သတိပေးတာတောင်မှ သူက အရေးမကြီးသလို ပြုံးဖြီးဖြီး နဲ့လေ။

ငါ သတိပေးတဲ့အတိုင်း တစ်ညမှာ ဖြစ်လာတာပါပဲအေ။ သူဟာ အိမ်ပေါ်ထပ်ကို အစောကြီး ရောက်လာပြီး ခါတိုင်းလို ငါ့ခြင်ထောင်ထဲ ၀င်မနေဘဲ ပြတင်းပေါက် ပေါင်ပေါ်မှာ တင်ပါးလွှဲ ထိုင် နေတယ်တဲ့အေ။ အိမ်ပေါ်ထပ်ကို ညအိပ်ချိန်ကျမှသာ တို့ညီအစ်မတစ်တွေ တက်အိပ်ကြတာမို့ စောလို့ရှိရင် ဘယ်သူမှ မရှိဘူးအေ့။ ဒီတော့ အိမ်ပေါ်ထပ်မှာ သူတစ်ယောက်တည်း ထင်သလို လုပ်နေနိုင် တာပေါ့အေ။

အိမ်ပေါ်ထပ်ကို အကြိမ်ကြိမ် တက်ချည်ဆင်းချည် လုပ်နေဖူးတော့ သူလည်း ရိုးသွားပြီး ကြောက်ရမှန်း တောင် မသိတော့ဘူးတဲ့ အေ။ လုပ်ပုံက ... လုပ်ပုံက ...။
အဲဒီအခါမှာပဲ ငါ့ညီအစ်မတော်တစ်ဦးက စိတ်လိုလက်ရ ဘုရား ရှိခိုးရအောင်ဆိုပြီး အိမ်ပေါ်ထပ်ကို တက်သွားပါလေရော။ ဘုရားစင်က အိမ်ပေါ်ထပ်မှာ ရှိနေတာကိုးအေ့။ ငါကလည်း အိမ်ပေါ်ထပ်မှာ ရှိနေတာ ကိုးအေ့။ ငါကလည်း အိမ်ပေါ်ထပ်မှာ သူရောက်နေမှန်း မသိတော့ ငါ့ညီအစ်မတော်ကို မတားဆီး လိုက်မိဘူးပေါ့အေ။ လှေကားက နေပြီး အိမ်ပေါ်ထပ်ကို တက်လာတဲ့ ခြေသံကို သူလည်း အကြားသား တဲ့။ ဒါပေမဲ့ ငါ မှတ်လို့ ခြင်ထောင်ထဲ ၀င်မနေဘဲ ပြတင်းပေါက်ပေါင်ပေါ်မှာသာ အေးအေး ဆေးဆေး ထိုင်နေတယ်တဲ့။ ကောင်းရော မဟုတ်လားလို့။

ခဏလည်း ကြာရော၊ ' အမယ်လေး 'ဆိုတဲ့ ငါ့ညီအစ်မတော်ရဲ့ အော်သံကို ကြားလိုက်ရပြီး ' လူ လူ လူ 'ဆိုတဲ့ နောက်ဆက်တွဲ အော်သံဟာလည်း လုံးထွေးပြီး ထွက်လာတယ်။ ငါ့ရင်ထဲမှာတော့ 'ဒိတ်'ခနဲ ဖြစ်သွား တယ်လေ။ သွေးပြောသလို သူပဲဆိုတာ ချက်ချင်းပဲ သိလိုက်ပါရဲ့။
ငါ့အစ်မတော်ရဲ့ အော်သံကိုလည်း ကြားရော သူလည်း လူမှားပြီဆိုတာ သိသွားပြီး ကြောက်အား လန့်အား နဲ့ ပြတင်းပေါက်ပေါင်ပေါ်က နေပြီး မြေဘကီးပေါ်ကို ခုန်ချလိုက်တယ်တဲ့။ အိမ်ပေါ်ထပ် ပြတင်းပေါက် နဲ့ မြေကြီးဟာ အတော် မြင့်သားအေ့။ မသေကောင်း မပျောက်ကောင်း ကံကောင်း လို့ပေါ့အေ။ အကျကောင်းသွားလို့ သူ ဘာမှမဖြစ်ဘဲ မြေကြီးပေါ်ရောက်တာနဲ့ တစ်ချက် တည်း ထ ပြေးနိုင် ခဲ့တယ်။

အဲဒီအချိန် ငါ့မောင်ဖားများလည်း အိမ်ရှေ့မှာ အဆင်သင့် ရှိနေကြလို့ 'ဖုန်း'ခနဲ့ အသံကြားတဲ့ဆီကို တုတ်တွေ၊ ဓားတွေဆွဲပြီး အတင်းလိုက်ကြတာပေါ့အေ။ ရှေ့ဆင့်နောက်ဆင့်ကလေး ပြေးတဲ့လူက ပြေး၊ လိုက်တဲ့လူက လိုက်နဲ့ ခွေးဟောင်သံတွေ ရောပြီး ဆူညံသွားတာပဲ။

ငါ့မောင် ဖားများဟာ သူ့အပေါ်မှာ အတော်ကြီး အငြိုးထားနေကြလို့ မိလိုက်ရင်တော့ အရိုးအသား တောင် ရှာတွေ့ မှာ မဟုတ်ဘူးလို့ တွေးပြီး ငါ့ရင်ထဲ သိပ်စိုးရိမ်သွားတာပေါ့အေ။ ဒါကြောင့် စိန္တေယျ ကြီး ကယ်ဆယ် တော်မူပါ ဆိုတာက တစ်မျုး၊ နတ်သိကြားများ ကူညီဝိုင်းလို့ မှိုင်းမတော်မူပါရန် တစ်ဖုံနဲ့ မျိုးစုံအောင် ဆုတောင်းလိုက်ရတာ အမောပါပဲအေ။ ဒါတင် မကျေနပ်သေးလို့ သမ္ဗုဒ္ဓေဂါထာကို ဥုံခံပြီး ရွက်လိုက် ရသေးတယ် အေ့။

တော်ပါသေးရဲ့အေ၊ အတော်ကလေး ကြာတော့ ငါ့မောင်တွေ ပြန်ရောက်လာညပီး သူ့ကို မမိလိုက်လို့ တက်တခေါက်ခေါက်နဲ့ မကျေမချမ်း ဖြစ်နေကြတယ်လေ။ သူတို့ မကျေမချမ်း ဖြစ်နေ ကြသလောက် ငါ့ရင်ထဲမှာတော့ အလုံးကြီးကျပြီး ပေါ့သွားတော့တယ်။ ငါ့မောင့်တွေဟာ သူ့ကို မမိ လိုက်လို့ ငါ့ကို မဲပြီး ' ကမြင်းမလေး ... နင် ကြပ်ကြပ် သတိထားနေလိုက် ' လို့လည်း ကြိမ်းလိုက် သေးတယ်အေ့။ ငါ့အဖို့ နေရ ထိုင်ရတာ ပိုပြီး ဘေးကျပ်နံကျပ် ဖြစ်ဦးမှာပါပဲအေ။

(၅)

သူငယ်ချင်းကောင်း ယောက်မတို့တော် ... ငါ့ကိုလေ သူတို့တွေဟာ နည်းနည်းလေးမှ အလစ်မပေး ကြတော့ဘူး အေ့။ ပြီးတော့ ငါ့ကိုလည်း ဒီ အတိုင်းထားလို့ မဖြစ်တော့ဘူးဆိုပြီး ရွာထဲက သူတို့ သဘောကျ တဲ့ လူတစ်ယောက်နဲ့ ခု လေးငါးဆယ်ရက်အတွင်းမှာ ပေးစားရအောင် စီမံနေကြပြီလေ။  ငါ ဘယ်လို ကြံလို့ ဘယ်လို လုပ်ရပါ့မလဲ ယောက်မတို့ရယ်။

ချစ်တဲ့သူနဲ့ ကွဲနေရတဲ့ အထဲမှာ တစ်ခါ မချစ်တဲ့ သူနဲ့ ပေါင်းရဦးမယ်ဆိုတော့ သေဖို့သာ ကောင်း တော့တာပေါ့နော်။ ဒါပေမဲ့ ငါ အားမလျှော့သေးပါဘူး အေ။ သူတို့တွေက အလစ်မပေးလို့ သူ ငါ့ဆီကို မရောက် လာနိုင်ပေမဲ့ သူတို့ နည်းနည်းကလေး လစ်တာနဲ့ တစ်ချက်တည်း သူရှိရာကို ငါ ကိုယ်တိုင် ထွက်ပြေး သွားနိုင်အောင်လို့တော့ ငါ အမြဲ ချောင်းနေလျက်ပါပဲ အေ၊ ချောင်းနေလျက်ပါပဲ။
သူတို့ ကလည်း ငါ့အကြံကို ရိပ်မိ ထင်ပါရဲ့အေ။

ငါ့ကို မျက်ခြည်မပြတ် မခံဘဲ စောင့်ကြည့်နေ ကြတယ်လေ။ ညအိပ်တဲ့အခါ ဆိုရင်လည်း သူတို့ဟာ ငါ မပြေးနိုင်အောင် တစ်ယောက်တစ်လှည့်စီ အလှည့်ကျအိပ်ပြီး ငါ့ကို စောင့်ကြပ်နေကြတာပေါ့လေ။ ကြည့်သေး တာပေါ့အေ၊ သူတို့ ဘယ်နှည အထိ မအိပ်မနေ စောင့်နိုင်မလဲ ဆိုတာကို စောင့်ကြည့် ရသေးတာပေါ့။
ဘာလိုလိုနဲ့ ငါ့ကို သူတို့ သဘောတူတဲ့ ဟိုလူနဲ့ ပေးစားဖို့ ရက်ဟာလည်း နီးလာပြီအေ့။ ဒီတော့ မဖြစ်ချေဘူးဆိုပြီး ငါလည်း ပျော်ပျော်ရွှင်ရင် ရယ်ရယ်မောမော ဟန်လုပ်ပြီး နေထိုင်လိုက်တယ်။ သူတို့ ငါ့ကို စောင့်ထိန်းရာမှာတော့ နည်းနည်း ပေါ့သွားတယ် အေ့။

အဲဒီညမှာပေါ့အေ၊ ညဥ့် သန်းခေါင်လောက်အချိန်မှာ ငါ့ ညီအစ်မတော်တစ်ဦးဟာ ငါ့ကို စောင့်ရင်းနဲ့ ငိုက်နေတယ်။ ငိုက်နေရာကပဲ ငါ့ကို စိတ်မချသလိုတစ်ချက်တစ်ချက် ဖျတ်ခနဲ ဖျတ်ခနဲ လှမ်းလှမ်း ကြည့် တယ်။ သူ လှမ်းကြည့်တဲ့အချိန်တိုင်းမှာပဲ ငါလည်း အိပ်မေကျနေသလို ' အင် ' အာ' နဲ့လုပ်ပြီး တခေါခေါ ဟောက်နေလိုက်တယ်။ ဒီတော့မှ သူလည်း စိတ်ချသွားပြီး တစ်ခါတည်း အိပ်ပျော်သွား ပါလေရော။
ဟဲ ... ဟဲ ... ဒါဟာ ငါ့အဖို့ အခွင့်ကောင်းပေါ့အေ။ ငါလည်း အိပ်ချင်ယောင် ဆောင်နေရာက အသာထ တဲ့ပြီး သူတို့အားလုံး အိပ်ပျော် မပျော်ကို အကဲခတ် ကြည့်လိုက်တယ်။ မိုးကြိုးပစ်ရပါစေရဲ့ တုတ်တုတ်မှ မလှုပ်ဘဲ အိပ်မောကျကုန်ကြပြီလေ။ သူတို့အားလုံး အိပ်ပျက်တာ ဘယ်နှညရှိနေပြီလဲလို့။

အချိန်ကို နည်းနည်းကလေးမှ မဖြုန်းဝံ့ဘဲ ခြေဖျားထောက်ပြီး နောက်ဖေးပေါက်ကို အသာကလေး ထွက်ခဲ့တယ်။ ဇာတ်သမားအခေါ် ဆိုရင်တော့ ချွတ်နင်းပြီး လျှောက်ခဲ့တာပေါ့အေ။ ဒါပေမဲ့ ငါ့ခြေ ထောက်ကို ဖော့ပြီး နင်းချလိုက်တဲ့ ပျဉ်းပြားတိုင်းဟာ ' ဟောဒီမှာဗျို့ ... လူ ... လူ 'လို့ ထပြီး အော်နေသလိုလို မှတ်ထင်ရလောက်အောင်ပဲ၊ ငါ့စိတ်ဟာ ချောက်ချားနေတယ်။ ငါ့နှလုံးသားဟာ လည်း တဒုန်းဒုန်း နဲ့ ခပ်ပြင်းပြင်း ခပ်မြန်မြန် ခုန်နေကြတယ်။ ငါ့တစ်သက်မှာတော့ ဒါဟာ အကြီး ကျယ်ဆုံး စွန့်စားခန်း ပေါ့ အေ။

နောက်ဖေးတံခါးကို ဖွင့်ပြီး မြေကြီးပေါ် ဆင်းလိုက်တာနဲ့ တစ်ချက်တည်း ဘာမှ မမြင်ရတော့ဘူး။ လမထွက်လို့ မှောင်မည်း နေတာပေါ့အေ။ ခါတိုင်းလို ညမျိုးသာဆိုရင် ရွှေကို တင်းလိုက် ခြင်ပေးမယ်ဆိုတောင် ဒီလို မှောင်မည်းမည်းထဲမှာ ငါ လမ်းထွက်လျှောက်ရဲမှာ မဟုတ်ဘူး။ အခုတော့ ကိုယ်ရေးကြုံတော့ သက်လုံ ကောင်းရမှာမို့ ကြောက်မနေနိုင်ဘူးပေါ့ အေ။
ငါလည်း ငါ့ချစ်သူ ညတိုင်း အိပ်တတ်တဲ့ သူ့အဒေါ်ရဲ့ စပါးစည့်ကို မှန်းပြီး လျှောက်ခဲ့တယ်။ မှောင်ကြီးထဲမှာ ငါတစ်ယောက်တည်း လျှောက်နေရပေမယ့် ဘာကိုမှ ကြောက်ရမှန်းလည်းမသိ၊ သူ့ကို အမြနဆုံး တွေ့ဖို့ ဇောတစ်ခုတည်း ငါ့မှာ ရှိနေတယ် အေ့။

အဆင်သင့်ပဲ၊ သူ့အဒေါ်များရဲ့ စပါးစည့်ထဲက စပါးပုံပေါ်မှာ ဖျာခင်းပြီး အိပ်နေတဲ့ သူ့ကို တွေ့ရ တယ်။ သူ့ကို အတင်းလှုပ်နှိုးပြီး ငါ အိမ်က ထွက်ပြေးလာတဲ့အကြောင်း ပြောပြလိုက်ရတယ်။
အို ... သူ သိပ်ဝမ်းသာသွားတယ်အေ့ ... သိလား၊ သူ့စိတ်ထဲမှာ သူနဲ့ ငါဟာ ဒီတစ်ခါတော့ ကွဲကြပြီလို့ တွေးပြီး စိတ်လျှော့ထားလိုက်တယ်တဲ့။ ကဲ ... ကောင်းကြသေးရဲ့လားအေ။ ယောက်ျား ရင့်မကြီး တစ်ယောက်လုံး လုပ်နေပြီး ဒီအထိ ဖျင်းတာအေ့။ ငါသာ စွန့်ပြီး ထွက်မလာဘဲ သူ့ကိုသာ အားကိုးနေမိရင် ငါတော့ ရေတိမ်တိမ်မှာ လှေမငြိမ်လို့ နစ်သလို နစ်ရောပေါ့အေ။
ငါ သူ့ကို လောပေးလိုက်တာနဲ့ သူလည်း အိပ်ရာက လူးလဲထပြီး သူ့ သူငယ်ချင်းတစ်ယောက်ကို သွားခေါ်တယ်။ ပြီးတော့ သူ့အဒေါ်ရဲ့ လှည်းနဲ့ နွားကို တပ်ပြီး ရွာထဲက ခပ်မြန်မြန် မောင်းထွက်ခဲ့ ကြတယ်။ တို့ရွာနဲ့ မနီးမဝေးက ရွာကလေးတစ်ရွာမှာ သူ့ အဒေါ်များရဲ့ လယ်တဲနဲ့ ဥယျာဉ်ကလေး ရှိနေ တယ်လေ။ အဲဒီမှာ ခေတ္တခိုနေရအောင်လို့ အဲဒီကို မောင်းလာကြတာပေါ့ အေ။

တို့ရွာရဲ့ နယ်နိမိတ်ကလည်း လွတ်ကရော၊ ငါရဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီး ပျော်သလိုလိုတောင် အဖြစ်လာတယ်။ ခုလို ညကြီးသန်းခေါင်မှာ လှည်းစီးပြီး ခရီးထွက်လာရတဲ့ အဖြစ်ကို တွေးမိတော့ ... ဟိုတုန်းက ဘယ်ရွာမှာ ပွဲရှိတယ်ဟေ့ ဆိုရင် အဖော်အပေါင်းတွေစုပြီး လှည်းတစ်စီးနဲ့ ပွဲကြည့်သွားခဲ့တဲ့ အဖြစ်ဟောင်းတွေကို ငါ သွားတွေးမိတယ်။ သူ့အဒေါ်ရဲ့ လယ်တဲဥယာဉ်ကလေးကို ရောက်တော့ ကြက်ဦးတောင် တွန်ပြီအေ့။

(၆)

ပထမဆုံး မိဘအရိပ်အောက်က ခွဲထွက်ပြီး ကိုယ့်လင်နဲ့ လွတ်လွတ်လပ်လပ် နေရတဲ့အခါဆိုတော့ ပျော်လို့မဆုံး တပြုံးပြုံးပေါ့အေ။ တို့နေရတဲ့ နေရာကလေးကို ကြည့်ဦးမလား။ လယ်တဲသာဆိုရ သပ်သပ် ရပ်ရပ် ဆေက်လုပ်ထားတဲ့ တစ်ထပ်အိမ် မြင့်မြင့်ကလေးပဲအေ့။ အဲဒီ လယ်တဲကို ပတ်ဝိုင်း ပြီး ပြုစု ပျိုးထောင် ထားတဲ့ ဥယျာဉ်ခြံမြေထဲမှာ ဆိုရင်လည်း သရက်၊ မရန်း၊ သြဇာ၊ ပိန္နဲ၊ ရှောက်၊ သံပုရာပင် တွေဆိုတာ မျိုးစုံလို့ပေါ့။ အပြိုင်အဍ္ဍရိုင်း သန်စွမ်းနေပြီး အပြွက်လိုက်၊ အပြွက်လိုက်၊ အခဲလိုက် သီး နေလိုက် တာတွေဟာ အားရစရာကြီးပါ အေ။

မနက် ဝေလီဝေလင်းဆိုရင် အဲဒီ သစ်ပင်တွေပေါ်က သပိတ်လွယ် ငှက်ကလေးရဲ့ တွတ်တီးတွတ် တာ ပလီပလာ စကားသံကလေးကို ကြားရတာကြည်နူးစရာပါပဲအေ။ နေ့ခင်း နေ့လယ် ဆိုရင်တော့ လက်ပံပင်ပေါ်မှာ ရန်ဖြစ်နေကြတဲ့ ဆက်ရက်အုပ်ရဲ့ ဆူဆူညံညံ အသံတွေကို ကြားရ တာကတော့ နားငြီး စရာကြီး ပေါ့အေ ။ အဲ ညနေစောင်းလာပြီဆိုမှဖြင့် စိတ်ရှည် လက်ရှည် ကူချွဲနေတဲ့ ချိုးကူသံကလေးကို ကြားရပြန်တော့ ရေချမ်းအိုး ပိုက်ထားရသလို စိတ်နှလုံးကို အေးချမ်းသွားတာပဲ။ စူးရှပေမဲ့ နားဝင်ချိုလှတဲ့ ဥသြ တွန်သံကလေးကတော့ တို့နှစ်ယောက်ကို အားမငယ်ရအောင် အားပေးယုယ နေသလိုလို။

လယ်တဲပေါ်ကနေပြီး လယ်တဲရှေ့ကို မျှော်ာကည့်လိုက်မယ်ဆိုရင် ဆုံးအံ့မထင်တဲ့ လယ်ကွင်းကြီးထဲမှာ ရိုးပြတ် ဖွေးဖွေးတွေကိုသာ တစ်မျှော်တစ်ခေါ်ကြီးတွေ့ရမယ်။ လယ်တဲရဲ့ နောက်ဘက်မှာတော့ အလျားလိုက် စင်းနေတဲ့ ချောင်းရေပြင် ရှိနေတယ်။ ရေမိုးကလည်း နီးလို့ ဘယ်လောက် အဆင်ပြေသလဲ အေ့။ မိုးခေါင်ရေရှား အရပ်မျိုးသာ ဆိုရင်တော့ ငါ စိတ်အပျက်ဆုံး ပါပဲ။
အဲဒီ လယ်တဲနဲ့ ဥယျာဉ်ခြံမြေဟာ သူ့အဒေါ် အပျိုကြီးတစ်ဦးပိုင်ပေါ့အေ။ အခုအချိန်ဟာ လယ်လုပ်ငန်း လုံးဝ ပြီးစီးတဲ့ နွေချိန်ခါမို့ သူ့အဒေါ်ဟာ ရွာထဲကို လယ်ထွက်စပါးတွေ တိုက်သွင်းပြီး ရွာထဲက အိမ်မှာ အငြိမ်းစား နေထိုင်တဲ့ အချိန်ပေါ့။

သူ့အဒေါ် အပျိုကြီးကလည်း သူ့တူကလေးကို အချစ်သားအေ့။ ချစ်ဆို အတိုအထွာ ခိုင်းစရာရှိရင် ဒီတူကလေး ကိုပဲ ခိုင်းနေရတာကိုး။ အဲဒီ လယ်တဲနဲ့ ဥယျာဉ်မှာ မင်းတို့ ပျော်သလောက်နေကြ။ စပါးဝမ်းစာ၊ ငါးပိဝမ်းစာလည်း အလုံအလောက် ရှိတယ်၊ ခြံထွက် အသီးအနှံတွေကို မင်းတို့ ရောင်းစားမယ်ဆိုရင်လည်း သုံးမကုန်ပါဘူးဆိုပြီး တို့ကို အပ်သွားတယ်လေ။

သူ့ဘက်က ဆွေဂုဏ် မျိုးဂုဏ်နဲ့ တို့ဘက်က ဆွေဂုဏ် မျိုးဂုဏ်ဟာ ကွာခြားခြင်း မရှိလှဘဲ ဂုဏ်ရည်တူ တွေ ဖြစ်ပါလျက်နဲ့ တို့ဘက်က ဘာဖြစ်လို့ သဘောမတူရတာလဲလို့ ညည်းတို့က မေးချင်ပေလိမ့်မယ်။ ဂုဏ်ရည်တူတွေဖြစ်လို့ လူကြီးချင်း ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာက အစ မသင့် မမြတ်ဖြစ်ကြလို့ပေါ့အေ။ ပြီးတော့ သူ့အဒေါ်နဲ့ တို့အဒေါ်က စီးပွားရေး ပြိုင်ဖက်တွေမို့ တစောင်းစေးနဲ့ မျက်ချေးလို မတည့်ကြဘူးပေါ့အေ။ သူ့အဒေါ် အပျိုကြီးကတော့ ဒါလောက် မဟုတ်ရှာပါဘူးအေ။ တို့အဒေါ်များ ဘက်ကသာ ငါတကော ကောကြတာပါ။ တို့အဒေါ်က သဘောမတူဘူးဆိုရင် စီးပွားရေးမှာ အဒေကို မှီခိုနေရလို့ တို့အဒေါ်ရဲ့ သြဇာကိုသာ နာခံနေရတဲ့ အမေကလည်း သဘောမတူဘူး ဖြစ်လာရတာပေါ့ အေ။

ဘယ်သူတွေ သဘောမတူ တူ၊ တို့နှစ်ယောက် ဘောတူရင် ပြီးတမ်းမို့ တို့နှစ်ယောက်ကတော့ ပျော် တယ်လေ။ ၀မ်းစာစပါးကို မောင်းနဲ့ထောင်း၊ ဆန်ဖွပ်ပြီး ချက်စားတယ်။ငါးဟင်းစားလိုရင် ငါးမျှားတံ တစ်ချောင်း နဲ့ ကမ်းနားဆင်းပြီး ငါးမျှားတယ်။ တစ်ခါတလေ သူ့ဘက်က အပေါင်းအသင်းတွေ သတင်း လာမေးရင် ပျော်ပွဲစားချင်တယ်ဆိုရင် လယ်တဲမှာ မွေးထားတဲ့ ကြက် ဘဲ တွေကို သတ်ပြီး ချက်စား ကြတယ်။ ငါးပိချက်နဲ့ အဖက် တို့စရာ လိုချင်ရင် ဥယျာဉ်ခြံမြေထဲမှာ ရနိုင်တယ်။ မီးဆိုက်ဖို့ ထင်းလိုရင် ဥယျာဉ်ထဲက သစ်ကိုင်းခြောက်တွေကို လိုက်ချုင်တယ်။ ဟင်းချက်ဖို့ ဆီလိုရင် ဟိုဘက်ကမ်းက အင်းထဲ မှာ ငါးသွားခုတ်ပြီး ငါးဆီ ချက်ယူတယ်။ သုံးဖို့ငွေလိုရင် ဥယျာဉ်ခြံမြေထဲက အသီးအနှံတွေ ခူးရောင်းတယ်။ ကိုင်း ... ဘာများ ပူစရာရှိသလဲ၊ မပူပေါင်။

သူ့အဒေါ်ရဲ ဥယျာဉ်မှာ နေပေမဲ့ အငြိမ်းစား မနေပါဘူး။ လုပ်စရာ ရှိတာတွေကိုလည်း ကျုံးပြီး လုပ် ပေးတာပါပဲ။ ဥယျာဉ်ကို ပျိုးထောင်တယ်။ မြေတောင် မြှောက်စရာရှိတာ မြေတောင်မြှောက်ပေးတယ်။ ခြံထဲက ပေါင်းပင်မြက်ပင်တွေကိုလည်း ရှင်းပေးတယ်။ လယ်တဲ ဘေးက နွားခြံထဲမှာရှိတဲ့ နွားတွေကို ထိန်းကျောင်း ပေးတယ်။ မွေးထားတဲ့ ကြက် ဘဲတွေကိုလည်း တိုးပွားအောင် ဂရုတစိုက် မွေးမြူပေးတယ်။ မွေးထဲက အလုပ် လုပ်လာခဲ့ရသူတွေမို့ ဒီလို လုပ်ပေး ရတာ ပင်ပန်းတယ်လို့ မထင်မိပါဘူး။ စိတ်တိုင်းကျ လုပ်ရလို့ ပျော်တောင် ပျော်သေး။
ဒါပေမဲ့ ဒီလိုပျော်ရတဲ့ ရက်ဟာ မကြပါဘူးအေ။ မကြာမီမှာပဲ လွမ်းခန်းနဲ့လာတိုးရတာပဲ။ ဖြစ်ပုံများ တော့ ပြောပဲ မပြောချင်တော့ပါဘူး အေ။

တစ်နေ့မှာပေါ့၊ မနက်ဘက် တို့နှစ်ယောက် ဥယျာဉ်ထဲမှာ လုပ်စရာ ရှိတာတွေလုပ်ပြီး ကမ်းနားမှာ ရေဆင်းချိုးကြတယ်။ ပြီးတော့ လယ်တဲပေါ်တက်ပြီး ထမင်းလက်ဆုံစားပြီးလို့ လက်ဖက်ရည်ကြမ်း ၀ိုင်းမှာ နှစ်ယောက်သား စကားတပြောပြောနဲ့ ပျော်နေကြတုန်းမှာပေါ့။ ဗြုန်းဆို ငါ့အမေရယ်၊ အဒေါ်ရယ်၊ ငါ့မောင် တွေရယ် တဲပေါ်ကို တက်လာတယ်။ သူတို့နဲ့အတူ လူမိုက် ထွန်းစိန်လည်း ပါလာတယ်။ အဆင်မှာတော့ လူမိုက်ထွန်းစိန်ကို ငွေပေးပြီး ငှားလာကြတယ်ထင်ပါရဲ့။

တို့နှစ်ယောက် အံ့သြသင့်ပြီး ငိုင်နေတုန်းမှာပဲ လူမိုက် ထွန်းစိန်က ငါ့လက်ကို အတင်းဝင်ဆွဲပြီး လယ်တဲ အောက် ကို ဆွဲချတယ်။ အမေတို့၊ အဒေါ်တို့ကလည်း ၀ိုင်းကူပြီး ဆွဲချလို့ တဲအောက်ကို ငါလည်း တရွတ်တိုက်ပြီး ပါလာရတယ်။ လယ်တဲအောက်ကို ရောက်တော့ လူမိုက်ထွန်းစိန်က သူ့လက်ထဲက ဓားကို ၀င့်ပြီး 'မဆိုင်သူ မကပ်နဲ့၊ ခေါင်းပြတ်သွားမယ်'လို့ ကြိမ်းလိုက်တယ်။
ငါ့ချစ်သူကို လှမ်းကြည့်လိုက်တော့ သူဟာ မျက်လုံးကလေး အကြောင်သားနဲ့ ငိုင်နေတယ်။ အို ... သူ့ကို ကြည့်ရတာ ယောက်ျားမဟုတ်သလို အားမရစရာကြီးပါအေ။

 တကယ်ဆိုရင် ယောက်ျားပီပီ ဒေါနဲ့ မာန်နဲ့ ထတဲ့ပြီး ' ခင်ဗျားတို့ ကျုပ်မိန်းမကို မထိကြနဲ့၊ ခုလွှတ်၊ မလွှတ်ရင် အကြာင်းသိသွားမယ် ' ဘာညာဆိုပြီး လက်ရုံးလက်မောင်း တန်းလိုက်ပါလား။ ဒီနေရာမှာ သေရေး၊ ရှင်ရေးပဲဟာ၊ ဘယ်သူ့ကို ကြောက်နေရမှာတုံး။ အခုတော့ ဒီလိုမဟုတ်ပေါင် အေ၊ ကြောက်သလို လိုရွံ့သလိုလို ကုပ်ချောင်းချောင်း ငေးငိုင်ငိုင်နဲ့ ဘိန်းခုနစ်ရက်လောက် မစားရတဲ့ ဘိန်းစား ကလေးလိုပဲ။ သူ့နေရာမှာ သူသာမဟုတ်ဘဲ ငါသာ ဆိုရင်လား တစ်ခါတည်း အသက်ချင်း လဲပစ် လိုက်ပါရဲ့ .... အဟုတ်ပဲ။

ငါလည်း စိတ်ထွက်ထွက်နဲ့ အတင်းဆောင့်ရုန်းတာ မရတော့ လူမိုက်ထွန်းစိန်ရဲ့ လက်ကို တအား ကိုက်ဆွဲလိုက်တာပေါ့။ ဒီတော့ ငါ့မောင်တွေကပါ ၀င်လာပြီး အတင်း ၀င်ဆွဲကြတာနဲ့ တစ်ယောက်နဲ့ အများ အားချင်းမမျှလို့ သူတို့ နောက်ကို ပါလာခဲ့ရတယ်။ အိမ်ကိုရောက်တော့ ငါ့ကို ၀ိုင်းပြီး ထုကြ ရိုက်ကြတာ ဖွတ်ဖွတ်ကို ကြေသွားတာပဲအေ။ အမေဆိုတာ အသည်းဆုံးပေါ့၊ ငါ့တစ်ကိုယ်လုံး ရစရာ တောင် မရှိပါဘူးအေ။

(၇)

သူငယ်ချင်းကောင်း ယောက်မတို့တော် ။
ငါ့ကို မွေးတဲ့ အမေဖျက်လို့ ချစ်တဲ့ သူနဲ့ ကွဲခဲ့ရပြီ။ တစ်ခါတလေ သူ့ကို တွေ့ချင်လွန်းလို့ မျှော်မိ ပေမဲ့ အမေက အလစ်မပေးတော့ မတွေ့ရပါဘူး ကောင်မရယ်။ အမေက အိမ်ဝင်းခြံကို ဆူးတွေ အထပ်ထပ် ကာရံပိတ်ဆို့ပြီး ခြံဝင်းထဲမှာ 'ရန်လုံ'ဆိုတဲ့ အင်းခွေးကြီးကို အမြဲ လွှတ်ထားလေတော့ သူ့ခမျာလည်း ခါတိုင်းလို ငါရှိရာကို အလစ်ဝင်မလာရဲဘူး ထင်ပါရဲ့ အေ။ ငါ့မောင်ဖားတွေဆိုတာက လည်း ဓားလက်နက် ကိုယ်စီနဲ့ ခြံဝင်းထဲမှာ မပြတ် ကင်းလှည့်နေကြလို့ သူနဲ့ငါ တွေ့ဖို့ဖြင့် အဝေးကြီး ဝေးကြရပြီ။ မျက်ခမ်းတွေဆိုတာ တဆတ်ဆတ်လှုပ်ပြီး အိပ်မက်ရာမက်တွေကလည်း မကောင်းဘူးအေ့။ ဒါကြောင့် ဒီတစ်ခါ တော့ သူနဲ့ ငါ တကယ်ပဲ ကွဲကြရပြီ ထင်တယ်အေ။ ဟို 'ဗလကြိုင်' ဇာတ်လာကတုန်းက ပြသွားဖူး တဲ့ ကိန္နရာမကလေးလိုသာ ငါ့မှာ အတောင်ရှိရင်လား တစ်ခါတည်း ငါ့ချစ်သူ ရှိရာကို အရောက် ပျံသန်း သွားပါရဲ့။

ငါ့ကျောပြင်ကို လှန်ပြီး ကြည့်ကြပါဦးအေ။ ဒဏ်ရာတွေ ဒဏ်ရာတွေဆိုတာ အရှိုးချင်းထပ်ပြီး ဖူးဖူး ရောင်လို့ပေါ့။ ပေါင်ကို လှန်ကြည့်လိုက်ဦးမလား၊ ပေါင်တွင်းကြောကို လိမ်ဆွဲထားလို့ ညိုလို့ မည်းလို့လေ။ ငါတော့ နေ့ရှိသရွေ့ ဟို ရုပ်သေးမင်းသမီး ဆိုသွားဖူးတဲ့ သီချင်းကိုသာ ဆိုဆို ဆိုဆိုပြီး ငိုလို့ ငိုလို့သာ နေမိတယ်အေ့။ အဲဒီ သီချင်းကတော့ -
' မွေးမေလေးတော် သူ စိတ်ဆိုးလို့၊ ဗိုင်းတောင့်ကြီးကို ကိုင်ကာ မိုး၊ ရစ်ကျိုးရယ်နဲ့ ရိုက်လိုက်လေ၊ ကျောသိသိကြေ။     ။  အရင်အစက ငါ မပြောလား၊ သဘောမကျ ဟိုအကောင်နှင့်၊ မီးဖိုချောင်မှာ စုံညီတွေ့၊ ထဘီပွေ့၍ နင်ထွက်လာတာ၊ မြင်ရှက်စရာ အပုံကောင်းသပ၊ အကြောင်းမသိ မိဗွေဆိုးရဲ့၊ မိန်းမဂုဏ်သိန် အလွန်ညိုးသတဲ့၊ ဟဲ့ ကမြင်းမ မိဗိုင်းတာရဲ့၊ ဟုတ်တိုင်းကိုသာ နင် မပြောက၊ ငါ သဘောရှိ ငါးဖယ်တေတေ၊ မနောဝယ် ဇောတွယ်ငြိပါလို့၊ ကျောသိသိ ကြေတယ် လေလေ'
---------------------------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>