Tuesday, July 27, 2010
ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၁)
၈ နာရီ ၁၅ မိနစ်
ဂျာနယ်ကျော် မမလေး
    ဟိုတယ်အောက်ထပ်သို့ ဆင်းသွားသောအခါ လူမစုံသေး၍ ဧည့်ခန်းထဲ၌ ထိုင်စောင့်နေ ရသည်။
    ကျွန်မတို့ နိုင်ငံခြားကိုယ်စားလှယ်များ အထိမ်းအမှတ်ကျင်းပမည့် ကွင်းကြီးထဲသို့ ရောက်သွား ကြသော အခါ၊ တစ်ကွင်းလုံးလူတွေ ပြည့်နေပေသည်။
    ထမင်းစားပန်းကန်ပြား တစ်ချပ်စာလောက်ရှိမည့် ရွှေရောင်ဖဲပွင့်ကြီးများကို ခါးဘေး၌ ချိတ်ဆင် ထားကြသော အခမ်းအနားမှူးများ၊ အရာရှိကြီးများ၊ မင်းပရိသတ်များကို တွေ့ရ၏။ နိုင်ငံခြားဧည့်သည်၊ နိုင်ငံခြား သံတမန်တို့သည် ၀ိညာဉ်ဂူကြီး၏ မျက်နှာစာရှိ လူသွားလမ်းကျယ် ကြီးခြားလျက် တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင် ထိုင်ကြသည်။
    ကျွန်မတို့ထိုင်သော ခုံတန်းရှေ့တန်း၌ ဂျပန်ဘုရင့်မြေးတော် တကာမတ်ဆုမင်းသားကြီး နှင့် ကြင်ရာတော် မင်းသမီး၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ ဟီရိုရှီးမား မြို့တော်ဝန်၊ ဟီရိုရှီးမား ဘုရင်ခံစသော အစိုးရပိုင်းမှ ပုဂ္ဂိုလ်ကြီးများ ထိုင်နေကြသည်။
    ကွင်းကြီးရှေ့ရှိ ကွက်လပ်ကြီးတစ်ခုလုံး အပြည့်ခင်းထားသော ခုံတန်းများပေါ်၌ များပြားလှ သော လူထု ပရိသတ်ကြီး ထိုင်နေကြသည်။ ဂူကြီးတစ်ဖက်တွင် တူရိယာပိုင်းကြီးနှင့် သီဆိုကြမည့် ကျောင်းသူ များမှာ နက်ပြာရောင်ဂါဝန်များ ဆင်တူဝတ်ဆင်ထားကြသည်။
    နေရောင်ခြည်မှာ ပြူးထွက်စပြုနေလေ၏။ ကွင်းထဲ၌ အသံချဲ့စက်၊ ဓာတ်ပုံရိုက်သံများမှ တစ်ပါး အသံဗလံများ တိတ်လျက်နေ၏။  လူထုကြီးသည် ၀မ်းနည်းကြေကွဲနေသော အသွင်ကို ဆောင်ယူ ဖော်ပြနေကြလျက် အနက်ရောင်ဝတ်စုံများ ဖုံးလွှမ်းနေသော မင်းပရိသတ်၊ နိုင်ငံခြားသံ ကိုယ်စားလှယ် ဧည့်သည်တော်တို့ကို ငေးမောကြည့်ရှုနေ၏။ အစီအစဉ် နံနက်၈နာရီ၌ အခမ်းအနားစသည်။ အခမ်းအနားမှူးက အခမ်းအနားဖွင့်လှစ်ကြောင်း ပြောကြားပြီးနောက် ဟီရိုရှီးမားမြို့တော်ဝန်သည် ဂူကြီး၏ ရင်ပြင်အမြင့်ပေါ်သို့ ခေါင်းငိုက်စိုက်ချလျက် လှမ်းတက် သွားလေသည်။
    ဂူကြီးတစ်ဖက်မှ လွမ်းဆွတ်ကြေကွဲဖွယ်ကောင်းလှသော ဘင်ခရာသံများ ထွက်ပေါ် လာလေသည်။ အတက်အဆင်း ထိပ်မှနေ၍ မြို့တော်ဝန်သို့ ပန်းခွေကြီးလှမ်းကမ်း ပေးလိုက်သည်။ မြို့တော်ဝန်သည် လွမ်းသူပန်းခွေကြီးကို ကိုင်ဆောင်သယ်ပိုးသွားကာ ဂုကြီးရှေ့၌ အသာလေး ချလျက် အရိုအသေ အလေးပြုပြီးနောက် ပြန်ဆင်းလာကာ၊ သူ့နေရာ၌ ပြန်ထိုင်သည်။
    အနောက်တိုင်းဝတ်စုံ ဆင်ယင်ထားသော တကာမတ်ဆုမင်းသားနှင့် ဂါဝန်ဝတ်မင်းသမီး တို့နေရာမှ ထသွားကြကာ ပန်းခွေကြီးကို နှစ်ဦးသယ်ဆောင်ကိုင်ယူသွားလျက် ဂုကြီးရှေ့၌ ချလိုက်ကာ အလေးပြုကြ လေ၏။
    မင်းသား မင်းသမီးအလေးပြုပြီးမှ အစီအစဉ်အတိုင်း နန်းရင်ဝန်၊ အထက်အောက် လွှတ်တော်ဥက္ကဋ္ဌများ၊ ဟီရိုရှီးမား ဘုရင်ခံ၊ စသူတို့က အသီးသီး ပန်းခွေတက်ချကြပြီးနောက်၊ သေသူဝိညာဉ်တို့၏ ဆွေမျိုးမျူုား ထဲက ဆွေမျိုးတစ်စုံက ပန်းခွေချကာ အလေးပြုကြလေသည်။ ၀ိညာဉ်ဂူကြီး၌ လွမ်းဆွတ်ဖွယ်ရာ ဘင်ခရာ များ တီးမှုတ်လျက် အခမ်းအနားဖြင့် လွမ်းသူပန်းခွေ ချလျက်နေကြသော ရှုခင်းကြီးကို မမှိတ်မသုန်ငေးစိုက် မျှော်ကြည့် နေကြကုန်သော လူထုကြီးကား ရင်ဖိုလျက်နေကြလေ၏။ နိုင်ငံခြားဧည့်သည်တော်၊ သံတမန် စသော ပုဂ္ဂိုလ်တိုင်းမှာမူ အသီးသီး ဆွေးမြေ့သောအကြည့်နှင့် ရှုကြည့်ငေးမောနေကြသည်။ ကြေကွဲစရာ ကောင်းလှသော ဘင်ခရာ သံတို့ကို နားထောင်ရင်း ကျွန်မမှာ ရင်ထဲ၌ လှိုက်ဖိုနေလေသည်။
    ပန်းခွေချ အစီအစဉ်အခမ်းအနားကြီးပြီးလျှင် ဘင်ခရာသံများသည် တသဲ့သဲ့စဲသွား တော့ကာ၊ မြို့တော်ဝန်၏ မိန့်ခွန်းသံသည် ပြန့်နှံ့ရိုက်ခတ်သွားလေ၏။
    "ဒီနေ့ ငြိမ်းချမ်းရေးနေ့ကို ကြိုဆိုကြတဲ့အခါမှာ ကျုပ်တို့ရဲ့ ရင်ထဲမှာဖြင့် ရှေးအတိတ်က လှုပ်ရှားမှုကြီး ဟာ အသစ်ပြန်ဖြစ်ရတော့တယ်။ လွန်ခဲ့တဲ့ ၁၃နှစ်က အနုမြူဗုံးချခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခံစားကြရတဲ့ ဒုက္ခအဖုံဖုံ ဟာ အင်မတန် ကြီးကျယ်ပါတယ်။ လူ့သမိုင်းမှာ ကျုပ်တို့ကြုံတွေ့ ရခဲ့တဲ့ ပျက်စီးပြုန်းတီး ပုံမျိုး ဟာ ဘယ်လိုပျက်စီးပုံမျိုးနဲ့မှ မပြိုင်နိုင်ပါဘူး......"
    ကျွန်မထိုင်နေသော ခုံတန်းနောက်ဘက်မှ ဂျပန်စကားပြန်က ဘာသာပြန်ပြောပေး နေသည်။ ဘာသာပြန်ပြောနေသည်ကို နားစွင့်လျက် ကျွန်မမှာ ပေါင်းမိုးဂူကြီးကို မျက်တောင်မခတ် ငေးကြည့် နေမိသည်။ အဝေးမှတောင်တန်းကြီးကို နောက်ခံထားသော တိုက်တာအဆောက်အဦ တို့သည် နေရောင်ခြည် အောက်၌ ဆောက်ပြီးစ သစ်လွင်သော အဆေင်းသဏ္ဍာန်တို့ဖြင့် ကြော့မော့ နေကြ ပေသည်။ မြို့တော်ဝန်၏အသံသည် အတားအဆီးမရှိသော ကွက်လပ်ကြီးကို ဖုံးလွှမ်းသွားအောင် မြည်ကျူး ရိုက်ခတ် နေလေ၏။
ဂူကြီးထဲ၌ ကိန်းအောင်းနေကြသော ၀ိညာဉ် အပေါင်းတို့နှင်တကွ သိန်းသောင်းမက မရည်တွက်နိုင်သော လူထုကြီး မှာ နားစိုက်လျက် တိတ်ဆိတ်ငြိမ်သက်နေခိုက်၊ လေရူးသည် လိုရာလွင့်မြူးလျက် တဟူးဟူး တိုက်ခတ်လျက်ရှိသည်။
    "အနုမြူဗုံး ကျတဲ့နေ့ကစပြီးတော့ ဟီရိုရှီးမားမြို့မြေပြင်မှာ ကျန်ရစ်ခဲ့တဲ့ အသက်တွေကို အခုထက်ထိ ခြိမ်းခြောက် လျက်ရှိနေဆဲပါပဲ... အနုမြူဒုက္ခသည်အပေါင်းတို့ဟာ မသေခင် သေလောက်အောင် ဝေဒနာဆိုး ကို တမြေ့မြေ့ခံစားလျက် နေကြရပါတယ်၊ ဒီလို ဒုက္ခဆိုးအဖုံဖုံ အ၀၀နဲ့ ဝေဒနာ ခံစား နေကြရ တဲ့ အဖြစ်ပျက်ဆိုးကြီးတွေကို မျက်မျောက်ပြုကြပြီး ကျုပ်တို့ရဲ့ အာရုံပြုချက်ဟာ ငြိမ်းချမ်းရေးပါပဲ၊ လူတို့ရဲ့ အဓိက တာဝန် ငြိမ်းချမ်းရေးကို အမှတ်အသား ပြုကြရန် ဟီရိုရှီးမားငြိမ်းချမ်းရေးမြို့တော် ပြန်လည် တည်ဆောက် ဖို့ ကြိုးပမ်းစေပါတယ်"
    ယနေ့ဟာဖြင့်...
    ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ စိမ်းလန်းစွာစိုပြေ လှပစွာစီရရီရှိနေတဲ့ တိုက်တာအိမ်များ၊ တစ်ဖက် တစ်ချက် နဲ့ လှပသော လမ်းကြီးလမ်းငယ် အသွယ်သွယ်များကို တွေ့မြင်ကြည်ရှုပြီး ကျုပ်တို့ဟာ ကွယ်လွန်သေဆုံးကုန်သော ၀ိညာဉ်များကို လေးမြတ်စွာ ရိုကျိုးဂုဏ်ပြုလျက် ရှိပြီးလျှင် ငြိမ်းချမ်းရေး ရှိရမည် ဆိုသော ငြိမ်းချမ်းရေး ယုံကြည်ချက်ကို ဆထက်တန်ပိုး တိုးးစေပါသည်။
    အနုမြူလက်နက် ပိတ်ပင်ရေး၊ တစ်နိုင်ငံတည်း အနုမြူလက်နက်စမ်းသပ် ရပ်စဲမည်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့၊ အာကာသကောင်းကင်ကြီးမှာ စစ်ဆေးကွပ်ကဲ ရှာဖွေသော အတတ်ပညာ ညီလာခံကြီး ဖွင်လှစ်လျက် ရှိခြင်းသို့ ဦးတည်လျက်ရှိနေသော သတင်းတွေဟာ လူတွေရဲ့ အနုမြူပိတ်ပင်ရေး ဆန္ဒတောင်းတချက် ပြင်းပျ နေကြတာတွေဟာ အနာဂတ်အတွက် အနာဂတ် ရောင်ခြည်ပါပဲ။
    လူထုဆန္ဒပြမှုမှာ ကျုပ်တို့ရဲ့ အသံကို ကမ္ဘာက ပိုကြားလာအောင် ခိုင်မာအောင် လုပ်ရပါလိမ့်မယ်၊ အနုမြူ လက်နက် သုံးခြင်း၊ ပြုလုပ်ခြင်းကို လုံးဝပိတ်အောင် ခွန်တိုက်အားတိုက် ကြိုးပမ်းကြရမယ်၊ ဒီလို ကြိုးပမ်းချက် တွေဟာ လူ့ဘောင်ကြီးပျက်ပြုန်းမှာကို ကယ်တင်ခြင်း သဘောပါပဲ။
    ဒါကြောင့်...သိန္နိဌာန်ကို အားသစ်တွေ လောင်းချမှတ်ပြီးတော့ ကျုပ်တို့ရဲ့ ခံစားချက် အတွေ့အကြုံအရ ကမ္ဘာအား သည် ပန်ကြားချက်ကို သိစေလိုက်ပါတယ်..."
    သြဘာလက်ခုပ်သံကြီးကို ကြောက်ခမန်းလိလိကြားရလေသည်။
    မြို့တော်ဝန်မိန့်ခွန်းပြီးလျှင် မြောက်များစွာသော ကျောင်းသူကလေးတို့သည် ခြင်း ကလေးတွေ ကိုယ်စီဆွဲ၍ ထွက်လာကြာ ခြင်းထဲမျ ခိုဖြူ ၁၀၀ခန့်ကို ဆွဲထုတ်၍ မိုးပေါ်သို့ မြှောက်လွှတ်လိုက်ကြသည်။
    ၈ နာရီ ၁၄မိနစ် ...
    လူထုကြီးသည် နေရာမှထကြသည်။ အနုမြူဗုံးကျချိန် ကျရောက်သည်နှင့် တပြိုင်နက်၊ ငြိမ်သက်စွာ ခေါင်းစိုက် ကျလျက် သေသူတို့အား တသဆုတောင်းကြကုန်သည်။ မြေအပြင်၌ တခဲနက် ငြိမ်သက် အလေးပြု နေကြခိုက်၊ ကောင်းကင်၌ ခိုဖြူများအုပ်ဖွဲ့ကာ ပြန့်ဝဲလျက်ရှိကြ ပြီးလျှင် ခေါင်းလောင်းသံ အမြောက်သံ များကို တသိမ့်သိမ့်ကြားရလေသည်။
    အစီအစဉ်အတိုင်း အလေးပြုပြီးနောက် နန်းရင်းဝန်၊ အထက်အောက်လွှတ်တော် ဥက္ကဋ္ဌ၊ ဘုရင်ခံ စသည် တို့၏ မိန့်ခွန်းရပ်များ ပြောကြားပြီးနောက် ကျောင်းသူ ၁၀၀ခန့်သီဆိုသော ငြိမ်းချမ်းရေး တေးသံကို သီဆိုတီးမှုတ်ကြလေသည်။
    အခမ်းအနားပြီးဆုံးမှ ကျွန်မမှာ ဧည့်သည်များနှင့်အတူ ၀ိညာဉ်ဂူကြီးကို တက်ကြည့် ကြသည်။ တက်ရောက်ကြည့်ကြသော လူထုပရိသတ်များပြားလွန်း၍ တိုးဝှေ့ကြည့်ရသည်။ နံနက်လင်းစက ဘုန်းတော်ကြီး များစုဝေးကာ ဂူရှေ့၌ ဆုတောင်းရွတ်ဖတ်သွားကြလျက် လူအပေါင်းတို့ ထွန်းထားခဲ့သော အမွေးတိုင် များအချို့ မငြိမ်းကြသေးချေ။ ဂုကြီးနောက်ရှိ ကျောက်ပြား၌ ထွင်းထုထားသော ကမ္ဗည်း စာတမ်း ကို မြင်ခဲ့ရသည်။
    ကျွန်မတို့ ဟိုတယ်သို့ ပြန်ရောက်ကြသောအခါ တအောင့်နားရန်သာ အချိန်ရလျက်၊ လူထုခန်းမဆောင်ကြီး၌ ဟီရိုရှီးမား အနုမြူဗုံးဆန့်ကျင်ရေးကောင်စီ လူထုစည်းဝေးကြီးသို့ ဆက်သွား ကြရသည်။ စင့်မြင့်ပေါ်သို့ မတက်ကြမီ တိုကျိုမြို့မှ နောက်ထပ်အမီရောက်လာကြသော နိုင်ငံခြား ကိုယ်စားလှယ်သစ်များနှင့် မိတ်ဖွဲ့ပေးလေ၏။ ကျွန်မတို့ စင့်မြင့်ပေါ်သို့ရောက်၍ နေရာထိုင်ခင်းယူပြီးမှ ပိတ်ကားချ ထားသော ကတ္တီပါကားလိပ်ကြီးကို ဆွဲဖွင့်လှစ်လိုက်သည်။
    စင်မြင့်အောက်၌ အစည်းအဝေးတက်ရောက်လာကြသော လူထုကြီးကား ခန်းမဆောင် ကြီးတစ်ခုလုံး ပြည့်လျှံ ကျပ်နေတော့သည်။
    အစည်းအဝေး အစီအစဉ်အရ မြို့တော်ဝန်၊ အနုမြူဆန့်ကျင်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာပြည်မှ ကျွန်မမိန့်ခွန်းပြောကြရမည် ဖြစ်သဖြင့် ကျွန်မမှာ စကားပြန်နှင့် အစီအစဉ်ကျအောင် စီးလားရိုက်နေရ၏။
    အစည်းအဝေးစလျှင် မြို့တော်ဝန်၊ ကောင်စီဥက္ကဋ္ဌတို့ မိန့်ခွန်းပြောအပြီး၊ အနိုင်နိုင်ငံမှ ပေးပို့သော သသဏ်လွှာ များ ဖတ်ကြားရာဝယ် ကုလားပြည်မှ ၀န်ကြီးချုပ်နေရူး၏ သ၀ဏ်လွှာကို ဖတ်ကြားနေခိုက်၊ မြန်မာပြည် က ၀န်ကြီးချုပ်ဦးနု သ၀ဏ်လွှာ မရောက်ပါလားဟု ကိုယ်စားလှယ် များက ၀ိုင်းပြောကြသည်။
    စင့်မြင်ပေါ်၌ နိုင်ငံခြားဧည့်သည်တော်များ တစ်ဖက်၊ ဂျပန်ကောင်စီဘက်မှ တစ်ဖက် ထိုင်ကြကာ အင်္ဂလိပ် ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမဏီဘာသာ၊ ဂျပန်ဘာသာဟု ဘာသာ လေးမျိုး သတ်မှတ်ထားရာ၊ ဆိုင်ရာ ဆိုင်ရာ ဘာသာပြန်ပေးချက်ကို နားကြပ်နှင့် နားထောင်ရသည်။
    မြန်မာပြည်မှ မြန်မာနိုင်ငံ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ကရက် ဒုတိယဥက္ကဋ္ဌ စာရေးဆရာ ဂျာနယ်ကျော် မမလေး က နိုင်ငံခြားဧည့်သည်တော်များကိုယ်စား မိန့်ခွန်းစကား ပြောပါလိမ့်မည်ဟု ကျွန်မအလှည့်ကျ၍ အခမ်းအနားမှူး က ကြေညာလိုက်သည်။
    ကျွန်မထိုင်နေရာမှ မထခင် ခရီးအတူတူ ထွက်လာခဲ့ကြသော နိုင်ငံအသီးသီးမှ နိုင်ငံခြား ကိုယ်စားလှယ် မိတ်ဆွေများက လေသံနှင့်ဝိုင်း၍ တစ်ယောက်တစ်ခွန်း အားပေးလိုက်ကြသည်။
    ညက ကိုယ်စားလှယ်စည်းဝေးမှ အတည်ပြုလိုက်သော် မိန့်ခွန်းရပ်ကို တစ်ပိုဒ်တစ်ပိုဒ်စီ ဖတ်ပြောလျက်၊ စကားပြန် က ဂျပန်လိုပြန်ပြောနေခိုက် ဂျပန်သို့ ထွက်မလာမီ၊ မြို့တော် ခန်းမဆောင်ကြီး၌ ကျင်းပခဲံသော ငြိမ်းချမ်းရေး ညီလာခံကြီးကို မျက်စေ့ထဲ၌ မြင်ယောင်နေမိသည်။
    ကျွန်မ မျက်စေ့ရှေ့၌ တွေ့ရသော လူထုကြီးသည်လည်း မြို့တော်ခန်းမ ငြိမ်းချမ်းရေး ညီလာခံကြီးသို့ တက်ရောက်ကြသော လူထူပရိသတ်ကြီးကဲသို့ ထင်ယောင်မိတော့သည်။
    မိနစ် ၂၀ခန့် စိတ်ပါလက်ပါ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ကျွန်မနေရာသို့ ပြန်ခဲ့သည်။ ခရီးသွားဖော် သွားဖက် နိုင်ငံခြားကိုယ်စားလှယ်များက လက်ကမ်းလျက်၊ လက်ဆွဲနှုတ်ဆက် ကြလေ၏။ ဘုံဘေမြို့မှ အမျိုးသမီး ဆရာဝန်မက ကျွန်မလက်ကို ဆုပ်ကိုင်ကာ "မိန့်ခွန်းပြောတဲ့ လူဘက်က မအေးဘူး၊ ကျွန်မ လက်က အေးနေတယ်"ဟု ကိုယ်စားလှယ်များဘက်သို့ တိုးတိုး လှည့်ပြောလိုက်ကာ ရယ်မော နေလေသည်။
    တစ်နေ့လုံး အနုမြူဆန့်ကျင်ရေးစည်းဝေးတက်နေကြရလေ၏။ အစည်းအဝေးကြီးကို တစ်နေ့လုံး ကျင်းပစည်းဝေးနေခိုက် ထူးခြားချက်မှာ တယ်လီဖုန်းတစ်ခုမှ ကျွန်မတို့နှင့် အတူတူ တစ်နေ့လုံး စည်းဝေးတက်နေရှာသည်။ မြို့အသီးသီးရှိ အနုမြူဆန့်ကျင်ရေးကောင်စီများ၊ ထို့ပြင် အလုပ်သမား ယူနီယံ၊ လယ်သမား၊ တံငါသည်အသင်းစသော အသင်းအဖွဲ့အစည်းတို့၏ သ၀ဏ်လွှာများကို ၎င်းတို့မြို့မှ တယ်လီဖုန်းဖြင့် လှမ်းခေါ်ပေးပို့နေကြသဖြင့် သူသည်လည်း စင့်မြင့်ပေါ်၌ တစ်ချိန်လုံး စည်းဝေးတက် စကားပြော နေရလေ၏။
    လူထု အစည်းအဝေးကြီးအပြီး ညနေဘက်တွင် ဟီရိုရှီးမားမြို့တော်ဝန် နိုင်ငံခြား ကိုယ်စားလှယ်များအား ညစာစားပွဲ တည်ခင်းကျွေးမွေးလေ၏။
    ထိုနေ့ည၌ ဟီရိုရှီးမားတွင် အနုမြူမီးထွန်းပွဲကြီး ရှိလေ၏။ မြို့တော်ဝန်က ညစာစားပြီး မီးထွန်းပွဲကြည့်ရန် ဖိတ်ခေါ်သည်။ နိုင်ငံခြားကိုယ်စားလှယ်များ မြို့တော်ဝန်နှင့်အတူ မီးထွန်းပွဲ ကြည့်ရန် ထွက်ခွာ သွားကြ သည်။
    ဘုံဘေမြို့မှ ဆရာဝန်မမှာ ယနေ့ညပင် တိုကျိုသို့ပြန်မည်ဆိုသဖြင့် သူ့ကို နှုတ်ဆက်နေရခြင်းကြောင့် မီးထွန်းပွဲသို့ လိုက်ရန် မမီလိုက်ဘဲ ကျန်ရစ်ခဲ့သည်။
    ဆရာဝန်မ ဘူတာရုံသို့ ဆင်းသွားသောအခါ၌ ကျွန်မမှာ မီးထွန်းပွဲကို ကြည့်ချင်လာသည်။ ဟိုတယ် မန်နေဂျာ များအား မီးထွန်းပွဲပြုလုပ်သည့်နေရာကို စုံစမ်းကြည့်သည်။
    "တစ်မြို့လုံး ပတ်နေတဲ့ မြစ်တွေထဲမှာ ထွန်းကြတာ ကုန်းပေါ်မှာ ထွန်းတာမဟုတ်ဘူး၊ ခင်ဗျား လမ်းတည့်တည့်လျှောက်သွားရင် မြစ်တွေတွေ့မှာပဲ"
    ကျွန်မသည် မြစ်ထဲတွင် ထွန်းကြသော အနုမြူမီးထွန်းပွဲကို ကြည့်ရန် ဟိုတယ်မှ ထွက်လာခဲ့သည်။ ဟိုတယ်ဝတွင် ကားမမီ၍ ကျန်ရစ်ခဲ့သော သြစတြေးလျကိုယ်စားလှယ် မစ္စတာရစ်ဘီနှင့်တွေ့၍ သူလည်း ကျွန်မနှင့် အတူ မြစ်ဘက်သို့ လိုက်လာသည်။
    ဟိုတယ်ရှေ့ ကွက်လပ်ကြီးထဲ၌ရှိသော သေသူဝိညာဉ်တို့ ကိန်းအောင်းရာ ပေါင်းမိုးဂူကြီးတစ်ဝိုက်၌ လူတွေ ကျိတ်ကျိတ်တိုးနေလျက် စည်ကားလှသည်။ ထွန်းညှိပူဇော်ထားသော ဖရောင်းမီးရောင်များဖြင့် လင်းလက်နေလေ၏။
    ဟိုတယ်လမ်းတစ်လျှောက်၊ လမ်းဘေးနှစ်ဖက်တွင် ဈေးဆိုင်များ ပြည့်နှက်နေသည်။ ရွှေတိဂုံ ကုန်းတော်စောင်းကြီးတန်း၌ရှိသော ပန်းဆိုင်များကဲ့သို့ ပန်း၊ ဆီမီး၊ ဖယောင်းတိုင် ရောင်းကြသော ဆိုငများဖြစ်ကြသည်။ ဆိုင်ရှေ့၌ ဖြတ်ကျော်သွားသော လူတိုင်းအား "ပန်းယူပါဦးရှင်၊ ဆီမီး၊ ဖယောင်းတိုင် ယူပါဦးရှင်…"ဟု ဂျပန်မများက အလုအယက် ဆီးကြို ဖိတ်ခေါ်ရောင်းနေကြလေသည်။
    ကျွန်တို့ဈေးဆိုင်များကို ကျော်ဖြတ်ကာ ဂူကြီးနားမှကပ်လျက်သွားကြသည်။ ဂူကြီး၌ ပန်းကြီးမှာ တိတ်ဆိတ်ငြိမ်သက် လျက်ရှိသည်။
    ဂူကြီးနှင့်မလှမ်းမကမ်းတွင် မြစ်ကိုတွေ့ရသည်။ ဖောင်ကြီးတစ်ဖောင် ပြုလုပ်ထားသည်။ ဖောင်ပေါ်၌ ဂျပန်ဘုန်းတော်ကြီးများ တစ်စုတစ်ဝေးကြီး ထိုင်နေကြသည်။ ဗျတ်စောင်းကဲ့သို့သော တူရိယာများကို ပိုက်ကိုင်ထားကြလျက် အဆက်မပြတ် တီးမှုတ်နေကြပြီးလျှင် ရွတ်ဖတ်ဆုတောင်းနေကြသော အသံများသည်လည်း တအီအီနှင့် သံပြိုင်ဆွဲငင်လျက် ညည်းတွားသရဇ္ဇျယ်နေကြကုန်သည်။
    မြစ်တစ်ဖက်ကမ်းမှ ကမ်းပါးပေါ်၌လည်း လူထုကြီးမှာ ကမ်းညွတ်နေတော့သည်။ လူအုပ်ကြီးထဲတွင် တောင်ပုံရာပုံထပ်ပုံထားသော မီးပုံးများကို တွေ့ရလေသည်။
မီးပုံး ပုံသဏ္ဍာန်မှာ ရေနီဆံသံပုံးကဲ့သို့ လေးထောင့်ပုံးဖြစ်သည်။ ဆီစိမ်စက္ကူ အစိမ်း၊ အနီ၊ အ၀ါရောင်များ ကပ်ထားသည်။ လူအပေါင်းတို့သည် ကိုယ့်မီးပုံးကိုယ်ဆွဲလျက် ကမ်းပေါ်မှ တစ်ဦးပြီးတစ်ဦး ဆင်းလာ ကြလေသည်။ မီးပုံးများကို ဖော်ငပေါ်၌ရှိသော  ဘုန်းတောင်ကြီးများသည် မီးပုံးများကို လှမ်းယူ လျက် မီးပုံးထဲ၌ မီးတိုင်ထွန်းစိုက်ကာ ရေထဲသို့ ချမျှောလိုက်ကြလေ၏။ ရောင်စုံ မီးပုံး ကလေး များသည် တအီအီရွတ်ဖတ်သံ၊ ဗျတ်စောင်းသံများဖြင့် တငြိမ့်ငြိမ့်မျောသွားကြသည်။
    မြစ်ရိုးတစ်လျှောက်လုံး၌ ပေါလော-ပေါလောနှင့် မျောနေကြသော ရောင်စုံမီးပုံးကလေးများကို မျက်စေ့တစ်ဆုံး မီးဖောင်ကြီးသဖွယ် မြင်နေရသည်။
    ကျွန်မသည် ကမ်းပါးပေါ်မှ ကျွန်မျက်စေ့အောက်တွင် ဖြတ်မျောသွားကုန်သော မီးပုံးကလေးများကို ဆီးငုံ့ကြည့် လိုက်သည်။ မီးပုံးများထဲတွင် ဆေးရောင်နက်ဖြင့် အမည်ကမ္ပည်းစာတမ်းလေးများ ရေးထားကြ လေ၏။
    မြစ်ထဲ၌အဆက်မပြတ်မျောလက် ရှိကြကုန်သော မီးပုံးများသာလျှင် လှုပ်လှုပ်-လှုပ်လှုပ်နှင့် တွေ့ရလေလျက် ကမ်းနဖူးပေါ်မှ ဆီးထိုင်ကြည့်နေကြသော လူအုပ်ကြီးမူကား အရုပ်ကြီးတွေ စီရရီ ထောင်ချထားဘိအလား တုတ်တုတ်မျှမလှုပ်ဘဲ ဆိတ်ဆိတ်ငြိမ်လျက်ရှိကြလေ၏။
    မြစ်ထဲ၌တသီတတန်းကြီး မျောနေကုန်သော မီးပုံးများမှာ အမှန်စင်စစ် မီးပု့းတစ်ပုံးဆိုလျှင် အလောင်းတစ်လောင်း ဖြစ်ချေသတည်း။
    အနုမြူဗုံးချသည့် အချိန်အခါက နေဆယ်စင်းထွက်သကဲ့သို့ ပူပြင်းလှသော ဓာတ်အားဖြင့် လူတို့မှာ ဆီပူအိုးကြီးလောင်းချလိုက်သည့်အလား။ တစ်ကိုယ်လုံးရှိ အရေခွံတွေ အမွှာမွှာကွာကျကုန်ကာ အသားနီလန်သွားသော သူတို့မှာကား မခံမရပ်နိုင်အောင် ပူပြင်းလှသဖြင့် ရေရှိရာ ဤမြစ်ထဲသို့ ခုန်ချကြလေ၏။
    အနုမြူဓာတ်ငွေ့ကြောင့် ဤမြစ်ထဲတွင်ရှိသော မြစ်ရေမှာ ရေနွေးကျွတ်ကျွတ်ဆူနေသော အပူရှိန်ဒီဂရိထက် ငါးဆတိုးပြီး ပွက်ပွက်ဆူလျက်နေလေရာ ခုန်ချလေသမျှသော လူတိုင်းပင် ရေနွေးအိုးကြီးထဲ၌ ထည့်ပြုတ်ဘိသကဲ့သို့ မရှုမလှအသက်ထွက်ကြသောကြောင့် အလောင်းများ မှာ မြစ်ထဲ၌ တောင်ပုံရာပုံ ထပ်မျှောနေခဲ့လေ၏။
    မြစ်ထဲခုန်ချ၍ မချည့်မဆန့်အသက်ထွက်သွားသော သွားလေသူတို့အား ရည်စူးလျက် သက်ဆိုင်ရာ တို့က လူတစ်ဦး မီပုံးတစ်ပုံးကျ မီးညှိထွန်းပြီးလျှင် ဆုတောင်းတသမျှောလိုက်ကြ  သော အနုမြူ မီးထွန်းပွဲ ကြီး ဖြစ်လေသည်။
    ကျွန်မမှာ မျက်တောင်မျှမခတ်မိဘဲ ငေးစိုက်လျက် ရင်ဆို့နေစဉ် မစ္စတာရစ်ဘီက လေသံနှင့် ကပ်မေး လိုက်သည်။
    "မမလေး...ကဗျာရေးသလား" 
ကျွန်မက ခေါင်းခါလိုက်သည်။ ကျွန်မ မျက်စေ့အောက် ရေအဟုန်ဖြင့် စီးပါသွားသော မီးပုံတွေကိုကြည့်ရင်း...ကျွန်မသာ ကဗျာရေးမယ်ဆိုရင် ဒီအနုမြူမီးထွန်းပွဲနှင့် ပက်သက်ပြိး ကျွန်မ ရေးမယ့် ကဗျာ့ရဲ့ နာမည်တော့ စဉ်စားမိပြီ...ဟု ကျွန်မက ဆက်ပြောလိုက်သည်။
    "ဘယ်လိုနာမည်လဲ"
    ကျွန်မသည် အရှိန်နှင့်မျောလာသော မီးပုံကလေးတစ်လုံးကို လက်ညွှန့်လိက်ကာ စဉ်းစားမိသော ကဗျာ အမည်ကို ထုတ်ပြောလိုက်သည်။
    "ဘယ်သူပါလိမ့်..."
    မစ္စတာရစ်ဘီသည် "အား..."ဟုဆိုကာ သက်ပြင်းချလိုက်သည်။ ထို့နောက် လေသံနှင့် မသက်မသာ ပြောနေသည်။
    "ကျုပ်ဖြင့် ရေထဲက မီးပုံးတွေမြင့်ရတာထက် ကမ်းပေါ်လူထုကြီးခုလို တိတ်ဆိတ် နေကြတာကိ ကြည့်ရတာ စိတ်အထိခိုက်ဆုံးပါပဲ ခင်ဗျားကော"
    "သေသေချာချာ နားထောင်စမ်း ကျွန်မတို့နောက်က မိန်းမတွေဆီက လာတဲ့အသံကို နားထောင် စမ်းပါ..."
    မစ္စတာရစ်ဘီသည် သူ့ခေါင်းကို နောက်သို့လှည့်လိုက်လေသည်။
    "အား... သူတို့ ရှိုက်နေကြတယ်"
    သူသည် ပြောပြီး လူအုပ်ကြီးနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
    ကျွန်မသည် ဤမြစ်ကမ်းပါးပေါ်၌ ဤလူအုပ်ကြီးနှင့် မခွဲမခွာ တစ်ချိန်လုံးထိုင်နေချင်စိတ် ဖြစ်ပေါ် လာသည်။ မြို့တော်ဝန်၏ ညစာအတွက် ၀တ်ဆင်ထားရသော အ၀တ်အစားသစ်များကို ပြန်လဲကာ တစ်ယောက်တည်း ပြန်လာမည်ဟု စိတ်ကူးရမိသည်။
    "မမလေး... ခင်ဗျားတို့ ဗမာပြည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်တဲ့လူတွေကို ကွန်မြူနစ် တွေလို့ မစွပ်စွဲ ဘူးလား"
    ကျွန်မသည် မစ္စတာရစ်ဘီဘက်သို့ မျက်နှာလှည့်ကြည့်လိုက်သည်။
    "ရှင်တို့ သြစတြေးလျမှာကော"ဟု သူ့မေးခွန်းဖြင့် သူပြန်မေးလိုက်သည်။
    "ကျုပ်တို့ပြည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းလုပ်တဲ့သူတိုင်း ကွန်မြူနစ်ဝါဒလို့ ၀ါဒဖြန့် စွပ်စွဲကြတယ်၊ ဗမာပြည်မှာကော ဘယ်လိုလဲ"
    "ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းကြီး ကမ္ဘာမှာ ကျယ်ပြန်သွားမှာစိုးလို့ မကျယ်ပြန့်အောင် တစ်ဖက်က ပုတ်ခတ်စွပ်စွဲပြိး ၀ါဒဖြန့်တာကို ကြားလူတွေက သံယောင်လိုက်ပြီးယုံကြ၊ ထင်ကြတာပါရှင်...၊ စစ် တားဆီးရေး လုပ်ငန်း၊ အနုမြူဗုံးပိတ်ပင်ရေးလုပ်ငန်း၊ တစ်နိုင်ငံနှင်တစ်နိုင်ငံ စနစ်ချင်းမတူပေမယ့် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရေးဆိုတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ ၀ါဒတွေကို စတည်ထောင် ကြတာ ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်စနစ်တွေမှ မဟုတ်တာပဲ၊ သိပ္ပံပညာရှင်ကြီးတွေ စာရေးဆရာကြီးတွေက စ တည်ထောင်ခဲ့ကြတာပဲ၊ ကျွန်မတို့ ဗမာပြည် မှာလဲ...ရှင်တို့သြစတြေးလျပြည်လိုပဲပေါ့"
    "ကျုပ် အယူအဆကတော့ ကမ္ဘာငြိမ်းချမ်းရေးကို ပါတီနိုင်ငံရေးအသွင်မျိုး မလုပ်ကြဘဲ၊ လူတိုင်းပါဝင်ကြလေအောင် ကျယ်ပြန့်အောင် လုပ်ကြဖို့လိုတယ်၊ တိုကျိုရောက်ရင် ညီလာခံမှာ ကျုပ်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး တိုးတက်ကျယ်ပြန့်ရေးကော်မရှင်မှာ ပါဝင်ဆွေးနွေးမယ်... ခင်ဗျားကော ဘယ်ကော်မရှင်မှာပါမလဲ"
    "ကျွန်မလဲ... ဒီကော်မရှင်ဘက်မှာပဲ"
    "ကျုပ်တို့ သြစတြေးလျပြည်သူပြည်သားတွေနဲ့ ခင်ဗျားတို့ မြန်မာပြည်က ပြည်သူ ပြည်သားတွေကို ဟောဒီကမ်းပါးပေါ်ကို မလာပြီး၊ ဟောဒီမြစ်ထဲက မီးပုံးတွေနဲက ဟောဒီကမ်းပါး ပေါ်က လူအုပ်ကြီးကို ပြလိုက်ရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းကို ကောင်းကောင်း သဘောပေါက်သွားကြမှာပါပဲ"
    "အနုမြူဆေးရုံနဲ့၊ အနုမြူပြတိုက်ကြီးပါပြဖို့လိုတယ်..."ဟု ကျွန်မက ၀င်ဖြည့်စွက်လိုက် လေသည်။
    မစ္စတာရစ်ဘီသည် ပြောပြိးတီးတိုးရှိုက်လိုက်ကာ ပခုံးနှစ်ဖက် လှုပ်လိုက်သည်။
    ကျွန်မသည် စောစောက စိတ်ကူးအတိုင်း ဟိုတယ်သို့ ပြန်ခဲ့သည်။ ကျွန်မသည် မြစ်ကမ်းပါးပေါ်၌ လူအုပ်ကြီး နှင့်အတူတူ ရောကာ ထိုင်ချလိုက်သည်။
    ကမ်းပါး၌ လူအုပ်ကြီးမှာ ပိုများလာသလို ထင်ရသည်။ ကျွန်မသည် မြစ်ကမ်းပါးပေါ်၌ လူအုပ်ကြီး နှင့်အတူတူ ရောကာ ထိုင်ချလိုက်သည်။
    မြစ်ထဲမှ တအီအီနှင့် ရွတ်ဖတ်ဆုတောင်းနေကြသော အသံများနှင် မြစ်ကမ်းပါးပေါ်မှ အသံထွက်အောင် ကျိတ်ရှိုက်လျက်နေကြသော အသံများကို နားနှင့်မဆံ့ကြားနေရလေ၏။
    မီးပုံတစ်ပုံး ရေထဲမျှော်လိုက်တိုင်း ကျွန်မစိထ်ထဲ၌ လူတစ်ယောက်မြစ်ထဲသို့ ခုန်ချလိုက်သလို ထင်မှတ်ရ လေ၏။ ပွက်ပွက်ဆူနေသော ရေထက် မချည့်မံချည်းအော်ဟစ် ညည်းတွားလိက်သော  အသံဗလံတွေကို ကြားယောင် လိုက်ကာ ကြက်သီးမွေးညင်း ထသွားလေသည်။
    ဟီရိုရှီးများ၌ အနုမြူဗုံးချသောအချိန်မှာ နံနက် ၈နာရီ၁၅မိနစ်ဖြစ်သည်။ ကျောင်းသွား ကြရန် မိဘများကို နှုတ်ဆက်လျက် အိမ်က ထွက်လာကြသော ကျောင်းသူကျောင်းသားများ၏ အသက်ပေါင်း ထောင်သောင်း မက ဤမြစ်ရေပူကြီးထဲ၌ ခုန်ချကြကာ သေဆုံးသွားကြရခြင်း ကြောင့် သူတို့မသေခင် စုံးစုံးမမြုပ်ခင် တသညည်းခေါ် အော်ဟစ်သွားကြသော အသံများကို ကျွန်မနားထဲ၌ တစီစီကြားမိ တော့သည်။
    ကျွန်မအနား၌ မြစ်ထဲသို့ စိုက်ကြည့်လျက် ရှိုက်နေကြသော မိခင်များ၏ ရင်တွင်း၌ မည်မျှခံခက်လေမည်ကို မတွေးမိဘဲမနေနိုင်၊ ဤမျှပူခြစ်နေသော ရေထဲတွင် သူတို့အသက် ကလေးတွေ မချည့်မဆံ့ ထွက်သွားကြပုံမျိုးမှာ စာနာမိသူတိုင်း စဉ်းစားကြည့်သူတိုင်း ရင်ထဲတွင် မချည့်တင်ကဲ ဖြစ်ရမည် သာတည်း။
    ကျွန်မမှာ ဟိုသည်ရော်ယမ်းမျှော်မှန်းကာ ကြည့်နေရင်း မြစ်ထဲ၌ မီးပုံတွေပျောက်သွားကာ မျက်စေ့ထဲ၌ အလောင်းတွေသာလျှင် မြင်မကောင်းအောင် ပေါ်လောမျောနေတော့လေ၏။ မီးရောင်များ ထိန်လင်း လျက်ရှိသော ဟီရိုရှီးမားမြို့ကြီးသည်လည်း ပျပျမှုန်မှေး၍ တရေးရေး တဖြေးဖြေးကွယ်မှောင်သွားပေသည်။ အနုမြူမီးခိုးလုံးဖြူကြီးတွေ ချိတ်ဆွဲလျက်ရှိသော ကောင်းကင်အောက်၌ သွေးရူးသွေးတန်းဖြင့် နာမည်မျိုးစုံ ခေါ်ကာ အော်ဟစ်ပြေးလွှားနေကြသော လူသားတိုကမှာ ဗလာကိုယ်လုံးတီးနှင့် ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်း ထားသော အသားအရေ များတွင် အသားနီလန်လျက် အရေခွံအမွှာမွှာကွာကျနေကြပုံတွေကို ကွင်းကွင်း ကွက်ကွက်ကြီး မြင်ယောင်လိုက်တော့သည်။ ထိုအချိန်က ကျွန်မမှာ ဟီရိုရှီးမားမြို့သူ မြို့သား များနှင့် ထပ်တူထပ်မျှ ရင်ထဲ၌ ကိုယ့်အတွေးနှင့်ကိုယ် ထင်ယောင်မြင်ယောင် ပူလောင်ခံစားနေရလျက် ကျွန်မဘေးနား ၌ ခွေးဖြူကလေးတစ်ကောင်သာလျှင် အေးအေးချမ်းချမ်း ရှိနေ၏။
    မြေကြီးပေါ်တွင် ဂွမ်းပုံကလေးပုံနေသကဲ့သို့ ခွေးကလေးမှာ အမွှေးစုပ်ဖွားနှင့် တစ်ကိုယ်လုံး ဖြူဖွေး နေလျက် ပုံ့ပုံ့ကလေးဝပ်နေလေသည်။ မြစ်ထဲ၌မျောနေသော ရောင်စုံမီးရောင်များ၏ အလှအပကို ရှုစားငံ့ကြည့် လျက် ခပ်လှမ်းလှမ်းရှိ ၀ိညာဉ်ဂူကြီးဆီမှ သင်းပျံ့ ထုံကြိုင်လာသော ပန်းရနံ့တွေက တသင်းသင်း၊ လေညှင်းလေပြေက တဖြူးဖြူးဖြင့် မြစ်ထဲက ဆိုးဆိုးဝါးဝါး အော်ကြညည်းကြသံများကို မကြားနိုင် မသိနိုင်သော သည်ခွေးလေးတစ်ကောင်ပဲ မြစ်ကမ်းသာ၌ စိတ်ကြည်အေးလျက် ရှိနေလေသည်။
    လရောင်လရိပ်များ ဖုံးကွယ်သွားလျက် ညဥ့်အမှောင်မှာ ကြယ်ရောင်လက်နေသည်။ ကျွန်မတစ်ကိုယ်လုံး အေးစက်လာလေသည်။ တုတ်တုတ်မျှ မလှုပ်ကြဘဲ ဆို့ငေးတွေးတော တောက်လောင်ဆွေးပူ ကြေကွဲ လျက် ရှိနေကြသော လူထုကြီးအား လှမ်းကြည့်လိုက်သည့်အခါ စိတ်မချမ်းမသာ ဖြစ်သွားမိသည်။
    ကျွန်မသည် ဟီရိုရှီးမား၌ အနုမြုဆေးရုံကြီးလည်း ရောက်ပြီးပါပြီ။ အနုမြူပြတိုက်ကြီးလည်း တွေ့ဆုံ ရပြီးပါပြီ။
    အနုမြူဆေးရုံမှာ အနုမြူပြတိုက်ကြီးမှာ အနုမြူဒုက္ခသည်များနှင့်ျ တွေ့ရမှာ တွေ့ခဲ့ရ မြင်ခဲ့ရ၊ သိခဲ့ရသမျှလောက်ဖြင့်သာ ရင်ထဲ၌ နာနေပေပြီ။
    ဤမြစ်ထဲ၌ မီးပုံလေးတွေ မျောနေကြပုံနှင့် ဤကမ်းပေါ်မှာထိုင်ပြီး ရင်ဆို့နေကြသော တုတ်တုတ်မျှ မလှုပ်ကြသည့် ဤလူအုပ်ကြီးကို ထပ်မံပြီး မြင်ရကြုံရတာလောက် ဘယ်မျှစစ်ကို မုန်းပုံ၊ အနုမြူဗုံးကို စက်ဆုပ် သွားပုံများကို စာအားဖြင့် ရေးသားဖော်မပြနိုင်တော့ပေ။
    ညသန်းခေါင်အထိ မြစ်ထဲတွင် မဆုံးနိုင်အောင် မျောနေလေသော မီးပုံးများကို ထိုင်ကြည့်ခဲ့ပြီးနောက် ဟိုတယ်သို့ ထပြန်လာခဲ့သည်။ ၀ိညာဉ်ဂူကြီး၌ စောစောက ထွန်းထားကြသော မီးရောင်များ ငြိမ်းလျက်နေ၏။ လူသူလည်းမရှိ၊ မှောင်မှိုင်းတိတ်ဆိတ်နေ၏။ ဂူကြီးနားမရောက်မီ မြေပေါ်၌ လွန့်လူးနေသော မီးရောက်ကလေးတစ်ခုကို မြင်ရ၏။ မငြိမ်းမသေ သေးသော မီးကလေးဟု စိတ်ထဲ ထင်မိသည်။ အနီးကပ်သွားသောအခါ ဗြုန်းကနဲ လန့်သွား လေသည်။ သေသေချာချာကြည့်လိုက်မှပင် ကီမိုနို အနက်ဝတ်ဆင်ထားသော အဘွားကြီး တစ်ယောက်သည် ကောက်ကွေးနေသော သူ့လက်ဖြင့် ဖယောင်း တိုင်လေးကို မစိုက်မထွန်း ဆုပ်ထားလျက် မြေပေါ်၌ ဒုးတုပ်ဝပ်တွား၍ မြေကြီးနှင့် မျက်နှာ အပ်ကာ ရှိုက်လျက် ရှိုက်လျက် ငိုကြွေးနေတော့သည်။
    ကျွန်မမှာ ခြေလှမ်းတန့်သွားကာ ရင်ထဲ၌တလှပ်လှပ် ဖြစ်သွားသည်။ သုသာန်တစပြင်ကြီး ပါလားဟု သွားတွေးလိုက်သော အသိဖြင့်လည်း ခေါင်းနဘန်းကြီးသွားလေသည်။
    အနုမြူဒုက္ခသည် အဖွားအိုလက်ထဲ၌ ဆုပ်ထားသော မီးဖယောင်းတိုင်မှ မီးရောင်ကလေးဖြင့် ၀ိညာဉ်ဂူကြီး၌  ကမ္ဗည်းထိုးထားသော စာတမ်းကို ခပ်ရေးရေး မြင်လိုက် ရသည်။ ဤစာတမ်း၏ အဓိပ္ပာယ်ကား…
    "ငြိမ်းချမ်းစွာ အိပ်စက်လဲလျောင်းနေပါတော့ ကျုပ်တို့မှားမိခဲ့တဲ့အမှားတို့ နောက်ထပ် မမှားပါဘူး"
    ဤစာတမ်း ၏ အဓိပ္ပာယ်ကို အမျိုးမျိုးကောက်နိုင်ကြသည်။ ဤညအဖို့ ကျွန်မကောက်ယူ ခဲ့သော အဓိပ္ပာယ်ကား….ဤအမှားမျိုးကို နောက်ထပ်ပြီး မမှားကြရလေအောင် လူသားမှန်သမျှ စစ်ကို ၀ိုင်းဝန်း တားဆီးကြ ဖို့မှ တစ်ပါး အဓိပ္ပာယ်မကောက်မိချေ။
    ဟိုတယ်ရောက်ရန် တော်တော်လှမ်းသေး၏ ကွင်းပြင်ထဲ၌ ကြက်သီးတဖျန်းဖျန်းထလျက် သုတ်ခြေတင် လျှောက်လာခဲ့သည်။ မျက်စေ့ရှေ့၌ အနုမြူပြတိုက်ကြီးမှာ ဆီးနေလေသည်။ မီးရောင်များ မရှိဘဲ မှန်ရိပ်များသာ လက်ထင်လျက် ညိုမှိုင်းနေသည်။ ပြတိုက်ကြီးထဲ၌ ချိတ်ပြထားသော ရုပ်ပုံတွေမှာ မှန်ရိပ် အတွင်းမှ အသက်ဝင်နေကြလေသည်။ မျက်လုံးကြီး ပြူးကျွတ်နေသူ ... အသားမရှိ မရိုးကြီးသာရှိသာ လက်ကလေး ခြေကလေးတွေနှင့် အ၀တ်အစား မကပ်ဘဲ၊ ပူလောင်လွန်း၍ လှိမ့်အော်နေသူ ... အသားတွေ ကြွေကျ နေသူ၊ အရေခွံကြီး ကျွတ်နေသူ ...
    ကျွန်မမှာ သုတ်ခြေတင်လှမ်းနေရင်း ပြတိုက်ကြီးကို မျှော်မကြည့်လည်း မနေနိုင်၊ မှန်ရိပ် ထဲ၌ အရုပ်တွေ အသက်ဝင် နေကြသဖြင့် ကျောချမ်းသွားလေ၏။
အပြေးအလွှားလာခဲ့ရ၍  မောဟိုက်ခဲ့ရာ ဟိုတယ်မှ မှန်တံခါးကို တအားတွန်းဖွင့်ရသည်။ ဟိုတယ်အောက်ထပ် ၌ မီးနီရောင် ကလေးသာ နီကျင်ကျင်လင်းနေသည်။ ဟိုတယ်စောင့်မှာ ကောင်တာ စားပွဲတွင် ငိုင်ပြီးနေလေ၏။
    ခြေသံမကြားအောင် အပေါ်ထပ်သို့ ပြေးတက်ခဲ့သည်။ ကျွန်မနေသော အခန်းမှာ အစွန်ဆုံးကျလျက် မီးရောင်နှင့် အလှမ်းဝေးသည်။ ကဗျာကရာ အခန်းတံခါးသော့ဖွင့်ပြီး မီးခလုတ် လှမ်းဖွင့်လိုက်သည်။ အထဲ ၀င်ဝင်ခြင်း အခန်းတံခါးကို ပြန်ဆွဲပိတ်လိုက်သောအခါ တံခါးနှင့် မျက်နှာခြင်းဆိုင်လူသွားလမ်း အုတ်နံရံတွင် ဗြုန်းကနဲ လူရိပ်ကို မြင်လိုက်ရသဖြင့် မျက်လုံးတွေ ပြာလျက် ကျွန်မခေါင်းမှာ ပုတ်လောက်နီးနီး ကြီးသွား လေသည်။ ကျွန်မမြင်လိက်ရသောအရိပ်မှာ တံခါးလှမ်းဆွဲလိုက်စဉ်က တစ်ဘက်အုတ်နံရံ၌ ထင်သွားသော ကျွန်မ၏ အရိပ်ပင် ဖြစ်ချေသည်။
    အခန်းမီးပိတ်လျက် အိပ်ရာပေါ်တွင် ပစ်လှဲလိုက်သည်။ ကျွန်မရင်ထဲ၌ တထိတ်ထိတ် ခုန်နေတုန်းပင်၊ အိပ်ရာ ပေါ်မှ တသဲ့သဲ့ကြားနေရသော မြစ်ထဲက ရွတ်သံဖတ်သံများသည် အဝေးကပျံလွင့် ရိုက်ခတ် လာသော အသံတစ်မျိုးဖြင့် နားထဲ၌ စူးနင့်နေသည်။ ဤဟိုတယ်မြေ  ပေါ်၌ လောင်ကျွမ်း သေဆုံး သွားသူတို့သည် ကျွန်မအခန်းထဲသို့ ၀င်လာကြသလိုလို စိတ်က ထင်ယောင်မြင်ယောင်သည်နှင် ချက်ခြင်း စောင်ကြီး ကိုဆွဲကာ ခေါင်းမြီးခြုံလိုက်သည်။ ကျွန်မမှာ စောင်ခြုံထဲ၌ တော်တော်နှင့် အိပ်မပျော် နိုင်ဘဲ ချွေးဒီးဒီးကျနေတော့၏။
စာရေးသူ - ဂျာနယ်ကျော် မမလေး
.
7 comments:
အင်ကြင်းသန့် said...
ဂျာနယ်ကျော်မမလေးကို ကြိုက်လို့ သူ့ဆောင်းပါးဆိုလို့ လာဖတ်တယ်မမရွှေစင်....
စိတ်မကောင်းစွာနဲ့ဖတ်ကောင်းကောင်းနဲ့ဖတ်လာလိုက်တာ အောက်ဆုံးရောက်မှ သူနဲ့အတူလိုက်ပြီးကျောချမ်းမိသလိုလိုဖြစ်ရတဲ့အပြင် သူ့ပုံစံကိုမြင်ယောင်ပြီးလည်း ပြုံးမိတယ်။ :))
ချစ်ညီမလေး
ဇော်သိင်္ခ said...
ဆရာမရေ... ကျွန်တော်တော့ ဖတ်နေရင်းနဲ့ကို မျက်စိထဲ မြင်ယောင်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးတောင် ကြက်သီးမွှေးညင်းတွေကို ထလာတယ်ဗျာ...
ဂျာနယ်ကျော် မမလေးရဲ့ ဆောင်းပါးတွေကိုတော့ နောက်လည်း ဆက်ဖတ်ပါအုံးမယ်.....
အရင် စာအုပ်တွေတုန်းက အဆက်မရှိတော့ မဖတ်နိုင်ဘူးဖြစ်နေတာ..
ယွန်း said...
ကြိုက်တယ်အစ်မ..ဒါမဖတ်ရသေးဘူးး
တင်ပေးတာကျေးဇူးအစ်မ...
နောက်ထပ်တင်ပေးပါဦး..
ခင်မင်စွာဖြင့်
ညီမလေး
ယွန်း
ကိုဇော် said...
တစ်ခု စဉ်းစားမိတယ် အစ်မရာ။
တကယ်လို့ အနုမြူဗုံးသာ အကျဲမခံရရင် . . .
ဂျပန်နိုင်ငံဆိုတာ အခုထိ နယ်မြေချဲ့ထွင်နေချင်သော ၊ စစ်တိုက်လိုနေသော ၊ ဖက်ဆစ်စနစ်ကို အာသာပြင်းပြနေသော နိုင်ငံ အဖြစ်နဲ့ ဒီလောက်တိုးတတ်လာမှာ မဟုတ်ဘူးဗျာ။ အခုတော့လည်း သူ့ရဲ့ ပြောင်းလဲမှု က ကောင်းသော ပြောင်းလဲမှု မဟုတ်လား။
ကောင်းမွန်ဝင်း said...
အစ်မရွှေစင်ဦး
အစ်မတင်ပေးတဲ့ စာကောင်းတွေထဲက စာကောင်းတစ်ပုဒ်လာဖတ်သွားပါတယ်။
အောက်ကစာပိုဒ်ကလေးကြိုက်တယ် သိလား။
"ကျုပ်တို့ သြစတြေးလျပြည်သူပြည်သားတွေနဲ့ ခင်ဗျားတို့ မြန်မာပြည်က ပြည်သူ ပြည်သားတွေကို ဟောဒီကမ်းပါးပေါ်ကို မလာပြီး၊ ဟောဒီမြစ်ထဲက မီးပုံးတွေနဲက ဟောဒီကမ်းပါး ပေါ်က လူအုပ်ကြီးကို ပြလိုက်ရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းကို ကောင်းကောင်း သဘောပေါက်သွားကြမှာပါပဲ"
"အနုမြူဆေးရုံနဲ့၊ အနုမြူပြတိုက်ကြီးပါပြဖို့လိုတယ်..."ဟု ကျွန်မက ၀င်ဖြည့်စွက်လိုက် လေသည်။
Anonymous said...
အင်း ကိုရွှေဂျပန်ရယ်။
အရှေ့တောင်အာရှမှာ သူတို့ လူတွေကို မုဒိန်းကျင့်၊ လက်သည်းခွံခွာ၊ ဗိုက်ခွဲ၊ အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့တာတွေရော ဂျပန်မှာ အဲဒီလို ပြတိုက်လုပ်မထားဘူးလား။
လုပ်တုန်းကတော့ ပျော်လို့၊ ခံရတော့မှ အော်လို့တော့ မလုပ်စေလို။
MDW said...
ဂျာနယ်ကျော်မမလေးက အကြိုက်ဆုံးစာရေးဆရာတွေထဲက တယောက်ပါပဲ။ မရွှေစင်တင်ပေးထားတဲ့ထဲက မဖတ်ရသေးတာတွေ ဖြည်းဖြည်းချင်း ပြန်လာဖတ်မယ်နော်။ ကျေးဇူးတင်တယ် အမရေ ... ။