Tuesday, July 27, 2010

ကြယ်နီ အပိုင်း (၁၅)

(၂)

နောက်တစ်နေ့ နံနက်တွင် ကိုဒေါင်းစိန်တို့ အိမ်ဦးခန်းတွင် ဗေဒင်ဆရာ ဆရာလှိုင်ရောက်နေပြန်ပါ သည်။ ကိုဒေါင်းစိန်တို့ အားကိုးအားထားပြုခဲ့သော ဆရာပုမှာ ကိုဒေါင်းစိန်တို့အား အကြောင်းပြန်ခြင်း မရှိဘဲ နံနက်အစောကြီး ထ၍ ပြန်သွားသည်ဖြစ်ရာ အားကိုးရာမဲ့နေသော ကိုဒေါင်းစိန်တို့ မောင်နှံမှာ မကြံသာ တော့သည့်အဆုံး လူမမာ ကလေးနှစ်ဦး၏ ဇာတာကို စစ်ဆေး၍ ယတြာချေပြီး ဘုရားကု ကုရန် ဗေဒင်ဆရာ အား ပင့်ခေါ်ရပြန်ခြင်းဖြစ်သည်။

ဗေဒင်ဆရာဟု သူတို့ ခေါ်နေကြသော်လည်း အမှန်မှာ သူနာအား ဗေဒင် အတတ်ဖြင့် တွက်စစ်ကြည့် ရှု၍ ဟောကိန်း အရ သူနာ၏ ကိုယ်ရပ် သဏ္ဍာန်ကို ၀ါးလုံးဖြင့် တိုင်းထွာဖြတ်ပိုင်းလျက် ညောင်ထောက်စေခြင်း၊ ငါးသက်စေ့ လွတ်စေခြင်း၊ ဆီမီးသက်စေ့ ပူဇော် စေခြင်း စသော ယတြာတို့ဖြင့် ပြုလုပ်စေ၍ ကုမရသော သူဖြစ်သည့် အတွက် ဟူးရားဆရာဟု ခေါ်ရမည်ထင်ပါသည်။
ဆရာလှိုင်ကား အသက် ၄၀ ကျော်ခန့်ရှိပြီဖြစ်၍ သျှောင်ထုံးနှင့်ဖြစ်၏။ သူ၏ ဆံပင်များမှာ အချို့ကား ဖြူရောင်ရောင် နီကြင့်ကြင့်၊ အချို့ကားမည်းနက်နေရာ ကွက်တိကွက်ကျား ဖြစ်နေသဖြင့် အကြည့်ရ ဆိုးနေသည်။ သူ့အား ပင့်ခေါ်သည့်အခါ၌ သူသည် အမြဲပင် ထားဝယ်လုံးကွင်းနှင့် နက်ပြာရောင် သက္ကလတ် တိုက်ပုံ အင်္ကျီမှာ အမျိုးကောင်းများဖြစ်သော်လည်း နှစ်ပရိစ္စေဒကြာမြင့်လှပြီ ဖြစ်သဖြင့် အသွေးအရောင်များ လွင့်ပျောက်ကာ အတော်ပင် ဟောင်းနွမ်းနေလေပြီ။ သက္ကလတ်တိုက်ပုံအင်္ကျီမှာ အင်္ကျီလက်နှစ်ဖက် တံတောင်ဆစ် နေရာ၌ ပေါက်ပြဲနေလေပြီ။ သူသည် ဗေဒင်တွက်ချက် ကြည့်ရှုရသည့်အခါ၌ မျက်မှန်ကို အသုံးပြုနေရပြီ ဖြစ်၏။

သူ့မျက်မှန်ကိုင်းများ မဟုတ်တော့ဘဲ သတ္တုကြိုးဖြင့် ဖြစ်ကတတ်ဆန်း အစားထိုး ပြုလုပ် ထားသော မျက်မှန်ကိုင်း သာဖြစ်သည်။
သူ၏ အင်္ဂါရုပ်တွင် အထူးခြားဆုံးကား မျက်ခုံးနှစ်ဖက်အကြားရှိ နဖူးမြင့်နေခြင်းပင် ဖြစ်သည်။ ဤကား အမှတ်သညာ ရှိ၍ သူတစ်ပါး မမြင်သော အရာကလေးများကို မြင်တတ် မှတ်တမ်းကြောင်း ဖော်ပြသော ရုပ်လက္ခဏာ ပင်ဖြစ်သည်။ သို့သော် အဆမတန် ချွန်လျက်ရှိသော သူ့နှာခေါင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ၍ သူတစ်ပါးအား ရှုတ်ချတတ်သော စိတ်သဘော ကျဉ်းမြောင်းသူ တစ်ယောက်အဖြစ် ထင်းထင်းကြီး ဖော်ပြနေပြန်သည်။

သူကား ဗေဒင်အတတ်ဖြင့် သူနာများကို ကုသသော ဟူးရားဆရာအဖြစ်သာမက ဥစ္စာပျောက်ကိုလည်း ဟော၏။ အထူးသဖြင့် မိန်းမပရိသတ်က သူ့ဥစ္စာပျေက် အဟောမှာ မှန်ကန်လှသည်ဆို၍ ပစ္စည်း တစ်စုံတစ်ရာ ပျောက်ဆုံးသွားတိုင်း ဆေးလိပ်၊ လက်ဖက်ခြောက်၊ ကွမ်း စသော ပစ္စည်းကလေးများကို သူ့ထံသို့ ယူဆောင်လကာ ဥစ္စာပျောက်မေးလေ့ရှိသည်။

ယခု သူသည် ကိုဒေါင်းစိန်တို့ အိမ်ဦးခန်း၌ ထိုင်၍ လူနာကလေးနှစ်ဦး၏ မွေးဖွားသက္ကရာဇ် ခုနှစ်များနှင့် မွေးနေ့ကိုမေးပြီး ကျောက်သင်ပုန်းတစ်ချပ်နှင့်တွက်စစ်နေ၏။ ကိုဒေါင်းစိန်နှင့် မယ်စိန်က သူ့နား၌ ကျုံ့ကျုံ့ ယုံ့ယုံ့ ကလေးထိုင်ကာ ဗေဒင်က အဟောထွက်မည့် အဖြေကို စိတ် အားထက်သန်စွာ စောင့်မျှော် နေကြ၏။ ဆရာလှိုင်မှာ ဘယ်တိုင်ထူ၍ ဘယ်ကိန်းဆင်ကာ တွက်ချက် နေသည်မသိ။ အတန်ကြာအောင် ဟိုခြစ် သည်ခြစ်နှင့် တွက်နေပြီးနောက်မှ ကိုဒေါင်းစိန် တို့ မောင်နှံအား မော်ကြည့်လိုက်ကာ - ' ကလေး နှစ်ယောက် က ဇာတာ အတော်ညံ့နေတယ်ကွ၊ နောက်ပြီး မိရိုးဖလာ နတ်ကလည်း အနှောင့်အယှက် ပေးနေတယ် လို့ အဆိုရှိတယ်၊ မင်းတို့ မိရိုးဖလာ နတ်ကို ပသ ပြီးကြပြီလား'

ကိုဒေါင်းစိန်နှင့် မယ်စိန်တို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် လှမ်းကြည့်မိကြ၏။ သူတို့ နှစ်ဦး၏ ရင်ထဲမှာတော့ တဒိတ်ဒိတ် ခုန်နေကြ၏။ မယ်စိန်ဘက်က မိရိုးဖလာနတ်မှာ ပဲခူးနတ် (၀ါ) နံကရိုင်း မယ်တော်ကြီး ခေါ် ကျွဲနက်ဖြစ်၍ အိမ်ထောင်ကျသည်နှင့် တစ်ပြိုင်နက် နတ်ကနားဆေက်လုပ်ကာ နတ်ပွဲ ကျင်းပပြီး နတ်ကို အပ်နှံသော အခမ်းအနားပြုလုပ်ရသည်။ မိဘပေးစားရုံဖြင့် လင်မယားအရာ မမြောက်ဘဲ နတ်ပေးစား မှ လင်မယားအရာမြောက်သည်ဟု အယူရှိကြသည်။

ဤသို့ နတ်ပွဲကျင်းပပြီး နတ်ကို အပ်နှံသော အခမ်းအနားမပြုလုပ်ဘဲ နေမိလျှင် နောင် ကလေးရရှိသည့်အခါ ကလေးများ ကို နတ်ဖမ်းစားတတ်သည်ဟု အယူသီးထားကြသည်။ ကိုဒေါင်းစိန်တို့ မောင်နှံမှာ အိမ်ထောင် ကျပြီး၍ မရှိခဲ့သေးသဖြင့် နတ်ပွဲကျင်းပပြီး နတ်ကို အပ်နှံသော အခမ်းအနားမပြုလုပ်ရသေး။ အခမ်းအနား ပြုလုပ်ရာ တွင် နတ်ကနား ဆောက်လုပ်ကာ '၃၇' မင်းချီ၍ က ရသည်ဖြစ်ရာ ငွေကြေး အကုန်အကျ များလှသည်။ တစ်ဦးချင်း မတတ်နိုင်၍ စုပေါင်းပြီး ကရသည်။ လက်ထဲမှာ ငွေအသင့်အတင်ရှိထားပေမဲ့ အဖော် မရရှိသေးက မကနိုင်ဘဲ ဆိုင်းထားရပြန်သည်။ ရှေးတုန်းကမူ ကျွဲအရှင်ကို လည်ပင်းဖြတ်၍ ယဇ်နတ် ပူဇော်ပြီး က ကြရသည်။

ယခုတော့ ငွေကြေး ရှားပါးသည့်အခါဖြစ်၍ ကျွဲအစား ငါးရဲ့ကို ကျွဲအမှတ်ဖြင့် လည်ပင်း ဖြတ်ကာ ယဇ်နတ် ပူဇော်ပြီး က ကြရသည်။
ဟော ယခု ဆရာလှိုင်က သူတို့ ရင်သွေးကလေး နှစ်ဦးကို မိရိုးဖလာ နတ်ဖမ်းစားသည်ဟု ဟောနေ သည်။ ဟုတ်ပေလိမ့်မည်၊ ပဲခူးနတ်မှာ အလွန်ဆိုးသည်ဟု နာမည်ကြီးနေသည် မဟုတ်လား။ သူ့ကို အပ်နှံခြင်း မပြုဘဲ မေ့လျော့နေပါက အခါသင့်၍ အခွင့်သာသည့်အခါ၌ သည်လိုပဲ ဖမ်းစားတတ် သည်ဟု ကျော်ကြားနေခြင်းမဟုတ်လား။ သူတို့နှစ်ဦးသည် အတန်ကြာအောင်ပင် ငိုင်နေမိကြ ပြီးနောက်မှ မိရိုး ဖလာနတ် ကို အပ်နှံသော အခမ်းအနား မပြုလုပ်ရသေးကြောင်း ပြန်ကြားလိုက်၏။

"အေး အဲဒါကြောင့် နင်တို့ ကလေးနှစ်ဦးကို နင်တို့ မိရိုးဖလာနတ်က ဖမ်းစားထားတာဟ၊ အဲဒါ မြန်မြန်ကြီး နတ် က လိုက်ကြ။ နောက်ပြီး ကလေးနှစ်ဦးရဲ့ ဇာတာကလည်း ညံ့နေတယ်၊ အဲဒီ အတွက် ယတြာဆင်ရမှာကတော့ အုန်းလက်ကို လူနာ၏ ကိုယ်ရပ်သဏ္ဍာန်နဲ့ တိုင်းထွာ ဖြတ်ပိုင်း ပြီး ထိပ်ဖျားမှာ လူနာရဲ့ ဆံပင်၊ အလယ်မှာ လူနာရဲ့ လက်သည်း၊ ခြေရင်းတွင် လူနာရဲ့ ခြေသည်း များကို အ၀တ်ထုပ်ကလေး တစ်ထုပ်စီနဲ့ ချည်ထားရမယ်၊ လူနာဝတ်တဲ့ အ၀တ်ဟောင်း တစ်ထည် နဲ့လည်း အုန်းလက် ကို ပတ်ချည်ထားရမယ်။

ဆန်ကို အ၀တ်နဲ့ သုံးထုပ် ထုပ်ပြီး အုန်းလက်ထိပ်ဖျား မှာ တစ်ထုပ်၊ အလယ်မှာ တစ်ထုပ်၊ ခြေရင်းမှာ တစ်ထုပ် ပူးတွဲချည်နှောင်ပြီး လူမမာနဲ့ တစ်ည သိပ်ရမယ်။ နံနက်မိုးသောက်အလင်းသို့ ရောက်တဲ့အခါမှာ အုန်းလက်ထိပ်ဖျားက ဆန်ထုပ်ကို ဆွမ်းချက်ပြီး ဘုရားဆွမ်းတောင်တင်၊ အလယ်က ဆန်ထုပ်ကိုလည်း ဆွမ်းချက်ပြီး သံဃာတော်များ ကို ဆွမ်းလောင်း၊ ခြေရင်းက ဆန်ထုပ်ကိုတော့ ကျီး၊ ငှက်၊ ကြက်များအား လူမမာ၏ ဒါနဟု ဆိုကာ စွန့်ကြဲကျွေးမွေးပြီး သကာလ အုန်းလက်ကို ရေဆိပ်သို့ ဆောင်ယူ၊ "လူမမာ၏ဒဏ်နှင့် ခံပေတော့" ဆိုပြီး အုန်းလက်ကို ရေမှာမျှော၊ ပြန်တက်လာလို့ အိမ်ပေါ်ရောက်တာနဲ့ တစ်ပြိုင်နက် လူမမာ ကလေးနှစ်ဦးကို ရည်စူးပြီး "မောင်သက်ရှည် ... မောင်သက်ရှည် ... မောင်သက်ရှည်" လို့ သုံးကြိမ် ခေါ်၊ ငါ ပြောတာတွေကို မှတ်မိကြရဲ့လားဟေ့"
ကိုဒေါင်းစိန်တို့က မှတ်မိပါသည်ဟု ပြောကြားလိုက်ရာ ဆရာလှိုင်သည် သူ့တာဝန် ပြီးဆုံးပြီ ဟူသော သဘောဖြင့် မျက်မှန်ကိုချွတ်၍  လုံချည်နှင့် ပွတ်တိုက်ပြီး အင်္ကျီအိတ်အတွင်းသို့ တရို တသေ ထည့်သွင်းထားလိုက်၏။ နောက်မျက်လုံးအိမ် နှစ်ဖက်ကို လက်ဖနောင့်နှင့် တစ်လှည့်စီ ပွတ်တိုက်ရင်း

"အေး ငါပြောတဲ့အတိုင်း လုပ်ကြပေါ့ကွာ။ သူနာကို ကုတဲ့အခါမှာ ဓာတ်တဲ့၊ နက္ခတ်တဲ့၊ ဗိန္ဓောတဲ့၊ ဟူးရားတဲ့၊ ကုနည်းလေးမျိုး ရှိတယ်။ ဓာတ်နက္ခတ် ဗိန္ဓောတို့ဖြင့် ကုသခြင်းကို သမားကုလို့ ခေါ်တယ်။ အဲဒီသမားကုနဲ့ ကုလို့မရတဲ့ ရောဂါများကို နောက်ဆုံးသော ကုသခြင်းအဖြစ် ဟူးရား အတတ်နဲ့ ကုသခြင်းကိုတော့ ဘုရားကုလို့ ခေါ်တယ်။ ဘာပြုလို့လဲဆိုတော့ ကုသိုလ်ကံအကျိုး ဆက် ပြတ်သည်ဟူသော အမှတ်ဖြင့် ကုသိုလ်အသစ် ထပ်ဖြည့် ဆက်လက်ပေးခြင်းမျှ ဖြစ်တဲ့ အတွက် ဖြစ်တယ်။

ခုကာလ လူငယ်တွေကတော့ ဗေဒင်ဆိုတာ မယုံထိုက်ဘူး။ ဗေဒသဒ္ဒါ အပြား ဟောတာပဲ၊ ဘာညာနဲ့ ရမ်းသမ်းပြီး ပြောနေကြတယ်။ အပြားဟောတဲ့ ဘေဒက ဗထချိုက်နဲ့ ဗေဒ မဟုတ်ဘူးကွ၊ ဘကုန်းနဲ့ ဘေဒမှာ အပြားဟောတာ။ အဲဒီ ဗေဒင်ဆိုတဲ့ စကားဟာ ဝေဒဆိုတဲ့ ပါဠိ ဘာသာက လာတာကွ၊ ဝေဒကို ဝေဒင်ပြုပြီး ဝေဒင်ကိုပဲ ဗေဒင်လို့ ခေါ်တယ်။ ဝေဒသဒ္ဒါက သိခြင်း ကို ဟောတယ်၊ ရှေ့ဖြစ်နောက်ဖြစ် အကုန် သိနိုင်တာပေါ့"

စကားအဆုံးတွင် ဆရာလှိုင်သည် တလောကလုံး  သူ မသိတာ ဘာမှ မရှိ။ အားလုံးကို အကြွင်းမဲ့ သိမြင်သည်ဟု ဖော်ပြသော မျက်နှာနေ မျက်နှာထားဖြင့် ကိုဒေါင်းစိန်နှင့် မယ်စိန်တို့အား တစ်လှည့် စီ ကြည့်ရှုနေ၏။ နောက် ဆက်လက်၍လည်း လူငယ်ကလေးများသည် ခေတ်ပေါ် ၀တ္ထုစာအုပ်များ ဖတ်ပြီး ပျက်စီးခြင်းမလှ ပျက်စီးနေကြောင်း၊ ဖေတော့ မောင်တော့ ၀တ္ထုကလေးများ ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု အထင်ကြီးကာ ဗေဒင် မယုံဘူးလလေ။ နတ် မယုံဘူးလေနှင့် အယူသီးနေကြောင်း စသဖြင့် ရှည်လျားစွာ ပြောဆိုနေ၏။

နောက်ဆုံး ဆရာလှိုင် ဆက်မပြောနိုင်ဘဲ မောသွား၍ စကားရပ်နားလိုက်သည့်အခါတွင်မှ ကိုဒေါင်းစိန် တို့သည် ဆေးပြင်းလိပ်တစ်ထုပ်ကို ဆရာလှိုင်အား ကန်တော့လိုက်ကြ၏။ ဆရာလှိုင် လည်း ဆေးပြင်းလိပ်ထုပ် ကို လက်ခံပြီး နောက် ဆုမွန်ကောင်းများ ပေးကာ ပြန်သွားတော့၏။

ကိုဒေါင်းစိန် ဆရာလှိုင်အား ကန်တော့လိုက်ကြ၏။ ဆရာလှိုင်လည်း ဆေးပြင်းလိပ်ထုပ်ကို လက်ခံ ပြီး နောက် ဆုမွန်ကောင်းများ ပေးကာ ပြန်သွားတော့၏။
ကိုဒေါင်းစိန်သည် ဆရာလှိုင် ပြောကြားသွားသော ယတြာဆင်နည်းအတိုင်း အားလုံး ပြုလုပ်ပါ၏။ သို့သော် နောက်တစ်နေ့ မိုးလင်း၍ အုန်းလက်မှ ဆန်ထုပ်ကလေးများကို ဆွမ်းချက်ပြီး ဆွမ်းတော် တင်၊ သံဃာတော်များ ဆွမ်းလောင်း၊ ကြက်ငှက်များကို စွန်ကြဲ ကျွေးမွေးပြီး၍ အုန်းလက်ကို ရေမှာ မျှောပြီးသည့်တိုင်အောင် လူမမာ ကလေးနှစ်ဦးမှာ နောက်ဆုံးနေ့ဖြစ်ကြောင်း ခန့်မှန်းနိုင်လေပြီ။

ကိုဒေါင်းစိန်သည် စိတ်မချမ်းမြေ့စွာဖြင့် ကလေးငယ်နှစ်ဦးအား ငေးစိုက်၍ ကြည့်နေ၏၊ ကလေး နှစ်ယောက်အနက် ၈နှစ်အရွယ် ကလေးအကြီးမှာ အမောဖောက်၍ မျက်ဖြူဆိုက်နေလေပြီ။ ၆နှစ် အရွယ် ကလေးငယ် ကတော့ အကြီးနှင့် ရှေ့ဆင့်နောက်ဆင့်ပင် ဖြစ်လိမ့်မည် ဆိုတာတော့ သေချာ နေပါ၏။ တစ်ကိုယ်လုံး လှုပ်ရှားကခြင်း မပြုနိုင်ဘဲ မျက်လုံးကလေး ကလယ်ကလယ်ဖြင့်သာ ဘေး လူများကို လိုက်ကြည့်နေ၏။ ကိုဒေါင်းစိန်၏ ရင်ထဲ၌ကား ဆို့သွားတော့၏။ အဖြစ်ဆိုးလေခြင်း သားတို့ရယ်၊ ဆရာကောင်း သမားကောင်းမှ ခေါ်မကုနိုင်ပါကလား။

သူ့မျက်လုံးများ၌ မျက်ရည်များ ၀ိုင်းလာရာ သူ့မျက်စိအောက်မှ ကလေးများမှာ မှုန်ဝါးဝါး ဖြစ်သွား ၏။ သူသည် မျက်လုံးကို မှိတ်ပစ်လိုက်၍ ၀ိုင်းနေသော မျက်ရည်များကို ထုတ်ပစ်လိုက်ကာ မယ်စိန် ကို လှမ်းကြည့်လိုက်၏။ မယ်စိန်ကတော့ ကလေး၏ ဘေးတွင် ထိုင်ကာ တရှုပ်ရှုပ်ဖြင့် ငိုကြွေးနေ လေပြီ။ ငိုခြင်းမှ တစ်ပါး အားကိုးဖွယ် မရှိ။

သတင်းမေး ရောက်လာကြသော အိမ်နီးနားချင်းများကား ကိုဒေါင်းစိန်၏ အိမ်ထဲ၌ ပြည့်လျှံနေ၏။ သူတို့ နားလည် သဘောပေါက်သော ဆေးမြီးတိုကလေးများကို တစ်ယောက်တစ်ပေါက်ဖြင့် ပြောပြ ၏။ သို့သော် ရောဂါကျွမ်း နေပြီဖြစ်၍ သေမင်းကိုသာ ငံ့မျှော်နေကြောင်း သိရသည့်အခါ၌ အားလုံး ပင် တိတ်ဆိတ် နေကြ၏။

အားလုံး တိတ်ဆိတ်လျက် ရှိကြစဉ်မှာပင် သတင်းမေး ပရိသတ်ထဲမှ အသက် ၄၀ကျော်ခန့်ရှိ ဒေါ်ကလီစာ သည် တ၀ါးဝါး သမ်းလိုက်ပြီးနောက် ကိုယ်ကို ယိမ်းထိုးကာ ထ၍ ခုန်ပေါက်တော့၏။ သူမကား နတ်ပွဲတိုင်း၌ ပါလေ့ရှိသော နတ်ဝင်သည် အဒေါ်ကြီးတစ်ဦးဖြစ်၍ အားလုံးကပင် နတ်ဝင် နေကြောင်း ခန့်မှန်း ချင့်တွက် မိကာ "အရှင်ကြီး ဘယ်သူ ဖြစ်ပါသလဲ၊ ဘာ အလိုရှိပါသလဲ" ဟု ၀ိုင်း မေးကြ၏။
"ငါ နံကရိုင်းမယ်တော်ဟဲ့၊ နင်တို့ ငါ့အကြောင်း သိပြီလား၊ ကလေးလေးယောက် ရတဲ့အထိ နင်တို့ ငါ့ကို သတိမေ့နေတယ် မဟုတ်လား၊ ခုတော့ ဘယ့်နှယ်ရှိစ၊ နင်တို့ ဘာတတ်နိုင်သေးသလဲ"
နံကရိုင်းမယ်တော် ၀င်နေသည်ဟု အဆိုရှိသော ဒေါ်ကလီစာက ကိုဒေါင်းစိန်တို့ မောင်နှံအား ဖိကြမ်း တော့၏။ အားလုံးက ၀ိုင်း၍ သတိမေ့နေလို့ မဟုတ်ပါ။

ဆင်းရဲသည့်အတွက် နတ်ပွဲကျင်းပ ပြီး ပူဇော်ပသခြင်း မပြုနိုင်ကြောင်း၊ မကြာမီ နတ်ပွဲကျင်းပ၍ နတ်ကပါမည်ဟု ၀ိုင်းဝန်းတောင်းပန် ကြ၏။ "အေး၊ သိပ်မကြာစေနဲ့နော်၊ ရိုးရာအတိုင်းမှ မလုပ်ရင် ကျန်တဲ့ကလေးနှစ်ဦးရော၊ နင်တို့ လင်မယားနှစ်ယောက်ပါ အကုန်လုံး ဖမ်းစား သတ်ဖြတ်ပစ်လိုက်မယ်"ဟု ဆက်ကြိမ်းနေရာ မယ်စိန်က ၀င်၍ "စိတ်ချပါ မယ်တော်ကြီး၊ နတ်ကဖြစ်အောင် က ပါ့မယ်"ဟု ကတိ ပေးလိုက် မှ တ၀ါးဝါးသမ်း၍ ထွက်သွားတော့၏။

ကိုဒေါင်းစိန်ကား ငြိမ်သက်စွာပင် စဉ်းစားနေ၏။ ယခုအတိုင်းဆိုရင်တော့ ဆရာလှိုင် ဟောသွား တာ တစ်သဝေ မတိတမ်း မှန်နေပေပြီ။ ဆရာလှိုင်က မိရိုးဖလာနတ်က အနှောင့်အယှက် ပေးနေ သည်ဟု ဟောသွား၏။ ဟော ယခုပဲ ဒေါ်ကလီစာကို နံကရိုင်းမယ်တော် ၀င်ပူးကာ သူ ဖမ်းစားထား ခြင်းဖြစ်ကြောင်း အတိ အလင်း ကြေညာသွားပြီ မဟုတ်လား။ "သြော် ... ဆိုးလှတဲ့ ကံရယ်၊ နတ်က လည်း အကြောင်းမဲ့ မုန်းတီးပြီး ရန်ရှာတယ်၊ အင်စပက်တော်ကလည်း အလကားနေရင်း ရန်ညှိုး ထားတယ်။ အပြစ်ကင်းမဲ့တဲ့ ငါတို့ တစ်တွေကိုကွယ် ... မုန်းရက်လေအားတယ်"

ကိုဒေါင်းစိန်သည် အော်ဟစ်၍သာ ငိုချင်း ချလိုက်ချင်တော့၏။ သို့သော် ဘေးပရိသတ်ကို ရှက်နေ ၍ သူသည် အောင့်အည်း ချုပ်တည်းထားရှာ၏။ မယ်စိန်ကတော့ တရှုပ်ရှုပ်ဖြင့် ငိုကြွေးနေ၏။ မယ်စိန် ငိုတာကို မြင်လိုက်ရတော့ သူလည်း ငိုချင်လာပါ၏။ သူသည် လူကွယ်ရာ ရေဆိပ်သို့ သွား ကာ ချုံးပွဲချ၍ ငိုတော့၏။ အားရအောင် ငိုပြီးသောအခါ ဣနြေ္ဒပြန်ဆည်၍ အိမ်ပေါ်သို့ ပြန်တက် လာရာ သူ့သားအကြီး ဆုံးနေရှာပြီကို တွေ့မြင် ရပြန်၏။ မယ်စိန်က မသေဘဲ ကျန်ရှိနေသေးသော သားငယ် လန့်သွားမည်စိုး၍ အော်ကျယ် ဟစ်ကျယ် မငိုဝံ့ရှာဘဲ ကျိတ်၍ ရှိုက်နေ၏။ ဒီလုံးကား အိမ်ရှေ့သို့ ထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေ၏။ ကိုဒေါင်းစိန် ကကော ဘာလုပ်ရပါမလဲ။

သူသည် မယ်စိန်တို့နှင့်အတူ ရော၍ ငိုလိုက်ရတော့ မလိုလို၊ သေဆုံးနေသော သူ့အနားသို့ သွား ထိုင်ရတော့မလိုလိုနှင့် ကြောင်တောင်တောင် ဖြစ်နေရှာသည်။ သို့သော် ဦးဖောင်၊ ဦးကုလား၊ ဦးဘိုးဂေါင်တို့ ရောက်လာကြသည့်အခါ၌ကား ဖျာတစ်ချပ် ခင်းပေး၍ နေရာချထားလိုက်ပြီးနောက် သူလည်း ဦးကုလားတို့အနီး၌ ၀င်ထိုင်နေ၏။

ဦးဖောင်၊ ဦးကုလား၊ ဦးဘိုးဂေါင်တို့ကား သင်္ဂြိုဟ် ၀ီထိမုတ်ပိုင်း၌ ပါသော မရဏုပ္ပတ္တိအဖွင့်ကို ဆွေးနွေး ငြင်းခုံ နေကြ၏။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ မရဏတရား၏ လျင်မြန်ပုံ ဆွေးနွေးရင်း တရားသံဝေ ယူနေကြ၏။ ကိုဒေါင်းစိန်အားလည်း မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးပင် သေခြင်းတရားကို မလွန်ဆန်နိုင်ကြောင်း၊ သေမျိုးတွေဖြစ်၍ သေနေ့စေ့ လျှင် သေကြရမည်သာ ဖြစ်ကြောင်း၊ သို့အတွက် ပူဆွေးသောက  ဗျာပါဒများကို တရားသဘောနှင့် ဖြေဖျောက်သင့်ကြောင်း စသဖြင့် တရားချနေကြ၏။

ညနေ ၃နာရီခန့်တွင် ဘုန်းကြီးကျောင်းမှ စည်ကြီး သုံးချက်တီးပြီး၍ မရှေးမနှောင်းမှာပင် "အို ... လူလေးရဲ့"ဟု အသံကုန် အော်ဟစ်ငိုကြွေးလိုက်သော မယ်စိန်၏အသံ ထွက်ပေါ်လာရာ ကိုဒေါင်းစိန်သည် သူ့သားငယ် ဆုံးရှာပြီးဖြစ်ကြောင်း သိလိုက်ရတော့၏။

"ဆေးကောင်း ၀ါးကောင်း၊ သမားကောင်းတွေနဲ့ စိတ်ကျေနပ်တောင် မကုလိုက်ရဘူးတော့။ အို ... အကြောင်းကံ ဆိုးလှချည်လား သားတို့ရဲ့"
တစ်အိမ်လုံးတွင် ဖွဲ့ဖွဲ့နွဲ့နွဲ့နှင့် ပြောဆိုငိုကြွေးနေသော မယ်စိန်၏ ငိုသံမှ တစ်ပါး လုံးဝ တိတ်ဆိတ် လျက် ရှိကြ၏။ တစ်ချက်တစ်ချက်တွင် ဦးဖောင်နှင့် ဦးကုလားတို့က တရားသဘောဖြင့် ဖျောင်းဖျ နှစ်သိမ့် နေကြ၏။ သို့သော် မယ်စိန်၏ ပရိဒေ၀ မီးတောက်အား ဦးဖောင်နှင့် ဦးကုလားတို့၏ တရား ဓမ္မသည် ငြိမ်းသတ်ရန် မတတ်စွမ်းပါ။

"နံကရိုင်းမယ်တော်ရယ်၊ နုနုနယ်နယ်နဲ့ ကျွန်မ သားငယ်ကလေးတွေကို ဖမ်းစား သတ်ဖြတ်ပစ်မယ့် အစား ဒီကံဆိုးမကိုသာ ဖမ်းစား သတ်ဖြတ်ပစ်လိုက်ပါလား နံကရိုင်းမယ်တော်ရဲ့"
ဦးကုလားက သူ့ကံနှင့် သူ စီမံလာသည်ဖြစ်၍ ကိုယ်တိုင်က ကြားထဲက တန်ဆာဝင်ခံချင်သော် လည်း မဖြစ်နိုင်ကြောင်း အကိုးအကားနှင့် ရှင်းပြ၍ တရားပြနေ၏ မယ်စိန်၏ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆို ငိုကြွေးနေသော အသံကြောင့် ကိုဒေါင်းစိန်လည်း ရင်ထဲမှ တလှပ်လှပ်ဖြစ်လာကာ သူ့မျက်လုံး အိမ်၌လည်း မျက်ရည်များ ၀ိုင်းလာကြ၏။

နောက်ဆုံးတွင် ပူဆွေး ၀မ်းနည်းနေရုံဖြင့် ကိစ္စပြီးမည် မဟုတ်၍ ကိုဒေါင်းစိန်သည် လေးလံ ထိုင်းမှိုင်းစွာ ထကာ ရေအိုးတစ်လုံးဖြင့် ရေဆိပ်သို့ ဆင်းခဲ့၏။ ကိုလူမောင်ကား ကလေးအသုဘ ရုပ်လောင်းနှစ်ခုကို ပြင်ဆင်ထားရန်အတွက် မျှင်ဝါးဖြင့် မြင်းပေါင်းနှစ်ခု ပြုလုပ်နေ၏။ မြို့များရှိ လူချမ်းသာများ သေဆုံးသည့်အခါ၌ အသုဘ ရုပ်အလောင်းတင်၍ ပြင်ဆင်ထား၏။ စောစောက ရုပ်အလောင်းအား ရေချိုးပေးရာ၌ အသုံးပြုသော ရေလုံအိုးကိုမူ ရုပ်အလောင်း၏ ခြေရင်း၌ မှောက် ထားသည်။

နောက် ကိုဒေါင်းစိန်သည် ငွေမတ်စေ့နှစ်စေ့ကို ရှာယူလာကာ ကူးတို့ခအဖြစ် ကလေးရုပ်အလောင်း နှစ်လောင်း၏ ပါးစပ်တွင်းသို့ တစ်စေ့စီ လိုက်ထည့်၏။ ကြည်ရှည် ဆိုင်းငံ့ထားခြင်း မပြုဘဲ ချက်ချင်း ချပစ်ရန် ဆုံးဖြတ်ထားသည်ဖြစ်၍ သရဏဂုံတင်ရန် ကန်တော့ပွဲကိုပါ တစ်ဆက်တည်း ပြင်ဆင်နေ ၏။ ကန်တော့ပွဲအတွက် ရှာယူလာသော ယွန်းအုပ်နီနီထဲသို့ ငှက်ပျောဖီး၊ ဆန်၊ ဆေး၊ ကွမ်းသီး စသော ပစ္စည်းစုကလေးများ ထည့်သွင်းပြီး အသုဘ၏ ခေါင်းရင်းတွင် ချထားလိုက်၏။

ကိုလူမောင်သည် သရဏဂုံတင်ရန် ဦးပဉ္ဇင်းတစ်ပါးကို ပင့်လာပြီးနောက် ငါးပါးသီလကို ခံယူကြကာ ရေစက်ချ၍ အမျှဝေပြီးသေအခါတွင် မယ်စိန်သည် ပြင်းစွာသော ပရိဒေ၀ဖြင့် လူးလှိမ့်၍ ငိုပြန်၏။ နောက်သေသော မသာကို အလျင်ချရမည်ဟူသော ထုံးထမ်းစဉ်လာအရ လူငယ်နှစ်ဦးသည် နောက်သေသော ကိုဒေါင်းစိန်၏ ရင်သွေးငယ် ရုပ်အလောင်း ပြင်ဆင်ထားသော မြင်းပေါင်ကို မ၍ အိမ်ပြင်သို့ ယူထုတ်လာ၏။ အိမ်တံစက်မြိတ် လွန်သည်နှင့် တစ်ပြိုင်နက် ကိုဒေါင်းစိန်သည် စောစောက အသုဘ ရုပ်အလောင်းများအား ရေချိုးပေးသော ရေလုံအိုးကိုယူ၍ အိမ်အောက်သို့ ပစ်ခွဲချလိုက်၏။

လူသေများကို မြှုပ်နှံသော သုဿာန်မှာ ချောင်း ဟိုမှာဘက်ကမ်းတွင် တည်ရှိသဖြင့် အလောင်းကို ရေဆိပ်သို့ ယူဆောင်ကာ လှေပေါ်သို့ တင်၏။ ကိုလူမောင်နှင့် အခြားလူငယ်တစ်ယောက်မှာ "တေဇ"အမည်ရှိသော သုသာန်စောင့် သရဲထံ၌ အလောင်းနှစ်လောင်း မြှုပ်နှံရန်အတွက် မြေနှစ် နေရာကို ကွမ်းနှစ်ယာ  ပေး၍ ၀ယ်ယူပြီး တွင်းတူးထားရန်နှင့် စောစောကပင် တစ်ဖက်ကမ်းရှိ    သင်္ချိုင်းကုန်းသို့ ကူးသွားပြီး ဖြစ်၏။

ကိုဒေါင်းစိန်နှင့် လူငယ်များသည် ရုပ်အလောင်းကို လှေပေါ်၌ နေရာချထားပြီးနောက် လှော်ထွက် လာရာ မယ်စိန်သည် ကမ်းနဖူးမှ ထိုင်၍ အောင်ဟစ်တမ်းတ ငိုယိုရင်း ကျန်ရစ်ရှာ၏။ ကိုဒေါင်းစိန် တို့ လှေသည် တွင်းတူးပြီး၍ အသင့် ထိုင်စောင့်နေသော ကိုလူမောင်တို့ရှိရာ သင်္ချိုင်းကုန်း ကမ်းစပ်သို့ ရောက်ခါနီးတွင် ကိုလူမောင်က မြေကြီးခဲနှင့် လှမ်းပေါက်၍ "နောက် လာဦးမလား" ဟု မေး၏။ လှေပေါ်မှာ ကိုဒေါင်းစိန်ကလည်း "ဒီတစ်ယောက်တည်းပါ၊ နောက်မလာပါ" ဟု ပြန်ဖြေရ ၏။ ဤသို့ သုံးကြိမ်မေး၍ သုံးကြိမ်ဖြေပြီးမှ လှေကို ကမ်းစပ်သို့ ကပ်သည်။

ရုပ်အလောင်းကို တွင်းဝသို့ ဆောင်ယူပြီးနောက် ခြေမကြိုး၊ လက်မကြိုးများကို ဖြုတ်ကာ တွင်းထဲ သို့ အသာအယာ ချ၏။ နောက် မြေကြီးများဖြင့် ဖို့စပြုရာတွင် ကိုဒေါင်းစိန်သည် မြေကြီးအောက်၌ သူ့သားကလေး မွန်နေရှာမည်ကို စိုးရိမ်၍ ခပ်ကျစ်ကျစ် ခပ်သိပ်သိပ် မဖို့ဘဲ ခပ်ဖွဖွဖို့ရန် ကိုလူမောင်တို့အား တောင်းပန်နေ၏။ နေရာတကာ၌ ပျော်တတ် နောက်တတ်သော ကိုလူမောင် ပင်လျှင် ကိုဒေါင်းစိန်၏အဖြစ်ကို ကရုဏာဖြစ်သွားဟန်ဖြင့် အတန်ကြာ ငေးစိုက်ကြည့်ရှုနေပြီး နောက် "သေပြီးတဲ့နောက်တော့ ဘယ်လိုပဲဖို့ဖို့ မထူးပါဘူးကွာ" ဟု စိတ်မကောင်းသံကြီးဖြင့် ဖျောင်းဖျလိုက်ရှာ၏။
မိုးဦး မိုးလယ်ကို ဖြတ်သန်းလာပြီးနောက် မိုးနှာင်းကာလကို ချဉ်းနင်းဝင်ရောက်ခဲ့ရာမှ ယခုတော့မူ တန်းဆောင်မုန်းလသို့တိုင် ရောက်ခဲ့လေပြီ။ ကိုဒေါင်းစိန်သည် သူ့အိမ်နှင့် မနီးမဝေးတွင် ဆောက် လုပ်ထားသော နတ်ကနားကို ကြည့်ရှုရင်း သူ့ဘ၀ ခရီးစဉ်ကို ပြန်လှန်သုံးသပ် ကြည့်ရှုနေ၏။ မိုးဦးတုန်းက သူသည် ငါးရစ်မှ ရလိုက်သော ငွေကလေးနှင့် အိမ်သစ်ကလေးကို ဆောင်လုပ်နိုင်ခဲ့ ၏ အ၀တ်အစားနှင့် စောင်၊ ခြင်ထောင်များကိုလည်း ၀ယ်နိုင်စွမ်းခဲ့၏။ ၀ါဆိုပုသ်ကိုလည်း ဆောင် တည်ခဲ့ရ၏။

    သို့သော် မိုးလယ်တွင်မူကား ထန်ပြင်းလှသော မုန်တိုင်းအကြားဝတ်ဝမ်းပန်တနည်း ငိုရှိုက် ရင်း နွမ်းရိပန်းလျစွာ ဖြတ်ကျော်လာခဲ့ရ၏။ အင်စပက်တော်က ပိုက်ကိုသိမ်းပြီး ရုံးတင် တင်ရားစွဲဆို ခြင်းကို ခံခဲ့ရ၏။ သူ့ရင်းသွေးကလေးနှစ်ဦး ၀မ်းရောဂါဖြစ်ခဲ့၍၊ နောက်ဆုံး သူ့ရင်းသွေကလေးနှစ် ဦးမှာ သေဆုံးခဲ့ရပြန်၏။

    ယခု မိုးနှောင်းကာလသို့ ရောက်ခဲ့သည့် အခါ၌ကား သူသည် ခြေကုန်လကပန်းကျလျက် ရှိပေပြီ။ သူ့ဒုက္ခသည် ရပ်တန်းက  ရပ်မနေသေးဘဲ နတ်က လိုက်ရမည်ဆိုသောကြောင့် သူအ လွန်မြတ်နိုးလှသော သုံးမိုးခန့် ပိတ်ခြင်ထောင်ကြီးကို  ရောင်းပစ်လိုရပါပြီ။ သို့နှင့်လည်း မလုံ လောက်သေး၍ ငါးပေးဖြင့် ငွေထပ်ယူရပြန်ရာ ကြွေးပတ်လည်း ၀ိုင်းနေပါပြီ။ ယခုတော့ သူသည် ခြေကုန်လက်ပန်းကျနေပါပြီ။

    တကယ်ဆိုတော့ မိုးဦးမှသည် မိုးနှောင်းဆီိသို့ သူဖြတ်ကျော်လာခဲ့ရသော သူ့ဖြတ်ကျော် လာခဲ့ရသော ဘ၀ ခရီးစဉ်သည် တောင်တက်ခရီးစဉ်နှင့် အလားတူနေပါသေးတော့။ ဝေသီမြင့်မား သော တောင်ကို သူတတ်ခဲ့၏။ ပထမတော့ တောင်ထိပ်မှာ သာယာသော ရှုခင်းကို မျှော်မှန်းရင်း တက်လာရသည်ဖြစ်၍ ပင်ပန်းမှန်း မသိအောင်ပင် ပျော်ရွှင်ချမ်းမြေ့ခဲ့ပါ၏။  လမ်းခုလတ်သို့အ ရောက် မုန်တိုင်းက ပြင်းစွာတိုက်ခတ်လိုက်ရာ သူသည်သီခေါင်နက်စောက်လှသော ချောက်ကမ်း ပါးအောက်သို့ လွင့်စဉ်ကျလာခဲ့ရ၏။ ယခုတော့ မှောင်မည်းမည်း ချောက်ကမ်းပါးအောက်ဝယ် စမ်း တ၀ါးဝါးဖြင့် အားအင်ကုန်ခန်းလျက် ရှိနေပါပြီ။ အားကိုးရာလည်း ဘယ်မမြင်။

    သည်နှစ် အိမ်သစ်ဆောက်လှုပ်ရာ၌ သူသည် ပေါ့ပေါ့ဆဆ မလုပ်ဘဲမခိုက်အောင် လက် သမားဆရာကြီး ဦးအောင်ဒွန်းကို ပင့်ခေါ်၍ နေ့ကောင်းရက်မြက် ရွေးဆောက်ရုံမျှမက လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ အချက်အလက်များကိုလည်း လိုက်နာရှောင်ကြဉ်ခဲ့ပါ၏။ သို့ပါလျက် ဘာကြောင့် သူ့ရင်သွေးနှစ်ဦးဖျားနာ သေဆုံးခဲ့ရပြီး သူတို့၏ စီးပွားရေးများလည်း ဆုတ်ယုတ်ကုန်ခန်းခဲ့ရပါသ နည်း။ လက်တွေ့ ဟပ်မရအောင် ရှိနေသော ထုံးတမ်းစဉ်လာများကို ကိုဒေါင်းစိန်သည်  ပထမဆုံးအကြိမ်အဖြစ် သံသယရှိလာမိ၏။ လူငယ်ပြောတဲ့  ပဒေသရာဇ်ယဉ်ကျေးမှု လောင်းရိပ် ကြီးဆိုတာ ဒါတွေများလား။

    သူ့ဦးနှောက်အတွင်းဝယ် အလင်းရောင်သည် ၀င်းခနဲ လက်သွားသည်။ သို့သော်  အလင်းရောင်မှာ ကြည်လင်ပြတ်သားခြင်း မရှိဘဲ မှုန်ဝါးဝါးမျှသာ။ ပြီးတော့ မှောင်မည်းမည်းတွင် ထပြတ်လိုက်သော လျှပ်တပြတ်မျှသာ ကြာရှိ၍ နောက်တွင်တော့ မှောင်မြဲပဲ မှောင်လို့။ တကယ် ဆိုတော့ အလင်းရောင်းကို ကြည်လင်ပြတ်သားစွာနှင့် ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်ရန်မှာ ပညာခြေခံ လိုပါလိမ့်မည်။ ကိုဒေါင်းစိန်တို့လို ပညာအခြေခံ မရှိသူများအဖို့မူ အလင်းရောင်မှာ သည်လိုမှုန်ဝါး ၀ါးမျှသာ တောက်ပနိုင်၍ လျှပ်တပြတ်မျှသာ ကြာရှိပါလိမ်မည်။  မှန်သည်၊ သူတို့၏ဘ၀၌ အလင်း ရောင်ဟူသည်ကား မှောင်မည်းမည်းတွင် ထပြတ်လိုက်သော လျှပ်တပြတ်မျှသာဖြစ်၍ နောက်တွင် တော့ အမည်းနှင့် အမှောင်။ သုခ ဟူသည်မှာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့်ရေ ပွက်ပမာသာ ဖြစ်၍ နောက်တွင်တော့ ဒုက္ခနှင့် သောက ပရိဒေ၀။ ဤသည်ပင်လျှင် သူတို့၏ ဘ၀ သံသရာ။
---------------------------
ပြီးပါပြီ
.

3 comments:

Anonymous said...

မရွှေစင် တင်ပေးထားတဲ့ မြေပဒေသာ ဝတ္ထု ဖတ်ရတုန်းကနဲ့ ခံစားရတာ မတူဘူး။ မြေပဒေသာမှာလဲ ဆင်းရဲတာကို အသေးစိတ် ပေါ်အောင်ရေးတယ်။ ဒါပေမယ့် နိုင်ငံရေးတွေ အတင်းဆွဲမထည့်တော့ ဖတ်ရတာ ပိုရိုးရှင်းသလိုပဲ။

နတ်ပေးတာတို့၊ ဗေဒင်မေးတာတို့က သူတို့ မိရိုးဖလာ ယုံကြည်မှုတွေပါ။ အားမကိုးရင်တော့ အကောင်းဆုံးပေါ့။ ပဒေသရာဇ် အတွေးအခေါ်လို့ ပြောရအောင် ပဒေသရာဇ် မပေါ်ခင် ကျောက်ခေတ်ထဲက ဒါတွေ ရှိနေတာပဲ။

ဗုဒ္ဓဘာသာကိုပါ သရော်ချင်သလို ထည့်ရေးသွားတာတော့ မှားတယ်လို့ မြင်တယ်။ မသာမှာ လာပြီး ဘာသာရေးစကားတွေ ပြောနေတဲ့ လူကြီးတွေကို ရေးထားတာက ဗြောင် သရော်တော်တော် ရေးချင်တာကို အောင့်ထားရပုံပဲ။ မြန်မာပြည်လို နိုင်ငံမှာက ဗုဒ္ဓဘာသာကို သူတို့ကွန်မြူနစ်တွေ ဘယ်လောက်မုန်းမုန်း ဗြောင်ပုတ်ခတ်မိရင် ပြဿနာ ခဏခဏ တက်ရတာကိုး။ ဒီတော့ ဒီလို စောင်းပါးရိပ်ခြေ မထိခလုတ် ထိခလုတ်တော့ လုပ်ကြတာပဲ။

သူတို့ ဆင်းရဲတာ ကလေးတွေ ဆေးမကုနိုင်ဘဲ သေရတာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဘာသာရေးကို ကလော်တုတ်စရာတော့ မလိုဘူးထင်တယ်။ ကံ၊ ဥာဏ်၊ ဝီရိယ လို့ ဘုရားဟောထားတာပဲ။ သုံးခုလုံး အစွမ်းကုန်ဖြည့်ပြီး ဘဝကို ဆက်ရုန်းကန်ပေါ့။

ကျွန်တော်လဲ ရွှံ့ထဲဗွက်ထဲက လယ်သမားမျိုးပါပဲ။ ရွာကအမျိုးတွေ ဆင်းရဲတာ ခေတ်မကောင်းလို့ (ဘာသာရေးအရဆို ပယောဂ ဝိပတ္တိ) ဆိုတာ လက်ခံပါတယ်။ မွဲတာမှ ပြာနေတာပဲ။ ဒါပေမယ့် သူတို့လို ဘာသာမဲ့တော့ လုပ်ရဲဘူး။ မွဲကာမှ မွဲရော။

Anonymous said...

အမရေ... အလယ်ပိုင်းကိုဖတ်ပီးအရှေ့ပိုင်းနဲ့အနောက်ပိုင်းပါလိုက်ဖတ်ရလောက်အောင် ကောင်းလှပါပေတယ်။
စာကောင်းတွေမျှပေးလို့..ကျေးဇူးတင်ပါတယ်..အမ။

ဘ၀ဆိုတာ အတော်ကြောက်ဖို့ကောင်းတယ်နော်။ သနားစရာ။
ဟိုဆေးဆရာကြီးတွေပြောတာကြားပီး အတော် စိတ်လေသွားတယ်။

ကလေးးတွေ မသေသင့်ပဲသေတာထင်တယ်နော်.။
၇န်းကုဆေးဆရာကလဲနော်... လုပ်ချင်တယ်ဆိုလဲ ကောင်းကောင်းလေ့လာလိုက်စားတာမဟုတ်ဘူး။ သူ့ကြောင့် သူတပါး စိတ်ဆင်းရဲ ရတယ်။ ကိုယ်ချင်းမစာဘူးဆိုတာ အဲ့ဒီစိတ်ပဲ။
ဟူးးး

မြတ်နိုး

ဧပရယ်လ်ပူး@ပူးတေ said...

တပြိုင်နက်ထဲ ကလေးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ သောကကတော့ သေးမှာ မဟုတ်ဘူး... သနားပါတယ်နော်... ခုထိရော ဒီလိုလူတန်းစားတွေမှာ ဒါမျိုး ရမ်းကုတွေနဲ့ ကြုံနေရတုန်းပဲလားမသိဘူးနော်...
;(

ဖတ်ရတဲ့လူပါ သူတို့တွေနဲ့ အတူတူရောပြီး ခံစားသွားရတယ်....
;(