ဥမ္ပတ္တကချင်ခြင်း
ဦးဆွေ (ဒဿနိက)
(၁)ဦးဆွေ (ဒဿနိက)
"တောက်…ကွာ"
စက်ဘီးပေါ်က ဆင်းပြီး ဦးဘမောင် တောက်တစ်ချက် ခတ်တယ် ဘီးကို ငုံ့ကြည့်လိုက်တယ်။ သေချာတယ် "ဘောင်း"ဆိုတဲ့အသံကြားကတည်းက ထင်တော့ ထင်လိုက်ပြီးသား၊ ဘီးကပေါက်ရုံတင် မကဘူး။ ကျွတ်ရော၊ တာယာရောပါ ကွဲပြီလို့။ ကွဲလည်း ကွဲလောက်ရောပေါ့။ အသစ်မလဲနိုင်ဘဲ စီးနေတာ ကြာကြာ လှပေါ့ပဲ တာယာကလည်း ကင်းခြေများတွေ ကပ်နေသလား အောက်မေံရလောက်အောင် ဖြစ်နေခဲ့ တာလား။ ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်တော့ စက်ဘီးဆိုင်နဲ့ သိပ်မဝေးတော့ဘူး။ နေကလည်း ရုံးဆင်းချိန် ကျနေဆိုပေမယ့် တပေါင်းနေဆိုတော့ စက်ဘီးကို တွန်းလာခဲ့တယ်။
"ဘယ်နှယ့်လဲ၊ ဘီးပေါက်လာပြန်ပြီလား"
"ပေါက်ရုံတင် မကဘူးဟေ့၊ ကွဲကို ကွဲလာတာ"
"ခင်ဗျားဘီးက ဖာမနေပါတော့နဲ့ဗျာ၊ အသစ်လဲမှကို ကောင်းမှာပါ"
စက်ဘီးပြင်ဆိုင်က ကိုအေးက သူ့ကိုပြောတော့ ဦးဘမောင် မျက်လုံးပြူးကြည့်တယ်။ ပြောတတ် လိုက်တာ။ အသစ်လဲလိုက်တဲ့။ ဟင်း…လဲချင်တာပေါ့ကွ၊ သည်သောက်ဘိးစုတ်ကို အသစ် လဲချင် ရုံတင် ဘယ်ကမလဲ၊ ဆိုင်ကယ်အသစ်တစ်စီးကို ၀ယ်စီးပစ်ချင်တာလို့ ပြန်ပြောလိုက်ချင်နေတာ၊ ပါးစပ်ကို ယားနေ သော်လည်း ကိုယ်က လူကြီးပဲလေ ဆိုပြီး ဖူးခနဲ လေပူတစ်ချက်ကိုသာ မှုတ်ထုတ်လိုက်တယ်။
အင်းသည်နေ့အဖို့တော့ "ဖူး"ဘယ်နှစ်ခါ၊ "တောက်…ကွာ" ဘယ်နှခါရှိပြီမှန်းတောင် မမှတ်မိတော့။ မနက်ရုံး ကို ရောက်ပါပြီဆိုကတည်းက ဘာတစ်ခုမှ အဆင်မပြေ၊ ရုံးအုပ်ကြီးက အော်လားအော်ရဲ့၊ အရာရှိ က ငေါက်လားငေါက်ရဲ့။ ကိုယ့်အောက်က စာရေးမပေါက်စတွေက လည်း လုပ်လိုက်သမျှ တလွဲချည်း။ တာဝန်ယူဖြေရှင်းရတော့ကိုယ်။ မြန်မြန်ပင်စင်ယူပြီးမှပဲ သည်ဝဋ်က ကျွတ်မှာပဲလို့သာ ဖြေတွေး တွေး နေရတယ်။
"ကဲ…မောင်အေးရေ အေးအေးဆေးဆေးသာလုပ်၊ လုပ်ကြည့်လို့မရတော့လည်း အသစ်လဲတာပေါ့ကွာ။ ငါလမ်းလျှောက် ပြီးတော့ပဲ အိမ်ပြန်တော့မယ်။ တော်သေးတာပေါ့ကွ၊ မနက်ဖြန် စနေ၊ တနင်္ဂနွေ ရုံပိတ်ရက် မို့လို့"
ကိုအေးက တခြားဘီးတစ်စီး ကိုင်လက်စကနေ မော့ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ ဦးဘမောင် အိမ်ဘက် ခြေဦး လှည့်ခဲ့တယ်။ အိမ်ရောက်ရင် ရေမိုးချိုးပြီး လမ်းထိပ်က ဘုရားဘက်သွားပြီး ဘုရားဖူး၊ ပုတီးစိပ်ဦး မှပါလို့လည်း စဉ်းစားလိုက်မိတယ်။
ဦးဘမောင်တို့က အခတော့ လင်ကိုယ်မယားပဲ ကျန်တော့တာပါ။ သူက ရုံတစ်ရုံမှာ စာရေးကြီး၊ သူ့မိန်းမ မခင်မြ ကတော့ အိမ်မှာ အိမ်ဆိုင်ကလေးတည်ထားတယ်။ ဆင်းရဲသားရပ်ကွက်က ဆိုင်ဆိုတော့ အရင် ဟာပေး နောက်ဟာယူနဲ့ ဟိုဟာနည်းနည်း၊ သည်ဟာနည်းနည်း ပစ္စည်းလောက်သာ တင်နိုင်တဲ့ ဆိုင်လေးပါ။ ဘာပဲဖြစ်ဖြစ် လင်မယားအိုကြီး အိုမအတွက်တော့ အတော်အတန် အသက်ရှူချောင် လောက်တဲ့ ၀င်ငွေလေးတော့ ရှိတယ်ပေါ့လေ။ အင်းဒါပေမဲ့ ရပ်ကွက်ထဲမှာပဲ အိမ်ခွဲနေတဲ့ သားတစ်ယောက် ရှိတယ်။ သည်ကောင်းကလည်း အလုပ်အကိုင်က ကျပန်း၊ သားသမီးကလည်း များဆိုတော့ ဟိုဟာလေးလို မအေ့အိမ် ပြေးလာ လိုက်၊ တော်ကြာ ကလေးနေမကောင်းလို့ ဆိုလိုဆို၊ လာလာနှိပ်စက်တာတော့ ခံရ တတ်တယ်။ သည်ကောင်ကလည်း ခုထက်ထိ လက်ကြောက မတင်းချင်သေးဘူး။ "ဖူး"အိမ်အ၀င် ရောက်မှာပဲ အတွေးနဲ့တင် မွန်းကျပ်သလိုဖြစ်လာလို့ လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ်။
အိမ်အ၀င်ဝမှာ ဈေးဝယ်မယ့် ကလေးမလေးနှစ်ယောက်နဲ့ ဆုံတယ်။ ဆိုင်ပေါ်ကြည့်လိုက်တော့ မခင်မြ မရှိဘူး။ ဘယ်များသွားပါလိမ့်။ အိမ်မှာတော့ စကားသံလိုလို၊ ငိုသံလိုလို ဗလုံးဗထွေး ကြားသလိုလိုပဲ။
"ဘာယူမလဲဟေ့"
"ဟို…ဦးစာရေးကြီး…အမေက လက်ဖက်တစ်ထုပ်ရယ်၊ ပဲခြမ်းကြော်တစ်ထုပ်ရယ် ပေးလိုက်ပါတဲ့။ ညအဖေပြန်လာမှ ပေးမယ့်တဲ့"
ကလေးတွေကို ဦးဘမောင်သိပါတယ်။ သူတို့ရပ်ကွက်ထဲက ဆိုက်ကားသမား လှဝင်းရဲ့ ကလေးတွေပဲ။ ဆိုင်ပေါ် ချိတ်ထားတဲ့ အတွဲထုပ်တွေထဲက ဆွဲဖြုတ်ပေးလိုက်တယ်။ ဒါပေါ့ "လင်ပြန်ပေး"ဆိုတာ။ ဟုတ်တယ် သူတို့ ရပ်ကွက်ထဲမှာ လင်အလုပ်က အပြန် ရလာတဲ့ပိုက်ဆံနဲ့ မှရှင်းတဲ့ "လင်ပြန်ပေး"ဆိုတာရှိတယ်။
အိမ်ပေါ်ကို တစ်ချက် လှမ်းကြည့်ပြီး အော်လိုက်တယ်။
"မခင်မြ… ဟေမခင်မြ ဘာလုပ်နေတုံးဟ"
ပြောပြောဆိုဆို အိမ်ပေါ်တက်လိုက်တော့ တွေ့ပါပြီဗျား။ မခင်မြက စိတ်ရှုပ်လက်ရှုပ် မျက်နှာပေးနဲ့ ဆေးပေါ့လိပ်တိုကြီး ထောင်းလမောင်းထအောင် ဖွာလို့၊ ဘေးမှာက သမီးကြီးကလည်း မျက်ရည်စတွေနဲ့၊ တွတ်ထိုးနေတာ။ သူသိလိုက်ပြီ။ သည်အကြီးမနဲ့ ကလေးနှစ်ကောင်။ သမီးကြီးကလည်း မျက်ရည်စတွေနဲ့၊ တွတ်ထိုးနေတာ။ သူသိလိုက်ပြီ။ သည်အကြီးမ၊ ယောကျာ်းနဲ့ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာပြန်ပြီလို့ပေါ့။ သူ့ မြင်တော့ မခင်မြက ဆီးပြီးပြောတယ်။
"ကိုဘမောင်ရေ… ဟောသည်မှာ တော့်သမီးကြီးလေ"
ဦးဘမောင် လက်ကာပြီး ရေအိုးစင်ရှိရာကို သွားပြီး ရေတစ်ခွက်ခပ်သောက် လိုက်တယ်။ ရင်တွေ ပူလာလို့ပေါ့။ ပြီးမှသူတတ်နိုင်တာကိုပဲ လုပ်လိုက်တယ်။
"ဖူး…ဟူး…ဟူး"
(၂)
ညက ကောင်းကောင်းအိပ်မပျော်လိုက်လို့လား မသိဘူး မနက်အိပ်ရာကထ ခေါင်းတွေ၊ ဇက်တွေ လေးလေးကြီး။ ဘယ်…ခါတိုင်းဆိုအဘိုးကြီး၊ အဘွားကြီး လင်ကိုယ်မယားနှစ် ယောက်တည်း တိတ်ဆိတ်ပြီး ဘာမျှ မကြားရတဲ့ အိမ်၊ ခုတော့ ဘယ်ဟုတ်လို့တုံး။ အကြီးမနဲ့ပါလာတဲ့ နို့စို့ကလေး ဗိုက်နာလို့ဆိုလား၊ တော်ကြာထငိုလိုက်၊ မနေသာတော့ မခင်မြက အိပ်ရာထဲက ထသွားလိုက် ပြန်ဝင်လာမလို့လုပ်တုန်း အကြီးကောင် က အိပ်ရာထဲသေးပါချလို့ စောင်တွေ ရွှဲကုန်ပြီဆိုပြီး ညကြီးအချိန်မတော် သမီးကြီးက ကျောပြင် ဗျောတင်ပါလေရော။ ငိုလိုက်တာက ကျွတ်ကျွတ်ဆူလို့။ အောင်မလေးဟ ရူးတောင် ရူးချင်တယ် လို့ အောက်မေ့မိတယ်။
မခင်မြ က ကိုယ့်ထက်ပိုမှာပေါ့။ ဒါတောင် မနက်စောထပြီး ရေနွေးအိုးတည်၊ ထမင်းထကြောက် လုပ်ထား သေးရဲ့၊ ဦးဘမောင် မျက်နှာသစ်ပြီးတော့ အားလုံးအဆင်သင့်ဖြစ် နေပြီ။ အကြီးမတို့ သားအမိတွေလည်း စားသောက် ပြီး ဟိုဘက်ရပ်ကွက်က သူကမောင်အိမ်ကို ချီတက်သွားကြလေရဲ့။ မခင်မြက ဈေးဆိုင်ခင်း နေတယ်။ အဲသည်အချိန်မှာ အိမ်ရှေ့က လမ်းနှုတ်ဆက်လိုက်တဲ့ အသံတစ်သံကြားလိုက်ရတယ်။
"ဒေါ်ကြီးခင်မြ… ဒေါ်ကြီးခင်မြ၊ မင်္ဂလာနံနက်ခင်းပါခင်ဗျား"
"ဟဲ့… သြော်ဘယ်သူလဲလို့ မောင်စိုးပါလား၊ မင်္ဂလာပါတော်၊ မင်္ဂလာပါ၊ မနက်စောစောစီစီး ဘယ်သွား မလို့တုံး"
"သည်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးဖို့ ချိန်းထားတာလေး ရှိလို့ သွားမလို့ပါဗျာ။ ကိုယ်က နောက်ကျရင် မကောင်းဘူးမို့လား၊ ဒါကြောင့် စောစောထလာခဲ့တာ။
ဦးဘမောင် သောက်လက်စရေနွေးသီးမလို ဖြစ်သွားပြီး အိမ်ရှေ့ကို ကဲကြည့်လိုက်တယ်။ ဘယ်သူလဲလို့။ မောင်စိုး၊ အရူးမောင်စိုးပဲ။ စတစ်ကော်လာ အဖြူလက်ရှည်နဲ့ လက်ထဲမှာလည်း အတက်ချီကေ့စ်လို အိတ်အနက် ကို ဆွဲလို့ ဆံပင်ကအစ သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့ လှမ်းကြည့်ပြီး ထမင်းကြော် ဇွန်း ကို ပြန်ကိုင်လိုက်မယ် အလုပ်။
"ဦးစာရေးကြီးကော အလုပ်အဆင်ပြေရဲ့လား"
"အေး… ပြေပါတယ်ကွယ်၊ ပြေပါတယ်"
"အဆင်မပြေရင်တော့ ကျွန်တော့်ကိုပြောနော် ဒေါ်ကြီးခင်မြ၊ ကုလသမဂ္ဂမှာ သံတမန်နေရာ တစ်နေရာ ရအောင် ကျွန်တော်လုပ်ပေးမယ်"
ပြောပြောဆိုဆိုပဲ မောင်စိုးထွက်သွားပြီ။
"မြတ်စွာဘုရား"လို့ပဲ ဦးဘမောင် ဘုရားတလိုက်မိတယ်။
မခင်မြလည်း ဆိုင်ရှေ့ကနေ အိမ်ပေါ်တက်လာတယ်။ ပြောကြဆိုကြတာတွေ ဦးဘမောင်လည်း ကြားမှာ ပေါ့ ဆိုတဲ့ မျက်နှာပေးနဲ့။
"သည်ကောင်အိမ်ကို ပြန်ရောက်ပြီနဲ့တူတယ်"
"အင်းလေ ခုဟာက 'တက်သုံးလ' နေမှာပေါ့"
မောင်စိုးဆိုတာက ဦးဘောမင်တို့ ရပ်ကွက်ထဲကပါ။ မိဘမွေးချင်း အသိုင်းအ၀ိုင်းက ဂုဏ်ဒြပ်ကြီးတဲ့ အသိုင်း အ၀ိုင်းမျိုးပါ။ မောင်စိုးဆယ်တန်း အောင်ပြီးတော့ တက္ကသိုလ်တစ်ခုကို သွားတက်သေးတယ်။ အဲသည် မှာ ဘယ်လိုဖြစ်လာတယ်တော့မသိဘူး။ စိတ်ရောဂါရလာတာပဲ။ အိမ်ကိုပြန်ခေါ် ထားလိုက်ရတယ်။
သူ့စိတ်ရောဂါကလည်း ခပ်ဆန်းဆန်း။ ဆေးပညာအခေါ်အဝေါ်အရတော့ ဘယ်လိုခေါ်မယ်မသိဘူး။ ဦးဘမောင် တို့ရပ်ကွက်ကတော့ "တက်သုံးလ၊ ကျသုံးလ"လို့ အမည်ပေးထားလိုက်ကြတယ်။ "သုံးလ"ဆိုတဲ့ ကာလရောက်ရင် မောင်စိုးက အိမ်မှာနေတယ်။ သူ့မိဘအိမ်မှာပေါ့။ အကောင်းဆုံးဆိုတဲ့ အ၀တ်အစား တွေဝတ်၊ ကြော့ကြော့မော့မော့ သပ်သပ်ရပ်ရပ်နဲ့ အကြောင်းမသိရင် ရုံးတစ်ရုံးက ဌာန ဆိုင်ရာ အရာရှိလား၊ ကုမ္ပဏီတစ်ခုခုက ဒါရိုက်တာတစ်ယောက်လား ထင်ရတယ်။ စကားရယ်လို့ ပြောလိုက်ရင်လည်း ဟိုးကောင်းကင်က မဆင်းဘူး။ တစ်ခါတစ်ခါ ရပ်ကွက်လူကြီးတွေဆို အပေါ်စီးကနေ ငေါက်ချင် ငေါက်ပစ်တတ် သေးတာ။ အဲ"တက်သုံးလ"ပြည့်ရင်တော့ "ကျသုံးလ"ကာလရောက်ကရော။
ဒီအချိန်က တစ်မျိုး။ အိမ်မှာလည်း မတော့ဘူး။ ရပ်ကွက်ထဲက ဓမ္မာရုံဘေးက ညောင်ပင်ကြီအောက်မှာပဲ နေတယ်။ အိမ်က ဘယ်လိုခေါ်ခေါ် ပြန်မလိုက်ဘူး။ အဲသည်မှာအိပ်၊ အဲသည်မှာစားပဲ။ ထမင်းဆာရင် ဇလုံးကြီး တစ်လုံးကိုင်ပြီး အိမ်ပေါက်စေ့ရောက်အောင် ဘုန်းကြီးများ ဆွမ်းခံထွက်သလို ထွက်တော့တာပဲ။ စကား လည်း ဘာတစ်ခွန်းမှ မပြောတော့ဘူး။ မေးရင်လည်း စိတ်အခန့်သင့်ရင် ပြန်ပြောတယ်။ မသင့်ရင် ပြန်မပြော ဘူး။ စုတ်ပေ့ ပြတ်ပေ့ဆိုတဲ့ အ၀တ်စားဝတ်၊ ရေးမိုးလည်းချိုးချင်မှချိုးတာ။ တော်တော့တော်တယ် ဘယ်သူ့ မှတော့ အန္တရာယ်မပေးဘူး။ သူ့ဟာသူ ညောင်ပင်အောက်မှာ အိပ်လိုက်၊ စားလိုက်၊ ငေးနေ လိုက်ဒါပဲ။ အံမယ်မျက်နှာကိုကြည့်လိုက် အဲသည်အချိန်ဆိုရင် လောကကြီးတစ်ခုလုံး ကျေနပ် နှစ်သိမ့် နေတဲ့ ပုံမျိုးနဲ့ ပြုံးနေလို့ဗျာ။
"တော့်သမီးအကြောင်း ပြောရဦးမယ်"
"ဟင်…ဘာ…ဘာပြောတာလဲ"
ဦးဘမောင် မောင်စိုးအကြောင်း တွေးမိနေတုန်း မခင်မြက စကားဖြတ်ပြောလိုက်တယ်။
"အကြီးမ ခင်စန်းဝင်းအကြောင်းပြောတာ။ သူကလည်း မလိမ္မာပါဘူး။ သူက ဟိုမှာ နှစ်လုံး၊ သုံးလုံးတွေ တော်တော် လုပ်သတဲ့။ အကြွေးတောင် တော်တော်တင်နေတယ်တဲ့။ အဲဒါ ယောကျာ်းသိလို့ စကားများ၊ ရန်ဖြစ်ပြီး ဆင်းလာတာပြောတာပဲ။ အခုလည်း အငယ်ကောင်ဆီ ငွေလေးရလိုရငြား သွားဆွဲ မလို့ ပြောတာပဲ။ ဟိုမလည်း ကလေးတွေ တစ်ပြုံတမနဲ့ ဘာလို့ရှိမတုန်း"
"အင်း..အချိန်တန် တို့ဆီကပဲ နေဦးမှာပေါ့ကွာ"
သားသမီးနဲ့ မိဘဆိုတော့ ဘာပဲဖြစ်ဖြစ် မရှိ၊ ရှိအောင်လုပ်ပေးရဦးမှာပဲဆိုတာ ဦးမောင် တွက်ပြီးသားပါ။ အမှန် ကတော့ ကိုယ့်မြေးလေးတွေ လာတုန်း၊ ပိတ်ရက်ကလေး ကြုံတုန်း စိတ်အေးလက်အေးနဲ့ ပျော်ပျော် ပါးပါး နေချင်တာပါ၊ခုတော့ လာလိုက်ရင် သောကဒုက္ခ အထုပ်အထည်တွေနဲ့ချည်းပဲ။
"ဖူး…ဟူး….ဟူး"
လေပူနဲ့ လေပြင်း ဘယ်ဟာက အရင်ထွက်သွားမှန်း သူ့ကိုယ်သူတောင် မသိလိုက်ပါဘူး။
(၃)
မနေ့ကပဲ အကြီးမ ခင်စန်းဝင်းတို့ သားအမိတစ်တွေ ပြန်သွားကြတယ်။ ဘာလိုလိုနဲ့ အိမ်မှာ တစ်လ လောက် သောင်တင်သွားခဲ့တာပဲ။ နောက်တော့ ထုံးစံအတိုင်း ဦးဘမောင်တို့ ရုံးငွေချေးအသင်းက ငွေငါးသောင်း ချေးပြီး လက်ထဲထည့်ပေးလိုက်တော့၊ ကလေးတွေကပဲ အဖေသတိရလို့ ငိုငိုနေတာလိုလို၊ အိမ်ကို စိတ်မချတာလိုလို၊ ယောက်ျားလုပ်တဲ့ကောင်က ဖုန်းခဏခဏ ဆက်ခေါ်နေလို့ လိုလိုနဲ့ ပြန်သွား တော့ တာပါ။
ဦးဘမောင်မှာတော့ တာယာကလေးတောင် မလဲနိုင်ဘူး။ ကျွတ်အသစ်ဝယ်ပြီး တာယာကိုတော့ ထုံးစံ အတိုင်း ဖာထေးပြီးပဲ စီးနေရတယ်။ သမီးကြီးက ဘာလေးဆို ကြိုတ်တတ်တာ၊ မြေးအကြီးက ဘာ၊ မြေးအငယ်လေး က ဘာဆိုပြီး ၀ယ်ခြမ်းရတဲ့ စရိတ်တွေကလည်း မသေးဘူးကိုး။ အင်း… ပြန်သွား တော့လည်း အိမ်က ခြောက်ကပ်သွားသလိုလိုပဲ။ မခင်မြဆို ညက တော်တော်နဲ့မအိပ်ဘူး။ အိပ်ရာထဲက ဆေးလိပ်လေး ကောက်ကောက်ဖွာပြီး မျက်ရည်လေး စမ်းစမ်းစမ်းစမ်းနဲ့ ဖြစ်နေသေးတာ။ ဦးဘမောင်က မသိ ယောင်ဆောင်နေရတယ်။
မနက်စောကျလည်း ခါတိုင်းဆူညံပွက်လို့နေအောင် အော်ဟစ်နေရတဲ့ ထမင်းကြမ်းဝိုင်းမှာ လင်မယား နှစ်ယောက်တည်း တိတ်လို့။ ရုံးသွားကာနီး စက်ဘီးဆွဲရင်၊ မြေးနှစ်ယောက်နောက်က နောက်က ပုဆိုး ဆွဲတဲ့သူကဆွဲ၊ လက်ဆွဲတဲ့သူကဆွဲ၊ မုန့်ဝယ်ခဲ့မှာတဲ့ကောင်ကမှာနဲ့ စိတ်ရှုပ်နေရတာ။ ခုတော့ ရုံးသွား ရမှာတောင် တစ်ခုခုလိုနေ သလိုပဲလို့ ခံစားနေရတယ်။
စက်ဘီးဆွဲပြီး အိမ်ရှေ့ကို ထွက်မလို့လုပ်နေတုန်းမှာပဲ မိန်းကလေးတစ်ယောက် ခပ်သုတ်သုတ်လာတာ လှမ်းမြင်တယ်။ သြော်…ဘယ်သူများလဲလို့ အငယ်ကောင့်မိန်းမ မိဝင်းပဲ။ ဦးဘမောင်ကို လှမ်းမြင်တော့ လက်ကာ ပြတာနဲ့ ရပ်စောင့်နေလိုက်ရတယ်။ မောကြီးပန်းကြီးနဲ့ အပြေးတစ်ပိုင်း လျှောက်လာတဲ့ မိဝင်း၊ မျက်နှာ ကလည်းမကောင်းဘူး။ ဦးဘမောင်ရပ်နေတာ မြင်တော့ မခင်မြပါ ဆိုင်ပေါ်က ဆင်းလာတယ်။
"အဖေ…လုပ်ပါဦး….အဖေရဲ့"
အနားရောက်လာတာနဲ့ မိဝင်းက ငိုသံပါကြီးနဲ့ပြောတယ်။
"ဘာတုန်းဟ၊ ဘာဖြစ်လာပြန်တုံး၊ နင့်ဟာက မထိတ်သာ မလန့်သာအေ"
မခင်မြက ၀င်မေးတယ်။
"အဖေ့သား ရဲစခန်းရောက်နေတယ်"
"ဟေ"
ဦးဘမောင် ပါးစပ်ပြဲသွားတယ်။
"မနေ့ညကပြန်မလာ၊ မလာနဲ့နဲ့ ခုမနက်ကျမှ ကျွန်မလည်းသိရတာ။ မနေ့ညက မြို့ထဲက အရက်ဆိုင် မှာ မူးပြီး ရန်ဖြစ်ကြတာတဲ့လေ။ အဲဒါ အခုအချုပ်ထဲမှာတဲ့။ စောစောကပဲ သူ့သူငယ်ချင်းတစ်ယောက် လာပြောတာ။ လုပ်ပါဦး အဖေရဲ့။ ကျွန်မလည်း ဘယ်မှ သွားတတ်၊ လာတတ်တာ မဟုတ်ဘူး ဟီး အီး"
မိဝင်းပြောရင်းနဲ့ ငိုချလိုက်တယ်။ မခင်မြကလည်း ရင်ဘတ်လေးလက်နဲ့ဖိပြီး ဦးဘမောင် မျက်နှာ ကို ကြည့်တယ်။
"တောက်…ကွာ"
ဦးဘမောင် တောက်ခေါက်လိုက်တယ်။ မကုန်သေးဘူးလားဟ ဒုက္ခတွေက၊ ခုပဲ အကြီးမ ပြဿနာပြီးတယ်။ တစ်ရက်တောင်မဆိုင်းဘူး။ အငယ်ကောင်က လုပ်ချလိုက်ပြန်ပြီလို့ လည်း တွေး လိုက်တယ်။
"ကဲဟာ ငိုမနေနဲ့ ဘယ်ရဲစခန်းမှာတဲ့လဲ။ ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာတဲ့လဲ သွားရဦးမှာပေါ့"
"အမှတ်တစ်မှာတဲ့ဖေ"
"အေး……ငါရုံးကို အရင်ခွင့်သွားတင်လိုက်မယ်။ ပြီင်္းတာနဲ့ ရဲစခန်းရောက်အောင် သွားလိုက်မယ် ကြားလား"
ပြောပြောဆိုဆို စက်ဘီးဆွဲထွက်တဲ့ ဦးဘမောင်ကို မခင်မြက တားတယ်။ ဆိုင်ပေါ် ကသုတ်ကယက် တက်ပြီး သူ့အိမ်က ပိုက်ဆံသေတ္တာထဲက ရှိသမျှလေးတွေ စုထပ်ပြီး ဦးဘမောင် အိပ်ကပ်ထဲ လာထည့် ပေးတယ်။
အငယ်ကောင် ရဲစခန်းရောက်တာ ဒါပထမဆုံးမဟုတ်ဘူး။ ရပ်ကွက်ရုံးရောက်လိုက်၊ ရဲစခန်းရောက်လိုက် ခဏ ခဏပဲ။ သောက်တတ်စားတတ်တာလည်းရှိ၊ လက်ကလေးကလည်း ယဉ်ဆိုတော့၊ ဒါမျိုးကြုံကြုံ နေရတာ ဘာဆန်းမှာလဲ။ ဘာကြာသေးတာမှတ်လို့ သင်္ကြန်ရက်ထဲကလည်း ရဲစခန်းမှာ တစ်ညအိပ် လိုက် ရသေးတယ်။ မူးပြီး သူများမဏ္ဍပ်ကို သွားဆဲနေလို့တဲ့လေ။
အိုကြီးအိုမ ကျမှ ဦးဘမောင်မှာ ရုံးရောက်ရ၊ ဂတ်ရောက်ရနဲ့။ အင်း…ကျေးဇူးတွေ ဆပ်နေကြတာ။ ကျေးဇူး တွေ ဆပ်နေကျတာ။
(၄)
ဦးဘမောင် ရဲစခန်းကပြန်လာတော့ နေ့လယ်တစ်နာရီခွဲလောက်ရှိပြီ။ ပူလိုက်တာ နေကလည်း ကျဲကျဲ တောက်လို့။ မြမောင်တို့အဖွဲ့ကိုတော့ နောက်ရက်မှ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး လွှတ်ပေးမယ် လို့ပြောတယ်။ ကိုယ်စားဖို့ ရုံးကို ယူလာတဲ့ ထမင်းချိုင့်နဲ့ဆေးဖိုး၊ ကွမ်းဖိုးငွေလေးတွေ ပေးခဲ့ပြီး ပြန်လာခဲ့တာ၊ တော်သေးတယ်။ စခန်းမှူးက ဦးဘမောင်နဲ့ မျက်နှာသိဖြစ်နေလို့။ မြမောင်ကို ပြန်ကာနီး ဘာမှာ ဦးမလဲလို့ မေးတော့၊ မိဝင်းတို့ဖို့ ဆန်လေးဆီလေး လုပ်ပေးလိုက်ပါဦးတဲ့လေ။ အဲဒါသာကြည့်။ ကောင်းရော။
ဗိုက်ကဆာ၊ နေကပူဆိုတော့ စက်ဘီးနင်းရတာ ပိုပြီးမောတယ်။ အဲသည်လို နင်းလာရင်းကနေ ရပ်ကွက် ထိပ်နား မရောက်တရောက် ဟိုးအရင်လတုန်းက နေရာမှာပဲ နောက်ဘီးက တာယာပွင့် ထွက်သွားပြန်ရော။ ဦးဘမောင် စိတ်တိုတိုနဲ့ စက်ဘီးကို ပိတ်ကန်ပစ်လိုက်သေးတယ်။ နေပူထဲ စက်ဘီးပြင်ဆိုင်ဆီ တွန်းလာရင်း မောတာနဲ့ ဓမ္မာရုံဘေးက ညောင်ပင်ရိပ်မှာ စက်ဘီးထောက်ပြီး ခဏ၀င်အရိပ်ခိုတယ်။
ချွေးတပြိုက်ပြိုက်ကို ပုဆိုးခါးပုံစချွတ် သုတ်နေတဲ့ သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့သူက ဘယ်သူရှိမလဲ။ မောင်စိုးပေါ့။ ဟင်းမျိုးစုံပါတဲ့ ထမင်းဇလုံကို ဇွန်းလေးတစ်ချောင်းတပ်ပြီး၊ တစ်ဇွန်းစားလိုက်၊ ဦးဘမောင်ကို ပြုံးပြီးကြည့်လိုက် ရေအိုးစင်က ရေတစ်ခွက် ခပ်သောက်လိုက်နဲ့။ သူ့ကြည့်ရတာ အေးချမ်းလိုက်တာ။
နေပူထဲက အရိပ်ထဲရောက်လာလို့ အေးသွားတာရော၊ မောင်စိုးရဲ့ ကျေနပ်အေးဆေးတဲ့ အမူအရာကို မြင်ရတာရောကြောင့်လားမသိဘူး၊ စောစောက နောက်ကျိနေတဲ့စိတ်တွေ၊ ဒေါထနေတဲ့ စိတ်တွေတောင် ဘယ်ရောက် သွားမှန်းမသိတော့ဘူး။
"ကျသုံးလ"ကာလမို့ စွပ်ကျယ်နွမ်းနွမ်း၊ ပုဆိုးအပြဲ၊ ချေးအထပ်ထပ်ကို ၀တ်ထားတဲ့ မောင်စိုးကတော့ သူ့ကို ခပ်ပြုံးပြုံးနဲ့ ကြည့်နေတာပဲ။ ဦးဘမောင်ကလည်း ကျကျနပ်နပ်ကြီး ပြန်ပြုံးပြလိုက်တယ်။ ပြီးတော့ မောင်စိုး ကို လှမ်းပြောလိုက်တယ်။
"မောင်စိုးရေ မင်းကိုတောင် ငါအားကျတယ်ကွာ။ ဘာစိတ်ရှုပ်စရာမှ မရှိဘူး။ ဘာသောကမှ မရှိဘူး။ ငြိမ်းချမ်းလိုက်၊ အေးဆေးလိုက်တာ။ ငါကိုရူးချင်လာပြီ မောင်စိုးရေ၊ မင့်လို ရူးကိုရူးချင်တာဟ"
ထမင်းစားနေတဲ့ မောင်စိုးရဲ့မျက်နှာဟာ ဦးဘမောင်ရဲ့စကားကို ကြားလိုက်တော့ ပြုံးနေရာက တည်သွားတယ်။ ပြီးတော့မှ ဦးဘမောင်မျက်နှာကို စေ့စေ့ကြည့်ပြီး ပြန်ပြောတယ်။
"ရူးချင်တိုင်း ရူးလို့ရမလားဗျ။ ရူးတယ်ဆိုတာ လွယ်တယ်များမှတ်လို့၊ ဟား…ဟား…ဟား"
ပြောပြီး အကျယ်ကြီး အော်ရယ်ပစ်လိုက်သေးတယ်။ ဦးဘမောင်လည်း ပါးစပ်အဟောင်းသားနဲ့၊ မောင်စိုး ရယ်သံကြောင့် ညောင်ပင်ပေါ်က ညောင်ရွက်တွေတောင် တစ်လှုပ်လှုပ်နဲ့။ ညောင်ရွက်တွေတောင် လိုက်ပြီး ရယ်လိုက်ကြပုံရတယ်။ ဦးဘမောင်ကတော့ သူ့ထုံးစံအတိုင်း လေပူသက်ပြင်းလေးတွေ ထုတ်ဖို့ မေ့ နေလေရဲ့။
ဦးဆွေ (ဒဿနိက)
၂၀၀၉ ဒီဇင်ဘာ၊ ရနံ့သစ်
4 comments:
ရှုပ်လှပွေလှ လူ့လောကကြီးပါလား။ ဖူးးးး ဟူးးးးးးး ဟူးးးးးးးးးးး (ဦးဘမောင် လေမှုတ်ထုတ်သံမျိုး)။
ဒီမှာ မမရွှေစင်ရဲ့. . .
ရူးချင်တိုင်း ရူးလို့ ရမလားဗျ... ရူးတယ် ဆိုတာ လွယ်တယ်များ မှတ်လို့ ဟား ဟား ဟား. .
( ပြောသူ မောင်စိုး မဟုတ်ပါ။ ကိုဇော် သာလျှင် ဖြစ်ပါသည်။ ကျနော်လည်း ရူးနေတာ ကြာပါပြီ :P )
ဟုတ်ပါ့ ကိုဇော် လို့ ပါပဲ။
ရူးချင်တိုင်း ရူးလို့ ရတာ မှတ်လို့  ဗျာ ဟဟဟဟ
အချိန်မရလို့ စာလာမဖတ်ဖြစ်တာကြာပေါ့ခင်ဗျာ။
ခင်မင်တဲ့
မောင်မောင်
အာဖဂန်ပြည်
အမရာ..
သားသမီးတွေမလိမ္မာတော့ ဆင်းရဲရတဲ့ကြားထဲ မိဘက ပင်ပန်းလိုက်တာ။
သားသမီးတွေကလဲ ကိုယ့်မိဘ ကိုယ်ပြန်မသိတတ်ဘူး..ဟူးးးးး ..မောလိုက်တာ။ ဖတ်ရတာ။
မြတ်နိုး
Post a Comment