Saturday, July 3, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၁၉)

နံနက်လင်းပါစေတော့ဟု နာရီကို ခဏခဏ ကြည့်ပြန်ရာ နာရီသည် နောက်သို့ တရွေ့ထဲ ရွေ့ထား ရခြင်းကြောင့် လေယာဉ်ပျံကခရီးအတွင်နှင်နေသလောက် နာရီကနောက်သို့ တဆုတ်ထဲ ဆုတ်ရ လျှက် ရှိသည်။

ဗမာပြည်နှင့် အင်္ဂလန်ပြည် နာရီအချိန်မှာ ၆-နာရီကွာသည်။ အမေရိကန်နှင့်ဆိုလျှင် ၁၂-နာရီတိတိ ကွာနေ သည်။ ဗမာပြည်က ည ၁၂-နာရီမှာ အမေရိကန်ပြည်၏ နေ့ ၁၂-နာရီဖြစ်၍ ဗမာပြည် နေ့ ၁၂-နာရီဆိုလျှင် အမေရိကန် ၌ ည ၁၂-နာရီဖြစ်နေပါသည်။
နောက်ဆုံးအချိန် တရေးနိုး၍ တနာရီတကြိမ် ထပ်ကြည့်မိရာ မနက် ၅-နာရီခန့်ရှိပါပြီ။ သို့နှင့် သည် အချိန် ဆိုလျှင် ရန်ကုန်မြို့က လူတွေ အလုပ်ဆင်းချိန်၊ ဈေးသိမ်းချိန်၊ ညဈေးတန်းလျှောက်ချိန်၊ ရုပ်ရှင်ရုံမှာ ကြိတ်ကြိတ်တိုး နေကြသော အချိန်ကြီးပါကလားဟု သတိထားလိုက်မိသည်။

ဖဲလိုက်ကာငယ်ကို မကြည့်လိုက်သောအခါလည်း မဲမှောင်မနေတော့ဘဲ ပြာနှမ်းနှမ်းတွင် ခတ်ဖျော့ ဖျော့ အလင်းရောင် ၀င်နေပါပြီ။ မျက်မှန်အမဲ တပ်ကြည့်လိုက်သလို တိမ်ကြို တိမ်ကြားမှ ၀ိုးတ၀ါး မြူ ဆိုင်းနေ သည့် ဂါဒန်လေဆိပ် ကျွန်းငယ်ကိုလည်း လှမ်း၍မြင်ရပါသည်။

ဂါလေလိပ်ရှိရာ ကျွန်းငယ်မှာအမေရိကန် ကမ်းရိုးတန်းဘက်၏ တစိပ်တဒေသ အပါအ၀င် ကျွန်း ငယ်တခု ဖြစ်ပါသည်။ ထိုဂါဒန်ကျွန်း လေဆိပ်ငယ်မှာလည်း အိုင်ယာလန်ကျွန်း၊ ရှနန်လေဆိပ်ကဲ့သို့ လူဆင်း လူတက် မရှိ။ လေယာဉ်ပျံဓါတ်ဆီ၊ စက်ဆီများ ဖြည့်တင်းရာဌာန တခုဖြစ်ပါသည်။
လေယာဉ်ပျံ ကြီးသည် ဂါဒန်လေဆိပ်ကို ထိုးဆင်းကာ သူ၏ရိက္ခာဓါတ်ဆီများ ဖြည့်တင်းလျက်ရှိပါ သည်။ အိပ်နေကြသော ခရီးသည်များလည်း အိပ်ကောင်းတုန်း၊ အချို့လူးလွန့်ပြီးမှ အိပ်ရေး မ၀သလို ပြန်အိပ် ကြပြန်သည်။

လေယာဉ် သူ့ကိစ္စပြီး၍ ကောင်းကင်သို့ ပျံတက်ပြီး အနောက်တောင် ဒေါင့်ယွန်းလျှက် ရှေ့ခရီးကို ဆက်ခဲ့ သည်။ ဂါဒါန်လေဆိပ်သည် အမေရိကန် ကမ်းရိုးတန်းဘက်မှာရှိ၍ နောက်ခရီးမှာမူ အမေရိ ကန်ကမ်းခြေနှင့် အတ္တာလန်တိတ် သမုဒ္ဒရာရေတို့ တွေ့ထိရာ အပိုင်းများကို အောက်ခံထား၍ ပျံလာခဲ့ရာ တော၊ တောင်၊ ရေ၊ မြေ အလုံးစုံနှင့်တကွ မြိုကြီး၊ မြို့ငယ်များကို ကြည်လင်ပြတ်သားစွာ တွေ့မြင်နေရသဖြင့် မျက်စိ အာရုံစိုက် စရာ ရနေသောကြေင့် ငြီးငွေ့ဘွယ်ရာ မရှိတော့ပေ။

သူတကာတွေ အိပ်ယာက မထသေးစေကာမူ မျက်နှာသစ်ခန်းသို့ သွားရောက် မျက်နှာသစ်၊ အ၀တ် များလဲရင်း ထိုအခန်းမှာ နာရီဝက်နီးပါး ကြာခဲ့သည်။ အပြင်ပြန်ရောက်သောအခါ၌ ကုလားထိုင်ပေါ်မှ စောင်များ၊ ခေါင်းအုံးများ ခေါက်ပြီး သိမ်းပြီး နေရာပြုပြင်ရှင်းလင်းပြီးသားတွေ့ရ သည် ပြန်ထိုင်မိ၍ ခဏ ကြာသော အခါ လေယာဉ်မယ်က ခေါက်စားပွဲလာတပ်လျှက် မနက်စာလာပို့ သွားသည်။
ယင်းသို့ မနက်စာ သစ်သီးစုံလိမ္မော်ရေ၊ ဂျုံလှော်နှင့် နို့စိမ်း၊ ၀က်ပေါင်ခြောက်နှင့် ကြက်ဥကြော်၊ ဒိန်ခဲ၊ ထောပတ်၊ ပေါင်မုန့်၊ ဘီစကွတ်၊ ကာဖီ၊ နွားနို့၊ သကြား၊ လက်သုတ်ပုဝါ၊ ဇွန်း၊ ခရင်း၊ ဓါး အစုံ ပါသော စားစရာ ဗန်းငယ် ကို ရင်ခွင်ထက်မှာ ထားရင်း ရှုမျှော်ခင်းတွေ ကြည့်ရင်း လိုက်ပါခဲ့ရာ လေယာဉ်မှာလည်း အမေရိကန် ကမ်းရိုးတန်းတလျှောက် ဘော့စတန်စသည့် မြို့ကြီးများရှိရာ မြေနယ်မှ ဖြတ်ကျော်ကာ ၉၁၃-မိုင် ခရီးကို နောက်ထပ်အချိန် ၅-နာရီခွဲမျှ ကြာအောင် မောင်းနှင်လာရ ပြန်ပါသည်။

ခရီးသည်များအားလုံး အိပ်ရာမှထကြ၍၊ မျက်နှာသစ်အ၀တ်များလဲကာ၊ နံနက်စာကိုယ်စီစားလျှက် ရှိကြလေပြီး လေယာဉ်ပျံကြီးသလောက် ခရီးသည်တွေကလည်း များသဖြင့် ထားရှိသမျှထိုင်ခုံတွေ မှာ လွတ်နေ သည်မရှိ။ ကန့်သတ်ထားသောနေရာထက်ပင် ခရီးသွားသူကပိုနေသောကြောင့် နောက်နေ့ များ အတွက် မျှတပေးရသောဟူ၏။
သို့လို လူ့ပြည့်၍လည်း ကသိကအောင့်တော့ မနိုင်ပါ။ အလှပြင်ခုံ၊ မျက်နှာသစ်ခုံ၊ အိမ်သာ၊ နားနေ စရာ ထိုင်ခုံ၊ မှန်ခုံများပါသော အခန်းသည် လေယာဉ်ပျံ နောက်မြီးပိုင်းတွင် မိန်းမ ယောက်ျားတွက် တခုနှစ်ခန်း လေယာဉ်ပျံ ရှေ့ဦးပိုင်းတွင်ုလည်း ယင်းအတိုင်း ကျား-မ စုံ နှစ်ခန်းထားပေးသောကြောင့် ထိုးခွေ့-စောင့်စား နေရခြင်း မရှိပေါ။

ယောက်ျားခန်းအတွက် မည်သို့ဟူ၍ မပြောနိုင်သော်လည်း မိန်းမများအဘို့အခန်းမှာ ဘာမှ လိုလေ သေး မရှိအောင် အစုံထားပေးပါသည်။ သောက်ရေအေး အတွက် လက်နှိပ်ရေအိုးစင်၊ စက္ကူခွက်များ လိုသလောက် တခါ သောက်ပြီးသော စက္ကူရေခွက်သည် နောက်တယောက်ဆက်သောက်ရန်မလို။ အမှိုက်ပုံး ထဲ ထည့်စွန့်ပစ်ရန်အသင့်၊ မျက်နှာသစ်လက်ဆေးရန် ရေနွေးရေအေးပိုက်၊ လက်ဆေးရန် ဆပ်ပြာ မွှေးရည်၊ ဆပ်ပြာမွှေးခဲ၊ မျက်နှာသစ် လက်သုတ်ရန် အ၀တ် မျက်နှာသုတ်ပုဝါ၊ စက္ကူနု-လက်သုတ် ပုဝါတွေ အထပ်လိုက်၊ တယောက်က တခါသုံးပြီးလျှင် အမှိုက်ပုံးထဲထဲပစ်လိုက်သည်။ မှန်ခုံမှာလည်း ပေါင်ဒါ ရေမွှေးများ အသင့်ထားပေးသည်။

တဆုတ်ထဲဆုတ် တလူးထဲလူးကြသူတွေမှာတော့ လေယာဉ်မယ်တွေက အကဲဆုံးပါဘဲ။ တယ်လည်း အလှ ပြင်ကြ သကိုး။ ငါးမိနစ်တကြိမ်၊ ၀င်ဝင်ပြီး ဆွတ်လိုက်ကြသည်မှာ နောက်စခန်း တနေရာ ရောက်တာနဲ့ တချက်ထည်း ဘူးတွေ ခွက်တွေလည်း ပြောင်သလင်း ခါသွားဒါ နဲ့၊ ဟိုစခန်းက အသစ် ထပ်ဖြည့်တင်း ပေးလိုက် ဒါနဲ့လည်း ဆက်မိသွားဒါပါပဲ။ နည်းနည်းပါးပါးပိုနေလည်း သူတို့ဘဲ မောင်ပိုင် လုပ်လိုက်ကြပုံ ရပါသည်။

ရေမွှေးပေါင်ဒါ ဆပ်ပြာမွှေးတွင်မကသေးပါ၊ အဖျားပြတ်ဆေး၊ မူးမော်-ခေါင်းကိုက်ဆေး၊ အစာကြေ ဆေး၊ အရေးပေါ် မီးယပ်ဆေးပြားကလေးတွေ ၃-၄မျိုးကိုလည်း အထုပ်လိုက်ထားပေးသည်။ ဒီဆေးပြား ကလေး တွေဟာ မိန်းမတွေအဘို့ မကြာခဏလိုလားအပ်တဲ့ အသုံးပြုအပ်တဲ့ အရာများဖြစ်သကိုး။
ဒါတွင် မကသေး မိန်းမများအရေးပေါ်ကိစ္စတရပ်အတွက် အသုံးချရန်ဂွမ်းလိပ်။ စက္ကူအ၀တ်စတဲ့ ပစ္စည်းများ ကလည်း အံဆွဲအထပ်ထပ်နှင့် ဆွဲလိုက်တိုင်း အသင့်ထွက်လာနိုင်သော အပေါက်ဝမှ အသင့်ထားရှိသည်။ လိုရာကို ဘယ်လိုဘဲနှိုက်နှိုက် မြောက်ကျွန်းသူထမင်းအိုးလို ကုန်ခမ်းနေတယ် လို့ မရှိရအောင် လေယာဉ်မယ် တို့က တစခန်းနဲ့ တစခန်းအကူးမှာ လျော့နည်း မသွားခင် ဖြည့်တင်း ထားပေးရသည်။

မိန်းမများမှာ ဤကိစ္စသည် သေရေး ရှင်ရေးတမျှအရေးကြီးသည်ကို သူတို့လူမျိုးခြားတွေ နားလည် ထားကြသည်။ မိန်းမများ၏ အခွင့်အရေးကို ဤလိုအသေးအဖွဲ့နေရာမျိုးအထိ အလိုက်သိကြသည် လေယာဉ်ပျံ ပေါ်မှာ သာမက အမေရိကန်တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ကုန်ဆိုင်ကြီး၊ ပြတိုက် ကြီး၊ မီးရထား၊ သင်္ဘော၊ လူထုနှင့်ဆက်သွယ်ရာဌာနအသီးသီးတို့မှာ ဤနညး၎င်း၊ အိမ်သာနှင့် အလှပြင် နေရာ တွေ အလကား ထားပေးသည်။

လန်ဒန်မှာလည်း အလကားမထားနိုင်တောင်မှ ပိုက်ဆံထည့်ဝင်ရတဲ့ အခန်းများနှင့် အမျိုးသမီးထု၏ လိုလားအပ် တဲ့ မရှိမဖြစ်သော ကိစ္စများကို စွမ်းဆောင်ထားကြသည်။
သူတို့တွင် ရှင်ဘုရင်နဲ့ ရှင်ဘုရင်ကတော်မှသည် ဘိန်းစားနဲ့ ဘိန်းကတော်အထိ၊ ယောက်ျားရော မိန်းမပါ အစာကို အရေးတကြီးစားနေရသလို အစာဟောင်းကို စွန့်ထုတ်ဘို့ကိစ္စမှာလည်း အလားတူ အရေးကြီး သည်။

ဤကိစ္စကို ယုတ်ညံ့သောကိစ္စဟု စာရင်းမသွင်း၍ မဖြစ်။ အင်မတန် ဆိုးဝါးသော အန္တရာယ်ကြီးကို ဘယ်သူမှ လွယ်မထားနိုင်။ လူထု သက်သာချောင်ချိမှုဆိုသည်မှာ ဒါဟာ ပထမအရေးအကြီးဆုံးဖြစ် ပါသည်။
ယင်းသို့လျှင် နေရာတကာ၌ သန့်ရှင်းစင်ကြယ်သော အိမ်သာတွေအလုံအလောက် ရှိနေသောကြောင့်သာ သူတို့ နိုင်ငံက မြို့ရွာရပ်ကွက်တွေမှာ လမ်းဘေးဘလက်ဖေါင်းနဲ့ တိုက်ကြို တိုက်ကြားတို့၌ အပေါ့အလေး ထိုင်သွားသူ မရှိဘဲ၊ သန့်ရှင်းစင်ကြယ်ခြင်းဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ပါ။

ခလေး မြေးငယ်တို့အား ပလက်ဖေါင်းလူသွားလမ်းဘေး သမန်သလင်းခုံမြင့်ပေါ်မှ နောက်ပြန်ထိုင် ၍ အီအီး ပါအောင် အကျင့်ပေးထားကြသော ပုဗ္ဗာစရိယ-မိနှင့်ဖမျိုးများလည်းမပေါ်ပေါက်နိုင်ကြခြင်း ဖြစ်ပါသည်။
နိုင်ငံခြားတိုင်းပြည်တွေမှာ မိန်းမများ၏ သက်သာချောင်ချိမှုကို ဤမျှ အသေးစိပ် အခွင့်အရေး ပေး ထားရှာ ပေသည်ဟု နိုင်ငံခြားသား ယောက်ျားကြီးများကိုတော့လည်း အထင်မကြီးပါ၊ သူတို့နိုင်ငံ ခြားအရပ် ဒေသ တို့၌ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကြီးများ၏ အမြင်ကျယ်မှုကြောင့် မိန်းမပိုင်းဆိုင် ရာတွင် အောက်ခြေ မလွတ် စေ့စပ်သေချာစွာ သက်သာချောင်ချိမှု ရရှိလာကြခြင်းဖြစ်ရမည်ဟုလည်း ရိပ်စားမိပါသည်။

ဒီလိုတွေးမိရင်း လေယာဉ်ပေါ်ကအောက်ငုံ့ကြည့်လိုက်သောအချိန်မှာ သမုဒရာရေလွှာပြင်ကြီးပေါ် ရောက်နေပြန်ပါသည်။ ကမ်းရိုးပေါ်ရောက်လိုက်၊ ပင်လယ်အော်ဘက်ရောက်လိုက်နှင့် သွားနေဆဲပါဘဲ၊ ကိုယ့်ထိုင်ခုံ ရှေ့ ဗယားအိပ်ထဲမှ ဖတ်စရာစာအုပ်အမျိုးမျိုး၊ ခရီးစဉ်မြေပုံ၊ စာရေးရန် ပို့စကဒ်၊ အချိန်ကိုက် ဇယား ထိုလေယာဉ် ကို မောင်းနှင်နေသည့် လေကြောင်း ကပ္ပတိန် များ၏ ဓာတ်ပုံ၊ အမည်၊ ပီ-အေ-အေ၏ လေယာဉ် ' ဘား 'မှ သောက်စရာ သေရည် အမျိုးမျိုး၊ စီးကရက် အမယ်မယ်တို့၏ အဘိုးနှုံးစာရင်း။

လေကြောင်းသွားလာနေစဉ် အရေးတစုံကြုံကြိုက်ပါက ဘယ်သို့ဘယ်ဝယ်ပြုဘွယ် အညွှန်းစာအုပ် မျးကို အသင့် ထားသည် ထိုင်ခုံ၏ ဗယားအိပ်အတွင်း တထပ်မှာမူကား သက်စောင့်အင်္ကျီ (လိုက်ဖ် ဂျက်ကက်) တခုကျစီ ထားလျက်ရှိသည်။ ဒီအသက်စောင့်အင်္ကျီကိစ္စနဲ့ ပါတ်သက်လို့ကတော့ နဲနဲ ရေးချင်သေးသည်။

ဘီအိုအေစီ၊ ပင်းအမေရိကန်စတဲ့ နိုင်ငံခြားလေကြောင်း ခရီးသယ်တွေကို လေယာဉ်ပျံစထွက် တယ် ဆိုကထဲက လေယာဉ်မောင်း လေယာဉ်မယ်စတဲ့ စတူးဝပ်ဆရာက ရှေ့ပိုင်းမှ မတ်မတ်ရပ်တဲ့ ပြီး ' လူကြီးမင်း နှင့် လူကြီးမများခင်ဗျားရှင့် ' ကအစချီ၍ လေယာဉ်ပျံ သန်းခိုက် စက်ချို့ယွင်းလို့ဖြစ်စေ၊ အရေးတစုံ ကြုံကြိုက်ပါက တကိုယ်တခုကျစီ ပေးထားတဲ့ အသက်စောင့် အင်္ကျီကို အမြန်ထုတ်ယူပြီး ဟောသလို ဟောသလို ၀တ်ကြံပါခင်ဗျား-သို့မဟုတ် ရှင့်လို့ပြောရင်း အင်္ကျီကို ၀တ်ပြပါသည်။

တကယ်လို့ လေယာဉ်ပျံပျက်ကြပေမဲ့ ဒီအင်္ကျီနဲ့ ရေထဲမှာ မနစ်မမြုပ် နေနိုင်ပါတယ်ဆိုတဲ့ အာမခံချင် ကလည်း ပါသေးတယ်။ လေယာဉ်ပျံကြီးတခုလုံး ရေထဲထိုးကျသွားအုံးတော့ လှေကြီးလိုရေပေါ်မှာ ပေါ်၍ မြောနေနိုင်တယ် ဆိုဒါလည်း ပုံထဲမှာ ပြထားသေးရဲ့ အောက်ငုံ့ကြည့်ပြန်တော့လည်း အပြော ကျယ်စွာ သော မဟာသမုဒ္ဒရာရေပြင်ကြီး အတိသာလျှင်ဖြစ်သတည်း။
သို့ကြောင့် ဗမာအယူနဲ့ ဆိုရင် သွားမယ်မှမကြံသေးဘူး နမိတ်မရှိတဲ့ စကားကြီးကြားရပြန်ပြီလို့ ယူဆကောင်း ယူဆမိမည်ဖြစ်သော်လည်း သူတို့ဝတ္တရားအတိုင်း ခရီးသွားတွေ နားလည်မှုရှိအောင် အမြဲ ပြောပြ ပါသည်။

ဤလို ပြင်ဆင်မှုမရှိလည်း အခက်အခဲနှင့် ရင်ဆိုင်မိတဲ့အခါ လွယ်ကူသက်သာမည့် အကာအကွယ် တရပ်ဟု ယုံကြည် အပ်ပါ၏။
သို့ရာတွင် ၂-၅-၅၃ နေ့က ပျက်ကျသော ကောမတ်ဂျက်လေယာဉ်ပျံကြီးလို ဘာမှ ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ခင် လျှပ်စစ်မိုးကြိုးမုန်တိုင်းထဲကို တိုးဝင်မိလျှင်တော့ ကောင်းကင်မှာ သွားပြီး မိုးကြိုးပစ် ချခံလိုက်ရသလို ဘာကိုမှ လုပ်နိုင်မှာမဟုတ်ပါ။ တမင်စောင့်ပြီး ၀င်တိုးချင်၍ လည်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါဦးမည်ထင်သည်။

သည်လူတွေ သည်ခရီးသည်တွေဟာဖြင့် အတော်ဘဲ ကံဆိုးရှာကြလို့ ကြုံခဲ့ကြိုက်ခဲ့ဖြစ်ရရှာတယ်ဟူ၍ ယူဆစရာရှိရာမှာ နောက်တချီ လေယာဉ်ပျံတစီးထပ်ပြီး မီးလောင် ကျပြန်တယ်ဆိုတော့ ယခုလို မိုးဦးကျ ရာသီဥတု ဆိုးဝါးနေတဲ့အချိန်အခါမျိုးမှာ ဒီဘင်္ဂလားအော် တ၀ိုက်ကို ကျော်ဖြတ်ရတဲ့ လေယာဉ် ခရီးသည် များ သတိထားစရာ အကြောင်းတရပ်ဖြစ်နေပြန်ပါ သည်။
ကာလကတ္တား လေဆိပ်အလွန်မှာ ဂျက်လေယာဉ်ကြီး ပျက်စီးကျရသော အကြောင်းနှင့် ဆက်စပ်၍ ကာလကတ္တား လေဆိပ်မှ လူမှုဆက်ဆံရေးကိစ္စတရပ်ကို ပြန်လည်သတိရလိုက်မိပါသေးသည်။
စာရေးသူ တို့ ခရီးစတင်ထွက်ခွာခဲ့သော ၁၉၅၂-ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ညနေ ၅ နာရီခန့်တွင် အဆိုပါ ကာလကတ္တား လေဆိပ်သို့ ဘီအိုအေစီလေယာဉ်ပျံ ဆိုက်ရောက်ပါသည်။

ဆင်းလျှင် ခရီးသွားများ လေဆိပ်နားနေရန် အခန်းသို့ ဆင်းကြရာ ထုံးစံအတိုင်း ဆိုင်ရာ အခန်း တလျောက် တို့၌ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေး ဆေးလက်မှတ် စသည်တို့ကို ပေးအပ်ပြသခြင်း ကိစ္စများ ပြုလုပ် နေကြရာတွင် ဆိုင်ရာ အလုပ၀တ္တရားဆောင်ရွက်သူ အိန္ဒိယအမျိုးသား အရာရှိငယ် အချိုကတို့၏ ကိုယ် အမူအယာ၊ နှုတ်အမူအယာနှင့် အပြောအဆို မောက်မာမှုကို မမျှော်လင့်ဘဲတွေ့မြင်ကြလေသည်။

ခုရခါးဆို၍ ပါးရိုက်တတ်ဘူးသော ဂျပန်လေဆိပ်မှာပင် ယခုလိုမဟုတ်။ ပြုံးရွှင်ချိုသာ လိမ္မာယဉ် ကျေးလျက် ရှိသည်ကို မြင်ခဲ့ရသေးသည်။
ထိုနေ့က ခရီးသည်များတွင် ဗမာဆို၍ စာရေးသူသာ ပါသည်။ အခြားခရီးသည်တို့မှာ အင်္ဂလိပ်၊ အမေရိကန် စသော အနောက်တိုင်းသားများနှင့် ဂပန်၊ တရုပ်၊ ယိုးဒယား စသော အရှေ့တိုင်းသား များဖြစ်ကြပါသည်။ အတင်းမာဆုံး သော ကိုယ်ဟန်နှင့် မျက်နှာရှုသိုးသိုးငတိတယောက်မှာ အကောက်ဘက်မှ အရာရှိထင်ပါရဲ့။ သူနှင့် ခရီးသည်တွေနှင့်တွေ့ကြပါပြီ။
ခင်ဗျားတို့မှာ ပေါင်စက္ကူနှင့် ဒေါ်လာများ ယူလာသလား။ ဒါတွေကို အထဲယူသွားခွင့်မပြုဘူး။ ပါတာတွေ ထုတ်ပြပါ ဟု ဗျာဒိတ်တော်မြတ်ချမှတ်ပါသည်။

သူ့လေပေါက် မာကြောကြေကို ကြားရသော လူကြီး လူကောင်းခရီးသည်တွေသည် တယောက် မျက်နှာ တယောက် လှမ်းကြည့်ရင်း အံ့အားသင့်နေရာမှ ထုတ်ကြလေ ပါဒါကိုဟု ဒုတိယအကြိမ် မြောက် ရင့်ကြူး လိုက်ပြန်သည်တွင် ကိုယ့်ပိုက်ဆံအိတ်ကိုထုတ်၍ အထဲက ပေါင်စက္ကူ ဒေါ်လာ စက္ကူ ထုတ်ပြ ရတော့သည်။
စာရေးသူမှာ ပေါင်ငါးဆယ်ဘိုး ခရီးသွားငွေလဲလက်မှတ်သာဖြစ်သော်လည်း လန်ဒန်မှ ပစ္စည်း တခုဝယ်ပို့ရန် ကလောင်ရှင် အမျိုးသမီးတဦးက ပေးလိုက်သော ပေါင်နှစ်ဆယ်တန် စက္ကူများရှိ၍ ထုတ်ပြရသည်။

ဒါတွေ အားလုံးဒီမှာ ထားခဲ့ကြဟုဆိုသည်။ သူဆိုပုံက ဘဏ္ဍာတော်အဖြစ်နှင့်ဘဲ သိမ်းယူလိုက်တော့ မလိုလို၊ ဒီတော့ ခပ်ဆတ်ဆတ်ခရီးသည်တဦးက ဘာကြောင့်လည်းဟု စောဒက ၀င်သည်။ ရှုသိုးသိုးငတိက မျက်စောင်းတချက်ထိုး လှန်ကြည့်ပြီး မှောင်ခိုဈေးနဲ့ ရောင်း စားမှာစိုးလို့ ဆိုတဲ့ အဖြေကို မပြောချင်ပြောချင် ပြတ်တောင်းတောင်းပြောသည်။ ကောင်းပြီ ဒါဖြင့် ဘယ်သူ့ဆီက ငွေဘယ်လောက် အပ်ထားသည့် လက်ခံစာတခုစီ ပေးပါဟု တောင်းတော့မှ ဆောင့်ကြီးအောင့်ကြီး ရေးပေးလေတော့သည်။

သူတို့ ဥပဒေကို ယဉ်ကျေးဖော်ရွေပြုံးချိုစွာ ပြောပြ လျှင်လည်း ဖြစ်နိုင်ပါသည်။
ခရီးသွား တွေကို စိတ်မချမ်းသာအောင် ပြုမူဆက်ဆံခြင်းသည် ဆိုင်ရာတာဝန်ခံ အရာရှိကြီးငယ်တို့၏ မလိမ္မာမှု အရှေ့နိုင်ငံ၏ ရှက်စဖွယ် ရိုင်းပြမှုဟု ဆိုလိုရာ တမျိုးဝေဖန်ရပြန်လျှင် သူတို့ အကောက်ဖက် တာဝန်ခံ အရာရှိတွေကိုချည်းလည်း အပြစ်ပုံ၍ မချသာအောင် အိန္ဒိယနှင့် ဗမာပြည်လေကြောင်း ခရီးမှ ကူးသန်းသွားလာသူအချို့၏ မရိုးဖြောင့် မှု၊ ကလိန်ကျမှုတွေအပေါ်မှာ အခြေပြုလျက် ထိုအရာရှိတွေ၏ ခက်ထန် တင်းမာမှုဖြစ်ပေါ်လာရသည် ဟုဆိုချင်ပြန်သည်။

အကြောင်းကား လွန်ခဲ့သော ဗမာပြည် လွတ်လပ်စအချိန်မှစတင်၍ မြေကိုယူသည်။ ရွှေငွေကိုယူ သည်။ ပြီးတော့ လူကိုပါ ယူလာခဲ့သော သွေးစုပ် ကိုယ်တော်ချောတွေဟာ ကိုယ့်နိုင်ငံကို ပြန်ရ သောအခါ၌ ခါးပိုက် ထဲ ပါနိုင်သရွေ့ ရွှေ ငွေ စိန် ကျောက်တို့ကို သယ်ခဲ့ကြသည်။

မြေတွေ၊ လယ်တွေ၊ အိမ်တွေ၊ ခြံတွေ မသယ်နိုင်တော့ ရောင်းချပြီး ရွှေနှင့် စိန်ကို ဈေးကောင်းပေး ၀ယ်ခါ မူလွတ် သယ်ယူနေကြသော အချိန်၌ တချို့ စီးပွားရေးဆရာ ဘာဘူကြီးများ၊ အရာကြီး များသည် မယားအငှား နှင့် စိန်၊ ရွှေ လက်ဝတ်လက်စားများ ခေတ္တဆင်ကာ ထုတ်ယူကြဘူးသည်။

ဗမာအမျိုးသမီးများကလည်း မယားယောင်ဆောင်ခလည်းရ၊ လေယာဉ်ပျံလည်း အချောင်စီးရ၊ ဘုရားဖူး လည်း ရောက်ရ တို့ကြောင့် ထ၍ထ၍ ပင်လိုက်သွားကြသည်။
နာမည် ထင်ရှားသော အချို့ပုဂ္ဂိုလ် အထီးအမကြီးများပင်လည်း ခရီးသွားရင်း ဟန်လွဲကာ ဤကိစ္စ မျိုးဆောင်ရွက် ပေးနေကြောင်းသိရသည်။
ထို့ကြောင့် ကိုယ်အတွင်း နှိုက်နှိုက်ချွတ်ချွတ်လျှို့ဝှက်သယ်ယူကြပြန်ရာ တခါတရံ အင်မတန် အထက်တန်း ကျကျ ၀က်စားထားကြသူများကို မထင်ဘဲ စစ်ဆေးရာမှပင် အင်တိုက်အားတိုက် ကဲ့ဝှက်လာကြသော ရွှေ၊ ငွေ များကို တွေ့ရှိဖမ်းမိကြရသည်။

ထို့ကြေင့် သူတို့ ကာလကတ္တားလေဆိပ်မှ တာဝန်ဝတ္တရားဆောင်ရွက်သူများမှာ ဘယ်သူလူကြီး လူကောင်း ဖြစ်မည်ဟု မသိတတ်နိုင်တော့သဖြင့် ဘယ်သတ္တ၀ါမျိုးလာလာ၊ ၀တ္တရားဟာ ၀တ္တရားဘဲ ဟု ဆောင်ရွက် နေကြ ရဟန် တူသည်။

သို့ရာတွင် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ အပြစ်ကင်းတဲ့ ခရီးသွားများအဘို့ သူတို့၏ မောက်မာ ခက်ထန်မှုဟာ မခံချည့်မခံသာဖြစ်စရာပါဘဲ။ ဘာဘဲဖြစ်ဖြစ်လေ၊ နောက်ဆုံးတော့ နှုတ်ချို လျှို တပါးဆိုတဲ့ စကား အတိုင်း ၀တ္တရားအရ ဆောင်ရွက်ရာမှာ မျက်နှာ ကြီးငယ်မရွေး အေးမြချိုသာတဲ့ စကားနဲ့ ၀တ္တရား ဆောင်ရွက်ခြင်းဟာ ကမ္ဘာအရပ်ရပ် အထူးသဖြင့် အနောက်တိုင်းတခွင်မှာ ယဉ် ကျေးမှုကို အခြေခံထားပြီး၊ ခရီးသွားများကို ရိုသေလေးစားစွာ ဆက်ဆံသွားကြသလို အရှေ့နိုင်ငံ တွေကလည်း ယဉ်ကျေး နေကြစေလိုပါသည်။

သို့ရာတွင် ဗမာပြည်က လူငယ်ပိုင်း တာဝန်ဆောင်ရွက်သူတွေဟာဖြင့် ကာလကတ္တား လေဆိပ် နှင့်စာလျှင် အတော်ပင် မွန်မွန် ရည်ရည်နှင့် ပြေပြစ်ယဉ်ကျေးနေသည်ကို နှိုင်းယှဉ်ကြည့်တော့ အထူး အားတက်ခြင်း ဖြစ်လိုက် မိပါ၏။

စာရေးသူနှင့်တကွ ခရီးသည်တစုသည် ထိုနေရာမှ လွန်မြောက်ပြီး ခရီးသည်များနားနေရန် ဧည့် ခန်းသို့ ၀င်ရောက် နားနေကာ အအေးအဖျော်များသောက်၊ ဧည့်ခန်းကြီး ပတ်ဝန်းကျင် လမ်းလျှောက် ဟိုကြည့် ဒီကြည့် နှင့် အညောင်းဖြေနေကြသည်။ ခရီးဆက်ရန် အချိန်တန်၍ လေယာဉ်မယ်က လူလိုက်ပြီးစု၊ လေယာဉ်ပျံ ဆီသို့ ပြန်လာခဲ့ကြသောအခါမူကား ရှုသိုးသိုးငတိတို့ ဌာနမှာ ခေတ္တပေးအပ်ထားခဲ့ရသော ပေါင်စက္ကူ များပြန်ပေးလိုက်ပါသည်။

ဆက်ရန်
.

No comments: