Thursday, July 8, 2010

ပန်းသတင်း (ဂျူလိုင် ၈)

ကပ်
မာန် (တောင်လုံးပြန်)

ရန်ကုန်မြို့လယ်ခေါင်မှာ အင်တာနက်ဆိုင်တွေ များလှပါသည်။ ထိုင်ခုံနေရာနှစ်ဆယ်မှ လေးဆယ် ကျော် အထိ နေရာအကျယ်အ၀န်းအလိုက် ဆိုင်အသီးသီးရှိကြသည်။
ဆိုင်တွေ များသကဲ့သို့ သူ့မိတ်ကိုယ့်မိတ်ကိုယ်စီရှိကြသည်မို့ ဆိုင်အပြင်အဆင်နှင့် ၀န်ဆောင်မှု ကောင်း သော ဆိုင်များတွင် ဖောက်သည်မြဲတတ်ပါသည်။
အင်တာနက်ဆိုင်မှန်သမျှ ပုံမှန်ဖောက်သည်သည် အခရာကျလှ၏ ။

အင်တာနက်ဆိုင်တစ်ဆိုင်၏ ဖောက်သည်ပေါများရေးအတွက် အဓိကအကျဆုံး ၀န်ဆောင်မှုမှာ လွတ်လပ်မှု ပေးခြင်းသာတည်း။
ကိုသက်ပိုင်ဆိုင်တော်တော်များများကို ထိုင်ခဲ့ပြီးပြီ၊ ငါးနှစ်တာကာလအတွင်း မြို့လယ်ခေါင် တစ်ဝိုက်၌ ဖွင့်လှစ်ခဲ့သော ဆိုင်များဆီသို့ ပုံမှန်ချီတက်ခဲ့ပြီးပြီ။ နောက်ဆုံး ကိုအေးဝင်းဆိုင်မှာ စိတ်တိုင်း ကျခဲ့ တော့သည်။ ဆိုင်တော်တော်များများသည် ၀န်ဆောင်မှုအပိုင်း၌ အသာစီးရချင်ကြ သည်။ ဖောက်သည် များ၏ အကူအညီတောင်းမှုများကို လိုက်လိုက်လျောလျော မရှိချင်ကြ။ တစ်ခါ တစ်ရံ ၀က်ဆိုက်လိပ်စာ လေးတစ်ခု ရှာပေးပါရန် မေးမြန်းသည်ကိုပင် အဆင်မပြေချင်။

မြို့လယ်ခေါင်တစ်ဝိုက်တွင် အင်တာနက်ဆိုင်များ အဖွင့်မြန်သလို အပိတ်စောခဲ့ခြင်း၏ လက်သည် တရားခံ သည် ၀န်ဆောင်မှုညံ့ဖျင်းခြင်းကြောင့်ဟု ကိုသက်ပိုင် ကောက်ချက်ချမိပါသည်။
နည်းပညာ များ၊ မြန်နှုန်းမြင့်ဝန်ဆောင်မှုများသည် နေ့စဉ်ပေါ်ထွန်းနေသည်။ တချို့ဆိုင်များက စွမ်းအားနည်း သည့်စက်များကိုသာ ဖုတ်ပူမီးတိုက် သုံးကြသည်။ လှိုင်းများက တော်တော်နှင့် တက်မလာခဲ့။ သုံးစွဲသူ က စိတ်မရှည်တော့။  Down Load တစ်ကြိမ်လုပ်ဖို့အချိန် အများကြီး ပေးရသည်။ အရေး ထဲလှိုင်း က မကြာခဏကျသွားတတ်သည်။ ဆိုင်ရှင်က နည်းပညာသစ်များကို မပြုပြင်ဘဲ ပေခံနေသဖြင့် စောစော စီးစီး ဆိုင်ပိတ်လိုက်ရသည်များ ကြုံလာရသည်။ ထို့အတူ ဆိုင်အသစ်များကလည်း တဖွားဖွားပေါ်လာ နေမြဲပင်။

ကိုအေးဝင်း၏ ဆိုင်သည်လူစည်ကားရာ လမ်းမကြီးများနှင့် နီးသည်တော့မဟုတ်။ အောက်ဘ လောက်ပိုင်း တွင် ရှိနေသည်မို့ လူသွားလူလာနည်းပါးသည်ဟုပင် ဆိုရပါမည်။
စဖွင့်သည့်နေ့မှာပင် ကိုသက်ပိုင် လာရောက်လေ့လာဖြစ်ပါသည်။ လက်ကမ်းကြော်ငြာထဲမှ “စိတ်တိုင်းကျ ၀န်ဆောင် မှုဖြင့် မိမိဆိုင်လို ခံစားစေရမည်”ဟူသော စာသားလေးကို သဘောကျမိ၍ ပင်။
တချို့ဆိုင်များသည် သုံးစွဲသူများ၏ လွတ်လပ်မှုကို လုံးလုံးဂရုမစိုက်ကြပေ။ တယ်လီဖုန်းဆက်သူ များကို နေရာ သီးသန့်လုပ်မထားဘဲ ဖုန်းလိုင်းများ၊ အင်တာနက်နှင့် ချိတ်ပေးပြီးသည်နှင့် တာဝန်ကျေပြီဟု မြင်ကြသည်။ ဖုန်းဆက်ရသူများမှာ နင်းကန်အော်ကြ၊ ဟစ်ကြပါမှ တစ်ဖက်က ကြားရသည်မျိုး၊ ကိုယ့် သောက သည်သာ ပဓာနဟု ယူဆသူမျိုး၊ အလကားပေါက်ပန်းလေးဆယ် ကြွားဝါ အချိန်ဖြုန်း သူမျိုး တို့ပါလာလျှင် အင်တာနက်တစ်ဆိုင်လုံး မကြားချင်တာ ကြားနေရသဖြင့် စိတ်မကြည်လင်တော့ ကိုယ်ရှာ နေသည့် အကြောင်းအရာကို စိတ်မ၀င်စားနိုင်တော့။ ဤသည်ကို ကိုသက်ပိုင် အထူးမုန်းမိပါသည်။

အင်တာနက်ဖုန်း တော်တော်များများသည် ကုန်းရုန်းအော်ဟစ်ပါမှ ကြားရသည်က များပါသည်။ ဈေးသက်သာသည်မှလွဲ၍ ၀န်ဆောင်မှုမှာ အရည်အသွေးညံ့ဖျင်းလှပါသည်။ လေလံပွဲမှ လူများလို၊ မြင်းမြိုင်ပွဲ မှ လူများလို အသည်းအသန်အော်ဟစ်ပြောဆိုနေရသည်ကို မကြာခဏတွေ့နေရပါသည်။ တစ်ခါတစ်ရံ ငိုချင်းသည်များ ဖုန်းဆက်သည့်အခါမျိုးဆိုလျှင် ကိုသက်ပိုင် နားမခံသာလွန်း၍ ထွက်ပြေး ရပါ တော့သည်။
ကိုအေးဝင်း ၏ ဆိုင်မှာ ထိုပြဿနာမရှိ။

အင်တာနက်ဖုန်းပြောလိုသူများအတွက် မှန်လုံခန်းသီးသန့် ပြင်ဆင်ပေးထားသည်။ အော်ပဲပြော ပြော၊ ငိုချင်း ပဲ ချချ၊ အပြင်မှ ဘာမှမကြားရ။
သည်တစ်ချက်နှင့်ပင် ကိုသက်ပိုင်ခေါင်းသွင်သွင်ညိတ်၍ ကျေနပ်နေမိတော့သည်။
ကိုသက်ပိုင်၏အလုပ်မှာ အင်တာနက်နှင့်ခွဲခြား၍ မရပါချေ။
နေ့စဉ်နေ့စဉ်အသစ်ဝင်လာသည့် နိုင်ငံတကာမှ ရောင်းအကောင်းဆုံးစာအုပ်များ၊ ရုပ်ရှင်ဇာတ် ကားများ၊ အဖြစ် အပျက် ဆန်းများ၊ အရေးကြီးသည့်သတင်းများ၊ ရုပ်ပုံလွှာများ၊ အားကစားကဏ္ဍ များကို လေ့လာ နေရ သည်။

မှန်တာပြောရလျှင် “ရသာလျှင် သာသလို”ဆွဲယူသုံးစွဲနေပါမှ ကိုသက်ပိုင် ၀င်ငွေဖြောင့်ပါသည်။
သူက စာအုပ်တိုက်ကြီးများ၊ မဂ္ဂဇင်းတိုက်များ၊ ကမ္ဘာ့အရေးစိတ်ပါဝင်စားသူများနှင့် အချိတ်အဆက် ရှိထားသည်။ တစ်ခါတစ်ရံ ကျပ်တစ်သိန်းကျော်တန်သည့် စာအုပ်သစ်များကိုပင် အတွဲလိုက်ရနိုင် သည်။ ပြီးလျှင် စာအုပ်တိုက်များကို ဆက်သွယ်ပြီး ၀င်ငွေရှာသည်။ စာအုပ်တစ်အုပ်အား မှာယူဝယ် ခြမ်းပါက ကုန်ကျ နိုင်သည့် ကုန်ကျစရိတ်နှင့် ကိုသက်ပိုင်ဆွဲယူပေးသည့်ဖိုင်ဖြင့် ထိုစာအုပ်ထဲမှ စာမျက်နှာများ ပရင့် ထုတ်ရုံဖြင့် ရမည့်စရိတ်၊ အချိန်ကာလလက်ဦးမှု၊ ဈေးကွက်ဝင်မှုများကို ချိန်ထိုးကြည့်ပါလျှင် အပုံတစ်ရာ မက သက်သာနေသည်။
ဤသည်မှာ ကိုသက်ပိုင်၏ အသက်မွေးမှုဖြစ်တော့သည်။

တကယ်တော့ အင်တာနက်အတွင် မည်သူမဆို အခမဲ့သုံးစွဲယူခွင့်ပြုထားသည့် ကဏ္ဍများတစ်ပုံ တစ်ပင်ပင် ရှိပါသည်။ များသောအားဖြင့် တန်းဝင်စာအုပ်များ၊ ရုပ်ရှင်ဇာတ်ကားများသည် အခကြေး ငွေဖြင့်သာ ယူခွင့် ပေးကြသည်။ သို့ရာတွင် ကိုသက်ပိုင် လို နည်းလမ်းသိသူများက တစ်ပုံကြီးပင်။ ကာယက့ရှင်များက တန်ရာ တန်ကြေး ဖြင့် ရောင်းနေသည့်တိုင် တချို့လောကွက်ချောသူများက သူတို့ ဘာသာဝယ်ယူ၍ အခမဲ့ တင်ချင် တင်ပေးကြပြန် သည်ကော။ ဤသည်ကို လိုက်ရသည်မှာ အတတ်ပညာတစ်ခုပင်။ လူတိုင်း မရပါချေ။ ကိုသက်ပိုင်ပင်လျှင် လက်လျှော့လိုက်ရသည့်အဖြစ်မျိုး များစွာကြုံခဲ့ပြီးပြီ။

ကိုသက်ပိုင်အတွက် ဖောက်သည်မှာ မရှားလျ။
ကမ္ဘာ့ ရောင်းအကောင်းဆုံးစာအုပ်များကို အာသာငမ်းငမ်းဖတ်ချင်သည့် ဖောက်သည်များ၊ စာပေ၀ါ သနာရှင်များ ရှိနေကြသလို၊ သတင်းထူး၊ သတင်းဆန်းများကို ဖော်ပြချင်သည့် ဂျာနယ်များက အလု အယက် ပေကိုး။

ယခုဆိုလျှင် မြန်မာပြည်အနှံ့အင်တာနက်ဆိုင်များ ဖွင့်လှစ်လာကြသည်။ စီးပွားရေးလုပ်ငန်း အဖြစ် ရပ်တည် လာခဲ့ပြီဖြစ်သည်။ လူငယ်လူရွယ်များကို “ချက်တင်”ထိုင်သည့် မျိုးစေ့ချပေးနိုင်ခဲ့ပြီ။ အင်တာနက် သုံးစွဲ သူများကို ခွဲခြမ်းကြည့်လျှင် လူငယ်မောင်မယ်များက ခုနစ်ဆယ်ရာခိုင်နှုန်းရှိနေ သည်။
ထိုကြောင့်ပင် အင်တာနက်ကပ်ရောဂါသည် မြန်မာနိုင်ငံသို့ စိမ့်ဝင်လာခဲ့တော့သည်။ ဤသည်ကား ရှောင်လွှဲ၍ မရပါချေ။
အင်တာနက် မှာ အပြစ်မကင်းလှပေ။

ကိုသက်ပိုင် မှာ မကြာခဏ သက်ပြင်းချမိပါသည်။
လူတော်တော် များများ အင်တာနက်ကို သုံးစွဲကြသည်။ ကမ္ဘာကြီးသည် ဖန်သားပြင်ပေါ်တွင် ပြားပြားဝပ် နေရှာသည်။ ဘာအဖုံးအဖိအကာအကွယ်မှမရှိ။ မြေပေါ်မြေအောက် ရေပေါ်ရေအောက် မကျန်၊ အင်တာနက် က ထိုးဖောက်မွှေရောက်နိုင်ခဲ့ပြီ။
သို့ရာတွင် ကိုသက်ပိုင် စိတ်မချမ်းမြေ့တော့။ ဆယ်ကျော်သက်များ၏ အင်တာနက်ကပ်ရောဂါကို တွေ့မြင်နေရသောကြောင့် ဖြစ်ပါသည်။ “ချက်တင်”သည် ရောဂါနံပတ်တစ်။
“VZO”သည် နှစ်တရားခံ၊ ပြီးတော့ အပြာရောင်ခံစားမှုများ၊ ရုပ်ပုံလွှာများ၊ “ဘလော့ဒ်ဂါ” ဆိုးတို့၏ ထိုးနှက် ဆွဲဆောင် မှုများ။
သူအတွေးဝင် နေဆဲမှာပင် မှန်တံခါးဖွင့်သံနှင့်အတူ ကိုအေးဝင်း၏ချောင်းဟန့်သံကို ကြားလိုက်ရ သည်။

“12”နှင့် “13” နေရာများကို ဦးထားသည့် ငနဲနှစ်ယောက်စလုံးပင် ကိုသက်ပိုင်ကဲ့သို့ အသက်သုံးဆယ် ကျော်အရွယ်များ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံး တနင်္ဂနွေမုဆိုးဟူသော နာမည်ပြောင်များဖြင့် “ချက်တင်” ၀င်ကြသည်။ “ချက်တင်”ထဲမှာ သူတို့ဆွေးနွေးကြသည်က တကယ့်ကို ညစ်ညမ်းသည့်ဆွဲဆောင်မှုများ၊ စကားလုံးများ၊ လာဘ်လာဘပါသည့် မြူဆယ်မှုများ ချည်းသာ။
[ချက်တင်ဟူသည်ကား တစ်ဖက်နှင့်တစ်ဖက် လူမတွေ့ရဘဲ အပြန်အလှန်ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ ကျီစယ်ကြ၊ မိတ်ဆက်ကြသည့် အင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။]
သူတို့အုပ်စုမှာ တစစအင်အား ကြီးထွားလာသည်။ အဖွဲ့ဝင်များ တိုးပွားလာသည်။ ထို့ပြင် ပြင်ပ၌ ချိန်းဆို မှုများကိုပင် ကိုသက်ပိုင် တွေ့ခဲ့ရပြီးပြီ။

    တစ်ဦးက အသားဖြူဖြူ၊ ပါဝါမျက်မှန်ကိုင်းသေးသေး၊ လူက ဖြူဖြူကိုင်းကိုင်း၊ နှုတ်ခမ်းသားတို့က ထူထဲ လှ၏။ သူ့ပုံစံကြည့်လိုက်ရုံဖြင့် ကာမရမ္မက်ပြင်းထန်သည့် လူမျိုးပင်။
    နောက်တစ်ဦး က အသားညိုသည်။ စတစ်ကော်လံ အင်္ကျီဖြူကို ၀တ်လေ့ရှိသည်။ မျက်လုံးက ကျဉ်းကျဉ်း၊ ရက်စက် သည့် နှုတ်ခမ်းမျိုး။
    ကိုသက်ပိုင်နှင့်ကိုအေးဝင်းတို့ နှစ်ဦးစလုံး 'ချက်တင်'ထိုင်ပြီး သူတို့နှစ်ဦးနှင့် ဆက်သွယ်ဖူးပါသည်။ အပြန် အလှန် ဆွေးနွေးဖူးပါသည်။ မိန်းကလေးနာမည်များဖြင့် ဆွေးနွေးသည်မို့ ထိုသူနှစ်ဦး၏ သဘော သဘာဝ ကို သိခဲ့ရခြင်းပင်။

    ပြီးခဲ့သည့် စနေနေ့က တိုကျို ခြစ်ကင်း ကြက်သားကြော်ဆိုင်တွင် ထိုလူနှစ်ဦးစလုံး ချာတိတ်မလေး သုံးယောက် နှင့် ချိန်းတွေ့သည်ကို တွေ့ခဲ့ရသည်။ ချာတိတ်မလေးများမှာ ဆယ်ကျော်သက်လေးများသာ။
    မိဘများသည် သားသမီးများ ဘာလုပ်ကြသည်ကို သိမည်မထင်ပါ။

    တစ်လောကပင်ကိုအေးဝင်း ဖွင့်ပြသည့် ၀က်(ဘ)ဆိုက်တစ်ခုကို ကြည့်ပြီး ကိုသက်ပိုင် ရင်မော သွားခဲ့သည်။ ငယ်ရွယ်နုနယ်လှသည့် ဆယ်ကျော်သက်လေးများ ၀က်(ဘ)ဆိုက်ပေါ်တွင် ကိုယ်ကာယ အလှ ပြိုင်ကြသည်။ ၀င်ချင်သူတိုင်း ဓာတ်ပုံသုံးပုံ ပို့၍ ပြိုင်ခွင့်ပြုထားသည်။ ဆုပေးမည့် ဆွဲောဆင်မှုပါသည်။ သို့ရာတွင် ပါဝင်ယှဉ်ပြိုင်ရသည့် ပုံများက မိဘများ သာမြင်လျှင် ရင်ကျိုးတော့မည်။ သိပ်မကြာခင်မှာပင်း လမ်းဘေး သို့ ထိုပုံများ DVD ခွေအဖြစ် ရောက်မလာဟု မပြောနိုင်။

    "၀ို့အိုး၊ အိုး ရက်စ်"
    "ဘရာဗို"
    အသံများက ဆိုင်ထဲ၌ ပျံ့နှံ့ထွက်နေပါသည်။
    ထိုလူနှစ်နှစ်ဦးဆီမှ ထွက်လာခြင်းပင်။ တစ်ဦးနှင့် တစ်ဦး လက်ဖ၀ါးချင်းရိုက်လျက် အောင်ပွဲ ခံကြ ပြန်သည်။
    တနင်္ဂနွေမုဆိုးနှစ်ဦး မည်သည့်သားကောင်ကို မိသွားပြန်ပြီနည်း။
    ကိုသက်ပိုင် ဦးခေါင်းမော့၍ မျက်လုံးစုံမှတ်ထားမိသည်။

    သူသည်ရသမျှ ခိုးခဲ့ပါသည်။ အင်တာနက်ဆီမှ အကျိုးအမြတ်ရမည့် စာအုပ်၊ ဇာတ်ကား၊ သီချင်း၊ သတင်း၊ ရုပ်ပုံလွှာ မျိုးစုံ ယူခဲ့သည်။
    ရသည်။
    ရခဲ့သည်။ ရနေသည်။
    အင်တာနက်သည် သူ့ကို ဘာမှမတောင်း ပေးမြဲပေး၏။
    "ဟေး"
    ထိုလူနှစ်ဦး ထပ်၍ အော်ဟစ်နေပြန်သည်။

*******
    မှန်တံခါးဖွင့်သံ ကြားရပြန်သည်။
    ဆယ်ကျော်သက်အရွယ် ချာတိတ်မလေးနှစ်ဦး ဆိုင်ထဲသို့ ၀င်လာပါသည်။ ကိုအေးဝင်းက '19' နှင့် '20' ထိုင်ခုံနေရာများဆီသို့ ပို့ပေးပြီး ကောင်တာဆီသို့ အပြန်တွင် ကိုသက်ပိုင်အား ပခုံးတစ်ချက်ပုတ် သွားပါသည်။

    ထိုကလေးမလေး VZO အကဲမလေးများပင်။
    သိပ်မကြာခင်မှာပင် ခိုးခိုးခစ်ခစ် အသံကလေးများ ထွက်လာတော့မည်။ တွတ်တီးတွတ်တာ အသံများ ကြားရတော့မည်။ ကိုသက်ပိုင် အတွေးများက ကြည့်ခဲ့ဖူးသည့် ၀က်(ဘ)ဆိုက်တစ်ခုဆီသို့ ရောက်သွားခဲ့ ပြန်သည်။
    စုံတွဲနှစ်တွဲ။ အာရှတိုက်၏ နိုင်ငံငယ်လေးမှ ဖြစ်ရပ်။
    ဖြစ်ချင်တိုင်းဖြစ်နေကြသည်ကို ၀က်(ဘ)ဆိုက်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး သစ္စာမဖောက်စတမ်း ချစ် သက်သေ တင်ကြသည်။
    ဘာအစဉ်းအစား အဆင်ခြင်ဥာဏ်မှမရှိ။ ပေါက်ကရအတွေးများကို အကောင်အထည် ဖော်ကြသည်။ ထိုဝက်(ဘ)ဆိုက်ထဲသို့ ၀င်ကြည့်ပြီး မိတ်ဆွေဖွဲ့ကြသည့် သတင်းများက အံ့မခန်းပါတကား။

    ကမ္ဘာ့ယဉ်ကျေးမှု တာကျိုးခဲ့ပြီကော။
    ဟီရိသြတပ္ပတရားသည် အင်တာနက်၏ ရိုက်ချိုးခြင်းခံခဲ့ရပြီ။ ထိုဝက်(ဘ)ဆိုက်ကို အားကျ၍ တုပကြသည့် စုံတွဲများက ကမ္ဘာအနှံ့။ ထိုကပ်ရောဂါသည် မြန်မာပြည်သို့  မကူးစက်ဘဲ နေပါမည်လော။ တနင်္ဂနွေ မုဆိုးနှစ်ဦး ဟားတိုက်ရယ်မောနေကြသည်။ VZO ချာတိတ်မလေးနှစ်ဦး ခိုးခိုးခစ်ခစ် ဖြစ်နေသည်။
    ကိုသက်ပိုင်အတွေးများကို ရပ်၍ ထိုင်ခုံထလိုက်သည်။ ကောင်တာဆီသို့ လှမ်းထွက်လာပြီး ကျသင့်ငွေ ရှင်းပေး လိုက်ပါသည်။ ကိုအေးဝင်းက မျက်နှာမသာမယာ ဖြစ်နေသည့် ကိုသက်ပိုင်ကို ဘာမှမပြော။

*****
    အင်တာနက်သည် ကိုသက်ပိုင်ဆီမှ ဘာမှမတောင်း၊ ဘာတောင်းစရာလိုသနည်း။
    ကိုသက်ပိုင်တို့ပေးနေရသည်က အသင်္ချေ။

******
စာရေးသူ - မာန် (တောင်လုံးပြန်)
.

6 comments:

ရွှေရတုမှတ်တမ်း said...

အင်တာနက်ကို ဒီလောက်ပဲမြင်ပြီး ဒီလောက်ပဲသုံးတတ်တာတော့...
သနားတယ်...

ကိုဇော် said...

တကယ်ကို ဒီလို ဖြစ်နေတာတွေ အများကြီး. . .
ဖြစ်နိုင်ရင် နက်သုံးသူတိုင်းကို ချက်တင်ကနေ ထွက်ပြီး စာတွေ ဖတ်ဖြစ်စေချင်လို့ ဒီလောက် ကြိုးစားရေးနေတာ . . .၊ အားလုံးကိုလည်း ဒီလို ရည်ရွယ်ချက်နဲ့ ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ စိတ်ထွက်ပေါက် အနေနဲ့ ရေးချင်ရာ ရေးနေတာတွေ မဖြစ်စေချင်ဘူး ၊ ဒါပေမဲ့လည်း ပေါ့လေ. .

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ညစ်စရာကြီးနော်... ဒါမျိုးကလေးတွေ အရမ်း များနေတယ်... မောင်ဝမ်းကွဲလေး တယောက်က ဒီနှစ် ၁၀ တန်းကို သူ့ကို အွန်လိုင်းပေါ်မှာချည်း တွေ့နေရတယ်... စိတ်ညစ်တယ်..သူက ငယ်ငယ်လေးထဲက အတန်းထဲမှာရော တကျောင်းလုံးမှာရော ပထမချည်းပဲရထားဖူးတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တာ...၉ တန်းဖြေပြီးမှ အပေါင်းသင်းသစ်တွေရပြီး တနေ့တခြား အခြေအနေဆိုးလာတာလေ။ နေ့တနေ့ရဲ့ နေ့အချိန်တဝက်လောက်က အွန်လိုင်းပေါ်မှာချည်းပဲ။ ရင်လေးတယ်.. နေပြည်တော်မှာ ရှိတဲ့ အဒေါ်တယောက်အိမ်ကနေ နေပြည်တော် စိုးစံကို ပို့ခိုင်းတော့လဲ သူ့အမေ(ပူးတေ အဒေါ်) က စိတ်မချပြန်ဘူးတဲ့။ မခွဲနိုင်လို့တဲ့။ သားသမီးကို ချစ်တာတော့ ချစ်တာပေါ့... ချစ်ရာ မရောက်ပဲ နှစ်ရာရောက်မှာကိုတော့ မတွေးတော့ဘူးထင်တယ်...

ဒီပို့စ်ထဲကလို ဖြစ်ကုန်ရင်တော့ ဒုက္ခပဲ...

Anonymous said...

ama,
အရမ်းကောင်းတဲ့ပို့စ်ပဲအမရာ..
လူငယ်တွေအချိန်အတော်ဖြုန်းနေကြတယ်။ အင်တာနက်ဆိုတာ အချိန်ဖြုန်းဖို့ ချက်တင်လိုက်ဖို့ပဲထင်နေကြတာ.. ကျနောတောင် အိမ်ကိုပြောတော့ .. အဲဒီအင်တာနက်ဆိုတာ အချိန်အလဟသဖြုန်းနေတာတဲ့.. မြန်မာပြည်မှာသာ ကျနော်နေဖြစ်ခဲ့ရင် အဆူခံရမှာ။ တကယ်တော့ ကျနော် မြန်မာပြည်မှာ နေတုန်းက မေးလ်စစ်တာရယ် လိုချင်တာရှာတာရယ် လောက်ပဲ သုံးဖြစ်ခဲ့တာ။ အချိန်ပြည့်ချက်နေရလောက်အောင်လဲ အချိန်မရှိဘူး. မြန်မာပြည်မှာနေတုန်းကဆို အချိန်က လောက်ကိုမလောက်ဘူး။ အခုလူငယ်တွေ အချိန်အတော်ပေါနေတယ်ထင်ပနော်..။
ကျနော်တို့ ဒီကိုရောက်လာမှ တယောက်တည်းနေရလို့သာ အင်တာနက်က အရေးကြီးနေတာ။ မြန်မာပြည်က မိသားစုတွေနဲ့ နေရပီဆို တနေ့တခါမေးစစ် လိုချင်တာတွေရှာယုံကလွဲလို့ လုပ်ဖြစ်မှာမဟုတ်ဘူး..
ဒီပို့စ်လေး သိပ်ကောင်းတယ်အမ..

စက်မကောင်းသေးလို့ ဖွန့်ကွန်ဗက်တာနဲ့ ရိုက်တာ..

Myatnoe

မြတ်မွန် said...

ဖတ်ပြီး ရယ်လိုက်ရတာ မမရာ..

မောင်မောင် said...

တကယ်တော့လည်း အင်တာနက် ဆိုတာက သုံးတတ်ယင်ဆေး မသုံးတတ်ယင်ဘေး ဆိုသလိုပါပဲ။
ချက်တင် နဲ့ တင် အချိန်ကုန်ခဲ့ရသူများ၊ မဟုတ်က ဟုတ်က နဲ့ တင် အချိန် ကုန်ခဲ့ရမှု့ များ ကို လူငယ်တွေ ကို ပညာပေးသင့်ပါတယ်။
ပညာပေးဆောင်းပါးလေး ကို သဘောကျနှစ်ခြိုက်မိပါတယ်။


ခင်တဲ့
မောင်မောင်