Thursday, July 8, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၄)

စာရေးသူများ ထိုင်ခုံပေါ် ထိုင်မိသောအချိန်မှာ အိုင်ဗင်ဟို ဇာတ်ကား ဇာတ်သိမ်းပိုင်း နီးပြီဖြစ်၍ ၁၅-မိနစ်ခန့် ကြာသောအခ၎င်း လုံးဝ ပြီးဆုံးသွားပြီး ထို့ကြောင့် ပထမပိုင်း စတိတ်ရှိုးခေါ် ဇာတ်ခုံမှ အတီး အဆို အကများကို စတင်ပြသတော့မည်ဖြစ်ရာ ဇာတ်ခုံနှင့်နီးနီး နေရာလွတ်များသို့ တဖြုတ်ဖြုတ်ရွှေ့ ထိုင်ကြသည် ကိုတွေ့ရပါသည်။

အချို့ကား ဆေးလိပ် ထွက်သောက်ကြပြန်သည်။ ပြဇာတ်ခုံကြီးကား ကျယ်ဝန်းဖြန့်ဖြူးလှပါသည် ပေခြောက်ဆယ် ကျော် အမြင့်မှ တွဲလျားချထားသော နီညိုရောင် ကတ္တီပါ ကားဖုံးကြီးသည် ပေတရာနီးပါး ကျယ်သော ဇာတ်ခုံကြီးကို ဖားဖားယားယားကြီး ဖုံးအုပ်ထားပါသည်။ ဧည့်ခံတီးနေ သော တူရိယာမှာ ရုံဘေးဘက်ရှိ ရွှေရောင် ပန်းနွယ်များ ချယ်လှယ်ထားသော အခန်းမြင့်တခုမှ အသံမျိုးစုံပါဝင်သော သံစုံသူရိယာ တမျိုးအား လူတဦးတည်းနှင့် တီးနေသည်ကို တွေ့မြင်ရပါသည်။

ပြီးလျှင် စတိတ်ရှိုး စပါတော့မည်။ မစမှီ ပဏာမတီးဝိုင်းတခုပေါ်လာပါသည်။ ပေါ်လာပုံကတော့ ဇာတ်ခုံရှေ့ အောက် တည့် တည့် ပရိသတ်နှင့် တပြေးတည်းနေရာလွတ်တခု၏ မြေအောက်မှ လူပေါင်း လေးဆယ် ကျော် ခန့် ပါဝင်သော တီးဝိုင်းကြီး တခုလုံးသည် မြေမှခွဲထွက် လာသလို တီးရင်း မှုတ်ရင်း တဖြေးဖြေး မြင့်တက် ပေါ်လာပါသည်။ ၎င်း တီးဝိုင်းမှာ (ထူးမခြားနား မီးရေစုံ သားကဲ့သို့ ဘုရားဂုဏ်တော်ဘွဲ့ဆိုဟန်) ဘာသာရေး ဂုဏ်ပြုတီးလုံးနှင့် တမန်တော်ပုံသဏ္ဍာန် ၀တ်ဆင်သူ၏ သီချင်းများကို အသားပေးလျက် တီးမှုတ်ခြင်း ပြုကြသည်။

ထိုဝိုင်းသည် တီးမှုတ်ခြင်း ဆုံးကာနီး၌ တစတစ နိမ့်ဆင်းသွားပြီး မြေလျှိုးကွယ်ပျောက်သွားသော အခါ သီချင်း နှင့် တီးလုံးလည်း ပြီးဆုံးသွားတော့သည်။
ပရိသတ် မျက်စိအာရုံမပြတ်မှီပင် ဇာတ်ခုံပေါ်မှ ကတ္တီပါ ပြည်ဖုံးကားကြီးက တဖြည်းဖြည်း မ တင်လိုက်သော အခါ ၀ိုင်းတော်သား ခြောက်ဆယ်ကျော်ခန့် ပါဝင်သော တီးဝိုင်းကြီးတခု တကဲ့အော်ချင်စတာ ခေတ်မှီ တီးလုံးဆန်း သံဆန်းတို့နှင့် တခမ်းတနား ဝေေ၀ဆာဆာ အတန်ကြာ တီးမှုတ်ခြင်းအမှုပြုပါသည်။ ထို့နောက် တီးဝိုင်းကြီး တခုလုံးသည် တီးရင်း မှုတ်ရင်းပင် စားပွဲအံထိုးကို ဆွဲထုတ်လိုက်သလို ဇာတ်ခုံ အပြင်ဘက်သို့ တဖြေးဖြေး ရှည်ထွက်လာပါသည်။ ပြည်ဖုံးကားကြီးလည်း တဖြေးဖြေးပြန်ကျသွားသည်။

ယခင်ထူးမခြားနား မီးရေစုံသားဆရာတို့၏ ၀ိုင်းနေရာသို့ရောက်သောအခါ ရှည်ထွက်လာရာမှ ရပ်တန့် သွားပြီး တဖြေးဖြေး ဇာတ်ခုံ၏ အနိမ့်ပိုင်း ပရိသတ်နှင့် တပြင်တည်း နေရာသို့အထိ နိမ့်ဆင်း သွားလေ တော့သည်။

ထိုအော်ချင်စတာ ဆရာတို့ ဇာတ်ခုံ အောက်နေရာတွင် တီးရင်းမှုတ်ရင်း နေသားတကျ ရှိသွားသော တခဏ၌ ပြည်ဖုံးကားကြီးပြန်၍ မတင်လိုက်သောအခါ နောက်ခံကားအလှအယွနှင့် မှန်သားတမျှ ချောပြောင် သော မာဘလ်ကျောက်အန်ထိုး ကြမ်းကြီးပေါ်၌ လေးဆယ်ခန့်မျှ ရှိသော လုံးတူ အရပ်တူ အရွယ်ညီ မိန်းမလှတို့၏ ဘဲလက်ယိမ်းအကတမျိုးထွက်၍ အသုံးတော်ခံကြပါသည်။
ဘဲ လက်ယိမ်းဆိုသည်ကား ခြေဖြားထောက် သရုပ်ဖော်ဟန် အကဖြစ်ပါသည်။ ဇာတ်ခုံ အပြင်အဆင် အပြောင်း အလဲ များ အံ့သြဖွယ်ရှိသလောက် မီးရောင်စုံ အလင်းအမှောင် အကွက်ကျ ထိုးပေးမှုကလည်း အံ့တပါး ပင်ဖြစ်ပါသည်။ ကပြသူတို့ကလည်း ညီညီညာညာ လှလှပပနှင့် အမျိုးမျိုး သရုပ်ဖော်ကြပါသည်။ လူများစု နှင့် ယိမ်းကဲ့သို့ တခဏ်း ၄-၅ယောက်နှင့်တမျိုး၊ ဂျွမ်းဘား၊ မျက်လှည့် မျက်လုံး၊ အတော်စုံအောင် ပြသွား သည်။

ပရိသတ်အား မျက်စိအာရုံအမျိုးမျိုး ပြောင်းပေးရင်းနှင့် အခဏ်းအားလုံးပြီးဆုံးသောအခါ ဇာတ်ခုံ၏ အောက်ထပ်မှ တီးမှုတ်နေကြသော တူရိယာ ၀ိုင်းကြီး ကလည်းပွဲသိမ်းတီးလုံးတပိုဒ်ကို တီးမှုတ် ရင်းနှင့်ပင် ထူးမခြားနားတီးဝိုင်းဆရာတို့ လမ်းစဉ်အတိုင်း မြေအောက်သို့ ငုတ်လျှိုးပျောက်ကွယ်သွားပါသည်။
ပြည်ဖုံးကားကြီးသည် ပြန်ချပြီးသား ဖြစ်သွားပါသည်။ နောက်တကြိမ် ပြန်မလိုက်သောအခါမူ ရုပ်ရှင် ပြရန် ပိတ်ကားဘောင်ကြီး ပေါ်လာပြီး ရပ်ရွယ်ကားကို ပြသွားပါတော့သည် ဇာတ်ခုံပြကွက် အစီအစဉ်များမှာ မူသေမဟုတ် ရုပ်ရှင်ကားလဲတိုင်း လဲတိုင်း ကပြခန်းကို တပါတည်း အသစ် အသစ်ထွင်၍ ပြောင်းလဲ ပြသလေ့ရှိပါသည်။

*
ရေဒီယိုစီတီဟောလ်မှ ပြန်ထွက်လာသော အချိန်မှာ ည ၇-နာရီကျော်ခန့်ရှိပါပြီ သည်အချိန်ဆိုလျှင် ဗမာပြည်က မနက် ၇-နာရီနှင့် ညီမျှနေသောကြောင့် ရန်ကုန်မြို့က မုံ့ဟင်းခါးဆိုင်များတွင် ဇွန်းနှင့် တဇပ်ဇပ် ခေါက်မွေ စားသောက်နေကြသလို၊ ဟိုရွှေမြို့တော် မန္တလေးမှာ ဆိုရင်လည်း ပဲပြုတ်ဆီတ ရွှဲရွှဲ ဆမ်းတဲ့ လဘက် ရည်ကြမ်းဝိုင်းများ၊ နံပြားပူပူမှာ မလိုင်ထူထူသုတ်တဲ့ ဘရိတ်ဖတ်စ်နံနက်စာ စားတော်ဝိုင်းများ၊ အိမ်တိုင်းစေ့ ကျင်းပလျှက် ရှိနေပေလိမ့်မည်ဟု ရည်မှန်းလိုက်မိပါသေးသည်။

ရုံအပြင်ဘက် ဓာတ်မီးရောင်ရှိန် ထိန်ထိန်ကြီး ငြီးသော လမ်းမကို ရောက်လာသောအခါ ရောက်ဖဲ လား အဆောက် အဦးကြီးတွေနှင့်သာ မျက်နှာချင်းဆိုင်မိပြန်ပါသည်။ အရှေ့ဘက် ၅-ရိပ်သာလမ်းမှ အနောက်ဘက် ၆-ရိပ်သာလမ်း အထိ မြောကဘက် ၅၁-လမ်းမှ တောင်ဘက် ၄၈-လမ်းအထိ ကျယ်ဝန်း သော နယ်နိမိတ် အတွင်းတွင်ရှိသမျှ မိုးထိုးအဆောက်အဦးများမှာ သူဌေးကြီး ရောက်ဖဲ လားအဆောက် အဦး များဖြစ်ပါသည်။

အောက်ဆုံးထပ် လမ်းဘေးမျက်နှာပြု အခန်းကြီးတွေ မှန်သမျှမှာ ကုမ္ပဏီအမျိုးမျိုးမှ ' ရှိုးပြ'သော မှန်ခန်းကြီးတွေသာဖြစ်ပါတော့သည်။ ကုမ္ပဏီအမျိုးမျိုးဆိုရာ၌မင်းအမေရိကန်လေကြောင်း ကုမ္ပဏီ နှင့်တကွ အလားတူ ကမ္ဘာ့လေကြောင်းကုမ္ပဏီကြီးများ တကမ္ဘာလုံးသို့ သွားလာနေသော ပင်လယ် ကူးသင်္ဘော ကုမ္ပဏီကြီးများ။ အမေရိကန်တနိုင်ငံလုံးကို သွားလာနိုင်သော မီးရထား ကုမ္ပဏီကြီးများ စသည် တို့၏ အလှပြလေယာဉ်ပျံ၊ ပင်လယ်ကူးသင်္ဘော၊ မီးရထားရုပ်လုံးဖော် သဘာဝကျကျ ကြော်ငြာခန်း ကြီးများနှင့် အ၀တ်အထည် လူအသုံးအဆောင် အကောင်းဆုံး အဆန်းဆုံးလုရာရနိုင်သော ကုမ္ပဏီ အမျိုးမျိုး များ၏ ကုန်ပစ္စည်းကြော်ငြာ အလှပြမှန်ကာ အခန်းကြီးများသာဖြစ်နေပါသည်။ ထို့ကြောင့်လည်း ကူးသန်း သွားလာရင်း တငေး တမောမော ကြည့်ရငလိုတွေနှင့်လမ်းပေါ်တွင် မြေပြင်ညွတ်မျှ သဲသဲ ရုတ်ရုတ် သွားလာ ကူးသန်းနေကြသောလူထု၊ ယာဉ်ထုသည် ပရွက်ဆိတ်အုံကြီးစုနေသကဲ့သို့ မွမွကျဲ လျက်ရှိနေ ပါသည်။

ရေးလက်စနှင့်ဆက်ရေးရလျှင် ထိုရေဒီယိုစီတီဟောလ်ကြီးသည်လည်း ရောက်ဖဲလာ၏ အဆောက် အဦး များ အုပ်စုတွင် တခုအပါအ၀င်ဖြစ်သဖြင့် ရုပ်ရှင်ရုံကြီးတခု ထီးထီးသပ်သပ်မဟုတ်သေးဘဲ အပေါ်မှာ အထပ်ပေါင်း အမြောက်အများမြင့်တက်သွားပြီးလျှင် ဘေးတဘက်က တဆက်တည်းမှာ လည်းနေရာ အခန်းအဆောင် တွေ သောင်းခြောက်ထောင် ဆိုသလိုရှိကြပါသေးသည်။ ထိုအခန်း အဆောင်တွ အထပ် တွေမှာ မြောက်များစွာသော အလုပ်ဌာန ' ရုံးခန်း 'တွေအဖြစ်၎င်း၊ လူနေ အိမ်ခန်းများအဖြစ်၎င်း၊ ငှားရမ်း အသုံးပြု ကြရပါသည်။

ရေဒီယိုစီတီဟောလ်ရှိသော အဆောက်အဦးကြီးသည် ၆-၇ိပ်သာလမ်းဘက်ရှိသလို အလားတူပင် တနေရာ၌ (အင်-ဘီ-စီ)ခေါ် (တယ်လီဗေးရှင်းစင်တာ) ရုပ်ပြသံလွှင့်ရာ အဆောက်အဦးကြီးကို လည်း ကြီးကြီး ကျယ်ကျယ် ဖန်တီးထားပါသေးသည်။ ၅-ရိပ်သာလမ်းဘက်မှာလည်း ဤနည်း၎င်း၊ အင်တာ နေရှင်နယ် ဆိုသော အဆောက်အဦးကြီးတခုကို တည်ဆောက်ထားလျက်၎င်း၏ တောင် ဘက်တွင်ရှိသော အလားတူ အဆောက်အဦးကြီးတခုကတော့ တကမ္ဘာလုံးကို သတင်းပို့နေတဲ့ အေပီသတင်းဌာန၏ အလုပ်ရုံ၊ တိုင်းအင်းလိုက်(ဖ်)သတင်းစာတိုက် အဆောက်အဦးကြီးတခုကို လည်း တနေရမှ အီး-အက်စ်-အက်စ်အိုခေါ် အဆောက် အဦးကြီးတခုလည်းရှိပါသည်။

ပို၍ရှင်းအောင် ရေးရလျှင် အလယ်မှပေပေါင်း ၈၅၀မြင့်၍ အထပ်ပေါင်း ၇၀-သာ ရှိသော ပင်မဟိုမီးဗိမာန်ထိုးအဆောက်အဦးကြီးကို အထပ်လေးငါးဆယ်စီရှိသော မိုးထိုး အဆောက်အဦးကြီး ၅-ခုက ခြံရံ ထားသည်၊ ထိုမိုးထိုး အဆောက်အဦကြီး ၆-ခု၏ ပတ်ဝန်းကျင်၌ အထပ်ပေါင်း ဆယ့်လေးငါးထပ် မျှသာမြင့်သော တိုက်ကြီး ၉-ထိုက်က တခုချင်းခြားထားပါသည်။ အားလုံးပေါင်း အဆောက်ဦးကြီး ၁၅-ခုကို ပေါင်းစု လိုက်လျှင် သူဌေးကြီး ရောက်ဖဲလားစင်တာ၏ အဆောက်အဦးများ၊ သို့မဟုတ်၊ ရောက်ဖဲလား စင်တာ...ဟု ခေါ်ကြခြင်းဖြစ်ပါသည်။

ထိုအဆောက်အဦးများမှ အခန်းတွေကို တော်ရုံတန်ရုံ ကုမ္ပဏီငယ်များက အရှည်အကြာ ငှားရမ်း အသုံးပြု ရန် တတ်နိုင်မည်မဟုတ်ပါ။ ရေရှည်ကြိတ်နိုင်အောင် ငွေဝင်ကောင်းကောင်းနှင့် အရင်းအနှီး တောင့်သော အသက် နှင့် မီးအာမခံကုမ္ပဏီများ ကော်မရှင်အေဂျင်း အင်ပို-အိစ်ပို ကုမ္ပဏီနှင့် ကံထရိုက်တာကြီးများ၊ လက်ကားကုန်တိုက်ကြီးများ၊ ဘဏ်ကံထရိုက်တာကြီးများ၊ လက်ကားကုန်တိုက်ကြီးများ၊ ဘဏ်တိုက်ကြီး များမှ ကပ်နိုင်ပေမည်။ နေအိမ်နှင့် ပြုလုပ်ရန်မှာလည်း ထိုနည်း၎င်း တလလျှင် ဒေါ်လာသောင်း ကျော် ၀င်သူ များသာဖြစ်ပါလိမ့်မည်။ များစွာသော နိုင်ငံခြားသံရုံးအဖွဲ့၏ အလုပ်ရုံများမှာလည်း ထိုရောက်ဖဲလား ပလာဇာ ၏ အထပ်များ တွင် လာရောက်ငှားရမ်းဖွင့်လှစ်ထားပါသည်။ မှတ်သားမိသလောက်ရေးရလျှင် (၁) အင်ဂျာတီးနာ သံအဖွဲ့ရုံး။ (၂) ဘိုလိဗီးယား။ (၃) ဘရပ်ဇယ်။ (၄) ဒိုမိနိကန့် ရီပတ်ပလစ်။ (၅) အီကွာဒါ။ (၆) အစ်တိုးနီးယား။ (၇) ဂရိစ်။ (၈) ဂေါ်တီမာလာ။ (၉) အိုင်ရမ်း။ (၁၀)နယ်သာလင်း။ (၁၁) ပဏာမား။ (၁၂) တူရကီ စသော နိုင်ငံခြားရေးရုံးများဖြစ်ပါသည်။

စာရေးသူတို့ ယမန်နေ့က ခရီးရောက်မဆိုက် ညစာ လာစားသောနေရာသည် ရောက်ဖဲယား ဗဟို အမြင့်ဆုံး အဆောက် အဦးကြီးနှင့်တည့်တည့် (လိုးဝါးပလာဇာ) ခေါ် အနိမ့်ပိုင်းသာယာသော ဥယာဉ်ပန်းမာလ် ရေပန်းဖေါင် ထိန်တို့နှင့် ချယ်လှယ်ထားသော နေရာကောင်းတခုတွင်မှီ၍ ဖွင့်လှစ် ထားသော ဟိုတယ်ကြီး ဖြစ်ပါသည်။
ထိုနေရာကလေးမှာ နှင်းခဲမကျသောနွေရာသီ၌ စားပွဲခုံအချို့ ထုတ်ခင်းပြီး တပိုင်းလျှင် ရောင်စုံစပ် ထီးကြီး တခုကျမိုးလျှက် (အိုးပင်းအဲယား) ခေါ် လေညှင်းခံစပယ်ရှယ်ထုတ်၍ ခင်းကျင်းကျွေးပါ သည်။ အအေး လွန်သော ရာသီရောက်ပါက၊ စားပွဲကုလားထိုင်များကို သုံးမျက်နှာ ပတ်လည်ရှိ မြေအောက်က အတွင်း တိုက်ခန်း များသို့ သွင်းကာ မှန်အကာကြီးများချလျက် အနွေးဓာတ်ပေးကာ တည်ခင်းကျွေးပါသည်။

ယခုနေရာကွက်လပ်ကလေးမှာတော့ ရေပန်းဖေါင်ထိန်နှင့် သစ်ပင်များ ကွယ်ပျောက်ပြီး အပျော်တမ်း စကိတ်စီးရန် ရေခဲပြင်ကြီးတခုအဖြစ် ဖန်တီးပေးထားလိုက်ပါတော့သည်။
ကလေးလူကြီး မည်သူမဆို ကိုယ့်ဘိနပ်ကိုယ်ယူပြီး လာရောက်လေ့ကျင့်နိုငသည်။ လေ့ကျင့်ခတနေ့လုံး အဘို့ တဒေါ်လာခွဲခန့်မျှပေးရသည်။ လေ့ကျင့်ရန် လူကိုယ်တိုင်တွဲ၍ သင်တန်း ပေးသောဆရာ ၄-၅ယောက် ရှိသည်။ အတီးအမှုနှင့်တွဲ၍ လေ့ကျင့်ရသဖြင့် ပျင်းရိငြီးငွေ့ဘွယ် မရှိပါ။

ယောက်ျားမိန်းမ၊ ကလေးလူကြီ၊ ကပ္ပလီရော၊ လူဖြူရော လာရောက် လေ့ကျင့်သူတွေ များလှ၍ လက်မှတ်ရောင်းသူ လက်မလည်နိုင်ပါ။ လဲရင်းကွဲရင်း တလူးလူး တလဲလဲနဲ့ဘဲ ၃-၄ခါလောက် ကျင့်လိုက်လျှင် အသားကျသွားဒါတွေ့ရပါသည်။ ဒီလိုနှင့်ဘဲ တနေ့မှာ နာမည်ကျော် စကိတ်စီးသမားတွေဖြစ်ကြရဟန်တူပါသည်။
ဤလူစုတည်းမှာ ကပ္ပလီခေါ်တဲ့ နီဂရိုးတွေဟာ ဇွဲအကောင်းဆုံးပါဘဲ။ နောက်အချိန်များတွင် စာရေးသူ နေ့လယ်စာ လာစားရင်း မှန်ကားနှင့်အနီးဆုံး၊ အစွန်ဆုံးကျသော ထိပ်စားပွဲတခုကို နေရာယူလျက် သူတို့ကိုဘဲ အပြင်းပြေကြည့်စရာ တခုအဖြစ်နှင့် ကြည့်နေရတော့သည်။

*
ရောက်ဖဲလားစင်တာမှ အဆိုပါ အနိမ့်ပိုင်းရှိ ကွက်လပ်ကလေးသည် နွေရာသီမှာ ပန်းမာလာနှင့် ရေပန်း ရေပွား များပါ သာယာတင့်တယ်အောင် ပြုပြင်ထားခြင်း၊ ဆောင်းတွင်းအခါတွင် ရေခဲပြင်၊ စကိတ်စီး သလင်း အဖြစ် ပြောင်းလဲပြုပြင်ပေးလျက် သစ်ရွက်နုချိန် ပရစ်ဖူးချိန်မျိုးမှာလည်း၊ ချယ်ရီ ပန်းများ ရေတံခွန် စမ်းအိုင် ကလေးများနှင့် သာယာတင့်မောဘွယ် ဖန်တီးပြီးသူတို့၏ အခါကြီး ရက်ကြီးဖြစ်သော အီစတာပွဲတော်၊ ခရစ်စမတ် ပွဲတော်အခါတို့မှာ တခမ်းတနားရာသီကြိုက်နက္ခတ် ကြိုက်၊ အလိုက်အလိုက် ချယ်လှယ် မွမ်းမံကာ များစွာသော နယူးယောက်လူထုတို့က တအံ့တသြ လာရောက်ကြည့်ကြရလေအောင် ကြံဆောင် ကြိုးစားစီမံထားပါသည်။

လိုးဝါးပလာဇာမှတပါး ဥယျာဉ်ပန်းမာလ်နှင့် ရေကန်ရေဖေါင်တတိန်တို့ဖြင့် စိတ်ပျော်ကြည်နူးဘွယ် ရာချယ်လှယ် ဖန်တီးထားသော နေရာတွေကို အခြားသော မိုးထိုး တိုက်ခေါင်မိုးများမှာ သူ့နေရာနှင့်သူ အသီးသီး ထားရှိပါသေးသည်။
ဒါတွေကို အကုန်အစင်လိုက်ကြည့်မည်ဆိုလျှင် ရောက်ဖဲလား စင်တာအဘို့ တနေ့သပ်သပ် အချိန်ဖြုန်း ရပါလိမ့်မည်။ ဤအတွက်ပင် ရောက်ဖဲလားစင်တာ၏ လမ်းပြဟူ၍ ထားပေးပါသေးသည်။ ရောက်ဖဲလား အဆောက် အဦးများကို ကြည့်လိုသော ဧည့်သည်တစုတစုအတွက်၊ လမ်းညွှန်ပြသူ ဂိုက်တဦးရရှိပါသည်။ မနက် ၉ နာရီခွဲက ည ၉-နာရီအထိ ရှိပါသည်။ ကြည့်လိုသူတဦးလျှင် အခငွေ တဒေါ်လာနှင့်တင် ၄၀-ဗမာငွေ (၇)ကျပ်ခန့် ပေးရသော လက်မှတ်တခုကို ၀ယ်ရပါသည်။

လမ်းညွှန်သူနှင့် လိုက်ပို့ခံသူ တအုပ်စုသည် အဆောက်အဦးကြီး ၁၅-ခုလုံးခေါင်မိုးပန်းဥယျာဉ်များ အထိ စိစိစပ်စပ်လိုက်လံ ပြသပါလိမ့်မည်။ သို့တည်းမဟုတ် အထပ် ၇၀-ရှိသော ဗဟိုမိုးထိုး၊ အဆောက်အဦးကြီး၏ ခေါင်မိုးတခုတည်းသာတက်ရောက်ကြည့်ရှုလိုပါက လျှပ်စစ် လှေခါး တက်ခလက်မှတ်ကို တယောက် ၇၅-ဆင့် ဗမာငွေ ၃-ကျပ်ကျော် ခန့်ပေးဝယ်ပြီး လမ်းပြမပါဘဲ တက်ရောက်သွားနိုင်ပါသည်။

သို့ရာတွင် ဗဟိုမိုးထိုးဗိမာန်ကြီးအောက်ထပ်မှာ များစွာသော လျှပ်စစ်လှေခါးခန်းတွေ တန်းစီနေ သည်ကို တွေ့ရပါလိမ့်မည်။ လှေခါး အထစ်မမှားဘို့ နံရံကပ် ဆိုင်းဘုတ်မှ အမည်များကိုတက်လျှင် အထပ် ၇၀-မှ လိုရာအထပ်ကို မျက်စိတမှိတ်နှင့် ဆင်းနိုင်တက်နိုင်ပါမည်။ မမှားမယွင်းရန် လှေကားမောင်းသမားတို့ အကူအညီ ပေးခြင်းကိုလည်း အလွယ်တကူ ရရှိနိုင်ပါသည်။
အမိုးတက်သောလျှပ်စစ်လှေခါးမှာ ပို၍ လွယ်ကူထင်ရှားပါသေးသည်။ နိုင်ငံခြားဧည့်သည်များထက် သူတို့ အမေရိကန်နိုင်ငံရင်း ဧည့်သည်များကပင် ပိုများလိမ့်မည် ထင်ရပါသည်။ ဟုတ်ပါသည်။ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား၊ ကန်တော်ကြီး တိရိစ္စာန်ရုံ၊ သိမ်ကြီးဈေးစသည်ကို ခဏခဏ ဘုရားဖူး ဆင်းလာသောနယ်လူထုမှာ လာဘူး သူတွေ များသလောက် ယနေ့အထိ မရောက်ဘူးသေးသူများ လည်းဒုနှင့်ဒေး ရှိနေသေးလျက် ပင်ဖြစ်ရာ လူဦးရေ ၁၇-သန်းသာရှိသော ဗမာပြည်နှင့်စာလျှင် လူဦးရေသန်းပေါင်း ၁၅၀-ကျော်သော အမေရိကန် မှာလည်း နယူးယောက်ကို မရောက်ဘူးသေးတဲ့ လူတွေ ဘယ်နည်းလိမ့်မလဲဟု တွေးမိပါသည်။

ထိုဗဟိုမိုးထိုး ဗိမာန်ကြီး၏ ခေါင်မိုးတက်သော လျှပ်စစ်လှေခါးသည် စခန်းတခုမှတပါး ဘယ် အထပ်ကိုမျှ ရပ်နားခြင်း မရှိ။ အမိုးကို ထုတ်ထုတ်ထိတက်သွားပါသည်။ အမိုးပေါ်မှာလည်း (ရက်စတောရင့်) စားစရာ ဆိုင်ကလေး အသင့်ရှိပါသေးသည်။ ထိုနေရာမှာ နယူးယောက်မြို့၏ အလယ်ဗဟိုကျသဖြင့် ရှုမျှော်ခင်း များပို၍ လှပစုံညီနေသလို ထင်ရပါသည်။ အင်ပါရာ စတိတ် အဆောက်အဦးလောက် မမြင့်သောကြောင့် လည်း ရှုမျှော်ခင်းတွေကို ပြတ်ပြတ်သားသားပို၍ မြင်ရ ပါသည်။ ရှုမျှော်ခင်း အဆင်ပြေ နေသောကြောင့်လည်း စာရေးသူ နယူးယောက်မှ မပြန်မခြင်း ၃-၄ရက်တခါဆိုသလို ဤခေါင်မိုးကို တက်ထိုင် နေလေ့ရှိပါသည်။

လျှပ်စစ်လှေခါးများရှိရာ အောက်ဆုံးထပ် ဗဟိုခန်းမကြီးကို ချယ်လှယ်မွမ်းမံထားလိုက်များကလည်း အံ့ဖွယ်သရဲ ခမ်းနားကြီးကျယ်လှသော ရုပ်လုံးရုပ်ထု ကြီးတွေ၊ နံရံပန်းချီကား၊ မျက်နှာကျက် ပန်းချီ ကားကြီး တွေနှင့်ပင် တွေ့မြင်ရပါသည်။ ရောက်ဖဲလား၏ အဆောက်အဦးကြီးသည် အမေရိကန်တို့ အဘို့ ရာဇ၀င် စာတင်ရမည့် ဂုဏ်မြောက်သော သုခုမအနုပညာလက်ရာမွန် အဘိုးတန်တွေကို အဆောက်အဦးတိုင်းတွင် ငွေကုန် ကြေးကျခံ၍ မွမ်းမံပြင်ဆင်၊ အထဋ်အမြတ် တင်ထားသည်များမှာ အားရစရာကြီးတခု ဖြစ်ပါ တော့သည်။

ဒါကြောင့်သာ နှစ်ဆယ်ခုနှစ်တွင် ကမ္ဘာ့အံ့ချီးဖွယ်ရာများအနက်မှ သတ္တမမြောက် စာရင်းဝင်ခဲ့သော ဤရောက်ဖဲလားအဆောက်အဦးကြီးဖြစ်ပါသည်။ သူ့ထက်အလျင်ကျသော အင်ပါရာစတိတ် အဆောက် အဦး ကြီးကား အမြင့်ဆုံးဖြစ်ပါသည်။ ပေပေါင်း ၁၂၅၁-မြင့်လေရာ၊ အမေရိကန်ပြည်မှာ ဖြင့် အမြင့် တွင် ဗိုလ်တကာ့ဘုရင်ဖြစ်ပါသည်။
စင်စစ်တော့ စကိုင်းစကရစ်ပါးခေါ်တဲ့ သံအုတ်ကျောက်တို့နှင့်သာပြီးသော မိုးထိုး အဆောက်အဦး များဖြစ်ကြ တဲ့ ပေ ၁၂၅၀ မြင့်ပြီး၊ အထပ်ပေါင်း ၁၀၂ ထပ်ရှိတဲ့ အင်ပါရာစတိတ်မိုးထိုး၊ ကျေက်ပြ သာဒ်ကြီးရယ်၊ ပေ ၁၀၄၅-ပေ အမြင့်နဲ့ အထပ်ပေါင်း ၇၇-ထပ်ရှိတဲ့ ခရိုက်ခလာ မိုးထိုး ကျောက်ပြသာဒ်ကြီးရယ်၊ ယခုရေးပြနေတဲ့ ပေ ၈၅၀ အမြင့်နဲ့ အထပ်ပေါင်း ၇၀ ရှိတဲ့ ရောက် ဖဲလား မိုးထိုး ပြသာဒ်ကြီး တွေဟာ တခုတခုမှာ မြို့ကလေးတမြို့စာ ရပ်ကွက်ကြီး တကွက်စာလောက်ရှိပြီး၊ လူထုအတွက် နေအိမ် အခန်းများအဖြစ်နဲ့ အလုပ်ဌာန အခန်းကြီးတွေ၊ ကုန်တိုက်ကြီးတွေအဘို့အငှားချစားရန် ဆောက်လုပ် ထားသော နေချင့်စဖွယ် ခမ်းနားလှပတဲ့ အဆောက်အဦး ပြသာဒ်ကြီးများသာ ဖြစ်ပါသည်။

ထိုအဆောက်အဦးများလောက် ပေမမြင့်၊ အထပ်ရေမများတဲ့ အခြားအဆောက်အဦးကြီးမျိုးတွေလည်း အများအပြားဘဲ၊ နယူးယောက်မြို့ အလယ်ပိုင်းနှင့် အောက်ပိုင်းရပ်ကွက်များမှာ ကျန်ရှိပါသေးသည်။ နယူးယောက် မြို့အောက်ပိုင်း ဘရော့ဝေးလမ်းပေါ်တွင်ရှိသော ' ၀ူးလ်ဝေါ့' အဆောက်အဦးကြီးမှာ ပေ ၇၉၂ ပေ အမြင့်ရှိ၍ အထပ်ပေါင်း ၆၀ ရှိပါသည်။ ထို '၀ူးလ်ဝေါ့ ' ကုမ္ပဏီမှာ မရှိမဖြစ်သော အိမ်သုံးပစ္စည်းများ ကြူ လဟာ ကုန်များကို တနိုင်ငံလုံးအား အကြီးအကျယ်ဆိုင်ခွဲများစွာနှင့် ရောင်းချသော ဆိုင်ကြီးဖြစ်၍ အမျိုးသမီးကြီး တဦးပိုင်ဆိုင်ပါသည်။

'စီတီးဘင်ဖာမားထရပ်စ်' အဆောက်အဦးမှာ ၇၄၁-ပေမြင့်၍ ၅၇-ထပ်ရှိပါသည်။ ပဉ္စမရိပ်သာ ' အမှတ်၅၀၀' ဆိုတဲ့ အဆောက်အဦးက ပေ ၇၀၀ မြင့်၍ ၅၉-ထပ်ရှိပြီးလျှင် 'မီထရိုပိုလီတန်လိုက်ဖ်' အဆောက်အဦးက ပေ ၇၀၀ မြင့်ပြီး အထပ် ၅၀ ရှိပါသည်။ ၄၂လမ်းမှာရှိသော 'လင်ကွန်း' အမည်ရှိ အဆောက်အဦးကပေ ၆၇၀ မြင့်၍ ၅၃ထပ်ရှိပါသည်။ ၎င်းလမ်းထဲတွင်ဘဲ 'ချနင်း' ခေါ် အဆောက် အဦးက ပေ ၆၀၀ အမြင့်နှင့် ၅၃ထပ် ရှိပြီးလျှင် နယူးယောက်အောက်ပိုင်းမှာရှိတဲ့ 'အင်ဗင်ထရပ်စ်' ကုမ္ပဏီ အဆောက်အဦးကတော့ ပေ ၆၅၀ မြင့်၍ ၅၁ ထပ်ရှိပါသည်။

'တင်းအိစ်' 'ဆင်းဂါး'၊ 'ဝေါလ်ဒါ အက်တိုရီးယား'၊ 'နယူးယောက်လိုက်ဖ'၊ 'ရစ်တာဝါး'၊ 'ရှယ်ရီနှယ်သာ လင်း'၊ 'မြူနီစီပါယ်ချိန်ဘား'၊ ဂျင်နရယ်အီလိုက်ထရစ်'၊ 'နယူးယောက်စင်ထရယ်'၊ 'အီကွစ်တာဘလ်လိုက်ဖ' 'ဘင့်ကား ထရတ်စ်' စသော ကျန်ရှိသည့် မိုးထိုးအဆောက်အဦးတွေမှာ လည်းအမြင့်ပေ ၆၀၀ ကျော်မှ ၅၀၀ ကျော်စီရှိ၍ အထပ်ပေါင်းမှာလည်း ၄၀ ကျော်တွေသာဖြစ်ကြပါ သည်။ အထပ် ၃၀ ကျော်နှင့် အမြင့်ပေ ၄၀၀ အောက်တွေကို စာရင်းချ၍ မပြနိုင်အောင် ပေါများလှ ပါသည်။

ထိုအဆောက်အဦးတွေသည် သံ၊ အုတ်၊ ကျောက်တို့နှင့် မတည်ပြီး၊ မှန်ကို အများဆုံး ကာရံအသုံး ပြု၍ အလူမီလီယံ စသည်တို့နှင့် တောက်ပြောင်စွာ အလှအပ ချယ်ကြပါသည်။ အရှည် ၁၂ မိုင်ခွဲသာရှိသော မဟတ္တန် ကျွန်းကလေးသည် အရှိန်ပြင်းစွာ စီးဆင်းနေသော ဟတ်ဆင်မြစ်ကြီးနှင့် တဘက်က အရှည်မြစ် တို့၏ ရေအယာဉ်က အတ္တလန်တိတ် သမုဒ္ဒရာ မှ ပင်လယ်ကွေ့ကြီးအတွင်း သို့ စီးဆင်းပေါင်းစုရာ ဌာန၏၊ မြစ်ဝကျွန်းပေါ် လိုကျွန်းငယ်ကလေးမျှဖြစ်၍ အခြေခံ မခိုင်ပါက ဗေဒါပင် ဒိုက်သရောကဲ့သို့ ပေါလောမျော သွားဘွယ်ထင်စရာရှိသော်လည်း အောက်ခြေမှ ကမ္ဘာ့ သက်ရင့် ကျောက်သား ကျောက်ဆောင်ကြီး များက သဘာဝအတိုင်း ခုခံပေးထားသောကြောင့် ကျောက်ထီးပမာ ကြံ့ခိုင်စွာ တည်ရှိ ရုံမက မြေငလျင်ဘေးမှလည်း ဘယ်အခါမျှ စိုးရိမ်ရခြင်းမရှိဟု အတိုင်းအထွာနှင့် အတတ်သ်ကြလေသဖြင့် ဤသို့ ချွန်ချွန်မားမား မိုးထိုး ကျောက်ပြသာဒ်ကြီးများကို မှိုတွေလို ပေါက်အောင် အပြိုင်အဆိုင် ဆောက်ထား ၀ံ့ကြခြင်းဖြစ်ပါသည်။

သို့နှင့် ခရစ်သက္ကရာဇ် ၁၆၂၆ ခုနှစ်က (ရက်အင်ဒီးယန်း)တိုင်းရင်းသားတို့လက်မှ ဒပ်ခ်ျလူမျိုးတို့က ၂၄ ဒေါ်လာ၊ (ဗမာငွေ ၁၁၅ခန့်)ပေး၍ ၀ယ်ယူခဲ့သော အလျား ၁၂ မိုင်ခွဲ။ အနံ ၂ မိုင်ခွဲရှိ ထိုမဟတ္တန်ကျွန်းကလေးသည် အမေရကန်တို့၏ ပြည်တွင်း နောင်ဂျိန်ပြည်ပ စားကျက်လုနောင်ဂျိန်နှင့် တော်လှန်ရေးနောင်ဂျိန်စသော ပွဲကြီးပွဲကောင်း တွေကို သွေးချွေးတို့နှင့် လဲလှယ်အရင်းတည်လာခဲ့ရင်းဖြင့် ယနေ့ထိ နှစ်ပေါင်း ၃၀၀ ကျော်အတွင်း၌ ကမ္ဘာ့ အံ့ချီးဘွယ်ရာ အဆောက်အဦးကြီးတွေ မြောက်မြားစွာနှင့် တန်ဆာ ဆင်ထားအပ်သော နတ်နန်းစတိန်သာတမျှ အခြေအနေပြောင်းလာခဲ့ရသော မဟတ္တန်ကျွန်း ငယ်ကလေး ၏ ဖြစ်စဉ်ကိုစိတ်ဝင်စားချင်စရာဖြစ်ခဲ့ ရပါသည်။
*
နယူးယောက်မြို့မှ နာမည်ကျော်ရိပ်သာလမ်းနှင့် ၃၄ လမ်းဒေါင့်ကို ဗဟိုပြု၍ တည်ဆောက်ထား သောအင်ပါယာ စတိတ်အဆောက်အဦးကြီးမှာ အမြင့်ပေပေါင်း ၁၂၅၀ရှိပါသည်။ အထပ်ပေါင်း ၁၀၂ ထပ်မျှရှိ၍ လေးမျက်နှာပတ်လည်အကျယ်အ၀န်းမှာ ၃၄-လမ်းနှင့် ၃၃-လမ်း တဘလောက် စသော မြေနေရာ အတွင်းဖြစ်၍ ပေ(၈၃၈၆၀)အကျယ်အ၀န်းရှိပါသည်။
အဆောက် အဦးကြီး အောက်ဆုံးထပ် လမ်းမ မျက်နှာစာအခန်းများမှာ ကုန်ဆိုင်ကြီးများ၏ ရောင်း ကုန်ပစ္စည်း အလှပြ မှန်ခန်းကြီးတွေဖြစ်ကြပါသည်။ အပေါ်ပိုင်း အထပ်များမှာ အလုပ်ဌာန အမျိုးမျုး တို့၏ ရုံးခန်းများ အဖြစ် အသုံးပြုကြသည်ကများ၍ အချိုကအခန်းများမှာလည်း အိမ်ထောင်စုများ အဘို့ နေအိမ် အခန်းများ ဖြစ်ကြပါသည်။

အောက်ထပ်ဗဟို အခန်းကြယ်ကြီးများကို ကြွေရောင်ကဲ့သို့ ချောပြောင်နေသော ကျောက်ညိုပြား ကြီးများကို မြင့်မားသော အုတ်နံရံတို့တွင် တပ်ဆင်မွမ်းမံထားသဖြင့် အုံ့မှိုင်းသော အရောင်များ လွှမးလျက် ရှိသော်လည်း ထိန်ငြီးဝင်းပြောင်သော နီယွန်လိုက် မီးရောင်တို့ကြောင့် ပိုမို ခန့်ညားနေ သည်ဟု ထင်ရ ပါသည်။

အခန်းကြီး၏ အလယ်ပိုင်းမှာတော့ များစွာသော လျှပ်စစ်လှေခါးအခန်းများသည် တညီတညာ ၀ဲယာ ရှေ့နောက် တန်းစီလျက်သာ ရှိနေပါသည်။ လျှပ်စစ်လှေခါးပေါက် တခုတခု၏ နံဘေးမှာ ... နံရံကပ် အမည် စာရင်းတွေ ကပ်လျက်ရှိ၍ ဤလှေခါးမှတက်လျှင် ဘယ်အထပ်အထိ ရောက်သည်။ ဘယ်အခန်းက ဘယ်သူ့ အလုပ်ခန်း ရှိသည်ဟု အမှတ်အသား ဂဏန်းနှင့်တကွ ပြသထားပါသည်။ ကိုယ်လိုရာ အထပ်နံပါတ် ကို လှေခါးမောင်းသူအား ပြောလိုက်လျှင် ရပ်ပေးပါသည်။ မပြောလျှင် လည်းလျှပ်စစ်လှေခါး တက်နေဆဲ ၌ ဘယ်နံပါတ် အထပ်ကိုရောက်နေပြီဟု မီးရောင်နီဂဏန်းကလေးများနှင့် အမြဲပြပေးလျက်ရှိ၍ လှေခါးတံခါး ဖွင့်လိုက်လျှင် ရောလိုက် သွားရုံဘဲဖြစ်ပါသည်။

သို့သော် အထပ်ပေါင်းက ၁၀၂ ထပ်ရှိ၍ လူများသွားလိုရာ မကြန့်မကြာ ရောက်နိုင်ရန် လျှပ်စစ် လှေခါး များအား အထပ် ၂၀ လောက်ကို စခန်းတထောက်တထောက်ပြုပေးရပါသည်။ ထို့ကြောင့် လှေခါးပေါက်တွင် မိမိရောက် လိုသော အထပ်နှင့်အကျုံးဝင်ရာ နံပါတ်ပါမပါကို သတိပြု၍ ကြည့်ရှုလိုက်ရပါသည်။

အင်ပါယာစတိတ်ခေါင်မိုးနှင့် ၁၀၂-ထပ်ကို တက်လိုသူများအဘို့မူကား မရပ်မနားတိုက်ရိုက် တက် သွားသော လျှပ်စစ်လှေခါးသပ်သပ်ထားပေးပါသည်။ အခြားလှေခါးများကို လူထုအတွက် အခမဲ့ အသုံးပြု ကြသော်လည်း ခေါင်မိုးရှုမျှော်ခင်းတက်လှေခါးမှာ အခပေး၍ တက်ရပါသည်။ ထိုလက်မှတ်ကို ရောက်ဖဲလား အဆောက်အဦးကို တက်သလိုပင် အောက်ထပ်လက်မှတ်ရောင်းချ ရာဌာနတခု စာတမ်း ကပ်လျက် ထားပါသည်။ ထိုဌာနမှတယောက်တွက် လက်မှတ်စောင်လျှင် တေါး်လာနှင့်ဆင့် ၂၀ ဗမာငွေ (၆)ကျပ် နီးပါးပေးဝယ်ရသည်။

ခလေးများကို တ၀က်ခရပါသည်။ ထိုအမြင့်တက်စပါယ်ရှယ် လျှပ်စစ်လှေခါးခန်းကြီးများကို အလုပ် လှေခါးများ နှင့် မမှားရအောင် ကတ္တိပါကွပ်ကြိုးတပ် သံတိုင်များနှင့် သပ်မှတ်ပေးထားပါသည်။ လှေခါးမောင်း ဆရာတို့ကလည်း လက်းမှတ်ပါသူကိုကြည့်၍ တင်ခေါ်သွားကြပါသည်။ လျှပ်စစ်လှေခါးအိမ် မောင်းတက်သွားလိုက် သည်မှာ မြန်လွန်းသောကြောင့် နားများပင် အူတက်လာတတ်ပါသည်။ မရပ်မနား အထူး စပါရှယ် တက်သွားသော ထိုလှေခါးအိမ်သည်ပင်လည်း ထိပ်ရောက်အောင် တိုက်ရိုက်မပို့နိုင်သေးပါ။ ၈၆ ထပ်မြောက်တွင် ရပ်ပြီး ပေးရပါသည်။ ဒုတိယမြောက် လျှပ်စစ်လှေခါးကသာ ၁၀၂ ထပ်မြောက် ဖြစ်သော အထပ်သို့ ထိအောင် ပို့ပေးနိုင်ပါသည်။

မြေပြင်မှ ပေပေါင်း ၁၀၅၀ မြင့်သော ၁၀၂ ထပ်မြောက် အထပ်တွင် အရပ်လေးမျက်နှာသို့ ရှုမျှော် ခင်းကြည့် စရာ၊ လ သာပြင်ဆောင်ကဲ့သို့ ၄-ဘက် သံဝရံတာကြီးများ ခြံရံထားပြီး အလယ်မှာတော့ စားပွဲရုံနှင့် ' ဘား ' တခု ရှိပါသည်။ မှန်ပြူတင်းတွေ ကာရံခင်းကျင်းပြင်ဆင်ထားပါသည်။ စားပွဲထိုး မည့် အမေရိကန် မယ် ကလေးများကလည်း ခရီးဦးကြိုလျက်ရှိနေပါသည်။ စားစရာပြင်ဆင်သော ကောင်တာပေါ်တွင် ရောင်းချ၍ ရသောပိုက်ဆံသည် အကြွေအမ်းစာရင်းတွက်ပြီးသား ထွက်လာ သော စက်ငယ် တခုလည်း ရှိပါသည်။

အမေရိကန်မှာ ဆိုင်ကြီးငယ်တို့၌ ဈေးရောင်းသူများသည် ငွေကို 'လက်'နှင့်မသိမ်း၊ 'စက်'နှင့်သိမ်း သည်။ ရောင်းရငွေစာရင်းနှင့် ပြန်အမ်းငွေကိုပါ 'စိတ်'နှင့်မတွက် 'စက်'နှင့်တွက်၍ ကျသင့်သော ပြန်အမ်းငွေကို ခလုပ်နှိပ်ရုံဖြင့်ချောက်ခနဲထွက်လာစေပါသည်။

စာရေးသူ အင်ပါယာစတိတ်၏ ၁၀၂-ထပ်သို့ ရောက်သွားသောအချိန်က မြူတိမ် ကင်းစင်နေသဖြင့် အရပ် လေးမျက်နှာ တို့ကို ကောင်းစွာမြင်ရပါသည်။ မဟတ္တန်ကျွန်းတခုလုံးသာမက မြစ်တဘက်ကမ်းဆီမှ နယူးဂျာစီ၊ ဘရုပ်ကလင်ရပ်ချမွမ်း၊ ကွင်းစဘရောင့် ၀င်ချက်စတာစသော အရပ်တွေကိုပင် ပြတ်ပြတ် ထင်ထင် လှမ်း၍မြင်နေရပါသေးသည်။ ၀ရံတာမှာ လေတဟူးဟူး တိုက်ခတ်လျှက်ရှိ၍ ခိုက်ခိုက်တုန်အေးမြ နေပါသည်။ နေရောင်ခြည်လင်းလျက် ရှိစေကာမူ အပူရှိန်မှာ ပြော့ညံ့လွန်းပြီး ဗမာပြည်က နေရောင်ခြည်လို အပူဓာတ်တံခိုးအရှိန်အ၀ါက မပြင်းထန်ပါ။
ယင်းသည် ၁၀၂-ထပ်မှာ ရှေ့ဆက်တက်စရာ ပြီးဆုံးသွားပြီဟုမဆိုနိုင်သေးပါ။ တတိယမြောက် တက်ဘို့ရာ လျှပ်စစ်လှေခါး တစခန်းကျန်နေပါသေးသည်။ စားပွဲရုံ၏ တဘက်ရှိ အခန်းငယ်တခု သည် တတိယမြောက် လျှပ်စစ်လှေခါး အခန်းပင်ဖြစ်ပါသည်။

ထိုလှေခါးကနေ၍ လိုက်သွားသောအခါ အင်ပါယာစတိတ် အဆောက်အဦးကြီး၏ ထီးခေါ်ရမလား၊ ဒုပိကာခေါ်လေမလား၊ ထိပ်ဖျားက၀ိုင်းဝိုင်းနေအထိ ရောက်သွားပါသည်။ ဤနေရာမှာတော့ မြေပြင်မှ ပေပေါင်း ၁၂၅၀-တိတိ အမြင့်ရှိပါပြီ။ ၁၀၂-ထပ်မြောက် အခန်းမှာ မြေပြင်မှ ပေ ၁၀၅၀- သာမြင့်ပါသေးသည်။ ဤထက်ထိပ်ချွန်ကျသော (ဘဲနှစ်ရှင်းပွိုင့်ခေါ်တဲ့) နေရာကတော့ မြေ ပြင်မှ ၁၃၁၁-ပေ ပင် မြင့်သွားလိုက်ပါသေးသည်။

ထိုနေရာတွေမှာ ကြာရှည်စွာမနေလိုကြပါ။ ခပ်ကြာကြာ စတည်းချလို့ ကောင်းတဲ့နေရာကတော့ ခုနက ရေးခဲ့တဲ့ ၁၀၂ ထပ်ရှိ စားပွဲရုံကလေးထဲမှာ ဖြစ်ပါသည်။ ဤမျှလောက် ထီးထီးကြီးမြင့်နေသော ကြောင့် ပေလား၊ ဒုပိကာထိပ်ဖျား မိုးကြိုးသွားအခ ခံရသော အကြိမ်ပေါင်းသည် ၁၅-ကြိမ် ထက် မနည်းဘူး ဟုသိရပါသည်။ မိုးကြိုးအပစ်ခံရ၍လည်း အဆောက်အဦးကြီးမှာ ဘာမှမဖြစ်ခဲ့ တလောဆီက မြူဆိုင်း နေဆဲ လေယာဉ်ပျံ တစီးက မတော်တဆ ၀င်တိုက်မိရာမှာပင် တိုက်မိသော အထပ် နေရာ လောက်သာ ပြိုဖဲ့ပျက်စီး သွားသည်။ အဆောက်အဦးကြီးကတော့ မဖြုန်ဟူ၍ အဆိုရှိပါ သည်။
အရပ်ရပ် က လာရောက်ကြည့်ရှုကြတဲ့ လူမျုးဧည့်သည်မျုးကလည်းစုံပါဘိတောင်း အင်္ဂလိပ်လိုဝတ် ပီး အင်္ဂလိပ် စကား မပြောတတ်တဲ့ တောင်အမေရိကန်က လာကြတဲ့ ဧည့်သည်တွေ၊ စပိန်ကလာကြ တဲ့လူတွေ၊ ပြင်သစ်ကလာကြတဲ့ လူတွေဟာ ဓာတ်ပုံကလေးတွေကိုယ်စီနဲ့ပါဘဲ။ သူတို့တတွေထဲ မှာ တချို့လည်း ကင်မရာအမျိုးကောင်းတခုသာ လွယ်လာပြီး ရိုက်ရိုက်နေကြတယ်။ ဖလင်မထည့် တတ်လို့ လက်ပြ ခြေပြနဲ့ အကူအညီတောင်းလို့ မရိုက်ရသေးတဲ့ ဖလင် လိပ်ကိုကူးပြီး ထည့်ပေးရ၊ ရိုက်ပြီးသားတွေ ထုတ်ပေး ခဲ့ရနဲ့ နားရတယ်မရှိပါဘူး။

တခါတခါလည်း စာရေးသူတို့အား လူမျိုး တမျိုးဟုသာ သိသည်။ ဘာလူမျိုးမှန်းမသိ၊ အိန္ဒိယလား မေးလိုမေး၊ ချိုင်းနီးစ် လားမေးလိုမေး၊ ယိုးဒယား အင်ဒိုနီးရှားလားမေးလိုမေးကြ၊ ဗမာပြည်ကပါ ဆိုပြန်တော့လည်း သိတဲ့ လူက အနည်းသား အဲဒီဗမာပြည်ဆိုဒါ ဘယ်မှာလည်းတဲ့ ဆိုသဖြင့် မြေပုံ အကြမ်းနှင့်ပင်ရေးဆွဲရပြန်ပါသည်။ ဒါပေမဲ့ ခရီးသွားရင်း ကြိုကြိုက်သိကျွမ်းခဲ့ရတဲ့ လူမျိုးတမျိုးအနေနဲ့ သူတို့နဲ့ အပြန်အလှန် ဓာတ်ပုံတွဲ အရိုက်ခံ ရသည်မှာလည်း အမောပါဘဲ သည်လို အတွေ့အကြုံမျိုးကတော့ အင်ပါယာစတိတ် အဆောက်အဦးကြီးကို ၃-၄ ခေါက်မျှ ရောက် ခဲ့ရာတွင် ရောက်တိုင်းရောက်တိုင်း ဤလိုချည်းဘဲမလွှဲမရှောင်သာအောင် တွေ့ခဲ့ ရပါ တော့သည်။

----------------------------

No comments: