Monday, July 5, 2010

ပန်းသတင်း (ဂျူလိုင် ၅)

ဆက်ကန် ဆက်ကန်
ကိုကြည်လှိုင်ဝင်း

    ဘောလုံးပွဲလေးတစ်ပွဲကတော့ ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာမှုတ်သံနှင့်အတူ ပြီးခဲ့ပါပြီ။ နောက်ဆုံး ဗိုလ်လု ပွဲစဉ်မို့ လုံးဝဥဿုံပြီးစီးခဲ့ပါပြီ။ ပွဲပြီးပေမဲ့ မီးမသေဆိုသလို ဒီဘောလုံးပွဲကလေးနဲ့ ဆက်နွယ်တဲ့ အဖြစ်အပျက် ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်စေအောင် ကျရစ်ခဲ့တဲ့ စကားလုံးကတော့ ခုချိန် တိုင်အောင် ရေပန်းစားနေတုန်းပဲ။ အဲဒီစကားလုံးလေးက တော့………

    ရောဂါရယ်လို့ပြောမလား မသိဘူး။ ဇာတ်လမ်းအစကတော့ ၂၀၀၆ ကမ္ဘာ့ဖလားက စတာပဲ။ အရင်က ကမ္ဘာ့ဖလား မပြောနဲ့ တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲတောင်မှ ကွာတား၊ ဆီမီးအဆင့်လောက်စပြီး ရုပ်မမြင် အသံကြား ရေဒီယိုနားကပ်ပြီး ရင်ခုန်ရတာကိုး။ အစီအစဉ်ကြေညာသူ အပြောကောင်းသလောက် 'ဟာ'ခနဲ၊ 'ဟင်'ခနဲဖြစ်ကြရတာလေ။ ဘောလုံးပွဲလှုပ်ရှားမှုက မြန်ဆန်၊ ပွဲကလည်း သွက်ဆိုရင်မပြောနဲ့တော့။ 'မဂိုးကွေးသမား' ဆိုတာ တောင်ဖြစ်လာရော။ အခု၂၁ရာစုထဲမှာ နည်းပညာတွေ၊ တိုးတက်ထွန်းကားလာခြင်းနဲ့အတူ' ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ' ဖြစ်သွားခဲ့ပြီလေ။ ပြည်တွင်း၊ ပြည်ပ ဘောလုံးပွဲကအစ တီဗွီ၊ ဂြိုလ်တုစလောင်းကနေ ချက်ချင်းကြည့်ရှုနိုင်ကြပြီ။

    အခုရွာသာဆိုတဲ့ ရွာကလေးကိုပဲကြည့်။ ဂြိုလ်တုစလောင်းရှိတယ်။ အနီးအဝေးဖုန်းခေါ်လို့ ရတယ်။ လကွယ်ည ဆိုရင် ကိုယ်ပိုင်မီးစက်သံတွေက အပြိုင်အဆိုင်ပါပဲ။ အခုကမ္ဘာ့ဖလားပွဲကြီး ပြီးသွားပေမဲ့ မီးမသေ သေးဘူး။ အီတလီဖလားရတာတန် မတန်၊ ဘရာဇီးလ် တကယ်ကန် မကန်တို့၊ ဇီဒန်းနဲ့ မာတာရာဇီ ဘယ်သူလွန်သလဲဆိုတာအထိ ဘောလုံးစာစောင်တွေ လက်ကကိုင်ရင်း အချင်းချင်း ဆက်ကန် နေကြတုန်းပဲ။ သည်မှာတင် '၀ုန်း'ခနဲ 'ဒိုင်း'ခနဲ ရွသြာရွာက ပိုက်ဆံချမ်းသာတဲ့ ကားပိုင်ရှင် ဦးတင်မောင်ဆွေ ဆိုသူက လုပ်ချလိုက်တယ်။ ဖလားလုပ်မယ်ပေါ့။ T.M.S Cupဆိုပြီး ဘောလုံးပွဲလုပ်ပေးမယ်။ ကျေးရွာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဘောလုံးကို နားလည်သူတွေ၊ စိတ်ပါဝင်စားသူတွေ ပူးပေါင်းပြီး ဖြစ်အောင် လုပ်မယ်ပေါ့။ အဲဒီလို T.M.S Cup ဖြစ်အောင် တိုင်ပင်ဆွေးနွေးနေတုန်း မြန်မာဘောလုံးအသင်းက မာဒေးကား ချန်ပီယံ တက်ဖြစ်လိုက်တာ ရောဂါပိုရင့်သွားတယ်။

    ဦးတင်မောင်ဆွေက သူကိုယ်တိုင်သာ ဘောလုံးမကန်တတ်တာ၊ ဘောလုံးကိုတော့ အရူးအမူး ၀ါသနာပါတယ်။ နောက်ဆုံး ဂြိုလ်တုစလောင်း တပ်တာတောင် ဘောလုံးပွဲကြည့်ချင်တာ အဓိကပဲ။ ဘောလုံးပွဲ ကြည့်စရာ မရှိရင် သူ့အိမ်ရှေ့က လှည်းလမ်းကြောင်းမမှာ ကလေးတွေ ကန်တာထိုင်ကြည့်ပြီး ဘေးက အားပေးတာ။ ကလေးတွေကို ချိုချဉ်၊ သံပရာဖျော်ရည်၊ ပိုက်ဆံကအစ ကျွေးမွေးဆုချပြီး အားပေးတာ။ ဦးတင်မောင်ဆွေ အိမ်ရှေ့ဟာ ကလေးတွေအတွက်တော့ သုဝဏ္ဏကွင်းအသစ်ပဲ။

    အခု T.M.S Cup မှာ ပထမစု ၅၀၀၀၀၊ ဒုတိယဆု ၃၀၀၀၀၊ တတိယဆု ၂၀၀၀၀ နဲ့ အကောင်းဆုံး ဘောလုံးသမားဆု၊ ရွှေဖိနပ်အပြင် နေရာအလိုက် အားကစားသမားဆုကိုပါ ပေးဦးမယ်။ သူ့ရည်ရွယ်ချက်က သည်ရွာသာရွာလေးကနေ တချိန်ချိန်မှာ မြန်မာ့ရဂုဏ်ဆောင် ဘောလုံးသမား ထွက်စေ ချင်တယ်လေ။ သည်လူက ပိုက်ဆံချမ်းသာပေမဲ့ မနှမြောတတ်ဘူး။ ကုန်သင့်တာ၊ ပေးသင့်တာ၊ လှူသင့်တာ ကို လက်မနှေးဘူး။

    တစ်ခြားမကြည့်နဲ့ ရွာသာရွာကလေးရဲ့ တွဲဖက်အထက်တန်းကျောင်းကနေ ဆယ်တန်းအောင်တဲ့ ကလေးမှန်သမျှ နှစ်စဉ်နှစ်တိုင်း 'တင်မောင်ဆွေ ပညာရည်ချွန်ဆု'ဆိုပြီး တစ်နှစ် သုံးလေးငါးသိန်း အကုန်အကျ ခံပြီး နှစ်စဉ်လုပ်နေကျလူ။ သူ့စိတ်ဓာတ်၊ သူ့ရည်ရွယ်ချက်ကလေးတွေက ကောင်းလေတော့ T.M.S Cup ဖြစ်အောင် အားလုံးက ၀ိုင်းဝန်းကြတယ်လေ။ ပထမရွာသာရွာ အပါအ၀င် ခုနစ်ရွာ အုပ်စုဝင် တွေကို ဖိတ်ခေါ်လိုက်တယ်။ ဖိတ်တာတောင် ဖိတ်စာတစ်စောင် ထောင်ကျော်ကျတဲ့ ရှယ်ဖိတ်စာနဲ့ကို ဖိတ်တာပါ။ ပင်မရွာသာရွာကြီးမှာ အစည်းအဝေးခေါ်တယ်။ စည်းကမ်းချက်တွေ ရှင်းပြတယ်။ ညှိကြတယ်။ ဆွေးနွေး ကြတယ်။ အားလုံးသဘောတူညှိနှိုင်းတဲ့ စည်းကမ်းချက်အထိရအောင် အထပ်ထပ်အခါ အခါ အကြိမ်ကြိမ် ညှိကြ၊ ဆွေးနွေးကြတာပါ။

    နောက်ဆုံးအားလုံးသဘောတူညီချက်ရတာက အုပ်ချုပ်နည်းပြအပါအ၀င် ဘောလုံးတစ် သင်း ၂၂ယောက်ကို ဓာတ်ပုံရိုက်ပြီး ပို့ရမယ်။ ပြိုင်ပွဲကာလမှာ ဓာတ်ပုံပါ ကစားသမားမှအပ ကစားခွင့်မရှိပေါ့။ တူညီဝတ်စုံကို ဒိုင်ဆုံးဖြတ်ချက်သာလျှင် အတည်ဆိုတာကတော့ ထုံးစံအတိုင်း မပါမပြီး ပေါ့လေ။ အားကစား သမားစာရင်း၊ ဓာတ်ပုံကို ပြိုင်ပွဲမကျင်းပမီ တစ်ပတ်အလိုမှာ ပို့ရမယ်ဆိုတာက အရေးကြီးတယ်။ ပြိုင်ပွဲ ကော်မတီဝင်တွေ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ အကျအနဖွဲ့ပြီး သိပ်မကြာပါဘူး ကားဂိတ် ဆိုင်တန်းတွေဘက်မှာရော 'T.M.S Cup ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ'ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့အတူ ရွာသာရွာ အပါအ၀င် ခုနှစ်ရွာအုပ်စုလုံး ပါးစပ်နဲ့ ဘောလုံးစကန်ကြတော့တာပဲ။

    'မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်'ဆိုထားသကိုး။ တကယ်ဆို တစ်ချိန်က မြန်ခမာဆိုတာ အရှေ့တောင်အာရှလောက် စကားထည့်မပြောနဲ့၊ အာရှမှာပါ မိုးကောင်းခဲ့တာကိုး။
    'မာဒေးကား'၊ 'ပတ်ချုံဟီး' ဖလားတွေအပြင် မြူးနစ်အိုလံပစ်မှာတောင် ထိပ်သီးအသင်းတွေကို ခြေရှည်တူ လိုက်ကစားပြီး အသန့်ရှင်းဆုံးဆုတောင်းရခဲ့တာကိုး။ ပြင်ဆင်ချိန်က နှစ်ပတ်ပဲရတော့ ရွာသာရွမြှာ ဘောလုံး မှ ဘောလုံးဖြစ်ကုန်ပြီ။ ခက်တာက လူရွေးဖို့ပဲ။ ဓာတ်ပုံပို့ရမှာက ရှိတော့ လူက ဖြတ်သင့်ပြီလေ။ ရွာသာရွာ ရဲ့ တစ်ခုတည်းသော ဘောလုံးကွင်းမှာ ဘောလုံးသမားက သုံးလေးသင်းစာ ရှိနေတယ်လေ။ သူများရွာတွေ ကတော့ အုပ်ချုပ်နည်းပြအပါအ၀င် ဘောလုံးသမား ဓာတ်ပုံတောင် ပို့ပြီးလို့ အသင်းလိုက် ဖွဲ့စည်း လေ့ကျင့် နေကြကုန်ပြီ။

    ခက်တာက ရွာသာရွာမှာ ဘယ်သူက ဦးဆောင်ပြီး ဘောလုံးအသင်းကို အုပ်ချုပ်မယ်၊ နည်းပြမယ်၊ ရွေးမယ်ဆိုတာ ခုထက်ထိကို မရှိသေးတော့ ခက်နေတယ်။ ညနေဆို ဖိုးကန်ချင်တွေ ချည်းဆိုတော့ တစ်ဖက် လူနှစ်ဆယ် အစိတ်နဲ့ခွဲကန်နေရတာ။ လူငါးဆယ်၊ ဘောလုံးတစ်လုံးနဲ့ ကွင်းတစ်ကွင်းဆိုတော့ ကြည့်လို့ကောင်းပါတယ် စိတ်ပျက်ဖို့ပါ။ 'ဒီလိုပုံနဲ့ မိုးကြီးချုပ်တော့မယ့်' အဖြစ်မျိုးရောက်နေလေတော့ ရွာက တာဝန်ရှိသူတွေခမျာ မနေသာတော့ဘူး။ ရွာသာရွာက အုပ်စုဝင် အိမ်ခြေ ငါးရာကျော်ရှိတဲ့ ရွာကြီး။ သည်ကြား ထဲက တစ်ဆယ့်ရှစ်ယောက် ရွေးဖို့ဆိုတာ မလွယ်လှဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး သူများ အမုန်းခံ ရတဲ့ အလုပ်မျိုး မလုပ်ချင်တဲ့ လူမျိုးထဲမှာ မြန်မာလူမျိုးက ထိပ်ဆုံးကပါမယ် ထင်ပါတယ်။

    နောက်ဆုံးက ရွလူကြီးကိုယ်တိုင်က 'ကာလသားခေါင်း ကိုခင်မောင်'ခေါင်းပေါ် ပုံချလိုက်တယ်။ မင်းတို့ လူငယ်တွေကိစ္စပဲ။ နားလည်တဲ့သူနဲ့ တိုင်ပင်ပြီး လူရွေးကြပေါ့။ နောက်ငါးရက်ဆို ဓာတ်ပုံပို့ ရတော့မယ်လေ။ တစ်ခါတလေကျ လွယ်လွယ်ကလေးလို့ အများထင်နေကြတဲ့ အလုပ်ကလေးတစ်ခုက သမ္မာသမတ်ကျကျ မှန်မှန်ကန်ကန်ဖြစ်အောင် အများလက်ခံအောင် လုပ်နိုင်ဖို့ဆိုတာ အခက်သားလား။

    'ဟိုလူရွေးပါ၊ ဒီကောင်ရွေးပါ'
    'တို့လည်း ဒီလောက်တော့ ကန်တတ်ပါတယ်'ဆိုတဲ့ကောင်နဲ့ မလွယ်လှဘူး။
    ဘောလုံးသမား ၁၈ယောက်စာရင်းက မြန်မာဘောလုံးအသင်းအတိုင်းပဲ။ ပြိုင်ပွဲဝင်ကာနီးတွင် အပြီးသတ်မရွေးနိုင်သေးဘူး။ အဲမရွေးနိုင်သေးဘူးဆိုတာထက် မရွေးရဲသေးဘူးဆိုရင် ပိုမှန်မယ်။
    အခုတော့ ပွဲကပြတ်သွားပါပြီ။ ကိုခင်မောင်ကပဲ။ ရွာကလူကြီးက အာဏာကုန် လွှဲပြီဆိုတာနဲ့ အပြတ်ကြမ်းတော့တာပဲ။ သူ့ကို ရွာကလူတွေအားလုံးက 'လေခင်'လို့ပဲ ခေါ်ကြတယ်။ နာမည်နဲ့ လူနဲ့ လိုက်အောင် ပေးထားတာပါ။ ရွာမှာ ကာလသားခေါင်း။ လူပျိုကြီး။ ပိုက်ဆံချမ်းသာတယ်။ အသက်ကတော့ လေးဆယ်ပတ်ဝန်းကျင်ကပဲ။ ဒါပေမဲ့ သူ့ကို ဘယ်ချိန်မေးမေး သုံးဆယ်ကျော်ပဲ။ သည်စကားကို လွန်ခဲ့တဲ့ လေးငါးရှစ်နှစ်ကတည်းက ပြောလာတာဆိုတော့ စဉ်းစားပြီး သူ့အသက်ကို တွေးပေတော့ပဲ။

    တစ်ခု သတိထားမယ်ဆိုရင် သတိထားစရာက 'လူရွေးပွဲ'မတိုင်မီ လက်ဖက်ရည်ဝိုင်းမှာရော၊ အလှူ၊ သာရေး၊ နာရေးလူစုံစုံရှိတဲ့ ၀ိုင်းတွေမှာ ဘောလုံးနဲ့ပတ်သက်ပြီး ကမ္ဘာကြီး ၀င်းအောင်၊ မျိုးလှိုင်ဝင်း၊ အသက်ကြီးပေမဲ့ မပျက်စီးတဲ့ ပင်နတီကြည်လွင်တို့လို မြန်မာ့လက်ရွေးစင်တွေ အကြောင်းသာမက၊ ပြင်သစ်က ဇီဒန်း၊ အီတလီက ဇိုလာနဲ့ မာလ်ဒီနီ၊ ဘရာဇီးလ်က ကာဖူး၊ ဂျာမနီက အိုလီဗာခန်း တို့အကြောင်းတွေ အထိ ပြောတော့တာပဲ။ အဓိက သူပြောချင်တာက ဘောလုံးမှာ အသက်နဲ့မဆိုင်ပါဘူး။ 'နွားပျို သန်လှ၊ နွားအိုပေါင်ကျိုး'ဆိုတဲ့ သဘောမျိုး သက်ရောက်စေချင်တယ်နဲ့ တူပါတယ်။

    ကိုခင်မောင်က ဆယ်တန်းသုံးလေးခါကျပြီး ကျောင်းထွက်ခဲ့တယ်။ သူ့အိမ်မှာ ဂြိုလ်တုစလောင်းရှိတယ်။ အပတ်စဉ် အားကစားစာစောင်တွေ ပုံမှန်ဖတ်တယ်။ ကျောင်းနေစဉ်က မြို့မှာ ကျောင်းလက်ရွေးစင် ဖြစ်ခဲ့ဖူး တယ်ဆိုပဲ။ လူကရွာမှာ ကုန်စုံဆိုင်အပြင် ယာ၊ ချောင်း၊ ထန်းပြည့်စုံတယ်။ အတိုးပေး ဘာပေးနဲ့ပါ စီးပွားဖြစ်နေသူပါ။ ရွာမှာ သူနဲ့ကင်းတဲ့သူ ရှားတယ်လေ။ လူက ပိုက်ဆံချမ်းသာ တာကလွဲပြီး ဘာမှမချမ်းသာတော့ နာမည်ကြီးဖို့ ထင်ပေါ်ဖို့ဆိုရင် ပိုက်ဆံလမ်းခင်းပြီး လုပ်တာ။ ယုတ်စွအဆုံး ရွာမှာ အလှူပွဲဖြစ်ဖြစ်၊ ဘုရားပွဲဖြစ်ဖြစ် ဇာတ်ပွဲလေး၊ ဆိုင်းသံ၊ ဗုံသံကလေးများပါလာရင် ဇာတ်သမား၊ ဆိုင်းသမားတွေကို သူ့အိမ်ခေါ် ကျွေးမွေးဧည့်ခံပြီး အားနာယူရလောက်အောင် ပေါင်းသင်းတယ်။

    အဲညကျ ပွဲခင်းလူစည်ပြီဆိုရင်
    'ဧည့်သည်အဆိုတော် ရွာသာ သားကလေး ဂီတ၀ါသနာရှင် ဧည့်သည်အဆိုတော် ကိုမောင်မောင် ခင်မောင်မောင် က သီချင်းလေးတစ်ပုဒ်နဲ့ဆိုတော့ ဖြစ်ကရောပဲ။ ရွာမှာ အရပ်ပြဇာတ်ကပြီဆိုရင်လည်း မင်းသမီး ငှားခနဲ့ တီးဝိုင်းစရိတ်အကုန်ကျခံပြီး 'ပြဇာတ်မင်းသား'လုပ်တဲ့သူလေ။
    ဒီလောက်ဆို ဇာတ်ရည်လည်ပါတော့မယ်။ လူရွေးကြမယ်ဆိုတော့ ကိုငြိမ်း (မန္တလေး)ရဲ့ 'ရှမ်းပွဲကိုးပတ်' ကိုတောင် အမှတ်ရမိပါသေးရဲ့။

    'ကိုင်း' ဘယ်သူကများ ကိုခင်မောင်ကို လက်ရွေးစင်စာရင်းမှာ မပါသင့် မပါထိုက်ပါဘူးလို့ ပြောမှာတုံး။
    စိတ်ချ အမုန်းလည်းမခံဘူး၊ မပြောရဲသလို မပြောသာဘူး။ ကွယ်ရာမှာသာ ပြောချင်ပြောကြမယ်။ အပြီးသတ် ရွေးပြီး လို့ ဓာတ်ပုံရိုက်ပြီးသွားပြီ။
    ရွာသာရွာမှာ ဘောလုံးအသင်းဝတ်စုံက တကယ့်ကိုအပျံစား။ ဘရာဇီးလ် အသင်းဝတ်စုံပဲ။ ၀တ်စုံစရိတ်၊ ကစားသမား တွေ လေ့ကျင့်စရိတ်ကို သူပဲ တာဝန်ယူတယ်။ မနက်ကွင်းဆင်းပြီးရင် ကြက်ဥတစ်လုံး၊ ငှက်ပျောသီး ဖီးကြမ်း တစ်လုံး၊ နွားနို့တစ်ခွက်၊ ညနေကွင်းဆင်းပြီးရင် ကြက်ဥသံပရာ လိုလေသေးမရှိ။ ဒီတော့ အသင်းကပ္ပတိန်ဟာလည်း 'ကိုခင်ောမင်'ခေါ် လေခင်ကလွဲပြီး ဘယ်သူများ ဖြစ်နိုင်တော့မှာလဲ။

    ကိုခင်မောင်က ကွင်းထဲမှာ ခြေမပေါ်ရင်နေမယ်။ အပြင်မှာလေကန်ကန်ကြပြီဆိုရင် သူ့ကိုမီအောင် ကန်နိုင်တဲ့ သူ ရှားတယ်။ အရှေ့တောင်အာရှတို့၊ အာရှအဆင့်ဆိုတာ ဘေးချိတ်။ ပြည်တွင်း ပထမတန်း ပွဲစဉ် တွေဆိုတာ လေသံတောင် မဟဘူး။ ပရီးမီးယားလိ(ဂ)၊ ဂျာမနီက ဘွန်ဒက်လီဂါ၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေက ကစားသမားတွေ၊ ကစားကွက်တွေကို ရေပက်မ၀င်အောင် ကန်ပြလိမ့်မယ်။

    ညနေကွင်းထဲမှာ နှစ်ဖက်ခွဲကန်ကြရင် ကိုခင်မောင်အကြောကို သိထားကြတယ် သူ့ဆီက ဘောလုံးရအောင် မလုကြဘူး။ ချဲပေးတယ်။ ဟန်ပြသဘောလောက်ပဲ လုတယ်။ ဒါကို သူ့ဖိန့်ကြောင့်ပဲ လွတ်သွား တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ပေးတယ်။ ဒါပေမဲ့ ဂိုးသမားနဲ့ တစ်ယောက်ချင်း လွတ်ပေးတာတောင် ဂိုးသမား ရအောင် မသွင်းနိုင်တော့ ခက်ကုန်ပြီ။
    ဒါပေမယ့် လေခင်ပဲလေ။

    'ဂိုးသမားညှာလိုက်လို့ပေါ့ကွာ၊ ငါ့ကန်ချက်နဲ့ ဒီလိုအနီးကပ် မညှာတန်းကန်လိုက်ရရင် ဟင်းဟင်း'
    သူပြောတာကို အချင်းချင်းမရယ်မိအောင် မျက်နှာပိုးသတ်ရင်း 'ဟုတ်ပါသဗျို့… မှန်ပါသဗျို့'ဆိုပြီး ထောက်ခံကြရတာပေါ့။ ကျေးဇူးရှင် ကပ္ပတိန်ကြီး ရွှေစိတ်တော်ညိုသွားရင် ခက်သွားမယ် မဟုတ်လား။ ခက်တာက အသင်းမှာ နည်းပြပါတယ်ဆိုပေမဲ့ နာမည်ခံပါပဲ။ ဘေးကနေ ၀တ်စုံထိန်း၊ သံပရာရည်ပုံး၊ ရေပုံး ကိုင်လောက်ပဲရှိတာ။ ကိုခင်မောင်ပဲ နည်းပြ၊ သူပဲ ကပ္ပတိန်၊ သူပဲ အုပ်ချုပ်သူဆို မမှားပေဘူး။

    တစ်ခါကလည်း ငိုရခက် ရယ်ရအခက်။ ပင်နတီကန်တာကို နည်းပြတာလေ။
    ဘောလုံးကို သေသေချာချာကိုင်ပြီး ဟောသလိုတည်ထား၊ နောက်ကို ခုနှစ်လှမ်းဆုတ်။ ခြေအနေအထား သည်နေရာ နဲ့ ဘောလုံးရဲ့သည်အစိတ်အပိုင်းကို သည်လိုပြေးပြီး သည်လိုကန်ဆိုပြီး ကန်လိုက်တာ ဂိုးတခြား ဘောလုံးတခြားပဲ။

    ဒါကိုသူကပဲ
    'အဲသလိုကန်ရင် အဲသလိုလွဲတယ်၊ အဲသလိုမကန်နဲ့'ဆိုပြီး လုပ်ချလိုက်တော့….
    လေခင် ပဲလေ သည်လောက်တော့ ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် 'အဲသည်လို ကန်ရင် အဲသည်လို လွဲတယ်၊ အဲသည်လို မကန်နဲ့'ဆိုတဲ့ စကားလုံးလေးကတော့ ရွာသာဘောလုံးအသင်းမှာတော့ ပြောစမှတ်ပဲ။
    အတည်ပေါက်လုပ်ထားတဲ့ ကိစ္စများ လွဲချော်သွားပြီလားဆိုရင် သည် စကားလုံးလေးကို ရေလဲသုံးကြတာပဲ။ 'အဲသည်လိုလုပ်ရင်၊ အဲသည်လိုလွဲတယ်၊ အဲသည်လိုမလုပ်ပါနဲ့ပေါ့။' ဘောလုံးပြိုင်ပွဲက နီးလာလေလေ ရွာသာအပါအ၀င် အုပ်စုဝင် ခုနစ်ရွာလုံးဟာ မျှော်တလင့်လင့်နဲ့ တက်ကြွနေကြတယ်။ ဘယ်သူ မဆို ခွေးချင်းကိုက်တာတောင် ကိုယ့်အိမ်ကခွေး နိုင်မှကြိုက်ကြတာပဲ မဟုတ်လား။ ခုဟာက မျိုးချစ်စိတ်၊ ရွာအစွဲတွေ ပါလာပြီလေ။ အပြိုင်အဆိုင် အားပေးကြတာပေါ့။

    ကမ္ဘာ့ဖလားလောက်နီးနီးသည် T.M.S Cup ကို တန်ဖိုးထားကြလေရဲ့။ အုပ်စုခွဲကြတယ်။ ခုနစ်သင်းဆိုတော့ အုပ်စု(က)နဲ့ အုပ်စု(ခ)ခွဲတယ်။ လေးသင်းအုပ်စုခွဲ၊ သုံးသင်းတစ်အုပ်စု ရွာသာရွာက သုံးသင်း တစ်အုပ်စုမှာ ရွာသာရွာ သုံးသင်းတစ်အုပ်စုမှာကျတယ်။ ကွာတားမရှိဘူး။ အုပ်စုပြီးရင် ဆီမီး ဖိုင်နယ် ပဲ ရှိတယ်။ ရွသာက နှစ်ပွဲကန်ရမှာ တစ်ပွဲနိုင်ရင်ပဲ အခြေအနေကောင်းမှာ ဆိုတော့ ပွဲချောင် တာပေါ့။ ပြီးတော့ နှစ်ပွဲကန်ဆိုတော့ ပွဲမပန်းတာပေါ့။ ပွဲကလည်း စည်မှာပါ။ ကွင်းပြင်ထားတယ်။ အသံချဲ့စက်၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲအဖွဲ့နဲ့ ဒိုင်တောင်မြို့က ငှားရမှာဆိုတော့ သည်ပွဲစည်ပြီပေါ့။

    ကဲစပါပြီ ဘောလုံးပွဲ။ အသင်းကပ္ပတိန်ကြီးနဲ့ ပွဲဦးထွက်ာတင် ပြဿနာတက်တော့တာပဲ။  ကိုခင်မောင်က အသင်း ကပ္ပတိန်ဆိုတော့ သူပြောတဲ့ ကစားကွက်အတိုင်း သူ့ကို ၄း၅း၁ ကစားကွက်နဲ့ ကစားတယ်။
    အဲသည်ပွဲမှာ သရေကျတယ်။ ကိုခင်မောင်လည်း ဘွဲ့ထူး၊ ဂုဏ်ထူး တစ်ခုထပ်တိုးလာတယ်။ ဒါကတော့ 'မဗျားသား'တဲ့။ ဟုတ်တယ် တကယ်လည်း မဗျားသားပါ။ ရွာသာမှာ မဗျားဆိုတဲ့ မိန်းမကြီးရဲ့ တစ်ဦး တည်းသော သားရဲ့နာမည်က  'လူပို' တဲ့လေ။

    'နံပါတ်တစ်ဆယ် မဗျားသား ထွက်ပါတော့ဗျို့' ကွင်းထဲမှာ အားပေးလိုက်ပုံများ။ ဒါပေမဲ့ လေခင်လေ။ သည်လောက်နဲ့ ဘယ်တုန်လှုပ်ပါ့မလဲ။
    ဒုတိယပွဲအတွက်လည်း သူပဲ Line up ဆွဲတယ်။ အထောင်နေရာမှာ သူပဲပေါ့။ သည်ပွဲလည်း ပွဲပြီးကာ နီးကျမှ နောက်တန်းက တက်သွင်းလို့ တစ်ဂိုးနဲ့ ကပ်နိုင်တာ။ သည်ပွဲပါ ရှုံးရင်တော့ ရေစုန်မျောပြီ။ ရွသာရွာ တစ်ရွာလုံး ကရော ဘောလုံးသမားတွေကပါ ကိုခင်မောင်ကြီးကို စိတ်ပျက်လှပြီ။ အုပ်စု ဒုတိယနဲ့ တက်ပြီး နောက်ကန်ရမယ့်ပွဲက ရှုံထွက် နိုင်ရင် ဗိုလ်လုပွဲတက်။ ရှုံးရင် အောင်ဖျာလိပ်တော့ပဲ။ သည်တော့ အရေးကြီးတဲ့ ပွဲမှာ ကိုခင်မောင်ခေါ် လေခင်ခေါ် မဗျားသားကို Line up မှာ မထည့်ချင်ဘူး။

တစ်ဖက်က တက်လာတဲ့ အသင်းကလည်း ခေသူမဟုတ်ပါလေ။ မြို့မှာ ကျောင်းတက်နေတဲ့ အထက်တန်း၊ တက္ကသိုလ်၊ ကောလိပ်လက်ရွေး စင်တွေကအစ ကြည်း၊ ရေ၊ လေ လက်ရွေးစင်အထိ ဖြစ်ခဲ့ဖူးတဲ့ စစ်ထွက်၊ ရဲထွက်တွေတောင် ပါတယ်ပြောတယ်။ ပေါ့တာနဲ့ ခံရမယ်လေ။ ရှင်းရှင်း မညှာတမ်းပြောရရင် ရွာသာ ဘောလုံးအသင်း မှာ ကိုခင်မောင်ထက် ကောင်းတဲ့သူတွေချည်းပဲ။ ရွာသာကလည်း မြို့နယ်၊ တိုက်နယ် အဆင့် ကနေ တက္ကသိုလ်၊ ကောလိပ် လက်ရွေးစင် လေးယောက်ရှိတယ်။ ဘယ်ကပြောင်းလာပြီး ရွသာသူနဲ့ အိမ်ထောင်ကျတဲ့ နှစ်ယောက်နဲ့ဆိုရင် တိုင်းနဲ့ပြည်နယ် အဆင့်မှာတောင် ကစားခဲ့သူတွေပါ။ သည်လို လူတွေ ရှိပေမယ့် ကိုခင်မောင်ကတော့ ၄း၅း၁မှာ အထောင်ပဲ။ တစ်ပြားသားမှ မလျှော့ဘူး။

    'အခုပွဲက အရေးကြီးတယ်။ တဖြည်းဖြည်းနဲ့ ၄း၅း၁နဲ့ ကစားကွက်ဟာ အသားကျလာပါပြီ။ ဒါကြောင့် ဒုတိယပွဲမှာ နိုင်လိုက်တာပေါ့' ပြောမှပြောတတ်ပလေ။ ဒုတိယပွဲမှာ တကယ်ဆို အထောင်က သွင်းသွားတာ မဟုတ်ဘူး။ 'အီစွပ်'က သွင်းသွားတာ။ ဟုတ်လည်းဟုတ်တယ် နောက်တန်းဘယ်အစွန်ကနေ ကစားတဲ့ မဲလုံးခေါ် အီစွပ်က သွင်းသွားလို့နိုင်တာ။ မဲလုံးက အသားမည်းလွန်းလို့ အချင်းချင်းကနေ အီစွပ် လို့ ခေါ်ကြ တာကိုး။

    သည်ပွဲမှာတော့ သူပြောတဲ့ Line up အတိုင်း ၄း၅း၁နဲ့ ကစားပေမဲ့ ကစားဖော်တွေက ကိုခင်မောင်ကို ပေးမကစားတော့ဘူး။ သူပေးလိုက်ရင်လည်း ဆယ်လုံးပေး ဆယ်လုံးပျက်တာကိုး။ အသက်က လေးဆယ်နား ကပ်နေတဲ့အပြင် ဗိုက်မှာ အဆီစုနေတာကိုး တစ်သင်းလုံး ဆယ်ယောက် တစ်ယောက်နဲ့ ဆယ့်တစ်ယောက် ကန်တယ် သဘောထားပြီး ပိုအားစိုက်ကန်နေရရှာတယ်။
    'နံပါတ် ၁၀ မဗျာသား လဲပါတော့ဗျို့'
    ဘောလုံးပွဲမှာ အသည်အသံ မကြာမကြာ ထွက်လာရော။ ပထမပိုင်းပြီးတယ်။ ဂိုးမရှိ သရေ။ ဒုတိယပိုင်း မစခင် ကိုခင်မောင်ကို လူလဲချင်ပေမယ့် ဘယ်သူမှ တည့်တည့်မပြောရဲဘူး။
    'ကိုခင်မောင် ဘယ်နဲ့လဲ ရသေးလား၊ ကစားနိုင်သေးလား'

    အဲသည်လို ရေလာမြောင်းပေး စကားစတာတောင် ကိုယ်တော်ချောက ရိပ်မိဟန်မတူဘူး'
    'သိပ် သိပ်ရသေးတယ်'
    'ကျုပ်ဆီဘောလုံးလွတ်လွတ်ကျွတ်ကျွတ် တက်မလာသေးလို့ပါ'ဆိုပြီး တကယ့်ကို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ အကြောတွေ ဖြေလျှော့ပြီး ဒုတိယပိုင်းအတွက် အသင့်အနေအထားပုံစံ လုပ်ပြ လေတော့ ဘယ်သူကများ ဘယ်လိုလုပ် ဘာများ ပြောနိုင်မှာတုံး။ ဒုတိယပိုင်းပြီးကာနီးအထိ သရေပဲ။ အားမလို အားမရ ဖြစ်ကုန်ကြပြီ။ ဒါတောင် တစ်ဖက်အသင်းက တစ်ဂိုးသွင်းတာ လူကျွံဘောဖြစ်သွားလို့ သက်သာ သွားတယ်။

    ရွာသာရွာက ကိုယ့်ကွင်း ကိုယ့်ပရိတ်သတ်ဆိုတော့ ကွင်းပရိတ်သတ်အားနဲ့ ပြီးကာနီးလေး တစ်သင်းလုံး တက်ဖိပြီး ကစားကြတော့တာပဲ။ အဲသည်လို တက်ဖိကစားနေတုန်း ဂိုးရှေ့ပြန်အန်ထွက်လာတဲ့ ဘောလုံးကို ရွသာက တက္ကသိုလ်လက်ရွေးစင်အဆင့်ရှိတဲ့ ကောင်လေးက မနားတမ်း ကျုံးကန်လိုက်တာ 'ဂိုး'ရ သွားတယ်။
    ဒါပေမယ့် အဲသည်ဘောလုံးက ကိုခင်မောင်ကြီး မှန်ပြီးမှ ဂိုးသွားတယ်။ ကိုခင်မောင် ခြေထောက်နဲ့ ထိမှန်ပြီး ဂိုးသွားတော့ ကိုခင်မောင် ဂိုးပဲဖြစ်သွားတယ်။ ဒါကြောင့် ပွဲအပြီးမှာ
    'အေးဘောလုံးမှာ Finishing လိုတယ်။ မင်းတို့ နားလည်အောင် ပြောရရင် အဆုံးသတ် ကောင်းဖို့ပေါ့ကွာ။ ဥပမာ နေ၀င်းကန်တဲ့ ဘောလုံးကို နောက်ဆု့း ငါဂိုးသွင်းပိုက်နဲ့ မိတ်ဆက် ပေးလိုက်သလိုမျိုးပေါ့ကွာ'တဲ့။

    သည်စကားပြောပြီဆိုကတည်းက သေချာသွားပြီ။ နောက်ဆုံးဗိုလ်လုပွဲမှာလည်း ငါရယ်အစချီပြီး Line up ဆွဲတော့မှာ။ ရွာကလူကြီးတွေ အပါအ၀င် ဘောလုံးသမားအားလုံးက စိတ်ညစ်လှပါပြီ။ သူ့Finishing ဆိုတာကြီးကိုပဲ စိတ်ပျက်နေတာ။ သူ့ထိဝင်သွားတာကိုပဲ သူအဆုံးသတ်ကောင်းလို့ ဗိုလ်လုပွဲ တက်ရတယ် ဆိုတဲ့ အပေါက်ကြီးချိုးနေတော့တာကိုး။
    ဘောလုံးပွဲ အရှုံးအနိုင်မှာ အရင်စပြောတာက ဘယ်ရွာက နိုင်လဲ၊ ဘယ်နှဂိုးလဲ၊ ဘယ်သူရှူးသွားတာလဲ ဆိုပြီး ပြောတာများတယ်လေ။ သည်တော့
    'ရွာသာကနိုင်တယ်'
    'တစ်ဂိုးနဲ့'

    'လေခင်ကြီး ရှူးသွားတာ'ဆိုပြီးပဲ ပြောကြဆိုကြပြီပေါ့။ ဘာပဲပြောပြော မနက်ဖြန် ဗိုလ်လုပွဲမကန်မီ ရွာလူကြီး တွေ၊ ရပ်မိရပ်ဖတွေက ရွာသာဘောလုံးအသင်းကို ဂုဏ်ပြုညစာပွဲလေးတောင် လုပ်ပေး သေးတယ်။
    သည်ပွဲမှာ ကိုခင်မောင်ကြီးကို ၀ိုင်းပင့်ကြ၊ ၀ိုင်းထောင်ကြတာ သွားကြီးကို အအေးပတ်မတတ်ပဲ။

    'အကောင်းဆုံး ဘောလုံးသမားဆုတောင် ရနိုင်တယ်ပေါ့'အဲသည်လို မပြောလို့လည်း မဖြစ်သေးဘူးလေ။ ဗိုလ်လုပွဲဝတ် ၀တ်စုံသစ်ကို လေခင်ကြီးခေါ် ကိုခင်မောင်ကပဲ အကုန်အကျခံပြီး ထပ်ဆင်ပေးတာလေ။ သူမပါရင် ပွဲက မစည်တော့ဘူးလေ။ ဘောလုံးပွဲကလေး အတွင်းမှာပဲ ကိုခင်မောင်ကြီးခမျာ နာမည်တွေ ထပ်ထပ် တိုးလာလိုက်တာ နောက်ဆုံးတိုးလာတဲ့ ၀ိသေသလေးကတော့
    'Finishing ခင်မောင်'ဆိုပဲ။

    ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိဘူး။ နောက်ဆုံး ဗိုလ်လုပွဲ ကစားဖို့ ကွင်းထဲဝင်လာတော့ ကိုခင်မောင်ကြီး မပါဘူး။
    ပွဲကလည်း စည်ကားပါပေ့။ အသံချဲ့စက်နဲ့ ဘောလုံးပွဲ ကြေညာသူနဲ့ စုံပါပေ့။ စည်ပါပေ့။ မြိုင်ပါပေ့။
    'ကျွန်တော်တို့ ရွာသာလက်ရွေးစင် ဘောလုံးအသင်းမှာတော့ ကျောနံပါတ်တစ် နေလင်းဇော်၊ ကျောနံပါတ်ငါး မင်းသူ၊ ကျောနံပါတ်ငါး မင်းသူ၊ ကျောနံပါတ်လေး မင်းမင်းကို၊ ကျောနံပါတ်ရှစ် ဘပု…'

    ကျောနံပါတ် ၁၀ရွာသာရဲ့ Finishing ခင်မောင်ကိုတော့ ကြေငြာတဲ့ အထဲမပါခဲ့ဘူး။ ပရိတ်သတ်ကလည်း တီးတိုး တီးတိုးနဲ့။ ရွသာတစ်ရွာလုံး ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဖြစ်ပုံက ညက ဂုဏ်ပြုညစာစားပွဲမှာ တစ်သင်းလုံး သူတစ်ယောက်တည်းပဲ ကွက်ပြီး ဘာအစားမှားတယ် မပြောတတ်ဘူး။ တစ်ညလုံး ၀မ်းလျှော လိုက်တာ မအိပ်ရသေးဘူးပဲကိုး။ ဆေးမှူးခေါ် အကြောဆေးသွင်း၊ ဓာတ်ဆားရည် ပုလင်းကြီး ချိတ်ပြီး အတော်ကုယူရတာ။ ကောလာဟလကတော့ ကိုခင်မောင်ကို တမင်ပဲ ဆေးခတ် သလို ဆိုတာမျိုး ပြောနေကြတယ်။ သူ့ခြေကို တစ်ဖက်အသင်းက လန့်ပြီး သူစားမယ့် အစားထဲ ၀မ်းနှုတ်ဆေးခတ်သလို ပြောကြတာပါ။ တကယ်တွက်ကြည့်တော့ တစ်ဖက်အသင်းက ဆေးခတ်တယ်ဆိုတာ မဖြစ်နိုင် လောက် ပါဘူးလေ။ ခတ်ချင်းခတ် အချင်းချင်းကဆို ဖြစ်နိုင်သေးရဲ့။ တစ်ဖက်အသင်းက ကိုခင်မောင်ကြီး ပါလေ ကြိုက်လေ၊ သဘောကျလေဖြစ်မှာပေါ့။ မဟုတ်ဘူးလား။

    ဒါတောင် သူကသူမပါတာ အတော်အားလျှော့သွားတယ်။ အထောင်နေရာ သူကလွဲပြီး ရှိတာမဟုတ်ဘူး။ ပြီးတော့ အသင်းမှာ ကမ္ဘာနဲ့ဝါနဲ့ Fishing ကောင်းကောင်းနဲ့ အဆုံးသတ်မယ့်လူ မရှိဘူးဆိုပြီး တောက် တစ်ခေါက်ခေါက် နဲ့ပေါ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သေသေကျေကျေ ၀င်ကန်ပါမယ်လုပ်လို့ အတော် နားချ ယူရပါတယ်။
    ပွဲကလည်း ဗိုလ်လုပီပီအကြိတ်အနယ် ရှိတယ်။ ပရိတ်သတ်ကလည်း ၀ုန်းဆန်လို့ ပထမပိုင်းပြီးတယ်။ ဂိုးမရှိ သရေ။ ဒုတိယပိုင်းမှာလည်း သူ့ဘက်ကိုယ့်ဘက် မသွင်းနိုင်လို့ အချိန်ပိုဆက်ကန်တယ်။   

    ကိုခင်မောင် နေရာဝင်ကစားတဲ့ ရွသာရွာဘောလုံးသမားလေးက အတော်ကောင်းတယ်။ သူကန်သမျှ တစ်ဖက် ဂိုးသမားကလည်း လမိုင်းကပ်လွန်းလို့ ဂိုးမရတာ။ သည်တော့ သူ့ကိုပဲ တစ်ဖက်က အသေကပ် ၀ိင်းညှပ်၊ ၀ိုင်းဆော်ကြတော့ အတော်နာသွားတယ်။ ဆေးမှူးရော၊ ကြက်ခြေနီတွေရော အုံလို့။ ပွဲကိုတောင် ခေတ္တ ရပ်ထားရသေးတယ်။
    ကိုခင်မောင်ကြီး မရိုးမရွဖြစ်နေတယ်။ ရှေ့တန်းမှာ သူနာသွားရင် လဲစရာလူက ကိုခင်မောင်ပဲ ရှိတာကိုး။ သူက Finishing ဆိုတဲ့ အဆုံးသတ်ပေးမယ့်သူ မရှိလို့သာ  ဒီလိုဖြစ်ရတယ်ပေါ့။ Super Sub အနေနဲ့ သူဝင်ပြီး အစွမ်းပြချင်နေပြီ။ လူကလည်း တစ်ညလုံး ၀မ်းလျှောထားတော့ တုန်ချိ၊ တုန်ချိနဲ့ပါ။ ဘေးကလည်း သူ့စကားကို စိတ်ဝင်စားကြတာမဟုတ်ဘူး။ သူဝင်ကစားမှာကိုပဲ ကြောက်နေကြတာ မဟုတ် လား။

    နာသွားတဲ့ ရွာသာရှေ့တန်းသမားလေးက ဆက်ကစားပေမဲ့ သိပ်ဟန်ပုံမရဘူး။ ဘေးကလည်း အားတင်းပြီး ဆက်ကစားဖို့ အားပေးနေတယ်။ နာသွားတဲ့သူကလည်း နားချင်ပုံရတယ်။ သူ့ကိုပဲ ၀ိုင်းညှပ် ဆော်ကြတော့ မလှုပ်နိုင်ဘူး။ တချို့အပိုင်လုံးတွေဆိုရင် နာလို့ မပြေးနိုင်တော့ လွတ်ကုန်ရော။
    သည်တော့ ပရိတ်သတ်က အားမလို အားမရနဲ့ နာသွားတဲ့ ဘောလုံးသမား အစား 'လူလဲပါတော့ဗျို့' လုပ်ကရော။

    ကွင်းထဲက ဘောလုံးသမားကလည်း မလိုက်နိုင်၊ မပြေးနိုင်နဲ့ ဆက်ကစားနေရတာ တကယ့်ကို ခွကျလို့။ ကွင်းထဲကနေ လူစားလဲဖို့ လက်ထောင်ပြတယ်လေ။ ကွင်းပြင်က တစ်ညလုံး ၀မ်းလျှောထားတဲ့ အကြောဆေး၊ အားဆေးသွင်းထားရတဲ့ ကိုခင်မောင်ခေါ် လေခင်ခေါ် မဗျားသားခေါ် Finishing ခင်မောင် က တုန်ချိတုန်ချိနဲ့ ကွင်းထဲဝင်ဖို့ ပြင်နေပြီ။

    သွေးပူ လေ့ကျင့်ခန်းတွေ လုပ်နေပြီ။ ဒါပေမဲ့ 'လူစားလဲဖို့ မရှိတော့ဘူးလား လူလဲပါတော့ဗျို့'လို့ ဆူညံအော်ဟစ်နေတဲ့ ပရိတ်သတ်ကြီးဟာ လူစားလဲဖို့ လုပ်နေတဲ့ ကိုခင်မောင်ကြီးကိုလည်း မြင်ရော တိုက်ကိုက်ထားတဲ့အတိုင်း ထွက်လာတဲ့ တစ်ခဲနက်အသံကြီးကတော့…..
    'ဆက်ကန် ဆက်ကန်'တဲ့ဗျား။

ကိုလှိုင်ကြည်ဝင်း
၂၀၀၉၊ ဖေဖော်ဝါရီ၊ ရွှေအမြူတေ မဂ္ဂဇင်း

14 comments:

ahphyulay said...

သနား ပါတယ်ဗျာ..၊
တကယ့် အဖြစ် ဆိုရင် သူ့ ကို မက်(ခ်) က ဦးဇော်ဇာ် နဲ့ 
နိုင်းချင်ပါတယ်၊ သူ့ ခေတ်မှာ ဗမာအသင်း မနိုင်သေးပေမဲ့ 
နေရာ နဲ့ နာမည် တွေ တော့ ရလာပါပြီ၊ ပြည်တွင်း
ကလပ်ပွဲ တွေ လဲ လုပ်နိုင်လာပြီလေ၊ တစ်နေ့  ဗမာ
နိုင်တော့ မှာပါ ၊ တစ်ဖက်သင်း ဂိုးသမား မပါ ရင်..
ကဲ.. သူ့ ကို ဆက်ကန် ခွင့် ပေးလိုက် ပါလား။

ကိုဇော် said...

ဟီးဟီး. . .
အဲဒီလိုလောက်ကို ချစ်ကြရှာတာကိုး။

ဘောလုံး ရာသီနဲ့တော့ အကိုက်ပဲ။

မေဓာဝီ said...

ဒီဝတ္ထုလေးဖတ်ပြီး ငယ်ငယ်တုန်းက ရေဒီယိုက နားထောင်ရတဲ့ တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲတွေတောင် သတိရမိတယ်။ မျိုးလှိုင်ဝင်း သန်းတိုးအောင်နဲ့ ကြည်လွင်တို့ခေတ်ကောင်းချိန်ကိုလဲ အလွမ်းသား။
ဖတ်လို့ကောင်းတယ် မရွှေစင်။ ရယ်လဲရယ်ရတယ်။
ကိုခင်မောင်ခမျာ သနားပါတယ်။ :P

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ မဗျားသား လူပို အကြောင်း ဖတ်သွားပါတယ်... အဲလို လေပေါသမားတွေက အပြင်မှာလဲ တကယ် ရှိတယ်နော်....

SHWE ZIN U said...

ဒီပို့စ် ရဲ့ အောက် မှာ comments ၅ခု၆ခု ရှိပါတယ် ကျနော် လည်း ဟိုကျော်ဒီကျော် လုပ်ပြီး ဖွင့်ရတော့ ဘာကြောင့် မှန်း မသိ ပျောက်ကုန်ပါတယ်

တော်ကြာ ရေးတဲ့ သူတွေက မတင်ပေးဘူး ထင်မှာ စိုးလို့ပါ
ကျနော် မှတ်မိသလောက် ကိုကိုမောင်. ပူးတေ. အဖြူလေး. ကိုဇော်. မမေဓါဝီ ထင်တယ်

အားလုံးအားလုံးကျေးဇူးပါ

လေးစားစွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

comment တွေက မပေါ်ပြန်ဘူး စိတ်ညစ်ပါတယ်

Anonymous said...

comment တွေဘာကြောင့် မပေါ်သလည်း မသိ

Anonymous said...

ကော့မန် တွေ ဘာလို့ မပေါ်သလဲ

SHWE ZIN U said...

ကော့မန် မှာ မော်ဒရိတ် လုပ်တာ error တက်နေလို့ မော်ဒရိတ်ဖြုတ်ထားပါတယ်

ကိုကိုမောင်.ပူးတေ.မမေဓါဝီ.ကိုဇော် ကော့မန်တွေ ပါတယ်ထင်တယ် နောက် error ပြင်ပြီးမှ ပြန်တင်ပေးပါမယ်

အခုလောလော ဆယ်ဆယ်တော့ မော်ဒရိတ် ဖြုတ်ထားတဲ့ အတွက် မန့်လို့ရပါတယ်ဗျာ

ကျေးဇူးအထူးတင်ပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ဘာတွေ ဖြစ်နေမှန်းတောင် မသိဘူး ရူးချင်တာဗျာ

Anonymous said...

ဆက်ကန်ဆက်ကန် ဘောသမားများအလုပ်
ဆက်ဦးနှောက်ခြောက် ဆက်ဆက်ပြီး ဦးနှောက်ခြောက် ဘလော့ဂါသမားများအလုပ်

ပိတ်ကြစို့ကြ နောက်ဆုံးတော့ သရေဖြစ်သွားလိုက် ဘလော့ဂါတွေ နိုင်သွားတာများပါတယ်

မေဓာဝီ said...

မရွှေင်ရေ ... ကျွန်မ ကွန်မန့်ရေးထည့်ထားတာ မ၀င်ဘူးလားမသိဘူး။ မော်ဒရိတ် ခဏဖြုတ်ထားပါလား။ ကျမဆီမှာလည်း အဲဒီလိုဖြစ်နေလို့ ခဏဖြုတ်ထားတယ်။

Anonymous said...

ကိုကိုမောင် ပူးတေ မမေဓါဝီ ကိုဇော် ကောမန့်တွေ error တက်သွားလို့ ပျောက်သွားတယ်

အခုတော့ မော်ဒရိတ် မလုပ်ရအောင်ပြင်ထားတယ်

ကျေးဇူးတင်ပါတယ်

ရွှေစင်ဦး

Anonymous said...

မမေဓါဝီရေ

ကျနော် လည်း ခဏဖြုတ်ထားတယ် ကျနော် တယောက်ထဲ ဖြစ်တာမှတ်လို့ စိတ်ညစ်လို့ စာရေးချင်စိတ် တောင်ပျောက်သွားတယ် အကြောင်းရှာလို့ ကောင်းသွားတယ် ကျေးဇူးမမေဓါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး