Monday, July 5, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၁)

ထို့နောက် ဦးခင်ပို့လိုက်သော ကားနှင့်ပင် ဟင်နရီဟတ်ဆင်ဟော်တယ်သို့ ထွက်လာကြပါသည်။ အေးမြခင် ကတော့ သူ့အိမ်တွင် ရှင်းလင်းသိမ်းဆည်းစရာရှိသည်တို့ကို ပြုလုပ်ရန် ကျန်ရစ် ရပါသည်။ သူတို့အိမ်မှာ အိမ်စေ တယောက်မှ မရှိဘဲကိုး။ သူတို့သာလျှင် မဟုတ်ပါ။ သူတို့ဆီက တရွာ လုံးတရပ်လုံး တနယ်လုံး အိမ်စေ မရှိကြပါ။

ဗမာပြည်မှာတော့ တလ တဆယ် ဆယ့်ငါးကျပ်မှ လေးငါးဆယ်အထိသာပေးလျှင် အိမ်အမှုလုပ် များလို သလောက်ငှားရမ်းရနိုင်သည်။ အိမ်ရှင်မတယောက် ဈေးသွားဝယ်ဦး၊ တမူးတမတ်ပေးလျှင် တောင်းရွက် ကူလီကလေး များဖြစ်တဲ့ ဆော်လယာတို့ အပ္ပနားတို့ကိုငှားပြီး အိမ်တိုင်ယာရောက် လိုက်ပို့စေလို့ ဖြစ်နိုင် သလို၊ ဟိုဆီမှာ ဈေးတောင်းရွက်၍ လိုက်ပို့မည်သူမရှိပါ။
နီဂရိုး တွေရှိပါရောလား ... ဟုများ မတွေးပါလေနှင့်...။ နီဂရိုးခေါ်တဲ့ ကပ္ပလီထီး ..မ ..အစ ကလေးသူငယ် အထိ ကြီးလိုက်ပါဘိတဲ့သွေးနထင်ရောက်နေကြသည်။

အမှုလုပ်လက်စားပင်ဖြစ်စေ၊ ရသင့်ရထိုက်သော အခကြေးငွေမှာ အဖြူတွေနှင့်တမ်းတူ ရရှိကြ သည် သာလျှင် ဖြစ်နေသောကြောင့် ရှားရှားပါးပါး ကူလီထမ်းစားခြင်းမပြုရပေ။ ဗမာပြည်က ဂေါ်ရင် ဂျီတွေ အပေါ် မှာ အဆင့်အတန်းခွဲကြည့်သလို ကြည့်၍မဖြစ်ပါ။
သို့ကြောင့်သာလျှင် သူတို့နိုင်ငံမှာ အိမ်စေပြဿနာသည် အိမ်တိုင်းအိမ်တိုင်းတွင် ခက်ခဲလျက် ရှိ သည်။ ၀င်ငွေ တလလျှင် ဒေါ်လာခြောက်ရာမှ တထောင်အထိ ရသူတို့ အိမ်များ၌ အိမ်စေမငှားနိုင် ပါ။ ကလေးထိန်း၊ ထမင်းချက်၊ ကားမောင်းသူ သုံးမျိုးသည် တလဒေါ်လာသုံးဆယ်စီပေးရမည်။ အစား အသောက် အိမ်ရှင်နှင့်ထပ်တူကျွေးရမည်။ တနင်္ဂနွေ တပတ်လျှင် (၅)ရက်သာ အလုပ်ဆင်း၍ စနေ၊ တနင်္ဂနွေ နေ့တိုင်း အနားပေးရမည်။

ဥပမာအားဖြင့် လခဒေါ်လာတထောင် (ဗမာငွေ ၅၀၀၀၀ိ)ခန့် ရသူသည် အိမ်လခတရာ၊ ကား မောင်းသူ၊ လခသုံးရာ၊ ထမင်းချုက်လခ သုံးရာအားဖြင့် ဒေါ်လာ ၇၀၀ိ နှုတ်လိုက်လျှင် ကျန်သော ဒေါ်လာ သုံးရာနှင့် စားဘို့ ၀တ်ဘို့ မည်သို့မျှ လောက်ငှနိုင်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့်သာလျှင် မြေပိုင်ရှင်၊ ကုမ္ပဏီတိုက်ပိုင်ရှင်နှင့် ဒေါ်လာငါးထောင် တသောင်း ၀င်ငွေရှိ သူများ ထံ၌သာ ကားမောင်း၊ ထမင်းချက်များထားနိုင်တော့သည်။ ဒါပေမယ့် စနေ တနင်္ဂနွေနေ့ ဆိုလျှင် ကိုယ်တော်မြတ် များ အလုပ်မလုပ်၍ ထိုစည်းစိမ် ရှင်များပင် ကိုယ်တိုင် ထမင်းချက်၍ ကိုယ်တိုင် ကားမောင်း ရသောကြောင့် တလလျှင် ရှစ်ကြိမ်တိတိ မီးဖိုချောင်ကိုသူတို့ ရင်ဆိုင်ရသော ဒုက္ခမှ ယနေ့တိုင် မလွတ်မြောက် နိုင်ကြရှာ။

ဒါကြောင့်လည်း သူတို့နိုင်ငံက အခက်အခဲကို သူတို့ ဦးနှောက်မှ ပေါက်ပွားလာသော လောကဓာတ် နည်း၊ စက်မှုပညာ နည်း တို့နှင့် ဖြေရှင်းထားကြပါသည်။ အိမ်တိုင်း အိမ်တိုင်း ခလုပ် နှိပ်ရုံနှင့် မီးဖိုပြီး ချက်နိုင်သော လျှပ်စစ်နှင့် ဓါတ်ငွေ့ မီးဖို ပိုပိုမိုမို ချက်ထားနိုင်သော ဟင်းများနှင့် သားငါးပုဇွန် ဟင်းသီးဟင်းရွက် ဘယ်နှစ်ရက် ထားထား ပုပ်မသိုးနိုင်သော ရေခဲသေတ္တာရေနွေး၊ ရေအေးပိုက်နှင့် ပန်းကန်ဆေးစက်၊ အ၀တ် လျှော်စက်၊ အ၀တ်ခြောက် လေမှုတ်စက်၊ တံပျက်စည်းလှဲစက် စသည်များကို အိမ်နှင့်တပါတည်း တပ်ဆင် ပေးထားခြင်းဖြစ်ပေသည်။
ဤလိုနေရာတကာ လျှပ်စစ်ဓါတ်အားကို သုံးနိုင်အောင်လည်း ဈေးအပေါဆုံးနှင့် ဓါတ်အား ပေးထား ပါသေး သည်။

အိမ်အမှုလုပ် အစေခံမရှိပေမင့်ညနေ လင်ရောမယားပါ အလုပ်ကပြန်လာ၊ သားတွေ သမီးတွေက လည်း ကျောင်းက ပြန်အလာနှင့် လူစုံလျှင် စားချင်သော ဟင်းလျာသားငါးအသီးအရွက်တို့ကို ၀ယ်ထားသော အအေး သေတ္တာ မှ ထုတ်ယူပြီး ခလုပ်နှိပ်မီးဖိုပေါ်မှာ ချက်ပြုတ်ကြော်လှော်၍ အပျော်တပါး ကြီးစား နိုင်ကြသည်။
စားပြီးတဲပန်းကန်ပြားတွေကို ပန်းကန်ဆေးခွက်စက်ထဲထည့်၍ ခလုပ်နှိပ်လိုက်ရုံနှင့် သူ့ဟာသူ ဆေးပြီးသား အလုပ်မှ မောမောပန်းပန်း ပြန်လာသူ အိမ်ရှင်မများသည် အင်္ကျီလက်ဖျားပင့်ပြီး ငါး အင်္ကျီထိုး ထစ် ခုတ် ကြက်အမွေးနုတ် ငြုပ်သီး တဒိုင်းဒိုင်းမြည်အောင် ထောင်း စသော ဒုက္ခမျိုးတွေ လည်း မခံရပါ။

သားငါးအစို အမျိုးမျိုးကို ပေါင်းလိုက်-အကောင်လိုက် လိုလို အတုံးအတစ်လုပ်ပြီး အရွယ်အစား ခုတ်ပြီးသား လိုလို၊ အသားကျိတ်စက်နှင့် ကျိတ်ပြီးသားလိုလို၊ လိုချင်ရာ (၇)ရက်စာ ၀ယ်ယူကာ သိုလှောင်ထားနိုင်သည်။ ယုတ်စွ အဆုံး ဟင်းနုနွယ်ရွက် ကြော်စားရာမှာပင် အရွက်ကိုသင်ပြီးသား ရေဆေးပြီးသား ဖရောင်းစက္ကူ အိတ်နှင့် ထည့်ပြီးသား အနည်းအများလိုသလောက် ၀ယ်ယူထား နိုင်သည်။ ကြော်ခါနီးမှ စက္ကူအိတ် ကိုဖေါက်ဖြဲ ၍ ဒယ်အိုးထဲထည့်လိုက်ရုံသာ ပင်ပန်းမှုလက်စိုက်ရ ပါသည်။

နို့မှုန့်ကဲ့သို့ သန့်ရှင်းစင်ကြယ်၍ ဘယ်အခါမှ မှိုတက်သဖြင့် လွှင့်ပစ်လိုက်ရသည်။ မရှိသော ပုဇွန် ခြောက်မှုံ့ငရုပ်သီးမှုံ့၊ ကြက်သွန်မှုံ့ စသည်တို့မှာ လှပသော စက္ကူသေတ္တာငယ် ဆယ်ဆင့်တန်က စ၍ တပေါင်ဝင် နှစ်ပေါင်ဝင် လိုချင်သလောက် ရနိုင်လေသည်။ ဗမာပြည်မှာပင် ပုဇွန်ခြောက်မှုံ့ ငရုပ်သီးမှုံ့ ထောင်းပြီးသား ဆိုလျှင် မကောင်းသောအဖျင်းအညံ့များ ခေါင်းကျိုးများ ရောနှော ထောင်းရောင်းသည်ဟု သန့်သန့် ကြိုက်တတ်သူတို့က စိတ်ချလက်ချ ၀ယ်ယူသုံးစွဲလေ့မရှိကြရာ၊ သူတို့နိုင်ငံကပုဇွန်များမှာ တံငါ သင်္ဘောက တင်ပေးလိုက်သော အချိန်ကပင် ပုဇွန်ကြီးကြီးငယ်ငယ် တို့၏ ခေါင်းဆိုသမျှ လုံးဝထုတ်ပယ် စွန့်ပစ်ပြီးသား ဖြစ်၍ တပန်းသာနေပါသည်။

ယင်းလို လွယ်ကူမှုအရပ်တို့ကြောင့် အိမ်အမှု လုပ်မငှားနိုင်သော အိမ်တိုင်း အိမ်တိုင်းသည် အိမ် သားများ ပျော်ပျော် ပါးပါး လျှပ်စစ်စက်ခလုပ်နှိပ်ခါ အလွယ်တကူ ချက်ပြုတ်စားနိုင်ကြရာ၌ မီးဖိုခန်းကို အလှအပ ကစားစရာ အခန်းတခုပမာ စက်ခလုပ်နှိပ်ဘို့ ၀င်ချင်လုပ်ချင်တဲ့ အိမ်သား လင်သယ်များကို ဇနီးသယ်များက စားလဲ အတူ၊ နေမှုမတွဲ၊ မီးဖိုထဲလည်း တတွဲတွဲဆိုတဲ့ထုံးကို ရွှင်ရွှင်ပြုံးပြုံးနဲ့ အကောင်အထည်ဖော် လျက်ရှိကြ လေသတည်း။

ထိုနည်း၎င်း တအိမ်ထောင်လျှင် ကားတစီးဝယ်ထားနိုင်သော်ငြားလည်း၊ ကားမောင်းသမား မငှား နိုင်ကြ လေရာ ယောက်ျားကြီးငယ်ရော မိန်းမကြီးငယ်ပါ လူတိုင်း လိုလို ကိုယ့် ကားမောင်း၍ အလုပ် သွားကြရ လေသည်။ အလုပ်ကပြန်သောအခါလည်း လင်ရောမယားရော ကျောင်းသွားနေတဲ့ သားသမီးငယ်များပါ တပါတည်း ကိုယ့်ကားနဲ့ ကိုယ်လှည့်ကြိုခေါ်လာခဲ့ရကြသည်မှာ နေ့စဉ် နှင့် အမျှပင် အိမ်မရောက်ခင် လမ်းပေါ်မှာ ကားမောင်းရင်း မိသားတစုယနေ့တွေ့ကြုံခဲ့သမျှ သတင်း စကားများကို ပျော်ပျော် ပါးပါး ပြောဆို ရယ်မောကာဖြင့် သူတို့ နေထိုင်ရာ အိမ်သာယာကလေးသို့ ပြန်ရောက်လာလေ့ရှိပါသည်။

ဤပတ်ဝန်းကျင် သဘောတရား ကဲ့သို့ပင် အမေရိကန်ရောက် ဦးခင်တို့ ဇနီးမောင်မယ်ကလည်း အမေရိကန် လူထုနည်းအတိုင်း မနေလို့မဖြစ်ပေ။ ရောင်ပေစူးနှင့် မိနီလိုဟာ ကလေးမျှ ဆေးပေးမီး ယူခေါ် မလာရလေဟု နောင်တရစရာကြီး ဖြစ်မနေတော့ဘဲ၊ ပေါ့ပေါ့ပါးပါး ဖျပ်ဖျပ် လပ်လပ်နှင့်ပင် လင်ရော မယားပါ ကားကလေးနှင့် အတူတူ အလုပ်သွား အလုပ်ပြန်ပြီး မီးဖိုထဲမှာလည်း အတူတူ။
စာရေးသူ တို့ နယူးယောက်မြို့ အလယ်ပိုင်း ဟင်နရီဟတ်ဆင်ဟိုတယ်သို့ ဆိုက်ရောက်ကြပါပြီ။

အထပ်ပေါင်း ၂၀ မှ ၄၀ ထိရှိသော ဟိုတယ်ကြီး တခုဖြစ်ပါသည်။ အုတ်ပုံနီနီကြီးကို ပရွက်ဆိတ် တကေင်က မြင်နေရသလို မြင်ရပါသည်။ ဟိုတယ်အလုပ်ဌာနကောင်တာတွင် အခန်းနံပါတ်ဖြင့် သော့များတောင်းပြီး ဟိုတယ်စေ (ရုမ်ဘွိုင်)များကြိုဆိုခေါ်ယူရာသို့ လိုက်ပါသွားရပါသည်။
လျှပ်စစ်ဓါတ်လှေခါးအားဖြင့် ၁၉-ထပ် မြောက်သို့ ရောက်သောအခါ၊ ရရှိသော အခန်းအမှတ် အသားကို တွေ့ရှိသည်။ အခန်းပြင်ဆင်ပေးရသော အမေရိကန် အမျိုးသမီး ' မိတ် ' မကြီးက ခရီး ဦးကြိုနှင့် အခန်းအပ် ၍ လိုအပ်သော အခါ ခေါ်နိုင်ရန် အသံပြု ခေါင်းလောင်းကို ပြသထွက်သွားပါ သည်။

ဒီအခန်းကို ကြာရှည်နေနိုင် မနေနိုင်၊ ကြိုက်မကြိုက်၊ အကဲခပ် လိုက်မိပါသည်။ သပြေသီးမှည့် ရောင် ကတ္တီပါစ ဖားဖားကြီး လေးဘက်ချဖုံးထားသော အိပ်ရာ၊ မွေးရှည်ကတ္တီပါကော်ဇောနှင့် အရောင် ဆက်စပ် မိသော ဖဲခန်းဆည်းနှင့် စာရေးကိရိယာအစုံပါသည်။ စာရေးစားပွဲ၊ ဆိုဖာ ကုလား ထိုင်နှစ်ခု၊ မီးအိမ်အုပ်နှင့် ဘီရို အံဆွဲ လေးထပ်နှင့် တွဲရက်မှန်တင်ခုံပေါ်တွင် ဖလ်ခွက်ဖြင့် ဖလ် ရေတဂေါင်း တဘက်ကတော့ ရေဒီယို တလုံး၊ တယ်လီဗေးရှင်း ခေါ် ရုပ်မြင်သံကြားလိုလျှင်လည်း ရသည်။

မှန်ပြူတင်းကျယ်ကြီးအနီးကပ်၍ထားသော အနွေးနွေ့လွှတ် 'ဟိတာ' အိပ်ရာအနီးရှိ စားပွဲငယ် ပေါ်မှာတော့ တပင်တိုင် မီးအုပ်ဆောင်းနှင့် တယ်လီဖုန်း စားပွဲငယ် အောက်ဆင့်ကတော့ ဒုတတွာ လောက်ရှိသော တယ်လီဖုန်း ဂိုက်စာအုပ်ကြီးသုံးအုပ် ဒီလောက် ထူတဲ့သန်းချီနေသော တယ်လီဖုန်း နံပါတ် စာအုပ်ကြီး တွေမြင်တော့ ရုတ်တရက်လန်သွားမိသေးသည်။

ထို့နောက် ကြွေရောင်ဖြင့် မွမ်းမံထားသော ရေချိုးခန်း၌ ရေချိုးဘေဆင်၊ မျက်နှာသစ်ခွက်တို့တွင် ရေနွေးရေအေးပိုက်တို့က ဒန်ရောင်၊ နှုတ်သီးစွယ်စုံကိုယ်စီနှင့် ကြည့်မှန်နှစ်ခုနှင့် လက် မျက်နှာသုတ် ပုဝါသုံးစုံ ဟိုတယ်တံဆိပ်ပါ ဆပ်ပြာမွှေးခဲများ၊ မီးချစ်များ၊ ဘရိုမိုပေပါများ၊ ဘာမှ လို လေသေးမရှိ၊ တဘက်က ပစ္စည်း သေတ္တာအပိုများ ထားရန်နှင့် အင်္ကျီရှည်များချိတ်ရန် ဂျိတ်များပါ သော အခန်းငယ် အပိုတခု စသည်တို့ကို တွေ့ရရုံမက ပြူတင်းဝမှ အောက်သို့မျှော်ကြည့်လိုက်သောအခါ လမ်းပေါ်မှာ သွားလာ လှုပ်ရှားနေကြသော လူတွေ၊ ဘတ်(စ်) ကားမော်တော်ကားတွေ အပြည့်နှင့် အသွားအလာ လွယ်ကူရာ နယူးယောက် မြို့လယ် ဗဟိုကျသော ရပ်ကွက်တခုဖြစ်နေသည်ကို သိရှိရသဖြင့် နေချင့် စဖွယ် အခန်းပါဘဲ ဟု ဆုံးဖြတ် လိုက်မိပါသည်။

သို့လျှင် ထိုဟော်တယ်အခန်းအား နေချင်စဖွယ်ပါဘဲဟု ပိုင်းဖြတ်မိသည်နှင့် မရှေးမနှောင်းပင် ဦးခင်က သူ့အိမ် လိုက်လာရန် ထပ်လော နေပြန်သည်။ အစီအစဉ်ကလည်း နယူးယောက်မြို့မှာ နှစ်ရက် သုံးရက်မျှ နားပြီး ၀ါရှင်တန်မြို့သို့ သွားရန် ရှိနေပါသည်။
ဝါရှင်တန်မြို့မှာ အမေရိကန်နိုင်ငံ၏ မြို့တော် ဖြစ်သောကြောင့် ထိုမြို့မှဆိုင်ရာ အရာရှိကြီးများနှင့် တွေ့ကာ အမေရိကန်နိုင်ငံတွင်း၌ သွားလိုရာ ခရီးများကိုပင် ဆွေးနွေး၍ အစီအစဉ် ပြုဦးမည် ဖြစ် ပါသည်။

သို့အစီအစဉ် ပြုရာမှာလည်း ဧည့်သည်များ၏ သဘောအရ ဘယ်မြို့ဘယ်နယ် လည်ပတ်လိုသမျှ ရောက်လိုရာ ဌာနတို့ကို အနယ်နယ်ရှိ သူတို့ဆိုင်ရာ ဌာနများမှ ခရီးဦးကြိုပြုရန်နှင့် တည်းခိုရန် ထိုဟော်တယ် အခန်းများကို ရောက်မည့် နေ့ရက်တွင် အသင့် ငှားရမ်းထားရန် လေကြောင်းက ဖြစ်စေ ကုန်းကြောင်း ကဖြစ်စေ၊ မီးရထားလမ်း၊ ကားလမ်းတို့ကဖြစ်စေ သက်သာလွယ်ကူစွာ သွားလာနိုင်ရန် အစစ ပြုပြင် စီမံပေးရမည်ဖြစ်ပါသည်။

ဤအစီအစဉ်မျိုး ပြုလုပ်ပေးရာမှာ ၀ါရှင်တန်မှ အမေရိကန် ပြန်ကြားရေးဌာန၏ ကြီးကြီးမာစတာ များကသာ တာဝန်ခံ ရသောကြောင့် သူတို့နဲ့ တွေ့ဆုံ ခရီးအစီအစဉ် ရေးဆွဲပြီးမှ နယူးယောက်မြို့ သို့ တဖန် ပြန်လာရန် ဖြစ်ပါ သည်။

ထို့ကြောင့် နှစ်ရက် သုံးရက်ဖြင့်လျှင် ဒုက္ခမရှာဘဲသည်ဟော်တယ် အခန်းမှာပင် နေပါဦးမည်၊ ၀ါရှင်တန်က ပြန်လာမှ နယူးရောက်မြို့မှာ ၂-လ ထက်မနည်း နေမည်ဖြစ်သောကြောင့် သည် တော့မှ ဦးခင်တို့အိမ်တွင် တလှည့်လာရောက်တည်းခို နေပါမည်ဟု ဂတိပြုရပြန်ပါ၏။ ဒေါ်လုဝစ်ကလည်း ဟုတ်ပါသည်ဟု ထောက်ခံပြီး သူက ညစာ ကျွေးရန်နှင့် ရှုမျှော်ခင်းတုကို လိုက်ပြရန် ညနေ ၆-နာရီခန့်တွင် လာခေါ်ပါမည်ဟု ပြော၍ ထွက်သွားပါသည်။ ဦးခင်ကလည်း မနက်ကျ လျှောက်လည်ရန် သူ့ကား ယူလာမည်ဟုဆို၍ ပြန်သွား ပါသည်။

ခေတ္တအပန်းဖြေ ရေချိုးအ၀တ်အစားလဲပြီး မကြာမှီပင် ၆-နာရီထိုးနေသည်ကို တွေ့ရသည်နှင့် တပြိုင်နက် တံခါးခေါက်သံလည်း ကြားရလေတော့သည်။ တံခါးဖွင့်လိုက်သောအခါ၊ ပြုံးပြံးကြီး ရပ် နေသော ဒေါ်လုဝစ်မျက်နှာနှင့် ရင်ဆိုင်လိုက်ရပါတော့သည် သူ့အခန်းတွင်း ၀င်ရောက်လာပြီးနောက် အခန်းကို နှစ်သက် သဘောကျပါ၏လော စသော လောက၀တ်နှင့် အစချီ ရာမှ ညစာ ထမင်းစားသွားရန် ကားအသင့် ပါလာကြောင်း ပြောဆို ခေါ်ငင်သဖြင့် လျှပ်စစ်လှေခါး တံခိုးဖြင့် မျက်စိတမှိတ်အတွင်း ဟော်တယ် အောက်ဆုံး ထပ်သို့ ရောက်ခဲ့ကြပါသည်။

လှည့်လည် ကြည့်ရှုဘွယ်ရာ ဌာနတွေကလည်း များလှပါသည်။ ၀ါရှင်တန်မှ ပြန်လာမှပင် စေ့စေ့ ငုငု လည်တော့မည်။ ယခုတော့ဖြင့် နီးနီးနားနား ကြည့်သင့် ကြည့်ဘွယ် ရောက်သင့် ရောက်ဖွယ်ရာ အနည်းငယ် ကိုသာ ပဏာမရှုခင်းများအဖြစ် ကြည့်ရှုသွားရန်ဖြစ်ပါသည်။
အစ ရောက်ရေက်ခြင်းတော့ လမ်းတွေ ဘာတွေလည်း မသိသေးဘဲကို။ မိုးထိနီးပါး မတ်စောက် စောက် အပေါက် ကလေးတွေများစွာနဲ့ အဆောက်အဦးကြီးတွေကြား တည်းကားကြီးပြေးလွှား မောင်းနှင် ခေါ်ဆောင် လာရာသို့ လိုက်ပါလာခဲ့ရငြားလည်း ဘယ်အနားရောက်လို့ ရောက်မှန်းမသိ သေးဘဲ ရှိတော့သည်။

ချောပြောင်နေသောလမ်းမကြီးတွေပေါ် ဆိုဖာ ထိုင်ခုံတွေမှန်သားတံခါးတွေ ဒန်ရောင်လက်ရမ်းတိုင် တွေနဲ့ နှစ်ထပ်ဘတ်စ်ကားကြီးတွေတွေ့သည်။ ၎င်းကတ်တလစ်၊ ပက်ကပ်၊ စတူဒီ၊ ဗျူပွန်းတီးရယ်၊ ဒေါ့ချစသော အရောင် ဖိတ်ဖိတ် လက်သော ကားကြီး ကားကောင်းတွေသည် ၎င်းလမ်းပေါ်မှာ အပြည့် အသိပ် ကားစီးချောင်းကြီး တွေအဖြစ်လျှင်မြန်သော အရှိန်နှင့်စီးလျက်ရှိသည်။
ပလက်ဖောင်းလမ်းဘေးတချက်မှာမူကား ခြေလျှင်ခရီးသွား လူစီးချောင်းကြီးများကတော့ ခပ်မှန် မှန် ခြေလှမ်းကျဲ စီးဆင်းလျက် နေကြသည်ကို လက်ဦးဆုံး တွေ့မြင်ရပါသည်။ ဤနေရာများက လူ နေများ လှသော နယူးယောက်မြို့တွင် ဗိုလ်တကာ့ဘုရင် ဖြစ်သော လူစည်ကားဆုံး ဆိုသည့် တာဝေးလမ်းမကြီးနှင့် တိုင်းစကွဲယား အဆောက်အဦးတ၀ိုက်ဖြစ်၍ ဝေနေယျ သတ္တ၀ါအများနဲ့ စက်ယန္တရားယာဉ်ရထားတို့ ဤရွေ့ ဤမျှ မြောက်များနေခြင်းဖြစ်ပါသည်။

(ဗစ်သာအဲဗင်းနူး) ငါးလမ်းရိပ်သာနှင့် ကန့်လန့်ဖြတ်လမ်း အမှတ် ၄၉-မှ ၅၁-အထိ ၃-လမ်းခွ၍ ဆောက်လုပ်ထားသော အမေရိကန် သူဌေးကြီး ရော့ဖဲလား၏ အဆာက်အဦးကြီး၏ အနိမ့်ပိုင်းတွင် ရှိသော လေညှင်းခံ စားပွဲရုံကြီးတခုမှာ ညစာစားရန် ရောက်လာကြပါသည်။
ထိုစားပွဲရုံကြီး မှာ အတော်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ပြုပြင်ဖန်ဆင်းထားသည်။ နွေရာသီ အတွက် အပြင် အဆင်တမျိုး၊ ဆောင်းရာသီအတွက် အပြင်အဆင် တမျိုး၊ နှစ်သစ်ကူးအတွက် အပြင် အဆင် တမျိုး စသဖြင့် ရာသီဥတုအခါသမယနှင့် ကိုက်ညီသောအပြုအပြင်များကို ငွေရေလို သုံး၍ နှစ်လိုဘွယ်ရာ ပြုပြင်ထားခြင်း၊ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်၊ စပိန်စသော စားဖွယ်ရာကြိုက် နှစ်သက်ရာ စုံလင်စွာ ရရှိနိုင်ခြင်းနှင့် ခန့်ခန့်ထယ်ထယ် နောက်မြီးရှည်ကြီးများနှင့် ကော့ပျံနေအောင် ၀တ်စားထားသော စားပွဲခန်း မှူးကြီးများ၊ စားပွဲထိုးများ၊ ပျားပန်းခတ်မျှ ယုယ ဖော်ရွေခြင်းပြုကြရာ၊ စားပွဲခန်းကြီးတခုဖြစ်၍ နာမည်ကြီး သလောက် လက်ဖျားငွေသီးရာဌာနကြီး တခုလည်းဆိုလောက်ပါသည်။

အချုပ်ကိုဆိုရသော် ... အထူးထူးသော စားဖွယ်သောက်ရာ အဖျော်ယမကာတို့ကို မျက်စိပသာဒ လှလှ ရှုခင်းသာသာ၊ နားသောတငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် တီးမှုတ်ဖျော်ဖြေခါ စားသောက် ကောင်းရန် ကျွေးမွေး ပါတော့သည်။
သားငါး ဟင်းလျာများကို ငွေလင်ပန်းကြီးတွေ ခံကာ၊ ပန်ကာပြားကြီး အမောက်ကြောက်စရာကေင်း အောင် ထည့်ယူလာပါသည်။
အနီးအပါး အခြားစားပွဲခုံတွေမှာလည်း သည်အတိုင်းသာ ဥပမာ... လန်ဒန်စားပွဲရုံကြီးများတွင် ၀က်ပေါင်ခြောက် ကိုစက္ကူပမာ ပါးပါးလွှာလွှာ ယဉ်ရုံသာတိုင်း၍ ထည့်လာတတ်သည်။
သူတို့ ဆီမှာတော့ ဘုံးဘောလအောပင်။ ကုန်ချင်ကုန်မကုန်ချင်နေ၊ ပျဉ်းပြားစကြီးများ အပိုင်းလိုက် ခုတ်ထည့် ထားသလို စားလို့မကုန် အရမ်းများ လှသည်။ တနိုင်ငံလုံးက ဟော်တယ်များမှ ဤလိုဘုံး ဘောလအော ထည့်ပေးသဖြင့် မကုန်နိုင်တဲ့ အကျွင်းအကျန်တွေဟာ နေ့စဉ်နဲ့အမျှ စွန့်ပစ်လိုက်ရတဲ့ စားကျွင်း စားကျန် တန်ချိန်ပေါင်း အမြောက်အများရှိကြောင်း သူတို့ စာပဒေသာတခုမှာ တွေ့လိုက် ရဘူးတာ မှန်စရာ ရှိ၏ဟုတွေးလိုက်မိပါသည်။

အင်္ဂလန်ပြည်မှာ ဤလို အသားပါးပါးလွှာ၍ အစစအရာရာချွေတာခြုံးခြံခြင်းဖြင့် ဒုတိယကမ္ဘာစစ် အတွင်း ' ကစိပတ် 'တွေပြေအောင် ဘဏ္ဍာရေးအခြေအနေ ပြန်လည်တောင့်တင်း ရင်းစားပြန်ရ အောင် ပြုခဲ့ကြရသည်။ အမေရိကန်က စားသောက်ဆိုင်၊ ကာဖီဆိုင်ပေါင်းသန်းသုံးဆယ်ထက် မနည်းထိုမှ နေ့စဉ်နှင့် အမျှ မကုန်မခမ်းကျန်ရစ်၍ မြေကြီးသြဇာ စွန့်ပစ်ရတဲ့တန်ပေါင်း များစွာသော စားကျွင်း စားကျန်တို့ကို သည်လိုသာ မလစ်မဟင်းအောင် စည်းကမ်းတကျ ချွေတာခဲ့သော် ... တယောက်ပါးစပ်ထဲက ထမင်းလုပ်ကို တယောက် တလုတ် ယူစားနေရသော ကမ္ဘာပေါ်ရှိ အချို့တိုင်း ပြည်များမှ အငတ်ပြဿနာကိုပင် ဖြေရှင်း ပေးနိုင် ကောင်းစရာရှိလေသည်ဟု ကြားကနှမျောလိုက်မိ သေးသည်။
ထိုနေရာမှ စားောက်ခြင်းကိစ္စပြီးသောအခါ စားပွဲမှ (တစ်)ပေးပြီး ထွက်လာကြသည်။ သူတို့အရပ်က ထုံးစံအတိုင်း စားပွဲထိုးကို တဒေါ်လာလျှင် ၁၅ ... ဆင့်ကျ နှုန်းထား၍ ဒေါ်လာကျသင့်သလောက် ဘောက်ဆူး(တစ်) ပေးရသည်မှာ မဟာထုံးစံကြီးတရပ်ဖြစ်ပါသည်။

ထိုမှထွက်လာပြီးနောက် ရှုမျှော်ခင်းတခုစီသို့ ရေက်လာခဲ့ကြပါသည်။ နယူးယောက်တမြို့လုံးကို ရှုမျှော် ကြည့်ရာ ၌ အထပ်ပေါင်း ၁၀၂... ထပ်ရှိသော အင်ပါယာစတိတ်အဆောက်အဦးနှင့် အထပ် ပေါင်း ၇၀ ရှိသော ရောက်ဖဲလား အဆောက်အဦးကြီးများလောက် မမြင့်ဘဲနှင့် ထိုချွန်ချွန်ကြီး နှစ်ခု နှင့် တန်ဆာ ဆင်ထားသော မဟတ်တန်ကျွန်း၊ နယူးယောက်တမြို့လုံးလို ကွင်းကွင်းကွက်ကွက် ရှုမြင်နိုင်သော (သိက္ကမင်တာဝါး) ခေါ်ဟော်တယ်တခုဖြစ်ပါသည်။ ထိုဟော်တယ်မှာ အမြင့်ခေါင်မိုး သို့ လျှပ်စစ် ဓါတ်လှေခါး နှင့် တက်ရသည်။

'ကောက်တေး' ခေါ် ယမကာသောက်ဖွယ်ရာ အရည်ကလပ်သာ ရနိုင်သည် ညစာမရောင်းပါ ညနေ ၄-နာရီမှစ၍ ဖွင့်သည် သူ့ရည်ရွယ်ချက်က သေရည်ကလေး တမြမြနှင့် မိန်းပြီး မဟတ္တန်ကျွန်းနှင့် နယူးယောက် မြို့ကြီးကို စီးကြည့်ရင်း ညအာ ရုံခံစားရန် ဖွင့်ထားပုံရပါသည်။ ထိုဘိက္ကမင်းတာဝါး ဟော်တယ် တည်ရှိရာ အရပ်မှာ ပထမရိပ်သာ လမ်းနှင့် ၄၉-လမ်းတွင် တည်ရှိပါသည်။ စာရေးသူတို့သည် ညစာ စားခဲ့ပြီး ဖြစ်၍ ဗိုက်လေးနေသော ကြောင့် လိမ္မော်ရည် တခွက်စီပင် ကုန်အောင် မသောက်နိုင် တော့ဘဲ ဆေးလိပ်သောက်ရင်း စကား ပြောရင်းနှင့် ရှုမျှော်ခင်းကို လေးမျက်နှာစုံအောင် လှည့်ပတ် ကြည့်နေပါသည်။ နတ်ပြည် ခြောက်ထပ်က စုလစ်မွန်ချွန် တံခွန်းပြသာဒ်ဆိုသည်တို့ကို အမေရိကန် လူမျိုးတွေ နားလည်ကြမည် မဟုတ်ပါ။

ဒါပေမဲ့ စာရေးသူတို့ ငယ်စဉ်က ဘုရားတန်ဆောင်တွေ မြင်ခဲ့ရဘူးသော တိမ်တိုက်ကြားထဲမှာ နတ်ဘုံ နတ်နန်း စုလစ်ချွန်ချွန် တံခွန်းလွှားလွှား မားမား မတ်မတ် ပြသာဒ် ဘုံဆောင် ထိုးထိုး ထောင်ထောင်တွေကို တွေ့မြင်ရဘူးခြင်း။ နေမိဘုံ ခန်းမှအစ ဇိနတ္တပကာသနီ၊ ဇာတ်ကြီးဆယ်ဘွဲ့ စတဲ့ စာပေကျမ်းကန်များတွင် နတ်ဘုံ၊ နတ်နန်းများအကြောင်း ဖတ်ရင်း စိတ်ကူးတွေးခေါ် ကြည့်ခဲ့ ကြခြင်းဖြင့် သိရှိခဲ့ရသော နတ်ပြည် ခြောက်ထပ်မှာ ရုတ်တရက် မျက်စိ အာရုံထဲပြန်ပေါ်လာပါ သည်။

ငါတို့သည် စာတွေ့အားဖြင့် တိမ်တိုက်ကြားက နတ်ဘုံ နတ်နန်းများကိုတွေးကြည့်ကာ စိတ်ကူးယဉ်ခဲ့သည့် အတိုင်းပင်လည်း လူစည်းစီမ်၊ နန်းစည်းစီမ် ပြဇာတ်ကြီးနဲ့ ငြီးမမှိန်းစံစားခံစား ရပါလို၏ ဟူသော ဆုတောင်းမျိုး အပြီးကျမှ နိဗ္ဗာန် ရလိုပါ၏ဟု ချွေးနဲစာကလေးနှင့် လှူတိုင်း တန်းတိုင်း ဆုတောင်းဆုယူပြုနေခဲ့ကြတုန်းဖြစ်သည်။
ဒီအမေရိကန် ကောင်တွေမှာတော့ တိမ်တိုက်ထဲ ထိုးဝင်နေတဲ့ ဘုံဗိမာန်ချွန်ချွန်မြင့်မြင့်ကြီးမျိုးတွေ ကို သင်းတို့ လုံ့လ၀ိရိယ၊ အကြံဥာဏ်နှင့် လက်တွေ့ဆောက်လုပ်နေထိုင်ကြပါပြီကောဟုဘဲ...ပြော လိုက်ခြင်း သလိုလို။

ဘာဖြစ်လို့လဲဆိုတော့ ဘိက္ကမင်းဝါး ဟော်တယ်ခေါင်မိုးပေါ်မှနေ၍ ရှုမျှော်ကြည့်လိုက်တိုင်း ဘုံဆောင် အဆင့်ဆင့်နှင့် ချွန်ချွန်မြင့်မြင့်မိုးထိ အဆောက်အဦးကြီးတွေသည် ကြည့်ရင်း ကြည့်ရင်း တိမ်လွှာ တိမ်တိုက်များက အဆိုပါ အဆောက်အဦးများကို ရစ်သိုင်းထွေးပိုက်ကာ လွှမ်းချုံထားလိုက်ပါပြီး ဤသည့် ကြောင့်ပင် စိတ်ကူးယဉ် ဆုတောင်းခန်းမှ နတ်နန်း၊ နတ်ဘုံတွေကို ညွှန်ပြရာဖြစ်သော ရှေးဗမာ ပန်းချီဆရာ တွေ၏ လက်ရာပန်းချီကားများကို ကွက်ကနဲသွား၍ သတိရ လိုက်မိခြင်းဖြစ်ပါတော့သည်။

တနည်းအားဖြင့်လည်း သည်လို တိမ်တိုက်ထဲက ထိုးထိုးထောင်ထောင် ဗိမာန်ဘုံဆောင်တွေလို အဆောက်အဦး မျိုးတွေကို အမေရိကန်တွေ ဘယ်ကနမူနာယူနည်းခိုးပြီး တည်ဆောက်ပါလိမ့်... ဟု စဉ်းစား မိရာ၊ ဥရောပကလော ... ဟု တွေးကြည့်မိလျှင် ဥရေပအ၀င်အပါ ပြင်သစ် အီတလီ၊ စပိန် ဟော်လန်၊ ပိုလန်၊ လန်ဒန်၊ ဂျာမာန်... စတဲ့ တိုင်းပြည်တွေမှာ ဤလို ပြသာဒ်ချွန်ကဲ့သို့ အဆောက် အဦးမျိုး တွေရှိသည် မဟုတ်ပါ။ အာရှကလော...ဟု တွေးပြန်လျှင်လည်း အိန္ဒိယ၊ တရုပ် ဂျပန်မှအစ ရုရှားအထိ သည်ချွန်ချွန် မိုးထိုး အထပ်ထပ်မျိုးတွေ မရှိသောကောင့် နမူနာယူစရာမရနိုင်ပါ။
ဧကန္တ ... ငါတို့ဗမာပြည်က မြန်မာ့ပန်းချီဆရာတွေ အတွေးနှင့် ရေးချဲ့ဆွဲချယ်ထားတဲ့ နတ်ဘုံ နိဗ္ဗာန် ဘုံတွေ ကို ဗမာပြည်ရောက်လာတဲ့ အမေရိကန်တဦးဦးက ကူးချရေးယူသွားပြီးမှ သူတို့ဆီက ပိသုကာကြီးတွေပြ၍ ဤပုံမျိုးတွေကို မူတည်ပြီး အဆန်းထွင်ကြလေသလား...ဟု တွေး၍များပင် နေလိုက်မိေးသည်။

ဆက်ရန်
.

2 comments:

Anonymous said...

အင်း. အမေရိကမှာ လူတွေ အိမ်ဖော် (ဒေါ်ခင်ခင်လေးရေးတဲ့အတိုင်းဆို အိမ်စေ) မထားနိုင်တဲ့အကြောင်းရေးတာ ကောင်းကောင်း မရေးဘူးဗျာ။ အိမ်ဖော်ဆိုပြီး သူ့အိမ်မှာလို ဗိုလ်ကျချင်တိုင်း ကျလို့ မရဘဲ လူ့အခွင့်အရေး အပြည့်ပေးရတာကိုပဲ - ကြီးလိုက်ပါတဲ့သွေး နားထင်ရောက်နေကြသည်. လို့ ရေးတော့ ဒီလိုလူမျိုးတွေ မြန်မာပြည်မှာ သူတို့အိမ်က အိမ်ဖော်မလေးတွေကို ချိုးတဲ့အချိုးမျိုး အဲဒီမှာ သွားချိုးကြည့်စေချင်တယ်။ လူသိရှင်ကြားကို အရှက်ကွဲဆင်းသွားလိုက်မယ့်အမျိုး။

Anonymous said...

ကောမန့်တွေ ဘာကြောင့် မပေါ်သလည်း မသိ