အခန်း (၂၂) မြက်ခင်းမလန်း ပန်းနွမ်းနွမ်း
ဦးလေးတွမ်သည် ဂျော့ထံမှ စာကိုရခဲ့သည်မှာ ကြာပေပြီ။ ဂျော့သ်ည သူ့စာတွင် အကြောင်းစုံ ထည့်ရေး လိုက်သည်။ အဒေါ်ချလို လူဝီဗီးသို့ သွား၍ ငွေကြေး စုဆောင်းနေသည့်အကြောင်း သားနှစ်ယောက် ဖြစ်သော မော့နှင့်မိတို့လည်း အခြေအနေကောင်းကြောင်း၊ အငယ်ဆုံးကလေး လည်း တော့တီးတော့တ သွားလာ တတ်ပြီဖြစ်ကြောင်း၊ ထိုကလေးကို ဆာလီနှင့် တကွ တအိမ်လုံး က ၀ိုင်း၍ ကြည့်ရှု စောင့်ရှောက် ကြကြောင်း၊ ယခုလောလောဆယ်၌ ဦးလေးတွမ်၏ တဲကလေး တွင် မည်သူမျှမနေပဲ တဲကလေးကို ပိတ်ထား ကြောင်း၊ သို့သော် ဤတဲကလေးကိုပင် ဂျော့သည် တခမ်းတနား မွမ်းမံနေကြောင်း၊ တနေ့ ဦးလေးတွမ် ပြန်လာသောအခါတွင် အသင့်ဖြစ်နေရန် ယခု ကပင် မွမ်းမံထားရကြောင်း။
ထို့နောက် ဂျော့သည် သူ့အိမ်တွင်းကအကြောင်း၊ မိဖများအကြောင်း၊ ကျောင်းတွင် သင်ယူ နေရသော သင်ခန်းစာများအကြောင်းကိုပါ ပြည့်ပြည့်စုံစုံ ထည့်ရေးလိုက်ခြင်း ဖြစ်သည်။
ဦးလေးတွမ်သည် ဂျော့ထံမှစာကိုဖတ်၍ အားမရနိုင်။ ထိုစာကို အီဗာ့အားလည်း ပြသည်။ စာနှင့် ပတ်သက်၍ လည်း အီဗာနှင့် စကားလက်ဆုံကျသည်။ သူ့အခန်းမှာ ထိုစာကို မှန်ဘောင် သွင်းပြီး ချိတ်ထား ဖို့ပင် သူ အကြံ ဖြစ်သည်။ သို့သော် စာမှာ စာရွက်နှစ်ဖက် ရေးထားသဖြင့် သူ့ အကြံသည် အထမမြောက်။
ဤသို့ဖြင့် သူ့ဘ၀သည် စိတ်ဆင်းရဲပင်ပန်းခြင်း ကြီးလှသည် မရှိလှပဲ နေ့ရက်နှစ်ကာလ များ ပြောင်းရွှေ့လာခဲ့သည်။
ထိုကာလများတွင် ဦးလေးတွမ်သည် အီဗာနှင့်အတူ နေ့ရက်များစွာကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံး စေခဲ့သည်။ အီဗာ့ကို သူချစ်သည်။ ခင်သည်။ လေးလည်း လေးစားသည်။ သူ ဘယ်သွားရ သွားရ အပြန်၌ အီဗာ အဖို့ တခုခု ပါလာမြဲ ဖြစ်သည်။ အီဗာက သူ့ကို သမ္မာကျမ်းစာ ဖတ်ပြသည်။
အီဗာကိုယ်တိုင်ပင် သမ္မာကျမ်းစာကို ဖတ်ပြရလျှင် ကျေနပ်သည်။ အားရသည်။ သူ့အသံသာသာ နှင့် တရားတော် ကို ကြားနေရတိုင်း ဦးလေးတွမ် စိတ်ချမ်းမြေ့သည်။ သူ့အိမ်၊ သူ့သား၊ သူ့မယားကို တမ်းတ ရသည်မှ အပ ဤနေရာ၌ သူ့အဖို့ အခြား စိတ်ဆင်းရဲပင်ပန်းဖွယ်ရာဟူ၍ မရှိခဲ့။
ယခုနွေဦး၌ စိန့်ကလဲယားမိသားစုသည် ပင်လယ်ကမ်းခြေသို့ လာခဲ့ကြသည်။ စိန့်ကလဲယား၏ နွေရာသီ စခန်း သည် အေးချမ်းဆိတ်ငြိမ်သည်။ ဥယျာဉ်ပန်းခြံဖြင့်လည်း နှစ်လိုဖွယ် ရှိသည်။ ဥယျာဉ်ပန်းခြံတွင်းက လမ်း သည် ရေအိုင်တူရှုသို့ ရှေ့ရှုနေ၏။ ရေအိုင်သည် နေရောင်တွင် ငွေပြားခတ်ထားဘိသို့ ရှေ့ရှုနေ၏။
ဦးလေးတွမ်နှင့် အီဗာတို့သည် ရေအိုက်ဖက်သို့ တူရူပြုနေသော ဥယျာဉ်တွင်းသို့ ရောက် လာမြဲ ဖြစ်လေ သည်။ ထိုနေ့သည်လည်း အီဗာတို့သည် ဥယျာဉ်တွင်းသို့ ရောက်နေကြ၏။ အီဗာ သည် သမ္မာကျမ်းစာကို ဖတ်ပြ နေ၏။ အီဗာသည် သမ္မာကျမ်းစာဟု ဖုရားသခင်၏ ဗိမာန်ကို စိတ်က မှန်းဆနေ၏။
"ဒီမယ် ဦးလေးတွမ်၊ ဖုရားသခင်ရဲ့ဗိမာန်ဟာ ဘယ်မှာရှိမယ် ထင်သလဲဟင်"
"ဟို ကောင်းကင် တိမ်တိုက်တွေ ကြားမှာ ရှိမှာပေါ့ကွယ်"
"ဟုတ်တယ် ဦးလေးတွမ်။ အီဗာလေ ဖုရားသခင်ရဲ့ဗိမာန်ကို မြင်နေရသလိုဘဲ။ တိမ်တွေ ကြားမှာ ကြည့်လိုက် စမ်းပါ ဦးလေးတွမ်။ အီဗာလေ တကယ့်ကို မြင်နေရတယ်။ တခါတခါဆို အီဗာ အိပ်ပျော် နေတုန်း တောင် မြင်ရတယ်" အီဗာ၏ မျက်လုံးအစုံသည် မှေးလာသည်။ ဓမ္မသီချင်းကိုမူ နှုတ်က ခပ်ညည်းညည်း ဆိုနေ၏။
"ဦးလေးတွမ်၊ အီဗာလေ အဲဒီကို သွားမလို့"
"ဘယ်ကိုလဲ ခလေးမရယ်"
အီဗာသည် ထိုင်ရာမှ ထသည်။ ကောင်းကင်တူရူသို့ လက်ညှိုးညွှန်ပြသည်။ ညနေစောင်း နေရောင်ခြည် သည် အီဗာ၏ ရွှေဝါရောင်ဆံပင်စ၌ အရောင်ဖြာကျနေ၏။ ပါးပြင်မှာလည်း အရောင် တောက်နေဟန် ရှိချေသည်။ မျက်လုံးအစုံသည်မူ ကောင်းကင် တူရူသို့ စူးစိုက်နေ၏။
"အီဗာလေ အဲဒီကို သွားမယ်။ ရှင်းသန့် တောက်ပတဲ့ ၀ိညာဉ်တွေရှိတဲ့ဆီကို အီဗာသွား တော့မယ် ဦးလေးတွမ်"
ဦးလေးတွမ်၏ နှလုံးသားသည် ဆတ်ကနဲ လှုပ်ခါသွားသည်။ မှန်သည်။ ဦးလေးတွမ်သည် ထိုသူငယ်မ၏ အခြေ အနေကို လွန်ခဲ့သော ခြောက်လအတွင်းမှာပင် ဂရုပြု စူးစိုက်ကြည့်ခဲ့မိသည်။ တနေ့တခြား ကြုံလှီ လာသော အီဗာ့ခန္ဓာကိုယ်၊ တနေ့တခြား ဖြူဖတ်ဖြူလျော်နိုင်လာသော အသား အရေ၊ အသက်ရှုပုံကအစ အားရစရာ မရှိတော့သော အခြေအနေ၊ မောလွယ်တတ်သော တဟွတ် ဟွတ် ဆိုးတတ်သဖြင့် အော်ဖီလီယာ သတိပေးစကား ပြောသည်များကိုလည်း ဦးလေးတွမ် မကြာ မကြာ ကြားခဲ့ရသည်။ ထို့ကြောင့် ပင် ဦးလေးတွမ်သည် အီဗာ့စကားကို ကြားလိုက်ရသဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွား ရလေသည်။
ထိုအခိုက်မှာပင်
"အီဗာရေ၊ ဟေး အီဗာ။ နှင်းကျနေပါရောလား။ အိမ်ထဲကို ၀င်လေ" ဟူသော အော်ဖီလီယာ၏ ရေးကြီး သုတ်ပျာ ခေါ်လိုက်သော အသံကြောင့် သူတို့နှစ်ယောက်၏ စကားစသည် ပြတ်သွားသည်။
ဦးလေးတွမ်နှင့် အီဗာတို့သည် အိမ်တွင်းသို့ အသော့နှင်ခဲ့ကြလေသည်။
မစ္စအော်ဖီလီယာသည် အီဗာ၏ အခြေအနေကေို စောစောပိုင်းကတည်းကပင် ဂရုတစိုက် ရှိခဲ့သူ ဖြစ်သည်။ သူ့မှာ လူတယောက်၏ ကျန်းမာရေး အခြေအနနှင့် ပတ်သက်၍လည်း အတန်အသင့် အတွေ့ အကြုံ ရှိပြီး ဖြစ်သည်။ ထို့ကြောင့် ထိုကလေးမ ချောင်းခြောက် တဟွတ်ဟွတ် ဆိုးကာ ကြုံကြုံလှီလှီ ဖြူဖတ် ဖြူလျော် ဖြစ်လာနေသည်ကို စိုးရိမ်ကြောင့်ကြ နေခဲ့ သည်မှာ ကြာပြီ ဖြစ်သည်။ သို့ဖြင့် မောင်ဖြစ်သူအားပင် သတိပေး စကား ပြောခဲ့သေး၏။
သို့သော် စိန့်ကလဲယားသည် သူ့ဝသီအတိုင်းပင် ပေါ့ပေါ့ဆဆလေသံဖြင့်
"အမလေး မမရယ်။ မဦးမချွတ်တွေ တွေးမနေစမ်းပါနဲ့ဗျာ။ အလကား အဓိပ္ပာယ်မရှိ။ သမီး ထွားလာ တာလဲ မမ အမြင်သားနဲ့ဟာ။ ဒီလိုဘဲပေါ့ မမရဲ့၊ ခလေးတွေဟာ အကြီးမြန်လေ အားလျော့လေဘဲပေါ့" ရယ်ရွှန်း ပရွှန်း ပြောသေးသည်။
"မဟုတ်ဘူး ငါ့မောင်။ ဒီချောင်းဆိုးတာကို ပြောနေတာ"
"အလကား ချောင်းဆိုးတာပါ။ နည်းနည်းပါးပါး အအေးမိလို့ ရှိမပေါ့"
ပြောမည်သာ ပြောရသည်။ စိန့်ကလဲယား စိတ်မှာပင် သူ့မမ စကားကြောင့် တုန်တုန် လှုပ်လှုပ် ဖြစ်ရသည်ကား အမှန်။ မှန်သည်။ ထိုကလေး ရှေးကလို လန်းလန်းဆတ်ဆတ် မရှိလှ သည်ကိုလည်း သူအမြင်၊ သူအသိပင်။ ခါတိုင်း ကစားဖော်တွေနှင့် ရောရောကစားမြဲ ထိုကလေး ငယ်သည် ယခုတလော တွင် ကစားဝိုင်းဘေးမှာသာ ထိုင်၍ ငေးနေတတ်သည်ကိုလည်း သူ ကြုံဖူး လှပြီး ဖြစ်သည်။ ပြီး ထိုသမီး မျက်လုံး အစုံသည် ရီဝေနေတတ်သည်။ အတွေးကလည်း ပျံ့လွင့်နေ တတ်မြဲ ဖြစ်ဟန် ရှိသည်။
တနေ့တွင်မူ ထိုကလေးသည် သူ့မိခင်အား စကားဆန်းတခု ရုတ်တရက် ဆိုခဲ့လေသည်။
"မေမေရယ်၊ သမီးတို့ အစေခံတွေကို ဘာဖြစ်လို့ သမီးတို့ စာသင်မပေးကြတာလဲဟင်"
ထိုအမေးကြောင့် သူ့အမေသည် လန့်ဖြတ်သွားရသည်။
"အို ဘာမေးတာလဲသမီး။ ထုံးစံမှ မရှိတာ"
"ဘာလို့ ထုံးစံမရှိရတာလဲ မေမေ"
"အိုကွယ်။ သူတို့ကို စာသင်ပေးလို့ ဘာထူးလာမှာ မှတ်လို့။ အလုပ်ကို ပိုကောင်းအောင် လုပ်တတ် လာမှာ မှလဲ မဟုတ်တာ။ ပြီးတော့လဲ ဒါက သူ့တို့ အလုပ်မှ မဟုတ်တာကွယ်"
"ဒါပေမယ့် သမ္မာကျမ်းစာဖတ်တတ်အောင်တော့ သင်ပေးဖို့ ကောင်းတာပေါ့ မေမေ"
"အိုကွယ်၊ သူတို့အဖို့ လိုအပ်ရိုးမှန်ရင် သူတို့ တက်လာလိမ့်မပေါ့ကွယ်"
"ဘယ်ဟုတ်မလဲ။ သမ္မာကျမ်းစာဆိုတာ လူတိုင်းနဲ့ဆိုင်တာဘဲဟာ"
"မင်း တယ်ခက်ပါလား အီဗာ"
"ဒေါ်ဒေါ် အော်ဖီလီယာတောင် တော့ပဆီကို စာသင်ပေးသေးတာဘဲဟာ"
"အေး ဒီတော့ ဘာဖြစ်လဲ။ တော့ပဆီဟာ မေမေ တွေ့သမျှမှာဖြင့် အဆိုးဆုံး ကောင်မလေးဘဲ မဟုတ်လား"`
"အို မေမေရယ်။ သူ သမ္မာကျမ်းစာကို ဖတ်ဖော်ရသားဘဲ။ သမီးသာ သမ္မာကျမ်းစာ ဖတ်မပြရင် သူ ဘာဖြစ်လာမလဲ"
မေရီသည် အံဆွဲတခုနှင့် အလုပ်များနေရာမှ သမီးဖက်သို့လှဲ၍
"အေး အေး၊ ဟုတ်တယ်။ ဒီမယ် အီဗာ၊ သမီးမှာ ဒီအစေခံတွေ ကြားသွားပြီး သမ္မာကျမ်း စာကို ဖတ်ပြဘို့က လွဲပြီး တခြား ဘာမှ အလုပ်မရှိဘူးလား။ သမီးလဲ ငယ်တော့တာ မဟုတ်ဖူး နော်။ ဟောဒီမှာ မေမေ သမီးကို ပေးမလို့ ဆွဲကြိုးထုတ်နေတာ။ ဒါ မေမေ ငယ်ငယ်ကဆွဲတဲ့ ဆွဲကြိုးပေါ့"
မေရီသည် သမီးအား စိန်လည်ဆွဲကို လှမ်းပေးသည်။ အီဗာသည် ဘာမျှ တုန်လှုပ် ထူးခြား ဟန် မရှိသော အသွင်ဖြင့် စိန်လည်ဆွဲကို စိုက်ကြည့်နေ၏။
"ဒါဆို တော်တော်အဖိုးတန်မှာနော် မေမေ"
"ဒါပေါ့ကွယ်။ မေမေ့အဖေ ဒါကို ပြင်သစ်က မှာယူရတာကွယ့်"
"သမီး ၀မ်းသာလိုက်တာ မေမေ"
"ဒါကို သမီးဘာလုပ်မလဲ"
"သမီးလေး။ သမီး ဒါကို ရောင်းပစ်မယ်။ ပြီးတော့ ကျွန်တွေ ဘာတွေ မရှိတဲ့နေရာတခု ၀ယ်မယ်။ သမီးတို့အိမ်က ကျွန်တွေကို အဲဒီ ခေါ်သွားမယ်။ ဆရာတွေ ငှားပြီး စာတွေ ဘာတွေ သင်ပေးမယ်"
မိခင်၏ ဟားတိုက်ရယ်မောသံကြောင့် အီဗာ၏ စကားစသည့် ပြတ်သွားလေသည်။
"ကျောင်းထောင်မယ်၊ ဟုတ်လားကွယ့်။ အဲဒီမှာ သူတို့ကို စန္ဒယားတီးတတ်အောင်၊ ပန်းချီ ဆွဲတတ်အောင် ကော သင်မပေးတော့ဘူးလား"
"သမီးတော့ သူတို့ကို စာရေးစာဖတ်တတ်အောင် သင်မှာဘဲ။ သူတို့ဘာသာ သမ္မာကျမ်းစာ ကို ဖတ်တတ် အောင် သင်ပေးမှာဘဲ"
"တော်ပါတော့ သမီးရယ်။ သမီး ငယ်ပါသေးတယ်။ သမီး မသိသေးတာတွေ အားကြီး ရှိသေးတယ်။ သမီးစကား နားထောင်ရတာ မေမေဖြင့် ခေါင်းတောင်ကိုက်လာပြီ"
အီဗာ သည် ဘာမျှ နှုတ်တုန့်မပြန်တော့ဘဲ နေရာမှ အငြင်အသာ ထွက်လာခဲ့လေတော့ သည်။
အခန်း (၂၃) ဆက်ရန်
.

1 comment:
မွန်မြတ်လိုက်တဲ့ အီဗာ့စိတ်ထားလေး..နော်။
Post a Comment