Tuesday, July 27, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၃)

အခန်း (၄၃) နိုင်ငံနှင့်လူမျိုးအတွက်

    အကျဉ်းချုံး ရန် ဖော်ပြရမည်ဆိုသော် ဂျော့ရှယ်လဗီသည် အိမ်သို့ ပြန်ရောက်လျှင်ပင် အယ်လစ်ဇာကို ၀ယ်ယူခဲ့စဉ် က စာချုပ်စာတန်းများကို ကတ်ဆီထံသို့ ပေးပို့ခြင်းဖြင့် ကက်ဆီ သည် မိမိ၏ သမီးနှင့် ပတ်သက်သော အထောက်အထားများကို အခိုင်အမာရရှိခဲ့လေသည်။

    သို့ဖြင့် ကက်ဆီနှင့် မဒယ်ဒီသောင်းတို့သည် ကံတူအကျိုးပေး ဘ၀တူများအဖြစ် သမီး ဖြစ်သူနှင့် မောင်ဖြစ်သူကို ရှာဖွေရန်အတွက် ကနေဒါသို့ ခရီးဆက်ခဲ့ကြ၏။ သူတို့သည် အမ်မလင် ကိုလည်း တပါတည်း ခေါ်ခဲ့ကြ၏။ ကနေဒါသို့ရောက်လျှင် သူတို့သည် အမေရိကပြည် တောင် ဖက်မှ ထွက်ပြေး လာကြသော နီးဂရိုးမျာ နေထိုင်သည့် နေရာဒေသများသို့ လှည့်လှည်ကာ ဂျော့ နှင့် အယ်လစ်ဇာတို့ကို ရှာဖွေကြ၏။ မြို့တမြို့တွင် သူတို့သည် ဂျော့နှင့် အယ်လစ်ဇာတို့ ကနေဒါ သို့ရောက်စက ၀င်ရောက် တည်းခို ခဲ့သော သာသနာပြု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သင်းအုပ်ဆရာနှင့် တွေ့ခဲ့ကြပြီးနောက် ဂျော့တို့ မိသားစု မွန်ထရီယယ်တွင် ရောက်နေကြောင်း စုံစမ်းသိရှိကြလေ သည်။ ထို့နောက် သူတို့သည် သင်းအုပ်ဆရာ နှင့်အတူ မွန်ထရီယယ်သို့ လာခဲ့ကြ၏။

    ဂျော့နှင့် အယ်လစ်ဇာတို့ လွတ်မြောက်မှုရခဲ့ကြသည်မှာ ငါးနှစ်ကာလ ကြာညောင်းခဲ့ပြီဖြစ် သည်။ ဂျော့သည် စက်ရုံတရုံ၌ စက်ပြင်ဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ကာ မိသားစု ရပ်တည်ရေး ကို ဆောင်ရွက် နေ၏။ ယခုအခါ သူတို့အိမ်ထောင်၌ သမီးငယ်တယောက်ပင် တိုးပွားလာခဲ့ပြီဖြစ် သည်။ ဟယ်ရီမှာလည်း ကျောင်းလိုက် နေပြီဖြစ်၏။

    သူတို့နေထိုင်သော အိမ်ခန်းကလေးသည် မွန်ထရီယယ်မြို့၏ ဆင်ခြေဖုံးပိုင်းတွင်ရှိ၏။ အိမ်ခန်းလေး သည် သန့်ပြန့်၏။ အိမ်ခန်းတွင်း မီးဖိုအနီး၌ ထမင်းစားစားပွဲရှိ၏။ ထိုနေ့ညနေတွင် အယ်လစ်ဇာသည် ညစာ ကို အသင့်ပြင်ထားပြီး ဖြစ်လေသည်။ အခန်း၏ ဒေါင့်တနေရာတွင်ကား စားပွဲခင်းအစိမ်းကို ခင်းထားသော စာကြည့်စားပွဲရှိသည်။ အနီးတွင်လည်း စာအုပ်စင် တစင်ရှိ သည်။ ထိုနေရာကား ဂျော့အဖို့ အားလပ်ချိန် ၌ ပညာဆက်လက်ရှာမှီးရာ နေရာဖြစ်၏။

    ဂျော့သည် စာကြည့်စားပွဲ၌ ဖတ်လိုက် မှတ်လိုက်ဖြင့် အလုပ်များနေ၏။
    "ဂျော့ရယ်၊ တော်အုံးရောပေါ့။ တနေကုန် အဲဒီစားပွဲကဘဲ မထတော့ဘူးလား။ ထမင်း ကလေး ဘာလေး များ စားဖို့လဲသတိရအုံးမှပေါ့" ညစာပြင်နေရာမှ အယ်လစ်ဇာက လှမ်းပြောလိုက် သည်။
    သမီးငယ်သည် ဖခင်၏ ခြေထောက်ကို အားပြု မတ်တတ်ရပ်ရန် ကြိုးစားပြီး ဖခင်စားပွဲပေါ် က စာအုပ် များကို ဆွဲချနေ၏။ ဂျော့သည် အနီးရှိ သားဖြစ်သူ ဟယ်ရီအားလှမ်း၍
    "ဘဲ့နဲ့လဲဟေ့ လူလေး။ ကနေ့ပုစ္ဆာတွေတွက်လို့ရလားကွ"ဟု မေးလိုက်သည်။

    "ရပါတယ် ဖေဖေ။ သားဖာသာ တွက်တာ အားလုံးရပါတယ်"
    "အေး၊ ဒီလိုမှပေါ့ကွ။ ဒါဘဲ လူလေး။ ကိုယ်ကိုကိုယ် အားကိုးရမယ်၊ ကြားလား။ သားတို့မှာ က အဖေတို့ထက် အခွင့်ကောင်း အခြေအနေကောင်း ကြုံရတာဘဲဟာ"
    ထိုအခိုက်မှာပင် တံခါးခေါက်သံကြားသဖြင့် အယ်လစ်ဇာသည် တံခါးဆီသို့ ရောက်သွား ပြီး တံခါးကို ဖွင့်ပေး လိုက်သည်။ အယ်လစ်ဇာသည် တံခါးဝသို့ရောက်လာသော သင်းအုပ်ဆရာနှင့် တကွ အမျိုးသမီး နှစ်ယောက်ကို ခရီးဦးကြိုပြု၍ အခန်းတွင်းသို့ ခေါ်ခဲ့သည်။

    သင်းအုပ်ဆရာသည် အခန်းတွင်း၌ အမျိုးသမီးကြီး နှစ်ဦးနေရာယူပြီးကြသည်နှင့် မိတ် ဆက်စကား ပြောမည် ဟန်ပြင်ဆဲမှာပင် မဒမ်ဒီသောင်းသည် မောင်ဖြစ်သူကို တွေ့လိုက်ရသဖြင့် မိမိကိုယ်ကို မထိန်းနိုင် ဘဲ မောင်ဖြစ်သူ၏ လည်ပင်းကို လှမ်းဖက်၍ "အို၊ ဂျော့၊ ဂျော့။ မင်းမမကို မမှတ်မိဘူးလားဟင်။ မမလေ။ မမအယ်မလီ" ပြောလိုက်သည်။
    ထိုအချိန်အထိ ကက်ဆီသည် သမီးဖြစ်သူကို စူးစိုက်ကြည့်ရင်း မိမိနှင့် ခွဲခွာသွားရစဉ်က သမီး၏ ပုံပန်း သဏ္ဌာန်ကို ပြန်လည်မှန်းဆကြည့်နေ၏။ သမီးငယ်၏ ရုပ်သွင်သည် သူ့အမြင်အာရုံ ၌ ထင်ယောင် လာသည်။ သို့ဖြင့် ကက်ဆီသည် သမီး၏လက်ကို ဆွဲယူပြီး သမီးကို ရင်ခွင်၌ အပ်လိုက်သည်။

    "သမီးလေးရယ်။ သမီး မေမေလေ"
    စင်စစ်ဤအဖြစ်မျိုးသည် ဆန်းကျယ်လှသည်ဟူ၍ကား မဆိုနိုင်ပေ။ ကနေဒါနိုင်ငံသို့ ထွက်ပြေး လွတ်မြောက် လာကြသော နီးဂရိုးကျွန်းများ၏ အကြောင်းကို ထိုဒေသရှိ သာသနာပြု အဖွဲ့ဝင်များ၏ မှတ်တမ်းမှတ်စုများ၌ ထိုကဲ့သို့ပင် ၀တ္ထုတပုဒ်ထက် ဆန်းကျယ်သော အဖြစ်မျိုးကို တွေ့နိုင်သည်သာဖြစ်၏။
    ဤသို့လျှင် များစွာသော ညီအကိုများ၊ မောင်နှမများ၊ သားအမိ သားအဖများ၊ ဇနီးမောင်နှံ များတို့သည် စွန့်စားမှုများ၊ အဖိနှိပ် အညှဉ်းပန်းခံရမှုများကို ကျော်လွှားကာ ဤနေရာ၌ ဆုံစည်းခဲ့ ကြလေသည်။

    ယခုလည်း ဤနေရာ၌ မောင်နှင့် နှမသည်၎င်း၊ မိခင်နှင့်သမီးသည်၎င်း ပြန်လည်ဆုံစည်း ကြရပေပြီ။
    ကက်ဆီဘ၀သည် ချက်ချင်းပင် ပြောင်းလဲလာခဲ့၏။ သူ့ဘ၀တလျှောက်လုံး ခံစားခဲ့ရသော ဝေဒနာသည် ပျောက်လွင့်ရပေပြီ။ အထူးသဖြင့် မြေးငယ်သည် အမှန်တကယ်ပင် သူစွန့်ခွာခဲ့ရ သော သမီးငယ်၏ ရုပ်သွင် ကို ကိုယ်စားပြုဘိသည်သို့ရှိ၏။ ထို့ကြောင့် ကက်ဆီသည် မြေးငယ်ကို သမီးထက်ပင် ပို၍ တယု တယ တမြတ်တနိုး ဖြစ်ရ၏။

တချိန်တည်းမှာပင် သမီးဖြစ်သူ၏ ဘာသာ တရား၌ သက်ဝင်ကြည်ညိုမှုသည် မိခင်၏ သက်ဝင် ယုံကြည်မှု အတွက် လမ်းကြောင်း ပေးထားဘိ သကဲ့သို့လည်း ဖြစ်ရ၏။ သို့ဖြစ်ရာ ကက်ဆီသည် ဘာသာတရားကို သက်ဝင် ယုံကြည်ထားခဲ့လေ သည်။
    မဒမ်ဒီသောင်းသည် ခင်ပွန်းသည် ကွယ်လွန်ခဲ့သည့်နောက်တွင် အမွေပစ္စည်းအတော်များ များကို ရခဲ့၏။ ယခုအခါ၌ ထိုအမျိုးသမီးကြီးသည် မောင်ဖြစ်သူ၏ မိသားစုအတွက် မိမိပိုင်ပစ္စည်း များကို ခွဲဝေပေးလိုသဖြင့် မောင်ဖြစ်သူ၏ သဘောထားကို မေးမြန်းကြည့်လေသည်။

    "ကျနော်တော့ ပညာဆက်သင်ချင်တာဘဲမမ။ ဒါဟာ ကျနော် အမြဲတောင့်တခဲ့ရတဲ့ လိုအင် ဘဲ။ ကျနော် ပညာတတ် ပြီးရင် ဘာဘဲဖြစ်ဖြစ် လုပ်နိုင်ပြီပေါ့ မမရယ်"
    သို့ဖြင့် မကြာမီမှာပင် သူတို့အားလုံးသည် ပြင်သစ်နိုင်ငံသို့ ထွက်ခွာခဲ့ကြလေသည်။ သူ တို့နှင့်အတူ အမ်မလင် သည်လည်း ပြင်သစ်သို့ လိုက်ပါလာခဲ့သည်။ အမ်မလင်သည် ပြင်သစ်သို့ လိုက်လာခဲ့ရင်းပင် သင်္ဘောသား တယောက် နှင့် ဖူးစာဆုံမိလေ၏။

    ဂျော့သည် ပြင်သစ်တက္ကသိုလ်တခု၌ လေးနှစ်တာပညာသင်ကြားပြီးနောက် မိမိ၏နိုင်ငံရင်း ဖြစ်သော အာဖရိကသို့ ပြန်ခဲ့လေ၏။ မိမိ အာဖရိကသို့ပြန်ခဲ့ရသည့် သဘောထားနှင့် ပတ်သက်၍ လည်း ဂျော့သည် သူ့ မိတ်ဆွေတဦး ထံသို့ စာတစောင်ရေးခဲ့၏။
    ကိုယ့်ရှေ့ရေးနဲ့ပတ်သက်လို့ ကိုယ် တခုခုဆုံးဖြတ်ရလိမ့်မယ် သူငယ်ချင်း။ မင်းတခါက ပြောခဲ့သလို ဆိုရင်တော့လဲ ကိုယ့်လိုလူမျိုးရဲ့ အခြေအနေဟာ လူဖြူတွေကြားမှာ သူတို့တတွေနဲ့ ရောနှောပြီး ကိုယ့်ဘ၀ ကို ဆက်လက်ရပ်တည်သွားဘို့ ဘာမှ ခဲယဉ်းမယ် မဟုတ်ပေဘူးပေါ့။ ဟုတ် တယ်လေ။ ကိုယ် ရော ကိုယ့်မိန်းမရောဟာ အသားအရေအားဖြင့် လူဖြူတွေနဲ့ ခြားနားလှတာမှ မဟုတ်ဘဲကလား။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ သူငယ်ချင်း။ ကိုယ် အဖြူတွေကြားမှာ နေဘို့ စိတ်ကူးမျိုး၊ ဆန္ဒမျိုး မရှိတာ အမှန်ဘဲ။

    အမှန်ဘဲ သူငယ်ချင်း။ ကိုယ်ဟာ အဖေ့လူမျိုးအတွက် ဘယ်လိုမှ ခံစားလို့မရဘူး။ အေး၊ အမေ့လူမျိုး အတွက် ကျတော့ ကိုယ်ခံစားလို့ရတယ်။ ဒါကလဲ ရှင်းပါတယ် သူငယ်ချင်း။ အဖေနဲ့ ပတ်သက်လို့ကျတော့ ကိုယ့်ဘ၀ ဟာ ခွေးတကောင် မြင်းတကောင်ရဲ့ အခြေအနေထက် ဘာများပိုထူးလို့လဲ။ အမေ့အဖို့တော့လဲ ကိုယ်ဟာ ရင်သွေးတယောက် မဟုတ်လား။ တကယ် တော့ ကိုယ်ဟာ အမေနဲ့ ကွဲကွာလာခဲ့ရပြီးတဲ့နောက် အမေမရှိတော့တဲ့အထိ အမေ့ကို ကိုယ်ပြန် မတွေ့ခဲ့ရဘူး။ ဒါပေမယ့် အမေဟာ ကိုယ်ကို သူသေတဲ့အထိ ချစ်မြတ်နိုးသွားရှာတယ်ဆိုတာကို တော့ ကိုယ်ယုံတယ်။ ဒီတော့ သူငယ်ချင်း၊ ကိုယ်ဟာ အမေခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ ကိုယ်ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ ကိုယ့်ဇနီးအနေနဲ့ စွန့်စွန့်စားစား ရုန်းကန်ခဲ့ရတာတွေ၊ တချိန်က နယူးအောလင်း က ကျွန်ဈေးမှာ ကိုယ့်မမ အရောင်းခံခဲ့ရတာတွေကို ပြန်တွေးမိတိုင်း ကိုယ်ဟာ အမေရိကန် လူမျိုး တယောက်အနေနဲ့ ရပ်တည်လိုတဲ့စိတ်မျိုး နဲနဲကလေးမှ မပေါ်ခဲ့ဘူး။

    ဒါကြောင့် ကိုယ် ဆုံးဖြတ်လိုက်တယ် သူငယ်ချင်း။ ကိုယ်ဟာ အဖိနှိပ်ခံ ကျွန်အပြုခံနေရတဲ့ အမေ့လူမျိုး နဲ့ အတူ ရှိရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဆန္ဒ ကိုယ့်လိုအင်ဟာ အာဖရိက အမျိုးသား တယောက် ဖြစ်ဖို့ဘဲ သူငယ်ချင်း။
    ကိုယ့်အနေနဲ့ လူမျိုးတမျိုးဟာ တသီးတခြား လွတ်လွတ်လပ်လပ်ကြီး ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည် နေနိုင်စေချင်တယ်။ ဒီနည်းနဲ့ အာဖရိကမှာ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရ မယ်။ နောက်ဆုံးကျရင် အာဖရိကရဲ့ လွတ်လပ်ရေးကို တကမ္ဘာလုံးက အသိအမှတ် ပြုလာရမယ်။

    အေး၊ ဒီတော့ မင်းက ပြောချင်ပြောမယ်။ ကိုယ်ဟာ အမေရိကမှာ ကျွန်ခံနေရတဲ့ ကိုယ်တို့ ညီအကို နောင်ရင်း အမျိုးသားတွေကို စွန့်ပစ်ထွက်ပြေးသွားတာမျိုး ဖြစ်မနေပေဘူးလား ဆိုတဲ့ အချက်ပဲ။ ဒါပေမယ့် ကိုယ် ပြောရဲတယ် သူငယ်ချင်း။ ကိုယ်ဟာ ဒီလူတွေကို စွန့်ပစ်ထွက်ပြေးသွား တာလဲ မဟုတ်ဖူး။ ဒီလူတွေကို မေ့ပျောက် ပစ်လိုက်တာလဲ မဟုတ်ဖူး။ ကောင်းပြီ။ ကိုယ်အမေရိက မှာ နေပါပြီတဲ့။ ကိုယ်ဟာ အဲဒီ အနှောင် အဖွဲ့က လူတွေရဲ့ တဦးစီမှာရှိနေတဲ့ နှောင်ကြိုးကို ကိုယ် ဘယ်လိုလုပ်ပြီး ဖြတ်တောက်နိုင်မှာလဲ။ ဒီလိုတဦးစီ တဦးစီရဲ့ အနှောင်အဖွဲ့ကို ဖြတ်တောက်ရုံနဲ့ ကိုယ်တို့တမျိုးသားလုံး လွတ်မြောက်မှု ရရောလား။ အဲဒီတော့ သူငယ်ချင်း ကိုယ်တို့ဟာ လူမျိုး တမျိုး၊ နိုင်ငံတနိုင်ငံအဖြစ်ကို ဖန်တီးရမယ်။ တည်ဆောက် ရမယ်။

အာဖရိက တတိုက်လုံးအတွက် ကိုယ်တို့ကြိုးစားရလိမ့်မယ်။ ပြဿနာအမျိုးမျိုးကို ကျော်လွှားပြီး နိုင်ငံ တနိုင်ငံ၊ လူမျိုးတမျိုးအဖြစ် မွေးဖွားရလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ်တို့ဟာ နိုင်ငံတကာအလယ်မှာ ကိုယ်တို့ လူမျိုးရဲ့အသံ ကို ဖော်ထုတ်ရမယ်။ ဒီနည်းနဲ့ တမျိုးသားလုံးရဲ့ အရေးကိစ္စကို ဒို့ဟာ ကမ္ဘာ့ အလယ် မှာ ဟစ် ကြွေးတောင်းဆိုရလိမ့်မယ်။ ဒါဘဲ သူငယ်ချင်း။ ကိုယ်တို့ဟာ တဦးချင်း အရေးထက် တမျိုးသား လုံး အရေးအတွက် လုပ်ရမှာဘဲ။

    ဒီတော့ ကိုယ် ဆုံးဖြတ်ပြီးပြီ သူငယ်ချင်း။ ကိုယ် ယခု လိုက်ဗီးရီးယား* ကိုသွားပြီ။ အဲဒါဟာ ကိုယ် လုပ်ငန်းခွင်ကို ၀င်တာဘဲ။ ကိုယ် အဲဒီမှာ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ အလုပ်လုပ်ရ မယ်။ တွေ့ရမယ့် အခက်အခဲ တွေအတွက် ကိုယ် တိုက်ပွဲဝင်ရမယ်။ ကိုယ်တို့အရေးသာရမယ်ပေါ့။
    ဒီနည်းနဲ့ ကိုယ်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ့်ဘ၀ကိုပုံပြီး အပ်နှံရလိမ့်မယ် သူငယ်ချင်း။
    ဤသို့လျှင် ဂျော့သည် ကျွန်ဘ၀မှ၎င်း၊ ကိုလိုနီဘ၀မှ၎င်း၊ လွတ်မြောက်လာခဲ့သည့် နီးဂရိုး နိုင်ငံ တနိုင်ငံဖြစ်သော လိုက်ဗီးရီးယားသို့ ဇနီး သားသမီး အမ ယောက္ခမတို့နှင့်အတူ လာခဲ့လေ သည်။
    မဒမ်ဒီသောင်းသည် အမေရိကတွင် ရှိစဉ်ကပင် ကက်ဆီ၏ သားကို စုံစမ်းရှာဖွေခဲ့သေး၏။ ကက်ဆီ၏ သား မှာ စောစောပိုင်းကတည်းကပင် ကနေဒါသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးဖြစ် သည်။ မဒမ်ဒီသောင်း သည် ကက်ဆီ၏သားကို ရှာဖွေတွေ့ရှိပြီးနောက် ငွေကြေးထောက်ပံ့၍ အာဖရိကသို့ ရောက် နေသော မိခင်ထံသို့ လိုက်စေ၏။ သို့ဖြင့်ကက်ဆီသည် သားဖြစ်သူနှင့် လည်း ပြန်လည် ဆုံတွေ့ရလေ တော့သည်။

* ကျွန်ဘ၀မှ လွတ်မြောက်လာသည့် နီးဂရိုးများအတွက် နေရာချထားပေးသော အမေရိကန် ကိုလိုနီ နိုင်ငံ တနိုင်ငံ အဖြစ် ၁၈၂၀ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ၁၈၄၇ခုနှစ်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ ၀တ္ထုပါဂျော့၏ စကားသည် မိမိအမျိုးသားများ၏ လွတ်လပ်စနိုင်ငံ သို့ သွားရောက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
အခန်း (၄၄) ဆက်ရန်

.

2 comments:

လသာည said...

တချိန်လုံး မောခဲ့သမျှ ဇာတ်ပေါင်းခန်းတော့ ရောက်လာပြီ..း))

Anonymous said...

အရမ်းကောင်းတဲ့ စကားလုံးတွေ..။
တအားကိုကောင်းတယ်။ လက်တွေ့ကျတယ်။

ဂွတ်...

ကျေးဇူးးးး အမ...

မြတ်နိုး