အခန်း (၂၄) ရှေ့ပြေးနိမိတ်
အဲလ်ဖရက်စိန့်ကလဲယား သားအဖ ပြန်သွားသည်မှာ နှစ်ရက်ကြာခဲ့ပေပြီ။ သူ့မောင်ဝမ်းကွဲ ရောက်လာ စဉ်က ရွှင်ရွှင်ပျပျဖြင့် စိတ်ဓာတ်တက်ကြွကာ ကျန်းကျန်းမာမာ ဖြစ်ဟန် ရှိလာခဲ့သော အီဗာ၏ အခြေအနေ မှာ ယခုမူ ပို၍ပင် ဆိုးရွားလာခဲ့လေပြီ။ ဖခင်ဖြစ်သူ အော့ဂစတင်းစိန့်ကလဲယား ကိုယ်တိုင်ပင် ဆရာဝန် ခေါ်ရန် လိုအပ်ပြီဟု ယူဆလာသည်။
ယခုတရက်နှစ်ရက်မှာပင် အီဗာ၏ ကျန်းမာရေးအခြေအနေသည ပိုမိုဆိုးရွားလာသည်။ ထို့ကြောင့် ဆရာဝန် ကိုခေါ်ရလေတော့သည်။
သို့တိုင်အောင် မိခင်ဖြစ်သူ မေရီ့စိတ်ကမူ ဤကစ္စနှင့်ပတ်သက်၍ ဘာမျှ အလေးအနက် မထားလိုပေ။ သူသည် နကိုကပင် သမီး၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့သည်ကို အမှတ်ထားခဲ့သည် မဟုတ်ပေ။ သူအဖို့ တော့လည်း ယခုရက်များတွင်မှ ရောဂါပို၍တိုးလာသည်။ ရောဂါသစ်တွေ ၀င်လာနေသည်ဟု ထင်နေ သည်။ သူစိတ်ကသူ့လိုမခံစားကြ၍သာ တခြားလူများသည် သူ့လိုမစာနာတတ်ကြခြင်းသည်ဟု ယူဆ သည်။ ကုန်ကုန်ပြောလျှင် လင်သားကအစ သူ့အခြေအနေကို ဂရိုမစိုက်ဖူးဟု သူထင်သည်။ ဤသည် မှာလည်း သူ့လိုဝေဒနာမျိုး မခံစားကြရ၍သာ အောက်မေ့သည်။
သည်ကြားမှာပင် ယောက်မလုပ်သူက အီဗာ့အခြေအနေနှင့် ပတ်သက်၍ မကြာမကြာ ပြောလာတတ် သေး၏။ သို့ပေမယ့် နားမ၀င်။
"ကျမ ဖြင့် ဒီခေးမကျန်းမာတယ်လို့ မထင်ပေါင်။ ပြေးလွှားကစားနေတာဘဲဥစ္စာ"
"ဒါပေမယ့် ခြောင်းက တဟွတ်ဟွတ်ဆိုးနေတာ" မစ္စအော် ဖီလီယာက ထပ်၍ပြောသည်။
"ခြေင်းဆိုးတယ်၊ ဟုတ်လား။ အမယ်လေးရှင်။ ဒါများရေးကြီးခွင့်ကျယ်လုပ်လို့။ ကျမဆို တချိတ်လုံး ခြောင်းဆိုး နေတာဘဲ။ အီဗာတို့အရွယ်ကများဆို သွေးများတောင်ပါသလား ထင်ခဲ့ကြတာ။ ဟိုကောင်မ မမ်မီ ဆိုတာ ကျမနားမှာ တညလုံး အိပ်ရတာမဟုတ်ဖူး"
"မဟုတ်သေးဘူး မေရီ။ အီဗာဟာ အားကလဲနဲလာတယ်။ မောမောလဲနေတတ်တယ်"
"အလကားပါ။ ကျမများဖြင့် ဒါမျိုးအမြဲဖြစ်နေတာ အလကား၊ ဒါကစိတ်ပါရှင်"
"ညည ဆိုလဲ ချွေးက ထွက်သေးတယ်"
"အင်း၊ ဒါမျိုးကမလဲ ကြုံခဲ့ဘူးပါတယ်။ ကျမဆယ်နှစ်သမီးတုန်းကများဆို ညတိုင်းဘဲ။ အ၀တ်တွေဆိုတာ ချွေးတွေ ရွှဲနေတာ။ တညလုံးအ၀တ်လှန်းထားရတာ။ အီဗာက ဒီလောက်ချွေး မထွက်သေးပါဘူး"
ထိုစဉ် ကမူ အော်ဖီလီယာသည် သူ့နှုတ်ကို ပိတ်ခဲ့သည်။
ယခုမူ အီဗာ့အခြေအနေမှာ ထင်းထင်းကြီး ပေါ်လာပြီ။ ဆရာဝန်ပင်လျှင် ရောက်လာပေပြီ။ မေရီသည် ထိတ်ထိတ် ပျာပျာ ဖြစ်ရလေတော့သည်။
"ဒီလောက်လဲ ဖြစ်မနေစမ်းပါနဲ့အုံး မေရီရယ်" ဟူသော လင်သား၏စကားကိုပင် သူမခံနိုင်။
"အို၊ ရှင်က မွေးရတာမှ မဟုတ်ဖဲကို၊ ရှင်ကတော့ ဘယ်သိမလဲ။ ရှင်မှာသာ ဘာမှမဖြစ်သလို နေနိုင်တာ။ ကျုပ် မနေနိုင်ဘူး"
"ဟုတ်ပါတယ် မေရီ။ ကိုယ်အားလုံးသိတယ်။ အစောကြီးကတဲက သမီးအခြေအနေကို သိတယ်။ ခုလဲ သမီး အားကုန် လွန်းလို့ ခုလိုဖြစ်တာဘဲ။ ဆရာဝန်ကိုယ်တိုင်က ဘာမှစိတ်ပျက်စရာမလိုဘူး ပြောထားပြီဘဲကွာ"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရှင်ကအကောင်းဖက်ကကြည့်တဲ့လူဘဲ။ ကျမဖြင့်လေ၊ ရှင်တို့လို စိတ်အေး လက်အေး နေချင်လိုက်တာ။ ဘာမှမဖြစ်သလိုဘဲ" ဟူသော စကားမျိုးအထိသူ ပြောလာခဲ့ချေပြီ။
အမှန်ပင် ယခုမူ သူနေမထိထိုင်သထိ ဖြစ်ရလေပြီ။ သူသာလျှင် စိုးရိပ်ပူပန်တတ်သူ၊ သူသာလျှင် စိတ်နှလုံး ထိခိုက်ခံစားလွယ်သူ ဟူသော သဘောကို သူနှလုံးပိုက်ရသည်။ သူဘာပြောပြော ဘာကိုဘဲ ခံစားခံစား သမီး ၌သာ အကျုံးဝင်သည်ဟု သူယူဆလာသည်။ အီဗာကိုယ်တိုင် မိခင်မျက်ရည်ပေါက်ကြီး ငယ်ကျသည် အထိ မိမိအတွက် စိုးရိပ်ပူပန်ရသော အဖြစ်ကို မြင်ရပြန်သော် ၀မ်းနည်းမဆုံး ဖြစ်ရပြန်သည်။
တပတ်နှစ်ပတ်အကြာမှာပင် အီဗာ့အခြေအနေသည် ပြန်၍ထူထူထောင်ထောင် ဖြစ်လာသယောင် ထင်ရ လေသည်။ သူသည်ဥယျာဉ်ထဲသို့ ပြန်ဆင်လာသည်။ ခါတိုင်းလိုပင် ရယ်ရယ်မောမော ဖြစ်လာသည်။ ကစား မြူးတူး လာသည်။ သို့သော်ဖခင်နှင့် အဒေါ်ဖြစ်သူတို့ကမူ စိတ်ချရသောအခြေ အနေ မဟုတ်သည်ကို သိကြ၏။ ဆရာဝန်ကိုယ်တိုင်ကပင် အားရလောက်သော အခြေအနေ မဟုတ်သေးဟု ဆိုလေသည်။ မှန်သည်။ သူ့စိတ်ကိုသူတင်း၍သာ ပြန်လည်ထူထောင် လာသယောင်မှတ်ရ၏။
မည်သို့ဖြစ်စေ၊ သူ့စိတ်ကမူ သေရမည့်အရေးအတွက်ပင်လျှင် ၀မ်းမနည်းချင်။ ထိုကလေးမသည် ငယ်ရွယ် သေးသည် မှန်၏။ သို့သော်သူ့ဘ၀ပတ်ဝန်းကျင် အတွေ့ကြုံဖြင့် သူသည်ရင့်ကျက်လာခဲ့ပြီ။ ဆင်းရဲ ပင်ပန်းခြင်း ကြီးစွာ ဒုက္ခအမျိုးမျိုး ခံစားကြရသော ဒုက္ခသည်တွေက သူ့ဘ၀ကို သင်ခန်းစာ များစွာ ပေးခဲ့သည်ဟု သူယူဆသည်။ သို့ဖြင့်သူ့၌ ကလေးတယောက်အနေထက် လွန်ကဲသော စိတ်ဝေဒနာများ၊ အတွေးအသိ မမြင်များ ပေါက်နေသည်ဟုပင် ဆိုနိုင်လောက်သော အခြေအနေ ဖြစ်လေသည်။ ယခု သူသေရမည် ဆိုဦး၊ ဤသို့သေဆုံးရခြင်းသည် အများ၏ဝေဒနာ ဒုက္ခအပေါင်းမှ ကင်းလွတ်ကြောင်းဖြစ်လျှင် သူ ကျေနပ်သင့်သည်ဟု သဘောထားလာသည်။
သို့ဖြင့် တနေ့တွင် သူသည်ဦးလေးတွမ်အား သမ္မာကျမ်းစာကို ဖတ်ပြရင်း
"ယေရှုသခင်ဟာ ကျမတို့အတွက် ဘာကြောင့်အသက် အသေခံခဲ့တာဆိုတာ ကျမသဘောပေါက် လာပြီ ဦးလေးတွမ် ဟူသောစကားကိုပင် သူစ၍ပြောဖြစ်လေသည်။"
"ဘာဖြစ်လို့လဲ ခလေးမရယ်"
"ကျမစိတ်ထဲက အလိုလိုသိလာတာဘဲ ဦးလေးတွမ်"
"ဘာလဲဟင်။ ဘာကိုသိတာလဲ။ ကျုပ်ဖြင့်နားလည်လို့ကိုမရဘူး"
"ကျမလဲပြောတော့ မပြောတတ်ဖူး ဦးလေးတွမ်။ ဒါပေမယ့် ဦးလေးတွမ်ရယ်၊ ဦးလေးတွမ်နဲ့ ကျမ စတွေ့ကြတဲ့ သဘောင်္မှာတုန်းကလဲ ဒီလိုလဲ။ သားတကွဲ၊ မယားတကွဲ၊ လင်တကွဲဖြစ်ကြရတဲ့ လူတွေကို တွေ့ရတော့။ ပြီးတော့လဲအဖွားကြီး ပရူးအဖြစ်ကို ကြားရတုန်းကလဲဘဲ ဒီလိုဘဲ။ အို၊ ဘယ်လောက်များ စိတ်မချမ်းမြေ့ စရာကောင်းသလဲ။ ဒါတွေကိုလဲ ကျမတွေ့ရပေါင်းများလှပြီ။ ဒီတော့လေကျမစိတ်ထဲမှာ အဲဒီ စိတ်မချမ်းသာ စရာတွေသာ ကျမသေလိုက်လို့ ပျောက်သွားမယ် ဆိုရင် ကျမသေရမှာအတွက် ၀မ်းသာ မှာဘဲလို့ ထင်လာတယ်။ ဖြစ်နိုင်ရင် ကျမဟာလေ ဒီလိုဒုက္ခ ရောက်ကြရတဲ့လူတွေအတွက် သေလိုက် ချင်တယ်" သူငယ်မသည် လက်တစ်ဖက်၌ သမ္မာကျမ်းစာ ကိုကိုင်လျက် စိတ်အားထက်သန်စွာ ပြောပြနေ၏ ။
ဦးလေးတွမ်သည် အီဗာ့စကားကြောင့် တအံ့တသြတွေငေးရချေပြီ။ ထိုအခိုက်မှာပင် စိန့်ကလဲယား ၏ ခေါ်သံ ကိုကြားရသဖြင့် အီဗာသည် နေရာမှထသွားလေသည်။ ဦးလေးတွမ်သည် မျက်ရည်သွယ် ကျလျက် ကျန်ရစ်ခဲ့သည်။
အီိဗာသည် ဖခင်ရှိရာဝရန်တာသို့ တက်လာခဲ့သည်။ ညနေစောင်းနေရောင်သည် ဖြာကျနေ၏။ အဖျားသွေး တက်ချိန်ဖြစ်သောကြောင့် သူ့မျက်လုံးအစုံသည် တောက်ပနေသယောင် ထင်ရလေ သည်။
ဖခင် သည် သမီးအတွက်ကျောက်ဆစ်ရုပ်တခုကို ၀ယ်လာခဲ့သဖြင့် သမီးအားပြရန် ခေါ်လိုက် ခြင်းဖြစ်သည်။ သမီး ရောက်လာသည်ကို မြင်ရပြန်သောအခါ သူငေးငိုင်ရပြန်သည်။ သမီးကိုမြင်ရ သည့်အတွင် သူ့ ရင်ထဲ မှာ မချိ။ သမီးကိုပွေ့ဖက်ထားမိသည်။ သူပြောမည့်စကားကိုပင် သူမေ့ လျော့နေပြန်ချေသည်။
"သမီးလေး နေကောင်းလားဟင်"
"ဖေဖေ၊ သမီးလေ ဖေဖေ့ကိုစကားတွေအများကြီး ပြောချင်တယ်။ သမီးသိပ်ပြီး အားနဲ့မသွားခင် ပြောချင် တယ် ဖေဖေ"
ဖခင်ဖြစ်သူ သည် သမီးစကားကြောင့် တုန်တုန်ခါခါဖြစ်သွားသည်။ အီဗာသည် ဖခင်၏ပေါင်ပေါ်တွင် ထိုင်လိုက်သည်။ ခေါင်းကိုလည်း ဖခင်ရင်ခွင်၌ မှီထားသည်။
"သမီးဒီစကားတွေကို ပြောချင်နေတာ ကြာလှပြီဖေဖေ။ ဒါတွေကို သမီးမပြောဘဲ မျိုသိပ်ထားလို့ လဲ အလကားဘဲ။ ခုဆိုလေ၊ သမီးဖေဖေတို့နဲ့ ခွဲသွားရတော့မယ် မဟုတ်လား။ သမီးသွားရတော့ မှာပါဖေဖေ။ သမီး သိပါတယ်။ သမီးဘယ်တော့မှ ပြန်လာရတော့မှာ မဟုတ်ပါဘူး" ရှိုက်သံသဲ့သဲ့ ပါလာသည်။
"အိုသမီးရယ်။ အလကားအဓိပ္ပာယ်မရှိ စိတ်အားငယ်နေတာကိုကွယ့်။ ဟောဒီမှာ ကြည့်စမ်း၊ သမီးတို့လို ဖေဖေ ၀ယ်လာတာ" ကျောက်ဆစ်ရုပ်ကလေးကို ထုတ်ပြသည်။ တုန်ယင်သော လေသံကို ထိန်းချုပ်ပြီး ပြောနေ၏ ။
"ထားပါအုံးဖေဖေ" အီဗာသည် ဖခင်ဆီကအရုပ်ကိုယူပြီး မူလနေရာတွင် ပြန်ထားလိုက်သည်။ "သမီးလေး၊ သမီးအခြေအနေကို သမီးသိပါတယ်။ ဖေဖေကလဲသိတာဘဲ။ သမီးမကြာခင်ဘဲ ဖေဖေတို့နဲ့ခွဲရတော့မှာပါ။ သမီး သက်သက်မဲ့ စိတ်အားငယ်နေတာမဟုတ်ဘူး ဖေဖေ။ တကယ်က သမီးလေ ဖေဖေရယ် သမီး သူငယ်ချင်းတွေရယ်၊ အဲ၊ သူတို့အားလုံးနဲ့ ခွဲရမှတခုဘဲ သမီးဝမ်းနည်း တာပါဖေဖေ။ အဲဒီအတွက်သာ ၀မ်မနည်းရဘူးဆိုရင် သမီးလေသေရမှာအတွက် ပျော်တောင်ပျော်အုံးမှာဘဲ။ ထားပါဖေဖေ။ သမီး သွားချင်လှပါဘိ။ သွားရပါစေတော့လို့လဲ သမီး တောင့်တတယ်"
"အိုကွယ်။ သမီးမှာဘာများ စိတ်မချမ်းသာစရာရှိလို့လဲကွယ်။ သမီးပျော်အောင် ဘာမဆိုဖြစ်စေ ရတာဘဲ မဟုတ်လား ကွယ့်"
"သမီးကောင်းကင်ဘုံကိုလဲ ရောက်နေချင်တယ် ဖေဖေ။ သမီးလေ ဖေဖေတို့နဲ့ သမီးသူငယ်ချင်း တွေကြောင့် အသက်ရှင်နေတာပါ။ ဒါပေမယ့်ဖေဖေဒီလောကကြီးမှာ သမီးစိမချမ်းသာစရာ၊ ၀မ်းနည်း စရာ တွေက ပြည့်လို့ဘဲ။ ဒါကြောင့် သမီးကောင်းကင်ဘုံကိုဘဲ သွားချင်တယ်။ သမီး ဖေဖေနဲ့မခွဲချင်ပါဘူး"
"သမီးမှာ ဘာတွေများ စိတ်မချမ်းသာစရာတွေ၊ ၀မ်းနည်းစရာတွေ ဖြစ်နေလို့လဲကွယ်"
"အို ပြည့်လို့ဘဲ ဖေဖေ၊ ပြည့်လို့ဘဲ၊ သမီးပတ်ပတ်လည်မှာ အချိန်ရှိသရွေ့ ဖြစ်ပျက်နေတာတွေဘဲ။ သမီးလေဒီလူတွေအတွက် တကယ်ဘဲ ၀မ်းနည်းတယ်ဖေဖေ။ သူတို့ဟာ သမီးအပေါ်မှာကောင်းလဲ ကောင်းကြတယ်၊ စေတနာလဲ ထားကြတယ် သမီးကိုလဲကောင်းကြပါ တယ်။ သမီးလေ သူတို့အားလုံး လွတ်မြောက် စေချင်တယ်"
"အိုကွယ်၊ ခုကောသူတို့ကောင်းကောင်းမွန်မွန် နေကြရတာဘဲမဟုတ်လား သမီးရယ်"
"ဒါပေမယ့်ဖေဖေ။ ခုနေဖေဖေသာ တစ်ခုခုဖြစ်ကြည့်စမ်းပါ။ သူတို့တတွေကော ဘာဖြစ်ကြမလဲ။ နောက်ပြီး ဖေဖေ၊ မေမေလိုလူမျိုးဆိုတာက အရှားသားဘဲ။ ဦးဦးအဲလ်ဖရက်တို့ မေမေတို့ ကျတော့ဘဲ ဖေဖေနဲ့ တူသေးလို့လား။ အဖွားကြီးပရူးရဲ့ပိုင်ရှင်တွေကိုဘဲ ကြည့်ပါဖေဖေ။ ဒီလိုလူတွေဟာ ဘယ်လို စက်ဆုတ် စရာ၊ စိတ်မချမ်းသာစရာတွေကို လုပ်နေကြသလဲ၊ လုပ်နိုင် ကြသလဲ။ ဖေဖေသိပါတယ်"
"အို၊ သမီးကတယ်ပြီး အသဲနုတာကိုးကွယ့်။ သမီးကိုဒီအဖြစ်အပျက်တွေ ကြားစေ၊ သိစေ၊ မြင်စေ တာကိုက စိတ်မချမ်းသာ စရာဘဲ"
"ဟုတ်တယ်ဖေဖေ။ ဖေဖေကသမီးကို ပျော်ပျော်နေစေချင်တယ်။ ဘယ်လိုစိတ်ဒုက္ခဝေဒနာမှ မခံစား ချင်ဘူးလား။ ဒါပေမယ့် သမီးပတ်ဝန်းကျင်မှာက လူတွေကို ရှောင်လို့ရသလား။ ဒါတွေက သမီးအသဲမှာ စွဲနေပြီ ဖေဖေ ဒါတွေနဲ့ ပတ်သက်လို့ သမီး အမြဲပဲစဉ်းစားခဲ့ရတာ ဖေဖေ။ ဒီကျွန်တွေ အားလုံးကို ဖေဖေ လွတ်လပ်ခွင့် မပေးနိုင်ဘူးလား"
"ခက်တယ်သမီး။ ကျွန်ထားတဲ့စနစ်ဟာ မကောင်းဘူးဆိုတာ ဖေဖေသိတာဘဲ။ ဖေဖေလေ ဟောဒီ ကမ္ဘာ မှာ ကျွန်တယောက်မှ မရှိစေချင်တာလဲ အမှန်ဘဲ။ ဒါပေမယ့် ဘဲ့နဲ့လုပ်မလဲသမီး။ ဖေဖေကိုယ် တိုင် ဘာလုပ် ရမယ်ဆိုတာကိုမှ မသိတာ"
"ဖေဖေဒီလိုပြောဖော်ရတာကိုဘဲ သမီးဝမ်းသာလှပါပြီ ဖေဖေ။ အဲဒီသဘောကို ဖေဖေနယ်တကာ လှည့်ပြီး မဟောနိုင်မပြောနိုင်ဘူးလား။ ဒီကမ္ဘာမှာ ကျွန်တယောက်မှမရှိသင့်ဘူးလို့ ဖေဖေအရပ် တကာလှည့်ပြီး မပြောနိုင်ဘူးလား။ သမီးသေသွားပြီးရင် သမီးအတွက် ဖေဖေအဲဒီလို ကျွန်စနစ် ကြီး လုံးဝပျက်သွားရအောင် လုပ်ပေးပါဖေဖေ။ သမီးတတ်နိုင်ရင် သမီးလုပ်ပါတယ်"
"သမီးသေရင်၊ ဟုတ်လား။ မပြောပါနဲ့သမီးရယ်။ ဒီစကားကို သမီးမပြောပါနဲ့ကွယ်။ ဖေဖေအဖို့ ဒီကမ္ဘာလောကမှာ ပိုင်ဆိုင်သမျှဆိုလို့ သမီးတယောက်ပဲရှိတာပါကွယ်"
"ဟုတ်တယ်ဖေဖေ။ အဖွားကြီး ပရူးအဖို့လဲဒီလိုဘဲ။ ဒီကမ္ဘာမှာ သူပိုင်သမျှဆိုလို့ သူ့ခလေးဘဲရှိ တာ။ ဒါပေမယ့် သူ့ခလေးငိုသံကြားနေရတာတောင် သူဘာတတ်နိုင်ခဲ့လို့လဲ ဖေဖေ။ သူတို့တတွေဟာလဲ သူတို့သားသမီးတွေကို ဖေဖေက သမီးကိုချစ်သလို ချစ်ကြတာပါဘဲ။ သူတို့ အတွက် တခုခုလုပ်ပေးပါဖေဖေ။ အိမ်က မမ်မီ့ကိုဘဲ ကြည့်ပါဖေဖေ။ သူလဲသူ့ခလေးတွေကို ချစ်တာဘဲ။ သူ့ခလေးတွေ အကြောင်းပြောတိုင်း သူမျက်ရည်ကျတာကို သမီးတွေ့ရဘူးလှပါပြီ ဖေဖေ။ ဒီလိုဘဲ ဦးလေးတွမ်ဆိုလဲ သူ့ခလေးတွေကို ချစ်တာဘဲ"
"တော်ပါတော့ သမီးရယ်။ သမီးဒါတွေကို မပြောပါနဲ့တော့။ သေစကားလဲ မပြောပါနဲ့ကွယ်။ သမီး မသေရဘူး၊ သမီးဖြစ်ချင်တာတွေ ဖေဖေအားလုံးလုပ်ပေးမယ်။ ဟုတ်လား၊ နော်သမီး" နှိစ်သိမ့် စကား ဆိုသည်။
"ဒါဖြင့် ဖေဖေသမီးကို ကတိပေးမလား။ ဦးလေးတွမ်ကို အမြန်ဆုံးလွတ်မြောက်ခွင့်" ရုတ်တရက် စကားစ ပြတ်သွားပြီး "သမီးမရှိတာနဲ့ ဦးလေးတွမ်ကို လွတ်မြောက်ခွင့်ပေးပါမယ်လို့ ဖေဖေကတိ ပေးပါလား ဖေဖေ"
"ကောင်းပါပြီသမီးရယ်။ ဒီလောကမှာ သမီးဖြစ်ချင်တာဟူသမျှကို ဖေဖေဖြစ်အောင် လုပ်ပေးပါမယ် ကွယ်"
အီဗာသည် အဖျားသွေးတက်နေပြီဖြစ်သော ပါးပြင်ပူပူကို ဖခင်၏ မျက်နှာတွင်အပ်လိုက်ကာ "သမီးနဲ့ ဖေဖေအတူသွားကြရင် ဘယ်လောက်ကောင်းမလဲဘဲနော်" ခပ်ညည်းညည်းပြောလိုက် သည်။
"ဘယ်ကိုလဲ သမီးရယ်"
"ဖုရားသခင်ရဲ့ဗိမာန်ကိုလေ။ အဲဒီမှာက ဘယ်လောက်အေးချမ်းသလဲ" အီဗာသည် အမှတ်မထင် ပြောနေ၏ "အဲဒီကို မသွားချင်ဘူးလား ဖေဖေ"
ဖခင်သည် သမီးကိုတင်းတင်းဖက်ထားလိုက်သည်။ သမီးသည်အတန်ကြာ ဆိတ်ငြိမ်နေ၏ ။ အတန်ကြာ မှပင်
"ဖေဖေသမီးရှိတဲ့ဆီကို လာခဲ့ပါနော်" စိတ်မှတ်မပါဘဲ ပြောပြန်သည်။
"ဖေဖေလာခဲ့ပါမယ် သမီးလေးရယ်။ ဖေဖေ သမီးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးကွယ်"
အခန်း (၂၅) ဆက်ရန်
.

No comments:
Post a Comment