Wednesday, July 21, 2010

ပန်းသတင်း (ဂျူလိုင် ၂၁)

ပုံပြင်ဆန်သော ဆောင်းနိဒါန်း

"ဟော ... ကိုဆေးရိုးတို့ပါလား"
တောင်သူလယ်သမားကြီးတို့၏ ထုံးဓလေ့ မှတ်သားချက်အရဆိုလျှင် မိုးလေသည် တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့တွင် ကုန်ဆုံးသည်ဟု ဆိုစမှတ်ပြုကြ၏။ ပထမ၀ီဝင်အားဖြင့် မိုးရေချိန် အနည်းဆုံး ဖြစ်သည့် ဤမိုးခေါင်ရေရှားဒေသအတွက်မှာမူ မိုးရာသီရယ် နွေရာသီရယ်ဟူ၍ ဟုတ် ဟုတ်ငြားငြား ကွဲပြားမှု မရှိလှပါပေ။ သည်တစ်နှစ်သည်လည်း သဲကန္တာရဆန်သော ပူပြင်းခြောက် ကျွမ်းခြင်း ဖြင့် တစ်မိုးကုန်၍ တစ်ဆောင်းငွေ့၌  ပြောင်းရွှေ့ ခိုလှုံပါငြားလည်း နှင်းငွေ့နှင်းသက်များ က မလျှော ဆင်းလာသေးပေ။ သည်သဘောကး မိုးအကုန် ဆောင်းအကူး၌ ဖြစ်မြဲပင်တည်း။ ယုတ်စွအဆုံး နှင်းခါး ကလေး များသော်မှ မပက်ဖျန်းလာသေးပေ။ ထို့ကြောင့် ကိုဆေးရိုးတို့၏ တန်ဆောင်မုန်းမှာ အိုက်စပ်၍ မဆုံး ပူလောင်ချက် ပြင်းတုန်းမှာပင် ရှိသေး၏။

"အားလုံး ကြားကြသရွေ့ ပုရပိုက်တန်းရွာနေ ကိုအောင်ဘော်၊ မမယ်မတို့က နက်ဖြန်ခါ နေ့ဆွမ်းစား ပြီး အချိန် တွင် သရက်ချင်မြောင်ကျောင်းသို့ ကထိန်တရားတော်နာ ကြွတော်မူကြပါတဲ့ဗျို့"
ကိုသာဟန် ၏ အသံက ရမ်းဘိုကုန်းရွာ အရှေ့ဖျားတွင် ပျံဝဲလာ၏။ မီးရောင်ကလေးတွေ ကိုယ်စီနှင့် ဆူညံနေသော အိမ်များမှ ကလေးငိုသံ၊ ဆဲဆိုသံ၊ အိုးပုတ်သံ၊ အော်သံ၊ ငေါက်သံများသည် ဗျိုး ... သံကြောင့် တဒင်္ဂမျှ ငြိမ်သက်သွားကြ၏။ ကိုသာဟန်သည် ဗျိုးသံအဆုံးတွင် ချောင်းသံ တဟပ် ဟပ်၊ ဆေးလိပ်မီး တ၀င်းဝင်း နှင့် ဆက်လျှောက်သွာသောအခါ ရွာငယ်၏ ဆူညံသံမျးက ပြန်လည် ထွက်ပေါ်လာပြန်၏။

"သမီးရေ ... အဖေ့ရှပ်အင်္ကျီကို လျှော်ဦးမှပဲဟေ့။
ကိုဆေးရိုး သည် နောက်ဘက်မှ အူယားဖားယား ပြေးဝင်လာသည်။ မျက်လုံးက သမီးချောစိန်ကို တစ်လှည့် မကျီးဒန် ကို တစ်လှည့် ကြည့်နေသည်။ ခါးတောင်းကျိုက်ထားသော သူ့ခန္ဓာကိုယ် အောက်ပိုင်းတွင် ရေများဖြင့် ရွှဲစိုနေကာ ညိုမှောင်သော အသားက မှောင်မည်းနောက်ခံထက်ဝယ် မီးရောင်ဖြင့် လက် နေသည်။

"ဘာများ ဒါလောက်တောင် အလောတကြီး ဖြစ်လာရတာလဲ ကိုဆေးရိုးရဲ့၊ တော့်မလဲ"
"ဟယ် ... နင့်မလဲ ငါ့ကို မာန်ဖို့ချည်း ကြည့်နေတာပဲ။ နေ့လယ်တုန်းက လယ်ချတဲ့ဆီကို ၀တ်သွား တာ အင်္ကျီ တစ်ထည်လုံး ရွှဲရွှဲစိုနေတာဟာ၊ အဲဒါကို အခုနေက လျှော်ထားမှ ဖြစ်တော့မပေါ့ဟ"
"မနက်ကျ မှ လျှော်တော့ကော ဘာဖြစ်လဲ"
မကျီးဒန် က အိပ်ရာဘေးရှိ ထန်းခေါက်ဖာအစုတ်ကို ဖွင့်ရင်းက ကိုဆေးရိုးဘက်သို့ မျက်စောင်းထိုး ကာ မေးလိုက်ပြန်၏။

"ကဲ ... ကဲ မိကျီးဒန်၊ ခင်ဗျားကို ကျုပ် ပြောတာ မဟုတ်ပါဘူး၊ သမီးကို ခိုင်းနေတာပါ"
ကိုဆေးရိုး မှာ စိတ်မရှည်တော့သဖြင့် မကျီးဒန်းကို ပြန်၍အော်ပြောလိုက်လေရာ
"မအော်ပါနဲ့တော့်"
"အော်တာမကြိုက်ရင် အသာနေ"
"အို ... အမေကလည်း ဟုတ်သားပဲ၊ အမေက အလကားနေရင်း အဖေစိတ်တိုအောင် ပြောပြောနေ တားကိုး အမေရဲ့"

ချောစိန်မှာ အနီးတွင် ဆောင့်ကြောင့်ထိုင်လျက် ပဲကြီးရေစိမ်များကို ညှစ်နေရာမှ အဖေနှင့် အမေ ဖြစ်သူတို့၏ ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေပေးလိုက်သည်။ ထို့နောက် ကိုဆေးရိုးဘက်သို့ လှည့်ပြီး
"အဖေ့မလဲ ရေတွေစိုလို့ပါကလား၊ မတော်တဆ အအေးမိသွားပါ့မယ် အဖေရာ၊ ကျုပ်က ပြီး လောက်ပြီ ထင်နေတာ။ ကဲကဲ အခုလျှော်လိုက်မယ်လေ၊ အဖေကော ရေမချိုးသေးဘူးလား"
ချောစိန်က ဘုရားစင်တွင် ချိတ်ထားသော အင်္ကျီကို ဖြုတ်ယူလိုက်လေသည်။ ကိုဆေးရိုးသည် တဲ နောက်ဘက် ရှိ မှောင်ကွယ်ထဲသို့ ၀င်ရောက်သွားလေသည်။

ကိုဆေးရိုးမှာ တဲနောက်ဖေး ချောင်းကမ်းပါးရှိ ကုန်းမို့ကလေးပေါ်တွင် ပျိုးထားသော ကြက်သွန်ခင်း ကလေးကို ရေလောင်း နေရာမှ ကိုသာဟန်၏ ဗျိုင်းသံကို ကြားရသောကြောင့် ၀င်လာခဲ့ခြင်း ဖြစ်သည်။ အင်္ကျီ က သည်တစ်ထည်တည်းသာ ကောင်းကောင်းမွန်မွန် ရှိတော့သည်။ သည်တစ်ထည်သာ ရှိတော့ခါမှ သွားစရာ လမ်းများက ခဏခဏပေါ်လာသည်။ သွားစရာလမ်းရှိ၍ ၀တ်လိုက်ပြန်ပါမူ ကိုဆေးရိုးတို့ လို အ၀တ် ကပ်လေ့ ထပ်ထမရှိသော လူများ၏ ခန္ဓာကိုယ်မှ ချွေးများသည် တာကျိုးသလို သွန်ကျ လာလေ့ရှိ၏။ ခဏခဏ လျှော်ဖွပ်ပြန်ပါက စုတ်သွားမည်စိုးသဖြင့် မလျှော်ဘဲထားပြန်ပါလျှင်လည်း ချွေးစားပြီး စုတ်ပြဲ သွားမှာကို စိုးရိမ်ရပြန်လေသည်။

"ဟယ် ... နောက်ခါကျမှ နောင်ခါ ရောက်ရားပေါ့၊ စုတ်သွားလည်း မ၀တ်ဘဲနေရုံပေါ့။ လူတွေကြား ထဲမှာ ချွေးနံ့ကြီး တလှိုင်လှိုင်နဲ့ အားနာစရာကြီး"
သို့ကြောင့်ပင် နေ့လယ်က ၀တ်သွားခဲ့သော အင်ကျီကို နက်ဖြန်ကာလအတွက် လျှော်ဖွပ်ရန် လိုအပ် လာလေ သည်။ မဖြစ်စေချင်တာများကလည်း အကျဉ်းအကျပ်များနှင့်ကြုံလာလျှင် ကြံကြံဖန်ဖန် တွေ့ရ တတ်၏။ ကိုဆေးရိုးမှာ သည်လိုအတွေ့အကြုံများက သင်ကြားထားပြီးဖြစ်သဖြင့် တစ်ထည် တည်းသော အင်္ကျီ ကို ကြိုတင်လျှော်ဖွပ်ထားစေခြင်း ဖြစ်၏။  ဟုတ်သည်၊ နက်ဖြန်နံနက်ကျမှ လျှော်လျှော်ကော မခြောက် သွေ့ နိုင်ပေဘူးလော။ ခြောက်ောတ့ ခြောက်နိုင်ပါသည်။ သို့သော် နေမသာ မိုးအုံ့နေခဲ့သော် မည်သည့် အင်္ကျီ ကို ၀တ်သွားရပါမည်နည်း။

"ဆေးရိုးရေ"
"ဟေ ... ဘာလဲဟ"
ကိုဆေးရိုးမှာ နံနက်လင်းလာလျှင် လင်းလာချင်း မျက်နှာပင် မသစ်အားပေး။ သူ၏ ကြက်သွန် ပျိုခင်းကလေးများ၏ ကြားသို့ရောက်လာကာ အရိပ်အခြည်ကို ကြည့်ရသည်မှာ ၀တ္တရားတစ်ခု ဖြစ် နေသည်။ လူအတွက် အသုံးဝင်သော ကြက်သွန်ပင်ကလေးများမှ အပ်ဖျားလောက်ဘ၀မှ တိုးတက်ဖွံ့ထွား လာသည် မရှိဟု ထင်ရ၏။ မြက်ပင်နှင့် ခရာပင်များမှာသော်ကား ကြွားရွား သန်မြန်စွာယ ပေါက်နေကြ၏။ ကိုဆေးရိုး မှာ ကြက်သွန်ပျိုခင်းနားသို့ ရောက်လျှင် တော်တော်နှင့် မခွာနိုင်တော့ချေ။။ အမြင်မတော်သော ပေါင်းပင် ကလေးများကို ဆွဲနုတ်ဖယ်ရှားနေမိတတ်သည် သာ ဖြစ်၏။
"မင့်ပျိုပင် ကလေးတွေ ဘယ့်နှယ်လဲဟေ့"

ကျောတပြောင်ပြောင်တွင် လုံချည်စုတ်တစ်ထည်ကို ပခုံးတင်ထားသည့် ကိုသာမောင်က တဲနောက်ဖေး ဘက် သို့ လျှောက်လာသည်။
"ငါတော့ ကြည့်ရင်းကြည့်ရင်းနဲ့ပဲ တစ်နေ့တစ်ခြား မြေကြီးထဲကို ၀င်ကုန်ပြီထင်တယ်ကွာ"
"ဟေ ... ငါ့မလဲ ဒီလိုပဲဟ"
ကိုသာမောင် က တအံ့တသြ ဖြစ်သွားရဟန်ဖြင့် ကိုဆေးရိုး၏ အနီးတွင် လာ၍ ရပ်သည်။

"လင်းနို့ချေးကျွေးရရင် ဘယ်လိုနေမလဲကွ"
"ကောင်းသားပဲ၊ ငါတော့ နဘတ် (နှမ်းဖတ်) ပုပ်ရေ လောင်းကြည့်ချင်တယ်ကွာ"
"ကောင်းတော့ ကောင်းတာချည့်ပဲကွ၊ ဘယ်ဟာက ပိုကောင်းမလဲ မသိဘူးကွ"
ကိုဆေးရိုးက ဟင်းခနဲ သက်ပြင်းချလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။ မြသားသွယ်နွဲ့နွဲ့ကလေး များမှာ ပုလဲရည်မိုး နှင့် ဥကလေးများ ချိတ်စီထား၏။ ကိုဆေးရိုးမှာ သူ၏ ကြက်သွန်ပင်ကလေးများ အတွက် အားမလိုအားမရ ဖြစ်နေသည်။ ရွှန်းရွှန်းကြော့ကြော့ မရှိ။ စိမ်းစိမ်းလွင်လွင် မရှိ။ ကုပ်ချည့် ချည့်ဖြစ်နေသော အပင်ကလေး များအတွက် အလိုလိုနေရင်း မောနေရ၏။
"ခက်ပါသကွာ"

"ဟေ့ ... "
ကိုသာမောင်က ရုတ်တရက်ခေါ်လိုက်သဖြင့် ကိုဆေးရိုးမှာ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ ကိုသာမောင် က အကြံတစ်ခုရဟန်ဖြင့် ခါးကိုညွှတ်ကိုင်းပြီး မျက်မှောင်ကို ကြုတ်ပစ်လိုက်ကာ
"ဟေ့ ငါတော့ ရေဖြတ်ထားမယ်လို့ စိတ်ကူးထားတယ်ကွ၊ သုံးလေးရက်လောက် ရေဖြတ်ထားရင် ကြက်သွန်ပင် ကလေးတွေဟာ တစ်ခါတည်း ပြာနှမ်းကုန်မယ်ကွ သိလား၊ အဲဒီတုန်းက ဗြုန်းခနဲ ရေပြန်လောင်း လိုက်ရင် ဟုန်းခနဲ တက်လာလိမ့်မယ် ထင်တယ်ကွ"ဟု အားပါးတရ ပြောလိုက် သည်။

"ဟန်မယ် မထင်ပါဘူး သာမောင်ရာ၊ အစိုကိုက်သွားမှာစိုးလို့ တစ်ရက်တလေဖြတ်ထားတာဆိုရင် တော်သေး ရဲ့"
"ဟ ... ဆေးရိုးရ၊ အဲဒီနည်းက လူပြောများတယ်ကွ"
"များ များကွာ၊ လင်းနို့ချေးပဲစမ်းကြည့်မယ်"
ကိုဆေးရိုးက ချောင်းပြင်တွင်းရှိ ပြဲုလဲနေသော ကိုင်းပင်များကို ငေးမောကြည့်နေရာက ပြန်ပြော နေသည်။ တစ်ဆောင်းနှင့် တစ်နွေလုံးလုံး မင်းမူဝင့်ကြွားနေခဲ့သော ကိုင်းတောကြီးမှာ ချောင်းရေ၏ လွှမ်းမိုး ဖိနှိပ်မှု ကြောင့် သောင်ပြင်ဝယ် ပြားပြားကပ်နေကြ၏။ ရွှံ့နှစ်အခြောက်များသည် နေရောင် ဖြင့် ၀င်းလက်နေ၏။ ချောင်းရေ မှာလည်း တစ်နေ့တခြား လျော့ပါးလာပြီဖြစ်ရာ ၀ါးဖောင်များကို အနည်းအကျဉ်းမျှ တွေ့မြင် နေရလေပြီ။

"အင်း ... နိမ့်တုံမြင့်တုံ ဤလူ့ဘုံပါကလား"
"ဟကောင် အောင်မယ် ... တရားတွေဘာတွေကျလို့ပါကလားဟ"
ကိုဆေးရိုး၏ ညည်းတွားသံကြောင့် ကိုသာမောင်ကပါ ချောင်းပြင်အတွင်းသို့ လှမ်းမျှော်ကြည့်လိုက် မိသည်။ ချောင်းပြင်အတွင်းဝယ် မွမွညက်ကြေ လဲလျောင်းနေခဲ့ရသော ကိုင်းပင်များသည် ယခုမူ ထောင်တက် တိုးခွင့်လာကြပြန်သည်။ သို့တစေတည်း ကိုဆေးရိုးတို့၊ ကိုသာမောင်တို့၏ ဘ၀လှေ ကြီးမှာကား ရေယိုလျက် နှင့် ရေဆန်ကိုသာ တွေ့နေကြရ၏။ သူတို့အတွက် ရေစုန်သည် အဘယ် မှာပါနည်း။

"ကဲ ... မင်းဘာသာမင်း အာပေါကသိုဏ်းပဲရှုရှု၊ ပြာသောကသိုဏ်းပဲရှုရှု ရှုနေခဲ့တော့ဟေ့"
"သွားတော့မလားကွ"
"အေးကွာ၊ လယ်ပြင်ကို သွားရဦးမယ်ကွ"
ကိုဆေးရိုးမှာမူ ကိုင်းပင်နှင့် သူ့ဘ၀ကို ယှဉ်တွဲကြည့်နေမိပြန်လေသည်။ အမွဲမွဲနှင့် ဆင်းရဲခဲ့ရသည် မှာ ကြာညောင်းခဲ့ပါပြီကော။
"အင်း ... ကံပဲပေါ့ ကျီးဒန်ရာ"

မတတ်သာ သည့် အဆုံးဝယ် ကံကိုသာ ပစ်ချပုံအပ်ရလေ့ရှိ၏။ ကဲ့ရဲ့ခြင်းနှင်း ဆင်းရဲခြင်းတို့ရှိလျှင် ချီးမွမ်း ခံရခြင်းနှင့် ချမ်းသာခြင်းတို့ ရှိရမည်မှာ မှန်ကန်သော သစ္စာတရားဖြစ်သော်လည်း ကိုဆေးရိုး တို့မှာမူ ချမ်းသာခြင်း၏ အရိပ်အရောင်ကလေးကိုသော်မှ မမြင်ရ။ သစ္စာတရားပင် ယိုယွင်းနေ သလော။ လူတို့ သည်ပင် မှားယွင်းသလော။
"မြက်ပင် နဲ့ တို့ဘ၀ ဘယ်တော့များမှ အတူတူ ဖြစ်နိုင်ပါ့မလဲကွယ်၊ ဟင်း ... "

ချောင်းပြင်တွင်းမှ ဂယက်ကွက်တို့သည် ကိုဆေးရိုး၏ ညှိုးအိုနွမ်းရော်သောမျက်နှာကို ရောင်ပြေး ကလေး များဖြင့် ထိုးရိုက်ပေးနေကြသည်။ ကိုဆေးရိုး၏ သက်မ လှိုက်ပြင်း ပူလောင်သော ထွက် သက်သည် ချောင်းပြင်တွင်း ရှိ လှိုင်းတွန့်ကလးများကို ပျက်ပြယ်စေလေသည်။
"ရွှေဘိုချဉ်ပေါင် ဖူးခေါင်ဝေလို့ ဖြိုးဟေဟေ... "

ကိုဆေးရိုးသည် လင်းနို့ချေးအိတ်ကို ပခုံးတွင်ထမ်းလျက် ရွာတွင်းသို့ ၀င်လာသည်နှင့်တစ်ပြိုင်နက် ညာသံ တလှိုင်လှိုင် ဖြင့် အိုးစည်သံကို ဦးစွာကြားရ၏။
"ငါးမည်းရ ... ငါးမည်ရပြည်ရွှေဘို၊ ဘေးရန်က ပြို"
ကိုဆေးရိုး သည် အိမ်ဝိုင်းတွင်းသို့ ၀င်လာကာ ပခုံးပေါ်မှ လင်းနို့ချေးအိတ်ကို ပစ်ချလိုက်၏။

"ကျီးဒန်ရေ၊ ကလေးတွေ ရောက်ပလားဟေ့"
"မရောက်သေးဘူး တော်ရေ့ ...၊ ရောက်ချိန်တော့ နီးပါပြီ"
မကျီးဒန်ရေ၊ ကလေးတွေ ရောက်ပလားဟေ့"
"မရောက်သေးဘူး တော်ရေ့ ...၊ ရောက်ချိန်တော့ နီးပါပြီ"
မကျီးဒန် က လက်တွင် ဆေးပေါ့လိမ်ကြီးကိုကိုင်ကာ တဲပြင်သို့ ထွက်လာ၏။

"ကဲ တစ်ခုခုနဲ့ဖြန့်ပြီး နေလှန်းလိုက်စမ်းဟာ"
"အဖေရေ ... အဖေ အဖေ"
သားငယ် ၏ အသံကို ကြားရသဖြင့် တဲပေါက်ဝသို့ ခေါင်းငဲ့နားထောင်နေစဉ်မှာပင် တညိန်းပင် ပြေးဝင်လာကာ
"အဖေ၊ ကျုပ် သင်ပုတ်ကြီးတင် လိုက်သွားဦးမယ်နော်"
အူယားဖားပြောလိုက်သည်။
"ဘယ်တော့လဲသားရေ"
"နက်ဖြန်မနက်ပေါ့ အဖေရဲ့၊ အခု တီးနေတာလေ"

ကိုဆေးရိုးက သားငယ်၏မျက်နှာကိုမော့ကြည့်လျှင် သားဖြစ်သူ၏ ရွှင်လန်းကြွရွနေသော အသွင် ကို မြင်ရ ရှိပေသည်။ တစ်ရွာလုံးမှာ ' ရှ ' အသံထွက်မည့်နေရာတွင် 'ဆ'ကို အမြဲတမ်းထည့်သွင်းပြောဆို ကြ၏။ ဤသည်ကား ရေမြေနှင့် ဓလေ့ ကွဲပြားမှုကြောင့်ဖြစ်တော့သည်။
'လယ်တွေ ကော ဘယ့်နှယ်နေလဲဟေ့'

'ဒီလိုချည်းပဲပေါ့ ကောင်းဆေးရိုးရာ၊ သည်တစ်မြောင်းတည်းသောက်တဲ့လူချင်းက ဘယ်မှာပိုပြီး ကောင်းနေနိုင်ပါ့မလဲ'
ကိုဆေးရိုးက လက်ဖက်စားအပြီးတွင် လက်သုတ်စရာမရှိသဖြင့် လက်သုတ်ပ၀ါပေးရန် အော်၍ တောင်းနေစဉ်တွင် ဘသန်း ထပ်မံပြောပြန်၏။
'ဒါဖြင့် နွေစာ အတွက် ဘာများလုပ်မယ်ကြံသလဲဗျ'
'မျိုးနဲ့ရိုးဖြတ်လုပ်တတ်မှ ကျန်မယ့်ဘ၀ကလားကွ၊ ချောင်းတိမ်ယာကလေးတစ်ကွက်တော့ ရှာထားတာပဲကွ'
' နို့ အိုးလုပ်တာကကော ကောင်းဆေးရိုးရ'

'ဟာကွာ ကူလီခ ဆိုမှ ကူလီခပဲကျန်တာပေါ့။ တောတက်ပြီး ကိုယ်တိုင်ထင်းခုတ်နိုင်ရင် ထင်းဖိုးကိုပါ ကို ရသကွ။ ထင်းဖိုးလိုချင်လွန်းလို့ အရဲစွန့်ပြီး တောတက်သွားတုန်းများ ဓားပြနဲ့တွေ့ ရင်တော့ နွားရော လှည်းရော အဆုံးပေါ့ကွာ'
' ဒီလိုပုံဖြင့် အခက်သားပါကလား'
ဘသန်းက ဆေးလိပ်မီးခိုးနှင့်အတူ ထန်ပြင်းသော သက်မကို ချလိုက်လေသည်။ ကိုဆေးရိုးတို့လို လက်မှု ပညာသည် တစ်ပိုင်း၊ လယ်သမားတစ်ပိုင်းများအဖို့ အသက်ရှူပေါက် ပိတ်ဆို့နေဆိုပါက လယ်ကူလီနှင့် လယ်သမား စစ်စစ်များအဖို့ကား ဆိုဖွယ်ရာ မရှိပါတော့ချေ။

' ဒီချောင်းတိမ်ယာကကော ဘာစိုက်ဖို့တုံးဗျ'
ခေတ္တမျှ ငြိမ်သက်ငေးမောနေရာက ဘသန်း၏ အသံကြောင့် ကိုဆေးရိုးမှာ ပြန်လည် လှုပ်ရှာလာရကား
'ကုလားကြက်သွန်စိုက်မလို့ကွ'

' ချောင်းပြင်ထဲတော့ ဘာဖြစ်လို့ ချမစိုက်လဲ၊ ရေလည်း မလောင်းရဘူး'
' အဲ ... မင်းက ဒါတစ်ခုတည်း မြင်တာကိုးကွ၊ ချောင်းထဲမှာ ချစိုက်မယ်ဆိုရင် ပထမဦးဆုံး စောင်ရန်း တန်းကာ ဖို့ တောတက်ရတော့မယ်ကွာ။ မ၀ယ်နိုင်ရင်တော့ စွန့်တက်ရတော့မှာပဲ။ ဒုတိယ နွားချေးချ ရတော့မယ်။ အဲဒီနွားချေးက သက်သက်ဆုံးတာပဲကွ။ လယ်ထဲ ကျဲသလို ယာထဲ ချသလို တစ်နှစ်ထက် တစ်နှစ် တိုးပြီး မြေကောင်းလာစေတာ မဟုတ်ဘူးကွ'
' ဟုတ်တယ်ဗျို့၊ ကျုပ် ကောင်းဆေးရိုးပြောမှ သဘောပေါက်တော့တယ်ဗျို့'

အနားသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော ဒိုင်းခေါင်းကုန်းမှ ထွန်းအံ့၏ အသံကိုကြားမှ ကိုဆေးရိုးမှာ လှည့်ကြည့်လိုက်မိကာ
'ဘယ့်နှယ်လဲဟေ့၊ မင့်အဖေတို့ အမေတို့ကော နေကောင်းကြရဲ့လား။ သူတို့ မလာကြဘူးလား'
' ကောင်းပါတယ် '
' ကဲဗျာ ပြောပါဦး၊ ကောင်းဆေးရိုးရာ '
ဘသန်း က နားထောင်လက်စ စကားကို ပြန်ဆက်ခိုင်းသည်။

' နောက် အရေးကြီးဆုံးကတော့ ရေစမ်းတတ်ဖို့ပဲကွ။ ရေချက်ချင်းဆုတ်သွားမယ့်နေရာမျိုးပဲ။ သဲကြမ်းလွန်းတဲ့ နေရာမျိုးပေါ့ကာ'
ကိုဆေးရိုးမှာ အာခြောက်လာပြီဖြစ်သဖြင့် ကပျာကယာထပြီး ရေသောက်လိုက်ရသည်။
' ငါ့လခွေးတဲ့မှ တယ်ပြီး အာခြောက်သကိုးကွ။ ဟော ... နောက်ဆုံးတစ်ချက်ကတော့ အချိန်မဟုတ်၊ အခါမဟုတ်နဲ့ ချောင်းရေတေကျလာရင် ကြက်သွန်တေရော၊ စောင်ရန်းတန်းတေပါ ရေထဲပါကုန်ပြီး တစ်ခါတည်း ခွေးဇာတ်ခင်းတော့တာပဲကွာ'

တဖြည်းဖြည်းနှင့် တရားနာပရိသတ်များမှာ များသည်ထက် များလာပြီး အုတ်အုတ်ကျက်ကျက် ဖြစ်လာ သည်။
' သြော် ... ကောင်းဆေးရိုးကို တစ်ခုမေးရီးမယ်။ ကြက်သွန်စေ့နဲ့ ခရာစေ့က တကယ်တူသလားဗျ'
' ဟ တူတာပေါ့ကွ။ သေသေချာချာ တစ်စေ့စီယူပြီး ကြက်သွန်စေ့နဲ့ယှဉ်ကြည့်မှသာ ကြက်သွန်စေ့ မဟုတ်မှန်း သိနိုင်တယ်'
' ကိုထွန်းခင်ကြီးကို ကောင်းဆေးရိုး သိလား'
' ဘာဖြစ်လို့လဲ၊ သိတော့ သိတယ်၊ ဒါပေမဲ့ သိပ်မကွမ်းဘူးကွ'

'သူပေါ့ ကောင်းဆေးရိုးရ၊ မနှစ်တုန်းက မျိုးယူဖို့ဆိုပြီး ကြက်သွန်စေ့ တစ်ပြည်လားပဲ ၀ယ်လာတယ်။ ပေါက် လာတော့ ခရာပင်တွေချည့်ဖြစ်နေလို့ ကော် ကော်ပြီး ဆဲလိုက်တာ ကောင်းဆေးရိုးရာ'
ထွန်းအံ့ က သူ၏ စကားအဆုံးတွင် အားရပါးရ ရယ်မောပစ်လိုက်သည်။
'အဲဒါ ခရာစေ့တေရောပြီး ရောင်းတဲ့လူက အ လို့က။ ခိုးလည်း ခိုးချင်ရဲ့၊ ခိုးလည်း မခိုးတတ်တဲ့ ကောင်မျိုးပဲ။ ခရာစေ့တွေကို မီးသင်းပြီး ရောင်းလိုက်စမ်းပါကွာ။ ခရာစေ့တေမှန်းလည်း မသိ၊ တစ် ပင်မှလည်း ပေါက်မလာတော့ဘူး'
' ဟင် ... ဘယ်ဖြစ်မလဲ ကောင်းဆေးရိုးရဲ့ '

' ဟ ... ဖြစ်တာပေါ့ကွ။ ပျိုးတဲ့လူ အသုံးမကျလို့ မပေါက်တာဆိုရင် ပြီးတာပဲ။ ငါဖြင့် ဒါမျိုးနဲ့ ခံခဲ့ရ ပေါင်း များ လှပြီ'
' ကောင်းဆေးရိုးတို့ဘက်တာ့ မသိဘူး၊ ကျုပ်တို့ဘက်ဖြင့် တယ်ပြီး မြွေပေါတယ်ဗျို့။ မနေ့တုန်းကပဲ စောင်းချမ်းကုန်း က နှစ်ယောက် ထိလာခဲ့ပြီဗျာ'
' အေးပေါ့၊ သတိနဲ့ သွားလာကြဟေ့။ ဒါမျိုးဆိုတာ များသောအားဖြင့် သေတာများတယ်ဟေ့'

ထို့နောက် ကိုဆေးရိုးသည် တွေဝေနေ၏။ ကိုဆေးရိုးမှာ မည်မျှကြာအောင် စိတ်လင့်ငေးစိုက်နေမိ သည် မသိ။ သီလယူရန်၊ ကန်တော့ရန်အတွက် လက်တွင်းသို့ တစ်စုံတစ်ယောက်က ဆန်ပန်းရောင်စုံများ လာထည့် မှ သတိရလေတော့သည်။
' ကဲ ... ကဲ ကန်တော့ကြရအောင်ဗျို့'
တစ်ကိုကြားမျှသာ ရွတ်ဆိုကန်တော့ကြသော အသံများက ကျောင်းဆောင်တစ်ခုလုံးဝယ် လိုဉ်သံဖြစ်ကာ ဟိန်းသွားလေတော့သည်။ ကိုဆေးရိုးမှာကား သီလပေးတာကိုလည်း ဖြောင့်ဖြောင့် မယူနိုင်၊ ပရိတ်ရွတ်သံ လည်း ခပ်ဝါးဝါးမျှသာ ဖြစ်နေရသည်။ စိတ်က အိမ်သို့သာ ရောက်ရှိနေတော့ သည်။

မိမိတို့ လူကြီးဖြစ်သောအခါမှာလည်း ဒါကိုပင် တစ်ဆင့်ပြန်ပြီး ဖောက်သည်သာချနေရလေပြီ။ ယင်း သို့ ထူးမြတ်လှသော ကထိန်တရားကို ဇွတ်မှိတ်ပြီးနာသော်လည်း ကိုဆေးရိုးမှာဖြင့် အိမ်သို့ သာပြန် ရောက်နေ၏။
'ဘုရား ... ဘုရား၊ ဘာတွေများ ဖြစ်ကုန်ပါလိမ့်'
'ကိုဆေးရိုးရေ၊ ကိုသာမောင်တို့ကော'
'နောက်မှာ ပါ ပါတယ်ဟ'
'ကျုပ်တို့အိမ်ကဟာကော ဘယ်ထန်းတော ၀င်နေခဲ့သလဲ'
'မ၀င်ပါဘူးဟ မယ်မရ၊ လာနေပါပြီ'

ကိုဆေးရိုးမှာ အိမ်ဝိုင်းထဲသို့ မ၀င်မီကပင် မကျီးဒန်ကိုလှမ်း၍မြင်နေရသဖြင့် အနည်းငယ်စိတ်အေး သွားရသည်။ သားနှင့်သမီးကိုပါ အိပ်ပျော်နေသည်မြင်ရသဖြင့် သက်မကို ဟင်းခနဲချလိုက်မိသည်။
'ကျီးဒန် ရေ၊ ကနေ့ ငါ့စိတ် ဘာဖြစ်သလဲမသိ၊ တရားတောင်မှ ဖြောင့်အောင်မနာနိုင်ဘူး။ စိတ်က လေးလိုက် တာ၊ ဘယ်လိုလေးမှန်းမသိဘူး။ ရေစက်ချပြီးပြီးချင်းပဲ အဖော်တွေတောင် မစောင့်နိုင် ဘူးဟေ့'
ကိုဆေးရိုး က ထွန်းအံ့တို့၊ ဘသန်းတို့နှင့် စကားလက်ဆုံကျရာက လယ်များတွင် မြွေပူသည့်အကြောင်းကို လက်နဲ့ ဖယ်ပစ်လိုက်တော့မှ နွားစာတွေဟာ ဖျပ်ဖျပ်ဖျပ်ဖျပ် ခုန်လိုခုန်၊ တလန့် လွန့်တလူးလူး ဖြစ်လိုဖြစ်နဲ့ လန့်ပြီး အော်ပြေးလာလိုက်တာ '

လ ဟေ ... အဲဒါဘာဖြစ်သလဲ'
' မြက်ထဲ ရောပြီး မြွေပသွားတာပေါ့။ အဲဒါကို ခုတ်မိတော့ အပိုင်းပိုင်း အတစ်တစ် ဖြစ်ကုန်တော့တာပေါ့'
' အမယ်လေး ... ဘုရား ... ဘုရား၊ ကံကောင်းလို့ပါလား လ
ကိုဆေးရိုးမှာ ရင်ထဲတွင် အေးခနဲဖြစ်သွားရသည်။ အကယ်၍ မြွေသည် လူကိုင်ထားသည့် မြက်ဆုပ်၏ အတွင်းမှာ မနေဘဲ လက်နှင့် ကိုင်လိုက်မိလျှင် ကိုယ်ကျိုးမနည်းပါပြီလေ။ မြွေသည် ဤ အချိန်တွင် ရောက်ရှိ လာနိုင်သည့် အပြင် မြက်များကို စုစည်းဖွဲ့နှောင်ရန် စီစဉ်လိုက်သောအခါ အထုံးငယ် နေသောကြောင့် ထပ်မံရိတ်ဖြတ်နေခိုက်တွင် မြွေရောက်လာပြန်ုနိုင်သည့်အတွက် အရှင် ကြီးနှင့် ပညာသည် များ၏ ဖန်ဆင်းချက် မဟုတ်ကြောင်း လယ်သမားများသိရှိနေကြသည်။

သည်အခိုက်တွင် တဲရှေ့လမ်းမမှ ဆူဆူညံညံအသံများကိုကြားရသဖြင့် ကိုဆေးရိုးက တဲဝအပြင်ဘက်သို့ ထွက်ကြည့် လိုက်သည်။ ထဘီဖြင့် အုပ်ထားသော လူနှစ်ယောက်ကို မြင်လိုက် ရသဖြင့် ကိုဆေးရိုး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရလေသည်။
'ကျီးဒန်းရေ ... ဘာဖြစ်လာကြတာလဲ မသိဘူးဟေ့၊ ငါသွားချေဦးမယ်'

ကြုံမှ ကြုံရတတ်လေသည်။ ရွာလယ်ပိုင်းမှ ချစ်မြနှင့် လှမေတို့ သမီးရည်းစားနှစ်ယောက်မှာ လယ်ပိုးထိ၍ ပြိုင်တူ သေပွဲဝင်သွားကြရလေသည်။ စာမေးပွဲကျ၍လည်းကာင်း၊ လခ မလောက်င၍ လည်းကောင်း စွမ်းပကား မရှိသော သူများပမာ အရှုံးပေး ထွက်ပြေးကြသောသူများ၏ သေခြင်းထက် ကား ဖော်ပြနိုင်ခြင်း ငှာ မစွမ်းသာ မြင့်မြတ်သည့် သေဆုံးကြရခြင်းဖြစ်သည်။

ချစ်မြနှင့် လှမေတို့ ချစ်ကျွမ်းဝင်လာခဲ့သည်မှာ သုံးနှစ်ခန့်ရှိပေပြီ။ သည်ကြားထဲ လှမေကို လက်နက်ပြပြီး သိမ်းပိုက်ခြင်း ခံရသောအခါ ချစ်မြ မှာ တိုင်တန်းစရာအရပ်တို့ ကုန်ဆုံးခဲ့၏။ အသည်း ဆတ်ဆတ်ခါ နာရ လေသည်။ သုံးလခန့်ကြာသောအခါတွင်မူ လှမေမှာ စွန့်ပစ်ခြင်းခံရ၏။ သို့ရာတွင် ချစ်မြက လက်ထပ် ယူမည် ပြုသောအခါတွင်မူ လက်နက်ဖြင့် ခြိမ်းခြောက်ဟန့်တားခြင်း ခံရသည့်အတွက် ချစ်သူနှစ်ဦးမှာ သစ္စာတရား နှင့် ဘုရားကိုသာ အားကိုးထားပြီးခါးကုန်းခံခဲ့ကြရ လေသည်။

သူတို့ နှစ်ဦး၏ အလောင်းကိုမြင်သော ဖိုးအောင်၏ ခန့်မှန်းချက်အရဆိုလျှင် ချစ်မြနှင့် လှမေတို့မှာ မွန်းတိမ်းစ အချိန်ခန့်ကပင် သေနေကြပြီဟု ယူဆဖွယ်ရှိပေ၏။
'ချစ်မြနဲ့ လှမေဟာ အောက်ပိုင်းကို အစောကြီးကတည်းက ဆင်းသွားကြတာဗျ။ ကျုပ်ကတော့ နီးနီးနားနား မှာပဲ ရှာရိတ်မယ်ဆိုပြီး နေခဲ့တာ'
ချစ်မြ နှင့် လှမေတို့မှာ ဆွမ်းစားခေါင်းလောင်းထိုးသံ ထွက်ပေါ်လာလျှင် မြက်များကို အသီးသီးထုံးဖွဲ့ ကြပြီး လေပြီ။ လှမေက သူ၏ မြက်ထုံးကိုရွက်ပြီးရှ့မှသွားကာ ချစ်မြက မြက်ထုံး နှစ်ထုံးကို ထမ်းပိုးဖြင့်ဖောက်၍ ထမ်းပြီး နောက်မှလိုက်လာသည်။

လယ်ကန်သင်း တစ်ခုကို လှမ်း၍ နင်းလိုက်သောအခါ လှမေမှာ စွေ့ခနဲလဲကျသွား၏။ ချစ်မြ ပြေးလာပြီး ပွေ့ထူသော အခါတွင် လှမေ မှာ စကားမေး မရတော့ချေ။ လှမေအနားတွင်ကား လက်ကောက်ဝတ်ခန့် တုတ်သော မြွေပွေးတစ် ကောင်က ခွေနေသည်။ ချစ်မြက ချစ်သူအတွက် ဒေါသအဟုန်ဖြင့် မြွေကို တံစဉ် ဖြင့် ပေါက်သတ် လိုက်ကာ လှမေကို ထမ်းယူလာရာ ရှေ့သုံးကိုက်လောက်ဝေးသောနေရာတွင် ပဲရင်းပင် အုပ်ကလေး ပေါ်သို့ ခြေချော်နင်းမိပြီး ပဲချုံထဲမှ မြွေ၏ ကိုက်လိုက်ခြင်းခံရပြန်ကာ နှစ် ယောက်လုံး လဲကျ မေ့မြော သွားရလေတော့သည်။

ဘ၀တည်မြဲရေး အတွက် ရိုးသားစွာ ရှာကြံစားသောက်နေရာမှ သူတစ်ပါး၏ စောကားနှိပ်စက်ခြင်းကို ခေါင်းငုံ့ခံနေရသော ချစ်သူနှစ်ဦးမှာ အေးချမ်ွးာ အိပ်ပျော်သွားကြလေပြီ။ သို့တည်းမဟုတ် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များကပဲ ရိုင်းစိုင်းယုတ်မာသော၊ လူ့လောက အတွင်းမှ သနားစရာ လူသတ္တ၀ါနှစ်ဦး၏ ဒုက္ခကို မရှုရက်နိုင်ကြသောကြောင့် အေးငြိမ်းရာသို့ပင်၊ ခေါ်ဆောင်သွားကြလေသလော။ မည်သို့ပင်ဖြစ်စေ၊ ချစ်မြနှင့် လှမေတို့မှာ ဘ၀၏ ဒဏ်ကို ကြံ့ကြံ့ခံ ခုခံ ရုန်းကနရင်း ဆုံးရှုံးနစ်မွန်းသွားခဲ့ကြရသည်။

' ကျုပ်လည်း ထမင်းစားပြီးလို့ တစ်ခေါက်ပြန်ရိတ်ရအောင် အောက်ဘက်ကို ဆင်းသွားတော့ လှမေက လယ်ကွက်ထဲ ကောက်ပင်တွေပေါ်မှာ ပက်လက်ကြီး သေနေပြီဗျ။ ချစ်မြကတော့ ခြေ ထောက်တစ်ချောင်း က ကန်သင်းပေါ်မှာတင်ပြီး အထက်ပိုင်းကတော့ လယ်ကွက်ထဲမှာ ကျရက်သားကြီး သေနေတာပဲဗျာ။ ဒါနဲ့ ကျုပ်လည်း နောက်ကြောင်းပြန်လှည့်လာပြီး ချစ်ထွန်းတို့၊ ငဘတို့ကို ခေါ်ပြီး ထမ်းလာခဲ့ရတာ'

ဖိုးအောင်က နားမချမ်းသာစရာ ဇာတ်လမ်းကို ပြာပြလိုက်ပြီးနောက် ကိုဆေးရိုးထံမှ ဆေးလိပ်မီး တောင်းကာ ညှိနေ၏။
' ချစ်မြကတော့ ပိုးထိလို့သေတာမဟုတ်ဘူးဗျ၊ ပိုးထိလို့ မေ့ပြီးကျတုန်းမှာ လယ်ကွက်ထဲမှာ ခေါင်းကျပြီး ရေနစ် သေတာဗျ'
ဖိုးအောင် က ကိုဆေးရိုး၏ ဆေးလိပ်ကို ပြန်ပေးရင်းက သူ၏ ထင်မြင်ချက်ကို ထပ်မံပြောပြနေ၏။ ကိုဆေးရိုး မှာ ဖိုးအောင် ပြန်ပေးသောဆေးလိပ် ကိုပင် လှမ်းယူရမှန်းမသိ။ မြွေဆိပ်တက်ကာ ငြိမ် နေသော 'မိလှမေ ကလေး' ၏ အလောင်းကို ရင်နာစွာနှင့် ငေးမောကြည့်နေမိရှာ၏။

စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.

2 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ချစ်မြနဲ့ လှမေ တို့ စုံတွဲ သနားပါတယ်နော်...

သဒ္ဓါလှိုင်း said...

မမရွှေစင်
နေကောင်းလားမမ.
ရောက်တယ်ဆိုရုံပဲလာခဲ့တယ်.။ နောက်နေ့အားတော့မှ
စာကြွေးတွေအများကြီးလာဖတ်ရတော့မယ်.။

ချစ်တဲ့
သဒ္ဓါ