ငါးရစ်တက်ချိန် အဆက်
ကဆုန်လဆန်း ၆ ရက်နေ့ဖြစ်သည်။
နွေနှောင်း၏ မွန်းတိန်း မွန်းတည့်နေကား စည်းလွတ် ၀ါးလွတ်နှင့် ရမ်းကားရိုင်းပျစွာ ပူပြင်းလှသည်။ ကွင်းထဲမှ မြေကြီးတို့သည် နေ၏အပူရှိန်ကို မခံမရပ်နိုင်သည့်အလား ပပ်ကြားအက်ကွဲကာ ထိုမြေကြီးပေါ်မှ မြက်ပင် တို့သည်လည်း ခြောက်သယောင်း နေကြ ကုန်သည်။ မြေကြီးမှ အခိုးအလျှံတို့သည် တထောင်း ထောင်းထနေကြသည်။ သစ်ပင်ကြီးငယ် တို့မှာလည်း ပူပြင်းသောအထိအတွေ့ကြောင့် ငိုက်မျဉ်း နေကြကုန်သည်။ တစ်ချီတစ်ချီ လေသရမ်းကလေးဝင်တိုးသည့်အခါမှ တရှဲရှဲဖြင့် သက်မကြီးများ ချလိုက် ကြသည်။
အေးချမ်းသော အဓိပ္ပာယ်ကို ဆောင်သည့် ချောင်းရေပင်လျှင် ပူနွေးနေသည်။ ထိုနည်းတူ အေးမြသော အဓိပ္ပာယ် ပင် ဆောင်သည့် လေမှာလည်း လေနုအေးမဟုတ်တော့ဘဲ လေပူနွေးကြီး ဖြစ်နေသည်။ တကယ် ဆိုတော့ တောတောင်ရေမြေနှင့်တကွ ပတ်ဝန်းကျင်ရှုခင်းတစ်ရပ်လုံးကား မိမိတို့၏ မူလသဘာဝတ္တကို ခေတ္တ စွန့်ပယ်ထားရကာ နွေနှောင်း၏သရုပ်ကို ဖော်ထုတ်ပြသ နေရခြင်းပဲ ဖြစ်သည်။
သည်လိုပူပြင်းခြောက်သွေ့လှသော နွေနှောင်းရှုခင်းဝယ် ကိုဒေါင်းစိန်တစ်ယောက် ဘာများ လုပ်နေ ပါလိမ့်။
အလိုလေး….ကြည့်ကြစမ်းပါဦး၊ အရပ်ကတို့၊ သည်လောက်တောင် ပူပြင်းလှတဲ့ မွန်းတည့်ရှိန်ရှိန်ကြီးမှာ ကိုဒေါင်းစိန် တို့တစ်တွေ ကျောပြောင်ကြီးတွေနဲ့ ပင်ပန်းကြီးစွာ ခနွှဲထိုးနေကြပါကလား။
အမှန်ကတော့ မမျှတတဲ့ လောကကြီးမှာ လုံလောက်တဲ့အစာကို ရရှိရေးအတွက် အဆ မတန်သော လုပ်အားကို လက်နက်လုပ်ကာ တိုက်ပွဲဝင်နေရခြင်းသာ ဖြစ်ပါသည်။ ဟုတ်တယ်လေ၊ လူ့ဘ၀သည် အမြဲတမ်း တိုက်ခိုက်နေရသော တိုက်ပွဲများသာ ဖြစ်သည်ဆိုတဲ့ စကားဟာ သူတို့အဖို့သာပဲ မဟုတ်လား။
သူဝယ်ထားသော ကျုံပက်ရိုးကလေးကို ငါးရစ်မလုပ်မီ ရေပြန်ချုပ်တစ်ချီ ပက်နေခြင်း ဖြစ်သည်။ ဤ၌ ရေပြန်ချုပ်ဟူသော ဝေါဟာရကို ရှင်းလင်းရန် လိုလိမ့်မည်ဟု ထင်ပါသည်။ ဤအင်းချောင်းရိုးကလေးထဲ၌ မူလက ရှိပြီး ငါးများကို အင်းပိုင်ရှင် အင်းသားကြီးက စစ်စစ်ပေါက် ပေါက် ပက်ယူဖမ်းဆီးပြီးဖြစ်သည်။ နောက် အင်းလေလံရက် ကုန်၍ အင်းသားကြီးနှင့် မဆိုင်တော့ သော ဤအချိန်တွင် မိုးရေလည်း မကူ၊ မြစ်ရေ လည်း မထောက်ဘဲနှင့် ကဆုန်ရေရူး ရေဦးရေလွင် ရေသမင်ကလေး ပြန်ကြွတတ်သည်။ ဒါကို သူတို့ အင်းသားများက ရေသမင်လာသည်ဟု ဆိုကြ၏။
ရေသမင်ဟု ဆိုလိုက်၍ နားကလော သွားပါသလား စာဖတ်သူခင်ဗျား။ ဟုတ်ကဲ့၊ ကျွန်တော်လည်း ပထမ တော့ နားကလေ သွားပါသည်။ အဓိပ္ပာယ်မရှိ ထင်မိထင်ရာ ပေးထားသော နာမည်ဟုပင် ပေါ့ပေါ့ ဆဆ မှတ်ချက်ချမိပါသည်။ ဒါပေမဲ့ တကယ်တော့ ဘယ်ဒီလို ဟုတ်ပါ့မလဲ ခင်ဗျာ။ မာန်လည်ဆရာတော် ဘုရားကြီး လို နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးကပင် ဤရေသမင် ဟူသော ဝေါဟာရကို အဓိပ္ပာယ်ရှိရှိနှင့် သုံးနှုန်းဖူး ပါသည်။ ပို၍ ထင်ရှားစေရန် (မာန်လည်ဆရာ တော်၏ မာဃဒေ၀ လင်္ကာသစ်၊ ပုတ္တောဝါဒခန်း၊ စာမျက်နှာ ၁၆၉သို့ လှန်ကြည့်ကြပါစို့)
"ပမာထင်ရှား၊ သူကောင့်သားမူ၊ ယဉ်ပါးအဟုတ်၊ သူယုတ်၏သား၊ ရမ်းကားတတ်စွ၊ မိုက်မာနနှင့်၊ ဒေါသ ဟုန်ဟုန်၊ တဖျင်သုန်ဖြင့်၊ နယုန်ရေရူး၊ ရေဦးရေလွင်၊ ရေသမင်သို့၊ လျှင်လျှင် ဟုတ်ဟုတ်၊ သိမ်းချုပ်မတည်း၊ လိမ္မာနည်း၏"ဟု စပ်ဆိုသုံးနှုန်းထားပါသည်။ ကွဲလွဲချက်တစ်ခုမှာ မာန်လည်ဆရာတော်က ရေသမင်၏ အဓိပ္ပာယ်ကို "နယုန်ရေရူး၊ ရေဦးရေလွင်၊ ရေသမင်"ဟု ဖွင့်ဆို၍ သူတို့က ''ကဆုန်ရေရူး၊ ရေဦးရေလွင်ကို ရေသမင်'ဟု အသိအမှတ် ပြုထားခြင်းပဲ ဖြစ်သည်။ ဤမျှဖြင့် ရေသမင်၏ အဓိပ္ပာယ်ကို သဘောပေါက် လောက် ပါပြီ။
ဤရေသမင်လာသည့်အခါတွင် ငါးများပါလာတတ်၍ မူလက ဖမ်းဆီးပြီးဖြစ်သဖြင့် တစ်ကောင်တစ်မြီးမှ မကျန်ရစ် တော့သော ချောင်းရိုးကလေးထဲ၌ ငါးများ ပြန်ရောက်နေ တတ်သည်။ ဤအခါ၌ သူတို့သည် ရိုး၏ အ၀မှ ယင်းများဖြင့် ကာရံပိတ်ဆို့ထားလိုက်၍၊ ငါးများ ပြန်မလွှတ်နိုင်တော့ဘဲ ရိုးထဲ၌ ၀ဲလည်နေစဉ် သူတို့ သည် ရိုး၏အ၀မှ ရွှံ့စေးများ၊ မြေကြီးများဖြင့် အသေပိတ်ဆို့လိုက်ကြ၏။ ဒါကို တမံ တုတ်သည် ဟုခေါ်၏။ ထိုအခါ ရိုးနှင့် ချောင်းမကြီးသည် အဆက်အစပ်မရှိတော့ဘဲ တမံဖြင့် ခြားနား နေစဉ်၊ ရိုးထဲမှ ရေများ အား တမံကို ကျော်လွှားကာ ချောင်းမကြီးထဲသို့ ပက်ထုတ်၍ ရေကုန်သော အခါ ငါးများကို ဖမ်းယူကြ၏။ ဒါကို သူတို့က ရေပြန်ချုပ် လုပ်သည်ဟုဆိုကြ၏။
အမှန်က ကိုဒေါင်းစိန်လုပ်သည့် ကျုံပက်ရိုးကလေးသည် ရေပြန်ချုပ်ကိုသာ အားကိုးရ၍ ငါးရစ်အတွက်မူ မပြောပ လောက်ချေ။ မယ်စိန်၏ အကြံပေးချက်အရ အကြံကြီးကြံမိသည့် ကိုဒေါင်းစိန်ကား ကျုံပက် ငါးရစ် အတွက် ငွေငါးဆယ်ကို နောက်မှ ပေးပါရစေဟု ကိုလေးဖိုးကွန့်အား တောင်းပန်ထားကာ သူ့ရှိသည့် ငွေငါးဆယ် ကို ပေးလိုက်ရ၏။ ရေပြန်ချုပ်သည် ငါးရစ်ထဲ အပါအ၀င် ဖြစ်သော်လည်း ပါးနပ်သော အင်း အင်စပက်တော်မင်း က ရေပြန်ချုပ်သတ်သတ်၊ ငါးရစ်သတ်သတ်ဖြင့် တသတ်စီခွဲခြား၍ ငွေစကား ပြောတတ်၏။ ထို့ကြောင့်ပင် ကိုဒေါင်းစိန်ခမျာ ငါးရစ်အတွက် ငွေငါးဆယ်ကို ခေတ္တ ဆိုင်းငံ့ထားရ၍ ရေပြန်ချုပ် အတွက် ငွေငါးဆယ်ကို အင်း အင်စပက်တော် လွှဲအပ်ထားသော ကိုယ်စားလှယ်အား သတ်သတ် ထပ်ပေး ရခြင်းဖြစ်သည်။
သို့သော် ပေးရပါစေ၊ ရေပြန်ချုပ်ရော၊ ငါးရစ်ပါ ဆက်လုပ်ရသဖြင့် ကံကောင်းထောက်မလျှင် သူ တစ်ချီတည်း နှင့် ပွမည်။ ကိုလူမောင်၏ ရေသပြုချောင်းကား ငါးရစ်အတွက်သာ ကောင်း၍ ရေပြန် ချုပ် မလုပ်နိုင် သဖြင့် ကိုဒေါင်းစိန်၏ ရေပြန်ချုပ်ဋ လာရောက် ကူညီနေ၏။ ယခု သူတို့သည် တမံတုတ်ပြီး၍ မိုးလင်းကတည်း က မနွှဲလေးလုံး ဆင်ကာ ပက်ခဲ့ကြရာ ယခု နေမွန်းတည့်အချိန်၌ အကန့်တစ်ကန့်ပင် ပေါ်ပေတော့မည်။
ရိုးမှာ အတော်ကလေး ရှည်လျား၍ အကန့်များ ခွဲခြားသတ်မှတ်ခြင်းမပြုဘဲ ပက်လျှင်တော်တော်နှင့် ပေါ်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ အကန့် ၆ ကန့်မျှ ခွဲခြားထားရ၏။ အကန့်တစ်ခုလျှင် တမံတစ်ခုဖို့ ထားရ၏။
သို့ဖြစ်၍ သည်အကန့်မှ ရေနှင့် ထိုအကန့်မှ ရေတို့သည် တမံခြားနေသဖြင့် ဆက်စပ်ခြင်း မရှိသော ကြောင့်ပင် နေ့ဝက်မျှ ပက်ရုံနှင့် ပထမအကန့်ပေါ်ပေတော့မည်။ ဤအကန့်ပေါ်ပြီးသည့်နောက်၌ကား အခြား အကန့်များ အဖို့ လွယ်သွားတော့သည်။ ဒုတိယအကန့်မှ တမံကို ချိုးလွှတ်လိုက်လျှင် ဒုတိယ အကန့်မှရေများသည် ရေတစ်စက်မှ မရှိတော့သော ပထမအကန့်ထဲသို့ တစ်ရှိန်ထိုး စီးဆင်းလာရသည်။ သို့ဖြင့် ပထမအကန့်ထဲမှ ရေကို ချောင်းမကြီးထဲသို့ ပယ်ထုတ်လိုက်၍ ငါးများ ဖမ်းပြီးသည့်နောက် ဒုတိယ အကန့်မှ ရေကို ပထမအကန့်သို့ ထမံချိုး၍ ပြောင်းလိုက်ခြင်းဖြင့် ဒုတိယအကန့်မှာ မပက်ရဘဲနှင့် အလိုလိုပေါ် တော့သည်။ သို့သော် ဒီလို ဒုတိယအကန့်မှ ရေကို ပထမအကန့်သို့ လွှတ်ရာ၌ ငါးများ ပါမသွားစေ ရန် ယင်းများ ကာထားရသည်။ သို့မှသာ ရေချည်း သတ်သတ်၊ ခပ်စိပ်စိပ် ကျစ်ရက်ထားသော ယင်း များကြားမှ တိုးထွက်သွား၍ ငါးများမှာမူ ယင်းနှင့်တိုက်ပြီး ကျန်ရစ်ခဲ့သည်။
ဤမျှဖြင့် ကိုဒေါင်းစိန်၏ ရေပြန်ချုပ် လုပ်ငန်းကို သဘောပေါက်လောက်ပြီ ထင်ပါသည်။ ယခု ကိုဒေါင်းစိန်တို့ ခနွှဲထိုး နေသည့် နေရာသို့ အာရုံပြောင်းလိုက်ကြပါစို့။
တမံနောက်နားရှိ ရေထဲ၌ ခနွှဲစင်ဆောက်၍ ခနွှဲလေးလုံး ဆင်ထားသည်။ ခနွှဲစင်ဆိုသည်မှာ တမံ နောက်နားရှိ ရေထဲ၌ ခနွှဲအရေအတွက်ကို လိုက်၍ အကွာအဝေးကို ခန့်မှန်းချင့်တွက်ကာ ၀ါးလုံးတိုင် နှစ်တိုင် ကို စိုက်ထူထားရ၏။ ထို့နောက် ၀ါးလုံးတိုင်နှစ်တိုင်၏ အကွာအဝေးနှင့် ညီမျှ သော ၀ါးလုံးတန်း တစ်ခုကို အပေါ်မှနေ၍ တန်းပစ်ကာ စိုက်ထူထားသော ၀ါးလုံးတိုင်နှစ်တိုင်နှင့် ပူးတွဲ ချည်နှောင်ထား၏။ ခနွှဲထိုးသည့်အခါ ယိမ်းယိုင်ခြင်းမရှိစေရန်လည်း ကျားကန်ပေးထားရ၏။ ဤမျှဖြင့် တမံနောက်နားရှိ ရေထဲ၌ စိုက်ထူ ထားသော ၀ါးလုံးတိုင် နှစ်တိုင်ကို အပေါ်မှ ၀ါးလုံးတန်း တစ်ခုဖြင့် ဆက်သွယ်ချည်နှောင်၍ ကျားကန် ထားသော ခနွှဲစင်၏ ပုံသဏ္ဍာန်ကို စာဖတ်သူ၏ အာရုံ ၌ထင်မြင်နိုင်လောက်ပေပြီ။
ခနွှဲစင် ဆောက်လုပ်ပြီးနောက် ခနွှဲကို တပ်ဆင်ရပေဦးမည်။ ခနွှဲဆိုသည်မှာကား ရေနံဆီပုံးလွတ်ကို ထိပ်ဝ ဖွင့်လိုက် လျှင် ဖင်ပိတ်နှင့် စတုရန်း လေးထောင့်ပတ်လည် အပိတ်ရှိသော ရေထမ်းပုံး၏ သဏ္ဍာန်သို့ ကူးပြောင်း လိမ့်မည်။ ဤရေထမ်းပုံး၏ သဏ္ဍာန်ကို တုံးလုံးလှံလိုက်၍ အပေါ်ဘက်က အပိတ်ကို အလယ်မှ လေးပုံသုံးပုံခန့်ကွက်၍ လှပ်ပစ်လိုက်လျှင် ခနွှဲပုံး၏ ပုံသဏ္ဍာန်သို့ ကူးပြေင်း သွားလိမ့်မည်။ နောက် တုံးလုံး လှဲထားသည့်အတိုင်း ဖင်ပိတ်ဘက်မှ အရှည်ခြောက်တောင်ခန့်ရှိ သော ၀ါးလုံးနှင့် လက်ကိုင်ရိုး တပ်လိုက်လျှင် ခနွှဲ၏ ပုံသဏ္ဍာန်သည် ပြည့်စုံခြင်း အဖြစ်သို့ ရောက်ပေပြီ။
ဤ ခနွှဲကို ခနွှဲစင်၌ တပ်ဆင်လိုက်လျှင် ရေပက်ဖို့ အသင့်ပဲ ဖြစ်တော့မည်။ တပ်ဆင်ပုံမှာ ခနွှဲလေးလုံး ဆိုလျှင် ကြိုးလေးချောင်းကို ခနွှဲစင်မှ ၀ါးလုံးတန်း၌ ချည်၍ အောက်သို့ တွဲလောင်းကျနေရသည်။ ဤကြိုး၏ အောက်ဘက် အစကို ခနွှဲ၏ လက်ကိုင်ရိုး အလယ်လောက်၌ ချည်နှောင်လိုက်လျှင် ခနွှဲ၏ ပုံသဏ္ဍာန်သည် ပြည့်စုံခြင်း အဖြစ်သို့ ရောက်ပေပြီ။
ဤခနွှဲကို ခနွှဲစဉ်၌ တပ်ဆင်လိုက်လျှင် ရေပက်ဖို့ အသင့်ပဲ ဖြစ်တော့မည်။ တပ်ဆင်ပုံမှာ ခနွှဲလေးလုံးဆိုလျှင် ကြိုးလေးချောင်း ကို ခနွှဲစင်မှ ၀ါးလုံးတန်း၌ ချည်၍ အောက်သို့ တွဲလောင်းကျနေရသည်။ ဤကြိုး၏ အောက်ဘက် အစကို ခနွှဲ၏ လက်ကိုင်ရိုး အလယ်လောက်၌ ချည်နှောင်လိုက်လျှင် ခနွှဲသည် တွဲလောင်း ဖြစ်နေ၍၊ လက်ကိုင်ရိုးက မိုးသို့မျှော်ကာ ခနွှဲပုံးမှာမူ ရေထဲ၌ ဇောက်ထိုးကျနေလိမ့်မည်။
ဤခနွှဲစင် နောက်၌ ခနွှဲထိုးသူ(၀ါ)ခနွှဲဖြင့် ရေကို ပက်ထုတ်မည့်သူ ရပ်နေနိုင်ရန် ရိုးကိုဖြတ်၍ တစ်ဖက်ကမ်း နှင့် တစ်ဖက်ကမ်းကို တံတားခင်းထားသည်။
ဤနည်းဖြင့် ရှေ့မှ တမံအလယ်တွင် ရေထဲ၌ ဆောက်လုပ်ထားသော ခနွှဲစင်၊ နောက်ဘက်မှာမူကား ခနွှဲ ထိုးမည့် သူသည် တံတားပေါ်၌ ခြေဖ၀ါးနှစ်ခုကို ရှေ့နောက် ချ၍ရပ်ကာ ခနွှဲ၏ လက်ကိုင်ရိုးကို ဆွဲယူ လိုက်လျှင် ခနွှဲနှင့် ကြိုးသည် ပုခက်လွှဲသကဲ့သို့ နောက်ဘက်သို့ အလိုက်သင့် မြောက်၍ ပါလာလိမ့်မည်။ နောက် သူ့အရှိန်နှင့် သူ ရှေ့သို့ပြန်၍ တွန်းထိုးလိုက်လျှင် ခနွှဲပုံးသည် ရေထဲသို့ ၀ုန်းခနဲ ကျသွားကာ ရေများ ခပ်ပြီး ဖြစ်နေရုံမျှဖြင့် ရပ်မနေသေးဘဲ တမံကိုကျော်၍ မြောက်တက်သွားကာ တစ်ဖက် ချောင်းမကြီးထဲသို့ ရေကို သွန်ချပြီးသည်အထိ ဆောင်ကြဉ်းသွားလိမ့်မည်။ နောက် သူ့အရှိန်နှင့်ပင် ဆွဲယူလိုက်၊ ပြန်တွန်းလိုက်ဖြင့် ရိုးထဲမှ ရေမကုန်မချင်းပက်ထုတ်ရသည်။
ကိုဒေါင်းစိန်၊ ကိုလူမောင်နှင့် လူငှားနှစ်ယောက်တို့သည် လက်ညီညီဖြင့် ခနွှဲထိုးနေကြသည်။ တညီ တညာ တည်း ခနွှဲကို ဆွဲယူလိုက်၊ နောက် တညီတညာတည်းပင် ရှေ့သို့ပြန်၍ တွန်းထိုးလိုက်ဖြင့် စိတ်ဝင်စားစွာ ပက်နေသည်မှာ ဇာတ်ခုံပေါ်တွင် ညီညီညာညာ ကနေကြသော ယိမ်းသမလေးများကို ကြည့်ရ သကဲ့သို့ တစ်မျိုးပင်ကြည့်၍ ကောင်းသေးသည်။ ခနွှဲပုံး ရေထဲသို့ ကျသည့်အခါနှင့် ခနွှဲပုံးထဲ မှ ရေကို တစ်ဖက် ချောင်းမထဲသို့ သွန်ချသည့်အခါတွင် ကြားရသော ၀ုန်းခနဲ ၀ုန်းခနဲ ရေသံက သူတို့၏ ယိမ်းကို ညီညာ စေရန် စည်းလိုက်ပေးနေသည်။
နေကား ရက်ရက်စက်စက်ကို ပူနေပါသည်။ သူတို့၏ ကျောပြောင်ကြီးများကား ချွေးများဖြင့် ပြောင် လက်နေ၏။ ကိုဒေါင်းစိန်၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များသည် စီရရီ တန်းနေကြ၏။ နောက် ချွေးပေါက်တစ်ပေါက်သည် မျက်ခုံးနှစ်ဖက်ကြားမှ နှာခေါင်းရိုးတစ်လျှောက် စီးဆင်းလာကာ နှာသီး ဖျားတွင် ယီးလေးခို နေ၏။ နောက်ထပ် စီးဆင်းလာသော ချွေးပေါက်တစ်ပေါက်က တွန်းချ လိုက်၍ ခြေမပေါ်သို့ တောက်ခနဲ ကျသွား၏။ နောက်ထပ်လည်း တစ်ပေါက်ပြီး တစ်ပေါက်၊ တစ်ပေါက်ပြီး တစ်ပေါက်ဖြင့် ခြေမပေါ် သို့ တောက်ခနဲ တောက်ခနဲ ကျနေ၏။
ဒါပေမဲ့ ကိုဒေါင်းစိန်သည် မောရမှန်းလည်း မသိ၊ ပင်ပန်းသည်လည်း အမှတ်မထားမိ။ သည်အကန့် ပေါ်လျှင် ငါးရတော့ မည် ဟူသော ဇောကသူ၏ ကိုယ်စိတ် နှစ်ပါးစလုံးအား ဖျတ်လတ်တက်ကြွနေစေ သည်။ ရိုးထဲ၌ ရေလက်ကျန် နည်းသွားပြီဖြစ်၍ ငါး အနည်းအများ အကဲ ခတ်နိုင်လောက်အောင် ငါးလုံးပေါ်နေပြီဖြစ်ရာ၊ ခဏ ခဏ လှည့်ကြည့်၍ အကဲခတ်ရသည်မှာလည်း အမောပင်။
ငါးကား အတော်အသင့်များပုံရ၏။ ရေလက်ကျန် နည်းသွားပြီဖြစ်၍ ရေကလေးစပ်စပ်တွင် ငါးများ မှာ ထွက်ပေါက် ရှာမရဘဲ လုံးထွေးနေ၏။ တစ်ချီ တစ်ချီတွင် ငါးရံ့ကြီးများက ၀ုန်းခနဲ ၀ုန်းခနဲ ထ ခုန်ကြ၏။ ကိုဒေါင်းစိန်က ပျော်၍မဆုံး တပြုံးပြုံးပင်။ သူ ကာလကြာမြင့်စွာကပင် မျှော်မှန်းတောင့်တ ခဲ့သော အိမ်သစ်ကလေးနှင့် စောင်၊ ခြင်ထောင်၊ အင်္ကျီပိတ် အသစ်ကလေးများကို သူ့မျက်စိထဲတွင် မြင်ယောင် လာ၏။ ဒီတစ်ချီတော့ လွဲနိုင်ဦးမလား။
သူသည် ခနွှဲထိုးနေရာမှ တစ်ချက် တစ်ချက်တွင် မိုင်ဝက်ခန့်ဝေးသော ဗျင်းဘွဲရွာဘက်သို့ မျှော် ကြည့်မိ၏။ မယ်စိန်ခမျာ မနက်က သူတို့အား တောက်တိုမည်ရ ကူညီလုပ်ကိုင်ပေးပြီး နေမြင့်မှ ထမင်းချက် ပြန်သွား ရသည်။ ခုထိ ထမင်းပို့မလာနိုင်ရှာသေး။ သို့သေ် မယ်စိန်ကို မျှော်နေခြင်းကား ထမင်းဆာလို့တော့ဖြင့် မဟုတ်ပါ။ သူ့ရိုးထဲ၌ ငါး အတော်လေးများသည်ကို မယ်စိန်အား မြင်စေပြီး၊ သူနှင့်အတူ ခွဲဝေ ၀မ်းသာ စေချင်၍ ဖြစ်ပါသည်။ ပေါ်လာခဲလှသည့် မယ်စိန်ရယ်။
နောက်တစ်ချီ ရွာဘက်သို့ သူ မျှော်အကြည့်တွင် ထမင်းတောင်းကလေးကို ခေါင်းပေါ်တွင်ရွက်၍ ခပ်ဝေးဝေး မှ လာနေသော မယ်စိန်အား မြင်ရလေပြီ။ သူသည် ခနွှဲကို ချက်မှန်မှန်ထိုးပေးရင်း။ မျက်စိကမူ ရွာဘက် မှ လျှောက်လာနေသော မယ်စိန်အားသာ စူးစိုက်ကြည့်နေ၏။ သူ့မြင်ကွင်းမှ မယ်စိန်သည် တဖြည်းဖြည်း နှင့် အဝေးမှ အနီးသို့ ရောက်လာသလောက် မယ်စိန်၏ ရုပ်သွင်သည် လည်း အသေးမှ အကြီးသို့ တဖြည်းဖြည်း ပြောင်းလာ၏။ ရင်ရှားထားသော မယ်စိန်၏ ကိုယ်အထက်ပိုင်းကား ချွေးတလုံးလုံးဖြင့် အတော်ကလေး ပင်ပန်းနေပုံရလေသည်။
မယ်စိန်သည် ကမ်းထိပ်၌ ဆောက်လုပ်ထားသော ငါးရစ်တဲကလေးပေါ်သို့ ထမင်းတောင်းကို တင်လိုက်ပြီး နောက်၊ သူမ၏ ပခုံးပေါ်၌ တင်လာသော ကိုဒေါင်းစိန်၏ လုံချည်ဟောင်းကလေးဖြင့် သူမ၏ မျက်နှာမှ ချွေးများကို သုတ်နေ၏။ နောက် ရိုးထိပ်သို့ လျှောက်လာကာ ရိုးထဲသို့ ကြည့်လိုက်ပြီးသည့် နောက်၌ကား နွမ်းနယ် နေသော သူ၏ မျက်နှာသည် ၀င်းလက်သွား၏။
' အလို ... ငါး အတော်များပါလား၊ ဒီနှစ်တော့ ကော်လိမ့်မယ် ထင်တယ်ဟေ့'
မယ်စိန်အား မျက်ခြည်မပြတ် စောင့်ကြည့်နေသော ကိုဒေါင်းစိန်သည် မယ်စိန်၏ ၀မ်းမြောက်ဝမ်း သာဖြစ် သွားသော အမူအရာနှင့် အံ့သြ ၀မ်းသာသွားသောအသံဖြင့် ပြောဆိုလိုက်သော စကားများကို မြင်ရ ကြားရ သည့်အခါ၌ကား ပြောမပြနိုင်အောင်ပင် ကြည်နူးနှစ်သိမ့်နေမိ၏။
' မယ်စိန်ရေ၊ အလုပ်နားတဲ့အခါ ထမင်းမစားခင် သောက်ရအောင် လက်ဖက်ရည် တစ်အိုးလောက် တည်ထား လိုက်ပါကွယ်'
မယ်စိန်သည် သွက်လက်စွာပင် ငါးရစ်တဲပေါ်သို့ တက်ပြီးနောက် မီးမေး၍ ရေနွေးအိုးတည်နေ၏။ ကိုဒေါင်းစိန်တို့ ခနွှဲထိုးနေသူများကား မည်သူမျှ စကားမပြောနိုင်ကြဘဲ လက်ညီညီဖြင့် ထိုးပက်နေကြ ရာ နာရီဝက် ခန့်အကြာတွင် ရေများ ခန်းသွားပြီဖြစ်၍ ခနွှဲထိုးခြင်း ရပ်နားလိုက်ကြကာ ဒယိမ်းဒယိုင် ခြေလှမ်း များဖြင့် ငါးရစ်တဲပေါ်သို့ တက်လာကြ၏။ မယ်စိန်ကား မီးဖိုပေါ်၌ လက်ဖက်ခြောက်ခတ်၍ နှပ်ထားသော လက်ဖက်ရည် အိုးကို သူတို့ရှေ့သို့ လာချပေး၏။
ကိုလူမောင်နှင့် လူငှားနှစ်ယောက်မှာ နေပြင်းလွန်း၍ ရေငတ်လှသောကြောင့် လက်ဖက်ရည်ကြမ်း ကိုငှဲ့ကာ အေးအောင်ပင် မစောင့်နိုင်ဘဲ တရှူးရှူးမှုတ်သောက်နေကြသော်လည်း၊ ကိုဒေါင်းစိန်မှာမူ မသောက်နိုင် သေးဘဲ ပေါ်နေသော ရိုးထဲသို့သာ ကြည့်ကာ ကြည့်ကာဖြင့် ငါးအနည်းအများကို အကဲခတ်နေ၏။ ငါးကျည်း၊ ငါးခူ စသော အောက်ငါးများမှာ နွံကြားထဲတွင် တလိန်းထိုးနေကြ၏။ မျက်မြင်ခန့်မှန်းရမည်ဆိုလျှင် ငါးများမှာ သိပ်များ သည်ဟု မဆိုသာသော်လည်း နည်းသည် ဟူ၍ လည်းအတပ်မပြောနိုင်၊ အတော်အသင့် များလိမ့်မည်ဟု ခန့်မှန်းရ၏။
' ဘယ့်နှယ်လဲ ကိုလူမောင်၊ ငါးတော်တော်များပုံ ရရဲ့လား၊ အကဲခတ်ကြည့်စမ်းပါဦး'
ကိုဒေါင်းစိန် ကား သူတစ်ဦးတည်း၏ ခန့်မှန်းချက်ကို စိတ်မချသေးသည့် ပုံဖြင့် ကိုလူမောင်၏ ထင်မြင်ချက် ကိုပါ တေင်းခံနေ၏။ ကိုလူမောင်ကား လက်ဖက်ရည်ကြမ်းကို မဲ၍ သောက်နေရာမှ ရိုးထဲသို့ အတန်ကြာ အောင်ပင် ကြည့်ရှု အကဲခတ်လိုက်ပြီးနောက် -
' အတော်အသင့်တော့ ဟန်ပါလိမ့်မယ်ကွ၊ မနှစ်က ငသော်တို့ရဲ့ စံချိန်တော့ ဘယ်မီမလဲကွာ၊ သူတို့တုန်းက ငါးကျည်းချည်း ပဲ အချိန် ခြောက်ရာကျော်တောင် တက်တာကွ၊ ဒီအချိုးမျိုးက တစ်သက်မှာ တစ်ကြိမ် လောက် ကြုံတာဖြစ်လို့ ဒါနဲ့တော့ သွားနှိုင်းလိုပ ဘယ်ဖြစ်မလဲကွာ၊ ဒါပေမဲ့ သူတို့စံချိန်ကို မမီတောင် နီးနီး ကပ်ကပ် တော့ လိုက်ကောင်းပါရဲ့။ ကြည့်ပါလားကွ၊ နွံထဲမှာ ငါးတွေ တလိန်းထိုးနေတာကို .... '
သူ၏ ခန့်မှန်းချက်နှင့် ကိုလူမောင်၏ ထင်မြင်ချက်မှာ ကွာခြားခြင်းမရှိသဖြင့် သူ့ရိုးထဲ၌ ငါး အတော် အသင့် များ၍ အသင့်အတင့် အကျိုးခံစားခွင့်ရမည်မှာ သေချာသလောက် ဖြစ်နေပါပြီ။ တွေ့ဖူးကြုံဖူး လုပ်ဖူး ကိုင်ဖူး သူများဖြစ်ခြင်းကြောင့်လည်း သူတို့၏ ခန့်မှန်းချက်မှာ လွဲခဲလှပါသည်။ သူသည် စိတ်အေးသွားပြီဖြစ်၍ လက်ဖက်ရည်ကြမ်း တစ်ပန်းကန်ကို ဆွဲယူကာ သောက်နေ၏။
' သြော် ဒါထက် မင်းရှိတဲ့ ငွေငါးဆယ်ကို ရေပြန်ချုပ်အတွက် အင်း အင်စပက်တော်ရဲ့ ကိုယ်စားလှယ်ကို ပေးလိုက်ရတော့ ခနွှဲစရိတ်တို့၊ လူငှားခတို့က မင်း ဘယ်က ရလဲ'
ကိုလူမောင်က လက်ဖက်ရည်သောက်နေရာမှ ရုတ်တရက် ကောက်ခါငင်ခါ မေးမြန်းလိုက်၏။ ဒါပေမဲ့ ဒါကို ကိုဒေါင်းစိန် က မဖြေခင် မယ်စိန်က ၀င်ဖြေလိုက်၏။
' အမယ် သူ့မေးလို့ ပိုနေမှာပေါ့၊ သူက အလုပ်လုပ်ချင်တာပဲရှိတယ်၊ အဲဒီအလုပ် လုပ်နိုင်အောင် ငွေရှာဖို့ ကိုတော့ သူ ဘာမှ နားမလည်ဘူး၊ ကျုပ် တစ်ယောက်တည်း ဒိုင်ခံရှာရတာပဲ။ အခု ရေပြန်ချုပ် လုပ်ဖို့ စရိတ် အတွက် ငွေလိုတော့ ဦးဘမာင်ဆီက ငါးရံ့ခြောက်ပေးနဲ့ ငါးခူပေး ငွေငါး ဆယ်ရအောင် ကျုပ်ပဲ ရှိခိုးဦးချ သွားပြောရတယ်။ နောက်ပြီး ငါးကျည်း ကျပ်တိုက်မဲ့ လူတွေဆီက လည်း ငါးကျည်းပေးနဲ့ တစ်ဦးကို တစ်ဆယ်ဆွဲ၊ ဆယ့်ငါးကျပ်ဆွဲနဲ့ ငွေငါးဆယ်လောက် ရသေးတယ်၊ ဒါကြောင့် ဒီရေပြန်ချုပ်ကို လုပ်နိုင် တာပေါ့'
' တောက် ဒေါင်းစိန်တို့များ အဲဒါတွေ တို့ထက် သာတာပဲ၊ မယ်စိန်က မယားတစ်ယောက်အနနဲ့ ထမင်းလည်း ချက်ကျွေးတယ်၊ ညကျလည်း ချော့သိပ်တယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့လည်း ငွေရှာကြေးရှာရော၊ လုပ်ခန်းကိုင်ခန်းမှာရော ကူဖော်လောင်ဖက် ရပြန် တော့ သိပ်ဟုတ်တာပေါ့၊ အင်း ... ငါလည်း မင်းတို့ကို အားကျတာနဲ့ မြန်မြန်ကြီး မိန်းမယူချင် လှပါပြီ'
ကိုလူမောင်၏ စကားကို ပွဲကျသွားသလို လူငှားများက ၀ါးခနဲ ထ ရယ်လိုကကြ၏။ ဤရယ်သံကို လွှမ်းမိုး သွားအောင် မယ်စိန်က ခုနစ်သံချီ၍ ဟစ်လိုက်၏။
' ကာလနာကြီး ... ကွင်းထဲမှာ တွေ့ကရာတွေ လျှောက်ပြောမနေနဲ့၊ တော်ကြာ ကွင်းပိုင်ရှင်က သူ့ကို မလေး မခန့် လုပ်ရမလားလို့ ဖမ်းစားလိုက်ရင်ကော့နေဦးမယ်'
(၄)

နေကား မွန်းတည့်ချိန်ကို ဖြတ်ကျော်လာခဲ့ပြီဖြစ်၍ ' ကျနေ' ဟူသော ဝေါဟာရသို့ ကူးပြောင်းကာ အနောက်ဘက်သို့ တရွေ့ရွေ့ ကျဆင်းစပြုနေ၏။ အခေါ်အားဖြင့်သာ ကျနေဟူ၍ ခေါ်ဝေါ်ရသော် လည်း အမှန်ကတော့ တက်နေ၊ မွန်းတည့်နေတို့ထက် ပို၍ ပူပြင်း၏။ ခနော်ခနဲ့နှင့် ချည့်နဲ့စွာ ဆောက်လုပ်ထားသော ကိုဒေါင်းစိန်၏ ငါးရစ်တဲကလေးသည်ပင် ပူပြင်းလှသော ကျနေ၏ ရောင် ခြည်ကွန်ရက်ဝယ် အမိခံနေရသလို မလှုပ်မယှက်နှင့် ငြိမ်သက်စွာ ရပ်တည်လျက်ရှိ၏။ နေက အနောက်ဘက်သို့ တရွေ့ရွေ့ကျဆင်းနေသလောက် ငါးရစ်တဲကလေး၏ အရိပ်သည်လည်း တဖြည်းဖြည်းနှင့် အရှေ့ဘက်သို့ ငိုက်၍ ငိုက်၍ ကျလာ၏။
တစ်မနက်ခင်းလုံး မည်သည့် အာဟာရကိုမှ မစားရသေးဘဲ ခနွှဲကိုသာ အပြင်းအထန်ထိုးခဲ့၍ ခြေ ကုန်လက်ပန်းကျနေသော ကိုဒေါင်းစိန်တို့ တစ်သိုက်မှာ ငါးရစ်တဲကလေးထဲ၌ ခြေပစ်လက်ပစ်နှင့် အနားယူနေကြ၏။ သို့သော် ကြာရှည် အနားယူလို့တော့ ဖြစ်လိမ့်မည် မဟုတ်။ နံနက်ထမင်းကို အမြန်စားပြီး ပေါ်နေပြီဖြစ်သော ရိုးထဲမှ ငါးများကို ညမမှောင်ခင် အချိန်မီ ပြီးစီးအောင် လက်စသိမ်း ဖမ်းရပေဦးမည်။
မယ်စိန်ကား အိမ်မှ ချက်ယူလာသော ထမင်းပွဲကို ပြင်ဆင်နေ၏။ ပြီးလျှင် ကိုဒေါင်းစိန်တို့အား ထမင်းစားရန် ဖိတ်ခေါ်လိုက်ရာ၊ ကိုဒေါင်းစိန်တို့မှာ ရွှံ့အလူးလူးနှင့် လက်များကိုမှ ဆေးမနေတော့ဘဲ ထမင်းဝိုင်းသို့ ၀င်ထိုင်ကြကာ ပလုတ်ပလောင်း စားသောက်နေကြ၏။
ဟင်းကား ငါးခူကို ရေကျဲကျဲဖြင့် ချဉ်ရည်ထည့်၍ ချက်ထားသော ငါးခူးချဉ်ရည်ဟင်းဖြစ်သည်။ ငါးပိ ချက်နှင့် အဖက် တို့စရာကား ဘူးသီးပြုတ်ဖြစ်သည်။ ဟင်းနှင့် အတို့မှာ အစပ်တည့်သွားသောကြောင့်လည်း ကိုဒေါင်းစိန်တို့တစ်တွေ ခံတွင်းတွေ့နေကြသည်။ ငါးခူးချဉ် ရည်ဟင်းကို အရည်သောက်ကလေး ချက်ထားသော ကြောင့်လည်း တစ်ခါတစ်ရံ ထမင်းပွဲထဲ ဟင်း ရည်ဆမ်းထည့်ကာ နယ်ဖတ် စားသောက်၍ လည်းကောင်း၊ တစ်ခါတစ်ရံ သည်ချဉ်ရည်ဟင်းကိုပင် ဟင်းချိုအမှတ်ဖြင့် တရှုတ်ရှုတ် သောက်၍ လည်းကောင်း မြိန်ရှက်စွာ စားသောက်နေကြ၏။
' ကိုလူမောင် ထည့်စားနော်၊ ဘာမှ အားနာမနေနဲ့၊ ငါးခူချဉ်ရည်ဟင်းကို အရည်သောက်ကလေး ချက်ထားတာ ကောင်းတယ်မဟုတ်လား၊ ချဉ်ရည်ဆိုပေမဲ့ မန်ကျည်းရည် သိပ်ထည့်ရင် ချဉ်စူးစူး ကြီးဖြစ်နေမှာမို့ မန်ကျည်းရည် ပျက်သိကာလောက်ကလေး ထည့်ပြီး အရည်သောက်ကလေး ချက် လိုက်တာပဲ၊ ဒါမှ အခုလို နေပြင်းတဲ့ရာသီမှာ ချဉ်ဖြုံ့ဖြုံ့ ဟင်းရည်ကလေးကို သောက်ပြီး စားလိုက် ရတော့ အမောပြေ သွားမှာပေါ့၊ ဟဲ့ ... ဟိုသူငယ်နှစ်ယောက်လည်း ထည့်စားနော်'
မယ်စိန်က စေတနာဗရပွဖြင့် အားမနာတမ်း စားဖို့ တိုက်တွန်းနေ၏။ သို့သော် မယ်စိန် မတိုက်တွန်းလည်း အ၀ တုပ်ကြမည့် သူတွေပင်။ ထမင်းခြောက်လုံးချက် တက်တက်ပြောင်မှ သူတို့ ၀ကြ၏။ ဟုတ်သည်။ အလုပ်ကြမ်းသမားတွေမို့ အစားလည်း ကြမ်းကြရှာသည်။
ထမင်းစားပြီးသောအခါ မယ်စိန် နောက်ထပ်ချပေးသော လက်ဖက်ရည်ကြမ်းကို သောက်နေကြပြန်၏။ မယ်စိန်ကား သူတို့ လက်ဖက်ရည် သောက်ပြီးလျှင် အဆင်သင့် ငါးဖမ်းနိုင် ရန် လိုအပ်သော တန်ဆာပလာများဖြစ်သည့် ခြင်းတောင်းလေးလုံး၊ သတ္တုပန်းကန်ပြား လေးချပ်နှင့် ပေါက်စူး လေးချောင်းတို့ကို အသင့်ပြင်ထား၏။
' ကိုင်းဟေ့ သောက်ကြ၊ ဒီလက်ဖက်ရည် တစ်အိုးကုန်ရင် အချိန်ရှိတုန်း ငါးဖမ်းလိုက်ကြရအောင်'
ကိုဒေါင်းစိန်က အနားမှ လောဆော်ပေးနေ၏။ အားလုံး စကားမပြောအားကြဘဲ လက်ဖက်ရည်ကို သာ ကုန်းသောက်နေကြရာ တစ်ခဏအတွင်းမှာပင် လက်ဖက်ရည်တစ်အိုးလုံး တက်တက်ပြောင် တော့၏။ သူတို့သည် ငါးရစ်တဲပေါ်မှ ခုန်ဆင်းလိုက်ကြကာ တစ်ယောက်လျှင် ခြင်းတောင်းတစ်လုံး၊ သတ္တုပန်းကန်ပြားတစ်ချပ်၊ ပေါက်စူး တစ်ချောင်းစီ ယူ၍ ရိုးကလေးထဲသို့ ဆင်းခဲ့ကြ၏။
ငါးများဖြင့် တလိန်းထိုးထိုးနေသော ရိုးထဲမှ နွံများကား ပူနွေးသော အထိအတွေ့ဖြင့် သူတို့အား ဆီး၍ နှုတ်ဆက်ကြ၏။ သို့သော် သူတို့အဖို့ ပူတယ်၊ အေးတယ်ဟု ရွေးချယ်မနေအား။ ပူချင်ပူ၊ အေးချင်အေး သူတို့ လုပ်စရာရှိသည်များကိုတော့ ဇွတ်လုပ်ကြမှ ၀မ်းရေးဝကြသူများ ဖြစ်ကြ၍ သည်လောက် ပူပြင်းလှသည့် နေမင်း၏ အရှိန်အ၀ါကိုပင် မထီမဲ့မြင်ပြုကာ တမံအနီးရှိ နွံစပ်သို့ ဇွတ် ဆင်းကြပြီး လေးယောက်သား တန်းစီလိုက်ကြ၏။
ကိုဒေါင်းစိန်က လက်ဝဲဘက်၊ ကိုလူမောင်က လက်ယာဘက်၊ လူငှားနှစ်ယောက်က အလယ်မှ နေရာယူကာ တန်းစီပြီးပေပြီ။ နွံများကြားထဲတွင် သူတို့၏ ခြေထောက်များမှာ ဒူးဆစ်အထက်နား ရောက်အောင် မြုပ်နေ၏။ သူတို့လေးယောက်ကား နွံများကို စစ်စစ်ပေါက်ပေါက် မွှေနှောက်ကာ ငါးများကို ရှာဖွေဖမ်းဆီးရင်း တဖြည်းဖြည်းနှင့် ငန်းတိုက်၍ ရှေ့တက်သွားရမည်ဖြစ်သည်။ စာဖတ်သူသည် ရွှေကျင်နေသူများအား မြင်ဖူးပါလိမ့်မည်။ ဗန်းတစ်ချပ်ထဲသို့ မြေကြီးများရော ကျောက်ခဲသလဲများပါ စုပြုံထည့်ပြီး ရေထဲ၌ လှုပ်ကာ ဆေးကာရွှေတိုစများကို ရှာဖွေနေသူများကဲ့ သို့သူတို့လည်း နွံထဲမှ ငါးများကို ကတ်ကတ်သတ်သတ်နှင့် ခဲယဉ်းပင်ပန်းစွာ ရှာဖွေယူရမည် ဖြစ်သည်။
ဖမ်းရမည့် ငါးများမှာလည်း အများအားဖြင့် ငါးကျည်းများသာဖြစ်၍ တကယ့်ကို မလွယ်ပါ။ သူတို့၏ ဆူးတောင်များဖြင့် ဖမ်းမည့်သူအား ခတ်တတ်၍ အခတ်ခံရသူများမှာ မသက်သာလှ။ ဆူးတောင်၌ အဆိပ်ရှိသည်ဖြစ်၍ စပ်ဖျဉ်းဖျဉ်း အောင့်တောင့်တောင့်ဖြင့် အသည်းကြောင်သူများသာဆိုလျှင် ထိုင်ငိုရ၏။ ကိုင်းသည်လောက်တောင် အန္တရာယ်ပြုတတ်တဲ့ ငါးတွေကို မြင်မြင်ထင်ထင်မှာ ဖမ်းရ သည်မဟုတ်ဘဲ၊ နွံကြားထဲတွင် ရှာဖွေဖမ်းဆီးရသည်မှာ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းပါသလဲ။
ဒါပေမဲ့ ကိုဒေါင်းစိန်အဖို့တော့ စိတ်မပျက်မိသည့်အပြင် ငါးရတော့မှာမို့ ပို၍ပင် စိတ်အားထက်သန် နေသေးသည်။ ငါးကျည်း စူးချင်စူးပါစေ၊ သူမကြောက်ပါ၊ ကျင့်သားရပြီး ဖြစ်သောကြောင့်တစ် ကြောင်း၊ ဦးပဉ္ဇင်းတစ်ပါးထံမှ မြွေဆေး ထိုးထား၍ ငါးကျည်းအဆိပ်လောက်တော့ အပျော့ဟု သဘောထားသောကြောင့် တစ်ကြောင်း သူ မကြောက်ခြင်းဖြစ်သည်။
လေးယောက်သား လုပ်ငန်းကို အစပြုကြ၏။
ခြင်းတောင်းကို နံဘေး၌ချကာ သတ္တုပန်းကန်ပြားဖြင့် နွံကို အသာကလေး ယက်လိုက်လျှင် ငါးကျည်း၊ ငါးခူ၊ ငါးဖျင်းသလက်၊ ငါးပြေမ၊ ငါးရံ့လုံး စသော အောက်ငါးများမှာ ဖလပ် ဖလပ်ဟူသော အသံဖြင့် နွံပေါ်၌ ခုန်ပျံနေကြ၏။ အားလုံးထဲ၌ ငါးကျည်းက အများဆုံးဖြစ်သည်။ သူတို့သည် နွံပေါ်၌ ခုန်ပျံနေသော ထိုငါးများကို သတ္တုပန်းကန် ပြားဖြင့်ခပ်၍ ခြင်းထောင်းထဲသို့ထည့်၏။ အတော်ကြီး၍ သတ္တုပန်းကန်းပြားဖြင့် ခပ်မရသော ငါးခူး၊ ငါးကျည်းများကိုမူ ပေါက်စူးဖြင့် ခေါင်းကိုပေါက်၍ ခြင်းတောင်းထဲသို့ ထည့်ရ၏။ ငါးရံ့ကြီးများကိုမူ ခေါင်းကို တုတ်ဖြင့် ရိုက်ကာ ဖမ်းဆီးယူရ၏။
' ဟေ့ ဒေါင်းစိန်ရဲ့၊ မင်းတော့ ကော်တာပဲဟေ့၊ တို့ ခန့်မှန်းတာထက်တောင် ပိုချင် ပိုဦးမယ်'
ကိုလူမောင်က ငါးမျးကို မဲ၍ ခပ်နေသော ကိုဒေါင်းစိန်အား လှမ်းပြောလိုက်၏။ ကိုဒေါင်းစိန်ကမူ ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်ကာ ငါးကိုသာ တွင်တွင်ခပ်နေ၏။ တကယ်ဆိုတော့ သူလည်း သိပါသည်။ သတ္တုပန်းကန်ပြားဖြင့် နွံကို ယက်လိုက်လျှင်ပင် ငါးများမှာ တစ်ကောင်ပေါ် တစ်ကောင်ထပ်၍ နွံကြားထဲတွင် အလုအယက် တိုးဝှေ့ခုန်ပျံနေသည်ကို ကြည့်ခြင်းအားဖြင့် သူ့ရိုးထဲ၌ ငါးအတော်များသည်ကို သူ သိရပါသည်။ သူမျက်နှာကား ကျေနပ်ခြင်း၊ တက်ကြွခြင်း၊ ၀င့်ကြွားခြင်း အရိပ်အယောင်များ ယှက်သန်းနေ၏။
ငါးများ ခုန်ကြ၊ ပျံကြသောကြောင့်လည်းကောင်း၊ ငါးရံ့များကို တုတ်ဖြင့် ရိုက်ရသောကြောင့် လည်းကောင်း၊ သူတို့မျက်နှာနှင့် တစ်ကိုယ်လုံးမှာ ရစရာမရှိအောင်ပင် ရွှံ့နွံများလွင့်စဉ် ပေကျံကုန် ၏။ အမှတ်မဲ့ကြည့်လိုက်လျှင် နွံထဲလူးနေသော ကျွဲကြီးများလားဟု ထင်မှားလောက်အောင်ပင် ရယ် စရာကောင်းနေသည်။ ရယ်ချင်ရယ်ကြပေရော့၊ ကိုဒေါင်းစိန်တို့ကတော့ ငါးဖမ်းရာ၌သာ စိတ် ၀င်စားနေသဖြင့် ဘယ်သူ့ကိုမျှ ဂရုမစိုက်နိုင်ရိုး အမှန်ပါ။
ကိုဒေါင်းစိန်တို့ လေးယောက်သည် နွံများကို စစ်စစ်ပေါက်ပေါက် မွှေနှောက်ကာ ငါးများကို ရှာဖွေ ခပ်ယူရင်း တဖြည်းဖြည်းနှင့် နွံများကို တိုးဝှေ့ကာ ရှေ့တိုးလာကြ၏။ ကိုဒေါင်းစိန်သည် လက်ထဲမှ သတ္တုပန်းကန်ပြားဖြင့် မွှေနှောက်ခြင်း မပြုရသေးသော နွံကိုယက်လိုက်၍ နွံကြားထဲမှ တိုးထွက်လာသော ငါးကျည်းတစ်ကောင်ကို သတ္တုပန်းကန်ပြားဖြင့် ဝှေ့၍ခပ်လိုက်၏။ သတ္တုပန်း ကန်ပြားထဲ ရောက်လာသော ငါးကျည်းသည် သူ၏ဘေးကို မမြင်မိသဖြင့် အငြိမ်မနေဘဲ ဆူးတောင်ကိုကား၍ လှုပ်ယမ်းခုန်ပျံနေရာ၊ ကိုဒေါင်းစိန်၏ လက်မကို ငါးကျည်းဆူးတောင်ဖြင့် ခတ်မိ၏။ သို့သော် ကိုဒေါင်းစိန် ဂရုမစိုက်ဘဲ ငါးကိုသာ ခြင်းတောင်းထဲအရောက် ထည့်လိုက်၏။ ပြီးမှ သူ့လက်မကို ပြန်ကြည့်လိုက်ရာ ဟက်တက်ကွဲ၍ သွေးများ ထွက်နေသည်ကို မြင်ရ၏။ သူ သည် မထီတရီ အပြုံးမျိုးကို ပြုံးလိုက်ကာ လက်မှ နွံများကို ဖယ်ရှားပစ်ပြီး ပါးစပ်ထဲသို့ ထည့်၍ ငုံထား၏။
' မယ်စိန်ရေ ... တောင်းပြည့်နေပြီဟေ့၊ လာယူလှည့် '
သူသည် ငါးရစ်တဲပေါ်မှ မယ်စိန်အားလှမ်း၍ ဟစ်လိုက်၏။ မယ်စိန်သည် ဘယ်တုန်းက ရောက်နေ သည်ကို မသိရသေးသော အဖော်မိန်းမ တစ်ယောက်နှင့် ဆင်းလာကာ၊ ငါးများဖြင့် ပြည့်နေသော တောင်းများကို လှမ်းယူ၏။ သူသည် မယ်စိန်အား ကြင်နာစွာ ကြည့်၍ -
' ငါးတော့ တ်ာတော်ပဲများတယ် မယ်စိန်ရေ၊ တို့တော့ ဒီနှစ် အိမ်ကလေးကိုလည်း အသစ်ပြန်ဆောက် နိုင်မယ်၊ ခြင်ထောင်ကလေး၊ စောင်ကလေးလည်း ၀ယ်နိုင်ကောင်းပါရဲ့။ ဒီတစ် ချိန်မှ မ၀ယ်နိုင်ရင် ဘယ်တော့ မှ ၀ယ်နိုင်မှာ မဟုတ်ဘူး'
' ငါးများမှပဲ ဖြစ်မယ်တော်ရေ့၊ ခြင်ထောင်ကလေး၊ စောင်ကလေးဝယ်ဖို့ထက် တစ်မိုးတွင်းလုံး စား သွားဖို့ အရေးကြီးက ရှိသေးတယ်။ သူများလို ၀မ်းစာစပါးထားနိုင်တဲ့လူတွေ မဟုတ်လို့ မိုးတွင်း ရောက်လာမှာများ ကျုပ်ဖြင့် တွေးပြီးကြောက်နေရတယ်။ အခု ရေပြန်ချုပ်နဲ့ ငါးရစ်က ငါးအတော် တက်လို့ ကိုယ်ပိုင် ငွေရင်း ကလေး အနည်းအကျဉ်းလောက် လက်ကိုင်ထားရင်တော့ ဟိုဟာ ဒီဟာလေး မတောက်တစ်ခေါက် လုပ်ရင်း နဲ့ အလျဉ်မီသွားနိုင်တာပေါ့'
သူတို့ဇနီးမောင်နှံ အပြန်အလှန် ပြောဆိုနေသော စကားကို ကြားရသော ကိုလူမောင်သည် နွံထဲမှ ငါးများကို ကုန်း၍ ခပ်နေရာမှ ခါးဆန့်၍ ရပ်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း -
' ဒါတွေ ပူမနေပါနဲ့ဟ မယ်စိန်ရ၊ ဒီနှစ်တော့ နင်တို့ ကြက်ကန်းဆန်အိုးတိုးတဲ့ ကိန်း ဆိုက်ဖို့ သေချာ တယ်။ ငါ ထင်လိုက်ရင် ဘယ်တုန်းက လွဲဖူးဖို့လဲ၊ ညနေ အလုပ်သိမ်းရင် သောက်ရအောင်ငါပဖို့ အရက်တစ်ပုလင်း သာ ၀ယ်ထားလိုက်ပါ၊ ငါးကျည်းစူးလွန်းလို့ လူတစ်ကိုယ်လုံး ဖိန်းတိန်းတိန်းကြီး ဖြစ်နေတဲ့အတွက် အရက်သောက် ရမှဖြစ်မယ်။ ငါ တစ်နေ့လုံး ကူညီလုပ်နေတာဟာ အရက်တစ် ပုလင်းမကတော့ တန်ပါ တယ်ဟာ'
' အချိန်မီ ပြီးအောင်သာလုပ်ပါ၊ တစ်ပုလင်းမက သောက်ချင်သလောက် သောက်ရပါစေ့မယ်'
ပြောပြောဆိုဆိုပင် မယ်စိန်နှင့် အဖော်မိန်းမသည် ခြင်းတောင်းကို တစ်ယောက်တစ်ဖက် ဆွဲ၍ တမံရှေ့ရှိ ချောင်းမထဲသို့ ယူသွားကာ လှုပ်ခါ၍ဆေးနေ၏။ နွံများစင်ကြယ်၍ ငါးချည်းသန့်သန့် ကျန်ရစ်ခဲ့မှ ရေထဲ၌ ငါးလှောင်ရန် ပြုလုပ်ထားသော မြုံးထဲသို့ လောင်းထည့်လိုက်၏။
အချိန်ကား တဖြည်းဖြည်း ရွေ့လျားလာရာ သူတို့ရပ်ရွာ အခေါ်အားဖြင့် နေ၀င်ဆည်းဆာဟု ခေါ်သော အချိန်သို့ ရောက်ခဲ့လေပြီ။ ကိုဒေါင်းစိန်တို့တစ်တွေလည်း နွံထဲမှ ငါးများကို စစ်စစ်ပေါက် ပေါက်နှင့် အိတ်သွန်ဖာမှောက် ဖမ်းဆီးပြီးဖြစ်၍ အနားယူရန် ကုန်းပေါ်တက်လာကြလေပြီ။ ပထမတစ်ကန့်မှာ လုံးဝပြီးစီးခဲ့ပြီဖြစ်၍ အနားယူရန် ကုန်းပေါ်တက်လာကြလေပြီ။ ပထမတစ်ကန့် မှာ လုံးဝပြီးစီးခဲ့ပြီဖြစ်၍ ကျန်သည့် အကန့်များအဖို့ ပက်နေရန် မလိုတော့ဘဲ တမံကိုချိုး၍ ရေကိုလွှတ်ကာ ငါးဖမ်းရုံသာ ရှိတော့သဖြင့် သူတို့၌ အတော်ပင် ၀န်ပေါ့သွားလေပြီ။ တစ်နေ့လုံး အပြင်းအထန် လုပ်ကိုင်ခဲ့ရသည့် ဒစ်ကြောင့် သူတို့တစ်ကိုယ်လုံး မလှုပ်ချင် မရှားချင်လောက် အောင်ပင် ပင်ပန်းနွမ်းနယ်နေကြပေပြီ။
သို့သော် မယ်စိန် အသင့်ဝယ်ထားသော အရက်ပုလင်း နှစ်လုံးကား သူတို့၏ ပင်ပန်းခြင်းကို ဖြေဖျောက်မည့် မဟာသြသဓ နတ်ဆေးကြီးပေတည်း။ အလျင့်အလျင်က ကိုဒေါင်းစိန် အရက်သောက်၍ ဆူခဲ့ပူခဲ့ဖူးသော မယ်စိန် သည် ယခုလို အလုပ်ကလည်း ဟန်ပုံပေါ်၊ အလွန့် အလွန်လည်း ပင်ပန်းနေပုံရသောကြောင့် ကိုလူမောင် နှင့် သူ့ချစ်လင်လည်း သောက်ချင်သောက်ပါ စေဟူသော စေတနာဖြင့် အရက်နှစ်ပုလင်းကို အသင့် ၀ယ်ယူထားခြင်းဖြစ်သည်။ အမြီးအတွက်ပင် ငါးခူကြီး နှစ်ကောင်ကို တံစိုးထိုး၍ အသင့်ကင် ထားပြီး ဖြစ်နေသည်။
ရေမိုးချိုးပြီးသောခါ သူတို့သည် ငါးရစ်တဲပေါ်၌ ၀ိုင်းဖွဲ့၍ထိုင်ကာ အရက်ကလေး သောက်လိုက်၊ ငါးခူကင် ကလေး မြည်းလိုက်ဖြင့် တစ်နေ့လုံး ပင်ပန်းခဲ့သမျှ အတိုးချ ဇိမ်ယူနေ၏။ တဖြည်းဖြည်းနှင့် နေလုံးပျောက်၍ အမှောင်ရောက်လာရာ၊ ကိုဒေါင်းစိန်တို့ ငါးရစ်တဲကလေးပင် အမှောင်က ၀ါးမျို လိုက်ပြီဖြစ်၍ သူတို့၏ တစ်နေ့တာ ၀မ်းရေးတိုက်ပွဲ ဇာတ်လမ်းကလေးမှာလည်း ပြည်ဖုံးကားချ၍ ကွယ်ပျောက်ရလေပြီ တကား...။
ဆက်ရန်
.
1 comment:
ငါးတွေ ရတယ်ဆိုတော့လဲ သူတို့အစား အကုသိုလ်အလုပ်ဆိုတာမေ့ပြီး ကိုယ်ပါ ရောပျော်နေမိတယ်....:)
ဆက်ရန်မျှော်နေမယ်နော်မမရွှေစင်....
အညာဟင်းလေးလဲ အားရင်လုပ်ပါဦးနော်...:)
Post a Comment