အခန်း (၃၈) အောင်ပွဲ
အာဇာနည်တယောက် အနေနှင့်တော့လည်း သေခြင်း၌ ဘာမျှ ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်။
ဦးလေးတွမ်သည် နောက်ရက်များ၌လည်း သူ့သခင် လက်ဂရီး၏ ရက်စက်ကြမ်းကြုတ်မှု များကို ဆက်လက် ရင်ဆိုင်ခဲ့ရ၏။ ဤသို့သော ရက်စက်မှုများကို ရင်ဆိုင်ခဲ့ရတိုင်းပင် ဦးလေးတွမ် သည် သူ့အဖို့ နောက်ဆုံး ရက်များ နီးကပ်လာနေပြီဟု သဘောရ၏။ သို့စေကာမူ ဤသို့သော သူ့ နောက်ဆုံးရက်အတွက် သူသည် မည်သို့မျှ မတုန်လှုပ်။ ဤသည်ပင် သူ့အဖို့ ဖုရားသခင်ထံသို့ ခိုလှုံ ခွင့်ရရန် အချိန်နီးကပ်လာခြင်း ဖြစ်သည် ဟု သူယူဆထား၏။ ယခုအခြေ၌ သူသည် လက်ဂရီး၏ မည်သို့သော နှိပ်စက် ညှဉ်းပန်းခြင်း မျိုးကို မဆို ခံနိုင်စွမ်းရှိပြီဟုပင် ယူဆလာလေသည်။
ဦးလေးတွမ့် အနာဒဏ်ရာများ မသက်သာမီကပင် လက်ဂရီးသည် ဦးလေးတွမ်အား ၀ါခင်း လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက် လုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။ ထိုအခါ၌လည်း ဦးလေးတွမ် သည် မည်သို့မျှ ငြင်းဆန်ခြင်း မပြုဘဲ အလုပ်ခွင်သို့ ၀င်ခဲ့လေသည်။ ထို့ကြောင့် သူ့အဖို့ အလုပ် ခွင်၌ အလွန်ပင်ပန်းခဲ့ရ၏။ အလုပ်ခွင် မှ ပြန်လာခဲ့သည့်တိုင်အောင် သူ မောဟိုက် နွမ်းနယ်ခဲ့သည် သာ များ၏။ သို့စေကာမူ သူသည် သမ္မာကျမ်းစာ ဖတ်ရမည့် တာဝန်ကိုကား မေ့လျော့သည် မရှိခဲ့ ပေ။
ထိုရက်များ အတွင်းမှာပင် သူသည် မစ္စအော်ဖီလီယာ အနေဖြင့် မစ္စက်ရှယ်လဗီတို့ထံ ရေးလိုက်သော စာကို တွေးမိပြန်သည်။ ထိုစာရောက်လျှင် သူ့အတွက် ကယ်တင်မည့်သူ လိုက်လာ လိမ့်မည်ဟုလည်း သူမျှော်လင့် ခဲ့၏။ သို့တိုင်အောင် သူ့ကို ကယ်တင်မည့်သူ မည်သူမျှ ပေါ်မလာခဲ့ ပေ။ သည်တော့လည်း ဖုရားသခင် အား တမ်းတရသည်ပင် အချည်းနှီး ဖြစ် လေရော့သလားဟု သူအတွေးပေါက်ပြန်သည်။
တညနေအလုပ်ခွင်မှ ပြန်လာချိန် ဖြစ်သည်။ ဦးလေးတွမ်သည် ခါတိုင်းလိုပင် မီးဖိုဘေးမှာ ၀င်ထိုင်လျက် သမ္မာကျမ်းစာ ဖတ်ရန် ပြင်ဆင်နေ၏။ သူ့အိတ်ထဲက သမ္မာကျမ်းစာကို ထုတ်၏။ သူသည် ခဏမျှ တွေငိုင်ပြီး စာအုပ် ကို အိတ်အတွင်းသို့ ပြန်ထဲ့သည်။ ထိုအခိုက်မှာပင် သူသည် ရယ်သံကို ကြားလိုက်ရ၏။ ထို့ကြောင့် ခေါင်းကို မော့လိုက်သည်။ လက်ဂရီးသည် သူ့ရှေ့တွင် မတ်မတ်ရပ်နေ၏။
"ဘယ်နဲ့လဲဟေ့။ မင်းသမ္မာကျမ်းစာကလဲ အားမကိုးလောက်တော့ဘူး ထင်ပါရဲ့"
တွမ်သည် ဘာမျှ နှုတ်တုံ့မပြန်။
"မင်းဟာ အတော်မိုက်တာဘဲ။ မင်းကို ငါဝယ်လာတုန်းက မင်းဟာ လူတော်တယောက် ဖြစ်လိမ့်မယ် ထင်ခဲ့တာ။ တကယ်ဆို မင်းဟာ ငါ့ဆီမှာ ရှိတဲ့ ဆမ်ဗိုတို့ ကွင်ဗို တို့ ထက်တောင် နေရာ ကောင်းကောင်း ရနိုင်မယ့် လူမျိုး။ သက်သက်သာသာနဲ့ နေနိုင်မယ့် လူမျိုးဖြစ်ရက်နဲ့ အလကား အဓိပ္ပာယ် မရှိတာတွေဘဲ လျှောက်လုပ်နေတယ်။ ကဲပါ၊ မင်းလက်ထဲက စာအုပ်ကို မီးဖိုထဲ ထည့်လိုက်စမ်းပါ။ မင်းဖုရားသခင်က ဘာမှ သုံး မဖြစ်ပါဘူးကွ။ ဖုရားသခင်ကို ကိုးကွယ်မယ့် အစား ငါ့ကို ကိုးကွယ်တာမှ မင်းအဖို့ အကျိုးရှိအုံးမယ်"
"ဒါမျိုးလုပ်လို့ ဖုရားမကြိုက်ပါဘူးသခင်"
"ဟာ မင့်းဖုရားက မင်းကို ဘာများ ကူညီနိုင်လို့လဲ။ ကဲ၊ ဖုရား ရှိပါပြီတဲ့၊ ထားပါ။ ဒါဆို မင်းကို ငါ့လက်ထဲ မရောက်အောင် သူဘာလို့ မလုပ်ဘဲနေသလဲ။ ဘာသာရေးဆိုတာ တကယ့် အရေးကျ ဘာမှ တတ်နိုင် တာမျိုး မဟုတ်ပါဘူးကွ။ ငါ ကောင်းကောင်း သိပါတယ်ကွ။ ဒီတော့ ငမ်း ငါ့ကို ဆည်းကပ်တာက အကောင်းဆုံးဘဲ။ ထိထိရောက်ရောက် လုပ်နိုင်တာက ငါဘဲ ရှိတာကွ"
"မဟုတ်ဘူး သခင်။ ဖုရားသခင်က ကျုပ်ကို စောင်မသည်ဘဲဖြစ်စေ၊ မစောင်မသည်ဘဲ ဖြစ်စေ၊ သူ့ကို ဆည်းကပ် ရမယ်၊ ကိုးကွယ်ရမယ်။ နောက်ဆုံး အချိန်အထိ ကျုပ်ဖုရားသခင်ကို သက်ဝင် ယုံကြည် ရလိမ့်မယ် သခင်"
"အတော် မိုက်တွင်းနက်တဲ့ အကောင်ဘဲ" လက်ဂရီးသည် တံတွေးထွေးလိုက်ပြီး တွမ့်ကို ခြေဖြင့် ကန်ကျောက် လိုက်ပြန်ကာ "ကိစ္စမရှိဘူးလေ။ မင်းကို ဦးကျိုးအောင် နှိမ်ပြရသေးတာပေါ့ ကွာ" ပြောပြော ဆိုဆို နေရာမှ ထွက်သွားလေ၏။
လက်ဂရီး ထွက်သွားပြီးနောက်တွင် ဦးလေးတွမ်သည် မီးဖိုဘေး၌ ကျန်ရစ်သည်။ သူသည် မီးပုံကို စိုက်ကြည့် နေ၏။ အတွေးသည်၎င်း၊ မျှော်လင့်ချက်သည်၎င်း သူ့အဖို့ ဘာမျှ မရေရာတော့ ပေ။ စိတ်ပျက် အားငယ် လာသည်။ သူ့အာရုံ၌ ဘာမျှ မမြင်မထင်သလို ဖြစ်နေ၏။ အတန်ကြာ သောအခါ သူ့အမြင် အာရုံတွင် ဖုရားသခင်၏ ရုပ်သွင်သည် ထင်လာ၏။ သွေးသံရဲရဲဖြင့် အသတ်ခံ ရသော ဖုရားသခင်၏ အဖြစ် ကို သူ မြင်ယောင်လာသည်။ ဤသို့ သူ့အာရုံသည် ဖုရားသခင်၌ တည်ပြန်လေသည်။
ဤနေရာ၌ တွမ်သည် မည်မျှကြာအောင် လှဲလျောင်းနေခဲ့သည်ကိုပင် သတိမထားမိ။ သူ ပြန်လည် သတိရ လာသောအချိန်တွင် မီးဖို၌ မီးငြိမ်းနေလေပြီ။ သူ့တကိုယ်လုံးမှာ နှင်းရည်ဖြင့် စိုရွဲ နေ၏။ စောစောက စိတ်ပျက် အားငယ်သော စိတ်ဓာတ်သည် သူ့တွင် မရှိတော့ပေ။ ယခုအခါ၌ သူသည် ဆာလောင် မွတ်သိပ်ခြင်းကို၎င်း၊ ခိုက်ခိုက်တုန်ချမ်းအေးခြင်းကို၎င်း၊ စိတ်ပျက်အားလျော့ ခြင်းကို၎င်း မေ့လျော့ကာ ၀မ်းမြောက် အားတက် လာခဲ့ပြန်ချေပြီ။ စင်စစ် တိုတောင်းလှသော လူ့ဘ၀ တာ၌ ဒုက္ခသည် ခဏတာ မျှသာတည်း။ ဒုက္ခအပေါင်းတို့၏ ချုပ်ငြိမ်းရာဖြစ်သော ကောင်းကင်ဘုံ သည် မဝေးသောအနာဂတ်တွင် ရှိသည် သာတည်း။ သို့ဖြင့် အားငယ်ထိတ်လန့် တုန်လှုပ်ခြင်းသည် ပျောက်လွင့်သွားရလေတော့သည်။
နောက်တနေ့ သူ အလုပ်ခွင်သို့ ၀င်ခဲ့သောအခါ သူ့ဟန်ပန်အမူအရာ မျက်နှာသွင်ပြင် အလုံးစုံသည် ပြောင်းလဲ နေပေပြီ။ တက်ကြွခြင်၊ ရဲရင့်ခြင်း အသွင်လက္ခဏာများကို သူ့မျက်နှာပြင်၌ အားလုံး မြင်နိုင်ကြ၏။ အားလုံး ပင် ပြောင်းလဲနေသော ဦးလေးတွမ်၏ ဟန်ပန်အမူအရာကို သတိပြု မိကြလေသည်။ ယခုမူ သူသည် မည်သည့်ဒုက္ခ ဝေဒနာမျိုးကိုမျှ ခံစားရခြင်း မရှိသကဲ့သို့ ဖြစ်နေပေ ပြီ။
"ဟေ့ ဆမ်ဗို။ တွမ်ဆိုတဲ့ အကောင်ကြီး ဘာများ ဖြစ်နေလဲ မသိဘူး။ မကြာခင်ကဆို ကောင်ကြီး ငါချ ထားလို့ အတော်ဘဲ စိတ်ပျက် လက်ပျက် ဖြစ်နေပုံဘဲ။ ခုတော့လဲ သူ့ပုံကို မာမာဘဲ ဆိုတဲ့ ပုံမျိုးကွ"
"တူ ထွက်ပြေးမလို့ ကြံနေတာလားမှ မသိတာ" ဆမ်ဗိုက ထင်မြင်ချက်ပေးသည်။
"စမ်းကြည့်စမ်းပါစေလေ။ ကြည့်ရတာပေါ့ကွာ။ ဟုတ်ဖူး လာဟေ့ ဆမ်ဗို"
"ဒါပေါ့ဗျ။ ဟား၊ ဟား၊ ဟား" ဆမ်ဗိုသည် သူ့အတွေးနှင့် သူသဘောကျသွားကာ အားရ ပါးရ ရယ်မော လိုက်ပြီး "ကောင်ကြီး ရွံ့တွေနွံတွေထဲ ကျုပ်တို့ခွေးတွေက နောက်က လိုက်ကိုက်နဲ့ အတော် ရီစရာ ကောင်းမယ့် အဖြစ်ပဲ သခင်ရဲ့။ ဟိုကောင်မ မော်လီထွက်ပြေးလို့ ခွေးတွေနဲ့ လိုက်ကြ တုန်းကဆို ကျုပ်ဖြင့် ရီလိုက် ရတာ မပြောပါနဲ့"
"အေး၊ ဒါဘဲ။ ကောင်ကြီး ပြေးရင်တော့ မင်းတို့ တာဝန်ဘဲ"
"စိတ်တာချပါ သခင်။ ဒီအတွက် ကျုပ်တို့တာဝန်ထားလိုက်"
ထို့နောက် လက်ဂရီးသည် မြင်းစီး၍ အပြင်သို့ ထွက်ခဲ့၏။ ညဥ့်နက်မှ သူ ပြန်လာသည်။ အိမ်ဝင်းသို့ ရောက်လျှင်ပင် နောက်ဖေးဖက် အစေခံတန်လျား အခြေအနေကို သွားရောက် ကြည့်ရှု ဦးမည် စိတ်ကူးဖြင့် သူသည် အစေခံများနေသော တန်လျားဘက်သို့ ထွက်ခဲ့၏။ တန်းလျားအနီးသို့ ရောက်သောအခါ သူသည် သီချင်းသံ တခုကို ကြားလိုက်သည်။ အသံမှာ ခါတိုင်းအသံမျိုး မဟုတ် ပေ။ မြူးကြွသော အသံ ဖြစ်သည်။ တွမ့်အသံဖြစ်သည်ကိုလည်း သူ သတိပြုမိသည်။ တွမ်ဆိုသော သီချင်းသည် ဓမ္မသီချင်းဖြစ်သည်ကိုလည်း သူသတိထား မိ၏။ ထို့ကြောင့် မြင်းကို တွမ်ရှိရာသို့ မောင်းလာရင်း နှင်တံကို ဝှေ့ရမ်းလျက်
"ဟေ့ကောင်၊ မင်း ဘာတွေ အော်ဟစ်နေရတာလဲ။ ဒါ အိပ်မယ့် အချိနဆိုတာ မင်းမသိဘူး လား။ သွားစမ်း အိပ်ရာထဲဝင်" အော်ဟစ် အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ သခင်" တွမ်သည် ပြောပြောဆိုဆို နေရာမှ ထသွား၏။
သို့သော် လက်ဂရီးသည် အခဲမကျေနိုင်သေးပေ။ ထို့ကြောင့် မြင်းကို တွမ့်နောက်သို့နှင်၏။ တွမ်၏ ပခုံးကို လှမ်း၍ ရိုက်လိုက်၏။ တွမ်သည် ဘာမျှမဖြစ်သကဲ့သို့ ရပ်နေသည်။ လက်ဂရီးသည် သူ့ရိုက်နှက်မှု အရာ မရောက်သည်ကို သတိပြုလိုက်မိ၏။ သူ အမှန် စင်စစ် ပြင်းပြင်းထန်ထန် ရိုက်ပါလျက် ဦးလေးတွမ် ဘာမျှ မဖြစ်သလို ကြံ့ကြံ့ခံနိုင်ခြင်းကြောင့် သူ ပို၍ ဒေါသထွက်လာသည်။ ဤသည်မှာ တွမ်နှင့် သူ့ကြားတွင် ဖုရားသခင် သည် ၀င်ရောက်ကာကွယ်လိုက်၍ ဖြစ်မည်ဟု တွေး ထင်လာသည်။ ထို့ကြောင့် ဖုရားသခင်ကို ကျိန်ဆဲ လိုက် ပြန်သည်။
စင်စစ် တွမ်သည် မေတ္တာကရုဏာတရား ကြီးမားသူ ဖြစ်သည်။ အထူးသဖြင့် အတူနေ ဘ၀တူများ အပေါ်၌ မေတ္တာကရုဏာထားခဲ့သည်။ သူတို့ ဘ၀တူတယောက် မကျန်းမာလျှင် သူ ရောက်လာတတ်မြဲ ဖြစ်သည်။ တယောက် ယောက် မကျန်းမာလျှင် သူရောက်လာတတ်မြဲ ဖြစ် သည်။ တယောက်ယောက် စိတ်ဝမ်း ပူဆွေးနေသည်ကို တွေ့ရလျှင် သူ နှစ်သိမ့်မှု ပေးမြဲ ဖြစ် ၏။ တယောက်ယောက် ဆင်းရဲနေ သည်ကို သိရလျှင် သူ အားပေးတတ်သည်။ ဘ၀တူတွေမှာ အကူအညီလိုနေလျှင် သူ အကူအညီ မတောင်းပေ။ သို့ဖြင့် အဆုံး၌ ဦးလေးတွမ်သည် အားလုံး သော ဘ၀တူများကြားတွင် လေးစားလောက်သူ တယောက် ဖြစ်လာ၏။ အများပင် သူ့ဓမ္မာကျမ်း စာ၌၎င်း၊ သူ ပြောပြလေ့ရှိသော ခရစ်တော်၏ ဘ၀ဖြစ်စဉ် ဇာတ်လမ်း များ၌၎င်း စိတ်ဝင်းစား လာ ကြ၏။ သို့ဖြင့် သူတို့သည် ဖုရားသခင်ကို ဆည်းကပ် ကိုးကွယ် လိုစိတ် များပင် ဖြစ်ပေါ်လာကြ၏။
သို့သော် လက်ဂရီးသည် သူ၏ မည်သည့်ကျွန်ကိုမျှ ဘာသာရေးနှင့် ပတ်သက်၍ ကိုးကွယ် ခွင့်မပြုခဲ့ပေ။
ထို့နောက် တညတွင် တွမ်အိပ်ရာသို့ ၀င်ခဲ့ပြီး အိပ်ပျော်လုအံ့သော အခြေအနေ၌ တွမ်သည် အသံတသံ ကို ကြားရ၏။ ထိုအခါ အိပ်ရာမှ ထပြီး အသံကို နားစွင့်သည်။ အပြင်သို့ ထွက်ခဲ့သည်။
အချိန်ကား ည တနာရီနှင့် နှစ်နာရီအကြား ဖြစ်သည်။ ညသည် လရောင်အောက်တွင် တိတ်ဆိတ်နေ၏။ ဦးလေးတွမ် သည် လရောင်အောက်က ကက်ဆီ့မျက်နှာပြင်ကို လှမ်း၍ မြင်ရ သည်။
"ဒီကို ခဏ အဘရေ။ အဘကို ပြောစရာရှိလို့" ကက်ဆီသည် ခါးထောင်လျက် ရပ်နေရာမှ ဦးလေးတွမ်ကို လှမ်းခေါ်သည်။
"ဘာများပါလိမ့်ကွယ်" ဦးလေးတျွ်သည် စိုးရိမ်တကြီး မေးရင်း ကက်ဆီ့အပါးသို့ ရောက်လာ၏။
"အဘ ဒီဘ၀က မလွတ်ချင်ဘူးလား"
"ဖုရားသခင်ရဲ့ အလိုတော်အတိုင်း အချိန်တန်ရင်တော့ လွတ်ရမှာပေါ့ကွာ"
"အို၊ အဘ ဒီညမှာဘလဲ လွတ်ရမယ် အဘရဲ့။ လာ၊ လာ"
ဦးလေးတွမ်သည် တွေတွေငေးငေး ဖြစ်နေလေသည်။
"လာ၊ အဘ။ ကျမနဲ့ လိုက်ခဲ့" ကက်ဆီသည် ဦးလေးတွမ်ကို စူးစိုက်ကြည့်ရင်း လေသံဖြင့် ပြောနေ၏။ "သူ အိပ်နေပြီ အဘရဲ့။ ကျမ သူ့ကို ဗရန်ဒီတိုက်ထားလိုက်တယ်။ သူ အိပ်မောကို ကျနေပြီ၊ ကျမ အဘကို မလုပ်စေချင်ပါဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး အဘ။ လာ၊ လာ၊ နောက်ဖက်တံခါး သော့ဖွင့်ထားတယ်။ အဲဒီမှာ ကျမ ပုဆိန်တခု အဆင်သင့် ထားထားတယ်။ တံခါးလဲ ဖွင့်ထားပါတယ်။ ကျမ အဘကို လမ်းပြမပေါ့။ ကျမလက်တွေက မသန်လို့၊ နို့မို့ရင် ကျမ ကိုယ်တိုင်ဒင်းကို အဆုံးစီရင်တယ်။ ခုတော့ အဘဘဲ သူတို့ ကိစ္စတုံးလိုက်ပေတော့"
"ဒါမျိုးတော့ ကျုပ် မလုပ်ဖူး။ ဆယ်သက်မလုပ်ဘူး ကက်ဆီ"
"ဒါပေမယ့် ဒီမှာ ရှိတဲ့ လူတွေရဲ့ ဒုက္ခတွင်းကိုလဲ ထည့်စဉ်းစားအုန်းမှာပေါ့။ ကျမတို့ဟာ ဒီလူတွေ အားလုံးကို နှောင်ကြိုးက ဖြေလွှတ်လိုက်ရမယ်။ နောက်ဆုံး ဒီလူတွေက ပြေးချင်ရာ ပြေးပါစေပေါ့။ ဒီမှာ ဒုက္ခခံနေရတာထက်တော့ ကောင်းအုံးမှာ အမှန်ဘဲ"
"မဖြစ်ပါဘူး မိန်းခလေးရယ်။ ပြစ်မှုလုပ်ပြီး ကုသိုလ်ရှာလို့ ဘယ်ရပါ့မလဲကွယ်"
"ကောင်းပြီလေ။ ဒါဖြင့် ကျမကိုယ်တိုင် ဒင်းကို စီရင်လိုက်မယ်"
"အို မိန်းခလေးရယ်" ဦးလေးတွမ်သည် ကက်ဆီ့ရှေ့တွင် ၀င်၍ ရပ်လိုက်သည်။ "မဟုတ် တာဘဲ။ ကိုယ့်ဘ၀ ကို ဒီလိုဖျက်ဆီးပစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီလိုလုပ်ရင် ငရဲရောက်ရုံရှိတော့မပေါ့။ စိတ်လိုက်မာန်ပါ မလုပ် ပါနဲ့ကွယ်။ ဒို့ သည်းညည်းခံပြီး ဖုရားသခင်ရဲ့ အဆုံးအဖြတ် ပေးမယ့် အချိန်ကို စောင့်ကြတာပေါ့"
"စောင့်ရမယ်၊ ဟုတ်လား။ ကျမဟာ တခေါင်းလုံးမူးနောက်ပြီး တရင်လုံး ကွဲလုမတတ် စောင့်ခဲ့ပါပြီ။ ဒင်း ကျမ ကို ဘယ်လောက်နှိပ်စက်ခဲ့ပြီလဲ။ တခြားဒုက္ခသည် ရာပေါင်းများစွာကိုလဲ ဒင်း နှိပ်စက်ညှဉ်းပန်းခဲ့ပြီ။ ဒီတော့ ခု ကျမ ဘာကိုမှ ဂရုမစိုက်နိုင်ဘူး။ အားလုံးအတွက် ကျမ ကိုယ်တိုင် သူ့ကို သတ်ရလိမ့်မယ်" ကက်ဆီ က အိမ်ဖက်သို့ တိုးသွားသည်။
ဦးလေးတွမ်သည် ကက်ဆီ့ကို လှမ်းဆွဲလိုက်ပြီး
"မဟုတ်ဘူး မိန်းခလေး။ ဒို့များ ဖုရားသခင်ဟာ သူ့ရန်သူတွေက သူ့ကိုဝိုင်ပြီး နှိပ်စက် ညှဉ်းပန်းကြ၊ သတ်ဖြတ် ကြတာကို ခွင့်ပြုတော်မူခဲ့တယ်ကွယ့်။ ဖုရားသခင်ဟာ သူ့ရန်သူတွေ အတွက် သူ့သွေးကိုတောင် မြေကျ စေခဲ့တာ မိန်းခလေး။ ဒို့ဟာ ဖုရားသခင်ရဲ့ ကျင့်စဉ်အတိုင်း ကျင့်ရလိ့မ်မယ်။ ဒီနည်းနဲ့ ဒို့ဟာ ရန်သူကို အနိုင် ယူရမယ်။ ရန်သူအပေါ်မှာ ဒို့ အောင်ပွဲခံရလိ့မ် မယ်။
"ဘာပြောတယ် အဘ။ ဖုရားသခင်ဟာ ရန်သူတွေ အပေါ်မေတ္တာထားတယ်၊ ဟုတ်လား"
"ဒါဟာ အောင်ပွဲဘဲ ခလေးမ"
ကက်ဆီသည် အတန်ကြာ စကားမတုံ့ပြန်သေးဘဲ ဦးလေးတွမ်ကို စိုက်ကြည့်နေပြန်၏။ အတန်ကြာမှပင်
"ကျမ ပြောပြီဘဲ ဘ။ ကျမမှာ မကောင်းတဲ့ စိတ်ဓာတ်တွေ ၀င်နေပြီဆိုတာ။ ကျမ ဆုမတောင်းနိုင်ဘူး အဘ။ ဖြစ်ချင်ရာ ဖြစ်လို့ဘဲ ကျမ သဘောထားလိုက်ပြီ။ ကျမလေ ကျမခလေး တွေ အရောင်းခံ လိုက်ရပြီ ဆို ကထဲက ဘယ်တော့မှ ရှိခိုးဘို့ကို ဆုတောင်းဘို့တို့ကို မလုပ်ခဲ့ဘူး။ အဘ ပြောတာ မှန်ချင်မှန်မယ်။ မှန်လဲ မှန်ပါတယ်လေ။ ဒါပေမယ့် အဘ။ ကျမ မေတ္တာမထားနိုင်ဘူး။ ကျမ မုန်းမယ်။ ကျိန်စာတိုက်မယ်။ ဒါဘဲ"
"ဒုက္ခပါဘဲလား မိန်းခလေးရယ်။ အေးလေ၊ မင်းဆုမတောင်းလဲ ကျုပ်လဲ မင်းကိုယ်စား ဆုတောင်း ပေးပါ မယ်ကွယ်။ ဒီမယ် ဒုက္ခသည်တွေရဲ့ ငိုညည်းသံကို နှစ်သိမ့်မှုကို ပေးမှာပါ မိန်းခလေးရဲ့"
ကက်ဆီသည် မျက်လွှာကို ချလျက် မလှုပ်မချောက်ရပ်နေ၏။ မျက်လုံးအိမ်မှ မျက်ရည် ပေါက်များ သည်ကျလာနေ၏။
ဦးလေးတွမ်သည် ကက်ဆီအား အတန်ကြာ စိုက်ကြည့်နေပြီးမှ
"ဒီမယ် မိန်းခလေး။ မင်းတို့ ဒီက ထွက်ပြေး လွတ်မြောက်မယ်ဆိုရင် အမ်မလင်ကိုပါ ခေါ်သွားပါ။ ဒီနေရာက အမြန်ဆုံး ပြေးနိုင်ကြဘို့သာ စီစဉ်ကြပေါ့ကွယ်"
"ခုလို ပြေးဘို့ ကြံစည်တာဟာ လွတ်လမ်းတော့ သိပ်မရှိဘူး။ နောက်ဆုံးကျ သင်္ချိုင်း ရောက်ရဘို့က များတယ်။ ပြေးရမယ့်လမ်းကလဲ မလွယ်ဘူး။ တလမ်းလုံး ရွှံ့တွေနွံတွေချည်းဘဲ။ ဒီထဲမှာ မြွေတွေ၊ မိကျောင်း တွေကလဲ အပြည့်ဘဲ။ ဒါပေမယ့် ဒီနေရာမှာလဲ ကျမတို့အတွက်က နေစရာ မရှိဘူး။ ပြေးရင်လဲ ကျမတို့ကို ဒင်းတို့ ခွေးတွေနဲ့ လိုက်ကြမယ်။
ကျမတို့ဟာ ရွှံ့ထဲမှာ သေချင် သေကြရမယ်"
တွမ်သည် အတန်ကြာ ငေးစိုက်နားထောင်နေပြီးမှ
"ဖုရားသခင်ဟာ သူ့တပည့်သား အမြောက်အမြားကို ကယ်တင်ခဲ့တာပါ။ ကျုပ်စိတ် ကတော့ ဖုရားသခင် ဟာ ခုထက်ထိ ရှိနေတယ်လို့ ယုံကြည်တယ်။ ဒါကြောင့်သူ စောင်မ ကယ်တင်လိမယ့်မယ်လို့လဲ ကျုပ်တော့ ယုံတယ်။ ဒီတော့ ကြိုးစားကြည့်ပေါ့ကက်ဆီ။ ကျုပ် မင်းတို့ ဘေးကင်း ရန်ကင်းဖြစ်ဖို့ ဆုတောင်းပါ့မယ်"
"ကျမ ကြိုးစားကြည့်ပါ့မယ် ဦးလေးတွမ်"
"အေးကွယ်၊ မင်းကို ဖုရားသခင် စောင့်မပါလိမ့်မယ်။"
အခန်း (၃၉) ဆက်ရန်
.

3 comments:
အမ..၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို သွားသတိရတယ်..။
ဦးလေးတွမ် ပထမပိုင်းဖြစ်သလိုမျိုး ဖြစ်ခဲ့တယ်..
ကယ်လ်ဆီလိုလဲဖြစ်တယ်..
တခါတလေကျတော့ ဘုရားဟာ တကယ်ပဲ စောင့်ရှောက်နေသလားဆိုတဲ့သံသယနဲ့ အခုချိန်ထိတော့ ဘုရာမှတပါး ကိုးကွယ်ရာမရှိ...
ဦးလေးတွမ်လိုပဲ စိတ်ကလေးပျက်သွားလိုက် ..ပြန်တက်လိုက်နဲ့ပဲ..
မြတ်နိုး
ဟူး.. သူတို့အားလုံးကို လွတ်စေချင်တာပါပဲ...
လွတ်မယ်လို့ စိတ်ထဲမှာ ထင်ထားပြီး ဖတ်နေတာ... မလွတ်ဘူးဆို ဒုက္ခပဲ....
;'(
Post a Comment