အနုပညာဈာန်ဆိုတာ
စိတ်ကောင်းနှလုံးကောင်းရှိမှ
ဝင်စားလို့ရပါတယ်။
သူများစိတ်ချမ်းသာအောင်
သာယာကြည်နူးချမ်းမြေ့ရအောင်
ကဗျာအလှ၊ စာအလှကို ဖန်တီးနေတာ
မဟုတ်လား။
စိတ်ယုတ်မာရှိတဲ့ လူမျိုး
ဒီအလုပ်အနား
မသီနိုင်
မကပ်နိုင်ပါဘူး။
(လူထု ဒေါ်အမာ)
(မန္တလေးသူ အမေလူထု ဒေါ်အမာ ရဲ့ မန္တလေး ဆောင်းပါးလေး အမှတ်တရ)
အမေ့ ရှေးစကား
မန္တလေးမှာ ပူလွန်းလို့
လူထုဒေါ်အမာ
မန္တလေးမှာ ပူလွန်းလို့
လူထုဒေါ်အမာ
အမေရယ် မန္တလေးမှာ ပူတာများ အဆန်းလားလို့ ဒီခေါင်းစဉ်ဖတ်မိရင် အမေ့ကို ပြောပြချင်ကြမလား မသိဘူး။ မန္တလေးမှာ နွေခါပူတာက မဆန်းပါဘူး။ ဟုတ်ပါတယ်။ ဒါပေမယ့် လေးငါးခြောက်နှစ်မှာ တစ်ခါ ပိုပြီး မခံနိုင်မရပ်နိုင်အောင် ပူတတ်သေးတယ်။ အဲဒီလိုပူတဲ့နှစ် ဆိုရင် အိမ်ထဲ အရိပ်ထဲမှာကိုပဲ ၄၄°-၄၅°-၄၆° စင်တီဂရိတ်ရှိတယ်။ ဖာရင်ဟိုက်ဒီဂရီဆိုရင် ၁၁၀°ကနေပြီး ၁၁၅°ထိ ရောက်ပြီပေါ့။ အဲဒါလောက် ပူတဲ့နှစ်ဆိုရင် ဆင်းရဲတဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ ဒုက္ခ ဖြစ်ကုန်ကြရော။ ဖျားလိုက်ရင်လည်း အဖျားက အလွန်ကြီးလာပြီး ကျအောင်လုပ်ဖို့ မလွယ်တော့ဘူး ဆေးရုံ တွေမှာ ဆိုရင် ရေခဲတွေနဲ့ ကုနေကြရပြီပေါ့။
အမေတို့ မန္တလေးမှာ ဒီနှစ်ဧပြီလထဲတုန်းက ဒါလောက်မပူဘူး။ မေလဆန်းတဲ့အထိ မပူဘူး။ မိုးကလေး နဲ့ လေကလေးနဲ့ အပူသက်သာလို့ ရန်ကုန်တို့၊ မော်လမြိုင်တို့နဲ့ ဖုန်းပြောရရင် သူတို့ဆီမှာ မိုးမရွာဘူး၊ ပူလိုက်တာ လို့ ပြောပေမယ့် "ကျွန်မတို့ မန္တလေးက ဒီနှစ်ခုအထိ မပူသေးဘူး။ ဘယ်နေ့က မိုးရွာ သေးတယ်နဲ့ အမေက ကြွားနေတာ။ မေလဆန်းလာပြီး ၄-၅ရက်လည်း ရှိလာပါရော။ ပူလာလိုက်တာ ဆုပ်ထည့် လိုက်သလိုပဲ။
အဲဒီလို ပူလာတော့ အမေ့သားသမီးတွေက အမေဒီအပူကို ခံနိုင်မှာမဟုတ်ဘူး၊ ကြီးလှပြီ။ ပြင်ဦးလွင် သွားနေပါလို့ သူတို့က စိတ်ပူလာကြပြီး ပြင်ဦးလွှင်ကို လွှတ်ကြတယ်
အမေတို့ မန္တလေးက ပူတာတော့ မဆန်းလှဘူးလေ။ အမေတို့ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ ဒါပေမယ့် အမေတို့အမေများ ငယ်ငယ်တုန်းကတော့ သူတို့ မန္တလေးက ဒီလောက်မပူဘူးတဲ့။ ဘာလို့လဲ ဆိုတော့ တို့မန္တလေးမြို့ကို တည်ဖို့နေရာေ၇ွးတာက ခုလိုကုန်းခေါင်ခေါင်ကြီးမှာ ရွေးတာမှမဟုတ်ဘဲ။ မြို့ကို လေးဘက်လေးတန်ရေတွေနဲ့ ၀ိုင်းထားတဲ့နေရာကို ရွေးတည်တာ၊ ဒါကြောင့် မန္တလေးရဲ့ ဥတုရာသီ က ပူပိုင်းဇုံ၊ တိုင်းပြည်ရဲ့ အလယ်ခေါင်မှာဆိုပေမယ့် နေသာထိုင်သာရှိသတဲ့။ ညနေခင်း များဆိုရင်မြို့ကို ၀ိုင်းထားတဲ့ ကန်ကြီးတွေမှာနေတဲ့ ၀မ်းဘဲ၊ ဟင်္သာစတဲ့ ကျေးငှက်တွေဟာ မြို့ပေါ်ကို ဖြတ်ဖြတ်ပြီး ဧရာဝတီမြစ် နဲ့ ကူးကြ၊ သန်းကြတာကို မြို့လူထုက မြင်ရတာ၊ မိုးချုပ်တဲ့အထိပဲတဲ့။
မန္တလေးမြို့ရဲ့ အရှေ့ဘက်မှာက အောင်ပင်လယ်ကန်ကြီး ရှိတယ်လေ။ မန္တလေးရဲ့ အရှေ့တောင်ဘက်မှာက ဇောင်းကလေကန်ကြီးရှိတယ်လေ။ မန္တလေးတောင်ရဲ့ မြောက်ဘက်မှာက မဟာနန္ဒာကန်ကြီးရှိတယ်။ မန္တလေးမြို့ ရဲ့ အနောက်ဘက်ကတော့ ဧရာဝတီမြစ်ကြီး။ အဲဒီလို ရေတွေ လေးဘက်လေးတန်က ၀ိုင်း ထားတော့ မြို့ကအခုပူသလောက် မပူဘူးပေါ့။
ခုခေတ်လူငယ်တွေ အောင်ပင်လယ်ကန်ဆိုတာကိုတော့ မန္တလေးက ပြင်ဦးလွင်တက်တဲ့အခါ အောင်ပင်လယ် ကန်ဘောင်ရဲ့ နောက်ဘက် ကန်ဘောင်ရိုးနဲ့၊ ကန်ရိုးနတ်စင်နဲ့ တောင်ဘက် ကန်ဘောင်ရိုး ပေါ်မှာ မော်တော်ကားမောင်းရတာမို့ အောင်ပင်လယ်ကန်ရဲ့ အကျယ်အ၀န်းနဲ့ အနေအထား ကို နည်းနည်းပါးပါး သိကြပါသေးရဲ့။ ဇောင်းကလောကန်ဆိုတာကိုတော့ သိပ်မသိ ကြတော့ဘူး။
နန္ဒာကန်ဆိုတာကိုတော့ မြို့မငြိမ်းရေးတဲ့ သင်္ကြန်သီချင်းထဲမှာ မြနန္ဒာ ရေညိုညိုရစ်ဝိုက်သန်းတော့ ရွှေမန်း တောင်ထိပ် တူစုံမောင်မယ် ပျော်ချင်ပါတယ်"လို့ ဆိုထားလို့ မန္တလေးတော်ငနားမှာ ထင်ပါရဲ့လို့ လူငယ်တွေက တွေးနေကြလေရဲ့။ နန္ဒာကန်က မန္တလေးတောင်ကြီးရဲ့ မြောက်ဘက်ကပါ။ ခုမန္တလေး အထွက် ရွှေကျင်ဂိတ်ကစပြီး မြောက်ဘက်မောင်းသွားတဲ့ မန္တလေး-မတ္တရာ-မိုးကုတ်သွား အနောက်ဘက် ကန်ဘောင် ရိုးကြီးပေါ် ဖောက်ထားတဲ့ ကားလမ်းဟာ နန္ဒာကန်ဘောင် အနောက်ဘက် ကန်ဘောင် ရိုးကြီးပေါ် ဖောက်ထားတဲ့ ကားလမ်းပါပဲ။ ကားလမ်းတစ်နေရာမှာကန်ရဲ့ ကျောက်စာဂူ လေးရှိနေပါ သေးတယ်။
မန္တလေးမြို့ဟာ ဒီလိုလေးဘက်လေးတန် ရေတွေနဲ့ ၀ိုင်းထားတဲ့အပြင် မြို့လယ်ကို ရေရှင်ဖြတ်စီးတဲ့ ရွှေတချောင်း ကလည်း မြို့လယ်ခေါင်မှာ တောင်နဲ့မြော်က ဖြတ်စီးနေသေးတယ်။ မဟာနဒီလကလည်း မြို့ကို အရှေ့ဖျားက ပတ်ပြီးစီးနေသေးတယ်။
အဲဒီတော့ မင်းတုန်းမင်းကြီး တည်ထားခဲ့တဲ့ မြို့၊ သီပေါမင်း စိုးစံသွားတဲ့ မန္တလေးဟာ သိပ်မပူပါဘူးဆိုတာ ဟုတ်မှာ ပေါ့။
ရေတွေကို ဖောက်ထုတ်ပစ်ပြီး လယ်တွေတည်ပေးလိုက်ရင် စပါးတွေ အများကြီးထွက်နိုင်တယ်လို့ဆိုပြီး အောင်ပင်လယ် ဇောင်းကလေနဲ့ နန္ဒာကန်က ရေတွေကို ဖောက်ထုတ်လိုက်ပြီး လယ်ဧက ထောင်ပေါင်း များစွာ တည်ပေးလိုက်ပါတယ်။ လယ်တွေက စပါးတွေလည်း ထွက်ပါတယ်။
မြန်မာများကတော့ သူတို့လယ်လုပ်သားများ ဖြစ်ကုန်ကြရပြီး သားစဉ်မြေးဆက် ဒီလယ်တွေက စပါးများ ထွက်အောင် လုပ်ပေးခဲ့ကြရပါတော့တယ်။
အမေတို့ငယ်ငယ်ကအထိ စပါးပေါ်ချိန် ဆောင်းဦးပေါက်မှာဆိုရင် ဟိုမြို့အရှေ့ အောင်ပင်လယ်ဘက်က လှည်းတန်းကြီးတွေ မန္တလေးထဲဝင်လာနေကြပြီး၊ အခုစည်ပင်သာယာရုံး၊ တောင်ဘက်နားက က နန္ဒာမင်းကြီး ရဲ့ စပါးကျီတွေထဲ စပါးတွေ လာသွင်းနေကြတာ လူတိုင်းမြင်ရတာပဲ။ အဲဒီ လယ်ပိုင်ရှင်ကြီးကို ကာနန္ဒာသခင်ကြီးလို့လည်း ခေါ်ကြတယ်။ ကာနန္ဒာမင်းကြီးလို့လည်း ခေါ်ကြတယ်။ သူရတဲ့စပါးဟာ တစ်သီး တစ်သီး တင်းဘယ်နှစ်ထောင်၊ ဘယ်နှစ်သောင်း ရှိသလဲမဆိုနိုင်ပါဘူး
ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းတွေဆင်နေပြီဆိုတော့ အမေတို့ဆီမှာ မိုးရွာတတ်တာမို့ မိုးရွာရင် အပူကျကောင်းပါရဲ့လို့ မျှော်လင့်ပေမယ့် ခုဒီစာရေးနေတဲ့အချိန်ထိဖြင့် ပူပါသေးတယ်ကွယ်။ ခုလိုပူနေရင် လူတွေ အဖို့ မီးကြောက်ရ၊ ရောဂါကြောက်ရမို့ မိုးတွေများများရွာပြီး အပူချိန်တွေကျစေချင်လှပါပြီ။
လူထုဒေါ်အမာ
ဇူလိုင်၊ ၁၉၉၇ ခုနှစ်
.
သည် အသံ သာယာလှပါဘိ
ဆင်ဖြူကျွန်းအောင်သိန်း
၁။
ဆွမ်းစားခေါင်းလောင်း ထိုးပြီးရုံသာ ရှိသေးသည်။ နေကကျောကွဲမတတ် ပူလှပြီ။
သည်နှယ်ပူလောင်သောအခါ မိမိထွေးတို့ ကလေးတစ်သိုက် ခိုကိုးစရာ နေရာရှာသည်။ ဘတို့၊ အမေကြီးတို့ အိမ်အောက် သာတည်း။ အိမ်ကလေးက တောင်မရောက် မြောက်မကျ လူ့ခါးသာသာမျှသာမြင့်ငြား သူတို့ ခေါင်းနှင့် လွတ်သည်။ မိုးမအုံ့၊ မိုးသားမတက်ပါဘဲနှင့် တဝေါဝေါအသံများ ကြားရ၏။ ကလေးတွေ ပြိုင်တူ အော်ရင်း ပြေးထွက်လာကြ၏။
''အမေကြီး၊ မိုးတွေလာနေပြီ.... မိုး....မိုး... ''
ရီးကျီးဒန်သည် ကလေးတွေနှင့် အနီးမဝေးတွင် မန်ကျည်းပင်ရိပ်ကို ခိုကာ ထိုင်နေ၏။ ခေါင်းတွင် ပုဆိုးစုတ်တစ်ထည် တင်ထား၏။ သူ့ရှေ့တွင်ကား ပြောင်နေသော မြေတလင်း။ သည်တလင်းပေါ်တွင် ငါးစပ်စောင်၊ ခေါက်ချိုး စောင် များ ဖြန့်ခင်းကာ နေလှန်းထားသော နှမ်းပြန့်။
နှမ်းပြန့် ကူသိမ်းရန် ကလေးများ ပြေးလာသည့်နည်းတူ ရီးကျီးဒန်လည်း ရောယောင် လှုပ်ရှားသွား၏။ တဝေါဝေါ အသံကြီးလည်း နီးသထက် နီးလာ၏။ သို့သော်...နေရောင်မညှိုး၊ ကျဲကျဲတောက် အပူမပျက်။ သို့ကြောင့် ထ ရန် ဒူးပေါ် လက်ထောက်မိပြီး ဖင်ကြွပြီးမှ ရီးကျီးဒန် ပြန်ထိုင်၏။ ညိုညစ်သော သွားဖုံးတွေ ပေါ်အောင် ပြုံး၏။
''မိုး မဟုတ်ပါဘူးဟဲ့.... ထန်းရွက်လှည်းပါ''
မှန်ပေသည်။ လှည်းနောက်မြှီးတွင် တန်းလန်းကျနေသော ထန်းရွက်ကျနေသော ထွန်းရွက်များသည် လှည်းသွားရာ နောက်သို့ မြေကြီးနှင့် ထိပွတ်လျက် ပါလာသည်။ နွားများကလည်း ၀မ်းဟာဟာတွင် အိမ်အပြန် လမ်းမို့ သွက်သွက်လှမ်းလာကြရာ တဝေါဝေါအသံမြည်ကာ စနေတောင့်မှ မိုးနှင့် လေ အော်ဟစ်ပြီး လာသော အသံနှင့် တူနေတော့သည်။
'' ဟေး..... ထသီးစားရတော့မယ်ဟေ့''
ကလေးများသည် ထန်းရွက်လှည်းကို မမြင်ရသေးခင်ကပင် အတွေးနှင့် မြူးပြီးအော်ဟစ်ကြသည်။ ကကြ ခုန်ကြ သည်။ လက်ခုပ်တီးကြသည်။
တဝေါဝေါ နှင့် အသံကြီးနှင့် နီးသည်ထက်နီးလာပြီ။ မကြာမီဝိုင်းဝတွင် လှည်းတစ်စီးရောက်လာ၏။ လှည်ပေါ် မှာ စိမ်းလန်းသော ထန်းရွက်များ၊ ၀င်းအိသော ထန်းလက်များ၊ သည်အရာများပေါ်တွင် အကျီင်္ချွတ် ထားသော အထက်ပိုင်းကို ပုဆိုးဟောင်းတစ်ထည် ပခုံးသိုင်းထားသော ရီးဆေးရှိး၊ လှည်းရပ် သော်ငြား ရီးကျီးဒန် မလှုပ်၊ ငေးကြည့်နေ၏။ ကလေးတွေ လှည်းဆီသို့ ဆူညံစွာ အော်ဟစ်ပြေးသွားကြ၏။ ထန်းရွက် ကို ဆွဲပြီး နောက်မြီးမှခိုတက်သူ တက်၊ လှည်းဘီးထောက် (ဒေါက်) ကိုနင်းပြီးတက်ရန် ကြိုးစားသူ ကြိုးစား။
'' တယ်....ကလေးတေ၊ ရှကုန်တော့မှပဲ၊ သွားကြ''
ဒေါသဖြစ်ခဲသော၊ ကလေးများကို အလိုလိုက်လေ့ရှိသော ရီးဆေးရိုး ဒေါသမဖြစ်စဖူး ဖြစ်နေ၏။ ကလေး တစ်သိုက် ကို ဒေါသသံဖြင့် အော်ငေါက်ရင်း နှင်တံဖြင့် လှမ်းရိုက်၏။ ကလေးတွေ အလန့် တကြား ရှဲသွားသည်။ သူတို့အဘိုးအား တအံ့တသြ ငေးကြည့်နေကြသည်။ သို့တစေ ရီးဆေးရိုး၏ ဒေါသသံသည် ဆက်လက် ဟိန်းပျံသွားပြန်သေး၏။
'' ဟဲ့ကျီးဒန်၊ ဘာငေးနေတာလဲ၊ နှမ်းပြန့်နဲ့ လှည်းနဲ့မလွတ်တာ မသိဘူးလား''
သည်အခါကျမှ ရီးကျီးဒန် ပျာပျာသလဲထ၏။ စောင်များကို အနားသိမ်းကာ ဆွဲခေါက်၏။ သို့လျှင် လှည်း သွားသာအောင် လုပ်ပေးရသော်ငြား ရီးကျီးဒန်မှာ အပြောမလွတ်သေး။
''ဘာတွေ စိတ်ကူးနေမှန်းမှ မသိတာ'' ဟု လှည်းမောင်းသွားရင်း ရီးဆေးရိုးက ပြောသွားသေး၏။ သို့တစေ ရီးကျီးဒန် စိတ်မဆိုး၊၊ အဘယ်ကြောင့် သူ့အဘိုးကြီး 'တို' နေကြောင်း ရီးကျီးဒန်သိသည်။ ရီးဆေးရိုး တိုနေရခြင်း မှာ အစီအစဉ်များပျက်ရ၊ ကိုယ်တိုင်အပင်ပန်းခံခဲ့ရ၍ ဖြစ်သည်။ သူတို့လယ်ပွဲတွင် နောက်ဆုံး စိုက်ရန် ကျန်သော နေရာမှာ နှမ်းကြဲသောလယ်ကွက်များ ဖြစ်၏။
သည်နှစ်တော့ ၀ါလည်းမဆိုးလှ။ မိုးကလေးလိုက်လာသဖြင့် ဟန်သွား၏။ အဘိုးကြီး အဘွားကြီး သည် တစ်နှစ် တော့ ပင်ပန်းရကျိုးနပ်ချေပြီ။ သို့သော်နှမ်းရပြီးပေမဲ့ စပါးလည်းရချင်သေးသည်။ သည်တော့ 'နှမ်းထောင်' တွေခြောက်သည်အထိ လယ်ကွက်ထဲတွင် 'ထောင်' မထားနိုင်။ အပင်ပန်း ခံပြီးအိမ်သို့သယ်ရ၊ နေလှန်းရ၊ ထောင်ရသည်။သည်တစ်ချက်ဖြင့်ပင် ပင်ပန်းလှပြီ။
အမှန်မှာမူ ရီးဆေးရိုး၊ ရီးကျီးဒန်ပါ မမောနိုင်သေး၊ မပန်းနိုင်သေး၊ နှမ်းခင်းကျွတ်လယ်ပွဲကို ထယ်ထိုး ရသေးသည်။ ထယ်ထိုးပြီးမှ ရေသွင်း၊ရေသွင်းပြီးမှထွန်ဖြင့် နှစ်စပ်မွှေပေးကာ တမန်းပုပ်အောင်စောင့်သည်။ ယခုရက်ကား တမန်း'ပြန်' ရန်စောင့်နေသော ရက်အားပေတည်း။ ရက်ကလည်း ရက်အား၊ လယ်ကွက် ထဲတွင် ပျက်စီးစရာအပင် မရှိသေးမီ လယ်ကွက်ဘေးက ထန်းပင်များကို ချိုင်ချင်သည်။
ထန်းပင်ကို ချိုင်ရခြင်းမှာ နွားတင်းကုပ် အသစ်မိုးရန်အတွက် ထန်းရွက်လို၍ဖြစ်သည်။ နောက်တစ်ကြောင်း မှာ စပါးပင်တွေပေါ်သို့ ထန်းသီးမှည့် ကြွေကျလျှင် ထန်းငါးပင်မှ ကြွေကျသော ထန်းသွီးဒဏ်ကြောင့် အနည်းဆုံး စပါးတစ်တင်းထွက်မျှ ပျက်စီးနိုင်သောကြောင့် ဖြစ်၏။ သို့ကြောင့် ထန်းပင်ချိုင်မည့် ငလူးကို တစ်ပင် လျှင် တစ်ကျပ်နှုန်းဖြင့် ငှားသည်။ နေ့ရက်နှင့် အချိန်ကိုလည်း သတ်မှတ်သည်။
ထန်းပင်ချိုင်မည့်နေ့မှာ သည်နေ့။ နေထွက်သည်အထိ ငလူးပေါ်မလာခဲ့။ ရီးဆေးရိုးလိုက်သွား သောအခါ စောစောစီးစီး မူးပြီးလဲနေသည်။ ရီးဆေးရိုး စိတ်မထိန်းနိုင်တော့၊ ဆဲဆိုပြီးပြန်လာ၏။ လမ်းတစ်လျှောက်လုံး ဆဲရေး တိုင်းထွာ လာ၏။ အိမ်ရောက်သည်အထိ ဆဲတုန်း။ ဆဲဆဲဆိုဆိုဖြင့် လှည်းပြင်သည်။ ဓားကို လှည်း'ဓားစွပ်' တွင်စွပ်သည်။
''ကနေ့ မရလည်း နောက်နေ့မှ ချိုင်ပေါ့တော်၊ သွားမနေပါနဲ့''
ဒေါသတကြီး ထန်းပင်တက်လျှင် အသက်ကလည်းကြီးပြီဖြစ်၍ ကျော်မကောင်းကြားမကောင်း တွေဖြစ်မှာ စိုး၍ ရီးကျီးဒန် တားဆီးသည်။
''မသွားလို့ဖြစ်မလားအေ့၊ နက်ဖြန်ကျတော့လည်း နက်ဖြန်အလုပ်က ရှိသေးတာ''
ရီးကျီးဒန် ဆက်မပြောနိုင်တော့ပေ။ သည်မှာကလည်း နှမ်းလက်ကျန်ကလေးတွေ 'ခါ'စရာ ကျန်သေးသည်။ နှမ်းခါပြီးလျှင်ပြာရတီးရဦးမည်။ နေလှန်းရဦးမည်။ သည်တော့သွားပစေ သဘောထားလိုက်ရတော့သည်။ သည်ပုံ စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားခဲ့သော ရီးဆေးရိုးသည် ထန်းပင်ချိုင်သူ ငလူးကိုမခံချင်စိတ်ဖြင့် ထန်းပင် ကိုယ်တိုင် တက်ခဲ့သည်။ သည်အသက် သည်အရွယ်ကြီးဖြင့် ထန်းပင်တက်သည်မှည် နည်းနည်း နောနောပင်ပန်းခြင်းလား။
ခြေထောက်တွင် ထန်းလျှော်ဖြင့် လုပ်သော ''ထန်းညှင်းကွင်း'' ပါသောကြောင့် ထန်းပင်ပင်လုံးကို ညှပ်ထား နိုင်သည်ထား၊ အထက်သို့ တက်သောအခါ ညှပ်အားကို လျှော့ရသည်။ ညှပ်အားကို လျှော့ပြီဆိုမှတော့ လက်နှစ်ဖက်ဖြင့် ပင်စည်ကို ဖက်ထားရုံမက၊ စန့်နေသော ကိုယ်ကိုကွေးသွားအောင် အပေါ်သို့ မယူပြီး ခြေနှစ်ဖက် က ပင်စည်ကို အားပြုလျက် ကိုယ်ကိုအပေါ်သို့ ဆန့်ထုတ်ရတွင် အားစိုက်ရသောပင်ပန်းမူက အပင်ပန်းဆုံး။ အပင်ပေါ်တွင် ပုရွက်ဆိတ်အုံတွေ့လျှင် ကိုက်သေးသည်။ ကျီးသိုက်ရှိနေလျှင် ၀ိုင်းပြီးအာကြ၊ ထိုးကြ၊ ဆိတ်ကြနှင့် အလွမ်ရေးချမလွယ်။
ထန်းပင်တက်ရာတွင် သည်မျှပင်ပန်းသလောက်၊ အဆင်းတွင်လည်း ခက်ခဲပင်ပန်းသည်။ ပြီးတော့ တစ်ပင်တည်း မဟုတ်၊ ငါးပင်ကြီးများဆိုတော့ ပင်ပန်းပေမည်။ စိတ်တိုပေမည်။ သို့အတွက် ရီးကျီးဒန် စိတ်မဆိုး နိုင်ခြင်းဖြစ်ပေ၏။
၂။
ရီးဆေးရိုးပင် ထမင်းစား၍မပြီးသေး၊ အိမ်ရှေ့မန်ကျည်းပင်ရိပ်သို့ လူတွေရောက်လာကြပြီ။ အခြားသူများ ကား မဟုတ်၊ သားနှင့်ချွေးမ၊ သမီးနှင့် သမက်တို့ဖြစ်ချေ၏။ ထန်းရွက်ပေါ်တွင် တင်လာသော ထန်းသီးခိုင် များကို ဦးစွာချကြသည်။ သည်ထန်းသီးခိုင်များကို ကလေးတွေ အုံနေကြ၏။ ရွာလယ်ဈေးသည်ကို အုံသည့်နှယ် အုံဝိုင်းနေကြသော ကလေးများကား မချောစိန်နှင့် မလှမေ နှစ်မိပေါက်သာမက အိမ်နီးနား ၀န်းကျင် မှ ကလေးတွေလည်း ပါကြ၏။ အခြားမှ ကလေးတွေအပေါ်တွင် မိမိထွေးတို့ အစွမ်းပြပြီ။
''မကိုင်နဲ့..... ဒီနားမကပ်နဲ့'' စသည်ဖြင့် သူ့အသံချည်း။ သို့သော် လူကြီးတွေမှာ ထန်းသီးခိုင်ကို မတို့ထိ နိုင်သေး။ ဦးတည်လာရင်းမှာပင် ထန်းသီးခိုင်ဖြစ်ငြား လုပ်သင့်လုပ်ရာကို ချန်ထား၍ မသင့်။ ထိုကြောင့် ထန်းရွက် များကိုလှည်းပေါ်မှချပြီး ထန်းရွက်မှထန်းလက်ကို ဖြတ်တောက်သည်။ ထန်းရွက်ကို သင့်ရာ နေရာတွင် အမြီးပြန် ခေါင်းပြန်စီတန်း ထပ်၏။ သစ်တုံးဖိ၏။
ထန်းရွက်၏အပင်ပေါ်ကလာစဉ်က အခြေအနေကမှာ အချို့ပြန့်ပြန့်ကားကား ညီညီညွတ်ညွတ် ရှိသလို၊ အချို့မူ လုံး၍၊ အချို့မူကော့နေ၊ ခုံးနေ၊ ခွက်နေကြသည့်အတွက် နွားတင်းကုပ် မိုးချိန်တွင် ညီညွတ်ပြန့်ကား နေစေရန် တုံးဖိပေး၏။
ထန်းလက်များကို တစ်နေရာတွင် စုပုံထားပြီးသောအခါ သူတို့လာရင်းအလုပ်ကို စကြပြီ။ ထန်းသီးခိုင်များကို လူကြီး တစ်ရပ်မလွတ်သော အိမ်အောက်သို့ ရွှေ့သည်။ ဖျာခင်းသူခင်း၊ ဂုန်အိတ်ခင်းသူ ခင်းကာ ထန်းသီး ကြီးကြီး တစ်လုံးကို မျက်နှာဝ ညီအောင်လှီးပြီး 'စဉ်းတီးတုံး'အဖြစ်တင်သည်။ ထန်းခိုင်မှ ထန်းသီးများကို တစ်လုံးချင်း ခြွေသည်။ သည်ထန်းသီး စဉ်းတီတုံးပေါ်တင်ပြီး ပါးပါးပါးပါး လွှာသည်။ မျက်နှာပြင် ခြောက်ဖက်ကို စဉ်းလွှာလိုက်သည့်အခါ ထန်းစေ့အိမ်မြှေးပေါ်လာသည်။ ထန်းသီးတစ်လုံးတွင် အများ အားဖြင့် ထန်းစေ့အိမ်သုံးအိမ်ရှိ၏။ တစ်ခါတစ်ရံတွင်ကား နှစ်အိမ်၊ လေးအိမ်လည်းရှိတတ်၏။
ကလေးများကား ၀ိုင်းအုံနေ၏။ စဉ်းသည့်သူက စဉ်းဆဲသူတို့က စားချင်လှပြီ။ ပါးစပ်တပြင်ပြင်ဖြင့်။ စားချင်စိတ် ပြေပျောက်စေရန် အချို့ကလေးက 'ပီပီ'မှုတ်၏။ ပီပီကလည်း ခက်ခက်ခဲခဲ မဟုတ်ပါ။ ထန်းသီး ၏ ထိပ်တည့်တည့်တွင် ကြာပွင့်သဏ္ဌန် ထန်းသီးဖတ်များ ဖွဲ့ယှက်လျက် ဖုံးအုပ်ထားသော ထန်းသီး ဦးထုပ်ပါရှိ၏။ အဖတ်တစ်ဖတ်၏ အနားနှစ်ဖက်ကို ဖဲ့၊ အစါန်းနားချင်း ညီအောင်ထပ်ပြီးမှုတ် လျှင် 'ပီပီ' ဖြစ်တော့သည်။ တစ်ယောက် ပီပီမှုတ်လျှင် ကျန်ကလေးများလည်း ပီပီလုပ်၍ မှုတ်ကြတော့ ၏။ တစ်ယောက် နှင့် တစ်ယောက် အားကျမခံ။ အိမ်ဆောက်တွင် ညံနေတော့သည်။
"ဟဲ့......နားငြီးလွန်းလို့ တော်ကြစမ်း"
"သွား.....သွား၊ တော်ရာ သွားမှုတ်ကြ"
ကလေးတွေ ဝေးရာသို့ ရှဲမသွားကြပါ။ စဉ်းတီတုံးဘက်မှ ဘေးသားများ စဉ်းလွှားပြီးသော ထန်းသီး တွေသည် ဘက်သို့ရောက်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် လက်ထဲက ပီပီကို လွှင့်ပစ်ကြ သည်။ သူ့ထက်ငါ လက်ပြင်ကြသည်။ ပါးစပ်ပြင်ကြသည်။
မချောစိန်သည် တွဲနေသော အိမ်သူံးအိကို ခွဲထုတ်နေလိုက်၏။ ခွဲထုတ်ပြီးပေမင့် စားရန်အသင့်မဖြေစ် သေး။ ထန်းသီးအသားများကို ဖယ်ပြီးကော်ထုတ်လိုက်တော့မှ လေးထောင့်လည်းမျက၊ ရှည်လမျော မျောလည်း မဟုတ်၊ မြီးညောင်ရိုးလိုလို ကျောရိုးလိုလို အမြှောင့်တန်းလေးပါသော ထန်းသီးစေ့ကိုရလေ ၏။ ရာသီဥတု မမှန် သောကြောင့် အသီးအနှံများကလည်း ဖောက်ပြန်၏။ ဖောက်ပြန်ပုံကိုဘကည့်။ မချောစိန် ဦးစွာ ကော်ထုတ် ပြီး မောင်ထွေးအား ပေးလိုက်သောအစမှော့ မာနေပြီ။ အကာမြှေးကို သွားနှင့်ခြစ်ပစ်ပြီး စားသော အခါ အချိုရည်မရှိတော့ပြီ။
ဟော.........မိမိထွေးကို ပေးသောအစေ့။ ပျော့စိပျော့စိနှင့် ပေါက်သွားမလား၊ ကွဲသွားမလား ထင်ရသည်။ အကားမြှေးမှာ ဖြူဖြူကလေး၊ နုနုကလေးသာ ရှိသေးသဖြင့် ဖယ်ရန်မလို။ မိမိထွေးသည် သူခွဲတမ်းရသော အစေ့ကို ပါးစပ်နားတေ့ပြီး ဆွဲခွဲ၏။ ကွဲလျှင်ကွဲချင်း မျက်နှာကိုမော့လိုက်၏။ ချိုလိုက်သည့် အရည်တွေ။ သည် အရည်တွေ ကုန်သွားသောအခါ စားစရာအသားဟူ၍ မည်မည်ရရ မကျန်တော့သလောက်ဖြစ်သွားပြီ။ ထန်းသီး တစ်လုံးမှ နှစ်လုံး၊ နှစ်လုံးမှ သုံးလုံးအထိကား စားသူက နိုင်နေသေး၏။ ဆယ်လုံး ခုတ်စဉ်း ပြီးချိန် တွင်ကား အစားသမားများ ဆိုင်းသွားကြပြီ။
"သိပ်မစားနဲ့၊ ဗိုက်နာနေလိမ့်မယ်"
"တော်ရုံသဖြင့်စား၊ နေကပူသနဲက"
သည်ပုံထိန်းချုပ် သတိပေးသည့် ကြားမှ "ဒီတစ်လုံးတည်းပါ" ဆိုကာစားကြ၏။ စားသော်ငြား ကလေး တစ်ယောက် ကို ငါးစေ့ထက် ပိုမစားနိုင်ကြပါလေ။
အစား တွင် တန့်သွားသောအခါ ကစားဘက် လှည့်ကြသည်။ အရိပ်ထဲတွင် အေးအေးလူလူဖြင့် တိုင်ဦးတမ်း ကစား မလား၊ ဘုတ်ကေဆီဆမ်း၊ လိပ်ဥ၀ှက်တမ်း၊ ထွေပတ်တမ်းကစားမလား၊ အိမ်ပေါင်းကွပ်တွင် ကြိုးချည်ပြီး ဆင်ထားသော ဒန်ရှိသေး၏။ ဒန်းစီးမည်လား။
သည်ထန်းသီးဆန်တွေကို ကလေးတွေ မစားနိုင်တော့လျှင့် လွှင့်ပစ်ရတော့မည်လား၊ မပစ်ရပါ။ လူကြီးလည်း ကြိုက်သည်။ နွားလည်းကြိုက်သည်။ လူကြီးလည်း တော်ရုံသာ စားနိုင်၏။ အရည်တည် ကလေး ဆိုလျှင် သောက်မည်။ ဇွန်းခြစ်အနေဆိုလျှင် ထန်းလျက်နှင့်စားမည်။ သည့်ထက်မာလျှင်ကား မစားနိုင် တော့ပြီ။ ထန်းသီးမှည့်၏ အစေ့ထဲမှ ထန်းသီးဆန်းကား စား၍မရတော့ချေ။
သို့တစေ ယနေ့ချိုင်လာသည့် အခိုင်များထဲ၌ အမှည့်မပါချေ။ အမှည့်မပါသောကြောင့် လူစားနိုင် သည်။ လူစား မကုန်သော် နွားကျွေးနိုင်ငြား၊ နွားမကျွေးပါ။ လူးစား၍ မနိုင်သော ထန်းသီးဆန်ကို အချဉ်ထည့် ထားမည်။
ထန်းသီးဆန်ကို ၀က်ဆီနိုင်နိုင်ကလေးနှင့် ချက်မည်လား၊ နှမ်းဖတ်ချဉ်နှင့် ချက်မည်လား။ ချဉ်လည်း ချဉ်၊ ဆိမ့်လည်း ဆိမ့်သော ထန်းသီးချက်။ ဟင်းလျားဖိုး ငါးကျပ်၊ တစ်ဆယ် ကောင်းကောင်းထေးနိုင် သော ထန်းသီးချဉ်။
ကလေးတွေ ထန်းသီးဆန် အစားဆိုင်းသွားချန်တွင် ရီးဆေးရိုး အိမ်ပေါ်မှ ဆင်းလာသည်။ ပြောင်းဖူးဖက် ဆေးလိပ်ကြီး ငေါ့နေအောင်ဖွားလျက် မန်ကျည်းချိုပင်ရိပ်တွင် ထိုင်သည်။ မျက်နှာထား သုန်သုန်မှုန်မှုန်နှင့်။
သုန်မှုန်ရပေမပေါ့။ ထန်းပင်အငှားချိုင်သူခေါ်၍ မရကြောင်းကို သင်းတို့အသိသား။ သိချက်နှင့် "အဖေ......ကျုပ် လိုက်ချိုင်ပေးမယ်" ပြောလာမည့်သူ မရှိခဲ့။ သည်အဘိုးကြီး တုန်ချည့်တုန်ချည့်နှင့် တက်ချိုင် လာသော ထန်းသီးကျတော့ တစ်ဖြဲနှစ်ဖြဲ လာစားနေကြသည်ကို အဘယ်မှာကြည့်ဖြူ နိုင်ပါ မည်နည်း။ သည်အခါမျိုးတွင် မလှမေတို့က 'နပ်'သည်။ အဘိုးကြီး သုန်မှုန်နေသည်ကို ကွက်ခနဲ တစ်ချက် လှမ်းကြည့်မိသည်နှင့် တစ်ပြိုင်နက် ထန်းခေါက်တောင်း တစ်လုံးကို ပျာပျာသလဲ ပြေးဆွဲ၏။ ထန်းသီး စဉ်းဖတ် တွေ ကျုံးထည်းကာ နွားစာခေါင်းထဲ ပြေးလောင်း၏။ နွားများမှာ တစ်နွေလုံး ကောက်ရိုးနှင့် နှမ်းဖတ်နုနှင့် ကောက်ရိုးကိုရေလဲနှင့် စားလာရာက စိမ်စိမ်းစိုစို၊ မွှေးမွှေးပျံ့ပျံ့ ထန်းသီး စဉ်းဖတ်ကို တွေ့ရသော အခါ အလုအယက်စားကြတော့သည်။
မလှမေ လေးတောင်းတိတိ သွားထည့်သော်ငြား ရီးဆေးရိုးအခြေအနေ ထူးခြားမလာ။ ဆေးလိပ်ကို မန်ကျည်း ပင်ရင်းတွင် ကပ်ချထားပြီး ထန်းပလိုပ်တစ်ပြားကို ယူကာချောပြေနေသော ၀မ်းဘက်သို့ လှည့်ကာ ထပ်မှ ခွဲချလိုက်၏။ ဤသည်ကို "၀မ်းသား" ခွားသည်ခေါ်၏။
ဓားသည် ဒုတ်ဒုတ်ထ မြေကြီးသို့ ရောက်မသွားချေ။ ထန်းပလပ်ပြား၏ ထက်ဝက်နေရာတွင် တစ်နေ တော့၏။ သည်အခါ ထန်းပလပ်မှ ကွာလာသော အဖတ်ကို ရီးဆေးရိုးက ဘက်လက်ဖြင့် ခေါင်ကတွန့် ပေးလိုက်ရာ ဓားသွားရာ လမ်းသည် ကျယ်လာ်၏။ သည်ကျယ်လာသောလမ်းကြောင်းအတိုင်း သုံးလေးချက် ခပ်ဆဆ ခုတ်ပေးလိုက်လျှင် အသုံးဝင်လှသော ၀မ်းသားသည် ထန်းပလပ်မှ ကွာထွက်သွားလေ၏။
ကွာသွားသော ၀မ်းသားအပြားကြီးကို နေပူပြင်သို့ ပစ်လိုက်ကာ ကျန်နေသော ထန်းပလပ်ပြားကို အထောင်မပျက် ၀မ်းသားခွာသည့်နည်းအတိုင်း ထိပ်မှခွဲချ၏။ အလယ်တွင် ဓားထစ်နေချိန်၌ အဖတ်ကို ခေါက်တွန့် ပေးကာ ခပ်ဆဆ ခုတ်ချပေးလိုက်၏။
ပထမခွာသောအရာမှာ ၀မ်းသား။ ဒုတိယခွာသောအရာမှ အူသား။ ၀မ်းသားသည် တစ်ဖက်မျက်နှာပြင် တွင် ကြွေသား အလား ချောညက်နေကာ၊ တစ်ဖက်မျက်နှာပြင်တွင် အမျှင်တွေချည်း။ အူသားကား ၀မ်းသားနှင့် အရွယ်တူ သော်ငြား၊ မျက်နှာပြင် နှစ်ဖက်လုံးမှာ ရှည်လျားသော အမျှင်စင်းများဖြင့် ဖွဲ့စပ် ထား၏။ သည်နှစ်ခုလုံးသည် 'လျှော်'အဖြစ် အသုံးချခံရမည်ဖြစ်ပေမင့် အသွင်မတူသည့်နည်းတူ အရည်အချင်းလည်းမတူချေ။
ဝမ်းသားမှာ ခိုင်ခိုင်ခံ့ခံ့ တုပ်ရန်နှောင်ရန် နေရာမှန်သမျှ အားကိုးတကြီး အသုံးပြုခံရသည်။ အူသား လျှောက်ကား တော်စွလျော်စွ 'တည်း'ရန်၊ စောင်ရန်းတ်န်း ချည်ရန်ထက် အသုံးမတည့်။
ဝမ်းသား နှင့် အူသားအဖတ်လိုက်ခွာပြီး ပစ်လိုက်သော ထန်းပလပ်များကို ကလေးများ ကောက်ယူကြ သည်။ ကိုထွန်းရ တို့၊ ကိုဘညိန်းတို့ အလုပ်များရပြီ။ ထန်ပလပ်ပြား အရင်းပိုင်းကို ထိပ်ချွန်သည်။ တစ်ထွာ ကွာခန့်နေရာတွင် ခပ်စောင်းစောင်းကလေး နှစ်ဖက်ညှပ်ပြီး ထစ်ကာ ဇက်ချိုးပေးလိုက်လျှင် ထောင်နေသော မြင်းနားရွက်လည်း ပုံပေါ်လာ၏။ မြင်းခေါင်းလည်း ပေါ်လာ၏။
သည်ထန်းပလပ်မြင်းကို ပါးချပ်ကြိုး တပ်ပေး၊ ဇက်ကြိုးတပ်ပေးလိုက်သောအခါ ယောက်ယက် ခတ်မျှ မြင်းစီးကြတော့သည်။ သူ့မြင်းနှင့် ငါ့မြင်း အမြီးချင်း ရိုက်မိကြ၊ သူ့မြင်းအမြီးက ကိုယ့်ခြေထောက်ကို လာရိုက် လို့ ရိုက်နှင့်။
လှုပ်ရှားသည်နှင့် အမျှ အတိုင်အတော့ ထူလာ၏။
''အရီး.... အရီး ခင်ခင်ကြီး ကျုပ်ခြေထောက် လာရိုက်တယ်ဗျ'' အချောစိန်ကို တိုင်သူတိုင်။
''ခင်မောင်ငြိမ်း ရယ် ကျုပ်ကိုရိုက်တယ်'' မလှမေထံ လာတိုင်သူကတိုင်နှင့် အလုပ်ရှုပ်နေကြစဉ် ရီးဆေးရိုး ကား အလုပ်လုပ်လိုက်၊ ထိုင်နားပြီး ရေနွေးကြမ်းသောက်လိုက်နှင့် မြေးများကို လှည့်မကြည့်ပေ။
''လာကြစမ်း၊ မြင်းတွေ အကုန်ယူခဲ့၊ ဒါလောက်ဇာတ်ရှုပ်လှတာ''
ကြာတော့ ရီးကျီးဒန်သည်းမခံနိုင်တော့ပါ။ ဆေးလိပ် လိပ်နေရာမှ မြင်းတွေကို ခေါ်သိမ်းသည်။''ငတက်ပြားနော်....သတိထား....ဟင်း'' ဟူ၍လည်း အံကြိတ်ကာ ကြိမ်းလိုက်သေးသည်။
မြင်း တွေကို မသိမ်းပါနှင့်ဟူ၍ အချောစိန်ရော မလှမေပါ မပြောရဲပေ။ ထန်းလျှော်ခွာနေသော ရီးဆေးရိုး သုန်မှုန် နေဆဲရှိသေးသည် ထင်သောကြောင့် ဖြ စ်၏။ ထို့ကြောင့်ကြည့်၍သာ နေရ၏။
ကလေး တွေမှာ မြင်းမရှိလည်း ကစားစရာမရှားပါ။ ''ဘုတ်ကေဆီဆမ်းကစားမယ်ဟေ့'' ဟုတစ်ယောက်က စလိုက်လျှင် အရေးကြီးဆုံး ဘုတ်ကိုရှာကြတော့သည်။ ဖုန်ချိုင့်ကလေးတွေ တွေ့နိုးဖြင့် မြေပေါ်တွင် လေးဖက် ထောက် သွားနေကြ၏။
နေ့တိုင်းဘုတ်ကေဆီဆမ်း ကစားကြရာ ကစားတိုင်း ဘုတ်(ဖုတ်) ကောင်ကလေးတွေ လိုက်ဖမ်းသဖြင့် ရှားပါးနေပြီ။ ဟော မိမိထွေးတော့ ဖုန်ချိုင့်ကလေးတစ်ခုတွေ့ သဖြင့် ဖြည်းဖြည်း ကလေးဖုန်တွေ လွင့်ကုန်အောင် မှုတ်၏။ ဖျက်ခနဲ ဘုတ်နှစ်ကောင် မြင်လိုက်ရ ငြား၊ နောက်အဆုတ်နှေးသော တစ်ကောင် သာ မိသည်။ ကျန်တစ်ကောင်ကား ဖုန်ထဲသို့ နောက်ဆုတ်ဝင်ပြေး၏။ မိမိထွေး ထပ်မှုတ်၏။ ဖုန်မကုန်၊ ဧရာမ ဖုန်ထုကြီးဖြစ်နေ၏။ ကျန်တစ်ကောင်ကို မိမိထွေး လိုချင်သေးသည်။ သည်အတိုင်းထားခဲ့လျှင် ဖုန် အများကြီး ထဲတွင် ပျောက်သွားနိုင်သည်။
''အငယ်၊ ရလားဟေ့''
အနားသို့ ရောက်လာသူမှာ ခင်မောင်ငြိမ်း။
''တစ်ကောင်ကျန်သေးတယ်ဟ၊ ဖမ်းပြီး တိုင်ခြေရင်းမှာ မွေးထားရအောင်လို့''
''အေး....ကောင်းတယ်၊ ဒါပေမဲ့ ဖုန်တွေက အများကြီးဟ၊ မှုတ်မနေနဲ့၊ ဘုတ်ဘုတ်ချင်း မျှားရအောင်''
ဘုတ်ကို ဘုတ်နှင့် မျှားပုံမှာ ဘုတ်ကို ဆံချည်မျှင်ဖြင့် ချည်ပြီး ဘုတ်တွင်းထဲချပေး၍ နောက်ဆုတ် ၀င်သွားလျှင် ရှိနှင့်သော ဘုတ်ကဆီးကိုက်စဉ် ဆံပင်ကိုဆွဲလိုက်ပါက မပိုင်သေးသော ဘုတ်ပါ တန်းလန်း ကြီး ပါလာတော့သည်။
သို့ဖြင့် မိမိထွေးဆံပင်အရှာထွက်၏ မလှမေကလည်း မပေး၊ သူ့အမေမချောစိန်က ငေါက်လွှတ်၏။ အမေကြီးထံ ရောက်သွားသောအခါ၌ "အံ့ရောတော်၊ အထွက်အမြတ်ထားတဲ့ ခေါင်းမွေးနဲ့မှ ဆော့ချင် ရသလားဟဲ့" ကတ်ကြေးဖြင့် ခေါက်လွှတ်၏။
မိမိထွေး ငိုမဲ့မဲ့ဖြင့် သူ့ဘအနား ကပ်သွား၏။ သူ့ဘ ကတုံးထံတွင် ဆံပင်တောင်း၇န် မဟုတ်။ အမေကြီး ခေါင်းဖြီး အပြီးတွင် ဆံပင်ကို လုံးပြီး သစ်ပင်ရင်းတွင် ပစ်တက်၍ ဖြစ်၏။
"အငယ်........ ဘာရှာလဲဟင်"
"ဆံပင် အဘ"
အရေးတယူမေးသူ ရှိလာသဖြင့် ငိုသံကလေးဖြင့် ဖြေမိ၏။
"ဘုတ်ချည်ဖို့မဟုတ်လား၊ ဘမှာရှိပါတယ်၊ လာလာ"
ရီးဆေးရိုးသည် အမွေးများယှက်လိမ်နေသော ခြေသလုံးကြီးကို မြေးရှေ့သို့ ဆန့်ထုတ်ပေးလိုက် သည့်ခဏ ၌၊ မိမိထွေးသည် ကျီစယ်မှန်းသိသည့် အလျှောက်ဝါးခနဲ ငိုချလိုက်လေ၏။
ရီးဆေးရိုးလည်း မြေးမိကိုကြည့်ကာ တဟားဟားရယ်နေမိလေ၏။ သည်ရယ်မောသံသည် အဖိုးတန်လှ၏။ သည်အခါမျမှသာ ရီးကျီးဒန်၏ ပုပ်နေသောမျက်နှာ ကြည်လာသလို သားသမီး၊ ချွေးမနှင့် သမက်တို့လည်း ကုပ်နေရာ မှ ခေါင်းထောင်လာဝံ့ကြလေတော့၏။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
3 comments:
ရှေးခေတ်မန္တလေးမြို့ကြီးက ပျော်ရွှင်ကြည်နူးဖွယ်ကြီးနော် အမရွှေစင်။
အတိတ်ကို လွမ်းမောချင်စရာကြီး။ ရေကန်တွေ မြစ်ချောင်းအင်းအိုင်တွေနဲ့ ပြည့်နှက်နေတယ်။ တကယ့်ကို ပျော်စရာကြီးနေမှာ။
ကြာကြာတော့ ရောက်ဖူးဘူး မမရွှေစင်ရဲ့။
ဒါပေမဲ့ ရောက်တုန်း ခဏကတော့ ပျော်ဖို့ ကောင်းပါတယ်။ ပြန်လာမှ လာလည်ဦးမယ်။
ကျွန်တော် ရောက် တုံးကတော့  မန္တလေး မြို့  ရိုး ရဲ့ 
အနောက်ပေါက်၊ အနောက်တံခါး က နေ တည့် တည့် 
ထွက်တဲ့  လမ်းအတိုင်း ဂေါဝိန် ဆိပ် ဖက် ဆင်း သွားရင်
ရေဆိုး ကန် အဟောင်း ကြီး တစ်ခု ရှိတယ်လေ ၊
မန္တလေး မြို့ က နွေ မှာ သာ ပူ တာပါ၊
ဆောင်း ကျရင် အရမ်းနေလို့ ကောင်း..၊
Post a Comment