Friday, July 9, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၅)

ဝါရှင်တန်တွင်

(နယူးရောက်မြို့မှ ရေးစရာတွေမှာ အတော်များလှပါသေးသည်။ ပြတိုက်ကြီးအမျိုးမျိုး၊ စာကြည့် တိုက်ကြီး များမှ အစ၊ ပညာဗဟုသုတသိုမှီးဆည်းပူးစရာတွေ၊ အခြားရောက်သင့်ရောက်ထိုက်တဲ့ နေရာတွေကို ၀ါရှင်တန် ကအပြန်မှ စာရင်းချပါတော့မည်။)

သို့ကြောင့် (မေင်နင်းဆိုက်အရပ်)ရှိ အမေရိကန်ရောက် ဗမာအသင်းသားများနေထိုင်ရာ ဦးသန်းမြင့်၊ ကိုသိန်းဆွေ...တို့၏ ညစာပါတီကို သွားရောက်၍ သူတို့ကျွေးမွေးသော ကြက်သားနှင့် အုန်းနို့ ချက်သော ခေါက်ဆွဲဗိုလ်သိန်းဆွေလက်ဖြစ်ကြက်သားခါးပတ်ကျော်များကို တပျော်တပါးကြီး ၀ိုင်းဖွဲ့ စားသောက် ခဲ့ရပါသည်။
နိုင်ငံရပ်ခြားတွင် ဤသို့လျှင် ပျော်ပျော်ပါးပါးကိုယ့်အမျိုးသားတသိုက်တို့ စုစုရုံးရုံးတွေ့ခဲ့ရသည့် အတွက် အားတက် စရာ၊ ၀မ်းမြောက်စရာ၊ အချက်ကြီးတရပ်ပင် ဖြစ်ပါတော့သည်။
စာရေးသူသည် နောက်တနေ့မနက်တွင် နယူးယောက်မြို့မှ ၀ါရှင်တန်မြို့သို့ ပြည်တွင်းလေကြောင်း ကုမ္ပဏီ တခု၏ လေယာဉ်ပျံကြီးနှင့်ကူးခဲ့ရပါသည်။ နယူးယောက်နှင့် ၀ါရှင်တန်မြို့မှာ ရန်ကုန်နှင့် မန္တလေးမျှသာ ကွာဝေးသောကြောင့် လေယာဉ်ပျံပေါ်တွင် နှစ်နာရီကျော်ထိုင်ရုံနှင့် ရောက်ခဲ့ပါလေသည်။

ဝါရှင်တန်လေဆိပ်အဆောက်အဦးအတွင်းသို့ ပစ္စည်းရော လူပါရောက်ကြလျက်ခရီးသည်များ အဘို့ ထားသော ဧည့်ခန်းသို့ ၀င်မိလျှင်ပင် အဆင်သင့်ကြိုဆိုနေသော အမေရိကန် ပြန်ကြားရေး ဌာနမှ ကြီးကြီး မာစတာ အရာရှိနှစ်ဦးကို တွေ့ရပါသည်။ ဤအသုတ်ခရီးသည်များတွင် အရှေ့နိုင်ငံ သားဆို၍ ဤစာရေးသူ တို့သာပါလာကြသောကြောင့် ကြိုဆိုသူတို့အဘို့ မေးမြန်းစုံစမ်းရသော အခက်အခဲမရှိကြတော့ဘဲ၊ မြင်မြင်ချင်း လက်ဆွဲနှုတ်ဆက်ကြခြင်းဖြင့် သူတို့အဘို့ အဆင်ပြေပြီးသား ဖြစ်သွားပါတော့သည်။
ကြိုဆိုသူတို့က အကျိုးအကြောင်း အလ္လာပ...သလ္လာပ... တွေကို ပြောရိုးပြောစဉ်အတိုင်း မေးမြန်း ပြောဆို ပြီးနောက် လေဆိပ်မှ ၀ါရှင်တန်မြို့ထဲရှိ တည်းခိုရန် အသင့်ပြင်ဆင်ထားသောနေရှင်နယ် ဟိုတယ် သို့ သူတို့ကားနှင့်ပင်လိုက်ပို့ပါသည်။

ဝါရှင်တန်မြို့၏ မြို့နေမြို့ခင်းမှာသာယာလှပအောင် တမင်ပြုပြင်ထားပါသည်။ အမေရိကန်ပြည် ထောင်စုကြီး ၏ မြို့တော်ဖြစ်သောကြောင့်လည်း ခန့်ညားလှပအောင် တမျိုးတဖုံ စီမံထားခြင်းဖြစ်ရာ၊ နယူးယောက် မြို့ကြီးကဲ့သို့ မိုးထိုးအဆောက်အဦးကြီးတွေနှင့် ပြွတ်သိပ်တိုး၍ မနေစေရပါ။ အိမ်နေ တိုက်တာ အဆောက်အဦးများကိုလည်း ၁၂ ထပ်ထက်များအောင် ဆောက် လုပ်ခွင့်မပေးဘဲ ကျယ်ဝန်း သပ်ရပ်စွာ နှင့် နေရာတကာရှုခင်းသာဖြစ်အောင် ဥယျာဉ်ပန်းမာလ်များ၊ လမ်းကြီးလမ်းငယ် အသွယ်သွယ် တို့ နှင့် တင့်တယ်အောင် ခြယ်သထားပါသည်။

မြို့တော်ကြီးဖြစ်သော ၀ါရှင်တန်မြို့ နယ်နိမိတ်အတွင်း မီးခိုးခေါင်းတိုင်ပါသော စက်ရုံအလပ်ရုံများ ကိုလည်း တည်ဆောက် ခွင့်မပြုပါ။ ထို့ကြောင့်လည်း မီးခိုးမှုန့်၊ ကြပ်ခိုးမှိုင်းများမရှိဘဲ တမြို့လုံး သန့်ရှင်းကြည်လင် လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ ကြည်လင်နက်ရှိုင်းသော (ပိုတိုမက်) မြစ်ကြီးနှင့် (အန်ဂေါ့စတီးယား) မြစ်နှစ်သွယ် က ၀ါရှင်တန်မြို့ ပတ်ဝန်းကျင်တခုမှာ သွယ်ဖြာစိုက် လည် စီးဆင်းနေခြင်း ပထ၀ီ သဘာဝ အားဖြင့် စိမ်းလန်းစိုပြေသော တောနှင့် တောင်စွယ်ကလေး တွေသည် ဟိုတကွက်...သည်တစု၊ သူ့နေရာ နှင့် သူ ရှုခင်းသာနေရာသန့်ကလေးတွေကို ထွက်ရေ မဆုံးအောင် ဖန်တီးထားသလိုရှိတော့သည်။

သို့ရာတွင် ရှိရှိသမျှနေရာတွေကို (ဟိုက်ဝေး)ခေါ်သော ဖြောင့်ဖြူးကျယ်ပြန့်၍ ချောပြောင်နေသော ခရီးဝေးကာ လမ်းရှည်ကြီးတွေနှင့် ဖေါက်လုပ်ဆက်သွယ်ထားသောကြောင့် သွားရောက်လည်ပတ် ဘို့ရာ အထူး လွယ်ကူ ပါသည်။ မြစ်ကမ်းဝဲယာနှင့်တကွ ကျွန်းဆွယ်ကျွန်းငယ်တွေမှာ သာယာသော ဥယျာဉ် ပန်းမာလ် တွေနှင့် အလှပြင်လျက်သာတွေ့ရပါသည်။ ၀ါရှင်တန် (ဒီစီ)ဆိုသော ၀ါရှင်တန်မြို့ အ၀ှမ်းကလည်း ကျယ်ပါ ဘိတောင်း။
ဒီစတိတ်တိုက်နယ် ရပ်ကွက်တွေကလည်း သူ့အမည်နှင့်သူ တသန့်စီကန့်လျက်ပင် ကိုလံဘီယာ၊ မာရီလင်၊ ဗာဂျီနီယား... စသဖြင့် အမျိုးမျိုးခွဲလျက် မှတ်သားထားကြပါသည်။
ဝါရှင်တန်တနယ်ကပင် စာရေးသူတို့ ဗမာပြည်တ၀က်စာလောက်တော့ ရှိမည်ထင်ပါသည်။

စာရေးသူတို့ တည်းခိုသော နေရှင်နယ်လ် ဟော်တယ်မှာ ၀ါရှင်တန်မြို့လယ်ကြ၍ အရေးကြီးသော နေရာတိုင်းနှင့်နီးသည်ဟု အသားယူထားသော ဟော်တယ်ဖြစ်သည့်အတိုင်း အမေရိကန်တနိုင်ငံလုံး၏ အချုပ်အခြာ ပုဂ္ဂိုလ်ကြီးဖြစ်သူသမတကြီးများနေထိုင်သော ၀ှိုက်ဟောက်စ်ခေါ် အိမ်ဖြူတော်နှင့်လည်း ၂-လမ်း လောက်သာခြားပါသည်။

စရှော့ပ်ပင်စင်ကားခေါ်သောစည်ကားရာ ကုန်တိုက်ကြီးများ၊ ရုပ်ရှင်ရုံများ ရုံးများနှင့် အခြားအရေး ကြီးရာ ဌာန များနှင့်လည်း ဗဟိုရ်ကျနေပါသည်။ ၀ါရှင်တန်မြို့လယ်က လမ်းကြီးများအနက် ထောင်နှင့်မြောက် သွားသော လမ်းတွေကို ဂဏန်းအမှန်နှင့်ပြ၍ အရှေ့နှင့်အနောက်သွားသောလမ်းတွေကိုတော့ အေ-ဘီ-စီ စသော အမှတ်အသားနှင့် ပြသထားပါ သည်။ စာအက္ခရာအမှတ်အသားနှင့် လမ်းများမှာလည်း မြို့က ကျယ် လမ်းတွေကများ သဖြင့် ရပ်ကွက်တပိုင်းတပိုင်းခွဲထားရပါသေးသည်။ ဤနေရာမှာတော့ မြန်မာစာက အင်္ဂလိပ်စာ ထက် စာလုံးရေများသဖြင့်သာပါသည်။
သူတို့ (အေ-ဘီ-စီ-ဒီ)က ၂၆-လုံးသာရှိပြီး ဒါပြီးရင် ဘာမှဆက်လုပ်လို့မရပါ၊ ဗမာစာကတော့ (က)ကစ၍ (အ)အထိ ဗျည်း ၃၃-လုံး ရှိရုံမကသေးဘူး၊ က..ကာ..ကိ...ကီ..ကု..ကူ..ကေ..ကဲ..ကစ၍ ဗျည်း ၃၃-လုံးကိုအမျိုးပေါင်း ၃၉၆ မျိုးအထိ အကျယ်ချဲ့၍ သုံးနိုင်ပါသေးသည်။ (ကကြီးကသတ်ကတ် တို့ဘာတို့မပါသေးပါ)။ 

သို့ရာတွင် ဗမာပြည်မှာ သုံးစရာအက္ခရာ အမှတ်အသားပေါသလောက် မြို့ပေါ်၌ ဖောက်လုပ်ထား သောလမ်းများကနည်းနေပါသေးသည်။ လမ်းပန်းဆက်သွယ်ရေးဌာနနှင့် မြို့ရွာမြူနီစီပါယ်များက လည်း ငွေမရှိ သဖြင့် တကြောင်းအခြားသောအကြောင်းကြောင့် တကြောင်း နယ်ကလမ်းပန်းတွေ မှာ မှိုင်းဗုံးမြှုပ် တံတားဖျက် နှင့် နိုင်ငံရေးဘမ်းပြ၍ လမ်းတွေများလျှင် လမ်းပြင်ရ အမှိုက်လှဲရ မီးထွန်း ရသော အလုပ် ပိုများ တို့ကြောင့် လမ်းမများစေဘဲ နည်းနည်း ကြိုက်ကြဟန် မတူပါ။                                                                                                                                                                                          
စာရေးသူတို့ တည်းခိုရာ နေရာနှင့်မဝေးလှသောနေရာများအနက် အမေရိကန်ပြည်ထောင်စု၏ ကျက်သရေဆောင် လွတ်လပ်ရေး ကျောက်တိုင်ကြီး၏ ကြီးကျယ်ခန့်ညားလှပခြင်းကိုတော့ အထူးဘဲ နှစ်လို အားရ အားကျ လှပါတော့သည်။ အစိုးရအိမ်တော် သို့မဟုတ် အိမ်ဖြူတော်၏ တောင်ဘက် စူးစူးတွင် ထို လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကြီးတည်ရှိပါသည်။

အိမ်ဖြူတော်ဝင်းအတွင်းမှာ သာယာသော မျက်နှာစာပန်းခြံကြီးတခုဖြစ်ပါသည်။ ထိုကမှတလမ်းခြား ၍ တောင်ဘက်တည့်တည့်မှာဘဲ စိမ်းလဲ့လဲ့မျက်ခင်းပြင်နှင့် ကျယ်ဝန်းလှသည့် ကစားကွင်းကြီးတခု၊ ဤကစားကွင်း ကျယ်ကျယ်ကြီးကို အ၀ိုင်းလိုက် ကလနားသတ်ထားသလို လက်ပြောင်ချောမွတ်သော ကားလမ်းကျယ်ကြီးကရစ်ဝိုင်းလျက်ရှိပါသည်။ တဖက်တချက်မှန်ပြ စိမ်းလန်းသော သစ်အဲရိုင်းပင်တွေပင် ချင်းယှက်အုံဆိုင်းကာ အေးမြသောအ`ရိပ်အာဝါသတို့ ပေးနေပြီးလျှင် စခန်းတထောက်လျှင် နှစ်ယောက် ထိုင် နောက်မှီခိုင်ခုံ တန်းလျားကလေးများထား၍ အတွင်းရစ်မှ စင်္ကြံ လူသွားလမ်း ကလေး တခုလည်း ရှိနေပါသေးသည်။ ဤလမ်းအ၀ိုင်းကြီးကို အခြား လမ်းနှင့် သွား ဆက်နိုင် သော လမ်းတက်များကိုလည်း လေးမျက်နှာ ဆက်ထားပါသေးသည်။ အလယ်ကကွင်းကြီးကို အီးလစ်(စ်)ဟု ခေါ်၍ ၀ိုင်းထားသော လမ်းကြီးကိုတော့ အီးလစ်ရုတ်ဟုကဗ္ဗည်းတပ်ထားပါသည်။

ထိုဌာနမှဖြတ်၍ တောင်ဘက်သို့ ထွက်လာလျှင် အခြားလမ်းကျယ်ကြီးများထက် ပို၍ကျယ်သော (ကွန်စတီကျူးရှင်း၊ အဲဗင်းနယူး) ခေါ်သော လမ်းကျယ်ကြီး တခုကိုဖြတ်ကျော်ရပါသည်။ ထိုကွန် စတီကျူးရှင်း အဲဗင်းနယူးလမ်းမှာ ၀ါရှင်တန်မြို့၏ ကျက်သရေဆောင် မင်းလမ်းမကြီးဖြစ်သော ကြောင့် စာထဲ ထည့် မရေး၍မဖြစ်နိုင်ပါ။ ရှည်လျား၍ကျယ်ဝန်းသော လမ်းကြီးတခုလုံးကို ၀ဲယာ နှစ်ဘက်လုံးတွင် အမေရိကန် ပြည်ထောင်စု အလံကြီးတွေကို၎င်း။ ပြည်ထောင်စု နဖူးစည်းတွေကို ၎င်း။ ပြည်ထောင်စုအလံ အရွယ်လတ် အရွယ်ငယ် အစားစာတွေနှင့် လမ်းလုံးပြည့်အောင် နေ့ညမပြတ် အမြဲချယ်လှယ်မွမ်းမံ အလှပြင် ထားပါသည်။

    ရှေ့ဘက်ယူအက်(ဖ်)ကပ္ပတိန်အဆောက်အဦးအနီးရှိ ပဌမလမ်းမှ သည်အနောက်ဖက် ပိုတို မက်မြစ်ကမ်း နဖူးအထိရှိ၍ ထိုရှည်လျားလှသော ကွန်စတီကျူးရှင်း အဲဗင်းနယူးမင်းလမ်းမကြီး တလျှောက် လုံး ၀ဲရောယာပါ နေရာစိတ်ပြည့်သိပ်ကျပ်ခဲနေအောင် စိုက်ထူထားသော အလံကြီးငယ် များ၊ နဖူးစီးစ များမှာ အမျိုးကောင်းဖြစ်၍ အမြဲတန်းသစ်လွင် တောက်ပြောင်နေစေခြင်းအားဖြင့် မည်မျှ စရိတ် ကုန်ကျ ကြီးလေးမည်ကို ခန့်မှန်းပါက အင်မတန် ပိုက်ဆံချမ်းသာနိုင်ငံကြီးမို့သာ အရမ်းမဲဖြုန်းပစ်နိုင်ပေတာပဲု ဆိုချင် ပါတော့သည်။

ကွန်စတီကျူးရှင်း မင်းလမ်းမကြီးကိုဖြတ်၍ တောင်ဘက်သို့ ကူးလိုက်လျှင် သစ်ပင်အုပ် လူသွား ပလက်ဖောင်း နခမ်းသပ်၍ ကျယ်ဝန်းပြန့်ပြူးသော မျက်ခင်းစိမ်းစိမ်းနှင့် ကုန်းမို့မို့ကလေးပေါ်တွင် ပေါ်လွင်၍ ထင်ရှားသားနားလှသော လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကြီးကို တွေ့မြင် ရပါသည်၊ ကျောက်တိုင်ဆိုသည့်အတိုင်း လူတယောက်စာလောက်ရှိမည်ဖြစ်သော ကျောက်တုံးကြီး များကိုဆင့်ကာ ဆင့်ကာ တည်ဆောက်ထားပါသည်။ သူတို့နိုင်ငံ၏ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကြီးကို အင်တိုက် အားတိုက် တည်ဆောက်နေဆဲမှာပင် ကျောက်တိုင်ကြီးသုံးချိုးတချိုး လောက်သို့ ရောက်သော အခါ ပြည်တွင်းစစ်ပွဲနှင့် ဗရုတ်သုက္ခတို့ကြောင့် ခေတ္တရပ်ဆိုင်းထားရပြန် ပါသည်။

နောင် ... အေးချမ်းသာယာသော အချိန်အခါကျမှ ရပ်ထားရသောနေရာမှ ရှေ့ဆက်၍ပြီးမြောက် သည်အထိ ဆက်တိုက် တည်ဆောက်သွားမည်ဟု သိရှိရပါသည်။ သို့ောကာင့် ကျောက်တိုင်ကြီး အောက်ခြေ သုံးချိုးတချိုးလောက်မှာ ကျောက်သားအရောင်တမျိုး ဖြစ်နေလျှက် အပေါ်ဘက်ပိုင်းဆီက အရောင် တမျိုးဖြစ်ခါ အရောင်အနုအရင့် အရစ်တခုခြားနားထားသလို တွေ့ မြင်ရပါသည်။
လွတ်လပ်ရေး ကျောက်တိုင်များ၏ ရာဇ၀င်တွင် အကြီးနှင့် အမြင့်ကိုလေ့လာပါက ၀ါရှင်တန်ကျောက် တိုင်ကြီး ကိုသာ လွန်နိုင်မည့်ကျောက်တိုင်မရှိဟုထင်ပါသည်။
ကျောက်တိုင် မည်မျှကြီး၍ မည်မျှမြင့်နေသည်ကို ဂဏန်းနှင့်ရေးပြသည်ထက် ကျောက်တိုင်၏ အောက်ခြေ တွင် စီတန်းရပ်ထားသော မော်တော်ကားကလေးတွေနှင့် နှိုင်းယှဉ်ကြည့်သည်က ပို၍ လေးနက် မည် ထင်ပါသည်။

ကျောက်တိုင်၏ အကျယ်အ၀န်းမှာလည်း ဘယ်နှစ်ပေရှိသည်ဟုရေးပြသည်ထက် ကျောက်တိုင်ကြီး၏ အတွင်းဘက် မှ လျှပ်စစ်ဓာတ်လှေခါး၊ ရိုးရိုးလူတက်လှေခါးများ ထားရှိနိုင်ခြင်းကို အခြေပြု စဉ်းစား ကြည့်နိုင် ပါလိမ့်မည်။
လျှပ်စစ်လှေခါးဖြင့် ဤကျောက်တိုင်ထိပ်ဖျား သုံးမျှောင့်ချွန်းနေရာအထိ လူတွေ တက်ကြည့်နိုင်ရန် ၀ရံတာ နှင့် အပေါက်ကြီးများ ထားရှိပါသည်။ တက်ကြည့်လိုသူသည် လျှပ်စစ်လှေခါးတက်ခ လူတယောက် ၁၀ ဆင့်၊ ဗမာငွေ ငါးမူးနီးပါးခန့်ပေးရပါသည်။

စာရေးသူသည် ကွန်စတီကြူးရှင်းလမ်း၏ တောင်ဘက်ရှိ ပလက်ခေါင်းဘေးရှိ ခုံရှည်မှထိုင်၍ ၀ါရှင်တန် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကြီးကို ကြည့်ရင်း လွတ်လပ်သော အမေရိကန် ပြည်ထောင်စုကြီး၏ အတိတ်ဘ၀မှ အဖြစ်အပျက်အခက်အခဲတွေကို ကြားဘူးနားဝ ရှိသလောက် သုံးသပ် ဆင်ခြင် မိပါသည်။

လွတ်လပ်ရေးကို သွေး-ချွေးဇွဲတို့နှင့် အရင်းပြု၍ ယူရသလောက် လွတ်လပ်ရေးလက်ဝယ်ရရှိပြန် တော့ လည်း တည်တံ့ခိုင်မြဲရေးကို ပြည်ထောင်စုသားတွေ ကျောချင်းကပ်ရင်ချင်းအပ်လျက် အဖက် ဖက်က ကြိုးစား ရသေးကြောင်း ပြည်တွင်းစစ်၊ ပြည်တွင်းသူပုန်စသော အနှောက်အယှက် အဖျက် အဆီး များကလည်း တိုင်းပြည်ကြီးငယ်မဟူ လွတ်လပ်စ နိုင်ငံတိုင်းမှာ ကျရောက်ဖျက်ဆီးလေ့ရှိ သောရောဂါဆိုး တမျိုးကဲ့သို့ စက်ဆုပ်ဘွယ်ရာကောင်းကြောင်း။ အမေရိကန် ပြည်ထောင်စုသားတွေမှာ အချင်းချင်း ညီညွတ်မျှတခြင်းဖြင့် နောက်ဆုံး၌ အောင်မြင်ငြိမ်းချမ်းခြင်း ဘက်သို့ရောက်ခါ နိုင်ငံကြီးပွားချမ်းသာရေးကို ကြိုးပမ်းခဲ့ခြင်းဖြစ် ယခုတော့ ကမ္ဘာ့ဓနရှင်နိုင်ငံကြီး အဖြစ်သို့ပင် ရောက်လာရတော့သည်။

*
သူတို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးကို ကြည့်ပြီး အားရမှု အားကျမှုမျိုးသည် ဤကျောက်တိုင်ကြီး အနီးအပါး သို့ ရောက်လာသော နိုင်ငံခြားသားတိုင်း အနည်းနှင့် အများဆိုသလို ဖြစ်ပေါ်ကြမည်မလွဲ ဟုလည်း ယုံကြည်လိုက်မိပါသည်။ ကျောက်တိုင်ကြီးကိုကလည်း စိတ်ဓါတ် တက်ကြွမှုကို နှိုးဆွ လှုပ်ရှားပေး နေသကဲ့သို့ ရှိနေပါသည်။
ဤအမေရိကန် လွတ်လပ်ရေး ကျောက်တိုင်ကြီး၏ အနောက်ဖက်တည့်တည့်သို့လှည့်၍ မျှော်လိုက်လျှင် အေဗရာဟင်လင်ကွန်းဆိုသော အမေရိန်ကန်မျိုးချစ်ခေါင်းဆောင်ကြီး၏ အထိမ်း အမှတ်ပုံတူ ကျောက်ရုပ်ကြီး ထားသော ခမ်းနားလှသည့် အဆောက်အဦးကြီးတခုကို တွေ့ရပါသည်။

လင်ကွန်းအထိမ်းအမှတ် အဆောက်အဦးကြီးသည်ကား မြင့်မားသော ကုန်းမို့မို့ကလေးပေါ်တွင် တည်ရှိ၍ ကျောက်လှေခါးကျယ်ကြီးနှင့် ပရိသတ်များများ တက်နိုင်ဆင်းနိုင်ရန် တည်ဆောက် ထားပါသည်။ အဆောက် အဦးကြီး၏ ပတ်ဝန်းကျင်ကျယ်ပြန့်လှသော ကုန်းမို့မို့ကလေးမှာ ပြုပြင် ဖန်တီးထားသော မြက်ခင်းပြင် ကြောင့် ကမ္ဗလာ စိမ်းဖြင့် လွှမ်းခြုံထားသလို အခါခပ်သိမ်း စိမ်းလန်း စိုပြေလျက်သာရှိပါသည်။

လင်ကွန်းအထိမ်းအမှတ် ဗိမာန်ကြီးတည်ရှိရာ ကုန်းတ၀ိုက်ကို အလယ်ဗဟိုထားလျက် စက်ဝိုင်းသဏ္ဍာန် ရစ်ဝိုင်းထားသော လမ်းမကျယ်ကြီးရှိ၍ ထိုအ၀ိုင်းကြီးမှ အရပ် ၆ မျက်နှာသို့ ခွဲထွက်သော လမ်းကျယ်များက ဦးစိုက်လျက်ရှိပါသည်။ လင်ကွန်းကျောက်ရုပ်၏ ကျောဘက်ကျ သောအနောက်ဖက်တည့်တည့်၌ ပန်းခြံနှစ်တပ် လမ်းများရှိပြီးလျှင် ပိုတိုမက် မြစ်ရေစပ်သို့ ဆင်းသွားသော ကျောက်စောင် တန်းလှေခါး ကျယ်ကြီးတခုကိုလည်း သာယာစွာ ပြုပြင်ထားပါသည်။

ဤနေရာမှ မျှော်မှန်းလိုက်လျှင် ကြည်လင်သော မြစ်ရေယာဉ်၏ ဟိုတဖက်ကမ်းမှအဆုပ်ဆုပ်အခိုင် ခိုင် ပင်လုံးကျွတ်ပွင့်ဝေ ပြာလျက်ရှိသော ချယ်ရီပင်များနှင့် တန်ဆာဆင်ထားအပ်သော ကိုလံဘီ ယာကျွန်း လျားရှည်ကလေးတွင် ပတ်ခ်ဝေးခါ် ကောက်ကောက်ကွေးကွေးနှင့် ကားကလေးတွေ ပြေးနေသော လမ်းရှည်ကြီးများကို မြင်နေရပါသည်။
သို့လျှင် တဖက်ကမ်းက လှမ်းမြင်နေရငြားလည်း ရုတ်ချည်း ရောက်လိုက ဟိုဘက်သို့ကူးသွားနိုင် ပါသည်။ ပိုတိုမက် မြစ်ကြီးခြားနားနေသော လင်ကွန်းဗိမာန်နောက်ရှိ တဖက်ကမ်းစပ်မှ ကိုလံဘီ ယာကျွန်းတည်ရှိရာ တဖက်ကမ်းစပ်ကို (အာလင်္ဂလန်)အထိမ်းအမှတ် တံတားနှင့် မြစ်ကို ဖြတ်၍ ဆောက်လုပ် ဆက်သွယ် ထားပါသည်။

ဤသည်တို့မှာ အေဗရာဟင်လင်ကွန်း အထိမ်းအမှတ်၏ ပတ်ဝန်းကျင်တ၀ိုက်နှင့် အနောက်ဖက်ရှိ မျက်စိ ပဒသ လှပသော ရှုမျှော်ခင်းများဖြစ်ပါသည်။ လင်ကွန်း၏ ပုံတူ ကျောက်ရုပ်ကြီးရှိရာ အဆောက်အဦး၏ အတွင်းခန်းသို့ ၀င်မိလျှင် ယခင်တွေ့မြင်ထားရသော ရှုခင်းသာများကို မေ့ ပျောက်၍ ကျောက်ရုပ်၏ အနုပညာရပ် ကို ရင်သပ်အံ့သြငေးမောနေကြရန်သာ ရှိပေတော့သည်။ ဤလိုတူအောင် ထုနိုင်သော ကျောက်ရုပ်တု ပညာမှသာ လက်ရာမြောက်သည်ဟုဆိုလောက်စရာ အရုပ်ကိုစိုက်ကြည့်နေလျှင် ရုတ်တရက် လှုပ်ရှားလာတော့မည့်အလား အသက်ဝငလျက် ရှိပါသည်။

ဒီကျောက်ရုပ်ရှင် အမေရိကန်လူထု၏ နှလုံးသည်းပွတ်ကဲ့သို့ ချစ်ခင်လေးစားခြင်းခံရသူ ငွေဝယ်ကျွန်စနစ်တိုက်ဖျက်၍ ပြည်ထောင်စုကို အကောင်အထည်အစဖော်ခဲ့သော မျိုးချစ်ခေါင်း ဆောင်ကြီး အေဗရာဟင်လင်ကွန်း၏ အကြောင်းအထုပ္ပတ္တိမှာ တကမ္ဘာလုံးကျော်ကြား ထင်ရှားခဲ့ပြီး ဖြစ်၍ အထူး ထုပ်ဖော်ရန် မလိုတော့စေကာမူ သူ၏ ဆောင်ရွက်ချက်သူ၏အသက်သွေးကို စတေးခဲ့ရချက်တို့ကြောင့် သူတို့ပြုစုပျိုးထောင်လာခဲ့သော အမေရိကန် ပြည်ထောင်စုကြီး၏ လွတ်လပ်မှုနှင့် ယခုလို စည်ပင်ပြန့်ပွားကာ ကမ္ဘာပေါ်မှာ လက်မထောင်နေနိုင်သော အခြေအနေကို သူသေသော်လည်း သူ၏ ကိုယ်စား ပုံတု ကျောက်ရုပ်ကြီးအား အလေးပြု၍ အမြဲပြသ ထားဘိအလား သူ့မျက်နှာမူရာ အရှေ့ မျက်နှာ၌ လွတ်လပ်ရေး ကျောက်တိုင်ကြီးက မားမားကြီး တွေ့မြင်ရနိုင်သည်။

လွတ်လပ်ရေး ကျောက်တိုင်၏ နောက်ပိုင်းဆီမှာတော့ သမတ အိမ်ဖြူတော် ပြည်သူ့လွှတ်တော်ကြီး စသော လွတ်လပ်သော ပြည်ထောင်စုကြီး၏ ကျက်သရေဆောင် အဆောက် အဦးကြီးများက သပ်သပ်စီ ငွားငွား စွင့်စွင့် နှင့် တည်ရှိပါသည်။

စာရေးသူသည် ခေါင်းဆောင်ကြီး အေဗရာဟင်လင်ကွန်းကျောက်ရုပ်ကြီး၏ ရှေ့မှနေ၍ ၀ါရှင်တန် လွတ်လပ်ရေး ကျောက်တိုင်ကြီးကို လှမ်းမျှော်ကြည့်မိ၏။ ကြည်မြသော ရေကန်သာတွင် အရိပ်ထင်လျက် ရှိသော လွတ်လပ်ရေး ကျောက်တိုင်ကြီးသည် သူတို့နိုင်ငံ၏ လွတ်လပ်မှုကို ၀ါကြွား ကြွေးကြော်နေသလိုသာ မြင်နေသည်။ တခါလင်ကွန်းပုံတူ ကျောက်ရုပ်ကြီးကို မော့ကြည့်မိ သည်။ ခေါင်းဆောင်ကြီးသည် ငါ၏ အသက်သွေး ကို စွန့်လွှတ်၍ ပြုပြင် တည်ဆောက်သွားရကျိုးနပ်လှသည်ဟု လွတ်လပ်ရေး ကျောက်တိုင်ကြီး ကို ကြည့်ပြီး ကျေနပ်ပြုံးကြီး ပြုံးနေသလိုသာ မြင်နေမိပါသည်။

တနည်းဆိုပြန်တော့လည်း သူတို့နိုင်ငံတွေက လွတ်လပ်ရေးရပြီးတာ အနှစ်တရာလောက်ပင်ရှိခဲ့ပြီး။ ဒို့ဆီမှာ ခုမှ ၄-၅နှစ်ရှိသေးတာ တနေ့ခုလို စည်းလုံးညီညွတ်ရွှေပြည်သာမဖြစ်ပါဘူးလို့ မဆိုနိုင်ပါ။
အမေရိကန် ပြည်ထောင်စုသားတွေ ဆိုတာဟာကော ဘာတွေလည်း။ ကမ္ဘာအရပ်ရပ်ဖြစ်တဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ စသော အနယ်နယ်က ဘာသာရေး ဖိနှိပ်မှု၊ စီးပွားရေးကြပ်တည်းမှု၊ နေရာမရမူစတဲ့ အကြောင်း အမျိုးမျိုးတွေနဲ့ ပြေးလွင့်ရောက်လာကြတဲ့ လူတွေ ရယ်ရှိပြီး တိုင်းရင်းသားတွေနဲ့ ရက်အင်ဒီးယန်း ဆိုတဲ့ လူတွေရယ်၊ အာဖရိက ငွေဝယ်ကျွန် အဖြစ်နှင့် သင်္ဘောကြီးငယ်နှင့် ကူသယ် ခေါက်သယ် သယ်လာတဲ့ နီဂရိုးတွေရယ်၊ စုပေါင်းပြီး ကျောချင်းကပ်မိမှ ကြီးပွားလာကြတဲ့ လူတွေသာ ဖြစ်နေလို့ သည်လိုမ တရာသားတွေပင် တနေ့မှာ အမြင်မှန်ရပြီး စည်းလုံးညီညွှတ်စွာနဲ့ ပြင်ပရန်ကို တွန်းလှန်ပြီး လွတ်လပ်ရေးကြီးကို လက်ဆုတ်လက်ကိုင်ယူထားနိုင်ပါသေးသည်။

အဲသည်တော့ ဒို့ဆီက ကြယ် ၅ လုံးနဲ့ ပြည်မကြယ်ကြီးတခုဟာ အမေရိကန်က ၄၈ နယ်လောက် ပြည်ထောင်စုဦးရေ မများဘဲနှင့် ဘောက်မဲ့ကြောင့် အချိန်ကာလ တိုတိုနဲ့ သူတို့လို သာယာအေးချမ်းတဲ့ လောကနိဗ္ဗာန် စခန်းကို မတက်လှမ်းနိုင်ရှိရသလဲဟု ရက်တိုတိုနဲ့ မဂ်ဖိုလ်ရ၊ ရပါလို၏ မြတ်ရင်စောဟု ဆုတောင်းရင်း အားခဲ့ပြီး မျှော်လင့်စောင့်စားနေကြဘို့ဘဲ ရှိပါတော့သည်။
ဝါရှင်တန်မြို့ တ၀ိုက်မှာတော့ လွတ်လပ်ရေးအထိမ်းအမှတ်နှင့် လွတ်လပ်ရေးရာဇ၀င်အတွက် ခေါင်းဆောင်ရှေ့ရွက်ပြုပေးခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများ၏ အမှတ်အသားကျောက်ရုပ်နှင့် ဗိမာန်ကြီးများကို တခမ်းတနား တည်ဆောက်ထားကြသဖြင့် တခုပြီးတခု ကြည့်ရှုလို့ မကုန်နိုင်အောင်ပင် ရှိပါတော့သည်။

ခေါင်းဆောင် မျိုးချစ်ပုဂ္ဂိုလ်ကြီး အေဘရာဟင်လင်ကွန်း အထိမ်းအမှတ်ဗိမာန်ကြီး၏ တောင်ယွန်းယွန်း အရပ်တွင် တီဒယ်ရေအိုင်ကြီးအနီး၌လည်း ခေါင်းဆောင် ဂျက်ဖာဆင့်ဆိုသော ပုဂ္ဂိုလ်ကြီး၏ အထိမ်းအမှတ် ရုပ်လုံး နှင့် ဗိမာန်ကြီး တခုရှိပါသေးသည်။ သူ့အနေအထားကလည်း လင်ကွန်းဗိမာန်ကဲ့သို့ပင် သားနား၍ ပန်းခြံကျယ်ကြီး နှင့် တဘက်မှာ ရေအိုင်ကြီး၊ အခြားတဘက်တွင် ပိုတိုမက်မြစ်ကိုဖြတ်ကူးထားသော ဟိုက်ဝေးဘရိတ် (ချ)ခေါ် တံတားကြီးမှ ဗာဂျီးနီးယားဘက်သို့ ဒိုးယိုပေါက်ဆက်သွယ် ကူးသန်း ထားပြန် ပါသည်။

၎င်းပြင် အမေရိကန် လွတ်လပ်ရေးစစ်ပွဲကြီးကို ကိုယ်တိုင် ပါဝင်ဆင်နွှဲ၍ အားခဲကြိုးပမ်းပေးခဲ့သူ ခေါင်းဆောင် ဂျော့ဝါရှင်တန်၏ အထိမ်းအမှတ်အဖြစ် သူ့အသက် ထင်ရှားရှိစဉ်က နေထိုင်သွားသော အိမ်နှင့် ၀င်းခြံကျယ်ကြီးတခုကိုလည်း နောင်လာနောက်သားတစုတို့ ကြည့်ရှုအားပေးပြုစရာ အခြေမပျက် ထားရှိပါ သေးသည်။

ထိုနေရာမှာ ၀ါရှင်တန်နှင့် မိုင်သုံးလေးဆယ်ဝေးသော မောင့်ဗာနန်တွင် ဖြစ်ပါသည်။ မောင့်ဗာနန်မှာ ၀ါရှင်တန်နှင့် ပိုတိုမက် မြစ်တဘက်ကမ်းဖြစ်သော ဗာဂျီနီးယားနယ်ထဲတွင် တည်ရှိ ပါသည်။ ပိုတိုမက်မြစ်ကမ်းပါး တလျှောက်၌ မြို့ကလေးတမြို့စာခန့် အကျယ်အ၀န်းရှိသော ထို မြေဧက ပေါင်းများစွာ ကို ရှေးသရောအခါတုန်းကဂျော့ဝါရှင်တန်၏ ဘိုးဘွားမိဘများပိုင်ဆိုင်လာခဲ့သော မြေနယ်ပင်ဖြစ်ရာ ဂျော့ဝါရှင်တန် ၏ အစ်ကိုဖြစ်သော လောရင့်က အမွေခံပြီး သူမြတ်နိုးသော စစ်ဗိုလ်ကြီး မောင့်ဗာနန်၏ အမည်ကို ယူ၍ ဤမြေနေရာတ၀ိုက်ကို မောင့်ဗာနန်ဟုသိရပါသည်။ ထို့နောက် ဤမောင့်ဗာနန်အမည်ရှိ မြေဧက ပေါင်းမြောက်များစွာကို ညီဖြစ်သူ ဂျော့ဝါရှင်တန်မှာ အမေရိကန်လွတ်လပ်ရေးစစ်ပွဲတို့၌ ကိုယ်ရော စိတ်ပါ ဦးဆွေ့ဆံမြေ့ ထမ်းရွက်နေရခြင်းကြောင့် သူ့အမွေဆက်ခံရာမြေပေါ်မှာ ပျော်ရွှင်အေးချမ်းစွာ လာရောက် နေထိုင်ခြင်းမပြုနိုင်ဘဲ၊ ၄-၅ နှစ်ခန့် ပစ်ထားခဲ့ရပါသည်။

ဆက်ရန်

.

No comments: