အခန်း (၂၆) မရဏ
အီဗာ့အခန်းသည် သူ့အဖေကိုယ်တိုင် သမီးစိတ်ကြိုက် ဖြစ်စေရန် တန်ဆာဆင် မွမ်းမံထားသော အခန်း ဖြစ်သည်။ ဤအခန်းကလေး၌ အီဗာ လှဲလျောင်း နေခဲ့ရသည်မှာ ကြာပေပြီ။ သူ့ကျန်းမာ ရေး အခြေအနေ မှာလည်း သိသိသာသာကြီးပင် ဆုတ်ယုတ်လာခဲ့သည်။ သူ ဥယျာဉ်တွင်းသို့ မသွားနိုင်တော့ပေ။ သို့သော် ဤနေရာတွင် နေလျက်ကပင် သူသည် ဥယျာဉ်တွင်းသို့ လှမ်းမျှော် ကြည့်နိုင်သည်။ ရေကန်ကိုလည်း မြင်နိုင်သည်။ သို့ဖြင့် သူသည် သမ္မာကျမ်းစာကို ဖတ်ကာ၊ ရေကန်ကို ငေးစိုက်ကြည့်နေကာဖြင့်သာ သူ့ နေ့ရက် များသည် ကုန်ဆုံးလာခဲ့လေသည်။ ထိုနေ့တွင် လည်း သူသည် ခါတိုင်းလိုပင် အိပ်ရာမှာ လှဲလျောင်း ယင်း ရေကန်တူရူသို့ ငေးမောနေသည်။
"ကြည့်စမ်း၊ ကြည့်စမ်း။ ဒီ အယုတ်တမာကလေး ပန်းတွေ ခူးလာပြန်ပြီး" စူးစူးဝါးဝါး အော်ဟစ် လိုက်သော မိခင် ၏ အသံကြောင့် အီဗာသည် နားကို စွင့်လိုက်သည်။
"သခင်မလေးတို့ ခူးလာတာပါ"
ထိုအသံကို အီဗာ ကောင်းကောင်း မှတ်မိသည်။ တော့ပဆီအသံ။
"ဘာပြောတယ်။ သခင်မလေးဘို့၊ ဟုတ်လား။ အမယ်၊ လာလဲ လာတဲ့ ဟာလေး။ အီဗာကလား နင် ခူးလာတဲ့ ပန်းကို ယူမှာ။ သွားစမ်း သွားစမ်း"
အီဗာသည် အိပ်ရာမှ အားယူထပြီး ၀ရန်တာသို့ ထွက်ခဲ့သည်။
"အို၊ နေပါ့စေ မေမေ။ သမီး သဘောကျပါတယ်။ ယူခဲ့ပါစေ မေမေရယ်"
"ဘာပြောတယ် အီဗာ။ သမီး အခန်းမှာ ပန်းတွေပြည့်လို့ဘဲဟာ"
"ဘာဖြစ်လဲ မေမေ။ တော့ပဆီရေ။ ပန်းတွေယူခဲ့ပါကွယ်"
တော့ပဆီသည် ဘာလုပ်ရမည် မသိဘဲ ငေးလျက်ရပ်နေသည်။ အီဗာသည် တော့ပဆီရှိရာသို့ ရောက်လာ ကာ တော့ပဆီလက်မှ ပန်းများကို လှမ်းယူလိုက်သည်။
"လှလိုက်တာကွယ်။ ကိုယ့်ဘို့ ပန်းတွေနေ့တိုင်း ခူးလာခဲ့ပါလား တော့ပဆီ။ ပြီးတော့ ကိုယ့်အခန်း ထဲက ပန်းအိုး မှာ ထိုးပေးနော်။ ကျေးဇူးတင်လိုက်တာ တော့ပဆီရယ်"
တော့ပဆီ ထွက်သွားသောအခါ အီဗာသည် တော့ပဆီပါးပြင်၌ သွင်ကျလာသော မျက်ရည်စကို သတိထား လိုက်မိသည်။ ထို့ကြောင့် သူ့အမေဖက်သို့ လှည့်၍
"တွေ့တယ် မဟုတ်လား မေမေ။ တော့ပဆီက သမီးအတွက် တခုခု လုပ်ပေးချင်လို့ပါ မေမေရယ်။ သူ့ခမျာ သနားစရာ" ပြောပြန်သည်။
"အို အဓိပ္ပာယ် မရှိတာ သမီးရယ်။ အလကား ကောင်မက ကမြင်းကြောထချင်လို့။ သူ့ကို ဥယျာဉ်ထဲက ပန်းတွေ မခူးရဘူးဆိုလို့ ဒါ သက်သက် ကလိန်ကျတာ။ အင်းလေ သမီးသဘောကျ ရင်တော့လဲ ပြီးရောပေါ့"
"မဟုတ်ဖူးမေမေ။ သူ သူ့ကိုယ် သူကောင်းအောင် ကြိုးစားကြည့်နေတာပါ မေမေရယ်"
"အော၊ သူက လူကောင်း ဖြစ်လာလို့ ကြိုးစားနေတယ်၊ ဟုတ်လား" မေရီသည် ခပ်ပေါ့ပေါ့ ပြက်ရယ် ပြုလိုက် သည်။
"ဒါကတော့ မေမေရယ်။ ခမျာမှာ သူဘာလုပ်လုပ် ဘယ်သူကမှ အကောင်းမထင်ကြ တာဟာ"
မည်သို့ဖြစ်စေ၊ မေရီသည် သမီးဖြစ်သူ ပြောနေသော စကားတွေကို သဘောမကျလှပေ။ သို့သော် ယခု အခြေအနေ ၌ထိုသမီးကို သူ အကျောက်အကန် ပြောနေ၍ မဖြစ်တော့ သည့်အခြေ အနေကို သူ သိသည်။ ထိုစကား နှင့် တဆက်တည်းမှာပင်
"မေမေ သမီးဆံပင်တချို့ကို ဖြတ်မလားလို့။ ကောင်းမှုတခုခု ပြုရအောင်လို့" ဟူသော စကားကို သမီးထံ မှ ကြားရပြန်သည်ဆိုသောအခါ
"ဘာလုပ်ဖို့လဲ သမီးရယ်" မေရီ အံ့သြရပြန်သည်။
"သမီး အိမ်ကလူတွေကို အမှတ်တရအဖြစ် ပေးခဲ့ရအောင်လို့ပါ"
မေရီသည် ဘာမျှ မပြောနိုင်တော့ပေ။ အီဗာ အလိုရှိသည့်အတိုင်း အော်ဖီလီယာ့ ကိုသာ ခေါ်ပေးရ လေတော့သည်။
အော်ဖီလီယာသည် ရောက်လာပြီး မရှေးမနှောင်းပင် စိန့်ကလဲယားသည် သမီးအတွက် သစ်သီးအချို့ကို ယူလျက် ၀င်လာသည်။
"ဖေဖေ၊ သမီး ဒေါ်ဒေါ့်ကို ဆံပင်ဖြတ်ခိုင်းမလို့။ ဆံပင်တွေက များနေတော့လဲ သမီး ခေါင်းပူလွန်းလို့ ဖေဖေ။ ပြီးတော့လဲ သမီးဆံပင်တွေကို ပေးပစ်မလို့"
"အို သမီးရယ်။ မဟုတ်တာဘဲ။ ထားအုံးမှပေါ့။ သမီးနေကောင်းလာရင် ဖေဖေ သမီးကို ဟင်နရစ်တို့ဆီ အလည် ခေါ်သွားမလို့ဟာ"
"သမီး သွားရမှာ မဟုတ်တော့ပါဘး ဖေဖေရယ်"
"အိုကွယ်၊ သမီးကလဲ ဒါကိုချည်းဘဲ ဘာလု့ ထပ်တလဲလဲ ပြောနေရတာလဲ"
"ဒါက တကယ်ပြောနေတာပါ ဖေဖေ။ သမီးအခြေအနေကို သမီး သိပါတယ်"
စိန့်ကလဲယားသည် နှုတ်ခမ်းကို စေ့စေ့တင်းထားသည်။ မျက်လုံးအစုံသည် ရီဝေနေသည်။ သူ့စိတ်က သမီးဆံပင် များ ဖြတ်နေသည် မကျေနပ်။ သို့သော် သည်အချိန်၌ မပြောသာတော့သည် ကို သူလည်း အသိ။
"ဒါဘဲ။ ကျမ ဒါ့ကြောင့် ပြောတာပေါ့။ ကျမ အခြေအနေဟာ တနေ့တခြား ဆိုးလာတာပါလို့ သေမှာပါဘဲ။ ကျမလဲ သေမှာပါဘဲ။ ကျမကို ဘယ်သူမှ ဂရုမစိုက်ကြဘူးဆိုတာလဲ သိတာဘဲ။ ဒီမယ် စိန့်ကလဲယား။ မကြာခင် ရှင် သိမှာပါ ။ ကျမ ဘာဖြစ်နေတယ်ဆိုတာ" မေရီက ကြားဝင်၍ ညည်းညူလာပြန်သည်။
"ဒီလို ပြောလိုက်ရရင် မင်း ကျေနပ်သွားတာဘဲ မဟုတ်လား" ခပ်ရွဲ့ရွဲ့ စကားပြန်လိုက် သည်။
မေရီ သည် ပယ်လက်ကုလားထိုင်တွင် လှဲချကာ မျက်နှာကို လက်ကိုင်ပ၀ါအုပ်လျက် ငိုနေ ပြန်ချေသည်။
အီဗာသည် ဖခင်နှင့် မိခင်၏အဖြစ်ကို မသက်မသာ ကြည့်ရှုနေရလေတော့သည်။
စိန့်ကလဲယာားသည် သမီးဘေးမှာ ၀င်ထိုင်သည်။ အီဗာသည် ဖခင်ကို ကျောမီလျက်
"သမီး နေရတော့မှာ မဟုတ်ပါဘူး ဖေဖေ။ ဒီတော့ သမီး ဖေဖေ့ကို တခုပြောချင်တယ်။ သမီးအတွက် ဖေဖေ လုပ်ပေးမလား" စကားဆိုပြန်သည်။
"ပြောပါ သမီး ပြောပါ။ ဖေဖေ သမီးအတွက်ဆို လုပ်ပေးမှာပေါ့" စိန့်ကလဲယားသည် မျက်လုံးအစုံကို ပွတ်သပ်ပြီး ပြောသည်။
"သမီးလေ၊ အိမ်မှာရှိတဲ့ လူတွေအားလုံးနဲ့ တွေ့ချင်တယ် ဖေဖေ။ သမီး သူတို့ကို စကား ပြောချင်တယ်"
"ကောင်းပြီသမီး၊ ဖေဖေ အခေါ်ခိုင်းပေးမယ်"
ခဏချင်းပင် အော်ဖီလီယာသည် လူတယောက်ကိုလွှတ်၍ အိမ်ရှိအစေခံအားလုံးကို အခေါ်ခိုင်း လိုက်သည်။ မကြာမီပင် အစေခံအားလုံးသည် အီဗာ့အခန်းတွင်းသို့ စုဝေးရောက်လာကြ လေသည်။
အီဗာသည် အိပ်ရာတွင် ပက်လက်လှဲနေ၏။ သူ့ဆံပင် ဖရိုဖရဲသည် သူ့မျက်နှာပေါ်တွင် ကျ နေသည်။ သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင် ဖြစ်နေချေပြီ။ သို့သော် မျက်လုံးအစုံကိုမူ သူ့ရှေ့က လူအားလုံး၌ စူးစိုက် ထားသည်။
အစေခံများသည် အီဗာ့ကို မြင်လိုက်ရလျှင်ပင် စိတ်တွင်း၌ ထိခိုက်သွားကြသည်။ စိန့်ကလဲယားသည် မျက်နှာ ကို လွှဲထားသည်။ မေရီသည် ရှိုက်၍ ငိုနေသည်။ အစေခံများသည် အီဗာ့ကို စေ့စေ့မြင့်ကြရလျှင်ပင် တယောက် ကို တယောက် လှမ်းကြည့်မိကြသည်။ အချို့က သက်ပြင်းကို မှုတ်ထုတ်သည်။ အချို့က ခေါင်းကို ခါရမ်းသည်။ ထိုနောက် တခန်းလုံး တိတ်ဆိတ် သွားသည်။ ဈာပနအခမ်းအနားတခုနှင့် ဘာမျှ မခြားနား။
အီဗာသည် ခေါင်းကို အားယူပြီး မတ်လိုက်သည်။ အားလုံး၏ မျက်နှာများပေါ်က ကြေကွဲ ၀မ်းနည်းဟန်ကို သတိပြု မိသည်။ ငိုနေသော မိန်းမကြီးတွေကိုလည်း သူမြင်ရသည်။
"ကျမ အခေါ်ခိုင်းလိုက်တာဘဲ။ ဘာလို့လဲဆိုတော့ ရှင်တို့ကို ကျမ ခင်လို့ပါ။ ရှင့်တို့အားလုံး ကို ကျမ ခင်တယ်။ ခု မကြာခင်ဘဲ ကျမ ဒီနေရာကို စွန့်ခွာရတော့မယ်။ အဲဒါ မစွန့်ခွာခင်ကလေးမှာ ကျမ ရှင်တို့ကို စကား ပြောချင်တယ်"
တချို့၏ ငိုညည်းသံကြောင့် အီဗာ၏ စကားစသည် ပြတ်သွားသည်။ အီဗာသည် အတန် ကြာ စကားဆက် ဖြတ်ထားပြီးမှ
"ကျမကို ရှင်တို့ ချစ်ကြတယ်ဆိုရင် ကျမပြောမှာကို နားထောင်စေချင်ပါတယ်။ ကျမ ပြော ချင်တာ ရှင်တို့ဘ၀နဲ့ ပတ်သက်လို့ပါ။ တချို့ပေါ့လေ၊ ဒါကလဲ အများအားဖြင့်ဘဲ။ ရှင်တို့တတွေဟာ ရှင်တို့ဘ၀ကို မထူးတော့ဘူးဆိုပြီး ထင်သလို နေနေကြတယ်။ ဒီအတွက် ကျမ စိတ်မကောင်းပါ ဘူး။ ရှင်တို့ဟာ ဖုရားသခင် ကို အားထားစေချင်ပါတယ်။ ဖုရားသခင်ဟာ ရှင်တို့ကို စောင့်မလိမ့်မယ် လို့ ကျမ ယုံပါတယ်။
အီဗာသည် သူ့ရင်ထဲရှိသမျှကို ဆက်ပြောသည်။ ထိုနောက် အဒေါ် အော်လီဖီယာ ဖြတ်ပြီး သား အထုံး အထုံး လုပ်ထားသော ဆံပင်အထုံးများကို ပေးရန်အတွက်
"ဒီတော့ ရှင်တို့ကို ကျမ အမှတ်တရပစ္စည်း ပေးမယ်။ ရှင်တို့ ကျမကို ချစ်ကြရင် အမှတ် တရ ဖြစ်ရအောင်ပေါ့၊ ကျမကို အမှတ်ရနေသလို ကျမစကားတွေကိုလဲ အမှတ်ရစေချင်လို့ပါဘဲ" ပြောပြီးနောက် တယောက်စီ အား ဆံပင်အထုံးငယ်ကလေး တထုံးစီ ပေးလေတော့သည်။
ထို့နောက် ရက်များတွင်ကာုး အီဗာ့အခြေအနေသည် အမြဲမပြတ် စောင့်ရှောက်ကြည့်ရှုနေ ရသည့် အခြေအနေ သို့ ဆိုက်ရောက်လာခဲ့လေသည်။ အော်ဖီလီယာသည် နေ့ညမပြတ် အီဗာ့ အခန်းတွင် အသင့် ရှိလေသည်။ တအိမ်လုံးပင် အီဗာ့အတွက် အသင့်ရှိရမည့် အခြေအနေမျိုး ဖြစ် သည်။
ဦးလေးတွမ်သည် အီဗာ့အနားသို့ နေခွင့်ရလေသည်။ အီဗာသည် ဖခင်ကိုယ်တိုင်က ဂရု တစိုက် ပြုစုခြင်းကို ခံနေရသည့်တိုင်အောင် ဦးလေးတွမ်အား သူ့နားသို့ လာစေချင်သည်။ ဦလေး တွမ်ဆိုပြသော ဓမ္မ သီချင်း များကို နားထောင်နေရလျှင် သူ အားသစ်ပွားသည်ဟု ယူဆထားသည်။
စိန့်ကလဲယားသည် သမီးအပါးမှာ သူ အမြဲပြုစုနေချင်သည်။ သို့သော် သမီးကိုယ်တိုင်က ဦးလေးတွမ်ကို အလိုရှိ နေသည်ဆိုသောအခါ သူသည် ဦးလေးတွမ်ကို ခေါ်ပေးရလေသည်။
သို့တိုင်အောင် မေရီ့စိတ်ကမူ သူတယောက်သာလျှင် ဤအိမ်၌ သမီးအတွက် ဗျာအများ ရဆုံး၊ အပင်ပန်း ရဆုံး၊ စိတ်သောကအရောက်ရဆုံးဟု မှတ်ယူထားလေသည်။
နောက်ပိုင်းရက်များတွင်ကား ဦးလေးတွမ်သည် သူ့အခန်းတွင် သူမအိပ်တော့ပဲ ၀ရန်တာ သို့လာ၍ အိပ်လေ တော့သည်။
သူသည် သေခြင်းတရားနှင့် ပတ်သက်သော အယူအဆကို အီဗာ့ထံမှ ကြားမှတ်ထားရပြီး ဖြစ်သည်။ ဖုရားသခင်သည် ကောင်းကင်ဘုံမှနေ၍ တမန်တော်များကို စေလွှတ်လိုကမည့်အကြောင်း၊ တမန်တော် များသည် ကောင်းကင်ဘုံသို့ အီဗာ့ကို ဆောင်ကျဉ်းသွားကြမည့်အကြောင်း၊ ထိုအချိန်၌ ကောင်းကင်ဘုံ သည် အီဗာ့အတွက် တံခါးဖွင့်လျက် အသင့်ကြိုနေမည့်အကြောင်း။ ထို့ကြောင့် အီဗာသေဆုံးမည့်အဖြစ် သူ စောင့်ကြည့် ရမည်ဟု နှလုံးပိုက်ထားသည်။ အီဗာ သေလု နီးပါးအချိန်တွင် သူသည် အီဗာနှင့် အနီးဆုံး နေရာမှာ ရှိရမည်ဟုလည်း ယူဆထားသည်။ သို့ဖြင့် သူသည် ၀ရန်တာသို့ လာအိပ်ခဲ့ခြင်း ဖြစ်သည်။
နောက်တညတွင် အီဗာ့အခြေအနေသည် အတော်ကြီး ဆိုးရွားလာခဲ့လေသည်။ သန်ကောင်၌ အော်ဖီလီယာ သည် ၀ရန်တာတွင် အိပ်နေသော ဦးလေးတွမ်ထံသို့ ရောက်လာသည်။
အော်ဖီလီယာ သည် တူမ၏အခြေအနေ မဟန်တော့သောအဖြစ်ကို သိပြီး ဖြစ်သည်။
"ကဲ တွမ်ရေ၊ ဆရာဝန်ဆီ အမြန်ဆုံး ပြေးပါအုံးဟေ့။ ခပ်သွက်သွက်နော်"
ထို့နောက် အော်ဖီလီယာသည် သူ့မောင်ကို လှမ်းခေါ်လိုက်သည်။
စိန့်ကလဲယားသည် သမီး၏အခန်းတွင်းသို့ ရောက်လာသည်သည်။ သမီးကို ငုံ့ကြည့်သည်။ သမီးသည် အိပ်ပျော် နေဟန် ရှိသည်။ သို့သော် ထိုသမီး၏မျက်နှာမှာ သတိလစ် မေ့မျောနေသော အသွင်ကို ဆောင် နေ၏။
စိန့်ကလဲယား၏ အသည်းနှလုံးသည် နာကျင်လာသည်။
ခဏအကြာတွင် ဦးလေးတွမ်သည် ဆရာဝန်နှင့်အတူ ရောက်လာသည်။
ဆရာဝန်၏အသံကို ကြားမှပင် မေရီသည် အလန့်တကြား နိုးလာသည်။ သူ့ဟန်ပန်မူရာ သည် ပျာပျာ သလဲ ဖြစ်နေ၏။
"အော်ဂတ်စတင်း၊ အမ အို အို ဘယ်လိုဖြစ်တာလဲရှင်"
"တိုးတိုးပြောပါ မေရီ။ ခလေးက မျောနေပြီ" စိန့်ကလဲယားက မယားကို လှမ်းပြောလိုက် သည်။
မေရီ့ အခန်းက မမ်မီသည် တဖက်ခန်းက အခြေအနေကို ကြားရလျှင်ပင် တခြားအစေခံ များရှိရာသို့ လာခဲ့သည်။ အခြေအနေကို တဆင့်စကားတဆင့် ပြောလိုက်ကြသည်။ တအိမ်လုံး မီး များ လင်းလာသည်။ အစေခံ အားလုံး ၀ရန်တာသို့ စုဝေးရောက်လာကြသည်။
စိန့်ကလဲယားသည် သမီးအပါးသို့ကပ်
"သမီး။ သမီးလေး၊ သမီးလေး။ ဖေဖေ ခေါ်နေတယ်လေ" တဖွဖွ ပြောနေသည်။
"ဖေဖေ" အီဗာသည် နောက်ဆုံး အားယူ၍ လက်ကို မြှောက်ရင်း အသံသဲ့သဲ့ဖြင့် ပြောလာ သည်။ သို့သော် မြှောက်ပင့်လိုက်သော လက်မောင်းတံများသည် အပေါ် မရောက်မီပင် ပြန်ကျသွား ကြလေသည်။
စိန့်ကလဲယားသည် သမီးအဖြစ်ကို မြင်လိုက်ရသဖြင့် ရင်ထဲမှာ မချိတင်ကဲဖြစ်ကာ ချက်ချင်း မျက်နှာလွှဲ လိုက်သည်။ သူ့ကျောဖက်က တွမ်ကိုသာ အားကိုးစရာအဖြစ် သဘောထား ကာ လှမ်းဖက်လိုက်ပြီး
"တွမ်၊ တွမ်။ အင်း၊ ငါပါသေရင် ကောင်းမယ်။ ငါ့ကိုပါ သတ်လိုက်ကြပါကွယ်" သတိ လက်လွတ် ပြောနေ ပြန်သည်။
"ဟို၊ ဟိုမှာ" တွမ်သည် အီဗာ့ကို စိုက်ကြည့်ရင်း ပြောလိုက်မိသည်။
အီဗာသည် မျက်လုံးကို အားယူပြီး ဖွင့်သည်။ သူ့မျက်လုံးသည် အထက်သို့ လန်တက်လာ ပြီး ချာချာလည် နေပြန်သည်။
စိန့်ကလဲယားသည် သမီးအပါးသို့ ကပ်သွားပြန်သည်။
"သမီးလေး၊ အီဗာ"
အီဗာသည် ဘာမျှ မကြားတော့ပေ။
အခန်း (၂၇) ဆက်ရန်
.
No comments:
Post a Comment