အခန်း (၄၄) ဦးလေးတွမ်အတွက် အထိမ်းအမှတ်
ဂျော့ရှယ်လဗီ သည် သူ့မိခင်ထံသို့ သူပြန်ရောက်မည့်ရက်ကို ကြိုတင်၍ စာရေးခဲ့သည်။ သို့သော် ထိုစာ၌ သူသည် ဦးလေးတွမ်နှင့် ပက်သတ်၍ မည်သည့်အကြောင်းမျှ မဖော်ပြခဲ့ပေ။
ဂျော့ရှယ်လဗီ ပြန်ရောက်မည်နေ့တွင် ရှယ်လဗီအိမ်ကြီးတအိမ်လုံးတွင် လှုပ်လှုပ်ရွရွ ဖြစ်နေ၏။
ဒေါ်ကြီးချလိုသည် အ၀တ်သစ်သစ်များကို ၀တ်လျက်ညစာစားပွဲ ပြင်နေသည်။ မလှမ်းမကမ်း၌ မစ္စက် ရှယ်လဗီ သည် ထိုင်နေ၏။
ဟုတ်ပီ။ ထမင်းပွဲတော့ ပြင်ပီးဘီ။ တခင်ဂျော့အကြိုက်တဲ့။ ဒါထက် တခင်မ၊ တခင်ဂျော့စာ ထဲမှာ အဖိုးကြီး အကြောင်း ဘာမှ ရေးမထားဘူးလားဟင် ထမင်းပွဲပြင်နေရာမှ သူ့သခင်မအား လှမ်းမေးလိုက်သည်။
စာထဲမှာတော့ ရေးမထားဘူးကွယ်။ သူ အိမ်ပြန်ရောက်မှ အားလုံးပြောပြမယ်ဆိုတာဘဲ။
တခင်ဂျော့ ကတော့ ဒီလိုဘဲ။ တူစာရေးရင် ဘယ်တော့မှ ပြည့်ပြည့်စုံစုံမရေးဘူး။
မစ္စက်ရှယ်လဗီသည် ပြုံးနေ၏။
ကျုပ်ကတွေးကြည့်နေလိုပါ။ ခုနေ အဖိုးကြီးပြန်လာရင် တူ့တားတေ တမီးတေကို တူမှတ်မိမှာ မဟုတ်ဖူး။ တမီးပေါ်လီ ကိုလဲ ကြည့်စမ်း။ ဘလောက်ကြီးလာလဲ။ တူနဲ့ခွဲတုန်းကဆို လမ်းတောင် ကောင်းကောင်း မရှောက်နိုင် တေးဘူ။ အမယ်ခုများဒင်းက မုန့်တေဘာတေ ဖုန်လို့။
မစ္စက်ရှယ်လဗီသည် သက်ပြင်းတချက် မှုတ်ထုတ်လိုက်မိလေသည်။ သူသည် သူ့သားဆီ မှစာကို ရကတည်း ကပင်။ ဒေါ်ကြီးချလိုအတွက် စိတ်မကောင်းခဲ့ပေ။ ထိုစာ၌ ဦးလေးတွမ်အ ကြောင်း ဖော်ပြ မထားခြင်း ကိုကပင် တစုံတခု အကြောင်းရှိ၍သာ ဖြစ်မည်ဟု မစ္စက်ရှယ်လဗီ သဘောပေါက်ခဲ့ပြီးဖြစ်၏။
"ဒါထက် တခင်မ။ ပိုက်ဆံတေ အတင့်ဘဲနော်။"
"အသင့်ပါဘဲချလို"
"ကျုပ်က တူတွေ့စေချင်လို့ပါ။ တူ့အတွက် ကျုပ်ဘယ်လိုအလုပ်လုပ်ခဲ့တယ်။ ငွေတွေ ဘယ်လောက် ရအောင် ရှာခဲ့တယ်ဆိုတာ တူမြင်ရအောင်လို့ပါ။ အဲဒါလေ ကျုပ်ပြန်မယ့်တာ ပြန်လာတာ။ ကျုပ်အလုပ် လုပ်တဲ့ မုန့်ဆိုင်ပိုင်ရှင်ကဆို ကျုပ်ကို ပြန်စေ့ချင်တေးတာ မဟုတ်ဖူး။ အဲဒါ ကျုပ်အဖိုးကြီး ပြန်ခါနီးဘီ။ ကျုပ် ပြန်အုံး မှ လို့ မုန့်ဆိုင်ရှင်ကို မနဲကြီး ပြောခဲ့ရတာ။ မုန့်ဆိုင် ရှင်ကလဲ ကောင်းပါဘိတော်။
ဒေါ်ကြီးချလိုသည် သူအလုပ်လုပ်၍ရသော ငွေကို စုခဲ့သည်။ ယခု ဤငွေကို အဖိုးကြီးပြန် အလာတွင် မြင်စေ ချင်၏ ထို့ကြောင့် သူမစ္စက်ရှယ်လဗီအား ကြိုပြောထားခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်မှာပင် ရထားဝင်လာသံကို ကြားရသည်။
"ဟော၊ တခင်ဂျော့ပြန်လာဘီ" ပြောပြောဆိုဆို ပြတင်းတံခါးသို့ ရောက်လာသည်။
မစ္စက် ရှယ်လဗီသည် တံခါးဝမှထွက်၍ သားကို ကြိုသည်။ ဒေါ်ကြီးချလိုသည် အပြင်ဖက် အမှောင်ထဲသို့ စိုးရိမ် တကြီး စူးစိုက်ကြည့်နေ၏။
"အို၊ ဒေါ်ကြီးချလို" ဂျော့သည် ဒေါ်ကြီးချလိုဆီသို့ ရောက်လာသော ဒေါ်ကြီးချလို၏ လက်ကို ဆွဲယူ ကိုင်ဆုပ်လျက် "ကျနော်သူ့အတွက် ရှိသမျှ စည်းစိမ်းအားလုံးပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒါပေမယ့် သူကျနော် နဲ့ အတူ မလိုက်နိုင်ခဲ့ဘူး။ သူ့အဖို့ပိုပြီး ကောင်းမြတ်တဲ့နေရာကို သူ့ထွက် သွားရှာပြီ ဒေါ်ကြီးချလို ဟု ပြောလိုက်သည်။
မစ္စက်ရှယ်လဗီ စိတ်မကောင်းနိုင်တော့ပေ။ ဒေါ်ကြီးချလိုသည်လည်း နှုတ်ဆိတ်နေပေပြီ။
သူတို့သည် ထမင်းစားခန်းထဲသို့ ၀င်ခဲ့ကြသည်။ စားပွဲပေါ်၌ ဒေါ်ကြီးချလို၏ ပိုက်ဆံများ ရှိလေသည်။
"ဒါတွေ၊ ဒါတွေ" ဒေါ်ကြီးချလိုသည် ပိုက်ဆံများကိုလက်ဖြင့် ကတုန်ကယင် ဆုပ်ကိုင်၍" ဒါတွေကို ကျုပ် မမြင် ချင်ဘူး။ မမြင်ချင်ဘူး။ ဟုတ်ပါတယ်။ တူတေမယ်ဆိုတာ ကျုပ်တိပီးတားပါ။ "မစ္စက်ရှယ်ဗီအား လှမ်းပေး လိုက်သည်။
ဒေါ်ကြီးချလို သည် နေရာမှ ချာကနဲလှည့်၍ အပြင်သို့ ထွက်ခဲ့သည်။ သူ့ဟန်ပန်သည် တင်းမာသော အသွင်ကို ဆောင်နေ၏။ မစ္စက်ရှယ်လဗီသည် သူ့နောက်မှ အငြင်အသာ လိုက်လာ ပြီးလာက်တဖက်ကို လှမ်းဆွဲ ၍ သူ့ဘေး၌ ထိုင်စေသည်။
"အို၊ ချလို"
ဒေါ်ကြီးချလိုသည် မစ္စက်ရှယ်လဗီ၏ ပခုံးတွင် မှီချလိုက်ပြီး ရှိုက်၍ငိုလိုက်သည်။
"ကျုပ်ရင်ကွဲရပြီးပေါ့ တခင်မရယ်"
"သခင်မ သိပါတယ်ကွယ်။ ဒါပေမယ့် သခင်မတို့ နောက်ကျသွားပြီ" မျက်ရည်သည် သွယ်ကျလာ၏။
ဂျော့သည် မိခင်နှင့် ဒေါ်ကြီးချလိုဘေးသို့ ရောက်လာကာ နှစ်သိမ့်စကားဆိုသည်။ ဦးလေးတွမ် သေဆုံးရခြင်း အတွက် ဂုဏ်ယူဖွယ် ဖြစ်စေသော စကားကို ပြော၏။ ဦးလေးတွမ်၏ နောက်ဆုံး စကား တို့ကိုလည်း ပြော၏။
ထို့နောက် တလအကြာ တနံနက်တွင် ဂျော့ရှယ်လဗီသည် သူ့ခြံတွင်းရှိ သူ၏ကျွန်အား လုံးကို အိမ်ကြီး အတွင်း ခန်းမကြီး၌ စုဝေးစေလေသည်။ ထို့နောက် သူသည် သူ့လက်တွင်အသင့် ယူလာသော လွတ်လပ်ခွင့် လက်မှတ်များကို အားလုံးအား ဝေငှပေးလိုက်၏။
ပထမတွင် ဂျော့ရှယ်လဗီ၏ အပြုအမှုနှင့် ပတ်သက်၍ အားလုံးအံ့သြနေ၏။ ထို့နောက် တွင်ကား ကျွန် အားလုံးသည် ခွဲခွာရမည်အတွက် ၀မ်းနည်းပန်းနည်း ဖြစ်ကြရပြန်သည်။ ငိုယိုသူတို့ လည်း ငိုယိုကြ လေသည်။
"မိတ်ဆွေတို့။ ယခုကျနော် ခင်ဗျားတို့အားလုံးသလို လွတ်လပ်ခွင့်ပေးတာဘဲ။ ဒီအတွက် ကျနော်တို့နဲ့ ခွဲခွာ ကြရမယ်ဆိုတဲ့သဘော မဟုတ်ဖူး။ ခွဲခွာစရာလည်း မလိုပါဘူး။ ဒီနေရာမှာ မိတ်ဆွေတို့ကို ရှေးက အတိုင်းဘဲ အလိုရှိနေပါတယ်။ ဒါပေမယ့် မိတ်ဆွေတို့ကို နှောင်ဖွဲ့ထားဘို့ ရာ အလိုမရှိပါဘူး။ မိတ်ဆွေ တို့ဟာ လွတ်လပ်တဲ့ အမျိုးသား အမျိုးသမီးတွေ ဖြစ်ကြပြီ။ ခင်ဗျား တို့ဒီမှာ အလုပ်လုပ်နိုင်တယ်။ အလုပ် လုပ်တာ နဲ့ အမျှ ထိုက်သင့်တဲ့ လခ ရကြမယ်။
ဒီကိစ္စမှာ အကျိုးထူးတာက ကျနော့်မှ ကြွေးတင်လို့ဘဲဖြစ်စေ၊ ကျနော်သေသွားလို့ဘဲဖြစ်စေ။ မိတ်ဆွေတို့ ကို ဘသူ ကမှမရောင်းချနိုင်တဲ့ အကျိုးကျေးဇူးဘဲ။ ဒီတော့ မိတ်ဆွေတို့ဟာ ဒီခြံကြီးမှာ ရှေးကလိုဘဲ လုပ်ကိုင် သွားလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ တချိန်ထဲမှာဘဲ လွတ်လပ်တဲ့အမျိုးသမီးတွေ ဟာ သူတို့ရဲ အခွင့်အရေးကို ဘယ်လိုအသုံးချရမယ်ဆိုတာကိုလဲ ကျနော်သင်ပြပေးမယ်။ ခင်ဗျား တို့ဟာ သင်ယူ လေ့လာနိုင်တဲ့ လူကောင်းတွေဘဲလို့ ကျနော်ယုံကြည်တယ်။ ကျနော် ခင်ဗျားတို့ ကို ပညာပေးသင်ပြပါမယ်။ မိတ်ဆွေတို့ခုလို ခင်ဗျားတို့ကို လွတ်မြောက်မှုအတွက် ဖုရားသခင်ရဲ့ ကျေးဇူးတော် ကို အောက်မေ့ကြပါလို့ ကျနော်ပြောလိုပါတယ်"
ထိုအခါ ဆံပင်ဖြူဖွေး၍ မျက်စီကွယ်နေပြီ ဖြစ်သော အဖိုးကြီးတစ်ယောက်က ဖုရားသခင် ၏ ကျေးဇူးတော် ကို အောက်မေ့ကြောင်း ဓမ္မသီချင်းကို တိုင်ပေးလိုက်လေသည်။ အားလုံးလိုက်၍ ဆိုကြ၏။
"နောက် တစ်ခု ကျနော် ပြောချင်တာကတော့မိတ်ဆွေတို့ အားလုံးဟာ ကျနော် ပြောချင် တာကတော့ မိတ်ဆွေ တို့ အားလုံးဟာ ကနော်တို့ရဲ့ မိတ်ဆွေကောင်းကြီး ဦးလေးတွမ်ကို အမြဲ သတိရနေကြပါလို့ဘဲ" ဂျော့ရှယ်လဗီ သည် စကားစကို ပြန်ကောက်ပြီး ဦးလေးတွမ် သေဆုံးရပုံ အကြောင်းနှင့် ဦးလေးတွမ် ၏ နောက်ဆုံး နှုတ်ဆက်စကားတို့ကို ပြောပြသည်။
"မိတ်ဆွေတို့။ ကျနော်ဟာ ဘယ်တော့မှ ကျွန်ပိုင်ဘ၀မှာ မရပ်တည်ပါဘူးဆိုတဲ့စကားကို သူရဲ့ သင်္ချိုင်းပုံပေါ်မှာဘဲ ဖုရားသခင်ကို တိုင်တယ်ပြီး ပြောခဲ့ပါတယ်။ ကျနော်ကြောင့် ဘယ်လိုလူ မျိုးမှ အိုးကွဲ အိမ်ကွဲဆွေကွဲ မျိုးကွဲအဖြစ်နဲက သူသေသလို မသေစေရပါဘူးလို့ပဲ ကျနော်ပြောခဲ့ပါ တယ်။ ဒါကြောင့် ခင်ဗျား တို့ ခုလိုလွတ်လပ်မှု အရသာကို ခံယူရတာဟာ သူရဲ့ ကျေးဇူးတရား ဖြစ်တယ်လို့လဲ မှတ်ယူ စေချင် ပါတယ်။ ဒီအတွက် သူ့ဇနီးနဲ့ သူ့သားသမီးတွေတို့ စောင့်ရှောက် ကြပါလို့လဲ ကျနော် ပြောလိုပါတယ်။ ဦးလေးတွမ်ရဲ့ တဲကလေးကို မြင်ရတိုင်း ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးကို သတိရကြပါ။ ဦးလေးတွမ်ရဲ့ လမ်းစဉ်ကို သတိရကြပါ။ ဦးလေးတွမ်ရဲ့ တဲကလေး ဟာ ဦးလေးတွမ်ရဲ့ ရိုးသားတဲ့၊ သစ္စာရှိတဲ့၊ ခရစ်ယန်ကောင်းတစ်ယောက် ပီသတဲံ အဖြစ်ကို ဖော်ပြနေတာဘဲဆိုတာကို အမှတ်တရ ဖြစ်စေချင်ပါတယ်။ မိတ်ဆွေတို့အားလုံးဟာလဲ ဦးလေးတွမ်ရဲ့ လမ်းစဉ်းအတိုင်း လိုက်နာ ကျင့်သုံး ကြစေ ချင် ပါတယ်"

"နိဂုံးမှတ်ချက်"
ဖော်ပြပါ ဇာတ်လမ်းနှင့် ပတ်သက်၍ နိုင်ငံတွင်းရှိ နေရာအနှံ့အပြားကပင် စာရေးသူထံသို့ စာရေး၍ ထိုဇာတ်လမ်းသည် အဖြစ်မှန် ဟုတ်မဟုတ် စုံစမ်းလာကြပါသည်။ ထိုစာများနှင့်ပတ်သက် ၍ စာရေးသူသည် တပေါင်း တစည်းတည်း ပြန်ကြားရပါမည်။
ဤဇာတ်လမ်းသည် စာရေးသူ၏ မိတ်ဆွေများနှင့်တကွ စာရေးသူကိုယ်တိုင် တွေ့ကြုံခဲ့ရ သော နိုင်ငံနှင့် အ၀န်း ဖြစ်ရပ်မှန်များ၊ အချက်အလက်မှန်များကို ဖွဲ့စည်းပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဇာတ်လမ်းပါ ဇာတ်ဆောင် အများအစုမှာလည်း စာရေးသူနှင့် စာရေးသူ၏မိတ်ဆွေများ တွေ့ကြုံခဲ့ရသူများ ဖြစ်ပါသည်။ ဇာတ်ဆောင် တို့၏ ပြောစကားအများသည်ပင်လျှင် စာရေးသူ ကိုယ်တိုင် ကြားနာခဲ့ရသော စကား လုံးများ။ အချို့မှာ စာရေးသူတဆင့်ကြားရသော စကားလုံးများ ဖြစ်ကြပါသည်။
ဇာတ်လမ်းပါ အယ်လစ်ဇာနှင့် ပတ်သက်သမျှ ဖော်ပြချက်တို့သည် တကယ့်လူပုဂ္ဂိုလ်တစ် ယောက်၏ ဖြစ်ရပ် ကို မူတည်ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဦးလေးတွမ်သည် စာရေးသူ၏ ကိုယ်တွေ့ ဇာတ်ဆောင် တယောက် ကို အရင်းခံပါသည်။ သူတို့၏ ၀မ်းနည်းဖွယ်၊ ကြည်နုးဖွယ်နှင့် အချို့သော စက်ဆုပ်ဖွယ် ဖြစ်ရပ်များ မှာလည်း ထိုအမှန်တကယ် လူပုဂ္ဂိုလ်တို့၏ ဖြစ်ရပ်မှန်များကို အခြေပြု ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ အို ပိုင်အိုးမြစ်ကို အယ်လီဇာ ဖြတ်ကူးသော အဖြစ်အ ပျက်သည် အမှန်တကယ် အထင်အရှား ရှိပြီး အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။ ၀တ္တုပါ အဖွားကြီး ပရှုးအကြောင်းမှ ထိုစဉ်က နယူးအောလင်းရှိ ကုန်ရုံ တခုတွင် အမှုထမ်းနေသော စာရေးသူ၏ မောင်တယောက် မြင်တွေ့ခဲ့ရသည့် အဖြစ်မှန် ဖြစ်လေသည်။ လက်ဂရီးသည်လည်း ထိုစာရေးသူ ၏မောင် တွေ့ခဲ့ဖူးသော တောင်ပိုင်းဝါခင်းပိုင်ရှင် တယောက် ကို ကိုယ်စားပြု ဖော်ပြထားခြင်းဖြစ်၏။
ဦးလေးတွမ်း သေဆုံးရသော အဖြစ်မျိုးကိုကား အများအပြား တွေ့နိုင်ပေသည်။ တခု သတိပြုရမည်မှာ တောင်ပိုင်းပြည်နယ်များ ၏ တရားဥပဒေဆိုင်ရာ အပိုင်းဖြစ်ပေသည်။ ထိုဒေသ၌ မည်သည့် အသားမည်း မှန်သမျှ လူဖြူ တစ်ယောက်၏ ပြစ်မှုတစ်ခုအတွက် သက်သေလိုက်နိုင်ခွင့် မရှိဟူသော အချက်ဖြစ်သည်။ မည်သည့် ကျေးကျွန် သည်မျှ သခင်တယောက်၏ မည်သို့သော စီရင်မှုမျိုးကိုမဆို လွန်ဆန်နိုင်သော ကာကွယ် နိုင်ခြင်း မရှိပေ။
ဤသို့သော မတရားမှုဖြင့်သာလျှင် ကျွန်စနစ်ကို တည်တံ့စောကြခြင်း ဖြစ်လေသည်။
အမ်မလင် နှင့် ကက်ဆီကဲ့သို့ မိန်းမချော ကလေးများကို ရောင်းချဝယ်ယူကြကုန်သော အရှက်ကင်းမဲ့ လှသည့် အပြုအမှုမျိုးမှာလည်း အမှန်တကယ်ပြုမှု ကျင့်ကြံခဲ့ကြောင်း ထင်ရှားသော အထောက်အထားများ ရှိခဲ့ဖူး ၏။
စာရေးသူ ဖြော်ပသည့် စိန့်ကလဲယားကဲ့သို့သော တရားနှင့် လူမျိုးသည်လည်း စစ်စစ်မရှိ မဟုတ်။ သူလို့ လူမျိုးအကြောင်းကိုလည်း စာရေးသူ ကြားခဲ့၊ သိခဲ့ရ၏ ထိုကဲ့သို့သော လူမျိုးရှိ သေး၍သာ စာရေးသူ တို့အဖို့ အတန်ငယ် ဖြေသာစရာရှိသည်ဟူ၍ကား ဆိုနိုင်၏။ သို့သော ထိုကဲ့သို့သော လူမျိုးမှာ မည်မျှ ရှိပါ မည်နည်း။ နေရာတကာမှာ တွေ့နိုင်ပါမည်လား။
စာရေးသူသည် ကျွန်မွေးမြူးနှင့် ပတ်သက်၍၎င်း၊ ယင်းတို့အကျိုးပြု၍၎င်း၊ ရေးသားဖော်ပြ သော စာရွက် စာတန်းများကို ဖတ်ရမည့်အတွက် စိတ်မချမ်းမြေ့ခဲ့ပေ။ ထို့ကြောင့် ထိုစာမျိုးကို မဖတ်မိအောင် ရှောင်ရှားခဲ့ ပေသည်။ သို့စေကာမူ ၁၈၅၀ ခုနှစ်တွင် ပြဌာန်းလိုက်သော ဥပဒေနှင့် ပတ်သက်၍မင စာရေးသူသွားသော မရ တော့ပေ။
ထိုဥပဒေ မှာ ထွက်ပြေး လွတ်မြောက်သွားသော ကျွန်များကို ထိန်ချန်မထားရန်၊ အားမပေးရန်၊ မတူညီရန်၊ တားမြစ်ပြီး၊ ထိုကဲ့သို့သော ကျွန်များကို ကျွန်စာရင်းသို့ ပြန်သွင်းရန် ပြဌာန်းထားသော ဥပဒေ ဖြစ်လေသည်။ ထိုဥပဒေကို လူစိတ်ရှိသည်ဆိုသော လူများ၊ ခရစယန်များ ကိုယ်တိုင်က ထောက်ခံကာ နိုင်ငံကြီးသား တို့၏ မရှောင်မလွဲသာသော တာဝန်ကြီးအဖြစ် မြောက်ပိုင်း ပြည်နယ်များ၌ပင် လက်ခံ လာကြ လေသည်။ ထိုအခါ ဤဥပဒေနှင့် ပက်သတ်၍ မြောက်ပိုင်းပြည်နယ်ကလူများ ပြောဆို ဆွေးနွေး လာကြ သည်ကို စာရေးသူသည် မရှောင်မလွဲသာ ကြားလာရပေသည်။ စင်စစ်မှု ထိုခရစ်ယန်များ၊ လူသား များ သည် ကျွန်စနစ်၏ သဘောအမှန်ကို မသိကြ၍သာ ဤဥပဒေကို ဆွေနွေးကြသည်ဟု စာရေးသူ သဘော ရမိပါသည်။ ကျွန်စနစ်သာမရှိလျှင် ဤဥပဒေမျိုးသည် ဆွေးနွေးစဉ်းစားစရာ ပြဿနာတခု ဖြစ်လာ နိုင်မည် မဟုတ်ပေ။
စာရေးသူသည် တောင်ပိုင်းရှိ စိတ်သဘောထားမြင့်မြတ်သူ၊ သဘောထားပြည့်ဝသူ၊ စိတ်ထား ဖြူစင် သူများကို ပန်းကြားလို့ပါသည်။ သင်တို့သည် ဤစနစ်ကြောင့် ဖြစ်ပွားပေါ်ပေါက် နေသော ဖြစ်ရပ်များ အတွက် စိတ်မချမ်းမမြေ့ မဖြစ်ပဲနေကြသလော။ သတို့လို လူကောင်း သူကောင်းတွေ ရှိနိုင် သလို၊ ရက်စက်ယုတ်မာသော ကျွန်ပိုင်ရှင်ကြီး အများပင် သင်တို့ပတ်လည် တွင် ရှိကြသည် မဟုတ်လော။ ကျွန်စနစ်ကြီး ကို ဤသူတို့အားဖြင့် ပေါ်ပေါက်စေသည် မဟုတ် လော။ သင်တို့စိတ်ထား ကောင်းရုံ မျှဖြင့် မပြီး။ အများစုလည်း လူယုတ်မာ၊ လူရမ်းကားများသာ ဖြစ်ကြသည်မဟုတ်လော။
အမေရိကန်တရားဥပဒေအရ တည်ရှိနေသော ကျွန်ကုန်ကူးလုပ်ငန်းသည် ဒမြတိုက်ခြင်း လုယက်ခြင်း ဖြစ်လေသည်။ အာဖရိကတိုက် ကမ်းခြေတလျှောက်၌ ကျွန်ကုန်သည်များရှိနေ ခြင်းသည်မှာလည်း အမေရိက နိုင်ငံက ကျွန်စနစ်ကြောင့်ပင်ဖြစ်လေသည်။
ယခု စာရေးသူသည် များလှထွေထွေ ဒုက္ခပင်လယ်ဝေနေကြရသော လတ်တလော ဖြစ်ရပ်များမှ အချို့ အ၀က် ကိုသာဖော်ပြခဲ့ခြင်းဖြစ်လေသည်။ စာရေးသူ၏ ဖော်ပြချက်သည် မထင်မရှားသော ပန်းချီးကား တချပ်မျှသာ ဖြစ်ပေသည်။ စင်စစ်အားဖြင့်မှု ထိုဖြစ်ရပ်တို့ထက်မက စာရေး ဖော်ပြခြင်းငှားလည်း မစွမ်းသာ၊ နှုတ်ပြောဖြင့်လည်း မပြည့်စုံမထင်ရှားနိုင်သည့် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်အများမှာ ယခုအခါ တွင် အမေရိကန်တရား ဥပဒေ၏ အရိပ်ကိုခို လှုံကာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ရိပ်အောက် ဤနေရာ တွင် နေ့စဉ်နှင့်အမျှ နာရီနှင့်အမျှ ဖြစ်ပွားပေါ်ပေါက်နေကြသည်သာတည်း။
အမေရိကန်လူမျိုး အမျိုးသား အမျိုးသမီး အပေါင်းတို့။ ဤကိစ္စအတွက် ၀န်ချ တောင်းပန် ရုံမျှ ဖြင့်သော်၎င်း၊ ဤကိစ္စအမှတ်မထင် ပြုခြင်းဖြင့် သော်၎င်း အသေးအဖွဲ့ ကိစ္စတစ်ခုအဖြစ် ပြုမှု ကြအံ့လော။ ဤကိစ္စ သည် အားပေး အားမြှောက်ပြုစရာ ကိစ္စမျိုးပင်လော။ ဤကိစ္စသည် အားပေးအားမြောက်ပြုစရာ ကိစ္စ မျိုးပင်လော။ ဤကိစ္စကို သင်တို့ အကာအကွယ် ပေးကြမည် လော။
အမေရိကန် မိခင်အပေါင်းတို့။ သင်တို့သည် သင်တို့ရင်သွေး၏ ပခက်ဘေးမှာပင် မိခင် ၏မေတ္တာ၊ လူသား၏မေတ္တာကို သင်ယူခဲ့ကြ၏ သင့်ရင်သွေးကို သင်ချစ်သည်။ သင့်ရင်သွေး၏ ရှုမငြီးအသွင်ဖြင့် သင်ပျော်ရွှင်၏ အပြစ်မဲ့ ရင်သွေးအတွက် သင်ကြည်နူးရ၏ မိခင်၏မေတ္တာကရုဏ ဖြင့် သင့်ရင်သွေးကို သင်ကျွေးမွေးပြုစု၏ သင်ပညာသင်ပေး၏ သင့်ရင်သွေးအတွက် သင်တို့သည် ဖုရားရှေ့တွင် စိုးရိမ်တကြီး ဆုပန်တတ်ကြ၏။ သင်တို့အား ကျွန်ုပ် အနူးအညွှတ် တောင်းပန်ပါရ စေ။ မည်သည့် တရားဥပဒေကမျှ အကာ အကွယ် မပေး၊ လမ်းညွှန်မှုမပေးနိုင်သော ရင်သွေးငယ်အ ပေါ်၌ သင်နှင့်ထပ်တူ၊ ချစ်မြတ်နိုး တတ်သော မိခင်တို့အား သနားကြင်နာကြပါကန်။
မမာမကျန်းဖြစ်နေသော သင့်ရင်သွေး၊ သေလုအံ့ ရောဂါခံစားနေရသော သင့်ရင်သွေး၏ မျက်လုံးအစုံကို သင်ဘယ်သောအခါမျှ မေ့နိုင်မည်မဟုတ်ပေ။ သင့်နှလုံးသည်းပွတ်တွင် မချိတင် ကဲ စွဲထင်ကျန်ရစ်သော သင့်ကလေး ၏ နောက်ဆုံးငိုသံ၊ သင့်ကလေး အသက်ဆုံးရှုံးရသော အဖြစ် တို့ကို သင်ကြုံဘူး မည် မဟုတ်လား။ ကျွန်ုပ် အနူးအညွှတ်တောင်းပန်ပါသည်။ အမေရိကန် ကျွန်ကုန်သွယ်မှုကြောင့် သားမဲ့ သမီးဆုံး ဖြစ်ကြရသော မိခင်များကို သနားကြင်နာကြပါကုန်။
အမေရိကန် မိခင်အပေါင်းတို့။ ဤကျွန်စနစ်ကို အကာအကွယ်ပြုကြအံလော။ ထောက်ခံ ကြအံ့လော။ မသိ စကျွန်ပြုကာ နှုတ်ဆိတ်နေကြအံ့လော။
လွတ်လပ်သော နိုင်ငံသားများအနေနှင့် ဤကိစ္စမှာ ဘာမျှမပက်သတ်ဟုမှတ်ယူအံ့လော။ ဤကိစ္စ အတွက် ဘာမျှမဆောင်ရွက်နိုင်တော့ဟု မှတ်ယူထားကြအံ့လော။ ဖုရားသခင်အဖို့ ဤကိစ္စကို အားပေး နေခြင်း၊ အကာအကွယ်ပြုနေကြခြင်း၊ ဤကိစ္စတွင် ပါဝင်ဆောင်ရွက် နေခြင်းသည်ပင်လျှင် ဖုရားသခင် ၏ ရှေ့မှောက် တွင် ပြစ်မှုကျူးလွန်နေကြခြင်း ဖြစ်ပေသည်။
အို၊ခရစ်ယန်ဝင် အပေါင်းတို့။ ထိုဒုက္ခသယ် ကြမ္မာဆိုးအပေါင်းတို့အပေါ် သင်တို့ အဘယ် သို့သော ကြွေးမြီတင်ရှိနေပြီးနည်း။ အမေရိကန် တမျိုးသားလုံး မိုက်မှားပြုကျင့်မှုကြောင့် အာဖရိက အမျိုးသား များအပေါ် သင်တို့လျော်ကြေးပေးဆပ်ရန် တာဝန်ရှိသည်မဟုတ်လော။ သင်တို့သည် သူတို့မလာ မ၀င်နိုင်အောင် စာသင်ကျောင်း တံခါးများကို၎င်း၊ ဖုရားရှိခိုးကျောင်း တံခါးများကို၎င်း၊ ပိတ်ထား ကြမည်လော။ခရစ်တော်၏ ကျောင်းသင်ခန်းရှေ့၌ သူတို့လက်ဆန့် တန်း၍ တောင်းပန်တိုးရှိုး အကူအညီ တောင်းခံလာသည်ကို မသိစကျွန်ပြုကာ ခပ်မဆိတ်နေမည် လော။ ယူကျုံးမရဖွယ်သာတည်း။
သို့ဖြစ်ရာတွင် သင်တို့သည် ထိုအာဖရိကတိုက်သားတို့ကို အလိုမရှိ၊ အာဖရိကသို့ ပြန်ပို့ကုန်ဟု တာဝန်မဲ့ စကားဆိုမည်လော။ စင်စစ် ကျွန်ုပ်တို့ကို သူတို့အားလက်ခံရမည်။ ကြိုဆိုရ မည်။ ပြုစုရမည်။ အထူးသဖြင့် ကား အသိပညာဖြင့် ကြွယ်ဝစေမည်။
ယေဘုယျအားဖြင့် အနှောင်အဖွဲ့ကလွတ်ပြီး ကျွန်တယောက်သည် ပညာသင်ကြားရေးကို အဓိကထား၍ တောင့်တကြသည်သာဖြစ်သည်။ ထိုသူတို့သည် သူ့တို့၏ရင်သွေးများအား ပညာမပေးလိုသည်၊ မညွှန်ပြ လိုသည်၊ မပဲ့ပြင်လိုသည်ဟူ၍ မရှိကုန်။ စာရေးသူ၏ အတွေ့အကြုံ အရ သူတို့သည် သင်ယူ လိုကြသည်။ ညဏ်လည်း ထက်မြတ်ကြသည်သာ။
ကျွန်ုပ်တို့အဖို့ ဤအချိန်သည်ကား အမင်္ဂလာ အချိန်သာတည်း။ မြောက်ပိုင်း တောင်ပိုင်း နှစ်ခုစလုံး သည်ပင် ဖုရားသခင်ရှေ့မှောက်တွင် ပြစ်မှုများကျူးလွန်နေကြခြင်း ဖြစ်၏။ ယင်းကို ခရစ်ယန် ဖုရားရှိခိုး ကျောင်းတို့ကလည်း နှုတ်ဆိတ်ရေငုံ လုပ်နေကြ၏။ ဤအဓမ္မမှုများ၊ ရက်စက်မှုများကို အများစုပေါင်း၍ အကာ အကွယ်ပေးမထားဘဲ ဧရာမ စုပေါင်းပြစ်မှုကြီးအဖြစ် စုပေါင်းကျူးလွန်သည့် အဖြစ်မျိုးသို့ အရောက် မခံဘဲ ဤအမှုအတွက် ကြေကွဲဝမ်းနည်းခြင်း၊ တရားမျှတခြင်း၊ အကြင်နာတရားထားခြင်းတို့ကို ပွားများ စေမှသာလျှင် ဤပြည်ထောင်စုကြီးကို ကယ်တင်ရာ ရောက်မည် ဖြစ်ပေသနည်း။
ပြီးပါပြီ
ယခု ဆောင်းပါးလေး ဟာ မဂ္ဂဇင်း ထဲမှာ ဖော်ပြထားပြီးသား ဘာသာပြန် ဆောင်းပါးလေးပါ ... တဆက် တည်း ဖော်ပြပေးလိုက်ပါတယ် ...
ဂျင်မ်ခရိုးအတွက် အမှန်တရား
စာရေးသူ - ဦးခင်မောင်ဆွေ
စာရေးသူ - ဦးခင်မောင်ဆွေ
ဂျင်မ်ခရိုး (Jim Crow) ဆိုတာဟာ တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာ လူဖြူ မဟုတ်တဲ့ အသားအရောင်ရှိသူ လူမည်းကပ္ပလီတွေကို ခေါ်ဝေါ်တဲ့နာမည်ပါ၊ တနည်းအားဖြင့် သည်အမည်နာမဟာ အမေရိကန် ပြည်တွင်းစစ်ကြီး (၁၈၆၁-၆၅)အပြီး ၁၉-ရာစုအလယ်ပိုင်းလောက်ကနေ ၂၀-ရာစု အလယ်ပိုင်း လောက် (၁၉၆၅)အထိ တရားဝင်ကျင့်သုံးခဲ့တဲ့ လူမျိုးခွဲခြားရေးဇတ်စနစ် (racial caste system) ကို ရည်ညွှန်း ပါတယ်။ သည်စနစ်ပေါ်ပေါက် တည်ရှိနိုင်ခဲ့အောင်လည်း ဂျင်မ်ခရိုး ဥပဒေ (Jim Crow Law) ဆိုတာ ကိုလည်း ပြဋ္ဌာန်း ထားမှု ရှိခဲ့တာပါ။ အတိတ်ကာလမှာ အသားအရောင်ရှိမှုကို သိစွမ်း ဥာဏ်ရည် မပြည့်မှီမှုနဲ့ ညီမျှခြင်းချခံထားခံခဲ့ ရသူတွေရဲ့ သည်ကနေ မျိုးဆက်တွေမှာ ဘယ်လိုနောက်ဆက်တွဲ အကျိုးဆက် တွေ တွေကြုံ ခံစားနေရပါသလဲ။
လူမည်းတွေကို ဂျင်ခရိုးဆိုတဲ့အမည်နဲ့ ခေါ်တွင်ခဲ့ရခြင်းမှာ သမိုင်းဝင်နောက်ကြောင်း ဖြစ်ရပ် ရှိနေခဲ့ပါ တယ်။ ၁၈၂၈ပြည့်နှစ်တဝိုက်လောက်တုန်းက ပြည်နယ်စင်စင်နာတိ (Cincinatti) မြို့မှာ သောမတ်စ် ဒတ်မောက်ရိုက်ခ်(Thomas Darthmouth Rice) ဆိုတဲ့ လူရွှင်တော် ဟသ ဖျော်ဖြေရေး သမား တစ်ဦး ရှိခဲ့တယ်။ သူက သူမျက်နှာကို အိုမည်းသုတ်လိမ်းထားပြီး၊ ခပ်နွမ်းနွမ်း အဖါ အထေးတွေပါတဲ့ ဝတ်စုံဟောင်း ကို ဝတ်ဆင်လျက် ဗျတ်စောင်းကို တီးခတ်ပြီး (Jump Jim Crow) ဆိုတဲ့ သီချင်းကို ခပ်ရွှင်ရွှင် သီဆိုကာ ခုန်စွခုန်စွ ကခုန်ပြီး ဖျော်ဖြေတယ်။ သူကပြပုံကလည်း သည်မြို့မှာ တကယ်ရှိခဲ့တဲ့ ခြေတဖက် မသန် ထော့နေတဲ့ ဂျင်မ်ဆိုတဲ့ လူမည်းကပ္ပလီတစ်ယောက်ရဲ့ ကပြတဲ့ပုံစံကို အတုခိုးခဲ့တာပါ။ ရိုက်စ်ရဲ့ ကပြ ဖျော်ဖြေပုံက ရယ်စရာကောင်းလွန်းလို့ ရောက်လေရာမှာ လူစုလူဝေးနဲ့ ပွဲကျခဲ့တာ နောက်တော့ အမေရိကန် တစ်နိုင်ငံလုံးမှာ ရိုက်စ်ရဲ့ ဂျင်မ်ခရိုး အကနဲ့ သီချင်းဟာ ပျံ့နှံ့သွားပြီး လူသိသူသိများတဲ့အထိ ကျော်ကြား သွားခဲ့ပါတယ်။
သည်အချိန်တုန်းက လူမည်းတွေက ကျွန်အဖြစ်က မလွတ်မြောက်ကြသေးပါဘူး။ များသော အားဖြင့် သူတို့ တစ်တွေ ဟာ ကျွန်ပိုင်ရှင်ရဲ့ အလုပ်ခိုင်းစေချက်အောက်မှာ တိရိစ္ဆာန်တွေလို ရုန်းကန်ရလွန်းလို့ ဥပဓိရုပ်က ပိန်ညှော် ခြောက်ကပ်၊ အရိုးပေါ်အရေတင်၊ နရိုးငေါလော ပေါ်နေပြီးဘဝ လုံခြုံမှုလည်း ကင်းမဲ့ နေတဲ့ အကြောင်း ဂျင်မ်ခရိုးသီချင်းမှာ ထည့်သွင်း စပ်ဆိုထား တယ်လို ဆိုပါတယ်။
သည်အချိန်ကစလို အမေရိကားတစ်ခွင်မှာ ဂျင်မ်ခရိုးဆိုတာ အသားအရောင်ရှိ၊ လူမည်း၊ ကျေးကျွန်၊ ဥာဏ်ရည် ဥာဏ်သွေးအားဖြင့် အပြစ်အနာအဆာရှိသူဆိုတဲ့ ပုံရိပ်ကို ဖေါ်ဆောင်ပေးလိုက်သလို ရှိခဲ့ တာပေါ့။ တကယ်တော့ ဒါဟာ လူမျိုးတစ်မျိုးက တစ်မျိုးအပေါ်မှာ အာဃာတလွှမ်းတဲ့ သဘောထား အမြင်မျိုး ဖြစ်ပေါ် အောင် အမှတ်သကေင်္တ တံဆိပ်ခတ်နှိပ် (stegmatize) ပေးလိုက်သလို ရှိစေခဲ့တာပါ။ နောင်မှာ သိစွမ်း ဥာဏ်ရည်အားဖြင့် အပြစ်အနာအဆာရှိခြင်းဟာ မျိုးဗီဇပြဋ္ဌာန်းချက်ကြောင့် ဖြစ်ရတာ၊ ပြုပြင် ပေးလို့ လေ့ကျင့် ပေးလို့ကို မရနိုင်ဘူး ဆိုတဲ့ ပုံသေအစွဲပါတဲ့ အမြင်မျိုးအထိ ခြဲထွင်လာခဲ့တာပါပဲ။ တနည်း အားဖြင့် ကျွနစနစ်ကို လိုလားတဲ့ အစွန်း ရောက် လူဖြူတချို့ကတော့ ဒါဟာ ဂျင်မ်ခရိုးရဲ့ ဖြစ်တည်မှု အတွက် အမှန်တရားပဲလို့ တရားသေခံယူခဲ့ကြပါတယ်။
သမိုင်းထဲကဂျင်မ်ခရိုး
ဥာဏ်ရည်ဥာဏ်သွေးအားဖြင့် အပြစ်အနာဆာရှိတယ်လို့ မှတ်ယူခံရတဲ့ ဂျင်မ်ခရိုးအကြောင်း ပြောကြမယ် ဆိုလျင် သမိုင်းဖြစ်စဉ်ထဲမှ ဂျင်မ်ခရိုရဲ့ ဇာတိ ဥပတိ (identity) ဆင့်ကဲ ပြောင်းလဲခဲ့ရပုံကိုပါ ထည့်သွင်း ပြောမှ ပြည်စုံမှာပါ။
ဂျင်ခရိုးလို့ နာမည်ပြောင်နဲ့ ခေါ်တွင်ခံရတဲ့ အာဖရိကနွယ်ဖွား လူမည်းတွေဟာ ယခုအမေရိကန် ပြည်ထောင်စုကို ၁၈ရာစု စောစောပိုင်းလောက်မှာပဲ ငွေဝယ်ကျွန်တွေအဖြစ်နဲ့ ရောက်ရှိလာခဲ့ကြတာပါ။ ငွေကြေး အမြတ်အစွန်း ကြီးမားတဲ့ ကျွန်ကုန်ကူးသူ လူဖြူတွေက အာဖရိကတိုက်မှ လူမည်းကျွန်တွေကို အမေရိကန် နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ ဂျုံ၊ ကြံ၊ ဝါ စတဲ့ စိုက်ခင်းတွေမှာ ငွေဝယ်ကျွန်တွေအဖြစ် အလုပ် လုပ်ကိုင်ဖို့ လူဖြူမြေပိုင်ရှင် စိုက်ပျိုးရေးသမားတွေဆီမှာ လာရောက် ရောင်းချကြတယ်။ ဗာဂျီးနီးယာ၊ တောင်/မြောက် ကာရိုလိုင်းနား၊ မစ္စစပီ လူဝီဇယန်းနား၊ အဲလ်ဘားမား၊ တက္ကခ်ဆက် ပြည်နယ် တွေက စိုက်ခင်းတွေမှာ သူတို့ ကျွန် လုပ်သားအဖြစ် အလုပ်လုပ်ကိုင်ကြရတာပေါ။ သူတို့တစ်တွေဟာ အသက် တစ်ချောင်း ရှင်သန်မှုအတွက် အလုပ် လုပ်ကိုင်နေထိုင်မှုအခြေအနေ ရှုမြင်ကွင်းက ရင်နင့်စရာပါ။
ကျွန်ပိုင်ရှင်ကို ဆန့်ကျင်အာမခံတဲ့ ကျွန်တစ်ဦးကို ကြာပွတ်နဲ့ ရိုက်နှက်ခွင့်၊ ခန္ဓာကိုယ်ပေါ်မှာ သံပူနဲ့ အမှတ် တံဆိပ်ခတ်နှိပ်ခွင့် ကိုယ်လက်အင်္ဂါကျိုးပဲ့ ချိုတဲ့သွားတဲ့ထိ လုပ်ပိုင်ခွင့်ရှိတယ်။ သည်လို ကျွန်ပိုင်ရှင် က အပြစ်ပေးရာမှာ အသက်သေဆုံးသွားခဲ့လျှင်လည်း ကျွန်ပိုင်ရှင်သခင်မှာ အပြစ်တစ်စုံ တစ်ရာမရှိ ကင်းလွတ်ခွင့် ရှိတယ်လို့ သည်တောင်ပိုင်းပြည်နယ်တွေမှာ ပြဋ္ဌာန်းထားတဲ့ ကျင်ထုံးဥပဒေတွေက အကာ အကွယ် ပေးထားတယ်။ သည်ကျင်ထုံးဥပဒေကပဲ သည်ကျွန်တွေကို စာရေး စာဖတ် သင်ကြားပေးခွင့် မရှိဘူးလို့ အတိအလင်း ဆိုထားသေးတယ်။ ကျွန်ပိုင်ရှင်တစ်ဦးက ကျွန်မိသားစုဝင်တွေထဲက ခင်ပွန်းနဲ့ဇနီး၊ မိဘနှင့် သားသမီးတွေကို ခွဲပြီး တခြား ကျွန်ပိုင်ရှင်တစ်သီးဆီ ကို ရောင်းချပိုင်ခွင့်လည်း ရှိတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၁၄ယောက် မြောက်သမ္မတဖြစ်တဲ့ အေဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က သည်ကျွန်စနစ်ကြိးဟာ ဧရာမကြောက်ခမန်းလိလိမတရားမှုကြီး(monstrarous unjustic) ပါပဲလို့ မှတ်ချက် ချခဲ့တယ်။ သည်အချိန်မှာ နိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တွေ ဖြစ်ကြတဲ့ နယူးယောက်၊ ပင်ဆဲလ်ဗေးနီးယား၊ အိုဟိုင်အို၊ မစ်ချိဂန်၊ အီတလီနိုင်အင်ဒီယန်းနား အခြားပြည်နယ်စုစုပေါင်း ၁၅ပြည်နယ် တွေက အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံမှာ ပါရှိတဲ့အတိုင်း နိုင်ငံသားအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေး ရှိကြသည် လို့ ဆိုထားသည့်အတိုင်း လူသားအချင်းချင်း နိုင်ထက်ကလူပြုမှု နှိပ်စက် ညှင်းပန်း မှုပြုတဲ့ ကျွန်စနစ်ကို လုံးဝ ဥသုဉ် ဖယ်ရှား ပြစ်လိုကြတယ်။ တကယ်က မြောက်ပိုင်းပြည်နယ်တွေမှာ စက်မှုနဲ့ နည်းပညာ ထွန်းကားပြီး ခေတ်ရှေ့က ပြေးနေတာပါ။ မြောက်ပိုင်းပြည်နယ်တွေက နိုင်ငံရေးရာ ဦးဆောင် ဦးရွက်ပြုသူတွေ၊ တတ်သိ ပညာရှင်တွေဟာ အသိဥာဏ် ပွင့်လင်းတဲ့ အနာဂါတ်ဆီကို မြော်မြင်မှု ရှိခဲ့ကြသူ တွေပဲပေါ့။
သည် ဧရာမကြောက်ခမန်းလိလိ မတရားမှုကြီးကို လူဘောင်အဖွဲ့အည်းမှ အပြီးအပိုင် ဖယ်ရှားပြစ်ဖို့ သန္နိဋ္ဌာန်ချ လုပ်ဆောင်သွားခဲ့သူကတော့ သမ္မတအေဗရာဟင်လင်ကွန်းပဲ ဖြစ်ပါတယ်။ ၁၈၆၃ပြည့်နှစ် နှစ်ဆန်း ရက်မှာပဲ သူနဲ့ ရီပတ်ဘလည်ကင်ပါတီဝင်တွေ ပြုစုတဲ့ လူမည်းကျွန်တွေရဲ့ လွတ်မြောက်ရေး ကြော်ငြာ စာတမ်း (Emancipation Proclamation Bill) ကို သူကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ပါတယ်။ သိန်းသောင်းချီ ရှိတဲ့ လူမည်းကျွန်တွေကို လယ်ယာစိုက်ခင်းတွေမှာ အလုပ်စေခိုင်းထားတဲ့ အမေရိကန် နိုင်ငံတောင်ပိုင်းက မြေပိုင်ရှင်တွေ၊ လယ်ယာထွက်ကုန်စီးပွားလုပ်ငန်းရှင်တွေ၊ ကျွန်ပိုင်ရှင် တွေက သည်ကျွန်လွတ်မြောက်ရေး ကြေငြာ စာတမ်းကို ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ သူတို့က ကျွန်စနစ် ကို မပယ်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုကြီးကနေ ခွဲထွက်ရေးကို လှုံ့ဆော် စည်းရုံး လာကြတယ်။ တောင်ပိုင်းပြည်နယ်တွေ မဟာမိတ်ပြု အသင်းဖွဲ့ပြီး လက်နက်တပ်ဆင်ထားတဲ့ ကိုယ်ပိုင်တပ် တွေ (Confecdrate Army) ထူထောင်ကြတယ်။ ၁၈၆၃ပြည့်နှစ်ဝက်လောက်မှာပဲ ကျွန်စနစ်ဖျက်သိမ်းရေး သဘောထားကွဲလွဲမှု ပဋိပက္ခပေါ်မှာ အခြေခံပြီး မြောက်ပိုင်း ပြည်ထောင်စုတပ်တွေနဲ့ တောင်ပိုင်းခွဲထွက်ရေး မဟာမိတ်တွေ စစ်တိုက်ကြပါတော့တယ်။ သည်စစ်ပွဲကို သမိုင်းမှာ အမေရိကန် ပြည်တွင်း စစ်ကြီး (American Civil War) လို့ သမိုင်းတွင်ခဲ့တာပေါ့။ သည်ပြည်တွင်းစစ်ဟာ တကယ်က ၁၈၆၁ မှ ၁၈၆၅ပြည့်နှစ်အထိ လေးနှစ်ကျော်ကြာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအပါဝင် လူ အသက်ပေါင်း ၆၀çဝ၀ဝ၀လောက် ဆုံးရှုံးခဲ့ကြရတယ်။
မရှောင်လွှဲသာဘဲ တိုက်ခဲ့ရတဲ့သည်စစ်ပွဲမှာ လင်ကွန်းရဲ့ အဓိကရည်ရွယ်ချက်က ပြည်ထောင်စု မပြိုကွဲ ရေးပါ။ စစ်ကို နိုင်အောင် တိုက်နိုင်ခဲ့လျှင် ဆိုရွားတဲ့ ကျွန်စနစ်ကိုလည်း ဖျက်သိမ်းနိုင်မယ်ဆိုတာ သူက ကြိုတင် မြင်ထာခဲ့တာပေါ့။ တကယ်လည်းပဲ မြောက်ပိုင်းပြည်ထောင်စုတပ်တွေက အောင်ပွဲခံနိုင်ခဲ့ပါတယ်။
လူမည်းကျွန်တွေ လွတ်မြောက်ရေး ကြေငြာစာတမ်းအရ တောင်ပိုင်းပြည်နယ်တွေဟာ လူဖြူတွေရဲ့ ကျွန်ပိုင်ရှင် စနစ်ကို တရားဝင် လုံးဝဥသုဉ် ဖျက်သိမ်းရမှာ ဖြစ်ပြီး နိုင်ငံသားအားလုံးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဥပဒေက တန်းတူညီမျှ အကာအကွယ်ပေးမှုအားမခံချက်ကို ရပိုင် ခံစားခွင့် ရှိလာရမှာ ပါ။ သည့်အပြင် အမေရိကန်နိုင်ငံသား ဘယ်သူမဆို လူမျိုး၊ အသားအရောင်၊ ယခင် အတိတ်ကာလက ကျေးကျွန် ဖြစ်ခဲ့ရခြင်း စသည်ကို ထောက်ရှုစရာမလိုဘဲ မဲဆန္ဒပေးပိုင်းခွင့်ကို ဥပဒေ အရရော၊ နိုင်ငံတော်ကရော အကာ အကွယ်ပေးသည်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိတာပါ။
သို့ပေမယ် လူမည်းတွေရဲ့ ကံကြမ္မာလိုပဲ ဆိုရလေမလား လက်တွေ့ ဖြစ်ပေါ်လာခဲ့တဲ့ သမိုင်းလမ်း ကြောင်းမှာ လူမည်းကျေးကျွန်တွေရဲ့ လွတ်မြောက်ရေးက လွယ်ကူချောမွေ ဖြောင့်တန်းခြင်း မရှိခဲ့ပါဘူး။ ပြည်တွင်းစစ်မှာ ရှုံးနိမ့်သွားခဲ့တဲ့ တောင်ပိုင်းကွန်ဖက်ဒရိတ်တပ်တွေ လက်နက်ချက် အညံ့ခံပြီး စစ်ပြေငြိမ်း စာချုပ် မချုပ်ဆိုခင် ၁၈၆၅နှစ်မှာပဲ သမ္မတအေဗရာဧင်လင်ကွန်းဟာ မသမာသူတစ်ဦးရဲ့ လုပ်ကြံ သတ်ဖြတ် တာကို ခံလိုက်ရပါတယ်။ လင်ကွန်းရဲ့ ရာထူးနေရာမှာ ဒုသမ္မတလောင်း အရွေးခံသူ အင်ဒရူးဂျွန်ဆင် က ဆက်ခံခဲ့ပါ တယ်။ သူဟာ တောင်ပိုင်းသား ဒီမိုကရေစီပါတိကဖြစ်ကြောင်း ပြည်တွင်းစစ် လွန်ကာလမှာ မြောက်ပိုင်းနဲ့ တောင်ပိုင်းပြန်လည် ပေါင်းစည်းရေး ဦးစားပေးလို စိတ်ဇောသန် နေသူပါ။ ကျေးကျွန်ပိုင်ဆိုင်မှု စနစ်ကို တရားဝင် အတိအလင်း တားမြစ်ပိတ်ပင်ခဲ့ပေမယ့်လို့ လွတ်မြောက် လာတဲ့ အာဖရိကန် အမေရိကန်တွေရဲ့ နိုင်ငံသား အခွင့် အရေးနဲ့ တန်းတူညီမျှရေး စတာတွေကို ဥပဒေကြောင်း အရ အကာအကွယ်ပေးဖို့အတွက် စွမ်းစွမ်းတမံ မဆောင်ရွက်ဘဲ ပျက်ကွက် နေပါ တော့တယ်။

ဂျင်မ်ခရိုးဥပဒေသ (The Jim Crow Law)
သမ္မတ အေဗရာဟင်လင်းကွန်းသာ လုပ်ကြသတ်ဖြတ်ခြင်း မခံရဘူးဆိုလျှင် လူမည်းကျွန်တွေရဲ့ အြွကင်းမဲ့ လွတ်မြောက်ရေးသမိုင်က နောက်ထပ်နှစ်တစ်ရာနီးပါးကြာမှာ မဟုတ်ဘူးလို့ တွက်ဆစရာ ရှိပါတယ်။ အခုတော့ လင်ကွန်းရဲ့ နေရာကို ဆက်ခံတဲ့ အင်ဒရူးဂျွန်ဆင်ဟာ တောင်ပိုင်းသား မြေပိုင်ရှင် ကျွန်ပိုင်ရှင် တွေနဲ့ စေ့စပ်ညှိနှိုင်းပြီး သူရဲ့ ဦးဆောင်မှုအောက်မှာ လူမည်းကျင့်ထုံးဥပဒေသ (သို့) လူမည်း ကိုဓ ဥပဒေ(Black Codes) ကို ရေးဆွဲပြဋ္ဌာန်း လိုက်ကြပါတယ်။ သည်ဥပဒေအရ ဒေသခံ ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က လူမည်းတွေရဲ့ စည်းရုံးဖွဲ့စည်းခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်နဲ့ ခရီးသွား လာခွင့် တွေကို ကန့်သတ်ကွပ်ညှပ်ထား တယ်။ သို့ပေမယ့်လည်း ၁၈၇၅ပြည့်နှစ်မှာ လူမည်းတွေရဲ့ နိုင်ငံသား အခွင့်အရေး ကို ကွန်ဂရက်လွှတ်တော်က အတိအလင်း အသိအမှတ်ပြုပေးတဲ့(The Civil Right Act - 1875) ကို ပြဋ္ဌာန်းအတည်ပြုထားခဲ့တာပါ။
ဒါပေမယ့်လို့ တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ လူဝီဇယန်းနားပြည်နယ် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က ကွန်ဂရက် ရဲ့ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုပြီး ဇတ်စနစ်သဖွယ် လူမျိုးခွဲခြားရေးကို တရားဝင်ခွင့်ပြုရာ ရောက်တဲ့ ကျင့်ထုံးဥပဒေ (racial segregation Law) စတင် လက်ခံကျင့်သုံးပါတော့တယ်။ သည် ဥပဒေ အရ လူဖြူနဲ့ လူမည်းတွေဟာ သီးခြားစာသင်ကျောင်း၊ သီးခြား မီးရထားတွဲ၊ သီးခြားဘတ်စ်ကားထိုင်ခုံ၊ သီးခြား စာကြည့်တိုက်၊ သီးခြားစားသောက်ဆိုင်၊ သီးခြားဟိုတယ်၊ သီးခြားကျန်းမာရေးဝန်ဆောင်မှု၊ နောက်ဆုံးပိတ် အများပြည်သူ သွားလာရာနေရာမှာရှိတဲ့ သောက်ရေတိုင် တောင်မှ သီးခြားနေရာ ခွဲခြား ထား ရှိတာပါ။ မလိုက်နာသူဟာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူ ရုံးတင် အပြစ်ပေးတာကို ခံကြ ရပါတယ်။
အသားအရောင်ပေါ် မူတည်ပြီး သည်လို လူဖြူနဲ့ လူမည်း အခွင့်အရေး ခွဲခြားမှု ကျင့်သုံးတဲ့ ဥပဒေကို ဂျင်မ်ခရိုး ဥပဒေသ(Jim Crow Law) လိုလည်း သမိုင်းမှာ တွင်ကျန်ရစ်ခဲ့တာပေါ့။ တောင်ပိုင်းပြည်နယ် အာဏာ ပိုင်တွေက သည်လိုကျင့်သုံးတာကို သီးခြားဖြစ်၏ သို့သော် တန်တူညီမျှမှု ရှိပါ၏။ (Seperate but equal) ဆိုပြီး သဘာဝမကျတဲ့ အတုအယောင်စနစ်ကို ဖုံးကွယ်တဲ့ အမည်ကို ပေးခဲ့ကြတယ်။ သည်ခေတ် စနစ်အောက် မှာ လူမည်းတွေက နိုင်ငံသား အခွင့်အရေး အပြည့်အဝ မရရှိ မခံစားရဘဲ နောက်ထပ် အနှစ် တစ်ရာ ဆက်လက် ဖြတ်သန်းခဲ့ကြရပါတယ်။
သည်နေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းဝင် အဖြစ်ပျက်မှုကတော့ ၁၈၇၅ပြည့်နှစ်၊ ကွန်ဂရက် လွှတ်တော် က အတည်ပြုပေးခဲ့တဲ့ နိုင်ငံသားအက် ဥပဒေနဲ့ ပတ်သက်ပြီး ထောက်ခံသူနဲ့ ဆန့်ကျင်သူ တွေက နိုင်ငံဗဟိုတရားရုံးချုပ်ရောက်သည်အထိ အငြင်းပွားတရား ရင်ဆိုင်ကြရာမှာ သည်နိုင်ငံသား အက်ဥပဒေ ရဲ့ နည်းပညာပိုင်းနဲ့ ဟာကွက်တွေကို ထောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်အစိုးရ ကိုယ်၌ ရဲ့လူမျိုးခွဲခြား ဆက်ဆံမှုပြုခြင်းကို တားမြစ်တာ ဖြစ်တယ်။ နိုင်ငံသားလူပုဂ္ဂိုလ် တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ခွဲခြားဆကဆံမှုပြခြင်းကို တားမြစ် မထားဘူးဆိုပြီး လူမျိုးခွဲခြားရေး ကျင့်ထုံးဥပဒေ (rail segregation Law or Jim Crow Law) ကို ဆက်ပြီး ကျင့်သုံးခွင့် ပြုတဲ့ စီရင်ချက် ချမှတ်ခဲ့မှုပါပဲ။
သည်လိုနှင့် ကျွန်ဘဝ လွတ်မြောက်လာတဲ့ လူမည်းတွေဟာ နောက်ထပ် ရာစုနှစ်တစ်ခု ကြာသည်အထိ မိမိတို့ရဲ့နိုင်ငံသား အခွင့်အရေး တင်းပြည်ကျပ်ပြည် ရရှိရေးအတွက် မျိုးဆက်သစ်တွေ တဆက်ပြီးတဆက် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရတာပေါ့။ နောက်ဆုံး ၁၉၆၄ပြည့်နှစ်မှာ သမ္မတ လင်ဒွန်ဘီ၊ ဂျွန်ဆင် (Lyndon B. Johnson) လက်ထက်မှာ လူမျိုးခွဲခြား ကျင့်သုံးတဲ့ ဂျင်မ်ခရိုးဥပဒေကို ဆက်လက်မတည်ရှိ နိုင်တော့ဘူး လို့ မိန့်ခွန်းပြောဆိုပြီး ကွန်ဂရက်ရဲ့ နိုင်ငံသားအက်ဥပဒေ(Civil Right Act.1964) ကို အတည်ပြု ပြဋ္ဌာန်း ပေးလိုက် တယ်။
လူမည်းတွေ တန်းတူညီမျှ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့်စတဲ့ အခြေခံ လူအခွင့်အရေး တွေ ရရှိခံစား ခွင့်ရရှိလာကြတယ်။ သို့ပေမယ့် သည်အခွင့်အရေးတွေ လက်တွေ့ဘဝ နယ်ပယ် ထဲမှာ လက်ငင်းအကောင်းအထည် ပေါ်လာအောင် တောင်ပိုင်းပြည်နယ်တွေမှာ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တိုက်ပွဲဝင်ကြရတုန်းပါ။ သည်လှုပ်ရှားတိုက်ပွဲဝင်မှု တလျောက်လုံးမှာ ဦးဆောင် ခဲ့တဲ့ ပြောင်မြောက်တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသားကင်း ဂျူနီယာ(Dr. Martin Luther King- Jr 1929-1968) ဟာ ၁၉၆၈ပြည့်နှစ် ဧပြီလမှာ မသမာသူရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက် ရပါတယ်။ ဒေါက်တာကင်း ကျဆုံးမှုဟာ သမိုင်းမှာ လူမည်းတွေရဲ့ လူ့အခွင့်အရေးတိုက်ပွဲ ဥပဒေကြောင်း အရ အောင်ပွဲခံမှု့ မှတ်တိုင်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
စာရေးသူ - ဦးခင်မောင်ဆွေ
Ref: 1. Free At Last (collect authors. History of Civil right movement 2009-Ny).
Ref: 1. Free At Last (collect authors. History of Civil right movement 2009-Ny).
.
2 comments:
အမ..မအားလို့ အရှည်ကြီးကို အခုမှပီးအောင်လာဖတ်ရတယ်။
အရမ်းကောင်းတယ်။
လင်ကွန်းသာရှိခဲ့ရင် အဲလိုလူမျိုးခွဲခြားမှုမရှိဖို့များတယ်နော်။
လင်ကွန်းကြောင့် စစ်ပွဲဖြစ်တယ်ဆိုပေမဲ့ .. ပြည်သူတွေသေတယ်ဆိုပေမဲ့ ... မတိုက်ချင်ပဲတိုက်ယူရတယ်ဆိုတာ ဒီသမိုင်းကလက်တွေ့ပဲနော်အမ။ လင်ကွန်းကတကယ်လက်တွေ့လုပ်ပြတယ်။
မာတင်လူသာကင်းလို လူမည်းခေါင်းဆောင်မျိုး လင်ကွန်းလိုခေါင်းဆောင်မျိုး ... နဲ့ မသေခင်တွေ့ချင်လိုက်တာ..
မြတ်နိုး
မမရွှေစင်
ဟိုနေ့က ကမန်းကတန်းဖတ်သွားတယ်... ခုမှ သေချာပြီးအောင်လာဖတ်သွားရတယ်...
ကျေးဇူးတင်ပါတယ်နော်မမ
အရှည်ကြီးကို ပြီးအောင် စိတ်ရှည်လက်ရှည်တင်ပေးတဲ့အတွက် ကိုဇော်ပေးထားတဲ့ ဘလော့အကယ်ဒမီလဲ တကယ်ရသင့်ပါတယ်... ကိုယ့်မှာရှိတဲ့ စာကောင်းလေးတွေကို စေတနာပါပါနဲ့ အချိန်မှန်မှန်တင်ပေးသွားတာ ကျေးဇူးတင်ပါတယ်...
Post a Comment