ဘဝအဖော်
စာရေးသူ - သတင်းထောက်တဦး
စာရေးသူ - သတင်းထောက်တဦး
ဂျာနယ်ကျော် ဦးချစ်မောင်ကွယ်လွန်ပြီးသည့်နောက် ၁၃နှစ်တိုင်တိုင် အိမ်ထောင်မပြု ဘ၀အဖော်မရှိဘဲ တစ်ကိုယ်တည်း မုဆိုးမအဖြစ် တာဝန်များ တပင်တပန်း ထမ်းဆောင်နေခဲ့သော နိုင်ငံကျော် စာရေး ဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ဘ၀ခရီးတွင် တစ်ဦးထဲမသွားဘဲ အဖော်နှင့်သွားရန် တိုက်တွန်း တောင်းဆို သော ကိုစံလွင်ခေါ် ကိုအောင်ဇေယျကို ဘ၀အပေါင်းအဖော်(ငါ) ကြင်ယာလောင်း အဖြစ် လက်ခံကာ လက်ထပ်ရန် သဘောတူ လိုက်လေပြီ။
ဤသတင်း အစွန်းအစထွက်လာသည်နှင့် ကျွန်ုပ်တို့ အထူးသင်တင်းထောက်သည် ဂျာနယ်ကျော်မမလေး နေထိုင်ရာ ပြည်လမ်းအမှတ် ၂၇၅ (ဘီ)နေအိမ်သို့ သွားရောက်စုံစမ်းရာတွင် ဂျာနယ်ကျော်ဒေါ်မမလေးနှင့် ကြင်ယာလောင်း ကိုစံလွင်ခေါ် ကိုအောင်ဇေယျကိုပါ အဆင်သင့်ပင် အတူတကွ တွေ့ဆုံရတော့၏။
ခရီးရောက်မဆိုက် အထက်ပါအတိုင်း သတင်းကြားသိရသဖြင့် မှန်မမှန် ဂျာနယ်ကျော်ဒေါ်မမလေး အား ကျွန်ုပ်တို့ အထူး သတင်းထောက်က မေးမြန်းတော့ရာ ဒေါ်မမလေးက ဤသတင်းမှန်ကြောင်း အတည်ပြု လိုက်လေသည်။ ဆက်လက်၍ ဒေါ်မမလေးက "ဦးချစ်မောင်နှင့် ယူစဉ်က သတ္တိရှိရှိနှင့် ဆုံးဖြတ် ချက် ချခဲ့သလို ယခုတစ်ကြိမ်လည်း သာမန်ဆုံးဖြတ်ချက်မဟုတ်ဘဲ သတ္တိရှိရှိနှင့် ဆုံးဖြတ်ရတော့တာဘဲ....." ကျွန်ုပ်တို့ က အထူးသတင်းထောက်အား ပြောပြလေသည်။
ကိုစံလွင်ခေါ် ကိုအောင်ဇေယျမှာ ဂျာနယ်ကျော်မမလေး ရေးသားခဲ့သော "၁၀ နှစ်ဆောင်းပါး" ဖတ်မိသည် မှ စ၍ စိတ်ထိခိုက်လျက် ဤဆောင်းပါးနှင့် အကြောင်းပြု၍ လူချင်းသိကျွမ်းကြသည်။ ဂျာနယ်ကျော် မမလေး အပေါ်၌ သာမန်မေတ္တာနှင့်မဟုတ်ဘဲ လေးစားကြည်ညိုခြင်းပါ ပေါင်းစပ်ကာ ရှေ့အနာဂတ်ဘ၀တွင် တစ်ယောက် တည်း မနေဘဲ အဖော်အဖြစ် လိုက်ပါရစေဟု တိုက်တွန်းတောင်းဆိုသူ ဖြစ်သည်။
ဒေါ်မမလေးကလည်း ကိုအောင်ဇေယျ၏ မေတ္တာရင့်သန်းမှုကို ယုံကြည်စိတ်ချပြီး အထက်ပါအတိုင်း ဘ၀အဖော် အဖြစ် လက်ထပ်ရန် သဘောတူလိုက်ခြင်းဖြစ်လေသည်။
ယခု လာမည့် မေလ၁၆ရက်နေ့တွင် ပြည်လမ်းရှိ ဂျာနယ်ကျော်မမလေးနေအိမ်၌ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ လွှတ်တော် ဥက္ကဌကြီး ဦးတင်နှင့်ဇနီး၊ ဆရာဦးသိန်းဟိန်(ဇော်ဂျီ)နှင့် ဇနီး၊ ဗိုလ်လကျာ် နှင့် ဇနီး စသော လူကြီးစုံရာရှေ့တွင် နံနက် ၈နာရီ၌ လက်ထပ်ကြကာ ညနေပိုင်း၌ ဗိုလ်လက်ျာ၏ အိမ်ရှေ့ ပန်းခြံထဲ ၌ ကွယ်လွန်သူ ဂျာနယ်ကျော်ဦးချစ်မောင်၏ မိတ်ဆွေရင်းချာများကို ညစာ စားပွဲ တည်ခင်း ကျွေးမွေးပြီး ဂျာနယ်ကျော်မမလေးနှင့် ကိုအောင်ဇေယျတို့ကို ဘာ့ကြောင့် လက်ထပ်ပေးရသည့်အကြောင်း ရှင်းလင်းလျက် ဦးချစ်မောင်၏ မိတ်ဆွေရင်းချာများနှင့် မိတ်ဆက်ပေးရန် အစီအစဉ်များ ပြုလုပ် စီစဉ်ပြီးကြောင်း သိရှိရလေသည်။ ဤအစီအစဉ်များကို ဗိုလ်လကျာ်က ကမကထပြုလုပ်လျက် ရှိသည်။
ဒေါ်မမလေးနှင့်အတူ တွေ့ခဲ့ရသော ကိုစံလွင်ခေါ် ကိုအောင်ဇေယျအား ၄င်း၏ ခံစားချက်နှင့် အမြင်ကို ကျွန်ုပ် တို့ အထူးသတင်းထောက်က မေးမြန်းကြည့်သည်တွင် ၄င်းက "ကျွန်တော် အင်မတန် လေးစား ကြည်ညို တဲ့ ဦးချစ်မောင်ရဲ့ မိသားတစ်စုထဲကို ရောက်ရတော့မည့် ကျွန်တော့အတွက် ဒီကိစ္စလွယ်လွယ်နဲ့ ဖြစ်တယ် လို့တော့ မမှတ်ပါနဲ့ လေးလေးနက်နက် ပြန်လည်ဖြေကြားလေသည်။
ကိုစံလွင် သည် အချစ်စာမေးပွဲကြီး မအောင်ခင်တစ်ပတ်လောက်က ဥပစာတန်း စာမေးပွဲကို အောင်မြင်ခဲ့ သေးသည်။ ဂျာနယ်ကျော်မမလေးက ရှုမ၀တွင် ပြည်ရွှေဘို ဆောင်းပါးဖြင့် ကိုအောင်ဇေယျဟု နာမည်ပေး ခဲ့သည်ကို အစွဲပြု၍ ကိုစံလွင်က ကလောင်နာမည် အောင်ဇေယျ ပုံစံယူလိုက်ခြင်းဖြစ်သည်။ ကိုစံလွင်သည် ကွန်မြူနစ် အဖြစ် ၉နှစ်လောက်တော့ ရှိခဲ့ပြီ။ ဆိုင်ရာမှ ဖမ်းဆီးမိပြီး ရွှေဘိုထောင်တွင် တစ်နှစ်ကျော် အချုပ် ခံရဖူးသည်။ ထောင်တွင်း၌ ဂျာနယ်ကျော်မမလေးရေး ၁ဝနှစ် အမည် ဆောင်းပါးကို ဖတ်မိရာမှ စွဲလန်းမိပြီး ဆိုင်ရာမှ ၄င်းလက်နက်ချသဖြင့် ထောင်မှလွှတ်လိုက်သောအခါ ဂျာနယ်ကျော်မမလေးကို သွားရောက် တွေ့ဆုံခြင်းဖြစ်သည်။
စာရေးသူ - သတင်းထောက်တဦး
.
3 comments:
မမရွှေစင်ကို တော့ ကျေးဇူးတင်ပြီးရင် တင်နေရပြီ။ ဒါလည်းမဖတ်ဖူးသေးဘူး။ နောက်နေ့ ဘာတွေ များတင်မလဲ ဆိုတာ စိတ်ဝင်စားနေရတယ် :-) မမဆီမှာ စာအုပ်ဟောင်းတွေအများကြီးရှိပုံပေါ်တယ်။ အစက ဘ၀ပုံရိပ်များဆိုတော့ ဂျာနယ်ကျော်မမလေးရဲ့ ဘ၀ပုံရိပ်များ စာအုပ်ထဲကဆောင်းပါးတွေပဲတင်မယ်ထင်နေတာ။ ခုတော့ သေချာရှာတင်ပေးတဲ့ပုံပဲ။ မဖတ်ဖူးတာတွေဖတ်နေရတာ ကျေးဇူးတင်ပါတယ်နော်။
နောက်များ အဆင်ပြေရင် ဆယ်နှစ် ဆိုတဲ့ဆောင်းပါးကော တင်ပါလား။ အဲဒီဆောင်းပါးကြောင့် ဦးအောင်ဇေယျနဲ့ တွေ့ ကြတာဆိုတော့ မဖတ်ဖူးသေးတဲ့သူတွေ စိတ်ဝင်စားကြမယ်ထင်လို့ပါ။ :)
ဟုတ်ကဲ့ မရွှေမိ ၁၀ နှစ်လည်း ရှိပါတယ် တင်ပေးပါမယ်ဗျာ
ကျေးဇူးပါ
ရွှေစင်ဦး
မရွှေစင်ရေ့ 
အမြဲတမ်းစောင့်ဖတ်နေကျနော်။
ဆတ်ဆလူးမိးနဲ့ လိပ်ငယ်ကော်နက်ဖြစ်နေတဲ့ အခါကျရင် ကော်မန့်လည်း မပွတ်မိ၊ စီပုံးလည်း မအော်မိ ပျက်ကွက်ခဲ့သည်များကို နားလည် ခွင့်လွှတ်ပေးပါနော်။
ချစ်ခင်စွာဖြင့်
လုလု
Post a Comment