Thursday, July 29, 2010

ကြယ်နီ အပိုင်း (၁၇)

'အဲဒီလောက်နဲ့ မလုံလောက်သေးလို့ ထပ်ပြီး အကိုးအကားနဲ့ ရှင်းပြစမ်းပါလို့ ဆိုရင်လည်း အဲဒီ သံဝေဂပျို့ ကပဲ အပိုဒ် ၃၆ ကို ထုတ်နုတ်ကိုးကားရွတ်ဆိုပြရသေးတာပေါ့ဗျာ။ "မိစ္ဆာယူမှား၊ အလားလားနှင့်၊ လေးပါး ပါယ်ဝ လူ့ဗာလတို့၊ ကြံဆကောင်းစွာ မာယာလျည့်ဖျား၊ လူ့ငနွားတို့၊ မယားထွေထွေ၊ သံခြေ ညင်းညင်း၊ နားချိုသွင်း၍၊ မောင်မင်းနှင့်ငါ၊ ချစ်ကြပါငြား၊ တို့အကြောင်းတွင်၊ နှစ်ပါးမလို၊ မကြည်ညိုအောင်၊ တို့ကို ဖျက်ဆီး၊ ရှင်နတ်ကြီးအား ခင်းနှီးကော်ဇော၊ အုန်းငှက်ပျောနှင့်၊ မနောလင်ပန်း၊ မခန်းခန်းဖြင့်၊ ပွဲလမ်း ကျင်းပ၊ ပူဇော်သလျှင်၊ နှမလည်းချစ်၊ မောင်လည်းချစ်၏၊

ငုပ်နစ်ကျွမ်းလောင်၊ ပေါင်းရအောင်လျှင်၊ လက်ဆောင်စကား၊ ပြောပေငြားသော်၊ ချစ်အားကြီးစွာ၊ ကိလေသာ ကို၊ မြိန်စွာမက်မော၊ တဏှာဇောလည်း၊ ဖြောဖြောအင်ခြိုက်၊ လူငမိုက်က၊ အကြိုက်နှင့်ကြုံ၊ ကိုယ်လုံး ထုံ၍၊ အယုံတရား၊ ရှိပေငြား၍၊ မယားယုတ်မာ၊ နတ်မိစ္ဆာကို၊ မေတ္တာချစ်ခင်၊ ရှိသည့်အင်နှင့်၊ သူ့လင် အိမ်သွေး၊ အထွေးထွေးဖြင့်၊ ပါယ်လေးဝဘောင်၊ လိုက်၍မြှောင်သည်၊ လက်ဆောင်အများ၊ နတ်ကနား နှင့်၊ သစ်ဝါးအသင့်၊ စင်နိမ့်မြင့်နှင့်၊ လိုသင့်လိုရာ၊ ငွေသပြာကို၊ များစွာထုတ်ပိုး၊ ဆယ်ဆုံဖြိုးမှ၊ တိုး၍ ချစ်ပါ၊ ဆုပန်ကာနှင့်၊ ရတနာသုံးဦး၊ မြတ်ကျေးဇူးကို၊ မကူးစိတ်မှာ၊ ရှင်းရှင်းခွာ၍၊ မောဟာကတိ၊ ကိုယ်လုံး ငြိလျက်၊ မရှိတရား၊ အမှားမှားနှင့်၊ မီးပွားမီးပူ၊ ရန်သူနှိပ်စက်၊ ခံစားလျက်နှင့်၊ ဖိုလ်မဂ်ရှစ်တန်၊ မဆန်စုန်ဆင်း၊ ခန္ဓာကင်းသည်။  ။ ပြည်မင်းပါယ်ဝ ရပ်သာတည်း"တဲ့။

ရှင်းရှင်းကလေးဗျနော်၊ ရှင်းရှင်းကလေး။ အိမ်က မယားတွေက သံခြေညင်းညင်း နားချိုသွင်းပြီးတော့ မောင်မင်းနှင့်ငါ ချစ်ကြပါတဲ့။ တို့အကြားမှာ နှစ်ပါးမလို မကြည်ညိုအောင် တို့ကို ဖျက်ဆီးနေတဲ့ ရှင်နတ်ကြီးအား ခင်နှီးကော်ဇော အုန်းငှက်ပျော စသည်များနဲ့ မနောလင်ပန်း အခန်းခန်းနဲ့ ပွဲလမ်းကျင်းပ ပူဇော်ပသမှသာလျှင် နှမလည်းချစ် မောင်လည်းချစ်ပြီး စိတ်ချလက်ချ ချစ်ခင်ပေါင်းသင်းရမယ် အစရှိသဖြင့် ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လူငမိုက်တွေက ပစ်ယုံလိုက်ပြီး နတ်ကနားကို သစ်ဝါးအသင့် စင်နိမ့်မြင့်နဲ့ ဆောက်လုပ်၊ လိုသင့်လိုရာ ငွေသပြာများကို များစွာထုပ်ပိုးကာ လက်ဆယ်စုံ ထိပ်မှာမိုးပြီး တိုး၍ ချစ်ကြပါစေလို့ ဆုများတောင်းပန်လိုက်ကြသေးတယ် မဟုတ်လား။ အဲဒါ အပါယ်သွားမယ့် တစ်လမ်းသွား အလုပ်တွေဗျ'

ဦးပဉ္စင်းသည် အတော်ကလေး ဟောပြောလိုက်ရ၍ အာခြောက်သွားဟန်ဖြင့် ကိုဒေါင်းစိန် ထံမှ ရေတစ်ခွက် တောင်းသောက်ပြီးနောက် သူ့စကားကို ဆက်ပြန်၏။
'အဲဒီနတ်တွေနဲ့ ပတ်သက်ပြီး အရှင်မဟာသီလ၀ံသနဲ့ တစ်ခေတ်တည်းပေါ်တဲ့ အင်းဝ ခေတ်စာဆို အရှင်မဟာရဋ္ဌသာရရဲ့ အာဘော်ကို သိချင်သေးသပဆိုရင်လည်း ၈၅၆ ခုနှစ်မှာ ရေးစပ်တဲ့ ဘူရိဒတ် ဇာတ်ပေါင်းပျို့ထဲက ကောက်နုတ်ပြီး ရွတ်ဆိုပြရသေးတာပေါ့။ အဲဒီ ဇာတ်ပေါင်းပျို့၊ "လူတို့လုံ့လ"အစချီတဲ့ အပိုဒ်မှာ "တချို့သသူ၊ အမိုက်လူကား၊ အယူမှားချွတ်၊ မီးကိုနတ်ဟု၊ အမှတ်တရ၊ ရိုညွတ်ခ၏"တဲ့။ တချို့ လူမိုက် တွေကတော့ အယူလွဲမှားပြီး မီးကိုနတ်ဟု၊ အမှတ်တရ၊ ရိုသေကိုင်းညွတ် ခယပူဖော်ကြတယ်တဲ့။ "တောစတောင်ခြေ၊ နေသည်တစ်စု၊ မိလက္ခုကား၊ အမ္ဗုအာပေါ်၊ မယောတောယ၊ ကံဒကနှင့်၊ ၀ါလ၀ါရိ၊ အစရှိသား၊ အဘိဓာန၊ နာမအများ၊ ဝေါဟာပြားသည်၊ ရေအားဒေ၀၊ မှတ်ကုန်ကြ၏"တဲ့။'

' တောစ တောင်ခြေမှာနေတဲ့ မိလက္ခု (မိလက္ခုဆိုတာ တောင်သူပေါ့ဗျာ) အဲဒီ တောင်သူ တစ်စု ကတော့ အမ္ဗုတဲ့၊ အာပေါတဲ့၊ ပယောတဲ့၊ တောယတဲ့၊ ကံတဲ့၊ ဒကတဲ့၊ ၀ါလတဲ့၊ ၀ါရိတဲ့ ... အစရှိတဲ့ အဘိဓာန်ထဲက ရေဟောပရိယာယ် ၁၅ ပုဒ်ထဲက ရေကိုပဲ နတ်ရယ်လို့ မှတ်ယူထားကြတယ်တဲ့။ ' ထိုမှတစ်ပါး၊ နတ်ဝင်များမူ၊ ထင်ရှားသသူ၊ သေသောဟူက၊ အယူမလွဲ၊ နတ်ဖြစ်မြဲဟု၊ ၀မ်းထဲ ပြတ်ပြတ်၊ မှတ်သိရကား၊ ဘူးကရားနှင့်၊ မှန်းထားမြည်ရည်၊ နတ်အိမ်တည်၍၊ အကြည်အညို၊ နတ် ကိုချည်းသာ၊ လုံးပန်းရှာ၏' တဲ့။

' အဲ နတ်ဝင်တွေကတော့ ထင်ရှားတဲ့လူတွေ သေရင် အယူမလွဲ နတ်သာလျှင် ဖြစ်မြဲလို့ တရားသေ စွဲမှတ်ထားကြတဲ့အတွက် နတ်အိမ်တည်ပြီး အကြည်အညို နတ်ကိုချည်းသာ လုံးပန်းကြရှာတယ် တဲ့။ ' ရတနာသုံးပါး၊ အမြတ်အားမူ၊ များများမယုံ၊ အာရုံနှောင့်နှေး၊ နှစ်ခတွေးလျက်၊ နာရေးဖျားတာ၊ ရောက်သော ခါလည်း၊ ကြမ္မာဘုံဟောင်း၊ အိမ်မကောင်းကို၊ မြဲကြောင်းပင့်ကူ၊ ထောက်တိုဟူသား၊ အလှူသီတင်း၊ ဆည်းပူးခြင်းကို၊ စင်းစင်းမပြု၊ နတ်မှုစုန်းရယ်၊ အကယ်ကယ်သို့၊ ရယ်ဖွယ်အိုးကြီး၊ မရှက်သီးဘဲ၊ ကနားပွဲနှင့်၊ ၀တ်လဲဖြူနီ၊ ပန်းသီးပန်းနှစ်၊ ဆင်ကာ ရစ်လျက်၊ လက်နှစ်လက်ဝန်း၊ တဖျင်သန်းတည့်၊ သွန်းမှန်မသိ၊ မျက်စိသံလည်း နတ်ရှုံးသည်ဟု၊ မတည်မတံ့၊ လွင့်ပျံ့နှလုံး၊ သူမိုက်ထုံးလည်း၊ စွဲသုံးလေ့လာ၊ မကျင့်ရာသည်၊ မိစ္စာ ယောင်ယိယောင်ယမ်းတည်း' တဲ့။

' ရတနာသုံးပါးကိုတော့ များများမယုံ၊ ချော်တွေး ငေါ့တွေး နှစ်ခွတွေးပြီး နာရေးဖျားတာ ရောက်တဲ့ အခါမှာ ဆိုရင်လည်း ကုသိုလ်ကံအကျိုးကို ဆက်ပေးတဲ့ သဘောနဲ့ အလှူသီတင်း ဆည်းပူးခြင်းကို တော့ စင်းစင်းမပြု၊ နတ်လိုလို စုန်းလိုလိုနဲ့ ရူးမိုက်တဲ့ အလေ့အလာ အပြုအမူတွေကို မကျင့်ရဘူးတဲ့၊ ဒါတွေဟာ ယောင်ကန်းကန်း မိစ္ဆာအလုပ်တွေပါပဲတဲ့။ အဲဒီစာဆို အရှင်နှစ်ပါးရဲ့ ပျို့ ကဗျာ သုံးပိုဒ်နဲ့ပဲ နတ်ကိုးကွယ် ယုံကြည်မှုဟာ အပါယ်သွားမယ့် မိစ္ဆာအယူဖြစ်ကြောင်း ထင်ရှားပြီး ဖြစ်လို့ ကျုပ်က ထပ်မံပြီး ပြောပြဖို့ လိုပါသေးသလား
ဦးပဉ္စင်းကား သူ ပြဆိုခဲ့သော အကိုးအကား အထောက်အထားများမှာ နတ်ကိုးကွယ် ယုံကြည်မှု၏ အကောင်း အဆိုးကို ပြတ်ပြတ်သားသား ဝေဖန်ပိုင်းခြားနိုင်လောက်သည်အထိ ပြည့်စုံလုံလောက်ခြင်း ရှိပြီဟု ယူဆကာ သူ့တရားကို နိဂုံးချုပ်လိုက်လေပြီ။ ဤတွင် စာကြည့်တိုက် မှူး လူရွယ်က တစ်စခန်း ထ ပြန်၏။

' ဒီ နတ်စုတ် နတ်ပဲ့ နတ်ဘိန်းစား နတ်အရက်သမားတွေကို ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး တလောက ဓနုဖြူအသွား မယ်ဘာလညောင်ပင်မှာ ခင်ဗျားတို့ မယ်ဘာလကို ပသစဉ် အချိန်က ကျုပ်ရဲ့ သဘောထား ကို ပြောကြားပြီး ဖြစ်လို့ အခု ဘာမှ ထပ်ပြောစရာ မရှိပါဘူး။ တစ်ခုပဲ ပြောချင်တာက ခင်ဗျားတို့ အဲဒီ နတ်တို့၊ ဗေဒင်တို့၊ အင်းအိုင် မန္တရား စတဲ့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေကို မဖျောက် နိုင်သေးသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ မွဲသထက် မွဲ၊ ငတ်သထက်ငတ်၊ ဒုက္ခရောက်သထက် ရောက်ရ ဦးမယ် ဆိုတာကတော့ သေချာပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ အကိုးအကား အထောက်အထားတွေနဲ့ အကြောင်းပြပြီး ဟောပြောပေမဲ့ ခင်ဗျားတို့ နှလုံးသားထဲမှာ ချိုးကပ်အောင် စွဲမြဲနေတဲ့ အစွဲအလမ်းတွေကို ဒီအကြောင်း ယုတ္တိက မောင်းထုတ်ဖယ်ရှားပစ်ခြင်း မပြုနိုင်ဘူး ဆိုတာလည်း ကျုပ် သိပါတယ်။ အဲဒီအတွက် ခင်ဗျားတို့ ကိုလည်း အပြစ်မတင်ချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ပညာရေးစံနစ်ဟာ ခင်ဗျားတို့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေကို ပ ပျောက်ကုန်အောင်၊ အတွေးအခေါ်သစ် ပညာသစ်ကို မပေးဘဲ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေ ထဲမှာပဲ နစ်မြုပ်နေအောင် သင်ကြားပေးခြင်းကို ခံယူနေရလို့ပဲ ဆိုတာ ကျုပ်သိထားလို့ပဲ။

ဥပမာ ... ခင်ဗျားတို့ကို ဖတ်ခွင့်ပြုထားတဲ့ စာအုပ်တွေဟာ ဘာစာအုပ်တွေလဲ၊ အုပ်စိုးတဲ့မင်းကို သစ္စာစောင့် သိဖို့၊ ခေတ် ဘယ်လိုပဲပြောင်းပြောင်း ရှေးထုံးစဉ်လာကို မပယ်ဖို့၊ ခပ်ရှင်းရှင်းပြောရရင် ကျိုးကျိုးနွံနွံ ကျွန်ပီသအောင် ဆုံးမသြ၀ါဒ ပေးထားတဲ့ နီတိကျမ်းတွေ၊ ယောက်ျားကောင်း မောင်းမ တစ်ထောင်ဆိုတဲ့ စကားမျိုးနဲ့ မြေကျွန် ယာကျွန်တို့ရဲ့ ချွေးနှဲစာဖြင့် မယားငယ် အများအပြား ယူထားတဲ့ ပဒေသရာဇ် မြေရှင်ကြီးတွေကို ထောက်ခံထားတဲ့ စာအုပ်တွေ၊ အဲဒီစာအုပ်တွေသာ ခင်ဗျားတို့ ဖတ်နေရတယ် မဟုတ်လား။

ခင်ဗျားတို့ ကြည့်နေရတဲ့ ဇာတ်တွေကတော့ ဘာအကြောင်း အရာကို ဇာတ်ကွက် ဆင်ပြီး ကပြတဲ့ ဇာတ်တွေလဲ၊ ပဒေသရာဇ်ရှင်ဘုရင်ရဲ့ ကြီး ကျယ်ခမ်းနားပုံတွေ၊ နတ်တွေ သိကြားတွေ နဂါးတွေ မြေလျှိုးပြီး မိုးပျံပုံတွေ၊ ဒါတွေကိုသာ ခင်ဗျားတို့ ကြည့်နေရတယ် မဟုတ်လား။ ဒီတော့ အဲဒီ ပဒေသရာဇ် ယဉ်ကျေးမှု အစဉ်အလာ အစွဲ အလမ်းတွေဟာ ပဒေသရာဇ် စီးပွားရေးစနစ်ရဲ့ ဖိနှိပ်ခြယ်လှယ်မှုအောက်မှာ ဆင်းရဲတွင်း နက် နေရတဲ့ ခင်ဗျားတို့ကို တကယ့်အကြောင်းရင်းအမှန်ကို မမြင်စေဘဲ၊ မိရိုးဖလာနတ်တွေ ဘာနတ်တွေ ညာနတ်တွေဆီမှာသာ ဆည်းကပ် ကိုးကွယ်ရာကို ရှာစေပြီး လမ်းလွဲကို ပြထားတဲ့ အတွက် ခင်ဗျားတို့လည်း အဲဒီ နတ်တွေကိုသာ အယူသီးနေရတာပဲ။

ဒါပေမဲ့ ခေတ်ရဲ့ တိုးတက်မှုကို ဘယ်သူမှ မပိတ်ပင်နိုင်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ခင်ဗျားတို့ကိုယ်တိုင် အလိုလို နိုးကြားလာမှာပါပဲ။ ပြည်သူ့ခေတ်မှာ ပြည်သူ့ ပညာရေး စနစ်သစ်ဟာ ခင်ဗျားတို့ဆီ အရောက်လာပြီး ခင်ဗျားတို့ရဲ့ နှလုံးသည်းပွတ်ထဲမှာ ချိုးကပ်နအောင် စွဲမြဲနေတဲ့ အစဉ်အလာ အစွဲအလမ်းဟောင်းတွေကို အပြီးတိုင် မောင်းထုတ်ပစ်မယ့်နေ့ကတော့ တစ်နေ့မှာ မုချ ဆိုက်ရောက်လာပါလိမ့်မယ်။ အခုနေမှာတော့ ကျွန်တော်တို့က လူတတ်ကြီးလုပ်ပြီး ဟောပြောနေမပမဲ့ ကျွဲပါးစောင်းတီး အချည်းနှီးပဲ နေမှာပဲ'

လူငယ်ကား ကိုဒေါင်းစိန်တို့၏ နတ်အယူသီးမှုကို ယခုအချိန်၌ တိုက်ဖျက်၍ ရမည်မဟုတ်ဟု သိမြင် ယုံကြည် သဖြင့် လုံးဝ လက်လျှော့လိုက်ပေပြီ။ မှန်လည်း မှန်လှပေသည်။ သူတို့၏ နားလည်ရန် ခက်သော အကြောင်း ယုတ္တိများမှာ ပညာအခြေခံဟူ၍ လောက်လောက်လားလား မရှိရှာသော ကိုဒေါင်းစိန်တို့၏ နှလုံးသည်းပွတ်ထဲအရောက် စူးဝင်သွားခြင်းမရှိဘဲ နားထဲမှသာ လျှံထွက်သွားကြ ပါသည်။ သုတို့အား အတွေး အခေါ်သစ်၊ ပညာသစ်များကို ပေးချင်လျှင် သူတို့၌ ပညာအခြေခံရှိသည့် အချိန်သို့တိုင် စောင့်ဆိုင်း ရပေမည်။ နောက်ဆုံးတွင် ဦးပဉ္စင်းလည်း ဤအချက်ကို ရိပ်မိ သဘောပေါက်လာဟန်ဖြင့် လုံးဝ လက်လျှော့ လိုက်ကာ လူငယ်နှင့်အတူ ပြန်ကြွသွားတော့၏။

ကိုဒေါင်းစိန်တို့ချည်း ကျန်ရစ်သောအခါ မပြားကြီးက 'မိရိုးဖလာ နတ်ကိုးကွယ်မှုကို ဘုရားတောင်မှ တားမြစ်ခြင်းမပြုဘူးလို့ ငါတော့ ကြားဖူးတာပဲ' ဟု ပြောလိုက်ရာ၊ အားလုံးက 'ဟုတ်တယ်' ဟု ၀ိုင်းဝန်း ထောက်ခံလိုက်ကြ၏။ နောက်တွင် သူတို့သည် နတ်ကရန် အစီအစဉ်များကို ဆက်လက် ဆွေးနွေး တိုင်ပင်နေကြတော့သည်။
နတ်ကနားအတွင်းမှ နတ်ဆိုင်းသံ တညံညံကို ကြားရပေပြီ။

နတ်ဝင်ဖူးသော နတ်ဝင်သည်များနှင့် နတ်ကို စွဲစွဲလမ်းလမ်း ယုံကြည်နေသူများကား မရိုးမရွနှင့် ကချင် ကွေးချင်၊ ခုန်ချင် ပေါက်ချင်လာအောင် နတ်ဆိုင်းသံသည် ညှို့နေပေပြီ။ ဂီတသည် လူတို့၏ စိတ်အာရုံကို ညွတ်နူးလာအောင် ဆွဲဆောင်လာနိုင်သည်ဖြစ်ရာ ယခု နတ်ဆိုင်းမှာလည်း နတ်ဝင်သည်မျာှးင့် နတ်ယုံကြည်သူများ၏ စိတ်အာရုံကို ညွတ်နူးပြီး ယိမ်းယိုင်လာအောင် သွေးဆောင်နေပေပြီ။
နတ်ကနား ပတ်လည်ရှိ စင်မြင့်ပေါ်တွင်ကား ၃၇ မင်း နတ်ကို ရည်စူး၍ ကန်တော့ပွဲ ၃၇ ပွဲကို ပြင် ဆင်ထား သည်။

စင်ပေါ်တွင် ၃၇ မင်း နတ်ရုပ်အစုံအစေ့မရှိသော်လည်း ဓားထမ်းထားသော မင်းညီ နောင်နတ်ရုပ်နှင့် အချို့ နတ်ရုပ်လေးငါးရုပ်ကို တွေ့မြင်ရသည်။ ခေါင်းပေါင်းအနီ အနက်၊ အ၀တ် တန်ဆာ၊ အမေးအကြိုက်စသော အသိုင်း အ၀ိုင်း အဆောင်အယောင်များများကိုလည်း နတ်စင်ပေါ်တွင် တွေ့မြင်နိုင်သည်။ ဤပတ်ဝန်းကျင် အသိုင်း အ၀ိုင်း အဆောင်အယောင်များကလည်း နတ်ဝင်သည်များနှင့် နတ်ကိုးကွယ်ယုံကြည်သူများ၏ စိတ်အာရုံကို နတ်ဘက်သို့ ညွတ်နူးလာအောင် ဖျားယောင်းနေသည်။

နတ်ကနား၏ အလယ်တည့်တည့်တွင်ကား စည်ပိုင်းကြီးတစ်လုံးတည်းထား၍ ဤစည်ပိုင်းကြီး အတွင်း၌မူ နတ်ကမည့် ပဲခူးမောင်နှံ ခုနစ်စုံအတွက် ငါးရံ့ကြီး ခုနစ်ကောင်ကို ကျွဲခုနစ်ကောင် အမှတ်ဖြင့် ရေများနှင့် လှောင်ထားသည်။
ကိုဒေါင်းစိန်နှင့် မယ်စိန် အပါအ၀င် ပဲခူးမောင်နှံ ခုနစ်စုံကား အ၀တ်သစ်အစားသစ်နှင့် နတ်ကနား အတွင်းသို့ ရောက်နေကြပေပြီ။ ဦးပဉ္ဇင်းနှင့် လူငယ်၏ ဟောပြောမှုောကာင့် နတ်ယုံကြည်မှုမှာ လုံးဝ ပျောက်ကွယ် မသွားသော်လည်း သူတို့၏ စိတ်ထဲ၌မူ နတ်အပေါ်အနည်းငယ် သံသယကလေး ရှိလာ၏။

သို့သော် ယခုလို နတ်ဆိုင်း၊ နတ်ရုပ်၊ ကန်တော့ပွဲ စသော အသိုင်းအ၀ိုင်းအဆောင်အယောင်များ ပြည့်နှက် နေသည့် နတ်ကနားအတွင်း နတ်စက်ကွင်းသို့ ၀င်မိသည့်အခါ၌ကား၊ ထိုသံသယကလေးပင် လုံးဝ ပျောက်ကွယ် သွားပြီး နတ်ကို ယုံကြည်မှုမှာ ရာခိုင်နှုန်းအပြည့် ပြန်ဖြစ် သွားတော့သည်။

ကလေးသူငယ်များကား နတ်ကနားအပြင်မှနေ၍ ကန်တော့ပွဲအတွင်းရှိ ငှက်ပျောသီး၊ အုန်းသီးများကို မျက်စောင်းထိုးနေကြလေပြီ။ နတ်ပွဲတိုင်း၌ ပါလေ့ရှိသော ဒေါ်ကလီစာ၊ ဒေါ်အေးစိန်၊ ဒေါ်မယ်ဟန်တို့ နတ်ဝင်သည်တစ်စုလည်း နတ်ကနားအတွင်းသို့ ရောက်နေကြလေပြီ။ သင်္ကြန်စာများတွင် ၀ါးတို့၏ အဓိပတိကား ဘာ၊ သစ်ပင်တို့၏ အဓိပတိကား ဘယ်သင်း၊ အခြေလေးချောင်းတို့၏ အဓိပတိကား ဘယ်ဟာ စသဖြင့် ပါတတ်သော သင်္ကြန်စာ လေသံအတိုင်း သုံးနငန်းရလျှင် ဤရွာတွင် နတ်ဝင်သည်တို့၏ အဓိပတိကား ဒေါ်ကလီစာ၊ သူမပါလျှင် နတ်ပွဲ မစည်ကား။

နတ်ထိန်းလုပ်သူမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိ ယောက်ျားကြီးတစ်ဦးဖြစ်၏။ သူ့ခေါင်းတွင်ကား သျှောင်ထုံးနှင့်ဖြစ်၍ ဆံပင်များမှာ ငွေရောင်ပြေးနေလေပြီ။ ဤငွေရောင်တောက် နေသော သျှောင်ထုံးကို ပတ်လည်လှည့်၍ ပ၀ါနီနှင့် ခေါင်းပေါင်းထားသည်။ ရှပ်အင်္ကျီအဖြူ လက်ရှည်၊ ကော်လာ မပါ ခေါက်လက် မဟုတ်သော လက်ရိုးနှင့် ခပ်နွမ်းနွမ်း ရခိုင်လုံချည် အနီကွက်တုံးကြီးကို ၀တ်ထားသည်။ မယ်စိန်တို့ ပဲခူးမောင်နှံ ခုနစ်စုံက နတ်ပွဲအစမှ အဆုံးအထိ ကြီးကြပ်စီမံပေးရန် ငွေပေး၍ ငှားထား ရသော နတ်ထိန်းဖြစ်သည်။

ကိုဒေါင်းစိန်ကား ဤနတ်ထိန်းကြီးနှင့် စင်ပေါ်မှ နတ်ရုပ်များ၊ ကန်တော့ပွဲများကို ကြည့်၍ နတ်ဆိုင်းသံကို နားထောင်ရင်း သူ့စိတ်တွင်း၌ တုန်လှုပ်ချောင်းချားကာ ကြောက်အားပဲ ပိုလာသလိုလို၊ တုန်ယင်လှိုက်လှဲ ၀မ်းပန်းတနည်းပဲ ဖြစ်လာသလိုလို၊ ရိုးရိုးရွရွနှင့် ခပ်ကြမ်းကြမ်း ခုန် ပေါက်ပြီး ထ က လိုက်ချင်သလိုလိုနှင့် အကောင်အထည် ရှာမရသော ဝေဒနာအမျိုးမျိုးကို သူ့ရင်တွင်း၌ ခံစားနေရသည်။

အတန်ကြာသောအခါ နတ်ထိန်းကြီးက ယခု ပဲခူးနတ်ခေါ် နံကရိုင်းမယ်တော်ကြီးကို သွင်းတော့မည်ဖြစ်၍ ခါတိုင်းဝင်နေကျ နတ်ဝင်သည်များအား မသွင်းလိုဘဲ ကာယကံရှင်များဖြစ် သည့် ပဲခူးမောင်နှံ ခုနစ်စုံမှ မိန်းကလေး ခုနစ်ဦးအနက် တစ်ဦးဦးကို သွင်းလိုောကာင်း၊ သို့မှသာ အချို့ နတ် မယုံကြည်သူများလည်း ယုံလာမည်ဖြစ်ကြောင်းနှင့် ပြောပြကာ ကာယကံရှင် မိန်းကလေးများထဲမှ တစ်ဦးဦး လာရောက်ရန် ခေါ်လေ၏။

သို့သော် ကာယကံရှင် မိန်းမခုနစ်ဦးစလုံး နတ်ဝင်ဖူးသော မိန်းမများ မဟုတ်သဖြင့် ရှက်ကြောက်နေကြသောကြေင့် မည်သူမျှ ထ မလာပေ။ ထိုအခါ ဒေါ်ကလီစာ၊ ဒေါ်အေးစိန်တို့လို နတ်ဝင်သည် အဓိပတိကြီးများက ရှက်စရာမရှိသည်ကိုမှ ကြံဖန်ပြီး ရှက်နေရသလားဟုဆိုကာ ကာယကံရှင် မိန်းမ ခုနစ်ဦးအနက် မိန်းမရွယ်တစ်ဦးကို ခွေးသေကောင် လင်းတဆွဲသလို အတင်းဆွဲထုတ်လာ၏။ ထိုမိန်းကလေးကား ပတ္တမြားရွှေကြုတ် နှုတ်ငုံတော် အရင့်အမာနှင့်ဖြစ်၍ သူမ၏ ဂမ္ဘသေယျ ပူနာရေတိအတွက် ဘေးပရိသတ်ကို ရှက်ရွံ့နေဟန်ဖြင့် မျက်နှာကလေး နီမြန်း နေရှာသည်။

သူမ၏ ခေါင်းပေါ်သို့ ကန်တော့ပွဲတစ်ပွဲကို အတင်းတင်ပေးလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ဆိုင်းဆရာများကလည်း ဆိုင်းချက်မြိုင်မြိုင်ဖြင့် နတ်ဆိုင်းကို တီးမှုတ်ကြတော့၏။ ဒေါ်ကလီစာနှင့် နတ်ထိန်းဆရာကြီးက စိတ်ကို တင်းမထားဘဲ လျှော့ထားပြီး နတ်ကိုသာ အာရုံပြုနေရန် ပြောကြား ပြီးနောက်၊ မိန်းကလေး၏ ကိုယ်ကို ဆိုင်းချက်အတိုင်း ဘယ်ညာ ယိမ်းနွဲ့နေအောင် ဆွဲငင်တွန်းထိုး နေ၏။ အမွှေးရည် များဖြင့်လည်း မိန်းကလေး၏ ကိုယ်ပေါ်သို့ ပက်ဖျန်းပေးနေ၏။ ဒါပေမဲ့လည်း အချည်းအနှီး ပါပဲကလား ဒေါ်ကလီစာရယ်။

တစ်ယောက် လဲလိုက်ပြန်၏။ မ၀င်။ နောက်တစ်ဦးကို အစားထိုးပြန်၏။ အလဟဿ။ နောက်တစ် ယောက်နှင့် ဖလှယ်ပြန်၏။ အချည်းနှီး။ လာလေဟဲ့ နောက်တစ်ယောက်၊ နကမ္ပတိ။ ကျန်သည့်နှစ် ဦးမှာလည်း ထိုနည်းလည်းကောင်း။ သြော် ... ခုနစ်ဦးပဲ စေ့သွားပေါ့၊ ဘောက်မယ့်ကြောင့်များ မ၀င်ရတာလဲ နံကရိုင်းမယ်တော်ရယ်။
ကိုဒေါင်းစိန်က မိန်းကလေး ခုနစ်ဦး အလဲအလှယ် သွင်းသည့်တိုင် မ၀င်ဘဲ ရှိနေသော နံကရိုင်း မယ်တော်သည် သူတို့နတ်ပွဲအတွက် စီမံပုံအမှား အယွင်းများရှိနေလို့ စိတ်ဆိုးနေသည့်အတွက် မ၀င်တာ များလားဟု တွေးတောစိုးရိမ်နေမိ၏။ သို့သော် အလို ... ဒါက ဘာလဲ။

ဆိုင်းဆရာများက ဆိုင်းခထျက်ကို ခပ်ကြမ်းကြမ်း တီးလိုက်၍ ဒေါ်ကလီစာမှာ နတ်ကနားအတွင်း ကန်တော့ပွဲများ ပြင်ဆင်ထားသော နတ်စင်ရှေ့တင် ခပ်ကြမ်းကြမ်း ခုန်ပေါက်၍ က နေလိုက်ပါပြီ ကော။ သြော် ... သူတစ်ပါးကို သွင်းမရလို့ ကိုယ်တိုင်ပဲ ၀င်ရော့ထင့်။

အားရအောင် ခုန်ပေါက်ပြီးသောအခါ နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်၊ ဒေါ်မယ်ဟန်တို့က နံကရိုင်းမယ်တော် ၀င်နေသည်ဟု ကျမ်းကိုင်ပြီး ပြောနိုင်သော ဒေါ်ကလီစာအား အသင့်ချထား သော ကုလားထိုင်ဆီသို့ တွဲခေါ်လာပြီးထိုင်စေ၏။ နောက် ပဲခူးမောင်နှံ ခုနစ်စုံက နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာအား ၀ိုင်းဖွဲ့ကာ ရိုသေစွာ လက်စုံမိုး၍ ရှိခိုး ကန်တော့ကြ တော့၏။
ပထမ မိန်းကလေး ခုနစ်ဦး သွင်းစဉ်က မ၀င်ဘဲ ဘာ့ကြောင့် ယခုမှဝင်ရသလဲဟု နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်တို့က မေး၏။

ကိုဒေါင်းစိန်သည် နံကရိုင်းမယ်တော်၏ အဖြေကို ကြားချင်ဇောနှင့် နားကိုတအားစွင့်ထား၏။ သို့သော် နံကရိုင်းမယ် တော်ကြီးခေါ် ဒေါ်ကလီစာမှာ အားရပါးရ ကလိုက်ခုန်လိုက်ရသောကြောင့် အတော်ပင် မောဟိုက် နေသဖြင့် ချက်ချင်း ပြန်မဖြေနိုင်ဘဲ အတန်ကြာမှ လေသံသဲ့သဲ့နှင့် ယဲ့ယဲ့ကလေး ဖြေဆိုနိုင်ရှာ၏။ ကိုဒေါင်းစိန်မှာ ကြားချင်ဇောနှင့် နားအစွင့် လွန်သွားသောကြောင့် နံကရိုင်းမယ်တော်၏ ဖြေသံသည် သူ့အာရုံတွင်းသို့ ရောက်မလာဘဲ အတန်ကြာမှ နားထဲမှ လျှံထွက်သွား၏။ စိတ်တည် ငြိမ်မှ နံကရိုင်းမယ်တော်၏ အဖြေကို သူ့အာရုံဖြင့် လိုက်ဖမ်းရာ ရေးရေးကလေးမှ တစ်ဆင့် ကွင်း ကွင်းကွက်ကွက် ပေါ်လာသည်ထိ ဖမ်းမိတော့၏။ သြ ... ခရီးဝေး ရောက်နေလို့ ကြာနေပါသတဲ့။

အတော်ကလေး အမောပြေသွားသောအခါ နံကရိုင်းမယ်တော်ကြီးသည် ကိုဒေါင်းစိန်တို့ ဇနီးမောင်နှံအား ဖိကြိမ်းတော့၏။ ' ငါ့အကြောင်းကို သိပလားဟဲ့၊ နင်တို့နှစ်ယောက်ဟာ မင်္ဂလာ ဆောင်ပြီးလို့ ကလေးလေးယောက်ရတဲ့တိုင်အောင် ငါ့ကို သတိမရဘူး မဟုတ်လား၊ အခု နင့်တို့ ကလေးနှစ်ယောက်ကို ငါ ဖမ်းစားသတ်ဖြတ်လိုက်မှ ငါ့ကို သတိရတယ် မဟုတ်လားဟဲ့' စသည်ဖြင့် ကြိမ်းမောင်းနေရာ နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိတ်တို့က သတိမရလို့ မဟုတ်ပါ၊ ဆင်းရဲသည့် အတွက် ယခုမှ နတ်ကရခြင်းဖြစ်ကြောင်း ၀ိုင်းဝန်းတောင်းပန်ကြမှ ငြိမ်သွားတော့၏။

ပြီးနောက်ကား နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာအား စည်ပိုင်းထဲတွင် ရေများနှင့် လှောင်ထားသော ငါးရံ့များကို ခေါ်ပြပြီးနောက် -
'ပဲခူးမောင်နှံ ခုနစ်စုံအတွက် ကျွဲခုနစ်ကောင် ဖြစ်ပါတယ်၊ ကျေနပ်ပါရဲ့လား'ဟု နတ်ထိန်းဆရာကြီး ကမေး၏။ နံကရိုင်းမယ်တော်၏ ဖြေသံကို ကိုဒေါင်းစိန်သည် ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေ၏။ အကယ်၍ နံကရိုင်းမယ်တော်က မျက်နပ်ဟုဆိုလျှင် ယခု လုပ်ပြီးသား အစီအစဉ်ကို ဖျက်၍ နောက်ထပ် ပြန်ကရမည်ဖြစ်ရာ စရိတ်ပိုကုန်ရပေဦးမည်။ သို့သော် တော်ပါသေး၏။ နံကရိုင်းမယ် တော်က ကျေနပ်ပါသည်ဟု ခေါင်းညိတ်အဖြေပေးလိုက်သဖြင့် တစ်ပူအေးသွားရ၏။ ဤသည့်နောက်၌ကား ၃၇ မင်းကို အစဉ်လိုက်သွင်း၍ ကကြ ခုန်ကြ၊ သောက်ကြစားကြနှင့် ဆူလို့ သာ ညံနေတော့သည်။ အထူးသဖြင့် ပွဲအကျဆုံးကား မင်းညီနောင်နှင့် ဘိုးမင်းကျော်ဖြစ်သည်။

ယစ်ထုတ်နတ်တွေဖြစ်၍ လက်တစ်ဖက်ကား အရက်ပုလင်း၊ လက်တစ်ဖက်ကား ကြက်ပေါင်ကြော် ကိုကိုင်ကာ ဟန်ရေးတပြပြ လုပ်နေကြ၏။ ထိုအချိန်တွင် မိန်းမတစ်ယောက်သည် နတ်ဝင်ပူးသလို ယိမ်းထိုးကာ ၀င်လာပြီးနောက် ခုန်ပေါက်၍ က ပြန်၏။ ဆိုင်းဆရာများမှာ ဘာနတ်မှန်း မသိ၍ တီး ကွက်မပြောင်းဘဲရှိရာ 'ဟေ့၊ မင်းညီနောင် မယ်တော်မယ်ဝဏ္ဏကွ'ဟု ကိုယ့်ကိုယ်ကိုယ် သရုပ်ဖော် လိုက်မှ ဆိုင်းဆရာများ တီးကွက်ပြောင်းကာ ဘီလူးဆိုင်း တီးပေးရ၏။ မင်းညီနောင်မယ်တော် မယ်ဝဏ္ဏဆိုသူက ဘီလူးက က၍ မင်းလေးနှင့် မင်းကြီးက ရင်ညွန့်ရှေ့တွင် လက်ဝါးနှစ်ခုဟပ်ကာ ရှိခိုးရင်း နောက်မှလိုက်၏။ အတန်ကြာ၍ မယ်ဝဏ္ဏနှင့် မင်းကြီး ထွက်သွားသော်လည်း မင်းလေးမှာ မထွက်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ကာ လေဖောနေ၏။ အခြားနေရာများ၌ ပထမတန်းအရက်ကို အ၀ သောက်ရသော်လည်း ယခု ဤနေရာ၌မူ အပေါစားအရက် အာတားသာရကြောင်း ညည်းညူ နေ၏။ ကိုဒေါင်းစိန်ကား ဤမျှလောက် သောက်ချင်လျှင် နတ်တို့၏ တန်ခိုးဖြင့် ဘုံဆိုင်ထဲသွားပြီး ဘာ့ကြောင့် ခိုးမသောက်ပါလိမ့် စဉ်းစားနေ၏။

နေ့လယ် တစ်နာရီလောက်ရောက်မှ ၃၇ မင်းစေ့သွားတော့၏။ ဤပွဲတင် ပဲခူးမောင်နှံစုံများ ကျွဲဆွဲ ရတော့မည်ဖြစ်သိဖြင့် မည်သူအလျင်ဆွဲမည်နည်းဟု အချင်းချင်း တိုင်ပင်ညှိနှိုင်းကြရာ ကိုဒေါင်းစိန်တို့ မောင်နှံစုံ အလျင်ဆွဲရန် သဘောတူညီချက် ရရှိကြ၏။ ဤတွင် ကိုဒေါင်းစိန်လည်း မြန်မြန် ပြီးချင်သည့် ဇောဖြင့် ဆိုင်းငံ့မနေဘဲ ငါးရံ့လှောင်ထားသော စည်ပိုင်းအထက်၌ သူ စောစော ကဆွဲချိတ်ထားသော ကျွဲကျောင်းသား လက်သုံးတန်ဆာပလာများဖြစ်သည့် ကြိုး၊ ကြိမ်၊ ပလွေ၊ ပက်ခွန့်ငယ်၊ ဘူးခါးရေဘူး၊ စတိပြုလုပ်ထားသော  လှော်တက်ကလေး၊ ခမောက် စသော ပစ္စည်းမျိုးစုံများကို လှမ်းယူလိုက်၏။ ငှက်ပျော ပွဲထဲ၌ကား ငှက်ပျောတစ်ဖီး၊ ကောက်ညှင်းတစ်ထုပ်၊ မုန့်ဖြူ၊ မုန့်နီ၊ အုန်းသီးစိတ်၊ ကောက်ညှင်းပေါင်း၊ ဖယောင်းတိုင် တစ်တိုင်စီ ပါရှိ၏။

ထိုငှက်ပျောပွဲ၏ ရှေ့နား၌မူ ခေါင်ရည်အမှတ်ဖြင့် သောက်ရန် ထန်းလျက်နှင့် မန်ကျည်းမှည့်ဖျော်ထားသော ဖျော် ရည်များ ထည့်ထားသည့် မြေအိုးအသစ်ကလေး ခုနစ်လုံးကို စီရရီ ချထားသည်။ ထိုမြေအိုးအထဲရှိ ဖျော်ရည်ကို ခေါင်ရည်အမှတ်ဖြင့် ပါးစပ်နှင့် စုပ်သောက်ရန် သင်္ဘောပင်မှ အကိုင်းကို ဖြတ်တောက် သန့်စင်ထားသည့် သင်္ဘောရိုးတစ်ခုစီ တပ်ထားသည်။ ဖိုးသူတော်ဘွဲ့ကို ခံယူထားသည့် လူတစ် ယောက်ကမူ အပျိုတော် ခုနစ်ယောက်၏ ထိပ်၌ ကုလားထိုင်ဖြင့် ထိုင်နေသည်။ နတ်ထိန်းဆရာကြီး၏ အမိန့်အရ ကိုဒေါင်းစိန်သည် စည်ပိုင်းထဲမှ ငါးရံ့ကြီးတစ်ကောင်ကို ဖမ်းယူ လိုက်၏။ သူ့လက်တွင်း၌ ရုန်းကန်နေသော ငါးရံ့ကြီးအား ကျွဲအမှတ်ဖြင့် ပါးဟက်နှစ်ခုကို ခွ၍ လည်ပင်းကြိုး တပ်ချည်လိုက်၏။

နောက် ကြိုးတပ်ထားသော ဆန်ကောတစ်ချပ်ထဲတွင် ငါးရံ့ကို ထည့်ကာ ငါးရဲ့၏ လည်ပင်းကြိုးနှင့် ဆန်ကော၌ တပ်ထားသော ကြိုးကို ပူးတွဲချည်နှောင်ထားလိုက်၏။ ဤနည်းအားဖြင့် ငါးရံ့သည် ဆန်ကောအပြင်သို့ ခုန်ထွက်ခြင်း မပြု နိုင်တော့ဘဲ ဆန်ကောထဲတွင်သာ လူးလွန့်လှုပ်ရှားနေ၏။ မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေး တစ်ရုပ်ကိုလည်း လည်ပင်းကြိုးတပ်ချည်၍ ငါးရံ့၏ ဘေး၌ ချထားသည်။ မယ်စိန်က ခမောက်ကလေးကို ဆောင်း၍ ညာလက်တွင် ကြိမ်လုံးကို ကိုင်ထားရသည်။

ကိုဒေါင်းစိန်ကတော့ ကြိုး၊ ကြိမ်၊ ပလွေ၊ ပက်ခွန့်ငယ်၊ ဘူးခါး ရေဘူးကလေးများကို စတိပြုလုပ်ထားသော လှော်တက် ကလေး၌ ကြိုးများဖြင့် ဆွဲချိတ်ကာ ဘယ်ဘက်ပခုံးထက်တွင် တင်ထမ်းထား၍၊ ညာလက်ကမူ ဆန်ကော၌ တပ်ထားသော ကြိုး၏ အခြားတစ်ဖက်စကို ဆွဲကိုင်ထားရသည်။ နောက် နယ်ထိန်း ဆရာကြီး၏ အမိန့်ဖြင့် အပျိုတော် ခုနစ်ယောက်သည် ငှက်ပျောပွဲ ကိုယ်စီပင့်၍ ရှေ့နောက် အစဉ် လိုက် တန်းကာ နတ်ကနား ပတ်လည်တစ်လျှောက်၍ ကိုဒေါင်းစိန်က ငါးရံ့နှင့်မုန့်နှစ်ကျွဲရုပ် ထည့် ထားသော ဆန်ကောမှ ကြိုးကို ကျွဲအမှတ်ဖြင့် ဆွဲ၍ နောက်မှ လိုက်ရ၏။ မယ်စိန်ကမူ ကြိမ်လုံး တစ်ချောင်းနှင့် ကျွဲအမှတ် ပြုလုပ်ထားသော ငါးရံ့ကို တို့၍ တို့၍ မောင်းနှင်ရင်း နောက်ဆုံးမှ လိုက်ရ၏။ နယ်ထိန်းဆရာကြီးက ကြိမ်လုံး ကိုင်ထားသော မယ်စိန်၏ လက်ကို သူ့လက်နှင့် အုပ်ကိုင်ကာ ငါးရံ့၏ ကိုယ်ကို တို့ပေးရင်း မွန်ဘာသာ နှင့်တူသော ဘာသာစကားကို တိုင်ပေး၍ မယ်စိန်က လိုက်ဆိုရ၏။

ကိုဒေါင်းစိန်သည် ဆန်ကောမှ ကြိုးကိုဆွဲ၍ အပျိုတော် ခုနစ်ယောက်နောက်မှ လျှောက်လိုက်ရင်း သူ့အဖြစ်ကို သူတွေး၍ ရယ်ချင်နေ၏။ သို့သော် နတ်စိတ်ဆိုးမည်ကို ဆိုးရွံ့သည့်အတွက် သူ မရယ် ၀ံ့ရှာ။ နတ်ထိန်းဆရာကြီးသည် မည်သို့သော် အဓိပ္ပာယ်နှင့် သည်လိုအထူးအဆန်းတွေ လျှောက် လုပ်ခိုင်းနေသည် ဆိုတာကိုတော့ သူ မသိ။ သူ သိတာကတော့ သူတို့ဇနီးမောင်နှံနှင့် ကျန်ရှိသော ရင်သွေးနှစ်ယောက်ကို နတ်က ထပ်မံဖမ်းဆီးသတ်ဖြတ်ခြင်းမပြုရန် နတ်ကနေရခြင်းဖြစ်သည် ဆိုတာကိုပဲ သူ သိသည်။

နတ်ကနားကို သုံးပတ် ပတ်မိသောအခါ မြေအိုးအသစ်ကလေးနှင့် ထမင်း ချက်နေသော နေရာ၌ရပ်လိုက်ကြ၏။ ထိုနေရာ၌ နတ်ထိန်းဆရာကြီး၏ အမိန့်အရ မယ်စိန် အား အုပ်ထိန်းသူ အကြီးအကဲဖြစ်သော မယ်စိန်၏ အစ်ကိုကြီးသည် ရပ်စောင့်နေရသည်။ မယ် စိန်၏ မိဘနှစ်ပါးမှာ ကွယ်လွန်ပြီးဖြစ်၍ မယ်စိန်၏ အစ်ကိုကြီးက အုပ်ထိန်းသူ အကြီးအကဲအဖြစ် ရပ်စောင့်နေရခြင်းဖြစ်သည်။ နတ်ထိန်း ဆရာကြီး၏ သင်ပြပေးချက်အရ မယ်စိန်၏ အစ်ကိုတော်က ကိုဒေါင်းစိန်အား ' အမောင် ဘယ်က လာသလဲ 'ဟု မေးလိုက်၏။ ကိုဒေါင်းစိန်ကလည်း နတ်ထိန်း ဆရာကြီး သင်ပေးသလိုပင် ' ပဲခူးမြို့က လာပါသည် ခင်ဗျား၊ ကျွဲကို မထိန်းနိုင်၊ မကျောင်းနိုင်လို့ လာအပ်ပါသည်' ဟု ပြန်ဖြေလိုက်၏။

တစ်ဖန် မယ်စိန်၏ အစ်ကိုတော်က ' ကောင်းပါပြီ၊ ထမင်းစား သောက်ပြီးမှ ပြန်ပါ' ဟု ပြောလိုက်၍ ကိုဒေါင်းစိန်က ' တစ်သက်တစ်ခါသာဖြစ်ပါစေ' ဟု ပြောပြီး ခမောက်၊ ကြိုး၊ ကြိမ် စသော ကျွဲကျောင်းသား လက်သုံးတန်ဆာပလာများနှင့် ငါးရံ့ကျွဲကို မယ်စိန်၏ အစ်ကိုတော် လက်ထဲသို့ အပ်နှံလိုက်၏။ ဤတွင် အုပ်ထိန်းသူ အကြီးအကဲအား အပ်နှံ သော အခမ်းအနားသည် ပြီးဆုံးလေပြီ။ နတ်ထိန်းဆရာကြီးသည် မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲ ရုပ်ကလေးကို အရင် ယူလိုက်၍ စဉ်းတီးတုံးပေါ် တင်လိုက်ကာ ကိုဒေါင်းစိန်အား ပုဆိန်အနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၇ ချက် ခုတ်ပိုင်းမည့်ဟန် ရွယ်လိုက်စေ၏။

ကိုဒေါင်းစိန်ကလည်း နတ်ထိန်း ဆရာကြီး၏ အမိန့်အတိုင်း လိုက်နာပြုလုပ်၏။ တစ်ဖန် ပုဆိန်ကို ပြန်ချ၍ ဓားမကြီးကို ယူလိုက်ပြန် ကာ အနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၆ ချက် ရွယ်ပြီး၊ ၇ ချက်မြောက်တွင် တကယ်ပင် ခုတ်ပိုင်း လိုက်တော့၏။ တစ်ချက်တည်းနှင့် ထက်ပိုင်းမပြတ်လျှင် အထ မြောက်၊ မအောင်မြင် ဟု အယူရှိကာ နောက်တစ်ကြိမ် ပြန် က ရတတ်သည်ဖြစ်၍ ကိုဒေါင်းစိန်သည် ရင်တထိတ်ထိတ်ဖြင့်ပင် အားရှိ သမျှ ခုတ်ပိုင်းလိုက်ရ၏။ တစ်ချက်တည်းနှင့် ထက်ပိုင်းပြတ်သွား၍ သူ အသက်ရှူချောင်သွား၏။

နောက် ခုတ်ပိုင်းထားသော ငါးရံ့ကို အတစ် ၈ တစ်၊ မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေးကို လည်း အတစ် ၈ တစ်ပြုပ်၍ တံစို့ ၃ ချောင်းတွင်မျှ၍ ထိုးသီ၏။ ပြီးလျှင် ကြပ်စင်ပုံသဏ္ဍာန် ၀ါများ ဖြင့် စတိပြုလုပ်ထားသော တြိဂံ ထောင့်ချွန်းပုံရှိသည့် ကျပ်စင် အသေးကလေးတွင် တံစို့များကို ကန့်လန့် ထိုးတင်ကာ အောက်မှ မီးအနည်းငယ် ထည့်ပေးပြီး 'ညှော်ကြမယ်ဗျို့'ဟု အော်လိုက်၏။
ထမင်း ဟင်းချက်သူများ လက်သို့ ထို ငါးတစ်၊ မုန့်နှစ်ကို အပ်လိုက်ရာ ထိုသူများလည်း ယူ၍ ဟင်းချက်ရန် ပြင်ဆင် နေ၏။

ထိုသို့ ထမင်းဟင်းချက်ပေးသူက ထမင်းဟင်းချက်သော မြေအိုးအသစ် ကလေးများနှင့် ချက်ပြုတ်၍ ပိုနေသော ဆန်နီ၊ ငရုတ်စသည့် ပစ္စည်းများကို ပိုင်ဆိုင် သည်။ ထမင်းဟင်းများ ကျက်သောအခါ ထမင်းပွဲ ခုနစ်ပွဲ ပြင်၍ ငှက်ပျောပွဲ ကိုယ်စီနှင့် ထိုင်နေသော အပျိုတော် ခုနစ်ဦး ရှေ့ရှိ ခေါင်ရည်အိုး ခုနစ်လုံးအနီး၌ ထမင်း ခုနစ်ပွဲကို ခင်းကျင်း ထားသည်။ ကိုဒေါင်းစိန်နှင့် မယ်စိန်တို့သည် ထိပ်ဆုံးမှ ထမင်းစားပွဲတွင် ၀င်ထိုင်၍ ထမင်းလက်ဆုံ စားကြ၏။ ကိုဒေါင်းစိန်က ထမင်းတစ်လုတ်နှင့ ငါးရံ့ဟင်းတစ်ဖဲ့ စားလိုက်၍ နတ်ထိန်းဆရာကြီး သင်ပေးသည့်အတိုင်း ' တီ ... မတီ ' ဟု ဆိုလိုက်ရာ မယ်စိန်ကလည်း ထမင်းတစ်လုတ်နှင့် ဟင်းတစ်ဖဲ့ စားလိုက်ပြီးနောက် ' တီ .. ငန်းငန်း' ဟု ပြန်ပြောလိုက်ရ၏။ ထိုနည်းအတိုင်း ခေါင်ရည် အမှတ် ပြုလုပ်ထားသော အိုးသစ်ထဲမှ ဖျော်ရည်များကို သင်္ဘောရိုးဖြင့် တစ်ယောက် တစ်လှည့် စုပ်မျိုရင်း ' တီ မတီ '၊ ' တီ ငန်းငန်း' လုပ်ကြပြန်၏။ သည်ထမင်းပွဲပြီးလျှင် နောက် ထမင်းပွဲ တစ်ပွဲ သို့ ကူးပြန်၏။ သည်လိုနဲ့ နောက်တစ်ပွဲ ..... နောက်တစ်ပွဲ။

ထမင်းပွဲ ခုနစ်ပွဲ စေ့သွားသောအခါ သူတို့ ကျွဲနတ်ကသော အခမ်းအနားမှာလည်း ပြီးဆုံးလေပြီ။ ဤတွင် ဖိုးသူတော်ဘွဲ့ကို ခံယူထားသော သူသည် အပျိုတော် ခုနစ်ဦးထံ အလှူလိုက်ခံရာ အပျိုတော် ခုနစ်ဦးကလည်း သူတို့ ငှက်ပျောပွဲထဲ၌ ရှိသော ပစ္စည်းများအနက် အချို့အ၀က်ကို ဖိုးသူတော်အား အသီးသီးပေးလှူလိုက်ကြရ၏။ အပျိုတော် လုပ်သူ မိန်းကလေး ခုနစ်ဦးမှာ ငှက်ပျောပွဲ အတွင်း၌ ရှိသော ပစ္စည်း များကို ပိုင်ဆိုင်၍ ဖိုးသူတော်လုပ်သူကလည်း အပျိုတော်များ ထံမှ အလှူခံ ရရှိသော ပစ္စည်းများကို အပိုင် ရရှိသည်။

နောက် လူတစ်ယောက်ကေ ခွးယောင်ဆောင်ကာ ' ၀ူး ၀ူး ' ဟု ဟောင်ရင်း ဖိုးသူတော်အား လိုက် ကိုက်ရ၏။ ဖိုးသူတော်က ခြေသလုံးကို ခွေးကိုက်မိသွားဟန်ဖြင့် ခြေသလုံးတွင် ကွမ်းစားထုံး အနည်းငယ် သုတ်ပေးလိုက်ရပြီးသည့်နောက် ကိုဒေါင်းစိန်တို့ ပဲခူးမောင်နှံ အလှည့်သည် လုံးဝ ပြီးဆုံးလေပြီ။
ကိုဒေါင်းစိန်တို့ စုံတွဲ ပြီးဆုံးသောအခါ မပြားကြီးနှင့် အငှားလင်တို့၏ အလှည့်ဖြစ်၏။ သို့သော် ကိုဒေါင်းစိန်သည် ရှေ့ရေးကို တွေးကာ ရင်လေးပြီး စိတ်စက်မကောင်းလှသဖြင့် စောင့်ဆိုင်းကြည့်ရှု မနေတော့ ဘဲ သူ့အိမ်ကလေးသို့ ပြန်လာခဲ့၏။

သူသည် သူ့အိမ်ကလေးပေါ်၌ ပက်လက်လှန်အိပ်၍ နဖူးပေါ် လက်တင်ကာ ဆင်ခြင် စဉ်းစား၏။ အတိတ်ကို တွေး၏။ ပစ္စုပ္ပန်ကို ဆင်ခြင်၏။ အနာဂတ်ကို မျှော်မှန်းကြည့်၏။ အတိတ်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှတစ်ဆင့် အနာဂတ်ဆီသို့ (၀ါ) မိုးဦးမှသည် မိုးနှောင်းဆီသို့၊ ထိုမှတစ်ဆင့် ရောက် လာမည့်အနာဂတ်ဘ၀ သံသရာ ၀ဲဂယက်အတွင်းဆီသို့ တွေးခေါ်ဆင်ခြင် မျှော်မှန်း ... ။

သို့သော် ဘာတစ်ခုမှ ကြည်လင်ပြတ်သားစွာ ပေါ်လာခြင်း မရှိဘဲ အားလုံးမှုန်တ၀ါးဝါးနှင့် ထင်တရေးရေး။ နောက်တော့ အမှောင်ကသာ ပိန်းပိတ်အောင် လွှမ်းခြုံသွားသည်။ သူသည် စိတ် ပျက်စွာဖြင့် သက်မကိုသာ ချလိုက်မိ၍ ဘာကိုမှ တွေးခေါ်ဆင်ခြင် မျှော်မှန်းခြင်း မပြုတော့ဘဲ ဖြစ်သလိုသာ နေသွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ ကာလကြာမြင့်စွာက မျှော်မှန်း တောင့်တခဲ့သော အရာများကား ရခဲလှစွာနှင့်ပင် ရရှိပိုင်ဆိုင်နိုင်ခဲ့ပါသော်လည်း၊ ကြာရှည်စွာ လက်ခံ ထိန်းသိမ်းထားခြင်းမပြုနိုင်ဘဲ ချက်ချင်းပင် လက်လွတ် ဆုံးရှုံးခဲ့ရပြန်သည့်အတွက်၊ နောက် တွင်တော့ ဘာတစ်ခုကိုမှ မျှော်မှန်းတောင့်တခြင်းမပြုတော့ဘဲ ဘ၀၏ ရေစီးကြောင်းတွင် မျက်စိကို စုံမှိတ်၍ အလိုက်သင့် မျှောချလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကျောက်ဆောဆင်နှင့် တိုက်မိပြီး ကြေမွပျက်စီးကာ ၀ဲဂယက်အောက်ဝယ် နစ်မြုပ်ပျောက်ကွယ် သွားချင် လည်း သွားပါစေတော့။

ကိုဒေါင်းစိန်အကား အားလျှော့လေပြီ။
မှန်သည်။ သူတို့၏ ဘ၀၌ အလင်းရောင်ဟူသည်ကား မှောင်မည်းမည်းတွင် ထ ပြက်လိုက်လျှင် လျှပ် တစ်ပြက်မျှသာ ဖြစ်၍၊ နောက်တွင်တော့ အမည်းနှင့် အမှောင်။ သုခ ဟူသည်မှာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာသာဖြစ်၍၊ နောက်တွင်တော့ ဒုက္ခနှင့် သောကပရိဒေ၀။ ဤသည်ပင်လျှင် သူတို့၏ ဘ၀သံသရာ။
-------------------
ပြီးပါပြီ

.

No comments: