ကျွန်တော်တို့ခင်ဗျားတို့နှင့်သူတို့အကြောင်း
ဦးဆွေ (ဒသနိက)
ဦးဆွေ (ဒသနိက)
မနက်ခြောက်နာရီလောက်ရှိပြီ။ တော်တော်လေးလဲ လင်းနေပါပြီး။ ပြည်တော်သာလမ်းနဲ့ သစ္စာလမ်း ထောင့်က အိမ်ဆောက် ပစ္စည်းဆိုင်ကြီး ရှေ့နားမှာ တင်မောင်အေးနဲ့အေးဝင်းတို့ နှစ်ယောက် သား ထိုင်လိုက်ကြတယ်။ ဆိုင်ကြီးကတော့ တုတ်တုတ်တောင် မလှုပ်သေးပါဘူး။ ပုံခုံးပေါ်ထမ်းလာတဲ့ ပေါက်ပြား နဲ့တူရွင်းတွေကိုဘေးချပြီး ဆေးလိပ်ကိုယ်စီနဲ့နှပ်ပြီး စောင့်နေလိုက်တယ်။ ဟုတ်တယ်။ သူတို့အဖွဲ့က လူစုံမှ အလုပ်ဖြစ်မှာလေ။ အဓိကကတော့ ကိုကြီးစိန်ရောက်တဲ့အထိ ထိုင်စောင့်ဖို့ပဲ။ နောက်ပြီး ဟိုးဘက် ရပ်ကွက် ကမောင်နီနဲ့ အောင်ကွန့်ကိုလည်း စောင့်ရဦးမှာလေ။
ကိုကြီးစိန်က စည်ပင် ရေးပေးရေး ဌာနက ၀န်ထမ်းပါ။ ရပ်ကွက်တွေထဲက ရေပိုက်လဲတာ၊ ရေပိုက်ပြင်တာ၊ မြောင်းပြန်တူးတာတွေ၊ ရေလိုချင်တဲ့အိမ်တွေကို မိန်းပိုက်က ရေပြွန်သွယ်ပေးရတာတွေ လုပ်ရတယ်။ တင်မောင်တို့ကတော့ ပျံကျ အလုပ်သမားတွေပါ။ သည်လိုပဲ ဟိုက ခေါ်ခိုင်းရင်လုပ်လိုက်၊ သည်ကခေါ်ခိုင်းရင်လုပ်လိုက်ပေါ့။ ကိုကြီးစိန်နဲ့ကတော့ တွဲဖြစ်ကြတာ ကြာပါပြီ။ သူတို့အဖွဲ့က လူက လည်းညီ၊ လက်ကြောကလည်းတင်း၊ လုပ်ခံနေ့တွက်ကြေးဆိုလည်း ကိုကြီးစိန်ခွဲပေးတဲ့အတိုင်း ဘာမှ စောဒက တက်ကြတဲ့သူတွေမဟုတ်တော့ အဆင်ပြေနေကြတယ်ပဲဆိုပါတော့။
ပြောမယ့်သာ ပြောရတာပါ။ ကိုကြီးစိန်ကလည်း ဓာတ်မသိရင်အပေါက်ဆိုးတယ်။ မျက်နှာကြော တင်းတယ်လို့ ထင်ရတာ။ တကယ်ပေါင်းကြည့်တော့ လူကြီးစိတ်လည်းရှိတယ်။ သမာသမတ်လည်း ရှိတယ်လေ။ သူတို့တွေ အပေါ်မှာလည်း ညှာရှာပါတယ်။ အလုပ်မရှိရှိ၊ ရှိရီ ကိုယ့်မှာတကယ် အခက်အခဲ ရှိလို့ ကိုကြီးစိန်ရေ ဆိုပြီး သွားလိုက်ရင် ငါးရာမျိုးတစ်ထောင်မျိုးမြင်တတ်တဲ့သူ မဟုတ်ပါဘူး။ အခုလည်း မြင်သာရပ်ကွက် ထဲက အိမ်တစ်အိမ်မှာ ရေပိုက်လဲဖို့ကိစ္စ အလုပ်ရှိလို့၊ သူတို့ကို မနက်စော လာစောင့်ခိုင်း တာလေ။ ရေပိုက်က ငါးမူးပိုက်နဲ့ ကျပ်ပိုက်လဲတတ်ရမှာ။အရင်ပိုက်က ဟောင်းလည်းဟောင်း၊ ပိုက်ပေါက် တွေကလည်း ရေတွေစိမ့်စိမ့်ထွက်နေတာဆိုတော့ ရေက ဟုတ်တိပတ်တိမရလို့တဲ့။
တင်မောင်နဲ့ အေးဝင်း၊ တစ်ယောက်နဲ့တစ်ယောက် စကားမဆိုဖြစ်ကြဘူး။ ပါလာတဲ့ ပုဆိုးလေး တွေခြုံပြီးဆေးပေါ့လိပ်ကိုပဲ သဲသမဲမဲဖွာပြီး တွေးချင်ရာတွေးနေကြတာ။ ဆောင်းနှောင်းပိုင်း ရောက်ပြီဆိုပေ မယ့် မနက်စောဆိုတော့ အအေးဓာတ်က မကုန်ချင်သေးဘူး။ တော်တော်လေးကြာတော့ မောင်နီနဲ့ အောင်ကွန့် တို့ ရောက်လာကြတယ်။
"ဟေ့ကောင်တွေ၊ နေရာက်နေတာ ကြာပြီလား၊ ကိုကြီးစိန်ရော" လို့လှမ်းမေးတယ်။ သူတို့ အထဲမှာ မောင်နီက လူသွက်၊ စကားသွက်၊ ဒါပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ လက်က မသွက် တတ်ဘူး။ တင်မောင်က ခေါင်းပဲယမ်းပြလိုက်တယ်။ "ကိုကြီးစိန်က စက်ဘီးနဲ့လာမှာတောင် နောက်ကျတယ်နော်" လို့ သူ့အမေးကို သူ့ဘာသာသူပဲ ဖြေလိုက်ပါတယ်။ သိပ်မကြာပါဘူး။ စက်ဘီးဘို ကြီးကို တစ်ဂျောက် ဂျောက် စီးလာတဲ့ ကိုကြီးစိန်ကို ပြည်တော်သာလမ်းအတိုင်း လှမ်းမြင်လိုက်ရတာပဲ။ ကိုကြီးစိန် သူတို့နားအရောက် သူတို့ အားလုံးလည်း ထရပ်လိုက်ကြတယ်။ ပါလာတဲ့ လက်နက်ကိရိ ယာ တွေကိုလည်း ၀ိုင်းပြီး ယူလိုက်တယ်။ ကိုကြီးစိန်ကလည်း စက်ဘီးပေါ်ကဆင်းပြီး သူတို့နဲ့အတူပဲ လမ်း လျှောက်လိုက်ဖို့ စက်ဘီး ကို တွန်းပြီး ရှေ့ကထွက်တယ်။ ရေပိုက်ပြင်ရလဲ ရမယ့်အိမ်ဆီကိုပေါ့။
အဲသည်အချိန်မှာပဲ တင်မောင့်မျက်လုံးတွေက လမ်းဘေးမြက်ဖုတ်လေးပေါ်တင်နေတဲ့ အရာတစ်ခု ကိုလှမ်းမြင်လိုက်တယ်။အပြေးလေးသွားပြီး ကောက်ကြည့်လိုက်တယ်။
ကျန်တဲ့လူတွေကလည်း တင်မောင့် လက်ထဲက အရာလေးကို ၀ိုင်းကြည့်လိုက်ကြတယ်။ မောင်နီက တင်မောင့် ဆီက ဆတ်ခနဲလာဆွဲတယ်။ တင်မောင်ကလက်ကို ပြန်ရုတ်လိုက်တယ်။ သားရေး အိတ်သေး သေး လေး တစ်လုံး ဖွင့်ကြည့်လိုက်တော့ ပြားပြားရှည်အရာလေးတစ်ခု ထွက်လာတယ်။
"အဲဒါဖုန်းကွ ဖုန်း" လို့မောင်နီက မျက်လုံးကြီးပြူးပြီး အောက်ပြောလိုက်တယ်။ ကျန်တဲ့ သူတွေလည်း တင်မောင့် အနားကို ၀ိုင်းကပ်လာကြလေရဲ့။
မောင်နီပြောမှ မဟုတ်ပါဘူး။ တင်မောင်ရော။ အားလုံးလည်းပဲ သိပါတယ်။ ဒီဥစ္စာလေးက လက်ကိုင်ဖုန်း လေး ဖြစ်မှန်းကိုပေါ့။ မြသလွန်ဘုရားပွဲတော်တုန်းကမှ အိမ်က ကလေးတွေအတွက် ဒါမျိုး လေးတွေ ၀ယ်ပေးခဲ့သေးတယ်။ ခလုပတ်ကလေးတွေ နှိပ်လိုက်ရင် တတီတီနဲ့ပြီးတော့ သံစုံဂီတ သံလေးတွေလည်း ထွက်တယ်လေ။ ဒါပေမယ့် ဒါလေးကတော့ ကလေးကစားရာ ဟုတ်မထင် ဘူး။ တကယ့် လက်ကိုင်ဖုန်း အစစ် ဖြစ်လိမ့်မယ် ထင်တယ်။
"ဟေ့ကောင် ငါ့ပြစမ်း"
ကိုကြီးစိန်ကလက်ဖြန့်ပြီးတောင်းလို့ တင်မောင်ကပေးလိုက်တယ်။ ဟုတ်တယ်လေ။ ကိုကြီးစိန်က သူတို့အထဲမှာ လူကြီးဟာကိုး။ ပြီးတော့သူက ၀န်ထမ်းဆိုတော့ ကိုယ့်ထက်ပိုပြီးဗဟုသုတရှိ တယ်မို့လား။
ကိုကြီးစိန်က ဖုန်းလေးကို ကိုင်ပြီး ခလုတ်ကလေးတွေကို တောင်နှိပ်၊ မြောက်နှိပ် လိုက်နှိပ်ကြည့် တယ်။ ဖုန်းလေး အပေါ်က လေးထောင့်ကွက်လေးမီးလင်းလာပြီး အင်္ဂလိပ်လို ရေးထားတဲ့ စာတမ်းတွေလည်း ပေါ်ပေါ် လာတယ်။ ကိုကြီးစိန်က တစ်မျိုးပြောင်းနှိပ်လိုက်၊ အပေါ်က စာတွေလည်း ဖျတ်ခနဲ၊ ဖျတ်ခနဲ ပြောင်းလိုက်ပဲ။ အားလုံးကလည်း ၀ိုင်းသာကြည့်နေကြတာ။ ဘယ်သူမှ သိကြတာ တော့လည်း မဟုတ်ဘူး။ကိုကြီးစိန်လည်းဘာထူးလဲ။ အတော်ကြာအောင် ဟိုနှိပ်၊ ဒီနှိပ်လုပ်ပြီးမှ ကိုကြီးစိန်က ထည့်လိုက်တယ်။ စောစောကလိုပါပဲ။ သူလည်း တောင်နှိပ်မြောက်နှိပ် လျောက်လုပ်တာပါပဲ။ အလင်းရောင် လေး တဖျတ်ဖျတ်ပြောင်းသွားတာ တတီတီ အသံလေးတွေ ထွက်လာတာကလွဲလို့ ကုလားကြီးနဲ့ အရာကြီး အတူတူပါပဲ။
"ငါ့ ပေးစမ်းပါဦးကွာ။ ဒီဖုန်းမျိုးက သီချင်းလည်း နားထောင်လို့ရတယ်။ ဓာတ်ပုံလေး ဘာလေး လည်း ရိုက်လို့ရသတဲ့ကွ" ဆိုပြီး တောင်းလိုက်တယ်။
တင်မောင်က မောင်နီက ဟိုစပ်စပ် သည်စပ်စပ်ကောင်မို့လုပ်များလုပ်တတ် လေမလားလို့ အထင်မကြီးတကြီး ကြည့်နေလိုက်တယ်။ ထူးပါဘူး။ သူလည်း တောင်နှိပ်မြောက်နှိပ်ပဲ။ တစ်ခါတစ်ခါ ဖုန်းကို နားလည် သလိုလိုနဲ့ကြည့်ပြီး စဉ်းစားရင်း နှိပ်နေတဲ့ အိုက်တင်ပဲ ပိုတာပါ။
အဲသည်လိုနဲ့ ကြာတော့ တင်မောင်က စိတ်မရှည်တော့ဘူး။ ကိုကြီးစိန်ကလည်း စိတ်မရှည် တော့ဘူး။ ဟုတ်တယ်လေ။ အလုပ်က လုပ်ကြရဦးမှာမို့လား။ မနက်စောစောလုပ်မှ လူသက်သာတာ၊ နေပူလာရင် ပင်ပန်းလှတယ်မို့လား။
"ကဲထားလိုက်ပါတော့ကွာ။ ပိုင်ရှင်တွေ့လို့လာတောင်းလည်းပြန်ပေးလိုက်တာပေါ့။ တင်မောင် သိမ်းထား လိုက်"
လို့ကိုကြီးစိန်က ပြောပြောလှမ်းလှမ်း လှမ်းလိုက်တယ်။ အဲသည်အချိန်မှာ မောင်နီက ဘယ်ခလုတ် ကိုနှိပ်မိလိုက်တယ် မပြောတတ်ဘူး။ မီးရောင်အလင်းရောင်ထွက်နေတဲ့ ဖုန်းလေးက မှိတ်သွားတယ်။ ခလုတ် တွေ လျောက်နှိပ်ကြည့်တော့လည်း စောစောကလို တတီတီအသံလည်း မထွက်တော့ဘူး။ ပြန်လည်း လင်း မလာဘူး။ တင်မောင်က မောင်နီဆီကို ဖုန်းကို ဆတ်ခနဲ ဆွဲယူလိုက်တယ်။
"မင်းလုပ်လိုက်ရင် သောက်ရမ်းကြီးပဲ" လို့လည်းပြောလိုက်တယ်။ စောစောကတည်းက ဘာမှ မပြောဘဲ ကြည့်နေတဲ့ အောင်ကွန့်ကပါဝင်ပြောတယ်။
"အေးကွ၊ ပျက်များသွားသလားမသိဘူး။ သည်ဖုန်းမျိုးက သိန်းနှစ်ဆယ်၊ သိန်းအစိတ်လောက် တန်တယ်ဆိုလား၊ ကြားဖူးတယ်ကွ" လို့ဝင်ပြောတယ်။ တင်မောင်က ဆတ်ခနဲ ရင်တွေခုန်သွားပြီး ဖုန်းလေးကို တယုတယအိတ်ထဲ ပြန်ထည့် လွယ်လာတဲ့ လွယ်အိတ်အဟောင်းလေးထဲကို ဂရုတစိုက် ထည့်လိုက်တယ်။ မောင်နီကိုလည်းမကျေမနပ်တစ်ချက်ကြည့်ပစ်လိုက်တယ်။
"ဟေ့ကောင်တွေ မြန်မြန်လာ"
ကိုကြီးစိန်က ခပ်ငေါက်ငေါက် လှမ်းခေါ်မှ အပြေးအလွှားလိုက် သွားကြလေရဲ့။
နေ့လယ်စားအိမ်က လိုက်ပို့တဲ့အချိန်အထိ သူတို့တစ်ဖွဲ့လုံး၊ ချွေးတလုံးလုံးနဲ့ လုံးဝမနားရဘူး။ ပိုက်ဟောင်း ကိုဖော်ဖို့ အိမ်ကြိုအိမ်ကြားတွေမကျန်ဝင်ပြီးမြောင်းပေါက်ရ။ ပိုက်အဟောင်းကို ဆွဲထုတ်ပြီး ပိုက်အသစ် ကို ချလိုက်၊ လိုတဲ့နေရာတွ ဆက်လိုက် နဲ့တစ်ယောက်မှ မသက်သာပါဘူ။ ကိုကြီးစိန်က "နားရအောင် ဟေ့" လို့ဆိုတဲ့အချိန်မှာ နေ့လယ်တစ်နာရီ တောင်ထိုးတော့မလို့လေ။
အိမ်တွေက လိုက်ပို့တဲ့ ထမင်းချိုင့်လေးတွေဖွင့်ပြီး သူ့ဟင်းကိုယ့်စား ကိုယ့်ဟင်းသူစား ပေါ့လေ။ ဟင်း တွေလို့သာပြေကြတာပါ။ သူ့ကြည့်လည်း ဘဲဥ၊ သူ့ကြည့်လည်း ချဉ်ပေါင်ရွက်၊ ကိုယ့်ကြည့်လည်း လက်ဖက်သုတ် ဆိုတာမျိုးပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ ပင်ပန်းကလည်းပင်ပန်း ဆာလည်းဆာတော့ စားလိုက် ကြတာ ခွေးကျွေးစရာတောင် မကျန်ပါဘူး။
ထမင်းစားပြီးတော့ အိပ်ရှင်က လာချပေးတဲ့ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲ ကိုယ်စီစားပြီး ဆေးလိပ် ဖွာ၊ သစ္စာ လမ်းဘေးက ထနောင်းပင်ကြီးရဲ့ အရိပ်အောက်မှာ စည်းစိမ်ခံလိုက်ကြတယ်။ အဲသည်အချိန်မှာ အောင်ကွန့် က စကားစလိုက်တယ်။
"အဲသည့်ဖုန်းကို ပြန်ရောင်းရင် တော်တော်ရမယ်ထင်တယ် ကွ"
ကိုကြီးစိန်က မျက်လုံးလှန်ပြီး ကြည့်တယ်။ ဘာမှတော့ မပြောဘူး။ တင်မောင်ကတော့ ဆတ်ခနဲ့ တုန် သွားတယ်။ မောင်နီနဲ့ အေးဝင်းတို့က မျက်လုံးအရောင်တွေ လက်ခနဲတောက်သွားပြီး တင်မောင် ကိုကြည့်တယ်။ မောင်နီက ဖွာနေတဲ့ဆေးပေါ့လိပ်ကို ခဏချထားလိုက်တယ်။
"အေးဟုတ်တယ်ကွ၊ငါလည်းအဲဒါကိုပဲစဉ်းစားနေတာ၊ဘယ်လိုပဲဖြစ်ဖြစ်၊အနည်းဆုံးငါးသိန်းလောက် ရဦးတော့ တို့၊ ငါးယောက်ဆို တစ်ယောက် တစ်သိန်းစီခွဲရုံပဲ။ တို့တော့ ပွပြီကွ"
တင်မောင်က သစ်မြစ်ပေါ်မှာ လွယ်အိတ်လေးခေါင်းစုပြီး အိပ်နေရင်က ဆတ်ခနဲ ထထိုင် လိုက်တယ်။ မောင်နီ ကို စိမ်းစိမ်းကြည့်ပြီး
"ဘာကွ ပြန်ပြောစမ်းပါဦး။ မင်းစကားကို"
"ဟုတ်တယ်လေကွ။ ကိုကြီးစိန်နဲ့ ဒို့အလုပ်တွဲလုပ်ကြတာ ကြာပြီလေ။ တို့လေးယောက် ဆိုတာလဲ။ ဘယ်တုန်း က မဆို ညီညီညွတ်ညွတ်၊ မျှမျှတတပဲမိုကလား။ ဒါကြောင့် အဲဒီုဖုန်းရောင်းရရင် ရောင်းရတဲ့ ငွေကို တို့ အားလုံး ညီတူမျှတူ ခွဲမယ်လို့ ငါပြောနေတာပေါ့။ ဟုတ်တယ်မို့လား၊ ဟေ့ကောင်တွေ"
မောင်နီက အေးဝင်းနဲ့အောင်ကွန့်တို့နှစ်ယောက်ဘက်ကိုရော ကိုကြီးစိန် ဖက်ကိုပါ လှည့်ပြီး မေးပြော ပြောလိုက်တယ်။ ကိုကြီးစိန်က မောင်နီကို ဇဝေဇ၀ါပြန်ကြည့်ပြီး မျက်နှာကို ခပ်လွှဲလွှဲထား လိုက်တယ်။ ဘာမှတော့ ပြန်မပြောဘူး။ တင်မောင်ဒေါသ ထွက်လာတယ်။ တောက်တစ်ချက်လည်း ခပ်ပြင်းပြင်း ခေါက်လိုက်သေးတယ်။
"မင်းလူပါးဝစကားမပြောနဲ့ မောင်နီ၊ ဒါ ငါကောက်ရတာကွ ငါ့ပစ္စည်း၊ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး။ မဆိုင်တာတွေ ဘာမှ လျှောက်ပြောမနေနဲ့"
"မဟုတ်ဘူး လေကွာ။ မင်းကောက်လိုက်တာမှန်ပေမယ့် တွေ့တာကတော့ တို့အားလုံးအတူတူ တွေ့တာ ပဲကွ။ ဒီတော့ ဘယ်သူကောက်ကောက် အတူတူဆိုင်တာပေါ့"
အေးဝင်းနဲ့ အောင်ကွန့်က ခေါင်းတဆတ်ဆတ်ညိတ်ပြီး ထောက်ခံသလိုလုပ်တယ်။ ပြီးမှ အေးဝင်းက ပြောတယ်။ "ဒီလိုလုပ်ပေါ့ကွာ။ တင်မောင် ကကောက်တဲ့သူဆိုတော့ သူ့ကိုနည်းနည်း ပိုပေးလိုက်ပေါ့။ ကျန်တဲ့ လေးယောက် ကတော့ ညီတူမျှတူပဲ ခွဲကြတာပေါ့။ ငါပြောတာ မကောင်းဘူးလား တင်မောင်"
"မကောင်းဘူးကွာ။ ဘယ်သူမှ ဘာမှ ပြောမနေနဲ့ကြတော့။ ဒီဥစ္စာ ငါကောက်တွေ့တာ။ ငါ့ပစ္စည်း။ ဘယ်သူနဲ့မှ မဆိုင်ဘူး။ တစ်ခြမ်းလည်း မပေးဘူး။ တစ်စိတ်လည်း မပေးဘူး။ အိုးကွာ တစ်ဖဲတောင် မပေးဘူးကွာ"
တင်မောင်က လွယ်အိတ်ထဲက ဖုန်းလေးကို ထုတ် ကျစ်ကျစ် ပါအောင် ဆုတ်ပြီး ပြောလိုက်တယ်။
"သည်လို မတရားလုပ်လို့တော့ ဘယ်ရမလဲကွ"
မောင်နီက ထိုင်နေရာက မတ်တပ်ရပ် လိုက်တယ်။ တင်မောင့်အနားကိုလည်း ကပ်လာတယ်။ အေးဝင်းနဲ့ အောင်ကွန့်လည်း ရောယောင်ပြီး ရပ်လိုက်ကြတယ်။ ကိုကြီးစိန်ကတော့ ဆေးပေါ့လိပ်ကို သဲကြီးမဲကြီးဖွာပြီး သူတို့လေးယောက်စလုံးကို မျက်မှောင်ကြီးကုပ်ပြီး ကြည့်လို့။ အခြေအနေကတော့ တင်းမာလို့။ မောင်နီက တင်မောင့လက်ထဲက ဖုန်းကို ၀င်လုတယ်။ ယောင်ကန်းကန်းရပ်နေတဲ့ အေးဝင်းနဲ့ အောင်ကွန့် ကလည်း သိစိတ်နဲ့ တော့ဟုတ်ဟန်မတူပါဘူး။ အလိုလိုပဲ တင်မောင့်ကို ၀င်ချုပ်မိသလိုဖြစ် သွားတယ်။ တွန်းရင်း၊ထိုးရင်း၊ ရုန်းရင်းကန်ရင်၊ဆဲရင်း ဆိုရင်းနဲ့ တင်မောင့်လက်ထဲက ဖုန်းလေး မြေကြီး ပေါ် လွင့်ကျ သွားတယ်။ လ်ုနေရင်းက ဘယ်ခလုတ် ဘယ်လိုပြန်ထိမိတယ် မသိဘူး။ ဖုန်းလေးက မြေကြီးပေါ် မှာ မီးလေးလင်း လို့။ မောင်နီက ပြေးကောက်မလို့ လုပ်တယ်။
"ဟေ့တော်ကြ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ မင်းတို့ကောင်တွေ၊ ငါကောက်ရိုက်လိုက်ရင်း အကုန်လုံး မသာပေါ်ကုန်လိမ့်မယ်"
လက်ထဲမှာ သံတူရွင်းကြီးကိုင်ပြီး အော်လိုက်တဲ့ ကိုကြီးစိန်အသံပါ။ သူတို့အားလုံး၊ ခုမှ အိပ်မက်က လန့်နိုးတဲ့သူတွေလို ယောင်ကန်းကန်း ငြိမ်ငြိမ်ကြီး ရပ်နေကြတယ်။ ကိုကြီးစိန်က ရှေ့တိုး လာတယ်။ ဖုန်းကို ကောက်ယူလိုက်တယ်။
"မင်းတို့စဉ်းစားကြည့်စမ်း။ ဘယ်တော့မဆို မင်းတို့ညီညီညွတ်ညွတ် လုပ်ကြ ကိုင်ကြ၊ စားတာ သောက်တာ လည်း အတူတူ၊ ဆွေမျိုးသားချင်း တစ်စက်မှ မစပ်ပေမယ့် တကယ့်ညီအစ်ကိုလို နေနေ ကြတဲ့ အကောင်တွေ၊ ပြီးတော့ ဒါ ကိုယ့်ပစ္စည်းလည်း မဟုတ်ဘူး။ ပိုင်ရှင်တွေ့ရင် ပြန်ပေးရမှာကွ။ ခုလောက် ဆိုရင်ကို ပိုင်ရှင်က ဒေါင်းတောက်အောင် ရှာနေလောက်ပြီး။ သူ့ပစ္စည်းသူ နှမြောနေမှာ ပေါ့ကွ။ မင်းတို့ မို့လို့ သက်သက်မဲ့ သူများပစ္စည်းကို လောဘဇောတိုက်ပြီး အချင်းချင်းတောင် သတ်နေကြ သေးတယ်"
ကိုကြီးစိန် စကားအဆုံးမှာ သူတို့အားလုံးမျက်လွှာလေးတွေ ချပြီး အပြစ်ရှိသူတွလို နေလိုက်ကြ ရတယ်။ အတော်ကြာမှ တစ်ယောက်ကိုတစ်ယောက် တောင်ပန်းတဲ့ မျက်လုံးတွေနဲ့လည်း ကြည့် လိုက်ကြ တယ်။ ဘာမှတော့ မပြောကြဘူး။
"ကဲ ကိုယ့်အလုပ်၊ ကိုယ်ပြန်လုပ် ကြမယ်" လို့ပြောပြီး ကိုကြီးစိန်က ဖုန်းလေးကို သူ့အိတ်ကပ်ထဲ ထည့်မလိုလုပ်လိုက်တယ်။ အဲသည်အချိန်မှာ ဖုန်းလေးက မီးနီလေးလင်းလာပြီး အသံထွက်လာတယ်။
"ဟဲလို ဟဲလို" တဲ့။
"ဘာမှ အားမနာနဲ့နော် အစ်ကိုကြီးတို့၊ ကြိုက်သလောက်သာ သောက်၊ ကြိုက်သလောက်သာစား၊ နောက်ထပ် မှာချင်လည်း မှာနော်။ ကျွန်တော်တို့ နှစ်ယောက်ကတော့ အပြင်းမရလို့ ဘီယာပဲ သောက်မှာ"
ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မော်မော နဲ့ပြောနေတဲ့ ဇင်မင်းထိုက်ဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်း ကိုတင်မောင်က ခပ်ငေးငေးလေး ကြည့်နေတယ်။ စားပွဲပေါ်မှာလည်း ၀ီစကီပုလင်းကြီးနဲ့ စားစရာတွေက လည်း တပုံတပင်ကြီးပဲ။ ဘယ်ပန်ကန်စနှိုက်လို့ နှိုက်ရမှန်းမသိဘူး။
ကိုကြီးစိန်ကတော့ ဟိုကောင်သုံး ယောက်အားရပါးရ စားနေသောက်နေကြတာကို ကျေကျေ နပ်နပ်ကြီး ကြည့်နေလေရဲ့။ တင်မောင့်ကိုလည်း စားလေလို့ မေးထိုးပြီးပြတယ်။ သူကိုယ်တိုင်က လည်း ၀ီစကီ ဖန်ခွက် ကို ဂွပ်ခနဲ့ မော့ချပစ်လိုက်တယ်။ ရေတောင် မရောဘူး။
"ညက သူငယ်ချင်းတစ်ယောက် ဧည့်ခံပွဲမှာ ကျွန်တော် အတော်များသွားတာဗျ။ ဆိုင်ကယ်တောင် မစီးနိုင်ဘူ။ သည်ကောင်ပဲစီးလာခဲ့တာ။ Hand Phone လည်း ဘယ်နားကျခဲ့မှန်းကို မသိဘူး။ မနက် မိုးလင်းအိပ်ရာကနိုးမှ သတိရတာ။ ဒါနဲ့အဆောင် က သူငယ်ချင်း Phone နဲ့ဆက်ကြည့်တော့ ကျွန်တော် Phone ကပိတ်ထားတယ်ဗျ။ ခေါ်လို့ကို မရဘူး။ အစ်ကိုတို့ ပိတ်ထားလိုက်တာလား"
ကိုကြီးစိန်က အကျိုးအကြောင်း ရှင်းပြတော့ ကောင်လေးက ရယ်တယ်။ ဟုတ်တယ်လေ။ လျှောက်သာနှိပ်နေတာ ဘယ်ခလုတ်ကအဖွင့်၊ ဘယ်ခလုတ်က အပိတ်လို့ သိတဲ့လူ တစ်ယောက်မှ မပါတာပဲဟာ။
"နေ့လယ်လောက် ထပ်ဆက်ကြည့်မှ။ အစ်ကိုတို့ဆီ Phone ခေါ်လိုရတာ။ ဒါကြောင့် အစ်ကိုတို့ ရှီတဲ့နေရာကို တန်းလာနိုင်တာတော်သေးတယ်။ ကျွန်တော်က ရဲစခန်းတောင် အမှုသွားဖွင့် တော့ မလို့ လုပ်နေတာ"
ကောင်လေးစကားကြားတော့ မောင်နီကမျက်လုံးကြီးပြူးသွားတယ်။ ကိုကြီးစိန်ကချောင်း မဆိုချင်း တစ်ချက်ဆိုးလိုက်တယ်။ အောင်ကွန့်က ၀င်းမေးတယ်။
"ညီလေးဖုန်းက အကောင်းစားဆိုတော့ တော်တော်တန်မယ်နော်"
"ဟာတန်တာပေါ့ အစ်ကိုကြီးရ Handset ချည်းပဲ ငါးသိန်းလောက်တန်တယ်ဗျ။ ဒီကောင်က မော်ဒယ် အမြင့်၊ ကျွန်တော်ဆွဲထားတာ နှစ်လလောက်ပဲ ရှိသေးတာ။ ဒါကြောင့် ကျွန်တော် အရမ်းနှမြော နေတာပေါ့။ တော်ရုံ တန်ရုံလောက်ဆိုလိုက်တောင်မရှာပါဘူး"
တင်မောင်က ကောင်လေးခါးမှာ ဟန်ကျပန်ကျနေရာမှန် ရောက်ရှိသွားတဲ့ Phone လေးကို တွေတွေလေး လှမ်းကြည့် နေတယ်။ ရှေ့ကပန်ကန်ထဲက စားစရာ သောက်စရာတွေကို တို့တောင် သိပ်မတို့ဖြစ်ဘူး။ လည်ပင်ထဲမှာ နင်နေသလိုပဲ။ အရက်ကိုတော့ ဂွပ်ကနဲ ဂွပ်ကနဲ နှစ်ခွက်လောက် ဆင့်ပြီး မော့ပစ်လိုက်မိတယ်။
အဲသည့်နေက ၀ိုင်းသိမ်းတော့ ကောင်လေးရှင်းလိုက်ရတာ ငွေမနည်းမနောပဲ။ သူတို့အားလုံး အတွက် အိမ်က လူတွေစားဖို့ ခေါက်ဆွဲကြော်တစ်ထုပ်စီလည်း ပါဆယ်ဝယ်ပေးလိုက်သေးတယ်။ ပြီးတော့ တစ်ယောက်ကို ငွေငါးထောင်စီလည်း ပေးသွားတယ်။ ကိုကြီးစိန်က မယူချင်ပါဘူး ဆိုတာတောင် မရဘူး။ ဇွတ် အိတ်ကပ် တွေထဲ ထိုးထည့်လိုက်တယ်။
ခါတိုင်း ဘီအီးလေး တစ်ပိုင်းလောက် ၀င်ရင်ကို လူမှန်းသူမှန်း မသိအောင် မူးတတ်တဲ့ တင်မောင်။ သည့်နေတော့ မူးလို့ကို မရဘူး။ ငေါင်စင်းစင်းကြီး။ သူ့မျက်လုံးထဲမှာတော့ သူခဏလေး ကိုင်ခဲ့ရတဲ့ ထိန်းသိမ်းခဲ့ရတဲ့ ဖုန်းလှလှလေးကိုပဲမြင်မြင်နေတယ်။ ပြီးတော့ စိုတ်တသတ်သတ်၊ တောင်တခတ်ခတ်နဲ့ လည်း နှမြော နေလေရဲ့။
ကျွေးတာမွေးတာတွေကိုလည်း ရေရေရာရာမစား၊ တငူငူတငိုင်ငိုင်နဲ့ လျှောက်နေတဲ့တင်မောင်ကို အပြန်လမ်းမှာ ကိုကြီးစိန်က
"တယ် ငါဆောင့်ကန်လိုက်ရ၊ မကောင်းဖြစ်ဦးမယ်။ ဟိုပိုင်ရှင် အစစ်ထက်၊ ကောက်ရလို့ ခဏလေး ကိုင်လိုက်ရတဲ့ကောင်က ပိုနှမြောနေတယ်လို့ပဲ ကိုယ့်ဥစ္စာမှ မဟုတ်ပဲကွ။ သများပိုင်တဲ့ ဥစ္စာ။ ပိုင်ရှင်ပဲ ပြန်ပေးရမှာပေါ့။ တင်မောင့်အိမ်က ထွက်လာမှ ကျန်တဲ့ကောင်တွေကို သူကပြောလိုက်သေးတယ်။
"တင်မောင်လိုကောင်တွေက ခုမှမဟုတ်ဘူး။ အရင်ကလည်း ရှိခဲ့တာပဲကွ။ အင်း နောက်လည်း ရှိဦးမှာပဲ" တဲ့။ တကယ့် ကို တွေးတွေးဆဆနဲ့ ပြောတာလား။ မူးမူးနဲ့ ပြောတာလားဆိုတာက တော့ သူမှ သိမှာပဲလေ။
စာရေးသူ - ဦးဆွေ (ဒသနိက)
.
1 comment:
ဒီမှာတောင်မှ ဖုန်းပျောက်၇င် ပြန်မရပါဘူး မမရွှေစင်ရယ်.... မြန်မာပြည်မှာဆို ပိုဆိုးပေါ့....
Post a Comment