အခန်း (၂၉) ခိုကိုးရာမဲ့
စိန့်ကလဲယားရုတ်တရက် ကွယ်လွန်ခြင်းဖြင့် တအိမ်လုံးပင် ချောက်ချောက်ချားချား ဖြစ်ရလေ တော့သည်။ အထူးသဖြင့် ထိုအိမ်ရှိအစေခံများ အဖို့ခိုကိုးရာမဲ့ ဘ၀သို့ ရောက်ကြရလေသည်။ မှန်သည်။ ဤနေရာ ၌ သူတို့အဖို့ အဖေသည်၎င်း၊ အမိသည်၎င်း မရှိ။ အကိုအမဟူ၍လည်း မရှိ။ ဦးကြီးဘကြီးစသော ဆွေမျိုး များသည် လည်းမရှိ။ မိတ်ဆွေလည်း မရှိ။ မိတ်ဆွေလည်းမရှိ။ သူတို့သခင်၏ စိတ်စေတနာ သည်သာလျှင် သူတို့အားထားရာ ခိုကိုးရာ ဖြစ်သည် ယခုမူသူတို့သခင်သည် မရှိတော့ပေ။ သူတို့ခိုကိုး အားထား ရာသည် လုံးဝဆုံးရှုံးရပေပြီ။
တအိမ်လုံး အခန်းစေ့ပင် ငိုသံများ ရှိုက်သံများဖြင့် လွှမ်းဖုံးနေ၏။ သူတို့သည် သူတို့သခင်၏ ရုပ်ကလပ်ကို နောက်ဆုံး ပြုစုခြင်းအဖြစ် ပြင်ဆင်ကြသည်။
တွမ့်စိတ်အာရုံ၌ သခင်ဖြစ်သူ ဆုံးရှုံးရခြင်းနှင့် စပ်လျဉ်းသော အတွေးများသာလျှင် ပြည့်လျှမ်းနေ၏။ သို့ တိုင်အောင် မိမိ၏ မျှော်လင့်ချက်မရှိတော့သော ကျွန်ဘ၀ဖြင့် ခရီးဆက်ရဦးမည့် အခြေအနေကိုကား မတွေးမိ သေးပေ။ အေးချမ်းဆိတ်ငြိမ်ခြင်းဖြင့် ကောင်းကင်ဘုံ၌ ရောက်ရှိနေမည်ဖြစ်သော သူ့သခင် အဖြစ် ကိုသာ မှန်းဆကြည့်နေ၏။
သို့ဖြင့် ဈာပနကစ္စများ ပြီးစီးခဲ့လေသည်။
အော်ဖီလီယာ သည် မြောက်ပိုင်းရှင် မိမ်ရပ်ဌာန်သို့ ပြန်ရန်စီစဉ်ရလေတော့သည်။ ထိုအခါသူ့စိတ် အာရုံ တွင်းသို့ အကြင်နာမဲ့ရက်စက်ကြမ်းကြိုတ်တတ်သော သခင်rလက်တွင် ကျန်ရစ်ခဲ့သည့် ထိုအိမ်ကြီးက ကျွန်များ အကြောင်းသည် အတွေးစ၀င်လာခဲ့လေသည်။ ဤသို့ဖြင့် ဈာပနာ ကိစ္စပြီးနောက် ရက်သတ္တ နှစ်ပတ် အလွန်တွင် အော်ဖီလီယာသည် အခန်းတွင်း၌ အလုပ်များနေစဉ် အစေခံမကလေး ရိုဆာသည် ဆံပင်စ များ ဖရိုဖရဲနှင့် ၀င်လာသည်။ ငိုကြွေးရလွန်းသဖြင့် သူ့မျက်လုံးများသည် ဖူးဖူးယောင်နေ၏။
သူသည် အော်ဖီလီယာရှေ့သို့ရောက်လျှငသ် ဒူးတုပ်ထိုင်ချလိုက်ပြီးနာက် အောက်ဖီလီယာ၏ အင်္ကျီစ ကိုဆွဲလျက်
"သခင်မ၊ ကျမကို ကယ်ပါ သခင်မ။ ကျမ အရိုက်ခံရဘို့အတွက် သွားရတော့မယ်။ သခင် မမေရီကို ပြောပေးပါ သခင်မရယ်။ ဟောဒီမှာသာ ကြည့်ပါတော့" ငိုယိုပြောဆိုရာမှ လက်ထဲက စာရွက်ကို လှမ်းပေး သည်။
ထိုစာရွက်ကား မေရီ၏ အမိန့်စာ ဖြစ်သည်။ သခင်မတို့သည် မိမိတို့၏ ကျွန်များကို မိမိတို့ ကိုယ်တိုင် ရိုက်လေ့ ရိုက်ထမရှိပဲ ကျွန်များကို အရိုက်ငှားသည့် ဌာနများကို စေလွှတ်၍ အရိုက်ခံ ခိုင်းလေ့ ရှိလေသည်။ ယခု စာမှာ မေရီက အရိုက်ငှားဌာနသို့ ရိုဆာအား လွှတ်၍ အရိုက်ခံစေခြင်း ဖြစ်သည်။ အမိန့်စာအရ ရိုဆာ သည် ဆယ့်ငါးချက် အရိုက်ခံရမည် ဖြစ်၏။
"မင်းက ဘာလုပ်လို့တုံးကွယ့်"
"ကျမကိုယ်က ဆိုးတာပါရှင်။ ဒါကို ကျမ သိပါတယ်။ ကျမ ၀တ်ကြည့်ချင်စိတ် ရှိတာနဲ့ သခင်မအင်္ကျီကို ၀တ်ကြည့် မိပါတယ်။ အဲဒါကို သခင်မတွေ့သွားတော့ သခင်မက ကျမ ပါးကို ရိုက် ပါတယ်။ ဒီတော့ ကျမ သူ့ကို မထီလေးစားပြုသလို ပြန်ပြောမိပါတယ်။ အဲဒါ ပါဘဲ။ အဲဒီအတွက် ကျမကို ဒီအမိန့်စာရေးပေးပြီး ဟိုကို လွှတ်တာ ပါဘဲ။ သူ မကျေနပ်လို့ သတ်ပစ်တာကို ကျမ ခံနိုင် ပါတယ်။ သခင်မ စဉ်းစားကြည့်ပါ။ သခင်မ ဘဲဖြစ်ဖြစ်၊ သခင်မ မေရီဘဲဖြစ်ဖြစ် ကျမကို ရိုက်ပါ ။ ကြိုက်သလောက် ရိုက်ပါ။ ဒါပေမယ့် ယောက်ျား တယောက်ဆီ သွားပြီး အရိုက်ခံရမယ်ဆိုတာမျိုး ကျတော့ ဘယ်လောက် ရှက်စရာကောင်းသလဲ"
အော်ဖီလီယာ သည် ရိုဆာ ဘယ်အတွက် စိတ်ပင်ပန်းဆင်းရဲနေရသည်ကို သူ နားလည် သည်။ သို့သော် ဤကိစ္စမျိုး ကို ဤဒေသ၌ ကျွန်ပိုင်သခင်မများ ပြုလုပ်တတ်ကြသည်ကိုလည်း သူ သိ၏။ စင်စစ် ဤ အပြုအမူ မျိုးမှာ ရှက်ဖွယ်လိလိသာ ဖြစ်သည်ကိုလည်း သူ သိသည်။ သူသည် လက်ထဲက အမိန့်စာကို တင်းတင်း ကိုင်ရင်း
"ထိုင်ပါအုံးကွယ်။ သခင်မ မေရီဆီ သွားပါအုံးမယ်"
ပြောပြော ဆိုဆိုပင် အော်ဖီလီယာသည် မေရီ့အခန်းသို့ ၀င်ခဲ့သည်။ မေရီသည် ပက်လက် ကုလားထိုင်၌ ထိုင်နေ၏။ သူ့ဘေးတွင် မမ်မီသည် မေရီ့ဆံပင်ကို ဖြီးပေးနေသည်။ ဂျိန်း သည် မေရီ ရှေ့ ကြမ်းပြင်တွင် ထိုင်လျက် မေရီ၏ ခြေသည်းများကို ပွတ်တိုက်ပေးနေသည်။
"ကနေ့ ဘယ့်နယ်နေသေးလဲ မေရီ" အော်ဖီလီယာ မေရီ၏ ကျန်းမာရေး အခြေအနေကို စုံစမ်းသော စကားဖြင့် စသည်။
မေရီသည် မျက်လုံးကို ခပ်မှေးမှေးလုပ်လျက် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ ပြီးမှ
"သိပါဘူး အမရယ်။ ခါတိုင်းလိုဘဲ ထင်တာပါဘဲ" မျက်လုံးအစုံကို လက်ကိုင်ပ၀ါဖြင့် ပွတ်သုတ်ရင်း အဖြေ ပေးသည်။
"အမ" အော်ဖီလီယာသည် စကားကို စပြီးမှ ထစ်အ နေပြန်သဖြင့် လည်ချောင်းကို ရှင်းရ ပြန်သေးသည်။ "အမ စကားနည်းနည်း ပြောချင်လို့ကွယ့်။ ရိုဆာ့ကိစ္စပါ"
မေရီ ၏ မျက်လုံးအစုံသည် ရုတ်ကနဲ ပြူးကျယ်လာသည်။
"အင်း၊ ဆိုစမ်းပါအုံး။ ကောင်မက ဘာတဲ့တုံး" အသံက ပြတ်တောင်းသည်။
"သူ့အပြစ်အတွက် သူလဲ အတော်ဘဲ စိတ်မကောင်းရှာပါဘူး"
"ဖြစ်ရမှာပေါ့။ ကောင်မကို ကဲတယ်။ ဒင်းတော့လား ကျမက အမှုန့်ကို ချေပစ်ချင်တာ"
"ဒါပေမယ့်ကွယ်။ သူ့ကို တခြားနည်းနဲ့ဆုံးမလဲ ရနိုင်သားဘဲ။ ဘာလို့ ခမျာ အရှက်တကွဲ အကျိုးနဲ့ ဖြစ်အောင် လုပ်မလဲ"
"အို၊ ကျမလုပ်တာကိုက ဒင်း အရှက်ရအောင် လုပ်တာဘဲ အမရဲ့၊ ကောင်မကိုက သူ့ကိုယ် သူ ဘာထင် နေသလဲ မှ မဆိုနိုင်ဘူး။ ရုပ်ကလေး သနရုပ္ပနဲ့၊ စကားပြောတော့လဲ ချွဲချွဲပျစ်ပျစ်။ ဒါနဲ့ ဘဲ ကောင်မက သူ့ကိုယ်သူ အဟုတ် အဟတ်ကြီး ထင်နေတာ။ ဒါကြောင့် ဒင်းသိအောင်လို့။ ကျွန် ကျွန်မှန်းသိအောင် ဆုံးမ ရမှာဘဲ"
"အိုကွယ်၊ မိန်းမပျိုကလေးဘဲ။ သူ့မလဲ အရှက်နဲ့အကြောက်နဲ့ နေတာ မဟုတ်လား။ နောက်ပြီး မိန်းမ အပျိုအရွယ်ကလေးဆိုတော့ ခမျာ သိမ်သိမ်မွေ့မွေ့နေတာ ဘာအပြစ် ဆိုစရာ ရှိသလဲ"
"သိမ်သိမ်မွေ့မွေ့၊ ဟုတ်လား။ အောင်မာ။ အမဲကောင်မကများ သိမ်မွေ့ချင်ရတယ်လို့။ သူက လမ်းပေါ် က အမဲကောင်တွေထက် ဘာများ ပိုထူးလို့လဲ။ ဒါကို ချိုးပစ်ရအုံးမယ်"
"ညည်း ဒီလောက်တော့လဲ မရက်စက်သင့်ပါဘူး"
"ရက်စက်တယ်၊ ဟုတ်လား။ ဟင်း၊ ရက်စက်တယ်ဆိုတာ ဘာလဲ အမရဲ့၊ ပြောလိုက်စမ်း ပါ၊ ကောင်မကို ပြောလိုက်စမ်းပါ။ ကျမက မရက်စက်ချင်လို့ ဆယ့်ငါးချက်ပဲ ရိုက်ဖို့ အမိန့်ပေးတာ။ ဒါကိုများ ရက်စက် သေး သတဲ့လား"
"မရက်စက်ဖူး ထင်လို့လား မေရီ။ အမသဘောကတော့ ဘယ်လိုမိန်းကလေးမျိုးဘဲဖြစ်ဖြစ် ဒါမျိုးနဲ့ကြုံရင် အသတ်ခံ ရတာက ကောင်းအုံးမယ် ထင်မှာဘဲ"
"အမ အဲဒီလို ထင်နေတာ၊ ကောင်မတွေကို ကမ်းတက်မှာဘဲ။ ကြည့်ပါ။ ကျမ အိမ်က ဟာတွေ ကမ်းတက်နေကြာတ။ ခုတော့ ကျမ ဒင်းတို့ကို အကြောင်းပြရလိမ့်မယ်။ ဒင်းတို့ ဒီတစ်ယောက်နဲ့မှ မှတ်လောက် သားလောက် မရှိရင် တယောက်ပြီး တယောက်ကြိမ်ဆော်တဲ့ဆီ အပို့ဘဲ"
ဂျိန်း သည် ဤစကားမှာ မည်သူ့ကို ရည်ရွယ်ပြောလိုက်မှန်း ရိပ်စားမိဟန်ဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ အော်ဖီလီယာ သည် ရင်ထဲခံစားနေရသည်ကို ရုတ်ကနဲ ဖွင့်ပြောလိုက်မည် စိတ်ကူးပေါက်သေးသည်။ ပြီးမှ နှုတ်ခမ်း ကို တင်းတင်းစေ့ပစ်လိုက်သည်။ ခဏအကြာမှာပင် နေရာ မှ ထွက်ခဲ့သည်။
မိမိ အရေးနိမ့်လာခဲ့သည့်အတွက် ရိုဆာအား မည်သို့စကား ပြန်ရမည်မသိပဲ အခန်းတွင်း သို့ ပြန်ခဲ့သည်။ မိမိ မည်သို့မျှ စကားမပြန်နိုင်စဉ်မှာပင် ကျွန်ယောက်ျားတယောက် ၀င်လာပြီး ရိုဆာအား အငှားရိုက် စခန်း သို့ ခေါ်သွာလေတော့သည်။
ထို့နောက် ရက်အနည်းခန့်အကြာတွင် ဖြစ်လေသည်။ တွမ်သည် ၀ရံတာ၌ အဒေါ်အမည်ရှိ ကျွန်တယောက် နှင့် အတူ စကားလက်ဆုံကျနေသည်။ သူသည် သူ့သခင်နှင့် စိန့်ကလဲယား ကွယ်လွန်ပြီး ကတည်းက စိတ်ပျက်လက်ပျက် ဖြစ်နေသူ ဖြစ်သည်။ မှန်သည်။ အဒေါ်သည် မေရီ သဘော မတွေ့ နိုင်သူတယောက် ဖြစ်၏။ သို့သော် စိန့်ကလဲယားရှိစဉ်ကမူ စိန့်ကလဲယားသည် အဒေါ်ဖက်က ကာကွယ်ခဲ့သည်။ ယခု စိန့်ကလဲယား မရှိလျှင်ပင် သူ့အဖို့ နေ့စဉ် ပြဿနာ တက်ရ လေသည်။ ထို့ကြောင့် သူ့အခြေအနေသည် မေရီ၏ အုပ်ချုပ်မှုအောက်၌ ဆိုးရွား၍ လာဖို့သာ ရှိသည်ဟူ သူနားလည်ထားပြီး ဖြစ်သည်။
မေရီသည် ခင်ပွန်းသည် ကွယ်လွန်ပြီးကတည်းက ခင်ပွန်းသည်၏ လက်ငုတ်လက်ရင်း လုပ်ငန်းနှင့် ပတ်သက်၍ ခင်ပွန်းသည်၏ အမွှာညီအကို အဲလ်ဖရက်ထံ ဆက်သွယ်အကြောင်းကြား ခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူပိုင်ပစ္စည်းများမှ အပ ဤအိမ်နေရာ၊ အိမ်နှင့်တကွ ကျွန်အားလုံးကို ရောင်းချပြီး သူ့အဖေ့ထံ ပြန်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
"ကျုပ်တို့ အရောင်းခံရတော့မယ် ဆိုတာ သိတယ် မဟုတ်လား တွမ်"
"မင်း ဘယ်လိုကြားလာတာလဲ အဒေါ်ရ"
"သခင်မနဲ့ ရှေ့နေတယောက်နဲ့ ခေါ်ပြီး တိုင်ပင်နေကြတာကို ကြားခဲ့တာဘဲ။ မကြာခင်ဘဲ ကျုပ်တို့တော့ လေလံပွဲ ရောက်ကြလိမ့်မယ်ဗျာ"
"ဖုရားရေ"
"ကျုပ်တို့တော့ သခင်လိုလူမျိုးနဲ့ ဘယ်တော့မှ ထပ်တွေ့ကြရမှာ မဟုတ်တော့ဘူး။ အင်းလေ၊ ကျုပ် အဖို့ တော့လဲ ဒီသခင်မအောက်မှာနေရတာထက် အရောင်းခံရလိုက်ရတာက တော်အုံးမယ်"
ဦးလေးတွမ်သည် နေရာမှ ထလာခဲ့လေသည်။ သည်တော့မှပင် သူ့ရင်တွင်း၌ လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်၊ သားမယား စသည်တို့နှင့် ပတ်သက်သော ခံစားချက်များ ဖြင့် ပြည့်လျှံလာသည်။ ထိုအခါ သူသည် အီဗာမရှိသည့် အချိန်မှစ၍ သူ့အပေါ် ကြင်ကြင်နာနာ လေးလေးစားစား ဆက်ဆံဖော်ရသော အော်ဖီလီယာ ကို သတိရလာသည်။ ထို့ကြောင့် သူသည် အော်ဖီလီယာကို တွေ့အောင် ရှာသည်။
"သခင်မ အော်ဖီလီယာခင်ဗျား။ သခင် စိန့်ကလဲယားဟာ သူရှိစဉ်ကထဲက ကျုပ်ကို လွတ်လပ်ခွင့် ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒါကို သခင်မ တတ်နိုင်ရင် သခင်မ မေရီကို ပြော ပေးစေချင်ပါတယ်။ ဒါကို ကြားရရင် သခင်မ မေရီဟာလဲ သူ့ခင်ပွန်းရဲ့ဆန္ဒနှင့်အညီ ဆောင်ရွက် ပေးမှာဘဲလို့ ကျုပ်ထင်ပါတယ်"
"ကောင်းပြီလေ၊ မမ သူနဲ့တွေ့ပြီး မမ တတ်နိုင်သလောက် ပြောပါမယ်။ ဒါပေမယ့် စိန့်ကလဲယားနဲ့ ပတ်သက်လို့ ဆိုရင်တော့ သိပ်မလွယ်တာ အမှန်ဘဲ။ ဘာဘဲဖြစ်ဖြစ်လေ၊ ကျမ ပြောကြည့်ပါအုံးမယ်"
သို့ဖြင့် အော်ဖီလီယာသည် မေရီရှိရာသို့ လာခဲ့ပြန်လေသည်။ မေရီသည် ၀မ်းနည်းခြင်း အထိမ်း အမှတ် အဖြစ် ၀တ်ဆင်ရန် ပ၀ါအနက်စများကို ဂျိန်းနှင့်အတူ ရွေးနေ၏။ အော်ဖီလီယာ ၀င်လာသည် ကို မြင်သဖြင့် သူရွေးထားသော ပ၀ါအနက်နှင့် ပတ်သက်ပြီး အော်ဖီလီယာအား လှမ်း မေးသည်။
"ထုံးစံဆိုတော့လဲ ၀တ်ရမှာပေါ့ကွယ်" အော်ဖီလီယာက မေရီအား ပြောသည်။
"ဒါပေမယ့် အမှန်ပါ။ ကျမဆိုတာ ကိုယ်ဝတ်နိုင်ရက်သားနဲ့ ၀တ်ချင်ရင် ၀တ်ရတယ်လို့ကို မရှိဘူး။ ကိစ္စမရှိဘူးလေ။ နောက်တပတ်လောက်ဆိုဘဲ ကျမလဲ အမေ့ဆီ ပြန်တော့မှာဘဲဟာ"
"ပြန်တော့မယ်၊ ဟုတ်လား။ မမြန်လွန်းဘူးလား"
"မြန်တော့ မြန်တယ်။ မြန်မြန်ဘဲ လုပ်ရမယ်။ အဲလ်ဖရက်က စာရေးလာတယ်။ သူနဲ့ ရှေ့နေနဲ့လဲ တွေ့ပြီးပြီ တဲ့။ အဲဒါ ရှိသမျှ ကျွန်တွေကော၊ ပစ္စည်းတွေကော ရောင်းပစ်လိုက်ဖို့ စာရေး လာတယ်လေ"
"အမ တခုပြောချင်လို့ပါ။ ကိစ္စကတော့ တွမ့်ကိစ္စဘဲ။ ဒီလိုလေ၊ အော်ဂတ်စတင်း မသေခင် က တွမ့်ကို တရားဝင် လွတ်လပ်ခွင့် ပေးမယ်လို့ ကတိပေးခဲ့တယ်။ တရားဝင် လုပ်စရာရှိတာတွေ လဲ စပြီး လုပ်ခဲ့တယ်။ အဲဒါကို ခု ညီမဆက်ပြီး လုပ်ပေးမလားလို့ပါ"
"အမယ်။ ဘဲ့နဲ့လုပ်ပါ့မလဲ။ ကျမကတော့ မလုပ်ဖူး။ ဒီနေရာမှာ တွမ်လိုလူဟာ အဖိုးတန်တဲ့ ကျွန်တယောက် ကလား။ မဟုတ်တာဘဲ။ ဘယ်မှာလာပြီး သူ့ကို အလကား လွှတ်ပေးနိုင်ပါ့မလဲ။ ပြီးတော့ ဘာဖြစ် လို့ကော သူက လွတ်လပ်ရေး လိုချင်ရတာလဲ။ သူလိုလူမျိုး ခုအတိုင်းလဲ ဟန်ကျ ပန်ကျ ဖြစ်နေတာ ဘဲဟာ"
"ဒါပေမယ့် သူကတော့ သူ့လွတ်လပ်ရေးကို အလွန်မတန် လိုချင်ရှာတယ်။ နောက်ပြီး သူ့သခင်ကလဲ ကတိပေးထားခဲ့ပြီးသား ဖြစ်တယ် ညီမ"
"ကျမကတော့ ရှင်းရှင်းဘဲ။ သူ လွတ်လပ်ရေးကို ဘာဖြစ်လို့ လိုချင်ရတာလဲ။ အင်း၊ ဆန်းတော့ မဆန်းဘူး။ ဒင်းတို့ အမဲတွေ အားလုံး လွတ်လပ်ချင်တယ်။ ဒီကောင်တွေဟာ ဒီလိုချည်းဘဲ။ သူတို့နေနေရတဲ့ အခြေအနေ နဲ့ကို မရောင့်ရဲနိုင်ကြဘူး။ နောက်တခုကလဲ နီးဂရိုး တယောက်ဟာ သခင် တယောက် လက်အောက်မှာ ရှိနေမှ။ သို့မဟုတ်ရင်လဲ ဒီကောင်တွေဟာ သောက်ဟယ်၊ စားဟယ်နဲ့ အလုပ် ကို လုပ်ချင်စိတ် မရှိကြဘူး။ ပျင်းလာကြတယ်။ ကျမက ဒါမျိုးတွေ ကြုံဘူးလှပြီ။ လွှတ်လိုက်တာနဲ့ အားလုံး ပျက်စီး ကုန်တာဘဲ။ ဒီတော့ လွတ်လပ်ရေး ပေးဘို့ကိစ္စမှာ ကျမဖြင့် နည်းနည်းကလေးမှ အားမပေးချင်ဘူး"
"ဒါပေမယ့် တွမ်ဟာ မှန်မှန်ကန်ကန်လဲ လုပ်တယ်။ ကြိုးကြိုးစားစားလဲ လုပ်တယ်။ နောက်ပြီး ဖုရားတရားလဲ ကြည်ညိုတယ်"
"အို၊ ဒါ မပြောစမ်းပါနဲ့ မမရယ်။ အဲဒီလို လူမျိုးတွေကိုလဲ ကျမ တွေ့ဘူးလှပါပြီ။ တွမ်ဟာ သူ့ဟာနဲ့သူ ဟန်ကျသွားမယ့် လူပါ"
"ဒါပေမယ့် တခုတော့ စဉ်းစားအုံး ညီမ။ သူ့ကို ရောင်းလိုက်လို့ သခင်ခပ်ဆိုးဆိုး တယောက်လက်ထဲ ရောင်ချင် ရောက်သွားမှာ"
"အမယ်လေး၊ ဒင်းတို့အကောင်တွေဟာ တကောင်မှ အသုံးကျတာ မဟုတ်ဖူး။ နောက်ပြီး ကျွန်ကောင်းက သခင်ဆိုး လက်ထဲရောက်သွားပြီး ကျွန်းဆိုးက သခင်ကောင်းလက်ထဲ ရောက် တတ်တာမျိုးဟာလဲ မဆန်းပါဘူး"
"ဒါထားအုံးလေ။ ကျမ သိသမျှ ပြောရရင်တော့ ခုနေအခါ ကျမဟာ အလကားဘဲ။ လူတိုင်း လိုလိုက ကျမကို မကျေနပ်ဖူး။ ဒါထားပါအုံးလေ၊ ခုဟာက ကျွန်ကိစ္စ" မေရီသည် ဦးလေးတွမ်ကို ရောင်းသင့်ကြောင်း ရှင်းလင်း ပြောပြ၏။ ပြောရင်းပင် သူ့ရောဂါ ထလာသလို ဖြစ်လာပြန်သည်။ မျက်ရည်လည်း ကျလာသည်။ သည်တော့လည်း အော်ဖီလီယာ ဘာမျှ ဆက်၍ မပြောနိုင်တော့ပေ။
မည်သို့ဖြစ်စေ၊ ဤကိစ္စများကို အရင်းခံကာ မေရီသည် မိမိကျွန်များကို လေလံတင် ရောင်းချရန်အတွက် ကျွန်းလှောင်ရုံသို့ အမြန်ဆုံးပို့ရန် ဆုံးဖြတ်လိုက်လေသည်။
အော်ဖီလီယာသည်မူ ဦးလးတွမ်နှင့် ပတ်သက်သော အဖြစ်ဆိုးများကို စာတစောင်ရေး၍ မစ္စက်ရှယ်လဗီ ထံသို့ ပို့လိုက်သေးသည်။
သို့ဖြင့် နောက်တနေ့မှာပင် ဦးလေးတွမ်နှင့် အဒေါ် အမှူးပြုသော စိန့်ကလဲယား၏ ကျွန်များသည် ကျွန်လှောင်ရုံ သို့ အစုလိုက် အပြုံလိုက် ရောက်လာခဲ့ကြလေသတည်း။
အခန်း (၃၀) ဆက်ရန်
.

1 comment:
အော် သူတို့ဘ၀ကလည်း မလွယ်ပါလားနော်း(
Post a Comment