Monday, July 12, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၈) ဇာတ်သိမ်း

ဗမာနိုင်ငံစသော အရှေ့နိုင်ငံက လူများစုတွေကလည်း အနောက်နိုင်ငံသား မျက်နှာဖြူများကိုတွေ့ လျှင် အများ အားဖြင့် အင်္ဂလိပ်၊ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ စပိန်၊ အီတလီ စသဖြင့် မခွဲတတ် မျက်နှာဖြူ အနောက်တိုင်းသား များဟုသာ အမှတ်သညာ ထားတတ်ကြသကဲ့သို့ ဖြစ်ပါလိမ့်မည်။

အချို့ ဖော်ရွေ၍ ဗမာကို မမြင်ဘူးသော အမေရိကန် လူမျိုးများနှင့် တနေရာရာတွင် ရင်ဆိုင် တွေ့ ရသောအခါ အိန္ဒိယကပါလားဟု အမေးခံရသောအခါလည်း ရှိသည်။ တရုပ်ပြည်ကပါလားဟု အမေးခံရသောအခါလည်း ရှိတတ်ပါသည်။ ကုလားနှင့် တရုပ်မှာ အ၀တ်အဆင်နှင့် ရုပ်အသွင် မည်မျှ ကွဲပြားစေကာမူ သူတို့ဆီမှာခွဲခြား နားမလည်သေးသူတွေ အတော်များများ ရှိပါသေးသည်။ သို့ရာတွင် သူတို့ အနောက်တိုင်းသားချင်းတော့လည်း ရုပ်ကိုမြင်ရုံနှင့်ဘဲ ဒီကောင်ဟာ ပြင်သစ်ဘဲ ဒီငတိကတော့ စပိန် ဟိုငနဲ က ဂျာမနီ ဤအမျိုးသားက အမေရိကန်ဟု တိကျမှန်ကန်အောင် နားလည်တတ်ကြပါသည်။

ဤသဘောကတော့ ဆန်းကျယ်သည်ဟု အံ့သြစရာမဟုတ်ပါ။ စာရေးသူတို့အရှေ့နိုင်ငံနီးချင်းသား တွေမှာလည်း သည်ဟာတရုပ်၊ သူဟာဂျပန်၊ သူက ယိုးဒယား၊ သူကား ကုလား၊ သူကား ဗမာဟု ခွဲ နိုင်ကြသည်။ အထဲကမှတဆင့် ကုလား လူမျိုးများကို ဟိန္ဒူ၊ မူဆလင်၊ ပန်ချာပီ၊ ဂေါ်ရင်ဂျီ၊ မဒရာစီ ဟု ရုပ်ကိုမြင်ရုံနှင့် ခွဲ၍ နားလည်သလို ဗြုံးကနဲဆိုပါက ရုပ်ချင်းခွဲ၍မရအောင်တူသော တရုပ်နှင့် ဂျပန်ကိုပင် မျက်ခုံးမွှေး အထူအပါးကို အကဲဖမ်းကာ သူဟာ တရုပ်၊ သူဟာဂျပန်ဟု လျှင်မြန်စွာ နားလည် တတ်ကြပါသည်။

ဗမာပြည်မှာပင် ဗမာ ဆယ်မျိုးကွဲလျက်ရှိသေးသည်၊ (ယော၊ ရခိုင်) (ချင်း၊ ကချင်) (ပလောင်၊ တောင်သူ) (ရှမ်း၊ ကရင်) (မွန်၊ မြန်မာ) ဟု ဆယ်မျိုးကို မှတ်ုလွယ်စေခြင်းငှာ၊ နီးကပ်ရာအမျိုးခြင်း နှစ်ခုစီတွဲ၍ ငါးတွဲ ဆယ်မျိုး မှတ်သားထားကြပါသည်။
ယောလူမျိုးနှင့် ရခိုင်လူမျိုး ရုပ်ရည်ခြင်း ခွဲမရသလို ပလောင်နှင့် တောင်သူ၊ ချင်းကချင်၊ ရှမ်းနှင့်ကရင်၊ မွန်နှင့် မြန်မာတို့ ရှုပနိကာယ်၌ ခွဲမရ စကားပြောမှသာ အသံကွဲလွဲ၍ သိကြရပါတော့ သည်။

တဖန် ယိုးဒယား၊ အင်ဒိုနီးရှား၊ မလေးစသည်များမှာလည်း မျက်နှာပုံသဏ္ဍာန်မှာ ဗမာနှင့် များစွာ တူကြပါသည်။ သို့သော် ကိုယ့်တိုင်းပြည် နီးသားချင်းဖြစ် သူဟာဘာလူမျိုးလဲဟု ခွဲခြားသိစွမ်း နိုင်ကြ ပါသည်။ အရှေ့ဘက်က အချင်းချင်းသိသလို အနောက်ပိုင်းကလည်း အချင်းချင်း နားလည် မျိုးခြင်းသာ ဖြစ်ပါသည်။

ဝါရှင်တန်မြို့တွင် အများဆုံးနေထိုင်ကြသော လူမျိုးမှာ နီဂရိုးလူမျိုးတွေဖြစ်ပါသည်။ တမြို့လုံး ဘယ်နေရာ သွားသွား နီဂရိုးအမျိုးသား အမျိုးသမီးတွေကို ခြောက်ဆယ်ရာခိုင်နှုန်းလောက် တွေ့ရ ပါသည်။ လမ်းပေါ်မှာ ကားပေါ် မှာ ကုန်တိုက်ဈေးဆိုင်ထဲမှာ စားစရာ ဆိုင်တွေမှာ အလုပ်တိုက်တွေ မှာ ရုပ်ရှင်ရုံတွေမှာ မဲကနဲ မဲကနဲ သူတို့ချည်းပါဘဲ။

ဒီဝါရှင်တန် နယ်ထဲမှာ သူတို့တတွေ ဘာ့ကြောင့်များ စုရုံးလို့ နေပါလိမ့်။ သူတို့အဘို့ ရေကြည်ရာ မျက်နုရာဖြစ်လိုသာနေကြ လေသလားဟု စဉ်းစားစရာပင်။ မိန်းမအသုံးအဆောင်ရောင်းတဲ့ဆိုင် တွေမှာ ဆိုရင်လည်း ၀ယ်သူရော ရောင်းသူပါ မမဲတူတွေကြီးများနေပါသည်။

ပေါင်ဒါနှင့် နှုတ်ခမ်းဆိုးဆေးများမှာပင် ဘယ်ဆိုင်ဝင် ကြည့်ကြည့် မမဲတူတို့ အသားရောင်နှင့် သင့်တော်သော အရောင်များသာတွေ့ရပါသည်။ အသားဝါ အသားဖြူများ သုံးစွဲလေ့ရှိသော အရောင်ကို အတော်ကြိုးစားရှာဝယ်နိုင်မှ ရရှိကြပါသည်။

ဗမာပြည်မှ ဂျပန်တွေပြေး၍ စစ်ပြီးစအခါ၌ ရန်ကုန်နှင့် ဗမာပြည်တ၀ိုက်မှာ နီဂရိုးနှင့် စီးကရက် ချော့ကလက်ဂျစ်ကားများ အတော်ခေတ်စားလိုက်ရာ စီးကရက် ချော့ကလက်ကြေင့် နီဂရိုးနှင့် အရောဝင် အမြူး လွန်ပြီး၊ လေဒဂျစ်ပျက်မတွေ့တာ များခဲ့သလောက် လူထုက နီဂရိုးဆိုတဲ့ အကောင်တွေဟာ အရိုင်း တွေရယ်လို့ ယူဆခဲ့ကြသည်။

အများအားဖြင့်လည်း ရှေးသရောအခါ ဗရာဏဦပြည် တည်စကတော့ အာဖရီကမှ နီဂရိုးတောတွင်း သားတွေကို ငွေဝယ်ကျွန်အဖြစ် ၀ယ်ယူခိုင်းစေခံကြရတဲ့အတွက် ကျွန်တွေရယ်လို့ နာမည်နိမ့်ကျ ခဲ့ရဘူးတယ်။ ဒါကြောင့် ဘယ်နိုင်ငံကဖြစ်ဖြစ် လူမျိုးချင်း အဘက်မတန်သလိုလို ထင်ခဲ့ကြပါသည်။

ဒါပေမဲ့ ယခုတော့ နီဂရိုးတွေဟာ အားလုံးမရိုင်းကြတဲ့အပြင် လူဖြူတွေနှင့် နေရာတကာ ရင်ဘောင် တန်းနေပြီး အချို့နေရာများမှာ လူဖြူတွေထက် တပန်းသာလျက်ရှိကြပါသည်။
ကမ္ဘာကျော်အဆိုတော်များ၊ အတီးအမှုတ် ဆရာများ ပညာကျော်များ၊ ပါမောက္ခများ၊ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားကြီးများစသော အထင်ကရကြီးတွေကို အပထား၍ မြို့နေလူတန်းစားတည်းမှာပင် လူတို့၏ မျိုးရိုးအ၀တ်အစားဖြစ်ခဲ့တဲ့ လံကွတ်တီကို စွန့်ပစ်ခါ ခလေးလူကြီးမကျန် ဥရောပ ၀တ်စုံကို ဆင်ကြသည်။

နီဂ`၇ိုးမ-ကြီး-ငယ်-ရွယ်-လပ် ဟူသမရွေ့မှာ စကပ်ခေါ် ဂါဝန်နှင့် ဘလောက်ခေါ် အင်္ကျီနှင့် နိုင်လွန် ခြေအိတ်စွပ်နှင့် ဒေါက်မြင့်ရှူးဘိနပ်နှင့် ဘော့ဟဲယး ဆံပင်လိပ် လှိုင်းအလှပြင်နှင့် မိတ်ကပ် နှင့် နှုတ်ခမ်းပန်းရောင်နှင့် လက်သဲ ပုဇွန်ဆီ ရောင်နှင့် လက်ပွေ့အိတ်နှင့် တကဲ့အင်္ဂလန်အမေရိကန် မကြီး တွေနှင့် မူရာဟန်ပန် လေသံမခြား အသားမဲနှင့် အသားဖြူသာ ကွာပါတော့သည်။

အချို့နီဂရိုးမများမှာ အရှေ့နိုင်ငံက လာသူတွေကို ခါးထောက်၍ ခြေဆုံးခေါင်းဖျား ကြည့်တတ်ကြ သည်။ သို့ကြည့်ရာတွင် ဘယ်ကတောသားတွေပါလိမ့်ဆိုသော အကြည့်မျိုး ဆန်နေပါသည်။ သူတို့ ဘ၀ကို သူတို့မေပနေကြပုံရပါသည်။ တခါတခါ ပက်ကက်ကားကြီးပေါ်မှာ အသားဖြူ ဒရိုင်ဘာက မောင်းလို့ နောက်ကစုံတွဲအသားမဲမဲ မှောင်သော နီဂရိုးလင်မယားကစီးလို့။
သို့သော် လင်တော်မောင်၏ ကြွေရောင် ကော်လာဖြူနှင့် မျက်လုံးဖြူ ၂-ပေါက် သွားဖြူဖြူအတန်း တခုသာမြင်ရပြီး တဘက်က ဇနီးအလှနီဂရိုးမကြီးမှာလည်း မျက်ဖြူနှစ်ပေါက်နှင့် ပန်းရောင်သွေး နှုတ်ခမ်း တို့ကိုသာ တန်းမှန်း ရည်ရော်၍ ကားပေါ်တွင်လူနှစ်ဦး ထိုင်လျက်ပါလာ သည်ဟု အသိအမှတ် ပြုလိုက် ရပါတော့သည်။

အချို့ နီဂရိုးများကား ရှေးမဆွကပင် လူဖြူတွေနှင့် စပ်ပေါက်ပြီး ကပြား၊ ကကသစ်၊ ကသပေါင်း၊ ကကူရံတွေဖြစ်  လာကာ အသားအရေဖြူကြေပါပြီ ဆံပင်လိမ်ပုံကလေးနှင့် နှုတ်ခမ်းပုံ ကလေးသာ သူတို့ ဇာတိသွေး လက္ခဏာကို အရိပ်ပြနေတော့သည်။

ဤသည်သို့သော နီဂရိုးအစစ်နှင့်ကပြား ကကတစ်များသည်လည်း ၎င်းတို့တတ်မြောက်သော ပညာအခြေခံအဆင့်အတန်းနှင့် လုလ္လ-၀ီရိယ-ကံ-ဥာဏ်အားဖြင့် ကြွယ်ဝချမ်းသာသော သူဌေးကြီး များ၊ ထိပ်တန်း အရာရှိကြီးများ၊ အလပ်တန်းစားများ၊ လုပ်စားကိုင်စားများ၊ မရှိဆင်းရဲသူများ စသဖြင့် အမျိုးမျိုး ရှိကြပါသေးသည်။

ဘ၀ကုသိုလ်အတိုင်း ကျရာဘ၀တွင် လုပ်ကိုင်အသက်မွေးကြရရာ၊ တခါတရံ နီဂရိုး စုံတွဲစီးသော ကားကို အမေရိကန်ဒရိုင်ဘာက မောင်းလာလျက် တခါတရံ အမေရိကန် ဇနီးမောင်နှံ စီးသောကား ကိုနီဂ`၇ိုး ဒရိုင်ဘာက မောင်းလာလျက်၎င်း၊ လူဖြူလူမဲပေါင်းစုံစီးသော ဘတ်စ်ကားကြီးများကိုလည်း နီဂရိုးဒရိုင်ဘာတွေနှင့် အမေရိရန် ဒရိုင်ဘာများက မောင်းနှင်လျက် ရှိသဖြင့် လမ်းပေါ်မှာ ကူးသန်း သွားလာ လျက်ရှိသော သူတို့၏ ဘ၀ဖြစ်စဉ်ကို အကြမ်းပြင်း အားဖြင့် ကြည့်ရှုသုံးသပ်နိုင်ရာ စင်စစ်မှာတော့ နီဂရိုးသော အမေရိကန်သော မခွဲခြားသာ။ ကာမာဝစရ ကုသိုလ် အကျိုးပေးပုံနှင့် ကံ-ဥာဏ်-၀ိရိယ သုံးပါးမျှတ၍ အထောက်အမကိုရရှိသော အလှည့်ကြုံ သူနှင့် အလှည့် မကြုံရသေး သူများဟူ၍သူ အကဲဖြတ်ရန်ရှိပါတော့သည်။

ငတ်ပြတ်မွဲတေနေသည်ကို ဘယ်သူ့ကိုမျှ ရေရွက်ကြိမ်ဆဲမနလိုနေ၍ မလွန်မြောက်နိုင်။ ကံ-ဥာဏ်-၀ိရိယ သုံးပါးမျှမှကြီးပွားရသည်။
တခါက အလွန်တရာမွဲတေ ငတ်ပြတို့နေသူ တဦးသည် အခိုက်အလှည့် သင့်လာသောအခါ နာ မည်ကျေ် ဇာတ်လိုက်ကြီးများ၊ ကမ္ဘာကျော်သူဌေးကြီးများဖြစ်လာ၍ တခါက အလွန်ချမ်းသာ ကြွယ်ဝ သော သူဌေးကြီးများလည်း အဆင်မသင့်လျှင် သူဌေးဘ၀မှ ဆင်းရဲငတ်ပြတ်သော ဘ၀ဖြင့် သာ အစသိမ်း သွားရှာကြရသည်ကို မျက်မြင် ကိုယ်တွေ့ ကြုံဘူးကြားဘူးသူတွေများစွာ ရှိကြပါလိမ့်မည်။

ဟိုရှေးရှေးတုန်းက အမေရိကန်ပြည်ကို စတင်တွေ့ရှိပြီးတဲ့အချိန်ရဲ့ နောက်ပိုင်းမှာ နိုင်ငံရင်းသား များဖြစ်ကြတဲ့ ရက်အင်ဒီယန်း လူမျိုးတွေ၏ ရေမြေ ပေါ်တွင် အမေရိကန် လူမျိုးတွေ၏ အကြံဥာဏ် နှင့် အာဖရိကတိုက်မှ ခေါ်ယူလာခဲ့ကြတဲ့  နီဂရိုးလူမျိုးတွေ၏ လုပ်အားတို့ကို စုပေါင်း၍ တိုင်းပြည် နိုင်ငံမှော်ကွန်း မှတ်တိုင်များတွင် ရုပ်လုံး၊ ရုပ်ထု၊ ပန်းချီ စသည်များဖြင့် အမွမ်းတင် ပြင်ဆင်လေ့ ရှိသောပြရုပ်ကား နီဂရိုးနှင့် ရက်အင်ဒီယန်း လူမျိုးနှစ်ဦး၏ ပုံသဏ္ဍာန်ကို အလယ်မှ အမေရိကန် အရုပ်က တဘက်တချက်လက်တွဲလျက် ခေါ်ယူနေဟန်၊ သုံးဦးသုံးယောက်ပေါင်း၍ လောင်းကျော နေသော ကမ္ဘာဓနရှင်နိုင်ငံကြီးတခု ဖြစ်နေပါပြီဟု ကြွေးကြော်နေသလို သဘောအဓိပ္ပါယ် သက်ရောက်စေသည်။

ရှေးသရောအခါက ငှက်တောင်စိုက် ရက်အင်ဒီးယန်း လူမျိုးတွေသည်၎င်း၊ ဗလကောင်းကေင်း ဆံပင် လိပ်ခွေးနှုတ်ခမ်းထူထူ၊ ကျောသားမဲမဲကြီးတွေနှင့် နံငယ်ပိုင်း စည်းထားသော နီဂရိုးခေါ် ကပ္ပလီ လူမျိုးတွေသည်၎င်း၊ ပုံဟောင်းပျောက်၍ အမေရိကန်ပုံသစ်ရောက်နေကြပါသည်။

ကုလသမဂ္ဂအစည်းအဝေးသို့ တခါတခါ တက်ရောက်ရန် လာကြသောအခါ လွတ်လပ်သော ပြည် ထောင်စုသားများအဖြစ်နှင့် ရိုးရာ အ၀တ်အစားများ တမင်တကာ ၀တ်ပြကြမှသာ ငှက်တောင်စိုက် ကုလားနီခေါ်တဲ့ ရက်အင်ဒီးယန်းလူမျိုးဟာ ဒါပါဘဲဟု သိစေကြပါသည်။ သို့လိုမပြဘဲ ဥရောပ ၀တ်စုံနှင့် တွေ့က အမေရိကန်တွေနှင့် ရွေးမရ။ သူတို့လည်း အမေရိကန်လူမျိုးတွေသာဖြစ်နေပါသည်။

ဗမာပြည်တွင် ရှေးယခင်က အင်မတန် အင်္ဂလိပ်ဆန်ပြီး ဥရောပ၀တ်စုံကို မချွတ်တန်း ဆင်မြန်းခဲ့ကြ သော ခေတ်ပညာတတ်အချို့ ဒမ်း၊ ကရင် လူမျိုးများသည် ယခုလွတ်လပ်ရေး ရသောဗမာနိုင်ငံ၏ ပြည်ထောင်စုသားအဖြစ် ရိုးရာကခရင် အ၀တ်အစား၊ ရှမ်းအ၀တ်အစားများကို လွတ်လပ်ရေးပွဲတော် နေ့ကြီးများ ၌ ၀တ်စားဆင်ရင် လာကြသည်ကို သွား၍ သတိရမိပါသည်။

ဝါရှင်တန်မြို့၏ ရှော့ပင် ဆင်တာခေး စည်ကားသော အရပ်မှာ  ကုန်တိုက်ကြီးငယ်ပေါင်းစုံနှင့် ပြည့်လျှမ်း၍သာ နေပါသည် အပါတမင့်စတိုးခေါ်ကုန်တိုက်ကြီးများမှာလည်း မြို့ထဲနှင့် မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်များအထိ လိုလေသေးမရှိအောင် နေရာအနှံ့ ဖြန့်ကျင်းလျက်ရှိကြပါသည်။

တရုပ်လူမျိုးတို့ သီးသန့်နေထိုင်သော ရပ်ကွက်တလျှောက်သို့ သွားသောအခါမူကား ဗမာပြည် တရုပ်တန်းရပ်ကွက်က တရုပ်ကုန်ဆိုင်မျိုးစုံ ၀က်သားဆိုင်၊ ဘဲကင်၊ ၀က်ကင်၊ ၀က်အူချောင်း၊ ပဲငပိ၊ ပဲငံပြာရည်၊ မှိုချောက်၊ ပန်းချောက်၊ မျှစ်ရေစိမ်က မကျန်၊ အမေရိကန် ပျောက်၍ တရုပ်ပြည် ရောက် နေသလိုထင်ရပါတော့သည်။

တရုပ်စားစရ ဆိုင်တွေကလည်း ဥရောပစတိုင်နှင့် မြိုင်လှပါသည်။ က ပွဲကြီးများပါ ကျင်းပနိုင်သော တရုပ်ဟော်တယ်ကြီးများလည်း ရှိပါသည်။ ဆိုင်ကြီးဆိုင်ငယ် ဟော်တယ်ကြီး ဟော်တယ်ငယ်တို့မှ နွေအခါ` ၌ အအေးဓါတ်ပေးထားသည်ဟူသောကြော်ငြာကလေးများ ပါကြသည်။ အမေရိကန်မှာ အမြဲတမ်း အေးမနေ ပူအိုက်သော အခါမျိုးလည်းရှိပါသေးသည်။
ဗမာပြည် မှာ တရုပ်စားစရာ ဆိုင်ထဲဝင်စားသူများသည် ခေါက်ဆွဲ၊ ဖက်ထုပ်၊ မြူစွမ် ၁၂-မျိုးကြော်၊ ၀က်သား ပေါက်စီ၊ ဘဲပေါင်းစသဖြင့် လိုရာပြောလိုက်လျှင် တရုပ်လည်းနားလည်သည်။ ဗမာလည်း နားလည်သည်။ အင်္ဂလိပ်ကပြတွေလည်း နားလည်သည်။

အမေရိကန်မှာတော့ တရုပ်ဆိုင်ထဲဝင်ပြီး ဟေ့-ပေါက်ဖော် ခေါက်ဆွဲကြော်တခွက်ဟု မမှာလိုက်ပါနှင့် အဲဒီက တရုပ်တွေက နားမလည်ကြပါ။ ၀မ်းဘဲကင် တခြမ်းဆိုလည်း မသိ။ ဖက်ထုပ်တပုဂံဆို၍လည်းကြောင်ပြီးကြည့်နေမည်။ ၀က်သားပေါက်စီလို့မှာလည်း လာပို့မည်မဟုတ်ပါ။ သူ့ဆိုင်ထဲ မှာ ဒီစားစရာမျိုးတွေရှိတော့ အားလုံးဘဲ ရှိကြပါသည်။
ခေါက်ဆွဲတို့ ဖက်ထုပ်တို့ဆိုတာ တရုပ်စကားဘဲ တရုပ်တွေ နားမလည်စရာ မရှိပါဘူးလို့ မထင်ပါလေနှင့် တရုပ်တွေနေတဲ့ ဟောင်ကောင်မြို့က ဟောင်ကောင်ဟော်တယ်မှာလည်း ခေါက်ဆွဲတို့ ဖက်ထုပ်တို့ဆိုတာ ဒါမျိုးတွေပြောလျှင် ယောင်ပေပေလုပ်နေကြသည်။ ခေါက်ဆိုတို့ ဖက်ထုပ်တို့ကား ဗမာပြည်ကျမှ ထွင်ထားတဲ့ တရုပ်စကားလေလားဟု တွေးမှားစရာရှိတော့သည်။

အမေရိကန် တရုပ်ဆိုင်ကြီးတွေက မီနုခေါ် စားစရာ စာရင်းလာချလျှင် ခေါက်ဆွဲကြော်၊ ၁၂-မျိုး ဟင်း၊ ဘဲကင်ဝက်သားပေါက်စီဆိုတဲ့ ဝေါဟာရမျိုး မပါပါ။ အင်္ဂလိပ် စာနဲ့ ရေးထားပေမယ့် အခေါ် အဝေါ် အသုံးအစွဲကတမျိုးဖြစ်နေလို့ ဘယ်စာတမ်းက ခေါက်ဆွဲ၊ ဘယ်စာတမ်းက ၁၂-မျိုးဟင်းဟု တခါနှစ်ခါလောက် လေ့လာထားမှ နားလည်နိုင်ကြပါမည်။

ဝါရှင်တန်မြို့မှာ ကြည့်ရှုမှတ်သားဖွယ် နေရာတွေနှံ့စပ်အောင်သွားရောက် ကြည့်ရှုခဲ့ရင်း တနင်္ဂနွေ နှစ်ပတ်ခန့်ရှိ လာသောအခါ သွားစရာနေရာ ကုန်နေပြီဖြစ်သဖြင့် ငြီးငွေ့စပြုလာပါသည်။
နေ့လည်စာစားပွဲ၊ ညစာစားပွဲ၊ လဘက်ရည်ပွဲ စသဖြင့် ဘိတ်ခေါ်ဧည့်ခံကြသော အမေရိကန် မိတ်ဆွေ များ၏ ပွဲများသို့ မကြာခဏလိုက်ပါရသည်မှာလည်း များလာပြီးဖြစ်၍ စိတ်ဝင်စားခြင်းမရှိ ငြီးငွေ့လာသည်။

လွတ်လပ်စွာ သွားလာ လည်ပတ်ရန်နေရာများလည်း ထပ်တလဲလဲရောက်ရလွန်းသဖြင့် ရိုး၍လာသည်။ ရှော့ပင်းဆင်တာခေါ်သော ကုန်တိုက်များရှိရာ လမ်းသို့ထွက်၍ တယောက်ထဲ နေကုန်နေခမ်းဆိုင်တွေ လျှောက်မွှေရသည်ပင်။ ခေါက်ရေ များလာသောအခါ ငြီးငွေ့လာလျက် ဘယ်မှ မထွက်ဘဲ ဟိုတယ်အခန်းထဲမှာလည်း ကုတ်မနေချင်။ သို့ကြောင့် မကြာခဏနယူးယောက် မြို့သို့ ပြန်ဘို့ရာ ပြင်ဆင် ရပါသည်။

ဤအကြိမ် ... ၀ါရှင်တန်မှ နယူးယောက်သို့ အပြန်မှာ လေကြောင်းကမသွား၊ အမေရိကန်၏ မီးရထားကို လက်တွေ့ စီးပွားလိုသေးသောကြောင့် မီးရထားနှင့် ပြန်ခဲ့ပါသည်။ ၀ါရှင်တန်နင့် နယူးယောက်သို့ ကူးသော မီးရထား လမ်းမှာ သာယာသောတောတောင်ရေမြေ တို့ကို ဖြတ်ကျော်ဖေါက်လုပ်ထားခြင်းကြောင့် သဘာဝ ရှုခင်းသာများကို တွေ့မြင်ရသည်သာမက တာလ်တီမိုး၊ ဖဲလ်ဒီဖီးယားစသော မြို့ကြီးများမှအစ၊ နယူးဂျာစီနယ် နယူးဝပ်မြို့အထိ ကုန်အမျိုးမျိုး ထုတ်လုပ်ရာ စက်ရုံကြီးများအစီအရီနှင့် ရှိကြသည်။ တာလ်တီမိုးနှင့် ဖဲလ်ဒီဖီယားမြို့ကြီးများမှာ တော့ ကုန်စည်သယ်ပို့ရာ ကြီးကျယ်သော ပင်လယ်ကူး သင်္ဘောဆိပ်ကြီးများဖြစ်ပါသည်။

မီးရထားများ၏ သန့်ပျံ့စင်ကြယ်၍ အဆင့်အတန်းမြင့်ပုံနှင့် ထိုင်ခုံများ အားလုံးတွင် ကတ္တီပါဖုံးသော ဆိုဖာကျယ်ကြီးတွေကတော့ ဘီအိုအေစီ၊ ပီအေအေ စတဲ့ လေယာဉ်ကြီးတွေပေါ်က ထိုင်ခုံတွေနှင့် မခြား အခန့်စားတွေသာဖြစ်၍ မီးရထားပေါ်မှာ ပါရှိသော ထမင်းစားပွဲခန်းတွဲမှာလည်း ဟော်တယ် စားပွဲခန်းကြီးများနှင့်မခြား အပြုအစုစားပွဲထိုးတွေ အမြောက်အများနှင့် သားနားပါသည်။

မီးရထားလမ်းဝဲ၊ ယာတလျှောက်၌ နာမည်ကျော် အမေရိကန် မော်တော်ကားများ ထုတ်လုပ်သည့် စက်ရုံကြီးများ ၌ ကားကြီးတွေကို အမြောက်အများလုပ်ကိုင်တင်ပို့လျက်ရှိသောကြောင့် ၀န်ချည် စက်မောင်းကြီး များနှင့် တဂျိန်းဂျိန်းသယ်ယူတင်ပို့လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ အခြား အသုံး အဆောင် လုပ်ကိုင်ရာ စက်ကြီးများမှာလည်း ဤနည်းနှင်နှင်နှင့်သာ ရှိပါသည်။

နယူးယောက်မြို့သို့ မရောက်မှီ နယူးဂျာစီဘက်က ဖြတ်ကျော်လာပြီးနောက် မြေအောက်၊ ရေအောက်တို့မှ ဥမှင်လိုဏ်ဖြင့် ဖောက်ထွင်းထားသော မီးရထားလမ်းတလျှောက်က ရေ-မြေလျှို၍ မီးရထားကြီး ခုတ်မောင်း ခဲ့ရာ ကြည့်စရာအာရုံ အပြောင်းအလွဲနှင့် မငြီးငွေ့မှီပင် နယူးယောက်မြို့လယ် ဗဟို မီးရထား ဘူတာရုံကြီး သို့ ဘွားကနဲရောက်လာခဲ့ပါတော့သည်။
---------------------------
ပြီးပါပြီ
.

No comments: