Tuesday, July 20, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၆)

အခန်း (၃၆) အမ်မလင်နှင့် ကက်ဆီ

    ကက်ဆီသည် အခန်းတွင်းသို့ ၀င်လာသည်။ အခန်းတွင် ဒေါင့်ကျကျနေရာ၌ အမ်မလင် သည် ငုတ်တုတ် ထိုင်နေ၏။ သူ့မျက်နှာသည် ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ ခြေသံ ကြားလိုက်ရ သဖြင့် အမ်မလင် သည် ထိတ်ထိတ် လန့်လန့် ဖြစ်သွားသည်။ ကက်ဆီ့ကို တွေ့ရခါမှပင်
    "အော်။ မမ ကက်ဆီလား ၀မ်းသာလိုက်တာ မမကက်ဆီရယ်။ ကျမက ကျမ သူထင်ပြီး ကြောက်သွားတာ။ အောက်ထပ်မှာ ဘာဖြစ်နေကြတာလဲ မမကက်ဆီရယ်။ ဆူညံနေလိုက်ကြတာ" ကက်ဆီ့ လက်ကို လှမ်းဆွဲပြီး ပြောသည်။

    "ကိုယ့်အဖို့တော့ မဆန်းတော့ပါဘူးကွယ်"
    "မမကက်ဆီရယ်။ ကျမတို့ ဒီနေရာက မလွတ်နိုင်တော့ဘူးလားဟင်။ ပြောစမ်းပါ မမကက်ဆီ။ ကျမလေ ရွှံတွေနွံတွေကိုလဲ မကြောက်ပါဘူး။ မြွေတွေကိုလဲ မကြောက်ပါဘူး။ ကျမတို့ ဒီနေရာက ထွက်ပြေးရင် မဖြစ်နိုင် ဘူးလား မမကက်ဆီ"
    "ဘယ်ကို ပြေးမလဲညီမ။ ပြေးချင်ပြေးရင် သင်္ချိုင်းဂူထဲဝင်ပြေးကြရုံ ရှိတော့မပေါ့"
    "မမ ဒီနေရာက ထွက်ပြေးဘို့ မကြိုးစား ဘူးဘူးလားဟင်"

    "ကိုယ်တိုင် မကြိုးစားရပါဘူး ညီမရယ်။ သူများ တကာတွေ ထွက်ပြေးဘို့ ကြိုးစားကြ တာကိုဘဲ မမ တွေ့ရ ဘူးလှပါပြီ
    "ကျမတော့ ဒီကနေ ထွက်ပြေးချင်တော့တာဘဲ။ ရွှံ့ထဲမှာဘဲနေရနေရ။ သစ်ပင်ခေါင်းထဲမှာ ဘဲ ၀င်ပုန်း နေရ နေရပါ။ ကျမ မြွေမပါဘူး"
    "ဒါပေမယ့် မင်းဘယ်လွတ်ပါ့မလဲ ညီမရယ်။ မင်းပြေးပြေး၊ ပုန်းပုန်း မင်းကိုခွေးတွေနဲ့ လိုက်ဖမ်းမှာဘဲ။ နောက်ပြီး နောက်ပြီး"
    "မိလာရင် သူဘာလုပ်မလဲ"

    "ဘာလုပ်မလဲလို့ မမေးနဲ့ညီမ။ ဘာမလုပ်ဖူးလဲ မေးတာက ပိုကောင်းမယ်ကွယ့်။ ရက်စက်ယုတ်မာနည်းကို ကမ်းကုန်အောင် တတ်ထားတဲ့ လူဘဲကွယ်။ သူ ဘယ်လို လုပ်တတ် တယ်။ ဘယ်လိုလုပ်တယ်ဆိုတာကို မမ ပြောပြရင် ငါ့ညီမ ညတိုင် အိပ်မရဘဲ ဖြစ်နေပါ့မယ်ကွယ်။ ဟို တန်းလျားတွေဘက်က သစ်ပင်ကြီးတပင် ရှိပါရောလား။ မီးလောင်ပြာတွေနဲ့ သစ်ပင်ကြီးဟာ။ အဲဒါသာ ကြည့်တော့ညီမ။ အဲဒီမှာ ဘာဖြစ်ခဲ့သလဲ။ သူဘာလုပ် ခဲ့သလဲဆိုတော့ မသိချင် မကြားချင် ပါနဲ့ကွယ်"

    "ဘာလဲဟင်၊ ဘာလဲ"
    "ကိုယ်မပြောချင်ဘူး အမ်မလင်။ ဒီအကြောင်းတွေကို ထဲ့တောင် မစဉ်းစားချင်ဘူး"
    "ဒါဖြင့် ဒါဖြင့်၊ ကျမ ဘာလုပ်ရမလဲဟင်။ ဘာလုပ်ရမလဲ"
    "သူ ညီမကို ဘယ်လိုလုပ်လို့လဲ"
    "သူ ကျမကို သူ့ ဗရန်ဒီတွေ အသောက်ခိုင်းတယ်"
    "ဒါဆိုလဲ သောက်လိုက်ပေါ့ကွယ်။ မမလဲအစက ဒီလိုပါဘဲ။ ဒါကို မသောက်ချင်ဘူး။ အားကြီးမုန်းဘဲ။ ခုတော့လဲ အဲဒါကိုမှ မသောက်ရရင် မနေနိုင်တော့သလို ဖြစ်လာတယ်။ သောက် တော့လဲသောက်သင့်တဲ့ ဥစ္စာ ဘဲကွယ့်။ သောက်ကြည့်တော့လဲ ထင်ထားသလောက် မဆိုးပါဘူး"
    "ဒါမျိုးဆို လုံးဝ တို့တောင်မကြည့်ရဘူးလို့ အမေက ပြောထားတယ် မမရဲ့"

    "အမေက ပြောတယ် ဟုတ်လား" ကက်ဆီသည် အမ်မလင့်စကားကြောင့် ချောက်ချောက် ချားချား ဖြစ်သွားကာ အမေဟူသော စကားကို အလေးအနက်ထားပြီး ပြောလိုက်သည်။ "ဒီအချိန် မှာ အမေ ပြောခဲ့ တာတွေ ပြန်ပြောနေလို့  ဘာထူးမှာလဲ ညီမရဲ့။ ညီမကို ဒီအချိန်မှာ လူတယောက် က ၀ယ်လာပြီ။ သူကသာ ညီမကို ပိုင်တယ်။ ညီမအမေနဲ့ညီမ ဘာဆိုင်သေးလို့လဲ။ အေး၊ ဒီတော့ သောက်သာ သောက်လိုက်။ ခုအချိန်မှာ ညီမကို သူပိုင်တယ်။ သူခိုင်းသလို ဗရန်ဒီကိုသောက်။ ဒါဆို ညီမအဖို့ ကောင်းသွား မှာဘဲ" ကက်ဆီသည် နာနာကျည်းကျည်း ပြောနေ၏။
    "အို၊ မမရယ်။ မမ ညီမကို မသနားတော့ဘူးလား"

    "မသနားဘူးလား၊ ဟုတ်လား။ မမ ညီမကို မသနားလို့ ဒီစကားကို ပြောတယ်ထင်သလား ညီမ။ မမဟာ သမီးတယောက်ကို မွေးဖွားခဲ့တဲ့ အမေတယောက်ပါ။ ခုအချိန်မှာ ဒီသမီး ဘယ်မှာ ရှိတယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ သူလဲ သူ့အမေသွားရတဲ့လမ်းတိုင်း လိုက်ရတာဘဲ မဟုတ် လား။ ဒီလိုနဲ့ ဘယ်တော့ ဆုံးအုံးမှာလဲညီမ။ အမေတွေ သမီးတွေရဲ့ အဖြစ်ဟာ ကျိန်စာသင့်နေ တာနဲ့ ဘာထူးလို့လဲ"
    "အင်း၊ ကျမ မွေးမလာရင် ကောင်းမှာဘဲ"
    "ဒါမျိုးက ရိုးနေပါပြီ ညီမရယ်။ မမလဲ ဒီဆုတောင်းမျိုးကို တောင်းဘူးတာဘဲ" ကက်ဆီသည် အပြင်ဖက် အမှောင်ထု တွင်းသို့ စိုက်ကြည့်ရင်း "အေး၊ ငါသာသတ္တိရှိရင်တော့လဲ ငါ့ကိုယ်ငါ သတ်သေမိမှာဘဲ" စိတ်ပျက်လက်ပျက် ပြောလိုက်ပြန်သည်။
    "ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ အလွန်ဆိုးတဲ့ အလုပ်ပါမမရယ်"

    "အမယ်လေး ညီမရယ်။ ဒို့နေ့စဉ် တွေ့နေကြုံနေ ခံစားနေရတာထက်တော့ ဘာမှ ပိုပြီး ဆိုးနိုင်မယ် မထင်ပါဘူး"
    သူတို့နှစ်ယောက် စကားပြောနေခိုက်မှာပင် အောက်ထပ်၌ လက်ဂရီးသည် အမူးလွန်ကာ အိပ်မော ကျသွားလေပြီ ဖြစ်၏။ ဤနည်းဖြင့် သူသည် ဆံချည်ပင်တပင်က အစပြုသော မိခင်အား ပြန်လည် တမ်းတခြင်း သံဝေဂတရားရခြင်းတို့ကြောင့် ဖြစ်ပေါ်ရသော ထိတ်လန့်တုန်လှုပ်ရခြင်း အလုံးစုံကို မေ့ပျောက် ပစ်လိုက်ခြင်း ဖြစ်၏။ သို့သော် တကယ်တမ်းကား သူ မေ့ပျောက်၍ မရ။ သူရက်စက်ခဲ့သော ပစ်ပယ် ခဲ့သော သူ့မိခင်သည် သူ့အိပ်မက်တွင်းသို့ ရောက်၍ လာပြန်ချေပြီ။ အမေ့ဆံချည်မျှင်သည် သူ့လည်ပင်း ကို ရစ်ပတ်လာသည်။ လက်ဂရီးသည် မွမ်းမွမ်းနစ်နစ် ဖြစ်လာ ၏။ အသက်ရှုရသည်ပင် အားမရတော့။ သူသည် ရုန်းကန်ထွက်ပြေး လွတ်မြောက်ရန် ကြိုးစား သေး၏။ မရ။ သူသည် နေရာတွင်  လဲကျ သွားသည်။ ရယ်မောအော်ဟစ် ဆူညံသံများကို ရုတ်ကနဲ ကြားရလေသည်။

    ဤသို့ဖြင့် လက်ဂရီးသည် လန့်ဖြတ် နိုးထလာခဲ့ပြန်သည်။
    ကောင်းကင်၌ အာရုဏ်၏အရောင်သည် ပြန့်နှံ့လာနေချေပြီ။ လက်ဂရီးသည် ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်၏။ ထို့ကြောင့် ဗရန်ဒီပလင်းကိုခွက်ထဲ ငှဲ့ထည့်ပြီး မော့သောက်လိုက်ပြန်သည်။
    "အိပ်လို့ မရဘူး" လက်ဂရီးသည် သူ့အခန်းတွင်းသို့ ၀င်လာသော ကက်ဆီကို ဆီးပြော သည်။
    "ရှင် ဒီလိုချည်း ဖြစ်နေမှာဘဲ"
    "မင်း ဘာပြောတာလဲ"

    "တနေ့တော့ ရှင်သိမှာပေါ့။ ဒီမယ် ဆိုင်မွန်၊ ရှင့်ကို ကျမ တခုတော့ အကြံပေးချင်တယ်"
    "ဘာလဲ။ မင်း ငါ့ကို ဒုက္ခထပ်ရောက်အောင် လုပ်အုံးမလို့လား"
    "ကျမ ရှင့်ကို အကောင်းပြောနေတာနော်။ ရှင် တွမ်ဆိုတဲ့ အဖိုးကြီးကို နောက်ထပ် ဒုက္ခ မပေးရင် ကောင်းမယ်"
    "ဒါ မင်းနဲ့ ဘာဆိုင်သလဲ"
    "ဘာဆိုင်သလဲ၊ ဟုတ်လား။ ဘာဆိုင်တယ်ဆိုတာထက် ဘာဖြစ်လာမယ်ဆိုတာကိုတော့ ကျမလဲ မသိဘူး။ ဒါပေမယ့် ရှင် ပိုက်ဆံတထောင်ကျော် ပေးဝယ်လာတဲ့ ကျွန်တယောက်ကို ခုလို အလုပ် လှိုင်ချိန်မျိုး မှာ မှန်မှန်ကန်ကန် ခိုင်းစေနေမယ်ဆိုရင်တော့ ကောင်းမှာဘဲ။ တကယ်က ကျမ အလုပ်လဲ မဟုတ်ဘူး။ ကျမ နဲ့လဲ ဘာမှ မဆိုင်ဘူးပေါ့။ ခုနေတော့ ကျမလဲ ကျမ တတ်နိုင်သ လောက် သူ့အတွက် လုပ်ရမှာဘဲ"

    "နေစမ်းပါအုံး။ မင်း င့ါကိစ္စတွေထဲမှာ ဘာလို့ ၀င်ရှုပ်ချင်ရတာလဲ"
    "ဒါ ရှင့်ကို ၀င်ရှုပ်နေတာ မဟုတ်ဘူး။ ရှင့်ကို ကူညီတာဘဲ။ ဒီနည်းနဲ့ ရှင် မကုန်သင့်တာ မကုန်၊ မဆုံးရှုံး သင့်တာ မဆုံးရှုံးအောင် ကျမ လုပ်ခဲ့တယ် မဟုတ်လား။ ဒီအချိန်ဟာ အလုပ်လှိုင်တဲ့ အချိန်။ တွမ်ဟာ အလုပ် ကို တကယ်လုပ်နိုင်တဲ့ လူတယောက်။ ဒါတွေကို ရှင် စဉ်းစားပါ" ကက်ဆီ သည် လိမ်မာပါးနပ်လှစွာ ဥပါယ်ဆင်၍ ပြောလာသဖြင့် လက်ဂရီး တွေဝေရလေတော့သည်။
    "ကောင်းပြီလေ။ ငါ သူ့ကို နောက်ထပ်ပြီး ဘာမှ မလုပ်ဖူး။ အေး၊ ဒါပေမယ့် ခုကိစ္စနဲ့ ပတ်သက်လို့ သူ ငါ့ဆီမှာ လာပြီး ၀န်ချ တောင်းပန်ရမယ်"

    "ဒါတော့ သူလုပ်မှာ မဟုတ်ဘူး"
    "ဘာ၊ မလုပ်ဖူး၊ ဟုတ်လား"
    "ဟုတ်တယ်၊ လုပ်မှာ မဟုတ်ဘူး"
    "ဘာလို့ မလုပ်ချင်ရတာတဲ့လဲ"
    "ဒါကတော့ သူလုပ်တာက မှန်နေတာဘဲဟာ။ ဒါဟာ အမှားမှ မဟုတ်ဘဲ။ သူဘယ်ကလာ ပြီး ရှင့်ကို တောင်းပန်ချင်ပါ့မလဲ"
    "အိုး သူက သူလုပ်တာ မှန်တယ်ပေါ့လေ။ အေး ငါ့ကျွန်ဟာ ငါခိုင်းတာ လုပ်ရမှာဘဲပေါ့။ ဒီလိုမှ မလုပ်ရင်" "ဒါကတော့ ရှင်းပါတယ်။ ရှင့်လုပ်ငန်း နှောင့်နှေးရုံပေါ့"
    "ဒါပေမယ့် သူ အလျှော့ပေးရမယ်။ သူငါ့ကို တောင်းပန်ရမယ်"

    "ဒါတော့ ဖြစ်မှာ မဟုတ်ဘူး ဆိုင်မွန့်။ ရှင် သူ့ကို တတိတတိညှဉ်းဆဲပြီး သတ်လဲ သူဟာ အမှားကို အမှန်၊ အမှန် ကို အမှားလုပ်ပြီး တောင်းပန်ရမှာမျိုးကို လုပ်မှာ မဟုတ်ဘူး"
    "ကောင်းပြီလေ ကြည့်ကြသေးတာပေါ့။ ခု အဲဒီကောင်ဘယ်မလဲ" လက်ဂရီးသည် အပြင် သို့ ထွက်သွားသည်။
    လက်ဂရီးသည် အိမ်ထဲမှ ထွက်လာခဲ့သည်တိုင်အောင် သူ့စိတ်အာရုံ၌ အိပ်မက်နှင့် ကက်ဆီ၏ စကား များသည် ထွေးရောပါလာခဲ့သည်။ သို့သော် သူ့စိတ်ကို သူ တင်းထားသည်။ သူသည် တွမ်ရှိရာသို့ ရောက်လာ သည်။

    "ဟေ့ ဘယ်နဲ့နေလဲကွ။ အေး ငါ မင်းကို မပြောဘူးလား။ ဒီလိုလုပ်ရင် ဒီလိုဘဲ ဖြစ်မယ် ဆိုတာ"
    တွမ်သည် နှုတ်ဆက်နေ၏။
    "ကဲ ထစမ်း" လက်ဂရီးသည် တွမ့်ကို ခြေထောက်နှင့် ကန်ကျောက်ပြီး အမိန့်ပေးလိုက် သည်။
    တွမ်သည် နာကျင်ကိုက်ခဲနေသဖြင့် ရုတ်တရက် မထနိုင်ဘဲ ရှိနေ၏။
    "ဘာလဲ၊ ဘာဖြစ်တာလဲ"
    တွမ်သည် အားယူပြီး ထသည်။ မတ်မတ်ရပ်လိုက်သည်။

    "ခွေးကောင်၊ အထ နိုင်သေးသားဘဲ။ မင်း မှတ်လောက် သားလောက် ရှိသေးပုံတော့ မရ သေးဘူး။ ကဲ၊ ဟိတ် ကောင်။  ဒူးတုပ် ထိုင်လိုက်စမ်း။ မနေ့က မင်းလုပ်ခဲ့တဲ့ ပြစ်မှုအတွက် တောင်းပန်စမ်း"
    တွမ်သည် မလှုပ်မချောက်။
    "ခွေးကောင်၊ ပြောနေတာ မကြားဘူးလား" လက်ဂရီးသည် သူ့လက်က နှင်တံဖြင့် တွမ့်ကို ရိုက် လိုက် သည်။
    "ဒီမယ် သခင်။ ကျုပ် ဒီကိစ္စကို မလုပ်နိုင်တာ အမှန်ဘဲ။ ဒါဟာ မှန်တဲ့အလုပ်လဲလို့ မထင် ဘူး။ လူတဖက်သားအပေါ် ရက်ရက်စက်စက် လုပ်ရမှာမျိုးအတွက်တော့ ကျုပ် မတောင်းပန်ပါစေ နဲ့သခင်။ ဒီလို အလုပ် အတွက် ဘာဘဲဖြစ်ဖြစ် ကျုပ်ရင်ဆိုင်ပါမယ်"

    "အော၊ မင်း ရင်ဆိုင်မယ်၊ ဟုတ်လား။ ဒီလိုလုပ်နေရင် ဘာဖြစ်လာမလဲ။ ဘာလဲ၊ မင်း သစ်ပင်မှာ တွဲလောင်းဆွဲပြီး မီးမြှိုက်ခံချင်တယ် ထင်တယ်"
    "မှန်ပါတယ် သခင်။ သခင်ဟာ ဘယ်လောက်အထိ ရက်ရက်စက်စက် လုပ်နိုင်တယ်ဆို တာ ကျုပ် သိပါတယ်။ ဒီလိုနည်းနဲ့ သခင် ကျုပ် ခန္ဓာကိုယ်ကို သတ်နိုင်တယ်။ ဒါထက်ပိုပြီး သခင် ဘာမှ မလုပ်နိုင်ပါဘူး" ဦးလေးတွမ် သည် လက်ကိုပိုက်လျက် မတ်မတ်ရပ်ပြီး ပြောလိုက်သည်။ ထို့နောက် တွမ်သည် "သခင် ကျုပ်ကို ၀ယ်လာခဲ့ကထဲက ကျုပ် သခင့်အပေါ်မှာ သစ္စာအရှိဆုံး ကျွန်တယောက်အဖြစ် အမှုထမ်းမယ်လို့ ဆုံးဖြတ် ခဲ့ပြီးသားပါ သခင်။ ကျုပ်ဟာ ကျုပ်အင်အား ရှိသလောက် ဘာအလုပ်ကို မဆို လုပ်ဖို့ ၀န်မလေးဘူး။ လုပ်လဲ လုပ်မှာဘဲ။ ဒါပေမယ့် ကျုပ် ၀ိညာဉ်ကိုတော့ ကျုပ်သခင့်ကို မပေးနိုင်ဘူး။ ဘယ်လိုလူကိုမှလဲ မပေး နိုင်ဘူး။ ကျုပ်ရဲ့ ၀ိညာဉ်ကို ကျုပ်ဖုရားသခင်ထံမှာ ဖုရားသခင်အလိုကျ စီရင်ဖို့ ပေးအပ်ထားပြီး ဖြစ်တယ်။ သခင် ကျုပ်ကို ရိုက်နိုင်တယ်။ အငတ်ထားနိုင်တယ်။ မီးနဲ့ရှို့နိုင်တယ် ။ ဒီအတွက် ကျုပ်ဟာ ဖုရားသခင် ဆီကို မြန်မြန်ရောက်လေဘဲ "

    "ကောင်းပြီလေ။ မင်းကို ငါအကြောင်း ပြရတာပေါ့"
    "ဒါပေမယ့် သခင်၊ ကျုပ်ရဲ့ စိတ်ကိုတော့ ဖျက်ဆီးလို့ မရဘူး"
    "အောင်မာ၊ မင်းက ဘယ်သူ့ကို အာခံပြီး ပြောနေရတာလဲ ခွေးကောင်"
    "ကျုပ်ဘက်မှာ ဖုရားသခင်ရှိတယ်"
    "ဘာကွ" လက်ဂရီး၏ လက်သီးသည် တွမ်၏ခန္ဓာကိုယ်ကို မြေပြင်သို့ လဲကျသွားစေ၏။

    ထိုအခိုက်မှာပင် လက်ဂရီး၏ ပခုံးထက်သို့ လက်တခု ကျလာသဖြင့် လက်ဂရီးသည် နောက်ဖက်သို့ လှည့်ကြည့် လိုက်၏။
    "ရှင်ရူးနေသလား။ ရှင်သွားပါ။ ကျမ သူ့ကို အလုပ်လုပ်နိုင်အောင် ပြုစုလိုက်မယ်။ ကျမ ရှင့်ကို ပြောထား တယ် မဟုတ်လား" ကက်ဆီက ပြင်သစ် ဘာသာဖြင့် ပြောလိုက်သည်။
    လက်ဂရီးသည် အပြင်ဖက်သို့ ထွက်သွားလေ၏။

 အခန်း (၃၇) ဆက်ရန်
.

3 comments:

လသာည said...

ဖြစ်နိုင် မဖြစ်နိုင်မသိပေမယ့် လက်ဂရီးကိုတော့ “အမြင်မှန်ရတယ်”ဆိုတာမျိုး မျှော်လင့်မိတယ်..။ နောက်တစ်ပိုင်းကိုပဲ စောင့်ဖတ်တော့မယ်း))

ဧပရယ်လ်ပူး@ပူးတေ said...

တော်တော်ရက်စက်တဲ့ လက်ဂရီးပဲနော်... လူအရှင်လတ်လတ်ကို သစ်ပင်မှာတွဲလောင်းချည်ပြီး မီးမြှိုက်မတဲ့လေ....

မမလသာညပြောသလို လက်ဂရီး အမြင်မှန်ရလာရင်တော့ ပိုကောင်းတာပေါ့လေ....

Anonymous said...

ama..

want to read.... non-stop.

Myatnoe