ငါးရစ်တက်ချိန်
တန်ခူးကုန်၊ ကဆုန်ဆန်း အင်းလေသံ ပြီးဆုံးသည့် အချိန်ပင် ဖြစ်ပါသည်။
နွေနှောင်း၏ အပူဒီဂရီကား မခံမရပ်နိုင်အောင်ပင် ပူပြင်းလှသည်။ အိုက်စပ်စပ် ပူလောင်လောင်နှင့် တစ်မျိုးကို အခံရ ခက်စရာကောင်းလှပါသည်။ တစ်ချီတစ်ချီတွင် လေရူးကလေး တသုန်သုန် သုတ်ဖြူး လိုက်သော်လည် နွေနှောင်း၏ အပူငွေ့များကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သာကြောင့် ပို၍ပင် ထိုင်းမှိုင်း ငြီးငွေ့ဖွယ် ကောင်းနေပါသည်။
ကိုဒေါင်းစိန်သည် မမိုးရသေးသော အိမ်ခေါင်ကို မော့ကြည့်ကာ နွေဥတု ကုန်ဆုံးသွားမည်ကို တွေးပူနေသည်။ နွေဥတု ကုန်ဆုံးလျှင် မိုးရာသီရောက်လို့ မိုးဖြိုင်ဖြိုင်ရွာမှဖြင့် မမိုးရသေးသော အိမ်ခေါင် နဲ့ဆိုလျှင် မခက်ပါလား၊ ဒါကြောင့် သူကတော့ ဒါလောက် ပူပြင်းတဲ့ နွေဥတုကိုပင် မကုန်ဆုံးစေချင်သေးပါ။
ဒါပေမဲ့ မိုးဦးကျ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက် အကျတွင် ငါးတွေမြူးထူးပျော်ပါးပြီး ချောင်းမကြီးမှ ချောင်းလက်တက်ကလေးသို့ တက်ကာ အရွေ့လိုက်သည့် ငါးရစ်တက်ချိန် ကိုလည်း မြန်မြန်ပဲ ရောက်စေ ချင်နေပါသေးသည်။ သည်လို ငါးရစ်တက်ချိန်မှာ ချောင်းလက်တက် ကလေး၏အ၀မှ ပိတ်ဆို့ပြီး ဖမ်းလိုက် ရရင် ဥတွေနှင့် ဖောင်းနေသော ငါးများကို တော်တော် များများ ရတတ်သည်။ အထူးသဖြင့် ငါးပတ်ကြီးတွေ လေးငါးကောင် စုပြုံပြီး အရွေလိုက်နေစဉ် ဆောင်းနဲ့အုပ်ပြီး ဖမ်းရတာ သိပ်ကို ပျော်ဖို့ကောင်းပါတယ်။ ဒါကြောင့် ငါးရစ်တက်ချိန် မိုးဦးကျ အချိန်ကိုလည်း မြန်မြန်ပဲ ရောက်စေချင်နေပါသေးသည်။
သြော် ခက်လည်း ခက်လိုက်ပါတဲ့ ကိုဒေါင်းစိန်ရယ်၊ အိမ်ခေါင်မမိုးရသေး၍ နွေဥတုကို လည်း မကုန် စေချင် သေးပါဘူးတဲ့၊ ဒါပေမဲ့ ငါးရစ်လုပ်ချင်လှလို့ ငါးရစ်တက်ချိန်ဖြစ်တဲ့ မိုးဦးကျ အချိန်ကိုလည်း မြန်မြန်ပဲ ရောက်စေ ချင်ပါသတဲ့။ သဘာဝဓမ္မက ပြတ်သားခြင်းမရှိတဲ့ ကိုဒေါင်းစိန် ရဲ့အလိုကို ဘယ်လိုလုပ်ပြီး ဖြည့်နိုင် ပါမလဲကွယ်။
နွေဦးတုန်းက သူတစ်ပါးအင်းချောင်းထဲ စွန့်စွန့်စားစားနှင့် ဖားခိုးဆွဲခဲ့သည့်အတွက် စားစား သောက်သောက် အပြင် ငွေပိုငွေလျှံကလေး ငါးဆယ်တော့ရှိပါ၏။ ဒီငွေကလေး ငါးဆယ်နဲ့ သက်ငယ် ၀ယ်ပြီး အိမ်မိုးပစ်လိုက်လျှင် ငါးရစ်တက်ချိန် ရောက်တော့ သူငါးရစ်လုပ်ရတော့မည် မဟုတ်။ ငါးရစ် လုပ်ရတာ ကပေမယ့် ငွေမကုန်ဘဲနှင့် မပြီး။ အစိုးရမင်းများက ငါးရစ်ကို လုပ်ခွင့် မပြုပါ။ ငါးများဥနေစဉ် အချိန် ဖြစ်၍ သည်ဥနေသည် ငါးတွေကို ဖမ်းခွင့်ပြုလိုက်လျှင် ငါးမျိုးတုံးသွား မည်စိုးသောကြောင့် လုပ်ခွင့် မပြုခြင်း ဖြစ်သည်။
ဒါကို သူတို့က ရှိတဲ့ငွေနှင့် လုပ်ခွင့်ရအောင် ကြံဆောင်ရမည် ဖြစ်သည်။ နည်းလမ်း ကတော့ လွယ်ပါ သည်။ အင်းအင်စပက်တာနှင့် စကားတိုးကျိတ်ပြီး လက်သိပ်ထိုးငွေကလေး ဆို့လိုက်က ကိစ္စပြီးနိုင်သည်။ သို့သော် ကိုဒေါင်းစိန်တို့ ကိုယ်တိုင် အင်စပက်တာနှင့် တိုက်ရိုက် ဆက်သွယ်ရသည် မဟုတ်ပါ။ အင်း အင်စပက်တာ ထံ၌ ချောင်းရိုကြီးတစ်ခုလုံးအတွက် ခြုံ၍ ၀ယ်ယူနိုင်လောက်အောင် အင်အားရှိသူက ဆက်သွယ်ခြင်း ဖြစ်ပါသည်။ ထိုသူ့ထံကမှ တစ်ဆင့် ချောင်းလက်တက်ကလေးများကို ကိုဒေါင်းစိန်တို့က ပြန်လည် ၀ယ်ယူရခြင်း ဖြစ်သည်။
သည်နည်းနဲ့ ချောင်းရိုကြီးတစ်ခုလုံးကို ခြုံ၍ ၀ယ်ယူထားသောသူအဖို့ ချောင်းလက်တက် ကလေးများကို ပြန်ရောင်းခြင်း အားဖြင့် အရင်းကျေပြီး ချောင်းမကြီးကိုမူ သူ အလကား လုပ်စား ရသည်။ ကိုဒေါင်းစိန်တို့လို ချောင်း လက်တက်ကလေးများ ၀ယ်လုပ်နေသည့် သူများအဖို့ ဆိုလျှင်လည်း မိုးဦးကျ၌ အလုပ်လက်မဲ့ မဖြစ်ရ တော့ဘဲ အလုပ်ကလေးတစ်ခု မည်မည်ရရ ပြနိုင်အောင် ဟန်ကျပန်ကျ ဖြစ်သွားရသည်။ ရှုံးတာ မြတ်တာ ကတော့ ကံပေါ့လေ၊ အလုပ်ရလျှင် ပြီးတမ်းပဲ။
အင်းအင်ပက်တာအဖို့ ဆိုလျှင်လည်း အလကားနေရင်း သူကဘက်ဂျတ်၌ ၀င်ငွေဘက်တွင် စာရင်း ပိုပြရသည်ဖြစ်၍ ကျေနပ်ဖွယ်တည့် ကျေနပ်ဖွယ်ဖြစ်သည်။ သို့သော် သည်ဝင်ငွေကို လက်ခံရာ၌ အင်း အင်စပက်တာ သည် အထူးပင် သတိထားပြီး လက်ခံရပါသည်။ အကြောင်းမှုကား သူနှင့်မတည့်သူများက အထက် အရာရှိထံ ပေါက်ပေါက်ရောက်ရောက် တိုင်ကြားက ကိစ္စများနိုင်သည် ဖြစ်သောကြောင့်တည်း။
ဒါပေမဲ့ တံငါလုပ်သားနှင့်ပက်သက်လျှင် လာဘ်ပင်မက ဟိုးအထိမြင်ထား၍ နေဧကနော နေသော အင်စပက်တာ သည် စ၍ ငွေပေးငွေယူစကားပြောကတည်းက ကာကွယ်ရေး အစီအစဉ် များကို ကြိုတင် ပြုလုပ်ပြီး ဖြစ်နေပါသည်။ ထိုချောင်းမကြီးကို ၀ယ်ယူမည့်သူက အချိန်တန်လျှင် တရားခံ တစ်ယောက် ရှာပေးရန် တာဝန်ယူရသည်။ အချိန်ရောက်လျှင် သူက ငါးရစ်ခိုးလုပ်မှုဖြင့် ထိုတရားခံကို ရုံးတင် တရားစွဲ ဆိုလိုက် သည်။ ရုံးတော်မှ စစ်ဆေးပြီး၍ ဒဏ်ငွေတပ်လိုက်သည့် အခါတွင် အင်းအက်စပက်တာမင်းက သူစားထား သောငွေများထဲမှ ထုတ်နုတ်၍ ထိုမဖြစ်စလောက် ဒဏ်ငွေကို တရားခံအား ပေးဆောင်စေသည်။ သည်နည်းဖြင့် အထက်အရာရှိများ အမြင်၌ သူသည် ငါးရစ်ခိုးလုပ်သူများကို ကြိုးစားထောက်လှမ်းကာ ပြင်းပြင်းထန်ထန် အရေးယူနေသူ တစ်ယောက်အဖြစ်အထင် ရောက်စေတော့သည်။ ကိုင်း ဘယ်လောက် တော်သည့် အင်း အင်စပက်တာမင်း ပါလဲ။
သည်နှစ်တော့ ကမြော့ချောင်းမကြီး တစ်ခုလုံးအတွက် ငါးရစ်လုပ်စားခွင်ရရန် ကိုလေးဖိုးကွန့်က အင်း အင်စပက်တာ အား ငွေလေးရာပေးပြီးကြောင်းကို မနေ့က ကိုလူမောင် သူ့အားပြောသွားသည်။ ဤသတင်းကြားပြီးထဲက သူသိပ်ကို စိတ်ကူးယဉ်နေသည်။ သူကျစ်ကျစ် ပါအောင် ထုပ်ထားသော ငွေကလေး ငါးဆယ်နှင့် ကိုလေးဖိုးကွန့်ထံမှ ကမြော့ချောင်းမကြီး၏ ချောင်းလက်တက်တစ်ခုဖြစ်သာ ကျုံပက် ချောင်းရိုးကလေးကို ၀ယ်ယူမည်ဟု သူကြံစည် ထားသည်။ ဒါကြောင့် မိုးရာသီ နီးလျက်နှင့် အိမ်ခေါင် ကို မမိုးဘဲ ထားခြင်းဖြစ်သည်။ ဒါကြောင့်ပင် အိမ်ခေါင်ကို မမိုးရသေးဘဲနဲ့ မိုးဦးကျအချိန်ကို မြန်မြန် ရောက်စေချင်နေခြင်း ဖြစ်သည်။
ငါးရစ်လုပ်ရာ၌ မိုးနှင့်ရေ အဆင်သင့်လျှင် ငါးများအရမ်းတက်၍ ဖော်ဖော်သီသီ ရတတ်သောကြောင့် သူ ငါးရစ်လုပ်ရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။ ဒါပေမဲ့ ရေနှင့်မိုး အဆင်မသင်ဘဲ နေ့စဉ်ရက်ဆက် နေပူပြီး ရွာမယ့်ရွာတော့ သဲသဲမဲမနျြင့် မစဲအောင် ရွာချ၍ တစ်ချီတည်းနှင့် ကွင်းမြုပ်သွားသည့်အခါတွင်မှု ငါးဟင်းစား လောက်သာ ကျေနပ်ပြီး ပြန်ခဲ့ရ၍ ခွက်ခွက်လန်ရသည့်အခါနှင့်လည်း ကြုံတတ်သေးသည်။ ထို့ကြောင့် အရှုံးအမြတ်မှာ သဘာဝဓမ္မအပေါ်တွင်လည်း လုံးလုံးတည်းနေသည်ဖြစ်၍ ကံကိုသာ ပုံချ ထားခြင်း မှာ မမှားလှပါ။
ရှုံးချင်ရှုံး၊ မြတ်ချင်မြတ် သူကတော့ ငါးရစ်ကိုလုပ်ရမှာ ဖြစ်မည်။ သူတို့ရပ်ရွာ၌ သည်အချိန် သည်အခါမှာ သည်အလုပ်သာ အလုပ်ကောင်းရှိသည်ဖြစ်၍ လုပ်ဖြစ်အောင် လုပ်ရမည်။ ညက သူ့ဇနီးသည် မယ်စိန်ကို တိုင်ပင်တော့ မယ်စိန်ကလည်း သဘောတူသည်။ အနူးအညွှတ် ထောက်ခံသည်။ ကိုလူမောင်က သူလည်း ချောင်းလက်တက် တစ်ခု ၀ယ်မည်ဟု ပြောသွားသည်။ ဒါကြောင့် ယနေ့ပင် ကိုလူမောင်ကို ခေါ်၍ ကိုလေး ဖိုးကွန့်ဆီ သွားစကား ပြောမည်။
သူသည် ချက်ချင်းပင် ထရပ်လိုက်၍ လုံချည်ဟောင်းတစ်ထည်ကို ခေါင်းပေါင်းနေစဉ်မှာပင် ဗျင်းဘွဲရွာ ဘုန်းတော်ကြီး ကျောင်းမှ နေ့လယ် မွန်းတည်ချိန်ရောက်ပြီဟူသော အထိမ်းအမှတ်ဖြင့် စည်ကြီးကို ၁၂ချက် တိတိ ရိုတ်ခတ်လိုက်၏။
သူသည် လုံချည်ဟောင်းကို ခေါင်းပေါင်း၍ ပြီးသည်နှင့် တစ်ပြိုင်နက် အိမ်ပေါ်မှ ခုန်ဆင်းလိုက်ကာ ကိုလူမောင် ကို အိမ်ဘက်သို့ ထွက်ခဲ့၏။ ကိုလူမောင်ကား သူ့အိမ်ကလေးထဲ၌ ခြေပစ်လက်ပစ်နှင့် အိပ်မော ကျနေ၏။ သူသည် အိပ်နေသော ကိုလူမောင်၏ဘေး၌ ၀င်ထိုင်ဖို့ သင့်မသင့် ချိန်ဆနေ၏။ နောက်ဆုံး ၌ နှိုးမည်ဟု ဆုံးဖြတ်ကာ 'ကိုလူမောင်……ကိုလူမောင်'ဟုခေါ်ရင်း ကိုလူမောင်၏ ကိုယ်ကို ပုတ်၍ နှိုး၏။
အတော်ကြီးကြာအောင် နှိုးမှ ကိုလူမောင်နိုးလာကာ မျက်လုံးဖွင့်ကြည့်ပြီးနောက် ပြန်ပိတ်၍ အိပ်၏။ သူသည် ထပ်မံ၍ နှိုးရကောင်းမလား၊ သည်အတိုင်း ထိုင်နေရမလားဟု မဝေခွဲ နိုင်ဘဲ ဒွိဟစိတ်ဖြင့် ချီတုံ ချတုံဖြစ်နေ၏။ သူကားစိတ်အားပျော့၍ လူတစ်ဖက်သားအား အလွန်အားနာတတ်သူ ဖြစ်၏။ ကိုလူမောင်လို ရင်းနှီးသည့် လူတစ်ယောက်အား အိပ်ရာမှ နှိုးဖို့အရေး၌ပင် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ ချီတုံ ချတုံ လုပ်နေ၏။
သူ ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ကိုလူမောင်သည် အလိုလို နိုးလာကာ မျက်လုံးကို ဖွင့်ကြည့်ပြီးနောက် 'သြော် ဒေါင်းစိန်ပါလား၊ ရောက်နေတာ အတော်ကြာသွားပြီလား' ဟုမေးကာ ထထိုင်၏။
'ဟုတ်ကဲ့ တော်တော်လေး ကြာသွားပြီ၊ ခင်ဗျားကို နှိုးတော့ မျက်လုံးဖွင့်ကြည့်ပြီး ပြန်အိပ် နေတာနဲ့ ကျွန်တော် လည်း ထိုင်နေတာပဲ'
'အေးကွာ၊ ညက အိပ်ပျက်တာနဲ့ တော်တော်လေး အိပ်မောကျသွားထင်ပါရဲ့၊ ခဏနေဦးကွာ၊ မျက်နှာသစ်လိုက်ဦးမယ်'
ကိုလူမောင်သည် စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရေအိုးစင်သို့ ထ၍သွားကာ မျက်နှာသစ်နေ၏။ ကိုဒေါင်းစိန် ကမူ ညအလုပ် မရှိဘဲနဲ့ ညကအိပ်ပျက်လို့ဟူသော ကိုလူမောင်၏ စကားကို စဉ်းစားနေ၏။ သူဘယ်များ သွားပြီး ဘာလုပ်နေလို့ပါလိမ့်ဟူ၍ ဥာဏ်မီသမျှ စစ်တမ်းထုတ်ကြည့်သော်လည်း နီးစပ်သော အဖြေ ကို မရ၍ လက်လျှော့လိုက်ရတော့၏။
ထိုနောက် သူ့မျက်လုံးများသည် ကိုလူမောင်၏ အိမ်တွင်းသို့ အနှံ့အပြား လှည့်လည် ကျက်စားနေ၏။ ကိုလူမောင်အိပ်ရာမှ ဖျာဟောင်းတစ်ချပ်ကို ခင်းထား၍ ဖျာပေါ်မှ အစွပ်မရှိသော ခေါင်းအုံးကား ချေးများဖြင့် မည်းနက်နေသော ချုပ်ရိုးမှ အနည်းငယ် ပြဲနေသဖြင့်လည်း လဲမှိုများ အပြင်သို့ထွက်ပြူနေ၏။ အိပ်ရာ ဘေးတွင်မှု လုံချည်ဟောင်းတစ်ထည်မှ ခါးမှ ချွတ်ချထားသည့် အတိုင်း ပုံလျက်သား ကလေး ရှိနေတာ၊ တစ်ထည်ကတော့ ခြေရင်းဘက်တွင် အလျားလိုက် အညောင်းဆန့်နေ၏။ ပိုက်ချရာ၌ ၀တ်ဆင်သော အဖာရာ ဗရဗျစ်နှင့် အင်္ကျီစုတ်တစ်ထည်မှာမူ အိပ်ရာထက်ရှိ ၀ါးလုံးတန်းပေါ်တွင် တင်းတင်းရင်းရင်း ညီညီညာညာလှန်းထားခြင်းမျိုး မဟုတ်ဘဲ ဖြစ်ကတတ်ဆန်း ထိုးတင်ထားသလို တွန့်ရရွန့် တွဲရရွှဲကျနေ၏။ အစတစ်ဖက်မှာ သုံးပုံတစ်ပုံခန့် သာ ကျနေသဖြင့်အားချင်းမညီမျှသောကြောင့် အောက် သို့ ခုန်ချမည့်ပုံ ပေါ်နေ၏။
သူ့မျက်စိများသည် အိပ်ရာမှ မီးဖိုဘက်ဆီသို့ ရောက်နေကြပြန်၏။ အမှန်ကတော့ အိပ်ခန်း၊ မီးဖိုခန်း ဟူ၍ ခွဲခြားကာရံထားခြင်းလည်း မရှိဘဲ ပေခြောက်ဆယ်ခန့် ပတ်လည်ရှိ တဲအိမ်ကလေးတွင် ခေါင်းရင်းဘက် ၌ အိပ်ရာ၊ ခြေရင်းဘက်၌ မီးဖိုဟူ၍ သတ်မှတ်ထားရှိခြင်း ဖြစ်သောကြောင့် ဟာလာ ဟင်းလင်း ဖြစ်နေသဖြင့် တစ်အိမ်လုံးတွင် ဘယ်ကနေကြည့်ကြည့် ကွက်ကွက်ကွင်းကွင်း မြင်နေရပါ၏။
မီးဖိုမှာ အောက်မှ သွပ်ပြားဟောင်း တစ်ချပ်ကိုခံ၍ အပေါ်က အုတ်ပြားသုံးချပ်ကို အလျားလိုက် ထောင်ကာ ဖိုခုံလောက်ဆိုင် တည်ထား၏။ မီးဖိုဘေးပတ်လည်တစ်လျှောက်တွင် ပြာများသည် ဖိတ်တချို့ စဉ်တချို့ နှင့်ြ့ဖစ်ချင်တိုင်း ဖြစ်နေသည်။ အနားပဲ့နေသော မြေငရုတ်ဆုံ တစ်ခုမှာ မီးဖိုဘေးတွင် တုံးလုံး လျောင်း နေသည်။ ဟင်းစဟင်းနများဖြင့် ပေကျံနေသော သံပန်းကန်ပြား တစ်ချပ်နှင့် ကြွေပန်းကန်လုံး တစ်လုံး မှာ မီးဖိုဘေး တစ်ဖက်တစ်ချက်တွင် လက်ဝဲရံအဖြစ် နေရာယူထားသည်။ မီးဖိုရှေ့၌ မျြေထမင်းအိုး တစ်လုံးသည် ကျီးများထိုးသုတ်ထားသည့်ပုံဖြင့် အဖုံးက အောက်ကျနေသော ထမင်းလုံးများသည် ပြန့်ကျဲ နေသည်။ အိမ်ရှင်မမရှိသဖြင့် ဤမျှအထိ ပစ်စလက်ခတ်နိုင်လှသော ကိုလူမောင်၏ အခြေအနေကို လက်တွေ့ မြင်နေရသော ကိုဒေါင်းစိန်က ကိုလူမောင်အား သနားနေမိသည်။
ကိုလူမောင်သည် မျက်နှာသစ်ပြီး၍ ၀င်ထိုင်ကာ မီးမွှေးလေ၏။ ကိုဒေါင်းစိန်ကတော့ ကိုလူမောင် လုပ်သမျှ ကိုသာ ထိုင်ကြည့်နေ၏။ မီးတောက်လျှင် မြေလက်ဖက်ရည်အိုးကို ယူ၍ ရေထည့်ကာ ဖိုပေါ်တင် ထားလိုက်ပြီးနောက် ကိုဒေါင်းစိန်အနားလာထိုင်၏။
'အလည်သက်သက်ပအဲလားဟေ့ ဒေါင်းစိန်၊ အရေးကြီးတဲ့ ကိစ္စကောရှိသေးသလား'
ကိုလူမောင်က ကိုဒေါင်းစိန်အား အကဲခတ်သလို တစ်ချက်ကြည့်လိုက်ကာ မေးလိုက်၏။ ကိုဒေါင်းစိန်ကလည်း ညက အိပ်ပျက်လို့ဆိုသော ကိုလူမောင်အား အကဲခတ်သလို ပြန်ကြည့် လိုက်ရင်း-
'ဟုတ်ကဲ့၊ ငါးရစ်အတွက် ကိုလေးဖိုးကွန့်ဆီ ချောင်းလက်တက်ဝယ်ဖို့ အရောင်းအ၀ယ် စကား သွားပြော ရအောင် ခင်ဗျားကို အဖော်လာညှိတာပဲ'
'ကိုလေးဖိုးကွန့် မရှိဘူးကွ၊ မြို့တက်သွားတယ်၊ ဒီအတွက် ငါမနေ့က ညနေဘက် ကိုလေးဖိုးကွန့်ကို ပြောထားပြီးဖြစ်ုလို့ မင်းသွားပြောဖို့ မလိုတော့ပါဘူး၊ ရေသပြူချောင်း ကလေးက ၇၅ကျပ်အဖိုးထားပြီး ငါ့ကိုပေးမယ်တဲ့၊ မင်းကိုတော့ ကျုံပက်ချောင်းရိုးကို ၅၀နဲ့ေ ပးမယ်တဲ့၊ သူ မနေ့က သေသေချာချာ ကတိ ထားလိုက်ပါတယ်'
'ဒါဖြင့်လည်း ပြီးရောပေါ့ဗျာ၊ ကိုလေးဖိုးကွန့်က ကမျော့ချောင်းရိုးကြီးအတွက် အင်စပက်တာကို ငွေ ၄၀၀ိတောင် ပေးနိုင်တာ ထောက်တော့ တော်တော်ချောင်လည်ပုံ ရတယ်နော်'
'ချောင်လည်ဆို နဂိုထဲက ငွေရင်းကလေး အခံရှိထားတဲ့ လူမို့ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နိုင်တော့ ချောင်လည်တာပေါ့ကွ၊ ပြီး သူ့မိန်းမ မပြားကြီးကလည်း အတော်စေ့စပ်တဲ့ မိန်းမကြီးကွ၊ လုပ်လို့ရတဲ့ ကုန်တွေကို ဒီမှာတင် မရောင်းဘူး၊ မြို့ကိုတက်ရောင်းနိုင်တဲ့ သတ္တိရှိတော့ ရသင့်ရထိုက်တဲ့ ဈေးကိုရလို့ ပိုပြီးချောင်လည်တာပေါ့၊ ဒီလိုသူတို့ ချောင်လည်တော့ တို့လည်း အားကိုးတစ်ခုရတာပေါ့ကွာ၊ အလုပ် ကလေး ဘာလေးရှိရင်လည်း ချေးနိုင် ငှားနိုင်တာပေါ့ကွာ'
ကိုလူမောင်သည် စကားလည်းဆုံး၊ မီးဖိုဘက်သို့လည်း လှည့်ကြည့်လိုက်၏။ သူ မွှေးပစ်ခဲ့ သောမီးများ ငြိမ်းနေသည်ကိုတွေ့ရ၍ ထသွားကာ ၀ါးခြမ်းအတိုအထွာများကို ထပ်ထည့်ပြီး မှုတ်ပေးနေ၏။ သူတို့သည် ၀ါးခြမ်းများကို ထင်းအဖြစ် အသုံးပြုရသည်ဖြစ်၍ ခု တဟုန်းဟုန်း တောက်နေသော်လည်း တော်တော်ကြာ ပြန်ပြီး ငြိမ်းသွားတတ်သည်ဖြစ်ရာ သည်တစ်ကြိမ်တော့ မီးဖိုနားမှ စောင့်၍ မီးမှုတ်ပေးနေ၏။
ဂရုတစိုက် မီးထိုးပေးသောကြောင့် ရေနွေးအိုးမှာလည်း တပွက်ပွက် ဆူလာရပေပြီ။ သူသည် မီးဖိုနားမှ စီးကရက်သံဘူး အဟောင်းကလေးကို ဆွဲယူ၍ အဖုံးဖွင့်ကာ လက်ဖက်ခြောက် တစ်ခါခတ်လောက်ကို နှိုက်ယူပြီးနောက် ရေနွေးအိုးထဲ ထည့်ခတ်လိုက်၏။ နောက်အတန်ကြာ အောင် နှပ်ထားပြီးမှ ရေနွေးအိုးရော အောက်ခံကရွတ်ကိုပါ ဆွဲယူပြီး ကိုဒေါင်းစိန်အနား လာချ၏။ လက်ဖက်ရည် ပန်းကန်နှစ်လုံးကား စောစောကပင် ကိုဒေါင်းစိန်အနီး၌ ရှိနေ၏။
'သောက်ဟေ့ ဒေါင်းစိန်၊ ဒီလို ပူအိုက်တဲ့ရာသီမှာ လက်ဖက်ရည်ကြမ်းနဲ့ အလိုက်ဆုံးပေါ့ ကွာ၊ ပူပူကလေး မှုတ်သောက်လိုက်ရရင် သောက်ရင်း သောက်ရင်းနဲ့ ချွေးကလေးပြန်လာပြီး သူ့ချွေးနဲ့သူ တစ်ကိုယ်လုံး အေးနေတာပဲ၊ လူလည်း တစ်ခါတည်းကို လန်းလန်းဆန်းဆန်း ဖြစ်သွားတာပေါ့။ အဲဒီနောက် လက်ဖက်ရည် သောက်ပြီးလို့ ပါးစပ်ထဲ ဖန်တံတံ အရသာလေး စွဲနေတဲ့အခါမှာ အကွက်ကိုလည်ပြီး အနံ့ကလေးကို ချဉ်နေ တဲ့ ကွမ်းယာဆေးကလေးများ ငုံလိုက်ရရင်တော့ ….ဟေ့ ဘာပြောကောင်းမလဲ၊ လောကကြီးကို အမေ့ပေါ့'
ကိုလူမောင်က အားရပါးရ မြိန်မြိန်ရှက်ရှက်ကြီး ပြောနေသည်ကို ကိုဒေါင်းစိန်က ပြုံး၍သာ နားထောင် နေရာမှ လက်ဖက်ရည်အိုးကို ဆွဲယူလိုက်၍ လက်ဖက်ရည်ပန်းကန် နှစ်လုံးစလုံးထဲသို့ ငှဲ့ထည့်ရင်း -
'နေပါဦး ကိုလူမောင်၊ ခင်ဗျားစောစောက ပြောတဲ့စကားမှာ ညက အိပ်ပျက်လို့ဆိုတာ… ညက ခင်ဗျားဘာလုပ်နေလို'
ကိုဒေါင်းစိန်က စစ်မေးလိုက်သော စကားကို သဘောကျသွားသလို ကိုလူမောင်က ပြုံးပြုံးကြီး လုပ်နေ၏။ ပြုံးပြုံးကြီး လုပ်နေရာမှ 'ဟီး'ဟု တမင်ဖျစ်ညှစ် ရယ်ချလိုက်ကာ -
'ညကလား၊ ညက လေ၊ အဟီး….ဟာကွာ….မင့် ပြောလို့မဖြစ်ပါဘူး'
ကိုလူမောင်ကား ဆက်ပြောတော့ မလိုလိုနှင့် နောက်ဆုံး ဆက်မပြောတော့ဘဲ ဈေးကိုင်ထားလိုက်ကာ လက်ဖက်ရည် ပန်းကန်ကိုသာ ဆွဲယူပြီး တရှူးရှူး မှုတ်သောက်နေသဖြင့် ကိုဒေါင်းစိန်မှာ ပို၍ သိချင်စိတ် ပြင်းထန် လာ၏။ ကိုလူမောင် ညက အိပ်ပျက်ခြင်း၌ ထူးခြားသော အကြောင်းရင်း ရှိရမည်ဟုလည်း စိတ်ဝင်စား လာမိ၏။
'ပြောစမ်းပါဗျ၊ ခင်ဗျားကလဲ၊ ကျွန်တော် ဘယ်သူ့မှ ပြန်မပြောပါဘူး။ နို့ပြီး ခင်ဗျားနဲ့ ကျွန်တော်ဟာ လုပ်ဖော် ကိုင်ဖက် တိုင်ပင်ဖော် တိုင်ပင်ဖက်တွေပဲ မဟုတ်လားဗျ'
ကိုဒေါင်းစိန် စကားကို ကြားရသောအခါ၌ မူလကပင် ဖိုးပြောချင်ဖြစ်နေသော ကိုလူမောင်မှာ ထပ်မံ၍ ဈေးကိုင် မနေတော့ဘဲ သောက်၍ ကုန်သွားသော လက်ဖက်ရည်ပန်းကန် ကို ပြန်ချကာ အသစ်ထပ်ငှဲ့ရင်း -
'အေးပါကွာ၊ ငါကလည်း ချက်ချင်းဖွင့်ပြောရမှာ ရှက်သလိုလို ဖြစ်နေလို့ ဟန်လုပ်နေတာပါ၊ မင့်ကိုတော့ ဖွင့်ပြောမှာပါပဲ။ ဒီလိုလေ ငါ့မှာ တစ်ယောက်တည်းမို့ အလုပ်က တစ်ဖက်၊ အိမ်မှာ ချက်ရပြုတ်ရတာ တစ်ဖက်နဲ့၊ ဘယ်လောက်ကသီလင်တ ဖြစ်နေတယ်ဆိုတာ မင်းမျက်မြင်ပဲ မဟုတ်လား၊ အိမ်ထောင်ကို ထိန်းသိမ်း မယ့် အိမ်ရှင်မ မရှိလို့ ငါရှာသမျှဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို ဘာမှအဖတ်မတင်ဘူးကွ၊ နောက်ပြီး ခုတလော ငါ့မှာ တစ်ယောက်တည်းနေရတာ ဟာတာတာ ပေါ့ပျက်ပျက်နဲ့မို့ မိန်းမယူချင်တဲ့စိတ် သိပ်များ နေတယ်ကွ'
ကိုလူမောင်သည် စကားကို ခေတ္တရပ်နားလိုက်၍ လက်ဖက်ရည်ပန်းကန်ကို ဆွဲယူလိုက် ကာ အလောသုံးဆယ် သောက်နေပြန်၏။ ဤတွင် ကိုလူမောင်၏ စကား၌ စိတ်ဝင်စား နေသော ကိုဒေါင်းစိန် ကလည်း လက်ဖက်ရည်ပန်းကန်ကို လှမ်းယူ၍ မော့ချလိုက်ပြီးနောက် နှစ်ပန်းကန်စလုံး ထဲသို့ ပြန်ငှဲ့ ထည့်ရင်း -
'နေပါဦးဗျ၊ ခင်ဗျား မိန်းမ လိုချင်နေတာနဲ့ ညက အိပ်ပျက်ကာ ဘာဆိုင်လို့လဲ'
'ဟ ဆိုင်ပါသော်ကောကွ၊ မင်းက သိပ်လောတာကိုး၊ အခုဟာက ညကို အိပ်ပျက်တဲ့ ဇာတ်လမ်း ရောက်အောင် ပဏာမပျိုးနေတာကွ၊ အဲဒါနဲ့ ဘယ်သူ့ယူရကောင်းပါ့မလဲလို့ လိုက်ကြည့်တာ တောင်ပိုင်း က မုဆိုးမဖွားသက်ကို သွားတွေ့တယ်ကွ၊ အဟီး'
ကိုလူမောင်သည် စကားကို ရပ်ထားလိုက်၍ ကိုဒေါင်းစိန်အား စိတ်မလုံးသလို လှမ်းကြည့်ကာ အကြောင်းမဲ့ သက်သက် ရယ်လိုက်၏။ ကိုဒေါင်းစိန်ကလည်း မုဆိုးမဖွားသက်ဟု ကြားလိုက်ရ၍ အတော် အံ့သြ နေ၏။ မဖွားသက် ၏လင် ဆုံးသည်မှာ တစ်လကျော်ကျော်လေး ရှိသေး၍ ခြောက်နှစ်ရွယ် သားကလေး တစ်ယောက် ကျန်ရစ်၏။ ထို့ကြောင့် ရှေ့ဆက်မည့် ဇာတ်လမ်းကိုပို၍ စိတ်ဝင်စားဖွယ် စောင့်မျှော် နေသည်။
'ဖွားသက်ကို စိတ်ကူးမိတယ်ဆိုရင်ပဲ အရှည်ကြီး ဆိုင်းမနေတော့ဘဲ ဖွားသက်အိမ်ကို ခဏခဏသွားပြီး ခါတိုင်း ထက် လူချင်းရင်းနှီးအောင်နေရာက တစ်ချီတစ်ချီ မထိတထိကလေး ပြောနဲ့ပေါ့ကွာ၊ နေလာ လိုက်တာ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှ ငါဗြောင်ဖွင့်ပြောတာပဲ။ ဖွားသက်ရယ်၊ နင့်မှာ အားကိုရတဲ့ ယောက်ျားသနာမရှိလို့ သားလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေတာ ငါမကြည်ရက်နိုင်ပါဘူးဟယ်၊ ငါ့မှာ ဆိုရင်လည်း အိမ်ထောင် ထိန်းသိမ်းမယ့် အိမ်ရှင်မမရှိတော့ ရှာသမျှ အဖတ်မတင်ဘဲ အလဟဿ ဖြစ်ကုန်လို့ အတော်ကို ကသီလင်တ ဖြစ်နေရတယ်၊ ဒီတော့ တို့နှစ်ယောက်ဟာ ကံတူအကျိုးပေးမို့ တို့ နှစ်ယောက် ပေါင်းလိုက်ရင် ဒီဒုက္ခတွေ ပျောက်ကုန်မှာပဲ၊ အဲဒါနင်ဘယ်လို သဘောရသလဲလို့ မေးလိုက် တော့ သူက ဘာပြန်ပြောတယ် မှတ်သလဲ'
ကိုလူမောင်ကား ကောင်းခန်းရောက်ခါနီးမှ စကားကို တမင်ဖြတ်ကာ လက်ဖက်ရည် သောက်နေပြန် သဖြင့် ကိုဒေါင်းစိန်မှာ မချင့်မရဲနှင့် စောင့်မျှော်နေရပြန်၏။ ကိုလူမောင်ကား လက်ဖက်ရည်ကို နှစ်ခွက်ဆင့် သောက်ပြီးမှ သူ့ဇာတ်လမ်းကို ပြန်ဆက်၏။
'အဲဒါနဲ့ ဖွားသက်ကလေ၊ သေချင်းဆိုးကြီးတဲ့၊ သူများမှာ လင်သေတာ တစ်လကျော်ရုံလေး ရှိသေးလို့ အလွမ်း မပြေနိုင် ရသေးတဲ့ကြားထဲ သူကလာပြီး မိတ်လိုက်ချင်နေ တယ်တဲ့၊ အိုကွာ ငါ့နားထဲကိ စိမ့်သွား တာပဲ၊ ဒါနဲ့ ငါကလည်း မလျှော့တဲ့ ဇွဲနဲ့အကျိုးသင့် အကြောင်းသင့် ပြောတော့ သူကမဖြစ်နိုင်ပါဘူးတဲ့၊ လင်သေတာ တစ်လကျော်ရုံလေး ရှိသေးလို့ တော်ကြာ လူပြောစရာ ဖြစ်နေမယ်တဲ့။ ငါကလည်း ဇွတ်ပဲဆိုပါတော့ကွာ၊ ကဲ့ရဲ့ ဘာဖြစ်သလဲ၊ သူတို့ ကဲ့ရဲ့နိုင်လှ မသကာ ခုနှစ်ရက်ပေါ့၊ နင့်လင်သေတာ တစ်လကျော် ရုံလေး ရှိသေလို့ နင်လွမ်းနေပေမဲ့ နင်လင်လည်း ပြန်လာမှာ မဟုတ်ပါဘူး၊ အဲဒီတစ်လကျော် အချိန် ဟာ နင့်မှာ အလကားပဲ၊ ဟာတာတာကြီး ဖြစ်မနေဘူးလေ၊ ငါက နင့်ကိုသနားလို့ပါ၊ ဘာညာ နဲ့ပေါ့လေ။ ဇွတ်ပြော ဇွတ်ဆွဲတော့ သူလည်း တွေ့ဖူးကြုံဖူးနေတဲ့ သူတစ်ယောက်မို့ ဘယ်မှာ ကြာရှည် ငြင်းအား ရှိတော့မလဲ၊ အဲဒီညကစပြီး ငါအိပ်ပျက်ခဲ့တာ ညကပါနဲ့ဆိုရင် ဆယ်ညရှိပြီ ဆိုပါတော့ကွာ'
ကိုလူမောင်က သူ့ဇာတ်လမ်းကို နိဂုံးချုပ်လိုက်တော့မှ ကိုဒေါင်းစိန်မှာ ဇာတ်ကွက် လည်ကာ ကိုလူမောင် အိပ်ပျက်ခြင်း အကြောင်းရင်းမှာလည်း ရှင်းလင်းသွားတော့သည်။
'နို့ခင်ဗျား ဒီလိုပဲ ညသွားသွားအိပ်နေတာနဲ့ ပြီးရောလားဗျ၊ မြန်မြန်ဆန်ဆန် တင့်တင့် တယ်တယ် ဖြစ်အောင် စီမံလိုက်ပါတော့လား။ အခု ခင်ဗျား အိမ်မှာကြည့်ပါဦး၊ အိမ်ရှင်မ မရှိလို့ ပစ်စလက်ခ ဖြစ်ချင် တိုင်း ဖြစ်နေတာကိုး'
'ဟ ငါကလည်း မြန်မြန်တင့်တင့်တယ်တယ်ဖြစ်အောင် စီမံချင်လိုက်တာမှ အူကိုယားလို့ပေါ့၊ ဖွားသက်ကလည်း မြန်မြန်ကိစ္စပြီးဖို့ တစ်ပြောတည်းပြောနေတာပဲ။ ဒါပေမဲ့ မင်းစဉ်စားကြည့်စမ်း၊ အိမ်ထောင်သစ် ထူမယ်ဆိုရင် အိုးခွက်ကစပြီး ဖျာ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်အထိ အားလုံး အသစ် ထူထောင်ရမှာကွ၊ ဒါကြောင့် လက်ထဲမှာ ငွေတစ်ရာ ကိုးဆယ်မျိုး ရှိမှ ဖြစ်မှာမို့ ငါးရစ်လုပ်ပြီးတဲ့အချိန်အထိ ဆိုင်းပါဦးလို့ ပြောထားရတယ်။ တကယ်လို့ ငါးရစ်ပြီးတဲ့အချိန်မှာ ၀ါတွင်းဖြစ်နေရင်လည်း သီတင်းကျွတ်ပေါ့ကွာ၊ အခု ငါလုပ်မယ့် ရေသပြုချောင်းလေးကို မနှစ်က ကိုဖိုးထွန်းလုပ်တာ မိုးနဲ့ရေ အဆင့် သင့်တော့ ငွေလေးငါးရာ တက်လိုက်တယ်၊ အဲဒီလို အချက်ကောင်းမျိုး ၀င်တိုးလိုက်ရင်း တစ်ခါတည်း ကိစ္စပြီး ရောပေါ့'
စကားစပြတ်၍ အတွေးကိုယ်စီနဲ့ လက်ဖက်ရည်ကိုသာ ကျုံးသောက်နေကြ၏။ ဘုန်းကြီး ကျောင်းမှ စည်ကြီးက ၃ချက်စည်တော် ရိုက်ဆော်လိုက်ကာ ညနေ၃နာရီ အချိန်ရောက်ပြီ။ ပြုလုပ်ဖွယ်ရာက တာဝန် များကို ပြုလုပ်ကြလော့ဟု သတိပေး ကြွေးကြော်လိုက်သဖြင့် ကိုဒေါင်းစိန်လည်း ကိုလူမောင်ကို နှုတ်ဆက်၍ ပြန်ခဲ့တော့၏။
ဆက်ရန်
.
1 comment:
သြော် ခက်လည်း ခက်လိုက်ပါတဲ့ ကိုဒေါင်းစိန်ရယ်၊ အိမ်ခေါင်မမိုးရသေး၍ နွေဥတုကို လည်း မကုန် စေချင် သေးပါဘူးတဲ့၊ ဒါပေမဲ့ ငါးရစ်လုပ်ချင်လှလို့ ငါးရစ်တက်ချိန်ဖြစ်တဲ့ မိုးဦးကျ အချိန်ကိုလည်း မြန်မြန်ပဲ ရောက်စေ ချင်ပါသတဲ့။ သဘာဝဓမ္မက ပြတ်သားခြင်းမရှိတဲ့ ကိုဒေါင်းစိန် ရဲ့အလိုကို ဘယ်လိုလုပ်ပြီး ဖြည့်နိုင် ပါမလဲကွယ်။
လူ့အလို နတ်မလိုက်နိုင်ဆိုတာ ဒါကိုပြောတာဖြစ်မယ်ထင်တယ်နော်....
Post a Comment