(၆)
လေလံရက်မို့ လေလံလွှတ်မည့် ဓနုဖြူမြို့ အရှေ့ရုံးကြီး ပတ်ဝန်းကျင်၌ လူစည်ကားနေ၏။ ကိုဘမြိုင်မှာမူ ညက အသောက်လွန်သွား၍ ခေါင်းထဲအုံကာ ရင်ထဲမှလည်း တလှပ်လှပ်ဖြင့် နေမထိထိုင်မသာ ဖြစ်နေ၏။ (၀ါ) အရက်နာ ကျနေ၏။ သည် အရက်နာ ပျောက်သွားအောင် အရက်တစ်ခွက်လောက် သောက်လိုက်ရန် ကိုအေးက အကြံပေးသော်လည်း အရက်ကို မြင်ရုံနှင့် အော့အန်ချင်နေ၍ အတင်းပင် ငြင်းဆန်နေ၏။ နောက်ဆုံး မခံမရပ်နိုင်အောင် ခေါင်းကိုက်လာ၍ အရက်ကို ဇွတ်မှိတ်သောက်ချလိုက်မှ နေသားကျသွား၏။ ဟုတ်ပေသည်။ အရက်နာကို အရက်ဖြင့်ပင် ကုစားရပေသည်။
သူတို့နှစ်ဦးကား နံနက် ၈ နာရီထိုးပြီးထဲက ထမင်းစားပြီးကာ လေလံလွှတ်မည့် အရှေ့ရုံး အောက်၌ ရောက်နေကြ၏။ ရုံးကြီးပတ်ဝန်းကျင်၌မူ အင်းသားမျး ခြေချင်းလိမ်နေကြ၏။ အင်းသားတစ်ယောက်က အခြား တစ်ယောက်ကို တစ်နေရာသို့ လက်တို့ခေါ်သွားကာ စကားတိုးကျိတ်နေကြ၏။ ကိုဘမြိုင်၏ အနီး တွင် ဖြစ်သဖြင့် သူတို့ပြောသမျှကို ကိုဘမြိုင် ကြားနေရ၏။
'ဟေ့ မင်း ငါ့အင်းကို ၀င်လုပြီး မဆွဲပါနဲ့ကွာ၊ မင်းကို ငွေတစ်ရာပေးမယ်'
'ဟာ ဘယ်ဖြစ်မလဲဗျ၊ ကျွန်တော် ငွေလိုချင်လို့မှမဟုတ်ဘဲ၊ အလုပ်မရှိ အကိုင်မရှိနဲ့မို့ ဒီအင်းကလေးကို ရမှဖြစ်မှာဗျ'
'ကဲဒီလိုဆိုရင် မင်းဝင်မဆွဲနဲ့၊ မင်းနဲ့ငါ လုဆွဲရင် အင်းဖိုး သိပ်ကြီးပြီး ဘယ်သူရရ သက်သာမှာမဟုတ်ဘူး၊ ဒီတော့ ငါတစ်ယောက်တည်း ဆွဲပြီး အင်းရတာ့မှ ဒီအင်းပိုက်နက်ထဲက ဒေါင့်ကြီးဂရက်ကို အတွက်ကျနဲ့ မင်း ကို ခွဲပေးမယ်။ ဒီလိုဆိုရင် မင်းလည်း အလုပ်ရ၊ ငါလည်းအလုပ်ရ၊ အင်းဖိုးလည်း သက်သာမယ်။ မကောင်း လား'
'ဒီအတိုင်းဆိုရင်တော့ ကောင်းတာပေါ့ဗျ၊ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း ဆွဲပြီး အင်းရတော့မှ ကတိအတိုင်း မဟုတ်ဘဲ ကွိကွ လုပ်နေရင် ကျုပ်အချောင်ကျန်ရစ် ဖြစ်နေမှာပေါ့'
'အို ဒါတော့ မင်းစိတ်ချ၊ တို့ရွာက လူကြီးတွေရှေ့မှာ သက်သေထားပြီ ကတိစာချုပ် လုပ်ထားပေးမယ်'
'ကဲ ဒါဖြင့် လာဗျာ'
နှစ်ယောက်သား ထ သွားကြ၏။ ကိုယ့်လုပ်ငန်းကလေးမှ ထိုက်သင့်သော အကျိုးခံစား ခွင့်ရရှိနိုင်ရန် နည်းအမျိုးမျိုးဖြင့် လုံးပန်းနေရရှာသော ထိုသူနှစ်ယောက်အား ကိုဘမြိုင်သည် ငေးကြည့်နေမိ၏။ သူ့ မှာတော့ ဒီနည်းမျိုးလည်း မသုံးနိုင်၊ အင်းကိုပဲ လက်လွတ်ခံမလာ၊ သို့မဟုတ် အရှုံးခံပြီး မတန်တဆ အဖိုးနှုန်း နဲ့ပဲ ရအောင် ဆွဲယူမလား။ ဒီအဆိုနှစ်ခုအနက် အဆိုးတစ်ခုကိုတော့ ရွေးချယ်ရတော့မည်။ အကောင်း ကတော့ ဘယ်နည်းနဲ့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်တော့။
၁၀ နာရီ ထိုးပြီဖြစ်၍ အင်းလေလံ လွှတ်တော့မည့်အကြောင်း အင်းအင်စပက်တာက ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် အင်းသားကြီးများသည် ရုံးပေါ်သို့ သူ့ထက်ငါ လုတက်ကြတော့၏။ ရုံးခန်း က ကျဉ်း၍ အင်းသားက များလှသဖြင့် လူများ ပြည့်ကျပ်နေ၏။ ကိုဘမြိုင်နှင့် ကိုအေးလည်း ပြည့်ကျပ် လျက် ရှိသော လူများကြားတွင် ညပ်နေကြ၏။
ရုံးခန်းထပ်၌မူ စားပွဲ ကုလားထိုင်များဖြင့် အရေးပိုင်၊ အင်းအခွန်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်၊ အင်းအင်စပက်တာ စသော အရာရှိများသည် ခံ့ညားစွာ ထိုင်လျက် ရှိကြ၏။ အင်းသားများ စုံညီပြီဟု အထင်ရှိ၍ အင်းအင်စပက်တာသည် အရေးပိုင်မင်း၏ စားပွဲရှေ့ရပ်ကာ ဓနုဖြူမြို့နယ်၌ ရှိသော အင်းများ၏ အမည်ကို အစီအစဉ် အတိုင်း ပုံနှိပ်ထားသည့် စာရွက်ကို ကိုင်ပြီး အင်းများကို တစ်အင်းပြီး တစ်အင်း စတင် လွှတ်တော့၏။
ကိုဘမြိုင် ကတော့ သူ့အင်းရောက်ဖို့ အတော်လိုသေးသည်ဖြစ်၍ အပြိုင်အဆိုင် လုဆွဲ နေကြသူများ ကိုသာ ငေးကြည့်နေ၏။ အင်းအင်စပက်တာက လေလံလွှတ်မည့် အင်းအမည်ကို ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အင်းသားများသည် မတ်တတ်ရပ်လိုက်၍ အပြိုင်အဆိုင် ပေးကြတော့၏။ နောက်မလိုက် နိုင်သူက ထိုင်လိုက်ကာ၊ အင်းရသူက အရေးပိုင်ထံမှ လက်မှတ်ကို ယူ၍ အင်းဖိုးငွေ၏ ၂၀ ရာခိုင်နှုန်း ကို ပေးဆောင်ထားရန် ငွေတိုက်သို့ သွားရ၏။ ပြီးတော့မှ နောက်တစ်အင်း ဆက်လွှတ်၏။ သည်လို နဲ့ နောက်တစ်အင်း၊ နောက်တစ်အင်း။
လူများလွန်းလှ၍ ကိုဘမြိုင် ငြီးစီစီကြီး ဖြစ်နေ၏။ ဒါကြောင့် သူသည် ခေါင်းကို အောက်သို့ ခေတ္တမျှ ငုံ့ထားစဉ် ဆူဆူညံညံ အသံများ ကြားသဖြင့် ခေါင်းမော့ကြည့်လိုက်၏။
'သြော်....လက်စသတ်တော့ ဒီလိုကိုး'
ဗျင်းဘွဲကြီးအင်းကို လူနှစ်ဦး အပြိုင်အဆိုင် လုဆွဲကြရာတွင် တစ်ဦးက အခြားတစ်ဦးအား ထိုသူမှာ အင်းခွန်နှင့် ပတ်သက်၍ ပေးဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် ထောင်ကျဖူးသော နာမည်ပျက် ရှိသူဖြစ်သောကြောင့် အင်းဆွဲဝယ်ယူခွင့် မပြုပါရန်ကန့်ကွက်လိုက်သဖြင့် ထိုသူမှာ ဆွဲဝယ်ခွင့်မရတော့ဘဲ ထိုင်ချ လိုက်ရတော့၏။ ဟုတ်ပေသည်၊ အင်း ဥပဒေအရ အင်းမှုနှင့် ထောင်ကျဖူးသော နာမည်ပျက်ရှိသူ ဖြစ်ပါက သုံးနှစ်အတွင်း အင်းဆွဲဝယ်ခွင့် မရှိချေ။
တဖြည်းဖြည်းနှင့် သူကြီးမင်း သားချင်းတစ်ဦးလုပ်သော ဗျိုင်းကျွန်းအင်းရောက်လာ၏။ ကြိုတင်၍ စည်းလား ရိုက်ထားသဖြင့် သူကြီးသားချင်းမှ တစ်ပါး အခြားလုဆွဲမည့်သူ မရှိခြင်းကား မဆန်းပါလော။ ထားပါဦး၊ လုဆွဲသူ မရှိပေမဲ့ ဘယ်အင်း ဘယ်လောက်မြတ်၍၊ ဘယ်အင်း ဘယ်လောက်ရှုံးသည်ကို အင်း အင်စပက်တာ မှ တစ်ဆင့်နောကျေအောင် သိထားသော အရေးပိုင် မင်းသည် သည်လို အကြီးအကျယ် မြတ်ခဲ့သော အင်းကို နည်းပါးလှသော အဖိုးနှင့် လွှတ်ပါမည်လော။ လွှတ်ပါသည်။ ကုန်ခဲ့သည့်နှစ်က အင်းဖိုး လေးထောင် ရှိသော အင်းကို ယခု သူကြီးသားချင်းက နှစ်ထောင်သာ ပေးပါသည်။ အင်းဖိုး လေးထောင်နှင့် လုပ်သည့် မနှစ်ကပင် ရှစ်ထောင်ခန့် မြတ်ပါလျက် သည်နှစ်တွင် နှစ်ထောင်တည်းသာ ပေးသောအင်းကို အရေးပိုင်မင်း သည် မရောင်းဘဲ ပိတ်ထားပါသလား။ မပိတ်ပါ၊ နှစ်ထောင်နှင့်ပင် ရောင်းလိုက်ပါ သည်။
'သြော်.... ငွေငါးရာ ... ငွေငါးရာ'
ဒါကိုကြည့်ပြီး ကိုဘမြိုင်သည် အတော်ပင် မကျေမနပ် ဖြစ်မိသည်။ ဘာကို မကျေနပ်တာလဲ ဆိုတာကိုတော့ သူ ထုတ်ဖော်မပြောတတ်။ သည်လိုနဲ့ တစ်အင်းပြီး တစ်အင်း လွှတ်ခဲ့ရာ ကိုမောင်ဘ၏ ကျုံပက် အင်းကလေးသို့ ရောက်လာခဲ့၏။ သူကြီးမင်း အတိုက်အခံ အင်အားစုမှ သားချင်းတစ်ဦးနှင့် ကိုမောင်ဘတို့ အပြိုင်လုဆွဲကြရာ မနှစ်က အင်းဖိုး ခုနှစ်ရာ၊ ယခု ထောင့်နှစ်ရာသို့တိုင် ရောက်လာသဖြင့် ကိုမောင်ဘခမျာ မျက်နှာကလေး ငယ်ငယ်ဖြင့် အရှုံးပေးထိုင်ချ လိုက်ရရှာလေပြီ။ သူ၏ ဘ၀တူ မိတ်ဆွေ တစ်ယောက် ကျဆုံးသွားသည်ကို မြင်နေရသော ကိုဘမြိုင်သည် သူ့အတွက်ကိုလည်း သိပ်ပြီး မျှော်လင့်ချက် မထားတော့ဘဲ စိတ်အားကို လျှော့ထားလိုက်မိ၏။ သို့သော် သူ ချက်ချင်းပင် စိတ်ကို ပြန်တင်း လိုက်ကာ၊ နားထင်ကြောကြီးများ ထောင်ထလာအောင် အံကို ကြိတ်ထား၏။
'ဆင်ကူး ... ဆင်ကူး'
'ဟော သူ့အင်းနာမည်ကို ခေါ်နေပါသလား။ သူ့ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွား၏။ ၀မ်းသာလို့လား၊ ကြောက်လို့လား ဆိုတာကိုတော့ သူမခွဲခြားတတ်။ ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်တိုက်ရမည့် ဆဲဆဲ စစ်သားသစ်ကလေးလို သူ့ရင်ထဲ၌ လှုပ်ရှားနေ၏။'
သူသည် ထိုင်ရာမှ အလောသုံးဆယ် ထ ရပ်လိုက်ရာ၊ တစ်ဖက်မှ ထရပ်လိုက်သော သူကြီး ယောက္ခမနှင့် ပြိုင်တူကျသွား၏။ တစ်ယောက်ကို တစ်ယောက် ခပ်စောင်းစောင်း ကြည့်လိုက်၍ အင်း အင်စပက်တာဘက် ပြန်လှည့် လိုက်၏။
'ခြောက်ရာ ပေးမယ်'
တစ်ဖက်မှ သူကြီးယောက္ခမက စတင် ပေးလိုက်၏။ မနှစ်က ခြောက်ရာနှင့် လုပ်ခဲ့ရာ မမြတ်မှန်းကို သိလျက် နှင့် စလျှင်စချင်း မနှစ်က အင်းဖိုးငွေကို လိုက်ပေးနေလေပြီ။ ကိုဘမြိုင်သည် တော်တော်ကြီးကို ဒေါသ ထွက်သွား၏။ အေရိုးကြီး ... ငါ ဘယ်လို လူစားလဲဆိုတာ သိအောင် ပြလိုက်ရဦးမယ်။
'ခုနှစ်ရာ'
သူသည် ငါးဆယ်လောက်ကပင် မခွာဘဲ တစ်ရာတိတိ ခုန်၍ ပေးလိုက်၏။ ဒါမှ သူကြီးယောက္ခမသည် သူ့ကို သိ၍ လန့်သွားပေမည်။ ဟော ဒါပေမဲ့ ... ။
'ခုနှစ်ရာ့ ငါးဆယ်'
'သူကြီးယောက္ခမသည် သူ ထင်သလို လန့်မသွားဘဲ ဣနြေ္ဒရစွာနှင့်ပင် သူ့ထက် ငါးဆယ် ပို၍ ပေး လိုက်၏။ သူ ဒေါသထွက်ထွက်နှင့် ဆုတ်ဆိုင်းခြင်း မရှိဘဲ လျင်မြန်စွာ ပြန်အော်လိုက်၏။'
'ရှစ်ရာ ငါးဆယ်'
ဒီတစ်ခါတွင်မူ လန့်သွားသူမှာ သူကြီးယောက္ခမ မဟုတ်ပဲ သူ ဖြစ်နေ၏။ စောက်ကျိုးနည်း ပါပြီ၊ ဘယ်ထိအောင်များ လိုက်ဆွဲနေအုံးမလဲ။
'ကိုး ... ရာ'
သူ့အသံမှာ စောစောကလို မသွက်လက်တော့၊ အုပ်ဆိုင်းဆိုင်း ဖြစ်နေ၏။ အင်းဖိုးခြောက်ရာနှင့် လုပ်တာ တောင် မမြတ်သော အင်းသည် ယခု ကိုးရာဖြစ်နေလေပြီ။ အချိန်တန်လို့ အင်းခွန်ကို ပြေလည် အောင် မပေးနိုင်လျှင် သူ ထောင်ကျခံရလိမ့်မည်။ ဘုရား ... ဘုရား ... ရှေ့ဆက်ပြီး မပေးပါစေနဲ့။
'ကိုးရာ့ငါးဆယ်'
သူ သံသယစိတ်ဖြင့် ဆုတ်ဆိုင်းနေစဉ် အင်း အင်စပက်တာသည် ၀မ်းနင်ပေးနေလေပြီ။ နှစ်ခါမှ သုံးခါသို့တိုင် သူ တိုးမပေးက အင်းလက်လွတ်ဖြစ်ရတော့မည်။ ဆုံးဖြတ်ရန် အချိန်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းဖြစ်၍ အဆိုးနှစ်ခုအနက် အဆိုးတစ်ခုကို ချက်ချင်း ရွေးချယ်ရတော့မည်။ အင်းကိုပဲ လက်လွတ် ခံမလား...။ အရှုံးခံပြီး မတန်တဆ အဖိုးနဲ့ပဲ ရအောင် ဆွဲယူမလား...။ ဟယ်... နောက်မှ ဘာဖြစ်ဖြစ်။
'တစ်ထောင်'
သူသည် ပေးပြီးမှ အပေးမှားသွားသလား သံသယဖြစ်လာကာ အကြောက် ၀င်လာပြန်၏။ ငါ တိုးမပေးဘဲ အရှုံးပေးလိုက်ရ အကောင်းသား တစ်ထောင်ဆိုလျှင် မနှစ်ကထက် လေးရာပိုးကြီး နေပြီ။ အင်းဖိုး သိပ်များနေရင် ငါ လိုက်မဆွဲဘူး၊ အရှုံးပေးလိုက်မယ်၊ ဘုရား သိကြားမလို့ဗျာ သူကြီး ယောက္ခမ လိုက်ဆွဲ ပါစေဦး။
'တစ်ထောင် ... တစ်ခါ'
သူကြီး ယောက္ခမကား ဆက်မပေးတော့ဘဲ ထိုင်လိုက်လေပြီ။ သူ့ရင်ထဲ၌ ဗလောင်ဆူသွား၏။ သူ့မျက်စိထဲ၌ ဘာကိုမှ မမြင်ရဘဲ ပြာဝေနေ၏။ သူ့နားထဲ၌ ဘာကိုမှ မကြားရဘဲ အူနေ၏။ ခက်ချေပြီ၊ မုချ ရှုံးရမည် ဖြစ်သော အင်းကိုမှ သူ မလွှဲမရှောင်သာ လက်ခံရတော့မည်။ အမှားကိုတော့ဖြင့် ပြင်မရတော့ပြီ။
'တစ်ထောင်...နှစ်ခါ'
သေချာပါပြီ။ အဆိုးလေးကို လက်လွှတ်၍ အဆိုးကြီးကိုမှ ရင်ဆိုင်ရတော့မည်မှာ သေချာသလောက် ဖြစ်နေပါပြီ။ ၀မ်နင်ပေးသည်မှာ နှစ်ခါရှိပြီဖြစ်သည့်တိုင် ဘယ်သူမှ တုတ်တုတ်မလှုပ်။ မထူးတော့ပါဘူး အင်စပက်တာ မင်းရယ်၊ မြန်မြန်သာ သုံးခါလို့ ပြောလိုက်ပါတော့။
'တစ်ထောင်... သုံးခါ'
သူသည် အဆိုးကြီးကို ရဲရင့်ပြတ်သားစွာဖြင့် မဟုတ်ဘဲ ၀မ်းနည်းအားငယ်စွာ ခံယူလိုက်ရ ပေပြီ။ သူ့မျက်စိထဲ၌ အကျဉ်းထောင်၊ လက်ထိပ်၊ ရုံး၊ ဂါတ်၊ ပုလိပ်စသော အ မင်္ဂလာ ရုပ်ပုံလွှာများ သည် တစ်ခုပြီးတစ်ခု ပေါ်လာကာ၊ သူ၏ အားငယ်နေသော စိတ်ကလေးကို ပို၍ အားငယ်အောက် ချောက်လှန့်နေကြ၏။
နောက်ဆုံးတွင် ကိုအေး ဆွဲခေါ်သွား၍သာ ပါသွားရသည်။ ဘယ်သွား၍ ဘာလုပ်နေသည် ကိုပင် သတိမရှိ။ သူ သတိ ပြန်ဝင်လာသည့်အခါမှ အင်းဖိုးငွေ ၂၀ ရာခိုင်နှုန်းကျနှင့် အင်းဖိုးတစ်ထာင်အတွက် ငွေနှစ်ရာ ကို ငွေတိုက်၌ ပေးချေနေကြောင်း သိရတော့သည်။
အင်းကို ရအောင် ဆွဲနိုင်ခဲ့သည့်အတွက် ရွာအပြန်တွင် မော်နိုင်ပါပြီ။ သူ့ဇနီး မတင်မေကိုလည်း သူကြီးယောက္ခမအား အပြုတ်တိုက်ပြီး အင်းကို ရအောင် ဆွဲနိုင်သူတစ်ယောက် အဖြစ်ဖြင့် ကြွားနိုင်ပါပြီ။ ဒါပေမဲ့ အင်းဖိုး ဘယ်လောက်လဲလို့ မေးပါက သူ ဘယ်လို ဖြေရပါ့။
(၇)
ကိုဘမြိုင်သည် ဟစ်လို့သာ ငိုချင်နေ၏။
ဟုတ်သည်။ တကယ်ဆိုတော့လည်း သူ့အဖို့ ဟစ်လို့သာ ငိုဖို့ ကောင်းတော့သည်။ ကြည့်စမ်း ပါဦးတော့၊ မနှစ်က သူခြောက်ရာနှင့် လုပ်ခဲ့သော အင်းကလေးသည် ဒီနှစ် သူကြီးယောက္ခမ ၀င်ရှုပ်သည့်အတွက် တစ်ထောင်ဖြစ်သွားရ၏။ မနှစ်က မမြတ်လျှင် ဒီနှစ် အကြီးအကျယ်ရှုံးရမည်ကား ဗေဒင်မေးဖို့ မလိုတော့။ ရှုံးသော်လည်း ငွေလိုက်နိုင်၍ အင်းခွန်ကို ပြေလည်အောင် ပေးဆပ်နိုင်လျှင်ကား တော်ပါသေး၏။ ခုတော့ .. အမယ်လေး၊ ခုတော့ ... ဒါကြောင့်ပဲ သူသည် ဟစ်လို့သာ ငိုချင်နေ၏။
မှန်ပါသည်။ အနာဂတ်အတွက် မျှော်လင့်ချက် မရှိဘဲ ဆုံးရှုံးမှုကိုသာ ရင်ဆိုင်ရမည်ကို ဒိဋ္ဌသျိေနသော ကိုဘမြိုင်ကတော့ တကယ့်ကိုပဲ မရယ်နိုင်ပါ။ လူ့ဘ၀သည် ငိုခြင်းနှင့် ရယ်ခြင်း၏ အကြား၌ တည်ရှိ၏လို့ တရုတ် စကားပုံက ဆိုသည်မှာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မည်။ ဒါပေမဲ့ ကိုဘမြိုင်တို့ ဘ၀မှာတော့ ရယ်ခြင်း မရှိသလောက် နည်းပါးပြီး၊ ငိုခြင်းနှင့်သာ မိတ်ဖွဲ့နေပါကလား။ အမှန်ကတော့ သူတို့အဖို့ လူ့ဘ၀သည် ငိုခြင်းနှင့် ငိုခြင်း၏ အကြား၌ တည်ရှိ၏လို့ ဆိုလိုက်လျှင် ဘယ်လောက်များ သဘာဝ ကျလိုက် မလဲ။
ဟုတ်သည်။ ကိုဘမြိုင်တို့၏ ဘ၀သည် ငိုခြင်းနှင့် ငိုခြင်း၏ အကြား၌သာ တည်ရှိ၏။
ပြီးပါပြီ။

.
2 comments:
ကုလားဖန်များ ထိုးပြီး လုပ်သွားလေသလား။
တကယ်ဆို မနိုင်ဘူး ဆိုရင် လွတ်ချထားသင့်တယ်။
ဒါ တကယ့် အမှန်ပဲ။
သူကြီးယောက္ခမနှယ်..
ထောင့်..တစ်ခါ
လောက်တက်လိုက်ပြီးရော...။
ခုတော့ကိုဘမြိုင်ခင်များနှယ်...
ဖတ်ရင်းနဲ့ရင်တောင်ကြပ်သွားတယ်။
မမရွှေစင်ရေကျေဇူး.....
အကြွေးတွေလည်းဖတ်သွားတယ်။
ခင်တဲ့
ခိုင်နုငယ်
Post a Comment